← Chapters

အခန်း (၉၉-၁၀၀)

Vol. 7 Ch. 99-100

အခန်း (၉၉-၁၀၀)

Vol. 7 Ch. 99-100

အပိုင်း (၉၉) အိမ်ရှေ့စံမင်းသား လမ်းလှည်းခြင်း။

နောက်တစ်နေ့သို့ ရောက်ရှိလာခဲ့သည်။

ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့နှစ်ဦးသည် ပန်းရှန်းရပ်ကွက်၏ လမ်းတစ်လမ်းပေါ်၌ ရပ်နေကြပြီး သူတို့၏ ဘေးတွင် သူစိမ်းတစ်ယောက်လည်း ပါဝင်လာခဲ့၏။

ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်ကြည့်ရှုလိုက်ရာ ဖုန်ထူနေသော လမ်းမကြီး နှင့် ဘေးနှစ်ဖက်ရှိ ဟောင်းနွမ်းယိုယွင်းနေသော အိမ်များအပြင် ကလေးငယ်တစ်ယောက်က ဘောင်းဘီချွတ်ကာ နံရံထောင့်၌ သေးပေါက်နေကြောင်းကိုပါ မြင်တွေ့လိုက်ရသည်။

လီယွမ်ကျောက်၏ မျက်ခမ်းထောင့်များမှာ တွန့်ကွေးသွားခဲ့ပြီး တိတ်ဆိတ်ငြိမ်သက်သွား၏။

ဤမြင်ကွင်းက သူ စိတ်ကူးထားခဲ့သည်များနှင့် အတော်လေးပင် ကွာခြားနေသည်။ သူ မျှော်လင့်ထားခဲ့သည့် ပတ်ဝန်းကျင်မှာ တောက်ယွမ်ခရိုင်နှင့် အနည်းဆုံးတော့ တူညီရမည် မဟုတ်ပါလော။ အနည်းဆုံး အတွင်းမြို့တော်ရှိ ရပ်ကွက်တစ်ခု ဖြစ်ရမည်။

ထို့နောက် ဖန်ကျန်းရီအား စိတ်ပျက်လက်ပျက်ဖြင့် မေးမြန်းလိုက်သည်။ “ဖန်ကြီး …. ဒါ ခင်ဗျား ရွေးထားတဲ့ နေရာလား။”

ဖန်ကျန်းရီက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြုံးလိုက်၏။

“ဟုတ်တယ်။ သဘောကျလား။ ဒါကို ကျုပ် သေချာ ရွေးထားတာ။ မြို့တော်ထဲမှာ ဒါထက် ပိုကောင်းတဲ့ နေရာ ရှာလို့ မရဘူးလို့ အာမခံတယ်။”

“လာ ….. တပ်မှုးကျောက်ကို ရှင်းပြခိုင်းလိုက်မယ်။”

ထိုသို့ပြောဆိုပြီးသည်နှင့် မိမိ၏ ဘေးတွင် ရပ်နေသော သူအား ဆွဲခေါ်လိုက်သည်။

ကျောက်ကန်းက မျက်နှာချိုသွေးလျက် လီယွမ်ကျောက်ကို ကြည့်ကာ အလျင်အမြန် အရိုအသေ ပေးလိုက်၏။

“ပန်းရှန်းရပ်ကွက်က မြောက်မြို့စောင့်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတယ်။ တပ်မှုးကျောက်က မြောက်မြို့စောင့်တပ်ရဲ့ တပ်မှူးပဲ။ တပ်မှုးကျောက်... အိမ်ရှေ့စံမင်းသားကို ဒီပန်းရှန်းရပ်ကွက် အကြောင်း ရှင်းပြလိုက်ပါ။”

မနေ့က အလုပ်ဆင်းသည်နှင့် တစ်ပြိုင်နက် ဖန်ကျန်းရီသည် မြောက်မြို့စောင့်တပ်သို့ တိုက်ရိုက် သွားရောက်ကာ နှုတ်ဆက်ခဲ့ခြင်း ဖြစ်သည်။

မြို့စောင့် တပ်ရင်းငါးခုဆိုသည်မှာ မြို့တော်ဒေသ၏ လုံခြုံရေးကို တာဝန်ယူရသော အဖွဲ့အစည်း ဖြစ်ပြီး၊ ခေတ်သစ် အဓိပ္ပာယ်အရ ရဲ၊ မီးသတ်၊ စည်ပင်၊ စျေးကွက် ။ ကြီးကြပ်ရေး စသည့် လုပ်ငန်းဆောင်တာများ အားလုံး ပါဝင်သော ဆဋ္ဌမအဆင့် ရုံးတော် တစ်ခု ဖြစ်၏။

နာမည်ကသာ ကြီးကျယ်ခမ်းနားသော်လည်း တကယ်တမ်းတွင် ရာထူးက သေးငယ်ပြီး တာဝန်က ကြီးမားကာ လစာငွေမှာ နည်းပါးလှသည်။ အရာရှိကြီးများ ပြည့်နှက်နေသော မြို့တော်တွင်ဆိုပါက ဘေးဖယ်ထားခံရသည့် ရုံးတော် တစ်ခုဟုပင် ဆို၍ ရနိုင်သည်။

ထို့အပြင် တပ်မှူး၏ ရာထူးမှာလည်း ဆဋ္ဌမအဆင့်သာ ရှိသည် ။ ထိုကဲ့သို့သော ရာထူးမျိုး တော်တော်များများကို နန်းတွင်းရှိ ကိုယ်လုပ်တော်များ၏ ဆွေမျိုးများကသာ တာဝန်ယူလေ့ ရှိကြသည်။ တကယ်တမ်းတွင် နာမည်ခံမျှသာ ရှိပြီး အလုပ်မလုပ်ကြချေ။

ကျောက်ကန်းမှာမူ နောက်ခံ တစ်စုံတစ်ရာ မရှိဘဲ တကယ် အလုပ်လုပ်ကာ တက်လာခဲ့ရသူဖြစ်ရာ၊ ယနေ့ ဤရာထူးအထိ ရောက်ရှိလာခြင်းမှာ အမြင့်ဆုံးပင် ဖြစ်လောက်သည်။ ထို့ကြောင့် ဤတစ်ခေါက် အိမ်ရှေ့စံမင်းသား ကို တွေ့ဆုံရသောအခါ အလွန်ပင် စိတ်လှုပ်ရှားနေ၏။

ဖန်ကျန်းရီအား ကျေးဇူးတင်ရှိသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ရင်ခွင်ထဲမှ မှတ်တမ်းဖိုင်များကို အလျင်အမြန် ထုတ်ယူကာ လီယွမ်ကျောက်အား ရှင်းပြသည်။

“အိမ်ရှေ့စံမင်းသားကို လျှောက်တင်ပါတယ်။ ဒီပန်းရှန်းရပ်ကွက်က လွန်ခဲ့တဲ့ငါးနှစ်က စတည်ဆောက်ခဲ့တာပါ။ အဲဒီအချိန်က စစ်ပွဲတွေကြောင့် မြို့တော်ထဲကို ဒုက္ခသည်တွေ အများကြီး ဝင်လာတော့ အနီးအနား ရပ်ကွက် တစ်ချို့ကို အဲဒီအချိန်ကတည်းက တည်ဆောက်ခဲ့တာပါ။

အဲဒီတုန်းက အလျင်စလို တည်ဆောက်ရပြီး ဘတ်ဂျက်လည်း မလုံလောက်တော့ အခု ကြည့်ရတာ နည်းနည်း ဟောင်းနွမ်းနေပါတယ်။ ဒါပေမဲ့ ဒီနှစ်တွေအတွင်းမှာ တိုးတက်လာတဲ့ နေရာတွေ အများကြီး ရှိပါတယ်။

အခု ပန်းရှန်းရပ်ကွက်မှာ စားသောက်ဆိုင် အခုနှစ်ဆယ်...”

“တပ်မှုးကျောက် ….. အဲဒါတွေ ပြောစရာ မလိုပါဘူး။ အိမ်ရှေ့စံမင်းသားကို တိုက်ရိုက် ပြောပြလိုက်ပါ။ ဒီမှာ တစ်လကို ပြစ်မှု ဘယ်လောက်ဖြစ်လဲ။ အကြီး ၊ အသေး အကုန် ပြောပြပါ။” ဖန်ကျန်းရီက ကျောက်ကန်း၏ စကားကို ဖြတ်၍ ပြောဆိုလိုက်၏။

ကျောက်ကန်း၏ မျက်နှာမှာ တောင့်တင်းသွားခဲ့ပြီး မှတ်တမ်းဖိုင်များကို ဆက်လက် ဖတ်ပြရန် ခက်ခဲစွာ ပြင်ဆင်လိုက်ရသည်။

“ပြီးခဲ့တဲ့လက အချက်အလက် အရဆိုရင် ခိုးမှုက ၁၇၇ ကြိမ်၊ လမ်းပေါ် လုယက်မှုက ၁၂ ကြိမ်...”

ကျောက်ကန်းက တစ်ခုချင်းစီ အသေးစိတ် ပြောပြနေစဉ် လီယွမ်ကျောက်၏ မျက်နှာမှာ ပို၍ မည်းမှောင်လာ၏။

ပြည်သူများ၏ ဘဝခက်ခဲကြမ်းတမ်းသည် ဆိုသည်ကို သူ သိရှိထားပါသည်။ သို့သော်လည်း ရပ်ကွက်တစ်ခုတည်းအတွင်း၌ ဤမျှလောက်တောင် ပြစ်မှုများ ဖြစ်ပွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် နေထိုင်ရသည်မှာ တကယ်ကိုပင် ထိတ်လန့်စရာ ကောင်းလှသည်။

“ရန်ဖြစ်တာက ၂၃၉ ကြိမ်...”

“တော်ပြီ …. ဆက်မပြောနဲ့တော့။” လီယွမ်ကျောက်က နှုတ်ခမ်းကို တင်းတင်းစေ့လျက် မျက်နှာတည်တည်ဖြင့် ပြောဆိုလိုက်၏။

ကျောက်ကန်းမှာ ချက်ချင်း ရပ်တန့်သွားခဲ့ပြီး စိတ်ထဲ၌ အနည်းငယ် ထိတ်လန့်သွားသည်။

လီယွမ်ကျောက် တစ်ယောက် တကယ်ကိုပင် ဆက်၍ နားမထောင်နိုင်တော့ပေ။ ဤသည်မှာ အမှန်တကယ်ပင် ပြဿနာ အရှုပ်အထွေးကြီး တစ်ခု ဖြစ်သည်။ ဤသို့သော နေရာမျိုးကို တာဝန်ယူရခြင်းမှာ မိမိဘာသာ ဒုက္ခရှာနေခြင်းပင် ဖြစ်သည်။ သူက ဖန်ကျန်းရီကို ဒေါသတကြီးဖြင့် လှည့်ကြည့်လိုက်၏။ “ဖန်ကြီး ….. ခင်ဗျား ကျုပ်ကို ဒုက္ခပေးမလို့လား။”

ဖန်ကျန်းရီက ပြုံးရုံသာ ပြုံးလိုက်ပြီး မည်သို့မှ ပြန်လည် မဖြေကြားဘဲ ငွေစက္ကူ တစ်ရွက်ကို ကျောက်ကန်း၏ အင်္ကျီလက်အတွင်းသို့ တိတ်တဆိတ် ထည့်ပေးလိုက်သည်။

ကျောက်ကန်း တစ်ကိုယ်လုံး တုန်ရီသွားခဲ့ပြီး ချက်ချင်းပင် ရိုသေလေးစားသွား၏။

နန်းတော်တွင်းမှ လူများမှာ တကယ်ကိုပင် ကွဲပြားခြားနားလှသည်။ ဤသို့သော နည်းလမ်းမျိုး... ဤကဲ့သို့သော အမြန်နှုန်းမျိုးကို... တစ်ကြိမ်တစ်ခါမျှ သူ မမြင်ဖူးချေ။

“ဒီနေ့ ပင်ပန်းသွားပြီ တပ်မှုးကျောက်။ ကျန်တာတော့ ကျုပ် အိမ်ရှေ့စံမင်းသားကို ခေါ်ပြီး လိုက်ပြလိုက်မယ်။ ဒီရက်ပိုင်းအတွင်း နန်းတော်ကနေ အမိန့်စာ ထွက်လာလိမ့်မယ်။ နောက်ဆိုရင် တပ်မှုးကျောက်ကို အများကြီး အကူအညီ တောင်းရမယ်။”

ထိုစကားကို ကြားလိုက်ရချိန်တွင် ကျောက်ကန်းမှာ စိတ်သက်သာရာ ရသွားသကဲ့သို့ သက်ပြင်းတစ်ချက် ချလိုက်၏။

စိတ်ထဲ၌လည်း တွေးတောနေမိသည်။ ဤဖန်ကျန်းရီမှာ ကောလာဟလများထဲကကဲ့သို့ ရိုင်းစိုင်းကြမ်းတမ်းသူ မဟုတ်ပေ။ ရည်မွန်ပြီး ဘဝင်မမြင့်ချေ။ အလုပ်လုပ်ကိုင်ရာတွင်လည်း သပ်ရပ်လှသည်။ မိမိကဲ့သို့သော လက်အောက်အရာရှိကိုပင် ငွေကြေး ပေးကမ်းသေးသည်။ ကောလာဟလများက အမှားအယွင်းများသာ ဖြစ်ပေမည်။

ထို့နောက် ဖန်ကျန်းရီ၏ နားနားသို့ ကပ်ကာ တိုးညှင်းသော အသံဖြင့် ပြောဆိုလိုက်၏။

“မြို့ဝန်ဖန် … ဒါဆို ကျုပ် သွားလိုက်ပါအုံးမယ်။ ပြဿနာ တစ်ခုခု ရှိရင် အချိန်မရွေး လာရှာလို့ ရပါတယ်။ အိမ်ရှေ့စံမင်းသားက နန်းတော်ကန လာတာဆိုတော့ သန့်ရှင်းရေးကို သေချာပေါက် သဘောကျမှာပါ။ တကယ်လို့ ပန်းရှန်းရပ်ကွက်ကို ပြုပြင်မွမ်းမံမယ်ဆိုရင် သတိပေးစရာ တစ်ခု ရှိပါတယ်။ ရပ်ကွက်ထဲက ချေးသယ်သမားတွေကို သတိထားပါ။”

ထိုသို့ ပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် ကျောက်ကန်းက အလျင်အမြန်ပင် ထွက်ခွာသွားသည်။

ဖန်ကျန်းရီမှာ မျက်ခုံးပင့်သွားမိ၏။ ဤငွေကြေးများက အလကား မဖြစ်သွားခဲ့ပေ။

လီယွမ်ကျောက် ရှိရာဘက်သို့ လှည့်ကာ ပြောဆိုလိုက်၏။

“အိမ်ရှေ့စံမင်းသား ဘယ်လိုတွေ ပြောနေတာလဲ။ ကျုပ် ဖန်ကျန်းရီက ပိုက်ဆံရှိတဲ့သူတွေကိုပဲ ဒုက္ခပေးတာပါ။ အိမ်ရှေ့စံမင်းသားဆီမှာ ပိုက်ဆံ ရှိလို့လား။”

“…….”

လီယွမ်ကျောက်၏ မျက်နှာမှာ နီရဲသွားသည်။

“ခင်ဗျားက ဒီလိုနေရာမျိုးကို ရွေးတယ်။ ဘာမှလည်း မရှိဘူး။ ကျုပ် ဘယ်လိုလုပ် အလုပ်လုပ်ရမှာလဲ။”

ဖန်ကျန်းရီက မျက်လုံးပြူးကာ ကြည့်လိုက်၏။

“အိမ်ရှေ့စံမင်းသား …. လူတစ်ယောက်က တကယ်ပဲ ရည်မှန်းချက် ကြီးမားတယ်ဆိုရင် ပန်းကန်လုံး တစ်လုံးတည်းနဲ့တောင် တိုင်းပြည်ကို သိမ်းပိုက်နိုင်တယ်။ မင်းသားက အခု ရပ်ကွက်တစ်ခုကို အုပ်ချုပ်ရတာကိုတောင် ဒီလောက် ငြီးငြူနေတယ်။ ပြီးတော့ ကျုပ်ပါ အတူတူ ရှိနေတာကို။ ဘာကြောက်စရာ ရှိလို့လဲ။

ကြည့်စမ်း။ ဒီက ပြည်သူတွေရဲ့ ဘဝက ဘယ်လောက်တောင် ခက်ခဲလဲ။ သူတို့ အကုန်လုံးက အိမ်ရှေ့စံမင်းသား ကိုပဲ အားကိုးနေကြတာ။”

ထိုစကားကို ကြားလိုက်ရချိန်တွင်ကား လီယွမ်ကျောက်၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားခဲ့ပြီး အထစ်ထစ် အငေါ့ငေါ့ ဖြင့် ပြန်လည်ပြောဆိုလိုက်သည်။

“ဟူး... တစ်ရက်လောက်တော့ ရပါတယ်။ နှစ်ရက်လည်း ရပါတယ်။ ဒါပေမဲ့ ကျုပ် နေ့တိုင်း ဒီလိုနေရာမျိုးမှာ ဘယ်လိုလုပ် နေနိုင်မှာလဲ... ညစ်ပတ်ပြီး ရှုပ်ပွနေတယ်။ ဘာမှလည်း မရှိဘူး။ အရှေ့နန်းဆောင်ထက်တောင် ပိုပျင်းစရာ ကောင်းသေးတယ်၊”

“အရှေ့နန်းဆောင်မှာ အချိန်ဖြုန်းနေတဲ့သူဆိုရင် ကျုပ်ရဲ့ ညီအစ်ကို မဟုတ်ဘူး။”

“သိပါပြီ။ သိပါပြီ။” လီယွမ်ကျောက်က မကျေမနပ်ဖြင့် အော်ဟစ်လိုက်၏။

ဖန်ကျန်းရီသည် ထိုအခြေအနေကို မြင်တွေ့လိုက်ရချိန်တွင် မင်းသား၏ ပခုံးကို ဖက်ကာ ပြုံးစိစိဖြင့် မျှော်လင့်ချက်များ စတင် ပေးလေတော့သည်။

“အိမ်ရှေ့စံမင်းသား … စိတ်မပူပါနဲ့။ ကျုပ် အိမ်ရှေ့စံမင်းသားကို စတွေ့ကတည်းက အိမ်ရှေ့စံမင်းသားက ကြီးမြတ်တဲ့ ဘုရင်တစ်ပါး ဖြစ်လာမယ်လို့ ထင်ခဲ့တာ။ ကြီးမြတ်တဲ့ ဘုရင်တစ်ပါး ဆိုပေမဲ့ အပျက်အစီးတွေ အပေါ်မှာ ခမ်းနားမှုကို တည်ဆောက်ချင်တာလား ဒါမှမဟုတ် လက်ရှိ ဘုရင်မင်းမြတ်ရဲ့ ခမ်းနားမှုကို ဆက်ခံချင်တာလား။ အိမ်ရှေ့စံမင်းသားက ဘုရင်မင်းမြတ်ရဲ့ အရိပ်အောက်မှာပဲ အမြဲတမ်း နေချင်လို့လား။

စဉ်းစားကြည့်လေ။ အနာဂတ်မှာ ပြည်သူတွေ အားလုံးက လေးစားပြီး လမ်းဘေး နှစ်ဖက်ကနေ ကြိုဆိုနေကြမယ့် မြင်ကွင်းကို။ ခင်ဗျား ပျော်မှာ မဟုတ်ဘူးလား။ ဒါပေမဲ့ တခြားလူတွေက ပြောတဲ့အခါကျရင် ဒါက ခင်ဗျားဖေရဲ့ အောင်မြင်မှုတွေပါ။ ခင်ဗျားက အလကား ရလိုက်တာပါလို့ ပြောရင် စိတ်ထဲမှာ ဘယ်လိုနေမလဲ။

“ပြီးတော့ ကျုပ်ဆီမှာ ပိုက်ဆံ ရှိသေးတယ်... အခု ဘာမှ မရှိဘူးဆိုတာ မကြည့်နဲ့။ ငွေသောင်းဂဏန်းလောက် အကုန်ခံလိုက်ရင် မနက်ဖြန်ကျရင် အသစ်ဖြစ်သွားလိမ့်မယ်။ ပြီးတော့...”

လီယွမ်ကျောက်သည် လူငယ်တစ်ယောက် ဖြစ်လေရာ မျှော်လင့်ချက် အများအပြား ပေးလိုက်ချိန်တွင် မျက်နှာမှာ တဖြည်းဖြည်း ပြန်လည် လန်းဆန်းလာခဲ့ပြီး တစ်ကိုယ်လုံး တက်ကြွလာသည်။

သို့နှင့် စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်၏။ “ခင်ဗျား ပြောတာ ယုတ္တိရှိတယ်။ ဒါဆို ဘယ်ကနေ စလုပ်ရမလဲ။”

ဖန်ကျန်းရီက လမ်းမကြီးဆီသို့ လက်ညှိုးထိုးပြလိုက်သည် ။

“ကြည့်စမ်း …. ဒီနေရာက ဘယ်လောက် ညစ်ပတ်နေလဲ။ သန့်ရှင်းရေး အရင်လုပ်ရမယ်။ လမ်းကိုအရင် တံမြက်စည်း လှည်းရမယ်။”

“ဟင် ….. ဟိုနံရံထောင့်မှာ တံမြက်စည်း တစ်ချောင်း ရှိတာပဲ။ အိမ်ရှေ့စံမင်းသား ကိုယ်တိုင် သွားစမ်းကြည့်လို့ ရတယ်။ လှည်းတတ်တယ်မလား။”

လီယွမ်ကျောက်က ဖန်ကျန်းရီအား အထင်သေးစွာ ကြည့်လိုက်၏ ။

“ကျုပ် မလှည်းတတ်ဘူး။ ဖန်ကြီး ခင်ဗျား ကျုပ်ကို လာမလိမ်နဲ့။ ခင်ဗျားလည်း လှည်းတတ်မှာ မဟုတ်ဘူး။”

ဖန်ကျန်းရီက လှောင်ပြောင်လိုက်သည်။

“တံမြက်စည်း လှည်းတာက ဘာမှမဟုတ်ပါဘူး။ ကျုပ်က ဝက်စာတောင် စားဖူးတယ်။ အိမ်ရှေ့စံမင်းသား စားရဲလား။”

ဝက်စာလား။ ထိုအရာက လူစားသော အရာမဟုတ်ပေ။

လီယွမ်ကျောက်က ဖန်ကျန်းရီ၏မျက်နှာကို သံသယဖြင့် စိုက်ကြည့်လိုက်ပြီးနောက် အံကြိတ်ကာ ပြောဆိုလိုက်၏။

“တံမြက်လှည်းတာလေးပဲ မဟုတ်ဘူးလား။ ဒီလောက်လေးကို ကျုပ်က မလုပ်တတ်ဘူး ဟုတ်လား။ စောင့်ကြည့်နေ။”

ထိုသို့ ပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် တံမြက်စည်းရှိရာဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားသည်။

ဖန်ကျန်းရီက လက်ပိုက်ကာ ပွဲကြည့်နေ၏။ ဤလူမှာ သွေးထိုးပေးလိုက်သည်နှင့် ထိန်းမရတော့ချေ။

အိမ်ရှေ့စံမင်းသား၏ စရိုက်မှာ မဆိုးရွားလှသော်လည်း အလိုလိုက်ခံထားရသူ ဖြစ်သည်။ ပုံမှန်အားဖြင့် ဆိုရလျှင် ကြမ်းတမ်းသောပုံ ပေါက်သော်လည်း တကယ်တမ်း ဖုန်များနှင့် မြေကြီးများကို မြင်တွေ့ရလျှင် မည်သူ့ထက်မဆို ပို၍ အဝေးသို့ ရှောင်ဖယ်တတ်သည်။ ဤအကျင့်ဆိုးများကို သေချာစွာ ပြုပြင်ပေးရမည်။

လီယွမ်ကျောက်က တံမြက်စည်းကို ယူကာ လမ်းမလယ်၌ 'က' နေသကဲ့သို့ လှည်းကျင်းနေသဖြင့် တစ်ခဏအတွင်းမှာပင် ဖုန်လုံးကြီးများ ထောင်းထောင်းထလာ၏။

လမ်းသွားလမ်းလာများက ကျိန်ဆဲကြသည်။

“ခွေးကောင် … နေ့ခင်းကြောင်တောင် ဖုန်တွေ ထအောင် လုပ်နေတာ သေချင်လို့လား။”

“ဘယ်က ခွေးကောင်လဲ။ အကျင့်ယုတ်လိုက်တာ။ ငါ တိုင်မယ်။”

“ချေးစားလိုက်စမ်း။”

ဖန်ကျန်းရီက ထိုအခြေအနေကို မြင်တွေ့လိုက်ရချိန်တွင် အင်္ကျီလက်ဖြင့် မျက်နှာကို ကွယ်ကာ နံရံထောင့်ဆီသို့ တိတ်တဆိတ် လျှောက်သွား၏။

အချိန်အနည်းငယ် ကြာမြင့်ပြီးနောက် ဖုန်လုံးများထဲမှ လီယွမ်ကျောက်၏ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ “ဖန်ကြီး … ဖန်ကြီး။”

ဖန်ကျန်းရီက အလျင်အမြန် ပြေးသွားခဲ့သော်လည်း ဖုန်များမှာ များပြားလွန်းလှသဖြင့် အနောက်သို့ ပြန်လည် ဆုတ်ခွာလာခဲ့ရ၏။

ဖုန်များ ဖြည်းညင်းစွာ ကွဲထွက်သွားချိန်တွင်တော့ လီယွမ်ကျောက်က တံမြက်စည်းကို မှီလျက် ဖန်ကျန်းရီအား ထိတ်လန့်တကြား ကြည့်နေခဲ့သည်။ ပြီးနောက် ငိုသံပါကြီးဖြင့် ပြောဆိုလိုက်သည်။ “ဖန်ကြီး ….. ကျုပ် ချေးနင်းမိထားပြီ ထင်တယ်။”

ဖန်ကျန်းရီ။ “...”

အပိုင်း (၁၀၀) ကျင်းတိုင်းပြည်၏ ပထမဆုံး ခြေထောက်။

မင် ၊ မန် ၊ ချင်ခေတ် မြို့ကြီးများ၊ ဥပမာ မြောက်ပိုင်း ပေဂျင်းကဲ့သို့သော နေရာမျိုးများတွင် လမ်းပေါ်၌ အိမ်သာ အလွန် နည်းပါးသည်။ အိမ်သာ ကိစ္စဆိုသည်မှာ ရေကြီးသည်ကို ထိန်းချုပ်ရသကဲ့သို့ပင် လမ်းကြောင်းပေးရန်က အဓိကဖြစ်ပြီး၊ ပိတ်ပင်တားဆီးရန် ဆိုသည်မှာ မဖြစ်နိုင်သောအရာ ဖြစ်သည်။ ထို့ကြောင့် အိမ်သာ ရှာဖွေရခက်ခဲသောအခါ မြင်တွေ့ရသမျှ နေရာတိုင်း၌ အညစ်အကြေးများ ပြည့်နှက်နေတတ်သည်။

ချင်ခေတ် 'ယန်ကျင်းကျာကျိ' စာအုပ်၌ မှတ်တမ်းတင်ထားသည်မှာ "လူတို့သည် လမ်းပေါ်၌ သေးပေါက်ကြသည်၊ အမျိုးသမီးများကလည်း လမ်းပေါ်၌ပင် အိမ်သာအိုး သွန်ပစ်ကြသည်၊ နွားချေး ၊ မြင်းသေးများကလည်း အစဉ်အမြဲ တိုးပွားလျက်ရှိသည်။ အညစ်အကြေးများ ထပ်နေပြီး မည်သည့်နေရာသို့ ရောက်ရောက် အနံ့ဆိုးများ ရနေသည်" ဟူ၏။

'ကျိုကျင်းစိုကျိ' စာအုပ်တွင်လည်း မှတ်တမ်းတင်ထားသည်မှာကား "လမ်းသွားလမ်းလာများသည် လမ်း၌ သေးပေါက်လေ့ရှိကြသည်၊ အစိုးရ အရာရှိများက အပြစ်ပေးအရေးယူသော်လည်း ထိုအကျင့်ဆိုးကို မဖျောက်ဖျက်နိုင်ချေ၊ အရာရှိများ ကိုယ်တိုင်ပင်လျှင် လမ်း၌ သေးပေါက်ကြသည်" ဟူသည် ။

ပဒေသရာဇ်ခေတ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသည့် ချင်ခေတ်ကာလတွင် ဤသို့သော အခြေအနေမျိုး ရှိနေခဲ့လျှင် ကျင်းတိုင်းပြည်သည်လည်း သေချာပေါက် ချွင်းချက် ဖြစ်မည် မဟုတ်ချေ။

ဖန်ကျန်းရီ တစ်ယောက် ဝိညာဉ်ကူးပြောင်း ရောက်ရှိလာစက အလွန်အမင်း ထိတ်လန့်သွားခဲ့ရပြီး နောက်ပိုင်းတွင် မိမိကိုယ်ကိုယ် နတ်ဘုရားများက ရွေးချယ်ထားသောသူဟူ၍ အဆက်မပြတ် နှစ်သိမ့်နေခဲ့ရသည်။ ဤသို့သော ရှုပ်ထွေးလှသည့် ခံစားချက်များမှာ သူ့၌ အဆက်မပြတ် ရောထွေးနေခဲ့၏။

ပထမဆုံးအကြိမ် အိမ်သာတက်ရသော အချိန်ကာလတွင် ဟန်ချက်ညီမှုများ ပျက်စီးသွားခဲ့ရပြီ ဖန်ကျန်းရီ တစ်ယောက် လုံးဝ စိတ်ပျက်အားငယ်သွားခဲ့ရသည်။ ဝိညာဉ်ကူးပြောင်းလာရသည့် ဘဝအပေါ် ထားရှိခဲ့သော လှပသည့် မျှော်လင့်ချက်အားလုံးမှာ ဤအချိန်၌ လုံးဝ ပျောက်ကွယ်သွားခဲ့ရသည်။

သောက်ကျိုးနည်း ဝိညာဉ်ကူးပြောင်းရခြင်းပင်တည်း။ ချေးပင် ကောင်းကောင်းမွန်မွန် ပါခွင့်မရှိခဲ့ပေ။

နောက်ဆုံး နှစ်အနည်းငယ်ခန့် ရုန်းကန်ကြိုးစားခဲ့ရပြီး လက်ထဲတွင် အရင်းအနှီး အနည်းငယ် ရရှိလာသောအခါမှသာ ဖန်ကျန်းရီက တောက်ယွမ်ခရိုင်၌ အိမ်သာသစ် ဖြန့်ဖြူးရေးကို စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။

ယခုအခါ လီယွမ်ကျောက် တစ်ယောက် ချေးနင်းမိသွားသည်ကို မြင်တွေ့လိုက်ရသောကြောင့် သူ၏ နာကျင်စရာ အတိတ်ကာလကို ပြန်လည် အမှတ်ရသွားစေသည်။

သက်ပြင်းချပြီး ခေါင်းခါယမ်းရုံမှလွဲ၍ မတတ်နိုင်တော့ချေ။

အိမ်သာ... ဆက်လက် ဆောက်လုပ်ရဦးမည်။ မွဲသွားလျှင်တောင်မှ ဆောက်လုပ်ရပေမည်။

လီယွမ်ကျောက်က ဝမ်းနည်းပက်လက်ဖြင့် ဖန်ကျန်းရီအား အော်ဟစ်လိုက်၏။ “သောက်ကျိုးနည်း…. ဒီနေရာမှာ နေလို့ မဖြစ်တော့ဘူး။”

ဖန်ကျန်းရီက ရှေ့သို့တိုးကာ နှစ်သိမ့်ပေးရန် ပြင်ဆင်လိုက်စဉ် ရုတ်တရက် မကောင်းဆိုးဝါးပုံပေါက်သော လူလေးယောက်က လီယွမ်ကျောက်၏ အနားသို့ ချဉ်းကပ်လာကြောင်း မြင်တွေ့လိုက်ရသဖြင့် စိတ်ပူပန် သွားရသည်။

ထိုလူများက လမ်းပေါ်မှ လူမိုက်များ ဖြစ်ကြောင်း သိသာထင်ရှားလှသည်။ လက်သီးများကို အသံမြည်အောင် ဆုပ်ကာ ကြိမ်းဝါးနေကြ၏။

“ခွေးကောင်လေး ….. နေရာအနှံ့ ဖုန်တွေထအောင် လုပ်နေတယ်။ ညီအစ်ကိုတို့ သူ့ကို ပညာပေးလိုက်စမ်း။”

လီယွမ်ကျောက်လည်း သတိထားမိသွားခဲ့ပြီး စိတ်ထဲ၌ အနည်းငယ် ထိတ်လန့်သွားခဲ့သော်လည်း လက်ဖြင့် ကာကွယ်ရန် အနေအထား ပြင်ဆင်လိုက်သည်။

ဖန်ကျန်းရီက ချက်ချင်းပဲ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “မင်းတို့ ခွေးကောင်တွေ သတ္တိရှိရင် ငါ့ဆီ လာခဲ့။”

လူမိုက်များက ချက်ချင်းပဲ ဒေါသတကြီး ကြည့်လိုက်ကြပြီး ဖန်ကျန်းရီရှိရာဘက်သို့ လျှောက်လှမ်းလာကြသည်။

“မင်း စောစောက ဘာပြောလိုက်တာလဲ။”

“စီးပွားလာဘ်လာဘတွေ တိုးတက်ပါစေလို့ ပြောတာပါ။”

ယခုတော့ ဖန်ကျန်းရီ လန့်သွားခဲ့ပြီ။

သောက်ကျိုးနည်း။ ယနေ့ အပြင်သို့ ထွက်လာရာ၌ ကျန်းပြောင်အား မခေါ်ဆောင်လာခဲ့ရပေ။ တစ်ယောက်ချင်းသာ ဆိုလျှင် အနည်းငယ် ယှဉ်ပြိုင် တိုက်ခိုက်၍ ရနိုင်သေးသည်။ ယခု လေးယောက်ဆိုတော့...

ဖန်ကျန်းရီ၏အကြည့်များက မြေကြီးပေါ်တွင် အလျင်အမြန် ဟိုဒီ လိုက်လံရှာဖွေနေခဲ့သည်။ သို့သော်ငြား ကျောက်ခဲ တစ်လုံးပင်မရှိကြောင်း သိရှိလိုက်ရသည်။

လီယွမ်ကျောက်မှာ အလောတကြီးဖြင့် ခုန်ဆွခုန်ဆွ ဖြစ်နေခဲ့သည်။ လူလေးယောက်က ဖန်ကျန်းရီအား ဝိုင်းရံထားသည်ကို မြင်တွေ့လိုက်ရချိန်မှာတော့ သူသည်လည်း မြေကြီးပေါ် လိုက်ခံရှာဖွေနေမိသည်။ လက်နက်တစ်ခုခုများ ရှိနေမည်လား။ သို့ပေမည့် ဘာမှမရှိပေ။ သူ့ခြေထောက်အောက်ရှိ အရာဆီသို့သာ အကြည့်က ဖြည်းညှင်းစွာ ရောက်ရှိသွား၏။

သူက အော်ဟစ်လိုက်သည် ။ “ခွေးကောင်တွေ ….ယူလိုက်စမ်း။”

ထို့နောက် အသက်ပြင်းပြင်း ရှူသွင်းကာ အံကြိတ်လိုက်၏။

အားကုန် ကန်ချလိုက်ရာ ထိုပြောမပြတတ်သော အရာများမှာ လွင့်စင်ထွက်သွားခဲ့ပြီး လူမိုက် လေးယောက်ဆီသို့ ပျံသန်းသွားသည်။

လူမိုက်များက လီယွမ်ကျောက်၏အော်သံကို ကြားသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပဲ နောက်သို့ လှည့်ကြည့် လိုက်ကြ၏။

ထို့နောက် ပြောမပြတတ်သော အစိုင်အခဲများက ကောင်းကင်ယံမှ ကျဆင်းလာခဲ့ပြီး၊ခေါင်း၊ မျက်နှာနှင့် ကိုယ်လုံး အပြည့် ပေကျံသွားသည်။

ကံကောင်းထောက်မစွာဖြင့် ဖန်ကျန်းရီက သူတို့လေးယောက်၏ အနောက်၌ ရပ်နေခဲ့သောကြောင့် သီသီလေး လွတ်ကင်းသွားခဲ့ခြင်း ဖြစ်၏။

လူမိုက်များမှာ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။ တစ်ယောက်က မျက်နှာကို သုတ်ကာ နမ်းကြည့်လိုက်ပြီးနောက် တွေဝေစွာဖြင့် ပြောဆိုလိုက်သည်။ “ဆရာကြီး … ချေးတွေ။”

“အား .. သောက်ချီး။”

ခေါင်းဆောင်ဖြစ်သူမှာ သတိပြန်လည် ဝင်လာခဲ့ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ မျက်လုံးများအတွင်း၌ ဒေါသများ ပြည့်နှက်နေ၏။

သို့သော်လည်း အသံကျယ်သွားခဲ့သောကြောင့် လမ်းဘေးတွင် ကင်းလှည့်နေသော အရာရှိငယ်များကို ဆွဲဆောင်မိသွားသကဲ့သို့ ဖြစ်သွားသည်။ ထို့ကြောင့် မတတ်နိုင်တော့ဘဲ ဆဲဆိုရင်း နောက်သို့ လှည့်ပြေး ကြတော့သည်။

ကျန်ရှိသော နောက်လိုက်များကလည်း ခေါင်းဆောင်ဖြစ်သူ ထွက်ပြေးသည်ကို မြင်တွေ့လိုက်ရချိန်မှာတော့ ကမန်းကတန်း လိုက်ပါ ပြေးလွှားကြ၏။

ဖန်ကျန်းရီက လီယွမ်ကျောက်အား လေးစားစွာ ကြည့်လိုက်သည်။

ဤကဲ့သို့သော ခြေထောက်စွမ်းရည်မျိုးနှင့်ဆိုလျှင် နောင်ဆိုပါက ဘောလုံးအသင်း တစ်သင်းလောက် ဖွဲ့ပေးရမည်။

ဤသည်မှာ သမိုင်းတွင် ပထမဆုံး ချေးကန်သော အနာဂတ် ဘုရင်တစ်ပါး ဖြစ်လာနိုင်သည်။ တစ်ခေတ်တွင် တစ်ယောက်သာ ရှိသော ဘုရင်ဟုပင် ဆိုနိုင်၏။

လီယွမ်ကျောက်က မျက်နှာသေဖြင့် ခြေတစ်ဖက်တည်းခုန်ကာ ရောက်ရှိလာသည်။ မြှောက်ထားသော ခြေထောက်၏ ဘောင်းဘီစနှင့် ဖိနပ်ပေါ်တွင် ရိုးရာဆေးဖက်ဝင်အပင်များက ကြယ်လေးများအလား ကပ်ငြိနေသည်။

ဖန်ကျန်းရီက နှာခေါင်းနှင့် ပါးစပ်ကို အုပ်ထားချင်ခဲ့သော်လည်း စောစောက လီယွမ်ကျောက် ကယ်တင်ခဲ့သည်ကို တွေးတောမိသဖြင့် လက်ကို အလျင်အမြန် ပြန်ချလိုက်သည်။ သို့နောက် စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်၏။ “အိမ်ရှေ့စံမင်းသားရဲ့ ခြေထောက်စွမ်းရည်က တကယ်ကို တော်ပါပေတယ်။ ကျုပ် တကယ် လေးစားမိတယ်။ ဘာဖြစ်သွားသေးလဲ။”

လီယွမ်ကျောက်က ခေါင်းယမ်းရင်း တည်ငြိမ်စွာ ပြောဆိုလိုက်သည်။ “ကျုပ် ဒီမှာ မနေချင်တော့ဘူး... နန်းတော် ပြန်မယ်။ ဒီခြေထောက်ကို... ဖြတ်ပစ်လိုက်တော့...”

ထိုသို့ပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် မျက်ရည်နှစ်ပေါက်က ပါးပြင်ပေါ်သို့ စီးကျလာ၏။

သောက်ကျိုးနည်း။ အစတည်းက အခြေအနေ မကောင်းချေ။

ဖန်ကျန်းရီက အလျင်အမြန် နှစ်သိမ့်ပေးလိုက်ပြီး လီယွမ်ကျောက်အား အတင်းဆွဲခေါ်ကာ အဝတ်အထည်ဆိုင် တစ်ဆိုင်ထဲ ဝင်လိုက်သည်။ ဆိုင်ရှင်၏ ရွံရှာသော အကြည့်များအောက်မှာပဲ လီယွမ်ကျောက်အား အဝတ်အစား တစ်စုံ လဲလှယ်ပေးလိုက်သည်။

အဝတ်အစား လဲလှယ်ပြီးနောက် လီယွမ်ကျောက်က စိတ်ပျက်လက်ပျက်ဖြင့် အဝတ်အထည်ဆိုင်၏ တံခါးခုံပေါ်၌ ထိုင်ကာ အဝေးသို့ ငေးမောကြည့်နေ၏။

စိတ်လှုပ်ရှားဖွယ်ရာ အတွေ့အကြုံထဲမှ မထွက်နိုင်သေးပုံ ရသည်။

ဆိုင်ရှင်ဖြစ်သူက နှင်ထုတ်ချင်ခဲ့သော်လည်း ဖန်ကျန်းရီက ငွေတစ်ကျပ် ပေးလိုက်သောကြောင့် ပျော်ရွှင်စွာဖြင့် ဆက်လက် မပြောဆိုတော့ချေ။ ဖန်ကျန်းရီက အိမ်ရှေ့စံမင်းသား၏ ဘေးတွင် ထိုင်ရင်း အလွန်ပင် အနေရခက်နေ၏။

ဤသည်မှာ ငယ်စဉ်ကတည်းက နန်းတော်အတွင်း၌ ကောင်းကောင်းမွန်မွန် နေထိုင်လာခဲ့ရပြီး အလိုလိုက် အကြိုက်ဆောင်ခံထားရသော အိမ်ရှေ့စံမင်းသား မဟုတ်ပါလော။

ဤသို့သောကိစ္စမျိုး ဖြစ်ပျက်သွားခဲ့တော့ သူ၏နုနယ်သော စိတ်နှလုံးလေးမှာ ကြီးမားသည့် ထိခိုက်မှု ဖြစ်သွားမည်မှာ အမှန်ပင်။ အကယ်၍ ကိုယ်တိုင်သာဆိုလျှင်လည်း ခေတ္တမျှ အချိန်ယူရမည်သာ ဖြစ်သည်။

ခဏလောက် ထိုင်နေပြီးနောက် လီယွမ်ကျောက် စကားမပြောသေးကြောင်း မြင်တွေ့ရသောကြောင့် ဖန်ကျန်းရီ က နှစ်သိမ့်စကား ပြောဆိုလိုက်၏။ “အိမ်ရှေ့စံမင်းသား မစဉ်းစားပါနဲ့တော့။”

“မြင်းပျောက်တာက ကံဆိုးတာလား၊ ကံကောင်းတာလား ဆိုတာ ဘယ်သူသိမှာလဲ။ ဒီလို နင်းမိတာကလည်း မကောင်းတဲ့ကိစ္စလို့တော့ ပြောလို့ မရပါဘူး။ တချို့လူတွေက ဖိနပ်စီးရင် ဒီလို ချေးနင်းရတဲ့ ခံစားချက်မျိုးကို ကြိုက်တယ်လေ။ နောက်ဆိုရင် ကျုပ်တို့ အတူတူ ဖိနပ်ရောင်းကြမယ်။”

လီယွမ်ကျောက်က ထိုစကားကို ကြားလိုက်ရချိန်တွင် ဒေါသတကြီး စိုက်ကြည့်လိုက်၏။

ထို့နောက် သူတို့နှစ်ဦး ထပ်မံ၍ အနေရခက်သွားကြပြန်သည်။

ဖန်ကျန်းရီမှာ ဆက်လက် မထိုင်နိုင်တော့ဘဲ ထရပ်ကာ အပြင်သို့ ထွက်သွားခဲ့ပြီး ခဏအကြာတွင် သကြား စုပ်တံနှစ်ချောင်းကို ယူဆောင်ကာ ပြန်လည်ရောက်ရှိလာခဲ့၏။

လီယွမ်ကျောက်အား တစ်ချောင်း ကမ်းပေးလိုက်သည်။

“ရော့ …. သကြားလုံး။ ခဏနေရင် ထမင်းစားဖို့ ခေါ်သွားမယ်။ အရင်ဆုံး ခံတွင်းမြိန်အောင် စားထားလိုက်...”

လီယွမ်ကျောက်က မျက်နှာသေဖြင့် သကြားလုံးကို လှမ်းယူကာ အားရပါးရ တစ်ကိုက် ကိုက်လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ပြောဆိုလိုက်၏။

“ကျုပ်က ဖြောင့်မတ်တဲ့ ဘုရင်တစ်ပါး ဖြစ်ဖို့ အမြဲတမ်း ရည်ရွယ်ထားတာ။ အခုတော့ ဘဝမှာ အမည်းစက် ရှိသွားပြီ။ အကုန်လုံး ခင်ဗျားကြောင့်ပဲ။”

“အာ … ဒီကိစ္စကို စိတ်ထဲ မထားပါနဲ့။ မိုးသိ၊ မြေသိ၊ ခင်ဗျားသိ၊ ကျုပ်သိပဲလေ။ ဘာမှမဖြစ်ဘူး။ စိတ်အေးအေးထားပါ အိမ်ရှေ့စံမင်းသား။”

လီယွမ်ကျောက်က တိတ်ဆိတ်စွာ လှည့်ကြည့်လိုက်သည်။ “ကောင်းပြီ။ ဘာမှ မဖြစ်ခဲ့ဘူးလို့ သဘောထားပြီး ကျုပ် ခင်ဗျားကို သတ်ပစ်မယ်။”

“ပျော်မယ်ဆိုရင်လည်း သတ်လိုက်ပါ။”

ဖန်ကျန်းရီ တစ်ယောက် ဘာလုပ်ရမှန်း မသိတော့ချေ။ ကလေးဆိုးကို ချော့ရသည်မှာ အရမ်းကို ခက်ခဲလှသည်။

လီယွမ်ကျောက်က ထပ်မံ၍ သက်ပြင်းချလိုက်ပြန်၏။

“ဘယ်လိုပဲဖြစ်ဖြစ် ပန်းရှန်းရပ်ကွက်ကို နောက် ကျုပ် မလာတော့ဘူး... ကျုပ်ဘဝက ဒီမှာတင် ဆုံးသွားပြီ။”

“ဖန်ကြီး …. ခင်ဗျား သွားပြီး ခမည်းတော်ဆီက ကျုပ်ရဲ့ ငွေနှစ်သောင်း ပြန်တောင်းပေးပါ။ ဒီနေရာကို ကျုပ် မယူတော့ဘူး။”

ဖန်ကျန်းရီမှာ အလောတကြီး ဖြစ်သွားခဲ့ပြီး ခေါင်းကို အဆက်မပြတ် ကုတ်နေမိသည်။

ဘယ်လို ဖြစ်သွားရသနည်း။ စီးပွားရေးက မစတင်မီမှာ ပျက်စီးသွားခဲ့ပြီလား။

“အိမ်ရှေ့စံမင်းသား …. ဒီလောက် အခက်အခဲလေးနဲ့ လက်လျှော့တော့မလို့လား။ ချေးနည်းနည်း ပေသွားတာ ဘာရွံစရာ ရှိလို့လဲ။ လူတွေက ဗိုက်ဆာလွန်းရင် အကုန်စားနိုင်တာပဲ။ မြန်မြန် ကြီးကျယ်တဲ့ စိတ်ဓာတ်ကို ပြန်မွေးစမ်း။ ကျုပ်ရဲ့အမြင်မှာတော့ အိမ်ရှေ့စံမင်းသားက ထိပ်တန်း ယောကျ်ားကောင်း တစ်ယောက်ပါ။ ဒီလောက် ကိစ္စလေးနဲ့ လဲကျတော့မလို့လား။”

“.......”

“ဒီလို လမ်းတစ်ဝက်မှာ လက်လျှော့တာက ယောကျ်ား မပီသဘူး။”

“…….”

“ငွေတစ်ရာ ပေးမယ်။ ပြုံးပြလိုက်။”

လီယွမ်ကျောက်က ငွေစက္ကူကို လှမ်းယူကာ ဖန်ကျန်းရီအား နှုတ်ခမ်းတွန့်၍ ပြုံးပြလိုက်၏။

ဖန်ကျန်းရီက ကြည့်ရှုပြီးနောက် သဘောကျသွားသည် ။ မျှော်လင့်ချက် ရှိနေသေးသည်။

“နောက်ထပ် ငွေတစ်ရာ ထပ်ပေးမယ်။”

“နောက်ထပ် ငွေတစ်ရာ ထပ်ပေးမယ်။”

“နောက်ထပ် ငွေတစ်ရာ ထပ်ပေးမယ်။”

“နောက်ထပ်...”

All Chapters