← Chapters

အခန်း (၇၀၉-၇၁၀)

Vol. 36 Ch. 709-710

အခန်း (၇၀၉-၇၁၀)

Vol. 36 Ch. 709-710

အပိုင်း(၇၀၉) လင်းယာ၏ မိခင်မေတ္တာ

အခန်းတံခါး ပွင့်သွားချိန်တွင် ထန်ယင်းက အရေပြားတွန့်လိပ်နေသော ကလေးငယ်လေး တစ်ယောက်ကို ပွေ့ချီထားသည်ကို မြင်လိုက်ရသည်။

ထိုကလေးငယ်လေးမှာ အသားအရေ ဖြူဖွေးသန့်စင်နေပြီး မျက်လုံးများ မှိတ်ထားကာ အော်ဟစ်ငိုယိုနေလေသည်။

ထန်ယင်းက ကလေးကို ကြိုတင်ပြင်ဆင်ထားသော စောင်လေးထဲသို့ အလျင်အမြန် ထည့်သွင်းထုပ်ပိုးလိုက်ရင်း ပြောလိုက်သည်။ "အစ်ကိုလင်း... အမမေ... ဂုဏ်ယူပါတယ်... ယောကျာ်းလေးပါ"

ထိုသို့ပြောရင်း သူမက ကလေးကို သေချာထုပ်ပိုးကာ လင်းယွမ်၏ ရှေ့သို့ ကမ်းပေးလိုက်၏။

လင်းယွမ်က ထိုအသက်သွေးကြောလေးကို ငေးကြည့်နေမိပြီး အားပါးတရ ငိုကြွေးနေသော ကလေးငယ်ကြောင့် အနည်းငယ် ပြာယာခတ်သွားသည်။

ဒါ ငါ့ရဲ့ ကလေးလေးလား။

ငါ အဖေဖြစ်သွားပြီလား။

သူ ခေတ္တမျှ ဘာလုပ်ရမှန်း မသိဖြစ်သွားပြီး လက်ကိုဆန့်ထုတ်ကာ ကလေးကို သတိတကြီး လှမ်းယူလိုက်ရင်း မျက်နှာပေါ်တွင် အလိုအလျောက် အပြုံးတစ်ခု ပေါ်လာလေသည်။

ကလေးငယ်လေးက လက်လေးဆန့်ထုတ်ကာ အစွမ်းကုန် အော်ဟစ်ငိုယိုနေဆဲပင်။

ထန်ယင်းက ပြုံးကာ ပြောလိုက်သည်။ "အစ်ကိုလင်း... ကလေးမွေးပြီးတာနဲ့ မိခင်နို့ အရင်တိုက်တာ အကောင်းဆုံးပဲ... ဒါက အကောင်းဆုံး အချိန်ပဲ"

လင်းယွမ်လည်း အလျင်အမြန်ပင် နှိမ့်ချကာ မေးမြန်းလိုက်သည်။ "အဲဒါဆို ငါ ဘာလုပ်ရမှာလဲ"

"ဘာမှ လုပ်စရာမလိုပါဘူး... အမမေဆီ ပေးလိုက်ရင် ရပါပြီ"

လင်းယွမ်က ထိုစကားကို ကြားသည်နှင့် ကလေးကိုပွေ့ချီကာ ရန်မေ၏ အနားသို့ အမြန်သွားလိုက်သည်။

ရန်မေမှာ ယခုအချိန်တွင် အမှန်တကယ်ပင် အားအင်ကုန်ခမ်းနေပြီး ခေါင်းတစ်ပြင်လုံး ချွေးများ ရွှဲနစ်နေသည်။ ဆံပင်များ စိုရွှဲနေရုံသာမက ဖြူဖွေးချောမွေ့နေသော နဖူးပြင်တွင် ကပ်နေပြီး အင်္ကျီများပင် ချွေးစိုနေလေပြီ။

သူမက လင်းယွမ်၏ လက်ထဲရှိ ကလေးလေးကို အားနည်းနေသော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ "တုတုလေးကို ကြည့်ပါရစေဦး"

လင်းယွမ်က ကိုယ်ကို အလျင်အမြန် ကိုင်းညွတ်လိုက်ပြီး ကလေးကို သူမ၏ဘေးတွင် ဂရုတစိုက် ချထားပေးလိုက်သည်။

ရန်မေက ခေါင်းကိုစောင်းကာ ထိုလန်းဆန်းတက်ကြွနေသော အသက်သွေးကြောလေးကို ငေးကြည့်နေမိ၏။

ရင်းနှီးနေသော မိခင်၏ အငွေ့အသက်ကို ခံစားမိသွားပုံရကာ ကလေးငယ်လေးမှာ ချက်ချင်း ငိုသံတိတ်သွားပြီး တအဲအဲဖြင့် အသံပြုနေလေသည်။

ရန်မေ၏ မျက်နှာထက်တွင် မိခင်တစ်ယောက်၏ မေတ္တာတရားများ ပြည့်နှက်နေသော အပြုံးများ ထင်ဟပ်နေသည်။

သူမက လင်းယွမ်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။ "မောင်လေးနဲ့ တူတယ်နော်"

လင်းယွမ်က ပြုံးလိုက်သည်။ "အသားအရေက အမနဲ့တူတယ်... အရမ်းဖြူတာပဲ"

ရန်မေက မျက်နှာတစ်ပြင်လုံး ပြုံးရွှင်နေလျက် ပြောလိုက်သည်။ "မျက်နှာပေါက်က မောင်လေးနဲ့တူတာ... ချောတယ်လေ"

လင်းယွမ်က သားအမိနှစ်ယောက်ကို ကြည့်ရင်း ရင်ထဲတွင် အတိုင်းမသိသော ကြည်နူးမှုများ ဖြစ်ပေါ်လာရသည်။

သူက ခေါင်းငုံ့ကာ ရန်မေ၏ နဖူးလေးကို အနမ်းတစ်ပွင့် ပေးလိုက်ပြီး ပြောလိုက်သည်။ "အမ ပင်ပန်းသွားပြီ"

ရန်မေက ခေါင်းခါလိုက်ပြီး ချစ်မြတ်နိုးစွာဖြင့် ပြန်ပြောသည်။ "အမ အရမ်း ပျော်ပါတယ်... နည်းနည်းလေးမှ မပင်ပန်းပါဘူး... မောင်လေး ရှိနေတယ်... ကလေးလေးလည်း ရှိနေတယ်ဆိုတော့... အမ ဘဝကြီးက ပြည့်စုံသွားပြီလို့ ခံစားရတယ်"

အပြင်ဘက်မှ ဤမြင်ကွင်းကို ကြည့်နေကြသော လူအားလုံးကလည်း ကြည်နူးပီတိဖြစ်စွာ ပြုံးလိုက်ကြလေသည်။

ထိုအချိန်တွင် ထန်ယင်းက သတိပေးလိုက်သည်။ "အစ်ကိုလင်း... ကလေးကို မိခင်နို့တိုက်ဖို့ မမေ့နဲ့ဦးနော်... ကျွန်မတို့ အပြင်ထွက်နေလိုက်ပါ့မယ်... ကိစ္စရှိရင် အချိန်မရွေး လှမ်းခေါ်လိုက်ပါ"

ထို့နောက် သူမက အခြားသော သားဖွားသူနာပြုများကို ခေါ်ဆောင်ကာ အခန်းထဲမှ ထွက်ခွာသွားတော့သည်။

အခန်းထဲတွင် လင်းယွမ်၊ ရန်မေနှင့် သူတို့၏ ကလေးငယ်သာ ကျန်ရစ်ခဲ့လေသည်။

လင်းယွမ်က မေးလိုက်သည်။ "ဘယ်လိုလုပ် အကုန် ထွက်သွားကြတာလဲ... နို့တိုက်ဖို့ဆိုတာ ဘယ်လိုလုပ်ရမှာလဲ"

ရန်မေက ခစ်ခနဲ ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "ရပါတယ်... အမဘာသာ လုပ်လိုက်ပါ့မယ်... ထန်ယင်းက အရင်ကတည်းက ပြောပြထားပြီးသားပါ"

သူမက ကိုယ်ကို အနည်းငယ် စောင်းလိုက်ပြီး ရင်ဘတ်မှ အင်္ကျီကို ဖွင့်ဟကာ ပြည့်ဖြိုးသော ရင်သားကို ဖော်ထုတ်လိုက်သည်။

ကလေးငယ် လင်းဟုန်လေးမှာ မွေးရာပါ နို့စို့တတ်သည့်အလား အလိုအလျောက် တိုးကပ်သွားပြီး ပြွတ်ခနဲ ပြွတ်ခနဲ စို့လေတော့သည်။

ဘာကြောင့်မှန်းမသိ လင်းယွမ်တစ်ယောက် ဤမြင်ကွင်းကို ကြည့်ရင်း ရင်ထဲတွင် ကြည်နူးမှုများ ရုတ်တရက် ဖြစ်ပေါ်လာရသည်။

ဒါက သူ့ရဲ့ ကလေး... သူ့ရဲ့ မိန်းမ...။

နောင်တစ်ချိန်တွင် သူကာကွယ်ပေးရမည့်သူများမှာ သူ၏ ချစ်သူများသာမက သူ့ကလေးပါ ပါဝင်လာခဲ့ပြီ ဖြစ်သည်။

လင်းယွမ်က သူ၏ မိသားစုကို မည်သူမျှ မဖျက်ဆီးစေရဟု စိတ်ထဲမှ တိတ်တဆိတ် သစ္စာဆိုလိုက်မိ၏။

ရှေးခေတ် သန္ဓေပြောင်း အစွမ်းပိုင်ရှင်များပင် ဖြစ်နေပါစေ ခွင့်မလွှတ်နိုင်ပေ။

ရန်မေမှာ အလွန်ပင်ပန်းနေသဖြင့် နို့တိုက်ရင်း တစ်ဝက်တစ်ပျက်နှင့်ပင် မှိန်းကာ အိပ်ပျော်သွားရှာသည်။

လင်းယွမ်က နို့ဝသွားသော ကလေးကို ဖွဖွလေး ပြန်ပွေ့ချီလိုက်ပြီး သူမအတွက် အပေါ်ဝတ်အင်္ကျီကို သေချာ ပြန်ဝတ်ပေးလိုက်သည်။

သားအမိ နှစ်ယောက်သား နွေးထွေးသော ကုတင်ပေါ်တွင် အိပ်မောကျသွားကြလေပြီ။

လင်းယွမ်က အခန်းထဲမှ တိတ်တဆိတ် ထွက်လာခဲ့သည်။

အခန်းအပြင်ဘက် ဧည့်ခန်းထဲတွင် လူတစ်စု စုဝေးနေကြပြီး ပြန်မသွားကြသေးပေ။

လင်းယွမ် ထွက်လာသည်ကို မြင်သည်နှင့် လူအားလုံးက နေရာမှထကာ ဝိုင်းအုံလာကြသည်။

ဆုန့်ဝမ်က ပထမဆုံး ပြေးလာပြီး အလျင်စလို မေးလိုက်သည်။ "အမမေ ဘယ်လိုနေသေးလဲ... ကလေးလေးကော အဆင်ပြေရဲ့လား"

"နှစ်ယောက်လုံး အိပ်ပျော်သွားကြပြီ"

လင်းယွမ်က ပြုံးပြလိုက်ပြီးနောက် ထန်ယင်း၊ ရန်ဆန်းမင်နှင့် အခြားသူများကို ကြည့်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။ "ဒေါက်တာရန်... ထန်ယင်း... ကျေးဇူးတင်ပါတယ်ဗျာ"

"ဟာဗျာ... ဘာတွေ အားနာနေတာလဲ" ရန်ဆန်းမင်က ပြုံးကာ ပြောလိုက်သည်။

ထန်ယင်းကလည်း အချိန်ကိုက် ဝင်ပြောလိုက်သည်။ "အစ်ကိုလင်း... မိန်းမတွေ ကလေးမွေးရတာက ငရဲတံခါးဝကို သွားရသလိုပဲ... အထူးသဖြင့် ရေလွှမ်းမိုးမှုကြီး ဖြစ်ပြီးကတည်းက ခေတ်မီနည်းပညာတွေ အများကြီး ပျောက်ကွယ်သွားပြီလေ... ခွဲမွေးဖို့ဆိုတာကလည်း ကျွန်မတို့ဆီမှာ အခြေအနေက မပြည့်စုံဘူး"

"ဆေးဘက်ဆိုင်ရာ ကိရိယာတွေ အများကြီး မရှိသလို ဆရာဝန်အင်အားကလည်း မလုံလောက်ဘူး... အချုပ်ပြောရရင် အမမေ အခုလို ချောချောမွေ့မွေ့ မွေးဖွားနိုင်တာက တကယ့်ကို မလွယ်ကူတဲ့ ကိစ္စပါ"

လင်းယွမ်က အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ "ဒါကြောင့် မင်းတို့ကို ပိုပြီး ကျေးဇူးတင်ရတာပေါ့"

ထန်ယင်းက ပြုံးလိုက်သည်။ "ကျွန်မက အဲဒီသဘော ပြောတာ မဟုတ်ပါဘူး... သူက ဆက်ပြီး မီးနေသည် ကာလကို ကျော်ဖြတ်ရဦးမယ်... မီးနေသည် ကာလကို သေချာ ဂရုမစိုက်ရင် ရောဂါတွေ ကျန်ခဲ့နိုင်တယ်လို့ ဆိုလိုချင်တာပါ"

"ခဏနေရင် ဂရုစိုက်ရမယ့် အချက်တွေကို ကျွန်မ ရှင်းပြပေးပါ့မယ်"

လင်းယွမ်က ဆက်တိုက် ခေါင်းညိတ်လိုက်သည်။ ဤကိစ္စနှင့် ပတ်သက်၍ သူ အမှန်တကယ် နားမလည်သဖြင့် သေချာပေါက် လေ့လာထားရမည် ဖြစ်သည်။

ထိုအချိန်တွင် လင်းယာက လျှောက်လာပြီး ပြောလိုက်သည်။ "ကျွန်မရော နားထောင်လို့ ရမလား... ကျွန်မက ဟင်းချက်တတ်တော့ အကူအညီ ဖြစ်နိုင်တယ်"

လင်းယွမ်က ထိုစကားကို ကြားသည်နှင့် ဝမ်းသာသွားပြီး အမြန် ပြောလိုက်သည်။ "လင်းယာ... ခင်ဗျား ကူညီပေးနိုင်ရင် အရမ်းကောင်းတာပေါ့"

ထန်ယင်းက လင်းယာကို တစ်ချက်ကြည့်လိုက်သည်။ သူမက ရန်မေကို အမြဲတမ်း ပြုစုစောင့်ရှောက်ပေးနေမှန်း သိသဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။ "မီးနေသည် ကာလမှာ ချက်ချင်း အားဆေးတွေ တိုက်ဖို့ မလိုဘူး... အရင်ဆုံး သွေးပုပ်တွေ ဖယ်ရှားပြီးမှ အားဖြည့်ပေးရမယ်"

"အစပိုင်းမှာ အရမ်းအားရှိတာတွေ စားလိုက်ရင် နို့တင်းတာလို ပြဿနာတွေ ဖြစ်လာနိုင်တယ်"

"အသေးစိတ်ကိုတော့ ခဏနေမှ ရှင်နဲ့ သီးသန့် ပြောပြပေးပါ့မယ်"

လင်းယာက အမြန် ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့ပါရှင်... ဟုတ်ကဲ့ပါ"

ထိုအချိန်တွင် အဒေါ်ကြီးလီက ပြုံးကာ မေးလိုက်သည်။ "လင်းယွမ်... မင်းကိုရော ရန်မေကိုပါ ဂုဏ်ယူပါတယ်ကွယ်... သားယောကျာ်းလေး မွေးတာပေါ့"

"ယောကျာ်းလေးက ပိုကောင်းတာပေါ့... ဒီလို ခေတ်ပျက်ကြီးထဲမှာ ယောကျာ်းလေး ဖြစ်နေတာက ပိုအဆင်ပြေတယ်"

"မိန်းကလေးဆိုရင် ဒုက္ခရောက်ရမှာ"

လူကြီးပိုင်းများတွင် ယောကျာ်းလေးကို ဦးစားပေးပြီး မိန်းကလေးကို အထင်သေးသော အယူအဆများ ရှိနေဆဲပင်။

အထူးသဖြင့် ကမ္ဘာပျက်ကပ်ကာလတွင် ယောကျာ်းများ၏ တိုက်ခိုက်ရေးစွမ်းရည်က မွေးရာပါ မိန်းမများထက် သာလွန်နေသဖြင့် ယောကျာ်းလေး တစ်ယောက် မွေးဖွားခြင်းက မိန်းကလေး မွေးဖွားခြင်းထက် ပိုမို ပြုစုပျိုးထောင်ရ လွယ်ကူကာ ပို၍လည်း အလားအလာ ရှိပေသည်။

လင်းယွမ်ကမူ ပြုံးလျက် ပြန်ပြောလိုက်သည်။ "အဒေါ်ကြီးလီ... ယောကျာ်းလေး မဟုတ်ရင်တောင် ကျွန်တော် ဝမ်းသာမှာပါပဲ... ကျွန်တော့်ကလေးက ယောကျာ်းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ကောင်းကောင်းမွန်မွန် ရှင်သန်နိုင်မှာပါ"

ထိုစကားကို ကြားသောအခါ အားလုံးက ချက်ချင်းပင် ရယ်မောလိုက်ကြသည်။

အဒေါ်ကြီးလီကလည်း ဟားတိုက်ရယ်မောလိုက်သည်။ "အဒေါ်က ပါးစပ်သရမ်းသွားတာပါ... အဒေါ်လို ပါတီဝင်ဟောင်းကြီးက ဒီလိုစကားမျိုး မပြောသင့်ပါဘူး"

လင်းယွမ်က ပြုံးကာ ပြောလိုက်သည်။ "နောက်ဆို ကလေးကို အဒေါ်ကြီးကို အဘွားလို့ ခေါ်ခိုင်းရမယ်... အဒေါ်ကြီးက ကလေးကို လူရာဝင်အောင် ဆုံးမပေးပါဦး"

အဒေါ်ကြီးလီမှာ ချက်ချင်းပင် ပါးစပ်မစိနိုင်အောင် ပြုံးရွှင်သွားပြီး ကောင်းပါပြီဟု တတွတ်တွတ် ပြောနေတော့သည်။

လူအားလုံးက လင်းယွမ်အား ဝိုင်းဝန်း ဂုဏ်ပြုကြရာ လင်းယွမ်မှာလည်း မျက်နှာတစ်ပြင်လုံး ပြုံးရွှင်လျက် တစ်ယောက်ချင်းစီကို ကျေးဇူးတင်စကား ပြန်လည် ဆိုလေသည်။

"အားလုံးပဲ... ကလေး ရက်တစ်ရာ ပြည့်တဲ့အခါကျရင် ကျွန်တော် အားလုံးကို ထမင်းကျွေးပါ့မယ်ဗျာ"

ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်ပြီးနောက် လင်းယွမ်က လူအားလုံးကို ပြန်လွှတ်လိုက်သည်။

ကျန်ရစ်ခဲ့သူများမှာ မိသားစုဝင်များသာ ဖြစ်ကြသည်။

ဪ... လင်းယာလည်း ဤနေရာတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ပြီဖြစ်ရာ မိသားစုဝင် တစ်ဝက်မျှ ဖြစ်နေပြီဟု ဆိုရမည်။

ယခင်တစ်ခေါက်ကပင် ရန်မေက လင်းယာအား အိမ်တွင် ယာယီနေထိုင်ရန် လင်းယွမ်ကို အကြံပြုခဲ့သေးသည်။ သို့မှသာ အသွားအပြန် လုပ်ရသည့် ဒုက္ခမှ ကင်းဝေးမည် မဟုတ်ပါလော။

အကြောင်းမှာ ယခင်အကြိမ်က လင်းယာ အိမ်ပြန်သွားသောကြောင့် လန်ယွဲ့ဟွာ၏ လူများက ပစ်မှတ်ထားခြင်းကို ခံခဲ့ရသောကြောင့် ဖြစ်သည်။

လင်းယွမ်လည်း စဉ်းစားခဲ့ဖူးသော်လည်း ယခင်က ရန်မေတို့ကို အိမ်ထဲသို့ နောက်ထပ် လူမခေါ်လာတော့ပါဟု ကတိပေးထားခဲ့သည်။

သို့သော် ယခုအခါ လင်းယာက ကလေးနှင့် ရန်မေကို ပြုစုစောင့်ရှောက်ပေးရမည် ဆိုပါက အိမ်တွင်းအကူကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

အိမ်တွင်းအကူဆိုမှတော့ အိမ်တွင်မနေဘဲ မည်သို့ အိမ်တွင်းအကူဟု ခေါ်နိုင်မည်နည်း။

အထူးသဖြင့် စောစောက ထန်ယင်း ပြောသွားသည့်အတိုင်း ကိုယ်ဝန်ဆောင် မီးနေသည်များမှာ ရေအေးကိုပင် ထိ၍မရပေ။

ဤသည်မှာ ရန်မေကို သီးသန့် ပြုစုစောင့်ရှောက်ပေးမည့်သူ တစ်ယောက် သေချာပေါက် လိုအပ်နေခြင်းပင်။

ဆုန့်ဝမ်၊ တုံယန်နှင့် တင်းယန်တို့တွင်လည်း ကိုယ်ပိုင် အလုပ်များရှိကြရာ အချိန်ပေးနိုင်မည် မဟုတ်သည်မှာ သေချာသည်။

အခြားသူများကလည်း ရန်မေကို နှစ်ဆယ့်လေးနာရီလုံးလုံး အိမ်တွင် စောင့်ရှောက်ပေးနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် စဉ်းစားကြည့်လျှင် လင်းယာကသာ အသင့်တော်ဆုံး ဖြစ်နေသည်။

"ကြည့်ရတာ လင်းယာကို အိမ်မှာ ပေးနေမှ ရတော့မယ်... ဒီအိမ်မှာ အခန်းတစ်ခန်း ထပ်ဖွဲ့မှ ရတော့မယ်"

လင်းယွမ်က စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်မိ၏။

"အစ်ကိုလင်း... ကလေးနာမည် စဉ်းစားပြီးပြီလား"

ဆုန့်ဝမ်က မနေနိုင်ဘဲ မေးလိုက်ရာ လင်းယွမ်က ပြုံးလိုက်သည်။ "အင်း... အရင်ကတည်းက အမမေနဲ့ တိုင်ပင်ထားပြီးသား... ကလေးရဲ့ နာမည်ရင်းကို လင်းဟုန်လို့ ပေးမယ်... အိမ်နာမည်ကတော့ တုတုပေါ့"

"တုတု..." ဆုန့်ဝမ်၏ မျက်လုံးများ အရောင်လက်သွားပြီး ဝမ်းသာအားရဖြင့် ပြောလိုက်သည်။ "အိမ်နာမည်လေးက အရမ်း ချစ်စရာကောင်းတာပဲ"

ဘေးနားရှိ တင်းယန်ကမူ လင်းဟုန်ဟူသော နာမည်နှင့် ပတ်သက်၍ အတော်လေး ခံစားချက် ဖြစ်သွားပြီး မေးလိုက်သည်။ "ရေလွှမ်းမိုးတဲ့ ဟုန် ဆိုတဲ့ စာလုံးလား"

လင်းယွမ်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်... သူက ရေလွှမ်းမိုးနေတဲ့ ကမ္ဘာကြီးထဲမှာ မွေးဖွားလာတာဆိုတော့ သူ့ကို ဟုန် လို့ နာမည်ပေးလိုက်တာ... ဒီခေတ်ကြီးနဲ့ သူ လိုက်လျောညီထွေ နေနိုင်ဖို့ မျှော်လင့်ချက်နဲ့ပေါ့"

တင်းယန်က ပြောလိုက်သည်။ "သေချာပေါက် ရမှာပါ... သူ့မှာ ဖခင်ကောင်း တစ်ယောက်ရှိသလို... မိခင်ကောင်း တစ်ယောက်လည်း ရှိနေတာပဲ"

လင်းယွမ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "မိခင်ကောင်း တစ်ယောက်တည်း မဟုတ်ပါဘူး... သူ့မှာ မင်းတို့ သုံးယောက်လို မိခင်ကောင်းတွေလည်း ရှိသေးတာပဲ"

အမျိုးသမီး သုံးယောက်လုံး ချက်ချင်း ကြောင်သွားကြပြီးနောက် ခစ်ခနဲ အသံထွက်ကာ ရယ်မောလိုက်ကြသည်။

တုံယန်က အပိုလုပ်ကာ ပြောလိုက်သည်။ "ဟင့်... ကျွန်မက အသက် ၂၀ နဲ့ မိထွေး ဖြစ်ရတော့မှာလား... ဒီခံစားချက်က တကယ်ကို ထူးဆန်းတာပဲ"

ဆုန့်ဝမ်က ပြုံးကာ ပြောလိုက်သည်။ "အသက် ၂၀ က ဘာဖြစ်လို့လဲ... ရှေးခေတ်ကဆိုရင် အသက် ၂၀ ဆိုတာ အပျိုကြီးဟိုင်းကြီး ဖြစ်နေပြီ"

တုံယန်က မျက်စောင်းထိုးလိုက်သည်။ "ကောင်းပါပြီရှင်... ကျွန်မ ဒီအသက်အရွယ်က တက္ကသိုလ် ပထမနှစ် စတက်မယ့် အရွယ်လေးပါနော်"

တင်းယန်က ပြုံးစိစိဖြင့် မေးလိုက်သည်။ "ရှင်က သုံးယောက်တည်းလို့ သေချာလို့လား"

လင်းယွမ်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး နှာခေါင်းကို ပွတ်သပ်လိုက်မိသည်။

အပြင်ဘက်တွင် သူ့၌ ကျွမ်းရှုယွမ်ဟူသော တရားမဝင် ချစ်သူတစ်ယောက် ရှိနေသေးမှန်း တင်းယန် သေချာပေါက် သိနေသည်ပင်။

လင်းယွမ်က ဟားတိုက်ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "မင်းတို့လည်း ရန်မေကိုပဲ အားကျမနေကြပါနဲ့... နောက်ကျရင် မင်းတို့ကို တစ်ယောက်ဆီ ကလေးမွေးခိုင်းရမယ်"

အမျိုးသမီးများအားလုံး ချက်ချင်းပင် တခစ်ခစ် ရယ်မောလိုက်ကြတော့သည်။

ခဏချင်းမှာပင် အခန်းတစ်ခုလုံး ပျော်ရွှင်ဖွယ် အငွေ့အသက်များဖြင့် ပြည့်နှက်သွားလေသည်။

ဘေးနားရှိ လင်းယာကမူ သူတို့မိသားစု၏ ကြည်နူးပျော်ရွှင်နေပုံကို ကြည့်ရင်း အားကျစိတ်များ ဝင်လာမိရှာသည်။

ညဉ့်နက်သန်းခေါင် အချိန်တိုင်း လင်းယွမ်၏ အိမ်မှ ပြန်သွားပြီးနောက် သူမရင်ထဲတွင် အထီးကျန်ဆန်သော ခံစားချက်မျိုး အမြဲ ဖြစ်ပေါ်လာတတ်သည်။

သူမ၏ အခန်းထဲတွင် ရှန်ယွင်ရှီး အဖော်ရှိနေသေးသော်လည်း ရှန်ယွင်ရှီးမှာ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာန အလုပ်များဖြင့် အမြဲ အလုပ်ရှုပ်နေသဖြင့် သူမ၏ အရိပ်အယောင်ကိုပင် မြင်ရခဲလှသည်။

အင်တာနက်မရှိ၊ စာအုပ်စာပေမရှိသော ဤရေလွှမ်းမိုးနေသည့် ကမ္ဘာပျက်ကြီးထဲတွင် အထီးကျန်မှုကို ဖြေဖျောက်ရန် နည်းလမ်းများ အလွန်နည်းပါးလှသလို မိမိကိုယ်တိုင် ဖျော်ဖြေရန် နည်းလမ်းများလည်း သိပ်မရှိလှပေ။

သူမ၏ ရင်တွင်းအနက်ရှိုင်းဆုံး နေရာမှနေ၍ စကားပြောဖော် တစ်ယောက်ယောက်ကို တောင့်တနေမိပြီး သူမ၏ နှလုံးသားထဲသို့ ဝင်ရောက်လာမည့် သူတစ်ယောက်ကို မျှော်လင့်နေမိသည်။

ထို့ကြောင့် လင်းယွမ်၏ အိမ်တွင် သူတို့၏ ကြည်နူးပျော်ရွှင်မှုကို သူမ ခံစားရပြီး ဤကဲ့သို့သော အငွေ့အသက်မျိုးကို အလွန် တွယ်တာနေမိသည်။ တချို့အချိန်များတွင် အိမ်ပင်မပြန်ချင်တော့ဘဲ ဤနေရာတွင်သာ ဆက်နေချင်စိတ် ပေါက်လာမိသည်။

လင်းယွမ်က အမျိုးသမီးများနှင့် ခေတ္တမျှ ရယ်မောစကားပြောပြီးနောက် လင်းယာက အချိန်ကို တစ်ချက်ကြည့်ကာ ညစာပြင်ဆင်ရန် မီးဖိုချောင်ထဲသို့ တိတ်တဆိတ် ဝင်သွားလေသည်။

ထန်ယင်း မထွက်သွားမီက သူမအား မီးနေသည် ကာလအတွက် သတိထားရမည့် အချက်များနှင့် အစားအသောက် တွဲဖက်ကျွေးမွေးပုံများကို ပြောပြထားခဲ့သည်။

တင်းယန်၊ တုံယန်နှင့် ဆုန့်ဝမ်တို့မှာ ယနေ့ ခွင့်ယူထားကြသဖြင့် မည်သူမျှ အလုပ်မသွားကြဘဲ အိမ်တွင်သာ နေကာ ရှားပါးလှသော ပျော်ရွှင်ဖွယ်ရာ ဆုံစည်းချိန်လေးကို ခံစားနေကြလေသည်။

မွန်းလွဲပိုင်း အချိန်သို့ ရောက်သောအခါ ရန်မေ တစ်ရေးနိုးလာချိန်တွင် အပြင်ဘက်မှ ရယ်မောပျော်ရွှင်သံများကို ကြားနေရဆဲပင်။

ထိုအချိန်တွင် ကလေးငယ်က ပြန်လည် အော်ဟစ်ငိုယိုလာသဖြင့် အပြင်ဘက်ရှိ လင်းယွမ်တို့၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားလေသည်။

ချက်ချင်းပင် သူနှင့် အမျိုးသမီးများအားလုံး အခန်းထဲသို့ အလျင်အမြန် ဝင်လာကြပြီး အခြေအနေကို စစ်ဆေးကြည့်ရှုကြသည်။

"ဘာလို့ ငိုနေတာလဲ" လင်းယွမ်က အလျင်စလို မေးလိုက်သည်။

ရန်မေက ခေါင်းခါလိုက်ပြီး အနည်းငယ် ပြာယာခတ်လျက် "အမလည်း မသိဘူးလေ" ဟု ပြန်ဖြေသည်။

သူမကိုယ်တိုင်ကလည်း မိခင်လောင်း အသစ်စက်စက် ဖြစ်ရာ ကလေးပြုစုပျိုးထောင်ခြင်းနှင့် ပတ်သက်၍ အတွေ့အကြုံ တစ်စက်ကလေးမျှ မရှိသေးပေ။

တင်းယန်က အမြန် မေးလိုက်သည်။ "ဗိုက်ဆာလို့များလား"

"ဟင်... ငါ မအိပ်ခင်လေးတင် တိုက်ထားတာလေ" ရန်မေက ပြန်ပြောသည်။

ဆုန့်ဝမ်က အလျင်အမြန် ပြောလိုက်သည်။ "ကလေးတချို့က အစားကြီးတယ်လို့ ကြားဖူးတယ်... ထပ်ပြီး နို့တိုက်ရတော့မှာများလား"

ရန်မေက ထိုစကားကို ကြားသည်နှင့် နို့တိုက်ရန် အင်္ကျီကြယ်သီးများကို အမြန် ဖြုတ်လိုက်လေသည်။

တုံယန်က ရန်မေ၏ ဖွံ့ထွားမှုကို အားကျစွာဖြင့် တစ်ချက်ကြည့်လိုက်ပြီး သူမကိုယ်တိုင် ကလေးရလာသည့်အခါ ရင်သားအရွယ်အစား တစ်ဆိုက်လောက် ထပ်ကြီးလာနိုင်ဦးမလားဟု စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေမိသည်။

ကိုယ်ဝန်ဆောင်ပြီးသည့်အခါ ရင်သားအရွယ်အစား တစ်ဆိုက် ကြီးလာတတ်သည်ဟု ကြားဖူးထားသည် မဟုတ်ပါလော။

သူမ၏ ထိုထူးဆန်းသော အတွေးများက လျှပ်တစ်ပြက် ဖြတ်သန်းသွားပြီးနောက် ယခုအချိန်တွင် ရန်မေမှာ ကြယ်သီးများဖြုတ်ကာ ကလေးကို လက်ထဲပွေ့ချီပြီး နို့တိုက်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။

သို့သော် ကလေးငယ်မှာ ရုန်းကန်နေဆဲဖြစ်ပြီး နို့မစို့ချေ။

"လိမ်မ္မာပါတယ် တုတုလေးရယ်... ဘာလိုချင်လို့လဲ... ဗိုက်ဆာလို့လား" ရန်မေက ကလေးကို ဖွဖွလေး လွှဲသိပ်ပေးရင်း အနည်းငယ် ပြာယာခတ်နေရှာသည်။

ထိုအချိန်တွင် အသံကြားသဖြင့် ဝင်လာသော လင်းယာက ဤအခြေအနေကို မြင်သောအခါ မနေနိုင်ဘဲ ပြောလိုက်သည်။ "ကျွန်မ ကြည့်ပေးပါ့မယ်"

အားလုံးက လင်းယာကို ချက်ချင်း ဝိုင်းကြည့်လိုက်ကြရာ သူမက ကလေးကို လှမ်းချီလိုက်ပြီး ပြောလိုက်သည်။ "စောစောက ဒေါက်တာထန်ယင်း မပြန်ခင်လေးတင် ကျွန်မကို သေချာ မှာသွားတယ်... မွေးကင်းစ ကလေးတွေ ငိုယိုဂျီကျတယ်ဆိုတာ အကြောင်းရင်း နည်းနည်းပဲ ရှိတယ်တဲ့"

"ဗိုက်ဆာလို့ ဖြစ်ရင်ဖြစ်... မဟုတ်ရင်တော့ အပေါ့အလေးသွားထားလို့ပဲ"

ထိုသို့ပြောရင်း သူမက စောင်လေးကို ဖွင့်ကြည့်လိုက်ရာ ထင်သည့်အတိုင်းပင် ကလေးငယ်မှာ အညစ်အကြေး စွန့်ထားလေပြီ။

အားလုံးမှာ ချက်ချင်းပင် ရယ်ရခက် ငိုရခက် ဖြစ်သွားကြတော့သည်။

လင်းယွမ်က သက်ပြင်းချရင်း ပြောလိုက်သည်။ "ဒီကလေးထိန်းတယ် ဆိုတာကလည်း ပညာရပ် တစ်ခုပဲနော်"

လင်းယာက ပြုံးကာ ပြောလိုက်သည်။ "တကယ်တော့ ကျွန်မတို့က အတွေ့အကြုံ မရှိလို့ပါ... အတွေ့အကြုံရှိတဲ့ သူတွေဆိုရင် တစ်ချက်ကြည့်လိုက်တာနဲ့ သိတယ်လေ"

ကလေးကို ဖင်ဆေးပေးနေသော သူမကို အားလုံးက ဝိုင်းကြည့်နေကြပြီး သူမထံမှ ဖြာထွက်နေသော မိခင်မေတ္တာ အငွေ့အသက်များက ရန်မေထက် အနည်းငယ်မျှပင် မလျော့နည်းကြောင်း တွေ့လိုက်ရသည်။

လင်းယာ၏ ကိုယ်ပေါ်တွင် မိခင်တစ်ယောက်၏ အငွေ့အသက်များက မွေးရာပါ ပါလာသည့်အလား ဖြစ်နေတော့သည်။

ဆက်ရန်...

အပိုင်း(၇၁၀) ထိုက်ယန်တောင် အစည်းအဝေး

"ကလေးသေးခံ ရှိလား... မရှိရင်လည်း အနှီးဆိုလည်း ရပါတယ်"

လင်းယာက ကလေးလေး၏ တင်ပါးလုံးလုံးလေးကို သေချာသုတ်သင်ပေးပြီးနောက် ခေါင်းလှည့်ကာ လင်းယွမ်ကို မေးလိုက်သည်။

လင်းယွမ် ချက်ချင်း သတိဝင်လာပြီး ကမန်းကတမ်း ပြန်ဖြေလိုက်သည်။ "ရှိတယ်... ရှိတယ်"

သူက ဘာစကားမှ ထပ်မပြောတော့ဘဲ စနစ်ထဲမှနေ၍ ကလေးသေးခံ အမြောက်အမြားကို ချက်ချင်း လဲလှယ်ထုတ်ယူလိုက်သည်။

စုစုပေါင်းမှ အမှတ် ၂၀ တောင် မကုန်ကျခဲ့ပေ။

နေ့စဉ်သုံး လူသုံးကုန်ပစ္စည်းများ ဖြစ်သောကြောင့် ကံစမ်းမဲ တစ်ခါနှိုက်လျှင် အမှတ်(၁၀)မှတ်သာ ကုန်ကျပြီး သတ်မှတ်ပစ္စည်းကို ရွေးချယ်နှိုက်မည်ဆိုပါက နောက်ထပ် အမှတ်(၁၀)မှတ် ထပ်ဆောင်းပေးရသည်။

ချက်ချင်းပင် ကလေးသေးခံ ဖာတစ်ရာတိတိကို ရရှိသွားခဲ့ပြီ ဖြစ်သည်။

သူက တစ်ထုပ်ကို အလျင်အမြန် ဖောက်ကာ လင်းယာထံသို့ ကမ်းပေးလိုက်သည်။

အမှန်တိုင်းပြောရလျှင် ဤပစ္စည်းကို လင်းယွမ် တစ်ခါမှ မသုံးဖူးခဲ့ချေ။

လင်းယာကမူ ထုပ်ပိုးမှုကို ကျွမ်းကျင်စွာ ဆွဲဖောက်လိုက်ပြီးနောက် ကလေးလေးကို သေးခံ ဝတ်ဆင်ပေးလိုက်သည်ကို တွေ့လိုက်ရသည်။

ထို့နောက်မှသာ ကလေးလေးကို ရန်မေ၏ ဘေးနားသို့ ညင်သာစွာ ချထားပေးလိုက်သည်။

ထင်သည့်အတိုင်းပင် ကလေးလေးက သေးခံ လဲပြီးသွားသောအခါ တရှူးရှူးနှင့် ပြန်လည် အိပ်မောကျသွားတော့သည်။

လူအားလုံးက ချက်ချင်းပင် အံ့သြချီးကျူးသွားကြသည်။

"ဒီကလေးလေးက အီးပါထားလို့ နိုးလာတာကိုး" တင်းယန်က အမှတ်တမဲ့ ရေရွတ်လိုက်သည်။

ဆုန့်ဝမ်ကလည်း တအံ့တသြဖြင့် ပြောလိုက်သည်။ "အမလင်းယာ... အမက တကယ် တော်တာပဲနော်"

လင်းယွမ်ကလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ဆိုလိုက်သည်။ "လင်းယာ... နောက်ပိုင်း ရန်မေနဲ့ ကလေးကို အချိန်အတိုင်းအတာ တစ်ခုအထိ ကူညီစောင့်ရှောက်ပေးဖို့ ခင်ဗျားကို ဒုက္ခပေးရဦးမယ် ထင်တယ်"

လင်းယာက အလျင်အမြန် ပြန်ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး... လန်ယွဲ့ဟွာ ကိစ္စတုန်းက ကျွန်မကြောင့် ရှင်တို့တွေ ဒုက္ခအများကြီး ရောက်ခဲ့ရတာ... အခု ရှင်တို့ကို တစ်ခုခု ပြန်ကူညီပေးနိုင်တာကလည်း အရင်က ကိစ္စတွေအတွက် ပြန်လည်ပေးဆပ်တာလို့ပဲ သဘောထားလိုက်ပါ"

ကုတင်ပေါ်ရှိ ရန်မေက ဝင်ပြောလိုက်သည်။ "အဲဒီကိစ္စက ဘယ်လိုလုပ် အမကို အပြစ်တင်လို့ ရမှာလဲ... လန်ယွဲ့ဟွာတို့က အစကတည်းက စိတ်သဘောထား ယုတ်မာကြတာလေ"

ထိုသို့ပြောရင်း သူမက လင်းယာကို ဆွဲထိုင်စေလိုက်ကာ ဆက်ပြောသည်။ "လင်းယာ... တကယ်တမ်းကျတော့ ကျွန်မကသာ အမကို ကျေးဇူးတင်ရမှာ... ဒီရက်ပိုင်းအတွင်း အမက ကျွန်မအတွက် ဟိုပြေးဒီလွှားနဲ့ အများကြီး ကူညီပေးခဲ့တာ... ဘယ်လို ကျေးဇူးဆပ်ရမလဲတောင် မသိတော့ပါဘူး"

လင်းယာက ပြုံးလိုက်ပြီး "ကျွန်မကိုယ်တိုင်ကလည်း ကလေးလေးတွေကို သဘောကျလို့ပါ" ဟု ပြန်ဖြေသည်။

ရန်မေက ထိုစကားကို ကြားသောအခါ မျက်လုံးများ ရုတ်တရက် အရောင်လက်သွားသည်။ "ဒါဆို ဒီလိုလုပ်ကြမလား... တုတုကို အမရဲ့ မွေးစားသား လုပ်ခိုင်းလိုက်ရင်ရော"

လင်းယာ ကြောင်အသွားပြီး ဘေးနားရှိ လင်းယွမ်ကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်မိသည်။

လင်းယွမ်ကလည်း ပြုံးလျက် ပြောလိုက်သည်။ "ကောင်းသားပဲ... အမက ဒီကလေးလေးအတွက် နေ့တိုင်း ထမင်းချက်ပေးပြီး ပြုစုစောင့်ရှောက်ပေးနေရတာဆိုတော့... သူက အမကို မွေးစားအမေလို့ ခေါ်သင့်တာပေါ့"

လင်းယာ၏ မျက်နှာတွင် မနေနိုင်မထိုင်နိုင် ဝမ်းသာပျော်ရွှင်သည့် အရိပ်အယောင်များ ပေါ်လွင်လာပြီး ကုတင်ပေါ်မှ ချစ်စရာကောင်းသော ကလေးလေးကို ငေးကြည့်ရင်း မေးလိုက်သည်။ "တကယ်လား... ရှင်တို့က ကျွန်မကို သူ့ရဲ့ မွေးစားအမေ အဖြစ် တကယ် လက်ခံပေးတာလား"

"သေချာပေါက် လက်ခံတာပေါ့... ဒါပေမဲ့ နောက်ပိုင်းကျရင်တော့ သူ့ကို အရမ်း အလိုမလိုက်နဲ့နော်" လင်းယွမ်က နောက်ပြောင်လိုက်သည်။

ချက်ချင်းပင် အခန်းတွင်းရှိ အမျိုးသမီးအားလုံးက တခစ်ခစ် အသံထွက်အောင် ရယ်မောလိုက်ကြသည်။

အမျိုးသမီးများက ကလေးလေးကို တစ်လှည့်စီ ဝိုင်းကြည့်ကြပြီးနောက် အခန်းထဲမှ ပြန်လည်ထွက်ခွာသွားကြကာ လင်းယွမ်နှင့် ရန်မေတို့အတွက် သီးသန့်လွတ်လပ်ချိန် ဖန်တီးပေးလိုက်ကြသည်။

ယခုအချိန်တွင် ရန်မေက လင်းယွမ်၏ ရင်ခွင်ထဲသို့ မှီတွယ်ထားပြီး ကလေးလေးက သူတို့နှစ်ဦးကြားတွင် ပါးစပ်လေး ဟစိဟစိလုပ်ကာ တရှူးရှူးနှင့် အိပ်မောကျနေသည်။

ရန်မေ၏ မျက်နှာပေါ်တွင် ပျော်ရွှင်ကြည်နူးမှုများ အပြည့်အဝ ပေါ်လွင်နေပြီး သူမက မေးလိုက်သည်။ "တုတုလေး ကြီးလာရင် မောင်လေးနဲ့တူမလား... အမနဲ့ တူမလား"

"အမနဲ့ပဲ တူမှာပါ... အမနဲ့တူမှ ပိုချောမှာပေါ့"

ရန်မေက ပြုံးလျက် ပြန်ပြောသည်။ "အမကတော့ မောင်လေးနဲ့တူတာ ပိုကောင်းမယ် ထင်တယ်... ယောကျာ်းလေးဆိုတော့ မောင်လေးလိုမျိုး ယောကျာ်းပီသတဲ့ဟန် ရှိမှပေါ့"

နှစ်ဦးသား ချစ်ရည်လူးကာ စကားစမြည်ပြောနေကြစဉ် လင်းယွမ်က လင်ယွီရုံကို သတိရသွားသည်။ ထိုကိစ္စကို မဖြေရှင်းနိုင်သရွေ့ သူ၏ စိတ်ထဲတွင် အေးချမ်းနိုင်မည် မဟုတ်ချေ။

ထို့ကြောင့် သူက ရန်မေကို ပြောလိုက်သည်။ "အမ... ကိစ္စတစ်ခု ရှိတယ်... အမကို ပြောပြဖို့ အချိန်မရဖြစ်နေခဲ့တာ"

"အခု ကလေးလည်း မွေးလာပြီ... အမ ခန္ဓာကိုယ်လည်း တော်တော်လေး ကျန်းမာလာပြီဆိုတော့... အခု ပြောပြသင့်ပြီလို့ ထင်တယ်"

ရန်မေက ထိုစကားကို ကြားလိုက်ရပြီး လင်းယွမ်၏ လေးနက်သော လေသံကြောင့် ချက်ချင်း ကိုယ်ကိုမတ်ကာ မေးလိုက်သည်။ "ဘာကိစ္စမို့လို့ ဒီလောက်တောင် လေးနက်နေရတာလဲဟင်"

"အရင်တုန်းက အမမေ မကြာခဏ အိပ်မက်မက်တတ်တဲ့... နှင်းရေခဲ နတ်ဘုရားမ ဆိုတာကို မှတ်မိသေးလား"

"မှတ်မိတာပေါ့" ရန်မေက ခေါင်းညိတ်လိုက်သည်။

လင်းယွမ်က ဆက်ပြောသည်။ "အဲဒါက အိပ်မက် မဟုတ်ဘူး... ကျွန်တော် နှင်းရေခဲ နတ်ဘုရားမနဲ့ တွေ့ပြီးပြီ"

"ရှင်" ရန်မေ ချက်ချင်းပင် အလွန်အမင်း အံ့အားသင့်သွားပြီး ထိတ်လန့်သွားသည့် အမူအရာ ပေါ်လာသည်။

"မောင်လေး... အဲဒါက ဘယ်လိုဖြစ်ရတာလဲ"

လင်းယွမ်က ရှေးဟောင်း အစွမ်းပိုင်ရှင် လင်ယွီရုံနှင့် ပတ်သက်သည့် ကိစ္စများကို အစမှအဆုံး ရှင်းပြလိုက်လေသည်။

ရန်မေမှာ နားထောင်လေလေ ပို၍ ကြောက်လန့်လာလေလေဖြစ်ပြီး မျက်နှာလေးမှာလည်း တဖြည်းဖြည်း ဖြူရော်လာတော့သည်။

"မောင်... မောင်လေး ပြောချင်တာက... အမ ခန္ဓာကိုယ်ထဲက မျိုးရိုးဗီဇထဲမှာ... သူ ချန်ထားရစ်ခဲ့တဲ့ စိတ်ဝိညာဉ်အပိုင်းအစ ရှိနေတယ် ဆိုတဲ့ သဘောလား"

"ဟုတ်တယ်... အမမေ... အရင်ဆုံး မလန့်နဲ့ဦး"

လင်းယွမ်က ချက်ချင်း နှစ်သိမ့်လိုက်သည်။ "ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းမရှိတာ မဟုတ်ပါဘူး"

"သူက အနှေးနဲ့အမြန် အမမေဆီ ရောက်လာလိမ့်မယ်လို့ ကျွန်တော် ခန့်မှန်းထားတယ်... ဒါပေမဲ့ အမမေသာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို အမြန်ဆုံး ရောက်အောင် လေ့ကျင့်နိုင်မယ်ဆိုရင်... မျိုးရိုးဗီဇထဲက အချက်အလက်တွေကို ဖျက်ပစ်နိုင်လိမ့်မယ်... ပြန်လည်ဖွဲ့စည်းပြီးသွားတဲ့ မျိုးရိုးဗီဇက အမမေ့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ အပြည့်အဝ ရှိနေတော့မှာ"

"အဲဒီအဆင့်ကို ရောက်သွားပြီးရင်တော့... သူက အမ ခန္ဓာကိုယ်ထဲမှာ ချန်ထားခဲ့တဲ့ စိတ်ဝိညာဉ်အပိုင်းအစကို အမက အလွယ်တကူ ဖျက်ဆီးပစ်နိုင်လိမ့်မယ်"

"အဲဒီအချိန်ကျရင်... သူမက အမကို ရှာတွေ့ရင်တောင်မှ ဘာမှ လုပ်နိုင်တော့မှာ မဟုတ်ဘူး"

ရန်မေက ထိုစကားကို ကြားသောအခါ ကမန်းကတမ်း ပြောလိုက်သည်။ "ဒါပေမဲ့ အမ အခုချိန်ထိ အဓိက အရည်အသွေးက (၇၃) မှတ်ပဲ ရှိသေးတာလေ... အမှတ် ၁၀၀ ပြည့်ဖို့ဆိုတာ အများကြီး လိုနေသေးတယ်"

လင်းယွမ်က နှစ်သိမ့်လိုက်သည်။ "ကိစ္စမရှိပါဘူး... ဖြည်းဖြည်းချင်းပဲ လေ့ကျင့်ပါ... ဒီကြားထဲမှာ ကျွန်တော်က အမဘေးမှာ အမြဲတမ်း အတူတူ ရှိနေပေးမှာပါ"

"အမ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ရောက်တဲ့အထိ စောင့်ရှောက်ပေးမှာပါ"

ရန်မေသည် ထိုစကားကို ကြားလိုက်ရမှသာ သက်ပြင်းချနိုင်သွားပြီး ပြောလိုက်သည်။ "ဒါဆို အမ ဒီနေ့ကစပြီး ကြိုးကြိုးစားစား လေ့ကျင့်တော့မယ်"

လင်းယွမ် ခေါင်းညိတ်လိုက်သည်။ "ကိုယ့်ကိုယ်ကိုယ် အရမ်း ဖိအားမပေးပါနဲ့... အရာအားလုံးအတွက် ကျွန်တော် ရှိပါတယ်"

နောက်ပိုင်းအချိန်များတွင် လင်းယွမ်သည် မည်သည့်နေရာသို့မျှ မသွားတော့ဘဲ ရန်မေနှင့် ကလေးလေးကို အဖော်ပြုပေးရင်း ထိုက်ယန်တောင်ပေါ်တွင်သာ ဆက်နေခဲ့သည်။

အေးချမ်းပျော်ရွှင်ဖွယ်ကောင်းသော အချိန်ကာလများသည် အမြဲတမ်း မသိမသာဖြင့် ကုန်ဆုံးသွားတတ်စမြဲပင်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သီတင်းနှစ်ပတ်ခန့် အချိန်ကုန်လွန်သွားခဲ့လေပြီ။

လူအများစုသည် ယခု မည်သည့်လ ရောက်နေပြီဖြစ်ကြောင်းကိုပင် မသိကြတော့ပေ။ သို့သော် ထိုက်ယန်တောင်တွင်တော့ ဈေးဝယ်စင်တာ၏ အလယ်ဗဟိုရင်ပြင်၌ နာရီစင်တစ်ခုကို စောစီးစွာကပင် တည်ဆောက်ထားခဲ့ပြီး ဖြစ်သည်။

အဝေးမှနေ၍ပင် ပြက္ခဒိန်နှင့် အချိန်များကို လှမ်းမြင်နိုင်ပေသည်။

လင်းယွမ်၏ ကလေးလေး မွေးဖွားလာပြီးနောက် တိုတောင်းလှသော သီတင်းနှစ်ပတ်အတွင်း ရာသီဥတုက ထပ်မံ၍ ပြောင်းလဲလာခဲ့ပြန်သည်။

နှင်းပွင့်များ သေးငယ်သွားသည်ကို လူတိုင်း သိသိသာသာ ခံစားမိလာကြပြီး လေထဲတွင် အေးစက်သော ရေခဲမိုးများနှင့် တကွဲတပြား နှင်းပွင့်လေးများသာ ကျဆင်းလာတော့သည်။

လူအားလုံးက ဤအချက်ကို သတိထားမိသွားကြပြီး ဆောင်းရာသီ ကုန်ဆုံးတော့မည်ဖြစ်ကြောင်း ချက်ချင်း နားလည်လိုက်ကြလေသည်။

ထိုက်ယန်တောင်၏ အထက်ပိုင်းခေါင်းဆောင်များကလည်း အထက်တန်း အစည်းအဝေးတစ်ခုကို လျင်မြန်စွာ စတင်ကျင်းပလိုက်ကြသည်။

ခေါင်းဆောင်စံအိမ်တွင် လင်းယွမ်က ခေါင်းဆောင်နေရာ၌ ထိုင်နေပြီး စိုက်ပျိုးရေးဌာန၊ ဆောက်လုပ်ရေးဌာန၊ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာန၊ ဆေးဘက်ဆိုင်ရာဌာန စသည့် ဌာနကြီးအသီးသီးမှ တာဝန်ခံများအားလုံး ရောက်ရှိလာကြပြီ ဖြစ်သည်။

ပထမဦးစွာ ဌာနအသီးသီးက လတ်တလောကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု ရလဒ်များကို အစီရင်ခံ တင်ပြကြသည်။

ထို့နောက်တွင်တော့ ယခုတစ်ကြိမ် ရာသီဥတု ပြောင်းလဲမှုအကြောင်းကို စတင်ဆွေးနွေးကြလေတော့သည်။

ပထမဆုံး ဆွေးနွေးသူမှာ စိုက်ပျိုးရေးဌာနမှ ဆုန့်ဝမ် ဖြစ်သည်။

"အပူချိန် ပြန်လည်နွေးထွေးလာတာနဲ့အမျှ နှင်းကျတာတွေ တဖြည်းဖြည်း နည်းလာပြီး မိုးရေအဖြစ် ပြန်ပြောင်းသွားတယ်... ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် အပြင်ဘက်က နှင်းထုတွေနဲ့ ရေခဲပြင်တွေလည်း အဆက်မပြတ် အရည်ပျော်လာမှာကို ကျွန်မ စိုးရိမ်မိတယ်"

"ဆောင်းရာသီ တစ်တွင်းလုံး ကျဆင်းခဲ့တဲ့ ရေခဲနှင်းတွေသာ အကုန်လုံး အရည်ပျော်သွားမယ်ဆိုရင် ရေမျက်နှာပြင်က သေချာပေါက် အလျင်အမြန် မြင့်တက်လာလိမ့်မယ်"

"အဲဒီအချိန်ကျရင် ထိုက်ယန်တောင်၊ မိန်တောင်နဲ့ လင်းယွင်တောင်စောင်းတွေရဲ့ ဧရိယာတွေက ပိုပိုပြီး သေးငယ်သွားမှာ စိုးရိမ်ရတယ်"

"တကယ်လို့ အဲဒီလိုသာဆိုရင်... အဲဒီအချိန်ကျရင် ကျွန်မတို့ စိုက်ပျိုးလို့ရမယ့် မြေနေရာတွေကလည်း ပိုပိုပြီး နည်းပါးသွားလိမ့်မယ်"

"စိုက်ပျိုးရေး ထွက်ကုန်တွေလည်း အများကြီး လျော့ကျသွားနိုင်တယ်"

လင်းယွမ်က ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။ ဤပြဿနာကို သူ စောစီးစွာကပင် ကြိုတင်ခန့်မှန်းထားပြီး ဖြစ်သည်။

ထို့နောက် သူက ဆောက်လုပ်ရေးဌာနဘက်ရှိ ဦးလေးမာတို့အဖွဲ့ကို လှမ်းကြည့်လိုက်သည်။

"ဦးလေးမာ... အရင်က ဆောက်လုပ်ရေးဌာနကို လုပ်ခိုင်းထားတဲ့ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင် စီမံကိန်းက ဘယ်လို အခြေအနေ ရှိပြီလဲ"

"ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ထဲမှာ ရေလွှမ်းခံရတဲ့ နေရာတွေကို လီချင်းဟွာက ဟင်းလင်းပြင်အက်ကွဲကြောင်းကို ဖွင့်ပြီး ရေအများစုကို ဖယ်ရှားပေးပြီးတဲ့နောက်မှာ... ငါတို့က မြေဖို့တဲ့လုပ်ငန်း တချို့ကို လုပ်ဆောင်ခဲ့ပါတယ်... လက်ရှိမှာတော့ မြေဧရိယာ အတော်များများကို ပြန်လည်ရရှိထားပါပြီ"

"ဒါ့အပြင် အသင့်ဆောက်လုပ်ပြီးသား အိမ်တွေလည်း အများကြီး ရှိသေးတယ်... လူတွေ နေထိုင်လို့ရပါတယ်... အဲဒီအချိန်ကျရင် တိုက်ရိုက် ပြောင်းရွှေ့ပြီး နေထိုင်လို့ ရပြီ"

"ဒါပေမဲ့ မင်းရဲ့ တောင်းဆိုချက်အရ... ငါတို့က အိမ်တွေ အရမ်းများများ ထပ်မဆောက်တော့ဘဲ မြေနေရာ အကျယ်ကြီးကို ချန်လှပ်ထားခဲ့ပြီး သန္ဓေပြောင်း နေကြာပန်းတွေကို စိုက်ပျိုးထားပါတယ်... ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်အတွက် အလင်းရောင် ရရှိအောင်လို့ပါ"

"ဒါ့အပြင် စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ အဆင်ပြေအောင် မြေနေရာ အများကြီးကိုလည်း ချန်ထားသေးတယ်... စိုက်ပျိုးရေးဌာနက လူတွေ သွားရောက်ကြည့်ရှုလို့ ရပါပြီ... အဲဒီအခါကျရင် ဘယ်လို စီမံကိန်းချမလဲ ဆိုတာကို ဌာနအတော်များများက အတူတူ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ဦးမယ်"

လင်းယွမ်က ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင် တစ်ခုတည်းကပင် လူဦးရေ အများအပြားကို ဆံ့နိုင်စွမ်း ရှိနေပြီဖြစ်သည်။

အဓိကအချက်မှာ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်က ရေလွှမ်းမိုးမှုကို ကာကွယ်နိုင်ခြင်းပင်။ ဤနေရာသည် ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှ လူများ ပြောင်းရွှေ့ရန်အတွက် အကောင်းဆုံးနေရာ ဖြစ်လာလိမ့်မည်။

အဲဒီအချိန်ကျရင် ထိုက်ယန်တောင်အပါအဝင် တောင်ကုန်းတွေ ရေမြုပ်သွားခဲ့ရင်တောင်မှ သူတို့တွေ နေစရာအိမ်မဲ့ရာမဲ့ ဖြစ်သွားမှာ မဟုတ်တော့ပေ။

လင်းယွမ်က ထပ်မေးလိုက်သည်။ "ထိုက်ယန်တောင်၊ မိန်တောင်နဲ့ လင်းယွင်တောင်စောင်းတွေက စွမ်းအင်ကျောက်တုံး သယံဇာတ တူးဖော်မှုတွေရော... ဘယ်လို အခြေအနေ ရှိပြီလဲ"

"တောင်သုံးလုံးရဲ့ စွမ်းအင်ကျောက်တုံး သတ္တုသိုက်တွေက ငါတို့ မျှော်မှန်းထားတာထက် နည်းနည်း ပိုများနေတယ်... အထဲမှာ စွမ်းအင်ကျောက်တုံး သတ္တုသိုက်တွေ အများကြီး ရှိနေသေးတယ်... လက်ရှိမှာ မြေဓာတ် အစွမ်းပိုင်ရှင်တွေရဲ့ စစ်ဆေးတိုင်းတာချက်အရ... တူးဖော်လို့ မပြီးသေးတဲ့ သတ္တုသိုက် တစ်ဝက်နီးပါးလောက် ကျန်နေသေးတယ်"

ဦးလေးမာမှာ အနည်းငယ် လက်မှိုင်ချချင်သည့်ပုံ ပေါက်နေသည်။ အကယ်၍ ရေလွှမ်းမိုးမှုက ထိုက်ယန်တောင်ကို ဖုံးလွှမ်းသွားပါက အဲဒီအချိန်ကျမှ ထပ်မံတူးဖော်လိုလျှင် မြေဓာတ် အစွမ်းပိုင်ရှင်တွေကိုသာ အားကိုးပြီး တူးဖော်ရတော့မည် မဟုတ်ပါလော။

ထို့ကြောင့် သူလည်း အလွန်စိုးရိမ်ပူပန်နေရသည်။ တကယ့်ကိုပင် လူအင်အားက မလုံမလောက် ဖြစ်နေရသည်။

စိုက်ပျိုးရေးဌာနတွင်လည်း လယ်ယာစိုက်ပျိုးရန် လူလိုအပ်သလို၊ လက်နက်စက်ရုံတွင်လည်း လက်နက်ထုတ်လုပ်ရန် လူလိုအပ်သည်။ မွေးမြူရေးခြံနှင့် သားသတ်ရုံတို့တွင်လည်း လူအင်အား လိုအပ်နေကြသည်။

ဤသည်မှာ ထိုက်ယန်တောင် တစ်ခုတည်းသာ ရှိသေးသည်။ လင်းယွမ်၏ ပိုင်နက်နယ်မြေများတွင် ချန်ဖူတောင်၊ မီသွေ့တောင်၊ တိန့်ကုန်းတောင် စသည့် နေရာများလည်း ရှိနေသေးသည်ကို မေ့ထား၍မရပေ။

ဤနေရာများတွင်လည်း တူးဖော်ရန် လိုအပ်သော သယံဇာတများ ရှိနေကြသည်။

နေရာတိုင်းတွင် လူအင်အား လိုအပ်နေသဖြင့် ဦးလေးမာ၏ ဆောက်လုပ်ရေးဌာနမှာ လူအင်အား လုံးဝကို မလုံလောက်တော့ချေ။

ကံကောင်းသည်မှာ လွန်ခဲ့သော အချိန်ကာလတုန်းက အပြင်မှ လူအများအပြား ထိုက်ယန်တောင်၏ ရေခဲပြင်ပေါ်တွင် လာရောက်စုဝေးခဲ့ကြသဖြင့် ထိုလူများကို သတ္တုတူးဖော်ရန် ယာယီ ခေါ်ယူအသုံးပြုနိုင်ခဲ့ခြင်းပင်။

သို့သော် ဤသည်မှာ မီးလောင်နေသည့်လှည်းကို ရေတစ်ခွက်တည်းဖြင့် ငြှိမ်းသတ်ရန် ကြိုးစားနေသကဲ့သို့သာ ဖြစ်သည်။ ထိုက်ယန်တောင်၏ သတ္တုသိုက်များနှင့် နှိုင်းယှဉ်လိုက်ပါက ဤလူအင်အားက လုံးဝကို မလုံလောက်ပေ။

လင်းယွမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "သုတေသနနဲ့ ဖွံ့ဖြိုးရေးဌာနနဲ့ လက်နက်စက်ရုံဘက်ကို အကြီးစား တူးဖော်ရေး စက်ကိရိယာ တစ်မျိုးကို တီထွင်ခိုင်းလိုက်ပါ... ဒီကနေ့ကစပြီး တောင်သုံးလုံးရဲ့ သယံဇာတတွေကို အစွမ်းကုန် တူးဖော်ကြရမယ်"

"စွမ်းအင်ကျောက်တုံးတွေ တင်မကဘူး... တောင်ပေါ်မှာရှိတဲ့ အပင်တွေ၊ တိရစ္ဆာန်တွေ၊ မြေကြီးတွေကိုပါ မကျန် အားလုံးကို ရေပေါ်ကျွန်း အသီးသီးဆီ သယ်ယူပို့ဆောင်ပေးကြပါ"

အပူချိန် ပြန်လည်နွေးထွေးလာပြီး ရေခဲနှင်းများ အရည်ပျော်သွားသည်နှင့် ရေမျက်နှာပြင်က သေချာပေါက် မြင့်တက်လာမည်ဖြစ်ပြီး ရေလွှမ်းမိုးမှုများက သေချာပေါက် ဆက်လက် သောင်းကျန်းလာမည်ဖြစ်ကြောင်းကို လင်းယွမ် ရှင်းလင်းစွာ သိထားသည်။

အဲဒီအချိန်ကျရင် တကယ်ကိုပဲ ရေပေါ်ကျွန်းကို အားကိုးမှ အသက်ရှင်ရပ်တည်နိုင်တော့မည် ဖြစ်သည်။

သို့သော် ရေပေါ်ကျွန်းများတွင်လည်း ခံနိုင်ရည်ဝန် ကန့်သတ်ချက် ရှိပေသည်။ အကယ်၍ ပစ္စည်းများ အလွန်အကျွံ တင်ဆောင်လိုက်ပါက ရေပေါ်ကျွန်းများလည်း နစ်မြုပ်သွားမည်ဖြစ်ပြီး နောက်ဆုံးတွင် ချောက်နက်ကျွန်းများ အဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

ထို့ကြောင့် ထိုက်ယန်တောင်ကို အကုန်လုံး တူးဆွပစ်လိုက်မည် ဆိုလျှင်တောင်မှ ဤသယံဇာတများကို အခြား ရေပေါ်ကျွန်းများဆီသို့ ခွဲဝေဖြန့်ကြက်ထားရပေမည်။

လင်းယွမ်က တွင်းနက်အရိပ်ရေပေါ်ကျွန်းကို သတိရသွားသည်။ ထိုအပေါ်တွင် ကျောက်တုံးများ အလွန်များပြားလှပြီး စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန်လည်း သိပ်ပြီး မသင့်လျော်လှပေ။

'အဲဒီအချိန်ကျရင် လူဦးရေရဲ့ တစ်စိတ်တစ်ပိုင်းကို အဲဒီဘက် ပြောင်းရွှေ့ပေးဖို့ နည်းလမ်းရှာရမယ်... ကျန်တဲ့ ရေပေါ်ကျွန်း သုံးကျွန်းထဲမှာတော့ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်နဲ့ မီယွမ်မိုးသစ်တောကျွန်းတို့က စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ပိုပြီး သင့်လျော်တယ်'

'ဒီရေပေါ်ကျွန်း နှစ်ကျွန်းကို စပါးကျီအဖြစ် သတ်မှတ်ပြီး သီးသန့် စိုက်ပျိုးထုတ်လုပ်နိုင်တယ်... မြေဝါနတ်ဘုရားကျွန်းကိုတော့ မွေးမြူရေး လုပ်ငန်းတွေအတွက် အသုံးပြုလို့ ရတယ်'

'ဘာပဲဖြစ်ဖြစ် မြေဝါနတ်ဘုရားကျွန်းက လူတွေအားလုံးက မြေအောက်မှာ နေထိုင်ကြတာဆိုတော့ စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့လည်း မသင့်လျော်ဘူးလေ'

ထိုကိစ္စများအပြင် လင်းယွမ်က သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနဘက်သို့ လှည့်ကြည့်ကာ မေးလိုက်ပြန်သည်။ "ပါမောက္ခ လီဟန်ကျုံး... ထိုက်ယန်တောင်က ယာဉ်ပျံ ထုတ်လုပ်ရေး တိုးတက်မှု အခြေအနေ ဘယ်လို ရှိပြီလဲ"

လီဟန်ကျုံးက ပြန်ဖြေသည်။ "ကျွန်တော်တို့နဲ့ လက်နက်စက်ရုံဘက်က ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းတွေကို စတင်လုပ်ဆောင်နေပါပြီ... လက်ရှိမှာတော့ ထိုက်ယန်တောင် အမှတ်(၁) အမျိုးအစား ယာဉ်ပျံတွေကို အဆင့်မြှင့်တင်ထားပြီးပါပြီ... အရင်တစ်ခေါက် စမ်းသပ်ပျံသန်းမှုကနေ သင်ခန်းစာတွေ ရယူပြီး နည်းပညာ အတော်များများကို ပြောင်းလဲ အဆင့်မြှင့်တင်ထားပါတယ်"

"ဒါ့အပြင် ရွှေကျီးကန်း တပ်ဖွဲ့ရဲ့ ပန်းကန်ပြားပျံကလည်း... ကျွန်တော်တို့ကို ကြီးမားတဲ့ အကြံဉာဏ်တွေ ပေးစွမ်းနိုင်ခဲ့ပါတယ်"

"အခုဆိုရင် ထိုက်ယန်တောင် အမှတ်(၂)ကို တရားဝင် သုတေသနပြု ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်သလို... လွန်ခဲ့တဲ့ အချိန်ကာလလေးတုန်းကလည်း တစ်ကြိမ် စမ်းသပ်ပျံသန်းမှု လုပ်ဆောင်ခဲ့ပါသေးတယ်"

"ဆရာလင်း ပြောခဲ့တဲ့အတိုင်းပဲ... ကျွန်တော်တို့ ကောင်းကင်ချောက်နက်ထဲကို မဝင်ခဲ့ပါဘူး... မိုးကြိုးမုန်တိုင်းတိမ်တိုက်ထဲမှာပဲ တစ်ခေါက် စမ်းသပ်ပျံသန်းကြည့်ခဲ့ပါတယ်"

"အခုဆိုရင် မိုးကြိုးမုန်တိုင်း တိမ်တိုက်တွေရှိတဲ့ ရာသီဥတုကို အပြည့်အဝ ခံနိုင်ရည်ရှိသွားပါပြီ... ရှေ့ဆက်ပြီးတော့ အမြောက်အမြား ထုတ်လုပ်လို့ ရနေပါပြီ"

လင်းယွမ်က ထိုစကားကို ကြားသောအခါ မနေနိုင်မထိုင်နိုင် ပြုံးလိုက်မိသည်။

"အလုပ်လုပ်တာ မဆိုးဘူးပဲ... ယာဉ်ပျံတွေ အမြောက်အမြား အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီဆိုတာနဲ့... ကောင်းကင်ချောက်နက်ဆီ သွားပြီး လေပေါ်ကျွန်းတွေကို လုယူသိမ်းပိုက်ဖို့ ကျွန်တော်တို့ နည်းလမ်းရှာရတော့မယ်"

ဤသည်မှာ လင်းယွမ် စောစီးစွာကပင် ရေးဆွဲထားခဲ့သော အစီအစဉ်တစ်ခု ဖြစ်သည်။

ရေပေါ်ကျွန်း၏ ဧရိယာက အကန့်အသတ် ရှိသည်။ အကယ်၍ ခံနိုင်ရည်ဝန် ကန့်သတ်ချက်ကို ကျော်လွန်သွားပါက ရေအောက်သို့ နစ်မြုပ်သွားနိုင်ပြီး ချောက်နက်ကျွန်း အဖြစ်သို့ ပြောင်းလဲသွားနိုင်ချေ ရှိသည်။

သို့သော် လေပေါ်ကျွန်းများက မိုးသက်မုန်တိုင်းများ ဝင်ရောက်တိုက်ခိုက်ခြင်းကို ရှောင်ရှားနိုင်ရုံသာမက ရေလွှမ်းမိုးမှုများကိုလည်း ရှောင်ရှားနိုင်ပြီး ထိုရေလွှမ်းမိုးမှုများ၏ အရင်းအမြစ်ဆီသို့ပါ ချဉ်းကပ်သွားနိုင်စွမ်း ရှိပေသည်။

သေချာသည်မှာ... လေပေါ်ကျွန်းကို သိမ်းပိုက်ချင်သည်ဆိုပါက ယာဉ်ပျံ ရှိရုံဖြင့် မလုံလောက်သေးဘဲ လုံလောက်သော လက်နက်ခဲယမ်းများလည်း လိုအပ်ပေသေးသည်။

ထိုအချက်ကို တွေးမိသည်နှင့် လင်းယွမ်က တင်းယန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"တင်းယန်... ကင်းလှည့်တပ်ဖွဲ့ အင်အားကို တိုးချဲ့ပြီးနောက်ပိုင်း... အခု လက်ရှိ လူအင်အား ဘယ်လောက် ရှိသွားပြီလဲ"

ဆက်ရန်...

All Chapters