အခန်း (၉၅-၉၆)
Vol. 7 Ch. 95-96
အပိုင်း (၉၅) ရူးသွပ်ဖွယ်ရာ စိန်။
မကြာမီမှာပဲ အောက်ထပ်ရှိ လူအပေါင်းက လော့နင်ရှင်း၏ လည်တိုင်ထက်၌ တောက်ပလင်းလက်နေသော စိန်ပွင့်ကြီးကို သတိပြုမိသွားကြသည်။
သူတို့က စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်ကြ၏။ “အဲဒီလင်းနေတာက ဘာပစ္စည်းလဲ။”
“မသိဘူး။ လော့နင်ရှင်း သခင်မလေး ကိုယ်တိုင် ဝတ်ဆင်ထားမှတော့ သခင်လေး တစ်ယောက်ယောက် လက်ဆောင်ပေးထားတဲ့ အဖိုးတန် ရတနာ ဖြစ်ရမယ်။”
“ဒါက ဘာပစ္စည်းလဲ၊ တန်ဖိုး ဘယ်လောက်ရှိလဲတော့ မသိဘူး။ သေချာတာကတော့ အရမ်း တန်ဖိုးကြီးမှာပဲ။”
ဖန်ကျန်းရီသည် လူအုပ်ကြီး၏ တုံ့ပြန်မှုကို အကဲခတ်ကြည့်ရှုရင်း ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်သည်။ ကြည့်ရသည်မှာ သူ၏အစီအစဉ်က အကျိုးသက်ရောက်မှု ရှိလှသည်။ တောက်ပလင်းလက်နေသော အရာများကို ရှေးခေတ်ကာလတည်းက မည်သူကမျှ မလွန်ဆန်နိုင်ခဲ့ကြပေ။
မကြာမီမှာပဲ လော့နင်ရှင်းသည် စောင်းတစ်ပုဒ်ကို တီးခတ်ပြီးစီးသွားရာ အောက်ထပ်ရှိ လူအများက အပေါ်သို့ လှမ်း၍ အသံကျယ်ကျယ်ဖြင့် စတင် မေးမြန်းကြတော့သည်။ “နင်ရှင်း … သခင်မလေး ဝတ်ဆင်ထားတဲ့ လက်ဝတ်ရတနာက ဘာလဲဆိုတာ ပြောပြလို့ ရမလား။”
လော့နင်ရှင်းက အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ အောက်ထပ်မှ လှမ်းကြည့်နေသော ဖန်ကျန်းရီကို မြင်တွေ့လိုက်ရသဖြင့် ခပ်ဖွဖွ ပြုံးကာ ပြောဆိုလိုက်၏။ “အားလုံးပဲ ….. နင်ရှင်း ဒီနေ့ ဝတ်ဆင်ထားတဲ့ လက်ဝတ်ရတနာကို စိတ်ဝင်စားနေကြတယ် ထင်တယ်။ ဒါဆိုရင် နင်ရှင်းလည်း ဆက်ပြီး လျှို့ဝှက် မထားတော့ပါဘူး။”
“ဒီပစ္စည်းကို စိန်လို့ ခေါ်ပါတယ်။ လူသားတွေရဲ့ သစ္စာရှိပြီး မပြောင်းလဲတဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုပါတယ်။ စိန်ဆိုတာ အမြဲ တည်တံ့ပြီး တစ်ပွင့်တည်းနဲ့ ထာဝရ လက်ဆင့်ကမ်းနိုင်တယ်လို့ နင်ရှင်း ကြားဖူးပါတယ်။
အစစ်အမှန် ချစ်ခြင်းက ထာဝရပါ။ စိန်က သက်သေပါပဲ။ သခင်လေးတို့အားလုံး ဘဝရဲ့ တစ်ဦးတည်းသော အချစ်စစ်ကို ရှာတွေ့နိုင်ပါစေလို့ နင်ရှင်းက ဒီကနေ ဆုတောင်းပေးပါတယ်။”
ထိုသို့ ပြောဆိုပြီးသည်နှင့် သူမသည် အခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ပြင်ဆင်လိုက်သည်။
ထိုစဉ် အောက်ထပ်မှ လူတစ်ယောက်က နောက်ထပ် အသံကျယ်ကျယ်ဖြင့် အော်ဟစ်မေးမြန်းလိုက်ပြန်၏။ “နင်ရှင်း … သခင်မလေးကို ဘယ်သူက လက်ဆောင်ပေးတာလဲ ပြောပြလို့ ရမလား။”
အခန်းအတွင်းသို့ ခြေတစ်လှမ်း ဝင်ရောက်နေပြီ ဖြစ်သော်ငြားလည်း ထိုစကားကို ကြားလိုက်ရချိန်၌ လော့နင်ရှင်း၏ ခြေလှမ်းများမှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ခေတ္တမျှ တွေဝေသွားပြီးနောက် ပြန်လှည့်လာကာ အောက်ထပ်တွင် လီယွမ်ကျောက်နှင့် စကားပြောဆိုနေသော ဖန်ကျန်းရီအား ကြည့်ရင်း သူမ၏ နှုတ်ခမ်းထောင့်စွန်း၌ အပြုံးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ဒီစိန်က သခင်လေးဖန် … ဖန်ကျန်းရီ လက်ဆောင်ပေးထားတာပါ။”
ထိုသို့ ပြောဆိုပြီးသည်နှင့် အခန်းအတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားတော့၏။
ထိုအဖြေကို ကြားသိလိုက်ရပြီးနောက် လူအုပ်ကြီးမှာ တစ်ခဲနက် ဆူညံသွားသည်။
“ဖန်ကျန်းရီ …. ဟိုနာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ဖန်ကျန်းရီလား။”
“မှားနေပြီ။ သူက တစ်ပိုင်းတစ်စ ကဗျာဆရာလေ။ အခုက ချန်ရှီရုံးတော်ရဲ့ အကြီးအကဲ ဖြစ်နေပြီ။ ယန်ကော်အန်း ကိုတောင် ဖြုတ်ချပစ်လိုက်တာ။”
“ရယ်စရာပဲ။ ယန်ကော်အန်းက ရုံးတော်ရဲ့ ထိပ်တန်းပညာရှင်လေ။ ဖန်ကျန်းရီလို နာမည်မရှိတဲ့ နယ်အရာရှိလေး က အိမ်ရှေ့စံမင်းသားကို ယုတ်မာတဲ့ နည်းလမ်းတွေနဲ့ သွေးဆောင်ခဲ့တာ သေချာတယ်။”
“…...”
ဖန်ကျန်းရီ၏ မျက်နှာမှာ မည်းမှောင်သွားခဲ့ပြီး ဒုတိယထပ်ဆီသို့ အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
ဤအမျိုးသမီးသည် မည်သို့များ ပြုလုပ်ချင်နေသနည်း။ ပစ္စည်းကို ကြော်ငြာခိုင်းသည်ကို သေချာစွာ ကြော်ငြာရန် လိုသည်။ သေချင်လွန်း၍ မိမိကိုပါ အတင်းအဓမ္မ ဆွဲသွင်းနေသည်လား။
လီယွမ်ကျောက်က ဖန်ကျန်းရီအား ပခုံးဖြင့်တွန်းကာ နောက်ပြောင်ပြောဆိုလိုက်၏။ “ကျုပ်က ဘာများလဲလို့။ လက်ဝတ်ရတနာ ရောင်းတာကိုး။”
“ဖန်ကြီး မဆိုးဘူးပဲ။ ထိပ်တန်းအလှမယ်ကိုတောင် အပိုင်သိမ်းလိုက်နိုင်ပြီပေါ့။ ကျုပ် ညီမလေးကို သွားပြောပြရအုံးမယ်။”
“မင်းသမီးရှေ့မှာ ကျုပ်ရဲ့ ပုံရိပ်ကို မဖျက်ဆီးနဲ့။ ပိုက်ဆံ မလိုချင်တော့ဘူးလား။”
ဖန်ကျန်းရီမှာ အနည်းငယ် ခေါင်းကိုက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
လော့နင်ရှင်း တစ်ယောက် ပို၍ တက်ကြွလာလေလေ၊ သူက ပို၍ သတိထားရလေလေ ဖြစ်လာသော်ငြားလည်း၊ သူ၏ စိတ်ထဲတွင်မူ မည်သည့်အကြောင်းပြချက်ကိုမှ ရှာဖွေတွေ့ရှိခြင်း မရှိပေ။ ပုံမှန်အားဖြင့် ဆိုရလျှင် လော့နင်ရှင်း၏ အနီးသို့ ကပ်ချင်နေကြသော သူဌေးသားများနှင့် အရာရှိကြီးများမှာ မနည်းလှပေ။ သူ့အပေါ် ဤကဲ့သို့ တမင်တကာ ပြုမူပြနေစရာ အကြောင်းလည်း လုံးဝမရှိပေ။
သို့ဟုတ် သူ၏ စာပေစွမ်းရည်ကို သဘောကျ နှစ်သက်သွားလေသည်လား။ ဤအတွေးကို ဖန်ကျန်းရီ ကိုယ်တိုင်ပင်လျှင် ယုံကြည်နိုင်စွမ်း မရှိပေ။
“ဖန်ကြီး။ ဘာတွေ စဉ်းစားနေတာလဲ။”
လီယွမ်ကျောက်က သူ ငေးမောနေကြောင်း မြင်တွေ့သွားသောကြောင့် ထပ်မံ၍ တွန်းလိုက်ပြန် သည်။ “စိန်ဆိုတာ ဘာလဲ။ ဒီအရာက ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုနိုင်လို့လား။”
ဖန်ကျန်းရီမှာ သတိပြန်လည် ဝင်လာခဲ့ပြီး ပြုံးရုံမျှသာ ပြုံးလိုက်ကာ မည်သည့်စကားကိုမှ ပြန်လည် မဆိုတော့ပေ။ မှန်ကွဲလေးမျှသာ ဖြစ်သည် မဟုတ်ပါလား။
သို့ပေမည့် သေချာပေါက် ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုနိုင်စွမ်း ရှိသည်။ အချစ်ဆိုသည်မှာကား ဤကဲ့သို့ပင် အလွယ်တကူ ကွဲကြေလွယ်သော အရာပင်ဖြစ်သည်။ စိန်ထက်ပင် ပို၍ ကွဲကြေလွယ်သေး့သည်။
လျှို့ဝှက်ရနံ့စံအိမ် အောက်ထပ်ရှိ လူအုပ်ကြီး စတင် လူစုကွဲသွားချိန်တွင် ဖန်ကျန်းရီက သူ၏ ဆိုင်ခန်း ရှိရာဘက်သို့ လက်ဟန်ဖြင့် အချက်ပြလိုက်လေရာ နောက်ကွယ်၌ ပုန်းအောင်းနေကြသော အလှမယ်လေးများက လမ်းမပေါ်သို့ တစ်ယောက်ချင်းစီ ထွက်ပေါ်လာကြ၏။
သူမတို့သည် သုံးယောက်တစ်တန်းစီ နေရာယူကာ ကပြဖျော်ဖြေလိုက်ကြပြီးနောက် နောက်ကွယ်မှ လူများက စင်ပေါ်သို့ စိန်လက်စွပ် အမျိုးမျိုးကို တင်ဆောင်လာကြကာ အသံကျယ်ကျယ်ဖြင့် လူအုပ်ကြီးအား စတင် ကြော်ငြာကြသည်။
“စိန်ဆိုတာ အမြဲ တည်တံ့ပြီး တစ်ပွင့်တည်းနဲ့ ထာဝရ လက်ဆင့် ကမ်းနိုင်ပါတယ်။”
“တောက်ပနေတဲ့ အလင်းရောင်က ကျွန်မရဲ့ တောက်ပတဲ့ အချစ်ပါ။”
“ခမ်းနားတဲ့ ပွင့်လန်းမှုတိုင်းက စိန်မှာ ရှိပါတယ်။”
စသည့် ကြော်ငြာစကားလုံးများမှာ အရောင်းကိုယ်စားလှယ်များ၏ နှုတ်မှ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ပြီး ဆွဲဆောင်မှု အပြည့်ရှိသော အကအခုန်များနှင့် အစောပိုင်းက လော့နင်ရှင်း၏ ကြော်ငြာပေးမှုတို့ ပေါင်းစပ်သွားခဲ့ရာ တစ်ခဏအတွင်းမှာပဲ လူအများအပြား၏ အာရုံကို ဖမ်းစား ဆွဲဆောင်နိုင်ခဲ့သည်။
လူအုပ်ကြီးမှာ ဆိုင်ခန်းရှေ့သို့ အုံခဲလာကြပြီး စင်ပေါ်ရှိ စိန်များကို အလုအယက် ကြည့်ရှုကြ၏။ “ဒါက စိန်လား။ တကယ်ကို ထူးခြားလှပတာပဲ။ ဒီလက်စွပ် ဘယ်လောက်လဲ။ ကျုပ်ကို တစ်ကွင်းပေး။”
ငွေကြေးပေါများဟန်ရှိသော သူဌေးတစ်ဦးက တိုက်ရိုက်ပင် ဈေးမေးလိုက်သည်။
“လူကြီးမင်း။ ဒါက အလတ်စား စိန်ပါ။ တစ်ကွင်းကို ငွေတစ်ရာပဲ ကျသင့်ပါမယ်။ ပြီးတော့ လူကြီးမင်းအတွက် ကျွမ်းကျင်တဲ့ အသိအမှတ်ပြုလက်မှတ်ပါ ထုတ်ပေးပါအုံးမယ်။” တစ်ကွင်းလျှင် ငွေတစ်ရာ ဆိုသည့် စျေးနှုန်းကို ကြားသိလိုက်ရသည်နှင့် တစ်ပြိုင်နက် လူအုပ်ကြီး၏ တစ်ဝက်ခန့်မှာ ချက်ချင်းပဲ လူစု ကွဲသွားကြ၏။
ငွေတစ်ရာနှင့် လက်စွပ်အစုတ် တစ်ကွင်းကို ဝယ်ယူရမည်ဆိုခြင်းမှာ လူသတ်နေခြင်းပင် မဟုတ်ပါလား။ ထို့အပြင် ကြည့်ရသည်မှာလည်း အလွန်တရာ သေးငယ်လွန်းလှသည်။ ဤမျှလောက်သော ငွေကြေးပမာဏနှင့်ဆိုလျှင် အကောင်းစား ကျောက်စိမ်းတုံး အကြီးကြီး တစ်တုံးကိုပင် ဝယ်ယူ၍ ရနိုင်သေးသည်။
ထိုအခြေအနေကို မြင်တွေ့လိုက်ရချိန်တွင် ဖန်ကျန်းရီသည် လိမ်လည်လှည့်စားသူအသွင်သို့ အလျင်အမြန် ပြောင်းလဲလိုက်ကာ လူအုပ်ရှေ့သို့ တိုးထွက်ကာ အသံကျယ်ကျယ်ဖြင့် မေးမြန်းလိုက်၏။ “မင်းတို့က လူလိမ်ဆိုင် မဟုတ်ဘူးလား။ ဘယ်လိုလုပ် ဒီလောက် စျေးကြီးကြီး ရောင်းနိုင်ရတာလဲ။”
အရောင်းကိုယ်စားလှယ်က ထိုသူမှာ ဖန်ကျန်းရီ ဖြစ်နေမှန်း မြင်တွေ့လိုက်ရသောကြောင့် ပါးစပ်ကို အုပ်ကာ ရယ်မောလိုက်ပြီး ယခင်က ကြိုတင်ပြင်ဆင်ထားသော ဇာတ်ညွှန်းအတိုင်း အသေးစိတ် စတင် ရှင်းလင်း ပြောပြ လေတော့သည်။ “အားလုံးပဲ မလောကြပါနဲ့။ အားလုံး မသိကြလို့ပါ။ ဒီပစ္စည်းက ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်တွေကို စုစည်းထားတာပါ... လက်စွပ်ကွင်းကိုတောင် ကိုးဆယ့်ကိုးရာခိုင်နှုန်း သန့်စင်တဲ့ ငွေစစ်စစ်နဲ့ ပြုလုပ်ထားတာပါ... ရှစ်မြှောင့်ရှစ်ဖက် အချိုးကျပါတယ်... အိမ်ရှေ့စံမင်းသားကလည်း ဒီနေ့မှာ ပြည်သူတွေနဲ့ အတူတူ ပျော်ရွှင်ရအောင်လို့ ဒီအဖိုးတန် ရတနာကို နှမြောပေမဲ့ ခွဲပစ်ပြီး လက်ဝတ်ရတနာ လုပ်ကာ ချီယွမ်ပွဲတော်ကို ဂုဏ်ပြုတာပါ။”
ထိုအခါ ဖန်ကျန်းရီက ရုတ်တရက် သဘောပေါက်သွားသည့်ဟန်ဖြင့် အသံကျယ်ကျယ် အော်ဟစ်ပြောဆိုလိုက်၏။ “ဪ ဒီလိုကိုး။ အိမ်ရှေ့စံမင်းသားရဲ့ အဖိုးတန် ရတနာ ဖြစ်နေတာကိုး။ ဒါဆိုရင် တကယ် မစျေးကြီးဘူးပဲ။ ဆိုလိုတာက ဒီပစ္စည်းကို ခွဲပစ်လိုက်ရင် နောက်ထပ် မရှိတော့ဘူးပေါ့။ တကယ်လို့ နှစ်အနည်းငယ်လောက် ထားလိုက်ရင် ဒီရတနာရဲ့စျေးနှုန်းက ကောင်းကင်ပေါ်ထိအောင် တက်သွားမှာ မဟုတ်ဘူးလား။ ကျုပ်ကို ဆွဲကြိုး နှစ်ကုံးပေး။”
“လူကြီးမင်း... ကျွန်မတို့ရဲ့ ဆွဲကြိုးတွေက အကြီးစား စိန်တွေနဲ့ပဲ စီခြယ်ထားတာပါ။ ဒါကြောင့် တစ်ကုံးကို ငွေသုံးရာ ကျသင့်ပါမယ်...”
“ငွေသုံးရာပဲလား။ သုံးကုံးပေး။ ပြီးတော့ လက်စွပ် တစ်ကွင်းပါ ထပ်ပေး။ အပြည့်အဝ ဖြစ်သွားအောင်။” ဖန်ကျန်းရီက တစ်ချက်မျှပင် တွန့်ဆုတ်နှောင့်နှေးနေခြင်းမရှိဘဲ ငွေပေးချေလိုက်ရာ အရောင်းကိုယ်စားလှယ်က ဆွဲကြိုးများကို လှပသော ကြွေသေတ္တာငယ်အတွင်းသို့ သေချာစွာ ထည့်သွင်းပြီး ဖန်ကျန်းရီထံသို့ ကမ်းပေးလိုက်သည်။
တောင်းစားသူဘဝက အသုံးပြုခဲ့ဖူးသော ဤနည်းလမ်းဟောင်းကို ပြန်လည် အသုံးပြုလိုက်ခြင်းက အကျိုးသက်ရောက်မှုကို သိသာထင်ရှားစွာ ဖြစ်ပေါ်စေခဲ့သည်။ လူအုပ်ကြီးမှာ အစောဆုံး ဝယ်ယူသူ ရှိနေပြီဖြစ်ကြောင်း မြင်တွေ့လိုက်ရချိန်မှာတော့ အားလုံး၏ စိတ်အစဉ်၌ လှုပ်ရှား တက်ကြွသွားကြသည်။
ပစ္စည်း၏ ဈေးနှုန်းမှာ မြင့်မားလွန်းသဖြင့် အားလုံးက သံသယဝင်ကောင်း ဝင်နိုင်ကြသော်ငြား အိမ်ရှေ့စံမင်းသား၏ နာမည်ကိုပါ ထုတ်ဖော်ပြောဆိုလာခဲ့ပြီ ဖြစ်ရာ မယုံကြည်ဘဲ နေ၍မရနိုင်တော့ချေ။
မည်သည့် လိမ်လည်သူ ကုန်သည်ကများ လူပုံအလယ်၌ ဤကဲ့သို့ လာရောက် ပြုမူဝံ့ပါမည်နည်း။ ခေါင်းပြတ်ရမည်ကို အလျဉ်း မကြောက်ရွံ့တော့ဘူးလား။
အရောင်းကိုယ်စားလှယ်က ထိုအခြေအနေကို မြင်သည်နှင့် တစ်ပြိုင်နက် ချက်ချင်းပဲ အော်ဟစ် ကြေညာလိုက်၏။ “ဆွဲကြိုး သုံးကုံး ရောင်းရပါပြီ... ကိုးဆယ့်ခုနစ်ကုံးပဲ ကျန်ပါတော့တယ်။ အရင်လာသူ အရင်ရပါမယ်။ ဒီတစ်ခေါက် ရောင်းကုန်သွားရင် လောကမှာ ရောင်းစရာ စိန် မရှိတော့ပါဘူး။”
လူအုပ်ထဲမှ တစ်ယောက်က လှမ်းကာ မေးမြန်းလိုက်သည်။ “ဒါဆို အသေးစား စိန်လက်စွပ်က ဘယ်လောက်လဲ။”
“ငွေခုနစ်ဆယ့်ကိုးကျပ်ပါ။”
“တစ်ကွင်းပေး။”
“အသေးစား စိန်လက်စွပ် ကိုးဆယ့်ကိုးကွင်းပဲ ကျန်ပါတော့တယ်နော်။”
လူအုပ်ကြီးမှာ တဖြည်းဖြည်းဖြင့် စိတ်ဝင်စားမှု မြင့်တက်လာကြပြီး ဖန်ကျန်းရီကမူ လူအုပ်အတွင်း၌ ဘယ်မှညာသို့ ကူးချည်သန်းချည် ပြုလုပ်ကာ အဆက်မပြတ် မြှောက်ပင့် ပေးနေသည်။
လီယွမ်ကျောက်တို့ သုံးဦးမှာမူ လူအုပ်၏ အပြင်ဘက်၌ ရှက်ရွံ့စွာ ရပ်နေကြပြီး ဖန်ကျန်းရီ၏ သရုပ်ဆောင်မှုကိုသာ ငေးကြည့်နေကြ၏။
“ဖန်ကြီးလိမ်နေပြန်ပြီနဲ့ တူတယ်...” လီယွမ်ကျောက် တစ်ယောက် မည်သို့ ပြောဆိုရမည်ကိုပင် မသိတော့ပေ။ အနည်းငယ် မျက်နှာပူသလို ခံစားလိုက်ရသည်။
ကျန်းပြောင်က ခေါင်းညိတ် ထောက်ခံလိုက်သော်ငြားလည်း ပါးစပ်မှမူ ဤသို့ ဖွင့်ဟပြောဆိုလိုက်၏။ “သခင်လေးက ဘယ်တော့မှ မလိမ်ပါဘူး။”
ပိုင်ရီက ထိုသူနှစ်ဦးအား စွေ၍ ကြည့်လိုက်ပြီးနောက် လက်ကိုပိုက်ကာ ဖန်ကျန်းရီရှိရာသို့ အကူအညီမဲ့စွာဖြင့် ငေးကြည့်နေမိသည်။ သူက လိမ်လည်နေခြင်း မဟုတ်ပေ။ လူကို အရှင်လတ်လတ် ဝါးစားနေခြင်းသာ ရှိလေသည်။
သို့သော်ငြား ကြည့်ရသည်မှာ ထိုစိန်ဆိုသော အရာမှာ အမှန်တကယ်ပင် ပစ္စည်းကောင်း တစ်ခု ဖြစ်ပေလိမ့်မည်။ တကယ်ကို လှပလွန်းလှ၏။ ဝယ်ယူရန် မတတ်နိုင်ခြင်းလေး တစ်ခုသာ ရှိသည်။ စိတ်ခံစားချက် ဆိုသည်မှာ ကူးစက်လွယ်သော အရာတစ်ရပ် ဖြစ်လေရာ စိန်ဝယ်ယူသူများမှာ တစ်စတစ်စ ပိုမို၍ အကြိတ်အနယ် ဖြစ်လာကြသည်။
တဟ်ချို့က မိမိ ချစ်ခင်မြတ်နိုးရသော မိန်းကလေးအား လက်ဆောင်ပေးရန်အတွက် ဖြစ်ပြီး တစ်ချို့ကမူ နောင်တစ်ချိန်တွင် တန်ဖိုးတက်လာမည့် အလားအလာကို မျှော်ကိုး၍ ဝယ်ယူကြခြင်း ဖြစ်သည်။ ဤနေရာအထိ လာရောက် ဝယ်ယူနိုင်သူအားလုံးမှာ သူဌေးသားများချည်းသာ ဖြစ်ကြ၏။
သို့ဆိုလျှင်တောင် ငွေတစ်ရာကို အလွယ်တကူ ထုတ်ယူကာ လက်ဝတ်ရတနာတစ်ခု ဝယ်ယူနိုင်သူဆိုသည်မှာ အလွန်ပင် ရှားပါးလှသည်။ လူအုပ်ကြီး၏ အားပေးလှုံ့ဆော်မှုအောက်တွင် လူတော်တော်များများမှာ မျက်လုံးများပင် နီရဲလာကြပြီး အံကိုကြိတ်ကာ မိမိကိုယ်ပေါ်ရှိ ငွေကြေးအားလုံးကို ပုံအောထုတ်ယူလျက် လက်စွပ်များကို ဝယ်ယူလိုက်ကြသည်။ အကြီးစားကို မဝယ်နိုင်လျှင် အသေးစားကို ဝယ်မည်။ မည်သို့ပင်ဖြစ်စေ တစ်ကွင်းတော့ မဖြစ်မနေ ဝယ်ယူရပေမည်။ ဤအရာသည် အိမ်ရှေ့စံမင်းသား၏ အဖိုးတန် ရတနာ မဟုတ်ပါလား။
အပိုင်း (၉၆) ဖန်ကျန်းရီ မိန်းကလေးများကို မြူဆွယ်ခြင်း။
အရောင်းအဝယ် များစွာ သွက်လက်နေသည်ကို မြင်တွေ့ရချိန်မှာတော့ ဖန်ကျန်းရီ တစ်ယောက် စိတ်အေးသွားခဲ့ပြီး သူ့အဖော်သုံးဦးအား ခေါ်ဆောင်လျက် နေရာအနှံ့သို့ လျှောက်လည်တော့သည်။ ပြန်လည်ရောက်ရှိလာချိန်တွင် နာရီဝက်ခန့်ပင် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ ယခုအခါ အရောင်းအဝယ် အသွက်ဆုံး အချိန်ကာလမှာ ကျော်လွန်သွားခဲ့ပြီ ဖြစ်သော်ငြား အရောင်းကိုယ်စားလှယ် အလှမယ်လေးများမှာ အသံကုန်ဟစ်ကာ အော်ဟစ် ကြော်ငြာနေကြဆဲပင်။
“လက်စွပ် ငါးကွင်းပဲ ကျန်ပါတော့တယ်။ ငွေ ကိုးထောင်ကိုးရာကိုးဆယ့်ကိုး မလိုပါဘူး။ ငွေ နှစ်ထောင်ကိုးရာကိုးဆယ့်ကိုး မလိုပါဘူး။ ငွေ ခုနစ်ဆယ့်ကိုးကျပ်တည်းပါ။ အရေအတွက် အကန့်အသတ် ရှိလို့ ကုန်ရင် ပြီးပါပြီ။”
ဖန်ကျန်းရီက ထိုမြင်ကွင်းကို ကြည့်ရှုရင်း ပြုံးလိုက်သည်။ သူ ငှားရမ်းလာခဲ့သော ဤလူများမှာ အမှန်တကယ်ပင် ကြိုးစားပမ်းစား ရှိလှသည်။ ပွဲပြီးဆုံးသွားပါက သူတို့အား တန်ဖိုး ငွေတစ်ရာ ရှိသော လက်စွပ် တစ်ယောက် တစ်ကွင်းစီ ဆုချီးမြှင့်ရပေမည်။ ထိုလက်စွပ်များမှာ အရေအတွက် အကန့်အသတ် ရှိသည်ဟု ဟန်ဆောင် ပြောဆိုထားခြင်း ဖြစ်သည်။ တကယ်တမ်းတွင်မူ မည်သည့် အကန့်အသတ်မှ မရှိပေ။ မည်သို့ပင်ဆိုစေကာမူ စင်ရှေ့၌ရပ်ကာ အရေအတွက်ကို လိုက်လံ ရေတွက်နေမည့်သူ မရှိပေ။
ဖန်ကျန်းရီက သူတို့အား ဤအတိုင်းပင် အော်ဟစ် ကြော်ငြာခိုင်းထားခြင်း ဖြစ်သည်။
ကောင်တာအောက်၌ ရှုပ်ယှက်ခတ်နေသော လက်ဝတ်ရတနာအားလုံးကို ပေါင်းစပ်ရေတွက်လိုက်လျှင် အရေအတွက် အားဖြင့် နှစ်ထောင်ကျော်ခန့် ရှိသည်။ ယခင်က ဖန်ကျန်းရီသည် တောက်ယွမ်ခရိုင်သို့ စာပို့၍ မှာကြားခဲ့စဉ်က ငါးထောင်ကျော် အတိအကျ တောင်းဆိုခဲ့သော်ငြား မတတ်နိုင်ခဲ့ပေ။
ဆယ်ရက်ကျော် အချိန်ကာလအတွင်း လူများကို အချိန်ပို လုပ်ဆောင်ခိုင်းခဲ့သော်လည်း နှစ်ထောင်ကျော်သာ ထုတ်လုပ်နိုင်ခဲ့သည်။ တောက်ယွမ်ခရိုင်တွင် အခြေခံ အဆင့် စက်ယန္တရားများ ရှိနေသော်လည်း လက်မှုပညာ၌ လိုအပ်သော အဆင့်များစွာ ကျန်ရှိနေသေးသောကြောင့် အများဆုံး ထုတ်လုပ်နိုင်စွမ်းမှာ ဤမျှလောက်သာ ရှိခြင်းဖြစ်၏။
သို့ပေမည့် ကြည့်ရသည်မှာ ထိုနှစ်ထောင်ကျော်ကိုပင် အကုန်အစင် မရောင်းရသေးပေ။ နောင်တစ်ချိန် တောက်ယွမ်ခရိုင်မှနေ၍ မြို့တော်အထိ လမ်းပွင့်သွားခဲ့လျှင် လက်စွပ်များမှာ သေချာပေါက် ယခုကဲ့သို့ ရောင်းကောင်းတော့မည် မဟုတ်ချေ။ သာမန် လက်ဝတ်ရတနာ တစ်ခုအနေဖြင့်သာ ရောင်းချ၍ ရနိုင်တော့မည် ဖြစ်သည်။ သို့ဆိုစေကာမူ ယနေ့အတွက်တော့ ကြီးမားသော အောင်မြင်မှုတစ်ရပ်ဟု ဆို၍ ရနိုင်သည်။
ယခုအခါ ဆိုင်ခန်းရှေ့၌ သူဌေးသား နှစ်ဦး၊ သုံးဦးခန့်က မိန်းကလေးများကို ဖက်ထားရင်းမှ စင်ရှေ့ရှိ စိန်လက်စွပ်များကို ဆက်လက် ကြည့်ရှုနေကြဆဲ ဖြစ်သည်။ ကြည့်ရသည်မှာ အနည်းငယ် စိတ်ဝင်စားနေဟန် ပေါ်သော်လည်း ဤမျှ များပြားသော ငွေကြေးပမာဏကို မကုန်ကျခံလိုကြပေ။
ထို့နောက် ယောကျ်ားနှင့် မိန်းမ တစ်စုံကြားတွင် စကားအနည်းငယ် များသွားကြပုံ ရလေသည်။ ပွဲကြည့် ပရိသတ် လေးဦးမှာလည်း စိတ်ဝင်တစားဖြင့် သူတို့နှစ်ဦးနှင့် မနီးမဝေးသို့ တိုးကပ်သွားကာ နားစွင့်နေကြသည်။
မိန်းမဖြစ်သူက ငိုယိုလျက် ပြောဆိုနေသည်ကို ကြားလိုက်ရ၏။ “သခင်လေး …. ကျွန်မ ဒီစိန်လက်စွပ်လေးကို သဘောကျလို့ပါ။ ကျွန်မ မိဘတွေကိုထားခဲ့ပြီး ရှင်နဲ့ လိုက်လာတာ ငါးနှစ်ရှိပြီ။ ဘာမှ မတောင်းဆိုခဲ့ပါဘူး။ အခု လက်စွပ်လေး တစ်ကွင်းတောင် မထိုက်တန်တော့ဘူးလား။ ကျွန်မ အသေးဆုံးလေး တစ်ကွင်းပဲ လိုချင်တာပါ...”
အဖြူရောင် ဝတ်စုံကို ဆင်မြန်းထားသော သူဌေးသားက ဒေါသတကြီး အသံဖြင့် ပြန်လည် ပြောဆိုလိုက်သည်။ “ကျင်းကျင်း။ အသေးဆုံးတောင် ငွေခုနစ်ဆယ့်ကိုးတေလ်း ပေးရတာ။ ငါ မင်းကို ငတ်အောင်ထားလို့လား။ အေးအောင် ထားလို့လား။ အဲဒီပိုက်ဆံနဲ့ တခြားဟာ လုပ်တာ ပိုမကောင်းဘူးလား။ ငါ မင်းကို အရင်တည်းက ပြောဖူးသားပဲ။ မိန်းမတွေက အဲဒီ အဓိပ္ပာယ်မရှိတဲ့ လက်ဝတ်ရတနာတွေ မလိုပါဘူးလို့။ ဘာအသုံးကျလို့လဲ။”
မိန်းမဖြစ်သူက ဆက်လက် ငိုယိုကာ ပြောဆိုလိုက်ပြန်၏။ “အခု ရှင် ကျွန်မကို စိတ်ပျက်နေပြီလား။”
သူဌေးသားက ဒေါသတကြီးဖြင့် ပြောဆိုလိုက်သည်။ “ဒီမှာ လာငိုပြီး ငါ့ကို အရှက်မခွဲနဲ့။ မြန်မြန်သွား။ ဒီပိုက်ဆံနဲ့ လျှို့ဝှက်ရနံ့စံအိမ်ကို သွားပျော်ပါးတာကမှ ပိုကောင်းအုံးမယ်။ တော်ပြီ … မငိုနဲ့တော့။ နောက်ကျရင် မင်းကို ပိုကောင်းတာ ဝယ်ပေးမယ်။ ဒီပစ္စည်းက ဘာများ ဆန်းလို့လဲ။”
“ဪ...” ဖန်ကျန်းရီတို့ လေးဦးက ပြိုင်တူပင် အထင်သေးလှောင်ပြောင်သော အမူအရာများကို ပြသလိုက်ကြသည်။ အပျော်အပါး သွားရန်အတွက်ကျ ငွေကြေးရှိနေပြီး၊ လက်စွပ်ဝယ်ရန်အတွက်ကျတော့ ငွေကြေးမရှိပေ။ ထို့အပြင် မျှော်လင့်ချက်များကိုပါ ပေးနေသေးသည်။ တကယ့် လူယုတ်မာပင် ဖြစ်၏။
လီယွမ်ကျောက်က ဒေါသတကြီးဖြင့် သူ၏အင်္ကျီလက်ကို ပင့်တင်လိုက်သည်။ “ဒီလူ တကယ် အရိုက်ခံချင်နေတာပဲ။ ကျုပ် သွားပြီး သူ့ကို ပညာပေးလိုက်မယ်။”
ဖန်ကျန်းရီက အလျင်အမြန်ပင် ဆွဲတားထားလိုက်ရ၏။ လူငယ်များအနေဖြင့် ဤသို့ အလောတကြီး နိုင်လွန်းခြင်းမှာ မကောင်းပေ။
“ဘာလောနေတာလဲ။ ကျုပ်တို့က စီးပွားရေး လာလုပ်တာ။ ရန်လာဖြစ်တာ မဟုတ်ဘူး။ သူ့ကို ပညာပေးမယ်။ ကျုပ်နောက် လိုက်ခဲ့။”
ထိုသို့ပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် ဖန်ကျန်းရီက လေးယောက်သားကို ဆိုင်ခန်းရှေ့သို့ ခေါ်ဆောင်သွားကာ အရောင်းကိုယ်စားလှယ် အလှမယ်အား ပြောဆိုလိုက်သည်။ “စားပွဲပေါ်က လက်ဝတ်ရတနာတွေ အကုန်လုံးကို ထုပ်ပိုးပေးပါ။ ဒီသခင်လေး အကုန်ယူမယ်။”
ထို့နောက် အရောင်းကိုယ်စားလှယ် အလှမယ်အား မျက်စပစ်ပြလိုက်ပြီး သူ၏ အကြည့်များက သူဌေးသားရှိရာဆီသို့ အဆက်မပြတ် ရောက်ရှိနေ၏။
အရောင်းကိုယ်စားလှယ် အလှမယ်မှာ ချက်ချင်းပင် သဘောပေါက်သွားခဲ့ပြီး အသံကျယ်ကျယ်ဖြင့် ပြောဆိုလိုက်သည်။ “အို သခင်လေး။ တကယ်ကို တိုက်ဆိုင်နေတာပဲ။ ဒီက လက်စွပ် အနည်းငယ်ကို လူမှာထားပြီးပါပြီ။ ပြီးတော့ သခင်လေး ဘေးက လူကြီးမင်းကလည်း ဒီနောက်ဆုံး တစ်ကွင်းကို ယူမလို့ လုပ်နေတာ... သခင်လေး ကြည့်ပါအုံး...”
ဖန်ကျန်းရီက နောက်သို့လှည့်ကာ သူဌေးသားအား တည့်တည့်စိုက်ကြည့်ပြီး ပြုံးလျက် မေးမြန်းလိုက်၏။ “အစ်ကိုကြီး …. မျိုးရိုးနာမည် ဘယ်လိုခေါ်လဲ မသိဘူး။”
သူဌေးသား၏ စိတ်အခြေအနေမှာ အနည်းငယ် မကြည်မလင် ဖြစ်နေသည်။ ထို့ကြောင့် မည်းမှောင်နေသော မျက်နှာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။ “မျိုးရိုးနာမည်က ချောင်။ ချောင်ဇိုလို့ ခေါ်တယ်။”
ဖန်ကျန်းရီက ပြုံးဖြီးဖြီး မျက်နှာထားဖြင့် ဆက်လက်ပြောဆိုလိုက်၏။ “အစ်ကိုချောင် ….. ဒီလက်စွပ်ကို ယူမှာလား။ မယူရင် ကျုပ်ပဲ ယူလိုက်တော့မယ်။ ဇနီးသည်ရဲ့ ပုံစံကို ကြည့်ရတာ အချိန်အတော်ကြာတော့ တွေဝေနေပြီ ထင်တယ်။”
ချောင်ဇိုက သူ၏ရင်တွင်းမှ ဒေါသကို မြိုသိပ်ကာ မေးမြန်းလိုက်သည်။ “လူကြီးမင်း နာမည် ဘယ်လိုခေါ်လဲ။”
“လူတွေကတော့ ကျွန်တော့်ကို လူကြီးမင်းစိုက် လို့ ခေါ်ကြတယ်။ အစ်ကိုကြီးလည်း လူကြီးမင်း စိုက်လို့ပဲ ခေါ်ပါ။” ဖန်ကျန်းရီက အထင်သေးလှောင်ပြောင်သော အမူအရာဖြင့် ပြန်လည်ပြောဆိုလိုက်၏။
“ဟမ့် .. လူကြီးမင်းစိုက်ဟုတ်လား။ မကြားဖူးဘူး။” ဖန်ကျန်းရီကဲ့သို့သော ဖိတ်ခေါ်မထားသည့် ဧည့်သည်ကို ရင်ဆိုင်ရသောကြောင့် ချောင်ဇိုမှာ ပို၍ပင် စိတ်မရှည် ဖြစ်လာသည်။
“အစ်ကိုချောင် …. ဒီလက်စွပ်ကို ကျုပ် သဘောကျသွားပြီ။ နည်းနည်း ဖယ်ပေးပါလား။”
“ဘာကိစ္စနဲ့လဲ။”
ဖန်ကျန်းရီက လှောင်ပြောင်လိုက်၏။ “ဘာကိစ္စနဲ့ ဖြစ်ရမလဲ။ အစ်ကိုကြီးမှာ ပိုက်ဆံမရှိလို့ပေါ့။ ကောင်းကောင်းမွန်မွန် တိုင်ပင်လို့ ရပါတယ်။ အစ်ကိုချောင် ဒီလို အချိန်ဖြုန်းနေရင်တော့ မကောင်းဘူး။ ကျုပ်မှာ ကိုယ်လုပ်တော် တစ်ဆယ့်ရှစ်ယောက် ရှိတယ်။ ပစ္စည်းဝယ်တိုင်း အစ်ကိုကြီးလိုသာ အချိန်ဆွဲနေရင် တခြားဘာမှ လုပ်စရာ အချိန်ရှိမှာ မဟုတ်တော့ဘူး။ ရပြီ။ ဖယ်ပေးမလား ၊ မဖယ်ပေးဘူးလားသာ ပြော။”
“မင်း...” ချောင်ဇိုက ပြန်လည်ပြောဆိုချင်သော်လည်း မိမိ၏ ဒေါသကို ဖြေဖျောက်ရန် ငွေတစ်ရာကျော် အကုန်ခံရသည်မှာ မတန်ဘူးဟု တွေးတောမိသဖြင့် မိန်းမဖြစ်သူ၏ အင်္ကျီလက်ကို ဆွဲကာ လှည့်ထွက်ရန် ပြင်ဆင်လိုက်သည်။
ထိုအချိန်မှာပင် ဖန်ကျန်းရီ၏ အသံက ထွက်ပေါ်လာခဲ့၏။ “မိန်းကလေး .. အစ်ကိုချောင်က လူကောင်း မဟုတ်ဘူးလို့ ထင်တယ်။ မင်း ဒီလောက် လှတာ ဒီသခင်လေးနောက် လိုက်ခဲ့တာ ပိုမကောင်းဘူးလား။ သူက လက်စွပ်လေး တစ်ကွင်းတောင် မဝယ်ပေးဘူး။ အတော်ပဲ … မင်း ငါနဲ့ အိမ်လိုက်ခဲ့ပြီး တစ်ဆယ့်ကိုးယောက် မြောက် ကိုယ်လုပ်တော် လုပ်ပေါ့။ မင်းကို ချမ်းသာကြွယ်ဝမှုတွေ အပြည့်အဝ ခံစားရစေမယ်လို့ အာမခံတယ်။ တခြားဟာတွေ မပြောရဲရင်တောင် လက်ဝတ်ရတနာလေး တစ်ခုလောက်ကတော့ ပြဿနာ မရှိပါဘူး။”
“စိုက် ဆိုတဲ့ကောင်။ မင်း ပြဿနာ လာရှာတာ မဟုတ်လား။”
ချောင်ဇို တစ်ယောက် နောက်ဆုံးတွင် မထိန်းချုပ်နိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
ဖန်ကျန်းရီက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ “ပြဿနာရှာတယ်ဟုတ်လား။ ဒီသခင်လေးကို အရမ်း အားနေတယ်လို့ ထင်နေလား။ လက်စွပ် လာဝယ်တာကို ဆင်းရဲသား တစ်ယောက်နဲ့ လာတွေ့တယ်။ အိမ်သာတက်ဖို့ နေရာယူထားပြီး ချေးမပါတဲ့လိုပဲ။ ဒီမှာ လာပြီး ရွံစရာကောင်းအောင် လုပ်နေတယ်။ ဒီသခင်လေးရဲ့ ကိုယ်လုပ်တော် တစ်ဆယ့်ရှစ်ယောက်လုံးက လက်စွပ် ဝယ်ပေးဖို့ ပူဆာနေကြတာ။ အခု ခင်ဗျား မဝယ်ဘဲ ဒီမှာ ရပ်ပြီး နှောင့်ယှက်နေတာ ဘာသဘောလဲ။”
ထို့နောက် မိန်းကလေးရှိရာဘက်သို့ လှည့်ကာ ပြုံးလျက် ပြောဆိုလိုက်သည်။ “မိန်းကလေး … မင်းကို ချစ်တဲ့ ယောကျ်ားက မင်းအတွက် သေချာပေါက် ပိုက်ဆံ သုံးလိမ့်မယ်။ တကယ်ချစ်တဲ့ ယောကျ်ားက မင်းအတွက် ပိုက်ဆံ အကုန်ခံတဲ့ ယောကျ်ားပဲ။
တကယ်လို့ သူက မင်းကို ချိုသာတဲ့ စကားတွေပဲ ပြောပြီး မင်းအတွက် တစ်ပြားမှ အကုန်မခံဘူးဆိုရင် အဲဒါက ဆယ်ပုံ ကိုးပုံက အချစ်တုပဲ။ မင်း ပိုက်ဆံမရှိတဲ့ ယောကျ်ားကို ရှာလို့ရတယ်။ ဒါပေမဲ့ မင်းအပေါ် နှမြောတွန့်တိုတဲ့ ယောကျ်ားကိုတော့ လုံးဝ မရှာရဘူး။ မင်းအတွက် ပိုက်ဆံ အကုန်ခံရဲတဲ့ ယောကျ်ားက မင်းကို ချစ်ချင်မှ ချစ်မယ်။ ဒါပေမဲ့ မင်းအတွက် ပိုက်ဆံ အကုန်မခံရက်တဲ့ ယောကျ်ားကတော့ မင်းကို လုံးဝ မချစ်ဘူး ဆိုတာ သေချာတယ်။”
မိန်းမဖြစ်သူသည် ထိုစကားများကို ကြားလိုက်ရပြီးနောက် အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့သည်။ ပြောဆိုလိုက်သည်မှာ အလွန်ပင် ယုတ္တိရှိလှပေသည်။ ဤသည်မှ သူမ ပြောဆိုချင်နေခဲ့ပြီး ဖွင့်ဟမပြောနိုင်ခဲ့သော ရင်တွင်းမှ စကားများပင် မဟုတ်ပါလား။ ဖန်ကျန်းရီအား ထပ်မံ ကြည့်ရှုလိုက်သည့် သူမ၏ အကြည့်များတွင် လေးစားမှု အရိပ်အယောင်များပင် စွက်ဖက်ပါဝင်လာခဲ့သည်။
ချောင်ဇိုမှာ ဒေါသထွက်သွားခဲ့သော်ငြားလည်း အလွန်ပင် ရှက်ရွံ့နေခဲ့သဖြင့် ဒေါသတကြီးဖြင့် ပြောဆိုလိုက်၏။ “ကျင်းကျင်း …. သွားမယ်။ ဒီလူနဲ့ လျှောက်ပြောမနေနဲ့တော့။”
ကျင်းကျင်းမှာ နေရာ၌ပင် တွေဝေစွာ ရပ်နေမိပြီး လက်စွပ်လေးကို တစ်ချက်ကြည့်လိုက်ကာ ဖန်ကျန်းရီအား အကူအညီ တောင်းခံသည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
ဖန်ကျန်းရီက ထိုအခြေအနေကို မြင်တွေ့လိုက်ရချိန်တွင် တဟားဟား ရယ်မောလိုက်ပြီး ဘေးတွင်ရှိနေသော ပိုင်ရီအား ဆွဲခေါ်ကာ အရောင်းကိုယ်စားလှယ် အလှမယ်ကို အသံကျယ်ကျယ်ဖြင့် ပြောဆိုလိုက်၏။ “လာ …. အဲဒီ လက်စွပ်ကို ယူလာခဲ့ပြီး ကျုပ် မိန်းမကို စွပ်ပေးလိုက်။ ဘာပဲဖြစ်ဖြစ် အဲဒီဆင်းရဲသားက မယူတော့ဘူး။”
အရောင်းကိုယ်စားလှယ် အလှမယ်က အချိန်ကိုက်ပင် အကြီးစား စိန်လက်စွပ် တစ်ကွင်းကို ကမ်းပေးလိုက်သည်။ ဖန်ကျန်းရီက လက်စွပ်ကို လှမ်းယူလိုက်ကာ ပိုင်ရီ၏ လက်ချောင်းထက်တွင် သေချာစွာ စွပ်ပေးလိုက်ရာ ကွက်တိပင် ဖြစ်သွားသည်။
ပိုင်ရီမှာ ဤလုပ်ရပ်ကြောင့် မည်သို့ ပြုမူရမည်ကို မသိဖြစ်သွားပုံရပြီး မျက်နှာတစ်ပြင်လုံး နီရဲလျက် လက်စွပ်ကို တစ်ချက် ကြည့်လိုက်၊ ဖန်ကျန်းရီကို တစ်ချက် ကြည့်လိုက် လုပ်နေမိသည်။ သူမ လက်ဆောင် မရရှိခဲ့သည်မှာ နှစ်ပေါင်းမည်မျှ ကြာမြင့်ခဲ့ပြီနည်း။
“နေအုံး …. ငါ မဝယ်ဘူးလို့ ပြောလို့လား။ လက်စွပ်ကို ချွတ်လိုက်စမ်း။”
ချောင်ဇိုမှာ သူ့အား ဟိုဘက်က ဆင်းရဲသား၊ ဒီဘက်က ဆင်းရဲသားဟု ထပ်တလဲလဲ ပြောဆိုနေသဖြင့် ဒေါသများ ပေါက်ကွဲ ထွက်လာသည်။ ဘယ်အရပ်က ရုတ်တရက် ချမ်းသာလာသောကောင် နည်း။ ဤသခင်လေး၏ ခေါင်းပေါ်သို့ တက်နင်းကာ လာရောက် အော်ဟစ်ဝံ့သေး၏။
“အို … ဒီလက်စွပ်က ကျုပ်မိန်းမရဲ့ လက်ထဲ ရောက်နေပြီ။ ပြန်ချွတ်ပေးစရာ အကြောင်း ရှိလို့လား။ ခင်ဗျားကို အမြန်သွားဖို့ အကြံပေးချင်တယ်။”
မိန်းမ ဆိုသည့် စကားလုံးကို ထပ်မံ ကြားလိုက်ရပြန်သောကြောင့် ပိုင်ရီ၏ နှလုံးသားလေးမှာ တုန်ခါသွားခဲ့ရပြီး မည်သို့မှ မနေနိုင်တော့ဘဲ လက်နှစ်ဖက်ဖြင့် သူမ၏ လှပသော မျက်နှာလေးကို အုပ်ထားလိုက်မိလေတော့သည်။
ချောင်ဇိုက အေးစက်စက် ပြုံးလိုက်လျက် အလှမယ်အား ပြောဆိုလိုက်၏။ “ငါ အရင်လာတာ။ မင်းက ဘယ်လိုလုပ် လက်စွပ်ကို သူ့ကို အရင်ပေးရတာလဲ။ မင်းကို ငါမေးမယ်။ ဒီလက်စွပ်က တကယ်တော့ ဘယ်သူ့ဟာလဲ။”
အရောင်းကိုယ်စားလှယ် အလှမယ်က ထိတ်လန့်နေသော မျက်နှာအမူအရာဖြင့် ပြန်လည် ဖြေကြားလိုက်သည်။ “သခင်လေးဟာပါ။ ဘာပဲဖြစ်ဖြစ် သခင်လေး အရင်လာတာကိုး။ လူကြီးမင်းစိုက် ... လူကြီးမင်း မိန်းမဆီက လက်စွပ်ကို ပြန်ပေးပါ...”
ဖန်ကျန်းရီက အလျင်အမြန် ပြောဆိုလိုက်၏။ “ဒီလက်စွပ် ဘယ်လောက်လဲ။ မူလစျေးထက် ငွေတစ်ရာ ထပ်ပေးမယ်။”
“ဒီအကြီးစား စိန်လက်စွပ်က မူလစျေး ငွေနှစ်ရာပါ။ လူကြီးမင်း ထပ်ပေါင်းလိုက်ရင် ငွေသုံးရာ ဖြစ်သွားပြီ...”
“ငါလည်း ငွေသုံးရာ ပေးမယ်။” ချောင်ဇိုက ချက်ချင်းပဲ ဈေးထပ်တင်လိုက်သည်။
ဖန်ကျန်းရီက ထိုစကားကို ကြားလိုက်ရပြီးနောက် ချက်ချင်း တွေဝေသွားသကဲ့သို့ဟန်ပြုရင်း ခေါင်းကိုငုံ့ထားလျက် စကားမဆိုတော့ပေ။
ချောင်ဇိုက ထိုအခြေအနေကို မြင်တွေ့လိုက်ရချိန်တွင်တော့ အေးစက်စက် ပြုံးလိုက်လျက် ပြောဆိုလိုက်၏။ “ဆင်းရဲသား... ပိုက်ဆံ မထုတ်နိုင်ရင် လက်စွပ် ပြန်ပေး။”
ထိုသို့ပြောဆိုရင်းဖြင့် သူ၏အင်္ကျီလက်တွင်းမှ ငွေစက္ကူ နှစ်ရွက်ကို ထုတ်ယူကာ စားပွဲပေါ်သို့ ရိုက်ချလိုက်သည်။
ဖန်ကျန်းရီက အံကြိတ်ကာ ပြန်လည်ပြောဆိုလိုက်၏။ “ကောင်းပြီ။ ခင်ဗျား သိပ်ရက်စက်တယ်။ ဒီပစ္စည်း ခင်ဗျား ယူလိုက်တော့။”
ပိုင်ရီ၏ မျက်နှာကို အုပ်ထားသော လက်နှစ်ဖက်ကို ဖန်ကျန်းရီက အတင်းအဓမ္မ ဖြဲချလိုက်ပြီး လက်စွပ်ကို ဆွဲချွတ်ကာ ချောင်ဇိုထံသို့ ပစ်ပေးလိုက်သည်။
ချောင်ဇိုက ဖန်ကျန်းရီအား ဂုဏ်ယူဝင့်ကြွားစွာဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် လက်စွပ်ကို မိန်းမဖြစ်သူ၏ လက်ချောင်းထက်တွင် စွပ်ပေးကာ လှောင်ပြောင်ပြောဆိုလိုက်၏။ “ပိုက်ဆံမရှိရင် အပြင်ထွက်ပြီး မကြွားနဲ့။ မင်းလို ဟန်ဆောင်နေတဲ့ သူဌေးအတုတွေကို ဒီသခင်လေး မြင်ဖူးတာ များနေပြီ။ ဟားဟားဟား။”
ထိုသို့ ပြောဆိုပြီးသည်နှင့် မိန်းမဖြစ်သူကို ခေါ်ဆောင်ကာ ကျေနပ်ဝမ်းသာစွာဖြင့် ထွက်ခွာသွားသည်။ မထွက်ခွာမီလေးတွင် မိန်းမဖြစ်သူက ဖန်ကျန်းရီအား ကျေးဇူးတင်သော အကြည့်ဖြင့် တစ်ချက် လှမ်းကြည့် သွားသေးသည်။
ပိုင်ရီမှာ လက်စွပ် အချွတ်ခံလိုက်ရပြီးနောက် ဦးနှောက်ထဲ၌ တစ်ခဏမျှ ဟာလာဟင်းလင်း ဖြစ်သွားခဲ့ရပြီး ကောင်းမွန်နေသော စိတ်အခြေအနေများလည်း လုံးဝ ပျောက်ကွယ်သွားခဲ့ရည်။ သတိပြန်လည် ဝင်လာချိန်တွင်တော့ သူမ၏ ရင်တွင်း၌ အပ်ဖြင့် အထိုးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ပြောမပြတတ်အောင် နာကျင်လာသည်။ မျက်ဝန်းအစုံ၌လည်း မျက်ရည်များ ပြည့်နှက်လာခဲ့၏။
လူယုတ်မာ။ အဘယ်ကြောင့် သူမကို ဤသို့ အနိုင်ကျင့်နေရသနည်း..။ သူမ မလှလို့လား။ တစ်ဖက်လူ၏ မျက်လုံးထဲတွင် သူမက နည်းနည်းလေးမှ အရေးမပါလေသည်လား။
ယခင်က ခံစားခဲ့ရသော ဝမ်းနည်းကြေကွဲမှုများနှင့်အတူ စိတ်ပျက်အားငယ်မှု တစ်ခုက ရင်တွင်းသို့ ထပ်မံ ဝင်ရောက်လာခဲ့ပြီး လောကကြီး တစ်ခုလုံး မည်းမှောင်သွားခဲ့ရသည်။
ပိုင်ရီသည် အောက်နှုတ်ခမ်းကို တင်းကျပ်စွာ ကိုက်ထားလျက် ခေါင်းငုံ့ကာ တစ်ခွန်းမှ မဟတော့ချေ။ သို့ပေမည့် သူမ၏ နူးညံ့သော လက်နှစ်ဖက်က အင်္ကျီစကို အဆက်မပြတ် ဆွဲချေနေခဲ့ပြီး လက်ချောင်းငါးချောင်းလုံး ဖြူရော်သွားသည်အထိ အားစိုက်ထားမိသည်ကိုပင် သတိမထားမိနိုင်တော့ချေ။
ရုတ်တရက် ကြီးမားသော လက်တစ်စုံက သူမ၏ အမြင်အာရုံအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး သူမ၏ လက်ကို ဆွဲဖွင့်ကာ ပို၍ကြီးမားပြီး ပို၍တောက်ပသော စိန်လက်စွပ် တစ်ကွင်းကို လက်ညှိုးပေါ်သို့ စွပ်ပေးလိုက်၏။
ပိုင်ရီသည် ခေါင်းမော့လာခဲ့ပြီး သူမရှေ့ရှိ ယောကျ်ားအား ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်လိုက်သည်။
ဖန်ကျန်းရီက ပြုံးလိုက်ရာ ဖြူဖွေးသော သွားနှစ်တန်း အထင်းသား ပေါ်လွင်လာခဲ့၏။
“သဘောကျလား။ စောစောက ဟာက မကောင်းဘူး။ သခင်လေး နောက်ထပ် အကြီးကြီး တစ်ခု ပေးမယ်။”
ပိုင်ရီ၏နှလုံးသားလေးမှာ ရုတ်တရက် ထပ်မံ တုန်ခါသွားခဲ့ရပြီး လောကကြီး ပြန်လင်းလာသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် ဖန်ကျန်းရီအား ငေးမောစွာ စိုက်ကြည့်နေရင်း မျက်ဝန်းများ၌ မျက်ရည်များ ဝဲတက်လာသည်။ ပါးပြင်နှစ်ဖက်မှာလည်း ပန်းရောင်သန်းလာသည်။
ဖန်ကျန်းရီသည် ထိုအခြေအနေကို မြင်တွေ့လိုက်ရချိန်တွင် မျက်နှာပေါ်ရှိ ကြွက်သားများ ရုတ်တရက် တောင့်တင်းသွားခဲ့၏။
ဒုက္ခပဲ။ ဇာတ်လမ်းရိုက်နေတာကို တကယ် ခံစားနေတာများလား။