အခန်း (၁၀၅-၁၀၆)
Vol. 7 Ch. 105-106
အပိုင်း (၁၀၅) မင်းတို့က ချေးလာပါတာ မဟုတ်လား။
ရထားလုံးတစ်စီးက အတွင်းမြို့တော်မှ အပြင်မြို့တော်သို့ ဖြည်းညင်းစွာ ထွက်ခွာလာသည်။
ရထားလုံးထဲရှိ အဘိုးအိုက မျက်မှောင်ကြုတ်ကာ လက်ထဲရှိ စာအုပ်ကိုကိုင်ထားပြီး တစ်ခါတစ်ရံ စာအုပ်ကို ကြည့်လိုက်သော်လည်း စိတ်မဝင်စားကြောင်း သိသာလှ၏။
ရုတ်တရက် ရထားလုံး ကိုယ်ထည် အနည်းငယ် တုန်ခါသွားသည်ကို ခံစားလိုက်ရပြီး ရထားလုံးပေါ်ရှိ အဝတ်စကို ဖြည်းညင်းစွာ ဖယ်ကာ အပြင်သို့ ကြည့်လိုက်ရာ အပြင်မြို့တော် နယ်နိမိတ်သို့ ရောက်နေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ ညီညာသော ကျောက်ပြားလမ်းများက မြေသားလမ်းများ အဖြစ် ပြောင်းလဲသွားသည်။
လမ်းဘေး နှစ်ဖက်တွင်လည်း လူမိုက်များနှင့် အလုပ်မရှိအကိုင်မရှိသူများက လမ်းဘေးတွင် နောက်ပြောင် ဆော့ကစားနေကြ၏။
အဘိုးအို၏ မျက်မှောင်က ပို၍ ကြုတ်သွားပြီး မည်သို့မှမနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။
ရထားလုံး ဆက်လက် ရှေ့ဆက်သွားရာ အချိန်အနည်းငယ် အကြာတွင် ရုတ်တရက် ဝုန်းခနဲ အသံမြည်လာပြီး ရထားလုံး၏ လက်ကိုင်တန်းနှင့်အတူ မြင်းကပါ အပေါ်သို့ မြောက်တက်သွား၏။
ရထားလုံးထဲရှိ အဘိုးအိုသည် အလွန် နာကျင်သွားရပြီး ခေါင်းက ရထားလုံးအမိုးကို တည့်တည့် ဝင်ဆောင့်သွားရာ ဒုတ်ခနဲပင် အသံထွက်လာသည်။
ကံကောင်းထောက်မစွာဖြင့် မြောက်တက်သွားသော အနေအထားက သိပ်မကြီးမားသောကြောင့် ရထားလုံး မှောက် မသွားပေ။
ရထားလုံး ပုံမှန် အခြေအနေသို့ ပြန်ရောက်သွားပြီးနောက် ရထားလုံးမောင်းသူက တောင်းပန်သော မျက်နှာဖြင့် ရထားလုံးဘေးသို့ ကပ်လာကာ အသံကျယ်ကျယ် ပြောလိုက်၏။ “သခင်ကြီး ….. အဆင်ပြေရဲ့လား။ စောစောက ချိုင့်အကြီးကြီး တစ်ခုနဲ့ တိုက်မိသွားလို့ပါ။”
အဘိုးအိုက ခေါင်းကိုပွတ်ကာ ရင်ထဲမှ ဒေါသကို မြိုသိပ်ရင်း ပြောလိုက်သည်။ “ကိစ္စမရှိဘူး …. နည်းနည်း သတိထားမောင်း။”
ရထားလုံး မောင်းသူက ထိုစကားကို ကြားပြီးနောက် အသာပြုံးလိုက်ပြီး ရထားလုံး ဆက်မောင်းလိုက်၏။
ရထားလုံးက ဖြည်းညင်းစွာ ဆက်လက် ထွက်ခွာသွားသည်။ သို့သော်ငြား ရှေ့မှ လမ်းက သိပ်မကောင်းဘဲ အမြဲတမ်း တုန်ခါနေ၏။ သိပ်မပြင်းထန်သော်လည်း ခေါင်းပေါ်မှ နာကျင်မှုကြောင့် အဘိုးအို၏ စိတ်ကို အနှောင့်အယှက် ဖြစ်စေသည်။
ရထားလုံးထဲမှ ထွက်လာပြီး ရထားလုံး မောင်းသူကို မေးလိုက်၏။ “ဘယ်နေရာ ရောက်ပြီလဲ။”
ရထားလုံးမောင်းသူက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။ “သခင်ကြီး ….. ဒီနေရာက ဖျင်ခန်ရပ်ကွက်ပါ။ သိပ်မဝေးတဲ့ နေရာမှာ ပန်းရှန်းရပ်ကွက် ရှိပါတယ်။”
“ရပ် … ရထားလုံး ရပ်လိုက်။”
ရထားလုံးက လမ်းဘေးတွင် ရပ်သွားရာ အဘိုးအိုက ရထားလုံး ဘောင်ကို ကိုင်ကာ ခုန်ဆင်းလိုက်ပြီး ရထားလုံး မောင်းသူကို မှာကြား၏။ “မင်း ပန်းရှန်းရပ်ကွက်ကို အရင်သွားနှင့်။ ငါ့ဘာသာ လမ်းလျှောက်သွားလိုက်မယ်။”
ရထားလုံးမောင်းသူက တခြား ဘာမှမပြောဘဲ ရထားလုံးကို ပန်းရှန်းရပ်ကွက်ဘက်သို့ မောင်းနှင်သွားသည်။
အဘိုးအိုက လမ်းပေါ်တွင် ဖြည်းညင်းစွာ လျှောက်သွားရင်း မျက်နှာပေါ်တွင်တော့ စိတ်ပျက်လက်ပျက် အမူအရာများ ဖုံးလွှမ်းနေ၏။
လမ်းဘေးရှိ မြင်ကွင်းက တကယ်ကို မလှပပေ။ အတိုချုပ် ပြောရလျှင် မျက်စိနောက်လောက်အောင် ရှုပ်ယှက်ခတ်နေသည်။
နေရာအနှံ့ အပေါ့အလေး သွားနေသူများကို မြင်တွေ့ရတော့ အဘိုးအိုက အင်္ကျီလက်ဖြင့် မျက်စိကို ကွယ်ထားလိုက်ရ၏။
ရုတ်တရက် အနောက်မှ ရထားလုံး တစ်စီး ဖြတ်သွားရာ ရထားလုံး ပြတင်းပေါက်တွင် အဘိုးအို နှစ်ယောက် ပေါ်လာပြီး အဘိုးအိုကို လက်လှမ်းပြကာ အော်ဟစ်လိုက်သည်။ “အမတ်ကြီးလီ … အမတ်ကြီးလီ။”
လီယန်စုန် လှည့်ကြည့်လိုက်ရာ ကျိန့်ချောင်နှင့် ကျန်းတုန်ရှန်းတို့ ဖြစ်နေ၏။
ထို့ကြောင့် မျက်မှောင် ပြေလျော့သွားပြီး မနေနိုင်ဘဲ မေးလိုက်သည်။ “ခင်ဗျားတို့ ဘယ်လိုလုပ် ဒီရောက်နေတာလဲ။”
ကျန်းတုန်ရှန်းက ပြောလိုက်၏။ “ကျုပ်တို့လည်း လမ်းတစ်ဝက်မှာ ဆုံတာပဲ။ အိမ်ရှေ့စံမင်းသားကို မတွေ့ရတာ ကြာပြီလေ။ စိတ်မချလို့ သွားကြည့်မလို့။”
ကျိန့်ချောင်က ထောက်ခံလိုက်သည်။ “ဟုတ်တယ်။ ဟုတ်တယ်။”
ထို့နောက် သူတို့နှစ်ယောက် ချက်ချင်း ရထားလုံးပေါ်မှ ဆင်းလိုက်ကြသည်။ သို့နှင့် အဘိုးအို သုံးယောက် လမ်းပေါ်တွင် ယှဉ်လျှောက်သွားကြ၏။
ကျိန့်ချောင်က မေးလိုက်သည်။ “အမတ်ကြီးလီ …. ခင်ဗျား ဘယ်လိုလုပ် ဒီရောက်နေတာလဲ။”
လီယန်စုန်က မုတ်ဆိတ်မွေးများကို သပ်ကာ ပြုံးလိုက်၏။ “ကျုပ်လည်း ခင်ဗျားတို့လိုပါပဲ။ အိမ်ရှေ့စံမင်းသား ဘယ်လိုနေလဲ သွားကြည့်မလို့။ အိမ်ရှေ့စံမင်းသား ရပ်ကွက်တစ်ခုကို အုပ်ချုပ်မယ် ဆိုတဲ့ ကိစ္စကိုတောင် အရှင်မင်းကြီးက ကျုပ်တို့ကို မတိုင်ပင်ခဲ့ဘူး။”
“ဖန်ကျန်းရီရဲ့ လမ်းစဉ်က မမှန်ဘူးလေ။ ကျုပ် စိတ်မချလို့ သီးသန့် လာကြည့်တာ။”
ကျန်းတုန်ရှန်းက မကျေမနပ် မျက်နှာထားဖြင့် ပြောလိုက်သည်။ “အရှင်မင်းကြီးက ဘယ်လိုလုပ် စိတ်ချနိုင်မှာလဲ။ အိမ်ရှေ့စံမင်းသားက လူဆိုးတွေနဲ့ ပေါင်းနေတာ။ အဲဒီ ဖန်ကျန်းရီက စကားလှည့်ပြောတာ တော်တော့ အိမ်ရှေ့စံမင်းသား ကို သေချာပေါက် လမ်းမှား ရောက်အောင် လုပ်မှာပဲ။”
“အဲဒီလိုတော့လည်း မဟုတ်လောက်ပါဘူး။ အရှင်မင်းကြီးက တောက်ယွမ်ခရိုင်ကို ရောက်ဖူးတယ်။ ဖန်ကျန်းရီကို အဆက်မပြတ် ချီးကျူးနေတာ။ ဖန်ကျန်းရီရဲ့ အုပ်ချုပ်မှုစွမ်းရည်က ထူးချွန်တယ် ဆိုတာ သိသာတယ်။ အိမ်ရှေ့စံမင်းသားက သူ့ဆီကနေ တစ်ခုခု သင်ယူနိုင်လောက်မယ်လို့ ကျုပ် ထင်ပါတယ်။” ကျိန့်ချောင်က သဘောမတူသော အမူအရာဖြင့် ပြောလိုက်၏။
“ဟားဟား …. ကျုပ်အမြင်ကတော့ သူ့ရဲ့အရှက်မရှိတဲ့ အကျင့်တွေကိုပဲ သင်ယူနိုင်လောက်တယ်။ အိမ်ရှေ့စံမင်းသား ဘယ်လိုလူလဲဆိုတာ ကျုပ် မသိစရာလား။ အကျင့်တူသူတွေ ပေါင်းနေကြတာပဲ။ အမတ်ကြီးကျိန့်ရဲ့။” ကျန်းတုန်ရှန်းက နာကျင်စွာ ပြောလိုက်သည်။
လီယန်စုန်က အလျင်အမြန် ဝင်ဖြေရှင်းပေးလိုက်၏။ “တော်ပါတော့ …. ခင်ဗျားတို့ နှစ်ယောက် ခဏနေ တွေ့လိုက်ရင် အကုန် ရှင်းသွားမှာပဲဟာကို။ ဘာရန်ဖြစ်စရာ ရှိလို့လဲ။”
“ဒါပေမဲ့ ကျုပ်အမြင်ကတော့ ဒီဖျင်ခန်ရပ်ကွက်လောက်ပဲ အကောင်းဆုံး ဖြစ်မှာပါ။ တစ်လတောင် မပြည့်သေး တာ ပန်းရှန်းရပ်ကွက်က ဘာရလဒ်မှ ထွက်လာမှာ မဟုတ်ဘူး... ဟူး...”
ကျိန့်ချောင်က ပြုံးလျက် ပြောလိုက်သည်။ “ကျုပ် မနှစ်က အပြင်မြို့တော်ကို လာကြည့်ဖူးတယ်။ အဲဒီ ပန်းရှန်း ရပ်ကွက်က ဖျင်ခန်ရပ်ကွက်ထက်တောင် ပိုဆိုးသေးတယ်။ တကယ်လို့ ဖန်ကျန်းရီနဲ့ အိမ်ရှေ့စံမင်းသားက ပန်းရှန်းရပ်ကွက်ကို ဒီလိုဖြစ်အောင် လုပ်နိုင်ရင်တောင် မဆိုးဘူးလို့ ပြောလို့ ရတယ်။”
အဘိုးအို သုံးယောက် ဆက်လျှောက်သွားကြပြီး တစ်ချိန်တည်းမှာပဲ ပတ်ဝန်းကျင် အခြေအနေကို အဆက်မပြတ် အကဲခတ်နေကြ၏။
သို့သော်လည်း အမတ်ကြီး အချို့က အတွင်းမြို့တော်နှင့် နန်းတော်ထဲတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ကြကြောင်း သိသာသည်။ ဖျင်ခန်ရပ်ကွက်၏ ပတ်ဝန်းကျင်ကပင် သူတို့၏ အမြင်တွင် ညစ်ပတ်ပြီး ရှုပ်ပွနေဆဲ ဖြစ်သည်။
အထူးသဖြင့် လူတော်တော်များများ သေးပေါက်၊ ချေးပါ လုပ်နေခြင်းပင်။ ထိုသို့သော မြင်ကွင်းမျိုးကို အတွင်းမြို့တော်တွင် တွေ့ရခဲ့သည်။ နန်းတော်ထဲတွင် ဆိုလျှင် လုံးဝ မရှိသည်မှာ သေချာ၏။
ကျန်းတုန်ရှန်းက လမ်းလျှောက်နေရင်း ရင်ဘတ်ကို ထုကာ အော်ဟစ်လိုက်သည်။ “ရွှေတစ်ထောင်တန်တဲ့ သားတော်က အမိုးစွန်းအောက်မှာ မထိုင်ဘူးတဲ့။ ဖန်ကျန်းရီက တိုင်းပြည်ကို ဒုက္ခပေးနေတာပဲ။”
“ခင်ဗျားတို့ ကြည့်ကြစမ်း … ဒါတွေက ဘာတွေလဲ။ အရှက်တရား လုံးဝ မရှိဘူး။ ဒုက္ခပဲ။”
သူတို့နှစ်ယောက်က ကျန်းတုန်ရှန်းကို အထင်သေးစွာ တစ်ချက် ကြည့်လိုက်ပြီး ကျိန့်ချောင်က နောက်ပြောင် လိုက်သည်။ “ခင်ဗျားကို ခင်ဗျား ကြည့်ပါအုံး။ အရမ်း ဇီဇာကြောင်နေတာပဲ။ အရင်က မမြင်ဖူးတာလည်း မဟုတ်ဘဲနဲ့။ အရင်က ခင်ဗျား ဒီလောက် သန့်ရှင်းတာလည်း မဟုတ်ပါဘူး။”
ကျန်းတုန်ရှန်းက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။ “အရင်က အရင်ပဲလေ။ အခု တိုင်းပြည် အေးချမ်းနေပြီဆိုတော့ ပြည်သူတွေကို ပညာပေးဖို့ လိုတယ်။ ပြည်သူတွေက လမ်းပေါ်မှာ ကျပန်း သေးပေါက်၊ ချေးပါ လုပ်နေတာ သင့်တော်လို့လား။”
လီယန်စုန်က သက်ပြင်းချလိုက်သည်။ “တကယ်ကို မသင့်တော်ဘူး... အိမ်ရှေ့စံမင်းသားက ဒီလို ပတ်ဝန်းကျင်မျိုး မှာ နေနေရတာ တကယ်ကို ရင်လေးစရာပဲ။ ပြီးတော့ ပန်းရှန်းရပ်ကွက်က ပိုဆိုးသေးတယ်။ အခုဆို ဘယ်လောက်တောင် ဆိုးနေမလဲ မသိဘူး။”
ပန်းရှန်းရပ်ကွက်နှင့် နီးကပ်လာချိန်တွင် ကျိန့်ချောင်က ရုတ်တရက် လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ကျန်းတုန်ရှန်းနှင့် လီယန်စုန်တို့ကို တားပြီး တိုးတိုးလေး ပြောလိုက်၏။ “ခင်ဗျားတို့ နှစ်ယောက် သတိထားကြ။ ပန်းရှန်းရပ်ကွက်ရဲ့ လုံခြုံရေးက အရမ်းဆိုးတယ်။ သူခိုးတွေ၊ လူမိုက်တွေ အများကြီး ရှိတယ်။ ကိုယ်ပေါ်က ငွေတွေကို သေချာ ဂရုစိုက်ကြ။ အခိုးမခံရစေနဲ့။”
သူတို့ အချင်းချင်း ကြည့်လိုက်ကြပြီး လေးနက်သော မျက်နှာဖြင့် ခေါင်းညိတ်လိုက်ကြသည်။
...
သူတို့ ပန်းရှန်းရပ်ကွက် နယ်နိမိတ်သို့ ဝင်ရောက်လာချိန်တွင် လူအသွားအလာ သိသိသာသာ များပြားလာ၏။
မြေပြင်ကလည်း ပိုမို သန့်ရှင်းပြီး ညီညာနေသလို ထင်ရသည်။ လမ်းဘေး နှစ်ဖက်တွင် သစ်ပင်ငယ်များ အပြည့် စိုက်ထားပြီး နံရံပေါ်တွင်လည်း အဖြူရောင် ဆေးများ သုတ်ထားကာ စာလုံးတချို့ ရေးထားသည်။
လီယန်စုန်က မျက်တောင်ခတ်လိုက်ပြီး ကျိန့်ချောင်ကို သံသယဖြင့် မေးလိုက်၏။ “ဒါက... ပန်းရှန်း ရပ်ကွက်လား။”
ကျိန့်ချောင် မျက်မှောင်ကြုတ်သွားပြီး တွေဝေစွာ ပြောလိုက်သည်။ “ကျုပ်တို့ လမ်းမှားလာတာလား... အရင်က ဒီလို မဟုတ်ပါဘူး။ ပြီးတော့ ဒီမှာ လူတွေ ဘာလို့ ဒီလောက် များနေတာလဲ။”
အစိုးရ ဝတ်စုံ ဝတ်ဆင်ထားသော အရာရှိ တစ်ဖွဲ့က ခါးရှိ ဓားကို လက်တစ်ဖက်ဖြင့် ကိုင်ကာ လမ်းပေါ်တွင် သပ်သပ်ရပ်ရပ် လျှောက်လာကြသည်။ ခြေထောက်တွင် ဝတ်ဆင်ထားသော သားရေဖိနပ်များက မြေပြင်နှင့် ထိခိုက်မိချိန်တွင် သပ်ရပ်သော အသံများ ထွက်ပေါ်လာပြီး အကြောင်းပြချက် မရှိဘဲ ကြောက်မက်ဖွယ်ရာ ကောင်းသော အရှိန်အဝါ တစ်ခု ဖြစ်ပေါ်စေ၏။
ရှုပ်ရှုပ်ယှက်ယှက် လုပ်နေသော ပြည်သူများက ဤသို့သော လူစုကို မြင်တွေ့လျှင် ရှောင်ကွင်းသွားကြသည်။
အရာရှိများက မြန်မြန်ဆန်ဆန် လျှောက်လာကြပြီး လီယန်စုန်တို့နှင့် အလျင်အမြန် ကျော်လွန်သွားကြ၏။
သူတို့သုံးယောက် ကြောင်အသွားကြသည်။ ဤအရာရှိများက လမ်းလျှောက်သည်ကပင် စည်းကမ်း ရှိလွန်းလှသည်။
ပန်းရှန်းရပ်ကွက် ပြည်သူများက ဤကိစ္စကို အသားကျနေပုံရပြီး လုံးဝ ဂရုမစိုက်ကြပေ။
လီယန်စုန်က စိတ်ဝင်တစား မေးလိုက်၏။ “ဒီနေရာက စည်းကမ်းတကျ ရှိတယ်လို့ ပြောလို့ ရတယ်။ ကျုပ်တို့ တကယ် လမ်းမှားလာတာများလား။”
ကျန်းတုန်ရှန်းက ဤထူးဆန်းသော ဖြစ်ရပ်အပေါ် အလွန် စိတ်ဝင်စားသွားကာ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်ရင်း ပြောလိုက်သည်။ “ထားလိုက်ပါ။ အပြင်မြို့တော်မှာ ဒီလို ရပ်ကွက်မျိုး ရှိနေတာ ထူးတော့ထူးခြားတယ်။ အရင် ဝင်ကြည့်ကြတာပေါ့။”
သူတို့သုံးယောက် အတူတကွ အထဲသို့ ဝင်သွားကြ၏။
မလျှောက်ကြည့်လျှင် ကိစ္စမရှိသော်လည်း လျှောက်ကြည့်လေ ပို၍အံ့အားသင့်လေ ဖြစ်လာသည်။
ဤနေရာ၌ လူမိုက်နှင့် အလုပ်မဲ့အကိုင်မဲ့များ သိပ်မရှိသကဲ့သို့ ထင်မှတ်ရ၏။
အသေးစား ကုန်သည်များကသာ ပိုမို များပြားနေပြီး မိမိတို့၏ ကုန်ပစ္စည်းများကို အစွမ်းကုန် ကြော်ငြာရောင်းချနေကြသည်။
လာရောက် စုဝေးနေကြသော လူအုပ်ကြီးမှာလည်း သူတို့ ထင်မှတ်ထားသည်ထက် များစွာ ပိုမို များပြားနေခဲ့၏။
အရောင်အသွေး စုံလင်သော ဆိုင်းဘုတ်များကို ချိတ်ဆွဲထားပြီး သရေစာများ၊ လက်မှုပစ္စည်းများ၊ ဆီ၊ ဆား၊ ပဲငံပြာရည်၊ ရှာလကာရည်နှင့် လက်ဖက်ရည်ဆိုင် …. အားလုံး ရှိနေကာ အော်ဟစ် ရောင်းချသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။
သို့သော်ငြား အံ့အားသင်ါဖွယ် ကောင်းသည်မှာ ဤမျှ လူဦးရေ များပြားစည်ကားနေသည့်တိုင်အောင် အားလုံးမှာ စည်းကမ်းတကျ ရှိနေကြခြင်းပင်။
ထို့အပြင် မြေပြင်ထက်၌လည်း အမှိုက်တစ်စကိုမှ မြင်တွေ့ရခြင်း မရှိချေ။
ဒါက အမှုထမ်းအရာရှိ အရေအတွက် များပြားတာကြောင့် ဖြစ်နိုင်တယ်... ဒါပေမဲ့ အင်္ကျီလက်မှာ အနီရောင် ပတ်ကြိုး ပတ်ထားတဲ့ အဘိုးကြီးတွေက ဘာလုပ်တာလဲ။
သူတို့သုံးယောက်၏ စိတ်ထဲတွင် ပြိုင်တူဆိုသလိုပဲ ဤအတွေးမျိုး ဖြစ်ပေါ်လာကြ၏။
ထို့နောက် ကျိန့်ချောင်က လက်ဖက်ရည်ဆိုင် တစ်ဆိုင်ကို ဝင်ထိုင်ကာ စားပွဲထိုးကို တိုက်ရိုက် မေးလိုက်သည်။ “စားပွဲထိုး ….. ဒီနေရာက ပန်းရှန်းရပ်ကွက်လား။”
စားပွဲထိုးက အဘိုးအိုသုံးယောက်ကို ကြည့်ကာ ရယ်မောလိုက်၏။ “ဪ … လူကြီးမင်းတို့သုံးယောက်က တခြား နေရာကနေ ရောက်လာတာကိုး။ ခင်ဗျားတို့ ချေးလာပါတာ မဟုတ်လား။”
အပိုင်း (၁၀၆) မျက်နှာများအားလုံး ပျက်ယွင်းသွားချေပြီ။
"..."
လူသုံးယောက်လုံး ပြိုင်တူ ကြောင်အမ်းသွားကြ၏။ ဘာကို ချေးလာပါရမည်နည်း။ ဤသည်မှာ လူသားတစ်ယောက် မေးသင့်သော မေးခွန်း ဟုတ်ရဲ့လား။
ကျန်းတုန်ရှန်း၏ မျက်နှာမှာ နီရဲသွားသည်။ ထို့နောက် စားပွဲကို အားကုန်ရိုက်ချကာ ဒေါသတကြီး အော်ဟစ် လိုက်တော့၏။ "ရိုင်းစိုင်းလိုက်တာ... ဒီနေရာမှာ လျှောက်ပြောရဲတယ် ဟုတ်လား။"
စားပွဲထိုးမှာ ဤလုပ်ရပ်ကြောင့် လန့်ဖျပ်သွားပြီး အလျင်အမြန် တောင်းပန်လိုက်သည်။ "တောင်းပန်ပါတယ်။ တောင်းပန်ပါတယ် လူကြီးမင်း သုံးယောက်။ ကျုပ် စကားမှားသွားတာပါ။"
လီယန်စုန်က ယဉ်ကျေးစွာ ပြောလိုက်၏။ "မကြောက်နဲ့။ ငါ မင်းကို မေးမယ်။ ဒီနေရာက တကယ် ပန်းရှန်း ရပ်ကွက် ဟုတ်လား ၊ မဟုတ်ဘူးလား။"
စားပွဲထိုးက အလျင်အမြန် ဖြေလိုက်သည်။ "ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ဒီနေရာက ပန်းရှန်းရပ်ကွက်ပါ။"
သူတို့သုံးယောက် အချင်းချင်း ကြည့်လိုက်ကြပြီး မျက်လုံးထဲတွင် အံ့အားသင့်တုန်လှုပ်သော အမူအရာများ ပေါ်လာကြ၏။
ထို့နောက် လီယန်စုန်က ဆက်မေးလိုက်သည်။ "ဒါဆို စောစောက မင်း ဘာလို့ ငါတို့ကို အဲဒီလိုစကား မေးတာလဲ။"
"အဲဒီလိုစကားလား။"
စားပွဲထိုးက မျက်တောင်ခတ်လိုက်၏။ "အဟမ်း အဟမ်း... အဲဒါက၊ ခင်ဗျားတို့က... အဟမ်း။"
အဘိုးကြီးများမှာ အသက်ကြီးရင့်သူများဖြစ်သောကြောင့် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုရသည်မှာ အားနာစရာ ကောင်းလှသည်။ ထို့ကြောင့် စားပွဲထိုးက ရယ်မောလိုက်၏။ "ဪ... ဒီအကြောင်း ပြောရရင် လူကြီးမင်း သုံးယောက် မသိသေးတာတွေ ရှိပါလိမ့်မယ်။ ကျုပ်တို့ ရပ်ကွက်မှာ အစိုးရက လှုပ်ရှားမှု တစ်ခု လုပ်ထားပါတယ်။
ချေးပါရင် မဲဖောက်ပေးတာပါ။ အများသုံးအိမ်သာ သွားသုံးရင် မဲလက်မှတ် တစ်စောင် ရမယ်။ အမြင့်ဆုံး ဆုငွေက ငွေငါးတေလ်းတောင် ရမှာပါ။ ဒီနေ့ လူတွေများနေတာ မြင်တယ် မဟုတ်လား။ ဘာလို့လဲဆိုတော့ ဒီနေ့ ပန်းရှန်းရင်ပြင်မှာ မဲဖောက် ပေးမှာမို့လို့လေ။"
လီယန်စုန်တို့သုံးယောက် အံ့ဩလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။ လောကကြီးတွင် ဤသို့သော ကိစ္စမျိုး ရှိသေးသည်လော။ အံ့ချီးဖွယ်ရာပင်။
စားပွဲထိုးကို လက်ယပ်ကာ နှင်လွှတ်လိုက်ပြီးနောက် သူတို့သုံးယောက် တိုင်ပင်ကြ၏။
ကျိန့်ချောင်က ပြောလိုက်သည်။ "ကျုပ်တို့ ထပ်သွားကြည့်ကြမလား။ ရှေ့က နံရံပေါ်မှာ စာတချို့ ရေးထားတာ မြင်သလိုပဲ။"
"သွားမယ်။ သွားမယ်။”
“သွားမယ်။"
သူတို့သုံးယောက် ကြေးပြား အနည်းငယ် ချန်ထားခဲ့ပြီး ချက်ချင်းလှည့်ကာ လမ်းပေါ်တွင် စစ်ဆေးကြည့်ရှုတော့၏။
အစပိုင်း၌ သူတို့ မြင်တွေ့ခဲ့ရသောအရာများမှာ ရေးသားထားမှု မဆိုးလှဟု ခံစားမိကြသဖြင့် အဆက်မပြတ် ခေါင်းညိတ် ချီးကျူးနေခဲ့ကြသည်။
ဤသည်မှာ တကယ့်ကို ကောင်းမွန်လှသော နည်းလမ်းပင်။ တိုက်တွန်းသော စကားများကို နံရံပေါ်တွင် ရေးထားခြင်းက အကျိုးသက်ရောက်မှု အများကြီး ရရှိစေရုံသာမက ပြည်သူများအနေဖြင့်လည်း စာလုံးအချို့ကို ပိုမို သိရှိလာနိုင်၏။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ပညာပေးသည့်ကဏ္ဍတွင် အောင်မြင်မှုရှိကြောင်း သိသာထင်ရှားလှ၏။ ဖန်ကျန်းရီ၏ အုပ်ချုပ်မှုစွမ်းရည်မှာ တကယ့်ကို မဆိုးလှချေ။
ဥပမာအားဖြင့် ‘သာယာလှပတဲ့ဘဝအတွက် ကျုပ်တို့ရဲ့ ရပ်ကွက်ကို ချစ်ခင်ကြပါ’ ၊ ‘ခြေလှမ်း သုံးငါးလှမ်း ပိုလျှောက်ပြီး စိမ်းလန်းတဲ့ မြက်ခင်းတွေကို ချန်ထားခဲ့ပါ’ စသည့် စာသားများမှာ နားလည်လွယ်ပြီး အဓိပ္ပာယ်မှာလည်း အလွန်ပင် လှပသည်။
သို့သော်ငြား လျှောက်သွားရင်းဖြင့် သူတို့သုံးယောက်သား တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း စတင် သတိထားမိ လာကြ၏။
ကျဉ်းမြောင်းသော နေရာများ၊ ပြစ်မှုအများဆုံး ဖြစ်ပွားလေ့ရှိသော နေရာများသို့ ရောက်ရှိသွားသည်နှင့် ဆောင်ပုဒ်များမှာ အခြားပုံစံတစ်မျိုးသို့ ချက်ချင်း ပြောင်းလဲသွားသည်။
'ချီးပါချင်လား … အောင့်ထား။ ဆုပေးမှာဖြစ်တဲ့ ချေးပါပြိုင်ပွဲကြီးကို အရှိန်အဟုန်နဲ့ လုပ်ဆောင်နေတယ်။ အများသုံး အိမ်သာမှာ စာရင်းလာပေးပြီး ပါဝင်နိုင်ပါတယ်။'
'လမ်းပေါ်မှာ သေးပေါက်၊ ချေးပါ လုံးဝ မလုပ်ရ။ အလေးချိန် တစ်မတ်ထက် ကျော်ရင် ပြစ်မှုကျူးလွန်တဲ့ ကိရိယာကို သိမ်းဆည်းမယ်။'
'မအောင့်နိုင်တော့ဘူးလား။ ဘောင်းဘီထဲ ပါချလိုက်။'
'ပါနေတုန်းပဲလား။ မင်းတော့ သေပြီ။'
“.........”
လီယန်စုန်တို့၏ မျက်နှာများမှာ သဘာဝမကျ ဖြစ်လာကြသည်။ လမ်းသွယ်လေးများထဲရှိ စာသားများက အလွန်ရိုင်းစိုင်း အောက်တန်းကျကာ ဖတ်၍ပင် မကောင်းလှချေ။
ကျန်းတုန်ရှန်းက နာကျင်စွာဖြင့် ရင်ဘတ်ကို အုပ်ထားပြီး အသက်ရှူရ ခက်ခဲလာသလို ခံစားလိုက်ရ၏။
"ဖန်ကျန်းရီ... ဖန်ကျန်းရီ သေချာတယ်။ ဒါ လူလုပ်တဲ့ အလုပ်လား။ အိမ်ရှေ့စံမင်းသားရော ….။"
ကျိန့်ချောင်၏ မူလတည်ငြိမ်နေသော မျက်နှာထားက ရုတ်တရက် ပြုံးရယ်သွားတော့သည်။
လီယန်စုန်က ထိုအခြေအနေကိုမြင်ချိန်တွင် မထိန်းနိုင်ဘဲ လိုက်ပါ ရယ်မောရာ အဘိုးအို နှစ်ယောက် ရှေ့ယိမ်း နောက်ယိုင်ဖြင့် အားရပါးရ ရယ်မောနေကြတော့၏။
ကျန်းတုန်ရှန်းက ကြောင်အမ်းသွားပြီး ဒေါသတကြီး ပြောလိုက်သည်။ "ခင်ဗျားတို့ ဘာရယ်တာလဲ။ ဒီလောက် အောက်တန်းကျတာ ဘာရယ်စရာ ရှိလို့လဲ။"
ကျိန့်ချောင်က ထပ်ကာ ခဏလောက် ရယ်မောပြီးနောက် မတ်တတ်ရပ်ကာ ပြောလိုက်၏။ "ဒီဖန်ကျန်းရီက တကယ်ပဲ ပုံမှန်လမ်းကြောင်းအတိုင်း မသွားဘူးပဲ။ ဒီစကားတွေက ဖတ်လို့ မကောင်းပေမဲ့ အကျိုး သက်ရောက်မှုတော့ တကယ် ရှိတယ်။ ကြည့်လိုက် … လမ်းပေါ်မှာ နေရာတိုင်း သန့်ရှင်းနေတာ မဟုတ်ဘူးလား။
ဒါကို ကြည့်ရင် အကျိုးသက်ရောက်မှု ရှိတယ် ဆိုတာ သိသာတယ်။ ပြီးတော့ အရမ်း ကောင်းတယ်။"
ပြောပြီးသည်နှင့် မျက်နှာထားက စတင် တည်တင်းလာ၏။ "ဒါပေမဲ့... ဒါက တကယ်ပဲ အိမ်ရှေ့စံမင်းသားကို လမ်းမှား ရောက်စေနိုင်တယ်။ ဒီလူက လုံးဝ သိက္ခာ မရှိဘူး။ အလုပ်လုပ်တာလည်း စည်းကမ်း မရှိဘူး။"
လီယန်စုန်က ထောက်ခံလိုက်သည်။ "ဟုတ်တယ်။ ဒါပေမဲ့ ကောင်းတဲ့ ရလဒ် ထွက်လာတယ် ဆိုရင်တော့ လုံလောက်ပါပြီ။ အိမ်ရှေ့စံမင်းသား အရမ်း လမ်းလွဲမသွားဖို့ပဲ မျှော်လင့်ပါတယ်။"
"ပြီးတော့ အဲဒီ အများသုံး အိမ်သာ မဲဖောက်တဲ့ ကိစ္စကရော... သွားကြည့်ကြမလား။ ကျုပ်ကတော့ အတော်လေး စိတ်ဝင်စားတယ်။"
ကျန်းတုန်ရှန်းက မျက်နှာလွှဲလိုက်၏။ "ကျုပ် မသွားဘူး။ ကျုပ် ပြန်သွားရင် သူ့ကို တိုင်အုံးမယ်။ ဒီလို အလေ့အကျင့်မျိုးကို အားပေးလို့ မဖြစ်ဘူး။"
"အာ … သွားရအောင်ပါ။" အဘိုးအို နှစ်ယောက်က မပြောမဆိုနှင့် ကျန်းတုန်ရှန်းကို အတင်း ဆွဲခေါ် သွားကြတော့သည်။
ကျန်းတုန်ရှန်းက အတင်းအကျပ် ဆွဲခေါ်ခံရပြီး အများသုံး အိမ်သာသို့ ရောက်သွား၏။ ယခုအချိန်သည် မဲဖောက်ပေးမည့် အချိန် ဖြစ်သောကြောင့် အများသုံးအိမ်သာ အပြင်ဘက်တွင် လူတန်းကြီး ရှည်လျားစွာ စီနေ၏။
အဘိုးအို သုံးယောက်လည်း မတတ်နိုင်ဘဲ အနောက်မှ တန်းစီလိုက်ကြ၏။ တန်းစီရင်းဖြင့် စိတ်မရှည်နိုင်အောင် ဖြစ်လာကြရသည်။ သို့ပေမည့် မတတ်နိုင်ချေ။ အလယ်တွင် ညပ်မိနေပြီ မဟုတ်ပါလား။
ထွက်သွားရန် စဉ်းစားမိပြန်တော့လည်း အနည်းငယ် နှမြောစရာ ကောင်းနေသလိုပင်။ မည်သို့ပင်ဖြစ်စေ ဤနေရာအထိ ရောက်နေခဲ့ပြီ ဖြစ်ရာ တန်းစီရင်းဖြင့်သာ သက်ပြင်းများ အလီလီ ချနေမိကြသည်။
"အသက်ဒီလောက် ကြီးနေပြီကို ဒီမှာ လာတန်းစီပြီး အိမ်သာတက်ရတာ တကယ်ကို... ဟူး..."
"ဖန်ကျန်းရီ .. ဒီကောင် ငါ့ကို ဒုက္ခပေးတာပဲ..."
ကျန်းတုန်ရှန်းက အေးစက်စက် ပြုံးလိုက်၏။ "သူနဲ့ ဘာဆိုင်လို့လဲ။ ခင်ဗျားတို့ဘာသာ အတင်း လာချင်လို့လေ။"
"ကျုပ်တော့ တစ်နေ့တစ်နေ့ သူ့ကြောင့် ဒေါသထွက်ပြီး သေရတော့မယ်။ သောက်ကျိုးနည်း။"
လီယန်စုန်တို့ နှစ်ယောက်က ခေါင်းခါလိုက်ကြသည်။
အသက်အရွယ် ဤမျှကြီးရင့်နေပြီ ဖြစ်သော်လည်း လူငယ်လေးတစ်ယောက်ကြောင့် ဒေါသများထွက်ကာ လူပင် မတွေ့ရသေးမီ စကားများ မှားယွင်းနေကြပြီဖြစ်သည်။ အလွန်ပင် ရှက်ဖွယ်ကောင်းလှ၏။
အမွှေးတိုင် တစ်တိုင်စာ အချိန်ကြာအောင် တန်းစီပြီးနောက် နောက်ဆုံးတော့ သူတို့သုံးယောက် အလှည့် ရောက်လာ၏။ အဘိုးအိုအချို့က စိတ်ဝင်တစားဖြင့် စာရွက်ကိုယူကာ လက်ဗွေနှိပ်ပြီးနောက် တန်းစီ၍ အိမ်သာထဲသို့ ဝင်သွားကြသည်။
သူတို့သုံးယောက်မှာ မည်သူကမှ အိမ်သာ မတက်ချင်ကြသောကြောင့် အိမ်သာထဲတွင် အနေရခက်စွာ ရပ်လျက် အချင်းချင်း မျက်လုံးပြူးကာ ကြည့်နေကြ၏။
"ကျွတ် … ဒီလောက် အပေါ်ယံဆန်တဲ့ အစီအစဉ်က လိမ်လည်ထုတ်ယူတဲ့သူ သေချာပေါက် အရမ်းများမှာပဲ။ သူ ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ချင်သေးတယ်။"
"ဟုတ်တယ်။ မဲဖောက်ပေးတဲ့ ပိုက်ဆံကို ဘယ်သူ ထုတ်ပေးမှာလဲ။ ဖန်ကျန်းရီတော့ မဖြစ်နိုင်ဘူး။ အဲဒီကောင်က ဒီလောက် သဘောထားကြီးလို့လား။"
"ဒါမှမဟုတ် အိမ်ရှေ့စံ..."
"ရှူး … အသံမထွက်နဲ့။ ဒီမှာ လူတွေ ရှိတယ်။"
မစင်စွန့်လျှင် မဲဖောက်ပေးမည့် လှုပ်ရှားမှုတွင် အချိန်သတ်မှတ်ချက် ရှိထားသောကြောင့် ဝင်ရောက်သွားသည့် အချိန်မှာ အလွန်ရှည်ကြာလွန်း၍ မရသကဲ့သို့၊ အလွန်တိုတောင်းလွန်း၍လည်း မရနိုင်ပေ။
အဘိုးအို သုံးယောက်က တံခါးဝ နေရာတွင် ရပ်ကာ စကားပြောနေရုံသာ တတ်နိုင်၏။
လူတစ်ယောက် ဝင်လာပြီး သူတို့သုံးယောက် တံခါးဝတွင် ပြွတ်သိပ်နေသည်ကို မြင်သောအခါ အော်ဟစ် လိုက်သည်။ "တက်မှာလား၊ မတက်ဘူးလား။ အိမ်သာဝင် ချေးမပါဘဲ ဒီမှာ လာပိတ်မနေနဲ့။"
ကျန်းတုန်ရှန်းက ချက်ချင်း မျက်လုံးပြူးကာ ပြန်ပြောလိုက်၏။ "မင်း ဘာလောနေတာလဲ။ အချိန်မကျသေးဘူးလေ။"
ထိုသူက တဟားဟား ရယ်မောလိုက်သည်။ "ခင်ဗျားတို့ အဘိုးကြီးသုံးယောက်လည်း မဲဖောက်ချင်တာလား။ ချေးသာ စားလိုက်စမ်း။"
သူတို့သုံးယောက် ဒေါသတကြီး စိုက်ကြည့်လိုက်ကြပြီး စိတ်ထဲတွင် ပို၍ နောင်တရလာကြ၏။ ရှက်စရာပင်။ တကယ်ကို ရှက်စရာကောင်းလှ၏။
ဤကိစ္စကို လေးယောက်မြောက်သောသူ လုံးဝ သိစေ၍ မဖြစ်ပေ။
သူတို့သုံးယောက် အချင်းချင်း ကြည့်လိုက်ကြပြီးနောက် လေးနက်စွာ ခေါင်းညိတ်လိုက်ကြသည်။
လီယန်စုန်တို့က စိတ်အနှောင့်အယှက်များစွာဖြင့် အများသုံး အိမ်သာထဲမှ ထွက်လာကြပြီး လက်ထဲရှိ မဲလက်မှတ် ကို ကြည့်ကာ စိတ်ထဲတွင်ကြိတ်၍ သက်ပြင်းချလိုက်ကြ၏။
အဘယ့်ကြောင့် ဤမျှ ဒုက္ခခံနေရသနည်း... တွေးလေ ဒေါသထွက်လေပင်။
"သွားမယ်။ မဲဖောက်တာ သွားကြည့်ကြမယ်။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ရဲ့ အရှက်တွေ မရှိတော့ဘူးပဲ။ ပါဝင်ပြီးမှတော့ အဆုံးထိ ပါဝင်ရမှာပေါ့။" ကျိန့်ချောင်ကမူ ဖြေတွေး တွေးလိုက်၏။
ဖန်ကျန်းရီ ဘာအကွက်တွေ သုံးနေလဲဆိုတာ သေချာ ကြည့်ချင်သေးသည်။
သူတို့သည် လူအုပ်ကြီး၏ ခြေလှမ်းများနောက်သို့ လိုက်ပါရင်း ပန်းရှန်းရင်ပြင်သို့ ရောက်ရှိလာခဲ့ကြ၏။
ရင်ပြင်ပတ်လည်ရှိ ကြော်ငြာဘုတ်များကို မြင်လိုက်ရသောအခါ စကားမပြောနိုင်အောင် အံ့အားသင့်နေကြသည်။
ကြော်ငြာဘုတ်အချို့တွင် ယခုအခါ ပန်းချီကားများ ကပ်ထားပြီး ပန်းချီလက်ရာမှာ အလွန် သေသပ်လှပသည်။ ပန်းချီကား တစ်ချပ်စီတိုင်းကို လူတစ်ယောက်စီ ရေးဆွဲထားပြီး ကိုယ်ဟန်အမူအရာ အမျိုးမျိုးဖြင့် ယောက်ျား၊ မိန်းမ အားလုံး ပါဝင်ကာ လက်ထဲတွင် လက်ဖက်ရည် တစ်ခွက်စီ ကိုင်ထားကြ၏။
အထင်ရှားဆုံးမှာ ကြင်နာတတ်သော မျက်နှာထားရှိသည့် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်၏ ပုံပင်ဖြစ်သည်။ ကြည့်ရသည်မှာ အလွန်ရင်းနှီးဖွယ်ကောင်းကာ ဩဇာအာဏာလည်း ရှိပုံရ၏။ မျက်နှာတွင် ရိုးသားသော အမူအရာဖြင့် လက်ဖက်ခြောက်ဘူးကို ကိုင်ဆောင်ထားသည်။
ဘေးဘက်တွင်လည်း ကြော်ငြာစာသားလေးကို ထည့်သွင်းထားသေး၏။
'လက်ဖက်ရည် သောက်မယ်၊ လက်ဖက်ရည်ကောင်း သောက်မယ်၊ မဟာနတ်မင်း လက်ဖက်ရည်ကိုပဲ သောက်ပါ။ လန်းဆန်းစေတယ်၊ ကျန်းမာစေတယ်၊ အားနည်းနေတဲ့ ကျောက်ကပ်ကို ပြန်အားဖြည့်ပေးတယ်။'
သူတို့သုံးယောက်လုံး စဉ်းစားခန်း ဝင်နေမိကြသည်။
အချိန်အတော်ကြာမှ လီယန်စုန်က စကားစပြောလိုက်၏။ "ဒီလူက ဘာလို့ မိန်းမစိုးကော်နဲ့ နည်းနည်း တူနေရတာလဲ။"