အခန်း (၉၁-၉၂)
Vol. 7 Ch. 91-92
အပိုင်း (၉၁) အစ်ကိုကြီးပြောင် … လေးစားပါတယ်။
လီယွမ်ကျောက်က ခေါင်းစောင်းကာဖြင့် ခဏတာ စဉ်းစားလိုက်၏။ ထို့နောက် တုံ့ဆိုင်းဆိုင်းဖြင့် ပြောလိုက်သည်။ “ချီယွမ်ပွဲတော်ဆိုတာ ရှိတယ် ထင်တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကျုပ် နန်းတော်ထဲကနေ ခိုးထွက်ပြီး တစ်ခါ သွားကြည့်ဖူးတယ်။ အရမ်း စည်ကားတာပဲ။ ဒါနဲ့… ခင်ဗျားက ဒါကို ဘာလို့ မေးရတာလဲ။”
ချီယွမ်ပွဲတော်လား။
သူ ပြောသည်ကို ကြားချိန်မှာတော့ ဖန်ကျန်းရီ၏ မှတ်ဉာဏ်များက တဖြည်းဖြည်းချင်း ပြန်လည် ပေါ်ပေါက်လာ၏။ ထိုသို့သော ပွဲတော်မျိုး ရှိသည်ကို ကြားဖူးသလိုမျိုးပင်။
ချီယွမ်ပွဲတော်က ကမ္ဘာမြေပေါ်ရှိ ချီးရှီးပွဲတော်နှင့် ခပ်ဆင်ဆင် တူပေမဲ့ ချီးရှီးပွဲတော်ထက် ပို၍ ရိုးရှင်းလှ၏။ မည်သည့် ထူးခြားသော အဓိပ္ပာယ်မှ မရှိပေ။
မည်သည့် အကြောင်းရင်းကြောင့် ဖြစ်တည်လာမှန်း မသိရသော်ငြား ထိုနေ့တွင် အတော်လေး စည်ကားတတ်သည်။ ယောက်ျား မိန်းမ အားလုံး လမ်းမပေါ်သို့ ထွက်လာတတ်ကြပြီး မီးပုံးများ၊ ပန်းရထားများ အစရှိသော ဖျော်ဖြေပွဲများလည်း ရှိတတ်၏။
ထိုနေ့တွင် အမျိုးသား အများအပြားက ချစ်ရေးဆိုရန် ရွေးချယ်တတ်ကြသည်။ အချုပ်ပြောရလျှင် ၎င်းမှာ ကျင်းတိုင်းပြည်၏ ချစ်သူများနေ့ပဲ ဖြစ်ချေသည်။
သို့သော်ငြား ဖန်ကျန်းရီက တောက်ယွမ်ခရိုင်၌ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သူ ဖြစ်၏။ တောက်ယွမ်ခရိုင်တွင် ဤကဲ့သို့သော ပွဲတော်မျိုး မရှိသလိုပင်။ နေ့စဉ်နေ့တိုင်း နှစ်သစ်ကူးပွဲတော်ကဲ့သို့ စည်ကားနေတတ်သောကြောင့် သာမန် ပွဲတော်ရနံ့များက များစွာ ဖျော့တော့သွားခဲ့၏။
သူက ခဏတာ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။ “ကောင်းပြီ။ ဒီပွဲတော်ကိုပဲ သုံးကြတာပေါ့။ အရှင်မင်းသားက အမြန်ငွေရှာချင်နေတာ မဟုတ်ဘူးလား။ ကျုပ်တို့ ဒီပွဲတော်ကို အမီပြုပြီး အမြန်ငွေ သွားရှာကြမယ်။”
လီယွမ်ကျောက်၏ မျက်လုံးများက တောက်ပသွား၏။ “ဘယ်လို ရှာမှာလဲ။”
ဖန်ကျန်းရီက မေးစေ့ကို ပွတ်သပ်လိုက်သည်။ “သေချာပေါက် ပစ္စည်းရောင်းရမှာပေါ့။ ဒါပေမဲ့ ကျုပ်တို့က ဆန်းသစ်တဲ့ ကုန်ပစ္စည်း တစ်ချို့ကို ထုတ်လုပ်ရမယ်။ ကျုပ် အိမ်ပြန်ရောက်တာနဲ့ ချက်ချင်း စာတစ်စောင် ရေးလိုက်မယ်။ ခရိုင်ထဲကလူတွေကို လုပ်ခိုင်းပြီး ဒီကို ပို့ခိုင်းလိုက်မယ်။
ဒါ့အပြင်… ဈေးကွက်ရှာဖို့ လူတစ်ယောက်လည်း ရှာရဦးမယ်။ အင်း… ဟုတ်ပြီ။ ချန်ရှန်းစံအိမ်က သခင်မလေးလော့ကို မှတ်မိတယ် မဟုတ်လား။ သူက ကျုပ်ကို တစ်ညတာ အကြွေးတင်နေသေးတယ်။ သူ့ကို သွားရှာကြမယ်။”
လီယွမ်ကျောက်က ထိုစကားကိုကြားချိန်မှာတော့ အဓိပ္ပာယ်ပါပါ အမူအရာဖြင့် တိုးကပ်လာ၏။ “ဖန်ကြီး… ပြီးခဲ့တဲ့အကြိမ် ခင်ဗျား အပေါ်ထပ်ကို တက်သွားတုန်းက နှစ်ယောက်သား ဘာမှ မဖြစ်ခဲ့ကြဘူးလား။”
“ဘာဖြစ်ရမှာလဲ။ ပြီးခဲ့တဲ့အကြိမ်က ခင်ဗျားပဲ သူတောင်းစားတွေကို ပေးကမ်းချင်တယ်ဆိုလို့ သရေစာ တချို့ သွားယူပေးတာလေ။” ဖန်ကျန်းရီက လီယွမ်ကျောက်အား မျက်လုံးမှေးကာ ကြည့်လိုက်၏။ သူ့လို သခင်လေးကို မည်သို့သော လူမျိုးဟု ထင်နေသနည်း။
သူက ရောဂါကူးစက်ခံရမည်ကို ကြောက်ရွံ့သည်။ ရှေးခေတ် ဆေးဘက်ဆိုင်ရာ အဆင့်အတန်းအရ တစ်ခုခုများ ဖြစ်ခဲ့လျှင် လူကို အသက်ရှင်ခွင့် ပေးမည်မဟုတ်ပေ။
လီယွမ်ကျောက်က ရုတ်တရက် သဘောပေါက်သွားသည့် အမူအရာဖြင့် လက်တစ်ဖက်က အိုကေ သင်္ကေတ ပြလိုက်ပြီး အခြား လက်တစ်ဖက်ကမူ…။
ထို့နောက် သူက ရှက်ရွံ့စွာ ရယ်မောလိုက်၏။ “ခွီး … … ဆောရီး။ ကျုပ်က ခင်ဗျားကို တိုတိုသေးသေးနဲ့ မြန်မြန် ပြီးသွားတယ်လို့ ထင်နေတာ…”
“စကားပြောတာ ဆင်ခြင်နော်။ ခင်ဗျား ကျုပ်ကို အသရေဖျက်တယ်လို့ တရားစွဲလိုက်မယ်။ တကယ်လည်း အသရေဖျက်နေတာပဲ။”
…
နောက်တစ်နေ့ အလုပ်ဆင်းချိန်မှာတော့ ဖန်ကျန်းရီက လီယွမ်ကျောက်ကို ခေါ်ဆောင်ကာ ချန်ရှန်းစံအိမ်သို့ တိုက်ရိုက် သွားလိုက်သည်။ သူတို့နောက်တွင် ကျန်းပြောင်လည်း ပါလာ၏။
ရာဇဝတ်သား သုံးယောက်က ချန်ရှန်းစံအိမ် တံခါးဝတွင် မတ်တတ်ရပ်နေကြသည်။
ထိုအချိန်၌ မိုးမချုပ်သေးသော်ငြား ချန်ရှန်းစံအိမ် တံခါးရှေ့တွင် လူသွားလူလာများ ပြည့်နှက်နေပြီး အဝင်အထွက် ပြုလုပ်နေသူ များပြားလွန်း၏။
သူတို့သုံးယောက် အဆောက်အအုံအတွင်းသို့ ဝင်ရောက်သွားပြီး စားပွဲတစ်လုံးကို ရှာကာ ထိုင်လိုက်ကြသည်။ ထို့နောက် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
ချန်ရှန်းစံအိမ်အတွင်းရှိ အလှဆင်ထားမှုက အလွန် သေသပ်လှပသည်။ ပန်းရောင် ပိုးဇာကုလားကာများ နေရာအနှံ့ ချိတ်ဆွဲထားပြီး မိန်းမပျိုလေးများ၏ တီတီတာတာ ပြောသံများကလည်း အဆက်မပြတ် ထွက်ပေါ်နေ၏။
ဖန်ကျန်းရီက ကြည့်ပြီးနောက် မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ နှင်းလမင်းစံအိမ်တွင် လှည့်ကွက်များစွာ ရှိနေသည်ဆိုပေမဲ့ မြို့တော်ရှိ အဆင့်မြင့်နေရာများနှင့် ယှဉ်လျှင် ကွာဟချက် ကြီးမားနေဆဲပင်။
တကယ်ပဲ… တရားဝင်ဖွင့်ထားတဲ့ နေရာတွေက ဘာဆွဲဆောင်မှုမှ မရှိဘူးပဲ။
ခဏတာ ထိုင်နေပြီးနောက် သူတို့သုံးယောက်က ကြည့်စရာ ဘာမှမရှိဟု ခံစားလိုက်ရသည်။ ထို့ကြောင့် ဖန်ကျန်းရီက အစေခံတစ်ယောက်ကို လှမ်းတားလိုက်၏။
“သခင်မလေးလော့ ရှိလား။”
အစေခံလေးက အလျင်အမြန် ပြုံးကာ ပြောလိုက်သည်။ “အို… ဧည့်သည်တော်ကြီး တောင်းပန်ပါတယ်။ သခင်မလေး က ဒီနေ့ ဧည့်သည် မလက်ခံပါဘူး။ သာမန်ရက်တွေမှာလည်း သီးသန့် ဧည့်သည် မတွေ့ပါဘူး ခင်ဗျာ။”
“ကျုပ်တို့ရဲ့ သခင်မလေးက အပျိုစင်လေးပါ။ နောက်နှစ်ရက်လောက်နေမှ လာရင် တွေ့နိုင်ပါလိမ့်မယ်။”
ဖန်ကျန်းရီက ငွေတစ်တုံးကို ပစ်ပေးလိုက်၏။ “ကောင်းပြီ။ ငါ သူ့ကို မတွေ့တော့ဘူး။ ဖန်ကျန်းရီက တွေ့ချင်တယ်လို့ သခင်မလေးလော့ကို သွားပြောပေးလိုက်။”
အစေခံလေးက ငွေကို ယူလိုက်ပြီးနောက် အလွန် ဝမ်းသာသွားသည်။ “ကောင်းပါပြီဗျာ။ ကျုပ် အခုပဲ သွားပြောပေးပါ့မယ်။ ဒါပေမဲ့ တွေ့လို့ ရမရဆိုတာကိုတော့ ကျုပ် ဆုံးဖြတ်ပေးလို့ မရဘူးနော်။”
“သွားတော့။”
သိပ်မကြာမီမှာပဲ အစေခံလေးက မျက်နှာရှုံ့မဲ့ကာ ပြန်ရောက်လာ၏။ ထို့နောက် တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။ “တောင်းပန်ပါတယ် သခင်ကြီးဖန်။ ကျွန်တော်တို့ရဲ့ သခင်မလေးလော့က မတွေ့ချင်ဘူးတဲ့…”
လီယွမ်ကျောက်က စားပွဲကိုပုတ်ကာ မတ်တတ်ရပ်လိုက်သည်။ “ဟေ့… ဟေ့… ခွေးမသားတွေ။ မျက်နှာသာပေးနေတာကို အတင့်ရဲနေတယ်။ သူ့ကို ဆင်းလာခဲ့ခိုင်း။ မဟုတ်ရင် ဒီသခင်လေးက ချန်ရှန်းစံအိမ်ကို ဖျက်ဆီး ပစ်မယ်။”
ဖန်ကျန်းရီက လီယွမ်ကျောက်၏ မျက်နှာကို ကြည့်လိုက်၏။ ငါ့ဆီက ကောင်းတာတွေ မသင်ယူဘဲ ဆိုးတာတွေကိုပဲ အကုန် သင်ယူခဲ့တာကိုး။
ပတ်ဝန်းကျင်မှ အကြည့်များ သူတို့ထံသို့ စုပုံလာသည်ကို မြင်ချိန်မှာတော့ ဖန်ကျန်းရီက လီယွမ်ကျောက်ကို အလျင်အမြန် ဆွဲချလိုက်သည်။
ထို့နောက် သူက မျက်နှာပျက်ယွင်းနေသော အစေခံလေးဘက်သို့ လှည့်ကာ ပြောလိုက်၏။ “မင်းတို့ရဲ့ တာဝန်ခံကို ခေါ်ခဲ့။”
အစေခံလေးက သနားစရာ ကောင်းလှသည်။ “သခင်လေးတို့ … သခင်မလေးလော့ကို ဒီနေ့ တကယ် တွေ့လို့ မရပါဘူး။ နောက်နေ့မှ လာခဲ့ပါလား ခင်ဗျာ။”
“စကားရှည်မနေနဲ့။ ငါ အခု သူ့ကို မတွေ့ချင်တော့ဘူး။”
အစေခံလေးက နှုတ်ခမ်းကိုစူကာ ထွက်သွားပြန်၏။ သိပ်မကြာမီတွင် မိတ်ကပ် အထူကြီး လိမ်းထားသော ခေါင်းမကြီး တစ်ဦးကို ခေါ်ဆောင်လာခဲ့သည်။ မိတ်ကပ် အထူကြီး လိမ်းထားသော်ငြား အသက် သုံးဆယ်ခန့်သာ ရှိသေးပြီး ရုပ်ရည်ကလည်း အတော်လေး လှပသည်။ ငယ်ရွယ်စဉ်ကဆိုလျှင် ထိပ်တန်း အလှမယ် တစ်ဦး ဖြစ်ခဲ့မည်မှာ သေချာ၏။
ခေါင်းမကြီးက ဖန်ကျန်းရီကို မြင်သည်နှင့် တစ်ပြိုင်နက် မြှောက်ပင့်သော အမူအရာဖြင့် ပြောလိုက်သည်။ “အို… မြို့ဝန်ဖန် ရောက်လာတာကိုး။ စောစောက အောက်ခြေလူတွေက မျက်စိမရှင်ဘဲ နှောင့်နှေးသွားတဲ့အတွက် ကျွန်မကပဲ တောင်းပန်ပါတယ်။
မြို့ဝန်မင်းက ဘယ်မိန်းကလေးကို သဘောကျလို့လဲ။ ကျွန်မကို အားမနာဘဲ ပြောပါရှင်။
ဖန်ကျန်းရီက အေးစက်စက် ရယ်မောလိုက်၏။ “ကျုပ်ညီက ခင်ဗျားကို သဘောကျနေလို့။ ဘယ်လိုလဲ။ ဒီနေ့ ဧည့်ခံနိုင်မလား။”
ခေါင်းမကြီး၏ မျက်နှာက ပျက်ယွင်းသွား၏။ ထို့နောက် အပြုံးတစ်ခုကို ပြန်လည် ဖော်ဆောင်လိုက်ပြီး ရှက်သွေးဖြာစွာဖြင့် ပြောလိုက်သည်။ “မရစရာတော့ မရှိပါဘူး… မြို့ဝန်မင်းတို့ ဝမ်းသာမယ်ဆိုရင် ဘယ်လိုဖြစ်ဖြစ် ရပါတယ်။ မြို့ဝန်မင်းရဲ့ ဘယ်ညီက ကျွန်မကို သဘောကျနေတာလဲရှင်။”
“ကျန်းပြောင်… သွားပြီး သူ့ကို ပညာနည်းနည်း ပေးလိုက်စမ်း။”
“ကောင်းပါပြီ။”
ကျန်းပြောင်က မတ်တတ်ရပ်လိုက်ပြီး အပေါ်ဝတ်ရုံကို တိုက်ရိုက် ချွတ်ချလိုက်၏။ ကျစ်လျစ်သော ကြွက်သားများက ပေါ်လွင်သွားသည်။ သူက ခေါင်းမကြီးကို ကြည့်ကာ ဟီးဟီးဟားဟား ရယ်မောလိုက်သည်။ “လာ .. ကျုပ်နဲ့ အခန်းထဲ လိုက်ခဲ့။”
ခေါင်းမကြီးက ကျန်းပြောင်ကို မြင်ချိန်တွင် မျက်နှာ အနည်းငယ် ပျက်ယွင်းသွားသော်ငြား ထိုကြွက်သားများကို မြင်လိုက်ရချိန်မှာတော့ မျက်နှာက ရုတ်တရက် ပြန်လည် ကြည်လင်လာခဲ့၏။
ဤမျှ သန်မာထွားကြိုင်းသော အမျိုးသားမျိုးမှာ ရှားပါးလှသည်။ ထားလိုက်ပါတော့လေ။ ဒီဖန်ကျန်းရီကိုတော့ အပြစ်သွားလုပ်လို့ မဖြစ်ဘူး။
ထို့ကြောင့် သူမက ချွဲနွဲ့စွာ ရယ်မောလိုက်ပြီး ကျန်းပြောင်၏ တောင့်တင်းသော ရင်အုပ်ကြွက်သားကို ပုတ်လိုက်၏။ “ဒါဆိုလည်း သွားကြတာပေါ့ရှင်။”
ထို့နောက် ခေါင်းမကြီးနှင့် ကျန်းပြောင်တို့က အပေါ်ထပ်သို့ တိုက်ရိုက် တက်သွားကြသည်။
ဖန်ကျန်းရီက တည်ငြိမ်စွာဖြင့် လက်ဖက်ရည်ကို သောက်နေ၏။ လီယွမ်ကျောက်ကမူ ကျန်းပြောင်၏ ကျောပြင်ကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်၏။ “ဒါ… ဒါက… သခင်မလေးလော့ကို လာရှာတာ မဟုတ်ဘူးလား။ ဘာလို့ သူ့ကို အရင် တက်သွားခိုင်းလိုက်တာလဲ။”
“အချိတ်အဆက် ရသွားရင် အလုပ်လုပ်ရတာ လွယ်တယ်လေ။ စောင့်နေလိုက်စမ်းပါ။” ဖန်ကျန်းရီက ယုံကြည်မှု အပြည့်ရှိနေဆဲပင်။
လက်ဖက်ရည် နှစ်ခွက်စာ အချိန်ကြာပြီးနောက် ကျန်းပြောင်နှင့် ခေါင်းမကြီးတို့က ဒုတိယထပ် စင်္ကြံလမ်းပေါ်တွင် ပေါ်လာကြ၏။
လီယွမ်ကျောက်က ကျန်းပြောင်ကို ကြည့်ကာ လှောင်ပြောင် ရယ်မောလိုက်သည်။ “အပြင်ပန်းပဲ ကြည့်ကောင်းတာပါလား။ ကျုပ် လောက်တောင် မစွမ်းပါလားကွ။ ဟား ဟား ဟား ဟား ဟား။”
“ချီး။”
ဖန်ကျန်းရီက စိတ်ထဲမှ အထင်သေးသွား၏။ တောက်ယွမ်ခရိုင်ရဲ့ ကြယ်ပွင့်ဆိုတာ ဘာလဲ တကယ်ကို မသိတာပဲ။ ကျုပ်ရဲ့ ကျန်းပြောင်က ခွန်အားရော အမြန်နှုန်းမှာပါ ပထမ အဆင့် ရှိတဲ့လူ။ ဘက်စုံတော်တဲ့ စစ်သည်တော်။ လူပုံစံနဲ့ သားရဲပဲ။ တိုက်ခိုက်ရေးမှာဆို မလုပ်နိုင်တာ ဘာမှမရှိဘူး။ အိပ်ရာပေါ် ရောက်သွားရင်တောင်မှပဲ အရာအားလုံး လုပ်နိုင်တယ်။
မကြာမီမှာပဲ လီယွမ်ကျောက်၏ အမူအရာက ကြက်သေသေသွားတော့သည်။
ခေါင်းမကြီးက ကွတကွတဖြင့် အောက်သို့ ဆင်းလာသည်ကို မြင်လိုက်ရ၏။ ကျန်းပြောင်ကမူ သူမ နောက်မှ တည်ငြိမ်သော မျက်နှာထားဖြင့် လိုက်ပါလာ၏။
ရုတ်တရက် ခေါင်းမကြီးက ခြေလှမ်းမမှန်ဖြစ်သွားပြီး လှေကားပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွား၏။ ကံကောင်းထောက်မစွာဖြင့် ကျန်းပြောင်က မျက်စိရှင် လျင်မြန်သောကြောင့် ခေါင်းမကြီး၏ ဆံပင်ကို ဆွဲကာ မတင်ပေးလိုက်နိုင်သည်။
ခေါင်းမကြီးက မတ်တတ်ရပ်နိုင်သွားပြီးနောက် ကျန်းပြောင်အား လှည့်ကာ မျက်စောင်းထိုး ကြည့်လိုက်၏။ ထို့နောက် ရင်အုပ်ကြွက်သားများကို ပုတ်ကာ ချွဲနွဲ့စွာ ပြောလိုက်၏။ “သေနာလေး… နည်းနည်းလောက် ညင်သာပေးလို့ မရဘူးလားဟင်။”
ကျန်းပြောင်က အူကြောင်ကြောင် ပြုံးလိုက်သည်။
ထိုအချိန်တွင်တော့ လီယွမ်ကျောက်က လုံးဝကို ကြောင်အလို့နေ၏။
သူတို့နှစ်ဦးက ဖန်ကျန်းရီ၏ စားပွဲရှေ့သို့ ရောက်လာကြ၏။ ဖန်ကျန်းရီက စကားစလိုက်သည်။ “ဘယ်လိုလဲ။ အခု သခင်မလေးလော့နဲ့ တွေ့လို့ရပြီလား။ အော်… ပြီးတော့ ပိုက်ဆံ ဘယ်လောက်ကျလဲ။ ကျုပ် တစ်ခါတည်း ရှင်းပေးလိုက်မယ်။”
ခေါင်းမကြီးက ရှက်သွေးဖြာနေသော အမူအရာဖြင့် ကျန်းပြောင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် တိုးညှင်းစွာ ပြောလိုက်၏။ “တစ်မိသားစုတည်းတွေပဲကို ပိုက်ဆံအကြောင်း ပြောနေစရာ လိုလို့လား။ ဒါပေမဲ့ သခင်မလေးလော့ ဘက်ကိုတော့ ကျွန်မ ဆုံးဖြတ်ပေးလို့ မရဘူး။ ကျွန်မ အရင်သွားပြီး အကျိုးအကြောင်း ပြောပြပေးပါ့မယ်။”
ကျန်းပြောင်က ဘေးဘက်ရှိ လီယွမ်ကျောက်ထံသို့ လှည့်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “ခင်ဗျားက ကျပ်ကို ဘာလို့ လိုက်ကြည့်နေတာလဲ။”
လီယွမ်ကျောက်က ကျန်းပြောင်အား အံ့အားသင့်ကာ သံသယဝင်နေသော အမူအရာဖြင့် ကြည့်နေပြီး စိတ်မလုံစွာဖြင့် ပြောလိုက်၏။ “အစ်ကိုကြီးပြောင် လေးစားပါတယ်။”
အပိုင်း (၉၂) အလကားရတာ မလိုချင်ဘူး။
ပြည့်တန်ဆာခေါင်းမကြီး ကွတကွတဖြင့် ထွက်သွားသည်ကို မြင်လိုက်ရ၏။
လီယွမ်ကျောက်က ကျန်းပြောင်အနားသို့ တိတ်ဆိတ်စွာ ကပ်သွားကာ တိုးတိုးလေး မေးလိုက်သည်။ “အစ်ကိုကြီးပြောင် ကျုပ်ကို သင်ပေးလို့ ရမလား။”
ကျန်းပြောင်က မျက်လုံးစွေကြည့်လိုက်၏။ “ဘာသင်ပေးရမှာလဲ။”
“သိုင်းပညာလေ။ ပြီးတော့ ခန္ဓာကိုယ်က ဘယ်လိုလုပ် ဒီလောက် သန်မာရတာလဲ။”
ဖန်ကျန်းရီက ပြုံးဖြီးဖြီးဖြင့် သူတို့နှစ်ယောက်ကို ကြည့်နေသည်။ အခု ကျန်းပြောင်း ဘယ်လောက် သန်မာလဲ သိပြီလား။
ကျန်းပြောင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။ “ဪ … ခန္ဓာကိုယ်ကို သန်မာအောင် လေ့ကျင့်ချင်ရင်တော့ လွယ်ပါတယ်။ ရှုပ်ထွေးတာ ဘာမှမရှိပါဘူး။ တစ်နေ့ကို သုံးခါ ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်ရုံပဲ။ ဒါပါပဲ။”
တစ်နေ့ကို သုံးခါ ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်တယ်...
လီယွမ်ကျောက် အံ့အားသင့်သွားသည်။ အစ်ကိုကြီးပြောင်လို ကြမ်းတမ်းတဲ့ လူမျိုးက အဘယ်ကြောင့် ဤသို့ ဒဿနဆန်သော စကားလုံးမျိုးကို ပြောနိုင်သနည်း။ ထို့ကြောင့် အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်သည်။ “ဘာ... အဓိပ္ပာယ်လဲ။”
“တစ်နေ့ကို သုံးကြိမ် ကိုယ့်ခန္ဓာကိုယ်ကို လေ့ကျင့်ရမယ်လို့ ပြောတာ။ ဒါဆို ခင်ဗျားလည်း သူ့လို သန်မာလာလိမ့်မယ်။”
ဖန်ကျန်းရီက ဖြတ်ပြောလိုက်သည်။ သူလည်း ကျန်းပြောင်ဆီမှ သင်ချင်ခဲ့ဖူးသည်။ သို့သော်ငြား ပုံမှန်လူတွေ သင်လို့မဖြစ်နိုင်ပေ။ အလွန် ရက်စက်လွန်းသည်။
ကျန်းပြောင်သည် မူလက တောက်ယွမ်ခရိုင်မှ ဒေသခံတစ်ဦး ဖြစ်သည်။ ယခင်က ဆာလောင်မွတ်သိပ်လွန်းလှသဖြင့် အိပ်ရာမှပင် မထနိုင်အောင် ဖြစ်ခဲ့ရရှာသည်။ ဖန်ကျန်းရီ သူ့အား မုန့်သုံးခု သွားရောက်ပေးကမ်းခဲ့မှသာ အသက်ဘေးမှ သက်သာရာရခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်း စုံစမ်းကြည့်လိုက်သောအခါ ဤသူသည် ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ဝမ်းရေးအတွက် ပြည့်ဝစွာ မစားသောက်ခဲ့ရဖူးကြောင်း သိရှိလိုက်ရ၏။
ဖန်ကျန်းရီ ငွေကြေးပြည့်စုံလာပြီးနောက် သူ၏ စားသောက်ရေးအတွက် အသားငါးများကို အဆက်မပြတ် ဖြည့်ဆည်းကျွေးမွေးလိုက်သောအခါ ကျန်းပြောင်ထံတွင် ကိန်းအောင်းနေသော အံ့မခန်းဖွယ်ရာ ပါရမီစွမ်းရည်များ ထွက်ပေါ်လာခဲ့သည်။
ထို့အပြင် နေ့စဉ်ရက်ဆက် ပြင်းပြင်းထန်ထန် လေ့ကျင့်မှုများကို ပြုလုပ်ခဲ့ပြီး၊ ကျန်းပြောင် ကိုယ်တိုင်ကလည်း ထိုလေ့ကျင့်မှုများအပေါ်၌ အလွန်ပင် မွေ့လျော်နှစ်ခြိုက်နေခဲ့ရာ နောက်ဆုံးတွင် လူ့အသွင်ယူထားသော သားရဲကြီးတစ်ကောင်အလား ကြံ့ခိုင်တောင့်တင်းလှသည့် ခန္ဓာကိုယ်ကြီးကို ပိုင်ဆိုင်လာခဲ့ခြင်း ဖြစ်၏။
လီယွမ်ကျောက်က တံတွေးမြိုချလိုက်ပြီး ဖန်ကျန်းရီကို တိုးတိုးလေး မေးလိုက်သည်။ “အစ်ကိုကြီးပြောင်က ပြိုင်ဘက် ဆိုတာ မတွေ့ဖူးဘူးလား။”
“ဆရာတစ်ယောက်က ပြောတယ်။ သူ့လောက် ခိုင်မာသန်စွမ်းတဲ့သူကို မမြင်ဖူးဘူးတဲ့...” ဖန်ကျန်းရီက မျက်လုံးစွေကြည့်လိုက်သည်။ ကြည့်ရသည်မှာ ကျန်းပြောင်၏ ပရိသတ် တစ်ယောက် ထပ်တိုးလာပုံပင်။
“ဘာအဓိပ္ပာယ်လဲ။ အဲဆရာက ဘယ်သူလဲ။” လီယွမ်ကျောက် ခေါင်းထဲတွင် မေးခွန်းများ ပြည့်နှက်နေ၏။
“ဆရာဆိုတာ အရပ် ကိုးပေ ခြောက်လက်မ ရှိတဲ့ လူအကြီးကြီး တစ်ယောက်လေ။ စာပေရော ၊ သိုင်းပညာရော ကျွမ်းကျင်တယ်။ သူ့ဘေးမှာ သူ့လိုပဲ မိုက်မတဲ့ လူခုနစ်ဆယ့်နှစ်ယောက် ရှိတယ်။ အဲလို ဆရာတောင် ကျန်းပြောင်ကို ချီးကျူးသွားရတယ်။”
“……..”
စကားပြောနေစဉ်မှာပဲ ပြည့်တန်ဆာခေါင်းမကြီးသည် ကွတကွတဖြင့် ပြန်ရောက်လာပြီး အခက်တွေ့နေသော ဟန်ဖြင့် ပြောလိုက်၏။ “မရဘူး။ လော့သခင်မလေးက လက်မခံဘူး။ တကယ် တောင်းပန်ပါတယ် မြို့ဝန်ဖန်။”
“ဟင်။” ကျန်းပြောင်က ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။
ပြည့်တန်ဆာခေါင်းမကြီး ချက်ချင်း ထိတ်လန့်တကြားဖြင့် ပြောလိုက်၏။ “လူကြီးမင်း .. ကျွန်မက သွားမပြောပေးတာ မဟုတ်ပါဘူး။ လော့သခင်မလေးရဲ့ အဆင့်အတန်းက ထူးခြားတော့ ကျွန်မ အုပ်ချုပ်လို့ မရလို့ပါ။ မဒေါသထွက်ပါနဲ့နော်။”
လီယွမ်ကျောက်က ကျန်းပြောင်ကို လေးစားသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ဖန်ကျန်းရီ မျက်မှောင်ကြုတ်သွား၏။ “ဪ …. ဒါဆို လျှို့ဝှက်ရနံ့စံအိမ် နောက်ကွယ်ကသူဌေးက ဘယ်သူလဲ။”
“အဲဒါက... ပြောရခက်တယ်...”
“ကျုပ်တို့ သခင်လေး မေးရင် ခင်ဗျား ဖြေရမှာပေါ့။”
“တကယ်တော့ ဒါက ဝူမင်းသားရဲ့ စီးပွားရေး လုပ်ငန်းပါ...”
ဝူမင်းသား... ဤနာမည်ကို မကြားရသည်မှာ အတော်ပင် ကြာမြင့်ခဲ့ချေပြီ။ ဖန်ကျန်းရီ၏ မှတ်ဉာဏ်များအရ ဆိုရလျှင် ဝူမင်းသားသည် အသုံးမကျသော လူတစ်ဦးမျှသာ ဖြစ်သည်။ သို့ပေမည့် အရက်ရောင်းချသည့် လုပ်ငန်းမှာ သိပ်မဟန်လှသော်ငြားလည်း၊ ပြည့်တန်ဆာရုံကိုမူ စနစ်တကျ သေချာစွာ စီမံခန့်ခွဲထားနိုင်ပုံပေါ်ပေသည်။
အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရသော်လည်း ဖန်ကျန်းရီသည် မိမိနှင့် သက်ဆိုင်ခြင်းမရှိသော ကိစ္စရပ်များအပေါ်၌ ဆက်လက် တွေးတောပူပန်နေလိုစိတ် မရှိတော့ချေ။
ထို့ကြောင့် ပြောလိုက်၏။ “ကျုပ် ကဗျာတစ်ပုဒ် ရေးပေးမယ်။ လော့သခင်မလေးဆီ သွားပို့ပေးပါအုံး။ မရရင်တော့ ကျုပ် ပြန်မယ်။”
ပြည့်တန်ဆာခေါင်းမကြီးက အလျင်အမြန် ခေါင်းညိတ် သဘောတူလိုက်ပြီးနောက် စက္ကူနှင့် စုတ်တံကို ယူလာခိုင်းလိုက်သည်။
ဖန်ကျန်းရီက စုတ်တံကို ယူကာ ခဏမျှ စဉ်းစားပြီးနောက် စတင် ရေးသား၏။
“ကြာပန်းက ရွှံ့နွံထဲက ပေါက်လာပေမဲ့ မညစ်နွမ်းဘူး။ ရေကြည်ထဲမှာ ဆေးကြောထားပေမဲ့လည်း မရိုင်းစိုင်းဘူး။ ______။ အဝေးကနေပဲ ကြည့်လို့ရပြီး အနီးကပ် သွားကစားလို့ မရဘူးဆိုတာကို ကျုပ်သဘောကျတယ်။”
'ကြာပန်းကို ချစ်ခြင်း'
ကဗျာထဲမှ ဤစာကြောင်း အနည်းငယ်ကိုသာ သူ မှတ်မိတော့သည်။ လော့သခင်မလေးက သူ့အား တွေ့ဆုံလိုခြင်း မရှိရသည်မှာ သူက နှုတ်မဆက်ဘဲ ထွက်ခွာသွားခဲ့သောကြောင့် ဖြစ်တန်ကောင်းပေသည်။
ထို့အပြင် သူမသည် ကဗျာပြိုင်ပွဲသို့ တက်ရောက်လာသူ ဖြစ်လေရာ၊ ကဗျာလင်္ကာများကို အလွန်တရာ နှစ်သက်မြတ်နိုးသူ ဖြစ်မည်မှာ သေချာလှ၏။
အင်း... ဤသို့ ရေးသားလိုက်ခြင်းက အဓိပ္ပာယ်ရှိသည်။ သေချာစွာ ရှင်းလင်းပြောပြလိုက်မည်ဆိုပါက အဆင်ပြေသွားလောက်မည် ထင်သည်။ မည်သို့ပင်ဆိုစေကာမူ သူမနှင့်က တစ်ကြိမ်တစ်ခါမျှသာ တွေ့ဆုံရမည် မဟုတ်ပါလော။
ပြည့်တန်ဆာခေါင်းမကြီးက စက္ကူဖြူကို ကိုင်ကာ အပေါ်တွင် ရေးထားသော စာကြောင်းသုံးကြောင်းကို ကြည့်ပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ “ဒါက ကဗျာလား။”
“အများကြီး ဂရုစိုက်နေစရာ မလိုဘူး။ သွားပြလိုက်ပါ။”
ပြည့်တန်ဆာခေါင်းမကြီးလည်း မတတ်နိုင်ဘဲ စက္ကူဖြူကို ကိုင်ကာ အပေါ်ထပ်သို့ ခက်ခဲစွာ တက်သွားရ ပြန်၏။
မကြာမီမှာပဲ ပြန်ဆင်းလာပြီး ပြုံးလျက် ပြောလိုက်သည်။ “မြို့ဝန်ဖန်။ လော့သခင်မလေးက သဘောတူလိုက်ပါပြီ။ ကျွန်မ လူကြီးမင်းကို အပေါ် ခေါ်သွားပေးပါ့မယ်။ ဒါပေမဲ့ လူကြီးမင်း တစ်ယောက်တည်းပဲ တက်လို့ ရပါမယ်။”
ဖန်ကျန်းရီက ခေါင်းညိတ်လိုက်ပြီး ပြည့်တန်ဆာခေါင်းမကြီး၏ နောက်မှ အပေါ်ထပ်သို့ တက်လိုက်သွား၏။
လော့နင်ရှင်း၏အခန်းက တတိယထပ်တွင် ရှိသည်။ ဖန်ကျန်းရီကို အခန်းထဲ ပို့ပေးပြီးနောက် ပြည့်တန်ဆာ ခေါင်းမကြီးက တံခါးကို တိတ်တဆိတ် ပိတ်ပေးလိုက်သည်။
အောက်ထပ်ရှိ ကျန်းပြောင်ကိုကြည့်ကာ လက်ကို အားရပါးရ ပွတ်သပ်ပြီး ဝမ်းသာအားရ မျက်နှာဖြင့် အလျင်အမြန် ဆင်းသွားတော့၏။
အခန်းထဲသို့ ဝင်ရောက်ပြီးနောက် ဖန်ကျန်းရီက ပတ်ဝန်းကျင်ကို အလိုအလျောက် လေ့လာကြည့်လိုက်၏။
ဤအခန်း၏ အပြင်အဆင်က ယခင်တစ်ခေါက် လှေပေါ်တွင် မြင်ခဲ့ရသည်နှင့် လုံးဝ မတူညီပေ။ အပြင်အဆင်က ပို၍ သပ်ရပ်ပြီး အခန်းထဲတွင် အလွန် အဖိုးတန်ပုံရသော ရှေးဟောင်းပစ္စည်းများ အများအပြားကို ခင်းကျင်း ထားသည်။
ပညာတတ် အငွေ့အသက်တွေ အလွန်များနေသည်။ အခန်းထဲမှာ အများဆုံးကတော့ စာအုပ်အမျိုးမျိုးပင်ဖြစ်၏။
ထို့အပြင် အခန်းထဲ၌ အလွန် အဆင့်မြင့်သော ရနံ့တစ်မျိုးကိုလည်း ဝိုးတဝါး ရနေသည်။
ဖန်ကျန်းရီက အခန်းထဲသို့ ဖြည်းညင်းစွာ ဝင်သွားရာ လော့နင်ရှင်းက ကုတင်ပေါ်တွင် ထိုင်နေဆဲ ဖြစ်ပြီး ဇာပုဝါပါးလေးဖြင့် ခြားထား၏။
စကားစပြောရန် ပြင်လိုက်စဉ်မှာပင် လော့နင်ရှင်း၏ အသံက ညင်သာစွာ ထွက်ပေါ်လာသည်။ “မြို့ဝန်ဖန် … ပြီးခဲ့တဲ့ အကြိမ်တုန်းက ဘာလို့ နှုတ်မဆက်ဘဲ ထွက်သွားရတာလဲ။ ကျွန်မရဲ့ သာမန် ရုပ်ရည်က လူကြီးမင်း အတွက် ဒီလောက်တောင် ရွံစရာ ကောင်းနေလို့လား။”
ဖန်ကျန်းရီက ဟန်လုပ်ရယ်မောလိုက်၏။ “လော့သခင်မလေးက နောက်နေပြန်ပါပြီ။ ကျုပ် က လော့သခင်မလေး ရဲ့ မျက်နှာအစစ်ကိုတောင် မမြင်ဖူးသေးတာ။ ဘယ်လိုလုပ် ရွံစရာ ကောင်းတယ်လို့ ပြောလို့ရမှာလဲ။
အဲဒီတုန်းက အကြောင်းပြချက် ရှိလို့ပါ။ လော့သခင်မလေးရဲ့ ကိုယ်ဟန်အမူအရာက ကြာပန်းလိုပဲ ထူးခြားတော့ ကိုယ့်ကိုယ်ကိုယ် ရှက်သွားစေပြီး အဝေးကနေပဲ လှမ်းကြည့်ရဲတော့လို ဖြစ်တာမျိုးပါ။”
လော့နင်ရှင်းက ထိုစကားကို ကြားပြီးနောက် ကုတင်ပေါ်မှ ထလာကာ သေးငယ်လှပသော ခြေထောက်လေး များဖြင့် ပန်းထိုးဖိနပ်ကို စီးလျက် ဖန်ကျန်းရီ၏ ရှေ့သို့ ရောက်လာသည်။ ဆွဲဆောင်မှုရှိသော မျက်လုံးများဖြင့် ဖန်ကျန်းရီကို စူးစိုက်ကြည့်နေသည်။
ရုတ်တရက် လက်ထဲမှ စက္ကူကို မြှောက်ကာ မေးလိုက်၏။ “ဒါဆို လူကြီးမင်းက ကျွန်မအတွက် ဒီကဗျာကို အပြည့်အစုံ ဖြည့်ပေးနိုင်မလား။”
ဖန်ကျန်းရီက သေချာကြည့်လိုက်ရာ စောစောက ရေးထားသော 'ကြာပန်းကို ချစ်ခြင်း' ကဗျာ ဖြစ်နေသည်။
ထို့ကြောင့် နှုတ်ခမ်းကို မဲ့လိုက်၏။ “မရဘူး။”
“ဘာဖြစ်လို့လဲ။”
“ဘာလို့လဲဆိုတော့ နည်းနည်းလေးပဲ ရေးနိုင်လို့လေ။”
လော့နင်ရှင်းက ပါးစပ်ကို လက်နှင့် အသာအုပ်ကာ နောက်သို့ ခြေနှစ်လှမ်းဆုတ်ပြီး ချွဲနွဲ့စွာ ရယ်မောလိုက်သည်။ “အပြင်မှာ မြို့ဝန်ဖန်ကို တစ်ပိုင်းတစ်စ ကဗျာဆရာလို့ ပြောနေကြတာ မဆန်းပါဘူး။ အရာအားလုံးမှာ အားနည်းချက်ရှိတယ် ဆိုတဲ့ လမ်းစဉ်ကို တကယ်ပဲ အစအဆုံး ကျင့်သုံးတာကိုး။”
“...”
“ဟားဟား … လော့သခင်မလေး ဘယ်သူ့ဆီကစပြီး ဒီသတင်းပျံ့သွားတာလဲဆိုတာ သိလား။ ကျုပ် သွားပြီး သူ့ကို ရိုက်အုံးမယ်။ အရာအားလုံးမှာ အားနည်းချက် ရှိတယ်ဆိုတာ ဘာလဲ သေချာသိအောင် လုပ်ပေးလိုက်မယ်။”
ဖန်ကျန်းရီသည် အံကြိတ်လျက် ဒေါသထွက်နေ၏။ ဘယ်လိုနာမည်ပြောင်လဲ... အပြင်မှာပြောရင် ရှက်စရာ မကောင်းဘူးလား။ မိစ္ဆာလက် လူသတ်သမား ဆိုတာကမှ နားထောင်လို့ ကောင်းသေးတယ်။
“လူကြီးမင်း နောက်နေပြန်ပါပြီ။ ဒီနေ့ ကျွန်မကို လာရှာတာ ဘာကိစ္စ ရှိလို့လဲ။ ဒါမှမဟုတ်... ပြီးခဲ့တဲ့ အကြိမ်တုန်းက မပြီးသေးတဲ့ ကတိကို လာဖြည့်ဆည်းတာများလား။” လော့နင်ရှင်းက ဖန်ကျန်းရီကို အထက်အောက် အကဲခတ်ကြည့်ကာ စိတ်ထဲတွင် အနည်းငယ်လည်း စိတ်ပျက်နေမိသည်။
ဘယ်လောက်ပဲပြောပြော သာမန် ယောကျ်ားတစ်ယောက်ပါပဲ။ ကဗျာလေး နည်းနည်း ကောင်းအောင် ရေးတတ်ပေမဲ့ တစ်ပိုင်းတစ်စတွေချည်း …..။
ဖန်ကျန်းရီက ခဏမျှစဉ်းစားပြီးနောက် ပြောလိုက်သည်။ “အဲဒီလို မဟုတ်ပါဘူး။ လော့သခင်မလေးရဲ့ ဆုကြေးကို နည်းနည်း ပြောင်းချင်လို့ပါ။”
“ဘာပြောင်းမလို့လဲ။ ကြည့်ရတာ ကျွန်မက လူကြီးမင်းရဲ့ မျက်စိထဲ မဝင်သေးဘူးနဲ့ တူတယ်။” လော့နင်ရှင်း စိတ်ဝင်စားသွား၏။
“လော့သခင်မလေး အတွေးလွန်နေပြီ။ ကျုပ်က စောစောတည်းက ရင်ထဲမှာ လူတစ်ယောက် ရှိပြီးသားပါ။ ဒီတစ်ခေါက်လာတာက လော့သခင်မလေးနဲ့ စီးပွားရေး လုပ်မလို့ပါ။”
ထိုစကားကို ကြားချိန်မှာတော့ လော့နင်ရှင်းက ခပ်ဖွဖွ ရယ်မောလိုက်၏။ “မြို့ဝန်ဖန် သိလား …. အရင်တုန်းက လူတစ်ယောက်က ကျွန်မနဲ့ စကားသုံးခွန်း ပြောဖို့အတွက် ငွေတစ်ရာ့ရှစ်ဆယ် ပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မ သဘောမတူခဲ့ဘူး။”
“အခု ကျွန်မက အိပ်ရာဝင်အဖော်အဖြစ် ကမ်းလှမ်းတာတောင် အဲတာက မြို့ဝန်ဖန် လုပ်ချင်တဲ့ စီးပွားရေးလောက် မတန်ဘူးလား။”
“မတန်ဘူး။”