← Chapters

အခန်း (၁၀၉-၁၁၀)

Vol. 7 Ch. 109-110

အခန်း (၁၀၉-၁၁၀)

Vol. 7 Ch. 109-110

အပိုင်း (၁၀၉) အိမ်ရှေ့စံမင်းသား အဖမ်းခံရခြင်း။

လူတိုင်း စောင့်မျှော်နေကြသော မဲဖောက်သည့် အစီအစဉ်က နောက်ဆုံးတော့ စတင်ခဲ့ပြီ ဖြစ်၏။

ဖန်ကျန်းရီသည် အဘိုးအိုတို့ ရပ်ရသည်မှာ ပင်ပန်းမည်စိုးသဖြင့် အထူးထိုင်ခုံအချို့ကိုပင် စီစဉ်ပေးထားခဲ့သေး၏။

လီယန်စုန်နှင့် ကျိန့်ချောင်၏ သဘောထားမှာ မဆိုးလှချေ။ သို့သော်ငြား ကျန်းတုန်ရှန်းကမူ သူ့ကိုမြင်သည်နှင့် အမြဲတမ်း ဒေါသထွက်နေသည့် ပုံစံမျိုး ရှိနေသည်။

ဖန်ကျန်းရီက လုံးဝ ဂရုမစိုက်ချေ။ ရှေးခေတ်လူများမှာ ဤသို့ပင် ဖြစ်သည်။ မိမိကဲ့သို့ တက်ကြွသော လူငယ်တစ်ယောက် က ထိုသူ့ကို သွားရောက်ယှဉ်ပြိုင်နေမည်လား။ လွှတ်ထားပေးရမည်။

မဲဖောက်သည့် သေတ္တာအတွင်း၌ စာရွက်အပိုင်းအစ သောင်းချီကာ ရှိနေပြီး ဇာတ်စင်အောက်ရှိ လူများကလည်း တစ်ပြိုင်နက်တည်း အသံလှိုင်းများကို ဖန်တီးနေကြသည်။

"ရပ်။ ရပ်။ ရပ်။ ..."

အစပိုင်း၌ လူတိုင်းသည် ဤထူးဆန်းသော သေတ္တာအကြည်ကြီးကို အံ့အားသင့်နေခဲ့ကြသော်လည်း ယခုအခါတွင်တေ့ မည်သူကမှ ဂရုမစိုက်ကြတော့ချေ။ လူတိုင်း ပို၍ ဂရုစိုက်နေကြသည်မှာ သေတ္တာထဲမှ မဲလက်မှတ်များကိုသာ ဖြစ်တော့၏။

အစီအစဉ်မှူးက လှည့်နေသော လက်ကိုင်ကို ဖြည်းညင်းစွာ နှေးလိုက်သည်။

မကြာမီမှာပဲ သေတ္တာထဲတွင် လွင့်ပျံနေသော စာရွက်လေးများလည်း ငြိမ်သက်သွားတော့၏။

ထို့နောက် အစီအစဉ်မှူးက ကြိမ်လုံး တစ်လုံးကို ထုတ်ယူပြီး ပရိသတ်ဘက် လှည့်၍ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "တရားမျှတမှု ရှိစေဖို့ ဒီကြိမ်လုံး ရတဲ့သူက ဇာတ်စင်ပေါ် တက်ပြီး မဲနှိုက်ပေးပါ။"

ပြောပြီးသည်နှင့် ကြိမ်လုံးကို လူအုပ်ထဲသို့ ပစ်ချလိုက်၏။

ဇာတ်စင်အောက်တွင် လုယက်မှုများ ဖြစ်ပေါ်လာပြီး မကြာမီမှာပဲ ကံထူးရှင် ပရိသတ် တစ်ယောက်ကို ရွေးချယ်နိုင်ခဲ့ကာ ဇာတ်စင်ပေါ် တက်၍ မဲနှိုက်စေသည်။

အစီအစဉ်မှူးက ထပ်မံ၍ အသံကျယ်ကျယ်ဖြင့် ပြောလိုက်ပြန်၏။ "လာ ….. ကျုပ်တို့ရဲ့ ကံထူးရှင် ပရိသတ်က ခံစားချက် နည်းနည်းလောက် ပြောပြပေးပါ..."

"မြန်မြန် လုပ်စမ်းပါ။"

"စကားများမနေနဲ့။"

"စကားရှည်ရှည်တွေ ပြောနေမယ်ဆိုရင် မင်းကို လမ်းပေါ်မှာ မတွေ့စေနဲ့နော်။"

ဖိနပ်စုတ်များ အပါအဝင် အမှိုက်မျိုးစုံမှာ ဇာတ်စင်ပေါ်သို့ ပျံတက်လာပြီး အခြေအနေက ထိန်းမနိုင် သိမ်းမရ ဖြစ်လုနီးပါး ဖြစ်သွား၏။

အစီအစဉ်မှူးက မဲနှိုက်မည့်သူကို မဲဖောက်သည့် သေတ္တာအနားသို့ တိုက်ရိုက် ဆွဲခေါ်သွားလိုက်သည်။

"မဲဖောက်တာ စပါပြီ။"

ပရိသတ်များ၏ အဆက်မပြတ် တိုက်တွန်းမှုကြောင့် မကြာမီမှာပဲ ပဉ္စမဆု အယောက် ငါးဆယ်ကို မဲဖောက်ပြီးသွားပြီး စတုတ္ထဆုနှင့် တတိယဆုများကို ဆက်တိုက် မံဖောက်ပေးခဲ့၏။

ဒုတိယဆု ရောက်ချိန်တွင် အစီအစဉ်မှူးက စိတ်လှုပ်ရှားမှု ဖန်တီးချင်သေးသော်လည်း ဒေါသထွက်နေသော ပရိသတ်များက ဇာတ်စင်ပေါ်သို့ တက်လာကာ သူ့ကို ရိုက်လုနီးပါး ဖြစ်သွားသည်။ ကံကောင်းထောက်မစွာဖြင့် ကျန်းပြောင်က အချိန်မီ ဝင်ရောက် တားဆီးခဲ့သဖြင့် မတော်တဆမှု မဖြစ်ခဲ့ပေ။

ထိုအချိန်တွင် လီယန်စုန်တို့ သုံးယောက်ကလည်း ဟန်မဆောင်တော့ဘဲ မဲလက်မှတ်ကို ထုတ်ကာ မဲဖောက်သည့် သေတ္တာကို မျှော်လင့်ချက် ကြီးစွာဖြင့် ကြည့်နေကြ၏။

အစီအစဉ်မှူးက ပထမဆုနှင့် ဒုတိယဆုများကို အသံကျယ်ကျယ်ဖြင့် ဖတ်ပြလိုက်ချိန်တွင် ဇာတ်စင်အောက်မှ ကြီးမားသော စိတ်ပျက်အားငယ်သံများ ထွက်ပေါ်လာပြီး ဆဲဆိုသံများ နေရာအနှံ့ ထွက်ပေါ်လာသည်။

လီယန်စုန်နှင့် ကျိန့်ချောင်တို့က မဲလက်မှတ်ကို ငုံ့ကြည့်နေကြသည်။

"ဒီဂဏန်းက ဘယ်လောက်လဲ... အာ အသက်ကြီးပြီ။ မှတ်ဉာဏ်တွေ တကယ် မကောင်းတော့ဘူး။"

"အမတ်ကြီးလီ …. ဒါက ငါး လို့ ဖတ်တယ်။"

"ဪ … ဒါဆို ကျုပ် မပေါက်ဘူး။"

ဘေးမှ ကျန်းတုန်ရှန်းက မျက်လုံးများကို မယုံနိုင်စွာ ပွတ်သပ်လိုက်၏။ "ကျုပ်... ကျုပ် ပေါက်တယ်။ ပထမဆု။"

ဖန်ကျန်းရီက အနားသို့ ကပ်သွားပြီး ကြည့်လိုက်သည်။

"အို။ တကယ်ပဲ ပထမဆု ဖြစ်နေတာကိုး။ ဂုဏ်ပြုပါတယ် အမတ်ကြီးကျန်း။ လာ အခုပဲ ဆု သွားထုတ်လိုက်ရအောင်။"

ကျန်းတုန်ရှန်းက မျက်နှာတည်တည်ဖြင့် ပြောလိုက်၏။ "ရယ်စရာပဲ။ ဒါက အသေးအမွှား ကိစ္စလေးပါ။ ကျုပ်က မင်းလို အကျိုးအမြတ်ကိုပဲ ကြည့်တဲ့သူလား။ ငွေတွေကို လှူလိုက်ပြီ။"

ဖန်ကျန်းရီက လှည့်ကာ ဇာတ်စင်ပေါ်သို့ ခုန်တက်သွား၏။ "ဒီအောက်မှာ ကျုပ်တို့ရဲ့ အများသုံးအိမ်သာ သုံးစွဲသူ ပထမဆု ကံထူးရှင်က ဆုရတဲ့ ခံစားချက်ကို ပြောပြပါမယ်။"

ဖြည်းညင်းစွာ လူစုကွဲစပြုနေသော ပရိသတ်များသည် ထိုစကားကို ကြားချိန်မှာတော့ ဇာတ်စင်ဘက်သို့ ပြန်ကြည့်လိုက်ကြသည်။ မျက်လုံးများတွင် စိတ်ဝင်စားသော အရောင်အဝါများ တောက်ပနေကြသည်။

ကျန်းတုန်ရှန်းသည် ထိုစကားကိုကြားသည်နှင့် ချက်ချင်း ထိတ်လန့်တကြားဖြင့် ဖန်ကျန်းရီကို ကြည့်လိုက်သည်။ ပါးစပ်လှုပ်ရှားမှုအရ အကြီးအကျယ် ဆဲဆိုနေပုံပင်။

အကယ်၍ မိမိသာ တက်သွားမည်ဆိုပါက နောက်နောင်တွင် လူတော မည်သို့ တိုးနိုင်ပါတော့မည်နည်း။ ရုံးတော်တွင်လည်း မည်သို့ ဆက်လက် နေထိုင်ရပါမည်နည်း။

လီယန်စုန်နှင့် ကျိန့်ချောင်တို့၏ မျက်နှာအိုများကလည်း ခရမ်းချဉ်သီးလို တွန့်လိပ်သွားကြသည်။ လူငယ်များက သက်ကြီးရွယ်အိုများကို မလေးစားသည်မှာ ထားလိုက်တော့။ ကိစ္စမရှိပေ။ ယခု ဆိုးရွားလွန်း၏။ အသေအလဲပင် ဒုက္ခပေးနေသေး၏။

လီယန်စုန်က အလျင်အမြန် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွားသည်။ ပြီးနောက် ဖန်ကျန်းရီအား တိုးတိုးလေး အော်ပြောလိုက်၏။ "ရပါပြီ …. မြို့ဝန်ဖန်။ တော်လောက်ပါပြီ။ စကား ကောင်းကောင်း ပြောကြတာပေါ့။"

ဖန်ကျန်းရီက ကျန်းတုန်ရှန်းကို တစ်ချက် ကြည့်လိုက်ရာ သူ၏မျက်နှာအိုမှာ နီရဲနေကြောင်း မြင်လိုက်ရသည်။ ထို့ကြောင့် လှောင်ပြောင်လိုက်သည်။ "ရပါတယ်။ အကုန်လုံးက ကျုပ်ရဲ့ အကြီးအကဲတွေပဲ။ မျက်နှာသာ တော့ ပေးရမှာပေါ့။"

ထို့နောက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "ကောင်းပါပြီ။ ကောင်းပြီ။ အားလုံး လူစုခွဲကြပါတော့။ ဆုရတဲ့သူက ပျော်လွန်းလို့ မူးလဲသွားတယ်။ စကားမပြောနိုင်တော့ပါဘူး။"

"ဟွန့်" ထိုစကားကိုကြားပြီးနောက် ပရိသတ်များက အထင်သေးသော အသံများ ပြုလုပ်ကာ လှည့်၍ ထွက်သွားကြသည်။

"အမတ်ကြီးကျန်း ….. အမတ်ကြီးကျန်း …. သတိထားဦး။" ကျိန့်ချောင်က ကျန်းတုန်ရှန်း၏ နှာခေါင်းအောက်ကို ညှစ်ကာ အဆက်မပြတ် အော်ဟစ်နေသည်။

အမတ်ကြီးကျန်းသည် စောစောက ဖန်ကျန်းရီ၏ စကားကြောင့် အသက်ရှူမှားပြီး တကယ် မူးမေ့သွားခြင်း ဖြစ်၏။

ဖန်ကျန်းရီလည်း ဤအဘိုးကြီး သေသွားမည်ကို စိုးရိမ်သဖြင့် ရင်ပြင်တွင် အသင့်ရှိနေသော သမားတော်ကို အလျင်အမြန် ခေါ်လိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် ကြီးကြီးမားမား မဖြစ်ဘဲ အလျင်အမြန် ပြန်လည် ကယ်တင်နိုင်ခဲ့သည်။

သတိပြန်လည်လာသော ကျန်းတုန်ရှန်းက ဖန်ကျန်းရီကို လက်ညှိုးထိုးကာ အမောတကော ပြောလိုက်၏။ "ငါနဲ့ မင်း... ရန်ငြိုးရန်စ မရှိဘူး... ဘာလို့... ငါ့ကို... ဒုက္ခပေးရတာလဲ။"

"အာ ဟုတ်တယ်။ ဟုတ်တယ်။ ကျုပ် စဉ်းစားတာ လွန်သွားတာပါ။ အခုပဲ တောင်းပန်ပါတယ်။" ပြောပြီးသည်နှင့် ဖန်ကျန်းရီက ရိုသေစွာ ဦးညွှတ်လိုက်၏။

ကျန်းတုန်ရှန်းက ဆက်ပြောချင်သေးသော်လည်း ဤတစ်ချက်တည်းနှင့် စကားများ ပိတ်သွားရပြီး သူ၏လက်ကို စိတ်ပျက်လက်ပျက်ဖြင့် ပြန်ချလိုက်ရသည်။

လီယန်စုန်နှင့် ကျိန့်ချောင်တို့က အချင်းချင်း ကြည့်လိုက်ကြ၏။

ဤဖန်ကျန်းရီဆိုသူမှာ အလွန်ပင် ထူးဆန်းလှသည်။ လုပ်လုပ်ကိုင်ရာတွင် လုပ်ချင်ရာကိုလည်း လုပ်တတ်သေးသည်။

တကယ်တမ်း ဖန်ကျန်းရီ၏ စိတ်ထဲ၌လည်း အခြား မည်သည့်အရာကိုမှ တွေးတောနေခြင်း မရှိပေ။ ထိုအဘိုးကြီးတို့သည် ပါးစပ် အနည်းငယ် ကြမ်းတမ်းသည်မှလွဲ၍ မည်သည့် ရည်ရွယ်ချက်ဆိုးမှ မရှိကြချေ ထို့အပြင် နှလုံးရောဂါရှိနေကြောင်း ကြည့်ရုံဖြင့် သိသာလှသည်။ ယခင်က ညီလာခံ၌လည်း ရင်ဘတ်ကိုအုပ်ကာ အမောတကော ဖြစ်နေခဲ့သည် မဟုတ်ပါလား။

အလွန်အမင်း နောက်ပြောင်မိပါက ကောင်းကင်ဘုံမှ သူ့အား အပြစ်ပေးလိမ့်မည်။

ထို့နောက် ဖန်ကျန်းရီက ပြောလိုက်၏။ "အကြီးအကဲ သုံးယောက် ဒီကို လာတာ ရထားလုံး နဲ့ လာခဲ့လား။ မပါရင် ဒီနေ့ ပွဲလည်း ပြီးသွားပြီဆိုတော့ အကြီးအကဲ သုံးယောက် အိမ်ပြန်ဖို့ ရထားလုံး စီစဉ်ပေးနိုင်ပါတယ်။"

လီယန်စုန်က လက်သီးဆုပ်လိုက်သည်။ "မြို့ဝန်ဖန်ကို ကျေးဇူးတင်ပါတယ်။ ကျုပ်တို့ ယူလာ..."

"သခင်လေး ….. သခင်လေး။ ပြဿနာ အကြီးကြီး တက်ပြီ။"

လီယန်စုန် စကားမဆုံးသေးမီ တစ်စုံတစ်ယောက်က ဖြတ်ပြောလိုက်သည်။ အစောင့်ဝတ်စုံ ဝတ်ဆင်ထားသူ တစ်ယောက်က ဖန်ကျန်းရီဆီသို့ အပြေးအလွှား ရောက်လာ၏။

ဖန်ကျန်းရီက ထိုအခြေအနေကို မြင်ချိန်မှာတော့ ချက်ချင်း စိတ်ပူသွားသည်။ ဤလူက လီယွမ်ကျောက်နှင့် အတူ အပြင်ထွက်သွားသော အစောင့် ဖြစ်သည်။ ထို့ကြောင့် အလျင်အမြန် မေးလိုက်သည်။ "ဘာဖြစ်တာလဲ။ မြန်မြန်ပြော။"

"သခင်လေးလီကို ….. လူတွေ ဖမ်းသွားပြီ။ ပြန်ပေးဆွဲတဲ့သူတွေက သခင်လေးဆီ စကားပါးလိုက်တယ်။ သခင်လေးလီကို ရွေးချင်ရင် သခင်လေး ကိုယ်တိုင် လာရမယ်တဲ့။" အစောင့်က အမောတကော ဖြစ်နေပြီး ပြေးလာသည်မှာ အချိန်အတော်ကြာပြီ ဖြစ်ကြောင်း သိသာလှ၏။

ဖန်ကျန်းရီက ထိုစကားကို ကြားပြီးနောက် တည်ငြိမ်သွားသည်။

ပြန်ပေးဆွဲသူများက စကားပါးလိုက်သည်ဆိုသောကြောင့် ဆွေးနွေး၍ ရသေးသည်ဟု ဆိုလိုသည်။ လီယွမ်ကျောက်အနေဖြင့် ကာလတိုအတွင်းတော့ ပြဿနာ မရှိနိုင်သေးပေ။

အစက ဘုရင်မင်းမြတ်သည် အိမ်ရှေ့စံမင်းသားကို ကာကွယ်ရန် နန်းတွင်းအစောင့်များကို စေလွှတ်ပေးခဲ့သည်။ သို့သော်ငြား လီယွမ်ကျောက်က မြို့တော်အတွင်း၌ မည်သည့်ပြဿနာမှ မရှိနိုင်ဟုဆိုကာ မလိုအပ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့၏။

ထို့အပြင် ကျန်းပြောင် ရှိနေပါက လုံးဝ ပြဿနာ မရှိနိုင်ချေ။

လီယွမ်ကျောက်က နန်းတွင်းအစောင့် အချို့ကို အိမ်တော် အစောင့် ပုံစံ ရုပ်ဖျက်ခိုင်းပြီး ကျန်းပြောင်နှင့် ယှဉ်တိုက်ခိုင်းသည်။ ကျန်းပြောင်က တစ်ချီတည်းနှင့် လူလေးယောက်ကို အမှောက်သိပ်ပစ်လိုက်၏။

ထိုအခါမှသာ ကျင်းဘုရင်လည်း စိတ်ချသွားကာ နန်းတွင်းအစောင့်များကို ပြန်လည်ရုပ်သိမ်းသွားခဲ့ခြင်း ဖြစ်သည်။

ယခုမူ ဒုက္ခရောက်လေပြီ။

ဖန်ကျန်းရီက နောင်တရနေတုန်း ရှိသေးသည်။ အဘိုးအို သုံးယောက်က အလွန်အမင်း ထိတ်လန့်နေကြပြီ ဖြစ်၏။ မြို့တော်ထဲမှာ အိမ်ရှေ့စံမင်းသား ပြန်ပေးဆွဲခံရတာထက် ပိုကြီးသည့် ကိစ္စ မရှိနိုင်ပေ။

လီယန်စုန်က အစောင့်၏လက်မောင်းကို ဆုပ်ကိုင်ကာ ဒေါသတကြီး အော်ဟစ်လိုက်၏။ "မြန်မြန်ပြော …. ဘာဖြစ်တာလဲ။"

အစောင့်က ဖန်ကျန်းရီကို တစ်ချက် ကြည့်လိုက်ရာ ဖန်ကျန်းရီက ခေါင်းညိတ် သဘောတူသည်ကို မြင်သည်။ ထိုမှသာ စတင် ပြောပြသည်။ "သခင်လေးလီက ချေးသယ်တာ ကြည့်ချင်တယ်ဆိုလို့ ကျုပ်တို့ လိုက်သွားပေးတာ..."

"ချေးသယ်တာ။" လီယန်စုန်က မိန်းမစိုးများ၏အသံမျိုးဖြင့် အော်လိုက်၏။

"ဟုတ်ပါတယ်။ ချေးသယ်တာ သွားကြည့်တာ... နောက်ပိုင်း လူတစ်စု ရောက်လာပြီး ကျုပ်တို့က သူတို့ရဲ့ စီးပွားရေးကို လုတယ်လို့ ပြောတယ်။ အဲဒီနောက် စကားများကြပြီး သခင်လေးလီက အဲဒီ ချေးသယ်တဲ့ သူတွေနဲ့ ရန်ဖြစ်ကြတော့တာပဲ။"

"အမတ်ကြီးကျန်း။ အမတ်ကြီးကျန်း။ သတိထားအုံး။" ကျိန့်ချောင်က ကျန်းတုန်ရှန်း၏ နှာခေါင်းအောက်ကို ညှစ်ကာ အဆက်မပြတ် အော်ဟစ်နေပြန်သည်။

အသက်ကြီးပြီဖြစ်သောကြောင့် ဤသို့သော ထိတ်လန့်မှုမျိုးကို တကယ် မခံနိုင်တော့ပေ။ ထပ်မံ မူးမေ့သွားပြန်ပြီ ဖြစ်၏။

"နောက်တော့ရော။"

လီယန်စုန်လည်း အသက်ရှူရ ခက်ခဲလာသလို ခံစားလိုက်ရသည်။ ဤသတင်းမှာ အရမ်း ထိတ်လန့်စရာ ကောင်းလွန်းသဖြင့် လက်ခံနိုင်ရန် ခက်ခဲနေသည်။

"နောက်တော့ သူတို့က လူကြီးမင်းစိုက်ကို ကိုယ်တိုင် လာခိုင်းတယ်။ မဟုတ်ရင် သခင်လေးလီကို ချေးတွင်းထဲ ပစ်ချမယ်။ ပြီးရင် အခြောက်ခံပြီး မြို့ရိုးပေါ်မှာ ချိတ်ထားမယ်တဲ့။"

ချေးဂိုဏ်းမှ လူများပင် ဖြစ်ရပေမည်။ သို့ပေမည့် ဤခြိမ်းခြောက်စကားကို အဘယ်ကြောင့် ဤမျှ ရင်းနှီးနေရသနည်း။ သူ ပြောဖူးသကဲ့သို့ပင်။

ဖန်ကျန်းရီက မေးစေ့ကို ပွတ်ကာ အပြင်းအထန် စဉ်းစားနေ၏။

"ဖန်ကျန်းရီ … အခု ဘယ်လိုလုပ်မလဲ။ သခင်လေးလီ တစ်ခုခု ဖြစ်သွားရင် ငါ မင်းကို ခွင့်မလွှတ်ဘူးနော်။" မူလက သဘောထား ကောင်းမွန်သော လီယန်စုန့်က ငေးမောနေသော ဖန်ကျန်းရီကို ကြည့်ကာ မည်သို့မှ မထိန်းနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။

ဖန်ကျန်းရီက ဖြည်းညင်းစွာ ပြောလိုက်၏။ "ကျန်းပြောင် ….. ပြန်သွားပြီး လူနည်းနည်း ထပ်ရှာခဲ့။ ပစ္စည်းတွေ အစုံအလင်ယူပြီး ငါ့နောက် လိုက်ခဲ့။"

တစ်ဆက်တည်း လီယန်စုန်ကို ပြောလိုက်သည်။ "အမတ်ကြီးလီ စိတ်မပူပါနဲ့။ ဒီလူတွေက ကျုပ်ကို ပစ်မှတ်ထားတာပါ။ စိတ်ချ …. သခင်လေးလီကို ဘေးကင်းကင်းနဲ့ သေချာပေါက် ပြန်ကယ်လာခဲ့ပါ့မယ်။"

အပိုင်း (၁၁၀) အတိတ်က ရန်သူဟောင်း။

ကျန်းပြောင်က အိမ်သို့ အမြန်ပြန်သွားသည်။ ပြန်လာချိန်တွင် ပစ္စည်းများ အပြည့်အစုံ ပါရှိလာသည့်အပြင် အစောင့် ဆယ်ယောက်ကျော်ကိုလည်း ခေါ်လာခဲ့၏။

ဖန်ကျန်းရီက ကျန်းပြောင် ယူလာသော ပစ္စည်းများကို လက်ခံရယူလိုက်သည်။ ပြီးနောက် အမိန့်ပေးလိုက်ရာ လူတစ်အုပ်က သတင်းပို့သော အစောင့်၏ နောက်မှ ကြီးကျယ်ခမ်းနားစွာ လိုက်ပါသွားကြသည်။

အမတ်ကြီး သုံးယောက်က စိုးရိမ်ပူပန်နေသော မျက်နှာများဖြင့် နောက်မှ တွေဝေစွာ လိုက်ပါလာကြ၏။

ဖန်ကျန်းရီမှာ လုံးဝ စိတ်မချရပေ။ အကယ်၍ အိမ်ရှေ့စံမင်းသား ဘေးကင်းစွာ ပြန်ရောက်လာသည်ကို မျက်မြင်ကိုယ်တွေ့ မမြင်ရပါက သူတို့ အိပ်ပျော် စားဝင်နိုင်မည် မဟုတ်ချေ။

ပြန်ပေးဆွဲသူများ ရှိနေသော နေရာမှာ သိပ်မဝေးလှပေ။ ရပ်ကွက်နှစ်ခု ကျော်လွန်သွားလျှင် တွမ်စုန်ရပ်ကွက်သို့ ရောက်ရှိမည် ဖြစ်၏။

အနီးသို့ ရောက်ချိန်တွင် ဖန်ကျန်းရီက အစောင့်များကို လူစုခွဲကာ ပတ်ဝန်းကျင်တွင် စောင့်ကြပ်၍ အချက်ပြမှုကို စောင့်ဆိုင်းရန် အမိန့်ပေးလိုက်သည်။

ဤမျှ လူအများအပြားကို တစ်ဖက်လူအနေဖြင့် မည်သည့်နည်းနှင့်မှ အထဲသို့ ဝင်ခွင့်ပေးမည် မဟုတ်ချေ။

တစ်ချိန်တည်းမှာပဲ အမတ်ကြီး သုံးယောက်ကို အိမ်သို့ အရင်ပြန်ရန် ဖျောင်းဖျခဲ့သော်လည်း သူတို့က ဘယ်လိုမှ သဘောမတူသောကြောင့် အရာအားလုံးကို သူ၏ အစီအစဉ်အတိုင်း လုပ်ဆောင်ရန်နှင့် အိမ်ရှေ့စံမင်းသား၏ အဆင့်အတန်းကို လုံးဝ မဖော်ထုတ်ရန် သတိပေးခဲ့ရ၏။

ချေးဂိုဏ်းအနေဖြင့် မည်မျှ မိုက်ရိုင်းနေပါစေ၊ အိမ်ရှေ့စံမင်းသားကို ပြန်ပေးဆွဲရဲသည့် သတ္တိမျိုးတော့ ရှိမည် မဟုတ်ပေ။ အဆင့်အတန်းအမှန်ကိုသာ သိရှိသွားပါက ခွေးရူးသဖွယ် ရမ်းကားသွားမည်ကို စိုးရိမ်ရသည်။

အမတ်ကြီး သုံးယောက်ကလည်း စိတ်ထဲတွင် သိထားသောကြောင့် အဆက်မပြတ် ခေါင်းညိတ် သဘောတူ လိုက်ကြ၏။

မကြာမီမှာပဲ ဖန်ကျန်းရီ၊ ကျန်းပြောင်နှင့် အမတ်ကြီးသုံးယောက်က အစောင့်များ၏ နောက်မှလိုက်ပါပြီး စွန့်ပစ်ထားသော ဂိုဒေါင်တစ်ခုနှင့် တူသည့် နေရာတစ်ခုသို့ ရောက်ရှိလာသည်။

အစောင့်က တံခါးကို ခေါက်လိုက်၏။

အထဲမှ လူနှစ်ယောက်က မီးတုတ်များကို ကိုင်ကာ သစ်သားတံခါးကို ဖွင့်ပေးသည်။

မှောင်မိုက်နေသော ကောင်းကင်အောက်တွင် ဟောင်းနွမ်းနေသော သစ်သားတံခါးက ဂလောက် ဂလောက် အသံ မြည်လာရာ အလွန် ခြောက်ခြားဖွယ် ကောင်းနေ၏။

တံခါးဖွင့်ပေးသူ နှစ်ယောက်က ဖန်ကျန်းရီတို့ကို မကျေမနပ်ဖြင့် အကဲခတ်ကြည့်လိုက်သည်။ လူငယ် နှစ်ယောက်နှင့် အဘိုးအို သုံးယောက်သာ ဖြစ်ကြောင်း မြင်တော့ မျက်နှာထား အနည်းငယ် ပြေလျော့ သွားသည်။

ဤလူငါးယောက်မှာ မည်သည့်အန္တရာယ်မှ ပေးနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ခြေနှစ်လှမ်း နောက်ဆုတ်ကာ လမ်းဖယ်ပေးလိုက်၏။

ဖန်ကျန်းရီက ဦးဆောင်ပြီး ခြေလှမ်းကျဲကြီးများဖြင့် အထဲသို့ ဝင်သွားသည်။ ကျန်သူများက နောက်မှ လိုက်လာ ကြသည်။

သို့ပေမည့် အထဲသို့ ဝင်လိုက်သည်နှင့် ချက်ချင်း အခြေအနေ မကောင်းကြောင်း သိရှိ ခံစားလိုက်ရ၏။ ဤဂိုဒေါင်သည် အထဲတွင် အနံ့ဆိုးများ အလွန် ပြင်းထန်နေပြီး လူနေသော နေရာနှင့် လုံးဝ မတူပေ။

သူတို့အားလုံးက နှာခေါင်းနှင့် ပါးစပ်ကို အလျင်အမြန် အုပ်လိုက်ပြီး ပတ်ဝန်းကျင်ကို သတိထား၍ အကဲခတ်လိုက်သည်။

အထဲတွင် လူအများအပြား ရှိနေပြီး တော်တော်များများက မီးတုတ်များကို ကိုင်ကာ ဖန်ကျန်းရီတို့ကို ရန်လိုသော အကြည့်များဖြင့် ကြည့်နေကြ၏။

ဂိုဒေါင်၏ အတွင်းဘက်အကျဆုံး နေရာတွင် လူတစ်ယောက်က လက်ကို နောက်ပစ်ကာ မတ်တတ်ရပ်နေပြီး စားပွဲတစ်လုံး ရှေ့တွင် ရပ်နေသည်။ ကြည့်လိုက်သည်နှင့် ခေါင်းဆောင် ဖြစ်ကြောင်း သိသာလှသည်။

လီယွမ်ကျောက်ကို တင်းကျပ်စွာ ကြိုးတုပ်ကာ သူ၏ဘေးရှိ မြေကြီးပေါ်တွင် ပစ်ထားပြီး ပါးစပ်ထဲသို့လည်း အဝတ်စုတ်များ ထိုးထည့်ထား၏။

ဖန်ကျန်းရီ ရောက်လာသည်ကို မြင်သည်နှင့် လီယွမ်ကျောက်က ချက်ချင်း ဝူးဝူးဝါးဝါး အော်ကာ အကူအညီ တောင်းခံနေသည်။

အမတ်ကြီး သုံးယောက်က လီယွမ်ကျောက်ကို မြင်သည်နှင့် ချက်ချင်း စိတ်လှုပ်ရှားသွားကြသည်။ စကားပြောရန် ပြင်လိုက်စဉ်မှာပဲ ဖန်ကျန်းရီက လက်ဆန့်ကာ တားလိုက်၏။

ထို့နောက် ခေါင်းဆောင်ဖြစ်သူကို စူးစိုက်ကြည့်ကာ လေးနက်သောအသံဖြင့် မေးလိုက်သည်။ "ခင်ဗျားက ဘယ်သူလဲ။ ဘာလို့ ကျုပ်လူကို ဖမ်းထားတာလဲ။"

လက်ကို နောက်ပစ်ထားသူက ဖြည်းညင်းစွာ လှည့်လာသည်။ သူ၏ မျက်နှာတစ်ခုလုံး အမာရွတ်များ အပြည့် ရှိနေပြီး နဖူးပေါ်တွင်လည်း လက်တစ်ချောင်းစာခန့် ရှိသော အမာရွတ်ကြီး တစ်ခု ရှိနေကြောင်း မြင်လိုက်ရ၏။

ဖန်ကျန်းရီကို ကြည့်ကာ ကြောက်မက်ဖွယ်ရာကောင်းအောင် ပြုံးလိုက်သည်။

"အရင်တုန်းက မင်းက ငါ့ရဲ့ စီးပွားရေးကို လုခဲ့တယ်။ အခု ထပ်ပြီး လာလုပြန်ပြီ။ ဖန်ကျန်းရီ ….. ငါက မင်းကို အခု လူကြီးမင်းစိုက် လို့ ခေါ်ရမလား၊ ဒါမှမဟုတ် ဂိုဏ်းချုပ်ဖန် လို့ ခေါ်ရမလား။"

"အားနာမနေပါနဲ့။ အဖေ လို့ ခေါ်ရင် ရပါပြီ။"

ဖန်ကျန်းရီက ဤလူကို မြင်သည်နှင့် စိတ်ထဲ ချက်ချင်း သဘောပေါက်သွား၏။

ဤလူမှာ ယခင်က ဟန်ကျန်းပြည်နယ်၏ ချေးဂိုဏ်း ဂိုဏ်းချုပ် ဟွမ်စန်းရုန် ပင် ဖြစ်သည်။ နဖူးပေါ်ရှိ ထိုအမာရွတ်ကြီးမှာ ယခင်က ဖြစ်ပွားခဲ့သော ချေးစစ်ပွဲတွင် ရရှိခဲ့သည့် ဒဏ်ရာပင် ဖြစ်သည်။

အရေးအကြီးဆုံးမှာ ယခင်က ဟန်ကျန်းပြည်နယ်မှ သူတောင်းစားဂိုဏ်း ဆုတ်ခွာစဉ် ဖန်ကျန်းရီသည် ချေးဂိုဏ်းကို ညအချိန် ဝင်ရောက်တိုက်ခိုက်ရန် လူလွှတ်ခဲ့ပြီး ဟွမ်စန်းရုန်ကို မစင်တွင်းထဲ၌ နှစ်လိုက်သေး၏။ ထို့နောက် မြို့တံခါးစောင့်များကို ငွေပေးကာ မြို့ရိုးပေါ်တွင် ချိတ်ဆွဲထားခဲ့ဖူး၏။

လာရာလမ်းတွင် ဖန်ကျန်းရီက ဤကိစ္စကို သတိရသွားခဲ့ပြီး စိတ်ထဲ၌ အကြမ်းဖျင်း အဖြေတစ်ခုကို ရရှိနေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း လူချင်း မတွေ့ရသေးသဖြင့် သေချာစွာ အတည်မပြုနိုင်ခဲ့ရခြင်း ဖြစ်၏။ ဤလူမှာ တကယ့်ကို အရည်အချင်းရှိသူပင်။ မြို့တော်၌ပင်လျှင် ဤမျှ အောင်မြင်အောင် လုပ်ဆောင်နိုင်နေသည် မဟုတ်ပါလား။

ဟွမ်စန်းရုန်က ထိုစကားကို ကြားပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ဖန်ကျန်းရီ … မင်း သေချင်နေတာလား။ ငါ့နေရာကို ရောက်နေတာတောင် ပါးစပ်က ပေါက်လွတ်ပဲစား ပြောနေနိုင်တုန်းပဲ။ မင်း ကိုယ့်ကိုယ်ကိုယ် ဘယ်သူလို့ ထင်နေတာလဲ။"

ဖန်ကျန်းရီက နှာခေါင်းကို ကလော်ရင်းမှ ပြောလိုက်သည်။ "ငါလား …တောက်ယွမ်ခရိုင် မြို့စား၊ စတုတ္ထအဆင့် ချန်ရှီရုံးတော် အကြီးအကဲ၊ သူတောင်းစားဂိုဏ်း ဂိုဏ်းချုပ်၊ တစ်ပိုင်းတစ်စ ကဗျာဆရာ၊ မိစ္ဆာလက် လူသတ်သမား... ဟွမ်စန်းရုန်။ မင်း ဦးနှောက်ထဲ ဝက်ဆီတွေ ဝင်နေတာလား။ မြို့တော်တစ်ခုလုံးမှာ ငါ ဘာလုပ်နေလဲ ဆိုတာ သွားမေး မကြည့်ဘူးလား။ မင်း ငါ့ကို တစ်ချက်လောက် လာထိကြည့်စမ်း။"

မိစ္ဆာလက် လူသတ်သမား ဆိုသည့် စကားလုံး လေးလုံးကို ကြားလိုက်ရချိန်မှာတော့ ထိုနေရာတွင် ရှိနေသူ အားလုံးက ပြိုင်တူ နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားကြပြီး သတိဝီရိယ အပြည့်ဖြစ်လာ၏။

မျက်စိရှေ့က ဤလူငယ်လေးက နာမည်ကြီးနေသည့်...

အမတ်ကြီးသုံးယောက်၏ စိတ်များ ချက်ချင်း ပူပန်သွားကြသည်။

ဤ... ဤဖန်ကျန်းရီက အသက်မရှင်ချင်တော့ဘူးလား။ လူတွေ အများကြီး ဝိုင်းထားသည်ကိုတောင် ဤမျှ မောက်မာနေသေးသည်။ အိမ်ရှေ့စံမင်းသားက တစ်ဖက်လူ၏ လက်ထဲမှာ ရှိနေသေးသည် မဟုတ်ပါလား။

ဟွမ်စန်းရုန်က အေးစက်စက် ရယ်မောလိုက်၏။ "ငါသိတယ်။ သေချာပေါက် သိတာပေါ့... အရင်တုန်းက ရန်ငြိုးကို ငါ သေချာပေါက် ကလဲ့စားချေရမယ်။ ဘယ်လို အဆင့်အတန်းကမှ မင်းကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။ ဒီည မင်းတို့ ဒီတံခါးကနေ အသက်ရှင်လျက် ထွက်သွားနိုင်မယ်လို့ ထင်နေတာလား။"

ပြောပြီးသည်နှင့် လီယွမ်ကျောက်၏ တင်ပါးကို အားကုန် ကန်လိုက်သည်။

"ပြီးတော့ မင်းရဲ့ ဒီအဖော်လေးပါ သေရမယ်။"

ထိုစကားကို ကြားပြီးနောက် လီယွမ်ကျောက်က ချေးတွေ့သွားသော လောက်ကောင် တစ်ကောင်လို ပြင်းထန်စွာ လှုပ်ရှားလာပြီး ပါးစပ်မှ 'ဝူးဝူးဝူး' ဟု အဆက်မပြတ် အော်နေ၏။ ဆဲဆိုနေခြင်း ဖြစ်ကြောင်းတော့ သိသာလှ၏။

ဖန်ကျန်းရီမှာ စိတ်ညစ်သွား၏။ ယခင်က ဟန်ကျန်းမြို့တွင် မိဘမဲ့ကလေး အမြောက်အများကို ကောက်ယူ မွေးစားခဲ့ဖူးသည်။ ချေးဂိုဏ်းသည် သူ့အား ကလေးများကို သဘောကျသည်ဟု ကောလာဟလများ ဖြန့်ခဲ့ကြသည်။

အထူးသဖြင့် ထိုအချိန်က နေ့စဉ်နေ့တိုင်း ရှောင်ထောင်ကို ခေါ်ဆောင်သွားလေ့ရှိ၏။ သူ ဖြေရှင်းချင်လျှင်ပင် ဖြေရှင်း၍ မရနိုင်ခဲ့ချေ။ ဤခွေးမသားသည် သူပြောသည်ကို သူကိုယ်တိုင်ပင် ယုံကြည်သွားပြီလား။

သို့ဆိုလျှင်တောင် ဟွမ်စန်းရုန် လူသတ်ရဲကြောင်းကိုတော့ သူ ယုံကြည်သည်။ ဤလမ်းစဉ်တွင် ကျင်လည်နေသူများမှာ အသက်ကို ဘောင်းဘီခါးပတ်၌ ချိတ်ဆွဲထားကြသူများ ဖြစ်၏။ လူသတ် ပစ္စည်းလုသည့် အလုပ်များကို အများအပြား လုပ်ကိုင်ခဲ့ဖူးမည်မှာ သေချာသည်။ သူကိုယ်တိုင်ကလည်း ဟွမ်စန်းရုန်ကို သေလုမျောပါး ဒုက္ခပေးခဲ့ဖူးသည် မဟုတ်ပါလား။

စတုတ္ထအဆင့် အရာရှိတစ်ယောက် မြို့တော်အတွင်း ပျောက်ဆုံးသွားခြင်းမှာ ကိစ္စကြီးဖြစ်သော်လည်း ကျွမ်းကျင်သူများ အနေဖြင့် မတော်တဆဖြစ်သကဲ့သို့ ဖန်တီးကာ အလောင်းဖျောက်ဖို့ အလွန်လွယ်ကူလှသည်။

ဤခေတ်တွင် နောက်ဆက်တွဲ ရှင်းလင်းရေးများကို သေချာစွာ လုပ်ဆောင်နိုင်ပါက ပြန်လည်ရှာဖွေရန်မှာ အလွန် ခက်ခဲ၏။ သဲလွန်စ အနည်းငယ် တွေ့ရှိလျှင်ပင် ကျပန်း လူတစ်ယောက်ကို အစားထိုး၍ အပြစ်ဒဏ်ခံခိုင်း၍ ရနိုင်သည်။ ထို့ကြောင့် ဟွမ်စန်းရုန်အနေဖြင့် ဤသို့သော အန္တရာယ်မျိုးကို ယူရဲခြင်းအား သူ နားလည်နိုင်၏။

"ဖန်ကျန်းရီ … ဖန်ကျန်းရီ …. မင်း တကယ်ကို နောက်ပြန် လျှောက်နေတာပဲ။ အစောင့် ဆယ်ယောက်ကျော် လောက် ခေါ်လာရုံနဲ့ ဒီကနေ အသက်ရှင်လျက် ထွက်သွားနိုင်မယ်လို့ ထင်နေတာလား။

ဟားဟားဟား …. အဘိုးကြီး သုံးယောက်ကိုပါ ခေါ်လာရလောက်အောင် မိုက်မဲနေသေးတယ်။"

ဟွမ်စန်းရုန်က ဖန်ကျန်းရီကို လှောင်ပြောင်သော မျက်နှာဖြင့် ကြည့်လိုက်သည်။

ဖန်ကျန်းရီက အေးအေးဆေးဆေး ပြောလိုက်၏။ "ငါ့ကို သတ်ဖို့ မလောနဲ့အုံး။ ငါ မင်းကို မိတ်ဆက် ပေးပါရစေ။"

ပြောရင်းဖြင့် ကျန်းပြောင်ကို ဟွမ်စန်းရုန်ဘက်သို့ ခြေလှမ်းအနည်းငယ် တွန်းပို့လိုက်သည်။

"ဒါက ငါ့ရဲ့ ညီဝမ်းကွဲ။ အသက်က ဆယ့်ခုနစ်နှစ်။ အကြမ်းဖက်တာကို ကြောက်တယ်။"

ထို့နောက် လီယန်စုန်တို့ကို လက်ညှိုးထိုးပြလိုက်၏။

"ဒီသုံးယောက်ကတော့ ငါ့ရဲ့ ဦးလေးကြီး၊ ဒုတိယ ဦးလေး၊ တတိယ ဦးလေးတွေပါ။ မင်း ငါ့ကို သတ်ချင်ရင် ကိစ္စမရှိဘူး။ ဒါပေမဲ့ မိသားစုကိုတော့ မထိခိုက်စေနဲ့။ လူဆိုးဆိုရင်တောင် စည်းကမ်းလေးတော့ နည်းနည်း လိုက်နာပါအုံး"

ဟွမ်စန်းရုန်က ကျန်းပြောင်ကို သံသယဖြစ်စွာဖြင့် ကြည့်လိုက်သည်။ "ဒီကောင်က ဆယ့်ခုနစ်နှစ်တဲ့လား။"

"အိမ်က စားဝတ်နေရေး မကောင်းလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရုပ်ရင့်နေတာပါ။ နားလည်ပေးလိုက်ပါ။"

ဟွမ်စန်းရုန်၏ မျက်နှာက နီလိုက် ဖြူလိုက် ဖြစ်သွားသည်။ ပြီးနောက် ဒေါသတကြီး အော်လိုက်၏။ "အချိန်ဆွဲမနေနဲ့တော့။ ဒီနေ့ မင်းတို့ မိသားစု တစ်ခုလုံးကို အဆုံးစီရင်ပေးမယ်။ လူတွေ လာကြ။"

ပြောပြီးသည်နှင့် ဘေးနှစ်ဖက်ရှိ ဂိုဏ်းဝင်များက ချက်ချင်း လူစုခွဲကာ ကြိုတင် ပြင်ဆင်ထားသော ချေးပုံးများကို သယ်ထုတ်လာကြသည်။

ဟွမ်စန်းရုန်က ကြောက်မက်ဖွယ်ကောင်းအောင် ပြုံးလိုက်၏ "ဖန်ကျန်းရီ ….. ဒီလက်ဆောင်ကို မင်းအတွက် ငါ အစောတည်းက ပြင်ဆင်ထားတာ။ ကွက်တိပဲ …. မင်းနဲ့ မင်းရဲ့ မိသားစုတွေ၊ ပြီးတော့ ဒီအဖော်လေးပါ အတူတူ ဖြည်းဖြည်းချင်း ခံစားလိုက်ကြပေါ့။"

အနောက်ရှိ အမတ်ကြီး သုံးယောက်၏ မျက်နှာတွင် သွေးရောင်များ အကုန် ပျောက်ကွယ်သွား၏။ ဘာအဓိပ္ပာယ်နည်း။ သူတို့ကို မစင်ပုံးထဲတွင် နစ်သတ်မည်လား။

ကျန်းတုန်ရှန်းသည် မည်သို့မှ မအောင့်နိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ငါက သူ့ရဲ့ တတိယ ဦးလေး မဟုတ်ဘူး။"

"ဟားဟား …. မင်းရဲ့ တတိယ ဦးလေးက သေရမှာ အရမ်း ကြောက်နေတာပဲ... ဒါဆို သူ့ကို အရင် စလိုက်မယ်။"

"…..."

"နေအုံး … သူ ဘယ်သူလဲ ဆိုတာ မင်း သိလား။" ဖန်ကျန်းရီက လက်ကို ဝှေ့ယမ်းကာ လီယွမ်ကျောက်ကို လက်ညှိုးထိုးပြလိုက်၏။

လူတိုင်း၏ အကြည့်များက လီယွမ်ကျောက်ထံသို့ ပြိုင်တူ ရောက်သွားကြသည်။

ထိုအခွင့်အရေးကို ယူပြီး ကျန်းပြောင်နှင့် ဖန်ကျန်းရီက ရှေ့သို့ ခြေနှစ်လှမ်း ပြိုင်တူ တိုးသွားကြ၏။

All Chapters