အခန်း (၇၁၁-၇၁၂)
Vol. 36 Ch. 711-712
အပိုင်း (၇၁၁) မြူခိုးမြို့တော်၏ လှုပ်ရှားမှုအသစ်
"လက်ရှိ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်ထားတဲ့သူ စုစုပေါင်း (၇) ယောက် ရှိတယ်... အဲဒါတွေက ကျွန်မ... ကျောက်ခိုင်... လီချင်းဟွာ... ထူလုံ... ဟန်ရှန်းမန်... ဝူယင် နဲ့ လီရှန်ယန်တို့ပဲ"
"မျိုးရိုးဗီဇမျိုးစေ့အဆင့် ရှိတဲ့သူ အရေအတွက်က စုစုပေါင်း (၃၇၂) ယောက်ရှိပြီး အခုထိလည်း တိုးလာနေဆဲပဲ"
"အစွမ်းနိုးထလာတဲ့ အစွမ်းပိုင်ရှင်က စုစုပေါင်း (၃၉၂၃) ယောက်ရှိတယ်... ဒါက ထိုက်ယန်တောင် တစ်တောင်လုံး လူဦးရေရဲ့ ငါးပုံလေးပုံလောက် ရှိနေပြီ"
"ကျန်နေသေးတဲ့ လူတွေလည်း မကြာခင်မှာ တစ်ယောက်ပြီးတစ်ယောက် အဆင့်တက်လာလိမ့်မယ်လို့ ခန့်မှန်းရတယ်"
"အထက်က မျိုးရိုးဗီဇမျိုးစေ့အဆင့်နဲ့ အစွမ်းနိုးထလာတဲ့ လူဦးရေ စာရင်းတွေက ကျွန်မတို့ ထိုက်ယန်တောင်... ကျွယ်ယွင်တောင်စောင်း နဲ့ မိန်တောင် စခန်းသုံးခုစာပဲ ရှိသေးတာ... ရေပေါ်ကျွန်းဘက်က စာရင်းတော့ မပါသေးဘူး"
တင်းယန်က လင်းယွမ်အား လျင်မြန်စွာ ဖြေကြားလိုက်၏။
လင်းယွမ် ကြားပြီးနောက် အနည်းငယ် အံ့အားသင့်သွားပြီး မလှမ်းမကမ်းတွင် ထိုင်နေသော မိန်တောင်၏ ကိစ္စရပ်များကို တာဝန်ယူရသည့် လီရှန်ယန်ကို လှမ်းကြည့်လိုက်သည်။
မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့် ရောက်ထားသည့် အစွမ်းပိုင်ရှင် ခုနစ်ယောက်ထဲတွင် လီချင်းဟွာ... ကျောက်ခိုင် နှင့် ထူလုံတို့ အဆင့်တက်မည်ကို သူ ကြိုတင် ခန့်မှန်းထားပြီးဖြစ်သည်။
ဝူယင်နှင့် ဟန်ရှန်းမန်တို့မှာ တွင်းနက်အရိပ်ရေပေါ်ကျွန်းတွင် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီးနောက် အဆင့်တက်လာခြင်းမှာလည်း သဘာဝကျပေသည်။
သို့သော် လီရှန်ယန် တစ်ယောက် တိတ်တဆိတ်ဖြင့် အဆင့်တက်သွားခြင်းကမူ လင်းယွမ်ကို အလွန်အမင်း အံ့အားသင့်သွားစေခဲ့၏။
လီရှန်ယန်က လင်းယွမ် သူ့ကို လှမ်းကြည့်နေသည်ကို မြင်သောအခါ အသာအယာပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
လင်းယွမ်က ပြုံး၍ "ရှန်ယန်... ကြည့်ရတာ ဒီရက်ပိုင်း မင်း တော်တော် ကြိုးစားထားပုံရတယ်"
လီရှန်ယန်က ကမန်းကတန်းဖြင့် "ဒါထိုက်ယန်တောင်ရဲ့ ကျေးဇူးကြောင့်ပါ... စွမ်းအင်စုဝေးအဆောက်အအုံနဲ့ သန္ဓေပြောင်းစွမ်းအင် မျိုးရိုးဗီဇ သတိပေးကိရိယာတွေ ရှိနေလို့သာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို ရောက်ဖို့ အခွင့်အရေး ရခဲ့တာပါ"
"အင်းပေါ့... အကျေးဇူးတင်ဆုံးကတော့ ဆရာလင်းပါပဲ... ဆရာသာ မရှိခဲ့ရင် ကျွန်တော်တို့ ထိုက်ယန်တောင်ရဲ့ ဒီနေ့ဆိုတာ ရှိလာမှာ မဟုတ်သလို... ကျွန်တော် လီရှန်ယန်ရဲ့ ဒီနေ့ဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး"
လင်းယွမ်က ပြုံးလိုက်ပြီး "ကဲပါ... အားနာစကားတွေ ပြောမနေပါနဲ့တော့... မင်းက မိန်တောင်ရဲ့ မူလနေထိုင်သူပဲလေ... မင်းတို့ထဲကနေ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့် ရောက်တဲ့သူ တစ်ယောက် ပေါ်ထွက်လာတာ ငါ တကယ် ဝမ်းသာပါတယ်"
"မင်းက ရှားပါးတဲ့ အလင်းဓာတ် အစွမ်းပိုင်ရှင်ဆိုတော့... နောက်ကျရင် ငါတို့အဖွဲ့ထဲမှာ သေချာပေါက် ထူးချွန်ပြောင်မြောက်လာမှာပါ"
လီရှန်ယန်က အလျင်အမြန်ပင် နှိမ့်ချသော စကားအချို့ကို ပြန်လည် ပြောဆိုလိုက်၏။
လင်းယွမ်က ရန်မေကို ထပ်မံမှာကြားလိုက်သည်။ "ရေပေါ်ကျွန်း အချို့ရဲ့ အခြေအနေတွေကိုလည်း စုစည်းထားဖို့ လိုတယ်... လူဦးရေ စာရင်း... အစွမ်းပိုင်ရှင် အရေအတွက် စတာတွေကိုပါ စာရင်းသွင်းထားရမယ်"
ထိုစဉ် ရန်မေက ဝင်ပြောလိုက်သည်။ "အမ လီချင်းဟွာ နဲ့ ကျောက်ခိုင် ကို အကြောင်းကြားထားပြီးပါပြီ... သူတို့ မကြာခင် စာရင်းတွေ ပို့ပေးလာပါလိမ့်မယ်"
လင်းယွမ်က ခေါင်းအသာညိတ်လိုက်ပြီး "ရေခဲတွေ အရည်ပျော်သွားတဲ့အချိန်ကို စောင့်ရမယ်... အဲဒီအချိန်ကျရင် ရေပေါ်ကျွန်းတွေအားလုံး ပေါင်းစည်းသွားလိမ့်မယ်... အဲဒါဆို လူတိုင်း သွားလာရတာ ပိုပြီး အဆင်ပြေသွားလိမ့်မယ်"
အစည်းအဝေးကို ဆက်လက် ကျင်းပနေဆဲဖြစ်ပြီး မကြာမီ ရောက်ရှိလာမည့် ရာသီဥတု ပူနွေးလာမှုနှင့် ရင်ဆိုင်ရနိုင်သည့် ရေကြီးရေလျှံမှု ပြဿနာများကို ဆွေးနွေးကြသည်။
ဤအစည်းအဝေးတွင် ထိုက်ယန်တောင်၏ လေတပ်အစီအစဉ်ကိုလည်း အဓိကထား ဆွေးနွေးခဲ့ကြ၏။
ထိုက်ယန်တောင် အမှတ် (၂) ၏ အချောထည်များ ထွက်ပေါ်လာသည်နှင့်အမျှ ထိုက်ယန်တောင်၏ လေယာဉ်များကိုပါ လျင်မြန်စွာ ထုတ်လုပ်နေပြီ ဖြစ်သည်။
မကြာမီ အနာဂတ်တွင် ထိုက်ယန်တောင်၌ ကြီးမားသော လေကြောင်းသွားလာရေး ကိရိယာများ လျင်မြန်စွာ ပေါ်ထွက်လာမည်ဟု ယုံကြည်ရသည်။
ထိုအချိန်ကျလျှင် ကိရိယာများ ရှိနေရုံဖြင့် မလုံလောက်ဘဲ ဤလေယာဉ်များကို မောင်းနှင်မည့်သူများလည်း အနည်းဆုံး ရှိနေရန် လိုအပ်ပေသည်။
ထို့ကြောင့် လေယာဉ်မှူးများ လေ့ကျင့်သင်ကြားရေးမှာလည်း အလွန် အရေးတကြီး လိုအပ်နေပြီ ဖြစ်သည်။
လေယာဉ်မှူးများ လေ့ကျင့်သင်ကြားရေး ကိစ္စနှင့် ပတ်သက်၍ စိတ်စွမ်းအင် အစွမ်းပိုင်ရှင်များ သို့မဟုတ် သဘာဝစွမ်းအင် အမျိုးအစား အစွမ်းပိုင်ရှင်များကို ဦးစားပေး ရွေးချယ်မည် ဖြစ်သည်။
ဤအစွမ်းပိုင်ရှင် အမျိုးအစားသည် မြင့်မားသော လိုက်လျောညီထွေဖြစ်မှု စွမ်းရည်ရှိကြပြီး လေယာဉ် တစ်ခုခုဖြစ်သွားပါကလည်း ချက်ချင်းဆိုသလို လေထဲတွင် ပျံသန်းနိုင်စွမ်း ရှိကြသည်။
ထိုအချိန်တွင် ရွှီဟွမ်တို့ကဲ့သို့ စမ်းသပ်ပျံသန်းမှု အစီအစဉ်တွင် ဦးစားပေး ပါဝင်ခွင့်ရသူများမှာ အလွန် အကျိုးအမြတ် ရရှိသွားကြသည်။
ရွှီဟွမ်တို့ လူစုထဲတွင် မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်သူ တစ်ယောက်မှ မရှိကြောင်း သိထားရမည်။
အချို့ဆိုလျှင် စိတ်စွမ်းအင် သို့မဟုတ် သဘာဝစွမ်းအင် အမျိုးအစား အစွမ်းပိုင်ရှင်များပင် မဟုတ်ကြချေ။
သို့သော် ဤအချက်ကို အခြားသူများက အားကျ၍ မရနိုင်ပေ... သူတို့သည် အသက်ကိုရင်း၍ ရှေ့ရေးကို တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။
ယခုအခါ ထိုသူများအားလုံးသည် ထိုက်ယန်တောင်၏ ပထမအသုတ် လေယာဉ်မှူးစခန်းတွင် လူသစ်များကို လေ့ကျင့်သင်ကြားပေးနေကြပြီ ဖြစ်သည်။
ထိုက်ယန်တောင်၏ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကြီးသည် စနစ်တကျ ချောမွေ့စွာ လည်ပတ်နေသည်။
ဤအစည်းအဝေးသည် မွန်းလွဲပိုင်း ရောက်သည်အထိ ကျင်းပပြီးမှ ပြီးဆုံးသွားခဲ့၏။
အစည်းအဝေး၏ အဓိက အစီအစဉ်များတွင် လင်းယွမ်က အဓိက လမ်းကြောင်းကို ချမှတ်ပေးပြီး အသေးစိတ် ကိစ္စရပ်များကိုမူ ဌာနအသီးသီးမှ ပြန်လည်၍ အစည်းအဝေးငယ်များ ကျင်းပကာ သတ်မှတ်ကြရမည် ဖြစ်သည်။
အစည်းအဝေး ပြီးဆုံးပြီးနောက် လင်းယွမ်သည် ခေါင်းဆောင်စံအိမ်သို့ ပြန်လာခဲ့ပြီး ဌာနအသီးသီးမှ တင်ပြလာသော အချက်အလက် အချို့ကို စစ်ဆေးရန် ပြင်ဆင်နေသည်။
ထိုအချိန်မှာပင် ကျိဖုန်းက အလျင်စလို ပြေးဝင်လာခဲ့သည်။
သူသည် ကင်းလှည့်တပ်ဖွဲ့ဝင် ခြေမြန်တော်တပ်ရင်း၏ ခေါင်းဆောင်ဖြစ်ပြီး အရေးပေါ် စစ်ရေးသတင်းများကို အထူး တာဝန်ယူရသူ ဖြစ်သည်။
သူ၏ စိုးရိမ်ပူပန်နေသော မျက်နှာထားကို မြင်လိုက်ရသဖြင့် လင်းယွမ်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားကာ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"
"ဆရာလင်း... အခြေအနေ မကောင်းတော့ဘူး... ပေချန်ကျွန်းက လူတွေ ရူးသွပ်နေကြပြန်ပြီ... တွင်းနက်အရိပ်ရေပေါ်ကျွန်းဘက်က အရေးပေါ် သတင်းပို့လာတယ်... ပေချန်ကျွန်းက လူတွေ မြူခိုးမြို့တော်ကနေ နှင်ထုတ်ခံရပြီးတဲ့နောက် အခု ကျွန်တော်တို့ရဲ့ တွင်းနက်အရိပ်ရေပေါ်ကျွန်းကို ဝင်တိုက်နေကြတယ်တဲ့"
လင်းယွမ် ရင်ထိတ်သွားပြီး ချက်ချင်း မေးလိုက်သည်။ "မြူခိုးမြို့တော်က လူတွေ လှုပ်ရှားလာပြီလား"
"မလှုပ်ရှားသေးပါဘူး... လောလောဆယ်တော့ ပေချန်ကျွန်းက ဒုက္ခသည်တွေပါပဲ"
မြူခိုးမြို့တော်ပေါ်ရှိ ရေခဲသလင်းနန်းတော်ကြီး တည်ဆောက်ပြီးစီးသွားပြီးနောက် လင်ယွီရုံသည် ပေချန်ကျွန်းကို လုံးဝ စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ကျွမ်းရှုယွမ်ထံမှ လင်းယွမ် ကြိုတင် သိရှိထားပြီး ဖြစ်သည်။
မူလက ရေခဲပြင်ဖြင့် ဆက်သွယ်ထားသော ကျွန်းနှစ်ကျွန်းကို သူမက ဖြတ်တောက်လိုက်ပြီ ဖြစ်သည်။
လင်းယွမ်က အစပိုင်းတွင် တစ်ဖက်လူသည် ပေချန်ကျွန်း၏ သယံဇာတများကို အကုန်အစင် တူးဖော်ပြီးဖြစ်၍ ပေချန်ကျွန်းကို ဆက်လက် မလိုအပ်တော့ခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းခဲ့သည်။
သို့သော် လင်ယွီရုံက ပေချန်ကျွန်းပေါ်ရှိ လူများကိုပါ မလိုချင်တော့လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
သူမက ထိုလူများကို ကျွန်းပေါ်မှ တိုက်ရိုက် နှင်ထုတ်ပစ်လိုက်ခြင်း ဖြစ်သည်။
သို့သော် ခဏအကြာတွင် လင်းယွမ်သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရုတ်တရက် သတိပြုမိသွား၏။
"နေဦး... လင်ယွီရုံက ဒီလူတွေကို တကယ်ပဲ စွန့်ပစ်ချင်တယ်ဆိုရင် သူတို့ကို ပေချန်ကျွန်းပေါ်မှာပဲ သေချင်သေ ရှင်ချင်ရှင် ပစ်ထားလိုက်ရင် ရနေတာပဲ... ဘာလို့ သူတို့ကို ပေချန်ကျွန်းကနေ နှင်ထုတ်ပစ်ရတာလဲ"
"သူ နှင်ထုတ်လိုက်တဲ့ ဒီလူတွေက ဘာလို့ ပေါင်ရှန်းတောင် ကို မသွားကြတာလဲ... ဘာလို့ တွင်းနက်အရိပ်ရေပေါ်ကျွန်း ဘက်ကိုမှ တမင် ရွေးသွားနေကြတာလဲ"
လင်းယွမ်သည် ချက်ချင်း သတိဝင်လာပြီး လျှို့ဝှက်ကြံစည်မှု အငွေ့အသက်တစ်ခုကို အာရုံခံမိသွားသည်။
"သူက ငါ့ကို ဒီလူတွေ လက်ခံအောင် ဖိအားပေးချင်နေတာလား... ပြီးတော့ အခွင့်ကောင်းယူပြီး တွင်းနက်အရိပ်ရေပေါ်ကျွန်းကို သိမ်းပိုက်ဖို့လား"
"ဒီလူတွေထဲမှာ သူ့ရဲ့ သူလျှိုတွေ ပါနေတာလား"
"မဟုတ်သေးဘူး... လင်ယွီရုံလို ရှေးခေတ် အစွမ်းပိုင်ရှင်မျိုးက ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်တာ... ဘယ်တုန်းကများ နယ်မြေဒေသလိုမျိုး အရာတွေကို ဂရုစိုက်ဖူးလို့လဲ"
"သူက တွင်းနက်အရိပ်ရေပေါ်ကျွန်းကို မျက်စိကျနေတာ မဖြစ်နိုင်ဘူး... မြူခိုးမြို့တော် တစ်ခုတည်းနဲ့တင် သူမ ခြေကုပ်ယူဖို့ လုံလောက်နေပြီ"
"သူ့ရဲ့ တကယ့် ရည်ရွယ်ချက်က... ငါ့ကို အဲ့ဒီကို လာအောင် ဖိအားပေးချင်တာပဲ"
လင်းယွမ်၏ အတွေးများ လျင်မြန်စွာ လည်ပတ်သွားပြီး သဲလွန်စ အမျိုးမျိုးမှတစ်ဆင့် လင်ယွီရုံ၏ တကယ့် ရည်ရွယ်ချက်ကို လျင်မြန်စွာ တွက်ချက်နိုင်ခဲ့သည်။
တစ်ဖက်လူက မိမိကို ထိုနေရာသို့ သွားရန် ဖိအားပေးပြီး ဘာလုပ်ချင်နေသနည်း။
"သူက ငါ့ကို နိုင်ဖို့ သေချာနေပြီလား"
"မဟုတ်ဘူး... သူ့ရဲ့ ပစ်မှတ်က ငါ မဟုတ်လောက်ဘူး"
လင်းယွမ်၏ မျက်လုံးများ အနည်းငယ် တောက်ပသွားပြီး "သူ့ရဲ့ ပစ်မှတ်က အမမေ ပဲ ဖြစ်ရမယ်"
"ငါ ထိုက်ယန်တောင်ကနေ ထွက်သွားတာနဲ့ သူက တွင်းနက်အရိပ်ရေပေါ်ကျွန်းကို တိုက်ရိုက် ကွင်းရှောင်ပြီး ထိုက်ယန်တောင်ကို လာတိုက်ခိုက်လိမ့်မယ်... သူ့ရဲ့ အစွမ်းနဲ့ဆိုရင် ထိုက်ယန်တောင်ဘက်မှာ သူ့ကို ယှဉ်နိုင်မယ့်သူ တကယ်ကို မရှိဘူး"
ထိုက်ယန်တောင်ဘက်တွင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့် ရောက်ထားသည့် အစွမ်းပိုင်ရှင် (၇) ယောက်အထိ ရှိနေပြီ ဖြစ်သော်လည်း...
လီချင်းဟွာ... ကျောက်ခိုင်တို့မှာ ကွမ်ဖူခရိုင် ဘက်တွင် အဝေး၌ ရောက်နေကြသည်။
ဟန်ရှန်းမန် နှင့် ဝူယင်တို့မှာ အဆင့်တက်ပြီးနောက် တွင်းနက်အရိပ်ရေပေါ်ကျွန်းသို့ ပြန်သွားပြီး အခြေချနေကြပြီ ဖြစ်သည်။
လောလောဆယ် ထိုက်ယန်တောင်တွင် ထူလုံ... လီရှန်ယန် နှင့် တင်းယန် စသည့် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိ အစွမ်းပိုင်ရှင် သုံးယောက်သာ ရှိသည်။
သူတို့သုံးယောက် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်တက်ထားသည်မှာလည်း သိပ်မကြာသေးသဖြင့် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုမှာ အခြေခံအားဖြင့် ၁၀% အောက်တွင်သာ ရှိကြသေးသည်။
သူတို့သုံးယောက် ပူးပေါင်းတိုက်ခိုက်လျှင်ပင် လင်ယွီရုံကို အနိုင်ရနိုင်မည် မဟုတ်ပေ။
လင်ယွီရုံ၏ အစွမ်း မည်မျှမြင့်ကြောင်း ယခင်က သူမနှင့် တိုက်ခိုက်ဖူးသဖြင့် လင်းယွမ် အသေအချာ သိရှိထားသည်။
ထိုသူသည် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှု ၂၀% နီးပါး ရောက်ရှိနေပြီဟု ခန့်မှန်းရသော်လည်း အချိန်အတော်ကြာ ကုန်လွန်သွားပြီဖြစ်ရာ တစ်ဖက်လူမှာ သေချာပေါက် တိုးတက်မှု ရှိနေပေလိမ့်မည်။
မိမိကိုယ်တိုင်ပင်လျှင် ၃၀% အထိ တိုးတက်လာခဲ့ပြီဖြစ်ရာ ရှေးခေတ် အစွမ်းပိုင်ရှင် တစ်ယောက်အနေဖြင့် တစ်ဖက်လူမှာ တစ်ချိန်က အထွတ်အထိပ်တွင် ရပ်တည်ခဲ့ဖူးသူ ဖြစ်သည်။
ယခု အစကနေ ပြန်လည် လေ့ကျင့်ရာတွင် တိုးတက်မှုနှုန်းမှာ သေချာပေါက် အလွန် မြန်ဆန်နေပေလိမ့်မည်။
"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လုပ်ငန်းစဉ်က အတွေ့အကြုံကို အတော်လေး အားကိုးရတယ်... ကျွမ်းကျင်တဲ့သူတွေက တူညီတဲ့ မျိုးရိုးဗီဇကို မြန်မြန်ဆန်ဆန် ပြန်လည်ဖွဲ့စည်းနိုင်ပြီး တိုးတက်မှုနှုန်းလည်း အလွန် မြန်ဆန်တယ်"
"ဒီရှေးခေတ် အစွမ်းပိုင်ရှင်တွေက... သူတို့ရဲ့ မျိုးရိုးဗီဇကို ဖြိုခွဲပြီး စိတ်ဝိညာဉ် အပိုင်းအစတွေကို မရေမတွက်နိုင်တဲ့ မျိုးရိုးဗီဇတွေထဲမှာ ဖုံးကွယ်ပြီး... သက်ရှိတွေရဲ့ ခန္ဓာကိုယ်ထဲကို လက်ဆင့်ကမ်း သယ်ဆောင်သွားခဲ့ကြတယ်"
"သူတို့ရဲ့ မျိုးရိုးဗီဇအပေါ် နားလည်သဘောပေါက်ထားတဲ့ အဆင့်က... ခေတ်သစ်လူသားတွေထက် သေချာပေါက် အဆပေါင်းများစွာ သာလွန်နေမှာပဲ"
"အခု ပြန်ပြီး နိုးထလာတဲ့အခါ... သူတို့ရဲ့ အရင်က စိတ်ဝိညာဉ် အပိုင်းအစတွေကို အဆက်မပြတ် ပြန်လည် စုဆောင်းပြီး... တစ်ဆင့်ချင်း ပြန် လေ့ကျင့်ရုံနဲ့တင် အလျင်အမြန် တိုးတက်နိုင်တယ်"
"ငါတို့ကတော့ လေ့ကျင့်တဲ့အခါမှာ မျိုးရိုးဗီဇ အစီအစဉ်တွေကို အဆက်မပြတ် စမ်းသပ်ပြီး... မှန်တာတွေကို ပြန်လည် ဖွဲ့စည်းဖို့ လိုအပ်နေသေးတယ်"
"တစ်ယောက်က အဲ့ဒီအဆင့်ကို ရောက်ခဲ့ဖူးတဲ့ အတွေ့အကြုံ ရှိသူဖြစ်ပြီး... နောက်တစ်ယောက်က အခုမှ စတင်သူ ဖြစ်နေတော့... လေ့ကျင့်တဲ့နှုန်းက သဘာဝအရ တူညီနိုင်မှာ မဟုတ်ဘူး"
မည်သည့် ရန်သူကိုမျှ အထင်သေးမည် မဟုတ်ကြောင်း လင်းယွမ် စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်သည်။
အထူးသဖြင့် ဤကဲ့သို့သော ရှေးခေတ်ကာလမှ အသက်ရှင်ကျန်ရစ်ခဲ့သည့် အစွမ်းပိုင်ရှင်မျိုးကို ပို၍ပင် လျစ်လျူရှု၍ မရပေ။
"ထားလိုက်တော့... အမမေ ကို သေချာ စောင့်ရှောက်ပြီး သူမကို အမြန်ဆုံး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့် ရောက်အောင် လုပ်ပေးလိုက်ရင်... လင်ယွီရုံရဲ့ စိတ်ဝိညာဉ် အပိုင်းအစတွေကို ဖယ်ရှားပစ်လို့ရပြီ"
ထိုသို့ တွေးမိပြီးနောက် လင်းယွမ်က ကျိဖုန်းအား ချက်ချင်း ပြောလိုက်သည်။ "ဟန်ရှန်းမန် နဲ့ ဝူယင် ကို အကြောင်းကြားလိုက်... အဲဒီလူတွေကို ဂရုစိုက်မနေနဲ့... သူတို့ ဝင်လာချင်ရင် ဝင်လာပါလေ့စေ"
"တွင်းနက်အရိပ်ရေပေါ်ကျွန်းရဲ့ အကျယ်အဝန်းက မသေးဘူး... အထဲမှာလည်း တခြား စွမ်းအင်တွေ မရှိဘူးဆိုတော့... သူတို့ ဝင်သွားရင်တောင် အမှောင်ထဲမှာ စမ်းတဝါးဝါးနဲ့ပဲ သွားနိုင်မှာ"
"တကယ်လို့ မြူခိုးမြို့တော်က လူတွေ ဝင်တိုက်ရင်... သူတို့ကို တွင်းနက်အရိပ်ရေပေါ်ကျွန်းကနေ ဆုတ်ခွာပြီး အဲဒီနေရာကနေ ထွက်သွားဖို့ပဲ ပြောလိုက်"
ကျိဖုန်းသည် ထိုစကားကို ကြားသောအခါ ရင်ထဲတွင် အံ့အားသင့်သွားသော်လည်း လင်းယွမ်၏ ရည်ရွယ်ချက်ကို နားမလည်သော်ငြား ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဟုတ်ကဲ့ပါ ဆရာလင်း... ကျွန်တော် အခုပဲ တွင်းနက်အရိပ်ရေပေါ်ကျွန်း ဘက်ကို သွားပြီး အကြောင်းကြားလိုက်ပါ့မယ်"
ပြောပြောဆိုဆိုဖြင့် သူက လှည့်ထွက်ရန် ပြင်လိုက်သည်။
လင်းယွမ်က ရုတ်တရက် လှမ်းခေါ်လိုက်သည်။ "နေဦး... ဟိုဘက်မှာ ရိက္ခာတွေ လုံလောက်သေးရဲ့လား"
"ပြီးခဲ့တဲ့ တစ်ခေါက် ပြဿနာဖြစ်ပြီးကတည်းက... ခေါင်းဆောင် ဝူယင် က ထိုက်ယန်တောင် ဘက်ကနေ ရိက္ခာတွေ အများကြီး သယ်သွားခဲ့ပါတယ်"
လင်းယွမ်က ခေါင်းအသာညိတ်လိုက်ပြီး "ဒါဆိုလည်း တော်သေးတာပေါ့... သူတို့ကို ရေရှည် တံခါးပိတ်ထားဖို့ ပြင်ဆင်ထားခိုင်းလိုက်"
ကျိဖုန်း ထွက်သွားသည်ကို ကြည့်ပြီးနောက် လင်းယွမ် အနည်းငယ် စဉ်းစားခန်း ဝင်သွားသည်။
"အာမခံချက် မရှိသေးဘူး... အမမေ နဲ့ ကလေးကို သုမာရု ဟင်းလင်းပြင် ထဲမှာပဲ သွားနေခိုင်းလိုက်တာ ပိုကောင်းမယ်"
ထိုသို့ တွေးမိသည်နှင့် လင်းယွမ်သည် စကားအပို ပြောမနေတော့ဘဲ အိမ်သို့ ချက်ချင်း ပြန်လာခဲ့သည်။
သူက ရန်မေအား ဤကိစ္စကို တစ်ခေါက် ပြောပြလိုက်သည်။
ရန်မေသည် ထိုရေခဲဘုရင်မ လှုပ်ရှားနေပြီဟု ကြားသည်နှင့် ချက်ချင်း ကြောက်လန့်သွားတော့သည်။
ချက်ချင်းပင် "အမ မောင်လေး ပြောတဲ့အတိုင်း အကုန် နားထောင်ပါ့မယ်... အမ တုတု ကို ခေါ်ပြီး သုမာရု ဟင်းလင်းပြင် ထဲ ပြောင်းနေလိုက်မယ်" ဟု ပြန်ပြောလိုက်သည်။
"လင်းယာ ကိုရော အတူတူ သွားနေခိုင်းရမလား"
လင်းယွမ်က ခေတ္တစဉ်းစားပြီးနောက် "အတူတူ သွားနေလိုက်ကြပါ... နောက်ပိုင်း စွမ်းအင်စုဝေးအဆောက်အအုံ ထဲမှာ လေ့ကျင့်ရမယ့် အချိန်ကလွဲရင် ကျန်တဲ့အချိန်တွေ အကုန်လုံး သုမာရု ဟင်းလင်းပြင် ထဲမှာပဲ နေကြ... အမ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ကို ရောက်တဲ့အထိပဲ" ဟု ပြန်ပြောလိုက်သည်။
ရန်မေက ခေါင်းညိတ်လိုက်ပြီး "သိပြီ"
သူမသည် ဈေးဝယ်စင်တာ၏ အုပ်ချုပ်ရေး ကိစ္စရပ်များကို အခြားသူများထံ လျင်မြန်စွာ လွှဲပြောင်းပေးခဲ့ပြီးနောက် ကလေးကို ခေါ်ကာ လင်းယာနှင့်အတူ လင်းယွမ်၏ သုမာရု ဟင်းလင်းပြင် ထဲသို့ စိတ်အေးချမ်းသာစွာ ဝင်ရောက်နေထိုင်ခဲ့လေသည်။
အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားပြီးနောက် တစ်ပတ်ခန့် ကြာသွားခဲ့ပြီ ဖြစ်သည်။
လင်းယွမ်သည် ရာသီဥတု တကယ်ပင် ပူနွေးလာကြောင်း ခံစားလိုက်ရသည်။
လေထဲတွင် နှင်းပွင့်များ ပါးလျလာပြီး ၎င်း၏ နေရာတွင် ရေခဲမှုန်များ ရောနှောနေသော ရေခဲမိုးများ အစားထိုး ဝင်ရောက်လာသည်။
တွင်းနက်အရိပ်ရေပေါ်ကျွန်း ဘက်တွင်မူ အရေးပေါ် စစ်ရေးသတင်းများ အကြိမ်ကြိမ် ထွက်ပေါ်လာခဲ့သည်။
သို့သော် ဝူယင်တို့အဖွဲ့သည် လင်းယွမ်၏ မှာကြားချက်ကို အမြဲတစေ လိုက်နာပြီး ပေချန်ကျွန်းက လူများနှင့် လုံးဝ အဆက်အသွယ် မလုပ်ခဲ့ပေ။
ပေချန်ကျွန်းက လူများ တွင်းနက်အရိပ်ရေပေါ်ကျွန်း အတွင်းသို့ ဝင်ရောက်လာသောအခါ မျက်မမြင်များကဲ့သို့ ဖြစ်သွားပြီး ပတ်ဝန်းကျင် အခြေအနေကို လုံးဝ မမြင်ရဘဲ စမ်းတဝါးဝါးဖြင့်သာ လျှောက်သွားနေရသည်။
တစ်ပတ်တိတိ အချိန်ယူပြီးနောက်မှသာ ဖန်ဆန်းမြို့လေးကို ရှာတွေ့သူ ရှိလာခဲ့သည်။
သို့သော် သူတို့ ဖန်ဆန်းမြို့လေးသို့ ရောက်ရှိလာချိန်တွင် ဝူယင်တို့အဖွဲ့က လူများကို ခေါ်ဆောင်ကာ မြို့ကို စွန့်ခွာပြီး တွင်းနက်အရိပ်နဂါး ရှိရာ မြေအောက်ချောက်ကမ်းပါးဆီသို့ ပြောင်းရွှေ့သွားခဲ့ကြပြီ ဖြစ်သည်။
ထိုသို့ဖြင့် ပေချန်ကျွန်းက လူများအနေဖြင့် သူတို့ကို ရှာတွေ့ရန် ပို၍ပင် မဖြစ်နိုင်တော့ပေ။
ယခုအချိန်တွင် ဖန်ဆန်းမြို့လေး အတွင်း၌ လူထောင်ပေါင်းများစွာ စုဝေးနေကြသည်။
လူအုပ်ကြီးမှာ ပြည့်နှက်နေပြီး အချင်းချင်း ပြင်းထန်စွာ ငြင်းခုံနေကြသည်။
"အစ်ကိုကြီးလီ... ကျွန်တော်တို့က ဘာလို့ ဒီလို ငှက်တောင်မစင်မစွန့်တဲ့ နေရာမျိုးကို လာရတာလဲဗျာ... ဒီမှာ ဘာမှလည်း မရှိဘူး... နေရာတိုင်းက အမှောင်ကျနေပြီး ကျောက်တုံးတွေချည်းပဲ... စားစရာဆိုလို့ နည်းနည်းလေးတောင် မရှိဘူး"
"ဟုတ်တယ်လေ... ဒီကို လာမယ့်အစား ပေါင်ရှန်းတောင် ကို သွားတာကမှ ပိုကောင်းဦးမယ်"
"တကယ်လို့ အဆင်မပြေဘူးဆိုရင်တောင် အရင်က ကုကျန့်ယဲ့ တို့ သိမ်းပိုက်ထားတဲ့ ဖန်ဆန်းကျွန်း ဆိုရင်လည်း ရတာပဲလေ... အဲ့ဒီမှာဆိုရင် သန္ဓေပြောင်း သတ္တဝါတွေကို ဖမ်းစားလို့ ရသေးတယ်လို့ ကြားတယ်"
"တောက်... မြူခိုးမြို့တော်က အဲ့အရူးမ... ဘာအတွက်နဲ့ ငါတို့ကို မောင်းထုတ်ရတာလဲ"
"သောက်ကျိုးနည်း... ဒီနေရာမှာ ငါတော့ ဆက်မနေနိုင်တော့ဘူး... တခြားနေရာ သွားတော့မယ်"
လူအချို့က ဆူညံစွာ အော်ဟစ်နေကြသည်။
ခေါင်းဆောင်လီ၏ မျက်နှာထားမှာ မှုန်မှိုင်းသွားပြီး ရုတ်တရက် ကျယ်လောင်စွာ ဟောက်လိုက်သည်။ "အကုန်လုံး ပါးစပ်ပိတ်ထားကြစမ်း"
"ဒီမြို့လေးက လူနေဖူးတာ အသိသာကြီးပဲ... သူတို့ ဒီကျွန်းပေါ်မှာ ရှိနေမှာ သေချာတယ်... သူတို့ကို ရှာတွေ့ရင် ငါတို့ စားစရာတွေကိုလည်း ရှာတွေ့နိုင်မှာပေါ့"
သူ၏ ဩဇာတိက္ကမက မသေးလှပုံရသည်။ သူ၏ ဟောက်သံတစ်ချက်ကြောင့် လူအများအပြား ငြိမ်သက်သွားကြသည်။
သို့သော် ချက်ချင်းဆိုသလိုပင် မကျေမနပ် ညည်းညူသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
"ရူးနေလို့လား... ဘာကိစ္စနဲ့ ဒီနေရာမှာ စောင့်နေရမှာလဲ"
"ဟုတ်တယ်... တောက်... အစတုန်းက သူသာ ငါတို့ကို ဒီနေရာကို အတင်းမခေါ်လာခဲ့ရင်... ငါတို့ အခုလောက်ဆို ပေါင်ရှန်းတောင် ပေါ်မှာ ကောင်းကောင်းမွန်မွန် စားသောက်နေရလောက်ပြီ"
...
ဆက်တိုက် ထွက်ပေါ်လာသော အသံများသည် မကျယ်လောင်သော်လည်း သိသာထင်ရှားစွာ အမုန်းတရားများ ပါဝင်နေသည်။
အစ်ကိုကြီးလီ၏ ရင်ထဲတွင် ကြက်သီးထသွားပြီး စကားအနည်းငယ် ဆဲရေးလိုက်ကာ အခန်းတစ်ခန်းထဲသို့ ကမန်းကတန်း လျှောက်သွားလေတော့သည်။
ဆက်ရန်...
အပိုင်း(၇၁၂) တန်ပြန်တိုက်ခိုက်ခြင်း
"တပ်ရင်းမှူး... တပ်ရင်းမှူး"
အစ်ကိုကြီးလီက တံခါးဝမှ ဝင်လာသည်နှင့် တစ်ပြိုင်နက် စိုးရိမ်တကြီးဖြင့် အလျင်စလို အော်ဟစ်လိုက်သည်။
အခန်းထဲတွင် လူလေးယောက် ထိုင်နေကြပြီး ၎င်းတို့လေးယောက်စလုံးက ရေခဲချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသည့် ရေခဲချပ်ဝတ်စစ်သည် တပ်ရင်းမှ အဖွဲ့ဝင်များ ဖြစ်ကြသည်။
ခေါင်းဆောင်ဖြစ်သူမှာ ရေခဲချပ်ဝတ်စစ်သည် တပ်ရင်း၏ ညာတပ်ရင်းမှူး ဟယ်ကျွင်း ပင်ဖြစ်သည်။
အပြင်ဘက်တွင် အလွန်တရာ ဩဇာတိက္ကမကြီးမားလှသော အစ်ကိုကြီးလီက ဟယ်ကျွင်းကို မြင်သည်နှင့် အလောတကြီး ပြောလိုက်သည်။ "တပ်ရင်းမှူး... အခြေအနေမကောင်းတော့ဘူး... အပြင်ကလူတွေကို ထိန်းထားလို့ မရတော့ဘူး"
"အဲဒီလူတွေက ဒီ တွင်းနက်အရိပ်ရေပေါ်ကျွန်းပေါ်မှာ ဆက်မနေချင်ကြတော့ဘူး... ကျွန်တော်တို့ အခု ဘယ်လိုလုပ်ကြမလဲ"
ဟယ်ကျွင်းသည်လည်း မျက်မှောင်ကြုတ်သွားပြီး မျက်နှာထား အလွန်ဆိုးရွားသွားသည်။
"ထိုက်ယန်တောင်က လူတွေ ထွက်လာကြပြီလား"
"မလာသေးဘူး... အဲ့ဒီခွေးကောင်တွေက ကြွက်တွေကျနေတာပဲ... ဘယ်တွင်းထဲ ပုန်းနေကြမှန်းကို မသိဘူး"
"ငါမေးတာက အပြင်ဘက်ကနေ ထိုက်ယန်တောင်ကလူတွေ ဒီကလူတွေကို လာကြိုတာမျိုးရော ရှိလားလို့" ဟယ်ကျွင်းက မေးလိုက်သည်။
"အဲ့ဒါလည်း မရှိဘူး... ကျွန်တော်တို့ ရှေ့ဆင့်နောက်ဆင့် ကင်းထောက်တွေ အများကြီး လွှတ်ထားပေမယ့် ထိုက်ယန်တောင်ဘက်က ဘာလှုပ်ရှားမှုမှ မရှိဘူး" အစ်ကိုကြီးလီက ပြန်ဖြေသည်။
ဟယ်ကျွင်း၏ မျက်နှာက ပို၍ မှောင်မိုက်သွားသည်။ သူ့တာဝန်က တွင်းနက်အရိပ်ရေပေါ်ကျွန်းပေါ်တွင် ဆူပူအုံကြွမှုများ ဖန်တီးပြီး ထိုက်ယန်တောင်မှ လူများကို ဆွဲဆောင်ရန် ဖြစ်သည်။
သို့သော် ထိုက်ယန်တောင်ဘက်က ယခုအချိန်အထိ လူလွှတ်မလာသဖြင့် ဤတာဝန်ကို မည်သို့ ဆက်လက် အကောင်အထည်ဖော်ရမည်နည်း။
ရေခဲနတ်ဘုရားမ၏ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကို တွေးမိလိုက်သည်နှင့် ဟယ်ကျွင်းတစ်ယောက် ကျောချမ်းသွားရသည်။
ဤအတိုင်း ဆက်သွား၍တော့ မဖြစ်ချေ။
သူက ဘေးနားရှိ တပ်ရင်းတွင်းမှ လက်အောက်ငယ်သား သုံးဦးကို လှမ်းကြည့်ကာ မေးလိုက်သည်။ "မင်းတို့ဆီမှာရော အကြံကောင်း ဉာဏ်ကောင်းတွေ ရှိကြလား"
လက်အောက်ငယ်သား တစ်ဦးက ချက်ချင်း ဝင်ပြောသည်။ "တပ်ရင်းမှူး... ကျွန်တော့်မှာ အကြံတစ်ခုတော့ ရှိတယ်"
"ပြောကြည့်ပါဦး"
"ကျွန်တော်တို့ ဒီ တွင်းနက်အရိပ်ရေပေါ်ကျွန်းပေါ် ရောက်နေတာ တော်တော်ကြာပြီ... တကယ်တော့ ဒီကျွန်းပေါ်မှာ တန်ဖိုးရှိတဲ့အရာ ဘာတစ်ခုမှ မရှိဘူး"
"အဲ့ဒီလူတွေက ကိုယ့်အိမ်ကိုတောင် စွန့်လွှတ်ပြီး ကျွန်တော်တို့ကို ရှောင်နေကြတာဆိုတော့... ကျွန်တော်တို့ရဲ့ အကြံအစည်ကို သူတို့ ရိပ်မိသွားပြီ ထင်တယ်"
"ကျွန်တော့်အထင်တော့ သူတို့ရဲ့ အဓိက အကျိုးစီးပွားကို ကျွန်တော်တို့ တကယ် မထိခိုက်သေးလို့ သူတို့ သည်းခံနေနိုင်တာ ဖြစ်မယ်"
"တကယ်လို့များ သူတို့ရဲ့ အဓိက အကျိုးစီးပွားကို ယူပစ်နိုင်မယ့် နည်းလမ်းတစ်ခု ရှာတွေ့ခဲ့ရင်တော့ သူတို့ကို ချက်ချင်း ထွက်လာအောင် ဖိအားပေးနိုင်လိမ့်မယ်"
ဟယ်ကျွင်းက ထိုစကားကို ကြားသောအခါ မျက်ခုံးပင့်လိုက်သည်။ "အဓိက အကျိုးစီးပွား..."
သူ့မျက်လုံးများ အရောင်လက်သွားပြီး တစ်စုံတစ်ခုကို သဘောပေါက်သွားသကဲ့သို့ ရှိသည်။ "ရေပေါ်ကျွန်းရဲ့ အဓိက အကျိုးစီးပွားဆိုတာ သွေးသလင်းကျောက် တွေရယ်... နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေတွေ မဟုတ်ဘူးလား"
ယခင်က ချန်ယွင်တောက်သည် သွေးသလင်းကျောက်များကို စုဆောင်းရန်အတွက် လူအင်အားနှင့် ပစ္စည်းအင်အား အမြောက်အမြားကို အသုံးပြုကာ မြေအောက်နှလုံးခန်းများတွင် တူးဖော်ခဲ့ရသည်ကို သူ ပြန်လည် သတိရသွားသည်။
နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေများဆိုလျှင် အစွမ်းထက်သော အစွမ်းပိုင်ရှင် အများအပြားကိုပင် လာရောက်လုယက်စေခဲ့သည် မဟုတ်ပါလော။
ထိုအချိန်က မြေမိခင်ဂိုဏ်းရော လင်းယွမ်ပါ ရောက်လာခဲ့ကြသည်။
"ဟုတ်တယ်... ငါက ဒီရေပေါ်ကျွန်းပေါ်မှာရှိတဲ့ အမှောင်ဓာတ် သွေးသလင်းကျောက်တွေကို တိုက်ရိုက် တူးဖော်လိုက်ရင် လင်းယွမ်က သေချာပေါက် ငြိမ်နေနိုင်တော့မှာ မဟုတ်ဘူး... သူ ထွက်လာတာနဲ့ ငါ့တာဝန်လည်း ပြီးမြောက်သွားပြီပဲ"
ဟယ်ကျွင်းက ထိုအထိ တွေးမိသွားပြီးနောက် သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်း ပေါ်လာလေသည်။
သူက အစ်ကိုကြီးလီဘက်သို့ ချက်ချင်းလှည့်ကာ ပြောလိုက်သည်။ "မင်း အပြင်က ဒုက္ခသည်တွေကို သွားပြောလိုက်... ဒီနေရာက ရေပေါ်ကျွန်းဖြစ်ပြီး ဒီကျွန်းပေါ်မှာ အတန်ဖိုးအရှိဆုံးက သွေးသလင်းကျောက်တွေပဲလို့... သွေးသလင်းကျောက်တွေကနေ မျိုးရိုးဗီဇမျိုးစေ့တွေ ထုတ်ယူလို့ရတယ်... သူတို့အနေနဲ့ သွေးသလင်းကျောက်တွေနဲ့ စွမ်းအင်ကျောက်တုံး တွင်းတွေကို တူးဖော်နိုင်ပြီး အဲဒီပစ္စည်းတွေနဲ့ အပြင်မှာ ကုန်သွယ်လို့ရတယ်လို့ ပြောလိုက်"
"ဒါတွေကမှ အတန်ဖိုးအရှိဆုံး အရာတွေပဲ"
အစ်ကိုကြီးလီက ထိုစကားကို ကြားသောအခါ ချက်ချင်း ဝမ်းသာအားရ ဖြစ်သွားသည်။ "ဟာ... ဒီအချက်ကို ဘယ်လိုများ မေ့နေခဲ့ပါလိမ့်... ကျွန်တော် အခုပဲ သွားပြောလိုက်မယ်... မျိုးရိုးဗီဇမျိုးစေ့နဲ့ စွမ်းအင်ကျောက်တုံးတွေက ငါးစာဖြစ်နေတော့ သူတို့လည်း ထွက်သွားရက်မှာ မဟုတ်တော့ဘူး"
ထိုသို့ပြောပြီးသည်နှင့် အစ်ကိုကြီးလီသည် အပြင်သို့ လျင်မြန်စွာ ပြေးထွက်သွားတော့သည်။
မကြာမီမှာပင် အပြင်ဘက်မှ ဝမ်းသာအားရ အော်ဟစ်အောင်ပွဲခံသံများ ထွက်ပေါ်လာလေသည်။
အခန်းထဲရှိ ဟယ်ကျွင်းနှင့် အဖွဲ့သည် အေးစက်သော အပြုံးကိုယ်စီ ပြုံးလိုက်ကြသည်။
ထို့နောက် ထိုလူများသည် မည်သည့်နေရာသို့မျှ မသွားကြတော့ဘဲ ဖန်ဆန်းမြို့လေးကို အခြေစိုက်စခန်းအဖြစ် သတ်မှတ်ကာ စွမ်းအင်ကျောက်တုံးများနှင့် သွေးသလင်းကျောက်များကို စတင်ရှာဖွေပြီး တူးဖော်ကြတော့သည်။
တွင်းနက်အရိပ်နဂါးချောက် ဘက်တွင်မူ ဝူယင်က သတင်းရရှိချိန်၌ မျက်နှာအလွန် ပျက်ယွင်းနေသည်။
ကျန်းဖန်က ဒေါသတကြီးဖြင့် ပြောသည်။ "တောက်... ငါတို့ကျွန်းပေါ်က သယံဇာတတွေကို သူတို့ခိုးယူနေတာကို ငါတို့က ဒီတိုင်း ထိုင်ကြည့်နေရမှာလား"
ဝူယင်၏ ရင်ထဲတွင်လည်း ဒေါသများ ဆူပွက်နေပြီး "ငါက မင်းထက်တောင် ပိုဒေါသထွက်သေးတယ်... ဒီလူစုက ငါတို့ကို ထွက်လာအောင် တမင်သက်သက် ဖိအားပေးနေတာပဲ" ဟု ပြန်ပြောလိုက်သည်။
"အရင်တုန်းက သူတို့ ကျွန်းပေါ်ရောက်လာပြီးတာတောင် စွမ်းအင်ကျောက်တုံးတွေနဲ့ သွေးသလင်းကျောက်တွေကို တူးဖော်တာ မတွေ့ရဘူး... အခု ငါတို့ကို ရှာမတွေ့တော့မှပဲ သွေးသလင်းကျောက်တွေနဲ့ စွမ်းအင်ကျောက်တုံးတွေကို စရှာနေကြတာ"
"ဒီလောက်သိသာထင်ရှားတဲ့ လုပ်ရပ်နဲ့ ငါတို့ကို ထွက်လာအောင် ဖိအားပေးနေတာ... ဆရာလင်း ခန့်မှန်းတာ တကယ် မှန်တယ်... သူတို့ရဲ့ ရည်ရွယ်ချက်က ဒုက္ခသည်အနေနဲ့ ထွက်ပြေးလာတာလောက် မရိုးရှင်းဘူး"
ဘေးနားရှိ ဟန်ရှန်းမန်က အသံနက်ကြီးဖြင့် ပြောလိုက်သည်။ "ကျွန်မ ကိုလင်းယွမ်ဆီကို စာပို့လိုက်ပြီ... ဘယ်လိုပဲဖြစ်ဖြစ် တွင်းနက်အရိပ်ရေပေါ်ကျွန်းပေါ်က သယံဇာတတွေကို သူတို့ခိုးယူနေတာကို ကျွန်မတို့ မျက်မြင်ကိုယ်တွေ့ ဒီတိုင်း ကြည့်မနေနိုင်ဘူး"
"နည်းနည်း ထပ်စောင့်လိုက်ဦး... ကိုလင်းယွမ်ရဲ့ အကြောင်းပြန်စာက မကြာခင် ရောက်လာတော့မှာပါ"
ဝူယင်နှင့် ကျန်းဖန်တို့သည် ခေါင်းညိတ်လိုက်ကြပြီး ဘာစကားမျှ ဆက်မပြောကြတော့ပေ။
လင်းယွမ် ဘက်တွင်လည်း ဟန်ရှန်းမန် ပို့လိုက်သော စာကို လက်ခံရရှိပြီးဖြစ်သည်။
ဖတ်ရှုပြီးနောက် လင်းယွမ် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
"တကယ့်ကို ရမ်းကားတဲ့ လူမိုက်တွေပဲ"
ဘေးနားရှိ ကျွမ်းရှုယွမ်က "ခေါင်းဆောင်ဟန်က ဘယ်လိုပြောလဲ" ဟု မေးလိုက်သည်။
"သူ တိုက်ပွဲဝင်ဖို့ ခွင့်တောင်းထားတယ်... ငါ့ကို သဘောတူပေးဖို့ ပြောနေတာ"
ကျွမ်းရှုယွမ်က "ကျွန်မလည်း သိချင်နေတာ... ရှင်က ဘယ်လိုလုပ် သည်းခံနေနိုင်ရတာလဲ... ဒီလူတွေက ကျွန်မတို့ခေါင်းပေါ်တက်ပြီး အညစ်အကြေး စွန့်နေကြပြီလေ" ဟု မေးလိုက်သည်။
လင်းယွမ်က သူမကို ရှင်းမပြတော့ဘဲ အကြောင်းပြန်စာကိုသာ အလျင်အမြန် ရေးလိုက်သည်။
"ဒါဆိုလည်း စတင်လှုပ်ရှားလိုက်ကြ"
"ဟန်ရှန်းမန်နဲ့ ဝူယင်တို့ နှစ်ယောက်ရဲ့ လက်ရှိ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့် စွမ်းရည်နဲ့ဆိုရင် ဒီဒုက္ခသည်တွေကို မောင်းထုတ်ဖို့ဆိုတာ မဖြစ်နိုင်စရာ မရှိဘူး"
"လင်ယွီရုံက ငါ့ကို ထွက်လာအောင် မြှူဆွယ်ချင်နေတာ... နှမြောစရာပဲ... သူ့လက်အောက်က လူစုက ဝူယင်တို့ရဲ့ ပြိုင်ဘက် ဟုတ်ချင်မှ ဟုတ်မှာ... တကယ်တော့ ငါကိုယ်တိုင် ထွက်သွားစရာတောင် မလိုဘဲ ဒီလူစုက ဝူယင်တို့လက်အောက်မှာ အညံ့ခံသွားရလောက်တယ်"
လင်းယွမ်၏ အတွေးများ ပွင့်လင်းသွားသည်။ အရင်က သူသည် အတွေးမှားတစ်ခုထဲသို့ ရောက်ရှိနေခဲ့သည်။
ထိုက်ယန်တောင်၏ ကိစ္စဟူသမျှသည် သူ့ကိုသာ အားကိုးပြီးမှ ဖြေရှင်းနိုင်မည်ဟု အမြဲ ထင်မှတ်နေခဲ့သည်။
သို့သော် ယခုအခါ ဝူယင်နှင့် ဟန်ရှန်းမန်တို့ နှစ်ဦးစလုံးသည် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိနေကြပြီဖြစ်ပြီး ၎င်းတို့၏ လက်အောက်ငယ်သားများ၏ စွမ်းရည်မှာလည်း လျင်မြန်စွာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။
တချို့ကိစ္စများတွင် ကိုယ်တိုင် ကိုယ်ထင်ပြစရာ မလိုဘဲ သူတို့ဘာသာသူတို့ ဖြေရှင်းနိုင်ကောင်း ဖြေရှင်းနိုင်ပေလိမ့်မည်။
ထိုအထိ တွေးမိပြီးနောက် လင်းယွမ်သည် စာကို ချက်ချင်း အကြောင်းပြန်လိုက်သည်။
သုံးရက်ကြာပြီးနောက်... မြူခိုးမြို့တော်။
"ဘုန်း"
လင်ယွီရုံသည် ရေခဲသလင်း ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သူမ၏ ဖြူဖွေးသော အသားအရေပေါ်တွင် ဒေါသတရားတို့ ပြည့်နှက်နေသည်။
"အသုံးမကျတဲ့ကောင်တွေ... အသုံးမကျတဲ့ လူအုပ်ကြီး... ချန်ယွင်တောက်က နင်တို့လို အသုံးမကျတဲ့ကောင်တွေကိုပဲ မွေးထားတာလား"
အောက်ဘက်တွင် ဒူးထောက်နေသူများမှာ ရေခဲချပ်ဝတ်စစ်သည် တပ်ရင်းမှ အဖွဲ့ဝင် နှစ်ဦးပင် ဖြစ်သည်။
ဤနှစ်ဦးသည် လွန်ခဲ့သော သုံးရက်က တွင်းနက်အရိပ်ရေပေါ်ကျွန်း အပြင်ဘက်တွင် ရှိနေခဲ့ပြီး အတွင်းဘက်မှ ဟယ်ကျွင်းကို အချိန်မရွေး သွားရောက်ကူညီရန် ပြင်ဆင်နေခဲ့ကြသူများ ဖြစ်သည်။
သို့သော် ဤရက်တိုလေးအတွင်း၌ ယခင်က ခေါင်းဝှက်ပုန်းအောင်းနေခဲ့သော တွင်းနက်အရိပ်ရေပေါ်ကျွန်းမှ နေထိုင်သူများသည် ရူးသွပ်စွာဖြင့် တန်ပြန်တိုက်ခိုက်လာခဲ့ကြသည်။
ဟယ်ကျွင်းတို့အဖွဲ့သည် ၎င်းတို့၏ ပြိုင်ဘက် လုံးဝမဟုတ်ခဲ့ဘဲ ချက်ချင်းပင် အပြတ်အသတ် ချေမှုန်းခံလိုက်ရကာ ယခုအခါ တွင်းနက်အရိပ်ရေပေါ်ကျွန်းရှိ တွင်းနက်အရိပ်နဂါးချောက် ထဲတွင် အကျဉ်းချခံထားရပြီ ဖြစ်သည်။
လူတစ်ယောက်က ငိုယိုတောင်းပန်နေသည်။ "သခင်မ... တစ်ဖက်ရန်သူဆီမှာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့် အစွမ်းပိုင်ရှင် နှစ်ယောက်တောင် ရှိနေတာ... တပ်ရင်းမှူးဟယ်တို့က သူတို့ရဲ့ ပြိုင်ဘက် လုံးဝ မဟုတ်ခဲ့ဘူး"
"ဟုတ်ပါတယ်... အဲ့ဒီ ဝူယင် ဆိုတဲ့သူက အမှောင်ဓာတ် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့် အစွမ်းပိုင်ရှင် ဖြစ်နေတာ... အဲ့ဒီနေရာက အစကတည်းက အမှောင်ဓာတ်တွေ ပြည့်နှက်နေတဲ့ ရေပေါ်ကျွန်းဆိုတော့ သူက နေရာအသာစီးရနေတာပေါ့... တပ်ရင်းမှူးဟယ်က သေချင်သေပါစေ အနောက်မဆုတ်ဘဲ တိုက်ခိုက်ခဲ့ပေမယ့် ရန်သူကို မယှဉ်နိုင်ခဲ့ပါဘူး"
ထိုစကားကို ကြားသော်လည်း လင်ယွီရုံ၏ တင်းမာနေသော မျက်နှာထားက အနည်းငယ်မျှ ပြေလျော့မသွားပေ။
သူမ၏ မျက်လုံးများက မှောင်မိုက်နေပြီး ထိုက်ယန်တောင် ရှိရာဘက်သို့ အဝေးမှ လှမ်းကြည့်ကာ အေးစက်သောအသံဖြင့် ပြောလိုက်သည်။ "အစက ငါ့ရဲ့ စိတ်ဝိညာဉ်အမှတ်အသား ကိုယ်ပွားလေးကို တိတ်တဆိတ် သွားခေါ်မလို့ပဲ... အခု ကြည့်ရတာ နင်က ငါ့ကို အင်အားသုံးပြီး ဖြေရှင်းအောင် ဖိအားပေးနေတာပဲ"
"ကောင်းပြီလေ... အရင်တစ်ခေါက်က နင့်ကို လွတ်ပေးလိုက်ပေမယ့် ဒီလတွေအတွင်းမှာ ငါက စိတ်ဝိညာဉ်အမှတ်အသား ကိုယ်ပွား သုံးခုကို စုပ်ယူထားနိုင်ခဲ့လို့ ငါ့ရဲ့ စွမ်းရည်က သုံးပုံတစ်ပုံလောက် ပြန်လည် နလန်ထူလာပြီ... အခုချိန်မှာ နင့်ကို မနိုင်ဘူးလို့ ငါ မယုံဘူး"
လင်းယွမ် ထွက်သွားပြီးကတည်းက လပေါင်းများစွာတိုင်အောင် သူမကို လုံးဝ ဆက်သွယ်လာခြင်း မရှိတော့ပေ။
လင်းယွမ်တစ်ယောက် သူမ၏ အကြံအစည်ကို ရိပ်မိသွားပြီဖြစ်ကြောင်း သူမ ချက်ချင်း သိလိုက်သည်။
ထို့ကြောင့် ဤကဲ့သို့ တစ်ဖက်လှည့်ဖြင့် တိတ်တဆိတ် တိုက်ခိုက်မည့် အစီအစဉ်မျိုးကို ဖန်တီးခဲ့ရခြင်း ဖြစ်သည်။
ပထမဆုံး ပေချန်ကျွန်း မှ နေထိုင်သူများကို မောင်းထုတ်ပြီး ရေခဲချပ်ဝတ်စစ်သည် တပ်ရင်းမှ အစွမ်းပိုင်ရှင်များကို ထိုအထဲတွင် ရောနှောပုန်းအောင်းစေကာ တွင်းနက်အရိပ်ရေပေါ်ကျွန်း ပေါ်တွင် ဆူပူအုံကြွမှုများ ဖန်တီးရန် ပြင်ဆင်ခဲ့သည်။
ထိုအချိန်ရောက်လျှင် လင်းယွမ်ကို ထိုနေရာသို့ ဆွဲဆောင်ထားနိုင်ပြီး သူမကမူ လူအင်အားနှင့်အတူ ထိုက်ယန်တောင် သို့ ဝင်ရောက်တိုက်ခိုက်ကာ ရန်မေ ကို ဖမ်းဆီးမည် ဖြစ်သည်။
သို့သော် တွင်းနက်အရိပ်ရေပေါ်ကျွန်းမှ လူများ၏ စွမ်းရည်က မညံ့ဖျင်းလှဘဲ ရေခဲချပ်ဝတ်စစ်သည် တပ်ရင်းနှင့် ထို ပေချန်ကျွန်း မှ လူများမှာ သူတို့၏ ရိုက်နှက်ချေမှုန်းခြင်းကို ခံလိုက်ရမည်ဟု သူမ ထင်မှတ်မထားခဲ့ချေ။
အကြံအစည်က ကောင်းမွန်သော်လည်း အကောင်အထည်ဖော်သူများက အသုံးမကျခဲ့သည်မှာ နှမြောစရာပင်။
"သခင်မ... ကိုယ်တိုင် လှုပ်ရှားတော့မလို့လား" ဘေးနားမှ အပြာရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ခေတ်သစ်လူသားနှင့် လုံးဝမတူသော အမျိုးသားတစ်ဦးက ရှေ့ထွက်လာကာ မေးလိုက်သည်။
ထို့နောက် ရှေးခေတ် အစွမ်းပိုင်ရှင်များ အဆက်မပြတ် ထွက်လာကြပြီး အသီးသီး ပြောဆိုကြသည်။ "သခင်မ... သခင်မကိုယ်စား ကျွန်တော်တို့ သွားရောက် တိုက်ခိုက်ပေးပါရစေ"
"ဒီလို ပမွှား ထိုက်ယန်တောင် လေးအတွက် သခင်မ ကိုယ်တိုင် ထွက်ဖို့ မလိုပါဘူး... သခင်မအတွက် ကျွန်တော်တို့ အသက်ကို ပဓာနမထားဘဲ ရန်သူတွေကို ဖမ်းဆီးပေးပါ့မယ်"
ဤလူများအားလုံးမှာ ရေခဲသလင်းနန်းတော်အတွင်း ရေခဲရိုက်ခံထားရသူများ ဖြစ်ကြပြီး လင်ယွီရုံ၏ စွမ်းရည်များ အဆက်မပြတ် ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ ဤလူများကို သူမက တစ်ယောက်ပြီးတစ်ယောက် ရေခဲအရည်ဖျော်ပြီး လွတ်မြောက်စေခဲ့ခြင်း ဖြစ်သည်။
ဤလူများအားလုံးသည် တစ်ချိန်က သူမလက်အောက်ရှိ စစ်သူကြီးများ ဖြစ်ကြပြီး တစ်ယောက်စီတိုင်းက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိ အစွမ်းပိုင်ရှင်များ ဖြစ်ကြသည်။
နှမြောစရာကောင်းသည်မှာ အဆုံးအစမဲ့သော အချိန်ကာလရှည်ကြီးအတွင်း ၎င်းတို့အထဲမှ လူအများအပြား၏ အသိစိတ်များက ကြာရှည်သော အချိန်ကို မခံနိုင်တော့ဘဲ ရုပ်ခန္ဓာကို ရေခဲရိုက်ခံထားရသော်လည်း အသိစိတ်များမှာမူ လုံးဝ ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်သည်။
ဤလူများသည် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့် အထွတ်အထိပ်သို့ မရောက်ရှိသေးသဖြင့် စိတ်စွမ်းအင်များကို ပြန်လည်ဖွဲ့စည်းကာ ခွဲထုတ်နိုင်ခြင်း မရှိသောကြောင့် သူမကဲ့သို့ ထာဝရအသက်ရှင်နိုင်သည့် နည်းလမ်းမျိုးကို မလုပ်ဆောင်နိုင်ကြပေ။
ကံကောင်းသည်မှာ သူမ၏ ရေခဲဓာတ် အစွမ်းက ဝိညာဉ်များကိုပင် အေးခဲစေနိုင်သောကြောင့်သာ ဤလူတစ်စုကို ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။
"ကောင်းပြီ... ကောင်းတယ်... ကောင်းတယ်... ဒါဆိုရင်လည်း ဒီခေတ်သစ် ကလေးတွေကို ရှေးခေတ်က နာမည်ကြားရုံနဲ့ ကြောက်လန့်တုန်လှုပ်စေခဲ့တဲ့ ရေခဲနိုင်ငံတော်ရဲ့ စွမ်းရည်တွေကို မြင်တွေ့ခွင့် ပေးလိုက်တာပေါ့"
လင်ယွီရုံက ဟားတိုက် ရယ်မောလိုက်ပြီး သူမ၏ ခန္ဓာကိုယ်မှ အရှိန်အဝါများ ပြန့်ကျဲထွက်လာကာ ဝတ်ရုံများက လေမတိုက်ဘဲ လွင့်ဝဲနေပြီး ဖားလျားကျနေသော ဆံကေသာများက ရူးသွပ်စွာ ကခုန်နေကြရာ ဘုရင်မတစ်ပါး၏ ဟန်ပန်အပြည့် ပေါ်လွင်နေလေတော့သည်။
တစ်ချိန်တည်းမှာပင် ထိုက်ယန်တောင် ဘက်၌...
ရန်မေသည်လည်း ကျင့်ကြံခြင်း၏ အရေးအကြီးဆုံး အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"မောင်လေး... အမ နောက်ဆုံးတော့ အမှတ် ၁၀၀ ကို ကျော်လွန်သွားပြီ"
ရန်မေမှာ အလွန်တရာ ဝမ်းသာနေပြီး မျက်နှာတစ်ခုလုံးတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
ထိုက်ယန်တောင်တွင် အစွမ်းပိုင်ရှင်များ မရေမတွက်နိုင်အောင် ရှိသော်လည်း အဓိက အရည်အသွေး အမှတ် ၁၀၀ သို့ ရောက်ရှိသူမှာ ဆယ်ဂဏန်းခန့်သာ ရှိသည်။
ထိုဆယ်ဂဏန်းခန့်ထဲတွင်လည်း ခုနစ်ယောက်သာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိကြခြင်း ဖြစ်သည်။
ယခုအခါ လင်းယွမ်၏ အကူအညီဖြင့် တစ်လတည်းသော အချိန်တိုလေးအတွင်း ရန်မေ၏ အဓိက အရည်အသွေး သည် အမှတ် ၇၈ မှနေ၍ အမှတ် ၁၀၀ သို့ တိုက်ရိုက် ထိုးတက်သွားခဲ့ပြီ ဖြစ်သည်။
လင်းယွမ်လည်း ပြုံးလိုက်ပြီး "အမမေ... ဂုဏ်ယူပါတယ်... အခု အဓိက အရည်အသွေး အမှတ် ၁၀၀ ပြည့်သွားပြီဆိုတော့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို တရားဝင် စမ်းသပ်လို့ ရပြီ"
"မျိုးရိုးဗီဇကို ပြန်လည်ဖွဲ့စည်းတာ အောင်မြင်သွားတာနဲ့ အမရဲ့ မျိုးရိုးဗီဇထဲမှာ လင်ယွီရုံ ချန်ထားခဲ့တဲ့ စိတ်ဝိညာဉ်အမှတ်အသားကို ဖျက်ဆီးပစ်နိုင်ပြီ"
"အဲ့ဒီအချိန်ရောက်ရင် သူက အိမ်တိုင်ရာရောက် လာတိုက်ခိုက်ရင်တောင် ဘာမှ တတ်နိုင်တော့မှာ မဟုတ်ဘူး"
ရန်မေက အားပါးတရ ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီ... ဒါဆိုရင်လည်း အခု အရှိန်ရနေတုန်း ချက်ချင်းပဲ စတင်လိုက်ရအောင်" ဟု ပြောလိုက်သည်။
"ခဏလောက် မနားတော့ဘူးလား" လင်းယွမ်က သနားကြင်နာစွာဖြင့် မေးလိုက်သည်။
ရန်မေက ခေါင်းခါပြလိုက်သည်။ "အမက တစ်ချိန်လုံး သူတပါး ချောင်းမြောင်းနေတာကို မခံချင်တော့ဘူး... ဒီကိစ္စကို စောစောစီးစီး ဖြေရှင်းပြီး တစ်ဖက်လူကို လုံးဝ မျှော်လင့်ချက်မဲ့ သွားအောင် လုပ်လိုက်တာ အကောင်းဆုံးပဲ"
"ကောင်းပြီလေ... ဒါဆို အမကို သန္ဓေပြောင်းစွမ်းအင် မျိုးရိုးဗီဇ သတိပေးကိရိယာ ရှိတဲ့ဆီကို ခေါ်သွားပေးမယ်"
လင်းယွမ်က ရန်မေကို ခေါ်ဆောင်ကာ စွမ်းအင်စုဝေးအဆောက်အအုံ ၏ အောက်ဘက်သို့ ရောက်လာခဲ့သည်။
သန္ဓေပြောင်းစွမ်းအင် မျိုးရိုးဗီဇ သတိပေးကိရိယာ ကို အသုံးပြုနေသူ အများအပြား ရှိနေသည်။
သို့သော် လင်းယွမ် ကိုယ်တိုင် လာရောက်ခြင်းဖြစ်သဖြင့် သူ့အတွက် သီးသန့် ချန်ထားသော နေရာတစ်ခုက အလိုအလျောက် ရှိနေပြီးဖြစ်သည်။
ရန်မေကို လေ့ကျင့်ရေးအခန်းထဲသို့ ခေါ်သွားရင်း လင်းယွမ်က ပြောလိုက်သည်။ "အမ... ဒီနေရာက သန္ဓေပြောင်းစွမ်းအင် မျိုးရိုးဗီဇ သတိပေးကိရိယာ ရဲ့ အဓိကအကျဆုံး နေရာပဲ"
"ဒီနေရာမှာဆိုရင် သတိပေးချက်က အပြင်းထန်ဆုံး ဖြစ်လောက်တယ်... အမက ကျွန်တော့်အနားမှာ အကြာကြီး နေခဲ့တာဆိုတော့ သန္ဓေပြောင်း သားရဲတွေရဲ့ အသားကို သိပ်မစားခဲ့ရဘူးလေ... ဒါကြောင့် အမခန္ဓာကိုယ်ထဲမှာ ရောနှောနေတဲ့ မျိုးရိုးဗီဇတွေ သိပ်မရှိသလောက်ပဲ"
"ဒါကြောင့် အမအနေနဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းတာကို ချောချောမွေ့မွေ့ အောင်မြင်နိုင်ချေက အရမ်းများတယ်... မှတ်ထားနော်... မလောနဲ့... မျိုးရိုးဗီဇရဲ့ ဆွဲဆောင်မှုနဲ့ သန္ဓေပြောင်းစွမ်းအင် မျိုးရိုးဗီဇ သတိပေးကိရိယာ ရဲ့ ညွှန်ကြားချက်အတိုင်း တစ်လှမ်းချင်းစီ သေချာ သွားပါ"
ရန်မေသည် လင်းယွမ်ထံမှ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းနှင့် ပတ်သက်သော အတွေ့အကြုံများကို စောစီးစွာကပင် ရရှိထားပြီးဖြစ်ရာ ယခုအခါတွင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း၏ အကြမ်းဖျင်း လုပ်ငန်းစဉ်ကို သူမ သိရှိနေပြီ ဖြစ်သည်။
ထိုစကားကို ကြားသောအခါ သူမက ခေါင်းညိတ်လိုက်ပြီး "စိတ်ချပါ မောင်လေး... အမ လုပ်နိုင်ပါတယ်" ဟု ပြန်ပြောလိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး "စလိုက်တော့... အမ လေ့ကျင့်နေတာကို ကျွန်တော် စောင့်ကြည့်ပေးမယ်" ဟု ပြောလိုက်သည်။
"အင်း..."
ရန်မေက ချက်ချင်း မျက်လုံးများကို မှိတ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်အတွင်းရှိ မျိုးရိုးဗီဇများကို စတင် ခံစားလိုက်သည်။
ထို့နောက် သူမ၏ မျိုးရိုးဗီဇမြေပုံ အတိုင်း တဖြည်းဖြည်း စတင် လေ့ကျင့်လေတော့သည်။
နာရီဝက်ခန့် ကြာပြီးနောက် ရန်မေ၏ ခန္ဓာကိုယ်ပေါ်တွင် ရုတ်တရက် လှိုင်းဂယက် အတက်အကျများ ဖြစ်ပေါ်လာသည်။
ချက်ချင်းဆိုသလိုပင် သူမ၏ ခန္ဓာကိုယ်အတွင်း၌ ရေခဲနှင်းများ၏ အေးစက်မှုက ရုတ်ခြည်း အရှိန်အဟုန်ဖြင့် မြင့်တက်လာတော့သည်။
တစ်ချိန်တည်းမှာပင် သူမ၏ မျက်နှာထားက ရုတ်တရက် ပြောင်းလဲသွားပြီး အံ့သြဒေါသထွက်လာလေသည်။
"နင် အတင့်ရဲလှချည်လား... ငါက ရေခဲနတ်ဘုရားမဟဲ့... နင်က ငါ့ရဲ့ ကိုယ်ပွားခန္ဓာကိုယ် သက်သက်ပဲဟာကို... ငါ့ကိုများ ဖျက်ဆီးပစ်ဖို့ ကြံစည်ရဲတယ်ပေါ့လေ..."
ဆက်ရန်...