← Chapters

အခန်း (၉၇-၉၈)

Vol. 7 Ch. 97-98

အခန်း (၉၇-၉၈)

Vol. 7 Ch. 97-98

အပိုင်း (၉၇) မြို့တော် ပြုပြင်မွမ်းမံရေး အစီအစဉ်။

သူတို့နှစ်ဦး အချင်းချင်း စိုက်ကြည့်နေမိကြပြီး လေထုမှာ အနည်းငယ် ထူးဆန်းနေသည်။

ပိုင်ရီမှာ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားလေရာ ဖန်ကျန်းရီက သူမ၏ ခေါင်းကိ အားကုန် ပွတ်သပ်လိုက်၏။

ကြက်သိုက်တစ်ခုအလား ဖြစ်သွားသည်အထိ ပွတ်သပ်လိုက်ပြီးနောက် ထိုအခက်တွေ့နေသော အခြေအနေကို လိမ္မာပါးနပ်စွာ ချိုးဖျက်လိုက်သည်။

ထို့နောက် ကျန်းပြောင်ရှိရာဘက်သို့ လှည့်ကာ ပြောဆိုလိုက်၏။ “ရှောင်ထောင်တို့ ဘယ်သွားကြတာလဲ။ သူ့ကို ပြန်ရှာလာခဲ့။ ငါတို့ ဒီနေ့ ဒီလောက်ပဲ။ လီယွမ်ကျောက်ကို အိမ်ပြန်ပို့ပေးရမယ်။”

ထို့နောက် မကျေမနပ်ဖြစ်နေသော လီယွမ်ကျောက်အား အိမ်သို့ ပြန်လည်ပို့ဆောင်ပေးပြီးမှ ဖန်ကျန်းရီတို့ အဖွဲ့လည်း အိမ်တော်သို့ ပြန်လည်ရောက်ရှိကြသည်။

အိမ်တော်သို့ ရောက်ရှိပြီးနောက် သူတို့အဖွဲ့မှာ ထမင်းစားပွဲဘေး၌ ထပ်မံ၍ ဝိုင်းထိုင်ကြပြန်၏။

သို့ပေမည့် လူတိုင်း၏ အကြည့်များမှာ စားပွဲပေါ်၌ ရှုပ်ယှက်ခတ်နေသော ငွေစက္ကူများနှင့် အဝတ်အိတ် တစ်အိတ် ကိုသာ စူးစိုက်ကြည့်နေကြသည်။

ဖန်ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွားခဲ့ပြီး အလျင်အမြန် ပြောဆိုလိုက်၏။ “မြန်မြန် ရေကြည့်စမ်း။ အကုန် ဘယ်လောက်ရှိလဲ။”

လူတိုင်းက အလျင်စလိုပင် စတင်ရေတွက်ကြလေရာ အချိန်သိပ်မကြာမီမှာပဲ ကိန်းဂဏန်းများ ထွက်ပေါ် လာခဲ့သည်။

အားလုံး စုစုပေါင်းလိုက်လျှင် ငွေ လေးသောင်းလေးရာငါးဆယ့်ငါးကျပ် တိတိ ရှိ၏။

ထိုကိန်းဂဏန်းကို ကြားသိလိုက်ရပြီးနောက် ဖန်ကျန်းရီမှလွဲ၍ ကျန်လူအားလုံးမှာ အံ့အားသင့် တုန်လှုပ် သွားကြသည်။ မြို့တော်အတွင်း၌ ဤမျှ ငွေကြေးပေါများသော သူဌေးသားများ များပြားလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိပေ။

လက်စွပ်နှင့် ဆွဲကြိုး အပါအဝင် အခုရေ သုံးရာကျော်ခန့်ကို ရောင်းချခဲ့ရခြင်း ဖြစ်သည်။

တစ်ညတည်း လက်လီရောင်းချရုံမျှဖြင့် ငွေလေးသောင်းကျော် ရရှိနိုင်သည်မှာ တကယ်ကို တွေးတောင် မတွေးရဲစရာပင် ဖြစ်၏။

ဖန်ကျန်းရီက မေးစေ့ကို ပွတ်သပ်ကာ ရယ်မောလိုက်သည်။ မြို့တော်၏ ဝယ်ယူနိုင်စွမ်းမှာ အမှန်တကယ်ပင် အားကောင်းလှသည်။ သူ ထပ်မံ မှာကြားထားသော မှန်လက်စွပ်များကို လောလောဆယ် စျေးကွက်အတွင်း၌ ပွင့်ပွင့်လင်းလင်း ရောင်းချ၍ ရနိုင်ဦးမည် မဟုတ်သေးချေ။

သူက ရှောင်ထောင်ဘက်သို့ လှည့်ကာ ပြောဆိုလိုက်သည်။ “မနက်ဖြန် အပြင်ထွက်ပြီး သတင်းဖြန့်လိုက်။ ပွဲစား တော်တော်များများကို ရှာပြီး စိန်လက်စွပ်နဲ့ စိန်ဆွဲကြိုးကို စျေးကြီးပေးပြီး ဝယ်ချင်တယ်လို့ ပြောလိုက်။”

ရှောင်ထောင်က စိတ်ပျက်လက်ပျက်ဖြင့် ပြန်လည်ပြောဆိုလိုက်၏။ “သခင်လေး ဒီလိုလုပ်တာ မကောင်းဘူး ထင်တယ်။ ကျွန်မ ဈေးဝယ်ထွက်တုန်းက သခင်လေးက အိမ်ရှေ့စံမင်းသားရဲ့ နာမည်ကို သုံးပြီး ဒီပစ္စည်း ရောင်းနေတယ်ဆိုတာ ကြားခဲ့ရတယ်။ သူများတွေ သိသွားရင် ပြဿနာ တက်မှာမလား။”

ဖန်ကျန်းရီက မျက်လုံးပြူးကာ ကြည့်လိုက်သည်။ “မင်းကို သွားဆိုရင် သွားလိုက်။ သခင်လေး … ငါ့စိတ်ထဲမှာ အစီအစဉ် ရှိတယ်။”

စိန်လက်စွပ် ကိစ္စမှာ ဤမျှ ကြီးကျယ်နေသည်ဖြစ်ရာ ကျင်းဘုရင် မသိဘဲ မနေနိုင်ပေ။

ဖန်ကျန်းရီက စောစောတည်းက စိတ်တွင်း၌ ကြိုတင် တွက်ဆထားခဲ့ပြီး မနက်ဖြန်တွင် တိုက်ရိုက် ထိုးစစ်ဆင်ရန် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ ဤမျှများပြားသော ငွေသောင်းဂဏန်းလောက်ကို မည်သူက မယစ်မူးဘဲ နေနိုင်မည်နည်း။

လုဖာက အံ့ဩတကြီးဖြင့် မေးမြန်းလိုက်သည်။ “သခင်လေး … ကျုပ်တို့ ရောင်းနေတာ တကယ်တော့ ဘာပစ္စည်းလဲ။ ဒီလောက်တောင် စျေးကြီးတာ။”

သူသည် ထိုအချိန်က အမြန်ဆုံး ပြေးထွက်သွားခဲ့ပြီး အဝေးရှိ ပြည့်တန်ဆာရုံ တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ကျန်းပြောင်ပင်လျှင် သူ့အား မတွေ့လိုက်ရချေ။ ကိစ္စပြီးဆုံး၍ လျှို့ဝှက်ရနံ့စံအိမ်ရှေ့သို့ ပြန်လည် ရောက်ရှိလာသောအခါ လူများ အကုန်လုံး လူစုကွဲသွားပြီဖြစ်သဖြင့် သူ့ဘာသာ ဖန်အိမ်တော်သို့ ပြန်လာခဲ့ခြင်း ဖြစ်၏။

ဖန်ကျန်းရီက ပြုံးလိုက်သည်။ “ဘာဖြစ်ရအုံးမှာလဲ။ ကျုပ်တို့ တောက်ယွမ်ခရိုင်ရဲ့ ဒေသထွက် ကုန်ပစ္စည်းပေါ့။”

လုဖာက နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်၏။ “ကျုပ်တို့ တောက်ယွမ်ခရိုင်မှာ ဒီလောက် စျေးကြီးတဲ့ ဒေသထွက် ကုန်ပစ္စည်း ရှိလို့လား။”

ဖန်ကျန်းရီက စားပွဲပေါ်ရှိ အဝတ်အိတ်ကို ယူကာ တစ်ချက် ခါချလိုက်လေရာ စိန်လက်စွပ်များနှင့် ဆွဲကြိုးများ အများအပြား ချက်ချင်း ထွက်ကျလာခဲ့ပြီး စားပွဲပေါ်၌ အပြည့် ဖြစ်သွားတော့သည်။

ပိုင်ရီ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားခဲ့၏။

“ဒါ မှန်တွေ မဟုတ်ဘူးလား။ သခင်လေး လှတယ်။”

လုဖာက လေးစားအားကျသော အမူအရာဖြင့် ကြည့်ကာ သတိထား၍ မေးမြန်းလိုက်သည်။ “သခင်လေး …. ကျုပ်ကို နည်းနည်းလောက် ပေးလို့ ရမလား။ ကျုပ်လည်း ပိုက်ဆံရအောင် အပြင်ထွက်ပြီး နည်းနည်း ရောင်းချင်လို့...”

“မရဘူး။ ဒီပစ္စည်းတွေကို သခင်လေး … ငါက အများကြီး အသုံးချစရာ ရှိတယ်။ မင်းက တစ်နေ့လုံး ကြိုးကြိုးစားစား အလုပ်လုပ်ပြီး ပိုက်ဆံရှာဖို့ မလုပ်ဘဲ ဘာလို့ ဖြတ်လမ်းလိုက်ဖို့ စဉ်းစားနေတာလဲ။ သခင်လေး … ငါက မင်းတို့ကို ဘယ်လို သင်ပေးထားလဲ မေ့နေပြီလား။ ရိုးရိုးသားသား အလုပ် မလုပ်တတ်ဘူးလား။

ကျန်းပြောင်။ သွားပြီး သူ့ကို ပညာပေးလိုက်စမ်း။”

လုဖာမှာ ဝမ်းနည်းပက်လက် မျက်နှာထားဖြင့် ကျန်းပြောင်၏ ဆွဲခေါ်သွားခြင်းကို ခံလိုက်ရလေတော့၏။

ထို့နောက် ဖန်ကျန်းရီက ရှောင်ထောင်ဘက်သို့ လှည့်ကာ ပြောဆိုလိုက်သည်။ “လူအများကြီး ရှာပြီး စိန်လက်စွပ်စျေးကို မြင့်အောင် လုပ်ဖို့ မမေ့နဲ့။ အကြီးအကျယ် တစ်ခါလောက် ရိတ်သိမ်းလိုက်မယ်။ ဘယ်လောက်ရရ အကုန် ယူရမယ်။”

ရှောင်ထောင်က အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးမြန်းလိုက်၏။ “သခင်လေး … ဒီလိုလုပ်တာ တကယ် ပြဿနာ မရှိဘူးလား။

သေချာပေါက် ပြဿနာ မရှိဘူး။ ကောင်းကင်ကြီး ပြိုကျလာရင်တောင် အိမ်ရှေ့စံမင်းသားက ထောက် ပေးထားလိမ့်မယ်။ ငါတို့က ဒါကို သူဌေးဆီက လုပြီး ဆင်းရဲသားကို ကယ်တင်တာလို့ ခေါ်ရမယ်။ လွတ်လွတ်လပ်လပ်သာ လုပ်စမ်းပါ။”

...

နောက်တစ်နေ့ စာကြည့်ဆောင်၌ ဖြစ်သည်။

ကျင်းဘုရင်၏ စားပွဲပေါ်တွင် နှစ်သောင်းတန် ငွေစက္ကူကို တင်ထားပြီး ဖန်ကျန်းရီက ကျင်းဘုရင်၏ ရှေ့မှောက်၌ ပြုံးရွှင်စွာ ထိုင်နေ၏။

ကျင်းဘုရင်က သိသိကြီးဖြင့် မေးမြန်းလိုက်သည်။ “ဖန်အမတ် … ဒါက ဘာသဘောလဲ။ တောက်ယွမ်ခရိုင်က အခွန်ပေးဖို့ ကျန်တဲ့ ငွေတွေတော့ မဟုတ်ပါဘူးနော်။”

“အရှင်မင်းကြီး ဒီငွေတွေက မနေ့က ကျွန်တော်မျိုးနဲ့ အိမ်ရှေ့စံမင်းသားတို့ စီးပွားရေး လုပ်ပြီး ရလာတာပါ။ ကျွန်တော်မျိုးက အိမ်ရှေ့စံမင်းသားဆီပေးဖို့ စိတ်မချလို့ အရှင်မင်းကြီးဆီ ပေးတာက ပိုယုံကြည်ရမယ် ထင်လို့ပါ။”

ကျင်းဘုရင်၏ မျက်နှာထက်တွင် ဝမ်းသာအားရဖြစ်သော အမူအရာများ ပေါ်ထွက်လာခဲ့၏။ “ဪ … ဒီလိုကိစ္စ ရှိတယ်ပေါ့။ ဒါဆို ကိုယ်တော်က အိမ်ရှေ့စံမင်းသား ကိုယ်စား လက်ခံထားလိုက်မယ်။ ဖန်အမတ်က ဘာစီးပွားရေးများ လုပ်တာလဲ မသိဘူး။”

ဖန်ကျန်းရီက မတ်တတ်ထရပ်ကာ ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ကျင်းဘုရင်၏ စားပွဲပေါ်သို့ လက်စွပ်တစ်ကွင်း တင်ပေးလိုက်သည်။ “အရှင်မင်းကြီး ကြည့်ရှုတော်မူပါ။ ဒီပစ္စည်းပါ။ မနေ့က တစ်ကွင်းကို ငွေတစ်ရာလောက်နဲ့ ရောင်းခဲ့တာပါ။”

ကျင်းဘုရင်က လက်စွပ်ကို ကောက်ယူကာ သေချာစွာ အကဲခတ်ကြည့်ရှုလိုက်ပြီး မည်သို့မှ မနေနိုင်တော့ဘဲ နှုတ်မှ ချီးကျူးစကား ဆိုလိုက်၏။ “တောက်ပနေတာပဲ။ အဖိုးတန်ပြီး ထူးခြားတဲ့ အသွင်အပြင်က သာမန် ပစ္စည်း မဟုတ်ဘူးဆိုတာ သေချာတယ်။ ဒီစျေးနှုန်းနဲ့ တန်ပါတယ်။”

ကျင်းဘုရင်၏ စကားအဆုံးတွင် ဖန်ကျန်းရီက ခါးကြားမှ အဝတ်အိတ် တစ်အိတ်ကို ထုတ်ယူကာ၊အိတ်ထဲမှ လက်စွပ် အများအပြားကို ဆုပ်ယူပြီး စားပွဲပေါ်သို့ တင်လိုက်သည်။

ကျင်းဘုရင်က စားပွဲပေါ်၌ ပြည့်နှက်နေသော မှန်လက်စွပ်များကို ကြည့်ကာ မျက်ခမ်းထောင့်များ အကြိမ်ကြိမ် တွန့်ကွေးသွားခဲ့သည်။ ပြီးနောက် တိတ်ဆိတ်ငြိမ်သက်သွား၏။

ခဏအကြာမှ ဖြည်းညင်းစွာ မေးမြန်းလိုက်သည်။ “ဖန်အမတ် … ဒီပစ္စည်းရဲ့ တကယ့်တန်ဖိုးက ဘယ်လောက်လဲ။”

“လုပ်အားခကို ဖယ်လိုက်ရင် ငွေတစ်ကျပ်နဲ့တင် လက်စွပ် အကွင်းဆယ်ဂဏန်း၊ နှစ်ဆယ် ဂဏန်းလောက် ထုလုပ်လို့ ရပါတယ်။ အပေါ်က ကျောက်မျက်ရတနာလို့ ခေါ်တဲ့ မှန်ကတော့ တောက်ယွမ်ခရိုင်က ထုတ်လုပ်တာပါ... ပွင့်ပွင့်လင်းလင်း ပြောရရင် တစ်ပြားမှ မတန်ပါဘူး။

“ကျွန်တော်မျိုးက မကြာခင် တောက်ယွမ်ခရိုင်က ပြတင်းပေါက် စက္ကူတွေကို ဒီမှန်နဲ့ လဲဖို့ စီစဉ်နေတာပါ။”

“…....”

ကျင်းဘုရင်မှာ အလွန်အမင်း အံ့အားသင့်သွားခဲ့ရပြီး ဖန်ကျန်းရီအား သံသယဖြင့် စိုက်ကြည့်လိုက်သည်။

မနေ့ကတသ် အိမ်ရှေ့စံမင်းသားနှင့် ဖန်ကျန်းရီတို့ မြို့တော်အတွင်း၌ စိန်လက်စွပ်များ ရောင်းချနေကြောင်း လျှို့ဝှက် သတင်းပို့ချက် ရရှိခဲ့သည်။ စိန်ဆိုသည်မှာ အိမ်ရှေ့စံမင်းသား မတော်တဆ ရရှိခဲ့သော အလွန် ရှားပါးသည့် အရာဖြစ်ကြောင်းကိုလည်း ကြားသိခဲ့ရ၏။

ထိုအချိန်က ကျင်းဘုရင်အနေဖြင့် အနည်းငယ် နားမလည်နိုင်အောင် ဖြစ်ခဲ့ရသည်။ အိမ်ရှေ့စံမင်းသားထံတွင် ဤကဲ့သို့ အဖိုးတန် ရတနာ ရှိနေမည်ဆိုပါက လောကအနှံ့ ကြွားလုံးထုတ်နေမည်မှာ ကြာလှပေပြီ။ သူ မည်သို့ မသိဘဲ နေမည်နည်း။

သို့သော်ငြား သေချာ စဉ်းစားကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် ဖန်ကျန်းရီ၏ လက်ချက် ဖြစ်ကြောင်းကို သိရှိလိုက်ရသည်။

သို့ပေမည့် သူ ခေါင်းကွဲမတတ် စဉ်းစားခဲ့သော်ငြားလည်း ဤအရာက ဤမျှလောက်အထိ လူကို လှည့်စားနိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ကြည့်ရသည်မှာ အလွန် တန်ဖိုးကြီးပုံ ပေါက်နေသော်လည်း တကယ်တမ်းတွင် တစ်ပြားမျှပင် မတန်ဘူးတဲ့လား။

ဤသို့ဆိုလျှင်... ဖန်ကျန်းရီသည် အရင်းမစိုက်ဘဲ အမြတ်ကြီးစား လုပ်ဆောင်နေခြင်းပင် မဟုတ်ပါလား။

စားပွဲပေါ်၌ ပြည့်နှက်နေသော စိန်လက်စွပ်များနှင့် နှစ်သောင်းတန် ငွေစက္ကူကို ကြည့်ကာ ကျင်းဘုရင်၏ စိတ်အခြေအနေမှာ တစ်ခဏမျှ ရှုပ်ထွေးသွားခဲ့ရသည်။ ထို့နောက် အချိန်အတော်ကြာမှ ဖွင့်ဟ ပြောဆိုလိုက်၏။ “ဖန်အမတ်... ဒါလိမ်တာ မဟုတ်ဘူးလား...”

ဖန်ကျန်းရီက လက်ကာပြကာ ပြန်လည်ပြောဆိုလိုက်လည်။ “အရှင်မင်းကြီး …. ဘယ်လိုများ ပြောလိုက်တာလဲ။ ဒါကို ဘယ်လိုလုပ် လိမ်တယ်လို့ ခေါ်လို့ ရမှာလဲ။

မှန်ကို သုတေသန လုပ်တုန်းက ကုန်ကျစရိတ် မနည်းခဲ့ပါဘူး။ အခုက တန်ဖိုးကို ထုတ်ဖော်ပြသရမယ့် အချိန် ရောက်နေပါပြီ။ ဒီနည်းပညာကို တောက်ယွမ်ခရိုင်ကလွဲရင် တခြား ဘယ်နေရာမှာမှ ရှာမတွေ့နိုင်ပါဘူး။ ဒီတစ်ဆိုင်တည်းပဲ ရှိတာပါ။”

ကျင်းဘုရင်က အလိုက်သင့်လေး ဝင်ရောက်ပြောဆိုလိုက်၏။ “ပြောတာ ယုတ္တိရှိတယ်။ ဒါပေမဲ့... မင်း ပိုက်ဆံရှာရင်လည်း ရှာတာပေါ့။ ဘာလို့ ကိုယ်တော့်ဆီ ကိုယ်တိုင် လာရှာရတာလဲ။”

ဖန်ကျန်းရီက မြှောက်ပင့်ပြောဆိုလိုက်သည်။ “အရှင်မင်းကြီးရဲ့ အမြော်အမြင် ကြီးမားလှတဲ့ မျက်လုံးတွေကို ဒီလို ကစားကွက်လေးတွေက ဘယ်လိုလုပ် ဖုံးကွယ်ထားနိုင်မှာလဲ။ ကျွန်တော်မျိုး ဒီတစ်ခေါက် လာတာက တောင်းဆိုစရာလေး တစ်ခု ရှိလို့ပါ။”

“ပြောလေ။” ကျင်းဘုရင်က ငွေနှစ်သောင်း ရရှိထားခါစဖြစ်သဖြင့် စိတ်အခြေအနေ ကောင်းမွန်နေ၏။

“အရှင်မင်းကြီးလည်း မြင်တဲ့အတိုင်းပါပဲ။ တစ်ညတည်းနဲ့တင် ကျွန်တော်မျိုးက မှန်လက်စွပ်နဲ့ မြို့တော်ထဲက သူဌေးတွေဆီကနေ ငွေသောင်းချီ ရခဲ့ပါတယ်။ ဒါကို ကြည့်ရင်... မြို့တော်ထဲမှာ ငွေမရှားဘူးဆိုတာ သိသာတယ်။

ဒါပေမဲ့ ဘာလို့ ပြည်သူတွေရဲ့ ဘဝက ဒီလောက် ခက်ခဲနေရတာလဲ။ ကျွန်တော်မျိုး ထင်တာတော့ ချမ်းသာတဲ့ အိမ်တွေက ငွေတွေကို အိမ်မှာပဲ စုဆောင်းထားကြတယ်။ ပြီးတော့ သူဌေးကြီးတွေက စီးပွားရေး လုပ်ငန်းတွေ အများကြီးရှိပြီး ချွေတာဖို့ကိုပဲ အားပေးကြတော့ ငွေတွေက ပိုပိုများလာပြီး ပြည်သူတွေရဲ့ လက်ထဲကို မရောက်နိုင်တော့ဘူး။ ဒါကြောင့် ချမ်းသာတဲ့သူက ပိုချမ်းသာပြီး ဆင်းရဲတဲ့သူက ပိုဆင်းရဲလာတာပါ။

အရင်က လက်ဖက်ခြောက်နဲ့ မနေ့ညက စိန်လက်စွပ်ကို ကြည့်ရင် တောက်ယွမ်ခရိုင်ရဲ့ ကုန်ပစ္စည်းတွေက မြို့တော်မှာ အရမ်း လူကြိုက်များတယ်ဆိုတာ အရှင်မင်းကြီးလည်း သိလောက်ပါပြီ။

ကျွန်တော်မျိုးက တောက်ယွမ်ခရိုင်ကို ဆောက်လုပ်ရေးတွေ အကြီးအကျယ် လုပ်ပြီး မြို့တော်အထိ လမ်းဖောက်ဖို့ အမိန့်ပေးထားပါတယ်။ အဲဒီအချိန်ကျရင် တောက်ယွမ်ခရိုင်ရဲ့ ကုန်ပစ္စည်း မျိုးစုံက မြို့တော်ထဲမှာ ခေတ်စားလာမှာပါ။

ဒါကြောင့် အရှင်မင်းကြီးက အိမ်ရှေ့စံမင်းသားကို မြို့တော်က ရပ်ကွက်တစ်ခုကို အုပ်ချုပ်ခွင့် ပေးဖို့ တောင်းဆိုချင်ပါတယ်။ စမ်းသပ်မှုတစ်ခု အနေနဲ့ပေါ့။ တောက်ယွမ်ခရိုင်ရဲ့ ကုန်ပစ္စည်းတွေ ပြည်သူတွေကြားထဲ ပိုပြီး လည်ပတ်နိုင်အောင် ကူညီပေးဖို့ပါ။ ပထမအချက်အနေနဲ့ ငွေကို လည်ပတ်စေနိုင်ပြီး ပြည်သူတွေလည်း အကျိုးခံစားရပါလိမ့်မယ်။

ဒုတိယအချက်က တကယ်လို့ စမ်းသပ်မှု အောင်မြင်သွားရင် ဒီငွေတွေ လည်ပတ်လာတဲ့အခါ ရုံးတော်ကလည်း အခွန်ကောက်ရတာ လွယ်ကူသွားပြီး နိုင်ငံတော် ဘဏ္ဍာတိုက်ရဲ့ အရေးပေါ် လိုအပ်ချက်ကို ဖြေရှင်းနိုင်ပါလိမ့်မယ်။

တတိယအချက်က အိမ်ရှေ့စံမင်းသားလည်း ဒီလုပ်ငန်းစဉ်ကနေ လေ့လာသင်ယူခွင့်ရပြီး လေ့ကျင့်မှု ရပါလိမ့်မယ်။ အချက်သုံးချက်လုံးက အကျိုးရှိပါတယ်။

ဒါ့အပြင် ကျွန်တော်မျိုးက တောက်ယွမ်ခရိုင်ရဲ့ စီးပွားရေးလုပ်ငန်း အားလုံးရဲ့ ရှယ်ယာ နှစ်ဆယ် ရာခိုင်နှုန်းကို အရှင်မင်းကြီးရဲ့ ကျေးဇူးကို သိတတ်တဲ့အနေနဲ့ ဆက်သချင်ပါတယ်။ အရှင်မင်းကြီး ခွင့်ပြုတော်မူပါ။”

ထိုသို့ပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် ဖန်ကျန်းရီ၏ စိတ်အစဉ်၌လည်း ဝန်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤအစီအစဉ်ကို သူ၏ စိတ်ထဲတွင် စဉ်းစားနေခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။

မြို့တော်အတွင်းရှိ ဆက်ဆံရေးများမှာ ရှုပ်ထွေးလွန်းလှသည်။ တောက်ယွမ်ခရိုင်၏ ပစ္စည်းများက ကောင်းမွန်သော်လည်း မြို့တော်၌ စတင်၍ စျေးကွက်ရှာဖွေရာတွင် ပြဿနာများစွာ ကြုံတွေ့လာရနိုင်၏။

အကယ်၍ မိမိကိုယ်တိုင် အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းရှိသော နေရာတစ်ခုသာ ရှိမည်ဆိုပါက အားလုံး အဆင်ပြေ ချောမွေ့သွားမည်သာ ဖြစ်သည်။ သူက ဤနေရာကို မြို့တော်၏ အရေးပါသော ဗဟိုချက်တစ်ခု အဖြစ် ဖန်တီးကာ တစ်မြို့လုံးသို့ ပျံ့နှံ့သွားအောင် လုပ်ဆောင်နိုင်စွမ်းရှိသည့် ယုံကြည်မှုပင် ရှိသေးသည်။

ထိုရှယ်ယာ နှစ်ဆယ်ရာခိုင်နှုန်းကို ပေးအပ်ခြင်းမှာ မိမိဘာသာ အညံ့ခံလိုက်ခြင်း ဖြစ်သည်။ ဤခေတ်သည် ဘုရင်စနစ် ခေတ်ကာလဖြစ်လေရာ မိမိထံ၌ ငွေကြေးများစွာ ရှိနေပါက တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အကြံအစည်ရှိသူများ မျက်စိကျလာကြမည်မှာ အမှန်ပင်။ ကြိုတင်၍ အပ်နှင်းထားပြီး ကျောထောက်နောက်ခံ ရယူထားခြင်းက ပို၍ စိတ်ချရ၏။

ထို့အပြင် ရှယ်ယာ နှစ်ဆယ် ရာခိုင်နှုန်းပေးရုံမျှဖြင့် လောကတွင် အကြီးမားဆုံးသော ကျောထောက်နောက်ခံကို ရရှိနိုင်မည်ဖြစ်ရာ ဤထက် ပို၍ တန်သော အရောင်းအဝယ်ဟူသည်မှာ ရှိပါဦးမည်လား။

ဖန်ကျန်းရီက ရိုးသားစွာ ဖွင့်ဟပြောဆိုလိုက်ရာ ကျင်းဘုရင်သည် ကြားသိရပြီးနောက် မျက်လုံးများပင် ပြူးကျယ်သွားလေတော့သည်။

တောက်ယွမ်ခရိုင်၏ ရှယ်ယာ နှစ်ဆယ် ရာခိုင်နှုန်း... ဤသည်မှာ ငွေကြေးမည်မျှ ဖြစ်လာမည်နည်း။ ကိုယ်ပိုင် ဘဏ္ဍာတိုက်တွင် ငွေမရှိမည်ကို ပူပန်နေရန် မလိုတော့ဟူသည့် အဓိပ္ပာယ်ပင်။ ထို့အပြင် ...

ကျင်းဘုရင်က သေချာစွာ ချိန်ဆ စဉ်းစားကြည့်လိုက်သည်။ အိမ်ရှေ့စံမင်းသားက စည်းကမ်းဖောက်ဖျက်သော ကိစ္စရပ်များကို အများအပြား လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ ဖန်ကျန်းရီနှင့် အတူတကွ စီးပွားရေး လုပ်ဆောင်ခြင်းသည် ပြဿနာ ရှိမည်မဟုတ်ပေ။

ထို့နောက် တွေဝေစွာဖြင့် ပြန်လည်ပြောဆိုလိုက်၏။ “မင်းကို သဘောတူဖို့က ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ မင်း မထိန်းချုပ်နိုင်မှာကို ကိုယ်တော် စိုးရိမ်တယ်။

တခြားဟာတွေ မပြောနဲ့အုံး။ ဒီစိန်လက်စွပ် တစ်ခုတည်းကိုပဲ ကြည့်။ တကယ်လို့ အမှန်တရားကို လူတွေ သိသွားရင် ဘာရလဒ် ဖြစ်လာမလဲ ဆိုတာ စဉ်းစားမိရဲ့လား။

ပြီးတော့ တောက်ယွမ်ခရိုင်ရဲ့ ကုန်ပစ္စည်းတွေက ကောင်းတာ မှန်ပေမဲ့ ဒီလောက် စျေးကြီးကြီး အမြဲတမ်း ရောင်းနေလို့ မရဘူးလေ။”

ဖန်ကျန်းရီက ခပ်ဖွဖွ ပြုံးလိုက်သည်။ “အရှင်မင်းကြီး သိလား။ ဒီလောကမှာ လက်နှစ်ဖက် ရှိတယ်။ တစ်ဖက်က မြင်ရပြီး တစ်ဖက်က မမြင်ရဘူး...”

ကျင်းဘုရင်မှာ မျက်မှောင်ကြုတ်သွားခဲ့၏။ “အသေးစိတ် ပြောစမ်း။ အဲဒီ လက်နှစ်ဖက်က ဘာလဲ။”

“မြင်ရတဲ့ လက်ကတော့ အရှင်မင်းကြီးပါ။ လောကရဲ့ အာဏာကို ကိုယ်စားပြုပါတယ်။ မမြင်ရတဲ့ လက်ကတော့... စီးပွားရေး လမ်းစဉ်၊ စျေးကွက် လမ်းစဉ်ပါ။ ပြည်သူတွေရဲ့ ဆန္ဒကို ကိုယ်စားပြုပါတယ်။

ရုံးတော်က ကိစ္စတွေမှာ ကျွန်တော်မျိုးက အရှင်မင်းကြီးလောက် ဘယ်လိုမှ မတော်ပါဘူး။ ဒါပေမဲ့ ကျွန်တော်မျိုး က မမြင်ရတဲ့ လက်ကို အသုံးချပြီး အလုပ်လုပ်ဖို့ကိုတော့ ကျွမ်းကျင်ပါတယ်။

စိန်လက်စွပ် ကိစ္စကိုပဲ ကြည့်။ ဒီပစ္စည်းက ကုန်ကျစရိတ် သက်သာတာ မှန်ပေမဲ့ မတူညီတဲ့ ရည်ရွယ်ချက်တွေ သတ်မှတ်ပြီး ပြဿနာကို ဖြေရှင်းလို့ ရပါတယ်။

သာမန် စိန်လက်စွပ် တစ်ကွင်းကိုပဲ ထုပ်ပိုးမှုမှာ သေချာ ဂရုစိုက်မယ်။ လှပတဲ့ ပန်းပုတွေ ထုဆစ်မယ်။ ပြီးတော့ နေရာအနှံ့ ကြော်ငြာပြီး အထူး အဓိပ္ပာယ် ဖွင့်ဆိုလိုက်ရင် ပိုက်ဆံအရှိဆုံးလူတွေကို စျေးကြီးကြီးနဲ့ ဆက်ရောင်းလို့ ရပါတယ်။

နောက်တစ်ဆင့် အနေနဲ့ ရိုးရှင်းတဲ့ ပန်းပုလေးတွေ ထုဆစ်မယ်။ နောက်တစ်ဆင့် ထုပ်ပိုးမှုနဲ့ စျေးနှုန်း သတ်မှတ်ပြီး အလယ်အလတ် အိမ်ထောင်စုတွေကို ရောင်းလို့ ရပါတယ်။

အနိမ့်ဆုံး အဆင့်ကိုတော့ မူရင်းစက်ရုံက ထွက်တာပဲ ဖြစ်ရမယ်။ ကုန်ကျစရိတ်ထက် နည်းနည်းလေးပဲ ပိုတင်ပြီး ပြည်သူတွေကို ရောင်းလို့ ရပါတယ်။

ဒီလိုလုပ်လိုက်ရင် ပစ္စည်းတစ်ခုတည်းကို လူတိုင်းဆီ ရောင်းလို့ ရသွားပြီ။ ပြီးတော့ ဘယ်သူမှလည်း မကျေမနပ် ဖြစ်မှာ မဟုတ်ဘူး။ ဒါကို စျေးနှုန်း ခွဲခြားခြင်းလို့ ခေါ်တယ်။

အစောဆုံး ရောင်းခဲ့တဲ့ စိန်လက်စွပ်တွေက သာမန်ပဲ ဆိုပေမဲ့ ကျွန်တော်မျိုးက အထူး အသိအမှတ်ပြု လက်မှတ်တွေ လုပ်ပေးထားတယ်။ ဒါက စုဆောင်းသိမ်းဆည်းချင်စရာ ဖြစ်အောင် လုပ်ထားတာပါ။ ဒီလိုဆိုတော့ နောက်ပိုင်း ပြဿနာတွေကို အရမ်း စိတ်ပူစရာ မလိုတော့ပါဘူး။”

ဇိမ်ခံပစ္စည်းများဆိုသည်မှာ မြွေရေခွံအိတ်ကိုပင်လျှင် ထောင်ဂဏန်းလောက်အထိ ရောင်းချနိုင်သည် မဟုတ်ပါလား။ သူ ဖန်ကျန်းရီက မှန်လက်စွပ်ကို ရောင်းချပြီး လက်မှတ်ပါ လက်ဆောင်ပေးသေးသည် ဆိုတော့ စီးပွားရေးလောကတွင် စေတနာ အကောင်းဆုံးဟုပင် ဆို၍ ရနိုင်သည်။

ကျင်းဘုရင်မှာ မျက်တောင်များ ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားရပြီး ဆိုလိုရင်း အဓိပ္ပာယ်ကို ချက်ချင်း သဘော မပေါက်နိုင်သေးချေ။ ဤဖန်ကျန်းရီ စကားပြောဆိုပုံမှာ တစ်မျိုးပြီး တစ်မျိုးနှင့် မည်သို့ပင် နားထောင်နားထောင် လူကို လိမ်လည်နေသကဲ့သို့ ခံစားရစေ၏။

အချိန်အတော်ကြာမှသာ ကျင်းဘုရင်၏ နှုတ်မှ စကားလုံး အနည်းငယ် ထွက်ပေါ်လာခဲ့သည်။ “ဖန်အမတ်က တကယ်ကို အရည်အချင်း ရှိတာပဲ။”

ဖန်ကျန်းရီက ထိုအခြေအနေကို မြင်တွေ့လိုက်ရချိန်တွင် သက်ပြင်းတစ်ချက် ချလိုက်မိ၏။ “အရှင်မင်းကြီးက ကျွန်တော်မျိုးကို ငွေမက်တဲ့သူလို့ ထင်နေမှာ သေချာပါတယ်။ လုပ်သမျှအကုန်လုံးက ပိုက်ဆံရှာဖို့ သတ်သတ် ပဲလို့ပေါ့။ ဒါပေမဲ့ ကျွန်တော်မျိုးက ပညာတတ်တစ်ယောက်အနေနဲ့ ပိုက်ဆံကို ဘယ်လောက်တောင် သဘောကျနိုင်မှာလဲ။

ရုံးတော်က ကိစ္စတွေကို ကျွန်တော်မျိုးက မကျွမ်းကျင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်မျိုးက အရှင်မင်းကြီးရဲ့ ပူပင်သောကတွေကို ကူညီဖြေရှင်းပေးချင်တဲ့စိတ်တော့ အမြဲ ရှိပါတယ်။ ကံကောင်းလို့ စီးပွားရေး လုပ်တတ်တဲ့ အရည်အချင်းလေး နည်းနည်း ရှိနေတာပါ။

အရှင်မင်းကြီးက နိုင်ငံတော် ဘဏ္ဍာတိုက် ဟာလာဟင်းလင်း ဖြစ်နေတယ်လို့ ပြောတိုင်း ကျွန်တော်မျိုးရဲ့ ရင်ထဲမှာ တဆစ်ဆစ် နာကျင်ရပါတယ်။ ခေါင်းကွဲမတတ် စဉ်းစားပြီးမှ ဒီနည်းလမ်းကို ရလာတာပါ။ အောင်မြင်မလား ၊ ကျရှုံးမလား ဆိုတာ မသိသေးပေမဲ့ ကျွန်တော်မျိုး စမ်းကြည့်ချင်ပါတယ်။”

ထိုစကားများကို ကြားလိုက်ရချိန်တွင်ကား ကျင်းဘုရင်၏ စိတ်အစဉ်၌ ကြည်နူးသွားခဲ့ရပြီး အနည်းငယ်လည်း စိတ်လှုပ်ရှားသွားသည်။ သို့နှင့် ပြောဆိုလိုက်၏။ “ဖန်အမတ်က ဒီလောက် စေတနာရှိမှတော့ ကိုယ်တော်လည်း အများကြီး ဝမ်းသာပါတယ်။

ဒါပေမဲ့ အိမ်ရှေ့စံမင်းသားကို သေချာ စောင့်ကြည့်ထားရမယ်။ တကယ်လို့ ပြဿနာ တစ်ခုခု ဖြစ်လာရင် ကိုယ်တော် အချိန်မရွေး ရပ်ခိုင်းမယ်။”

“ကျွန်တော်မျိုး... အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။”

ဖန်ကျန်းရီ၏ နှုတ်ခမ်းထောင့်စွန်း၌ မသိမသာ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။

တောက်ယွမ်ခရိုင်မှနေ၍ ထွက်လာခဲ့မှတော့ သခင်လေးဖန် တစ်ယောက် အဘယ်သို့ အားအားယားယား နေရမည်နည်း။ သူက နန်းမြို့တော်ကြီး တစ်ခုလုံးကို တောက်ယွမ်ခရိုင်အဖြစ်သို့ ပြောင်းလဲပစ်ရမည်။

အပိုင်း (၉၈) တောက်ယွမ်ခရိုင်ကို ပြန်လည် တည်ဆောက်ခြင်း။

မြို့တော်ရှိ ရပ်ကွက်တစ်ခုကို အုပ်ချုပ်ခွင့်ပေးရန် ကျင်းဘုရင်ထံ တောင်းဆိုမည့် ကိစ္စကို ဖန်ကျန်းရီ၏ စိတ်ထဲတွင် စဉ်းစားနေခဲ့သည်မှာ အချိန်အတော်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

သို့ပေမည့် ဤကိစ္စနှင့် ပတ်သက်၍ ရှစ်ဆယ်၊ ကိုးဆယ် ရာခိုင်နှုန်းခန့် သေချာပြီဆိုမှသာ ဖွင့်ဟပြောဆိုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။

သူ၏အမြင်တွင် ကျင်းဘုရင်၏ စိတ်ကူးစိတ်သန်းများမှာ အတော်လေး ပွင့်လင်းလှသည်။ စစ်မြေပြင်၌ အတွေ့အကြုံများစွာ ရှိခဲ့သော စစ်ဘုရင်တစ်ပါးအနေဖြင့် ရဲရင့်မှု ရှိရုံသာမက အတွေးအခေါ်များကိုလည်း လောကီ စည်းမျဉ်းများဖြင့် ကန့်သတ်ရန် ခက်ခဲလှချေသည်။

မည်သို့ပင်ဖြစ်စေ ဤလောကတွင် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော အပြောင်းအလဲများ ဖြစ်ပေါ်လာပါစေ စစ်မြေပြင်ထက် ပို၍ ဆိုးရွားနိုင်မည် မဟုတ်ပေ။ အသက်ရှင်သန်ရေးအတွက် လူတို့သည် မည်သို့သော နည်းလမ်းမျိုးကိုမဆို စဉ်းစားကြံဆနိုင်ကြ၏။

ဒုတိယအချက်မှာတော့ လွန်ခဲ့သောအချိန်က လီယွမ်ကျောက်၏ အံ့အားသင့်ဖွယ်ရာကောင်းလှသော စွမ်းဆောင်ရည်ကြောင့်ပင် ဖြစ်၏။ ဤသည်က ဖန်ကျန်းရီအပေါ်ထားရှိသော ကျင်းဘုရင်၏ ယုံကြည်မှုကို များစွာ တိုးပွားလာစေခဲ့သည်။

အိမ်ရှေ့စံမင်းသားအား ရပ်ကွက်တစ်ခုကို အုပ်ချုပ်ခွင့် ပေးအပ်သည်ဆိုသော ကိစ္စရပ်မှာ သိပ်၍ ကြီးမားလှသော ကိစ္စရပ်ကြီး မဟုတ်ချေ။ တစ်ခုတည်းသောပြဿနာမှာ ဖန်ကျန်းရီနှင့် အိမ်ရှေ့စံမင်းသားတို့ အတူတကွ စီးပွားရေး လုပ်ဆောင်နိုင်သည် ဆိုခြင်းပင်။ ဤကိစ္စကို ပြင်ပတွင် ပြောဆိုကြမည်ဆိုပါက နားထောင်၍ သိပ်ကောင်းမည် မဟုတ်ပေ။ ညီလာခံမှ အမတ်များကလည်း သေချာပေါက် ဝေဖန်ပြစ်တင်ကြမည်မှာ အမှန်ပင်။

သို့သော်လည်း ဖန်ကျန်းရီ တွေးတောမိသည်မှာ မိမိနှင့် အိမ်ရှေ့စံမင်းသားတို့သည် အစတည်းက နာမည်ပျက်နေခဲ့ပြီးသား ဖြစ်သည်။ နောက်ထပ် ထပ်မံဆဲဆိုခံရမည်ကို ဂရုစိုက်ရန် လိုအပ်ပါသေးသည်လား။

စီးပွားရေး လုပ်ဆောင်တော့ကော ဘာဖြစ်သနည်း။ ဘုရင်မင်းမြတ်ကိုယ်တိုင်ပင်လျှင် လက်ဖက်ခြောက် ရောင်းချနေသေးသည် မဟုတ်ပါလား။

ထို့ကြောင့် အခွင့်အရေးကို အရယူကာ ကျင်းဘုရင်ထံသို့ ပြတ်ပြတ်သားသား တောင်းဆိုလိုက်ခြင်း ဖြစ်၏။ ရလဒ်မှာလည်း ဖန်ကျန်းရီ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်လာခဲ့သည်။ ကျင်းဘုရင်သည် ဝမ်းသာအားရဖြင့် သဘောတူခွင့်ပြုလိုက်သည်။

ရွေးချယ်မည့် ရပ်ကွက်နေရာနှင့် ပတ်သက်၍လည်း ဖန်ကျန်းရီ၏ စိတ်အစဉ်၌ ကြိုတင် အစီအစဉ် ရှိပြီးသား ဖြစ်၏။

နေ့စဉ် အလုပ်ဆင်းပြီးနောက် လုပ်နေကျ အကျင့်အရ ဟိုဟိုဒီဒီ လျှောက်လည်ကြည့်ရှုတတ်သောကြောင့် မြို့တော်အတွင်း အခြေအနေကိုလည်း အကြမ်းဖျင်းအားဖြင့် နားလည်ထားပြီး ဖြစ်ပသည်။

မြို့တော်တွင် ရပ်ကွက်ပေါင်း တစ်ရာ့ရှစ်ခု ရှိပြီး စစ်တုရင်ခုံကဲ့သို့ တစ်မြို့လုံး အနှံ့ ပျံ့နှံ့နေ၏။

အစဦး၌ ဖန်ကျန်းရီ ရွေးချယ်ထားသည်မှာ အတွင်းမြို့တော် အရှေ့ဘက်နှင့် အနီးဆုံး ဖြစ်သော ယွီဟူရပ်ကွက် ဖြစ်သည်။ ယွီဟူရပ်ကွက်၏ နေရာအနေအထားက အလွန်ကောင်းမွန်ပြီး အခြေခံ အဆောက်အအုံများလည်း ပြည့်စုံလှသည်။ စီးပွားရေး ကောင်းမွန်ပြီး လုံခြုံရေးလည်း ကောင်းမွန်၏။ လမ်းများကိုပင် တောက်ယွမ်ခရိုင် ကဲ့သို့ ကျောက်ပြားများဖြင့် သပ်ရပ်စွာ ခင်းကျင်းထားသေးသည်။

အရာအားလုံးကို အသင့် အသုံးပြု၍ ရနိုင်သဖြင့် ငွေကြေး အများအပြား သက်သာသွားနိုင်၏။

ထို့အပြင် ယွီဟူရပ်ကွက်သည် အရှေ့မြို့တော်စောင့်တပ်နှင့်လည်း နီးကပ်၏။ အကယ်၍ ပြဿနာ တစ်စုံတစ်ရာ ကြုံတွေ့လာရ၍ လူအင်အား လိုအပ်လာပါက သူနှင့် လီယွမ်ကျောက်တို့အနေဖြင့် ချက်ချင်း လူခေါ်ယူ၍ ရနိုင်ရာ အလွန်ပင် အဆင်ပြေလှချေသည်။

သို့သော်လည်း ဤမျှ ကောင်းမွန်သော အခြေအနေ ရှိနေပါလျက်နှင့် ဖန်ကျန်းရီက ခေတ္တမျှ စဉ်းစား ချင့်ချိန်ပြီးနောက်တွင် ၎င်းရပ်ကွက်ကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်တော့၏။

အဓိက အကြောင်းရင်းမှာ ယွီဟူရပ်ကွက်ကဲ့သို့ ကောင်းမွန်သော အခြေအနေရှိသည့် နေရာမျိုးတွင် အကျိုးစီးပွား ဆက်ဆံရေးများမှာ သေချာပေါက် ရှုပ်ထွေးနေပေမည်။ အိမ်ရှေ့စံမင်းသား ကိုယ်တိုင် ဝင်ရောက် အုပ်ချုပ်မည် ဆိုလျှင်တောင်မှ ပြဿနာများစွာ ပေါ်ပေါက်လာနိုင်ချေရှိသည်။

ပို၍ အရေးကြီးသော အကြောင်းရင်းမှာ ယွီဟူရပ်ကွက်က အလွန်တရာ ချမ်းသာကြွယ်ဝပြီး၊ ပန်းရှန်းရပ်ကွက်ကမူ ပိုမို၍ ဆင်းရဲနွမ်းပါးသောကြောင့်ပင်။

ပန်းရှန်းရပ်ကွက်ကို ထိုရပ်ကွက်နှင့် ယှဉ်တွဲကြည့်လိုက်ပါက အခြေအနေမှာ မိုးနှင့် မြေအလား ကွာခြားလွန်းသည်ဟု ဆိုနိုင်၏။ လမ်းများမှအစ မညီမညာ ဖြစ်နေသည်။ မကြာသေးမီကမှ မြို့တော်စောင့် တပ်ရင်းငါးခုက တစ်မြို့လုံးရှိ လမ်းများကို ပြုပြင်ထားသည်ဟု ကြားသိခဲ့ရသော်လည်း ယခင်ကအတိုင်းလိုပင်။

အမှန်စင်စစ် ပန်းရှန်းရပ်ကွက်၏ လမ်းများမှာ အကြမ်းဖျင်းအားဖြင့် မြေသားလမ်းကို တစ်ခေါက်ခန့် ဖိနှိပ်ထားရုံမျှသာ ရှိလသည်။ မိုးရွာသွန်းသော ရာသီများတွင်မူ ရွှံ့ဗွက်များ ရှိနေဦးမည်မှာ သေချာသည်။

ဤနေရာတွင် ဆင်းရဲသားပြည်သူများ များပြားရုံမျှမက၊ ဘေးပတ်ဝန်းကျင်ရှိ ရပ်ကွက် အနည်းငယ်၏ အခြေအနေမှာလည်း ထိုနည်းနှင်နှင်ပင်။

ဖန်ကျန်းရီ ကိုယ်တိုင်က ဆင်းရဲသားများ ကြားထဲမှ ရုန်းကန် ထွက်ပေါ်လာခဲ့သူ ဖြစ်သည်။ ဆင်းရဲဒုက္ခ ရောက်နေရမှုများကို များစွာ မြင်တွေ့ခဲ့ဖူးလေရာ အလိုအလျောက်ပင် ဆင်းရဲနွမ်းပါးသော ဒေသများကို အရင် ဦးစားပေး စဉ်းစားမိခြင်း ဖြစ်သည်။

အကယ်၍ ပန်းရှန်းရပ်ကွက်ကို ရွေးချယ်ပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့မည်ဆိုလျှင် ပထမအချက်အနေဖြင့် ရပ်ကွက်အတွင်းရှိ ပြည်သူများ၏ဘဝကို တိုက်ရိုက် တိုးတက်လာစေနိုင်သကဲ့သို့ ဒုတိယအချက်အနေဖြင့်လည်း ဘေးပတ်ဝန်းကျင်ရှိ ရပ်ကွက်များ ဖွံ့ဖြိုးတိုးတက်လာစေရန်ပါ ဆွဲခေါ်သွားနိုင်မည်။

ပြုပြင်မွမ်းမံရခြင်း၏ အဓိကအဓိပ္ပာယ်မှာလည်း ထိုအရာပင် ဖြစ်သည်။ ပထမဆုံး စဉ်းစားရမည်မှာ တောက်ယွမ်ခရိုင်၏ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်သော်လည်း ချမ်းသာသူများ ပို၍ ချမ်းသာလာပြီး ဆင်းရဲသူများ ပို၍ ဆင်းရဲသွားအောင်တော့ လုပ်ဆောင်၍ မရနိုင်ချေ။ ဤသည်မှာ ဖန်ကျန်းရီ၏ မူလစိတ်ရင်းအမှန် လုံးဝ မဟုတ်ပေ။

ယခုအခါ ဖန်ကျန်းရီ၏ လက်ထဲတွင် ငွေကြေး သိပ်မရှိတော့ချေ။ တောက်ယွမ်ခရိုင်မှ သယ်ဆောင်လာခဲ့သော ငွေတစ်သိန်းနှစ်သောင်းမှာ နန်းတော်တွင်းသို့ ပေးသွင်းရသည်များနှင့် ရှုပ်ယှက်ခတ်နေသော လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များ၊ ထို့အပြင် အိမ်တော်တွင်းရှိ အသေးအမွှား အသုံးစရိတ်များကိုပါ ဖယ်လိုက်ပါက အနည်းငယ်မျှသာ ကျန်ရှိတော့၏။

မနေ့က ရရှိခဲ့သော ငွေလေးသောင်းမှာလည်း ကျင်းဘုရင်အား ထက်ဝက်ခန့် ပေးအပ်လိုက်ရသေး၏။ အားလုံး စုပေါင်းလိုက်ပါက ယခု ဖန်ကျန်းရီ၏ လက်ထဲတွင် ငွေငါးသောင်းခန့်သာ ရှိတော့သည်။

ပန်းရှန်းရပ်ကွက်၏ အခြေခံ အဆောက်အအုံများကို အစအဆုံး ပြုပြင်မွမ်းမံရန်အတွက်မှာ အကြမ်းဖျင်းအားဖြင့် လုံလောက်နိုင်သေးသည်။ အနည်းငယ် ကျပ်တည်းသွားနိုင်သော်လည်း မည်သို့ပင်ဆိုစေကာမူ တောက်ယွမ်ခရိုင် ၏ စံနှုန်းအတိုင်းသာ တည်ဆောက်ရမည်။

...

ထို့နောက် ဖန်ကျန်းရီက ကျင်းဘုရင်နှင့် အသေးစိတ် အချက်အလက် အနည်းငယ်ကို အလွတ်သဘော ဆွေးနွေး တိုင်ပင်ပြီးနောက်၊အရှေ့နန်းဆောင်သို့ တိုက်ရိုက် ထွက်ခွာလာခဲ့သည်။

လီယွမ်ကျောက်က ဖန်ကျန်းရီကို မြင်တွေ့သည်နှင့် တစ်ပြိုင်နက် ပြေးလာကာ အော်ဟစ်လိုက်၏။

“ဖန်ကြီး … ခင်ဗျား ရောက်လာပြီပဲ။ မနေ့က ကျုပ်တို့ ငွေဘယ်လောက် ရခဲ့လဲ။”

ဖန်ကျန်းရီက ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက် လက်လေးချောင်းကို ထောင်ပြလိုက်သည်။

“ငွေလေးထောင်လား။”

လီယွမ်ကျောက်မှာ ပျော်ရွှင်လွန်းလှသဖြင့် သွားရည်များပင် မကျနိုင်တော့ချေ။ တစ်ညတည်းနှင့် ငွေလေးထောင် ရရှိနိုင်သည်မှာ သူ တွေးတောင် မတွေးရဲစရာ ဖြစ်၏။ ဤသည်မှာ သူ၏ ခြောက်လကျော်စာ မုန့်ဖိုးပင် ဖြစ်၏။

ဖန်ကျန်းရီက ခေါင်းယမ်းပြလိုက်သည်။

“မှားတယ်။ ငွေလေးသောင်း။”

လီယွမ်ကျောက်သည် ထိုစကားကို ကြားသိလိုက်ရပြီးနောက် ချက်ချင်းပင် မူးဝေသွားသကဲ့သို့ ခံစား လိုက်ရသည်။ ထို့နောက် မျက်ဝန်းအစုံ၌ ပျော်ရွှင်မှု အရောင်အဝါများ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး အော်ဟစ်လိုက်၏။

“ပိုက်ဆံရော …. ပိုက်ဆံရော။”

“အွန်း … ခင်ဗျားရဲ့ ဝေစုကို အရှင်မင်းကြီးက သိမ်းပေးထားတယ်။”

လီယွမ်ကျောက်မှာ ဆွံ့အသွားသည်။

“ဘယ်သူက သူ့ကို သိမ်းပေးခိုင်းလို့လဲ။ ကျုပ် ခမည်းတော်ဆီ သွားပြီး ရှင်းရမယ်။”

“ဟေး ဟေး ဟေး …. မလောနဲ့။ ခင်ဗျားရဲ့ ပိုက်ဆံတွေနဲ့ ပစ္စည်းကောင်းတွေ လဲလိုက်ပြီ။”

ဖန်ကျန်းရီက အလျင်အမြန် ဆွဲတားထားလိုက်လေ၏။

လီယွမ်ကျောက်က နားမလည်နိုင်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

ဖန်ကျန်းရီသည် ထပ်မံ၍ လျှို့ဝှက်မထားလိုတော့ဘဲ တိုက်ရိုက် ဖွင့်ဟပြောဆိုလိုက်၏။

“မြို့တော်က ရပ်ကွက်တစ်ခုကို အုပ်ချုပ်ခွင့်ပေးဖို့ အရှင်မင်းကြီးဆီ ကျပ် တောင်းဆိုခဲ့တယ်။ ခင်ဗျား တောက်ယွမ်ခရိုင်ကို သဘောကျတယ် မဟုတ်လား။ အခု ကိုယ့်ဘာသာ တောက်ယွမ်ခရိုင် လို တည်ဆောက်လို့ ရပြီ။ စိတ်မဝင်စားဘူးလား။”

“တကယ်လား။”

လီယွမ်ကျောက်မှာ မျက်တောင်များ ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားရပြီး သူ၏ နားကိုပင် သူ မယုံရဲအောင် ဖြစ်သွားရသည်။

မူလက ခမည်းတော် မိမိအား နန်းတော်အပြင်သို့ ထွက်ခွင့်ပေးလိုက်ခြင်းကပင် ကြီးမားသော ဆုလာဘ်ကြီး တစ်ရပ် ဖြစ်နေခဲ့သည်။ ယခုကဲ့သို့ ရပ်ကွက်တစ်ခုကိုပါ အုပ်ချုပ်ခွင့် ပေးအပ်သည်ဆိုတော့ နောက်ဆိုလျှင် လွတ်လွတ်လပ်လပ် မိမိ လုပ်ချင်တိုင်း လုပ်၍ ရပြီ မဟုတ်ပါလား။

“တကယ်။”

လီယွမ်ကျောက်က ထိုစကားကို ကြားသိလိုက်သည်နှင့် ချက်ချင်းပင် လက်ခုပ်တီးကာ ရယ်မော လိုက်၏။

“ဟားဟားဟားဟား။ ကောင်းတယ် …. ဖန်ကြီး။ ခင်ဗျား ကျေးဇူးကြောင့်ပါပဲ။ ကျုပ် အချိန်အကြာကြီး တွေးထားတဲ့ အကြံအစည်က နောက်ဆုံးတော့ အကောင်အထည်ဖော်ဖို့ အခွင့်အရေး ရလာပြီ။”

“ဘာအကြံအစည်လဲ။”

“ရပ်ကွက် တစ်ခုလုံးကို ဝိုင်းလိုက်မယ်။ ခြံစည်းရိုး ခတ်လိုက်မယ်။ ပြီးရင် အထဲကို ကျားတွေ၊ ခြင်္သေ့တွေ၊ ဝံပုလွေတွေ အကောင် တစ်ရာလောက် ထည့်ထားလိုက်မယ်... သားရဲတွေ အချင်းချင်း တိုက်ခိုက်ကြတာပေါ့။”

ဖန်ကျန်းရီ၏ နှုတ်ခမ်းထောင့်များမှာ တဆတ်ဆတ် နှင့် တုန်ရင်သွားခဲ့သည်။

“အဲဒီအထဲက လူတွေက ဘယ်လိုလုပ်မလဲ။ ကျားစာ ကျွေးမှာလား။”

လီယွမ်ကျောက်က အင်္ကျီလက်ကို ဝှေ့ယမ်းကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောဆိုလိုက်၏။

“ဒါက စိတ်လှုပ်ရှားစရာ အကောင်းဆုံး အပိုင်းပဲ။ လူတွေ အကုန်လုံးကို ပြောင်းရွှေ့ခိုင်းလိုက်မယ်။ အထဲမှာ သားရဲတွေပဲ ထားမယ်။ တကယ်လို့ လာကြည့်ချင်တယ်ဆိုရင် သံလှောင်အိမ် တစ်ခု လုပ်ပြီး လူကို အဲဒီအထဲမှာ ထည့်ထားမယ်။ ပြီးရင် ရထားလုံးနဲ့ အထဲမှာ လျှောက်သွားမယ်။ ဒီလိုဆိုရင် အဲဒီ သားရဲတွေကို အနီးကပ် သွားကြည့်လို့ ရမယ်မဟုတ်လား။”

“ဒါဆိုရင် လှည်းကိုဆွဲမယ့် မြင်းကရော။”

လီယွမ်ကျောက် တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ ဟုတ်သားပဲ။ မြင်းက မည်သို့ လုပ်မည်နည်း။ အထဲတွင် ခြင်္သေ့များနှင့် ကျားများချည်းသာ ရှိနေမည်ဆိုတော့ လှည်းကို မြင်းနှင့် ဆွဲပါက ကျားစာ ကျွေးသလို ဖြစ်နေပေမည်။

သို့ပေမည့် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် အစီအစဉ်တစ်ခုကို လီယွမ်ကျောက် ရရှိသွားခဲ့၏။ “ကိစ္စမရှိဘူး။ မြင်းကို သံချပ်ကာ ဝတ်ပေးလိုက်ရင် စိတ်ပူစရာ မလိုတော့ဘူးပေါ့။”

ဖန်ကျန်းရီသည် ကောင်းကင်သို့ မော့ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။ လီယွမ်ကျောက်မှာ အရင်ဘဝက ဆာဖာရီ ကဲ့သို့ တိရစ္ဆာန်ဥယျာဉ် ဖွင့်လှစ်ခဲ့ဖူးသူများ ဖြစ်နေမည်လား။ ထိုသို့သောသူ အိမ်ရှေ့စံမင်းသား ဖြစ်နေရခြင်းက အမှန်တကယ်ပင် နှမြောစရာ ကောင်းလှသည်။

“ဖန်ကြီး …. ကျုပ်ရဲ့ အကြံအစည် ဘယ်လိုနေလဲ။” လီယွမ်ကျောက်မှာ အလွန်ပင် ဂုဏ်ယူဝင့်ကြွားနေ၏။

ဖန်ကျန်းရီက လက်မထောင်ပြလိုက်သည်။

“ကောင်းတယ်။ အရမ်း ကောင်းတယ်။ သူ့အလိုလို ရွေ့လျားနိုင်တဲ့ လှည်းမျိုး ရှိရင် ပိုကောင်းမှာပဲ။ အိမ်ရှေ့စံမင်းသား ပီသပါပေတယ်။ အရှင်မင်းကြီးသာ မြင်ရင် နောက်ထပ် ကလေးတစ်ယောက် ထပ်ယူချင်သွားလောက်အောင် ဝမ်းသာသွားမှာ သေချာတယ်။

“ကဲ အရေးကြီးတာ ပြောမယ်။ မနက်ဖြန် အိမ်ရှေ့စံမင်းသား ကျုပ်နဲ့ ပန်းရှန်းရပ်ကွက်ကို လိုက်ခဲ့။ နောက်ဆို အဲဒါ ခင်ဗျားရဲ့ နေရာပဲ။”

“ခဏနေရင် ကျုပ် မြောက်မြို့တော်စောင့်တပ်ကို သွားပြီး ပစ္စည်းတချို့ သွားယူလိုက်အုံးမယ်။ အိမ်ရှေ့စံမင်းသား ဘယ်လို စီစဉ်မလဲဆိုတာ အရင် စဉ်းစားထားလို့ ရတယ်။”

“ပန်းရှန်းရပ်ကွက် …. မကြားဖူးပါဘူး။ ဘာလို့ ငှက်တောင် ချေးမပါတဲ့ နေရာမျိုးကို ရွေးလိုက်တာလဲ။” လီယွမ်ကျောက်က ဖန်ကျန်းရီကို နားမလည်နိုင်စွာ ကြည့်လိုက်၏။

“မနက်ဖြန်သွားရင် အိမ်ရှေ့စံမင်းသား သိပါလိမ့်မယ်။”

All Chapters