အခန်း (၇၁၇-၇၁၈)
Vol. 36 Ch. 717-718
အပိုင်း(၇၁၇) လင်ယွီရုံအား ဝိညာဉ်ချုပ်နှောင်ခြင်း
"ရပ်လိုက်စမ်း"
ရေခဲတုံးအတွင်း၌ ရေခဲပိတ်လှောင်ခံထားရပုံပေါ်သော ရဲရဲတောက် မီးလင်းယုန်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ရူးသွပ်သွားသည့်အလား ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ မီးတောက်များ အဆက်မပြတ် တောက်လောင်လာကာ ပတ်ဝန်းကျင်ရှိ ရေခဲတုံးများကို အလွန်လျင်မြန်သော နှုန်းဖြင့် အရည်ပျော်ကျသွားစေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်ယွီရုံက ချက်ချင်းပင် ဟားတိုက်ရယ်မောလိုက်တော့သည်။
"ဟားဟားဟား... ဒီဝိညာဉ်အပိုင်းအစလေးကို ပေါင်းစည်းလိုက်တာနဲ့ ငါ့ရဲ့ စွမ်းအားတွေက နောက်တစ်ကြိမ် အကြီးအကျယ် တိုးတက်လာတော့မှာ"
"လင်းယွမ်... အဲ့ဒီအချိန်ကျရင် နင်တို့ကို ငါဘယ်လို ညှဉ်းပန်းနှိပ်စက်မလဲဆိုတာ စောင့်ကြည့်နေလိုက်"
လင်ယွီရုံက ရန်မေ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်အပိုင်းအစကို ချက်ချင်း စတင်စုပ်ယူလိုက်သည်။
ရန်မေ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ကိုယ်ပွားတစ်ခု လွင့်မျောထွက်ပေါ်လာပြီး မည်သည့် ခုခံမှုမျှမရှိဘဲ လင်ယွီရုံ၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် တိုးဝင်သွားလေသည်။
ရန်မေ၏ ခန္ဓာကိုယ်လေးကမူ ဝိညာဉ်လွင့်ထွက်သွားသည့်အလား မြေပြင်ပေါ်သို့ အရှိန်ဖြင့် ပြုတ်ကျသွားတော့သည်။
လင်ယွီရုံက ရန်မေ၏ ရုပ်ခန္ဓာကို အနည်းငယ်မျှပင် ဂရုမစိုက်ခဲ့ပေ။
သူမ၏ ဝိညာဉ်အပိုင်းအစက ဤလူ၏ ရုပ်ခန္ဓာကို နေရာယူနိုင်ခဲ့သည်ဆိုသည်မှာ မျိုးရိုးဗီဇအဆင့် တိုက်ပွဲတွင် တစ်ဖက်လူ၏ ဝိညာဉ်က လုံးဝ အရှုံးပေးလိုက်ရပြီ ဖြစ်ကြောင်း သက်သေပြနေသည်ကို သူမ ကောင်းစွာ သိရှိထားသည်။
ထို့ကြောင့် သူမက ရန်မေ၏ ရုပ်ခန္ဓာကို ဂရုမစိုက်တော့ဘဲ မိမိ၏ ဝိညာဉ်အပိုင်းအစကို စုပ်ယူပေါင်းစည်းရေးတွင်သာ အာရုံစိုက်ထားလိုက်သည်။
ဝိညာဉ်အပိုင်းအစ ဆိုသည်မှာ သူမနှင့် အရင်းအမြစ်တစ်ခုတည်းမှ ဆင်းသက်လာသော စိတ်စွမ်းအင်ကိုယ်ထည် ဖြစ်သောကြောင့် စုပ်ယူသန့်စင်မှု လုပ်ငန်းစဉ်မှာ မျက်တောင်တစ်ခတ်အတွင်း ပြီးမြောက်သွားလေသည်။
ထိုဝိညာဉ်အပိုင်းအစက သူမ၏ စိတ်ပင်လယ်အတွင်းသို့ ပေါင်းစည်းသွားသည်နှင့် တစ်ပြိုင်နက် သူမ၏ စိတ်စွမ်းအင်များက မျက်စိဖြင့် မြင်တွေ့နိုင်လောက်သော အမြန်နှုန်းဖြင့် အဆမတန် မြင့်တက်လာတော့သည်။
ခဏတဖြုတ်အတွင်းမှာပင် သူမ၏ အရှိန်အဝါများက အရှိန်အဟုန်ဖြင့် တိုးပွားလာ၏။
သူမ၏ ရေသူမ ပုံသဏ္ဌာန်ကလည်း လျင်မြန်စွာ ပြောင်းလဲလာသည်။
ပထမဆုံးအနေဖြင့် အရပ်အမောင်းပင် ဖြစ်သည်။ မူလက ပေ ၁၀၀ ကျော်ခန့်သာ ရှိရာမှ ပေ ၁၃၀ ကျော်အထိ တရှိန်ထိုး ကြီးထွားလာခဲ့သည်။
ဤသည်မှာ သူမ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ဖြစ်စဉ်က ၄၀ ရာခိုင်နှုန်း အထက်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ဖော်ပြနေခြင်းပင်။
ထို့အပြင် စိတ်စွမ်းအင်များ လျင်မြန်စွာ မြင့်တက်လာမှုနှင့်အတူ ရှေးခေတ်မှ အရည်အသွေးမြင့် သင်္ကေတအစွမ်း အမြောက်အများကိုပါ သူမ အသုံးပြုနိုင်လာခဲ့ပြီ ဖြစ်သည်။
လင်ယွီရုံက ဟားတိုက်ရယ်မောလိုက်သည်။ "ဟားဟားဟား... ငါ့ရဲ့ အထွတ်အထိပ် အချိန်ကို ပြန်ရောက်တော့မယ်... ဘယ်သူကများ ငါ့ကို တားဆီးနိုင်မှာလဲ"
"နှစ်တစ်ထောင်နီးပါး ပုန်းအောင်းနေခဲ့ရတာက ဒီအချိန်လေးအတွက်ပဲ... ငါ လင်ယွီရုံ... ရေခဲပင်လယ်သခင်မ ပြန်ရောက်လာပြီဟေ့"
"ဒီဘဝမှာတော့ ဒီရေလွှမ်းမိုးတဲ့ ကမ္ဘာပျက်ကပ်ကြီးထဲကနေ ငါ မဖြစ်မနေ ဖောက်ထွက်နိုင်ရမယ်"
"ဝုန်း"
သူမက ခမ်းနားကြီးကျယ်သော အောင်ပွဲခံစကားများ ကြေညာနေစဉ်မှာပင်။
အောက်ဘက်တွင် ရေခဲတုံးများဖြင့် ပိတ်လှောင်ခံထားရသော လင်းယွမ်က ရုတ်တရက် ပြုံးရယ်လိုက်ပြီး ရေခဲများကို အရည်ပျော်စေရန် ကြိုးစားနေရာမှ ရုတ်တရက် တောင်ပံတစ်ဖက်ကို ဖွဖွလေး ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် ပြင်းထန်သော လေဟာနယ်မီးတောက်များ ပေါက်ကွဲထွက်လာပြီး မူလက ခွဲဖြာရန် ခက်ခဲလှသော ရေခဲတုံးကြီးများမှာ ဆွေးမြေ့နေသော သစ်သားတုံးများအလား မျက်တောင်တစ်ခတ်အတွင်း ရေခဲမှုန့်များအဖြစ် ပေါက်ကွဲကာ ကောင်းကင်ယံအနှံ့ လွင့်စဉ်သွားတော့သည်။
လင်းယွမ်၏ ခန္ဓာကိုယ်က တစ်ချက်ယိမ်းယိုင်သွားပြီး လူသားပုံသဏ္ဌာန်သို့ ပြန်လည်ပြောင်းလဲသွားသည်။
သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော ရန်မေ၏ အနားသို့ လျှပ်တစ်ပြက် ရောက်ရှိသွား၏။
ရန်မေကို ပွေ့ချီလိုက်ရင်း ပြုံးကာ ပြောလိုက်သည်။ "အောင်မြင်သွားပြီ... အမြန်ထတော့"
ထိုအခါမှ ရန်မေက မျက်လုံးများကို ဖွင့်လိုက်ပြီး ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။
"သူ အလိမ်ခံလိုက်ရပြီလား"
လင်းယွမ်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ "ငါးမျှားချိတ်ကို ဟပ်သွားပြီ... အခုတော့ သူ အရမ်းကို ဘဝင်မြင့်နေလောက်ပြီ"
ရန်မေက ပါးစပ်ကိုအုပ်ကာ ခိုးရယ်လိုက်ပြီး အမြင့် ပေ ၁၃၀ ရှိသော ရေသူမကြီးကို မော့ကြည့်ရင်း မနေနိုင်ဘဲ ပြောလိုက်သည်။ "တကယ်ကို အစွမ်းထက်တာပဲ... သူ့ရဲ့ ဒီပုံသဏ္ဌာန်ကို ရောက်ဖို့ဆိုတာ ဘယ်လောက်တောင် စွမ်းအားကြီးရမလဲ မသိဘူး"
"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ၄၀ ရာခိုင်နှုန်း အထက်မှာ ရှိတယ်"
လူသားပုံသဏ္ဌာန်ဖြင့် ရှိနေသော သူတို့နှစ်ဦးသည် အမြင့် ပေ ၁၃၀ ရှိသော လင်ယွီရုံ၏ အောက်ဘက်တွင် ရပ်နေကြရာ လင်ယွီရုံက ခေါင်းငုံ့မကြည့်ပါက သူတို့နှစ်ဦးကို လုံးဝ မြင်တွေ့နိုင်မည် မဟုတ်ပေ။
သို့သော် သူမ၏ လက်ရှိ စွမ်းအားအခြေအနေအရ စိတ်စွမ်းအင်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှရာ လေထုထဲရှိ မည်မျှပင် သေးငယ်သော အသံကိုမဆို သူမ၏ နားမှ လွတ်ကင်းနိုင်ခြင်း မရှိချေ။
ထို့ကြောင့် သူတို့နှစ်ဦး ပြောဆိုနေသော စကားများအားလုံးကို သူမက အကြွင်းမဲ့ ကြားသိလိုက်ရသည်။
သူမသည် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ချက်ချင်း သတိထားမိသွားပြီး လင်းယွမ်တို့ နှစ်ဦးကို ခေါင်းငုံ့ကာ ကြည့်လိုက်သည်။
သူမက ရန်မေကို အရင်ဆုံး ကြည့်လိုက်ပြီး အံ့သြသံသယဖြစ်စွာဖြင့် ပြောလိုက်သည်။ "နင်... နင် အသက်ရှင်နေသေးတယ်ပေါ့"
ရန်မေက ပြုံးလိုက်သော်လည်း စကားတစ်ခွန်းမျှ မဆိုပေ။
လင်းယွမ်က ပြုံးရယ်လျက် ဝင်ပြောလိုက်သည်။ "သေချာပေါက် အသက်ရှင်နေသေးတာပေါ့"
"မဖြစ်နိုင်ဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး"
"ငါ့ရဲ့ ဝိညာဉ်အပိုင်းအစ ပေါ်လာပြီဆိုမှတော့ နင် ပြန်နိုးလာစရာ အကြောင်းမရှိဘူး"
"ဒါ တစ်ခုခု မှားနေပြီ"
ပြောရင်းနှင့်ပင် သူမက မသိစိတ်မှ အလိုအလျောက် ရန်မေကို ဖမ်းဆုပ်ရန် လက်ကို ဆန့်ထုတ်လိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး ကျယ်လောင်စွာ ဟောက်လိုက်သည်။ "ရိုင်းစိုင်းလှချည်လား... အဲ့မှာသေချာ ရပ်နေစမ်း"
လင်ယွီရုံ ကြောင်သွားပြီး သူမ၏ ရင်ထဲတွင် ဒေါသများ ရုတ်ခြည်း ပေါက်ကွဲထွက်လာတော့သည်။
ပုရွက်ဆိတ်လို သာမန်လူတစ်ယောက်ကများ သူမကို ဒီလို လာပြောရဲတယ်ပေါ့။
သို့သော် နောက်တစ်စက္ကန့်တွင်မူ သူမ၏ ခန္ဓာကိုယ်က ထိန်းချုပ်၍မရဘဲ လက်ဝါးကို ပြန်ရုပ်သွားကာ ချက်ချင်းပင် မတ်မတ် ရပ်လိုက်မိသည်။
သူမ ချက်ချင်းပင် မယုံကြည်နိုင်ဖြစ်သွားပြီး မျက်ဆန်များ ကျဉ်းမြောင်းသွားတော့သည်။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
လင်းယွမ်က ဖွဖွလေး ပြုံးလိုက်ပြီး ထပ်ပြောလိုက်သည်။ "ခန္ဓာကိုယ်ကို အဲ့လောက်ကြီးအောင် ပြောင်းပြီး ဘာလုပ်မလို့လဲ... အရင်အတိုင်း ပြန်ပြောင်းလိုက်စမ်း"
သူ အမိန့်ပေးလိုက်သည်နှင့် လင်ယွီရုံက ချက်ချင်း ပြန်လည်ခုခံရန် ပြင်လိုက်သော်လည်း ရုတ်တရက် သူမ၏ စိတ်ပင်လယ်ထဲတွင် ရွှေရောင် သင်္ကေတတစ်ခု ပေါ်ထွက်လာသည်။
ထိုသင်္ကေတက သူမ၏ စိတ်ပင်လယ် အနက်ရှိုင်းဆုံးနေရာသို့ တိုက်ရိုက် တိုးဝင်သွားပြီး သူမ၏ ခန္ဓာကိုယ်ကို အတင်းအဓမ္မ ထိန်းချုပ်ကာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ပုံသဏ္ဌာန်ကို အလိုအလျောက် ရုပ်သိမ်းပစ်လိုက်လေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သူမ၏ ခန္ဓာကိုယ်ကြီး လျင်မြန်စွာ သေးငယ်သွားပြီး သာမန်လူတစ်ယောက်၏ ပုံသဏ္ဌာန်သို့ ပြန်လည်ရောက်ရှိသွားသည်။
"နင်... နင်... နင် ဘာလုပ်လိုက်တာလဲ... နင်ငါ့ကို ဘာတွေလုပ်လိုက်တာလဲ"
ဤအခိုက်အတန့်တွင် လင်ယွီရုံ အမှန်တကယ် ထိတ်လန့်သွားလေပြီ။
သူမက ခေါင်းကိုအုပ်လျက် မယုံနိုင်စွာဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
သို့သော် လင်းယွမ်က တည်ငြိမ်စွာဖြင့်သာ ပြန်ပြောလိုက်သည်။ "ဘာလဲ... မင်းကိုယ်မင်း ရေခဲနတ်ဘုရားမလို့ ကြေညာပြီး ရှေးခေတ်ကနေ အခုချိန်အထိ အသက်ရှင်လာတာတောင် နင့်ရဲ့ စိတ်ပင်လယ်ထဲက သင်္ကေတကို မမှတ်မိတော့ဘူးလား"
လင်ယွီရုံသည် ဒေါသရော အံ့သြမှုပါ ရောထွေးသွားပြီး စိတ်ပင်လယ်ထဲရှိ ရွှေရောင် သင်္ကေတကို အလျင်အမြန် အာရုံခံကြည့်လိုက်သည်။
ထိုသင်္ကေတ၏ ပုံသဏ္ဌာန်ကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ သူမက ချက်ချင်းပင် စူးဝါးစွာ အော်ဟစ်လိုက်တော့သည်။ "ဝိညာဉ်ချုပ်နှောင်ခြင်း သင်္ကေတ"
"မဟုတ်ဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး... နင်က ဘယ်လိုလုပ်ပြီး ဒီလို ရွှေရောင်အဆင့် အရည်အသွေးရှိတဲ့ သင်္ကေတကို ပိုင်ဆိုင်ထားရတာလဲ"
"ဒါ အမှန်မဟုတ်ဘူး... နင် ဘယ်အချိန်က ငါ့ကို ဝိညာဉ်ချုပ်နှောင်ခြင်း သင်္ကေတ သုံးလိုက်တာလဲ"
"ဒါ မဖြစ်နိုင်ဘူး... ဒါ အတုအယောင်ပဲ... ငါ့ရဲ့ ဒီလောက်မြင့်တဲ့ စိတ်စွမ်းအင်တွေကို နင်က ဘယ်လိုလုပ်ပြီး သင်္ကေတ သုံးလို့ရမှာလဲ"
သူမသည် မိမိ၏ စိတ်ပင်လယ်ထဲရှိ အခြေအနေကို မယုံကြည်နိုင်ဖြစ်ကာ ရူးသွပ်စွာ အော်ဟစ်လိုက်ပြီးနောက် ရေခဲဓားရှည်တစ်လက်ကို ဖန်တီးကာ လင်းယွမ်ကို သတ်ဖြတ်ရန် ရူးမိုက်စွာ ကြိုးစားလိုက်သည်။
သို့သော် ထိုအတွေးလေး ဝင်လာသည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော နာကျင်မှုက ချက်ချင်း ဝင်ရောက်လာတော့သည်။
သူမ၏ စိတ်ပင်လယ်ထဲတွင် ရွှေရောင်သင်္ကေတက အလင်းရောင်များ တောက်ပလာပြီး မျက်စိတစ်မှိတ်အတွင်း သူမ၏ အားအင်အားလုံးကို ဆုံးရှုံးသွားစေခဲ့သည်။
"အား..."
သူမသည် ခေါင်းကိုအုပ်လျက် ကြမ်းပြင်ပေါ်တွင် လူးလှိမ့်ကာ သနားစဖွယ် အော်ဟစ်နေရှာသည်။
လင်းယွမ်က ခေါင်းကို အနည်းငယ် ခါရမ်းလိုက်ပြီး ပြောလိုက်သည်။ "အဲ့ဒါက ဝိညာဉ်ချုပ်နှောင်ခြင်း သင်္ကေတမှန်း သိနေပြီဆိုမှတော့... ကိုယ့်သခင်ကိုတောင် ပြန်ပြီး တိုက်ခိုက်ရဲသေးတယ်ပေါ့"
"မင်းကို သတ္တိကောင်းတယ်လို့ ပြောရမလား... ဒါမှမဟုတ် မိုက်မဲတယ်လို့ ပြောရမလားပဲ"
လင်ယွီရုံသည် နာကျင်စွာဖြင့် ခေါင်းကို ပိုက်ထားရင်း လင်းယွမ်ကို စူးစူးရဲရဲ စိုက်ကြည့်ကာ ပြောလိုက်သည်။ "နင် ငါ့ရဲ့ ဝိညာဉ်အပိုင်းအစကို တစ်ခုခု လုပ်လိုက်တာပဲ"
"ဟုတ်တယ်... နင့်ရဲ့ စိတ်စွမ်းအင်တွေ ဘယ်လောက်ပဲ အားကောင်းနေပါစေ ငါ့ထက်တော့ ပိုမများနိုင်ဘူး"
"ငါ့ရဲ့ ဝိညာဉ်အပိုင်းအစက စိတ်စွမ်းအင် မလုံလောက်လို့သာ နင့်ရဲ့ ဝိညာဉ်ချုပ်နှောင်ခြင်း သင်္ကေတ ရိုက်သွင်းခံလိုက်ရတာ"
"အရှက်မရှိတဲ့ကောင်... ငါ လင်ယွီရုံက သေချင်သေပါစေ... နင့်ရဲ့ ဖမ်းဆီးတာကို မခံသလို နင့်ကိုလည်း သခင်အဖြစ် လုံးဝ အသိအမှတ်ပြုမှာ မဟုတ်ဘူး"
ထိုသို့ပြောရင်း လင်ယွီရုံက ရေခဲဓားကို ဆတ်ခနဲ ကောက်ကိုင်လိုက်ပြီး လင်းယွမ်၏ အံ့သြမှင်သက်နေသော အကြည့်များအောက်တွင်ပင် ထိုဓားဖြင့် မိမိကိုယ်ကို အဆုံးစီရင်လိုက်လေတော့သည်။
"ရွှပ်"
သွေးများ ချက်ချင်း ပန်းထွက်လာသည်။ လင်ယွီရုံက တကယ့်ကို ပြတ်သားလွန်းလှသည်။
ဤဓားချက်၏ စွမ်းအားက ကြီးမားလွန်းလှသဖြင့် လည်ပင်းတစ်ဝက်ခန့်ကိုပင် ပြတ်တောက်သွားစေခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော သွေးများ အဆက်မပြတ် ပန်းထွက်လာပြီး ကြမ်းပြင်ပေါ်ရှိ နှင်းဖြူများကို ချက်ချင်းပင် နီရဲသွားစေခဲ့သည်။
လင်းယွမ်ပင် အခြေအနေကို ချက်ချင်း တုံ့ပြန်နိုင်စွမ်း မရှိလိုက်ပေ။
မသေမရှင်ဘဝဖြင့် နှစ်တစ်ထောင်ကျော်ကြာအောင် အသက်ရှင်နေထိုင်လာခဲ့သူ တစ်ယောက်က ဤမျှ လွယ်လွယ်ကူကူဖြင့် မိမိကိုယ်ကို အဆုံးစီရင်သွားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်ထားမည် မဟုတ်ပေ။
လင်းယွမ်မှာ တစ်ခဏမျှ လှည့်စားခံရသလို ခံစားလိုက်ရသည်။
ဒီလင်ယွီရုံက... တကယ်ပဲ ဒီလို သေသွားပြီလား။
ရန်မေလည်း လန့်ဖျပ်သွားပြီး အာမေဍိတ်သံတစ်ချက် ထွက်လာကာ အလျင်အမြန် မေးလိုက်သည်။ "သူ သတ်သေသွားတာလား... မောင်လေး... မောင်လေးရဲ့ ဝိညာဉ်ချုပ်နှောင်ခြင်း သင်္ကေတက အသက်ဝင်သွားရင် သူက မောင်လေးရဲ့ အမိန့်ကို မဆန့်ကျင်နိုင်တော့ဘူးလို့ ပြောခဲ့တယ် မဟုတ်ဘူးလား"
မျက်စိရှေ့မှ မြင်ကွင်းကို ရန်မေလည်း မယုံကြည်နိုင် ဖြစ်နေသည်မှာ ထင်ရှားလှသည်။
လင်းယွမ်က ကြမ်းပြင်ပေါ်ရှိ အလောင်းကို ကြည့်ရင်း မျက်လုံးများ နက်ရှိုင်းသွားသည်။
သို့သော် ခဏအကြာတွင် သူ ရုတ်တရက် သဘောပေါက်သွားသည်။ "မဟုတ်သေးဘူး"
"လင်ယွီရုံက အစောကတည်းက ဝိညာဉ်အပိုင်းအစ နည်းလမ်းကို သုံးပြီး... သူ့ရဲ့ စိတ်စွမ်းအင်တွေကို အစိတ်အပိုင်း အများကြီး ခွဲထုတ်ပြီး သွေးသားမျိုးဆက်တွေဆီကို လက်ဆင့်ကမ်းထားခဲ့တာ"
"သူ့ရဲ့ ဒီခန္ဓာကိုယ်က သေသွားပေမယ့် အခြား ဝိညာဉ်အပိုင်းအစတွေကို သူမက ပေါင်းစည်းရသေးတာ မဟုတ်ဘူး"
"ပိုဆိုးတာက ကျန်တဲ့ ဝိညာဉ်အပိုင်းအစတွေက... ဝိညာဉ်ချုပ်နှောင်ခြင်း သင်္ကေတရဲ့ လွှမ်းမိုးမှုကို မခံရသေးဘူး"
လင်းယွမ်သည် ထိုအချက်များကို ချက်ချင်းပင် သဘောပေါက်သွားတော့သည်။
ဤလင်ယွီရုံက ဝိညာဉ်အပိုင်းအစ နည်းလမ်းကို အသုံးချပြီး ရွှေပိုးကောင် အခွံခွာသလို အလွတ်ရုန်းသွားခြင်းပင်။
ဤရုပ်ခန္ဓာကို စွန့်ပစ်လိုက်ပြီး အခြားနည်းလမ်းတစ်ခုကို ရှာဖွေကာ တစ်ကျော့ပြန် အသက်ပြန်ရှင်လာရန် ကြိုးပမ်းခြင်း ဖြစ်သည်။
သို့သော် ဤလုပ်ရပ်သည် ပြောရလွယ်သော်လည်း တကယ်တမ်း လက်တွေ့လုပ်ဆောင်ရန်မှာ ကြီးမားသော သတ္တိ လိုအပ်ပေသည်။
မိမိကိုယ်ကို အဆုံးစီရင်ရန် မည်သူမဆို ရဲဝံ့မည် မဟုတ်ပေ။
အထူးသဖြင့် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ဖြစ်စဉ်က ၄၀ ရာခိုင်နှုန်းအထိ ရောက်ရှိအောင် ကျင့်ကြံထားပြီးသော အခြေအနေမျိုးတွင် ပို၍ပင် ခက်ခဲပေလိမ့်မည်။
ထို့အပြင် လင်ယွီရုံက နှစ်ထောင်ပေါင်းများစွာ ပုန်းအောင်းနေပြီးမှ ပြန်လည်နိုးထခွင့် ရခဲ့ခြင်းဖြစ်ရာ ဤအရာအတွက် ပေးဆပ်ရမည့် တန်ဖိုးမှာ တကယ့်ကို ကြီးမားလွန်းလှသည်။
စောစော နိုးထလေလေ သူမအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပိုလုပ်နိုင်လေလေဖြစ်ပြီး ဤရေလွှမ်းမိုးသည့် ကမ္ဘာပျက်ကပ်ကြီးတွင် ပိုမို အခွင့်အရေး ရနိုင်လေလေ ဖြစ်ကြောင်းကို သိထားရမည်။
သို့သော် ယခုလို ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ခြင်းကြောင့် ယခင်က ရရှိထားသော အသာစီးရမှုများ အားလုံး ပျောက်ကွယ်သွားရလေပြီ။
ထို့အပြင် အခြား ဝိညာဉ်အပိုင်းအစများကို အားကိုးပြီး ပြန်လည်နိုးထရန်မှာ မည်သည့်အချိန်မှ ဖြစ်နိုင်မည်ကိုလည်း မသိနိုင်တော့ပေ။
ပို၍ အရေးကြီးသည်မှာ သူမ၏ ဝိညာဉ်အပိုင်းအစ တစ်ဝက်ခန့်ကို လင်းယွမ်က ထိန်းချုပ်ထားပြီး ဖြစ်နေခြင်းပင်။
သူမ တစ်ကျော့ပြန် နိုးထလာလျှင်တောင် အထွတ်အထိပ် အချိန်သို့ ထာဝရ ပြန်လည်ရောက်ရှိနိုင်တော့မည် မဟုတ်ပေ။
ဤဝိညာဉ်အပိုင်းအစ တစ်ဝက် လျော့သွားခြင်းကြောင့် သူမသည် အထွတ်အထိပ် အချိန်သို့ ပြန်ရောက်ရန် မိမိဘာသာ ကြိုးစားပမ်းစား ကျင့်ကြံရတော့မည် ဖြစ်သည်။
ဤကွာခြားချက်များမှာ မိုးနှင့်မြေ ကဲ့သို့ ကွာခြားသွားပြီဟု ဆိုရပေမည်။
သို့ပေမယ့်လည်း လင်ယွီရုံက ဤသို့ လုပ်ဆောင်ရဲခဲ့သည်။
ဤအမျိုးသမီး၏ သတ္တိကို မြင်တွေ့နိုင်ပေသည်။
လင်းယွမ်၏ မျက်နှာထားမှာ တင်းမာသွားပြီး ဤလင်ယွီရုံ ပြသလိုက်သော ရက်စက်ပြတ်သားမှုက သူ့ရင်ထဲတွင် စိုးရိမ်ထိတ်လန့်မှုကို ဖြစ်ပေါ်စေခဲ့သည်။
ဤကဲ့သို့သော လူမျိုးက တစ်နေ့နေ့တွင် အမှန်တကယ် ပြန်လည်နိုးထလာနိုင်ချေ ရှိသည်။
အဲ့ဒီအချိန်ရောက်ရင် သူက ငါ့ကို သေချာပေါက် ကလဲ့စားချေဖို့ လာမှာပဲ။
ဤအကြောင်းကို တွေးမိသည်နှင့် လင်းယွမ်မှာ မျက်မှောင်ကြုတ်သွားမိတော့သည်။
ဤကဲ့သို့သော ရန်သူတစ်ယောက် အမှောင်ထဲတွင် ပုန်းအောင်းနေခြင်းက လူကို အမှန်တကယ် ထိုင်မရ ထမရ ဖြစ်စေသည်။
ရန်မေလည်း သတိပြန်ဝင်လာပြီး အံ့သြထိတ်လန့်စွာဖြင့် မေးလိုက်သည်။
လင်းယွမ်က သက်ပြင်းချကာ ပြန်ဖြေသည်။ "ကျွန်တော်လည်း သူ ဒီလောက် ပြတ်ပြတ်သားသားနဲ့ တိုက်ရိုက် သတ်သေသွားလိမ့်မယ်လို့ မထင်ထားမိဘူး"
"ဒါဆို မောင်လေး ချုပ်နှောင်ထားတဲ့ သူမရဲ့ ဝိညာဉ်အပိုင်းအစ အစိတ်အပိုင်းကရော... အဲ့ဒါလည်း ပျောက်သွားပြီလား"
ရန်မေ၏ အမေးကို ကြားလိုက်ရမှ လင်းယွမ်လည်း ချက်ချင်း သတိဝင်လာတော့သည်။
"ဟုတ်သားပဲ... အဲ့ဒီ ဝိညာဉ်အပိုင်းအစ အစိတ်အပိုင်းကို ငါ့ရဲ့ သင်္ကေတက ချုပ်နှောင်ထားပြီးသားပဲ... သူ သေသွားရင်တောင်မှ သူ့ရဲ့ ဒီဝိညာဉ်အစိတ်အပိုင်းက တစ်ကျော့ပြန် အသက်ဝင်လာဖို့ မဖြစ်နိုင်တော့ဘူး"
လင်းယွမ် ရုတ်တရက် သဘောပေါက်သွားပြီး ဝိညာဉ်ချုပ်နှောင်ခြင်း သင်္ကေတကို ချက်ချင်း အာရုံခံကြည့်လိုက်သည်။
ထင်ထားသည့်အတိုင်းပင် ဤလင်ယွီရုံ၏ အလောင်းထဲတွင် တစ်ဖက်လူ၏ ဝိညာဉ်ကိုယ်ထည် ရှိနေသေးသည်ကို သူ ခံစားလိုက်ရသည်။
ဝိညာဉ်ကိုယ်ထည် ဆိုသည်မှာ စိတ်စွမ်းအင်များ စုစည်းပေါင်းစပ်ထားသော အရာပင် ဖြစ်သည်။
ယခုအချိန်တွင် တစ်ဖက်လူ၏ ဝိညာဉ်ကိုယ်ထည်က ယခင် ဝိညာဉ်အပိုင်းအစလေးထက် အဆပေါင်းများစွာ ပိုမို အားကောင်းနေလေသည်။
လင်းယွမ် ချက်ချင်းပင် ဟားတိုက် ရယ်မောလိုက်တော့သည်။
"ဟားဟားဟား... လင်ယွီရုံ... မင်းက သတ်သေသွားရင်တောင် မင်းရဲ့ ဒီခန္ဓာကိုယ်ထဲက ဝိညာဉ်က ငါ့ရဲ့ ချုပ်နှောင်မှုအောက်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"
ထိုသို့ပြောရင်း လင်းယွမ်က သန္ဓေပြောင်းအစွမ်းကို အသက်သွင်းလိုက်ရာ လင်ယွီရုံ၏ အလောင်းထဲမှ စိတ်စွမ်းအင်အစုအဝေးတစ်ခုက ချက်ချင်း လွင့်မျောထွက်ပေါ်လာသည်။
လင်ယွီရုံ၏ ဝိညာဉ်ကိုယ်ထည်ကို သူမ၏ ခန္ဓာကိုယ်ထဲမှ သူက ဆွဲထုတ်လိုက်ခြင်း ဖြစ်သည်။
ဝိညာဉ်ကိုယ်ထည် အခြေအနေတွင် လင်ယွီရုံက လင်းယွမ်ကို ဒေါသတကြီး စိုက်ကြည့်နေပြီး သူမ၏ မျက်နှာပေါ်တွင် ဒေါသနှင့် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။
"ငါ့ကို လွှတ်စမ်း"
သူမက ဒေါသတကြီး အော်ဟစ်လိုက်သည်။
သို့သော် လင်းယွမ်က ပြုံးရယ်လျက် "အခုကစပြီး ငါ့ခွင့်ပြုချက် မရှိဘဲ မင်း သတ်သေတဲ့လုပ်ရပ်မျိုး လုပ်ခွင့်မရှိသလို... ငါ့ဘေးနားက လူတွေကိုလည်း ထိခိုက်အောင် လုပ်ခွင့်မရှိဘူး" ဟု ပြောလိုက်သည်။
"တကယ်လို့ မင်း လိမ္မာမယ်ဆိုရင် မင်းအတွက် ခန္ဓာကိုယ်အသစ်တစ်ခု ရှာပေးဖို့ ငါ စဉ်းစားပေးနိုင်တယ်"
"အခုအချိန်မှာ မင်းက ငါ့အပိုင် လုံးဝ ဖြစ်သွားပြီဆိုတာ မင်း သိထားသင့်တယ်"
လင်ယွီရုံ၏ ရင်ထဲတွင် ဒေါသမီးများ တောက်လောင်နေသည်မှာ ထင်ရှားသော်လည်း လင်းယွမ်အပေါ် အမုန်းတရားများ ဖြစ်ပေါ်လာရန်မူ မဖြစ်နိုင်တော့ပေ။
ဝိညာဉ်ချုပ်နှောင်ခြင်း သင်္ကေတ၏ အာနိသင်အောက်တွင် သူမသည် လင်းယွမ်၏ ကျွန်တစ်ယောက်အဖြစ် လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
လင်းယွမ်၏ စကားတစ်ခွန်းက သူမ၏ အသက်ရှင်ခြင်း၊ သေဆုံးခြင်းကို အဆုံးအဖြတ်ပေးနိုင်ပြီး စကားတစ်ခွန်းကပင် သူမကို အသက်ပေးဆပ်စေနိုင်သည်။
သူမက နာကျင်စွာဖြင့် မျက်လုံးများကို မှိတ်ထားလိုက်ပြီး စကားတစ်ခွန်းမျှ ထပ်မပြောတော့ပေ။
ဆက်ရန်...
အပိုင်း (၇၁၈) ရေသူမ ရုပ်အလောင်း
"ဒီမိန်းမက ရှေးဟောင်းလျှို့ဝှက်ချက်တွေကို တော်တော်များများ သိထားတာပဲ... အသက်ဝင်နေတဲ့ အဘိဓာကြီး တစ်အုပ်ကျနေတာပဲ"
"သူ့ဆီကနေ ရှေးခေတ်ရဲ့ လျှို့ဝှက်ချက်တချို့ကို မေးကြည့်လို့ ရနိုင်တယ်"
လင်းယွမ်က စိတ်ထဲ၌ တွေးတောလိုက်ပြီးနောက် လင်ယွီရုံ၏ ဝိညာဉ်ကို သိမ်းဆည်းကာ ထွက်ခွာရန် ပြင်လိုက်သည်။
ထိုစဉ် လင်ယွီရုံက ရုတ်တရက် လှမ်းပြောလိုက်သည်။ "နေ... နေဦး"
လင်းယွမ်က လင်ယွီရုံကို ကြည့်လိုက်သည်။ "ဘာလဲ... မင်း ပြောစရာ စကားကျန်သေးလို့လား"
လင်ယွီရုံက မြေပြင်ပေါ်ရှိ ရုပ်အလောင်းကို ကြည့်ကာ အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။ "လင်း ဆိုတဲ့ကောင်..."
"ဟင်... မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တယ်"
လင်ယွီရုံ ချက်ချင်း ဆွံ့အသွားသည်။ မျက်မြင်မရသော ဖိအားတစ်ခုက သူမကို လွှမ်းခြုံသွားပြီး သူမခန္ဓာကိုယ်တွင်းရှိ ဝိညာဉ်ချုပ် သင်္ကေတက တုန်ခါသွား၏။ သူမ ချက်ချင်း ညည်းတွားလိုက်ရပြီး မျက်မြင်မရသော စွမ်းအားတစ်ခု၏ ဖိအားပေးမှုကြောင့် သူမ နှုတ်မှ အတင်းအဓမ္မ ထွက်ကျလာသည်။ "သခင်..."
ထိုအခါမှ လင်းယွမ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်။ "မင်း ဘာပြောချင်တာလဲ"
လင်ယွီရုံက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ပြန်ဖြေသည်။ "ကျွန်မရဲ့ ခန္ဓာကိုယ်ကို ပြန်သယ်သွားလို့ ရတယ်"
လင်းယွမ်က အံ့ဩသွားသည်။ "ဘာသဘောလဲ... ဒီရုပ်အလောင်းက အသုံးဝင်သေးလို့လား"
လင်ယွီရုံက ခေါင်းအသာညိတ်ပြသည်။ "ဟုတ်တယ်... ဒီခန္ဓာကိုယ်က ကျွန်မရဲ့ မူလခန္ဓာကိုယ် မဟုတ်ဘူး... လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ကျွန်မ ပြန်ဝင်စားပြီး ထာဝရအသက်ရှင်ခြင်း ကျင့်စဉ်ကို ကျင့်ကြံဖို့အတွက် ကြိုတင်ပြင်ဆင်ထားခဲ့တဲ့ ရုပ်အလောင်းတစ်ခုပါ"
လင်းယွမ်က အံ့အားသင့်သွားသည်။ "ကြိုတင်ပြင်ဆင်ထားတဲ့ ရုပ်အလောင်း ဟုတ်လား... ဘာအဓိပ္ပာယ်လဲ"
"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ထိ ကျင့်ကြံပြီးသွားရင်... ဝိညာဉ်မှတ်ဉာဏ်တွေကို သွေးကြောတွေကတစ်ဆင့် လက်ဆင့်ကမ်းပြီး သွေးကြောထဲမှာ ဖုံးကွယ်ထားလို့ ရတယ်"
"ဒါပေမဲ့ ရုပ်ခန္ဓာကတော့ နှစ်ထောင်ပေါင်းများစွာ အသက်ရှင်ဖို့ဆိုတာ တကယ်မဖြစ်နိုင်ဘူး"
"နတ်သားရဲမြေပုံ ကို အထွတ်အထိပ်ရောက်အောင် ကျင့်ကြံနိုင်ရင်တောင်... အဲ့ဒီလို လုပ်နိုင်မှာ မဟုတ်ဘူး"
"ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အဲဒီတုန်းက ကျွန်မတို့ထဲက တချို့လူတွေဟာ... နှစ်သန်းပေါင်းများစွာ မပုပ်မသိုးနိုင်တဲ့ ခိုင်မာတဲ့ ရုပ်အလောင်းတစ်ခု ဖန်တီးဖို့... ကောင်းကင်ပြင်ပ ဧရာမသားရဲ တွေရဲ့ ခန္ဓာကိုယ်ကို အသုံးပြုဖို့ ရွေးချယ်ခဲ့ကြတယ်"
"ကျွန်မရဲ့ ဒီရုပ်ခန္ဓာက... ကောင်းကင်ပြင်ပ ဧရာမသားရဲ ရဲ့ ရုပ်အလောင်းကို အသုံးပြုပြီး ဖန်တီးထားတာ... ပြီးတော့ ရေခဲစွမ်းအင်ကို အသုံးပြုပြီး ရေခဲသလင်းနန်းတော်ထဲမှာ ချိတ်ပိတ်ထားခဲ့တာပါ"
"ဒီရုပ်အလောင်းကို ဖန်တီးတုန်းက ကျွန်မရဲ့ ကိုယ်ပိုင် သွေးအဆီအနှစ်ကို အသုံးပြုခဲ့တာမို့... သူက ကျွန်မရဲ့ စိတ်ဝိညာဉ်အသိနဲ့ ပြီးပြည့်စုံအောင် ပေါင်းစပ်သွားနိုင်တာပါ"
လင်းယွမ်က အနည်းငယ် သံသယဝင်သွားပြီး မေးလိုက်သည်။ "ဒါဆို သူ သေသွားပြီလား"
လင်ယွီရုံက ခေါင်းခါပြသည်။ "သေတယ်ရှင်တယ်ဆိုတာ မရှိပါဘူး... သူက အစကတည်းက ကျွန်မရဲ့ စိတ်ဝိညာဉ်ကို ထည့်သွင်းဖို့အတွက် သက်သက်ရှိနေတဲ့ အခွံတစ်ခုပါပဲ"
"အော်... ဒါဆို မင်း ဆက်သုံးလို့ ရသေးတာပေါ့"
လင်းယွမ်က စိတ်ဝင်စားသွားပြီး မေးမြန်းလိုက်သည်။
လင်ယွီရုံက ခေါင်းညိတ်ပြသည်။ "ရပါတယ်... ကျွန်မရဲ့ ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲ ပြန်ဝင်သွားဖို့ပဲ လိုတာပါ"
လင်းယွမ်က ချက်ချင်း ဆိုလိုက်သည်။ "ဒါဆို မင်း ပြန်ဝင်သွားလိုက်... အတော်ပဲ ငါ့ဆီမှာလည်း မင်းရဲ့ ဝိညာဉ်ကို သိမ်းထားစရာ နေရာမရှိဘူး"
လင်ယွီရုံ၏ ဝိညာဉ်ကိုယ်ထည်က ထိုရုပ်အလောင်းထဲသို့ လျင်မြန်စွာ ပြန်လည်ဝင်ရောက်သွားတော့သည်။
ထို့နောက် ရုပ်အလောင်း၏ လည်လှီးထားသော ဒဏ်ရာမှာ မျက်စိဖြင့်မြင်နိုင်သော အလျင်ဖြင့် မူလအတိုင်း လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်ကို တွေ့လိုက်ရသည်။
လင်းယွမ်က ထိုမြင်ကွင်းကိုကြည့်ကာ အံ့ဩတသသ ဖြစ်သွားပြီး မေးလိုက်သည်။ "မင်းရဲ့ ဒီရုပ်အလောင်းက မင်းကိုယ်ပိုင်တောင် မဟုတ်ဘဲနဲ့... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ကို ဘယ်လိုလုပ်ခဲ့တာလဲ"
လင်ယွီရုံက မျက်လုံးဖွင့်ကာ နေရာမှ ထရပ်လိုက်ပြီး ဖြေသည်။ "ဒီခန္ဓာကိုယ်က ကျွန်မရဲ့ သွေးတွေနဲ့ လောင်းချ ဖန်တီးထားတာပါ... မူလကတည်းက ကျွန်မရဲ့ သွေးကြောတွေကနေ အာဟာရဖြည့်တင်းပေးထားတာလေ"
"ရှင်တို့ အခေါ်အရဆိုရင်... မျိုးရိုးဗီဇတွေ အားလုံးက သွေးထဲမှာ ရှိနေတာမို့... ကျွန်မက အလိုအလျောက်ပဲ မျိုးရိုးဗီဇကို ပြန်လည်ဖွဲ့စည်းပြီး ရုပ်ခန္ဓာကို ပြန်လည်ပုံဖော်နိုင်တာပေါ့"
လင်းယွမ်က သံသယဖြင့် မေးလိုက်သည်။ "အရိုးတွေကရော... အရိုးတွေက မင်းကိုယ်ပိုင် မဟုတ်တာတော့ သေချာတယ်မလား... အဲဒါကရော မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းလို့ ရသေးတာလား"
လင်ယွီရုံက ရှင်းပြသည်။ "ဘာလို့လဲဆိုတော့ ဒီလို ကောင်းကင်ပြင်ပ သန္ဓေပြောင်းသားရဲရဲ့ မူလကိုယ်ထည်က ရေသူမ ဖြစ်နေလို့ပါ... ကျွန်မရဲ့ နတ်သားရဲမြေပုံ နဲ့ အတော်လေး တူညီနေတော့... သူ့ခန္ဓာကိုယ်ထဲမှာလည်း ကျွန်မနဲ့ တူညီတဲ့ မျိုးရိုးဗီဇ အပိုင်းအစတွေ ရှိနေတယ်လေ"
"ကျွန်မရဲ့ စိတ်စွမ်းအင်က ဒီမျိုးရိုးဗီဇတွေကို လှုံ့ဆော်ပေးဖို့ လုံလောက်တဲ့ အထောက်အပံ့ ဖြစ်စေတယ်... အဲ့လိုနဲ့နတ်သားရဲမြေပုံကို ပုံဖော်နိုင်ပြီး ဧရာမသားရဲ အသွင်အဖြစ် ပြောင်းလဲနိုင်တာပါ"
ထိုအခါမှ လင်းယွမ်က သဘောပေါက်သွားသည်။ ဤရုပ်အလောင်းကို ဖြစ်သလို ရွေးချယ်ထားခြင်း မဟုတ်ဘဲ မိမိ၏ မျိုးရိုးဗီဇမြေပုံနှင့် အလွန်တူညီနေရန် လိုအပ်သည်ကို သူ နားလည်သွား၏။
လင်ယွီရုံ၏ မျိုးရိုးဗီဇမြေပုံမှာ မူလကတည်းက ရေသူမ ပုံသဏ္ဌာန်ဖြစ်ပြီး သူမ ရှာတွေ့ခဲ့သော ဤကောင်းကင်ပြင်ပ ဧရာမသားရဲကြီးမှာလည်း ရေသူမ အသွင်ပင် ဖြစ်သည်။
နှစ်ခုစလုံးက အရင်းအမြစ် တူညီပြီး ခန္ဓာကိုယ်တွင်းရှိ မျိုးရိုးဗီဇမှာလည်း အတူတူပင်ဖြစ်သည်။ လင်ယွီရုံက သူမ၏ ကြီးမားလှသော စိတ်စွမ်းအင်ကို အသုံးပြုကာ ကိုယ်ပိုင် မျိုးဆက်သွေးနှင့် ပေါင်းစပ်လိုက်မှသာ ဤရုပ်အလောင်းကို ထိန်းချုပ်နိုင်ခြင်း ဖြစ်သည်။
ရုတ်တရက် လင်းယွမ်က ပင်လယ်အောက် ရှေးဟောင်းသင်္ချိုင်းဂူထဲမှ သူရရှိခဲ့သော ရေသူမ အရိုးစုကို သတိရသွားသည်။
ထိုရေသူမ မိစ္ဆာကောင်များ အားလုံးက ထိုသင်္ချိုင်းဂူထဲတွင် စုဝေးကာ အရိုးစုရှိရာ ခေါင်းတလားကို ပူဇော်ပသနေခဲ့ကြသည် မဟုတ်ပါလော။
ဒါမှမဟုတ်... အဲဒီ အရိုးစုထဲမှာလည်း တကယ့်ကို ရှေးဟောင်း အစွမ်းပိုင်ရှင် တစ်ယောက်ယောက် ပုန်းအောင်းနေတာများလား။
ဒီအရိုးစုက တစ်ဖက်လူ နိုးထလာဖို့အတွက် ချန်ထားခဲ့တာလား။
ထိုအရာများကို တွေးမိသောအခါ လင်းယွမ်က ချက်ချင်း သတိထားလိုက်ပြီး အမြန်မေးလိုက်သည်။ "ဒီလို အရိုးစုမျိုးကို ဖန်တီးရတာ ခက်ခဲလား"
"နည်းနည်းတော့ ခက်တယ်... ပထမဆုံး ကိုယ်နဲ့ အရင်းအမြစ်တူတဲ့ ကောင်းကင်ပြင်ပ ဧရာမသားရဲကို ရှာဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး"
"ဒုတိယအချက်အနေနဲ့ ရှာတွေ့သွားရင်တောင်မှ... ရုပ်အလောင်းကို အသစ်ပြန် ဖန်တီးဖို့ စွမ်းအင်တွေ အများကြီး အသုံးပြုရတယ်"
"ပြီးပြည့်စုံတဲ့ ရုပ်အလောင်းတစ်ခု ဖြစ်လာဖို့ အချိန်နဲ့ စွမ်းအင်တွေ အများကြီး ကုန်ဆုံးရုံသာမက ပစ္စည်းဥစ္စာ ဓနအင်အားတွေလည်း အမြောက်အမြား လိုအပ်တယ်"
လင်ယွီရုံက မဖြေချင်သော်လည်း လင်းယွမ်က ပါးစပ်ဟ၍ မေးလိုက်သည်နှင့် ဝိညာဉ်ချုပ် သင်္ကေတ၏ ထိန်းချုပ်မှုအောက်တွင် သူမက ရိုးရိုးသားသား ပြန်ဖြေရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။
လင်းယွမ်က အရင်က သူရရှိခဲ့သော ထိုရေသူမ အရိုးစုကို ချက်ချင်း ထုတ်ယူလိုက်ပြီး လက်ကို တစ်ချက်ခါလိုက်ရာ "ခလွတ်" ဟူသော အသံနှင့်အတူ ပစ္စည်းသိုလှောင်ခန်းထဲမှ အရိုးစုကို ဆွဲထုတ်လိုက်လေသည်။
"မင်း တစ်ချက် ကြည့်ပေးစမ်း... ဒါက မင်းပြောတဲ့ ကောင်းကင်ပြင်ပ အရိုးစု မျိုးလားလို့"
လင်ယွီရုံသည် ထိုအရိုးစုကို မြင်လိုက်ရသောအခါ ချက်ချင်းပင် အလွန်အမင်း ထိတ်လန့်သွားလေသည်။
"အစိမ်းရင့်ရောင် ရေသူမ အရိုးစုပဲ"
"ဘာပစ္စည်းလဲ" လင်းယွမ်က မေးလိုက်သည်။
လင်ယွီရုံက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး လျင်မြန်စွာ မေးလိုက်သည်။ "ဒါ ဘယ်ကနေ ရလာတာလဲ"
လင်းယွမ်၏ မျက်နှာထား တင်းမာသွားသည်။ "ငါက မင်းကို မေးနေတာလား... မင်းက ငါ့ကို မေးနေတာလား"
လင်ယွီရုံ၏ အသက်ရှူသံ ရပ်တန့်သွားပြီး ချက်ချင်းပင် ရိုးရိုးသားသား ပြန်ဖြေလေသည်။ "ဒါက ရေသူမ အမျိုးအစား သန္ဓေပြောင်း သားရဲရဲ့ အရိုးစုပါ"
"ရေသူမ မျိုးနွယ်စုတွေက အရောင်ပေါ် မူတည်ပြီး အမျိုးအစား အများကြီး ကွဲပြားသေးတယ်"
"အနီ... လိမ္မော်... အဝါ... အစိမ်း... မိုးပြာ... အပြာ နဲ့ ခရမ်းရောင်ဆိုပြီး ရှိတယ်... အဲဒီအထဲမှာ အစိမ်းရင့်ရောင်က မိုးပြာရောင် အဆင့်ကို ရောက်နေပြီမို့ အရည်အသွေး အရမ်းမြင့်တယ်... အပြာရောင် နဲ့ ခရမ်းရောင် အရည်အသွေးထက် နည်းနည်းပဲ နိမ့်တာပါ"
"ရှင်တို့ရဲ့ လက်ရှိ နားလည်မှုအရ ပြောရရင်... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်က ၈၀ အထက် ရောက်သွားမှသာ ရေသူမ အရိုးစုက အစိမ်းရင့်ရောင် အဆင်း ရှိလာမှာပါ"
လင်းယွမ် သဘောပေါက်သွားပြီး မေးလိုက်သည်။ "ဆိုလိုတာက... ဒီအရိုးစု ပိုင်ရှင်ရဲ့ အသက်ရှင်စဉ်တုန်းက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်က ၈၀% အထက်ထိ ရောက်နေခဲ့တယ်ပေါ့"
"ဒါက သာမန် အရိုးစုလား... ဒါမှမဟုတ် တစ်ယောက်ယောက်ကများ ဖန်တီးစီရင်ထားတာလား ဆိုတာ ကြည့်ပေးဦး"
လင်ယွီရုံက ခေတ္တမျှ အကဲခတ်ကြည့်ရှုပြီးနောက် ဖြေသည်။ "တစ်ယောက်ယောက်က ဖန်တီးစီရင်ထားတာပါ... အပေါ်မှာ သွေးသင်္ကေတ အရာတွေ ရှိနေတယ်"
"သွေးသင်္ကေတ အရာတွေ ဟုတ်လား"
"ဟုတ်တယ်... ဒီလို အရိုးစုမျိုးက သူ့အထဲက သင်္ကေတတွေကို အသက်သွင်းဖို့ သွေးတွေ အများကြီး လောင်းချဖို့ လိုအပ်တယ်... ပြီးမှ အသားနဲ့ သွေးတွေကို ပြန်လည် ကြီးထွားလာစေတာပါ"
"အသားနဲ့ သွေးတွေ ပြန်လည် ကြီးထွားလာတဲ့ အချိန်ရောက်မှ... အရိုးစုရဲ့ အနက်ရှိုင်းဆုံး နေရာမှာ ကပ်ပါးအဖြစ် နေထိုင်နေတဲ့ စိတ်ဝိညာဉ်ကိုယ်ထည်က ပြန်လည် နိုးထလာနိုင်မှာပါ"
"မင်း ပြောချင်တာက... ဒီအရိုးစုထဲမှာ တစ်ယောက်ယောက်ရဲ့ စိတ်ဝိညာဉ်အသိ ပုန်းအောင်းနေတယ်လို့ ဆိုလိုတာလား" လင်းယွမ်က ချက်ချင်း မေးလိုက်သည်။
"သေချာပေါက်ပဲ... ပြီးတော့ သူက ပြန်လည်နိုးထလာဖို့ နီးစပ်နေပြီ ထင်တယ်... သူ အရင်က သွေးတွေကို စုပ်ယူထားဖူးလား"
လင်းယွမ်က ရှေးဟောင်းသင်္ချိုင်းဂူထဲမှ ပူဇော်ပသရာ ယဇ်ပလ္လင်ကို သတိရသွားသည်။ အရင်က လင်းယွီကျွန်း မှ လူများမှာ ဤအရိုးစုအတွက် သွေးယဇ်ပူဇော် ခံခဲ့ရခြင်း ဖြစ်မည်ဟု သူ ခန့်မှန်းမိလိုက်သည်။
ဒါပေမဲ့ အဲဒီ ရေသူမ မိစ္ဆာကောင်တွေက ဘာလို့များ ဒီအရိုးစုကို သွေးယဇ်ပူဇော်ပေးနေခဲ့ရတာလဲ။
ဒီအရိုးစုထဲက စိတ်ဝိညာဉ်ကိုယ်ထည်မှာများ အဲဒီ မိစ္ဆာကောင်တွေကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်း တစ်ခုခု ရှိနေလို့လား။
လင်းယွမ်က အရင်က ရှေးဟောင်းသင်္ချိုင်းဂူထဲတွင် သူကိုယ်တိုင် မြင်တွေ့ခဲ့ရသည့် အခြေအနေများကို တစ်ခေါက် ပြန်ပြောပြလိုက်ပြီး မေးလိုက်သည်။ "မင်းရဲ့ အတွေ့အကြုံအရဆိုရင်... ဒါက တကယ်တမ်း ဘာတွေ ဖြစ်နေတာလဲ"
လင်ယွီရုံ၏ မျက်နှာထား အနည်းငယ် တင်းမာသွားပြီး ဖြေသည်။ "ဖြစ်နိုင်ချေ အများဆုံးကတော့ ရှေးဟောင်း အစွမ်းပိုင်ရှင် တစ်ယောက်ယောက်က စိတ်ဝိညာဉ်ခွဲထွက်ခြင်း နည်းလမ်းကို သုံးပြီး သူ့ရဲ့ မျိုးဆက်သွေးကို နောက်ဆွေဆက်မျိုးဆက်တွေဆီ လက်ဆင့်ကမ်းပေးခဲ့တာပဲ... အခုချိန်မှာ တဖြည်းဖြည်း ပြန်လည် နိုးထလာနေပြီ"
"သူက မျိုးဆက်သွေးထဲမှာ မျိုးရိုးဗီဇ အချက်အလက်တွေကို ချန်ထားရစ်ခဲ့တယ်... သူ့ရဲ့ မျိုးရိုးဗီဇ နိုးထလာတဲ့ သက်ရှိတိုင်းက မျိုးရိုးဗီဇ အချက်အလက်တွေအတိုင်း ဒီကိစ္စကို အလိုအလျောက် လုပ်ဆောင်လာအောင် လုပ်ထားတာ... အဲဒီလိုဆိုရင် သူ့ကို အမြန်ဆုံး ပြန်လည် နိုးထလာအောင် ကူညီပေးနိုင်လိမ့်မယ်"
လင်းယွမ်က မျက်ခုံးတစ်ချက် ပင့်လိုက်သည်။ "မျိုးရိုးဗီဇ အချက်အလက် ဟုတ်လား... တကယ်တော့ မင်းတို့တွေက မျိုးရိုးဗီဇထဲမှာ တမင်သက်သက် ချန်ရစ်ထားခဲ့ကြတာပေါ့"
လင်ယွီရုံက ခေါင်းအသာခါပြသည်။ "ကျွန်မတို့ကလည်း မျိုးရိုးဗီဇ အချက်အလက်တွေကို နောက်မျိုးဆက်တွေဆီ အဆက်မပြတ် လက်ဆင့်ကမ်းနိုင်တယ်ဆိုတဲ့ ထူးခြားချက်ကို အခြေခံပြီး အခွင့်အရေးရတုန်း ဒီနည်းလမ်းကို ထာဝရအသက်ရှင်ခြင်း ကျင့်စဉ်မှာ အသုံးချခဲ့တာပါပဲ"
"သက်ရှိတိုင်းမှာ မျိုးရိုးဗီဇ အချက်အလက်တွေ ရှိပါတယ်... သန္ဓေပြောင်း သက်ရှိတွေ အားလုံးရဲ့ မျိုးရိုးဗီဇ အချက်အလက်တိုင်းကို ရှေးခေတ် အစွမ်းပိုင်ရှင်တွေက ဝင်ရောက် စွက်ဖက်ထားတာတော့ မဟုတ်ပါဘူး"
"ရှေးခေတ်တုန်းက ဒီလိုနည်းလမ်းမျိုးကို အသုံးပြုနိုင်တဲ့ အစွမ်းပိုင်ရှင်တွေ သိပ်မရှိလှပါဘူး"
ထိုသို့ပြောလိုက်သည့် အချိန်တွင် သူမ၏ အမူအရာက အနည်းငယ် ဂုဏ်ယူဝင့်ကြွားနေပုံ ရသည်။
လင်းယွမ်က သူမကို တစ်ချက်စောင်းကြည့်လိုက်ပြီး လေသံအေးအေးဖြင့် မေးလိုက်သည်။ "မင်းက တော်တော်လေး ဂုဏ်ယူနေတယ်ပေါ့"
လင်ယွီရုံက ဆိုသည်။ "ဒါပေါ့... ရှင်သာ ကျွန်မတို့ခေတ်တုန်းက နေခဲ့ရမယ်ဆိုရင်... ကျွန်မရဲ့ ကြီးကျယ်ခမ်းနားမှုကို သဘာဝကျကျ မြင်တွေ့ရမှာပါ"
လင်းယွမ်က ရယ်မောလိုက်ပြီး သူမနှင့် ဆက်လက် အငြင်းပွားမနေတော့ဘဲ အရိုးစုကို ကြည့်ကာ မေးလိုက်သည်။ "ဒီအရိုးစုထဲမှာ ဘယ်လို ရှေးဟောင်း အစွမ်းပိုင်ရှင်မျိုး ပုန်းအောင်းနေမလဲဆိုတာ ငါလည်း သိချင်နေပြီ"
"သွေးတွေနဲ့ လောင်းချတာကလွဲပြီး သူ့ကို အမြန်ဆုံး နိုးထလာစေမယ့် တခြားနည်းလမ်း ဘာရှိသေးလဲ"
"သူ့ကို ဖျက်ဆီးပစ်လိုက်" လင်ယွီရုံက တိုက်ရိုက်ပင် ဖြေလိုက်သည်။
"ဟမ်... ဖျက်ဆီးပစ်ရမယ်" လင်းယွမ် အံ့အားသင့်သွားသည်။
"ဟုတ်တယ်... အရိုးစုက မူလကတည်းက သယ်ဆောင်ပေးတဲ့ အရာတစ်ခုပဲ... သူ့ကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်ရင် အထဲမှာ ပုန်းအောင်းနေတဲ့ စိတ်ဝိညာဉ်ကိုယ်ထည်က အလိုအလျောက် နိုးထလာလိမ့်မယ်"
"ဒါပေမဲ့ ဒီနည်းလမ်းကို သုံးပြီး နိုးထလာတာက အရမ်း အကြမ်းဖျင်းဆန်လွန်းတယ်... နိုးထလာပြီးတဲ့နောက် သူ့ရဲ့ စွမ်းအားက အလွန်တရာ အားနည်းနေလိမ့်မယ်"
လင်းယွမ်က မေးလိုက်သည်။ "မင်းတုန်းကရော ဘယ်လို နိုးထလာခဲ့တာလဲ... ပြီးတော့ ဘာကိုအားကိုးပြီး ကြီးမားတဲ့ စွမ်းအားတွေကို ပြန်လည် ရရှိခဲ့တာလဲ"
လင်ယွီရုံက လင်းယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး ဖြေသည်။ "ကျွန်မက ချန်ယွင်တောက် ရဲ့ အသက်ဓာတ်ကို အကုန် စုပ်ယူပစ်ခဲ့တာ"
"သူက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်မှာရှိတဲ့ အစွမ်းပိုင်ရှင် တစ်ယောက်ပဲ... တိုးတက်မှုနှုန်းက ၂၀% အထိ ရောက်နေပြီလေ... သူ့ရဲ့ သွေးအဆီအနှစ်တွေကို စုပ်ယူလိုက်တော့ ကျွန်မရဲ့ ဒီခန္ဓာကိုယ်ကလည်း မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ၂၀% အဆင့်ကို တိုက်ရိုက် ပြန်ရောက်သွားတာပဲ"
"အဲဒီနောက် ကျွန်မရဲ့ စိတ်ဝိညာဉ်အသိ အပိုင်းအစ တချို့ကို ထပ်မံရှာဖွေတွေ့ရှိပြီး စုပ်ယူလိုက်တဲ့ အခါကျမှ တိုးတက်မှုနှုန်းကို အမြန်ဆုံး မြှင့်တင်နိုင်ခဲ့တာပါ"
လင်းယွမ်သည် ထိုစကားကို ကြားသောအခါ ချန်ယွင်တောက်အတွက် စက္ကန့်ဝက်ခန့် တိတ်တဆိတ် ဝမ်းနည်းပေးလိုက်မိသည်။
ထိုလူလည်း အတော်ကံဆိုးရှာသည်... ရေပေါ်ကျွန်း တစ်ကျွန်းကို ဖန်တီးစီရင်နိုင်ခဲ့သော်လည်း သွေးသလင်းကျောက် တွေကိုတော့ သူကိုယ်တိုင် အကုန်တူးယူပစ်ခဲ့မိသည်။
ရေပေါ်ကျွန်း ၏ ကျွန်းပိုင်ရှင် ဖြစ်လာပြီးတဲ့နောက်မှာလည်း... လင်ယွီရုံ လို ရှေးခေတ် အစွမ်းပိုင်ရှင်၏ လှည့်စားမှုကို ခံရပြီး အသားနဲ့ သွေးတွေကို အကုန်စုပ်ယူခံလိုက်ရသေးသည်။
ဒီ ချန်ယွင်တောက် ကတော့ တကယ့်ကို အသုံးချခံ သက်သက်ပါပဲလား။
လင်းယွမ်က လင်ယွီရုံကို ကြည့်ကာ မေးလိုက်သည်။ "မင်းရဲ့ ရုပ်ခန္ဓာက မသေနိုင်ဘူးဆိုမှတော့... ခုနက ဘာကိစ္စ အဲဒီလောက် ပြတ်ပြတ်သားသား ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာလဲ"
လင်ယွီရုံက သက်ပြင်းတစ်ချက်ချလိုက်သည်။ "ကိုယ့်ကိုယ်ကိုယ် သတ်သေပြီးတဲ့နောက်... စိတ်ဝိညာဉ်ကိုယ်ထည်က ခန္ဓာကိုယ်ကနေ ခွဲထွက်လာနိုင်လို့ပါ"
"ရှင့်ရဲ့ ဝိညာဉ်ချုပ် သင်္ကေတက ကျွန်မရဲ့ စိတ်ဝိညာဉ်ကိုယ်ထည် အပေါ်ကို တိုက်ရိုက် သက်ရောက်မှု ရှိလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး"
လင်းယွမ်က သူမကို အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်လိုက်ပြီး လေသံအေးအေးဖြင့် ပြောလိုက်သည်။ "အော်... မင်းက သေချင်ယောင်ဆောင်ပြီး အသက်လု ထွက်ပြေးချင်တာလို့ ငါက ထင်နေတာ"
လင်ယွီရုံ ချက်ချင်းပင် ရှက်ရွံ့ခြင်းနှင့် ဒေါသထွက်ခြင်းတို့ ရောယှက်သွားကာ လက်သီးကို တင်းတင်းဆုပ်ထားလိုက်သည်။
သို့သော် သူမ၏ စိတ်ဝိညာဉ်ကိုယ်ထည်မှာ ကျွန်ပြုခံထားရသဖြင့် လုံးဝ ပြန်လည်ခုခံနိုင်စွမ်း မရှိတော့ဘဲ ဤဒေါသကို မျိုသိပ်ထားရုံသာ တတ်နိုင်တော့သည်။
သို့သော် အမှန်တကယ်တွင်... ခုနက သူမသည် ထိုသို့သော အတွေးမျိုးကို လက်ကိုင်ထားခဲ့ခြင်း ဖြစ်သည်။
တစ်ခုတည်းသော ကြိုတင်မတွေးမိခဲ့သည့် အရာမှာ ဝိညာဉ်ချုပ် သင်္ကေတသည် စိတ်ဝိညာဉ်အပေါ် တိုက်ရိုက် သက်ရောက်မှုရှိနေပြီး ရုပ်ခန္ဓာ သေဆုံးသွားလျှင်ပင် ထွက်ပြေး၍ မလွတ်နိုင်ခြင်းပင် ဖြစ်သည်။
ခုနက ပြတ်သားပုံရသော လည်လှီးသတ်သေသည့် လုပ်ရပ်မှာ ယခုအခါ ပြန်ကြည့်လျှင် အတော်လေး ရယ်စရာကောင်းနေတော့သည်။
လင်းယွမ်က သူမကို ဆက်ပြီး ဂရုမစိုက်တော့ဘဲ ထိုရေသူမ အရိုးစုကို လေ့လာရင်း ခေတ္တမျှ ငိုင်ကာ တွေးတောနေမိသည်။
ဒီအရိုးစုထဲမှာ ရှေးဟောင်း အစွမ်းပိုင်ရှင် တစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကိုယ်ထည် ပုန်းကွယ်နေတယ်... ပြန်လည် မနိုးထလာသေးပေမယ့် ဒီလို အခြေအနေမျိုးမှာ ငါ့ရဲ့ ဝိညာဉ်ချုပ် သင်္ကေတက သူ့ကို ကျွန်ပြုနိုင်ပါ့မလား။
အရိုးစုကို ဖျက်ဆီးပစ်တဲ့ နည်းလမ်းကိုသုံးပြီး တစ်ဖက်လူရဲ့ ဝိညာဉ်ကို အတင်းအကျပ် နိုးထလာစေတာက သိပ်ပြီး အဆင်မပြေလောက်ဘူး။
တစ်ဖက်လူကို ကျွန်ပြုပြီး ကိုယ့်ရဲ့ အစေခံအဖြစ် ပြောင်းလဲချင်မှတော့... တစ်ဖက်လူရဲ့ စွမ်းအားက မြင့်လေလေ ကောင်းလေလေပဲ ဖြစ်ရမယ်။
အရိုးစုကို ဖျက်ဆီးပစ်လိုက်ရင်... တစ်ဖက်လူက နိုးထလာရင်တောင် စွမ်းအားတွေ အလျင်အမြန် လျော့ကျသွားလိမ့်မယ်... ဒီလို အစေခံမျိုးကို သိမ်းသွင်းထားလည်း ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။
လင်းယွမ်က မေးလိုက်သည်။ "သွေးနဲ့ လောင်းချရမယ်ဆိုတာ လူသွေးမှ ရမှာလား... သန္ဓေပြောင်း သားရဲရဲ့ သွေးဆိုရင်ကော မရဘူးလား"
လင်ယွီရုံက လင်းယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး ဖြေသည်။ "ရပါတယ်... ဒါပေမဲ့ သွေးထဲမှာ ပါဝင်တဲ့ သန္ဓေပြောင်းစွမ်းအင် တွေ ပိုများလေလေ ပိုကောင်းလေလေပါပဲ"
လင်းယွမ်က ခေါင်းအသာညိတ်လိုက်သည်။ ထိုက်ယန်တောင်တွင် မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိ သန္ဓေပြောင်း သားရဲများစွာ ရှိသည်။
သားသတ်ရုံ ဘက်မှာလည်း... နေထိုင်သူတွေ အမဲလိုက် သတ်ဖြတ်လာတဲ့ မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိ သန္ဓေပြောင်း သားရဲတွေကို မကြာခဏ ရရှိတတ်သည်။
ထိုအရာတွေကို အပြည့်အဝ ယူဆောင်လာပြီး ဒီအရိုးစုကို လောင်းချပေးလို့ ရသည်... ထိုသို့ဆိုလျှင် သူ့ကို အမြန်ဆုံး ပြန်လည် နိုးထလာစေနိုင်လိမ့်မည်။
သေချာသည်မှာ... အဲဒီလို မလုပ်ခင်မှာတော့ လင်းယွမ်က သူ့အပေါ် ဝိညာဉ်ချုပ် သင်္ကေတ ကို အရင်ဆုံး ရိုက်သွင်းထားဖို့ ဆုံးဖြတ်လိုက်သည်။
ဆက်ရန်...