← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 7 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 7 Ch. 107-108

အပိုင်း (၁၀၇) ပညာရေး ရှေ့ဆောင် ဖန်ကျန်းရီ။

ကြည့်လေလေ ပိုတူလာလေလေ ဖြစ်သောကြောင့် မည်သို့မှမနေနိုင်ဘဲ သူတို့သုံးယောက် တီးတိုး စကားပြောလိုက်ကြ၏။

ဤကိစ္စတွင် ဖန်ကျန်းရီကို တကယ်တမ်း အပြစ်တင်၍ မရနိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ သူ၏စိတ်ထား မည်မျှပင် ကျဉ်းမြောင်းနေပါစေ၊ ကော်ထျန်းယန်ကို အမြဲတမ်း ပစ်မှတ်ထားနေရန် မလိုအပ်ချေ။ သူတို့နှစ်ယောက်ကြားတွင် ကြီးမားသော ရန်ငြိုးရန်စ ရှိနေသည် မဟုတ်ပေ။

အဓိကအကြောင်းရင်းမှာ ထိုကြော်ငြာပန်းချီကို ရေးဆွဲစဉ်က တောက်ယွမ်ခရိုင်မှ ပန်းချီဆရာသည် ဖန်ကျန်းရီ၏ ဖော်ပြချက်အတိုင်း အပြည့်အဝ ရေးဆွဲခဲ့သောကြောင့်ပင်။

ဖန်ကျန်းရီ၏ စိတ်ကူးအရ အသက်ကြီးပြီး ဝဖြိုးသော ယောက်ျားတစ်ယောက်ကို ရွေးချယ်ခြင်း ဖြစ်၏။

ဝဖြိုးခြင်းက ချမ်းသာကြွယ်ဝမှုကို ပြသနိုင်သည်။

အသက်အရွယ် ကြီးရင့်ခြင်းက ဩဇာအာဏာကို ပြသနိုင်၏။

ထို့ပြင် ကော်ထျန်းယန်တွင် ထိုသို့သော ပုံစံမျိုး ရှိသည်။ ပို၍ အရေးကြီးသည်မှာ အမြဲတမ်း ပြုံးနေပြီး ရင်းနှီးဖွယ်ရာကောင်းသော ပုံစံမျိုး ရှိခြင်းပင်။ ဖန်ကျန်းရီအနေဖြင့် ဤအဘိုးကြီးကို အမြဲတမ်း ယုတ်မာသည်ဟု ထင်မြင်သော်လည်း သူ၏ရုပ်ရည်က တကယ်ကို ထိုသို့သော ပုံစံမျိုး ဖြစ်နေခြင်းကိုတော့ မလွန်ဆန်နိုင်ချေ။

ထို့ကြောင့် ဖန်ကျန်းရီ၏ စိတ်ကူးပုံဖော်မှုအတိုင်း ရေးဆွဲသော ပန်းချီဆရာ၏ စုတ်တံမှာ ကော်ထျန်းယန်၏ မျက်နှာဘက်သို့ ယိမ်းယိုင်သွားခဲ့ရခြင်း ဖြစ်သည်။

ကံကောင်း၍သာ နောက်ဆုံးတွင် မုတ်ဆိတ်မွေး လှလှလေး တစ်ခုကို ထည့်သွင်းလိုက်သဖြင့် ခြောက်ဆယ်ရာခိုင်နှုန်းခန့်သာ တူညီသွားခြင်း ဖြစ်၏။ မဟုတ်ပါက ၁၀၀ ရာခိုင်နှုန်း တူညီလောက်၏။

ယခုအချိန်တွင် မိုးအနည်းငယ် ချုပ်လာပြီ ဖြစ်သော်လည်း ရင်ပြင်ပေါ်ရှိ လူအုပ်ကြီးမှာ ပို၍များပြားလာသည်။

ရင်ပြင်ပေါ်တွင် အလှဆင်ပစ္စည်းများအပြင် အသုံးဝင်သည့် အရာအချို့လည်း ရှိ၏။

ဥပမာ … မီးပုံ။

လျှပ်စစ်မီး မရှိသောကြောင့် ရှေးခေတ်တွင် ဤအရာက မဖြစ်မနေ လိုအပ်သည်။ ထို့ကြောင့် ဖန်ကျန်းရီက ရင်ပြင်ပေါ်တွင် သံပန်းများဖြင့် နေရာအချို့ကို ကာရံစေပြီး မီးပုံများ ထားရှိရန် သီးသန့် လုပ်ဆောင်ထားသည်။

ရင်ပြင် ပတ်လည်တွင်လည်း မီးတုတ်များ ထားရှိရန် စီစဉ်ထားသကဲ့သို့၊ မတော်တဆ မီးလောင်ကျွမ်းပါက ငြှိမ်းသတ်နိုင်ရန် ရေအိုး အမြောက်အများကိုလည်း ထားရှိထား၏။

နှစ်ညခန့် ကြိုတင်၍ စမ်းသပ်ထားပြီးဖြစ်၏။ ခေတ်သစ်၏ အလင်းရောင် သက်ရောက်မှုမျိုးကို မည်သို့မှ မီနိုင်မည်မဟုတ်သည်မှာ သေချာသည်။

သို့သော်လည်း အခြေခံအလင်းရောင်အတွက်မူ လုံလောက်မှု ရှိသည်။ ထို့ပြင် မီးရောင်မှာ အဆက်မပြတ် တောက်ပနေသောကြောင့် ထူးခြားသည့် လေထုတစ်ခုကိုပင် ဖန်တီးပေးနိုင်သေး၏။

ထို့အပြင် ရင်ပြင်ပေါ်တွင် အဆက်မပြတ် အော်ဟစ်ရောင်းချနေကြသော ဆိုင်ငယ်လေးများကြောင့် ညဘက် လေထုမှာ အတော်လေး သိသာထင်ရှားနေပြီ ဖြစ်သည်။

အမတ်ကြီး သုံးယောက်က ဤမြင်ကွင်းကို စိတ်ဝင်တစား အကဲခတ်နေကြပြီး မျက်နှာပေါ်တွင်လည်း မသိမသာ အပြုံးများ ပေါ်လာကြ၏။

ပန်းရှန်းရပ်ကွက်၏ လူနေမှု လေထုမှာ တကယ်ကို အားကောင်းလှသည်။ အခြားအရာများကို မဆိုထားနှင့်၊ ပြည်သူများ၏ မျက်နှာထားကို ကြည့်ရုံမျှဖြင့် အရိပ်အယောင်အချို့ကို မြင်တွေ့နိုင်နေပြီ ဖြစ်သည်။

သို့သော်ငြား... ဤမျှများပြားသော မီးပုံများကြောင့် အနည်းငယ် အန္တရာယ်များနေသကဲ့သို့တော့ ခံစားရ၏။

မဲဖောက်မည့်အချိန် မရောက်သေးမီ အမတ်ကြီး သုံးယောက်က ဆိုင်ခန်းများရှေ့သို့ စတင် လျှောက်လည်ကြ၏။

မည်သို့ပင်ဖြစ်စေ တစ်နေကုန် လမ်းလျှောက်ခဲ့ရကာ ထမင်းတစ်လုတ်မျှပင် မစားရသေးချေ။ အချိန်ရခိုက်လေးတွင် စားစရာအနည်းငယ် ရှာဖွေစားသောက်ရပေမည်။

မကြာမီမှာပဲ အဘိုးအို သုံးယောက်က လက်ထဲတွင် ပလာတာတစ်ခုစီ ကိုင်ကာ လူအုပ်ထဲတွင် မတ်တတ်ရပ်လျက် စားသောက်နေကြသည်။

လီယန်စုန်က သက်ပြင်းချလိုက်၏။ "ဖန်ကျန်းရီရဲ့ အရည်အချင်းက ဒီလောက်ကောင်းမယ်လို့ မထင်ထားမိဘူး... ဒီကျောက်ပြားခင်းထားတဲ့ ရင်ပြင်က စျေးမပေါလောက်ဘူး... ဖျင်ခန်ရပ်ကွက် (ဒီရပ်ကွက်နာမည်ရေးရတာ မလွယ်ဘူး။ စာလုံးပေါင်းသာ နည်းနည်းမှားရင် မတွေးရဲစရာပဲ) မှာသာဆိုရင် ကျုပ်က လမ်းပေါ်မှာ မတ်တတ်ရပ်ပြီး စားရဲမှာ မဟုတ်ဘူး။"

ကျိန့်ချောင်တို့ နှစ်ယောက်က ပလာတာကို စားရင်း သဘောတူကြောင်း ခေါင်းညိတ်ပြကြသည်။

မကြာမီမှာပဲ လူတိုင်း စောင့်မျှော်နေကြသည့် မဲဖောက်သည့် အစီအစဉ် စတင်တော့မည် ဖြစ်၏။

အဘိုးအို သုံးယောက်က မဲလက်မှတ်များကို ကိုင်ကာ စိတ်ထဲတွင် မျှော်လင့်ချက် အနည်းငယ်ပင် ဖြစ်ပေါ် လာကြသည်။

ငွေကြေးပမာဏမှာ နည်းပါးလှသော်လည်း... လူတိုင်း၏ စိတ်နှလုံးအတွင်း၌ သူတို့ကိုယ်တိုင် ထိုငွေငါးတေလ်းကို ရရှိနိုင်မည်ဟု ထင်မှတ်နေကြ၏။

ဗုံတီး၊ လင်းကွင်းတီး၊ နှဲမှုတ်သူများက ပန်းရှန်းရင်ပြင်၏ ကြီးမားသော ဇာတ်စင်ပေါ်သို့ စတင် တက်ရောက် လာကြသည်။

တစ်ချိန်တည်းမှာပဲ အရာရှိငယ် နှစ်ယောက်က သေတ္တာတစ်လုံးကို ဇာတ်စင်ပေါ်သို့ ခက်ခဲစွာ သယ်တင်လာကြသည်။ သေတ္တာ၏ အနောက်ဘက်တွင် လက်ကိုင်တစ်ခု ပါရှိပြီး အထဲတွင် ယပ်တောင်ကဲ့သို့ ဖွဲ့စည်းပုံ ပါရှိကာ စာရွက်ပိုင်း အသေးလေးများ အပြည့် ပါရှိ၏။

အစီအစဉ်မှူးက ဗုံတီး၊ လင်းကွင်းတီးသံများကြားတွင် တောက်ပစွာ ထွက်ပေါ်လာရာ ဇာတ်စင်အောက်မှ အားပေးသံများ ချက်ချင်း ထွက်ပေါ်လာသည်။

ဤအစီအစဉ်မှူးမှာ ဖန်ကျန်းရီ ရပ်ကွက်ထဲမှ ရှာဖွေတွေ့ရှိထားသော ပုံပြင်ပြောသူပင် ဖြစ်သည်။ စကားပြော ကောင်းရုံသာမက အချိန်အကြာကြီး ဖျော်ဖြေခဲ့ရသော အတွေ့အကြုံများကြောင့် အသံနေအသံထား ကောင်းမွန်သည့် အရည်အချင်းပါ ရှိသေး၏။

ရင်ပြင်ကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် လူတိုင်းကြားနိုင်အောင် ပြောဆိုနိုင်ရန်မှာ နည်းပညာ လိုအပ်သကဲ့သို့ ခွန်အားလည်း လိုအပ်သည်။

သံမဏိကဲ့သို့ မာကျောသော အဆုတ်မျိုး မရှိပါက ဤတာဝန်ကို ထမ်းဆောင်နိုင်မည် မဟုတ်ချေ။

အစီအစဉ်မှူးက ပျော်ရွှင်သော မျက်နှာဖြင့် ဇာတ်စင်ရှေ့သို့ လျှောက်လာ၏။ ဇာတ်စင်ပေါ်ရှိ အရာအားလုံးက ခေတ်သစ် ဇာတ်စင်နှင့် အတော်လေး ဆင်တူသည်။ အသံချဲ့စက် အကြီးကြီး တစ်ခုကို ထားရှိ၏။

"အားလုံးပဲ …. တိတ်တိတ်နေပေးကြပါ။"

အစီအစဉ်မှူး၏အသံက အသံချဲ့စက်မှတစ်ဆင့် ကျယ်လောင် ရှင်းလင်းစွာ ထွက်ပေါ်လာပြီး ရင်ပြင်ထဲရှိ လူတိုင်း၏ နားထဲသို့ ဝင်ရောက်သွားသည်။

ရင်ပြင်မှာ ချက်ချင်း တိတ်ဆိတ်သွား၏။

"အားလုံးပဲ မျှော်လင့်နေကြပြီလို့ ထင်ပါတယ်။ ပန်းရှန်းရပ်ကွက်ရဲ့ ပထမအကြိမ် မီးပုံပွဲတော်ကို တရားဝင် စတင်ပါပြီ။ မဲဖောက်တဲ့ အစီအစဉ်ကို မကြာခင် စတင်တော့မှာပါ။

ဒီမီးပုံပွဲတော်ကို ဝမ်လောင်အာ ဓားမ ၊ တိုင်းပြည်နဲ့ ဘုရင်မင်းမြတ်ကို ကျုပ်လောက် ချစ်တဲ့သူ မရှိဘူး ဆိုတဲ့ လူကြီးမင်းစိုက်၊ လောကမှာ ပြိုင်ဘက်ကင်းတဲ့ သခင်လေးလီ တို့က ပံ့ပိုးကူညီပေးထားတာ ဖြစ်ပါတယ်။"

"ဟင်းသီးဟင်းရွက် လှီးရင် ဝမ်လောင်အာကို သုံးပါ။ ဝမ်လောင်အာ ဓားမက အရမ်း ထက်တယ်နော်။"

"ဖူး။" အခုလေးတင် ဝယ်ထားသော လက်ဖက်ရည်က လီယန်စုန်၏ ပါးစပ်ထဲမှ ချက်ချင်း ပန်းထွက်သွားတော့၏။

ဘာတွေကို ပြောနေကြသနည်း။

လူကြီးမင်းစိုက် နှင့် သခင်လေးလီ... ဤနာမည်နှစ်ခုကို ပန်းရှန်းရပ်ကွက်ထဲသို့ ဝင်ရောက်လာတည်းက ခုနစ်ကြိမ်၊ ရှစ်ကြိမ်ခန့် ကြားခဲ့ရပြီးပြီ ဖြစ်သည်။

ယခု အစီအစဉ်မှူး ထပ်မံမိတ်ဆက်လိုက်တော့ အမတ်ကြီး သုံးယောက်က ချက်ချင်း သဘောပေါက် သွားကြသည်။

ထိုအရှက်မရှိသော လူကြီးမင်းစိုက်မှာ ဖန်ကျန်းရီဖြစ်ကြောင်း သေချာသည်။ သခင်လေးလီဆိုသည်မှာလည်း အိမ်ရှေ့စံမင်းသားမှလွဲ၍ အခြားသူ မည်သူဖြစ်နိုင်ဦးမည်နည်း။

ရှက်ဖွယ်ကောင်းလှလေစွ... လမ်းမပေါ်အထိပင် ရှက်စရာကောင်းအောင် ဖြစ်နေခဲ့ချေပြီ။

ကြော်ငြာပြီးသွားချိန်မှာတော့ ဇာတ်စင်ပေါ်တွင် ဗုံတီးသံ၊ လင်းကွင်းတီးသံများ ထပ်မံ ထွက်ပေါ်လာပြန်၏။

အစီအစဉ်မှူးက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "ကောင်းပါပြီ။ မဲမဖောက်ခင်မှာ ကျုပ်တို့ လှုပ်ရှားမှုလေး တစ်ခု လုပ်ပါအုံးမယ်။ အားလုံးကို မေးချင်ပါတယ်။ အားလုံး မဲလက်မှတ်တွေ ယူလာကြပြီလား။"

"ယူလာပြီ။ မင်းဟာက တကယ် စကားများတာပဲ။" အောက်မှ ဆူညံအော်ဟစ်သံများ ထွက်ပေါ်လာပြီး တုံ့ပြန်မှုများ တွင် ဆဲသံ အမျိုးမျိုး ပါဝင်လာ၏။

ဇာတ်စင်အောက် ပထမတန်းတွင် ထိုင်နေသော ဖန်ကျန်းရီက အကူအညီမဲ့စွာ ခေါင်းခါလိုက်သည်။ ကျင်းတိုင်းပြည် ပြည်သူများမှာ ဇာတ်စင် ကြော်ငြာနှင့် ပထမဆုံးအကြိမ် ထိတွေ့ဖူးခြင်းဖြစ်သော်လည်း ဤမျှလောက် စိတ်မရှည် ဖြစ်နေကြသည်လား။

ဤသည်မှာ ရောဂါတစ်ရပ်ပင်။ ကုသမှသာ ရပေမည်။

"ကောင်းပါပြီ။ ဒါဆိုရင် အားလုံးလည်း မဲလက်မှတ်ပေါ်က အထူး သင်္ကေတတွေကို မြင်ကြမှာပါ။ အခု အားလုံး မဲတိုက်ရလွယ်အောင်လို့ အဲဒီ သင်္ကေတတွေရဲ့ အဓိပ္ပာယ်ကို ရှင်းပြပေးပါမယ်။"

"တကယ်လို့ မဲပေါက်သွားပြီး ကိုယ်တိုင် မသိလိုက်ရင် နှမြောစရာကြီး မဟုတ်လား။"

"လာ။ ပစ္စည်းတွေ ယူလာခဲ့။"

အစီအစဉ်မှူး စကားဆုံးသည်နှင့် ဇာတ်စင် အပေါ်ဘက်မှ သစ်သားပြား အကြီးကြီး နှစ်ခု ဖြည်းညင်းစွာ ကျဆင်းလာသည်။ တစ်ခုတွင် '၁' ဟု ရေးထားပြီး နောက်တစ်ခုတွင် 'တစ်' ဟု ရေးထား၏။

ဇာတ်စင် အပေါ်ဘက်တွင် လျှို့ဝှက်ထားသော အပိုင်းတစ်ခု ရှိပြီး လူအနည်းငယ်က ငြမ်းစင်ပေါ်တွင် အလုပ်လုပ်နေကြသည်။ အဓိက အလုပ်မှာ သစ်သားပြားများကို တပ်ဆင် ဖြုတ်သိမ်းရန်ပင်။

ဇာတ်စင် အနောက်ဘက်တွင်တော့ သစ်သားပြားများ အတက်အကျကို ထိန်းချုပ်ရန် ကြိုးဆွဲနေသူများ ရှိသည်။

အစီအစဉ်မှူးက ယုံကြည်မှု အပြည့်ဖြင့် ရှင်းပြသည်။ "အားလုံးပဲ ကျွန်တော့် ညာဘက်က ဒီစာလုံးကို ကြည့်ပါ။ ဒါက ကျုပ်တို့ ပုံမှန် သုံးနေကျ ဂဏန်းပဲ။ အဲဒါက 'တစ်' လေ။ တစ်၊ နှစ်၊ သုံး၊ လေး ရဲ့ တစ်ပေါ့။"

"အားလုံး ကျွန်တော်နဲ့ အတူတူ လိုက်ဆိုကြည့်ပါ။ ဒီ 'တစ်' ဆိုတဲ့ စာလုံးကို ဘယ်လိုရေးလဲ ဆိုတာ မှတ်ထားပါ။ မျဉ်းတစ်ကြောင်းတည်း ရေးတာကို 'တစ်' လို့ ခေါ်တယ်။"

အောက်မှ ပရိသတ်များက 'တစ်' ဟု ပြိုင်တူ အော်ဟစ်လိုက်ကြပြီး အားလုံး၏ မျက်နှာများက တည်တင်းနေ၏။

မဲဖောက်မည်ဆိုသည်မှာ မဟုတ်ဘူးလား။ အဘယ်ကြောင့် ဤနေရာတွင် လာရောက် စာသင်နေရသနည်း။

"အားလုံး မလောကြပါနဲ့။ အခု ကျွန်တော့် ဘယ်ဘက်က ဒီစာလုံးကို ကြည့်ပါ။ ဒါလည်း 'တစ်' ရဲ့ အဓိပ္ပာယ်ပဲ။ ဒါက ကျုပ်တို့ရဲ့ မဲလက်မှတ်ပေါ်က အထူး ဂဏန်းပဲ။"

"လာ …. အားလုံး ကျွန်တော်နဲ့ အတူတူ..."

"မြန်မြန် လုပ်စမ်းပါ။ ကျုပ် မှတ်မိသွားပြီ။ အလျားလိုက် မျဉ်းတစ်ကြောင်းကလည်း တစ်ပဲ။ ဒေါင်လိုက် မျဉ်းတစ်ကြောင်းကလည်း ၁ ပဲ။ နောက်တစ်ခု သွားတော့။"

"နောက်တစ်ခု။ နောက်တစ်ခု။”

“နောက်တစ်ခု။"

အောက်မှ လူအုပ်ကြီးက ထပ်မံ၍ ဆူညစွာံအော်ဟစ်လာကြပြန်၏။

အစီအစဉ်မှူးက ဖန်ကျန်းရီကို ရှက်ရွံ့စွာ ကြည့်လိုက်သည်။

ဖန်ကျန်းရီကလည်း လက်ဟန်ပြကာ နောက်တစ်ခုကို ဆက်သွားရန် ညွှန်ကြားလိုက်၏။

‘၁’ နှင့် ‘၂’ မှာ ရှင်းပြစရာ သိပ်မရှိလှချေ။ မြန်မြန်ဆန်ဆန် ကျော်ဖြတ်သွားလျှင် ရနိုင်သည်။

အစီအစဉ်မှူးက ကျဆင်းလာသော သစ်သားပြားကို တစ်ဖက်သို့ လှန်လိုက်ရာ အနောက်မှ ဒုတိယမြောက် ဂဏန်း ပေါ်လာ၏။

အစီအစဉ်မှူးက သူ့ဘာသာ ဆက်ရှင်းပြနေပြီး ဇာတ်စင်အောက်မှ ပြည်သူများက မိဘ သေသွားသည့်အလား မျက်နှာများ ရှုံ့မဲ့နေကြသည်။

သို့သော်ငြား မတတ်နိုင်ချေ။ ခဏကြာလျှင် မဲဖောက်တော့မည်ဖြစ်ရာ မဖြစ်မနေ ဆက်လက် သင်ယူနေကြရ၏။

ဇာတ်စင်အောက်ရှိ အမတ်ကြီး သုံးယောက်၏ အကြည့်များမှာ တွေဝေမိန်းမောနေကြပြီး မျက်စိရှေ့ရှိ အခြေအနေက သူတို့ ထင်ထားသည်ထက် ကျော်လွန်နေပုံ ရသည်။

ဤဖန်ကျန်းရီ ဆိုသောကောင်လေးက မဲဖောက်သည့်အချိန်ကို အခွင့်ကောင်းယူပြီး ပြည်သူများကို စာသင်ပေးနေခြင်းပင်။

ဤသည်က... ဤသည်က ဒဏ္ဍာရီလာ စာသင်ခြင်း နည်းစနစ် မဟုတ်ပါလား။

အပိုင်း (၁၀၈) ပညာရှိများ၏ စကားက ထမင်းစားလို့ ရသလား။

တစ် ကနေ တစ်ဆယ် အထိ ရှင်းပြပြီးချိန်မှာတော့ အစီအစဉ်မှူးလည်း အာပေါက်မတတ် ပင်ပန်းသွားပြီ ဖြစ်၏။

ဇာတ်စင်အောက်မှ ပြည်သူများသည် အတော်လေး မွန်းကျပ်နေပြီ ဖြစ်သော်လည်း ချက်ချင်း မဲလဲနိုင်မည့် အခွင့်အရေးကို တွေးပြီး မတတ်နိုင်ဘဲ သည်းခံနေခဲ့ကြသည်။

လူအများစုက လေ့လာပြီးနောက် လေထဲတွင် လက်ချောင်းများဖြင့် ယခုလေးတင် သင်ယူခဲ့သော စာလုံးများကို ရေးသားကြည့်ကြ၏။

တချို့လူများကတော့ ကိုယ့်ဘာသာ စာလုံးတွေ ရေးတတ်သွားပြီဆိုပြီး ဝမ်းသာနေကြသည်။ ရေးတတ်သည်မှာ အနည်းငယ်မျှသာ ရှိသော်လည်း ဝမ်းသာခြင်းက ဝမ်းသာခြင်းပင်။

လူတော်တော်များများမှာ သေချာစွာ မမှတ်မိမည်ကို၊ မဲပေါက်မည့် အခွင့်အရေး လွတ်သွားမည်ကို စိုးရိမ်သဖြင့် အချင်းချင်း တီးတိုးပြောဆိုကာ လေ့လာ နေကြသည်။

ဖန်ကျန်းရီသည် ထိုအခြေအနေကို မြင်ချိန်မှာတော့ အစီအစဉ်မှူးကို ခဏ နားရန် အလျင်အမြန် အချက်ပြလိုက်၏။

ဤသို့ အသံကုန်ဟစ်၍ အမြဲတမ်း အော်ဟစ်နေရခြင်းကို သာမန်လူတစ်ယောက်အနေဖြင့် တကယ်တမ်း လုပ်နိုင်မည် မဟုတ်ချေ။ အမြဲတမ်း ပုံပြင်ပြောနေကျ ဆရာပင်လျှင် မနည်းကြိုးစားရသည်။

အစီအစဉ်မှူးက ဖန်ကျန်းရီကို ကျေးဇူးတင်သော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် အသံကျယ်ကျယ်ဖြင့် ထပ်ပြောလိုက်၏။ "ကောင်းပြီ။ အားလုံးလည်း အကြမ်းဖျင်း သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်။ အားလုံး အချင်းချင်း ပိုပြီး ဖလှယ်သင်ယူလို့ ရပါတယ်။

အခု အားလုံး စိတ်အပန်းပြေသွားအောင် အစီအစဉ် တစ်ခုလောက် တင်ဆက်ပေးပါမယ်။ ကဗျာ ရွတ်ဆိုတာကို နားထောင်ပေးကြပါ။"

"အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။"

"ရေးသားသူ - သစ္စာရှိ အမတ် လူကြီးမင်းစိုက်။"

ပြောပြီးသည်နှင့် အစီအစဉ်မှူးက ဖြည်းညင်းစွာ နောက်ဆုတ်သွားပြီး နောက်ထပ် ဖျော်ဖြေသူ တစ်ယောက်က ချက်ချင်း တက်လာကာ ခံစားချက် အပြည့်ဖြင့် ဖျော်ဖြေမှုကို စတင်လိုက်၏။

"အို အရှင်မင်းကြီး … အရှင်မင်းကြီးက ကျွန်တော်မျိုး ဘဝရဲ့ အလင်းရောင် တစ်ပွင့်ပါ..."

"နွေဦးက သတ္တဝါ အားလုံးကို ရှင်သန်စေတယ်။ အရှင်မင်းကြီးက ကျွန်တော်မျိုးကို ရှင်သန်စေတယ်..."

ဇာတ်စင်ပေါ်မှ တိုက်ရိုက်ဆန်လွန်းပြီး စိတ်နှလုံး ယားယံစရာ ကောင်းသော စကားများကို ကြားရသောအခါ အမတ်ကြီး သုံးယောက်၏ နဖူးများတွင် အမည်းရောင် မျဉ်းကြောင်းများ ပြိုင်တူ ဖြစ်တည်လာ၏။

စောစောက ဖန်ကျန်းရီအပေါ် ဖြစ်ပေါ်လာခဲ့သော သဘောကျမှုများ ချက်ချင်း ပျောက်ကွယ်သွားသည်။

ဂုဏ်သိက္ခာ .. ဂုဏ်သိက္ခာ ဘယ်မှာနည်း။ လူဖြစ်လာပြီးနောက် ဂုဏ်သိက္ခာ နည်းနည်းလေးမျှ မလိုတော့ဘူးလား။

အဘိုးအိုသုံးယောက်သည် ကောင်းကင်ကို မော့ကြည့်ကာ အော်ဟစ်လိုက်ချင်စိတ် ပေါက်သွားပြီး ဤတိရစ္ဆာန်ကို ဆဲဆိုချင်သွားကြသည်။ တကယ့်ကို ဘာမဆို လုပ်ရဲသူပင်။ အခြေခံ စည်းမျဉ်းဟူ၍ လုံးဝ မရှိချေ။ ပညာတတ် များ၏ ဂုဏ်သိက္ခာ ဘယ်ရောက်သွားပြီနည်း။

ဤကိစ္စကို စတင်ခဲ့သူကမူ သေချာပေါက် ဂရုစိုက်မည်မဟုတ်ချေ။ အားလုံးမှာ ပြည်သူများအတွက် လုပ်ဆောင်ခြင်းသာ ဖြစ်သည် မဟုတ်ပါလား။

ဖိနပ် မည်မျှပေါက်ပေါက် ခြေအိတ်မပေါက်လျှင် ရပြီဖြစ်သည်။ သူ ဖန်ကျန်းရီက နေ့စဉ်နေ့တိုင်း မြှောက်ပင့် ပေးမည်။ တစ်နေ့နေ့တွင်တော့ ပါဗလော့ဗ် သီအိုရီကဲ့သို့ ဖြစ်သွားနိုင်သည်။

(ပါဗလော့ဗ် သီအိုရီ ဆိုသည်မှာ တစ်ခုခုကို အမြဲကြုံနေရရင် အလိုလို တုံ့ပြန်ပြုလုပ်တတ်သော သဘောသဘာဝ ဖြစ်သည်။ -ဘာသာပြန်သူ)

သူ၏စကားသံကို ကြားသည်နှင့် ဘုရင်မင်းမြတ် ဝမ်းသာသွားအောင် လေ့ကျင့်ပေးမည်။ ထိုအချိန်ရောက်လျှင် လုပ်ချင်တာလုပ်ရန်မှာ လက်တစ်ကမ်း၌သာ ရှိနေတော့မည် မဟုတ်ပါလား။

လောကတွင် မြှောက်ပင့်ခံရခြင်းကို မကြိုက်သူ မည်သူရှိသနည်း။ ထို့ပြင် သူ ဖန်ကျန်းရီ၏ ၂၁ ရာစုမှ အဆင့်မြင့်သော လုပ်ငန်းခွင် အတွေ့အကြုံများကို ရှေးခေတ်လူများက မည်သို့ တားဆီးနိုင်မည်နည်း။

ဟားဟား …. ပန်းရှန်းရင်ပြင်ဆိုသည်မှာ အဘယ်နည်း။ သူ ဖန်ကျန်းရီ၏ ကိုယ်ပိုင်အရည်အချင်းများကို ပြသရန် ဇာတ်စင်တစ်ခုသာ ဖြစ်လေတော့သည်။

"ဟေး …. ခင်ဗျားတို့ ကြည့်စမ်း။ ဖန်ကျန်းရီ ဟိုမှာ ရှိတယ်။" ကျိန့်ချောင်က လူအုပ်ထဲတွင် ဖန်ကျန်းရီကို ရုတ်တရက် တွေ့လိုက်ရသဖြင့် လက်ညှိုးထိုးပြလိုက်၏။

ကျန်းတုန်ရှန်းက ချက်ချင်း မျက်လုံးပြူးသွားသည်။ "သောက်ကျိုးနည်း..."

အင်္ကျီလက်ကို ပင့်တင်ကာ ဖန်ကျန်းရီဆီသို့ ချက်ချင်း သွားလိုက်ပြီး ကျန်နှစ်ယောက်ကလည်း အလျင်အမြန် လိုက်သွားကြ၏။

ကျန်းတုန်ရှန်းက ဒေါသတကြီးဖြင့် လူအုပ်ကို ဖယ်ရှားကာ ဖန်ကျန်းရီဆီသို့ တိုက်ရိုက် လျှောက်သွားပြီး ဖန်ကျန်းရီ၏ ကော်လာကို ဖမ်းဆွဲရန် ပြင်လိုက်သည်။

ရုတ်တရက် မျက်နှာပေါ်တွင် လူသတ်ချင်စိတ် အပြည့်ရှိသော လူကောင်ကြီးကြီး တစ်ယောက်က သူ၏ ရှေ့တွင် လာပိတ်ရပ်၏။

ကျန်းတုန်ရှန်း ရှက်ရွံ့စွာဖြင့် လက်ကို ပြန်ချလိုက်ရပြီး လီယန်စုန်နှင့် ကျိန့်ချောင်တို့လည်း ဘေးမှ အလွန် ထိတ်လန့်နေကြသည်။

ဖန်ကျန်းရီက ကျန်းပြောင် ရုတ်တရက် သူ့အနောက်သို့ ရောက်လာသည်ကို မြင်သောကြောင့် နောက်လှည့်ကြည့်လိုက်၏။

ပြီးနောက် အံ့အားသင့်သွားသည်။ "အို … အကြီးအကဲ သုံးယောက်လည်း ရောက်လာတာလား။ ကျန်းပြောင် သူတို့က ကိုယ့်လူတွေပဲ။ မြန်မြန် ဖယ်ပေးလိုက်။"

လီယန်စုန်တို့ သုံးယောက်က မဲလက်မှတ် ကိုင်ထားသော လက်ကို အလျင်အမြန် နောက်သို့ ဖွက်ထားလိုက်ပြီး မျက်နှာတည်တည်ဖြင့် ပြောလိုက်၏။ "အင်း … .လာကြည့်တာ။"

"အိမ်ရှေ့စံ... အဲ သခင်လေးလီ ဘယ်ရောက်နေလဲ။"

သူမေးသည်ကို ကြားချိန်မှာတော့ ဖန်ကျန်းရီလည်း စဉ်းစားခန်း ဝင်သွား၏။ လီယွမ်ကျောက်သည် ဤရက်ပိုင်းအတွင်း အလွန် ဆော့ကစားလွန်းနေ၏။ မည်သည့်အရာကိုတွေ့တွေ့ စိတ်ဝင်စားနေတတ်သည်။ ထို့အပြင် ဒဏ်တပ်သည့် ကိစ္စကိုလည်း အလွန်သဘောကျနေပုံရသည်။

ဖမ်းမိတိုင်း ကြေးပြားဆယ်ပြား၊ နှစ်ဆယ်ခန့်သာ ဒဏ်တပ်သော်လည်း သူကမူ ဤအလုပ်ကို မမောနိုင်မပန်းနိုင် လုပ်ဆောင်နေဆဲ ဖြစ်၏။

နောက်ပိုင်းတွင် လမ်းပေါ်၌ ကျင်ငယ်၊ ကျင်ကြီး စွန့်သူများ အလွန်ရှားပါးသွားသောအခါ ဤသခင်လေးလီသည် မအောင့်နိုင်တော့သည့် ပုံစံပေါက်နေသော လူများဘေးသို့ လိုက်သွားကာ လေချွန်နေတတ်သဖြင့် ဖန်ကျန်းရီပင်လျှင် အံ့အားတကြီး ဖြစ်နေရသည်။

ယနေ့တွင် လူများပြားပြီး အများစုမှာ ရင်ပြင်၌ စုဝေးနေကြသဖြင့် ဖန်ကျန်းရီက အများသုံးအိမ်သာ ရှင်းလင်းရေး သမားများကို စောစောအလုပ်ဆင်းစေကာ ရပ်ကွက်ထဲရှိ အများသုံးအိမ်သာများကို ရှင်းလင်းခိုင်းထားခဲ့၏။

ယခင်က ဤအလုပ်များကို နံနက်စောစောတွင်မှ လုပ်ဆောင်လေ့ရှိသည်။ လီယွမ်ကျောက်က ထိုအကြောင်းကို ကြားသောအခါ အိမ်သာရှင်းလင်းရေးသမားများ မည်သို့ အလုပ်လုပ်သည်ကို သိချင်သည်ဆိုကာ သွားရောက် ကြည့်ရှုခြင်း ဖြစ်သည်။

ယခုအချိန်ဆိုလျှင် ပြန်ရောက်နေသင့်ပြီ မဟုတ်ပါလား။ သို့သော်လည်း ဤအချိန်အထိ ပြန်မရောက်လာသေးဘူး ဆိုတော့ မစင်တွင်းထဲသို့များ ပြုတ်ကျသွား၍လား။

သို့ပေမည့် ပြဿနာ ရှိမည်မထင်ပေ။ အစောင့်အချို့ ထည့်ပေးလိုက်သည် မဟုတ်ပါလား။ ပြဿနာ မရှိနိုင်ချေ။

ဆော့ကစားလွန်း၍သာ ကြာနေခြင်း ဖြစ်ပေလိမ့်မည်။ ဤအရွယ်မှာ လက်ဆော့တတ်သော အရွယ်ဖြစ်ရာ ကိုယ်တိုင်ပင် သွားရောက်ခပ်ယူနေသလား မသိနိုင်ချေ။ မည်သို့ပင်ဖြစ်စေ အိမ်ရှေ့စံမင်းသားမှာ မစင်ကစားသည့် နေရာတွင် ကျွမ်းကျင်သည် မဟုတ်ပါလား။ ခြေထောက်ဖြင့် တည့်အောင် ကန်တတ်သေးသည်။

ဖန်ကျန်းရီက ပြောလိုက်၏။ "သခင်လေးလီ အပြင်မှာ သွားဆော့နေတယ်။ ခဏနေရင် လာလိမ့်မယ်။"

"ဒီနေ့ အကြီးအကဲ သုံးယောက် ဘာလာလုပ်ကြတာလဲ။"

ကျန်းတုန်ရှန်းက ဇာတ်စင်ကို လက်ညှိုးထိုးပြကာ မျက်နှ နီရဲလျက် မစောင့်နိုင်တော့ဘဲ ပြောလိုက်သည်။ "ဖန်ကျန်းရီ …. မင်းမှာလည်း အရည်အချင်း နည်းနည်း ရှိတယ်လို့ ငါ မြင်ပါတယ်။ ဒါပေမဲ့ ဘာလို့ ဒီလောက် အရှက် မရှိရတာလဲ။"

ဖန်ကျန်းရီက ဇာတ်စင်ကို တစ်ချက် ကြည့်လိုက်ပြီး ပခုံးတွန့်ကာဖြင့် တည်ငြိမ်စွာ ပြောလိုက်၏။ "ဒါက ဘာမှ မဟုတ်ပါဘူး။ တခြားလူတွေ ပြောချင်ပြီး မပြောရဲတဲ့ စကားတွေကို ကျုပ် ပြောပေးလိုက်တာ။

ခင်ဗျားတို့ သဘောကျတဲ့ ပုံစံမျိုး ဖြစ်အောင် ကျုပ်က ဘာအကြောင်းပြချက်နဲ့ ပြောင်းလဲရမှာလဲ။ အရှင်မင်းကြီးနဲ့ ဆန့်ကျင်ဘက် လုပ်ပြီး အရှင်မင်းကြီး အမြင်ကပ်အောင် လုပ်ရမှာလား။ ပြီးတော့ အသုံးမကျတဲ့ နန်းတွင်း အမှုထမ်းတွေနဲ့ ပေါင်းပြီး ယုတ်မာရမှာလား။

ရယ်စရာပဲ။ ကျုပ် ဖန်ကျန်းရီက အလုပ်လုပ်ရင် ရလဒ်ကိုပဲ ကြည့်တယ်။ လုပ်ငန်းစဉ်ကို မမေးဘူး။ အကုန်လုံးက ပြည်သူတွေကို အလုပ်အကျွေး ပြုဖို့ချည်းပါပဲ။ အကြီးအကဲ သုံးယောက် ကျုပ် ပြောတာ မှန်လား။"

သူတို့သုံးယောက် တိတ်ဆိတ်သွားကြသည်။ တစ်နည်းအားဖြင့် ကြည့်လျှင် ဖန်ကျန်းရီ ပြောဆိုမှုမှာလည်း မမှားယွင်းပေ။

မည်သို့ပင်ဖြစ်စေ ဤအသိုင်းအဝိုင်းထဲတွင် နေထိုင်ကြသည်ဖြစ်ရာ မြှောက်ပင့်ချင်စိတ်တော့ အနည်းငယ် ရှိကြမည်သာ ဖြစ်သည်။ သို့သော်ငြား ဖန်ကျန်းရီ၏ မြှောက်ပင့်ခြင်းကြီးက အနည်းငယ် လွန်လွန်းမနေဘူးလား။

သို့သော်လည်း အရည်အချင်းရှိနေသဖြင့် ဤတစ်ကြိမ်တော့ ခွင့်လွှတ်ပေးလိုက်မည်။

လီယန်စုန်က စိတ်ဝင်တစား မေးလိုက်၏။ "ပြည်သူတွေကို ဒီလို ထူးဆန်းတဲ့ ဂဏန်းတွေ သင်ပေးဖို့ မင်း ဘယ်လို စဉ်းစားမိတာလဲ။ တခြား စာလုံးတွေနဲ့ အစားထိုးလို့ ရတာပဲ။ မင်းရဲ့ ဒီနည်းလမ်းက ငါ့ကို အမြင်သစ် ရစေတယ်။ ဒါပေမဲ့ ကိုယ်ကျင့်တရားတွေ၊ ပညာရှိတွေရဲ့ စကားတွေကို သင်ပေးတာ ပိုမကောင်းဘူးလား။"

ဖန်ကျန်းရီက ပြန်မေးလိုက်သည်။ "ပညာရှိတွေရဲ့ စကားက ထမင်းစားလို့ ရလား။"

"မင်း။" သူတို့သုံးယောက် ချက်ချင်း ဒေါသတကြီး ကြည့်လိုက်ကြ၏။ မင်း ဂုဏ်သိက္ခာ မရှိတာ ထားလိုက်တော့။ ပညာတတ် ဆိုတဲ့ အဆင့်အတန်းကိုပါ မလိုချင်တော့ဘူးလား။

ဖန်ကျန်းရီသည် သူတို့နှင့် ဆက်မပြောချင်တော့ဘဲ လက်ကာပြကာ ပြောလိုက်သည်။ "တခြား အကြောင်းပြချက် မရှိပါဘူး။ ဒါက ရိုးရှင်းပြီး သင်ရလွယ်လို့လေ။ ဒီပြည်သူတွေက ကျောင်းမနေဖူးတော့ ပညာရှိတွေရဲ့ စကားကို ဘယ်လို ဖတ်တတ်မှာလဲ။ မဲဖောက်တာကော လုပ်ရအုံးမယ်လေ။ ပညာရှိတွေရဲ့စာကို ခဏလေးနဲ့ သင်လို့ တတ်ပါ့မလား။"

သူတို့သုံးယောက်က ရှက်ရွံ့စွာ ရယ်မောလိုက်ပြီး ဘာမှ မပြောတော့ပေ။ မှန်တယ်လို့ပဲ သတ်မှတ်လိုက်မည်။

စောစောက စကားလောသွားသဖြင့် ပြည်သူများမှာ စာမတတ်ကြဆိုသည့် အချက်ကို မေ့လျော့သွားခဲ့ခြင်း ဖြစ်၏။

ဂဏန်းသင်္ချာများမှာ အလွန်ပင် အရေးကြီး၏။ ပြည်သူများက စာမတတ်ကြသော်လည်း ဂဏန်း မသိကြသည်တော့ မဟုတ်ပေ။ ဈေးထဲတွင် ဟင်းဝယ်သည့်အခါ မည်သူ့ထက်မဆို ပို၍ ပါးနပ်ကြသည်။

ဖန်ကျန်းရီအနေဖြင့် ဂဏန်းများကို ရွေးချယ်ရသည့် အရေးကြီးဆုံးသော အကြောင်းရင်းမှာ ထိုအချက်ပင် ဖြစ်၏။

ပြည်သူအားလုံးက အခြေခံ ဂဏန်းများနှင့် ဂဏန်း စည်းမျဉ်းများကို သိသွားပါက ဈေးကွက်ထဲတွင် စျေးနှုန်း သတ်မှတ်ပြီး သတ်မှတ်ဈေးနှုန်းများ ထားခိုင်း၍ရသည်။

ယခု လက်ရှိ စျေးကွက်၏ အရောင်းအဝယ်တွင် ပစ္စည်းတစ်ခုကို မည်မျှပေးရမည်ဆိုသည်မှာ ပြည်သူများ၏ စကား ပြောဆိုမှုအပေါ်တွင်သာ မူတည်နေပြီး ထိုမှတစ်ဆင့် စျေးဆစ်ကြခြင်း ဖြစ်၏။ ဤလုပ်ငန်းစဉ် တစ်ခုလုံးမှာ ပွင့်လင်းမြင်သာမှု မရှိချေဟု ဆိုရမည်။

(ရိုးရှင်းစွာ ပြောရမည်ဆိုလျှင် ကုန်ပစ္စည်းတစ်ခုတွင် သတ်မှတ်ထားသော ဈေးဟူ၍ မရှိပေ။ တစ်ယောက်ယောက် လာဝယ်လျှင် ပုံစံ၊ စကားအပြောအဆိုပေါ်တွင် မူတည်၍ ဈေးက ပြောင်းလဲသွားတတ်သည်ဟု ဆိုလိုခြင်းပင်။ ထို့ကြောင့် သတ်မှတ်ဈေးနှုန်းတစ်ခုကို ဖန်ကျန်းရီက ထားချင်ခြင်း ဖြစ်သည်။ - ဘာသာပြန်သူ)

ဖန်ကျန်းရီ အနှစ်သက်ဆုံးအရာမှာ အသေးစားကိစ္စရပ်များမှစ၍ လုပ်ဆောင်ခြင်းပင် ဖြစ်သည်။ ကုန်ကျစရိတ် နည်းပါးပြီး အကျိုးအမြတ် များပြားလှ၏။

တကယ်၍ ပြည်သူအများစုက ဂဏန်းများကို သိရှိသွားပါက သူသည် စျေးကွက်ထဲရှိ ကုန်ပစ္စည်းများကို စျေးကတ် (သတ်မှတ်ဈေးနှုန်းရေးသားထားသော ကတ်ပြား) ထားရှိရန် အတင်းအကျပ် အမိန့်ပေး၍ ရနိုင်ပေပြီ။

ဤသို့ဆိုလျှင် ပြည်သူများက ပစ္စည်းဝယ်ယူသည့်အခါ နှိုင်းယှဉ်တွက်ချက် ချိန်ဆ၍ ရသွားမည်ဖြစ်ပြီး ကုန်သည်များကြား ပြိုင်ဆိုင်မှုကလည်း ပို၍ ပြင်းထန်လာမည် ဖြစ်၏။ ပြည်သူများက ထိုအရာမှ အကျိုး ခံစားရမည်။

ရှင်းလင်း၍ ပွင့်လင်းမြင်သာသော စျေးနှုန်းက ကုန်ပစ္စည်းများကို ပို၍ ကောင်းမွန်စွာ လည်ပတ်စေနိုင်သည်။

အဘိုးအို သုံးယောက်က ကြောင်အမ်းစွာ ရပ်နေပြီး ဘာမှမပြောတော့သည်ကို မြင်ချိန်မှာတော့ ဖန်ကျန်းရီက အင်္ကျီလက်ထဲမှ စာရွက် သုံးရွက်ကို ဖော်ရွေစွာ ထုတ်လိုက်၏။

"လာ လာ လာ။ အကြီးအကဲ သုံးယောက်။ ဒီနေ့ မဲဖောက်ပွဲကို လာတဲ့သူတိုင်း အခွင့်အရေး ရှိတယ်။ ကျုပ်ဆီမှာ မဲလက်မှတ် ရှိသေးတယ်။ အတူတူ လာကစားကြရအောင်။"

ပြောပြီးသည်နှင့် ကျန်းတုန်ရှန်း၏ လက်ကို အတင်းဆွဲယူကာ မဲလက်မှတ်ကို လက်ထဲသို့ ထည့်ပေးလိုက်သည်။ သို့ပေမည့် ဖန်ကျန်းရီက မျက်စိလျင်သောကြောင့် လက်ဝါးထဲရှိ နောက်ထပ် မဲလက်မှတ် တစ်စောင်ကို ချက်ချင်း မြင်လိုက်ရ၏။

ထို့ကြောင့် နောက်ပြောင်လျက် ပြောလိုက်သည်။ "ဪ … အကြီးအကဲ သုံးယောက်ဆီမှာ ရှိပြီးသားကိုး။ အားနာစရာပဲ။"

"…….."

All Chapters