အခန်း (၂၉၉-၃၀၀)
Vol. 26 Ch. 299-300
အပိုင်း (၂၉၉)
နင်ဝူချွဲ့က ဆက်ပြော၏။ “အခု အောက်ရှင်း ပြုတ်ကျသွားပြီဆိုတော့ စစ်တပ်ထဲက စစ်သည်တွေ အရမ်း ဝမ်းနည်း ဒေါသထွက် နေကြမှာပေါ့။ အရမ်း နာကျင်နေကြမှာပေါ့။ စစ်သေနာပတိ အောက်ရှင်းကို အရမ်း ကယ်တင်ချင်နေကြမှာပေါ့။”
လီဝမ်ဖာက ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။”
နင်ဝူချွဲ့က ပြောလိုက်၏။ “ကျုပ်တို့က ခင်ဗျားကို စစ်ပုန်ကန်မှု တစ်ခု စတင်ပေးစေချင်တယ်။ ခင်ဗျားကို ကျင်းကျိုးမြို့ဝန် အိမ်တော်ကို သွားတိုက်ခိုင်းချင်တယ်။”
ထိုစကားကို ကြားချိန်မှာတော့ လီဝမ်ဖာ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
နင်ဝူချွဲ့က ဆက်ပြော၏။ “မြောက်ပိုင်းတပ်တော် ဌာနချုပ်က ရှင်းလင်းခံလိုက်ရပြီ။ တပ်တော် ဌာနချုပ် အသစ်ကလည်း မဖွဲ့ရသေးဘူး။ ဒါကြောင့် အခု လောလောဆယ် ကျင်းကျိုးမြို့မှာ ခင်ဗျားက အမြင့်ဆုံး စစ်သူကြီးပဲ။
ခင်ဗျားရဲ့ အမိန့်က အမြင့်ဆုံး စစ်ရေး အမိန့်ပဲ။ ခင်ဗျား ဘာမှ ပြောစရာ မလိုဘူး။ စစ်တပ်တွေကို ခေါ်ပြီး မြို့ဝန်အိမ်တော်ကို သွားဝိုင်းလိုက်ရုံပဲ။ အမြင့်ဆုံး စစ်ဖက်အဖွဲ့အစည်းရဲ့ လျှို့ဝှက် အမိန့်တော်လို့ပဲ ပြောလိုက်။”
လီဝမ်ဖာ ကျောရိုးမကြီး တစ်ခုလုံး စိမ့်တက်သွားပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။
နင်ဝူချွဲ့က ဆက်ပြောလိုက်၏။ “ကျင်းကျိုးမြို့ဝန် အိမ်တော်ကို သိမ်းပိုက်ပြီးရင် ခင်ဗျားက ဧကရာဇ် မင်းမြတ်က အသုံးမကျဘူး၊ သစ္စာရှိတဲ့ စစ်သေနာပတိ အောက်ရှင်းကို နှိပ်စက်တယ်လို့ လူသိရှင်ကြား အော်ဟစ်ရမယ်။”
လီဝမ်ဖာမှာ ခြေလက်များ အေးစက်လာပြီ ဖြစ်သည်။
နင်ဝူချွဲ့က ဖြည်းညင်းစွာ ဆက်ပြောလိုက်၏။ “မြို့ဝန်အိမ်တော်ကို သိမ်းပိုက်ပြီး၊ ပြည်နယ်ဝန်ကြီး အိမ်တော်ကို သိမ်းပိုက်ပြီးရင် ကျင်းကျိုးမြို့က တခြား စစ်တပ်တွေက ခင်ဗျားကို လာပြီး နှိမ်နင်းကြလိမ့်မယ်။ တိုက်ပွဲတွေ ဖြစ်လာမယ်။ စစ်ရှုံးသွားရင် ခင်ဗျား ထွက်ပြေးပြီး မြောက်ဘက်ကို ဆက်တိုက်သွား။ ခင်ဗျားကို လာကြိုမယ့်သူ ရှိတယ်။”
လီဝမ်ဖာက တုန်ယင်စွာဖြင့် မေးလိုက်သည်။ “ဘယ်သူလဲ။”
နင်ဝူချွဲ့က ဖြေလိုက်၏။ “တာယင်အင်ပါယာ ဟေးလုံထိုင်”
လီဝမ်ဖာက တုန်ယင်နေသည့် အသံဖြင့် မေးလိုက်သည်။ “ခင်… ခင်ဗျားက တာယင်အင်ပါယာ ဟေးလုံထိုင်က လူလား။”
နင်ဝူချွဲ့က ခေါင်းညိတ်လိုက်၏။ “သေချာပေါက်ပေါ့။ ကျုပ်က သခင်ကြီး ဖုန်းရှင်းမြဲ့ရဲ့ အမိန့်နဲ့ လာတာ။ ဒါက တာယင်အင်ပါယာ ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်ပဲ။”
ထို့နောက် လီဝမ်ဖာက အမိန့်တော် တစ်စောင်ကို ဖွင့်ကြည့်လိုက်သည်။ ကြည့်ရသည်မှာ လုံးဝ အမှားအယွင်း မရှိပေ။
အမိန့်တော် ထဲတွင် တာယင်အင်ပါယာ ဧကရာဇ်က လီဝမ်ဖာကို ချင်တုန်း ပြည်နယ်၏ စစ်သေနာပတိ အဖြစ် ခန့်အပ်ပြီး ဟန်ရွှေမြို့စားအဖြစ် ဘွဲ့ပေးထားကြောင်း ပါရှိသည်။
လီဝမ်ဖာက တုန်ယင်စွာ မေးလိုက်၏။ “ခင်… ခင်ဗျားတို့က အောက်ရှင်းကို သတ်ချင်တာလား။”
“ဟုတ်တယ်။”
နင်ဝူချွဲ့က ပြန်ဖြေသည်။ “အောက်ရှင်း တစ်ယောက်တည်း မဟုတ်ဘူး၊ ကျုပ်တို့က အောက်ရှင်း မိသားစု တစ်ခုလုံးကို သတ်ချင်တာ။”
သေချာသည်မှာ နင်ဝူချွဲ့သည် တာယင်အင်ပါယာ ဟေးလုံထိုင်မှ လူမဟုတ်ဘဲ အမတ်ချုပ်ကြီးလင်၏ လူဖြစ်၏။
အောက်ရှင်း မိသားစု တစ်ခုလုံးကို သတ်ရန်အတွက် သူက တကယ်ကို ကြီးမားသော အရင်းအနှီးများ ထုတ်သုံးခဲ့ခြင်း ဖြစ်သည်။
သို့ပေမည့် လီဝမ်ဖာ သည် သတိထားတတ်သူ မဟုတ်ပေ။ သူက ကြမ်းတမ်း ရက်စက်ပြီး၊ လာဘ်စားကာ၊ မိန်းမ လိုက်စားပြီး အရက်သောက်ရသည်ကို နှစ်သက်သောကြောင့် အသိဉာဏ် သိပ်မထက်မြက်လှပေ။ ထို့ကြောင့် ချက်ချင်း ယုံကြည်သွား၏။
အဘယ်ကြောင့်ဆိုသော် တာယင်အင်ပါယာ ဟေးလုံထိုင်တွင် ဤသို့ လုပ်ဆောင်ရန် လုံလောက်သော အကြောင်းပြချက် ရှိသည်ဟု သူ ထင်မြင်သောကြောင့် ဖြစ်သည်။
ထို့အပြင် သူ အလွန် စိတ်ဝင်စားသွား၏။ အောက်ရှင်း ပြုတ်ကျသွားသောကြောင့် သူ့တွင် နောက်ခံ အားကိုးစရာ မရှိတော့ပေ။ သူ၏ ကြမ်းတမ်းသော စရိုက်ကြောင့် လူမည်မျှကို စော်ကားမိခဲ့သနည်း။
အောက်ရှင်း ပြုတ်ကျသွားသည်နှင့် သူ လီဝမ်ဖာသည် လက်ရှိ ရာထူးကိုပင် ထိန်းသိမ်းနိုင်မည် မဟုတ်တော့ပေ။
သို့ပေမည့် တာယင်အင်ပါယာ ဘက်တွင်မူ သူ့ကို ငွေကြေး အမြောက်အမြားပေး၍ ခေါ်ယူမည် ဆိုပါက သူ့ကို အရေးပါသော နေရာများတွင် အသုံးပြုလာနိုင်ခြေ ရှိ၏။ ထို့အပြင် ဤ ငွေတုံး သုံးသိန်းတန် ငွေစက္ကူများက လုံလောက်အောင် ဆွဲဆောင်မှု ရှိနေပြီ ဖြစ်သည်။
အမတ်ချုပ်ကြီးလင်က တကယ် ယုတ်မာလှ၏။
အကယ်၍ ဤအကြံအစည်သာ အောင်မြင်သွားပါက အောက်ရှင်း သေချာပေါက် သေရတော့မှာဖြစ်သည်။
ဧကရာဇ်က အောက်ရှင်းကို ရာထူးမှ ဖြုတ်ချပြီး အိမ်ကို ဝင်စီးလိုက်သည်နှင့် အောက်ရှင်း၏ လက်အောက်ခံ စစ်တပ်က ချက်ချင်း ပုန်ကန်လိုက်ကြ၏။
ထိုသူတို့သည် မြို့ဝန်အိမ်တော်နှင့် ပြည်နယ်ဝန်ကြီးအိမ်တော်တို့ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြရုံ သာမက၊ ဧကရာဇ်မင်းမြတ်အား အရည်အချင်းကင်းမဲ့သူဟု လူသိရှင်ကြား စော်ကားခဲ့ကြသည်။
ထို့အပြင် ပိုင်ရှင်မဲ့နယ်မြေတိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ရခြင်းမှာလည်း ဧကရာဇ်မင်းမြတ်၏ အမှားကြောင့် ဖြစ်ကြောင်း၊ သစ္စာရှိလှသော စစ်သေနာပတိကို နှိပ်စက်ညှင်းပန်းနေကြောင်း ဟစ်ကြွေးကာ တာယင် အင်ပါယာအတွင်းသို့ ဝင်ရောက်သွားကြလေ၏။
ဤဖြစ်ရပ်သည် မလွဲဧကန် ကြီးကျယ်လှသော အရှုပ်တော်ပုံကြီး တစ်ခုဖြစ်လာတော့မည်မှာ အသေအချာပင်။
ထိုအချိန်သို့ ရောက်ရှိလာပါက ဧကရာဇ်မင်းမြတ်အနေဖြင့် အခြားရွေးချယ်စရာ လမ်းစ မရှိတော့ဘဲ အောက်ရှင်းကို မဖြစ်မနေ ကွပ်မျက်ရတော့မှာဖြစ်၏။
‘ဒါက ပုန်ကန်မှု အပြစ်ကြီးလေ။ အောက်ရှင်းနဲ့ မဆိုင်ဘူးလို့ ပြောလို့ မရဘူး။ ခင်ဗျား ပြုတ်ကျတာနဲ့ ခင်ဗျားရဲ့ စစ်တပ်က ခင်ဗျားအတွက် ပုန်ကန်လိုက်တာပဲ။’
အကယ်၍ အောက်ရှင်းကို အပြစ်ပေး ကွပ်မျက်မည်ဆိုပါက သူ၏ မိသားစုတစ်စုလုံးကိုပါ တစ်ပါတည်း စီရင်ရပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် အောက်ယွီသည် ထူးချွန်ထက်မြက်လွန်းသူ တစ်ဦးဖြစ်နေသောကြောင့်ပင်။ အောက်ရှင်းကို သတ်ဖြတ်ပြီးနောက် နောင်တစ်ချိန်တွင် အောက်ယွီက ပြန်လည် လက်စားချေလာမည်ကို ဧကရာဇ်မင်းမြတ်အနေဖြင့် စိုးရိမ်ထိတ်လန့်နေမည် မဟုတ်ပါလား။
အမတ်ချုပ်ကြီးလင် တစ်ချက် လှုပ်ရှားလိုက်သည်နှင့် မိသားစု တစ်ခုလုံးကို သတ်ပစ်ရန် ရည်ရွယ်ထားခြင်း ဖြစ်၏။
လီဝမ်ဖာက အလွန် စိတ်ဝင်စားနေသော်လည်း တကယ် မလုပ်ရဲသေးပေ။ ဧကရာဇ်မင်းမြတ်အား ပုတ်ခတ် စော်ကားခြင်း၊ မြို့ဝန်အိမ်တော်နှင့် ပြည်နယ်ဝန်ကြီးအိမ်တော်တို့ကို စီးနင်းတိုက်ခိုက်ခြင်းတို့သည် ပုန်ကန်မှုကို ကျူးလွန်ခြင်း ဖြစ်သည်။
ဤမျှကြီးလေးသော ရာဇဝတ်မှုမှာ ဆွေခုနစ်ဆက်၊ မျိုးကိုးဆက်တိုင်အောင် ကွပ်မျက်ခြင်း ခံရနိုင်သည့် ပြစ်ဒဏ်မျိုး ဖြစ်၏။
လီဝမ်ဖာသည် မိမိ၏ မိသားစုဝင်များအပေါ် နာကျည်းမုန်းတီးစိတ် ပြင်းထန်လှသူ ဖြစ်သောကြောင့် သူတို့အားလုံး သတ်ဖြတ်ခြင်း ခံရလျှင် ဝမ်းသာအားရ ဖြစ်နေပေလိမ့်မည်။
သို့သော်လည်း ဤအပြစ်သည် သူ၏ အသက်ဘေးကိုပါ စိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်းကိုမူ သူ သတိမူမိဟန် မတူပေ။
“ကျုပ်… ကျုပ် နည်းနည်း ထပ်စဉ်းစားပါရစေအုံး။” လီဝမ်ဖာက တုန်ယင်စွာ ပြောလိုက်၏။
“မရဘူး… ခင်ဗျားမှာ စဉ်းစားဖို့ အချိန် မရှိဘူး။” နင်ဝူချွဲ့က ပြန်ဖြေသည်။
လီဝမ်ဖာ မျက်နှာ ပြောင်းလဲသွားပြီး မေးလိုက်၏။ “ဒါက ဘာအဓိပ္ပာယ်လဲ။”
နင်ဝူချွဲ့က ဖြေလိုက်သည်။ “ခင်ဗျားရဲ့ လက်မောင်းနဲ့ ရင်ဘတ်ကို ကြည့်လိုက်။”
လီဝမ်ဖာက အင်္ကျီလက်ကို ပင့်တင် ကြည့်လိုက်ရာ လက်မောင်းပေါ်တွင် အမည်းရောင် မျဉ်းကြောင်း တစ်ကြောင်း ရှိနေကြောင်းတွေ့လိုက်ရ၏။
ရင်ဘတ်ရှိ နှလုံးနေရာကို ကြည့်လိုက်ရာ နှလုံး နေရာတွင်လည်း အမည်းရောင် မျဉ်းကြောင်း တစ်ကြောင်း ရှိနေသည်။
ထို့နောက် သူ ခေါင်းမူးလာပြီး ဗိုက်ထဲတွင် ဓားဖြင့် မွှန်းခံရသကဲ့သို့ နာကျင်လာ၏။
“ခင်… ခင်ဗျားတို့ ကျုပ်ကို အဆိပ် ခတ်ထားတာလား။” လီဝမ်ဖာက အသံသြသြဖြင့် မေးလိုက်သည်။
“ဟုတ်တယ်။ မီတျဲချိုင့်ဝှမ်းက ထူးဆန်းတဲ့ အဆိပ်ပဲ။ ကျုပ်တို့ လက်ထဲမှာပဲ ဖြေဆေး ရှိတယ်။ ခင်ဗျား သဘောမတူရင် သုံးနာရီထက်ပိုပြီး အသက်မရှင်နိုင်ဘူး။”
လီဝမ်ဖာက ရုတ်တရက် ခုန်ထလိုက်ပြီး အော်ဟစ်လိုက်၏။ “ကျုပ် ခင်ဗျားတို့ကို သတ်မယ်… ကျုပ် ခင်ဗျားတို့ကို သတ်မယ်…။”
သို့သော်ငြား သူ ခုန်ထလိုက်သည်နှင့် ချက်ချင်းဆိုသလို နာကျင်စွာဖြင့် မြေပြင်ပေါ်သို့ ပြန်လဲကျ သွားတော့သည်။
ယခင်က မကြုံဖူးလောက်အောင် ပြင်းထန်သော နာကျင်မှုက သူ၏ ဗိုက်ထဲတွင် သံမဏိဓားများဖြင့် ရူးသွပ်စွာ လှီးဖြတ်နေသကဲ့သို့ ခံစားရပြီး ငရဲပြည် ၁၈ ထပ်သို့ ရောက်နေသကဲ့သို့ နာကျင်နေ၏။
နင်ဝူချွဲ့က ရှေ့တိုးလာပြီး လီဝမ်ဖာ၏ ပါးစပ်ထဲသို့ ဆေးတစ်လုံး ခွံ့ပေးလိုက်သည်။
ခဏအကြာတွင် လီဝမ်ဖာ၏ ဤနာကျင်မှုများ ရပ်တန့်သွား၏။
“နောက်ဆိုရင် သုံးနာရီတစ်ခါ ဖြေဆေး သောက်ရမယ်။ မဟုတ်ရင် ကိုယ်တွင်းအင်္ဂါတွေ အားလုံး ပေါက်ကွဲပြီး သေသွားလိမ့်မယ်။”
နင်ဝူချွဲ့က မေးလိုက်သည်။ “အခု ခင်ဗျား ကျုပ်ကို ပြော။ လုပ်မှာလား၊ မလုပ်ဘူးလား။”
“လုပ်မယ်… လုပ်မယ်… လုပ်မယ်။ ကျုပ် လုပ်ပါ့မယ်။”
လီဝမ်ဖာက တုန်ယင်စွာ ပြန်ဖြေ၏။ “အောက်ရှင်း မိသားစု တစ်ခုလုံးကို သတ်ပစ်ဖို့ မဟုတ်ဘူးလား။ ကျုပ် လုပ်ပါ့မယ်… ကျုပ် လုပ်ပါ့မယ်။ ဒါပေမဲ့ ဒီစစ်တပ်ကို ကျုပ် တစ်ယောက်တည်း အပြည့်အဝ ဆုံးဖြတ်လို့ မရဘူး။ ကျုပ်မှာ ဒု-တပ်မှူး နှစ်ယောက် ရှိသေးတယ်။ စစ်တပ်ကို လှုပ်ရှားဖို့ ဆိုရင် အနည်းဆုံး ပြည်နယ်ဝန်ကြီး အိမ်တော်ရဲ့ အမိန့် လိုတယ်။”
နင်ဝူချွဲ့က ပြုံးလိုက်သည်။ “စိတ်ချပါ။ ခင်ဗျားရဲ့ ဒု-တပ်မှူး နှစ်ယောက်က ခင်ဗျားကို ကူညီလိမ့်မယ်။ ပြီးတော့ ကျုပ်တို့က ခင်ဗျားကို စစ်ဖက် အမြင့်ဆုံး အဖွဲ့အစည်းရဲ့ လျှို့ဝှက် အမိန့်တော်အတု တစ်ခု ပေးမယ်။ ပြည်နယ်ဝန်ကြီး အိမ်တော် အနီးတစ်ဝိုက်မှာ စစ်ရေး လေ့ကျင့်မှု တစ်ခု လုပ်ဖို့ပေါ့။”
ထိုစကားကို ကြားချိန်မှာတော့ လီဝမ်ဖာ တုန်လှုပ်သွား၏။ တစ်ဖက်လူများက ဤမျှအထိ နက်နက်ရှိုင်းရှိုင်း ဝင်ရောက် ထိုးဖောက်ထားမည်ဟု မထင်ထားခဲ့ပေ။
နင်ဝူချွဲ့က တည်ငြိမ်စွာ ပြောလိုက်၏။ “မြန်မြန် သွားပြင်ဆင်တော့။ မကြာခင် လှုပ်ရှားရတော့မယ်။ ပိုမြန်လေ ပိုကောင်းလေပဲ။”
နှစ်နာရီခွဲ အကြာတွင် ကျင်းကျိုးပြည်နယ် စစ်တပ်မှ စစ်သည် ငါးထောင် ထွက်ခွာလာပြီး လက်နက် အပြည့်အစုံ ကိုင်ဆောင်ကာ ကြီးကျယ်ခမ်းနားစွာဖြင့် ပြည်နယ်ဝန်ကြီး အိမ်တော်ဆီသို့ ဦးတည် သွားကြလေသည်။
ကျင်းကျိုး စစ်ပုန်ကန်မှု စတင်ပြီ။ အောက်ရှင်း မိသားစု တစ်ခုလုံးကို သတ်ဖြတ်မည့် ကြီးမားသော အကြံအစည်ကြီး တရားဝင် စတင်ပြီဖြစ်၏။
ထိုအချိန်တွင် နန်ကုန်းကျို စေလွှတ်လိုက်သော ဟေးပင်းထိုင် သိုင်းပညာရှင်များသည် ကျင်းကျိုးမြို့နှင့် မိုင်နှစ်ရာကျော် ကွာဝေးနေသေးသည်။
မအိပ်မနားဘဲ မြင်းများကို အဆက်မပြတ် လဲလှယ် စီးနင်းလျှင်တောင် နာရီအနည်းငယ်ကြာမှ ရောက်ရှိမှာ ဖြစ်သည်။ တကယ့်ကို အရေးကြီး အခြေအနေ ပင်ဖြစ်၏။
အကယ်၍ လီဝမ်ဖာက စစ်တပ်ကြီးကို ဦးဆောင်ကာ ပြည်နယ်ဝန်ကြီး အိမ်တော်ကို သိမ်းပိုက်ပြီး စစ်ပုန်ကန်မှုကို အကောင်အထည် ဖော်လိုက်မည် ဆိုပါက၊ ဧကရာဇ်ကို အသုံးမကျဘူးဟု အော်ဟစ်ပြီး သစ္စာရှိသည့် စစ်သေနာပတိကို နှိပ်စက်သည်ဟု ပြောလိုက်မည် ဆိုပါက အောက်ရှင်း သေချာပေါက် သေရတော့မှာဖြစ်ပြီး လောကကြီးတွင် မည်သူကမှ သူ့ကိုကယ်တင်နိုင်မည် မဟုတ်တော့ပေ။
ဤပုန်ကန်မှု အပြစ်ကြီးသည် အောက်ရှင်း၏ ခေါင်းပေါ်သို့ သေချာပေါက် ကျရောက်လာမည်ဖြစ်ပြီး ထိုအချိန်ရောက်လျှင် တကယ့်ကို မိသားစု တစ်ခုလုံး သတ်ဖြတ်ခံရပေလိမ့်မည်။
.....................
ကျန်းကျိုးမြို့၊ ဝေမြို့စားကြီး အိမ်တော်....
အပြင်ဘက်တွင် သစ်သားတုံး ခေါက်သံ (အချိန် အသိပေးသံ)များ ထွက်ပေါ်လာပြီး နေရောင်ခြည် အလင်းတစ်စ ထွက်ပေါ်လာပြီဖြစ်သည်။
အောက်မင်နှင့် မြို့ဝန် ဝေ့ချီတွမ်တို့ အချင်းချင်း ကြည့်ကာ အဓိပ္ပာယ်ပါသော အပြုံးများ ပြုံးလိုက်ကြ၏။
အောက်ရှင်းတို့ သားအဖကို သေချာပေါက် သတ်ဖြတ်မည့် အစီအစဉ်များ စတင်နေလောက်ပြီ ဖြစ်ပြီး ကြီးကျယ်သော အကြံအစည်ကြီး စတင်နေလောက်ပြီ ဖြစ်သည်။
တစ်ခါ စတင်ပြီးသည်နှင့် လုံးဝ ရပ်တန့်၍ မရနိုင်တော့ပေ။ အောက်ရှင်း သားအဖ သေချာပေါက် သေရမည် ဖြစ်၏။
မြို့ဝန် ဝေ့ချီတွမ်က ပြောလိုက်သည်။ “ကျုပ် အလုပ် သွားလုပ်တော့မယ်။ သွားခွင့်ပြုပါအုံး။”
မြို့ဝန် ဝေ့ချီတွမ်က ဝေမြို့စားကြီး အိမ်တော်မှ ထွက်ခွာသွားလေသည်။ ထိုအချိန်တွင် နုလန်ဟောက် အိမ်တော်အတွင်းမှ ပစ္စည်းများ အားလုံးနီးပါး သယ်ယူ ပြီးစီးသွားပြီ ဖြစ်၏။
မည်သည့် အချိန်တွင်မဆို အိမ်ဝင်စီးခံရခြင်းသည် ချမ်းသာရန် အကောင်းဆုံး အခွင့်အရေးဖြစ်ပြီး ယခုတစ်ကြိမ်လည်း ခြွင်းချက် မဟုတ်ပေ။ ဤသည်မှာလည်း ထုံးစံတစ်ခု ဖြစ်သည်။
ထို့ကြောင့် ဤရက်ပိုင်း ညဘက်များတွင် အောက်ယွီ၏ အိမ်သည် လုံးဝ ပြောင်သလင်းခါအောင် သယ်ယူခံ လိုက်ရ၏။ နုလန်ဟောက် အိမ်တော်သည် နှစ်ရာပေါင်းများစွာ လက်ဆင့်ကမ်း လာခဲ့သော အိမ်တော်ဖြစ်၏။
သို့ဖြစ်၍ ဘဏ္ဍာတိုက်ထဲရှိ ငွေကြေးမှာ သိပ်မများသော်လည်း အိမ်အတွင်းရှိ ရှေးဟောင်းပစ္စည်းများနှင့် ရတနာများမှာ မရေမတွက်နိုင်အောင် များပြားလှပြီး တန်ဖိုးအားဖြင့် သန်းနှင့်ချီ ရှိသည်။
ဤ သန်းနှင့်ချီသော မိသားစု ပိုင်ဆိုင်မှုများအနက် အများစုကို မြို့ဝန်နှင့် အထူးကိုယ်စားလှယ် အမတ်တို့က သိမ်းဆည်းလိုက်ကြ၏။
တစ်စိတ်တစ်ပိုင်းကို နိုင်ငံတော် ဘဏ္ဍာတိုက်သို့ သွင်းပြီး၊ တစ်စိတ်တစ်ပိုင်းကို အထက်လူကြီးများအား လက်ဆောင်ပေးကာ ကျန်ရှိနေသည်များကို ဝေ့ချီတွမ်နှင့် စုံစမ်းစစ်ဆေးရေးရုံးမှ အထူးကိုယ်စားလှယ် တို့က ခွဲဝေယူကြခြင်း ဖြစ်သည်။
ထို့ကြောင့် ဤတစ်ကြိမ်တွင် ဝေ့ချီတွမ် သည် အလွန် ချမ်းသာသွားပြီး ကြီးမားသော ဥစ္စာဓနကို ရရှိခဲ့ခြင်း ဖြစ်သည်။ အောက်ရှင်း လဲကျသွားသောကြောင့် သူ ဝေ့ချီတွမ်လည်း အလွန် ဝဝလင်လင် စားသောက်လိုက်ရ၏။
.....................
အပိုင်း (၃၀၀)
ပြီးခဲ့သည့် နှစ်ရက်အတွင်း ဟေးပင်းထိုင် သိုင်းပညာရှင်များ၏ အကာအကွယ်ကြောင့် အကျဉ်းထောင် အတွင်း၌ ယွင်ကျုံးဟဲ့သည် လွတ်လပ်ခွင့် ဆုံးရှုံးသွားသော်လည်း အသက်အန္တရာယ် ခြိမ်းခြောက်မှု မရှိခဲ့သလို နှိပ်စက်ခြင်း၊ ပြစ်ဒဏ်ပေးခံရခြင်းများလည်း မခံရပေ။
မြို့ဝန် ဝေ့ချီတွမ်သည် အကျဉ်းထောင် အတွင်းသို့ ဝင်ရောက်လာပြီး ဟေးပင်းထိုင်မှ သိုင်းပညာရှင် ဆယ်ယောက်ကျော်ကို လျစ်လျူရှုကာ အကျဉ်းခန်း အတွင်းသို့ ဝင်ရောက်လာ၏။
“အောက်ယွီ… ထစမ်း။”
မြို့ဝန် ဝေ့ချီတွမ်က အာဏာပါသော အသံဖြင့် မေးလိုက်သည်။ “ကျုပ်တို့ ခင်ဗျားတို့ အိမ်ကို ဝင်စီးပြီးပြီ။ အဲဒီ ငွေတုံး နှစ်သိန်းလောက်ပဲ ရှိတယ်။ ခင်ဗျား သေချာ ဝန်ခံစမ်း။ ခင်ဗျားအဖေ လာဘ်စားထားတဲ့ ငွေတုံး သုံးသန်း ဘယ်မှာလဲ။”
‘ချီးတဲ့မှ.. ငွေတုံး သုံးသန်းလား။ အောက်ရှင်း တကယ် လာဘ်စား၊ မစား ခင်ဗျား ဝေ့ချီတွမ် စိတ်ထဲမှာ မသိဘူးလား။ ပြီးတော့ နုလန်ဟောက် အိမ်တော်ထဲက ရတနာတွေ အများစုက ခင်ဗျား ဝေ့ချီတွမ်ရဲ့ အိတ်ကပ်ထဲ ဝင်သွားတာလေ။ ခင်ဗျားက တမင် လုယူနေတာပဲ။’
ဝေ့ချီတွမ်က ဆက်ပြော၏။ “အောက်ယွီ… ခင်ဗျားက သေချင်ယောင်ဆောင်ပြီး ဝန်မခံဘူးပေါ့။”
ယွင်ကျုံးဟဲ့က မြေကြီးပေါ်တွင် လဲလျောင်းနေဆဲဖြစ်ပြီး မျက်လုံးမှိတ်ကာ မလှုပ်မယှက် နေနေသည်။
‘ဘယ်လိုပဲဖြစ်ဖြစ် ဟေးပင်းထိုင်က သိုင်းပညာရှင်တွေရဲ့ အကာအကွယ် ရှိနေတာပဲ။ ခင်ဗျားက ကျုပ်ကို မသတ်ရဲဘူး၊ နှိပ်စက်ရဲတာလည်း မဟုတ်ဘူး။ ကျုပ် ဘာလုပ်ရမှာလဲ။’
ဝေ့ချီတွမ်က အေးစက်စွာ ပြောလိုက်၏။ “ခင်ဗျားမှာ ကျွမ့်ယွမ်ဘွဲ့ ရှိနေလို့ ကျုပ်က ခင်ဗျားကို ဘာမှ လုပ်လို့ မရဘူး ထင်နေတာလား။ ကျုပ်က ခင်ဗျားကို နှိပ်စက်လို့ မရပေမဲ့ ခင်ဗျားရဲ့ ညီမလေး အောက်နင်နင် ကိုကော။”
ထိုစကားကို ကြားချိန်မှာတော့ ယွင်ကျုံးဟဲ့၏ အမူအရာ ပြောင်းလဲသွားသည်။
“လာကြစမ်း… ခေါ်လာခဲ့ကြ...” ဝေ့ချီတွမ်က အမိန့်ပေးလိုက်၏။
အမျိုးသမီး အကျဉ်းထောင်စောင့်အချို့က လှပသော မိန်းကလေး တစ်ဦးကို ဖမ်းဆွဲကာ အကျဉ်းထောင် အတွင်းသို့ ဝင်ရောက်လာကြသည်။
“အစ်ကို… အစ်ကို…” အောက်နင်နင်က အောက်ယွီထံသို့ ကြောက်လန့်တကြား ပြေးလာ၏။
အရှက်မရှိသော ဝေ့ချီတွမ်သည် အောက်ရှင်း လာဘ်မစားခဲ့ကြောင်း၊ ငွေတုံး သုံးသန်း လုံးဝ မရှိကြောင်း သိရှိထားသော်လည်း အောက်ယွီကို တိုက်ခိုက် နှိပ်စက်ရန်အတွက် ညီမဖြစ်သူ အောက်နင်နင်ကို ဖမ်းဆီး လာခဲ့ခြင်း ဖြစ်သည်။
“အောက်နင်နင်မှာ ဘွဲ့တွေ ဘာတွေ မရှိဘူးလေ။ ကျုပ် သူ့ကို နှိပ်စက်လို့ ရတယ် မဟုတ်လား။”
မြို့ဝန် ဝေ့ချီတွမ်က အေးစက်စွာ ပြောလိုက်၏။ “အောက်ယွီ… ခင်ဗျား ဝန်ခံမှာလား၊ ဝန်မခံဘူးလား။ ခင်ဗျားအဖေ အောက်ရှင်း လာဘ်စားထားတဲ့ ငွေတုံး သုံးသန်း ဘယ်မှာလဲ။ ဝန်မခံဘူး မဟုတ်လား။ လာကြစမ်း... အောက်နင်နင်ကို သံပူကပ်ဖို့ ပြင်ဆင်ကြ...”
မြို့ဝန် ဝေ့ချီတွမ်၏ အမိန့်ပေးသံနှင့်အတူ မီးဖို တစ်ခုကို ယူဆောင်လာသည်။ အတွင်း၌ သံပြားတစ်ခု ရှိနေကာ နီရဲလို့နေပြီဖြစ်၏။ အမိန့် တစ်ချက် ပေးလိုက်သည်နှင့် ဤ ရဲရဲနီနေသော သံပူက အောက်နင်နင်၏ နုနယ်သော ခန္ဓာကိုယ်ပေါ်သို့ ဖိချခံရတော့မှာဖြစ်သည်။
“အောက်ယွီ… ခင်ဗျား ဝန်ခံမှာလား၊ ဝန်မခံဘူးလား။” ဝေ့ချီတွမ်က ဒေါသတကြီး အော်ဟစ်လိုက်၏။
ယွင်ကျုံးဟဲ့၏ အကြည့်များက ဟေးပင်းထိုင်၏ သိုင်းပညာရှင် ဆယ်ယောက်ကျော်ထံသို့ ရောက်ရှိသွား သော်လည်း သူတို့က ဘာမှ မတုံ့ပြန်ကြပေ။
အဘယ်ကြောင့်ဆိုသော် သူတို့ ရရှိထားသော အမိန့်မှာ အောက်ယွီကို ကာကွယ်ရန်သာ ဖြစ်ပြီး အခြားသူများကို ကာကွယ်ရန် မဟုတ်သောကြောင့် ဖြစ်၏။ ထို့ကြောင့် အောက်နင်နင်၏ အသက်ရှင်ခြင်း သေဆုံးခြင်းက သူတို့နှင့် လုံးဝ မသက်ဆိုင်ချေ။
“အခေါင်း မမြင်ရဘဲ မျက်ရည် မကျဘူးပေါ့။”
ဝေ့ချီတွမ်က ရက်စက်စွာ ပြောလိုက်သည်။ “ပြည်သူတွေရဲ့ ချွေးနှဲစာ ငွေတုံး သုံးသန်းအတွက်၊ အင်ပါယာရဲ့ အကျိုးစီးပွားအတွက် ကျုပ်က ရက်ရက်စက်စက် လုပ်ရတော့မှာပဲ။ နှိပ်စက်လိုက်စမ်း။”
အမျိုးသမီး အကျဉ်းစောင့်တစ်ဦးက အနီရဲရဲ သံပြားပူကို ယူကာ အောက်နင်နင်၏ ကိုယ်ပေါ်သို့ ဖိချရန် ပြင်လိုက်၏။
“နေအုံး… ကျုပ် ဝန်ခံမယ်… ကျုပ် ဝန်ခံမယ်။” ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။
မြို့ဝန် ဝေ့ချီတွမ်က အေးစက်စွာ ရယ်မောလိုက်ပြီး ပြောလိုက်၏။ “ကောင်းကောင်း ပြောတုန်းက နားမထောင်ဘူးပေါ့။ ပြောစမ်းပါအုံး။”
ယွင်ကျုံးဟဲ့က သက်ပြင်းချကာ ပြောလိုက်သည်။ “မြို့ဝန်မင်း… အနားကို တိုးလာခဲ့။ ကျုပ် မြို့ဝန်မင်း တစ်ယောက်တည်းကိုပဲ ပြောပြမယ်။ ဟေးပင်းထိုင်က သိုင်းပညာရှင်တွေ… ခဏလောက် အပြင်ထွက်ပေး ပါလား။ ကျုပ် ပြောမယ့်ဟာက လုံးဝ လျှို့ဝှက်ချက် မို့လို့ပါ။”
ဟေးပင်းထိုင် သိုင်းပညာရှင်က အေးစက်စွာ မေးလိုက်၏။ “ခင်ဗျား သေချာလား။”
သူတို့သာ ထွက်သွားပါက အောက်ယွီကို တစ်ယောက်ယောက်က သတ်ပစ်မည်ကို မကြောက်ဘူးလား။
ယွင်ကျုံးဟဲ့က ပြန်ဖြေသည်။ “သေချာပါတယ်။”
တာ့ကျိုး ဟေးပင်းထိုင်မှ သိုင်းပညာရှင် ဆယ်ယောက်ကျော် ထွက်ခွာသွားကြ၏။
ဝေ့ချီတွမ်က ရှေ့သို့ တိုးလာပြီး အေးစက်စက် ရယ်မောကာ ပြောလိုက်သည်။ “အောက်ယွီ… ခင်ဗျား ပြောစရာရှိရင် ပြောလေ။ ခင်ဗျားအဖေ လာဘ်မစားဘူးဆိုတာ ကျုပ် သိပါတယ်။ ကျုပ်က ခင်ဗျားကို နှိပ်စက်ချင်ရုံ သက်သက်ပါ။ ခင်ဗျားကို ရှင်လျက်နဲ့ သေချင်စိတ် ပေါက်အောင် လုပ်ချင်တာပါ။ ခင်ဗျား ဝန်ခံလိုက်စမ်းပါ။ ကျုပ် နားထောင်ကြည့်မယ်။”
ယွင်ကျုံးဟဲ့၏ အသံက အလွန် တိုးဝင်နေပြီး ဝေ့ချီတွမ် တစ်ယောက်တည်းသာ ကြားနိုင်သည်။ သူက မေးလိုက်၏။ “မြို့ဝန်မင်း… ခင်ဗျားမှာ မနှစ်က နန်းတော် စာမေးပွဲမှာ တတိယ အဆင့် (ထုံကျင်ရှီ) အောင်ခဲ့ပြီး အခု ဟန်အန်း ခရိုင်ဝန် လုပ်နေတဲ့ သားတစ်ယောက် ရှိတယ် မဟုတ်လား။”
မြို့ဝန် ဝေ့ချီတွမ်က မျက်မှောင်ကြုတ်လိုက်သည်။ “ဟုတ်တော့ကော ဘာဖြစ်လဲ။”
ယွင်ကျုံးဟဲ့က ဆက်မေးလိုက်၏။ “ခင်ဗျားရဲ့သား ဝေ့ချီယန်က ခင်ဗျားရဲ့ အသက် ငါးဆယ်ပြည့် မွေးနေ့ပွဲကို တက်ဖို့ ကျန်းကျိုးကို ပြန်လာတယ် မဟုတ်လား။”
မြို့ဝန် ဝေ့ချီတွမ်က အေးစက်စက် ဖြေလိုက်သည်။ “ဟုတ်တော့ကော ဘာဖြစ်လဲ။”
ယွင်ကျုံးဟဲ့က တိုးညင်းစွာ ပြောလိုက်၏။ “ကျုပ်သာ ခင်ဗျား နေရာမှာ ဆိုရင် အခု ချက်ချင်း ထွက်ပြေးပြီ။ ဘယ်လောက် ဝေးဝေး ပြေးနိုင်လဲ အဲဒီလောက် ဝေးဝေး ပြေးမှာပဲ။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ မိသားစု တစ်ခုလုံး မျိုးဖြုတ် သတ်ဖြတ်ခံရတော့မယ်။ ဒါပေမဲ့ အခုတော့ လုံးဝ နောက်ကျသွားပြီ။ နတ်ဘုရားတွေတောင် ခင်ဗျားတို့ မိသားစုကို မကယ်နိုင်တော့ဘူး။”
သူ၏ အသံက အလွန် ရက်စက်ကြမ်းကြုတ်လို့ နေလေသည်။
.......................
ကျန်းကျိုးမြို့၏ အကြီးဆုံး ပြည့်တန်ဆာရုံ အတွင်း၌ မြို့ဝန် ဝေ့ချီတွမ်၏ သား ဝေ့ချီယန်သည် ကျန်းကျိုးမြို့ရှိ လူငယ် ကျင်ရှီများ၊ ကျူရန်များနှင့် ဂုဏ်သရေရှိ မှူးမတ်မျိုးရိုးမှ လူငယ်များကို ဧည့်ခံ ကျွေးမွေးနေ၏။
နောက်ရက်အနည်းငယ် အကြာတွင် ဖခင်ဖြစ်သူ ဝေ့ချီတွမ်၏ အသက် ငါးဆယ်ပြည့် မွေးနေ့ပွဲရှိပြီး သူကိုယ်တိုင်လည်း အဆင့်မြင့် ခရိုင်တစ်ခုသို့ ခရိုင်ဝန်အဖြစ် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရတော့မှာ ဖြစ်သည်။
ထို့ကြောင့် သူ ကျန်းကျိုးသို့ ပြန်လာခဲ့ခြင်း ဖြစ်၏။
ဟန်အန်း ခရိုင် ရုံးတော်တွင် သူသည် ခရိုင်ဝန် တစ်ဦး ဖြစ်သော်လည်း ကျန်းကျိုးမြို့တွင်မူ သူသည် မြို့ဝန်၏ သားတစ်ဦး ဖြစ်၏။ ထို့ကြောင့် အနည်းငယ် ပို၍ လွတ်လပ်စွာ နေထိုင်နိုင်သည်။
ထို့ကြောင့် ယနေ့ သူ အရက် အလွန်အမင်း သောက်ထားပြီး စကားပြောရာတွင်လည်း တဖြည်းဖြည်း ရိုင်းစိုင်းလာကာ တကယ်ကို မူးယစ်နေပြီ ဖြစ်၏။
ထို့အပြင် စားပွဲဝိုင်းတွင် ပြောဆိုနေကြသော စကားများမှာ အောက်ယွီနှင့် အောက်ရှင်းတို့ အကြောင်းများသာ ဖြစ်ပြီး အောက်ရှင်းသည် နိုင်ငံတော်၏ ရန်သူဖြစ်ကြောင်း အပြစ်တင် ဆဲဆိုနေကြသည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် မနှစ်က တာယင်အင်ပါယာနှင့် ဖြစ်ပွားခဲ့သော စစ်ပွဲ ရှုံးနိမ့်မှု အကြောင်းကို သေချာပေါက် ပြောဆိုမိကြမှာဖြစ်သည်။ တကယ်ကို ရင်နာစရာ ကောင်းလှ၏။
အဘယ်ကြောင့်ဆိုသော် ထိုကြီးမားသော ရှုံးနိမ့်မှုကြီးပြီးနောက် တောင်ပိုင်းကျိုးအင်ပါယာသည် ပိုင်ရှင်မဲ့ နယ်မြေကို လုံးဝ ဆုံးရှုံးလိုက်ရပြီး ထိုအချိန်မှစ၍ မဟာဗျူဟာအရ ခံစစ်နေရာသို့ လုံးဝ ရောက်ရှိ သွားသောကြောင့် ဖြစ်သည်။
ထို့နောက် ထိုနေရာတွင် ရှိနေသော ကျူရန်များနှင့် ကျင်ရှီများက ဤကြီးမားသော ရှုံးနိမ့်မှုကြီး၏ အကြောင်းရင်းကို ဆွေးနွေးကြလေသည်။ သို့ပေမည့် အလွန် နက်ရှိုင်းစွာ မဆွေးနွေးရဲကြဘဲ စစ်ရှုံးမှု တာဝန်ကို အိမ်ရှေ့စံမင်းသား ကျိုးလီနှင့် အောက်ရှင်း တို့၏ ခေါင်းပေါ်သို့သာ ပုံချလိုက်ကြ၏။
မြို့ဝန် ဝေ့ချီတွမ်၏သား ဝေ့ချီယန်က ပို၍ပင် ပြင်းပြင်းထန်ထန် ပြောဆိုနေသည်။ ထို့နောက် အရက် အလွန်အမင်း သောက်ထားသောကြောင့် ဗိုက်ကယ်လာကာ အိမ်သာသို့ သွားရောက် အပေါ့သွားရန် ပြင်လိုက်သည်။
အိမ်သာထဲသို့ ဝင်သွားသည်နှင့် ရုတ်တရက် သူ၏ နောက်ကျောတွင် လူတစ်ယောက် ထွက်ပေါ်လာပြီး သူ၏ နှာခေါင်းနှင့် ပါးစပ်ကို လက်ကိုင်ပဝါဖြင့် အုပ်လိုက်၏။
ချက်ချင်းပဲ ဝေ့ချီယန် အသံ မထွက်နိုင်တော့ဘဲ အလွန် ထူးဆန်းသော အနံ့ တစ်မျိုးကိုသာ ရှူရှိုက်မိလိုက်၏။ ထို့နောက် သူ တစ်ကိုယ်လုံး ဝေဝါးသွားပြီး စိတ်အာရုံများ လုံးဝ ပျောက်ကွယ်သွားကာ စိတ်ဓာတ် ခွန်အားများလည်း လုံးဝ ဆုံးရှုံးသွားလေသည်။
ဤ လက်ကိုင်ပဝါပေါ်ရှိ ဆေးသည် မေ့ဆေးနှင့် ဆင်တူသော်လည်း ပို၍ ကြောက်စရာကောင်းပြီး လူ၏ စိတ်ပိုင်းဆိုင်ရာ ခုခံနိုင်စွမ်းကို လုံးဝ ပျောက်ကွယ်သွားစေ၏။
ထို့နောက် ဤလျှို့ဝှက်ဆန်းကြယ်သော လူက ဝေ့ချီယန်၏ နားနားကပ်ကာ အကြိမ်ကြိမ် အခါခါ ပြောဆိုလေသည်။
“လက်ရှိ ဧကရာဇ်ဝမ်ယွင်က အသုံးမကျတဲ့အတွက် နိုင်ငံတော် စစ်ပွဲမှာ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရတယ်။ အခြေအနေတွေကို ပြန်လည် ကယ်တင်ချင်ရင် ဧကရာဇ်မင်းမြတ် ရာထူးကနေ ဆင်းပေးပြီး ဧကရာဇ်ဟောင်းဆီ အာဏာ ပြန်လွှဲပေးရမယ်။”
“ဧကရာဇ်ဝမ်ယွင်က အသုံးမကျဘူး၊ ဧကရာဇ်ဟောင်းဆီ အာဏာ ပြန်လွှဲပေး...”
“ဧကရာဇ်ဝမ်ယွင်က အသုံးမကျဘူး၊ ဧကရာဇ်ဟောင်းဆီ အာဏာ ပြန်လွှဲပေး...”
ထိုလျှို့ဝှက်ဆန်းကြယ်သော လူက ဦးနှောက် ဆေးသကဲ့သို့ အကြိမ်ကြိမ် အခါခါ ပြောဆိုနေ၏။
ထူးဆန်းသော ဆေးကို ရှူရှိုက်မိပြီး စိတ်အာရုံများ ဝေဝါးနေသော ဝေ့ချီယန် သည်လည်း အလိုအလျောက် လိုက်လံ ပြောဆိုနေမိသည်။ “ဧကရာဇ်ဝမ်ယွင်က အသုံးမကျဘူး၊ ဧကရာဇ်ဟောင်းဆီ အာဏာ ပြန်လွှဲပေး...”
ထိုလျှို့ဝှက်ဆန်းကြယ်သော လူက ပြုံးကာ ပြောလိုက်၏။ “ဟုတ်ပြီ… ဟုတ်ပြီ… ဟုတ်ပြီ။ ခဏနေ စားပွဲဝိုင်းကို ပြန်ရောက်ရင် ပီပါ (တရုတ် တူရိယာ) တီးသံ ကြားတာနဲ့ ဒီစကားကို ပြောလိုက်။ ကြားလား။”
မြို့ဝန်၏ သား ဝေ့ချီယန်က စိတ်အာရုံ ဝေဝါးစွာဖြင့် ပြန်ဖြေသည်။ “ကြားပါတယ်။ ပီပါ တီးသံ ကြားတာနဲ့ ဧကရာဇ် ဝမ်ယွင်က အသုံးမကျဘူး၊ ဧကရာဇ်ဟောင်းဆီ အာဏာ ပြန်လွှဲပေးလို့ ချက်ချင်း အော်ပြော လိုက်ပါ့မယ်။”
ထိုလျှို့ဝှက်ဆန်းကြယ်သော လူက ပြောလိုက်၏။ “ဟုတ်ပြီ… ဟုတ်ပြီ… ဟုတ်ပြီ။ ပီပါ တီးသံ ကြားတာနဲ့ ဧကရာဇ် ဝမ်ယွင်က အသုံးမကျဘူး၊ ဧကရာဇ်ဟောင်းဆီ အာဏာ ပြန်လွှဲပေးလို့ အသံကျယ်ကျယ် အော်ပြောလိုက်...”
ဤသည်မှသာ တကယ့် အသေအလဲ တိုက်ခိုက်မှု အစစ် ဖြစ်၏။ ဤသည်မှသာ တကယ့် ဗုံးအစစ် ဖြစ်သည်။ တစ်ခါ ပေါက်ကွဲသွားသည်နှင့် လူအများအပြားကို အမှုန့်ကြိတ်ပစ်နိုင်မည့် ဗုံးကြီးပင် ဖြစ်သည်။
‘ဆွေခုနစ်ဆက် မျိုးကိုးဆက် သတ်ဖြတ်ခံရမယ် ဟုတ်လား။ အဲဒါက နည်းသေးတယ်။’
.......
မြို့ဝန် အိမ်တော် အကျဉ်းထောင် အတွင်း၌ ယွင်ကျုံးဟဲ့၏ စကားကို ကြားပြီးနောက် မြို့ဝန် ဝေ့ချီတွမ်၏ မျက်နှာ ရုတ်တရက် ပြောင်းလဲသွား၏။ “ခင်ဗျား သေချင်နေတာလား။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “မြို့ဝန်မင်း… ခင်ဗျားရဲ့သား ဝေ့ချီယန်က အရင်တုန်းက ကျန်းကျိုး ယွဲ့တန်းဖျင်ရဲ့ ခေါင်းဆောင် စာပေပညာရှင် ရွှီဖူရဲ့တပည့် ဖြစ်ခဲ့ဖူးတယ် မဟုတ်လား။”
မြို့ဝန် ဝေ့ချီတွမ်က အေးစက်စွာ ရယ်မောလိုက်၏။ “ဟုတ်တော့ကော ဘာဖြစ်လဲ။ သူ့ရဲ့ တပည့်တွေ အများကြီး ရှိတာပဲလေ။ ပြီးတော့ ခင်ဗျားက နိုင်ငံရေးအကြောင်း ဘာသိလို့လဲ။
ယွဲ့တန်းဖျင်က လူဆယ့်သုံးယောက် မြင်းငါးကောင်နဲ့ ဆွဲဖြဲသတ် ခံလိုက်ရပေမဲ့ ဧကရာဇ်မင်းမြတ်က သူတို့ကို သိပ်ပြီး မုန်းတီးနေတာ မဟုတ်ပါဘူး။ ဒါကြောင့် ရွှီဖူရဲ့ တပည့်ဆိုတဲ့ ဂုဏ်ပုဒ်က ဘယ်လိုလုပ်ပြီး ဘေးအန္တရာယ်ကို ယူဆောင်လာပေးနိုင်မှာလဲ။”
ယွင်ကျုံးဟဲ့ ဆက်မေးလိုက်သည်။ “တကယ်လို့ ယွဲ့တန်းဖျင်က အဲဒီ ပညာတတ် ဆယ့်သုံးယောက်က ကျန်းကျိုးကနေ ထွက်ပြေးတုန်းက ကြောက်စရာကောင်းတဲ့ ဗုံးကြီး တစ်လုံး မြှုပ်ထားခဲ့ရင်ကော။ တစ်ခါ ပေါက်ကွဲသွားတာနဲ့ လူအများကြီး အမှုန့်ကြိတ်ခံရမယ် ဆိုရင်ကော...”
မြို့ဝန် ဝေ့ချီတွမ်၏ ခန္ဓာကိုယ် အနည်းငယ် တုန်ယင်သွား၏။
အဘယ်ကြောင့်ဆိုသော် ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင် ရွှီဖူ အဖမ်းခံရချိန်က သူ၏ မျက်လုံးများထဲတွင် အမုန်းတရားများ ပြည့်နှက်နေပြီး ရက်စက်သော အပြုံးများ ပြုံးနေခဲ့သောကြောင့် နောက်ကွယ်တွင် ကြောက်စရာ ကောင်းသော အရာတစ်ခု ရှိနေမည်ကို စိုးရိမ်မိသောကြောင့်ပင်။
ဤကဲ့သို့သော နာမည်ကြီး ပညာတတ်များသည် သေရတော့မည့် အချိန်၊ သို့မဟုတ် အရာအားလုံး ဆုံးရှုံးရတော့မည့် အချိန်တွင် အလွန် ရက်စက်တတ်ကြပြီး ဘာမဆို လုပ်ရဲကြ၏။
ထို့ကြောင့် မြင်းငါးကောင်ဖြင့် ဆွဲဖြဲသတ်ချိန်တွင် သူတို့၏ လျှာများကို ဖြတ်ပစ်ရုံသာမက လည်ချောင်းများ ကိုလည်း ဆေးခတ်ကာ အသံအ သွားအောင် လုပ်ခဲ့ရခြင်း ဖြစ်သည်။
အကယ်၍ ကွပ်မျက်ချိန်တွင် သူတို့က ကြောက်စရာ ကောင်းသော စကားများ အော်ဟစ်လိုက်ပါက ကျန်းကျိုး တစ်မြို့လုံး အနေဖြင့် ဖြေရှင်း၍ ရနိုင်တော့မည် မဟုတ်ပေ။
.....................