အခန်း (၂၉၅-၂၉၆)
Vol. 26 Ch. 295-296
အပိုင်း (၂၉၅)
စီးမျိုးနွယ်စု၏ အင်အား မည်မျှပင် ကြီးမားစေကာမူ တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်သည် သိန်းနှင့်ချီကို မခုခံနိုင်ခဲ့ပေ။
ဆယ်စုနှစ် အနည်းငယ်အတွင်း တောင်ပိုင်း လူရိုင်းများနယ်မြေ စတုရန်း ကီလိုမီတာ တစ်သန်းကျော်သည် တောင်ပိုင်းကျိုးအင်ပါယာ၏ နယ်မြေသစ် ဖြစ်လာခဲ့၏။
စီးမျိုးနွယ်စု၏ ကုန်းမြေပေါ်ရှိ မြို့များ အားလုံးလည်း သိမ်းပိုက်ခံလိုက်ရသည်။
သို့ပေမည့် စီးမျိုးနွယ်စုသည် ပင်လယ်ပြင်ကို ကျောထောက်နောက်ခံ ပြုထားပြီး ပင်လယ်ဓားပြ၏ အခြေခံ အုတ်မြစ် ရှိနေသေးရာ ပင်လယ်ပြင် ကုန်သွယ်ရေးဖြင့် စစ်ရေး အထောက်အပံ့များကို အဆက်မပြတ် ရရှိနိုင်သေး၏။
ထို့ကြောင့် စီးမျိုးနွယ်စုက လက်နက်ချလိုက်၊ ပြန်ပုန်ကန်လိုက် လုပ်ငန်းစဉ်ကို စတင်ခဲ့သည်။
တောင်ပိုင်းကျိုးအင်ပါယာ စစ်တပ်များ ရှိနေချိန်တွင် စီးမျိုးနွယ်စုက လိမ်လိမ်မာမာဖြင့် ငြိမ်သက်နေ၏။
သို့ပေမည့် စစ်တပ်များ ပြန်လည် ထွက်ခွာသွားသည်နှင့်တပြိုင်နက် သူတို့က ပင်လယ်ပြင်မှ ပြန်လည် တက်လာကာ မြို့များကို တိုက်ခိုက် သိမ်းပိုက်ကြသည်။
ထို့ကြောင့် နောက်ဆုံး ဆယ်နှစ်ကျော် ကာလအတွင်း တောင်ပိုင်းကျိုးအင်ပါယာ၏ တောင်ပိုင်း လူရိုင်းများ နယ်မြေ စစ်ပွဲများ အားလုံးမှာ စီးမျိုးနွယ်စုနှင့်သာ ဖြစ်ပွားခဲ့ခြင်း ဖြစ်၏။
ဤသို့ဆိုလျှင် မဖြစ်တော့ပေ။ ဤကဲ့သို့သော စစ်ပွဲမျိုးက အကျိုးအမြတ် မရှိဘဲ နိုင်ငံတော်၏ အင်အားကိုသာ ဖြုန်းတီးရာ ရောက်မှာဖြစ်သည်။
ထို့ကြောင့် အောက်ရှင်းက အကြံပြုခဲ့၏။ “ခင်ဗျားတို့ စီးမျိုးနွယ်စုက နယ်မြေ ခွဲဝေပြီး ဘုရင် လုပ်ချင်တာ မဟုတ်လား။ ရတယ်။ ကျုပ် ဧကရာဇ်မင်းမြတ်နဲ့ သွားဆွေးနွေးပေးမယ်။”
နောက်ဆုံးတွင် တကယ် အောင်မြင်သွားခဲ့၏။ စီးမျိုးနွယ်စုကို နယ်မြေ ခွဲဝေပေးကာ ဘုရင်အဖြစ် သတ်မှတ် ပေးလိုက်ပြီး ကျိန့်ဟိုင်ပြည်နယ် တစ်ခုလုံးသည် စီးမျိုးနွယ်စု၏ နယ်မြေ ဖြစ်လာခဲ့ကာ စီးပြန်း သည် တောင်ပိုင်းကျိုးအင်ပါယာ၏ တစ်ဦးတည်းသော မျိုးရိုးမတူသည့် ဘုရင် ဖြစ်လာခဲ့သည်။
ထို့နောက် စီးမျိုးနွယ်စုသည် လုံးဝ ပုန်ကန်ခြင်း မပြုတော့ဘဲ တာ့ကျိုး ကျိန့်ဟိုင်ဝမ် ဟူသော အမည်ဖြင့် တောင်ပိုင်း လူရိုင်းများ၏ ပုန်ကန်မှုများကို တစ်ကြိမ်ပြီး တစ်ကြိမ် နှိမ်နင်းပေးခဲ့၏။
ထို့အပြင် စီးမျိုးနွယ်စုသည် တောင်ပိုင်းကျိုးအင်ပါယာ၏ ပင်လယ်ပြင် ကုန်သွယ်ရေး သုံးပုံတစ်ပုံကိုပါ တာဝန်ယူ လုပ်ဆောင်ပေးပြီး အစိုးရအတွက် နှစ်စဉ် အခွန်ငွေ အမြောက်အမြား ရှာဖွေပေးခဲ့သည်။
တောင်ပိုင်းကျိုးအင်ပါယာ၏ ဆိပ်ကမ်း အကောက်ခွန်ရုံး သုံးခု အနက် တစ်ခုမှာ ကျိန့်ဟိုင်မြို့တွင် တည်ရှိ၏။
ထို့ကြောင့် တောင်ပိုင်းကျိုးအင်ပါယာ တစ်ခုလုံးတွင် မည်သူက အစွမ်းအထက်ဆုံး အမတ် ဖြစ်သနည်း။ ကျိန့်ဟိုင်ဝမ် စီးပြန်း ဖြစ်သည်။
သူ့တွင် နယ်မြေ ရှိသည်၊ စစ်တပ် ရှိသည်၊ ရေတပ် ရှိသည်၊ မရေမတွက်နိုင်သော ငွေကြေးများ ရှိ၏။
ကျိန့်ဟိုင်ဝမ် စီးပြန်း၏သား စီးကွမ် သည် အချိန်အများစုတွင် မြို့တော်၌ စာသင်နေပြီး ဓားစာခံ သဘောမျိုး လည်း ဖြစ်သည်။
သို့ပေမည့် ဤ ကျိန့်ဟိုင်ဝမ်၏ သားသည် တောင်ပိုင်းကျိုးအင်ပါယာ တစ်ခုလုံးတွင် မည်သူမှ မစော်ကားရဲဆုံးသူ ဖြစ်၏။
သူ၏ မိသားစုက အင်အားတောင့်တင်းပြီး သူ၏ ဖခင်က တော်သောကြောင့် သူက မည်သည့်နေရာတွင်မဆို ထင်ရာစိုင်း၍ ရသည်။
ထို့ကြောင့် မင်းသားကို စော်ကားမိရင်တောင် ကျိန့်ဟိုင်ဝမ်၏ သားကို မစော်ကားမိစေနှင့် ဟူသော စကား ပေါ်ထွက်လာ၏။
ဆိုလိုသည်မှာ တောင်ပိုင်းကျိုးအင်ပါယာတွင် မင်းသား တစ်ပါးပါးကို စော်ကားမိပါက အသက်အန္တရာယ် မရှိနိုင်သော်လည်း ကျိန့်ဟိုင်ဝမ်၏သား စီးကွမ်ကို စော်ကားမိပါက သေချာပေါက် သေရမည်ဖြစ်ပြီး မည်သူကမှ ကယ်တင်နိုင်မည် မဟုတ်ပေ။
ဤမျှတော်သော ကျိန့်ဟိုင်ဝမ် စီးကွမ်အနေဖြင့် ယနေ့အချိန်တွင် ဤမျှ အာဏာနှင့် ဩဇာ ရှိနေခြင်းမှာ ပထမဆုံး အနေဖြင့် အောက်ရှင်းကို ကျေးဇူးတင်ရမှာ ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဤနယ်မြေခွဲဝေပြီး ဘုရင်အဖြစ် သတ်မှတ်ခံရခြင်းမှာ အောက်ရှင်းက ဧကရာဇ်နှင့် သွားရောက် ဆွေးနွေးပေးခဲ့ခြင်း ဖြစ်သောကြောင့်ပင်။ သေချာသည်မှာ ထိုအချိန်က ဧကရာဇ်ထျန်းယန် နန်းတက်နေချိန် ဖြစ်သည်။
ယခုတစ်ကြိမ်တွင်တော့ ကျိန့်ဟိုင်ဝမ်၏ စာချွန်လွှာက အောက်ရှင်းကို စွပ်စွဲ တိုက်ခိုက်လိုက်ပြီး စာလုံးရေ တစ်ထောင်ကျော် ပါဝင်၏။
နုလန်ဟောက် အောက်ရှင်းကို ကြီးလေးသော ပြစ်မှု သုံးခုဖြင့် စွပ်စွဲထားသည်။
ပထမ အချက်၊ စီးမျိုးနွယ်စုထံမှ လာဘ်ငွေ အမြောက်အမြား တောင်းယူခြင်း၊ ဒုတိယအချက် စီးမျိုးနွယ်စု၏ ရေတပ်ကို အသုံးပြုကာ မှောင်ခိုကူးခြင်း၊ စစ်တပ်၏ မဟာဗျူဟာ ပစ္စည်းများကို ရောင်းချခြင်း၊ တတိယ အချက် တောင်ပိုင်း လူရိုင်းများ နယ်မြေတွင် ရှိနေစဉ် အာဏာကို အလွဲသုံးစား လုပ်ကာ ကိုယ်ပိုင်စစ်တပ် ဖွဲ့စည်းခြင်းတို့ ဖြစ်၏။
ကိုယ်ပိုင် ဖွဲ့စည်းထားသော စစ်တပ်မှာ လူနှစ်သောင်းကျော် ရှိ၏။ စစ်တပ်ကို အသုံးပြု၍ မှောင်ခိုကူးခြင်းနှင့် လာဘ်ငွေ တောင်းယူခြင်းကြောင့် ရရှိသော ငွေကြေး ပမာဏမှာ ငွေတုံး သုံးသန်းကျော် ရှိသည်။
ကျိန့်ဟိုင်ဝမ် ဆိုသည်မှာ မည်သူနည်း။ ယခု တောင်ပိုင်းကျိုးအင်ပါယာ၏ အကြီးမားဆုံးသော နယ်စား ဘုရင် ဖြစ်ပြီး ယခုကဲ့သို့ အရေးကြီးသော အချိန်တွင် တောင်ပိုင်း လူရိုင်းများ နယ်မြေကို လုံးဝ မငြိမ်မသက် ဖြစ်စေ၍ မရပေ။
တောင်ပိုင်း လူရိုင်းများ နယ်မြေ ငြိမ်သက်ခြင်း၊ မငြိမ်သက်ခြင်း၏ အဓိက သော့ချက်မှာ ကျိန့်ဟိုင်ဝမ် ထံတွင် ရှိနေ၏။
ကျိန့်ဟိုင်ဝမ်က အောက်ရှင်းကို စွပ်စွဲလိုက်ခြင်းသည် မည်မျှ ကြီးမားသော အလေးချိန် ရှိသနည်း။ ဤသည်မှာ စွပ်စွဲခြင်း သက်သက် မဟုတ်ဘဲ ခြိမ်းခြောက်ခြင်း တစ်မျိုးလည်း ဖြစ်သည်။
အောက်ရှင်း သည် ညီလာခံတွင် ဒေါသ ပေါက်ကွဲသွား၏။
‘ကျုပ်က စီးမျိုးနွယ်စုဆီက လာဘ်ငွေ တောင်းယူခဲ့တယ် ဟုတ်လား။ အဲဒီတုန်းက တောင်ပိုင်းကို စစ်ချီတဲ့ အချိန်မှာ စစ်စရိတ် မရှိတော့ဘူး။ စစ်သည်တွေကို လစာ မပေးနိုင်တော့ဘူး။ စီးမျိုးနွယ်စုက ရှုံးနိမ့်သွားတဲ့ သူတွေဖြစ်လို့ ကျုပ်က စစ်သည်တွေ အတွက် သူတို့ဆီက ငွေတောင်းတာ သဘာဝ ကျတာပဲ မဟုတ်ဘူးလား။
ကျုပ်က ရေတပ်ကို သုံးပြီးမှောင်ခို ကူးခဲ့တယ် ဟုတ်လား။ ကျုပ် တောင်ပိုင်း လူရိုင်းတွေကို နှိမ်နင်းနေတဲ့ အချိန်မှာ တောင်ပိုင်းကျိုးအင်ပါယာရဲ့ ဗဟိုချက်နဲ့ မိုင်ထောင်ချီ ကွာဝေးတယ်။ ကျုပ်က မိုင်ထောင်ချီ အဝေးကနေ ရိက္ခာတွေ ပို့လာတာကို စောင့်နေရမှာလား။
ကျုပ်က လက်နက်တွေ၊ ရိက္ခာတွေ သယ်ဖို့အတွက် စီးမျိုးနွယ်စုရဲ့ ရေတပ်ကို သုံးရမှာပေါ့။ ပြီးတော့ လိုအပ်တဲ့ အချိန်မှာ ပင်လယ်ပြင် ကုန်သွယ်ရေး ဈေးကွက်ကနေ တခြား နိုင်ငံတွေဆီက ရိက္ခာတွေ ဝယ်ယူရသေးတယ်။
ကိုယ်ပိုင် စစ်တပ် ဖွဲ့စည်းတယ် ဆိုတာကတော့ ပိုပြီး ရယ်စရာ ကောင်းသေးတယ်။ ကျုပ် တောင်ပိုင်း လူရိုင်းတွေကို နှိမ်နင်းနေတဲ့ အချိန်မှာ အင်ပါယာရဲ့ စစ်တပ်တွေချည်းပဲ သုံးလို့ ဘယ်လို လုံလောက်မှာလဲ။ သေချာပေါက် ဒေသခံ စစ်တပ်တွေ ဖွဲ့စည်းပြီး လူရိုင်းကို လူရိုင်းနဲ့ ပြန်နှိမ်နင်းဖို့၊ လုံခြုံရေး ထိန်းသိမ်းဖို့ လုပ်ရမှာပေါ့။
ကျုပ် တောင်းယူခဲ့တဲ့ ငွေကြေးတွေ၊ ရေတပ်ကိုသုံးပြီး မှောင်ခိုကူးခဲ့တဲ့ ပစ္စည်းတွေ၊ စုစုပေါင်း ငွေတုံး သန်းနဲ့ချီ ရှိတာ ကျုပ်အိတ်ကပ်ထဲ တစ်ပြားလေးတောင် ဝင်ခဲ့လို့လား။ ကျုပ် လုပ်ခဲ့သမျှ အားလုံးက အင်ပါယာ အတွက်ပဲ၊ ကိုယ်ကျိုး အတွက် တစ်ပြားလေးတောင် ပါခဲ့လို့လား။’
သို့ပေမည့် ဤကဲ့သို့ ပြန်လည် ချေပခြင်းများက အသုံးမဝင်တော့ပေ။
အောက်ရှင်း၏ စရိုက်သဘာဝမှာ အလွန်ပင် ဖြောင့်မတ်တည်ကြည်လှသည်။ သူ ပြုလုပ်ခဲ့သမျှသော ကိစ္စရပ်တိုင်းကို ရဲရဲဝံ့ဝံ့ ဝန်ခံလေ့ ရှိသော်လည်း သူနှင့် မသက်ဆိုင်သည့် စွပ်စွဲချက်များကိုမူ အပ်ဖျား တစ်စက်စာမျှပင် အလျှော့ပေး ဝန်ခံမည့်သူ မဟုတ်ချေ။
သို့သော်လည်း ပြဿနာကား ဤနေရာတွင် ရှိနေသည်မဟုတ်ချေ။ သူ တောင်ပိုင်းလူရိုင်းတို့၏ နယ်မြေတွင် စစ်ရေးအရ ဆောင်ရွက်ခဲ့သမျှသော ကိစ္စရပ်တို့သည် လက်တွေ့တွင် အောင်မြင်အောင် လုပ်ဆောင်၍ ရနိုင်သော်လည်း လူပုံအလယ်တွင် ထုတ်ဖော်ပြောကြားရန် အလွန်တရာ အကဲဆတ်လွန်းလှသည်။
အကယ်၍သာ ထိုအကြောင်းအရာများကို တစ်ခွန်းတစ်ပါဒမျှ ထုတ်ဖော်မိသည်နှင့်တပြိုင်နက် သူသည် သူ၏ အပြစ်ကို သူ့ဘာသာ ဝန်ခံလိုက်သကဲ့သို့ ဖြစ်သွားမည်မှာ မြေကြီးလက်ခတ် မလွဲပင် ဖြစ်တော့သည်။ ထို့ကြောင့် ညီလာခံတွင် အောက်ရှင်း သည် လူတိုင်း၏ ဝိုင်းဝန်း အပြစ်တင်ခြင်းကို ခံခဲ့ရ၏။
ဧကရာဇ်က အမိန့်တော် ထုတ်ပြန်ကာ အောက်ရှင်း၏ ရာထူးများ အားလုံးကို ရုပ်သိမ်းပြီး တော်ဝင် တရားရုံး၏ အကျဉ်းထောင် အတွင်းသို့ ဖမ်းဆီး ချုပ်နှောင်လိုက်သည်။
ထို့နောက် အထူးကိုယ်စားလှယ်အမတ်သည် မြို့တော်မှ ထွက်ခွာကာ ကျန်းကျိုးသို့ သွားရောက်ပြီး ကျန်းကျိုး မြို့ဝန်၏ အကူအညီဖြင့် နုလန်ဟောက် အိမ်တော်ကို ဝင်စီးရန် အမိန့်ပေးလိုက်၏။
ဤသို့ဖြင့် ဤနိုင်ငံရေး မုန်တိုင်းကြီး၏ ပထမဆုံး စတေးခံရသူ ထွက်ပေါ်လာပြီ ဖြစ်သည်။ နုလန်ဟောက် အောက်ရှင်း ပင်ဖြစ်သည်။
အနည်းငယ် လွဲချော်မှုများရှိခဲ့ပြီး အောက်ရှင်း သဘောမတူခဲ့သော်လည်း သူက ဤစစ်ရှုံးမှုအတွက် တာဝန် ယူလိုက်ရပြီး ပြစ်မှုကို တာဝန်ယူပေးခဲ့ရ၏။
ဤသို့ဖြင့် ပိုင်ရှင်မဲ့နယ်မြေကို သိမ်းပိုက်ရန် သွားရောက်ခဲ့သည့် မြောက်ပိုင်းတပ်တော် ဌာနချုပ်၏ ခေါင်းဆောင်ကြီး သုံးဦးလုံး ပြုတ်ကျသွားပြီ ဖြစ်သည်။
ဝေမြို့စားကြီး ကျိုးရူ သေဆုံးသွားပြီ။ အိမ်ရှေ့စံမင်းသား ကျိုးလီ အကျဉ်းချခံရပြီး ယခု နုလန်ဟောက် အောက်ရှင်းလည်း ပြုတ်ကျသွားပြီ ဖြစ်၏။
....................
နုလန်ဟောက် အိမ်တော်...
စစ်သည် သုံးထောင်ခန့်က နုလန်ဟောက် အိမ်တော်ကို ဝိုင်းရံထားကြ၏။ အထူးကိုယ်စားလှယ် အမတ် ထွက်လာပြီး ဧကရာဇ်၏ အမိန့်တော်ကို ဖတ်ပြလေသည်။
တောင်ပိုင်းကျိုးအင်ပါယာ ဧကရာဇ်၏ အမိန့်တော်များမှာ အမြဲတမ်း အလွန် တိုတောင်းလေ့ ရှိ၏။
“ကောင်းကင်ဘုံ၏ အလိုတော်အတိုင်း၊ ဧကရာဇ်မင်းမြတ်၏ အမိန့်တော်ကို ထုတ်ပြန်လိုက်သည်။ နုလန်ဟောက် အိမ်တော်ကို ဝင်စီးစေ။ အမိန့်တော်..”
နုလန်ဟောက်၏ ဇနီး လျိုကတော်က ဒူးထောက်ကာ ဦးညွှတ်ပြီး ပြောလိုက်၏။ “အမိန့်တော်အတိုင်းပါ။”
ထို့နောက် နုလန်ဟောက် အိမ်တော်၏ ကိုယ်လက်အင်္ဂါ ချို့ယွင်းသော သက်တော်စောင့် ရာပေါင်းများစွာက မည်သည့် ခုခံမှုမှ မပြုလုပ်ကြပေ။
အထူးကိုယ်စားလှယ်အမတ် ခေါ်ဆောင်လာသော စစ်တပ်က နုလန်ဟောက် အိမ်တော်အတွင်းသို့ အလျင်အမြန် ဝင်ရောက်သွားပြီး တရားဝင် ဝင်စီးကြလေသည်။
အိမ်တော်အတွင်းရှိ ရတနာတိုင်း၊ ငွေတစ်ပြားတိုင်း၊ ပစ္စည်းတိုင်းကို စာရင်းသွင်း မှတ်တမ်းတင်ရမှာ ဖြစ်၏။
နုလန်ဟောက် အိမ်တော်နှင့် ကပ်လျက်တွင် အောက်မျိုးနွယ်စု၏ အိမ်တော် သုံးခုလည်း ရှိနေသည်။
ဧကရာဇ်ထျန်းယန်က အောက်ရှင်း၏ ကြီးမားသော စစ်ရေး အောင်မြင်မှုများကို ဆုချီးမြှင့်ရန်အတွက် သူ၏ ညီအစ်ကို သုံးဦးကို နယ်စားငယ်ဘွဲ့များ ပေးအပ်ခဲ့ခြင်း ဖြစ်၏။
ယခု နုလန်ဟောက် အိမ်တော် ဝင်စီးခံရသော်လည်း အောက်မျိုးနွယ်စု၏ အခြား အိမ်တော် သုံးခုမှာ လုံခြုံစွာ ရှိနေကြသည်။
အောက်ထင်၊ အောက်ကျင်း အစရှိသူများက အဆောက်အအုံ အမြင့်ပိုင်းတွင် ရပ်ကာ ဤမြင်ကွင်းကို အေးစက်စွာ စောင့်ကြည့်နေကြ၏။
ဤသည်မှာ တကယ့်ကို ကမ်းစပ်ကနေ မီးလောင်သည်ကို ထိုင်ကြည့်နေခြင်း ဖြစ်သည်။
အောက်မျိုးနွယ်စု တစ်ခုလုံးသည် အောက်ရှင်း၏ ဂုဏ်ကျေးဇူးနှင့် အရှိန်အဝါကို အမှီပြု၍ အဆင့်အတန်း မြင့်မားလာခဲ့ကြသည်မှာ ငြင်းပယ်၍မရသော အမှန်တရား ဖြစ်၏။
သို့သော်ငြား ယခုအခါ အောက်ရှင်းသည် စစ်ရှုံးမှုအတွက် တရားခံအဖြစ် ဖမ်းဆီးခံရပြီး ဘေးဒုက္ခနှင့် ရင်ဆိုင်နေရချိန်တွင်မူ အောက်မျိုးနွယ်စုဝင်များသည် အောက်ရှင်းအား ကူညီဖေးမရန် စိတ်ကူး မရှိကြသည့်အပြင် ကျဆုံးနေသူကို အခွင့်ကောင်းယူ၍ အထပ်ထပ် နင်းချေရန်သာ ကြိုးပမ်းနေကြတော့သည်။
ထို့အပြင် နောင်ရေးအတွက် ဘေးကင်းစေရန် ရည်ရွယ်၍ အောက်ရှင်းနှင့် သူတို့ကြားတွင် မည်သည့် ပတ်သက် ဆက်နွှယ်မှုမှ မရှိတော့ကြောင်းကိုလည်း စောစီးစွာပင် အများသိအောင် ကြေညာခဲ့ကြသေး၏။
အထူးသဖြင့် ဘိုးဘိုးကြီး အောက်ထင်ဆိုလျှင် မိမိ၏ ဆွေမျိုးသားချင်းကို သတ်ဖြတ်ရမည် ဖြစ်သော်လည်း အနည်းငယ်မျှ တွန့်ဆုတ်နေမည် မဟုတ်ကြောင်း ကြုံးဝါးခဲ့သည့်အပြင် အောက်ရှင်း၏ မိသားစု တစ်စုလုံးကိုလည်း အောက်မျိုးရိုးစာရင်းမှ အပြီးအပိုင် ပယ်ထုတ်ပစ်ခဲ့လေသည်။
ယခု အောက်မျိုးနွယ်စု အိမ်တော် ဝင်စီးခံရသည်ကို မြင်ချိန်မှာတော့ နယ်စားငယ် အောက်ကျင်းက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “အဆောက်အအုံကြီးတွေ ဆောက်တယ်။ ဧည့်သည်တွေကို ဧည့်ခံတယ်။ အခုတော့ အဆောက်အအုံကြီး ပြိုကျသွားတာကို မြင်လိုက်ရပြီ။
ဟား ဟား ဟား… အောက်ရှင်း… ခင်ဗျား လုပ်ရပ်တွေကြောင့် ခင်ဗျား ခံရတာပဲ။ ကိုယ့်အပြစ်ကိုယ် ခံရတာပဲ။ ကောင်းကင်ဘုံက တရားမျှတမှု ပေးတာပဲ။ နိုင်ငံတော်ရဲ့ ရန်သူကို သတ်ပစ်တာပဲ။”
နယ်စားငယ် အောက်ကျင်း၏ အော်ဟစ်သံများကို ကြားချိန်မှာတော့ ဘေးမှ လူများပင် ကြည့်မရတော့ပေ။
‘အောက်ရှင်းက မွေးစားခံရသူ ဖြစ်ပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျား အောက်ကျင်းရဲ့ ညီအရင်းပဲလေ။ အကယ်၍ သူ့ရဲ့ ကြီးမားတဲ့ စစ်ရေး အောင်မြင်မှုတွေသာ မရှိရင် ခင်ဗျား ဘယ်လိုလုပ် နယ်စားငယ် ဖြစ်လာမှာလဲ။ ခင်ဗျားက ချမ်းသာတဲ့ သခင်လေး တစ်ယောက်လောက်ပဲဖြစ်ပြီး အင်ပါယာရဲ့ ဂုဏ်သရေရှိ မှူးမတ် ဖြစ်လာမှာ မဟုတ်ဘူး။
ဧကရာဇ်ထျန်းယန်က အောက်ရှင်းကို ကွန်းမြို့စားဘွဲ့ မပေးချင်လို့သာ အောက်ရှင်းရဲ့ ကြီးမားတဲ့ ကောင်းကျိုးတွေကို ခင်ဗျားတို့ ညီအစ်ကိုတွေကို နယ်စားငယ်ဘွဲ့ ပေးပြီး အစားထိုးလိုက်တာလေ။ အခု ခင်ဗျားတို့က ကျေးဇူးမတင်တဲ့အပြင် အရင်တုန်းက သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို လုယူဖို့ ကြိုးစားခဲ့သေးတယ်။ အခုကျတော့ ဝမ်းသာအားရ ဖြစ်နေကြသေးတယ်။ တကယ်ကို ခွေးလို ကောင်တွေပဲ။’
....................
အပိုင်း (၂၉၆)
နာရီအနည်းငယ် ကြာပြီးနောက် အိမ်ဝင်စီးခြင်း ပြီးဆုံးသွား၏။
အထူးကိုယ်စားလှယ် အမတ်က စာရင်းစာအုပ်ကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “ဒီလောက်လေးပဲ ရှိတာလား။ ကျိန့်ဟိုင်ဝမ်ရဲ့ စာချွန်လွှာထဲမှာ အောက်ရှင်းက အနည်းဆုံး ငွေတုံး သုံးသန်းလောက် လာဘ်စားခဲ့တယ်လို့ ပြောထားတယ်။ အခု ခင်ဗျားတို့ အိမ်မှာ စုစုပေါင်း ငွေတုံး နှစ်သိန်းတောင် မပြည့်ဘူး။ ပိုက်ဆံတွေ ဘယ်ရောက်သွားလဲ။ ပြောစမ်း”
ယွင်ကျုံးဟဲ့က စိတ်ထဲတွင် အေးစက်စွာ ရယ်မောလိုက်၏။
နုလန်ဟောက်သည် တကယ် ငွေမရှားပေ။ အဘယ်ကြောင့်ဆိုသော် လယ်ဧက ထောင်ပေါင်းများစွာ ရှိပြီး အောက်ရှင်း၏ လစာကလည်း အလွန် မြင့်မားကာ ဘိုးဘေးများ၏ အမွေအနှစ်များလည်း အများအပြား ရှိသောကြောင့် ဖြစ်သည်။
သို့ပေမည့် ဘိုးဘေးများ၏ အမွေအနှစ်များကို အောက်ထင်တို့က နည်းလမ်းပေါင်းစုံ သုံးကာ ယူဆောင်သွား ခဲ့ကြပြီး ဖြစ်၏။ ထို့ကြောင့် ဤ ငွေတုံး နှစ်သိန်းခန့် ရှိနေခြင်းကပင် မဆိုးလှဟု ဆိုရမည်။
‘နုလန်ဟောက် အောက်ရှင်းက ငွေတုံး သုံးသန်း လာဘ်စားခဲ့တယ် ဟုတ်လား။ ခင်ဗျားတို့က တကယ် မသိတာလား၊ ဒါမှမဟုတ် ဟန်ဆောင်နေတာလား။ ဒီလူက မျက်စိထဲမှာ သဲတစ်ပွင့်တောင် အဝင်မခံတဲ့ သူမျိုးပါ။ ငွေတုံး သုံးသန်း မပြောနဲ့၊ တစ်ပြားလေးတောင် လာဘ်မစားခဲ့ဘူး။ အဲဒီအစား ကိုယ့်ပိုက်ဆံတွေတောင် အများကြီး ပြန်စိုက်ခဲ့ရသေးတယ်။’
“ငွေတုံး သုံးသန်းတောင် ရှိတာနော်။”
မြို့ဝန် ဝေ့ချီတွမ်က အေးစက်စွာ ပြောလိုက်၏။ “ဒါတွေ အားလုံးက ပြည်သူတွေရဲ့ ချွေးနှဲစာတွေချည်းပဲ။ ဒီငွေတွေကို ဘယ်မှာ ဝှက်ထားလဲ၊ အမြန် ဝန်ခံလိုက်စမ်း။”
ယွင်ကျုံးဟဲ့က အေးစက်စွာ ရယ်မောလိုက်ပြီး ပြန်ဖြေသည်။ “ပိုက်ဆံတော့ မရှိဘူး။ အသက် တစ်ချောင်းပဲ ရှိတယ်။”
မြို့ဝန် ဝေ့ချီတွမ်က တင်းမာခက်ထန်စွာ အမိန့်ပေးလိုက်၏။ “ကျုပ် ခင်ဗျားကို မဖမ်းရဲဘူးလို့ ထင်နေတာလား။ လာကြစမ်း… အောက်ယွီကို ဖမ်းလိုက်ကြ။”
အမိန့်ပေးသံနှင့်အတူ သိုင်းပညာရှင် အချို့ ပြေးဝင်လာပြီး ယွင်ကျုံးဟဲ့ကို ချက်ချင်း ဖမ်းဆီးလိုက်ကြသည်။
“ကျွန်မသားကို မဖမ်းပါနဲ့… ကျွန်မသားကို မဖမ်းပါနဲ့…” နုလန်ဟောက်၏ ဇနီး လျိုကတော်က ပြေးဝင်လာကာ တောင်းပန်လိုက်၏။
“အမေ… မငိုနဲ့။ မငိုနဲ့။ စိတ်အေးအေးထားပါ။”
ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “နေစရာ နေရာတစ်ခု သေချာရှာပြီး နေလိုက်ပါ။ နင်နင်… အမေ့ကို သေချာ ဂရုစိုက်နော် ကြားလား။”
အောက်နင်နင်၏ မျက်လုံးများ နီရဲနေပြီး မျက်ရည်များကို အတင်းအကျပ် ထိန်းချုပ်ကာ ခေါင်းကို ပြင်းပြင်း ညိတ်ပြလိုက်၏။
“သူ့ကို ခေါ်သွားပြီး ထောင်ထဲ ထည့်လိုက်။” မြို့ဝန် ဝေ့ချီတွမ်၏ အမိန့်ပေးသံနှင့်အတူ အောက်ယွီကို အချုပ်လှည်း အတွင်းသို့ ထည့်သွင်းလိုက်သည်။
ပုံမှန် အချိန်မျိုးတွင်ဆိုလျှင် နုလန်ဟောက်၏ ဇနီးသည် လုံးဝ ရူးသွပ်သွားမှာဖြစ်ပြီး လူသတ်ရန်ပင် ဝန်လေးမည် မဟုတ်ပေ။ ကိုယ်စား အဖမ်းခံရန်လည်း ပြောဆိုမှာဖြစ်၏။
သို့ပေမည့် အောက်ယွီက လုံးဝ ပြဿနာ မရှာရန်၊ အစီအစဉ်များကို မဖျက်ဆီးရန် ပြောထားခဲ့သည်။
ဤတစ်ကြိမ် ထောင်ထဲသို့ သူ အောက်ယွီ သေချာပေါက် သွားရမှာဖြစ်သည်။ မဟုတ်ပါက နောက်ပိုင်း ဗုံးပေါက်ကွဲချိန်တွင် သူပါ အမှုန့်ကြိတ်ခံရမှာဖြစ်၏။
ဤကြောက်မက်ဖွယ်ကောင်းသော ဗုံးကြီး ပေါက်ကွဲချိန်တွင် အောက်ယွီ အနေဖြင့် ထောင်ထဲတွင် ပုန်းအောင်းနေခြင်းကသာ အဖြူစင်ဆုံးနှင့် အလုံခြုံဆုံး ဖြစ်သည်။
အထူးကိုယ်စားလှယ်အမတ်က အေးစက်စွာ ပြောလိုက်၏။ “သခင်မ… သွားကြရအောင်။ ကျုပ်တို့ ခင်ဗျား အတွက် နေစရာနေရာ စီစဉ်ပေးထားပါတယ်။ ကျန်းကျိုး အစိုးရ တည်းခိုခန်းမှာပါ။”
နုလန်ဟောက်၏ ဇနီးက မေးလိုက်သည်။ “ကျွန်မ အဖမ်းခံရတာလား။”
“လောလောဆယ်တော့ မဟုတ်သေးပါဘူး။ အိမ်ပြင်မထွက်ရ အကျယ်ချုပ်ပါ။”
အထူးကိုယ်စားလှယ် အမတ်က ပြန်ဖြေ၏။ “ကျုပ် လက်ထဲမှာ စာရင်း တစ်ခု ရှိပါတယ်။ တိုက်ဆိုင်စွာနဲ့ပဲ ဒါက ခင်ဗျားတို့ အောက်မျိုးနွယ်စုက လူတွေ ပေးထားတာပါ။ အဲဒီထဲမှာ လူတိုင်းရဲ့ နာမည်ကို ရှင်းရှင်းလင်းလင်း ရေးထားပါတယ်။
အခု ကျုပ် နာမည် ခေါ်ပါ့မယ်။ ခင်ဗျားတို့ သတင်း သွားပေးတာတွေ၊ မကောင်းမှု လုပ်တာတွေ၊ သက်သေ ဖျောက်ဖျက်တာတွေ မလုပ်နိုင်အောင် လူတစ်ယောက်မှ မကျန်ရပါဘူး။”
ဤစာရင်းကို မည်သူ ပေးခဲ့သနည်း။ သေချာပေါက် ဘိုးဘိုးကြီး အောက်ထင် ဖြစ်သည်။
နုလန်ဟောက်၏ ဇနီးက မေးလိုက်၏။ “ဒါဆို ကျွန်မ အိမ်ထဲ ဝင်ပြီး ပစ္စည်း နည်းနည်း သွားယူလို့ ရမလား။”
“မရဘူး။”
ဝေ့ချီတွမ်က အေးစက်စွာ ရယ်မောလိုက်ပြီး ပြန်ဖြေလိုက်သည်။ “ဒီ နုလန်ဟောက်အိမ်တော်ကို လုံးဝ ချိတ်ပိတ်လိုက်ပါပြီ။ ဒီထဲက ပစ္စည်းတွေ အားလုံးက အင်ပါယာရဲ့ ပိုင်ဆိုင်မှု ဖြစ်သွားပြီဖြစ်လို့ ခင်ဗျားတို့နဲ့ မဆိုင်တော့ပါဘူး။”
“လာကြစမ်း... ချိတ်ပိတ်လိုက်ကြ။”
မြို့ဝန် ဝေ့ချီတွမ်က အမိန့်ပေးလိုက်၏။ “ဒီနေ့ကစပြီး ဘယ်သူမှ အထဲ မဝင်ရဘူး။ ဝင်တဲ့ သူမှန်သမျှ အကုန်သတ်...”
ထို့နောက် နုလန်ဟောက် အိမ်တော်၏ နေရာတိုင်းတွင် ချိတ်ပိတ် စာရွက်များကပ်ထားလိုက်ပြီး ပန်းအိုး တစ်လုံးပင် မကျန်တော့ပေ။
“သွားမယ်။” အမိန့်ပေးသံနှင့်အတူ မြို့ဝန် ဝေ့ချီတွမ်က အချုပ်လှည်းအတွင်းမှ အောက်ယွီကို ခေါ်ဆောင်ကာ မြို့ဝန်ရုံးသို့ ဦးတည်သွားလေသည်။
အထူးကိုယ်စားလှယ်အမတ်က နုလန်ဟောက်၏ ဇနီး လျိုကတော်နှင့် နုလန်ဟောက် အိမ်တော်မှ လူရာပေါင်းများစွာကို ကျန်းကျိုး အစိုးရတည်းခိုခန်းသို့ အိမ်ပြင်မထွက်ရ အကျယ်ချုပ်ချရန် ခေါ်ဆောင် သွား၏။
လမ်းတစ်လျှောက်လုံး နုလန်ဟောက် အိမ်တော်မှ အစေခံမလေးများ အားလုံး အသံကျယ်ကျယ်ဖြင့် ငိုကြွေးကြလေသည်။
ငိုသူများ တစ်ဖြည်းဖြည်းများပြားလာပြီး နောက်ဆုံးတွင် ငိုသံများ ကောင်းကင်သို့တိုင် ညံသွား၏။
နုလန်ဟောက်၏ ဇနီး လျိုကတော်ကတော့ မငိုပေ။ သို့သော်ငြား မျက်ရည်များ မကျစေရန် ကောင်းကင်ကို မော့ကြည့်နေသည်။
သူမ၏ ရင်ထဲတွင် အဆုံးမရှိသော ဒေါသများ၊ အဆုံးမရှိသော မကျေနပ်မှုများ ပြည့်နှက်နေ၏။ ‘ဘာလို့လဲ။ ငါ့ယောက်ျား အောက်ရှင်းက သစ္စာရှိစွာနဲ့ တာ့ကျိုးအင်ပါယာအတွက် ကြီးမားတဲ့ စစ်ရေး အောင်မြင်မှုများ ရယူပေးခဲ့တာ မဟုတ်ဘူးလား။’
တောင်ပိုင်း လူရိုင်းများ၏ နယ်မြေ စတုရန်း ကီလိုမီတာ တစ်သန်းကျော်တွင် အများစုမှာ အောက်ရှင်း တိုက်ခိုက် သိမ်းပိုက်ပေးခဲ့ခြင်း ဖြစ်၏။ အခြားသူများက အာဏာ ကြီးမားလာပြီး ရာထူးများ ပိုမို မြင့်မားလာကြသည်။
သူမ၏ ခင်ပွန်း အောက်ရှင်း တစ်ယောက်တည်းသာ စစ်တိုက်သည့် အချိန်တွင် အသေအလဲ အသုံးချခံရပြီး စစ်မတိုက်သည့် အချိန်တွင် ဘေးဖယ်ထားခံရသည်။ စစ်ရှုံးချိန်မှာတော့ ပြစ်မှုကို တာဝန်ယူပေးရပြန်၏။
နိုင်ငံတော်အတွက် ဆယ်စုနှစ်ပေါင်းများစွာ စစ်တိုက်ပေးခဲ့သော်လည်း ရာထူး တစ်ဆင့်မှ မတိုးခဲ့ဘဲ သူ၏ ညီအစ်ကို သုံးဦးကိုသာ နယ်စားငယ်ဘွဲ့ ပေးအပ်ခဲ့သည်။
ယခု ဒုက္ခရောက်သော အချိန်တွင် ညီအစ်ကို သုံးဦးနှင့် အောက်ထင်တို့က ကူညီရန် မကြိုးစားသည့်အပြင် အသေအလဲ ထပ်မံ နင်းချေရန် ကြိုးစားနေကြသေး၏။
‘ဒီလို တာ့ကျိုးအင်ပါယာမျိုးကို ဆက်ပြီး သစ္စာစောင့်သိဖို့ လိုသေးလို့လား။ ပုန်ကန်လိုက်တာ ပိုကောင်းမယ်။’
အကယ်၍ ဤအကျပ်အတည်းကို ကျော်ဖြတ်နိုင်ပါက လျိုကတော်ကိုယ်တိုင် ယောက်ျားဖြစ်သူ၏ ခြေထောက် နှစ်ဖက်ကို ရိုက်ချိုးပစ်ချင်စိတ် ပေါက်နေ၏။ ထိုသို့ဆိုလျှင် သူက အိမ်မှာပဲနေပြီး သူမကို အဖော်ပြုပေးနိုင်မည်ဖြစ်ကာ တောင်ပိုင်းကျိုးအင်ပါယာအတွက် စစ်သွားတိုက်ရန် မလိုအပ်တော့ပေ။
ထို့နောက် အိမ်၏ကိစ္စ အားလုံးကို ဖက်တီးလေးကို လွှဲအပ်ပေးလိုက်မှာဖြစ်၏။ ဖက်တီးလေးက ပိုဉာဏ်ကောင်းပြီး မိသားစုကို ပိုမို ကာကွယ်ပေးနိုင်သည်။
လျိုကတော်က အံ့ကြိတ်ထားသည်။ ယခုအချိန်တွင် သူမက အောက်ယွီ၏ စကား တစ်ခွန်းကိုသာ အားကိုးပြီး တောင့်ခံနေခြင်း ဖြစ်၏။
“အမေ… သုံးရက်ပဲ။ သုံးရက် အချိန်ပေး… သုံးရက်အတွင်းမှာ ကျုပ်တို့ အိမ်ပြန်နိုင်မယ်။ ပြီးတော့ ကျုပ်တို့ကို ဖမ်းတဲ့သူတွေ၊ ကျုပ်တို့ အိမ်ကို ဝင်စီးတဲ့သူတွေ အားလုံး အသေဆိုးနဲ့ သေရမယ်။”
.................
ကျန်းကျိုး အကျဉ်းထောင်....
“ဝင်သွားစမ်း” အကျဉ်းစောင့်က အောက်ယွီကို အကျဉ်းခန်း အတွင်းသို့ တွန်းသွင်းလိုက်၏။
“မထင်ထားဘူး မဟုတ်လား။ သခင်လေး အောက်ယွီ… ခင်ဗျားလည်း ဒီလိုနေ့မျိုး ရောက်လာမယ် ဆိုတာ။ နုလန်ဟောက် အိမ်တော်ရဲ့ သခင်လေးက ကျုပ်တို့ လက်ထဲ ရောက်လာပြီပေါ့။”
အကျဉ်းထောင်မှူးက အေးစက်စွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။ “လာဘ်ငွေကော...”
ယွင်ကျုံးဟဲ့က ပြန်မေး၏။ “ဘာ လာဘ်ငွေလဲ။”
အကျဉ်းထောင်မှူးက ပြောလိုက်သည်။ “ခင်ဗျား တကယ် မသိတာလား၊ ဒါမှမဟုတ် ဟန်ဆောင်နေတာလား။ ဘယ်သူပဲ ဖြစ်ဖြစ်၊ ရာထူး ဘယ်လောက်ကြီးကြီး၊ ဒီကို ရောက်ရင် ခွေးတစ်ကောင်လို လိမ္မာနေရမယ်။ လာဘ်ငွေ ပေးရမယ်။ မဟုတ်ရင် ခင်ဗျားကို ဒီအထဲမှာ ရှင်လျက်နဲ့ သေချင်စိတ် ပေါက်အောင် လုပ်ပစ်မယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အကျဉ်းထောင်မှူးကြီးရဲ့ နာမည်ကို သိပါရစေ။”
အကျဉ်းထောင်မှူးက အေးစက်စွာ ပြန်ဖြေသည်။ “နာမည် မပြောင်းဘူး၊ မျိုးရိုး မပြောင်းဘူး။ ဝမ်ဝူ လို့ခေါ်တယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဝမ်ဝူ… ကျုပ်က နုလန်ဟောက်ရဲ့ သားပါ။ ကျားလိုလူမျိုးက ခွေးတွေရဲ့ အနိုင်ကျင့်တာကို ခံရတော့မှာလား။ ခင်ဗျား အခု ကျုပ်ဆီက လာဘ်ငွေ တောင်းနေတာ၊ ကျုပ် အပြင် ထွက်သွားရင် ပြန်လက်စားချေမှာကို မကြောက်ဘူးလား။”
အကျဉ်းထောင်မှူး ဝမ်ဝူက အေးစက်စွာ ရယ်မောလိုက်သည်။ “အပြင်ထွက်မယ်။ ဟုတ်လား။ ခင်ဗျား အပြင်ထွက်လို့ မရတော့ဘူး။ လာကြစမ်း… သခင်လေး အောက်ယွီကို ကောင်းကောင်း ဧည့်ခံပေးလိုက်ကြ။ ပထမဆုံး နတ်ရေစင်ကနေ စလိုက်။”
ထို့နောက် အကျဉ်းစောင့် အချို့က သေးအိုး တစ်လုံးကို ယူလာပြီး လူအနည်းငယ်က လူအများရှေ့တွင် သေးပေါက်ချလိုက်ရာ တစ်အိုး အပြည့် ဖြစ်သွား၏။
“လာ… သခင်လေး အောက်ယွီကို ဖမ်းချုပ်ထားပြီး ဗိုက်ထဲ အကုန် ဝင်အောင် တိုက်လိုက်။ ဒါ နတ်ရေစင်ပဲ။ တစ်စက်လေးတောင် မကျန်စေနဲ့။” အကျဉ်းထောင်မှူး ဝမ်ဝူက ရှေ့တိုးလာပြီး အောက်ယွီကို ဖမ်းချုပ်ကာ နှိပ်စက်ရန် ပြင်လိုက်သည်။
မြို့ဝန် ဝေ့ချီတွမ် သည် နံရံတစ်ဖက်ရှိ အခန်းငယ်လေးတွင် ရပ်နေပြီး အေးစက်စက် ရယ်မောကာ စိတ်ထဲတွင် အလွန် ကျေနပ်နေ၏။
‘အောက်ယွီ… ခင်ဗျားလည်း ဒီလို နေ့မျိုး ရောက်လာပြီ မဟုတ်လား။ ဧကရာဇ်မင်းမြတ်က ခင်ဗျားရဲ့ ဘွဲ့တွေကို မရုပ်သိမ်းသေးသလို ပြစ်မှုလည်း မသတ်မှတ်ရသေးပေမယ့် ကျုပ်လက်ထဲ ရောက်လာပြီ ဆိုမှတော့ ခင်ဗျားကို ရှင်လျက်နဲ့ သေချင်စိတ် ပေါက်အောင် သေချာပေါက် လုပ်ပစ်မယ်။’
ထိုအချိန်တွင် ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “နန်ကုန်းကျို… ခင်ဗျား အခု မထွက်လာရင် ကျုပ် ခင်ဗျားအမေကို ဆဲတော့မယ်နော်။”
ထိုစကားကို ကြားချိန်မှာတော့ မြို့ဝန် ဝေ့ချီတွမ် ချက်ချင်း အသက်ရှူရပ်လုမတတ် ဖြစ်သွား၏။
နန်ကုန်းကျို ဆိုသည်မှာ မည်သူနည်း။ တာ့ကျိုး ဟေးပင်းထိုင် စစ်သူကြီးချုပ်၏ နဝမမြောက် မွေးစားသား ဖြစ်သည်။
ယခုတစ်ကြိမ် အထူးကိုယ်စားလှယ် အမတ်နှင့်အတူ ကျန်းကျိုးသို့ လိုက်ပါလာပြီး နုလန်ဟောက် အိမ်တော်ကို ဝင်စီးရာတွင် ပါဝင်ခဲ့သူ ဖြစ်သည်။ သို့ပေမည့် သူ၌ အခြား လျှို့ဝှက် တာဝန်များလည်း ရှိနိုင်သည်။
ယွင်ကျုံးဟဲ့၏ စကားကို ကြားပြီးနောက် ချောမောသန့်ပြန့်သော ယောကျာ်းတစ်ဦး ဖြည်းညင်းစွာ ဝင်ရောက်လာသည်။ ထိုသူမှာ နန်ကုန်းကျို ပင်ဖြစ်၏။
သူသည် အသက်ငယ်ရွယ်သေးသောကြောင့် ယခုအခါ ဟေးပင်းထိုင်၏ တပ်မှူး တစ်ဦးသာ ဖြစ်သော်လည်း စစ်သူကြီးချုပ် နန်ကုန်းချော့၏ မွေးစားသား ဖြစ်သည်။
ထို့ကြောင့် သူ ထွက်ပေါ်လာပြီးနောက် အကျဉ်းထောင်မှူး ဝမ်ဝူနှင့် အကျဉ်းစောင့်အချို့ တစ်ကိုယ်လုံး တုန်ယင်သွားပြီး အသီးသီး ဒူးထောက်ကာ ပြောလိုက်ကြ၏။ “သခင်လေးကိုး ကို ဂါရဝပြုပါတယ်။”
နန်ကုန်းကျိုက မေးလိုက်သည်။ “အောက်ယွီ… အိမ်ဝင်စီးတုန်းက ခင်ဗျား ကျုပ်ကို မျက်စပစ်ပြနေတာ၊ ဘာပြောစရာ ရှိလို့လဲ။ အခု ပြောတော့။”
ယွင်ကျုံးဟဲ့က ပြန်ဖြေ၏။ “ကျုပ် ခင်ဗျားကို ပြောပြစရာ လျှို့ဝှက် သတင်းတစ်ခု ရှိတယ်။ တာ့ကျိုး အင်ပါယာရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်တဲ့ လျှို့ဝှက် သတင်းပဲ။”
နန်ကုန်းကျိုက မေးလိုက်သည်။ “ဘာသတင်းလဲ။”
ယွင်ကျုံးဟဲ့က ပြုံးလိုက်၏။ “သိချင်လား။”
နန်ကုန်းကျိုက အေးစက်စွာ ပြန်ဖြေသည်။ “အောက်ယွီ… ခင်ဗျားက အခု အကျဉ်းသား ဖြစ်နေပြီ။ ခင်ဗျား အဖေလည်း တော်ဝင် တရားရုံးရဲ့ အကျဉ်းထောင်ထဲ ရောက်နေပြီ။ ခင်ဗျားရဲ့ နုလန်ဟောက် အိမ်တော်လည်း ဝင်စီးခံလိုက်ရပြီ။ ဒါကြောင့် ခင်ဗျားရဲ့ လက်ရှိ အခြေအနေကို ခင်ဗျား သေချာ သိဖို့ မျှော်လင့်တယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ကျုပ်တို့ အပေးအယူ တစ်ခု လုပ်ကြမလား။”
နန်ကုန်းကျိုက ခေါင်းခါလိုက်သည်။ “ခင်ဗျားကို ကယ်ထုတ်ပေးဖို့လား။ မဖြစ်နိုင်ဘူး။ အခုချိန်မှာ ဘယ်သူမှ ခင်ဗျားတို့ သားအဖကို ကယ်နိုင်မှာ မဟုတ်တော့ဘူး။ ပြီးတော့ ကျုပ်တို့ ဟေးပင်းထိုင်က ခင်ဗျား အဖေနဲ့လည်း ဘာပတ်သက်မှုမှ မရှိဘူး။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ခင်ဗျား ကျုပ်ကို ကယ်ထုတ်ပေးဖို့ မလိုဘူး။ လူတစ်ယောက် သတ်ပေးဖို့ပဲ လိုတယ်။ ခင်ဗျား ကျုပ်ကို ကူညီပြီး သူ့ကို သတ်ပေးရင် ဒီလျှို့ဝှက်သတင်းကို ပေးမယ်။ အင်ပါယာရဲ့ ကံကြမ္မာနဲ့ သေချာပေါက် သက်ဆိုင်ပြီး ခင်ဗျားကို ကြီးမားတဲ့ ကောင်းကျိုးတွေ ရစေမယ့် သတင်းပဲ။”
နန်ကုန်းကျိုက မေးလိုက်သည်။ “ဘယ်သူ့ကို သတ်ရမှာလဲ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေ၏။ “ဒီ အကျဉ်းထောင်မှူး ဝမ်ဝူကိုပဲ။”
..................