← Chapters

အခန်း (၃၀၅-၃၀၆)

Vol. 26 Ch. 305-306

အခန်း (၃၀၅-၃၀၆)

Vol. 26 Ch. 305-306

အပိုင်း (၃၀၅)

ထိုစကားကို ကြားချိန်မှာတော့ ဝေ့ချီတွမ် သည် ဤအရာများ အားလုံးက သူတစ်ပါး၏ စွပ်စွဲမှု မဟုတ်ဘဲ တကယ် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ကြောင်း သေချာသွားတော့၏။

သူ ခေါင်းမူးလာပြီး ခြေလက်များ အေးစက်လာကာ သေးထွက်ကျတော့မည့်အလား ခံစားလိုက်ရသည်။

တတိယအဆင့် မြို့ဝန် တစ်ဦး အနေဖြင့် ဤကိစ္စ၏ အကျိုးဆက် မည်မျှ ကြီးမားမည်ကို သူ သေချာပေါက် သိရှိထား၏။

သူ၏ မိသားစု တစ်ခုလုံး မျိုးဖြုတ် သတ်ဖြတ်ခံရမှာဖြစ်ပြီး ဆွေခုနစ်ဆက်အတွင်း ရှိသူ အားလုံး သေရမှာ ဖြစ်သည်။

သူက ပါးစပ် ဟကာ စကားပြောရန် ကြိုးစားသော်လည်း အသံ လုံးဝ မထွက်တော့ပေ။

“အ… အ…” သူ၏ လည်ချောင်း အတွင်းပိုင်းမှ ထူးဆန်းသော အသံများ ထွက်ပေါ်လာ၏။

ထို့နောက် ဝေ့ချီတွမ် မျက်လုံးများ ပြူးထွက်သွားပြီး လုံးဝ သတိလစ်သွားလေသည်။

ဝေ့ချီတွမ် ပြန်လည် သတိရလာချိန်မှာတော့ ပြည်နယ်ဝန်ကြီးရုံး၏ အမြင့်ဆုံး နေရာတွင် ရောက်ရှိနေပြီး ဘေးတွင် ပြည်နယ်ဝန်ကြီး ဝမ်ချီချန် တစ်ဦးတည်းသာ ရှိနေ၏။

ဝေ့ချီတွမ် သည် လုံးဝ မတ်တတ် မရပ်နိုင်တော့ဘဲ အခြားသူများ၏ အကူအညီ ဖြင့်သာ ရပ်နိုင်တော့သည်။ သူ၏ အဝတ်အစားများ အားလုံး လဲလှယ်ပြီး ဖြစ်ကာ ရေချိုးပြီးသား ဖြစ်နေသည်။

အဘယ်ကြောင့်ဆိုသော် စောစောက သတိလစ်သွားချိန်တွင် သူ တစ်ကိုယ်လုံး ချီး၊ သေးများ ထွက်ကျသွားသောကြောင့်ပင်။

အဆုံးမရှိသော ကြောက်ရွံ့မှုများက သူ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားပြီး သူ၏ ဦးနှောက် တွေးခေါ်နိုင်စွမ်းပင် မရှိတော့ချေ။

“ဝေ့ချီတွမ်… အစိုးရ အသိုင်းအဝိုင်းမှာ စကားပုံ တစ်ခု ရှိတယ်။ ဘဝ သုံးဆက် ကံမကောင်းရင် မြို့တော်နဲ့ နီးတဲ့ ခရိုင်ဝန် ဖြစ်မယ်။ ဘဝ သုံးဆက် မကောင်းမှု လုပ်ခဲ့ရင် မြို့တော်နဲ့နီးတဲ့ မြို့ဝန် ဖြစ်မယ်။ အပြစ်တွေ အရမ်းများရင် မြို့တော်မှာ အမတ် လုပ်ရမယ်တဲ့။”

ပြည်နယ်ဝန်ကြီး ဝမ်ချီချန်က ပြောလိုက်၏။ “ခင်ဗျားနဲ့ ကျုပ်က ကျန်းကျိုးမှာ ရှိနေတာ ဆိုတော့ ဘဝ သုံးဆက် မကောင်းမှု လုပ်ခဲ့တယ်လို့ ပြောလို့ ရတာပေါ့။”

ဝေ့ချီတွမ် တစ်ကိုယ်လုံး အားနည်းနေပြီး စကား တစ်ခွန်းမှ မပြောနိုင်တော့ပေ။

“တစ်ချိန်လုံး ခင်ဗျားနဲ့ ကျုပ် သိပ်မသင့်မြတ်ခဲ့ဘူး ဆိုပေမဲ့ ဒုတိယ မင်းသားရဲ့ ဘက်တော်သားတွေ အနေနဲ့ ကျုပ်က ခင်ဗျားကို မျက်နှာသာ ပေးခဲ့ပါတယ်။”

ဝမ်ချီချန်က ဒေါသတကြီး အော်ဟစ်လိုက်၏။ “ကျုပ် ဝမ်ချီချန်နဲ့ ခင်ဗျားကြားမှာ အဖေကို သတ်ခဲ့တဲ့ ရန်ငြိုးများ ရှိလို့လား။ ဒါမှမဟုတ် ဇနီးကို လုယူခဲ့တဲ့ ရန်ငြိုးများ ရှိလို့လား။ ခင်ဗျားက ဘာလို့ ကျုပ်ကို ဒီလို ဒုက္ခပေးရတာလဲ။ ဘာလို့ ကျုပ်ကို ဒီလို ဒုက္ခပေးရတာလဲ။”

အော်ဟစ်ပြီးနောက် ပြည်နယ်ဝန်ကြီး ဝမ်ချီချန်၏ မျက်လုံးများ နီရဲလာသည်။

“ဝေ့ချီတွမ်… ခင်ဗျား သေချင်ရင်ကိုယ့်ဘာသာ သွားပြီး ကြိုးဆွဲချ သေလေ။ ဘာလို့ ကျုပ်ကို လာဆွဲသွင်းရတာလဲ။ ဘာလို့ ကျန်းကျိုး တစ်မြို့လုံးကို လာဆွဲသွင်းရတာလဲ။ ခင်ဗျား လူဘယ်လောက်များများကို ဒုက္ခပေးမလဲ ဆိုတာ သိလား။ လူဘယ်လောက်များများ ပါဝင်ပတ်သက်သွားမလဲ ဆိုတာ သိလား။

စောစောက အခန်းထဲမှာ ခင်ဗျားကို အရေခွံခွာပြီး အကြော ဆွဲထုတ်ချင်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဘယ်လောက်တောင် များလဲ သိလား။ ခင်ဗျားရဲ့ အသားကို စားပြီး၊ ခင်ဗျားရဲ့ အရေခွံကို ခွာချင်နေတဲ့ သူတွေ ဘယ်လောက်တောင် များလဲ သိလား။

ခင်ဗျားရဲ့ ဘိုးဘေး ဆယ့်ရှစ်ဆက်လုံးကို ကျုပ် ချပစ်မယ်။ ခင်ဗျားရဲ့ ဘိုးဘေး ဆယ့်ရှစ်ဆက်လုံးကို ကျုပ် ဖျက်ဆီးပစ်မယ်။”

ပြည်နယ်ဝန်ကြီး ဝမ်ချီချန် သည် အစွမ်းကုန် အော်ဟစ် ဆဲဆိုနေပြီး မျက်နှာများပင် ဖြူရော်နေ၏။

ထိုအခါမှသာ ဝေ့ချီတွမ် လည်း နားလည်သွားသည်။ ပြည်နယ်ဝန်ကြီး ဝမ်ချီချန် သည် သူနှင့် အနည်းငယ် မသင့်မြတ်သော်လည်း ဤကိစ္စတွင် သူ့ကို လုံးဝ ဒုက္ခပေးမည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ဤကိစ္စကြီး ပေါက်ကွဲသွားပါက သူ ဝေ့ချီတွမ်၏ မိသားစု သာမက ပြည်နယ်ဝန်ကြီး ဝမ်ချီချန်နှင့် ကျန်းကျိုးမြို့ရှိ အမတ်များ အားလုံး ပါဝင်ပတ်သက်သွားမည် ဖြစ်သောကြောင့်ပင်။

“ပြည်နယ်ဝန်ကြီးမင်း… ကျုပ် မတရား ခံရတာပါ… ကျုပ် မတရား ခံရတာပါ…” ဝေ့ချီတွမ်က ရုန်းကန်ကာ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်၏။

ဝမ်ချီချန်က တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်သည်။ “ခင်ဗျားရဲ့ အဲဒီသားက ဦးနှောက်ထဲ ရေဝင်နေတာလား။ ပြောစရာ ရှိရင် စိတ်ထဲမှာပဲ ထားထားလို့ မရဘူးလား။ အဲဒီလိုမှ မဟုတ်ရင်လည်း အိပ်ရာထဲမှာ သူ့မိန်းမကို ပြောရင် ရတယ်လေ။ ဘာလို့ လူအများကြီး ရှေ့မှာ သွားပြောရတာလဲ။

အရက်မူးပြီး မထိန်းနိုင်ရင် ဘာလို့ အရက်သောက်တာလဲ။ ခင်ဗျားက ဘာလို့ သူ့ကို ကျန်းကျိုးကို လာခိုင်းရတာလဲ။ ခင်ဗျားက ဘာလို့ သူ့ကို ကျင်ရှီ အောင်ခိုင်းရတာလဲ။ အဲဒီတုန်းက ဘာလို့ သူ့ကို နံရံပေါ် ပစ်မပေါက်ခဲ့တာလဲ။” (မိဘများ ဒေါသထွက်သည့်အခါ သားသမီးများကို ပြောလေ့ရှိသော စကား)

ဝေ့ချီတွမ်က ငိုကြွေးကာ ပြော၏။ “ပြည်နယ်ဝန်ကြီးမင်း… ကျုပ်လည်း မသိပါဘူး… ကျုပ်လည်း မသိပါဘူး။ သူ ဘာလို့ အဲဒီလို ဖြစ်သွားလဲဆိုတာ ကျုပ် မသိဘူး။”

ထို့နောက် ဝေ့ချီတွမ်က ခေါင်းဆောင့်ကာ တောင်းပန်လိုက်သည်။ “ပြည်နယ် ဝန်ကြီးမင်း…ကယ်ပါအုံး…ကယ်ပါအုံး…”

ပြည်နယ်ဝန်ကြီး ဝမ်ချီချန်က ခါးသက်စွာ ပြုံးကာ ပြောလိုက်၏။ “ဝေ့ချီတွမ်… ခင်ဗျားက အမတ် လုပ်တာ ပထမဆုံးနေ့မှ မဟုတ်တာ။ အခု အခြေအနေမျိုးမှာ ခင်ဗျားက အသက်ရှင်ချင်သေးတယ်ပေါ့။ ဒီလောကမှာ ခင်ဗျားကို ဘယ်သူကယ်နိုင်မှာလဲ။ အမတ်ချုပ်ကြီးလင်တောင် ခင်ဗျားကို ကယ်နိုင်မှာ မဟုတ်တော့ဘူး။”

“ခင်ဗျား မြင်လား။” ဝမ်ချီချန်က လက်ညှိုးထိုးပြလိုက်သည်။

ဝေ့ချီတွမ်က ပြည်နယ်ဝန်ကြီးရုံး၏ ရင်ပြင်ကို ကြည့်လိုက်ရာ စစ်သည်များ စုစည်းနေသည်ကို တွေ့လိုက်ရသည်။ စစ်သည် သုံးသောင်းခန့် ရှိ၏။

ကျန်းကျိုး မြို့စောင့်တပ်၏ စစ်တပ်များ အားလုံး သာမက၊ ပြည်နယ်ဝန်ကြီးရုံး၏ သက်တော်စောင့်များ၊ ကျန်းကျိုးမြို့ရှိ ရဲမက်များ အားလုံး၊ ချန်လန်ပြည်နယ် စစ်သေနာပတိရုံး၏ စစ်တပ်များပါ ပါဝင်၏။ အားလုံး စုစည်းနေကြပြီ ဖြစ်သည်။

“ဝေ့ချီတွမ်… ခင်ဗျားက ပုန်ကန်မှု အပြစ်ကြီးကို ကျူးလွန်ခဲ့တာ။ ဒီစစ်သည် သောင်းနဲ့ချီဟာ ပုန်ကန်မှုကို နှိမ်နင်းဖို့ သွားကြတာ။ ခင်ဗျားရဲ့ မိသားစု တစ်ခုလုံးကို ဖမ်းဖို့၊ ခင်ဗျားရဲ့ဇနီး မျိုးနွယ်စု တစ်ခုလုံးကို ဖမ်းဖို့၊ ခင်ဗျားရဲ့ချွေးမ မျိုးနွယ်စု တစ်ခုလုံးကို ဖမ်းဖို့၊ ခင်ဗျားရဲ မယားငယ် မျိုးနွယ်စု တစ်ခုလုံးကို ဖမ်းဖို့၊ ခင်ဗျားရဲ့ဆရာ မျိုးနွယ်စု တစ်ခုလုံးကို ဖမ်းဖို့၊ ခင်ဗျားနဲ့ ပတ်သက်တဲ့ သူတွေ အားလုံးကို ဖမ်းဖို့ သွားကြတာ။

ကျုပ်လည်း ဒီလို မလုပ်ချင်ပါဘူး။ တကယ်ကို အစုလိုက်အပြုံလိုက် မသတ်ဖြတ်ချင်ပါဘူး။ ဒါပေမဲ့ ကျုပ် ဘာလုပ်နိုင်မှာလဲ။ ကျုပ်သာ ဒီလို မလုပ်ရင်၊ ခင်ဗျားရဲ့ ဆွေခုနစ်ဆက်၊ မျိုးကိုးဆက်ကို မဖမ်းရင် ဧကရာဇ်မင်းမြတ်က ကျုပ် တာဝန် မကျေဘူးလို့ ထင်သွားမှာပေါ့။ ကျုပ် သစ္စာမရှိဘူးလို့ ထင်သွားမှာပေါ့။ ကျုပ် အစွမ်းကုန် ကြိုးစားမှသာ ကျန်းကျိုးက အမတ်တွေအတွက် အခြေအနေကို နည်းနည်းလောက် ပြန်ကယ်တင်နိုင်မှာ။”

ဝမ်ချီချန်က လေးလေးနက်နက် ပြောလိုက်၏။ “ဝေ့ချီတွမ်… ခင်ဗျားကို မြို့တော်ကို ခေါ်သွားနိုင်သလို ခေါ်မသွားဘဲ ကျန်းကျိုးမှာတင် ကွပ်မျက်နိုင်တယ်။ ဒါပေမဲ့ အထူးကိုယ်စားလှယ်အမတ်က ခင်ဗျားကို စစ်ဆေးလိမ့်မယ်။ ဟေးပင်းထိုင်ကလည်း ခင်ဗျားကို စစ်ဆေးလိမ့်မယ်။

ကျုပ် ခင်ဗျားကို တောင်းဆိုချင်တာ တစ်ခုပဲ ရှိတယ်။ ဒီကိစ္စကို ခင်ဗျား တစ်ယောက်တည်း တာဝန်ယူလိုက်ပါ။ ကျန်းကျိုးက အမတ်တွေကို ဆွဲမသွင်းပါနဲ့။ အမတ်ချုပ်ကြီးလင်တို့ကိုလည်း ဆွဲမသွင်းပါနဲ့။ နားလည်လား။”

ဝေ့ချီတွမ်က တုန်တုန်ယင်ယင်ဖြင့် ဖြေလိုက်သည်။ “ကျုပ်… နားလည်ပါတယ်… နားလည်ပါတယ်။”

...............

ဝေမြို့စားကြီး အိမ်တော် အတွင်း၌ ဝေမြို့စားကြီး၏ မိသားစုအားလုံး၊ အောက်မင်၊ အောက်ထင်၊ အောက်ကျင်း အစရှိသူများ အားလုံး ရှိနေကြ၏။

လူတိုင်းက တုန်ယင်နေကြပြီး ကြက်သီးမွေးညင်းများ ထနေကြ၏။ အထူးသဖြင့် သခင်လေးနှင့် အောက်မင် တို့မှာ ရင်ထဲတွင် အလွန် တုန်လှုပ်ကြောက်ရွံ့နေကြသည်။

အဘယ်ကြောင့်ဆိုသော် မနေ့ညက ကျင်းပသော စားသောက်ပွဲသို့ ဝေ့ချီယန်က သူတို့ နှစ်ဦးကို ဖိတ်ကြားခဲ့သော်လည်း သူတို့က ငြင်းပယ်ခဲ့သောကြောင့်ပင်။

မကြာသေးမီက ဝေမြို့စားကြီး အိမ်တော်နှင့် အောက်မင် တို့သည် အရှေ့ဆောင်မှတ်တမ်း စာအုပ်ကြောင့် လူတိုင်း၏ လက်ညှိုးထိုး ပြောဆိုခြင်းကို ခံနေရသောကြောင့် နာမည်ဆိုး ထွက်နေ၏။

ထို့ကြောင့် ဤလူငယ်ပါရမီရှင် နှစ်ဦးသည် ဤရက်ပိုင်းအတွင်း အိမ်ထဲတွင်သာ ပုန်းအောင်းနေပြီး အပြင်မထွက်ဘဲ ဤမုန်တိုင်းကြီး ပြီးဆုံးသွားမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။

မနေ့ည စားသောက်ပွဲတွင် ဤကဲ့သို့ ကြီးကျယ်သော ပြဿနာကြီး ဖြစ်ပေါ်လာမည်ဟု သူတို့ မထင်ထားခဲ့ပေ။

သူတို့က ဤတစ်ကြိမ်တွင် ကြောက်မက်ဖွယ်ကောင်းသော နိုင်ငံရေး မုန်တိုင်းကြီး ဖြစ်ပေါ်လာနိုင်ကြောင်း တွေးတောခဲ့သော်လည်း ကျန်းကျိုးတွင် ဖြစ်ပေါ်လာမည်ဟု ထင်မထားခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် ဤနေရာသည် လုံးဝ ထိန်းချုပ်ခံထားရပြီး ဧကရာဇ်ကို ဆန့်ကျင်သော အသံများ ထွက်ပေါ်လာမည် မဟုတ်ဘဲ ဧကရာဇ်မင်းမြတ် အပေါ် လုံးဝ ထောက်ခံသော အသံများသာ ရှိနေသည်။

သို့ပေမည့် မမျှော်လင့်ဘဲ ကျန်းကျိုးတွင် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဗုံးကြီး ပေါက်ကွဲသွားခဲ့၏။

လူအချို့က ဝေမြို့စားကြီး အိမ်တော်၏ အမြင့်ဆုံး နေရာတွင် ရပ်ကာ ကျန်းကျိုးမြို့ တစ်မြို့လုံး လင်းထိန် နေသည်ကို ကြည့်နေကြသည်။

ကျန်းကျိုးမြို့၌ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပြီဖြစ်ပြီး မြို့တံခါးများ အားလုံးကို ပိတ်ထားလိုက်ပြီ ဖြစ်၏။

စစ်သည် သောင်းပေါင်းများစွာက ကျန်းကျိုးမြို့ အတွင်းသို့ ပြေးဝင်လာကြရာ မသိသော သူများက ရန်သူများ မြို့ကို လာရောက် တိုက်ခိုက်နေသည်ဟုပင် ထင်မှတ်သွားနိုင်သည်။

မြို့ဝန် အိမ်တော်ကို ဝိုင်းရံထားပြီး ဝေ့ချီတွမ်၏ လက်အောက်ခံ အမတ်များ အားလုံး ဖမ်းဆီးခံလိုက်ရပြီ ဖြစ်သည်။ ကျန်းကျိုးတွင် ရှိသော ဝေ့ချီတွမ်၏ မိသားစုဝင်များ အားလုံး၊ အစေခံများ အားလုံးလည်း ဖမ်းဆီး ခံလိုက်ရပြီ ဖြစ်၏။

စစ်သည် ထောင်ပေါင်းများစွာက မြို့ပြင်သို့ ထွက်ခွာသွားပြီး ဝေ့ချီတွမ်၏ ဇာတိမြို့သို့ လူဖမ်းရန် သွားရောက် နေကြပြီ ဖြစ်သည်။

မမြင်ရသော်လည်း မြို့တစ်ခုလုံး ငိုကြွေးသံများ ပြည့်နှက်နေပြီး မြင်းခွာသံများက လူအများအပြား၏ အိပ်မက်များကို ဖျက်ဆီးပစ်နေသည်ကို ကြားနေရသကဲ့သို့ ဖြစ်နေ၏။

နုလန်ဟောက်အိမ် ဝင်စီးခဲ့သော အထူးကိုယ်စားလှယ် အမတ်လည်း အစိုးရ တည်းခိုခန်းတွင် ကိုယ့်ကိုယ်ကို အကျယ်ချုပ် ချထားပြီး တုန်ယင်နေသည်။ အဘယ်ကြောင့်ဆိုသော် ဤရက်ပိုင်းအတွင်း သူက ဝေ့ချီတွမ်နှင့် အရင်းနှီးဆုံး ဖြစ်ခဲ့သောကြောင့်ပင်။

အမှန်တကယ်၌ သူတို့ နှစ်ဦးသည် နုလန်ဟောက် အိမ်တော်ကို ဝင်စီးရင်း အတူတူ ချမ်းသာသွားခဲ့ကြခြင်း ဖြစ်သော်လည်း အပြင်လူများ၏ အမြင်တွင်တော့ သူက ဝေ့ချီတွမ်နှင့် လျှို့ဝှက် ကြံစည်နေသည်ဟု ထင်မှတ်သွားနိုင်၏။

စစ်တပ်များ တစ်ခုပြီး တစ်ခု အနောက်ဘက်သို့ ထွက်ခွာသွားကြပြီး မြို့တော်သို့ ဦးတည်သွားကြသည်။

အင်ပါယာ ဟေးပင်းထိုင်၏ ကျန်းကျိုး ဌာနခွဲသည် အမြဲတမ်း လျှို့ဝှက်ပြီး သိုသိပ်စွာ နေထိုင်လေ့ ရှိသော်လည်း ယနေ့တွင်မူ အားလုံး ထွက်ပေါ်လာကြ၏။

အမည်းရောင် သံချပ်ကာ ဝတ်ဆင်ထားသော မြင်းတပ်များက ဒီရေလှိုင်းကြီးအလား ထွက်ပေါ်လာကြပြီး ကျန်းကျိုးမြို့ တစ်မြို့လုံး မုန်တိုင်း ထန်နေသည်။

ထို့အပြင် ဤမုန်တိုင်းက မကြာမီ အင်ပါယာ တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့မှာ ဖြစ်သည်။ ဤလေထုက တကယ်ကို အသက်ရှူ မဝလောက်အောင် ဖြစ်စေ၏။

အချိန် အတော်ကြာမှ သခင်လေးက မေးလိုက်သည်။ “ကျုပ်တို့က ဝေ့ချီတွမ်နဲ့ အဆက်အသွယ် အရမ်း များတော့ ပါဝင်ပတ်သက်သွားမလား။”

တည်နေရာတစ်ခုလုံး တိတ်ဆိတ်သွား၏။

သူတို့ ပါဝင်ပတ်သက် သွားမလားဆိုသည်ကို နတ်ဘုရားများသာ သိနိုင်ပေမည်။ ယခုတစ်ကြိမ် လူမည်မျှ သေရမည်၊ မည်မျှ သတ်ရမည်နည်း။ လူမည်မျှ ရာထူးမှ ဖြုတ်ချခံရပြီး ဘွဲ့များ ရုပ်သိမ်းခံရမည်နည်း။ နတ်ဘုရားများသာ သိနိုင်ပေမည်။

“ကျုပ်တို့ ဘာလုပ်ကြမလဲ။”

သခင်လေးက မေးလိုက်၏။ “ကျုပ်တို့ မိသားစု နှစ်ခုက လူတချို့ကို ရွေးပြီး ပင်လယ်ရပ်ခြားကို ထွက်ပြေးခိုင်းလိုက်မလား။”

အောက်ထင်နှင့် ဝေမြို့စားကြီး အိမ်တော်တို့ အချင်းချင်း ကြည့်လိုက်ကြပြီး ဆုံးဖြတ်ရန် ခက်ခဲနေကြသည်။

“မလုပ်ရဘူး။”

အောက်မင်က ပြောလိုက်၏။ “ကျုပ်တို့ မိသားစုနှစ်ခုက လူတချို့ ထွက်ပြေးသွားရင် တကယ် ပါဝင်ပတ်သက် သွားပြီလို့ ဝန်ခံလိုက်သလို ဖြစ်သွားလိမ့်မယ်။ ကျုပ်တို့က ဝေ့ချီတွမ်နဲ့ အဆက်အသွယ် အရမ်းများတာ မှန်ပေမဲ့ အခု ကျုပ်တို့ရဲ့ အရှေ့မှာ ကာကွယ်ပေးမယ့်လူ တစ်ယောက် ရှိနေတယ်။ အဲဒါက အမတ်ချုပ်ကြီးလင်ပဲ။”

......................

အပိုင်း (၃၀၆)

ဟုတ်ပေသည်။ ဝေ့ချီတွမ် သည် ဤကဲ့သို့ ကြီးမားသော ပြဿနာကြီးကို ဖန်တီးလိုက်သောကြောင့် ပထမဆုံး အထိနာမည့်သူမှာ အစိုးရအဖွဲ့မှ အမတ်ချုပ်ကြီးလင်ပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဝေ့ချီတွမ် သည် အမတ်ချုပ်ကြီးလင်၏ တပည့် ဖြစ်ကြောင်း လူတိုင်း သိရှိထားသောကြောင့် ဖြစ်သည်။

“အခု အခြေအနေက အရမ်းကို မျှော်လင့်ချက်ကင်းမဲ့နေတယ်။”

အောက်မင်က ပြောလိုက်၏။ “ဒါပေမဲ့ အမတ်ချုပ်ကြီးလင် အတွက်တော့ လွတ်မြောက်နိုင်မယ့် အခွင့်အရေး မရှိဘူးလို့ မဆိုသာဘူး။ အခု အဓိက အချက်က ကျင်းကျိုးမှာပဲ။

ဝေ့ချီယန် အော်ဟစ်လိုက်တဲ့ စကားတွေက အရမ်း ကြောက်စရာ ကောင်းတယ် ဆိုပေမဲ့ အော်ဟစ်ရုံ သက်သက်ပါပဲ။ ကျင်းကျိုး ဘက်မှာက စစ်သေနာပတိ ကိုယ်တိုင် ပုန်ကန်တယ်။ ပြည်နယ်ဝန်ကြီးကို သတ်ပြီး တာယင်အင်ပါယာဆီကို ဝင်ရောက်သွားတာလေ။

ပြီးတော့ အောက်ရှင်းအတွက် တရားမျှတမှု တောင်းဆိုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဧကရာဇ်ကို အသုံးမကျဘူး၊ သစ္စာရှိတဲ့ အမတ်ကို နှိပ်စက်တယ်လို့ ဆဲဆိုသွားတာ။”

အောက်မင်က ခွဲခြမ်းစိတ်ဖြာ ပြလေသည်။ “ဒါကြောင့် အကျိုးဆက် ဆိုးရွားမှုကို ယှဉ်ကြည့်ရင် ကျင်းကျိုး ဘက်က ပိုပြီး ကြောက်စရာ ကောင်းပါတယ်။ ကျန်းကျိုးက ကျုပ်တို့ တာ့ကျိုးရဲ့ အဓိကမြို့ကြီး ဖြစ်တယ် ဆိုပေမဲ့ ကျင်းကျိုးကလည်း အဓိက မြို့ကြီးပါပဲ။ ပြီးတော့ သူက တာယင်အင်ပါယာကို ကာကွယ်ရမယ့် ပထမဆုံး ခံစစ်လိုင်းလည်း ဖြစ်တယ်။”

သခင်လေးက မေးလိုက်၏။ “ဒါဆိုရင် အောက်ရှင်း မိသားစု တစ်ခုလုံး သေရုံလောက်ပဲ ရှိမှာပေါ့။ ကျုပ်တို့ရဲ့ ကံကြမ္မာအတွက် ဘာအကူအညီ ရနိုင်မှာလဲ။”

အောက်မင်က မေးလိုက်သည်။ “ထန်ထိုင်မြို့ စစ်ပွဲအကြောင်း သိလား။ တာယင်အင်ပါယာက လမင်းမီး (ဗုံး)ကို သုံးပြီး မြို့ရိုးကို ဖောက်ခွဲခဲ့တာလေ။”

လမင်းမီး (ဗုံး)ဆိုသည်မှာ အရမ်း လှပသော နာမည်လေး ဖြစ်သည်။ ထိုအရာမှာ ယွင်ကျုံးဟဲ့က ကျင်းကျုံးယွဲ့ကို ပေးခဲ့တဲ့ လက်ဆောင်ဖြစ်ပြီး ဤကမ္ဘာ၌ ဗုံးကို လမင်းမီး ဟု ခေါ်ဆို၏။

သခင်လေးက ခေါင်းညိတ်လိုက်သည်။ “သိတယ်။ အဲဒီကိစ္စကြောင့်ပဲ တစ်နိုင်ငံလုံးက မြို့တွေ အားလုံး မြို့ရိုး ပေါ်က အပေါက်တွေကို ပိတ်ပစ်ခဲ့ကြတာ မဟုတ်လား။”

အောက်မင်က ရှင်းပြလိုက်၏။ “လမင်းမီး (ဗုံး) ပေါက်ကွဲတဲ့ အချိန်မှာ အားလုံး ပိတ်လှောင်ထားမှသာ အင်အား အကြီးမားဆုံး ဖြစ်မှာ။ ဒါပေမဲ့ ဘေးဘက်မှာ အပေါက်တွေ ဖောက်ထားရင် ပေါက်ကွဲမှု အင်အားက အများကြီး လျော့နည်းသွားလိမ့်မယ်။”

ချက်ချင်းပဲ သခင်လေး နားလည်သွားသည်။

ယခု အခြေအနေက ဤသို့ပင် ဖြစ်သည်။ ဧကရာဇ်မင်းမြတ်က တစ်နိုင်ငံလုံးကို စောင့်ကြည့်နေပြီး အင်ပါယာ တစ်ခုလုံးကို ဖိနှိပ်ထားကာ ဤစစ်ရှုံးမှု ပြဿနာ၊ နိုင်ငံရေး အကျပ်အတည်းကို အေးချမ်းစွာ ကျော်ဖြတ်နိုင်ရန် ကြိုးစားနေခြင်း ဖြစ်၏။

အကယ်၍ ကျန်းကျိုး တစ်ခုတည်းသာ ပေါက်ကွဲသွားပါက ကျန်းကျိုး သည် ဧကရာဇ်၏ ဒေါသ အားလုံးကို တစ်ယောက်တည်း ခံရမှာဖြစ်သည်။ သို့ပေမည့် ကျန်းကျိုးနှင့် ကျင်းကျိုး နှစ်ခုလုံး ပေါက်ကွဲသွားပါက ကျန်းကျိုး သည် ဒေါသ၏ တစ်ဝက်ကိုသာ ခံရပေလိမ့်မည်။

ထို့အပြင် ကျင်းကျိုးဘက်က ကိစ္စက ပို၍ပင် ကြောက်စရာ ကောင်းသေးသည်။ ကျင်းကျိုး စစ်တပ်က အောက်ရှင်း အတွက် ပုန်ကန်လိုက်ခြင်း ပင်ဖြစ်၏။

ထို့ကြောင့် ကျင်းကျိုး ဘက်မှ အခြေအနေသည် အောက်ရှင်း မိသားစု တစ်ခုလုံး၏ အသက်ရှင်ခြင်း သေဆုံးခြင်းကိုသာမက ကျန်းကျိုးဘက်မှ အခြေအနေကိုပါ သက်ရောက်မှု ရှိပြီး ဝေမြို့စားကြီး အိမ်တော်နှင့် အောက်ထင်တို့ ပါဝင်ပတ်သက်မှု ရှိ၊ မရှိကိုပါ ဆုံးဖြတ်ပေးမှာဖြစ်သည်။

ကျင်းကျိုးတွင်သာ စစ်ပုန်ကန်မှု ဖြစ်ပွားပါက ကျန်းကျိုးမြို့ရှိ လူအများအပြား လွတ်မြောက်သွား ပေလိမ့်မည်။

“ကျန်းကျိုး ဘက်မှာတော့ သေချာပေါက် အောင်မြင်မှာပါ။ အမတ်ချုပ်ကြီးလင်က လုံးဝ သေချာအောင် ပြင်ဆင်ထားပြီးသား မဟုတ်လား။”

တွမ်ယင်းယင်းက ပြောလိုက်၏။ “အမတ်ချုပ်ကြီးလင် အလုပ် လုပ်ရင် တစ်ခါမှ မလွဲချော်ဖူးပါဘူး။”

ယခင်က သူတို့သည် ကျင်းကျိုး အကြောင်းကို လုံးဝ ရှောင်ကြဉ်ပြီး မပြောဆိုခဲ့ကြပေ။ အဘယ်ကြောင့် ဆိုသော် ဤကိစ္စသည် လုံးဝ လျှို့ဝှက်ချက်ဖြစ်ပြီး ထုတ်ပြော၍ မရသောကြောင့် ဖြစ်သည်။ သို့ပေမည့် ယခုအခါ ဂရုမစိုက်နိုင်တော့ပေ။

ကျန်းကျိုးတွင် ဤမျှ ကြောက်စရာကောင်းသော ဗုံးကြီး ပေါက်ကွဲသွားပြီဖြစ်ရာ လျှို့ဝှက်ချက် ဆိုသည်မှာ အဓိပ္ပာယ် မရှိတော့ချေ။

.........................

ကျင်းကျိုးမြို့…

တောင်ပိုင်းကျိုးအင်ပါယာ ဟေးပင်းထိုင်မှ သိုင်းပညာရှင်များသည် အလျင်အမြန် မြင်းစီးလာကြ၏။ မြင်းဘယ်နှစ်ကောင် သေဆုံးသွားပြီမှန်းပင် သူတို့ မသိတော့ပေ။

အစပိုင်းတွင် မိုင်နှစ်ရာလျှင် မြင်းတစ်ကောင် လဲလှယ်ခဲ့သော်လည်း ယခုအခါ မိုင်ငါးဆယ်လျှင် မြင်းတစ်ကောင် လဲလှယ်နေရပြီ ဖြစ်သည်။

ထိုသို့ လုပ်ဆောင်နိုင်ရန်အတွက် ပုန်းအောင်းနေသော ဟေးပင်းထိုင်၏ လျှို့ဝှက်နေရာ အများအပြားကို အသုံးပြုခဲ့ရသည်။ သို့ပေမည့် ယခုအချိန်အထိ သူတို့ နှေးကွေးနေဆဲပင်။

မိုးလင်းလာပြီ ဖြစ်သော်လည်း ကျင်းကျိုးမြို့နှင့် မိုင်တစ်ရာကျော် ကွာဝေးနေသေးသည်။

ဟေးပင်းထိုင် သိုင်းပညာရှင်၏ စိတ်ထဲတွင် ပိုပိုပြီး စိုးရိမ်လာသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဉာဏ်ကောင်းသူ တစ်ဦးဖြစ်ပြီး အကြံအစည်ပေါင်းများစွာကို ကြုံတွေ့ခဲ့ဖူးသောကြောင့် ဖြစ်၏။

မိုးလင်းလာပြီ ဆိုသည်မှာ ဘာကို ဆိုလိုကြောင်း သူ သိရှိထားသည်။ ‘အချိန်မီပါစေလို့ မျှော်လင့်ပါတယ်။ အချိန်မီပါစေလို့ မျှော်လင့်ပါတယ်။ ကျင်းကျိုးမှာ ဘာစစ်ပုန်ကန်မှုမှ မရှိဘဲ အလကား စိုးရိမ်နေတာပဲ ဖြစ်ပါစေလို့ ပိုပြီး မျှော်လင့်မိပါတယ်။’

“ဒုန်း... ဒုန်း… ဒုန်း…”

ကျင်းကျိုးမြို့ အတွင်း၌ ပြည်နယ်စစ်တပ် တပ်မှူး လီဝမ်ဖာသည် စစ်သည် ငါးထောင်ကို ဦးဆောင်ကာ ပြည်နယ်ဝန်ကြီး အိမ်တော်ဆီသို့ ကြီးကျယ်ခမ်းနားစွာ ချီတက်လာကြ၏။

ကျင်းကျိုး ပြည်သူများ လုံးဝ အံ့အားသင့်သွားကြသည်။ ‘နောက်ထပ် စစ်တိုက်ရတော့မှာလား။ မနှစ်ကမှ စစ်ရပ်ထားတာ၊ အခု တာယင်အင်ပါယာနဲ့ ထပ်ပြီး စစ်တိုက်ရတော့မှာလား။’

စစ်သည်များ စစ်စခန်းမှ မိုင်အနည်းငယ် ထွက်ခွာလာပြီးနောက် ကျင်းကျိုး မြို့ဝန်အိမ်တော်၊ ပြည်နယ်ဝန်ကြီး အိမ်တော်၊ ဟေးပင်းထိုင် စစ်သေနာပတိရုံးတို့မှ လူများ အသီးသီး ရောက်လာကာ လီဝမ်ဖာ၏ ရည်ရွယ်ချက်ကို မေးမြန်းကြ၏။

ကျင်းကျိုးပြည်နယ် စစ်တပ် တပ်မှူး လီဝမ်ဖာက ဆူမီယွမ် (အမြင့်ဆုံး စစ်ဖက်အဖွဲ့အစည်း)၏ အတုအယောင် အမိန့်စာကို ပြသကာ ကျင်းကျိုးပြည်နယ် စစ်တပ်သည် စစ်ရေး လေ့ကျင့်မှု ပြုလုပ်နေခြင်း ဖြစ်ကြောင်း၊ အားလုံး ပူးပေါင်း ကူညီကြရန် ပြောဆိုခဲ့သည်။

ဤအဖွဲ့အစည်းများက အနည်းငယ် ထူးဆန်းသည်ဟု ခံစားရသော်လည်း ဤအကြောင်းပြချက်ကို လက်ခံလိုက်ကြ၏။ အဘယ်ကြောင့်ဆိုသော် ဤနေရာသည် အနာဂတ်တွင် တာယင်အင်ပါယာကို ခုခံမည့် ရှေ့တန်း စစ်စခန်းကြီး ဖြစ်လာမည်ဖြစ်ရာ စစ်ရေး လေ့ကျင့်မှုများ ရှိနေခြင်းမှာ သဘာဝ ကျသောကြောင့်ပင်။

အခြားသူများ အားလုံး ပြန်သွားကြသော်လည်း ပြည်နယ်ဝန်ကြီးရုံး၏ အကြံပေးက လီဝမ်ဖာကို သတိပေးခဲ့၏။ လေ့ကျင့်မှု ပြုလုပ်နိုင်သော်လည်း ပြည်သူများကို အလွန်အမင်း အနှောင့်အယှက် မဖြစ်စေရန်နှင့် ကျင်းကျိုးရှိ အစိုးရရုံးများ၏ လုပ်ငန်းစဉ်များကို မထိခိုက်စေရန် ပြောဆိုခဲ့သည်။

အမှန်တကယ်၌နင်ပေ ပြည်နယ်၏ ပြည်နယ်ဝန်ကြီးက မကျေမနပ် ဖြစ်လို့နေ၏။ ‘ခင်ဗျား လီဝမ်ဖာက ဘာအဓိပ္ပာယ်လဲ။ ခင်ဗျားက အင်ပါယာ ဆူမီယွမ်ရဲ့ တိုက်ရိုက် လက်အောက်ခံ ဖြစ်ပေမဲ့ ကျုပ် နင်ပေ ပြည်နယ်ဝန်ကြီးကလည်း ခင်ဗျားရဲ့ အထက်လူကြီးပဲလေ။

ကျုပ်က ပြည်သူ့ အရေးကိုရော စစ်ရေးကိုပါ တာဝန်ယူရတာ။ ခင်ဗျား ဆူမီယွမ်ရဲ့အမိန့် ရလာတဲ့ အချိန်မှာ ဘာလို့ ကျုပ်ကို အရင် မတိုင်ပင်တာလဲ။ ပြီးတော့ ဆူမီယွမ်က အမတ်ကြီးတွေ… ခင်ဗျားတို့က ဘာအဓိပ္ပာယ်လဲ။ ဘာစစ်ရေး အမိန့်မလို့ ကျုပ် ပြည်နယ်ဝန်ကြီးကို ကျော်ပြီး လီဝမ်ဖာဆီ တိုက်ရိုက် ပေးရတာလဲ။’

သို့ပေမည့် အစိုးရ၏ စည်းကမ်းများအရဆိုလျှင် တကယ်ပင် ထိုသို့ ဖြစ်၏။ ဒေသခံ ချယ်ချုံး အစောင့်တပ် များသည် ဆူမီယွမ်၏ အမိန့်ကို တိုက်ရိုက် နာခံရသည်။

သို့ပေမည့် လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာက ဆူမီယွမ်၏ အာဏာ လျော့ကျသွားပြီးနောက် သူတို့က ဒေသခံ ပြည်နယ်ဝန်ကြီးများကို မစော်ကားလိုတော့သောကြောင့် ပြည်နယ် စစ်တပ် တပ်မှူးများထံ တိုက်ရိုက် အမိန့်ပေးလေ့ သိပ်မရှိတော့ပေ။

လူတိုင်း၏ စိုးရိမ်ပူပန်သော အကြည့်များအကြားတွင် လီဝမ်ဖာက စစ်သည် ငါးထောင်ကို ခေါ်ဆောင်ကာ ပြည်နယ်ဝန်ကြီး အိမ်တော် အရှေ့သို့ ရောက်ရှိလာ၏။

“စစ်ရေး လေ့ကျင့်မှု စတင်ပြီ။ ပြည်နယ်ဝန်ကြီး အိမ်တော်ကို ဝိုင်းထားလိုက်...” လီဝမ်ဖာက အမိန့်ပေး လိုက်သည်။

တပ်မှူး ငါးဦး အနည်းငယ် အံ့အားသင့်သွားကြ၏။ ‘ဒီစစ်ရေး လေ့ကျင့်မှုက ဒီလောက်တောင် ပြင်းထန်တာလား။ ပြည်နယ်ဝန်ကြီး အိမ်တော်ကို တိုက်ရိုက် ဝိုင်းရံရမှာလား။’

သို့ပေမည့် စစ်မိန့် ဆိုသည်မှာ တောင်တစ်လုံးအလားဖြစ်ရာ နာခံရမည်သာ ဖြစ်သည်။

“ကောင်းပါပြီ။”

စစ်သည် ငါးထောင်က ချက်ချင်း နေရာယူကာ ပြည်နယ်ဝန်ကြီး အိမ်တော်ကို အမြန်ဆုံး ဝိုင်းရံလိုက်ကြ၏။

ပြည်နယ်ဝန်ကြီး အိမ်တော်၏ သက်တော်စောင့်မှာ လူရာဂဏန်းခန့်သာရှိပြီး ဤမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေကြသော်လည်း မတားဆီးကြပေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက် လူများတွင် ဆူမီယွမ်၏ အမိန့်စာ ရှိနေသောကြောင့်ပင်။

သို့ပေမည့် နင်ပေ ပြည်နယ်၏ ပြည်နယ်ဝန်ကြီးကတော့ ဒေါသထွက်သွားပြီး အပြင်သို့ ထွက်လာခဲ့သည်။

“လီဝမ်ဖာ… ခင်ဗျား ဘာလုပ်ချင်နေတာလဲ။” နင်ပေ ပြည်နယ်ဝန်ကြီးက ဒေါသတကြီး အော်ဟစ်လိုက်၏။

လီဝမ်ဖာက ရှေ့တိုးလာပြီး ဒူးတစ်ဖက် ထောက်ကာ ဂါရဝပြုလိုက်သည်။ “ကျုပ် လီဝမ်ဖာ… စစ်သေနာပတိကြီးကို ဂါရဝပြုပါတယ်။”

ပုံမှန်အားဖြင့် ပြည်နယ်ဝန်ကြီးကို စစ်သေနာပတိကြီးဟုလည်း ခေါ်ဆိုလေ့ရှိပြီး ဤရာထူးသည် စစ်ဖက်နှင့် အရပ်ဖက် နှစ်ခုလုံး ပါဝင်၏။

လီဝမ်ဖာက မြေကြီးပေါ်တွင် ဒူးထောက်နေပြီး နင်ပေ ပြည်နယ်ဝန်ကြီးက သူ၏ အနီးကပ်တွင် ရှိနေရာ တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် သူ့ကို သတ်ဖြတ်နိုင်ပေလိမ့်မည်။

ဤနင်ပေ ပြည်နယ်ဝန်ကြီးသည် ပညာတတ် အမတ်တစ်ဦးဖြစ်ပြီး သိုင်းပညာ မမြင့်မားပေ။ လီဝမ်ဖာ ကတော့ ရဲရင့်သော စစ်သူကြီး တစ်ဦးဖြစ်ရာ သူ့ကို သတ်ရန် ဆိုသည်မှာ အလွန် လွယ်ကူလှသည်။

သူ၏ နားထဲတွင် နင်ဝူချွဲ့၏ စကားများ ပဲ့တင်ထပ်နေ၏။ ဤစစ်ပုန်ကန်မှုတွင် အကယ်၍ မြို့ဝန်ကို သတ်ပါက တတိယအဆင့် မြို့စားဘွဲ့ ပေးပြီး ငွေတုံး သုံးသိန်း ဆုချမည်။ အကယ်၍ ပြည်နယ်ဝန်ကြီးကို သတ်ပါက တာယင်အင်ပါယာ ဧကရာဇ်က လီဝမ်ဖာကို ပထမအဆင့် မြို့စားဘွဲ့ ပေးပြီး ငွေတုံး ငါးသိန်း ဆုချမည်။

တာယင်အင်ပါယာသည် ဤကိစ္စများတွင် ကတိတည်မှု အလွန် မြင့်မားပြီး ဧကရာဇ်ကလည်း ပြောသည့် အတိုင်း လုပ်လေ့ရှိ၏။

‘ဘယ်လိုပဲဖြစ်ဖြစ် သတ်ရတော့မယ် ဆိုမှတော့ မြို့ဝန်ကို သတ်တာနဲ့ ပြည်နယ်ဝန်ကြီးကို သတ်တာ ဘာကွာလို့လဲ။ ဘယ်လိုပဲဖြစ်ဖြစ် ပုန်ကန်နေပြီပဲ၊ ပြည်နယ်ဝန်ကြီးကို ဘာလို့ မသတ်ရဲရမှာလဲ။ ဒါက ကြီးမားတဲ့ ချမ်းသာကြွယ်ဝမှုကြီးပဲလေ။’

လီဝမ်ဖာ၏ နားထင်ကြောများ အဆက်မပြတ် တုန်ယင်နေပြီး အတွင်းအားများကို အဆက်မပြတ် စုစည်းနေသည်။

ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်မှာ အလွန်ပင် ရိုးရှင်းလှ၏။

ဓားကို ဆွဲထုတ်၍ နင်ပေပြည်နယ်ဝန်ကြီးအား သတ်ဖြတ်ပြီးနောက် စစ်သေနာပတိ အောက်ရှင်းသည် တိုင်းပြည်အပေါ် ပြိုင်ဘက်ကင်းသော ကျေးဇူးတရားများ ရှိပေသည်။ ဧကရာဇ်မင်းမြတ်သည်သာ အရည်အချင်းကင်းမဲ့၍ သစ္စာရှိသော အမတ်ကောင်းကို နှိပ်စက်ညှင်းပန်းနေခြင်း ဖြစ်သည်ဟု ဟစ်ကြွေး လိုက်ရုံသာ ဖြစ်သည်။

ဤသို့ဆိုလျှင် အရာအားလုံး ပြီးမြောက်သွားပေလိမ့်မည်။

ထိုသို့သာဖြစ်လာပါက လီဝမ်ဖာ၏ အမည်သည် တစ်လောကလုံးကို တုန်လှုပ်သွားစေမည်မှာ သေချာပေါက် ဖြစ်သည်။

အောက်ရှင်း ရာထူးမှ ဖယ်ရှားခံရပြီးနောက် သူ၏ လူယုံတော် စစ်သူကြီး လီဝမ်ဖာက ပြည်နယ်ဝန်ကြီးအား လူသိရှင်ကြား သတ်ဖြတ်ကာ စစ်ရေးပုန်ကန်မှု ပြုလုပ်လိုက်ခြင်းသည် အစိုးရအဖွဲ့ ယန္တရားတစ်ခုလုံးကို ကိုင်လှုပ်ကာ တစ်လောကလုံးကို ပေါက်ကွဲထွက်သွားစေရန် လုံလောက်သော အရှိန်အဝါရှိ၏။

ထိုအချိန်သို့ ရောက်ရှိပါက အောက်ရှင်း၏ မိသားစုတစ်စုလုံး သတ်ဖြတ်ခြင်း ခံရမည်မှာ မြေကြီးလက်ခတ် မလွဲပေ။ ဂုဏ်သရေရှိ မှူးမတ်များနှင့် စစ်တပ်အတွင်းရှိ စစ်သူကြီးများအားလုံးလည်း အမြစ်ပြတ် ရှင်းလင်းခြင်း ခံရမှာဖြစ်သည်။ လူပေါင်း မည်မျှအထိ အသက်ပေးရမည်ကိုမူ နတ်ဘုရားများသာ သိနိုင်ပေလိမ့်မည်။

သို့သော်ငြား ဤအကျိုးဆက်များသည် လီဝမ်ဖာနှင့် မည်သို့မျှ မသက်ဆိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် မကြာမီတွင် မြောက်ဘက်သို့ ထွက်ခွာ၍ တာယင်အင်ပါယာထံ ခိုလှုံတော့မည် ဖြစ်သောကြောင့်ပင်။

ထို့အပြင် လမ်းတစ်လျှောက်ရှိ အဆောက်အအုံများပေါ်၌ ထူးဆန်းသော အလံများ စိုက်ထူထားသည်ကို သူ သတိပြုမိ၏။ ထိုအရာမှာ နင်ဝူချွဲ့နှင့် သူ၏ကြားမှ လျှို့ဝှက်အချက်ပြချက်များပင် ဖြစ်သည်။

အဆိုပါ အလံတစ်ခုချင်းစီ၏ နောက်ကွယ်တွင် သူ့အား လာရောက်ကြိုဆိုမည့် တာယင်အင်ပါယာ ဟေးလုံထိုင်မှ ထိပ်တန်းသိုင်းပညာရှင်များ အသင့်စောင့်ဆိုင်းနေကြ၏။ သူ၏ ဘေးပတ်လည်တွင် ရှိနေသူများမှာလည်း သူ၏အပေါ်၌ အလွန် သစ္စာရှိကြသော ကိုယ်ရံတော်များသာ ဖြစ်ကြသည်။

အဝေးရှိ အဆောက်အအုံတစ်ခု၏ ပြတင်းပေါက်နောက်ကွယ်တွင်မူ အမတ်ချုပ်ကြီးလင်၏ လျှို့ဝှက်သူလျှို နင်ဝူချွဲ့သည် အသက်ရှူပင် မဝဘဲ လက်သီးကို တင်းတင်းဆုပ်လျက် စောင့်ကြည့်နေ၏။

“လီဝမ်ဖာ... မြန်မြန်လုပ်စမ်းပါ။ နင်ပေပြည်နယ်ဝန်ကြီးကို အမြန်ဆုံး သတ်လိုက်စမ်းပါ။” သူ၏ စိတ်ထဲမှ အပြင်းအထန် ရေရွတ်နေမိသည်။

ပြည်နယ်ဝန်ကြီး အသတ်ခံရသည်နှင့် စစ်ရေးပုန်ကန်မှုသည် အတည်ဖြစ်သွားမည်ဖြစ်ရာ အောက်ရှင်း မိသားစုလည်း မလွဲမသွေ သေဆုံးရပေလိမ့်မည်။

ထိုအခါ ဂုဏ်သရေရှိ မှူးမတ်စစ်သူကြီးများအားလုံး ကြီးမားသော ရှင်းလင်းဖယ်ရှားမှုကို ခံရမည်ဖြစ်ပြီး အမတ်ချုပ်ကြီးလင်၏ အဖွဲ့အစည်းအတွက် ကြီးမားသော အကျိုးအမြတ်များ ရရှိလာမှာဖြစ်သည်။

ထိုသို့ဖြစ်လာပါက ပညာတတ်အမတ်များ အစုအဖွဲ့သည် စစ်အာဏာကို စိတ်ကြိုက် ဝင်ရောက် စွက်ဖက်နိုင်မည့်အပြင် သူတို့၏ စကားကို နားထောင်မည့် စစ်သူကြီးများကိုလည်း အစားထိုး နေရာပေးနိုင်တော့မည် မဟုတ်ပါလား။

“မြန်မြန်လုပ်စမ်းပါ... အမြန်ဆုံး လုပ်စမ်းပါ...”

နင်ပေ ပြည်နယ်ဝန်ကြီးက အသံကျယ်ကျယ်ဖြင့် မေးလိုက်၏။ “လီဝမ်ဖာ… ခင်ဗျား ပုန်ကန်ချင်နေတာလား။”

လီဝမ်ဖာက ဓားကို ဆွဲထုတ်ကာ မတ်တတ်ရပ်လိုက်ပြီး နင်ပေ ပြည်နယ်ဝန်ကြီးကို ဒေါသတကြီး အော်ပြောလိုက်သည်။ “ဟုတ်တယ်။ ကျုပ် ပုန်ကန်တော့မှာပဲ။”

ထို့နောက် သူ၏ ဓားက နင်ပေ ပြည်နယ်ဝန်ကြီးဆီသို့ ပြင်းပြင်းထန်ထန် ခုတ်ချလိုက်လေ၏။

.......................

All Chapters