← Chapters

အခန်း (၁၀၁-၁၀၂)

Vol. 7 Ch. 101-102

အခန်း (၁၀၁-၁၀၂)

Vol. 7 Ch. 101-102

အပိုင်း (၁၀၁) မြို့တော် ပြုပြင်မွမ်းမံခြင်းကို သန့်ရှင်းရေးမှ စတင်မည်

ဖန်ကျန်းရီက တစ်နေကုန် အားစိုက်ပြီး ချော့မော့ပြောဆိုမှ နောက်ဆုံးတွင် အိမ်ရှေ့စံမင်းသားကို ပြန်လည် ကယ်တင်နိုင်ခဲ့သည်။

အကယ်၍ ကိုယ်က ချေးတစ်တုံးကြောင့် ရှုံးနိမ့်သွားရသည်ဆိုလျှင် အရမ်း ရှက်စရာ ကောင်းလွန်းသည် မဟုတ်လား။

ဒုတိယနေ့တွင် သူတို့နှစ်ယောက် ပန်းရှန်းရပ်ကွက်လမ်းမပေါ်သို့ ထပ်မံ ရောက်ရှိလာကြပြန်၏။ ဤတစ်ကြိမ်တွင်တော့ မတူညီသည်မှာ ကျန်းပြောင် ပါလာခြင်းပင်။

လီယွမ်ကျောက်၏ လုံခြုံရေးကို အာမခံနိုင်ရန်နှင့် လွှမ်းမိုးမှုကို တတ်နိုင်သမျှ လျှော့ချရန် လီယွမ် ဆိုသည့် အမည်ဖြင့်သာ အပြင်တွင် သွားလာခွင့်ပြုထားပြီး ဖန်ကျန်းရီကတော့ ပုံမှန်အတိုင်း လူကြီးမင်းစိုက် ဟုသာ ခေါ်ဝေါ်စေသည်။

နေ့စဉ် အုပ်ချုပ်ရေးကို ကျောက်ကန်း၏ လက်ဖြင့် ပြုလုပ်စေလျှင် ပြဿနာများစွာကို ရှောင်ရှားနိုင်မည်။

လီယွမ်ကျောက်က လမ်းထိပ်တွင်ရပ်ရင်း စိတ်လက်ညစ်ညူးစွာဖြင့် မေးလိုက်သည်။ “ဖန်ကြီး ….. သူတို့ ဘာလို့ လမ်းပေါ်မှာ သေးပေါက်၊ ချေးပါ လုပ်ကြတာလဲ။”

“ဘာလို့လဲဆိုတော့ လွယ်လို့လေ။”

အများသုံး အိမ်သာဟူသည်မှာ ရှေးယခင်ကာလများကတည်းက ရှိခဲ့သော်လည်း အကြီးအကျယ် ဖြန့်ကျက်တည်ဆောက်လာခြင်းကိုတော့ ချင်မင်းဆက်သရောက်ရှိလာချိန်မှသာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပန်းရှန်းရပ်ကွက်၏ လမ်းမထက်တွင် အများသုံး အိမ်သာများ ရှိနေသော်လည်း အရေအတွက်အားဖြင့် အလွန်တရာ နည်းပါးလှ၏။ ပြည်သူပြည်သားများအတွက် သေချာပေါက် လုံလောက်မှု ရှိမည် မဟုတ်ချေ။

သန့်ရှင်းသပ်ရပ်မှု မရှိသော နေရာများ၌ လူအများစု၏ ဖြေရှင်းနည်းမှာ ထိုနေရာအနီးတစ်ဝိုက်ရှိ ချောင်ကျသော နေရာတစ်နေရာကို ရှာဖွေကာ အလွယ်တကူ ဖြေရှင်းလိုက်ကြခြင်းပင်။

မြို့တော်အတွင်းတွင် ရေမြောင်းများ ရှိသော်လည်း အမှန်တကယ်တော့ အသုံးမဝင်လှပေ။

ယနေ့ခေတ်လူများက ရှေးခေတ်လူများကို ကြည့်လျှင် ရေမြောင်းကဲ့သို့ ပြီးပြည့်စုံသော အရာများရှိလျှင် အားလုံး အဆင်ပြေသွားမည်ဟု ထင်တတ်ကြသည်။

တကယ်တော့ သိပ္ပံနည်းကျ စီမံခန့်ခွဲမှု အစီအစဉ်တွေ နှင့် နည်းပညာ အထောက်အပံ့တွေ မရှိလျှင် ရေမြောင်းတွေက အလွယ်တကူ ပိတ်ဆို့နိုင်သည်။ ထို့အပြင် နှစ်နှစ် သုံးနှစ်နေမှ တစ်ခါ မြောင်းဖော်မည် ဆိုလျှင် မိုးရွာပါက ပြောနေစရာပင် လိုမည်မထင်ပေ။

ခေတ်သစ်၏ ရေဆင်းစနစ်တောင် မိုးသည်းထန်စွာ ရွာလျှင် ရေကြီးရေလျှံမှုတွေ ဖြစ်နိုင်သေးသည်။ ကျင်းတိုင်းပြည်ဆိုရင် ပိုဆိုးတာ သဘာဝပင်။ ထို့ကြောင့် အကောင်းဆုံး နည်းလမ်းမှာ အညစ်အကြေးတွေကို တတ်နိုင်သမျှ သယ်ထုတ်သွားဖို့ ချေးသယ်သမားတွေကို ရှာရမှာပင်။

ဖန်ကျန်းရီက လီယွမ်ကျောက်ကို ပြောလိုက်၏။ “လောလောဆယ် ကျုပ်တို့ အရင်ဆုံး လုပ်ရမှာက အခြေခံ အလုပ်တွေကို သေချာ လုပ်ဖို့ပါပဲ။ အများသုံး အိမ်သာတွေ အများကြီး ထပ်ဆောက်ရမယ်။ ပြီးတော့ နေ့တိုင်း ရှင်းလင်းဖို့ လူတွေ စီစဉ်ရမယ်။ လမ်းသန့်ရှင်းရေးကိုလည်း လုပ်ရမယ်။ တခြားဟာတွေကိုတော့ ဖြည်းဖြည်းချင်း လုပ်ကြတာပေါ့။”

လီယွမ်ကျောက်က နားမလည်စွာဖြင့် မေးလိုက်သည်။ “ဖန်ကြီး …. ကျုပ်တို့က ဘာလို့ သေးတွေ၊ ချေးတွေနဲ့ပဲ လုံးပန်းနေရတာလဲ။ တခြားဟာတွေ အရင် လုပ်လို့ မရဘူးလား။ ကျုပ်အမြင်ကတော့ အရင်ဆုံး အိမ်ဟောင်းတွေကို ဖျက်ပြီး အသစ် ပြန်ဆောက်တာက ပိုလက်တွေ့ကျမယ် ထင်တယ်။ ဒါမှမဟုတ် လမ်းတွေ ပြန်ခင်းတာပေါ့။ ကျောက်ပြားလမ်းပေါ်မှာ ဘယ်သူက ချေးပါရဲမလဲ။ ကြည့်ရသေးတာပေါ့။”

ဖန်ကျန်းရီက စိတ်ရှည်လက်ရှည် ရှင်းပြလိုက်၏။ “ခင်ဗျား ပြောတာ မှန်ပါတယ်။ အဲဒီ အိမ်ဟောင်းတွေကို ပြန်လည် မွမ်းမံဖို့ လိုတယ်။ ဒါပေမဲ့ အခုက အချိန် မဟုတ်သေးဘူး။ သန့်ရှင်းရေးက အသေးအမွှား ကိစ္စလို့ ထင်ရပေမဲ့ အရမ်း အရေးကြီးတယ်။ ပြည်သူတွေရဲ့ စိတ်ဓာတ်ခွန်အားနဲ့ သက်ဆိုင်တယ်။ လူတစ်ယောက်က စိတ်ဓာတ်ခွန်အား မရှိတော့ဘူးဆိုရင် ဘာမှ ဆက်လုပ်လို့ မရတော့ဘူး။ ပိုအရေးကြီးတာက အခုလို ပတ်ဝန်းကျင်မျိုးက ရောဂါ အလွယ်တကူ ကူးစက်နိုင်တယ်။ အမြန်ဆုံး ဖြေရှင်းဖို့ လိုတယ်။

ပြီးတော့ ပတ်ဝန်းကျင် သန့်ရှင်းရေးကို အထင်မသေးနဲ့။ ပတ်ဝန်းကျင်ကောင်းသွားရင် ပြစ်မှုကျူးလွန်မှု နှုန်းကလည်း အများကြီး ကျဆင်းသွားလိမ့်မယ်။

အခု မြို့စောင့်တပ်မှာ မှတ်တမ်းတင်ထားတဲ့ ပြစ်မှု အကြီးအသေး အကုန်ပေါင်းရင် ရာဂဏန်းလောက် ရှိတယ်။ တကယ်လို့ တိုင်ကြားမထားတဲ့ဟာတွေပါ ပေါင်းလိုက်ရင်ရော …။ အဲဒါဆို မရေတွက်နိုင်အောင် များသွားမှာပဲ။ အများစုကတော့ ခိုးဝှက်တာတွေပဲ။

ပတ်ဝန်းကျင် ကောင်းသွားရင် ပြစ်မှုကျူးလွန်တာတွေ ချက်ချင်း လျော့နည်းသွားလိမ့်မယ်။ မယုံရင် ကျုပ်တို့ လောင်းကြမလား။”

လီယွမ်ကျောက်က နှုတ်ခမ်းကို မဲ့လိုက်၏။ “မလောင်းဘူး။ ခင်ဗျားပြောတာ အကုန်အမှန်ပဲ။ ခင်ဗျားက တောက်ယွမ်ခရိုင်မှာ အတွေ့အကြုံ ရှိတယ်။ ကျုပ် အလိမ် မခံဘူး။”

ထို့နောက် ကျန်းပြောင်ဘက်သို့ လှည့်ကာ မေးလိုက်သည်။ “ကျန်းပြောင် ….. ဖန်ကြီး ပြောတာ မှန်လား။”

ကျန်းပြောင်က တစ်ချက် စွေကြည့်လိုက်၏။ ဤလူငယ်သည် သခင်လေးအား အမြဲတမ်း ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတတ်သည်။ သို့ပေမည့် ဦးနှောက်မကောင်းသောကြောင့် ခွင့်လွှတ်ပေးလိုက်မည်။

သို့နှင့် တည်ငြိမ်စွာ ဖြေလိုက်သည်။ “မှန်တယ် အဲဒီအတိုင်းပဲ။ ကျုပ် တောက်ယွမ်ခရိုင်မှာ အစောင့် လုပ်တုန်းက သတိထားမိခဲ့တယ်။ ပတ်ဝန်းကျင် သန့်ရှင်းသွားရင် ဥပဒေချိုးဖောက်တဲ့သူတွေ နည်းသွားတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ မခက်ပါဘူး။ လမ်းပေါ်မှာ သေးပေါက်၊ ချေးပါ လုပ်ရဲတဲ့သူရဲ့ စအိုကို ချုပ်ပစ်လိုက်ရုံပဲ။ နှစ်ယောက်လောက် ချုပ်ပြလိုက်ရင် အကုန်လုံး ငြိမ်သွားလိမ့်မယ်။”

လီယွမ်ကျောက်က ထိုစကားကို ကြားပြီးနောက် တစ်ကိုယ်လုံး တုန်ရီလာသည်။ ကျန်းပြောင် လူတစ်ယောက်ကို ထမ်းပြီး အပ်ကြီးကြီး တစ်ချောင်းနှင့် ဖင်ကို အဆက်မပြတ် ထိုးဖောက်နေသော မြင်ကွင်းက သူ့ခေါင်းထဲမှာ ပေါ်လာ၏။

ဖန်ကျန်းရီက ကျန်းပြောင်၏ပခုံးကို လေးစားစွာ ပုတ်လိုက်သည်။ “ကျန်းပြောင် …. ထားလိုက်ပါတော့။”

ကျန်းပြောင်၏ လက်မှုပညာကို မြို့တော်တွင် ထုတ်ဖော်ခိုင်း၍တော့ မဖြစ်ချေ။

ကျန်းပြောင်က ရင်ကော့ကာ ဂုဏ်ယူစွာ ပြောလိုက်၏။ “ကျုပ် မကြောက်ပါဘူး။ သခင်လေးနောက် လိုက်တည်းက ကျုပ်မှာ အရှက်မရှိတော့ဘူး။”

“ပါးစပ်ပိတ်ထားစမ်း။”

...

တစ်နေ့တာ အချိန်ယူပြီးနောက် ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့က ပန်းရှန်းရပ်ကွက်၏ အခြေအနေကို စတင် စူးစမ်း လေ့လာခဲ့ကြသည်။ ကြိုတင် ခန့်မှန်း စီစဉ်နိုင်ရန် အခြေအနေကို အသေးစိတ် လေ့လာခဲ့ကြခြင်း ဖြစ်သည်။

ကျောက်ကန်းက ဖန်ကျန်းရီကို နောက်ထပ် လူတစ်ယောက် ထပ်ပေးလိုက်၏။ ဒုတိယ တပ်မှူး တင်းချွမ် ဖြစ်၏။

တင်းချွမ်က ပိန်ပိန်ပါးပါးနှင့် လူလည်ပုံ ပေါက်သော်လည်း အနည်းငယ် စကားပြောကြည့်လိုက်သည်နှင့် ဤလူက အရည်အချင်းရှိသူ ဖြစ်ကြောင်း ဖန်ကျန်းရီ သိလိုက်သည်။

ပန်းရှန်းရပ်ကွက်ထဲက ကြီးကြီးငယ်ငယ် ကိစ္စတွေ အကုန်လုံးကို သေချာ သိနေ၏။

သူသည် ကျောက်ကန်းကဲ့သို့ မည်သည့်အရာကို မေးမြန်းသည်ဖြစ်စေ မှတ်တမ်းဖိုင်များကိုသာ အစဉ်အမြဲ လှန်လှောကြည့်ရှုနေရသူမျိုး မဟုတ်ပေ။

သူ၏ စရိုက်သဘာဝမှာ အနည်းငယ် ကောက်ကျစ်စဉ်းလဲမှု ရှိပြီး ဖန်ကျန်းရီအား အဆက်မပြတ် ဖားယားမြှောက်ပင့်နေခဲ့သော်လည်း ကြည့်ရသည်မှာ မြို့စောင့်တပ်၌ အမှန်တကယ် လက်တွေ့ အလုပ်လုပ်ကိုင်နေသူတစ်ဦး ဖြစ်ဟန်တူ၏။

သူတို့နှစ်ယောက် ခဏလောက် စကားပြောပြီးနောက် ဖန်ကျန်းရီက တင်းချွမ်ကို ပြောလိုက်သည်။ “ခင်ဗျားကို နှစ်ရက် အချိန်ပေးမယ်။ ပြည်သူတွေကိုခေါ်ပြီး အများသုံး အိမ်သာ ဆောက်။ ဒီပန်းရှန်းရပ်ကွက်မှာ ကိုက် တစ်ရာ့ငါးဆယ် တိုင်းမှာ အများသုံး အိမ်သာ တစ်လုံး ရှိရမယ်။ ယောကျ်ား၊ မိန်းမ ခွဲထားရမယ်။

တစ်ချိန်တည်းမှာပဲ လမ်းသန့်ရှင်းရေးလုပ်ဖို့ ပြည်သူတချို့ကို ခေါ်။ လဝက်နေရင် ရလဒ်ကို မြင်ရမယ်။ လမ်းပေါ်မှာ သေးပေါက်၊ ချေးပါ လုပ်တဲ့သူ လုံးဝ မရှိစေရဘူး။ ဖမ်းမိရင် ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်။”

တင်းချွမ်က ဝမ်းသာအားရ သဘောတူလိုက်ပြီးနောက် ပြုံးဖြီးဖြီးဖြင့် လက်ပွတ်ကာ တိုးတိုးလေး မေးလိုက်၏။ “လူကြီးမင်း... ဒီလူတွေခေါ်ဖို့ ပိုက်ဆံ ဘယ်သူပေးမှာလဲ။”

“ဒါကို ခင်ဗျား စိတ်ပူစရာ မလိုဘူး။ ကုန်ကျစရိတ် အကုန်လုံးကို ကျုပ် တာဝန်ယူမယ်။ ပြီးတော့ ခင်ဗျားကို ကူညီဖို့ လူလွှတ်ပေးမယ်။”

ဖန်ကျန်းရီက ဤအတွက် ကြိုတွေးထားပြီး လုဖာကို လွှတ်ဖို့ ဆုံးဖြတ်ထား၏။ ယခု နိုင်ငံခြားကုန်သည်တွေ ကိစ္စက ဘာသတင်းမှ မရသေးပေ။

ထိုသူသည် ဇနီးဖြစ်သူအား အိမ်၌သာ ထားရစ်ခဲ့ကာ နေ့စဉ်ရက်ဆက် ပြင်ပသို့ထွက်၍ အပျော်အပါး လိုက်စားနေလေ့ ရှိသည်။

ယခင်က တောက်ယွမ်ခရိုင်၏ အုပ်ချုပ်ရေးရုံးတော်၌ ဝင်ရောက်လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်လေရာ လုပ်ငန်းပိုင်းဆိုင်ရာ အခြေခံ အရည်အချင်းများ ရှိနေဆဲပင်။

အဓိက ရည်ရွယ်ချက်မှာ တင်းချွမ်အား စောင့်ကြည့် အကဲခတ်ရန်အတွက်ပင် ဖြစ်သည်။ ထိုသူ အခွင့်ကောင်းယူကာ ငွေကြေးများ အလွဲသုံးစား လုပ်မည်ကို စိုးရိမ် ပူပန်မိသောကြောင့် ဖြစ်သည်။

“လူကြီးမင်း... တကယ်လို့ ကိုက်တစ်ရာ့ငါးဆယ် တိုင်းမှာ အများသုံး အိမ်သာ တစ်လုံး ဆောက်မယ်ဆိုရင် ပြည်သူတွေရဲ့ အိမ်နေရာကို ယူရလိမ့်မယ် ထင်တယ်။ ဒါကို ကြည့်ပါအုံး ...”

“ကိစ္စမရှိဘူး။ တကယ်လို့ ပြည်သူတွေရဲ့ အိမ်နေရာကို ယူမိရင် သူတို့နဲ့ စျေးညှိလိုက်။ ကျုပ် ဝယ်လိုက်မယ်။ မှတ်ထားနော်။ အပြင်ထွက်ပြီး စကားပြောရင် သဘောထား ကောင်းကောင်းထား။

ပြီးတော့ နေ့တိုင်း အညစ်အကြေးတွေကို မြို့အပြင်ထုတ်ဖို့ လူတချို့ ထပ်စီစဉ်။ သူတို့ ရောင်းရောင်း၊ လွှင့်ပစ်ပစ် ကျုပ် ဝင်မစွက်ဖက်ဘူး။ ဒါပေမဲ့ နေ့တိုင်း သယ်ရမယ်။ လုံးဝ မမှားစေနဲ့။”

တင်းချွမ်၏ မျက်နှာတွင် အခက်တွေ့နေသော အမူအရာ ပေါ်လာ၏။

“လူကြီးမင်း... ဒီနောက်ဆုံးတစ်ခုကတော့ ကျုပ် ကူညီလို့ မရတော့ဘူး ထင်တယ်။ မြို့ထဲက ချေးသယ်အဖွဲ့ကို မြို့စောင့်တပ်က မထိရဲဘူး။”

လီယွမ်ကျောက် က ထအော်လိုက်သည်။ “ဘာ …. မြို့စောင့်တပ်က ချေးသယ်တဲ့သူတွေကိုတောင် မထိရဲဘူးလား။ ခင်ဗျားတို့ ဘာလုပ်စားနေကြတာလဲ။”

တင်းချွမ်က ရှက်ရွံ့စွာ ပြောလိုက်၏။ “အိမ်ရှေ့... အာ၊ သခင်လေးလီ။ ဒါကို လူကြီးမင်း မသိလို့ပါ။”

“ချေးသယ်တဲ့သူ တစ်ယောက်တည်းဆိုရင်တော့ ကိစ္စမရှိပါဘူး... ဒါပေမဲ့ ဒီလူတွေ စုသွားရင်တော့ ပြဿနာ ကြီးသွားပြီ။ အခု ဒီချေးသယ်အဖွဲ့က အစိုးရကိုတောင် ဂရုမစိုက်တော့ဘူး။

တကယ်လို့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ချေးတွင်း ပြည့်သွားရင် ဒီလူတွေကိုပဲ အားကိုးရတာလေ။ သူတို့ကို ဂရုမစိုက်ဘဲ ထားလိုက်ရင် ဘယ်သူမှ ဒုက္ခခံနိုင်မှာ မဟုတ်ဘူး... ဒါကြောင့် မြို့စောင့်တပ်ကလည်း အမြဲ ခေါင်းကိုက်နေရတာပါ။”

ဖန်ကျန်းရီက လက်ကာပြရင်း တည်ငြိမ်စွာ ပြောလိုက်သည်။ “ကိစ္စမရှိဘူး။ ကျုပ် မှာတဲ့အတိုင်း သွားလုပ်။ အဲဒီလူတွေအတွက် တခြားနည်းလမ်း ရှာလိုက်မယ်။”

အပိုင်း (၁၀၂) သူတောင်းစားဂိုဏ်း၏ အတိတ်က ကြီးကျယ်ခမ်းနားသော တိုက်ပွဲကြီး။

တင်းချွမ် ထွက်သွားပြီးနောက် လီယွမ်ကျောက်က အနားသို့ ကပ်လာကာ စိတ်ဝင်တစား မေးလိုက်၏။ “ဖန်ကြီး … ဒီချေးသယ်တဲ့သူတွေက ဒီလောက်တောင် အစွမ်းထက်တာလား။ ချေးသယ်အဖွဲ့ ဆိုတာ ဘာလုပ်တာလဲ။”

ဖန်ကျန်းရီက ရှင်းပြလိုက်သည်။ “ဒီချေးသယ်အဖွဲ့ကို ချေးစက်ရုံ ဒါမှမဟုတ် မြေဩဇာစက်ရုံလို့ သဘောထားလို့ ရတယ်။ အဖွဲ့အစည်း တစ်ခု ဖြစ်လာပြီဆိုတော့ ဒီလုပ်ငန်းက အတော်လေး ကြီးမားတဲ့ အတိုင်းအတာ တစ်ခု ရောက်နေပြီလို့ ဆိုလိုတာပဲ။ ချေးရောင်းတဲ့ ခေါင်းဆောင်တွေတောင် ပေါ်လာပြီ။

ချေးသယ်တဲ့သူတွေကို အထင်မသေးနဲ့။ နှစ်ပေါင်းရာချီ ဖွံ့ဖြိုးလာပြီးနောက်ပိုင်း သူတို့လည်း ဆားလုပ်သားတွေ၊ လှေထိုးသားတွေလိုပဲ ကိုယ်ပိုင်အင်အား၊ ကိုယ်ပိုင် စည်းမျဉ်းတွေ ရှိလာတယ်။ ဆရာတပည့် အမွေ ဆက်ခံတာတွေတောင် ရှိသေးတယ်။ ဒါကြောင့် သူတို့ကို ချေးလမ်းကြောင်း ဒါမှမဟုတ် ချေးဂိုဏ်းလို့ ခေါ်သင့်တယ်။ အဲဒီ ချေးသယ်အဖွဲ့က သူဌေးကြီးတွေကလည်း ချေးဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေ ဖြစ်ဖို့ များတယ်။

ချေးဂိုဏ်းက မြို့တစ်မြို့၊ နေရာတစ်ခုရဲ့ ချေးသိမ်းပိုင်ခွင့်ကို ချုပ်ကိုင်ထားတယ်။ ဒီလူတွေကို ထိဖို့ အရမ်း ခက်တယ်။ အစိုးရကိုတောင် ဂရုမစိုက်ကြဘူး။

ဒါတင်မကဘူး။ သူတို့က ပြည်သူတွေကိုလည်း ခြိမ်းခြောက်ကြသေးတယ်။ တကယ်လို့ အိမ်တစ်အိမ်က ချေးတွင်း ပြည့်နေပြီး မိုးရွာတဲ့နေ့နဲ့ တိုက်ဆိုင်နေရင် ဒီလူတွေက စျေးတင်ပြီး တောင်းတတ်တယ်။ ပြည်သူတွေက မဖြစ်မနေ စျေးကြီးပေးပြီး ရှင်းလင်းခိုင်းရတာပဲ။

တင်းချွမ်က သူတို့ကို ကြောက်တာလည်း ပုံမှန်ပဲ။ သူတို့သာ အစုလိုက်အပြုံလိုက် သပိတ်မှောက်လိုက်ရင် တစ်မြို့လုံး ရက်ပိုင်းအတွင်းမှာ အနံ့ဆိုးတွေ ထွက်လာပြီး ကျန်းမာရေးစနစ်တွေ ပျက်စီးသွားလိမ့်မယ်။ ပိုဆိုးတာက ပလိပ်ရောဂါ၊ ငှက်ဖျားရောဂါလို ပြင်းထန်တဲ့ ရောဂါတွေ အကြီးအကျယ် ကူးစက်နိုင်တယ်။

ခင်ဗျား သာဆိုရင် ဘယ်လိုလုပ်မလဲ။ ဒီပြဿနာက အတော်လေး ခက်ခဲတယ်။ ဒါကြောင့် ကျုပ်တို့ ဒီနှလုံးသွေးကြောထဲက ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း ရှာရမယ်။”

လီယွမ်ကျောက်က လေးစားစွာ ပြောလိုက်သည်။ “ဖန်ကြီး …. ခင်ဗျား တကယ် အများကြီး သိတာပဲ။ ဒါဆို ကျုပ်တို့ ဘယ်လိုလုပ်ရမလဲ။”

စောင့်မယ်။ သူတို့ဘာသာ လာရှာတာကို စောင့်မယ်။ အခု အခြေအနေ မသိရသေးဘဲ လျှောက်ခန့်မှန်းနေလည်း အလကားပဲ။”

ဖန်ကျန်းရီ သက်ပြင်းချလိုက်ပြီး သူ၏အတွေးများက လွန်ခဲ့သော နှစ်များဆီသို့ လွင့်ပျံသွားပြန်၏။

...

ယခင် ဟန်ကျန်းပြည်နယ်၌ တောင်းစားခဲ့စဉ်က သူသည် ချေးဂိုဏ်းနှင့် အဆက်အသွယ် ရှိခဲ့ဖူးသည်။ ထို့ကြောင့် ကျောက်ကန်းက ချေးသယ်သမားများ အကြောင်း ပြောဆိုလာသောအခါ ပြဿနာ ကြီးမားသွားပြီဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်သည်။

ဖန်ကျန်းရီ၏ ယခင် တောင်းစားသောအဖွဲ့အတွင်း၌ အခြားသူများ အိမ်သာတက်သည့်အချိန်တွင်မှ သီးသန့် တောင်းစားသော အဖွဲ့ တစ်ဖွဲ့ ရှိ၏။ ထို့အပြင် ထိုအဖွဲ့၏ လုပ်ဆောင်မှုမှာ အလွန်ပင် ထိရောက်လှ၏။

သေချာပေါက် အများကြီး တောင်းရမ်းခြင်းမျိုး မဟုတ်ဘဲ၊ တစ်ပြား၊ နှစ်ပြားခန့်သာ ဖြစ်သည်။

ငွေကြေးရရှိပါက ကံကောင်းစေမည့် စကားများကို ဆိုပေးတတ်ကြပြီး ချောချောမွေ့မွေ့ ကိစ္စပြီးမြောက်ပါစေဟု ဆုတောင်းပေးတတ်ကြသည်။ ပြီးလျှင် ဝါးပြားလေး တစ်ခုကို လက်ဆောင်အဖြစ် ပေးအပ်ကြသေး၏။ ထိုအရာကို အခကြေးငွေ ယူသော အများသုံး အိမ်သာ စီးပွားရေး တစ်နည်းတစ်ဖုံ စတင်ခဲ့ခြင်းဟု ဆိုနိုင်၏။

ထို တောင်းစားသည့်အဖွဲ့သည် ချေးသယ်သမားများနှင့် ရင်းနှီးကျွမ်းဝင်သွားခဲ့ပြီးနောက် လုပ်ငန်းတွင်း အတွေ့အကြုံအချို့ကို ကြားသိခဲ့ကြရသည်။ ထို့နောက် ပြန်လည်ရောက်ရှိလာချိန်တွင် ဖန်ကျန်းရီအား ပြန်လည် ဖောက်သည်ချ ပြောပြခဲ့ကြသည်။

ဖန်ကျန်းရီ တစ်ယောက် ထိုအကြောင်းကို ကြားသိလိုက်ရသောအခါ များစွာ အံ့ဩသွားခဲ့ရ၏။ ချေးသယ်သည့် လုပ်ငန်းမှာ သာမန်လူများ ထင်မှတ်ထားသည်ထက် များစွာ အမြတ်အစွန်း ပိုမိုရရှိကြောင်း သိရှိလိုက်ရချိန်မှာတော့ သူကိုယ်တိုင်လည်း စိတ်ဝင်စားသွားခဲ့၏။

တောင်းစားသည့်အလုပ်တွင် သူက ခေါင်းဆောင် တစ်ဦး ဖြစ်နေခဲ့ပြီ မဟုတ်ပါလော။ ယခုအချိန်၌ ပိုမို တိုးတက်ကြီးပွားချင်သေးလျှင် စီးပွားရေး လုပ်ငန်းများကို မျိုးစုံလုပ်ကိုင်မှသာ အဆင်ပြေနိုင်တော့မည်။

သို့ဖြစ်ရာ သူတောင်းစားတစ်ချို့ကို စုစည်းလိုက်ပြီး ချေးသယ်၊ ချေးရောင်း လုပ်ငန်းကို စတင် လုပ်ဆောင်ခဲ့၏။ အစပိုင်းကာလများတွင် အားလုံး ချောမွေ့အဆင်ပြေနေခဲ့၏။

ခေတ်သစ် စီမံခန့်ခွဲမှု နည်းလမ်းများကို အသုံးပြုထားသောကြောင့် ဖန်ကျန်းရီ၏ အဖွဲ့မှာ အလွန် စနစ်ကျသည်။ စျေးနှုန်းမှာလည်း မျှတမှုရှိပြီး၊ အချိန်တိကျကာ ယုံကြည်စိတ်ချရသည်။ ထို့အပြင် ပြည်သူများ၏ အိမ်မှ အမှိုက်များကိုပါ ကူညီရှင်းလင်းပေးတတ်သောကြောင့် ဟန်ကျန်းပြည်နယ် တစ်ခွင်၌ လူကြိုက်များ ထင်ရှားလာခဲ့သည်။

အချိန်များ တဖြည်းဖြည်း ကြာမြင့်လာသောအခါတွင် ချေးဂိုဏ်း၏ မျက်စိကျခြင်းကို ခံလာခဲ့ရ၏။

မိမိတို့၏ ချေးသယ်သည့် အခွင့်အရေးကို အခြားလူများ လာရောက် လုယူကြသည်ကို မည်သို့ သည်းခံနိုင်ကြမည်နည်း။

တစ်နေ့သောအခါတွင် ဖန်ကျန်းရီ၏ သူတောင်းစားဂိုဏ်းမှ ညီအစ်ကို တော်တော်များများ မြို့တွင်း၌ ချေးသယ်နေကြစဉ် လူရော လှည်းပါ အလုခံလိုက်ရ၏။ သူတို့ကို မြို့ပြင်သို့ ခေါ်ဆောင်သွားခဲ့ပြီး ချေးဂိုဏ်းက လူတစ်ယောက်ကို စေလွှတ်ကာ ဖန်ကျန်းရီထံသို့ စကားပါး၏။

ထိုအချိန်က ဖန်ကျန်းရီမှာ တကယ်ကို အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီး အလွန်လည်း မာနထောင်လွှားနေခဲ့သည်။ နဂါးနိုင် လက်ဝါး တစ်ဆယ့်ရှစ်ကွက်ကို မတတ်ကျွမ်းသည်မှအပ အခြားသော အရာအားလုံး၌ သူက ချောင်ဖုန်းထက် သာလွန်သည်ဟု ထင်မှတ်နေခဲ့သည်။

ဤကဲ့သို့ မိမိအား အရှက်ခွဲခြင်းကို မည်သို့ သည်းခံနိုင်မည်နည်း။ ချက်ချင်းပဲ ညီအစ်ကိုများကို ခေါ်ဆောင်ကာ လက်နက်များကို ကိုင်ဆောင်လျက် မြို့ပြင်သို့ ထွက်ခွာသွားခဲ့၏။

ထိုသို့ဖြင့် ချေးဂိုဏ်းနှင့် သူတောင်းစား ဂိုဏ်းတို့သည် မြို့ပြင်၌ မျက်နှာချင်းဆိုင် ရင်ဆိုင်မည့် အခြေအနေသို့ ဆိုက်ရောက်သွားခဲ့သည်။

အစဦး၌ ဖန်ကျန်းရီတွင် ပြဿနာကို အေးအေးဆေးဆေး ဖြေရှင်းချင်သည့် စိတ်ကူး ရှိနေသေး၏။ တစ်ဖက်လူများက ငွေကြေး အနည်းငယ် လျော်ကြေးပေးကာ တောင်းပန်စကား ဆိုပါက ပြေလည်သွားမည်ဟု ထင်မှတ်ထားခဲ့၏။

သို့သော် မည်သူ သိမည်နည်း။ ချေးဂိုဏ်းသည် ဒေသခံ လူမိုက်များအဖြစ် ရပ်တည်လာခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်ရာ အလွန်ပင် မောက်မာထောင်လွှားနေကြသည်။ ဖန်ကျန်းရီအား ချေးသယ်သည့် လုပ်ငန်းမှ ချက်ချင်း ထွက်ခွာသွားရန် ခြိမ်းခြောက်ကြသည်။

ဖန်ကျန်းရီကလည်း အလျှော့ပေးခြင်း အလျဉ်းမရှိပေ။ ဆဲဆိုစကား အမျိုးမျိုးကို သုံးနှုန်းကာ တစ်ဖက်လူများ အာပေါက်သွားသည်အထိ ပြန်လည် ဆဲဆိုတုံ့ပြန်လိုက်၏။

နှစ်ဖက်စလုံး စကားဖြင့် အခြေအတင် ဖြစ်ပွားကြပြီးနောက်တွင်ကား ချက်ချင်းပင် ရန်ပွဲ စတင်ကြသည်။ လက်နက်များကိုယ်စီဖြင့် အပြင်းအထန် တိုက်ခိုက်ကြလေတော့သည်။

ဖန်ကျန်းရီက အရင်ဦးဆုံး ညီအစ်ကိုများနှင့် ချေးလှည်းများကို ပြန်လည် လုယူရန်အတွက် လူလွှတ်လိုက်၏။ သို့သော်လည်း အဆင်သင့် မဖြစ်သေးမီမှာပဲ ချေးဂိုဏ်းဘက်က စည်းကမ်းကို မလိုက်နာတော့ချေ။ ချေးခပ်သည့် ခွက်များကို ကိုင်ဆောင်ကာ သူတောင်းစား ဂိုဏ်းအား ချေးများဖြင့် စတင် ပက်ကြလေတော့၏။

ဖန်ကျန်းရီကလည်း နောက်သို့ ဆုတ်ခွာခြင်း မရှိပေ။ ချက်ချင်း ပြန်လည် ပက်ခိုင်းလိုက်သည်။

ဤသို့ဖြင့် နှစ်ဖက်စလုံးမှာ ကြီးကျယ်ခမ်းနားလှသော တိုက်ပွဲကြီး တစ်ရပ်ကို စတင် ဆင်နွှဲလိုက်ကြတော့၏။

ဖန်ကျန်းရီသည် ယပ်တောင်လေးကို ခတ်ကာ ခေါင်းဆောင်းလေး ဆောင်းထားလျက် တည်ငြိမ်စွာဖြင့် အမိန့်ပေးသည်။ သူတောင်းစား ဂိုဏ်းဝင်များအား ချေးပုံးများအတွင်းသို့ ကျောက်ခဲများကို ထည့်သွင်း ခိုင်းလိုက်၏။ ဤဗျူဟာ တစ်ချက်တည်းနှင့်ပင် တစ်ဖက်လူများကို များစွာ အထိနာသွားစေခဲ့သည်။

ချေးဂိုဏ်းမှ လူအုပ်ကြီးမှာ ချေးများနှင့် သေးများ ပေကျံနေသော ကျောက်ခဲများဖြင့် ပစ်ပေါက်ခံရချိန်မှာတော့ ခေါင်းများ ကွဲကာ သွေးများ ထွက်လာကြပြီး တိုက်ခိုက်နိုင်စွမ်း များစွာ ကျဆင်းသွားကြ၏။

သို့ရာတွင် ချေးဂိုဏ်းကလည်း ချက်ချင်းပင် အတုခိုး၍ ပြန်လည် လုပ်ဆောင်လာကြသည်။ နှစ်ဖက်စလုံးမှာ တိုက်ခိုက်လေလေ ပိုမို ပြင်းထန်လေလေ ဖြစ်လာခဲ့ကြသည်။

တစ်ခဏအတွင်းမှာပင် ဟန်ကျန်းမြို့ပြင် တစ်ဝိုက်၌ ချေးမိုး၊ သေးမိုးများ ရွာချနေသည့်အလား ဖြစ်သွားခဲ့၏။ အချိန်တိုအတွင်း၌ အပြန်အလှန် တိုက်ခိုက်နိုင်စွမ်း ရှိကြသေးသော်လည်း အချိန် ကြာမြင့်လာသောအခါ ဖန်ကျန်းရီဘက်မှ ဆက်လက်၍ မတောင့်ခံနိုင်တော့ချေ။

သူတောင်းစားများမှာ အမှိုက်ပုံအတွင်း၌ လူးလိမ့်နေထိုင်ကြသည် ဆိုသော်လည်း လူအချင်းချင်း ချေးများဖြင့် ပက်ကာ တိုက်ခိုက်ရသည်ကိုမူ အမှန်တကယ်ပင် မခံနိုင်ကြပေ။

ညီအစ်ကို တော်တော်များများမှာ တိုက်ခိုက်ရင်းဖြင့် အန်ကုန်ကြ၏။ မူးမေ့လဲကျသွားသည်အထိ အန်ကြသဖြင့် တိုက်ခိုက်နိုင်စွမ်းများ အလျင်အမြန် ပျောက်ကွယ်သွားကြသည်။

တစ်ဖက်မှ ချေးဂိုဏ်းမှာ တစ်နှစ်ပတ်လုံး ချေးများနှင့် အလုပ်လုပ်နေရသူများ ဖြစ်လေရာ တိုက်ခိုက်လေလေ ပို၍ ကြမ်းတမ်းလာလေလေ ဖြစ်လာကြ၏။

သို့သော်ငြား ဖန်ကျန်းရီက လန့်ဖြန့်သွားခြင်း မရှိပေ။ ချက်ချင်းပဲ လူလွှတ်ကာ အစိုးရမင်းများထံသို့ သွားရောက် တိုင်ကြားစေသည်။

အစိုးရမင်းများမှာ မြို့ပြင်၌ အကြီးအကျယ် ရန်ပွဲဖြစ်ပွားနေသည်ဟု ကြားသိလိုက်ရသောကြောင့် အလောတကြီးဖြင့် စစ်တပ်ကို စေလွှတ်ကာ မြို့ပြင်သို့ သွားရောက်စေခဲ့သည်။ သို့ပေမည့် ထိုနေရာသို့ ရောက်ရှိသွားသောအခါ မြေပြင်တစ်ခုလုံး၌ ချေးများ ပြည့်နှက်နေပြီး နှစ်ဖက်စလုံးက ပျော်ပျော်ရွှင်ရွှင်ဖြင့် ချေးများဖြင့်ပက်ကာ တိုက်ခိုက်နေကြဆဲ ဖြစ်၏။

စစ်သားများသည် ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသည်နှင့် တစ်ပြိုင်နက် လန့်ဖြန့်သွားကြပြီး အလျင်အမြန် နောက်သို့ ဆုတ်ခွာသွားကြလေသည်။

ထို့နောက်တွင်မှ ဒုတိယအသုတ်ကို ထပ်မံ စေလွှတ်လိုက်ရသည်။ လေးများနှင့် မြားများကို ကိုင်ဆောင်လာမှသာလျှင် ထိုတိုက်ပွဲကြီးကို ရပ်တန့်နိုင်ခဲ့ကြ၏။

ဖန်ကျန်းရီက သူတောင်းစားများအား ချက်ချင်းပဲ မြို့တွင်းသို့ လူစုခွဲ၍ ထွက်ပြေးစေ၏။ သူတောင်းစား ဆိုသည်မှာလည်း သူတောင်းစားများပီပီ မြို့ထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ချက်ချင်း ပျောက်ကွယ်သွားကြလေတော့သည်။

ချေးဂိုဏ်းဘက်မှ လူများမှာမူ ကြောင်အမ်းအမ်း ဖြစ်ကျန်ရစ်ခဲ့ကြသည်။ ထွက်ပြေးသူ တော်တော်များများမှာလည်း ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံလိုက်ကြရ၏။

မည်သို့ပင်ဆိုစေကာမူ မြို့တွင်း၌ ချေးသယ်ယူသူများဆို၍ ထိုလူများသာ ရှိလေရာ အစိုးရမင်းများက သူတို့အား အကုန်အစင် သိရှိထားကြသည်။

သို့ပေမည့် ချေးဂိုဏ်း၏ အရေးပါမှုမှာတော့ ဆိုဖွယ်ရာ မရှိပေ။ သိပ်မကြာမီ အချိန်အတွင်းမှာပဲ ပြန်လည် လွတ်မြောက်လာခဲ့ကြသည်။ သို့သော်ငြားလည်း အတော်လေးတော့ အထိနာသွားခဲ့ကြ၏။

နောက်ပိုင်းတွင် ဖန်ကျန်းရီက မိမိတို့ အရှက်ကွဲရခြင်းကို လုံးဝ မကျေနပ်နိုင်ခဲ့သဖြင့် မကြာခဏဆိုသလို ချေးဂိုဏ်းထံသို့ သွားရောက်ကာ ပြဿနာ ရှာတတ်၏။ ပြဿနာ ရှာပြီးသည်နှင့် တစ်ပြိုင်နက် လွတ်အောင် ပြေးရသည်။

မည်သို့ပင်ဖြစ်စေ သူတို့ဘက်မှ လူများမှာ သူတောင်းစားများ ဖြစ်ကြသည် မဟုတ်ပါလော။ သတင်းအချက်အလက် လျင်မြန်မှုနှင့် ပုန်းလျှိုးကွယ်လျှိုး နေတတ်မှုတွင် သူတို့အား မည်သူက ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့်ပင် ချေးဂိုဏ်းမှ လူများမှာ မကြာခဏဆိုသလို ထောင်တွင်းသို့ ရောက်ရှိသွားတတ်ကြ၏။ ဖန်ကျန်းရီဘက်ကမူ အောင်ပွဲခံနိုင်ခဲ့ပြီး ချေးသယ်သည့်လုပ်ငန်း၏ စျေးကွက် ဝေစု တစ်စိတ်တစ်ပိုင်းကို အတင်းအဓမ္မ လုယူနိုင်ခဲ့သည်။

သို့ပေမည့် ထို ကြီးကျယ်ခမ်းနားလှသော တိုက်ပွဲကြီးကို ပြန်လည် တွေးတောကြည့်လိုက်တိုင်း ဖန်ကျန်းရီ တစ်ယောက် ယခုတိုင်အောင် ကြောက်ရွံ့နေဆဲပင် ဖြစ်၏။

ထိုတိုက်ပွဲသည် သူ ဝိညာဉ်ကူးပြောင်းလာပြီးနောက်ပိုင်း ကြုံတွေ့ရသမျှတွင် အန္တရာယ် အများဆုံး တိုက်ပွဲဟုပင် ဆိုနိုင်၏။ ချေးဂိုဏ်းသည် သူ့အား စိတ်ဒဏ်ရာ အနည်းငယ်မျှတော့ ရရှိစေခဲ့သည်။

ယခုအခါ ပန်းရှန်းရပ်ကွက်ရှိ ချေးဂိုဏ်း၏ အခြေအနေကို အသေအချာ မသိရသေးပေ။ သို့သော်လည်း ဖန်ကျန်းရီ၏ အတွေ့အကြုံများအရ ခန့်မှန်းကြည့်ရလျှင် ချေးဂိုဏ်းသည် မြို့တော်အတွင်း၌ ညီညွတ် တောင့်တင်းသော ဂိုဏ်းတစ်ခု ဖြစ်နေလောက်ပြီဟု ယူဆရ၏။

အကယ်၍ ထိုကဲ့သို့သာ ဖြစ်နေမည်ဆိုပါက ပြဿနာ ကြီးမားသွားမည်။

သို့ဆိုလျှင်တောင် သူ ကြောက်ရွံ့နေမည် မဟုတ်ချေ။ ယခု သူ၏လက်ထဲတွင် အာဏာများ ရှိနေခဲ့ပြီ ဖြစ်သည်။ ချေးဂိုဏ်းက ပြဿနာ လာရောက်ရှာဖွေဝံ့ပါက ကျန်းပြောင်အား ခေါ်ယူ၍ သူတို့၏ ခေါင်းဆောင်ကို အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခိုင်းလိုက်မည်။

မည်သို့ပင်ဆိုစေကာမူ ပန်းရှန်းရပ်ကွက်ကို ပြုပြင်မွမ်းမံချင်ပါက ဤချေးသယ်ယူသည့် လုပ်ငန်းကို နိုင်ငံပိုင်အဖြစ် ပြောင်းလဲပစ်ရမည်။ ချေးဂိုဏ်းကို ထိုသူဌေးကြီးများ၏ လက်တွင်း၌သာ ဆက်လက် ထားရှိနေမည်ဆိုပါက နောင်ထပ် နှစ်အနည်းငယ် ကြာမြင့်လာသောအခါ လူတို့၏ ပါးစပ်ထဲသို့ပင် ချေးများကို တိုက်ရိုက် သွင်းပေးဝံ့သည်အထိ မောက်မာထောင်လွှားလာကြမည်မှာ အမှန်ပင်။

လီယွမ်ကျောက်က ဖန်ကျန်းရီ ငေးမောနေသည်ကို မြင်ချိန်မှာတော့ လှမ်း၍ ပုတ်လိုက်၏။ “ဖန်ကြီး …. ကျုပ်တို့ နောက်ဆက်ပြီး ဘာလုပ်ကြမလဲ။”

“ဘာလုပ်မလဲ။” ဖန်ကျန်းရီက မေးစေ့ကို ပွတ်ကာ စဉ်းစားလိုက်သည်။

“အားလုံး အတူတကွ ချမ်းသာကြွယ်ဝရေး၊ ယဉ်ကျေးမှုက အရင်လာရမယ်... ကျုပ်တို့ ပညာတတ်တချို့ အရင်ရှာရမယ်။ အရမ်း တော်စရာ မလိုဘူး။ စာဖတ်တတ် ရေးတတ်ရင် ရပြီ။ ပြီးတော့ ဒီလိုလုပ်...”

All Chapters