← Chapters

အခန်း (၁၀၃-၁၀၄)

Vol. 7 Ch. 103-104

အခန်း (၁၀၃-၁၀၄)

Vol. 7 Ch. 103-104

အပိုင်း (၁၀၃) ယဉ်ကျေးမှုကို မြှင့်တင်ပြီး အလေ့အထသစ်များ ဖန်တီးခြင်း။

နောက်တစ်နေ့ မနက်စောစော ပန်းရှန်းရပ်ကွက်မှ ပြည်သူများ လမ်းမပေါ်သို့ ထွက်လာချိန်မှာတော့ ရပ်ကွက်အတွင်းရှိ ထူးခြားသော အပြောင်းအလဲများကို ချက်ချင်း သတိထားမိလိုက်ကြ၏။

လမ်းသွယ်လမ်းကြားများရှိ ကြီးငယ်မဟူ နံရံတိုင်းတွင် အဖြူရောင်ဆေးများ သုတ်ထားပြီး အပေါ်တွင် အရောင်အသွေး စုံလင်သော စာလုံးကြီးများ ရေးသားထားသည်။

【ပန်းရှန်းကို ပန်းချီကားတစ်ချပ်လို ဖန်တီးကြစို့။ အသေးအမွှား ကိစ္စလေးတွေကနေ စိတ်ဓာတ်ခွန်အားကို ပြသကြစို့။】

【ယဉ်ကျေးသော ပြည်သူများ ဖြစ်အောင် နေထိုင်ပြီး ပန်းရှန်းရဲ့ သာယာလှပတဲ့ အနာဂတ်ကို အတူတကွ တည်ဆောက်ကြစို့။】

【လူဆိုတာ အရှက်မရှိလို့ရပေမဲ့ လမ်းပေါ်မှာ သေးပေါက်၊ ချေးပါလို့တော့ မရဘူး။】

【မင်း လမ်းပေါ်မှာ သေးပေါက်၊ ချေးပါ လုပ်နေတာကို ကောင်းကင်ကြီးက ကြည့်နေတယ်နော်။】

【ရှေးလူကြီးတွေ ပြောတာက လမ်းပေါ်မှာ သေးပေါက်၊ ချေးပါ လုပ်ရင် ကလေးမရနိုင်ဘူးတဲ့။】

【လမ်းပေါ်မှာ သေးပေါက်၊ ချေးပါ လုပ်ရင် တစ်မိသားစုလုံး သေပါစေ။】

【ချေးပါတဲ့သူ ဖင်နူ။】

...

မရေမတွက်နိုင်သော ထင်ရှားလှပသည့် စာသားများက တစ်ညတည်းနှင့် ပန်းရှန်းရပ်ကွက် တစ်ခုလုံးကို လွှမ်းခြုံ သွားတော့၏။

ဤအရာများသည် ဖန်ကျန်းရီက လူများကို တစ်ညလုံး အချိန်ပိုလုပ်စေကာ ရေးဆွဲခိုင်းထားခြင်း ဖြစ်သည်။ ထိုစာသားများသည်လည်း သူ တစ်ညလုံး အသေအချာ စဉ်းစားရေးသားထားခြင်း ဖြစ်၏။

စကားချိုချိုဖြင့် တိုက်တွန်းခြင်း၊ ခြိမ်းခြောက်ကျိန်ဆဲခြင်း၊ နတ်ဘုရားများဖြင့် ခြောက်လှန့်ခြင်း၊ တိုက်ရိုက် နားလည်လွယ်ခြင်း စသည့် အားသာချက်များ အားလုံးကို စုစည်းထားခြင်း ဖြစ်သည်။ ရည်ရွယ်ချက်မှာ ပန်းရှန်းရပ်ကွက် ပြည်သူများ၏ နေထိုင်မှု အလေ့အထကို ချက်ချင်း ပြောင်းလဲပစ်ရန်ပင်။

ပန်းရှန်းရပ်ကွက် ပြည်သူများ၏ စာတတ်မြောက်မှုနှုန်းက အတော်လေး နိမ့်ပါးသည်ကို ထည့်သွင်း စဉ်းစားထားသောကြောင့် နံရံတိုင်း၏ဘေးတွင် စာတတ်သော ပညာတတ် ဆင်းရဲသား တစ်ယောက်စီကို ရှင်းလင်းပြသသူ အဖြစ် ထားရှိထားသည်။

လူအများ ဖြတ်သွားသည်ကိုမြင်လျှင် နံရံပေါ်ရှိ စာသားများကို အသံကျယ်ကျယ်ဖြင့် အော်ဖတ်ပြရမည်။ သို့မဟုတ် သီးသန့် ရှင်းပြပေးရမည်။

အစကတော့ ဤပညာတတ်များက အပြင်းအထန် ငြင်းဆန်ခဲ့ကြသည်။

လမ်းပေါ်မှာ ချေးပါခွင့် မပေးခြင်းက တကယ်ရော တရားဥပဒေနှင့် ညီရဲ့လား။

နောက်ပိုင်းတွင် ကျန်းပြောင်က ပြဿနာ စတင်ရှာသူ နှစ်ယောက်ကို သတိလစ်သွားသည်အထိ ရိုက်နှက်လိုက်ပြီး တစ်ယောက်ကို ငွေငါးကျပ်စီ ပေးလိုက်ချိန်မှသာ အားလုံးက ပျော်ရွှင်စွာဖြင့် အလုပ်ဆင်းကြတော့၏။

ထိုအချိန်တွင် လမ်းသွားလမ်းလာ အဘိုးအို တစ်ယောက်က ထမ်းပိုးကို ထမ်းလျက် နံရံပေါ်ရှိ စာလုံးကြီးများကို ကြည့်ကာ နားမလည်နိုင်အောင် ဖြစ်နေသည်။ “အို ကျွတ် ကျွတ် ကျွတ်။ ဒါ ဘာတွေ ရေးထားတာလဲ။ တော်တော်တော့ လှတာပဲ။”

ရှင်းလင်းပြသသူက ထိုအခြေအနေကို မြင်သည်နှင့် အလျင်အမြန် ရှေ့တိုးလာကာ ရှင်းပြလိုက်၏။

သူတို့က လုံးဝ မပေါ့ဆရဲပေ။ ဤရှင်းလင်းပြသသူများ၏ အလုပ်လုပ်ပုံကို စစ်ဆေးရန် မြို့စောင့်တပ်မှ အရာရှိငယ်များကို စေလွှတ်ထားမည် ဖြစ်ပြီး အပျင်းထူသူများကို တွေ့ရှိပါက ငွေဒဏ်တပ်မည်ဟု ဖန်ကျန်းရီက ကြိုတင် မှာကြားထားပြီး ဖြစ်သည်။

“ဒီအပေါ်မှာ ရေးထားတာက ကျုပ်တို့ ရပ်ကွက်ရဲ့ လှုပ်ရှားမှု အသစ်ပါ။”

【အများသုံးအိမ်သာ အသုံးပြုခြင်းကို အားပေးတိုက်တွန်းပါတယ်။ ချေးပါရင် ကျပန်း မဲဖောက်ပေးမှာ ဖြစ်ပြီး ကံထူးရှင်က အများဆုံး ဆုကြေးငွေ ငါးတေလ်း ရရှိမှာ ဖြစ်ပါတယ်။】

အဘိုးအိုက ခေါင်းကိုပွတ်ကာ ရယ်မောလိုက်၏။ “အဘ ဒီလောက် အသက်ကြီးလာတာတောင် ချေးပါရင် မဲဖောက်ပေးတယ်ဆိုတာ တစ်ခါမှ မကြားဖူးဘူး။ လူလိမ်တွေက လမ်းပေါ်အထိတောင် ရောက်နေပြီပဲ။ အစိုးရကလည်း မနှိမ်နှင်းဘူး။ ဟူး …. ဒီခေတ်ကြီးကတော့။”

ပြောပြီးသည်နှင့် လှည့်ထွက်ရန် ပြင်လိုက်သည်။

ရှင်းလင်းပြသသူက ထိုအဘကို အလျင်အမြန် ဆွဲထားလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “လူလိမ်တွေ မဟုတ်ဘူး အဘ။ ဒါက အစိုးရက လုပ်တဲ့ လှုပ်ရှားမှုပါ။ ဟိုဘက်က အများသုံးအိမ်သာကို ကြည့်လိုက်။ လက်ထဲမှာ စာရွက်ကိုင်ထားတဲ့ လူတစ်ယောက် ရှိတယ်။ အဘ ဝင်သွားတဲ့အချိန်ကျရင် စာရွက်တစ်ရွက် သွားယူလိုက်။

ပြီးရင် အစိုးရက လကုန်တိုင်း လမ်းမကြီးပေါ်မှာ မဲဖောက်ပေးလိမ့်မယ်။ ပထမဆုက ငွေငါးတေလ်းတောင် ရမှာနော်။ ဒါပေမဲ့ တစ်ယောက်တည်းပဲ ရမှာ။ အဘကို မလိမ်ပါဘူး။ ကျုပ်တောင် သွားပြီးပြီ။”

အဘိုးအိုက ရယ်သာရယ်ပြီး ဘာမှမပြောဘဲ ခေါင်းခါလျက် တိုက်ရိုက် ထွက်သွားသည်။

ရှင်းလင်းပြသသူ အလောတကြီး ဖြစ်သွားပြီး သူ့ကို အလျင်အမြန် ပြန်ဆွဲထားလိုက်၏။ “ဘယ်လို ဖြစ်တာလဲ။ ကျုပ်ပြောတာကို အဘ မယုံဘူးလား။”

အဘိုးအိုက စိတ်မရှည်သော မျက်နှာဖြင့် ပြောလိုက်၏။ “ဘာကို ယုံရမှာလဲ။ စာရွက်တစ်ရွက် ယူရုံနဲ့ မဲဖောက်ပေးမယ်ဆိုပြီး ဘယ်သူ့ကို လာလိမ်နေတာလဲ။ အစိုးရက တကယ်ငွေပေးမယ်ဆိုရင် အဘက တည့်တည့်မဟုတ်ဘူး ဇောက်ထိုးတောင် ချေးပါပေးအုံးမယ်။”

ရှင်းလင်းပြသသူက အလျင်အမြန် ပြောလိုက်သည်။ “အဘ သွားကြည့်လိုက်ရင် သိမှာပေါ့။ အဲဒီ စာရွက်ပေါ်မှာ စာလုံးတွေ ရေးထားတယ်။ ယူပြီးရင် လက်ဗွေပါ နှိပ်ခဲ့ရသေးတာ။ အထဲဝင်သွားပြီး လက်ဖက်ရည် တစ်ခွက်သောက်ချိန်အတွင်းမှာ အိမ်သာထဲကနေ ပြန်ထွက်လာရမယ်။ မဟုတ်ရင် အဘရဲ့ မဲက အကျုံးမဝင်တော့ဘူး။”

အဘိုးအိုက အများသုံး အိမ်သာဘက်သို့ ယုံတစ်ဝက် ၊ မယုံတစ်ဝက်ဖြင့် ကြည့်လိုက်၏။ “တကယ်လား။”

“တကယ်ပါ။”

“ဒါဆို အဘ သွားစမ်းကြည့်မယ်။”

ပြောပြီးသည်နှင့် အဘိုးအိုက လှည့်ကာ အများသုံးအိမ်သာသို့ သွားပြီး စာရွက်တစ်ရွက် ယူလိုက်သည်။ အပေါ်တွင် ရေးထားသော ဂဏန်းများကို ကြည့်ကာ နားမလည်စွာဖြင့် ခေါင်းကို ပွတ်လိုက်၏။

ထို့နောက် လမ်းညွှန်ပေးသူ၏ ညွှန်ကြားမှုဖြင့် ကာဗွန်မှုန့်ဘူးကို လက်ညှိုးဖြင့်တို့ကာ စာအုပ်ပေါ်ရှိ သက်ဆိုင်ရာ နံပါတ်နေရာတွင် လက်ဗွေနှိပ်လိုက်သည်။

ဤနည်းလမ်းကိုလည်း ဖန်ကျန်းရီက ဖန်တီးထားခြင်း ဖြစ်သည်။ စည်းကမ်းတကျ အိမ်သာလာတက်လျှင် နံပါတ်ယူပြီး မဲဖောက်ပေးခြင်း ဖြစ်၏။

မဲဖောက်ပေးရာတွင် ပထမဆုမှ ပဉ္စမဆုအထိ သတ်မှတ်ထားသည်။ နောက်ဆုံးသုံးဆုက ကြေးပြား ငါးပြားမှ ဆယ်ဂဏန်းအထိ ဖြစ်ပြီး ဆုမဲ အရေအတွက် တစ်ရာ ရှိသည်။ ပထမဆုနှင့် ဒုတိယဆုကတော့ အသီးသီး ငွေတစ်တေလ်း နှင့် ငွေငါးတေလ်း ဖြစ်ပြီး ဆုမဲ နှစ်ခုသာ ရှိသည်။

သေချာတာကတော့ ဤမျှ ရိုးရှင်းသော အစီအစဉ်က ပြဿနာမရှိနိုင်ဟု သူ သုံးသပ်မထားပေ။ လိမ်လည် ထုတ်ယူမှုများက အချိန်ကြာလာလျှင် သေချာပေါက် ရှိလာပေမည်။

ပထမဆုံးမှ,တော့ လူတစ်ယောက်က အများကြီး ယူသည့် အခြေအနေမျိုး ဖြစ်နိုင်သည်။ သို့သော်လည်း ပန်းရှန်းရပ်ကွက်ရှိ လူဦးရေက သိပ်မများသောကြောင့် အများသုံး အိမ်သာဘေးတွင် စောင့်နေသော နံပါတ် ပေးသူများက ခွဲခြားနိုင်လောက်သည်။

ဒုတိယကတော့ အတုအပ ပြုလုပ်ခြင်း ဖြစ်သည်။ ထိုအရာကလည်း ပြဿနာ မဟုတ်ပေ။ ပထမဆုံး အနေဖြင့် လက်ဗွေနှင့် တစ်ခုတည်းသော နံပါတ် ရှိသည်။ မည်သူမဆို လိမ်လည် ထုတ်ယူရဲပါက သေချာပေါက် စစ်ဆေးတွေ့ရှိမည် ဖြစ်ပြီး အတုအပ ပြုလုပ်ရဲသူ အားလုံးကို အိမ်သာ အခမဲ့ ပြုပြင်ရန် ဆွဲခေါ်ထုတ်သွားမည်။

ထို့အပြင် ထူးဆန်းသော အခြေအနေများ သေချာပေါက် ဖြစ်ပေါ်လာပေမည်။ အလုပ်ပေါ့ဆမှု၊ အတုအပကို ခွဲခြားမရခြင်း စသည်တို့ ဖြစ်နိုင်သေး၏။ ဖန်ကျန်းရီသည် ငွေအနည်းငယ် ပိုကုန်သွားမည်ကို ဂရုမစိုက်ပေ။ အားလုံး ပေါင်းလိုက်လျှင်လည်း များများစားစား မရှိလှပေ။ ပြည်သူများကို ပေးလိုက်ရခြင်းကို သူ မနှမြောသလို ပိုမိုကောင်းမွန်သော ကြော်ငြာခြင်း၏ အကျိုးသက်ရောက်မှုကိုလည်း ရရှိစေနိုင်၏။

နောက်ဆုံးအနေဖြင့် ဤအရာသည် ကာလတို လှုပ်ရှားမှု တစ်ခုသာ ဖြစ်ပြီး အမြဲတမ်း ဆက်လုပ်သွားရန် မဖြစ်နိုင်ပေ။ နေထိုင်မှု အလေ့အထများ ပြောင်းလဲသွားချိန်တွင် ဖန်ကျန်းရီ ပြောစရာမလိုဘဲ ပြည်သူများ ကိုယ်တိုင်က လမ်းပေါ်တွင် သေးပေါက်၊ ချေးပါ လုပ်သူများကို ရှုတ်ချကြလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ သန့်ရှင်းသောလမ်းမပေါ်၌ လမ်းလျှောက်ရသည်ကို မနှစ်သက်သူဟူ၍ မည်သူရှိမည်နည်း။

ရှင်းလင်းပြသသူ၏ ဘေးတွင် အုပ်စုလိုက် ဝိုင်းအုံနေသော ပြည်သူများကို ကြည့်ရင်း ဖန်ကျန်းရီက ကျေနပ်စွာ ပြုံးလိုက်၏။

ယခု မြို့တော်တွင် တောက်ယွမ်ခရိုင်၏ အံအားသင့်ဖွယ်ရာများကို ထပ်မံ ဖန်တီးရန် အစကောင်း တစ်ခုတော့ ရသွားပြီ ဖြစ်သည်။

လီယွမ်ကျောက်ကလည်း လမ်းဘေးရှိ ကြော်ငြာစာသား တစ်ခုချင်းစီကို ပြုံးဖြီးဖြီးဖြင့် ကြည့်နေ၏။

ဖန်ကြီး ပီသပါတယ်။ အမြဲတမ်း ထူးဆန်းတဲ့ အရာတွေ ဖန်တီးနိုင်တာပဲ။ ကြည့်ရတာ အတော်လေး အဓိပ္ပာယ်မရှိဘူးလို့ ထင်ရပေမဲ့ အသုံးဝင်လောက်တယ်။

တင်းချွမ်က သူတို့နှစ်ယောက် ဘေးတွင် ရပ်နေရင်း မျက်ထောင့်များ တဆတ်ဆတ် ခါနေပြီး ဖန်ကျန်းရီကို ရိုသေ လေးစားစွာ ကြည့်လိုက်သည်။

စိတ်ထဲတွင်လည်း တွေးနေမိသည်။ ဤလူက အိမ်ရှေ့စံမင်းသား၏ ဆရာပီသစွာပင် ထူးချွန်လွန်း၏။

“တင်းချွမ် ….. အများသုံး အိမ်သာ နေရာရွေးတဲ့ အလုပ် ဘယ်ထိရောက်ပြီလဲ။ ပြီးတော့ လူအင်အားက ဘယ်တော့ အပြည့်အဝ ရမလဲ။”

တင်းချွမ်က အလျင်အမြန် ဖြေလိုက်သည်။ “လူကြီးမင်း … နေရာရွေးတာက ပြီးသလောက် ရှိနေပါပြီ။ ပြည်သူတွေရဲ့ အိမ်တွေကိုလည်း အကုန် ဝယ်ပြီးပါပြီ။ သူတို့ ပြောင်းရွှေ့ဖို့ပဲ စောင့်နေတာပါ။

လူအင်အား ခေါ်ယူတာကတော့ နည်းနည်း နှေးပါလိမ့်မယ်။ နောက်ထပ် နှစ်ရက်လောက် နေမှ အင်အားပြည့် ရမှာပါ။ ပြီးတော့ အလုပ်သမားတွေကို အမြန်ခေါ်ရတာမို့... လုပ်အားခကတော့ ယေဘုယျအားဖြင့် နည်းနည်း ပိုများတယ်။”

“ကိစ္စမရှိဘူး။ ငါ လိုချင်တာက အမြန်နှုန်းပဲ။ ပိုက်ဆံ နည်းနည်း ပိုကုန်သွားရင်လည်း ပိုကုန်ပါစေ။”

ထို့နောက် ဖန်ကျန်းရီက လမ်းအဆုံးရှိ အိမ်များကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။ “မင်းကို နောက်ထပ် တာဝန်တစ်ခု ပေးစရာ ရှိသေးတယ်။ ဒီရက်ပိုင်းအတွင်း လမ်းအဆုံးက အဲဒီအိမ်တွေကို အကုန် ဝယ်လိုက်။ အိမ်တွေကို ဖျက်ပြီး ကွက်လပ် အကြီးကြီး တစ်ခု ဖန်တီးလိုက်။ ဒီနေ့ကစပြီး … အဲဒီနေရာကို ပန်းရှန်းရင်ပြင်လို့ ခေါ်မယ်။”

လီယွမ်ကျောက်က နားမလည်စွာဖြင့် မေးလိုက်သည်။ “ဖန်ကြီး … ဘယ်တော့ အိမ်ဆောက်မှာလဲ။ ပြီးတော့ ရင်ပြင် ဆောက်တာက ဘာအသုံးဝင်လို့လဲ။ စားလို့လည်း မရ၊ သောက်လို့လည်း မရတာကို။”

“မှားတယ်။ ရင်ပြင်က အများကြီး အသုံးဝင်တယ်။ ပြည်သူတွေရဲ့ ဖျော်ဖြေရေး ဘဝက မလုံလောက်ဘူး။ သူတို့ရဲ့ စိတ်ဓာတ်ကို အရင် မြှင့်တင်ပေးရမယ်။ လူတွေ ပျော်ရွှင်မှ အလုပ်လုပ်ချင်စိတ် ရှိမှာလေ။

ကျုပ်တို့ မဲဖောက်ပေးရဦးမယ်။ ပြည်သူတွေအားလုံး ရှေ့မှာ မဲဖောက်ပေးရမယ်။ ကွယ်ရာမှာ မဲဖောက်ပြီး နာရီဝက်လောက်နေမှ ရလဒ်ကို လာပြောလို့ ရမလား။ ဒါဆိုရင် ကျုပ် ဖန်ကျန်းရီက ထီရောင်းတဲ့သူ ဖြစ်မသွားဘူးလား။”

လီယွမ်ကျောက်က နားမလည်သော မျက်နှာဖြင့် မေးလိုက်၏။ “ထီဆိုတာ ဘာလဲ။”

“အဟမ်း အဟမ်း အဟမ်း...”

ဖန်ကျန်းရီက ရှက်ရွံ့စွာ နှစ်ချက် ချောင်းဆိုးလိုက်သည်။ စကားမှားသွားပြီ။

“ထီဆိုတာ ပစ္စည်းကောင်းပဲ။ နောက်ပိုင်းကျရင် ကျုပ်တို့ လုပ်မယ်။ အဲဒါလည်း မဲဖောက်တာပဲ။ ဒါပေမဲ့ သေချာ လုပ်ရမယ်။ ဒီလောက် ရိုးရှင်းလို့ မရဘူး။”

နောက်တစ်ချက်ကတော့ လက်ရှိ ကြော်ငြာအားက မလုံလောက်သေးဘူးဟု ဖန်ကျန်းရီ ခံစားနေရသည်။

ရင်ပြင်ပေါ်တွင် ဇာတ်စင်တစ်ခု ဆောက်ပြီး နေ့တိုင်း ဇာတ်အဖွဲ့တွေကို လာကခိုင်းဖို့ ပြင်ဆင်ထား၏။ တောက်ယွမ်ခရိုင်မှ လူငယ်တွေကို ဇာတ်ညွှန်းသစ်တွေ ရေးခိုင်းတာ အကောင်းဆုံးဖြစ်၏။

သန့်ရှင်းရေး ဂရုစိုက်ဖို့၊ ရပ်ရွာကောင်းကျိုးပြုလုပ်ဖို့ စသော အပြုသဘောဆောင်သည့် အရာတွေကို တိုက်တွန်းခြင်း အပြင် ….. ကြော်ငြာလေး ဘာလေးလည်း နည်းနည်း ထည့်လို့ ရတာပေါ့...။

အပိုင်း (၁၀၄) သူဌေးကြီးတွေ ဘယ်မှာရှိလဲ။

လဝက်ခန့် အချိန်အတွင်း ပန်းရှန်းရပ်ကွက်၌ ကြီးမားသော အပြောင်းအလဲများ စတင် ဖြစ်ပေါ်လာသည်။

ပထမဆုံးအနေဖြင့် လူနေအိမ် အများအပြားကို ဖျက်သိမ်းပြီး ကြီးမားသော ရင်ပြင်ကြီး တစ်ခုကို ဖန်တီးလိုက်သည်။ ရင်ပြင်၏လမ်းများကို ကျောက်ပြားများဖြင့် ခင်းထားပြီး အဆုံးတွင် ဇာတ်စင် တစ်ခုကို ဆောက်လုပ်ထား၏။ ရင်ပြင်ပတ်လည်တွင် သစ်သားစင်များဖြင့် ကြော်ငြာဘုတ် အကြီးကြီး အချို့ကို တပ်ဆင် ထားသော်လည်း လောလောဆယ်တော့ ဗလာဟင်းလင်း ဖြစ်နေသေး၏။

တစ်ချိန်တည်းမှာပဲ ရင်ပြင်အတွင်း ပန်းမန်များနှင့် အခြား အလှဆင်ပစ္စည်း အမျိုးမျိုးကိုလည်း ထားရှိထားသည်။ ရောင်းချမည့် ဆိုင်ခန်းနေရာများကိုလည်း စီစဉ်ထား၏။ စတင် မငှားရမ်းရသေးသော်လည်း ဉာဏ်ကောင်းသော လူအတော်များများက ရင်ပြင်ပေါ်သို့ ကိုယ့်သဘောနှင့်ကိုယ် လာရောက်ပြီး ဈေးရောင်းနေကြပြီ ဖြစ်သည်။

ဖန်ကျန်းရီကလည်း ဤအခြေအနေကို ဝမ်းသာအားရ ကြည့်နေသည်။ ယခုအချိန်တွင် ပြည်သူများက ငွေမရှိကြသဖြင့် ရဲရင့်ပြီး စီးပွားရေး အမြင်ရှိသူ အနည်းငယ် ထွက်လာဖို့ဆိုသည်မှာ ရှားပါးလှ၏။

ထို့ကြောင့် မြို့စောင့်တပ်မှ အရာရှိများကို ထိုအသေးစားကုန်သည်များကို လူမိုက်များ၏ အနှောင့်အယှက်မှ ကာကွယ်ပေးရန် အထူး အမိန့်ပေးထားသည်။

လမ်းဘေး နှစ်ဖက်စလုံးတွင်လည်း သစ်ပင်ငယ်များကို တန်းစီ စိုက်ပျိုးထားသည်။ သို့သော်ငြား သစ်ပင် အမျိုးအစားတော့ မတူညီကြပေ။ ရှုပ်ယှက်ခတ်နေသော သစ်ပင်ငယ်အားလုံးကို မြို့ပြင် တောင်ပေါ်မှ တူးယူလာခြင်း ဖြစ်ရာ အလွန် အဆင်ပြေ၏။

အရေးအကြီးဆုံးမှာ ပန်းရှန်းရပ်ကွက်၏ အများသုံးအိမ်သာ အရေအတွက် အလွန် များပြားလာခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပဲ ပြည်သူများကို ချေးပုံးများကို တွေ့ရာ မသွန်ရန် အမိန့်ပေးထားပြီး အများသုံး အိမ်သာ အနောက်ဘက်တွင် နေရာ ချန်ထားပေးကာ တစ်ပြိုင်တည်း သွန်ချပြီး တစ်ပြိုင်တည်း စုဆောင်း ရှင်းလင်းမည်ဟု ကြေညာထားသည်။

ကြေညာချက်အတိုင်း မပြုလုပ်ပါက ပြင်းပြင်းထန်ထန် ဒဏ်တပ်မည် ဖြစ်သည်။ အများသုံး အိမ်သာများကို ထူထပ်စွာ ဆောက်လုပ်ထားသောကြောင့် ပြည်သူများကလည်း သိပ်အလုပ်ရှုပ်သည်ဟု မထင်ကြပေ။ အခြားတစ်ဖက်တွင်လည်း ဒဏ်တပ်ခံရမည်ကို ကြောက်သောကြောင့် အားလုံးက တက်ကြွစွာ ပါဝင်ကြသည်။

သို့ဆိုလျှင်တောင် ဤလုပ်ငန်းစဉ်တွင် မထင်မှတ်ထားသော ပြဿနာများ ဖြစ်ပေါ်လာခြင်းကို ရှောင်လွှဲ၍ မရပေ။ မူလ အစီအစဉ်အရ ပုံစံဆွဲထားသော အများသုံးအိမ်သာ၏ မိလ္လာတွင်းအရွယ်အစားက ပန်းရှန်းရပ်ကွက် ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် လုံလောက်၏။

သို့ပေမည့် ချေးပါလျှင် မဲဖောက်ပေးမည့်ကိစ္စက ခြေထောက်မပါဘဲ ပျံ့နှံ့သွားခဲ့ရာ ဘေးပတ်ဝန်းကျင် ရပ်ကွက်များမှ ပြည်သူများပါ ပန်းရှန်းရပ်ကွက်သို့ ချေးလာပါကြသဖြင့် တစ်ခဏအတွင်း ချေးပမာဏ အလွန် များပြားသွားသည်။

ထို့ကြောင့် မူလ သတ်မှတ်ထားသော မိလ္လာတွင်းက သိသိသာသာ မလုံလောက်တော့သဖြင့် ယာယီအနေဖြင့် ပိုမို နက်ရှိုင်းပြီး ကျယ်ဝန်းသော တွင်းရအောင် တူးခိုင်းရ၏။

ဤအကြောင်းကြောင့်ပင် ပန်းရှန်းရပ်ကွက်သို့ ဝင်ရောက်လာသော ရွှေ့ပြောင်း လူဦးရေ များပြားလာပြီး အချိန်တိုအတွင်း ဒေသတွင်း သုံးစွဲမှုလည်း တိုးလာခဲ့၏။ ပြည်သူများကလည်း ဤအခြေအနေကို ဝမ်းသာအားရ ကြည့်နေကြသည်။

ပန်းရှန်းရပ်ကွက် ပြည်သူများက လက်ရှိအခြေအနေကို အလွန် ကျေနပ်နေကြသည်ဟု ဆိုနိုင်သည်။ သန့်ရှင်းရေး တစ်ခုတည်းကို ပြောင်းလဲလိုက်ရုံဖြင့် ဘဝ အရည်အသွေးကို များစွာ တိုးတက်စေခဲ့၏။

ပန်းရှန်းရပ်ကွက်သည် လောကပေါ်တွင် အိမ်သာတက်ခြင်းကြောင့် ခရီးသွားလုပ်ငန်းကို မြှင့်တင်ပေးသော ပထမဆုံး ရပ်ကွက် ဖြစ်လာနိုင်သည်။

အလုပ်လုပ်ရာတွင် အဆင်ပြေစေရန် ဖန်ကျန်းရီက ပန်းရှန်းရပ်ကွက်တွင် အိမ်တစ်လုံးကို ဝယ်ယူခဲ့သေး၏။

တစ်ချိန်တည်းမှာပဲ အိမ်ရှိ အစောင့်အကြပ် အရေအတွက်ကိုလည်း တိုးမြှင့်ခဲ့၏။ မည်သို့ပင်ဆိုစေကာမူ ပန်းရှန်းရပ်ကွက် ပြုပြင်မွမ်းမံခြင်းက ယခုမှ စတင်ရုံသာ ရှိသေးပြီး အပေါ်ယံ အလုပ် အနည်းငယ်ကိုသာ လုပ်ထားခြင်း ဖြစ်သည်။ လမ်းဖြတ် လုယက်သူများ မရှိသော်လည်း သူခိုးငယ်များတော့ ရှိနေဆဲပင်။

ရှောင်ထောင်လို အလုပ်မရှိလျှင် လမ်းပေါ် ထွက်လည်ချင်သူအား စိတ်မချသဖြင့် ဖန်ကျန်းရီက သက်တော်စောင့် အနည်းငယ်ကို ထပ်မံ စီစဉ်ပေးခဲ့ရသည်။

ပန်းရှန်းရပ်ကွက်မှ ပြည်သူအများစုက ဤလဝက်ကျော်အတွင်း ကြီးမားသော အပြောင်းအလဲများသည် သခင်လေးလီနှင့် လူကြီးမင်းစိုက်တို့ ပန်းရှန်းရပ်ကွက်သို့ ရောက်လာခြင်းကြောင့် ဖြစ်ကြောင်း သိရှိသွားကြ၏။

ထို့ကြောင့် သူတို့သုံးယောက် နေ့စဉ် လမ်းကင်းလှည့်သည့်အခါတိုင်း လမ်းဘေး နှစ်ဖက်မှ လူများက ဖန်ကျန်းရီ နှင့် လီယွမ်ကျောက်တို့ကို အဆက်မပြတ် နှုတ်ဆက်ကြသည်။

လီယွမ်ကျောက်ကတော့ ဘာမှ သိပ်မလုပ်ရပေမဲ့ ပန်းရှန်းရပ်ကွက်ကို အုပ်ချုပ်ရသည်အား ပိုပိုပြီး စိတ်အား ထက်သန်လာကာ ဂုဏ်ယူဝင့်ကြွားနေသည့် ပုံစံမျိုး ရှိနေ၏။

...

နောက်ထပ် သာယာလှပသော မွန်းလွဲပိုင်း တစ်ခုတွင် …

ဖန်ကျန်းရီတို့ သုံးယောက်သည် လက်ဖက်ရည်ဆိုင်၌ ထိုင်ကာ လမ်းပေါ်ရှိ လူများကို အကဲခတ်နေကြသည်။

လီယွမ်ကျောက်က ပြုံးလျက် ပြောလိုက်၏။ “ဖန်ကြီး …. ခင်ဗျားမှာ တကယ် နည်းလမ်း ရှိတာပဲ။ လဝက်လောက် အတွင်း ဒီလောက်တောင် ကြီးကြီးမားမား ပြောင်းလဲသွားလိမ့်မယ်လို့ မထင်ထားဘူး။”

“ကျုပ် တစ်မြို့လုံးကို ဒီလိုပဲ ပြုပြင်မွမ်းမံပစ်မယ်။”

ဖန်ကျန်းရီက လက်ဖက်ရည် တစ်ကျိုက် သောက်လိုက်ရာ လက်ဖက်ခြောက် အဖတ်များ ပါးစပ်ထဲ အပြည့် ဝင်လာသဖြင့် တံတွေး ထွေးထုတ်လိုက်ရသည်။ “ကောင်းပြီ။ ဒီကာလ အတွင်းမှာ ပြုပြင်မွမ်းမံတာက ငွေနှစ်ထောင် တောင် မကုန်ပါဘူး။ အဓိကက ပြည်သူတွေရဲ့ အိမ်တွေကို အများကြီး ဝယ်လိုက်တာမှာ ကုန်သွားတာ။ ကျန်တာကတော့ အလုပ်သမားခနဲ့ ပစ္စည်းဝယ်တဲ့ စရိတ်ပဲ။

ဒါက အစပဲ ရှိသေးတယ်။ နောက်ပိုင်း ဘယ်လောက် ကုန်အုံးမလဲ မသိဘူး။ ဒါပေမဲ့ ကျုပ်တို့ရဲ့ လက်ရှိ စံနှုန်းအတိုင်း တွက်ကြည့်မယ်ဆိုရင်... မြို့တော်က ရပ်ကွက် တစ်ရာ့ရှစ်ခုအတွက် စုစုပေါင်း ငွေ နှစ်သိန်းတစ်သောင်း ခြောက်ထောင် လိုအပ်လိမ့်မယ်။”

“ခင်ဗျား အရှင်မင်းကြီးဆီ သွားပြီး ပိုက်ဆံ တောင်းပေး။”

လီယွမ်ကျောက်က ရှက်ရွံ့စွာ ရယ်မောလိုက်၏။ “လောလောဆယ် ခင်ဗျား လက်ထဲမှာ ပိုက်ဆံ ရှိသေးလား... ပိုက်ဆံ မရှိတော့ရင် ဘယ်လိုလုပ်မလဲ။”

“ရှိတယ်။ ငွေသောင်းဂဏန်းလောက်တော့ အနည်းဆုံး ရှိသေးတယ်။ ပန်းရှန်းရပ်ကွက်ကို တောက်ယွမ်ခရိုင် စံနှုန်းအတိုင်း အခြေခံ ပြုပြင်မွမ်းမံမှု လုပ်ဖို့လောက်တော့ အကြမ်းဖျင်း လောက်တယ်။ ဒါပေမဲ့ ပိုက်ဆံ အပိုတော့ မရှိဘူး။”

“ပိုက်ဆံ ကိစ္စမှာတော့ ကျုပ်တို့မှာ မရှိရင် သူဌေးကြီးတွေဆီ သွားတောင်းလို့ ရတယ်။”

ဖန်ကျန်းရီက လက်ဖက်ရည်ခွက်ထဲရှိ လက်ဖက်ခြောက် အဖတ်များကို ပေါ့ပေါ့ဆဆ ဖယ်ရှားနေရင်း မျက်မှောင် ကြုတ်ထား၏။

ဤအတွင်း၌ ထည့်သွင်းထားသော ရှုပ်ယှက်ခတ်နေသည့် အရာများသည် အမှန်တကယ်ပင် သောက်သုံး၍ မရနိုင်ပေ။ လက်ရှိ စျေးကွက်အတွင်း၌ လက်လှော် လက်ဖက်ခြောက်၏ စျေးနှုန်းမှာ အလွန်တရာ မြင့်မားနေသည်။ သို့ဖြစ်ရာ လက်ဖက်ခြောက်၏ စျေးနှုန်းကို အမြန်ဆုံး လျှော့ချပစ်မှသာ အဆင်ပြေနိုင်မည်။

ကျင်းဘုရင်အတွက် လက်ဖက်ခြောက် ရောင်းချပေးရခြင်းမှာ တာဝန်တစ်ရပ် ဖြစ်ပြီး လက်ဖက်ခြောက်များကို ဖြန့်ဖြူးပေးခြင်းမှာလည်း သူ့အတွက် မရှိမဖြစ်လိုအပ်သော လုပ်ငန်းစဉ် တစ်ရပ်ပင် ဖြစ်သည်။

ပထမအချက်အနေဖြင့် လက်လှော် လက်ဖက်ခြောက်သည် သောက်သုံးရသည်မှာ ကောင်းမွန်လှ၏။ ဒုတိယအချက်မှာ ပြည်သူများအတွက် အာဟာရဓာတ်ကို အနည်းငယ်မျှ ပိုမို ဖြည့်ဆည်းပေးနိုင်စွမ်း ရှိသည်။ သာမန် ပြည်သူလူထုမှာ ယေဘုယျအားဖြင့် အာဟာရဓာတ် ချို့တဲ့နေတတ်ကြပေရာ ဖြည့်ဆည်းပေးနိုင်သမျှ ဖြည့်ဆည်းပေးခြင်းကသာ အကောင်းဆုံး ဖြစ်၏။

တတိယအချက်မှာ လက်ဖက်ရည်ကို ရေနွေးကြိုပြီးမှသာ သောက်သုံးရခြင်း ဖြစ်သည်။ ပြည်သူများမှာ ရေစိမ်းကိုသာ သောက်သုံးရသည်ကို ပို၍ နှစ်သက်တတ်ကြ၏။ မြို့တော်၏ မြေအောက်ရေမှာ ညစ်ညမ်းမှု အလွန် ဆိုးရွားလှပြီး ခါးသက်သက် အရသာမျိုး အစဉ်အမြဲ ရှိနေတတ်သည်။ ထို့အပြင် ရေမှာ မသန့်ရှင်းသောကြောင့် ရောဂါဘယများကိုလည်း အလွယ်တကူ ရရှိနိုင်သည်။

ဤပြဿနာကို ဖြေရှင်းရန် နည်းလမ်းမှာ လွယ်ကူလှပေသည်။ ပြည်သူများကို ရေကျက်အေး သောက်သုံးရန် တိုက်တွန်းလိုက်ရုံမျှသာ ဖြစ်၏။ သို့ပေမည့် အကျင့်ဟောင်း၏ စွမ်းအားမှာ ကြီးမားလွန်းလှသောကြောင့် အလွယ်တကူ ပြောင်းလဲနိုင်ရန် အလွန်ပင် ခက်ခဲလှ၏။

အဓိက ပြဿနာမှာ အောက်ခြေ ပြည်သူလူထု၌ လောင်စာထင်းများ လုံလောက်မှု မရှိခြင်းပင် ဖြစ်သည်။ ထမင်းပူပူ ဟင်းပူပူကို စားသောက်ရရန်ပင် ခဲယဉ်းနေချိန်၌ ရေနွေးကို သီးသန့် ကြိုကာသောက်သုံးရန် ဆိုသည်မှာ ပို၍ပင် ခက်ခဲလှသည်။

ထန်ဝူကျုံး ခေတ်ကာလက ဂျပန်ဘုန်းတော်ကြီး အန်းနင်သည် တရုတ်ပြည်သို့ ရောက်ရှိလာခဲ့စဉ် ဆန်းတုန်းဒေသရှိ သာမန် ပြည်သူများမှာ ဟင်းချိုကို ကြိုချက်၍ မသောက်သုံးဖူးကြဘဲ တစ်နှစ်ပတ်လုံး အအေးစာများကိုသာ စားသောက်ကြကြောင်း မှတ်တမ်းတင်ခဲ့ဖူးသည်။ အလွန် အရေးကြီးသော ဧည့်သည်များ လာရောက်လျှင်ပင် မုန့်ကြွပ်နှင့် အအေးစာများဖြင့်သာ ဧည့်ခံကျွေးမွေးလေ့ ရှိကြ၏။

အမှန်စင်စစ် ရေနွေးကြိုခြင်းက ထမင်းဟင်းချက်ပြုတ်သည်ထက် ပို၍ ထင်းကုန်ကျမှု များပြားသည်။ စုန့်နှင့် ယွမ်ခေတ်ကာလများက သာမန် အိမ်ထောင်စုများမှာ နေ့စဉ်ဘဝ၌ ထမင်းဟင်းချက်ပြုတ်သည့် အချိန်မှလွဲ၍ မီးမွှေးလေ့ မရှိကြချေ။ သို့ဖြစ်ရာ ရေနွေးကြိုရန် ဆိုသည်မှာ အလှမ်း ဝေးကွာလှသည်။

ချင်ခေတ်သို့ ရောက်ရှိလာချိန်၌ပင် ရေနွေးသောက်သုံးပါက ဝမ်းမပျက်နိုင်ဟူသော အသိပညာသည် အထက်တန်းလွှာများ ကြား၌သာ ခေတ်စားခဲ့သည်။ သာမန် ပြည်သူများက ရေအေးကိုသာ တစိုက်မတ်မတ် သောက်သုံးလေ့ ရှိကြ၏။

ဖန်ကျန်းရီမှာ ခေါင်းကွဲမတတ် စဉ်းစားချင့်ချိန်နေခဲ့သော်လည်း ပြီးပြည့်စုံသော အဖြေတစ်ခုကိုမူ ရှာဖွေ မတွေ့ရှိသေးချေ။ လက်ဖက်ရည်ဟူသည်မှာ စွဲလမ်းစေတတ်သော အရာတစ်ရပ် ဖြစ်သည်။ အကယ်၍ အရည်အသွေး ကောင်းမွန်ပြီး စျေးနှုန်း သက်သာသော လက်ဖက်ခြောက်များကိုသာ ထောက်ပံ့ ပေးနိုင်ခဲ့မည်ဆိုပါလျှင် ဤပြဿနာကို အတိုင်းအတာ တစ်ခုအထိ ပြေလည်သက်သာသွားစေနိုင်သည်။

သို့ပေမည့် အခြေခံ အကြောင်းရင်းကို ပြန်လည် ဆန်းစစ်ကြည့်မည်ဆိုပါက ပြည်သူလူထု၌ ငွေကြေး မရှိခြင်းက အဓိက ဖြစ်သည်။ ထို့ကြောင့် ငွေကြေးများများ ရှာဖွေနိုင်မှသာ အဆင်ပြေနိုင်ပေတော့မည်။

“သူဌေးကြီးတွေက ဘယ်မှာ ရှိလို့လဲ။”

လီယွမ်ကျောက်က ဖန်ကျန်းရီ စိတ်မဝင်စားသလို ဖြစ်နေသည်ကို မြင်သောအခါ စိတ်ထဲတွင် သံသယ ဝင်လာ၏။

ဖန်ကျန်းရီက လီယွမ်ကျောက်ကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။

ဒါကို ရှာစရာ လိုသေးလို့လား။ ခင်ဗျားရဲ့ လီမိသားစုက တစ်မြို့လုံးမှာ အချမ်းသာဆုံး သူဌေးကြီးပဲလေ။

“သူဌေးကြီးတွေဆိုတာ... မြို့တော်ထဲမှာ အပြည့်ပဲလေ။ ချီယွမ်ပွဲတော်တုန်းက လက်ဝတ်ရတနာ ဝယ်တဲ့သူတွေ ကို မှတ်မိသေးလား။ သူတို့ အကုန်လုံးက သူဌေးကြီးတွေပဲ။”

“လူတွေကို ဆွဲဆောင်ဖို့ကလည်း လွယ်ပါတယ်။ ကျုပ်လက်ထဲမှာ သမုဒ္ဒရာ နှလုံးသား၊ သစ်တော နှလုံးသား၊ ချော်ရည် နှလုံးသား၊ XX နှလုံးသား ဆိုတဲ့ ထိပ်တန်း စိန်တချို့ ရှိသေးတယ်။ နောက်ရက်နည်းနည်းနေရင် ပန်းရှန်းရင်ပြင်မှာ လေလံပွဲ လုပ်ပြီး ကြော်ငြာမယ်။”

အဲဒီအချိန်ကျရင် လူတွေ ရောက်လာမှာပဲ။ ပြီးတော့ ဆောင်ပုဒ်တစ်ခု ထပ်ရေးလိုက်မယ်။ 【ဆင်းရဲသားတွေ ပန်းရှန်းရပ်ကွက်ကို မဝင်ရ】တဲ့။ ဒါဆို ပန်းရှန်းရပ်ကွက်ရဲ့ အဆင့်အတန်းမြင့်ပြီး ခမ်းနားတဲ့ ပုံစံကို ပေါ်လွင်စေမှာပဲ။”

လီယွမ်ကျောက် ဆွံ့အလျက်ရှိသည်။ “ဖန်ကြီး ….. ကျုပ်တို့ အမြဲတမ်း ဒီလိုလိမ်ညာနေတာက သိပ်မကောင်းဘူး ထင်တယ်နော်။”

ဖန်ကျန်းရီ မျက်လုံးပြူးသွား၏။ “ဘာ လိမ်ညာတာလဲ။ ငါက စျေးကွက် ချဲ့ထွင်ရေးလုပ်ပြီး အရင်းအမြစ်တွေကို သင့်တင့်မျှတအောင် လည်ပတ်စေတာ။”

ဘုရင်စနစ် ကြီးစိုးသော လူ့အဖွဲ့အစည်းအတွင်း၌ သူဌေးကြီး တော်တော်များများမှာ သန့်ရှင်းဖြူစင်ကြသည် မဟုတ်ပေ။ ဖန်ကျန်းရီ တစ်ယောက် သူတောင်းစားဘဝဖြင့် ကျင်လည်ခဲ့ရစဉ် အချိန်ကာလက ထိုအချက်ကို သေချာစွာ သိရှိခဲ့ရသည်။

ထိုစဉ်က သူ၏ အမြင်များမှာ မပြောင်းလဲသေးချေ။ ခေတ်သစ်လူသားတို့၏ ကိုယ်ကျင့်တရား အမြင်မျိုးဖြင့် ဤကမ္ဘာလောကကြီးကို အစဉ်အမြဲ လေ့လာစစ်ဆေးကြည့်မိသောအခါ စိတ်နှလုံးက သေချာပေါက် အစိတ်စိပ်အမွှာမွှာ ကွဲအက်ကြေမွသွားလုမတတ် များစွာ နာကျင်ခဲ့ရ၏။

အရင်းအနှီးနှင့် အာဏာတို့၏ ပေါင်းစပ်သွားမှုက ပြည်သူလူထု၏ ဂုဏ်သိက္ခာကို သနားညှာတာမှု ကင်းမဲ့စွာဖြင့် ဖိနှိပ်ထားခဲ့သည်။

သူ၏လက်အောက်ရှိ သူတောင်းစား တော်တော်များများမှာ ထွက်ပြေးလွတ်မြောက်လာကြသော ကျွန်များ၊ အကြွေးနွံနစ်နေသူများ၊ သို့မဟုတ် အထက်တန်းလွှာများကို သွားရောက် ပြဿနာရှာမိခဲ့သော သာမန် ပြည်သူများပင် ဖြစ်ကြ၏။ ဘဝ၏ ကြီးမားလှသော ဝန်ထုပ်ဝန်ပိုးကြီးကို ဆက်လက် မခံနိုင်ကြတော့သဖြင့် လူ့အဖွဲ့အစည်း၏ အောက်ခြေအကျဆုံး ဘဝသို့ ရောက်ရှိသွားခဲ့ကြရခြင်းပင်။

သို့နှင့် မည်သည့် ရည်ရွယ်ချက်မှ မရှိတော့ဘဲ နေ့ရက်များကို ဖြတ်သန်းနေကြရကာ နောင်တစ်ဖန် ပြန်လည် ထူမတ်နိုင်စွမ်း မရှိကြတော့ပေ။

သေးငယ်လှသော အမှားအယွင်းလေး တစ်ခုကြောင့်ပင် မိမိတို့၏ တစ်သက်တာလုံးကို ပေးဆပ်လိုက်ကြရခြင်း ဖြစ်၏။

အကယ်၍ ဖမ်းဆီးခံလိုက်ရမည် ဆိုပါလျှင် ... ထိုသူသည် ဝါဂွမ်းခူးခွင့်ကိုပင် ရရှိနိုင်တော့မည် မဟုတ်ချေ။

ထို့အရာကိုတွေးမိချိန်မှာတော့ သူသည် ရင်ထဲတွင် မချိလွန်းသောကြောင့် ဘေးတစ်ဖက်ဆီသို့ တံတွေးထွေး လိုက်မိသည်။

သူတို့နှစ်ယောက် စကားပြောနေစဉ်မှာပဲ လက်မောင်းတွင် အနီရောင် ပတ်ကြိုး ပတ်ထားသော အဘွားကြီး တစ်ယောက် ချဉ်းကပ်လာ၏။

သူမက ဖန်ကျန်းရီကို ပြုံးလျက် ကြည့်လိုက်သည်။ “ဟိုလေ... လူကြီးမင်း စိုက်။ လမ်းပေါ်မှာ တံတွေးထွေးတာ... သုံးပြား ကျပါတယ်။”

All Chapters