အခန်း (၉၃-၉၄)
Vol. 7 Ch. 93-94
အပိုင်း (၉၃) ထာဝရ ချစ်ခြင်းမေတ္တာ။
လော့နင်ရှင်း၏ ပြုံးနေသော မျက်နှာက တောင့်တင်းသွားပြီး မျက်နှာအရောင်က တစ်ခဏ ဖြူသွားလိုက်၊ တစ်ခဏ နီသွားလိုက် ဖြစ်နေ၏။
ဖန်ကျန်းရီ သူမကို ဤမျှ မျက်နှာသာ မပေးလိမ့်မည် ဟု မထင်ထားခဲ့ချေ။ သူမကို မနှစ်သက်ဘူးဆိုလျှင်တောင် ဤမျှ ပွင့်ပွင့်လင်းလင်း ပြောနေစရာမလိုပေ။
ဖန်ကျန်းရီက လော့နင်ရှင်းကို ဂရုမစိုက်ဘဲ သူ့ဘာသာ ဆက်ရှင်းပြနေသည်။ “လော့သခင်မလေး …ဒီအရောင်းအဝယ်က သာမန် မဟုတ်ဘူးလို့ ပြောလို့ရတယ်။ ကျုပ်က အိမ်ရှေ့စံမင်းသားရဲ့ အမိန့်နဲ့ ချီယွမ်ပွဲတော် အတွက် အထူး ပြင်ဆင်ထားတာပါ။
ဒီပစ္စည်းတွေက အရမ်း ရှားပါးတယ်။ ပြီးတော့ တန်ဖိုးလည်း မြင့်တယ်။ လောကက ယောကျ်ား မိန်းမတွေ ကြားက အခိုင်မာဆုံး ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတယ်လို့ ပြောလို့ရတယ်။”
လော့နင်ရှင်း မျက်တောင်ခတ်လိုက်ပြီး ချက်ချင်း သဘောမပေါက်သေးပေ။ တန်ဖိုးမြင့်တယ်ဆိုတာ... ကုန်ပစ္စည်း တစ်ခုကို ဖော်ပြတဲ့ စကားလုံးလား။
“ဒီပစ္စည်းက အိမ်ရှေ့စံမင်းသား အသဘောကျဆုံး ပစ္စည်းလို့ ပြောလို့ရတယ်။ ဒါကြောင့် ကျုပ်ကို ဒီပွဲတော် အချိန်အခါမှာ အားလုံးကို မျက်မြင်ကိုယ်တွေ့ မြင်ရအောင် အခွင့်အရေး ပေးဖို့ အမိန့်ပေးထားတာပါ။ ဒါကြောင့် လော့သခင်မလေးက အိမ်ရှေ့စံမင်းသား မျက်နှာကို ထောက်ပြီး ကြော်ငြာပေးဖို့ တောင်းဆိုချင်ပါတယ်။”
လော့နင်ရှင်းက အောက်နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်ကာ ဖန်ကျန်းရီကို မကျေမနပ် ဖြစ်နေသော အကြည့်ဖြင့် ကြည့်လိုက်၏။
ရှင်က အိမ်ရှေ့စံမင်းသားကိုတောင် ဆွဲထုတ်လာမှတော့ ကျွန်မက ငြင်းဖို့ အကြောင်းပြချက် ရှိအုံးမှာလား။
ထို့နောက် ညင်သာစွာ ပြောလိုက်သည်။ “မြို့ဝန်ဖန် ကိုယ်တိုင် နှုတ်က ထွက်ပြောမှတော့ ကျွန်မက သေချာပေါက် ကူညီရမှာပေါ့။ ဒါပေမဲ့ ကူညီတယ် ဆိုတာက အသေးအမွှားလေးပါ။ ကျွန်မကို ဘာကြော်ငြာပေးစေချင်တာလဲ ဆိုတာကိုတော့ အရင် သိခွင့်ပေးပါအုံး။”
ဖန်ကျန်းရီက ခပ်ဖွဖွ ပြုံးလိုက်၏။ “မလောပါနဲ့။ ချီယွမ်ပွဲတော် ရောက်ဖို့ အချိန်လိုပါသေးတယ်။ အဲဒီ ပစ္စည်းတွေက လုပ်လို့ မပြီးသေးဘူး။ အချောထွက်လာရင် ကျုပ် ကိုယ်တိုင် လူလွှတ်ပြီး လော့သခင်မလေးဆီ တစ်ခု ပို့ပေးပါ့မယ်။”
“ဒါဆို ကျွန်မ ဘယ်လို ကြော်ငြာပေးရမလဲ။”
“မထင်မှတ်ထားတာတွေ မဖြစ်ဘူးဆိုရင် ချီယွမ်ပွဲတော်နေ့မှာ လျှို့ဝှက်ရနံ့စံအိမ်ကလည်း ကြီးကျယ်တဲ့ ပွဲတွေ လုပ်မှာပေါ့။ အဲဒီအချိန်ကျရင် လော့သခင်မလေးက ဒီပစ္စည်းကို ဝတ်ဆင်ပြီး လူအုပ်ထဲမှာ ပေါ်လာပေးပါ။ နှစ်ပတ်လောက် လျှောက်ပြပြီး စကားနည်းနည်း ပြောလိုက်ရင် ရပါပြီ။”
“ဘာပြောရမှာလဲ။” လော့နင်ရှင်း၏ စိတ်ဝင်စားမှုက အနည်းငယ် ထကြွလာသည်။
ဖန်ကျန်းရီက အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “အဲဒီအချိန်ကျရင် စကားနည်းနည်းလောက် ပြောလိုက်ရင် ရပါပြီ။ အတိအကျတော့ မစဉ်းစားရသေးဘူး။ လော့သခင်မလေးကို နမူနာ အရင် ပြောပြမယ်။
ဥပမာ... စိန်ဆိုတာ အမြဲတည်တံ့ပြီး တစ်ပွင့်တည်းနဲ့ ထာဝရ လက်ဆင့်ကမ်းနိုင်တယ်... ဆိုတာမျိုးပေါ့။
အစစ်အမှန် မေတ္တာက တန်ဖိုးဖြတ်လို့ မရဘူး။ အစစ်အမှန် ချစ်ခြင်းက စိန်လိုပဲ။ တစ်သက်လုံး ပိုင်ဆိုင်ပြီး မျိုးဆက်သစ်တွေအထိ တန်ဖိုးထား သိမ်းဆည်းရမယ်... အဲလိုပေါ့။
အကြမ်းဖျင်းတော့ ဒီလိုပါပဲ။ အဲဒီအချိန်ကျရင် ဘာပြောရမလဲဆိုတာ ကျုပ် စက္ကူပေါ် ရေးပြီး လော့သခင်မလေး ကို လာပေးပါ့မယ်။”
လော့နင်ရှင်းသည် ထိုစကားကို ကြားပြီးနောက် မနေနိုင်ဘဲ နှုတ်ခမ်းကို အုပ်ကာ အံ့အားသင့်စွာဖြင့် မေးလိုက်၏။ “စိန်ဆိုတာ ဘာလဲ။ ကျွန်မ တစ်ခါမှ မကြားဖူးဘူး။ မြို့ဝန်ဖန် ပြောတာကို နားထောင်ကြည့်ရင် အရမ်း တန်ဖိုးကြီးမှာ သေချာတယ်။ ဒါပေမဲ့ ဒီလောက် စျေးကြီးတဲ့ပစ္စည်းကို ချီယွမ်ပွဲတော်မှာ ဝယ်မယ့်သူ ရှိပါ့မလား။”
ဖန်ကျန်းရီက မျက်နှာတည်တည်ဖြင့် လေးနက်စွာ ပြောလိုက်သည်။ “မှန်ပါတယ်။ ဒီပစ္စည်းက တကယ်ကို တန်ဖိုးကြီးပါတယ်။ ဒီစိန်က မူလကတော့ ကျောက်မျက်ရတနာ အကြီးကြီး တစ်ခုပါ။ မြေကြီးထဲမှာ နှစ်သောင်းချီ၊ သိန်းချီ ကြာအောင် မြုပ်နေပြီးမှ ဖြစ်လာတာပါ။ မြေကြီးရဲ့ စွမ်းအင်တွေကို စုစည်းထားပြီး နေရောင်အောက်မှာ ရောင်စုံ အလင်းတန်းတွေ ထွက်ပေါ်လာတယ်။ ရေနဲ့ မီးရဲ့ ဒဏ်ကိုလည်း ခံနိုင်ရည်ရှိတယ်။ အံ့အားသင့်စရာ ကောင်းတယ်လို့ ပြောလို့ရတယ်။ တန်ဖိုးဖြတ်လို့ မရဘူး။ ဒါကိုသုံးပြီး ချစ်ခြင်းမေတ္တာကို ကိုယ်စားပြု ပြသတာက အသင့်တော်ဆုံးပဲ။
အိမ်ရှေ့စံမင်းသားကလည်း ဒီပစ္စည်းကို မတော်တဆ ရခဲ့တာပါ။ စိတ်ထဲမှာ သဘောကျပေမဲ့ တစ်ယောက်တည်း ပျော်ရတာထက် အားလုံး အတူတူ ပျော်ရတာ ပိုကောင်းတယ်လို့ စဉ်းစားမိလို့ ကျုပ်ကို စိန်အသေးလေးတွေ ဖြစ်အောင် ခွဲပြီး လက်ဝတ်ရတနာတွေ လုပ်ခိုင်းတာပါ။ ပြီးတော့ ချီယွမ်ပွဲတော်မှာ ရောင်းချပြီး ပြည်သူတွေနဲ့ အတူတူ အောင်ပွဲခံမလို့ပါ။
သေချာပေါက် ခွဲထားတဲ့ အတုံးတွေက အရွယ်အစား မတူတော့ ရောင်းတဲ့ စျေးနှုန်းလည်း ကွာခြားမှာပေါ့။ အဲဒီအချိန်ကျရင် ကို်တတ်နိုင်သလောက် ဝယ်ရင် ရပါပြီ။
ဒီပစ္စည်းက စျေးကြီးပေမဲ့ အိမ်ရှေ့စံမင်းသားက အဲဒီအပေါ်ကနေ တစ်ပြားမှ အမြတ်မယူချင်ပါဘူး။ မဟုတ်ရင် စိန်တုံးကြီး တစ်တုံးလုံးကို အလွယ်တကူ ခွဲပစ်လိုက်မှာ မဟုတ်ဘူးလေ။”
ဖန်ကျန်းရီက လိမ်ပြောနေသော်လည်း မျက်နှာမပျက်၊ ရင်မခုန်ပေ။
ကျင်းတိုင်းပြည်တွင်လည်း စိန်များရှိသည်မှာ ယုံမှားဖွယ်မရှိပေ။ သို့သော် ထိုခေတ်ကာလက စိန်ရိုင်းများအဖြစ်သာ သတ်မှတ်ထားကြဆဲ ဖြစ်သည်။ တန်ဖိုးအားဖြင့် အလွန်ကြီးမားသည်ဟု ဆိုနိုင်သော်လည်း သွေးယူဖြတ်တောက်မှု လုပ်ငန်းစဉ်များမှာ အကြမ်းဖျင်းအဆင့်တွင်သာ ရှိနေသေးသည်။
အကြောင်းရင်းမှာ စိန်၏ မာကျောမှုနှုန်းသည် အလွန်မြင့်မားလွန်းသောကြောင့် ဖြစ်သည်။ ခေတ်ကာလ၏ နည်းပညာအဆင့်အတန်း နိမ့်ကျမှုကြောင့် ခေတ်သစ်ကာလများနည်းတူ စတောက်ပသည့် စိန်တစ်ပွင့်ဖြစ်လာစေရန် ဖန်တီးရန်မှာ အလွန်ပင် ခက်ခဲလှ၏။
သို့ဖြစ်ရာ ဖန်ကျန်းရီ ဆိုလိုသည့် စိန်ဟူသည်မှာ မှန်ကို အသုံးပြု၍ ဖန်တီးထားခြင်းသာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ စိန်အစစ်သည် မီးအပူဒဏ်ကို ခံနိုင်ရည်မရှိပေ။
ဤလုပ်ရပ်အတွက် ဖန်ကျန်းရီအနေဖြင့် အနည်းငယ်မျှပင် လိပ်ပြာမလုံဖြစ်ခြင်း မရှိခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ စိန်ဟူသည် မည်သည့်အရာဖြစ်ကြောင်း မည်သူမှ တိတိကျကျ မသိရှိကြသဖြင့် ယင်း၏ အဓိပ္ပာယ်ဖွင့်ဆိုခွင့် အာဏာမှာ သူ၏လက်ထဲတွင်သာ ရှိနေသည်။
ယနေ့မှစ၍ မှန်ကို သွေးယူထားသည့် အရာအား စိန်ဟု ခေါ်တွင်စေရမည်။
စျေးနှုန်း သတ်မှတ်ချက်အပိုင်းတွင်လည်း သာမန်ပြည်သူများ လုံးဝ ဝယ်ယူနိုင်စွမ်းမရှိမည့် တန်ဖိုးမျိုး သတ်မှတ်ထားသည်။ ငွေကြေးပေါကြွယ်ဝလွန်းသည့် သူဌေးကြီးများအနေဖြင့် ငွေကုန်ကြေးကျခံကာ ဝယ်ယူလိုပါက ဝယ်ယူရန် သူ ခွင့်ပြုပေးရမည်။
အမှန်စင်စစ် သူ ရောင်းချနေသည်မှာ နည်းပညာဖြစ်သည်။ သဘောတရား အယူအဆကို ရောင်းချနေခြင်းဖြစ်သည်။ နောင်လာမည့် ခေတ်ကာလများတွင်လည်း ဤနည်းအတိုင်းပင် ဖြစ်ပေလိမ့်မည်။
...
“ဒီလိုဆိုတော့ ကျွန်မ နားလည်ပါပြီ။ ကျွန်မကိုသာ လွှဲထားလိုက်ပါ။ ဒါဆို မြို့ဝန်ဖန်မှာ တခြားကိစ္စ ရှိသေးလား။”
လော့နင်ရှင်းက ဖန်ကျန်းရီကို မျက်စပစ်ပြနေ၏။
ဖန်ကျန်းရီ အေးစက်စက် ရယ်မောလိုက်သည်။ ဒီမိန်းမက ငါ့ကျောက်ကပ်ကို ထုတ်ချင်နေတာများလား။ အရမ်းကို တက်ကြွနေတယ်။ ဒါက သေချာပေါက် ထူးဆန်းတယ်။
“ဘာမှ မရှိတော့ဘူး။ ဒါဆို ကျုပ် သွားပြီ။”
ပြောပြီးသည်နှင့် တံခါးမှ ထွက်ကာ အောက်ထပ်သို့ တိုက်ရိုက် ဆင်းသွား၏။
လော့နင်ရှင်းက နေရာတွင် အချိန်အတော်ကြာ ကြောင်ရပ်နေပြီး ခြေထောက်ကို အားကုန် ဆောင့်နင်းကာ တံခါးဝသို့ ဒေါသတကြီး ကြည့်လိုက်သည်။
ဖန်ကျန်းရီသည် မူလနေရာသို့ တိုက်ရိုက် ပြန်သွားရာ ကျန်းပြောင်နှင့် လီယွမ်ကျောက်တို့ ရှိနေဆဲ ဖြစ်၏။
ပြည့်တန်ဆာခေါင်းမကြီးက မျက်နှာ နီရဲစွာဖြင့် ကျန်းပြောင်၏ ရင်ခွင်ထဲသို့ မှီလျက် အရက်ခွက်များကို သူ၏ ပါးစပ်နားသို့ တစ်ခွက်ပြီး တစ်ခွက် ငှဲ့ပေးနေသည်ကို တွေ့လိုက်ရသည်။ ကျန်းပြောင်ကလည်း လာသမျှ အကုန် လက်ခံကာ ရင်ဘတ်ဟလျက် ကုလားထိုင်ပေါ်တွင် တစ်ဝက် မှီကာ သစ်သီးများကို အားရပါးရ စားနေပြီး တစ်ခါတစ်ရံ အရက် နှစ်ကျိုက်လောက် သောက်လိုက်သေးသည်။
လီယွမ်ကျောက်ကတော့ အနည်းငယ် စိတ်ညစ်နေပုံရပြီး ကုလားထိုင်ပေါ်တွင် ငေးမောလျက် ထိုင်နေသည်။ ကြည့်လိုက်သည်နှင့် အစ်ကိုကြီးပြောင်၏ အရှိန်အဝါအောက်တွင် ငုပ်လျှိုးနေရပုံပေါ်ကြောင်း သိသာ၏။
ဖန်ကျန်းရီ ထိုအရာကိုမြင်တော့ ရယ်ချင်စိတ်ကို မထိန်းနိုင်အောင် ဖြစ်သွားသည်။ ပြီးနောက် ထိုသူတို့နှစ်ယောက်ကို လှမ်းအော်လိုက်၏။ “ကိစ္စ ပြီးပြီ။ အိမ်ပြန်မယ်။”
လီယွမ်ကျောက်က ဖန်ကျန်းရီကို ဝမ်းမြောက်ဝမ်းသာ ကြည့်လိုက်ပြီး အလျင်အမြန် လျှောက်လာကာ တိုးတိုးလေး ပြောလိုက်သည်။ “မြန်မြန် သွားရအောင်။ ကျုပ် ကျန်းပြောင်နဲ့ ဒီမှာ ဆက်မနေနိုင်တော့ဘူး။ အဲဒီ မိန်းမက တကယ်ကို... ကျွတ် ကျွတ် ကျွတ်။ တကယ့်ကို အရှက်မဲ့တာပဲ။”
ကျန်းပြောင်သည် ထိုစကားကိုကြားပြီးနောက် ချက်ချင်း မတ်တတ်ရပ်ကာ ပြည့်တန်ဆာခေါင်းမကြီးကို မြေကြီးပေါ်သို့ သနားညှာတာမှု ကင်းမဲ့စွာ ခါချလိုက်၏။ ထို့နောက် အဝတ်အစားများ သေချာဝတ်ကာ ခြေလှမ်းကျဲကြီးများဖြင့် ဖန်ကျန်းရီအနားသို့ ရောက်လာ၏။
ပြည့်တန်ဆာခေါင်းမကြီးက မြေကြီးပေါ်တွင် မှောက်လျက် အနေအထားဖြင့် ကျန်းပြောင်ကို မကျေမနပ် ကြည့်ကာ ပြောလိုက်သည်။ “လူကြီးမင်း... အမြဲတမ်း လာခဲ့နော်။”
ကျန်းပြောင်က နောက်လှည့်မကြည့်ဘဲ ဖန်ကျန်းရီ၏ နောက်မှ လိုက်ကာ လျှို့ဝှက်ရနံ့စံအိမ်မှ ထွက်သွား၏။
မနီးမဝေးရှိ အဆိုတော်မလေး တစ်ယောက်က ထိုမြင်ကွင်းကို မြင်ချိန်မှာတော့ အလျင်အမြန် ပြေးလာကာ ပြည့်တန်ဆာခေါင်းမကြီးကို တွဲထူလိုက်သည်။ ပြီးနောက် ပြုံးလျက် မေးလိုက်သည်။ “ချွန်းမမ …… ဘယ်ယောကျ်ားကများ မမကို ဒီလောက်တောင် အရူးအမူး ဖြစ်သွားစေတာလဲ။”
ချွန်းမမက မတ်တတ်ရပ်ကာ အဝတ်အစားများကို ခါလိုက်ပြီး ရှက်ရွံ့ဒေါသထွက်စွာဖြင့် ပြောလိုက်၏။ “မင်း ဘာသိလို့လဲ။ ငါ လျှို့ဝှက်ရနံ့စံအိမ်မှာ ဒီလောက် နှစ်ပေါင်းများစွာ နေလာတာ နောက်ဆုံးတော့ ယောကျ်ားတွေထဲက ယောကျ်ားကို တွေ့လိုက်ရပြီ။
သန်မာတဲ့ ခန္ဓာကိုယ်၊ အေးစက်တဲ့ မျက်နှာထား၊ ပြီးတော့ သားရဲတစ်ကောင်လို အရှိန်အဝါ။ သူနဲ့ တွေ့လိုက်ရရင် ဒီလောကမှာ သူကလွဲပြီး တခြား ယောကျ်ား မရှိတော့ဘူးဆိုတာ မင်း သိလာလိမ့်မယ်... မင်း ငယ်ပါသေးတယ်။ နားမလည်ဘူး။ ငါ သူ့ကို အပိုင်စား ယူလိုက်ပြီ။ ဘယ်သူမှ လာမလုနဲ့။”
အဆိုတော်မလေးက မတတ်နိုင်ဘဲ ပခုံးတွန့်ပြလိုက်သည်။ “ဘယ်သူမှ မမနဲ့ မလုပါဘူး။ ကျွန်မကတော့ သူ့ဘေးက တစ်ယောက်ကို ပိုပြီး သဘောကျတယ်...”
...
သူတို့သုံးယောက် တံခါးအပြင်ဘက်သို့ ရောက်ပြီးနောက် ဖန်ကျန်းရီက နောက်ပြောင်လိုက်သည်။ “သဘောကျလား …. သဘောကျရင် အိမ်ခေါ်ခွင့် ပေးမယ်။ သူက မင်းကို မြင်မြင်ချင်း ချစ်သွားတာနော်။”
ကျန်းပြောင်က ခေါင်းခါလိုက်၏။ “မလိုချင်ဘူး။ အရမ်း ပျော့တယ်။ ကျုပ်က သန်မာတဲ့ မိန်းမကိုပဲ လိုချင်တာ။ သခင်လေး။ ကျုပ် စောစောက ရုတ်တရက် ကိစ္စတစ်ခုကို သဘောပေါက်သွားတယ်။”
“ဘာကိစ္စလဲ။”
ကျန်းပြောင်က ခေါင်းမော့ကာ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။ “ဒီလောကမှာ ကျုပ်နဲ့ အားရပါးရ တိုက်ခိုက်နိုင်မယ့်သူ မရှိတော့ဘူး ထင်တယ်။
ကျုပ် မိန်းမ တချို့ရှာပြီး ကလေးတွေ အများကြီး မွေးခိုင်းဖို့ ဆုံးဖြတ်လိုက်ပြီ။ သူတို့ ကြီးလာရင် ကျုပ်လို အားကောင်းတဲ့ လူတွေ ဖြစ်လာလိမ့်မယ်။”
ဖန်ကျန်းရီ “…...”
လီယွမ်ကျောက် “…...”
အပိုင်း (၉၄) ပွဲတော် ရောက်ပြီ။
ဆယ်ရက်ကျော်ကြာအောင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက်တွင်တော့ မြို့တော်အတွင်း၌ ပွဲတော်၏ အငွေ့အသက်များက အလွန်တရာ ပြည့်နှက်လွှမ်းခြုံနေခဲ့ပြီ ဖြစ်သည်။
လမ်းမကြီးများနှင့် လမ်းသွယ်ကလေးများ အားလုံး၌ အလှဆင်ပစ္စည်း အမျိုးမျိုး၊ မီးပုံးများ၊ အပျော်စီးလှေများနှင့် လမ်းဘေးတလျှောက် အော်ဟစ်ရောင်းချနေကြသော ဆိုင်ငယ်လေးများဖြင့် စည်ကားပြည့်နှက်လျက် ရှိနေ၏။
ဗုံတီးသံ၊ လင်းကွင်းတီးသံနှင့် နှဲမှုတ်သံ စသည့် မင်္ဂလာရှိသော တူရိယာအသံများကလည်း ပတ်ဝန်းကျင်တစ်ခွင်၌ ဆူညံနေသည်။
ဖန်ကျန်းရီ တစ်ယောက်မှာလည်း စိတ်အစဉ်၌ အတော်ပင် လန်းဆန်းတက်ကြွသွားသကဲ့သို့ ခံစားလိုက်ရသည်။ အမှန်အတိုင်းဆိုရလျှင် တောက်ယွမ်ခရိုင်အတွင်း၌ ပုန်းအောင်းနေခဲ့စဉ်က ဤမျှလောက် စည်ကားသော ပွဲတော်အငွေ့အသက်မျိုးကို ခံစားရရှိရန်မှာ အလွန်ပင် ခဲယဉ်းလှ၏။
ယခင် တောက်ယွမ်ခရိုင်၌ ရှိစဉ် ဖန်ကျန်းရီသည် ပြည်သူများအကြား စည်းလုံးညီညွတ်မှု ရရှိစေရန်အလို့ငှာ ခရိုင်အတွင်း၌ ပွဲလမ်းသဘင် လှုပ်ရှားမှုအချို့ကို မကြာခဏ ပြုလုပ်ပေးလေ့ရှိသည်။ ပြဇာတ်များနှင့် ရယ်ရွှင်ဖွယ်ရာ ဇာတ်လမ်းတိုများကိုလည်း အစဉ်အမြဲ ကပြဖျော်ဖြေလေ့ ရှိခဲ့သည်။
အချိန်များ တဖြည်းဖြည်း ကြာမြင့်လာသောအခါ ထိုယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ လှုပ်ရှားမှု တော်တော်များများမှာ ပုံသေ စီးပွားရေးလုပ်ငန်းများအဖြစ်သို့ပင် ကူးပြောင်းရောက်ရှိလာခဲ့သည်။ နောက်ပိုင်းတွင် အစိုးရဘက်မှ ဦးဆောင်လမ်းညွှန်ပေးနေရန်ပင် မလိုအပ်တော့ဘဲ ပြည်သူများ ကိုယ်တိုင် ကိုယ့်သဘော ဆန္ဒအလျောက် လှုပ်ရှားမှု အမျိုးမျိုးကို စတင် လုပ်ဆောင်လာခဲ့ကြ၏။
ထိုသို့ဖြင့် အချိန်ကာလများ ကြာမြင့်လာသည်နှင့်အမျှ ထိုအရာများမှာ အသားကျသွားခဲ့ပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ နှစ်သစ်ကူးပွဲတော် ဆိုသည်မှာလည်း ဤအရာများပင် မဟုတ်ပါလား။
သို့သော်ငြား မြို့တော်၏ ကွာခြားချက်မှာမူ ပွဲတော်လှုပ်ရှားမှု၏ အတိုင်းအတာမှာ အလွန်ပင် ကြီးမား ကျယ်ပြန့်လှပြီး ပါဝင်ဆင်နွှဲကြသော လူဦးရေ ပမာဏမှာလည်း တောက်ယွမ်ခရိုင်နှင့် နှိုင်းယှဉ်၍ မရနိုင်အောင် များပြားလွန်းလှခြင်းပင်။
ဤကဲ့သို့ ပြည်သူပြည်သား အားလုံး အတူတကွ ပျော်ရွှင်စွာ ဆင်နွှဲနေကြသည့် မြင်ကွင်းမျိုးမှာ မြင်တွေ့ရသူတို့၏ စိတ်အစဉ်ကို အမှန်တကယ်ပင် ကူးစက်လွှမ်းမိုးသွားစေနိုင်စွမ်း ရှိသည်။
လျှို့ဝှက်ရနံ့စံအိမ်ကဲ့သို့သော အပျော်အပါး ရှာမှီးရာ နေရာမျိုးကတော့ သေချာပေါက် ပိုမို၍ ကြီးကျယ်ခမ်းနားစွာ ပြင်ဆင် ကျင်းပကြမည်မှာ အမှန်ပင်။ သူတို့သည် လျှို့ဝှက်ရနံ့စံအိမ်ရှေ့ရှိ လမ်းတစ်လမ်းလုံးကို အပိုင် ငှားရမ်းထားလိုက်ကြ၏။
ဤကဲ့သို့သော ပွဲတော်ရက်များတွင် အစိုးရမင်းများဘက်ကလည်း ဤအခြေအနေမျိုးကို မျက်စိတစ်ဖက်မှိတ်၍ ခွင့်ပြုပေးထားလေ့ရှိသည်။ မည်သို့ပင်ဖြစ်စေ မူလက ပျင်းရိဖွယ်ကောင်းပြီး တစ်ပုံစံတည်း လည်ပတ်နေသော ဘဝများအတွင်းသို့ အရောင်အသွေးများ အနည်းငယ် ဝင်ရောက်လာခြင်း ဖြစ်လေရာ မည်သူကမှ ဤပျော်ရွှင်ဖွယ် လေထုကို မိမိသဘောဖြင့် ဝင်ရောက် ဖျက်ဆီးလိုကြမည် မဟုတ်ပေ။
လမ်းမထက်၌ ယာယီဆိုင်ခန်း အမျိုးမျိုး ဖွင့်လှစ်ရန်အတွက် တင်ဒါခေါ်ယူရာတွင်မူ ဖန်ကျန်းရီသည် သံသယ ဖြစ်ဖွယ်မရှိ အကောင်းဆုံးသော နေရာကောင်းတစ်ခုကို ရရှိပိုင်ဆိုင်ခဲ့သည်။
လျှို့ဝှက်ရနံ့စံအိမ်နှင့် ပိုမို နီးကပ်လေလေ ကုန်ပစ္စည်းများ၏ ဈေးနှုန်းမှာလည်း သေချာပေါက် ပိုမို မြင့်မားလေလေပင်။ လမ်း၏အဆုံးပိုင်း၌မူ သာမန် ပြည်သူလူထု ပိုမို များပြားပြီး၊ ဈေးနှုန်းမှာလည်း သေချာပေါက် ပို၍ သက်သာ၏။
ဖန်ကျန်းရီ၏ ဆိုင်ခန်းလေးကို သူကိုယ်တိုင် ဦးစီး၍ စီစဉ်ပုံဖော်ထားခြင်းဖြစ်သည်။ အပြင်အဆင်မှာ ရိုးရှင်းသော်ငြားလည်း ခေတ်မီဇိမ်ကျလှသည်။ ကုန်ပစ္စည်းများ ရောင်းချပေးမည့် သူများမှာလည်း အခြားသော ဆိုင်ခန်းများ နှင့် လုံးဝမတူဘဲ၊ ပါးလွှာသော ဇာပုဝါလေးများကို ဆင်မြန်းထားကြသည့် အလှမယ်လေးများပင် ဖြစ်နေတော့သည်။
သူမတို့၏ မျက်နှာထက်၌ မျက်နှာဖုံးများကို တပ်ဆင်ထားကြပြီး၊ ကိုယ်လုံးပေါ်တွင်လည်း တောက်ပသော အပြားငယ်လေးများကို အများအပြား ချိတ်ဆွဲဆင်မြန်းထားကြလေရာ တိုင်းတစ်ပါးမှ နိုင်ငံခြားအငွေ့အသက်များ အပြည့်အဝ ဖုံးလွှမ်းနေ၏။
နေဝင်မိုးချုပ်စပြုလာသည်နှင့်အမျှ မီးရောင်များကလည်း တစ်စတစ်စ စတင် လင်းလက်လာသည်။
ဖန်ကျန်းရီက ဤပွဲတော် အချိန်အခါလေးနှင့် တိုက်ဆိုင်၍ အိမ်တော်တွင်းရှိ မိမိနှင့် ရင်းနှီးကျွမ်းဝင်သော သူများကို ခေါ်ဆောင်ကာ အပြင်သို့ ထွက်၍ လည်ပတ်ခဲ့၏။
ကျန်းပြောင်နှင့် လီယွမ်ကျောက်တို့မှာမူ သေချာပေါက် သူ၏ဘေးနားတွင် အသင့်ရှိနေကြပြီး၊ ရှောင်ထောင်၊ ပိုင်ရီနှင့် လုဖာတို့ ဇနီးမောင်နှံပါ အဖွဲ့ထဲသို့ ထပ်တိုး ပါဝင်လာခဲ့ကြသည်။
ရှောင်ထောင်သည် ဤသို့သော စည်ကားသည့် ပွဲလမ်းသဘင်များကို မူလကတည်းက အလွန်တရာ သဘောကျနှစ်သက်သူဖြစ်လေရာ၊ လမ်းလျှောက်၍ ထွက်လာသည်မှာ သိပ်မကြာသေးသော်လည်း သူမဘာသာ သီးခြားခွဲထွက်၍ သွားရောက်လည်ပတ်ဆော့ကစားနေလေတော့၏။
ပိုင်ရီကမူ တစ်ခဏမျှ တွေဝေသွားခဲ့သော်ငြားလည်း ဖန်ကျန်းရီ၏ နောက်မှ လိုက်ပါသွားရန်သာ ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း သူမသည် ပတ်ဝန်းကျင်ကိုသာ အဆက်မပြတ် အကဲခတ် ကြည့်ရှုနေခဲ့ပြီး သူမ၏ မျက်ဝန်းအစုံ၌ အနည်းငယ် ဝမ်းနည်းနေသကဲ့သို့၊ အနည်းငယ် လွမ်းဆွတ်နေသကဲ့သို့သော အရိပ်အယောင်များ ထင်ဟပ်နေသည်။
ဖန်ကျန်းရီသည် လုဖာ ဇနီးမောင်နှံနှင့် ပိုင်ရီတို့ အနည်းငယ် လွတ်လွတ်လပ်လပ် ရှိမနေကြောင်း မြင်တွေ့လိုက်ရသောကြောင့် နောက်သို့လှည့်ကာ ပြောဆိုလိုက်၏။ “ဒီနေ့ ပျော်ပျော်ပါးပါး နေကြပါ။ ဝယ်ချင်တာ ရှိရင် ဝယ်ကြ။ ငါ အကုန် ရှင်းပေးမယ်။”
“ကျေးဇူးတင်ပါတယ် သခင်လေး။”
လုဖာသည် ထိုစကားကို ကြားလိုက်ရပြီးနောက် အလွန်တရာ ဝမ်းသာပျော်ရွှင်သွားကာ၊ မိမိ၏ ဇနီးသည်ကိုပင် ပစ်ထားခဲ့လျက် အပြေးအလွှား ထွက်သွားသည်။
လုဖာ၏ ဇနီးသည်မှာမူ နေရာ၌ပင် ကြောင်အမ်းအမ်း ရပ်နေမိသည်။ မည်သို့ ပြုလုပ်ရမည်ကို မသိတော့ဘဲ မိမိ၏ အင်္ကျီစကိုသာ ဆွဲချေလျက် ရှက်ရွံ့နေ၏။
ဖန်ကျန်းရီက ပြုံးလိုက်ပြီး နှစ်ဆယ်တန် ငွေစက္ကူတစ်ရွက်ကို ထုတ်ယူကာ သူမထံသို့ ကမ်းပေးလိုက်သည်။ “ယူသွားပြီး သုံးလိုက်။ ပိုက်ဆံပိုကုန်သွားရင် အိမ်တော် ပြန်ရောက်မှ ပြန်တောင်း။ မင်း ဒီခွေးကောင်ကို မကြိုက်ရင် သခင်လေး နောက်တစ်ယောက် လဲပေးမယ်။”
လုဖာ၏ဇနီးသည်က ငွေစက္ကူကို လှမ်းယူပြီး ရှက်ရွံ့စွာ ပြုံးပြ၏။ “သခင်လေးကို ကျေးဇူးတင်ပါတယ်။ ယောကျ်ား လဲဖို့ကတော့ မလိုတော့ပါဘူး။ သခင်လေး ….. သူ အိမ်ပြန်ရောက်ရင် တပ်မှူးကျန်းကို ရိုက်ခိုင်းလို့ရမလား။”
ထိုအခါ ကျန်းပြောင်က ပြုံးဖြီးဖြီး မျက်နှာထားဖြင့် ဝင်ရောက်ပြောဆိုလိုက်သည်။ “ပြဿနာ မရှိဘူး။”
ထို့နောက်တွင်မူ လုဖာ၏ဇနီးသည်မှာ ငွေစက္ကူလေးကို ဆုပ်ကိုင်လျက် ပျော်ရွှင်စွာဖြင့် လည်ပတ်ရန် ထွက်ခွာ သွားလေတော့၏။
ဖန်ကျန်းရီက ပိုင်ရီရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။ “မင်း သွားမဆော့ဘူးလား။”
ပိုင်ရီက ခေါင်းယမ်းပြလိုက်၏။ “ကျွန်မ မသွားတော့ပါဘူး။ ပွဲတော်တွေကို သိပ်မသဘောကျလို့ပါ။ သခင်လေး နောက်ကနေ လိုက်ပြီး လမ်းလျှောက်ရင် ရပါပြီ။”
ဖန်ကျန်းရီသည် ထုံးစံအတိုင်း နှစ်ဆယ်တန် ငွေစက္ကူတစ်ရွက်ကို သူမထံသို့ ကမ်းပေးလိုက်ပြန်သည်။ “ကောင်းပြီ။ မင်း သဘောကျတဲ့ ပစ္စည်း ရှိရင် စိတ်ကြိုက်ဝယ်။ ပိုကုန်သွားရင် မင်း လစာထဲကနေ ဖြတ်မယ်။”
ထိုအခါ ပိုင်ရီမှာ သူမ၏နားကိုပင် သူမ မယုံနိုင်အောင် ဖြစ်သွားရသည်။ လှပသော မျက်ဝန်းအစုံမှာ ခေါင်းလောင်းလေး တစ်လုံးအလား ထပ်မံ၍ ပြူးကျယ်သွားကာ ဖန်ကျန်းရီအား အံ့ဩတကြီး စိုက်ကြည့်နေမိ၏။
ဒီခွေးကောင် .. ငါ့ကို ဒီလောက်ထိ ကြည့်မရဖြစ်နေတာလား။
သူမက ရှက်ရွံ့ဒေါသထွက်နေသော လေသံဖြင့် မေးခွန်းထုတ်လိုက်သည်။ “ဘာဖြစ်လို့လဲ။ ပိုကုန်သွားရင် ဘာလို့ အိမ်တော်ကနေ ပြန်တောင်းလို့ မရတာလဲ။”
“ဘာလို့လဲဆိုတော့ မင်းမှာ တောက်ယွမ် အိမ်ထောင်စုစာရင်း မရှိလို့လေ။”
“…....”
သူတို့ လူလေးယောက်သား လမ်းမထက်၌ ဆက်လက် လျှောက်လှမ်းသွားခဲ့ကြသော်ငြား ပိုင်ရီမှာမူ အနည်းငယ် မပျော်မရွှင် ဖြစ်နေဟန် ပေါ်၏။
လီယွမ်ကျောက်မှာမူ မည်သည့်အရာကို ကြည့်ကြည့် အသစ်အဆန်းများသာ ဖြစ်နေခဲ့ရာ ကြိုးပြတ်သွားသော ခွေးရူး တစ်ကောင်ပမာ တွေ့မြင်သမျှကို နည်းနည်းစီ လိုက်လံဝယ်ယူနေခဲ့သည်။ မကြာမီမှာပဲ အထုပ်ကြီး အထုပ်ငယ် အားလုံးသည် ကျန်းပြောင်၏ ကိုယ်ပေါ်သို့ ရောက်ရှိသွားသည်။
လျှို့ဝှက်ရနံ့စံအိမ်၏ တံခါးရှေ့သို့ ရောက်ရှိသွားချိန်တွင် ဖန်ကျန်းရီက သူကိုယ်တိုင် ပုံစံဆွဲကာ ပုံဖော်ထားသော ဆိုင်ခန်းလေးအား တစ်ချက်မျှ အကဲခတ် ကြည့်ရှုလိုက်သည် သူ၏စိတ်ထဲ၌ အလွန်ပင် ကျေနပ် အားရသွားမိ၏။
အလွန်တရာ ရိုးရှင်းသည်ဆိုခြင်းမှာ မည်သို့သော အရာနည်း။ ဂျပန်ရိုးရာ အလှတရားဆိုသည်မှာကော မည်သို့သော အရာနည်း။ ဤအရာများပင် မဟုတ်ပါလား။ အရောင်အသွေးစုံလင်စွာဖြင့် ရှုပ်ယှက်ခတ်နေသော အလှဆင် ပစ္စည်းများကြား၌ ဤသို့သော ခေတ်မီဇိမ်ခံ ပုံစံလေးကို မြင်တွေ့လိုက်ရလျှင် မည်သူကများ မကြွေဆင်းဘဲ နေနိုင်မည်နည်း။
ထို့နောက် ဖန်ကျန်းရီက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောဆိုလိုက်သည်။ “ကြည့်ကြစမ်း။ ဒါက ကျုပ်တို့ရဲ့ နေရာပဲ။ ဒီညတော့ ဒါနဲ့ ပထမဆုံး အကြိမ် ပိုက်ဆံ အများကြီး ရှာရမယ်။”
ထိုအခါ ကျန်းပြောင်က ခေါင်းကုတ်လိုက်၏။ “သခင်လေး ….. သခင်လေးရဲ့ ဆိုင်ခန်းက ပြင်လို့ မပြီးသေးဘူးနော်။ ပန်းတစ်ပွင့်တောင် မရှိဘူး။”
လီယွမ်ကျောက်ကလည်း အနောက်မှနေ၍ ထောက်ခံပြောဆိုလိုက်သည်။ “ဟုတ်တယ်။ ဟုတ်တယ်။ ပျက်နေတဲ့ သစ်သားတန်း နှစ်ချောင်းကို ဆေးနည်းနည်း သုတ်ပြီး လိမ်ထားတာပဲ။ ဖန်ကြီး ဒါ ဘယ်သူလုပ်တာလဲ ကျုပ်ကို ပြော။ ကျုပ် သွားရိုက်မယ်။”
ထိုစကားများကြောင့် ဖန်ကျန်းရီ၏ မျက်နှာမှာ ရုတ်တရက် မည်းမှောင်သွားခဲ့၏။
စိန်ဆိုသည်မှာ မည်သို့သော ပစ္စည်းဖြစ်ကြောင်းကို ယခုအချိန်အထိ သူတစ်ဦးတည်းမှလွဲ၍ အခြား မည်သူတစ်ဦး တစ်ယောက်မှ သိရှိထားကြခြင်း မရှိသေးပေ။ လီယွမ်ကျောက်ကိုပင်လျှင် အသေအချာ ပြောပြထားခြင်း မရှိခဲ့ချေ။ အကြောင်းမှာ လူအုပ်ထဲ၌ စကားမှားသွားကာ အခြားသူများ ကြားသိသွားမည်ကို စိုးရိမ်ပူပန်မိသောကြောင့် ဖြစ်သည်။
ထို့ကြောင့်ပင် ဤအပြင်အဆင်များကို ပြုလုပ်ခြင်းနှင့် အရောင်းကိုယ်စားလှယ် အမျိုးသမီးများအား သင်တန်းပေးခြင်း စသည်တို့အားလုံးကို သူကိုယ်တိုင်ကိုယ်ကျ ဦးစီးလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အခြား မည်သူကိုမှ ခေါ်ယူအကူအညီတောင်းခြင်း မပြုခဲ့ပေ။
ဤတောခွေး နှစ်ကောင်သည် သခင်လေး … သူ၏ အနုပညာ အလှတရား ခံစားမှုစွမ်းရည်ကို လုံးဝ နားလည် သဘောပေါက်နိုင်ကြသည် မဟုတ်ပေ။
“ရှောင်ပိုင်။ မင်း ပြောကြည့်။ ဒီဆိုင်ခန်း အပြင်အဆင်က လှလား ၊ မလှဘူးလား။”
ထိုအခါ ပိုင်ရီက ညည်းတွားသော လေသံဖြင့် ပြန်လည်ဖြေကြားလိုက်သည်။ “ပြောင်သလင်းခါနေတာ ဘယ်နေရာများ လှလို့လဲ။ နေရာကောင်းကြီးကို အလကား ဖြုန်းတီးလိုက်တာပဲ။ ကြည့်စမ်း တခြား ဆိုင်ခန်းတွေက လူတွေ စုလာနေပြီ။ ဒီမှာကျ ဘာမှကို မရှိဘူး။”
“...”
ထိုစကားကြောင့် ဖန်ကျန်းရီမှာ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ပင် မှင်သက်သွားခဲ့ရသည်။ သူသည် သိပ္ပံပညာရှင်၊ စာပေပညာရှင် တစ်ဦး မဖြစ်လာရုံမျှမက၊ မိမိ၏ ဒီဇိုင်နာ လမ်းကြောင်းမှာပါ ဤသို့ လမ်းတစ်ဝက်၌ သောင်တင် သွားလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိပေ။
ထို့နောက် သူက ရှက်ရွံ့စွာဖြင့် ပြောဆိုလိုက်သည်။ “အဲဒါတွေက အရေးမကြီးပါဘူး။ အရက်မွှေးရင် လမ်းကျဉ်းတာကို မကြောက်ဘူး ဆိုသလိုပဲ။ ကုန်ပစ္စည်း ကောင်းဖို့က အရေးကြီးတယ်။ ကျန်တာတွေက ဒုတိယ နေရာမှာပဲ။”
လီယွမ်ကျောက်က သူ၏အနားသို့ ကပ်လာကာ တီးတိုး မေးမြန်းလိုက်သည်။ “ဖန်ကြီး …. ဘာရောင်းမှာလဲ။ အခု ကျုပ်ကို ပြောပြလို့ ရပြီ မဟုတ်လား။”
“ဘာလောနေတာလဲ။ ခဏနေရင် သိရမှာပေါ့။”
သူတို့ စကားပြောဆိုနေကြစဉ်မှာပဲ လျှို့ဝှက်ရနံ့စံအိမ်၏ တံခါးမကြီး ပွင့်ဟလာခဲ့၏။
အလှမယ် အမြောက်အမြားသည် အဆောက်အအုံအတွင်းမှ ထွက်ပေါ်လာကြပြီးနောက် လမ်းဘေး တစ်ဖက်တစ်ချက်စီ၌ နှစ်တန်းခွဲ၍ ရပ်တန့်လိုက်ကြသည်။ ပြီးနောက် လမ်းအလယ်သို့ ပန်းပွင့်ဖတ်များ အဆက်မပြတ် ကြဲချနေကြသည်။
ထို့နောက် ချွန်းမမသည် ထိုအလယ်လမ်းကြောင်းမှနေ၍ ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့သည်။ သူမသည် ကျန်းပြောင်ကို မြင်တွေ့လိုက်သည်နှင့် တစ်ပြိုင်နက် မျက်ဝန်းများ အရောင်လက်သွားခဲ့ပြီး အလျင်အမြန် မျက်စပစ်ပြလိုက်၏။
အစ်ကိုကြီးပြောင်ကမူ အလျဉ်း ဂရုစိုက်ခြင်းမရှိဘဲ လီယွမ်ကျောက် ဝယ်ယူလာခဲ့သော မုန့်မျိုးစုံကိုသာ အားရပါးရ စားသောက်နေလေသည်။
ချွန်းမမကလည်း ထိုအရာကို ဂရုမစိုက်တော့ဘဲ ဘယ်ညာ တစ်ဖက်တစ်ချက်စီသို့ အဆက်မပြတ် လိုက်လံ နှုတ်ဆက်နေခဲ့သည်။ ထိုစဉ် လျှို့ဝှက်ရနံ့စံအိမ်၏ တံခါးရှေ့၌ လူအုပ်ကြီးနှင့် အလွန်တရာ များပြား စည်ကားလာကြောင်း မြင်တွေ့လိုက်ရ၏။
ထိုအခါမှသာ သူမက ပြုံးရွှင်သော မျက်နှာထားဖြင့် အသံနေအသံထားကို ပြင်ကာ ပြောဆိုလိုက်သည်။ “ချီယွမ်ပွဲတော် အချိန်အခါလေးမှာ သခင်လေးတွေ ရောက်လာတာကို လျှို့ဝှက်ရနံ့စံအိမ်က ကြိုဆိုပါတယ်။ ဒီအချိန်လေးကို အခွင့်ကောင်းယူပြီး လော့နင်ရှင်းက လောကမှာ ရှိတဲ့ ချစ်သူတွေ အားလုံးအတွက် ဆုမွန်ကောင်း တောင်းပေးချင်ပါတယ်။”
ဖန်ကျန်းရီက ထိုမြင်ကွင်းကို ကြည့်ရှုရင်း လွန်စွာ သဘောကျသွားမိသည်။ ပြည့်တန်ဆာရုံတစ်ရုံမှ ဤကဲ့သို့သော အခမ်းအနားပွဲမျိုးကို ကျင်းပပြုလုပ်သည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
သူက ဈေးလျှော့ ပေးမည်ဟုပင် ထင်မှတ်နေခဲ့သေးသည်။ သို့သော်ငြား အချိန်အတော်ကြာအောင် ပြင်ဆင်လုပ်ဆောင်နေခဲ့သည်မှာ လော့နင်ရှင်းအား အပြင်သို့ ထွက်လာစေပြီး စောင်းတီးပြခိုင်းရုံ သတ်သတ်သာ ဖြစ်နေလေသည်။ အမှန်ပင် နှမြောဖွယ်ရာ ကောင်းလှပေ၏။
ချွန်းမမ၏ စကားအဆုံး၌ လော့နင်ရှင်းသည် အလွန်တရာ ခမ်းနားလှပသော ဝတ်စုံကို ဆင်မြန်းလျက် ဒုတိယထပ်မှ ထွက်ပေါ်လာခဲ့သည်။ သူမ၏ လည်တိုင်ထက်၌ ကြီးမားလှသော ပန်းရောင် "စိန်" ဆွဲကြိုးကြီးကို ဝတ်ဆင်ထားပြီး သူမ၏ လက်ချောင်းသွယ်သွယ်လေးများထက်တွင်လည်း သေးငယ်လှပသော စိန်လက်စွပ် တစ်ကွင်းကို ဆင်မြန်းထားသည်။
ထို့နောက် သူမသည် ဖြည်းညင်းစွာ ထိုင်ချလိုက်ပြီးနောက်၊ လက်နှစ်ဖက်ကို စောင်းပေါ်သို့ ညင်သာစွာ တင်လိုက်၏။
ဘေးနှစ်ဖက်တစ်ချက်စီ၌ ရပ်နေကြသော အစေခံမိန်းကလေးများက ဆီမီးခွက်များကို ကိုင်ဆောင်ထားကြပြီး လက်ကောက်ဝတ်များကို အဆက်မပြတ် လှည့်လည်ပေးနေကြသည်။ ထိုဆီမီးခွက်၏ တစ်ဝက်ခန့်ကို မှန်ဖြင့် ကာကွယ်ထားသောကြောင့်၊ လင်းလက်နေသော မီးရောင်များမှာ လော့နင်ရှင်း၏ လည်ပင်းရှိ ဆွဲကြိုးပေါ်သို့ အဆက်မပြတ် ရောင်ပြန်ဟပ်နေလေသည်။
သာယာငြိမ့်ညောင်းသော စောင်းသံလေးသည် ရေစီးသံအလား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အောက်ဘက်ရှိ လူအုပ်ကြီး တစ်ခုလုံးမှာလည်း ငြိမ်သက်တိတ်ဆိတ်သွားကြ၏။
ပန်းရောင်စိန်ပွင့်ကြီးမှာလည်း စောင်းသံနှင့်အတူ လိုက်ပါ၍ တဖြည်းဖြည်း လင်းလက် တောက်ပနေလေသည်။