အခန်း (၃၀၃-၃၀၄)
Vol. 26 Ch. 303-304
အပိုင်း (၃၀၃)
ချိုယွဲ့ (ဆောင်းဦးလမင်း) ပြည့်တန်ဆာရုံ အတွင်းရှိ လူတိုင်း အလွန် ကြောက်ရွံ့ တုန်လှုပ်နေကြသည်။ ပြည့်တန်ဆာများအားလုံး ငိုကြွေးနေကြကာ သေးထွက်ကျသွားသူများ ပိုမိုများပြားလာ၏။
‘ပြီးပြီ… ပြီးပြီ… ပြီးပြီ။ ခင်ဗျား ဝေ့ချီယန် လျှောက်ပြောတာ ကိစ္စမရှိပေမဲ့ ခင်ဗျားက လူတိုင်းကို ဆွဲသွင်းသွားတော့မှာပဲ။’
ထိုအချိန်တွင် ပြည်နယ်ဝန်ကြီး၏ တူဖြစ်သူက ရုတ်တရက် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “လူတစ်ယောက် ပုန်ကန်နေတယ်။ လူတစ်ယောက် ပုန်ကန်နေတယ်။”
ချီကော်ကွန်း၏ သခင်လေးကလည်း အလျင်အမြန် အော်ဟစ်လိုက်၏။ “ဝေ့ချီယန် ပုန်ကန်နေပြီ။ သူ့ကို ဖမ်းလိုက်ကြ… ဖမ်းလိုက်ကြ...”
ချက်ချင်းပဲ ထိုနေရာတွင် ရှိနေသော ဂုဏ်သရေရှိ မှူးမတ်မျိုးရိုးမှ လူငယ်များ သတိဝင်လာကြပြီး အလျင်အမြန် ပြေးဝင်သွားကာ ဝေ့ချီယန်ကို ဖမ်းချုပ်လိုက်ကြသည်။
“သူ့ကို သတ်… သူ့ကို သတ်…”
“ဝေ့ချီယန် ပုန်ကန်နေပြီ။ ကျုပ်တို့ရဲ့ ဉာဏ်ပညာ ကြီးမားတဲ့ ဧကရာဇ်မင်းမြတ်ကို စော်ကားရဲတယ်။”
“သခင်ကို စော်ကားရင် အစေခံက သေရမယ်။ ကျုပ်တို့က သစ္စာမရှိတဲ့ သူတွေ ဖြစ်သွားပြီ။”
ထိုနေရာတွင် ရှိနေသော ဂုဏ်သရေရှိ မှူးမတ်မျိုးရိုးမှ လူငယ် အများအပြားနှင့် ကျောင်းသား အများအပြားက ပန်းကန်ပြားများကို ရိုက်ခွဲလိုက်ပြီး ထက်မြက်သော ကြွေကွဲစများဖြင့် မိမိတို့၏ မျက်နှာကို ပြင်းပြင်းထန်ထန် ခြစ်ချလိုက်ကြ၏။
ချက်ချင်းပဲ မျက်နှာ တစ်ခုလုံး သွေးများ ရွှဲနစ်သွားပြီး လုံးဝ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားလေ၏။
“ဧကရာဇ်မင်းမြတ်က ဒီလောက်တောင် ဉာဏ်ပညာ ကြီးမားတာကို သူ့ကို စော်ကားရဲတဲ့ လူယုတ်မာတွေ ရှိနေသေးတယ်။ တကယ်ကို ရူးသွပ်နေတာပဲ… အရှင်မင်းမြတ်… ကျုပ်မှာ အရှင်မင်းမြတ်ကို မျက်နှာပြစရာ အကြောင်း မရှိတော့ပါဘူး။ ဒီနေ့ ကျုပ်က ဒီလူယုတ်မာနဲ့ စားပွဲ တစ်ဝိုင်းတည်း အတူတူ ထိုင်မိတာ တစ်လောကကို မျက်နှာပြစရာ အကြောင်း မရှိတော့ပါဘူး။”
ထိုနေရာတွင် ရှိနေသူ အားလုံး ကြွေကွဲစများဖြင့် မျက်နှာများကို ခြစ်ချကြ၏။ ပို၍ ရက်စက်သူ အချို့က ဓားမြှောင်ကို ဆွဲထုတ်ကာ ကိုယ့်ဗိုက်ကို ပြင်းပြင်းထန်ထန် ထိုးစိုက်လိုက်ကြသည်။
‘ဒီလိုအချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုယ် ကယ်တင်မှ ရမယ်။ မဟုတ်ရင် ကိုယ်တိုင် သေရုံတင် မကဘူး၊ မိသားစု တစ်ခုလုံးပါ ဆွဲသွင်းခံရလိမ့်မယ်။’
“ပုန်ကန်ပြီ… ပုန်ကန်ပြီ… ဝေ့ချီယန်ကို ဖမ်းပြီး ပြည်နယ်ဝန်ကြီး ရုံးကို ပို့ကြ။ ဖမ်းလိုက်ကြ…”
ဂုဏ်သရေရှိ မှူးမတ်မျိုးရိုးမှ လူငယ်များက ဝေ့ချီယန်ကို ဖမ်းဆီးကာ ပြည်နယ်ဝန်ကြီးရုံးသို့ ဦးတည် သွားကြလေ၏။
ထိုအချိန်တွင် ချန်လန်ပြည်နယ်ဝန်ကြီးက အိပ်ရာဝင်ခါစသာ ရှိသေးသည်။
ဤရက်များအတွင်း ပြဿနာများ ရှုပ်ထွေးလွန်းလှသောကြောင့် ပြည်နယ်ဝန်ကြီး ဝမ်ချီချန်မှာ ညစဉ် အိပ်ရာဝင် နောက်ကျကာ အိပ်ရေးပျက်သည့်ဒဏ်ကို ခံစားနေရ၏။
အဘယ်ကြောင့်ဆိုသော် သူ့၌ ချန်လန်ပြည်နယ်တစ်ခုလုံးရှိ အစိုးရအဖွဲ့ဝင်များနှင့် ပညာတတ် အသိုင်းအဝိုင်းကို မျက်ခြည်မပြတ် စောင့်ကြည့်ရန် တာဝန်ရှိနေသောကြောင့် ဖြစ်၏။ မည်သူတစ်ဦး တစ်ယောက်ထံမှ စကားတစ်ခွန်းတောင် အမှားအယွင်း မရှိစေရန် သူ အစွမ်းကုန် ထိန်းချုပ်ထားရသည်။
ဤတစ်ကြိမ် စစ်ရှုံးရခြင်း၏ တာဝန်ယူမှု၊ တာဝန်ခံမှုသည် နုလန်ဟောက်အောက်ရှင်း ထံတွင်သာ အဆုံးသတ်ရမှာ ဖြစ်သည်။ ထိုကိစ္စ၏ အကျိုးဆက်သည် ဧကရာဇ်မင်းမြတ်ထံသို့ အနည်းငယ်မျှပင် ရိုက်ခတ်မှု ရှိ၍ မဖြစ်ချေ။
ဤသည်မှာ အလွန် ခက်ခဲနက်နဲသော တာဝန်တစ်ခုဖြစ်ရာ ပြည်နယ်ဝန်ကြီး ဝမ်ချီချန်မှာ နေ့စဉ်နှင့်အမျှ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေရတော့သည်။
အောက်ရှင်း အကျဉ်းချခံရပြီး နေအိမ်ပါ ချိတ်ပိတ်ခံရသော်လည်း ဝမ်ချီချန်သည် ထိုကိစ္စတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင်ပတ်သက်ခြင်း မရှိခဲ့ပေ။
အမှန်စင်စစ် ဝမ်ချီချန်နှင့် အောက်ရှင်းတို့မှာ တစ်ဦးနှင့်တစ်ဦး ကြည့်မရသော ရန်ဘက်များ ဖြစ်ကြသည်။
သို့သော်လည်း ဝမ်ချီချန်သည် ဂုဏ်သရေရှိ မှူးမတ်မျိုးရိုးမှ ဆင်းသက်လာသူပီပီ အောက်ရှင်းသည် လာဘ်ပေးလာဘ်ယူ ကင်းရှင်းပြီး ချို့ချို့တဲ့တဲ့ နေထိုင်သူဖြစ်ကြောင်းကိုမူ ကောင်းစွာသိရှိထား၏။
သူကိုယ်တိုင်မှာလည်း ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှိသော အထက်တန်းလွှာ မျိုးရိုးမှ ဖြစ်သောကြောင့် အောက်ရှင်း၏ ပိုင်ဆိုင်မှုကဲ့သို့သော ငွေကြေးပမာဏကို မက်မောတွယ်တာခြင်း မရှိပေ။
သူသည် ညစဉ် အိပ်ရာမဝင်မီ စကားတစ်ခွန်းကိုသာ တိုးတိုးလေး ရွတ်ဆိုလေ့ရှိသည်။ “သတင်း မကြားရတာဟာ အကောင်းဆုံးသတင်းပဲ... သတင်း မကြားရတာဟာ အကောင်းဆုံးသတင်းပဲ...”
ထိုသို့ အကြိမ်ကြိမ် ရွတ်ဆိုပြီးမှသာ သူ အိပ်ပျော်နိုင်တော့၏။
ယခုအခါ သူ အစိုးရိမ်ဆုံးအရာမှာ ကြီးမားသော ပြဿနာတစ်ခု ရုတ်တရက် ပေါက်ကွဲလာမည်ကို ဖြစ်သည်။
ကျင်းရှီ သို့မဟုတ် ကျုရန် အဆင့်ရှိသော ပညာတတ် အရူးတစ်ယောက်ယောက်က ဤစစ်ရှုံးမှုသည် ဧကရာဇ် မင်းမြတ်၏ အမှားဖြစ်ကြောင်း ထောက်ပြကာ၊ ဧကရာဇ်မင်းမြတ်ကိုယ်တိုင် အပြစ်ဝန်ခံချက် ထုတ်ပြန်ရန် တောင်းဆိုလာမည်ကို သူ အကြောက်ဆုံး ဖြစ်၏။
အကယ်၍ ထိုသို့သာ ဖြစ်လာပါက ဝမ်ချီချန်၏ စောင့်ကြည့် ထိန်းချုပ်မှုများသည် အချည်းနှီး ဖြစ်သွားရပေ လိမ့်မည်။
ကောင်းကင်ဘုံက မစပါစေ။ ဘာပြဿနာမှ မဖြစ်ပါစေနဲ့။ ဒီခြောက်လတာ ကာလကို အေးအေးဆေးဆေး ကျော်ဖြတ်နိုင်ပါစေ ဟု သူ နေ့စဉ်နေ့တိုင်း ဆုတောင်းနေမိတော့သည်။
မနည်း ကြိုးစားပြီးနောက် သူ အိပ်ပျော်သွားခဲ့သည်။ သို့ပေမည့် နာရီဝက်ခန့် အကြာတွင် ပြည်နယ်ဝန်ကြီး ဝမ်ချီချန် ရုတ်တရက် လန့်နိုးလာ၏။
“ပြည်နယ်ဝန်ကြီး.. ဒုက္ခရောက်ပါပြီ။ ဒုက္ခရောက်ပါပြီ။” အကြံပေးက အော်ဟစ်ကာ ပြေးဝင်လာသည်။
ပြည်နယ်ဝန်ကြီးသည် စပရိန် တပ်ထားသကဲ့သို့ ကုတင်ပေါ်မှ ရုတ်တရက် ခုန်ထလိုက်ပြီး တုန်ယင်စွာ မေးလိုက်၏။ “ဘာဖြစ်တာလဲ။ ဘာဖြစ်တာလဲ။”
အကြံပေးက ပြန်ဖြေသည်။ “လူတစ်ယောက် ပုန်ကန်နေတယ်။ လူတစ်ယောက် ပုန်ကန်နေတယ်။”
“ပုန်ကန်နေတယ် ဟုတ်လား။”
ပြည်နယ်ဝန်ကြီး ဝမ်ချီချန် သက်ပြင်းချလိုက်၏။ “ပြဿနာကြီးကြီး မပေါက်ကွဲဘူးဆိုရင် တော်သေးတာပေါ့။”
ကျင်းကျိုးမြို့ကဲ့သို့သော အရပ်ဒေသတွင် စစ်ရေးပုန်ကန်မှု ဖြစ်ပွားခြင်းသည် အမှန်တကယ် ထိတ်လန့်ဖွယ်ရာ အကောင်းဆုံး ဖြစ်သည်။ အကြောင်းမှာ ထိုနေရာသည် မြောက်ပိုင်းကာကွယ်ရေး၏ ဗဟိုချက်မ ဖြစ်ရုံသာမက၊ တာယင်အင်ပါယာနှင့်လည်း အလွန်ပင် နီးကပ်စွာ တည်ရှိနေသောကြောင့် ဖြစ်သည်။
တစ်ဖက်တွင်လည်း ကျန်းကျိုးမြို့သည် ပညာတတ်များ စုဝေးရာ ဒေသဖြစ်သောကြောင့် ပညာရေး အရှိန်အဝါက သိုင်းပညာစွမ်းအားကို လွှမ်းမိုးထိန်းချုပ်ထားနိုင်၏။
ထို့ကြောင့် မည်သည့်လူမိုက်က ပုန်ကန်ရန် ကြိုးစားသည်ဖြစ်စေ၊ ကြီးကျယ်သော ရိုက်ခတ်မှုများ ပေါ်ပေါက် လာနိုင်ခြေ မရှိသည့်အပြင် ပြစ်မှုပြစ်ဒဏ်မှာလည်း အလွန်အမင်း ကြီးလေးလိမ့်မည် မဟုတ်ပေ။
သို့ပေမည့် အကြံပေး၏ မျက်နှာက ကောင်းကင်ကြီး ပြိုကျလာတော့မည့် အလား ဖြစ်နေ၏။
“ဘယ်သူ ပုန်ကန်တာလဲ။” ဝမ်ချီချန်က မေးလိုက်သည်။
အကြံပေးက တုန်ယင်စွာ ပြန်ဖြေ၏။ “မြို့ဝန် ဝေ့ချီတွမ်ရဲ့သား ဝေ့ချီယန် ပါ။ ချိုယွဲ့ ပြည့်တန်ဆာရုံက စားသောက်ပွဲမှာ ကျင်ရှီတွေ၊ ကျူရန်တွေနဲ့ ဂုဏ်သရေရှိ မှူးမတ်မျိုးရိုးက လူငယ် တစ်ရာကျော်ရဲ့ ရှေ့မှာ အရမ်းကို ရိုင်းစိုင်းတဲ့ စကားတွေ ပြောလိုက်တာပါ။”
ဝမ်ချီချန်က တုန်ယင်စွာဖြင့် မေးလိုက်သည်။ “သူ ဘာစကားတွေ ပြောလိုက်တာလဲ။”
‘ဧကရာဇ်ကို အပြစ်ဝန်ခံတဲ့ ကြေညာချက် ထုတ်ပြန်ခိုင်းတာတော့ မဖြစ်ပါစေနဲ့။ မဖြစ်ပါစေနဲ့။’
အကြံပေးက ဖြေလိုက်၏။ “သူက… ဧကရာဇ် ဝမ်ယွင်က အသုံးမကျတဲ့အတွက် နိုင်ငံတော် စစ်ပွဲမှာ ရှုံးနိမ့်ခဲ့ရတယ်။ တာ့ကျိုးအင်ပါယာကို ကယ်တင်ချင်ရင် ဧကရာဇ်မင်းမြတ် ရာထူးကနေ ဆင်းပေးပြီး ဧကရာဇ်ဟောင်းဆီ အာဏာ ပြန်လွှဲပေးရမယ်လို့ ပြောလိုက်ပါတယ်။”
ထိုစကားကို ကြားချိန်မှာတော့ ချက်ချင်းပဲ ပြည်နယ်ဝန်ကြီး ဝမ်ချီချန် တစ်ကိုယ်လုံး တုန်ယင်သွားပြီး မိုးကြိုး အပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။ သူ၏ တစ်ကိုယ်လုံး လှုပ်ရှား၍ မရတော့ဘဲ အကြောသေသွားသကဲ့သို့ ဖြစ်နေသည်။
‘ဒါ… ဒါက ပြဿနာ ကြီးကြီး ပေါက်ကွဲတာ မဟုတ်ဘူး။ ဒါ… ဒါက… ဒါက ခေါင်းထိုးကျတာ မဟုတ်ဘူး။ ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်သွားတာပဲ။’
ဝမ်ချီချန် အသက်ရှူရပင် ခက်ခဲလာသည်ဟု ခံစားလိုက်ရ၏။ ကြောက်မက်ဖွယ် ကောင်းသော မုန်တိုင်းကြီး ရောက်လာတော့မည်။
“ဖိနှိပ်ထား… အတင်း ဖိနှိပ်ထားလိုက်...”
ပြည်နယ်ဝန်ကြီး ဝမ်ချီချန်က အသံသြသြဖြင့် အော်ဟစ်လိုက်၏။ “လူတိုင်း ပါးစပ်ပိတ်ထား။ ဝေ့ချီယန်ကို လျှို့ဝှက်ပြီး သတ်ပစ်လိုက်။ ဒီနေ့ည စားသောက်ပွဲမှာ ပါဝင်တဲ့ လူအားလုံးကို ဖမ်းပြီး ပိတ်လှောင်ထား။ ချိုယွဲ့ ပြည့်တန်ဆာရုံက ပြည့်တန်ဆာမတွေ၊ အစေခံတွေ အားလုံးကို သတ်ပစ်… အကုန်လုံးကို သတ်ပစ်...”
အကြံပေးက တုန်ယင်နေသည့် အသံဖြင့် ပြန်ဖြေလိုက်သည်။ “အချိန်မမီတော့ဘူး လူကြီးမင်း။ အဲဒီနေရာမှာ လူတွေ အရမ်းများလွန်းတယ်။ တစ်ရာကျော်တောင် ရှိတာ။ သတင်းတွေ… ပေါက်ကြားသွားပြီ။ မကြာခင် ကျန်းကျိုး တစ်မြို့လုံး ပျံ့နှံ့သွားတော့မယ်။ မနက်ဖြန် မနက်ဆိုရင် လူတိုင်း သိသွားကြတော့မယ်။”
ပြည်နယ်ဝန်ကြီး ဝမ်ချီချန် ခြေထောက် နှစ်ဖက်လုံး အားပြတ်သွားပြီး ကုတင်ပေါ်သို့ တိုက်ရိုက် ထိုင်ချလိုက်ရတော့၏။ “ပြီးပြီ… ပြီးပြီ… ပြီးပြီ..”
သူ၏ တစ်ကိုယ်လုံး လုံးဝ အေးစက်သွားပြီး အရိုးထဲထိ စိမ့်ဝင်လာသော အအေးဒဏ်က သူ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။ “ချီးတဲ့မှ ဝေ့ချီတွမ်… ခင်ဗျားရဲ့ ဘိုးဘေး ဆယ့်ရှစ်ဆက်လုံးကို ကျုပ် စော်ကားပစ်မယ်။ ခင်ဗျားရဲ့ ဘိုးဘေး ဆယ့်ရှစ်ဆက်လုံးကို ကျုပ် မြေလှန်ပစ်မယ်။”
အမြဲတမ်း အလွန်တည်ကြည်ခန့်ညားသော ပြည်နယ်ဝန်ကြီး ဝမ်ချီချန် သည် တစ်ခါမှ မကြုံဖူးလောက်အောင် ရူးသွပ်စွာ အော်ဟစ် ဆဲဆိုနေတော့၏။
တစ်ခါမှ ရိုင်းစိုင်းသောစကား မပြောဖူးသော သူက အလွန် ရိုင်းစိုင်းသော စကားများကို အဆက်မပြတ် ပြောဆိုနေသည်။
“သောက်ကျိုးနည်း… ခင်ဗျားရဲ့ ဘိုးဘေး ဆယ့်ရှစ်ဆက်လုံးကို ကျုပ် တူးဖော်ပစ်မယ်။ ခင်ဗျား သေချင်ရင် ကိုယ့်ဘာသာ သေလေ။ ကျုပ်ကို ဘာလို့ လာဆွဲသွင်းနေတာလဲ။ ကျုပ်ကို ဘာလို့ လာဆွဲသွင်းနေတာလဲ။”
အကြံပေးက ဒူးထောက်ကာ ပြောလိုက်၏။ “ပြည်နယ်ဝန်ကြီးမင်း... အခု ချက်ချင်း လှုပ်ရှားမှ ရမယ်။ ချက်ချင်း သဘောထားပြမှ ရမယ်။ မဟုတ်ရင် နောက်ကျသွားလိမ့်မယ်။”
ပြည်နယ်ဝန်ကြီး ဝမ်ချီချန် အလျင်အမြန် မတ်တတ်ရပ်လိုက်ပြီး တုန်ယင်စွာ အမိန့်ပေးလိုက်သည်။ “လာကြစမ်း... ကျုပ်ကို အမတ်ဝတ်စုံ ဝတ်ပေးကြ...”
“အမိန့်ပေးလိုက်… အမိန့်ပေးလိုက်။ ကျန်းကျိုးမြို့က အဆင့် ခုနစ်နဲ့အထက် အမတ်တွေ အားလုံး ပြည်နယ်ဝန်ကြီးရုံးကို ချက်ချင်း လာစုကြ...”
“ကျန်းကျိုး မြို့စောင့်တပ်ကို အမိန့်ပေးလိုက်။ မြို့ တစ်မြို့လုံးကို ပိတ်ဆို့ထား...”
“ကျန်းကျိုးမြို့ရဲ့ တံခါးတွေ အားလုံးကို ပိတ်လိုက်… အားလုံးကို ပိတ်လိုက်...”
“ကျန်းကျိုးမြို့… တရားဝင် ညမထွက်ရ အမိန့် ထုတ်တယ်။”
“စစ်သည်တွေ လွှတ်ပြီး ဝေ့ချီတွမ် မိသားစု တစ်ခုလုံးကိုဖမ်း… မဟုတ်ဘူး… ဝေ့ချီတွမ် မျိုးနွယ်စု တစ်ခုလုံးကို ဖမ်း။ ဆွေငါးဆက် အတွင်း ရှိတဲ့သူ အားလုံးကို ဖမ်း...”
“ဝေ့ချီတွမ်ရဲ့ တပည့်တွေ အားလုံး၊ အကြံပေးတွေ အားလုံးကို ဖမ်း၊ ဝေ့ချီတွမ်ရဲ့ ဇနီး မျိုးနွယ်စု တစ်ခုလုံးကို ဖမ်း၊ ဝေ့ချီတွမ်ရဲ့ ဆရာ မျိုးနွယ်စု တစ်ခုလုံးကို ဖမ်း…”
ပြည်နယ်ဝန်ကြီး ဝမ်ချီချန်က အမိန့်များ တစ်ခုပြီးတစ်ခု ဆက်တိုက်ပေးလိုက်တော့၏။
အကြံပေးက တုန်တုန်ယင်ယင်ဖြင့် ဝင်ပြောလိုက်သည်။ “ပြည်နယ်ဝန်ကြီးမင်း… ဝေ့ချီတွမ်ရဲ့ ဆရာက အမတ်ချုပ်ကြီးလင်လေ။”
“လျှောက်ပြောမနေနဲ့။ အမတ်ချုပ်ကြီးလင်နဲ့ ဝေ့ချီတွမ်နဲ့ ဘာမှ မပတ်သက်ဘူး။”
ပြည်နယ်ဝန်ကြီး ဝမ်ချီချန်က အော်ငေါက်ကာ အမိန့်ပေးလိုက်၏။ “ဝေ့ချီတွမ်ကို အခြေခံပညာ သင်ပေးခဲ့တဲ့ ဆရာ၊ ပြီးတော့ စာမေးပွဲ မအောင်ခင်တည်းက သင်ပေးခဲ့တဲ့ ဆရာတွေကို ပြောတာ။ အခြေခံပညာ သင်ပေးတဲ့ ဆရာကနေ၊ ခရိုင်ကျောင်း၊ ပြည်နယ်ကျောင်း၊ ပြည်နယ် စာမေးပွဲက ဆရာတွေ အားလုံးကို ဖမ်း…။
ပြီးတော့ ဝေ့ချီယန်ကို အသက် သုံးနှစ်ကနေ စာမေးပွဲ အောင်တဲ့ အထိ သင်ပေးခဲ့တဲ့ ဆရာတွေ အားလုံးကို ဖမ်း…၊ ဝေ့ချီယန်ရဲ့ ဇနီး မျိုးနွယ်စု တစ်ခုလုံး၊ မယားငယ် မျိုးနွယ်စု တစ်ခုလုံး၊ အားလုံးကို ဖမ်း… အားလုံးကို ဖမ်းကြ...”
အကြံပေးက တိုးညင်းစွာဖြင့် သတိပေးလိုက်သည်။ “လူကြီးမင်း… အဲဒါ လူထောင်ပေါင်းများစွာ ရှိတယ်နော်”
“ဖမ်း… ဖမ်း… ဖမ်း…”
ပြည်နယ်ဝန်ကြီး ဝမ်ချီချန်က ပြော၏။ “ကျန်းကျိုး မြို့စောင့်တပ်ရဲ့ စစ်သည်တွေ မလုံလောက်ရင် ချန်လန်ပြည်နယ် စစ်တပ်ကို သုံး။ မလုံလောက်သေးရင် ဘေးနားက ပြည်နယ်တွေကနေ စစ်တပ်တွေ ခေါ်။ ဒါက ပုန်ကန်မှုပဲ… ဒါက ပုန်ကန်မှုပဲ။ တစ်ယောက်မှ ထွက်ပြေးလို့ မရဘူး။ အားလုံးကို ဖမ်းရမယ်။”
“ကောင်း… ကောင်းပါပြီ။” အကြံပေးက မြေပြင်ပေါ်တွင် ဒူးထောက်ကာ အမိန့်စာများကို တစ်စောင်ပြီး တစ်စောင် အလျင်အမြန် ရေးသားလေသည်။
ပြည်နယ်ဝန်ကြီး ဝမ်ချီချန်လည်း မြေပြင်ပေါ်တွင် ထိုင်ချကာ တစ်ဖက်မှ အဝတ်အစား ဝတ်ရင်း၊ တစ်ဖက်မှ တံဆိပ်တုံးကို ယူကာ အမိန့်စာများပေါ်တွင် အဆက်မပြတ် တံဆိပ် နှိပ်နေ၏။
တံဆိပ် နှိပ်ရင်းနှင့် ပြင်းပြင်းထန်ထန် ဆဲဆိုနေသေးသည်။ “ဝေ့ချီတွမ်… ခင်ဗျားရဲ့ ဘိုးဘေး ဆယ့်ရှစ်ဆက် လုံးကို ကျုပ် ချပစ်မယ်။ ခင်ဗျားရဲ့ ဘိုးဘေး ဆယ့်ရှစ်ဆက်လုံးကို ကျုပ် ချပစ်မယ်။”
ထိုအချိန်တွင် အပြင်ဘက်မှ အစေခံ တစ်ဦး ပြေးဝင်လာပြီး သတင်းပို့လိုက်၏။ “ပြည်နယ်ဝန်ကြီးမင်း… မြို့ဝန် ဝေ့ချီတွမ်က တွေ့ခွင့် တောင်းနေပါတယ်။ အရမ်း အရေးကြီးတဲ့ ကိစ္စရှိတယ်လို့ ပြောပါတယ်။”
ပြည်နယ်ဝန်ကြီး ဝမ်ချီချန် အနည်းငယ် အံ့အားသင့်သွား၏။ ‘ဝေ့ချီတွမ်က မထွက်ပြေးဘဲ ကိုယ့်ဘာသာ လာအဖမ်းခံတာလား။’
သို့ပေမည့် ထိုအချိန်တွင် မြို့ဝန် ဝေ့ချီတွမ်သည် ဖြစ်ပျက်ခဲ့သမျှ အားလုံးကို မသိရှိသေးဘဲ ငွေကြေး အမြောက်အမြား ရရှိခဲ့သောကြောင့် တစ်ကိုယ်လုံး ပူနွေးနေဆဲ ဖြစ်သည်။
................
အပိုင်း (၃၀၄)
ယွင်ကျုံးဟဲ့၏ စကားများကြောင့် မြို့ဝန် ဝေ့ချီတွမ်က အနည်းငယ် စိုးရိမ်မိသော်လည်း အပြည့်အဝ မယုံကြည်နိုင်ပေ။
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင် ရွှီဖူက ဘေးအန္တရာယ် တစ်ခုခု ချန်ထားခဲ့ပြီး ပေါက်ကွဲသွားမည် ဆိုလျှင်တောင် သူ၏သား ဝေ့ချီယန်ကိုတော့ ထိခိုက်နိုင်မှာ မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် ရွှီဖူတွင် အမည်ခံတပည့်များ ရာပေါင်းများစွာ ရှိနေသောကြောင့် ဖြစ်၏။ သူ ဝေ့ချီတွမ်၏သား သာမက၊ ဆူကော်ကွန်း (မင်းမျိုးနွယ်တစ်မျိုး) ၏ သားနှင့် ပြည်နယ်ဝန်ကြီး၏ သား တို့သည်လည်း ရွှီဖူ၏ တပည့်များ ဖြစ်ကြသည်။
အထက်တန်းလွှာ အသိုင်းအဝိုင်းတွင် ဤကဲ့သို့သော ဆက်ဆံရေးမျိုးက သာမန်သာဖြစ်ပြီး မည်သည့် ထူးဆန်းမှုမှ မရှိချေ။
ထို့အပြင် သူက သားဖြစ်သူ ဝေ့ချီယန်ကို ရှာဖွေကာ အိမ်သို့ အမြန်ဆုံး ပြန်ပို့ရန် အကြံပေးကို စေလွှတ်လိုက်ပြီ ဖြစ်သည်။ ဘာပြဿနာမှ ရှိလာမှာ မဟုတ်ပေ။
သို့ပေမည့် အရှေ့ရှိ ရွှေများကတော့ အစစ်အမှန် ဖြစ်သည်။ ထို့အပြင် ကျင်းကျိုးတွင် စစ်ပုန်ကန်မှု ဖြစ်ပွားနေလောက်ပြီ ဖြစ်၏။ အောက်ရှင်း မိသားစုကို နတ်ဘုရားများပင် ကယ်တင်နိုင်မည် မဟုတ်တော့ဘဲ သေချာပေါက် သေရမှာဖြစ်သည်။
သူ ဝေ့ချီတွမ် လုပ်ဆောင်ရမည့် အရာမှာ အောက်မျိုးနွယ်စု မျိုးဖြုတ် သတ်ဖြတ်ခြင်းမခံရမီ ရွှေများ ပိုမို ရရှိရန် လုပ်ဆောင်ခြင်း ဖြစ်၏။ ဤငွေများကို အခြားသူများနှင့် မခွဲဝေဘဲ သူ တစ်ယောက်တည်း ရယူကာ အကြီးအကျယ် ချမ်းသာအောင် လုပ်ရမည်။
ထို့နောက် အောက်ယွီထံမှ တခြားရွှေများ၏ နေရာကို ဖော်ထုတ်ရန် အောက်နင်နင်ကို ပိုမို ပြင်းထန်စွာ နှိပ်စက်ရမည်။ လိုအပ်ပါက နုလန်ဟောက်၏ ဇနီး လျိုကတော်ကိုပါ နှိပ်စက်ရမှာဖြစ်၏။
မည်သို့ပင်ဖြစ်စေ အောက်ရှင်း သေရတော့မည်ဖြစ်ရာ ဤနုလန်ဟောက်၏ ဇနီးမှာ ကြက်တစ်ကောင် လောက်ပင် တန်ဖိုး မရှိတော့ပေ။ နှိပ်စက်လျှင်လည်း နှိပ်စက်လိုက်ရုံပင်။ ထင်ရှားသော ဒဏ်ရာများ မကျန်ရှိစေရန်ကိုသာ ဂရုစိုက်ရပေလိမ့်မည်။
‘အောက်မျိုးနွယ်စုက ကျုပ်ရဲ့ ကံကောင်းခြင်းတွေပဲ။ နုလန်ဟောက် အိမ်တော်ရဲ့ ပျက်စီးမှုက ကျုပ်ရဲ့ ရာထူးကို တိုးတက်စေရုံသာမက၊ ကျုပ်ကို သန်းနဲ့ချီ ချမ်းသာစေပြီး ကျုပ်မိသားစုကို မျိုးဆက် တော်တော်များများ ချမ်းသာအောင် လုပ်ပေးနိုင်တယ်။’
ယခုတစ်ကြိမ် အောက်ရှင်းမိသားစုအား အမြစ်ပြတ်ချေမှုန်းရာတွင် မြို့ဝန် ဝေ့ချီတွမ်သည် အဓိကကဏ္ဍမှ ပါဝင်အားဖြည့်ခဲ့သည့် အကျိုးဆောင်တစ်ဦး ဖြစ်သည်။
နောင်တစ်ချိန်တွင် အမတ်ချုပ်ကြီးလင်က ဆုလာဘ်များ ချီးမြှင့်သည့်အခါ သူ့အား ရာထူးတစ်ဆင့်တိုး၍ မြှောက်စားလိမ့်မည်ဟု ခန့်မှန်းရ၏။
‘မြို့တော်က ဝန်ကြီးဌာန ခြောက်ခုထဲက တစ်ခုခုမှာ လက်ယာဘက် ဒု-ဝန်ကြီး သွားလုပ်ရမလား၊ ဒါမှမဟုတ် အလယ်အလတ် ပြည်နယ် တစ်ခုခုမှာ စစ်ဆေးရေးမှူး သွားလုပ်ရမလား။’
သို့ပေမည့် ဝေ့ချီတွမ်က စစ်ဆေးရေးမှူး ရာထူးကို မကြိုက်ပေ။ သူက တပ်တော် အုပ်ချုပ်ရေးမှူး (ကျုံးတူတူ) ရာထူးကို ပိုနှစ်သက်သည်။
ထိုသို့တွေးတောကာ ဝေ့ချီတွမ် သည် ပြည်နယ်ဝန်ကြီးရုံး အရှေ့တွင် ရပ်ကာ စိတ်ကူးယဉ်နေမိသည်။ တစ်ဖက်မှလည်း ပြည်နယ်ဝန်ကြီးက အဘယ်ကြောင့် ဤမျှ နှေးကွေးနေရသနည်းဟု ညည်းတွားနေမိ၏။
အိပ်ရာမှထကာ အဝတ်အစား လဲလှယ်ရုံ သက်သက်ကို ဤမျှ မကြာသင့်ပေ။ သူ စောင့်နေရသည်မှာ နာရီဝက်ခန့် ရှိနေပြီ ဖြစ်သည်။
ထိုအချိန်တွင် ပြည်နယ်ဝန်ကြီးရုံး၏ တံခါး ပွင့်လာပြီး အကြံပေး ထွက်လာကာ ပြောလိုက်၏။ “မြို့ဝန်ဝေ့ချီ… ပြည်နယ်ဝန်ကြီးမင်းက ခေါ်ခိုင်းလိုက်ပါတယ်။”
“ကောင်းပါပြီ။” မြို့ဝန် ဝေ့ချီတွမ်က ခေါင်းညိတ်၍ ပြည်နယ်ဝန်ကြီးရုံး အတွင်းသို့ ဝင်ရောက်သွား၏။ အထဲသို့ ရောက်ချိန်မှာတော့ သူ အနည်းငယ် အံ့အားသင့်သွားသည်။
‘ဘာတွေ ဖြစ်နေတာလဲ။ ဘာလို့ ဒီလောက်တောင် အရေးပေါ် အခြေအနေ ဖြစ်နေရတာလဲ။’
ပြည်နယ်ဝန်ကြီးရုံး အတွင်း၌ အမတ် ဒါဇင်ပေါင်းများစွာ ရှိနေပြီး ပြည်နယ်အတွင်းရှိ အဓိက အရာရှိများ အားလုံး ရောက်ရှိနေကြ၏။
အထွေထွေ အတွင်းရေးမှူး၊ စာရေးကြီးများသာမက ပညာရေးဝန်ကြီး ယွီကျန်း လည်း ရှိနေသည်။
ထို့အပြင် ကျန်းကျိုးမြို့ရှိ ခရိုင်ဝန် နှစ်ဦး၊ ကျန်းကျိုး မြို့စောင့်တပ် တပ်မှူးနှင့် ချန်လန်ပြည်နယ် စစ်သေနာပတိတို့ပါ ရောက်ရှိနေကြ၏။
‘ဒါ… ဒါ ဘာအရေးကြီးတဲ့ ကိစ္စတွေ ဖြစ်နေလို့လဲ။ ဘာလို့ ကျုပ်ကို သတင်း မပေးရတာလဲ။’
ဝေ့ချီတွမ်က အရိုအသေပေးပြီး ပြောလိုက်သည်။ “တပ်မှူးရှင်းလည်း ရှိနေပြီ ဆိုတော့ ကျုပ် ထပ်ပြောစရာ မလိုတော့ပါဘူး။ ပြည်နယ်ဝန်ကြီးမင်းဆီကနေ စစ်တပ် ရွှေ့ပြောင်းခွင့် အမိန့်စာကို ရပြီးလောက်ပြီ ထင်ပါတယ်။”
ပြည်နယ်ဝန်ကြီး ဝမ်ချီချန်က တည်ငြိမ်စွာ မေးလိုက်၏။ “ဝေ့ချီတွမ်… ဒီနှစ်ရက်အတွင်း ခင်ဗျား ဘာတွေ လုပ်နေတာလဲ။”
ဝေ့ချီတွမ်က ဖြေလိုက်သည်။ “အထူးကိုယ်စားလှယ် အမတ်နဲ့အတူ နုလန်ဟောက် အိမ်တော်ကို ဝင်စီးနေတာပါ။”
ပြည်နယ်ဝန်ကြီး ဝမ်ချီချန်က ထပ်မေးလိုက်၏။ “ဒါပေမဲ့ အဲတာက ပြီးခဲ့တဲ့ သုံးရက်တည်းက ဝင်စီးပြီးပြီလေ။ ဒီရက်ပိုင်း ဘာတွေ ဆက်လုပ်နေတာလဲ။”
ဝေ့ချီတွမ်က ပြန်ဖြေ၏။ “ကျန်နေတဲ့ လာဘ်ငွေတွေ ဘယ်မှာလဲ ဆိုတာ အောက်ယွီကို စစ်ဆေး မေးမြန်းနေတာပါ။ လူတိုင်း သိတဲ့အတိုင်း နုလန်ဟောက် အောက်ရှင်းက တောင်ပိုင်းတပ်တော် ဌာနချုပ် အကြီးအကဲနဲ့ တောင်ပိုင်း လူရိုင်းများ နယ်မြေရဲ့ အုပ်ချုပ်ရေးမှူးချုပ် တာဝန် ယူခဲ့တဲ့ နှစ်အတွင်းမှာ လာဘ်ငွေတွေ အများကြီး စားခဲ့တယ်။ အနည်းဆုံး ငွေတုံး သန်းနဲ့ချီ ရှိတယ်။
ဒါတွေက ပြည်သူတွေရဲ့ ချွေးနှဲစာတွေချည်းပဲ။ အောက်ရှင်းကို သတ်မယ် ဆိုရင်တောင် ဒီလာဘ်ငွေတွေကို ပြန်ယူရမယ်။ ဒီငွေတွေက အင်ပါယာရဲ့ အရေးကြီးတဲ့ ကိစ္စတွေ အများကြီးကို လုပ်ပေးနိုင်တယ်။ ကျုပ်တို့ တာ့ကျိုး ရှုံးနိမ့်ရတာ အောက်ရှင်းလို လာဘ်စားတဲ့ အမတ်ဆိုးတွေကြောင့်ပဲ။
ပြည်နယ်ဝန်ကြီးမင်း… ကျုပ် နားမလည်တာ တစ်ခု ရှိတယ်။ အခုချိန်ထိ ဘာလို့ အောက်ယွီရဲ့ ဘွဲ့တွေကို မရုပ်သိမ်းသေးတာလဲ။ ဘာလို့ အောက်ရှင်းရဲ့ မိသားစုကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေရသေးတာလဲ။ သူတို့က ပြစ်မှု ကျူးလွန်သူတွေ၊ ကျန်းကျိုးရဲ့ အရှက်ရစရာတွေ၊ အင်ပါယာရဲ့ ရန်သူတွေပဲ။ ဘာလို့ သူတို့ကို အကုန်လုံး ထောင်မချပစ်တာလဲ။”
ပြည်နယ်ဝန်ကြီး ဝမ်ချီချန်က အေးစက်စက် ပြောလိုက်သည်။ “မြို့ဝန် ဝေ့ချီတွမ်… ခင်ဗျားက တကယ် နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် စိတ်ပူနေတာပဲ။”
ထိုစကားကို ကြားချိန်မှာတော့ ဝေ့ချီတွမ် မျက်လုံးများ ကျဉ်းမြောင်းသွား၏။ တစ်ဖက်လူ၏ စကား၌ မကောင်းသော အဓိပ္ပာယ် ပါဝင်နေ၏။
တစ်ဖက်လူက ပြည်နယ်ဝန်ကြီး ဖြစ်သော်လည်း ဝေ့ချီတွမ်က သူ့တွင် ကြီးမားသော နောက်ခံ အားကိုးစရာ ရှိသည်ဟု ယုံကြည်ထားသောကြောင့် ဝမ်ချီချန် နှင့် သိပ်မသင့်မြတ်ပေ။
သူတို့ နှစ်ဦးစလုံးက ဒုတိယ မင်းသား၏ ဘက်တော်သားများ ဖြစ်ကြသော်လည်း ဝမ်ချီချန်က ဂုဏ်သရေရှိ မှူးမတ်မျိုးရိုးဖြစ်ပြီး ဝေ့ချီတွမ်က ပညာတတ် အမတ်မျိုးရိုး ဖြစ်၏။
“ပြည်နယ်ဝန်ကြီးမင်း… ခင်ဗျားရဲ့ စကားကို ကျုပ် နားမလည်ဘူး။ အောက်ရှင်းက အင်ပါယာရဲ့ ရန်သူ ဖြစ်လို့ သူ့မိသားစုကို ယဉ်ယဉ်ကျေးကျေး မဆက်ဆံသင့်ဘူး၊ အားလုံးကို ထောင်ချပစ်သင့်တယ်လို့ ကျုပ် ပြောတာ မှားလို့လား။”
ဝေ့ချီတွမ်က ခနဲ့တဲ့တဲ့ မေးလိုက်သည်။ “ပြည်နယ်ဝန်ကြီးမင်း... ခင်ဗျားက နိုင်ငံတော်ကို ဖျက်ဆီးတဲ့ လူယုတ်မာ အောက်ရှင်းကို သနားနေတာလား။”
ဝမ်ချီချန်က တင်းမာခက်ထန်စွာဖြင့် အမိန့်ပေးလိုက်၏။ “သေခါနီးတောင် စကားတွေ လျှောက်ပြောနေ သေးတယ်။ လာကြစမ်း... ဝေ့ချီတွမ်ရဲ့ အမတ်ဝတ်စုံကို ချွတ်၊ အမတ် ဦးထုပ်ကိုဖယ်။ လက်ထိပ်ခတ်ပြီး သေဒဏ်ကျ အကျဉ်းထောင်ထဲ ထည့်လိုက်ကြ...”
ဝမ်ချီချန်၏ အမိန့်ပေးသံနှင့်အတူ ပြည်နယ်ဝန်ကြီးရုံးမှ သိုင်းပညာရှင် ဒါဇင်ပေါင်းများစွာက ရှေ့သို့ ပြေးဝင်လာပြီး ဝေ့ချီတွမ်ကို ဖမ်းချုပ်ကာ မြေကြီးပေါ်သို့ ဖိချလိုက်ကြ၏။ ထို့နောက် သူ၏ အမတ် ဝတ်စုံနှင့် ဦးထုပ်ကို ဆွဲချွတ်လိုက်ကြသည်။
ဝေ့ချီတွမ် မျက်နှာ ပြောင်းလဲသွားပြီး တုန်ယင်နေသည့် လေသံဖြင့် မေးလိုက်၏။ “ဝမ်ချီချန်… ခင်ဗျား ဘာလုပ်တာလဲ။”
သူ လုံးဝ အံ့အားသင့်သွားခြင်းဖြစ်သည်။ ‘ပြည်နယ်ဝန်ကြီး ဝမ်ချီချန် ရူးသွားတာလား။’
သူက ကျန်းကျိုး မြို့ဝန်ဖြစ်ပြီး တတိယအဆင့် အမတ်ကြီး တစ်ဦး ဖြစ်၏။ ဝမ်ချီချန်၏ လက်အောက် ငယ်သား ဖြစ်သော်လည်း အစိုးရက တိုက်ရိုက် ခန့်အပ်ထားသော အဆင့်မြင့် အရာရှိကြီး ဖြစ်၏။
ဝမ်ချီချန် သာမက လီပု (ရာထူးခန့်ထားရေး ဝန်ကြီးဌာန)၏ ဝန်ကြီးပင်လျှင် သူ၏ အမတ် ဝတ်စုံကို ချွတ်ခွင့် မရှိပေ။ ဧကရာဇ် တစ်ပါးတည်းသာလျှင် သူ့ကို ရာထူးမှ ဖြုတ်ချခွင့် ရှိသည်။
‘ခင်ဗျား ဝမ်ချီချန်က ဒီလို လုပ်တာ ပုန်ကန်တာ မဟုတ်ရင် ဘာလဲ။’
သို့ပေမည့် ဝေ့ချီတွမ် မည်မျှပင် ရုန်းကန်စေကာမူ သူ၏ အမတ် ဦးထုပ်နှင့် ဝတ်စုံတို့ ချွတ်ခံလိုက်ရပြီး လက်ထိပ် ခတ်ခံလိုက်ရ၏။
“ဝမ်ချီချန်… ကျုပ် ခင်ဗျားကို တိုင်မယ်… ကျုပ် ခင်ဗျားကို တိုင်မယ်…” ဝေ့ချီတွမ်က အော်ဟစ်လိုက်သည်။
ပြည်နယ်ဝန်ကြီး ဝမ်ချီချန်က အေးစက်စက် မေးလိုက်၏။ “ဝေ့ချီတွမ်… ခင်ဗျား သေချာ ဖြေစမ်း။ ခင်ဗျားက ဘာလို့ အမြင့်မြတ်ဆုံး၊ အသိဉာဏ် အကြီးမားဆုံး ဖြစ်တဲ့ ဧကရာဇ်မင်းမြတ်ကို စော်ကားရတာလဲ။”
ဝေ့ချီတွမ်က ဒေါသတကြီး ပြန်ဖြေလိုက်သည်။ “ကျုပ် မစော်ကားဘူး။ ကျုပ်ဘဝ တစ်လျှောက်လုံး အလေးစားဆုံးက ဧကရာဇ်မင်းမြတ်ပဲ။ ဧကရာဇ်မင်းမြတ်က ကျုပ်စိတ်ထဲမှာ တောက်ပတဲ့ နေမင်းကြီးလိုပဲ။ ကျုပ်က ဘယ်လိုလုပ် ဧကရာဇ်မင်းမြတ်ကို စော်ကားမှာလဲ။ ခင်ဗျား ကျုပ်ကို မတရား မစွပ်စွဲနဲ့။”
ပြည်နယ်ဝန်ကြီးရုံး၏ အကြံပေးက ရှေ့တိုးလာပြီး ဝေ့ချီတွမ်၏ နားနားကပ်ကာ တိုးညှင်းစွာ ပြောလိုက်၏။ “ခင်ဗျားရဲ့သား ဝေ့ချီယန်က စားသောက်ပွဲမှာ လူသိရှင်ကြား ပြောလိုက်တယ်။ ကျုပ်တို့ တာ့ကျိုး စစ်ရှုံးရတာ ဧကရာဇ်ဝမ်ယွင်က အသုံးမကျလို့တဲ့။ တာ့ကျိုးအင်ပါယာကို ကယ်တင်ဖို့ဆိုရင် ဧကရာဇ်ဟောင်းဆီ အာဏာ ပြန်လွှဲပေးရမယ်တဲ့။”
ဤအကြံပေးသည် ဝေ့ချီတွမ် တစ်ယောက်တည်းသာ ကြားနိုင်ရန် အသံကို အတတ်နိုင်ဆုံး တိုးကာ ပြောဆိုခဲ့ခြင်း ဖြစ်၏။ ဤစကားများကို ပြန်လည် ပြောဆိုနေချိန်တွင် သူကိုယ်တိုင်ပင် အလွန် ကြောက်ရွံ့ တုန်လှုပ်နေခဲ့သည်။
ပြောပြီးသည်နှင့် အကြံပေးသည် သူ၏ မျက်နှာကို ပြင်းပြင်းထန်ထန် ပါးရိုက်လိုက်ပြီး သွားအချို့ပင် ကျွတ်ထွက်သွား၏။
ဤသည်မှာ သူ၏ ဧကရာဇ်အပေါ် သစ္စာရှိမှုကို ပြသလိုက်ခြင်း ဖြစ်၏။ ဤစကားများကို ပြန်လည် ပြောဆိုခြင်းကပင် ဧကရာဇ်ကို မလေးစားရာ ရောက်သောကြောင့် သူကိုယ်တိုင် အပြစ်ပေးလိုက်ခြင်း ဖြစ်သည်။
အကြံပေး၏ စကားကို ကြားပြီးနောက် မြို့ဝန် ဝေ့ချီတွမ်မှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ ချက်ချင်းပဲ သူ၏ ဝိညာဉ် လွင့်စင်သွား၏။
စောစောက ဒေါသတကြီး ရုန်းကန်နေမှုများ လုံးဝ ပျောက်ကွယ်သွားပြီး မည်သည့် တုံ့ပြန်မှုမှ မရှိတော့ပေ။
သူက ရေပြတ်နေသော ငါးတစ်ကောင်အလား ပြင်းပြင်းထန်ထန် အသက်ရှူနေပြီး တစ်ကိုယ်လုံး ထုံကျင်သွားကာ ခံစားမှုများ လုံးဝ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေ၏။
အချိန် အတော်ကြာမှ ဝေ့ချီတွမ်က အဆက်မပြတ် မြေကြီးနှင့်ခေါင်းဆောင့်ကာ ပြောလိုက်သည်။ “ပြည်နယ်ဝန်ကြီးမင်း… ရှင်းလင်းအောင် ကြည့်ရှုပေးပါ။ ပြည်နယ်ဝန်ကြီးမင်း… ရှင်းလင်းအောင် ကြည့်ရှုပေးပါ။ ဒါ သေချာပေါက် အကြံအစည် တစ်ခုပါ။ သေချာပေါက် မတရား စွပ်စွဲခံရတာပါ။
ကျုပ်ရဲ့သား ဝေ့ချီယန်ဟာ ဧကရာဇ်မင်းမြတ်အပေါ် လုံးဝ သစ္စာရှိပါတယ်။ ဒီလို ရူးသွပ်တဲ့ စကားမျိုးကို ဘယ်တော့မှ ပြောမှာ မဟုတ်ပါဘူး။ ပြီးတော့ ကျုပ် သား ဝေ့ချီယန်က အရမ်း မတော်ရင်တောင် ဒီလောက်ထိ တုံးအမှာ မဟုတ်ပါဘူး။”
ဝေ့ချီတွမ် သာမက ထိုနေရာတွင် ရှိနေသော အမတ်များ အားလုံးလည်း အံ့အားသင့်သွားကြ၏။ ‘ခင်ဗျားသား ဝေ့ချီယန်က ကျင်ရှီလည်း ဖြစ်တယ်၊ ခရိုင်ဝန်လည်း ဖြစ်တယ်။ ဒီကိစ္စရဲ့ အကျိုးဆက်ကို မသိဘူးလား။ စိတ်ထဲမှာ ဘယ်လိုပဲတွေးနေပါစေ၊ ဒီစကားကို ဘယ်လိုလုပ် အပြင်ကို ထုတ်ပြောလို့ ရမှာလဲ။
နိုင်ငံရေး အသိဉာဏ် နည်းနည်းလောက် ရှိတဲ့သူတိုင်း ဒီလို စကားမျိုးကို ပြောမှာ မဟုတ်ဘူးလေ။ ဒီစကားကို ပြောလိုက်တာနဲ့ ဆွေခုနစ်ဆက် မျိုးကိုးဆက် သတ်ဖြတ်ခံရမယ် ဆိုတာ ခင်ဗျား သိသင့်တယ် မဟုတ်လား။’
ပြည်နယ်ဝန်ကြီး ဝမ်ချီချန်က ပြောလိုက်သည်။ “စားသောက်ပွဲမှာ လူတစ်ရာကျော်က သက်သေအဖြစ် ရှိနေတယ်။ သူတို့ အားလုံး ကြားခဲ့ကြတယ်။ ခင်ဗျားရဲ့ သား ဝေ့ချီယန်က တစ်ခါတည်း ပြောတာ မဟုတ်ဘူး၊ သုံးလေးခါတောင် ပြောခဲ့တာ။
ပြီးတော့ အရှည်ကြီး ပြောခဲ့သေးတယ်။ သူ့စိတ်ထဲမှာတွေးထားတဲ့ အတိုင်း အကုန် ပြောလိုက်တာ။ သူ ပြောတဲ့ စကားတွေက အရမ်း ရိုင်းစိုင်းလွန်းလို့ ဘယ်သူမှတောင် ပြန်မပြောရဲကြဘူး။ ဉာဏ်ပညာ ကြီးမားတဲ့ ဧကရာဇ်မင်းမြတ်ကို ဒီလို စော်ကားတာ တကယ်ကို ရူးသွပ်နေတာပဲ။”
“မဖြစ်နိုင်ဘူး… မဖြစ်နိုင်ဘူး…” ဝေ့ချီတွမ်က တုန်တုန်ယင်ယင်ဖြင့် ငြင်းပယ်လိုက်၏။
“ဝေ့ချီတွမ်… ခင်ဗျားက တတိယ အဆင့် ရှိတဲ့ ကျန်းကျိုး မြို့ဝန်ပါ။ တကယ်လို့ ခိုင်လုံတဲ့ သက်သေ မရှိဘဲနဲ့ ကျုပ်က ခင်ဗျားရဲ့ အမတ် ဝတ်စုံကို ချွတ်ရဲပါ့မလား။ ခင်ဗျားရဲ့ အမတ် ဦးထုပ်ကို ဖယ်ရဲပါ့မလား။” ဝမ်ချီချန်က မေးလိုက်သည်။
.................