အခန်း (၄၉၆-၄၉၈)
Vol. 34 Ch. 496-498
အခန်း (၄၉၆) ယဲ့ဖုန်း ကိုယ်တိုင် ဖန်တီးလိုက်သော အထောက်အကူပြု ကျင့်စဉ် 'အရိပ်နောက်ကောက် လိုက်ခြင်း'
~"ဂိုဏ်းချုပ်ကြီးတွေဆိုတာ လိမ်ပြောလေ့ မရှိပါဘူးဗျာ"
ထိုစကားကို ပြောပြီးနောက် ယဲ့ဖုန်း၏ မျက်နှာမှာ နီမြန်းသွားခဲ့ပြီး... ချောင်းတစ်ချက် ဟန့်ကာ ရှေးဟောင်း သိုင်းကျမ်းများ အားလုံးကို လိပ်သိမ်းလိုက်ပြီး "ဝှစ်" ဟူသော အသံနှင့်အတူ ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်း ကို အသုံးပြု၍ ချက်ချင်း ပျောက်ကွယ်သွားခဲ့လေတော့၏။
လုပ်ကြံသတ်ဖြတ်သူများ ခန်းမဆောင် အတွင်းဝယ်...
ခန်းမဆောင်သခင် နှင့် လုပ်ကြံသတ်ဖြတ်သူ အများအပြားမှာ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီး... သူတို့၏ နဖူးပေါ်မှ ချွေးသီးချွေးပေါက်များကို အလျင်အမြန် သုတ်သင်လိုက်ကြ၏။
ခုလေးတင်... ယဲ့ဖုန်းက သူတို့ကို လာရောက် ပြဿနာရှာသည်ဟု အားလုံးက တကယ်ကြီး ထင်မှတ်ထားခဲ့ကြသည် မဟုတ်ပါလား။
ယဲ့ဖုန်း၏ လက်ရှိ စွမ်းအားများဖြင့် ဆိုပါက... ခန်းမဆောင် အတွင်းရှိ လုပ်ကြံသတ်ဖြတ်သူများ အားလုံး ပေါင်းပြီး တိုက်ခိုက်လျှင်တောင်မှ သူ၏ ဆံခြည်တစ်မျှင်လေးကိုပင် ဖြတ်တောက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။
"နောက်ဆုံးတော့... အဲဒီ မဟာတန်ခိုးရှင်ကြီးကို အေးအေးဆေးဆေး ပြန်လွှတ်လိုက်နိုင်ပြီပဲ... ကြောက်လွန်းလို့ သေတော့မလို့.."
လုပ်ကြံသတ်ဖြတ်သူများ ခန်းမဆောင်သခင် မှာ သူ၏ ထိုင်ခုံပေါ်သို့ အရုပ်ကြိုးပြတ် ထိုင်ချသွားပြီးနောက်... လုပ်ကြံသတ်ဖြတ်သူများ ဘက်သို့ လှည့်ကာ သူ၏ ပေါင်ကို ရိုက်လျက် ရုတ်တရက် အော်ဟစ်လိုက်သည်။
"အားလုံး နားထောင်ကြစမ်း... ဒီနေ့ကစပြီး ဘယ်သူပဲ ဖြစ်ဖြစ် မြူခိုးဂိုဏ်း က လူတွေကို လုပ်ကြံဖို့ တာဝန် လာပေးတယ်ဆိုရင်... အဲဒီ တာဝန်လာပေးတဲ့ ကောင်ကို အရင်ဆုံး ကြိုးတုပ်ထားလိုက်ကြ.."
"ဟုတ်ကဲ့ပါ.."
လုပ်ကြံသတ်ဖြတ်သူများ အားလုံးမှာ ဆောင်းရာသီ ရောက်နေသော ပုစဉ်းရင်ကွဲများအလား အသံတိတ်သွားကြပြီး ခေါင်းတရစပ် ညိတ်လိုက်ကြ၏။
*
မြူခိုးဂိုဏ်း။
ယဲ့ဖုန်းသည် နေရာရွှေ့ပြောင်းခြင်း ဖြင့် ပြန်လည် ရောက်ရှိလာခဲ့တော့သည်။
သူသည် မြူခိုးတောင်ထိပ် ပေါ်တွင် ထိုင်လျက်... ဂုဏ်သတင်း တန်ဖိုး များကို အသုံးပြုမည့် အခြေအနေသို့ ဝင်ရောက်သွားလေတော့၏။
ဂုဏ်သတင်း တန်ဖိုး (၁၀၀) နုတ်ယူပါသည်။
ဂုဏ်သတင်း တန်ဖိုး (၃၀၀) နုတ်ယူပါသည်။
ဂုဏ်သတင်း တန်ဖိုး (၁၀,၀၀၀) နုတ်ယူပါသည်။
...
တစ်နာရီမျှ အချိန်တိုလေး အတွင်းမှာပင်... ယဲ့ဖုန်းသည် ဂုဏ်သတင်း တန်ဖိုး ခြောက်သောင်းတိတိ ကို အသုံးပြုလိုက်ပြီး နောက်ဆုံးတွင်တော့ လုပ်ကြံသတ်ဖြတ်ရေး နည်းစနစ် တစ်ရာကျော်ကို ပြီးပြည့်စုံသော အဆင့် အထိ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်သွားခဲ့တော့၏။
“အရိပ်နောက်ကောက် လိုက်ခြင်း” ဟု အမည်ရသော အထောက်အကူပြု ကျင့်စဉ် ကိုပင် ယဲ့ဖုန်းသည် ၎င်း၏ အမြင့်ဆုံး အဆင့်အထိ တတ်မြောက်သွားခဲ့သည်။
"အရိပ်နောက်ကောက် လိုက်ခြင်း..."
"အောင်မြင်စွာ ကျင့်ကြံနိုင်ပါက... ကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအား များနှင့် အစစ်အမှန်ယွမ်များကို အမည်းရောင် အဖြစ်သို့ ပြောင်းလဲသွားစေနိုင်ပြီး... ကျင့်ကြံသူ၏ အရှိန်အဝါကို မှေးမှိန်သွားစေကာ လှုပ်ရှားမှုများကို ဖမ်းဆုပ်ရ ခက်ခဲစေပြီး သတိထားမိရန် အလွန် ခက်ခဲသွားစေနိုင်သည့် အထောက်အကူပြု ကျင့်စဉ် တစ်ခု"
"ထို့အပြင်... ရုပ်ဖျက်ခြင်း နှင့် လုပ်ကြံသတ်ဖြတ်ခြင်း တို့တွင် အလွန် ကျွမ်းကျင်သွားစေပါသည်"
"ဒီကျင့်စဉ်က တော်တော်လေး ကောင်းတာပဲ.."
ဤနည်းစနစ်များ နှင့် အထောက်အကူပြု ကျင့်စဉ်များကို ကျွမ်းကျင်စွာ တတ်မြောက်ပြီးနောက်... ယဲ့ဖုန်းသည် ရှေးဟောင်း သိုင်းကျမ်းများကို ကျီဇီလင်း ထံသို့ လွှဲပြောင်းပေးလိုက်ပြီး လော့ရှား မြို့တော် သို့ ပြန်လည် ထွက်ခွာလာခဲ့သည်။
သူသည် ရေကန်ဘေးတွင် ထိုင်လျက်... ခုလေးတင် သင်ယူ တတ်မြောက်ထားသော လုပ်ကြံသတ်ဖြတ်ရေး နည်းစနစ် တစ်ရာကျော်ကို စိတ်ထဲတွင် ပြန်လည် စဉ်းစား သုံးသပ်နေ၏။
ဟေးလော့ရှား အဖွဲ့ဝင်များ အဆင်ပြေစေရန်အတွက်... ကုန်းချင်းချိုး သည် ရှီလေ့ ကို စေခိုင်းကာ မြူခိုးဂိုဏ်း ၏ ဝိညာဉ်အိုင် နှင့် ချိတ်ဆက်မည့် တူးမြောင်းတစ်ခုကို တူးဖော်စေခဲ့သည်။ ထို့နောက်၊ ဝိညာဉ်စမ်း မှ ရေများကို အမြောက်အမြား သွယ်တန်း ယူဆောင်လာခဲ့သည်။
ထို့ကြောင့် ရေကန်ဘေးရှိ ဝိညာဉ်စွမ်းအင်များမှာလည်း အလွန်အမင်း သိပ်သည်း ကြွယ်ဝနေသည်။
"မြို့စားမင်း ဘာလုပ်နေတာလဲဟင်"
ဟေးလော့ရှား အဖွဲ့ဝင်များမှာ လေးလံသော ဝန်များကို ထမ်းပိုးလျက် ရေကန်ကို ပတ်ကာ ပြေးလွှား လေ့ကျင့်နေကြ၏။ ရေကန်ဘေးတွင် ထိုင်နေသော ယဲ့ဖုန်းကို မြင်လိုက်ရသည့်အခါ သူတို့ အားလုံး စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာကြသည်။
"မသိဘူးလေ..."
"ရှုခင်း ထိုင်ကြည့်နေတာ နေမှာပေါ့.."
မိန်းကလေးများ အားလုံးမှာ ဇဝေဇဝါ ဖြစ်နေကြ၏။
ရုတ်တရက်... ယဲ့ဖုန်း၏ ကိုယ်ပေါ်မှနေ၍ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံခြင်း အရှိန်အဝါ တစ်ခု ပေါက်ကွဲထွက်လာခဲ့ပြီး ရေကန် တစ်ခုလုံးကို ပြင်းထန်စွာ တုန်လှုပ်သွားစေခဲ့သည်။
ဟေးလော့ရှား အဖွဲ့ဝင်များ အားလုံးမှာ ယဲ့ဖုန်းကို အာရုံစူးစိုက်စွာ စိုက်ကြည့်လိုက်ကြရာ... သူ၏ အရှိန်အဝါများမှာ သာမန် အခြေအနေမှနေ၍ ခန့်မှန်းရခက်လောက်အောင် နက်နဲသိမ်မွေ့သွားပြီး... နတ်ဘုရား တစ်ပါး အလား ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရသည်။
တစ်ချက် လှမ်းကြည့်လိုက်ရုံဖြင့်ပင် အသက်ရှူ ကျပ်သွားစေလောက်အောင် ဖိနှိပ်မှု ရှိလှ၏။
"မူလချီ အခြေအနေကို ဝင်ရောက်ရတာ... ကျင့်ကြံခြင်း စွမ်းအားတွေ တစ်ကိုယ်လုံး ပြည့်နှက်နေတဲ့ ခံစားချက်က တကယ်ကို သက်တောင့်သက်သာ ရှိလွန်းတယ်"
ယဲ့ဖုန်းသည် တကိုယ်တည်း ထုတ်ဖော် ပြောဆိုလိုက်သည်။
သို့သော် သူ၏ အသံမှာ ကျင့်ကြံခြင်း စွမ်းအင်လှိုင်းများ၏ ဖုံးလွှမ်းမှုကို ခံလိုက်ရသဖြင့်... အခြား မည်သူမျှ မကြားလိုက်ရချေ။
ထိုအခိုက်အတန့်တွင် သူ ထုတ်ဖော်ပြသထားသော ကျင့်ကြံခြင်းအဆင့် မှာ သတ္တမအလွှာ မူလနတ်ဘုရားအဆင့် သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူသည် လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ... အမည်းရောင် အလင်းတန်း ဓားသွား ဒါဇင်ပေါင်းများစွာမှာ ရေကန်ပေါ်တွင် ကခုန်သွားကြပြီး... မျက်စိတစ်မှိတ် အတွင်းမှာပင် ပေါင်းစပ်သွားကာ သေမင်းတမန် ပန်းပွင့်ကြီး တစ်ပွင့် အဖြစ် ပြောင်းလဲသွားခဲ့၏။
"တတိယအဆင့် လုပ်ကြံသတ်ဖြတ်ရေး နည်းစနစ် 'ကြာမည်း ဖျက်ဆီးခြင်း'... မဆိုးဘူးပဲ"
၎င်းမှာ အဆင့်နိမ့် နည်းစနစ် တစ်ခုမျှသာ ဖြစ်သော်ငြား... သတ္တမအလွှာ မူလနတ်ဘုရားအဆင့် တွင် ရှိသော ယဲ့ဖုန်း၏ အသုံးပြုမှုအောက်တွင်မူ... တောင်များကို ရွှေ့ပြောင်းနိုင်ပြီး ပင်လယ်များကို ဖုံးလွှမ်းနိုင်လောက်အောင် ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်နေသည်။
"တကယ့်ကို ကြောက်စရာကောင်းတဲ့ နည်းစနစ်ကြီးပါလား.."
ဟေးလော့ရှား အဖွဲ့ဝင်များမှာ အလွန်အမင်း အံ့အားသင့်သွားပြီး အသက်ရှူပင် မှားသွားကြ၏။
သူတို့သည် ယဲ့ဖုန်း၏ ကျင့်ကြံခြင်းအဆင့် ကို ထိုးထွင်း မမြင်နိုင်ကြသော်ငြား... သူ၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် အရှိန်အဝါများကိုတော့ ရှင်းလင်းစွာ ခံစားသိရှိနေကြသည် မဟုတ်ပါလား။
"ဒါက သာမန် မန္တန် တစ်ခုပါပဲ... ဂိုဏ်းချုပ် ရဲ့ စွမ်းအားက အစွမ်းထက်လွန်းနေလို့ ဒီလို ဖြစ်နေတာပါ"
ကုန်းချင်းချိုး သည် ရေကန်ဘေးတွင် ပေါ်လာပြီး ထို ဟေးလော့ရှား အဖွဲ့ဝင်များကို ရှင်းပြလိုက်သည်။
"မင်းတို့ ခုလေးတင် မြင်လိုက်ရတာက တတိယအဆင့် မန္တန် ပဲ... ပုံမှန်အားဖြင့် ချီကျင့်ကြံခြင်းအဆင့် အထွတ်အထိပ် က ကျင့်ကြံသူတွေ အသုံးပြုဖို့ သင့်တော်ပါတယ်"
"ဒုတိယ မြို့စားမင်းကို ဂါရဝပြုပါတယ်ရှင်"
လူတိုင်းသည် သူတို့၏ ဓားများကို ကိုင်ဆောင်လျက် ရိုသေစွာ ဦးညွှတ် နှုတ်ဆက်လိုက်ကြ၏။
ရေကန်ဘေးတွင်...
ယဲ့ဖုန်းသည် လုပ်ကြံသတ်ဖြတ်ရေး နည်းစနစ် ဒါဇင်ပေါင်းများစွာကို ဆက်တိုက် ထုတ်ဖော် ပြသနေသည်။
ရေကန် မျက်နှာပြင်ပေါ်တွင်... တစ်ခါတစ်ရံ အမည်းရောင် မြူခိုးများ ဖုံးလွှမ်းသွားတတ်၏။ တစ်ခါတစ်ရံ လျှို့ဝှက်ဆန်းကြယ်သော အရိပ်အမည်းများ လျှောက်လှမ်းနေတတ်ကာ၊ တစ်ခါတစ်ရံတွင်မူ ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းများ ဖြတ်သန်းသွားတတ်သည်။
ဤအရာများ အားလုံးမှာ လုပ်ကြံသတ်ဖြတ်ရေး နည်းစနစ်များချည်းသာ ဖြစ်ကြ၏။
သူတို့၏ လှုပ်ရှားမှုများမှာ ခန့်မှန်းရ ခက်ခဲပြီး အရှိန်အဝါများကိုလည်း လုံးဝ ဖုံးကွယ်ထားနိုင်စွမ်း ရှိသည်။
ခဏအကြာတွင် ယဲ့ဖုန်းသည် နည်းစနစ်များ ထုတ်ဖော်ပြသခြင်းကို ရပ်တန့်လိုက်သည်။
ဤ နည်းစနစ် တစ်ရာကျော် အတွက်... သူ ပြောချင်သည်မှာ စကားလုံး နှစ်လုံးတည်းသာ ရှိ၏။
အမှိုက်တွေ..။
ရိုးရိုးသားသား ပြောရလျှင်... ဤမန္တန်များမှာ အပေါ်ယံ ကြည့်ကောင်းသော်ငြား တကယ်တမ်းတွင်မူ ထင်သလောက် နက်နဲသိမ်မွေ့မှု မရှိလှပေ။
ဒါတွေကို သူ.. ပြုပြင်မွမ်းမံရန် ဆုံးဖြတ်လိုက်သည်။
သူသည် လေဓာတ် ဝိညာဉ်စွမ်းအင် တစ်မျှင် ကို အသုံးပြုလိုက်၏။
သူ၏ စိတ်အာရုံအတွင်း၌... မန္တန် တစ်ရာကျော်၏ မတူညီသော သွေးကြော လမ်းကြောင်းများ စတင် ပေါ်ထွက်လာခဲ့သည်။
လေဓာတ် ဝိညာဉ်စွမ်းအင် ၏ တွက်ချက်မှုအောက်တွင်... မလိုအပ်သော လမ်းကြောင်းများ အားလုံးကို ဖယ်ရှားပစ်လိုက်ပြီး အဓိက သွေးကြော လမ်းကြောင်းများကိုသာ ချန်ထားခဲ့၏။
"မလုံလောက်သေးဘူး.."
ယဲ့ဖုန်းသည် ထို အဓိက သွေးကြော လမ်းကြောင်းများမှာ အနည်းငယ် ရှုပ်ထွေးနေသေးကြောင်း တွေ့ရှိလိုက်ရသည်။
သူသည် လေဓာတ် ဝိညာဉ်စွမ်းအင် ကို ထပ်မံ အသုံးပြု၍ ဒုတိယအကြိမ် တွက်ချက်မှု ကို ပြုလုပ်လိုက်ပြန်၏။
သို့တိုင်အောင် မလုံလောက်သေးချေ။
အသစ် တွက်ချက် ရရှိလာသော လျှို့ဝှက်နည်းစနစ် ၏ သွေးကြော စီးဆင်းမှုမှာ ကျင့်ကြံရန်အတွက် အဆင်မပြေသေးပေ။
သူသည် လေဓာတ် ဝိညာဉ်စွမ်းအင် များကို အဆက်မပြတ် အသုံးပြုနေလေတော့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ညအမှောင်ထု လွှမ်းခြုံလာခဲ့တော့၏။
ယဲ့ဖုန်းသည် လေဓာတ် ဝိညာဉ်စွမ်းအင် အမျှင် သုံးဆယ်တိတိ ကို အသုံးပြုလိုက်ရပြီးနောက်... နောက်ဆုံးတွင် အပြစ်အနာအဆာ ကင်းမဲ့သော လျှို့ဝှက်နည်းစနစ် တစ်ခုကို အောင်မြင်စွာ တွက်ချက် ဖန်တီးနိုင်ခဲ့လေတော့၏။
ဤ လျှို့ဝှက်နည်းစနစ် တွင် အမည် မရှိသေးပေ။
သို့သော် ၎င်း၏ အဆင့်မှာ အလွန် မြင့်မားကြောင်းကိုမူ ယဲ့ဖုန်း ကောင်းစွာ သိရှိထားသည်။
နတ်ဘုရားစွမ်းရည် တစ်ခု မဟုတ်သော်ငြား... လုပ်ကြံသတ်ဖြတ်ရေး နည်းစနစ် တစ်ရာကျော်၏ အနှစ်သာရများကို ပေါင်းစပ်ထားပြီး အကြိမ်ကြိမ် အဆင့်မြှင့်တင်ထားသော အစွမ်းထက် မန္တန်တစ်ခု ဖြစ်သည်မှာ အသေအချာပင်။
ဤ လျှို့ဝှက်နည်းစနစ် ကို လုပ်ကြံသတ်ဖြတ်ခြင်း အတွက် သီးသန့် ဖန်တီးထားခြင်း ဖြစ်၏။
တစ်ကြိမ် ထုတ်ဖော်လိုက်သည်နှင့်... အရှိန်အဝါကို ဖုံးကွယ်ခြင်း၊ ကိုယ်ရိပ်ဖျောက်ခြင်း၊ ကာကွယ်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း နှင့် ပုံရိပ်ယောင် ဖန်တီးခြင်း အစရှိသည့် လုပ်ဆောင်ချက် မျိုးစုံကို တစ်ပြိုင်နက်တည်း ပိုင်ဆိုင်ထားသည်။
ဒါက... ဘက်စုံသုံး လျှို့ဝှက်နည်းစနစ် တစ်ခုပဲ..
"ဒီ လျှို့ဝှက်နည်းစနစ် ကို ဘယ်လို နာမည်ပေးရမလဲ"
ယဲ့ဖုန်းသည် နက်နက်နဲနဲ စဉ်းစားခန်း ဝင်သွား၏။
သူသည် နောက်သို့ လှည့်ကာ ပန်းထိုး ဓားပျံ ကို ကိုင်ဆောင်ထားသော ဖရဲစေ့ပုံစံ မျက်နှာလေးနှင့် မိန်းကလေးငယ်လေး ကို ကြည့်လိုက်ပြီး -
"မင်းနာမည်က မျောင်ကျင်း လား" ဟု မေးလိုက်သည်။
"မြို့စားမင်း က ကျွန်မနာမည်ကို သိတယ် ဟုတ်လား"
မျောင်ကျင်း မှာ အံ့အားသင့်သွားပြီး အနည်းငယ် ဝမ်းသာသွားခဲ့၏။
'ငါ့ဆီမှာ ထိုးထွင်းသိမြင်ခြင်း မျက်လုံး ရှိနေတာလေ... မင်း ဘယ်သူလဲ ဆိုတာ ဒါပေါ့ သိတာပေါ့'
ယဲ့ဖုန်းက စိတ်ထဲမှ တီးတိုး ပြန် ပြောလိုက်မိသည်။
"ငါ့ဆီမှာ လျှို့ဝှက်နည်းစနစ် တစ်ခု ရှိတယ်... မင်း သင်ယူကြည့်နိုင်မလား"
ယဲ့ဖုန်းသည် မျောင်ကျင်း ကို အကဲခတ် ကြည့်လိုက်ပြီး ဆိုလိုက်သည်။
"မင်းက အသက် ဆယ့်ရှစ်နှစ်ပဲ ရှိသေးတယ်၊ အလယ်အလတ်အဆင့် ပါရမီ ရှိပြီး... ချီကျင့်ကြံခြင်းအဆင့် သတ္တမအလွှာ ကို ရောက်နေတယ်။ မင်းရဲ့ နားလည်နိုင်စွမ်း ကလည်း မဆိုးလောက်ဘူးလို့ ထင်တယ်"
"ကျွန်မ ကြိုးစားကြည့်ချင်ပါတယ်" မျောင်ကျင်း က ပြတ်သားစွာ ဖြေလိုက်၏။
"ဒါဆိုရင်လည်း စမ်းကြည့်ကြတာပေါ့.."
ယဲ့ဖုန်းသည် လက်ကို ဆန့်ထုတ်ကာ မျောင်ကျင်း ၏ နဖူးကို အသာအယာ ထိတွေ့လိုက်ပြီး... အသစ် တွက်ချက် ဖန်တီးထားသော ဘက်စုံသုံး လျှို့ဝှက်နည်းစနစ် ၏ ပထမအဆင့် ကို သူမထံသို့ တိုက်ရိုက် လွှဲပြောင်းပေးလိုက်သည်။
နောက်တစ်စက္ကန့်တွင်...
သတင်းအချက်အလက် လှိုင်းလုံးကြီး တစ်ခုမှာ မျောင်ကျင်း၏ စိတ်အာရုံအတွင်းသို့ အဟုန်ပြင်းစွာ ဝင်ရောက်လာပြီး... မျောင်ကျင်း ၏ မှတ်ဉာဏ်များကို လျှံကျမတတ် ပြည့်နှက်သွားစေခဲ့သည်။
သူမ၏ မျက်လုံးများမှာ လွတ်ဟာသွားခဲ့တော့၏။
အကြောင်းမူကား... ထို လျှို့ဝှက်နည်းစနစ် မှာ အလွန်တရာ နက်နဲသိမ်မွေ့လွန်းနေသောကြောင့်ပင်..
ယဲ့ဖုန်း ကိုယ်တိုင် "တိုက်ရိုက် အသိပညာ လွှဲပြောင်းပေးခြင်း" နည်းလမ်းဖြင့် သင်ကြားပေးနေသော်ငြား... သူမအနေဖြင့် အချိန်တိုတို အတွင်း အပြည့်အဝ နားလည် သဘောပေါက်ရန် အလွန် ခက်ခဲနေဆဲပင် ဖြစ်သည်။
"ဒီ လျှို့ဝှက်နည်းစနစ် ကို 'အရိပ်လုပ်ကြံခြင်း' လို့ နာမည်ပေးလိုက်မယ်။ အဆင့် ကိုးဆင့် ပါဝင်ပြီး... နဝမအဆင့် အထွတ်အထိပ် အထိ အောင်မြင်အောင် ကျင့်ကြံနိုင်မယ် ဆိုရင်... နဝမအဆင့် မန္တန် တစ်ခုကို အပြည့်အဝ တတ်မြောက်သွားတာနဲ့ ညီမျှတယ်"
ယဲ့ဖုန်းက ရှင်းပြလိုက်သည်။
သူသည် မျောင်ကျင်း အား နားမလည်သည်များ ရှိမရှိ မေးမြန်းပြီး... ရှိပါက နေရာတွင်ပင် ချက်ချင်း ရှင်းပြပေး၏။
တစ်ခါတစ်ရံတွင်... သူမ၏ ကိုယ်ပေါ်ရှိ အရေးကြီးသော သွေးကြော အမှတ်များကို ထောက်ပြကာ လမ်းညွှန် သင်ကြားပေးသည်။
ညဥ့်နက်ချိန်ဝယ်...
မျောင်ကျင်း သည် အသက်ကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။
ထိုအခိုက်အတန့်တွင် သူမ၏ တစ်ကိုယ်လုံးမှာ ချွေးများဖြင့် ရွှဲနစ်နေတော့၏။
ယဲ့ဖုန်း ကိုယ်တိုင် အနီးကပ် လမ်းညွှန် သင်ကြားပေးနေသည့်တိုင်... သူမသည် "အရိပ်လုပ်ကြံခြင်း" ကို တတိယအဆင့် အထွတ်အထိပ် သို့သာ အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့သည်။
"စမ်းကြည့်ပါ.."
မျောင်ကျင်း သည် အဟန့်အတား တစ်ခုနှင့် ရင်ဆိုင်နေရပြီး... သူ လမ်းညွှန်ပေးလျှင်ပင် လောလောဆယ် ဆက်လက် တိုးတက်နိုင်မည် မဟုတ်ကြောင်း ယဲ့ဖုန်း ကောင်းစွာ သိရှိထားသည်။
"ဟုတ်ကဲ့ပါ"
မျောင်ကျင်း သည် လက်ချောင်းများကို ဓားပုံစံ ဖော်လိုက်သည်နှင့် တစ်ပြိုင်နက်... ဆံထိုး အဖြစ် ရုပ်ဖျက်ထားသော ပန်းထိုး ဓားပျံ မှာ သူမ၏ ဆံပင်များ ကြားမှ ချက်ချင်း ပျံသန်း ထွက်လာပြီး လေထဲတွင် ဝဲပျံနေလေတော့၏။
"အရိပ်လုပ်ကြံခြင်း.."
မျောင်ကျင်း သည် လေးနက်သော လေသံဖြင့် မန္တန် ကို ရုတ်တရက် ရွတ်ဆိုလိုက်သည်။
သူမ၏ တစ်ကိုယ်လုံးမှာ ထူးဆန်းသော မြူခိုးများဖြင့် လွှမ်းခြုံသွားပြီး... ညအမှောင်ထုထဲသို့ လုံးဝ ပျောက်ကွယ်သွားစေ၏။... ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ရှိသူများပင်လျှင် သူမ၏ တည်ရှိမှုကို အာရုံခံမိရန် အလွန် ခက်ခဲသွားစေခဲ့၏။
“ဝှစ်..”
သူမသည် လေထဲတွင် နေရာရွှေ့ပြောင်းလိုက်ပြီး... ရေကန်၏ အလယ်ဗဟို တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
သူမ၏ လက်ဟန် ပြုလုပ်ချက်အရ... လေထဲတွင် ဝဲပျံနေသော ပန်းထိုး ဓားပျံ မှာ အလွန် လျင်မြန်သော အရှိန်နှုန်းဖြင့် ချက်ချင်း ပစ်ထွက်သွား၏။... အမည်းရောင် မြူခိုးများနှင့် ပေါင်းစပ်ကာ လေထဲတွင် တစ်ပတ် လှည့်ပတ်ပြီးနောက် သူမ၏ အရှေ့သို့ ပြန်လည် ရောက်ရှိလာခဲ့၏။
ကုန်းချင်းချိုး မှာ အနီးအနားတွင် ရှိနေသည်။
သူမသည် ဤမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရ၏။
"တကယ့်ကို ထူးဆန်းတဲ့ ဓားသိုင်းပဲ... ကိုယ့်ရဲ့ အရှိန်အဝါကို ပြီးပြည့်စုံအောင် ဖုံးကွယ်ထားနိုင်ရုံသာမက... ညအမှောင်ထုကို အကာအကွယ် အဖြစ် အသုံးချနိုင်သေးတယ်။ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် က သာမန် ကျင့်ကြံသူ တစ်ယောက်ဆိုရင်တောင်... သတိမထားမိဘဲ လုပ်ကြံခံလိုက်ရနိုင်တယ်"
ကုန်းချင်းချိုး က လေးနက်စွာ မှတ်ချက်ချလိုက်သည်။
ဤ လျှို့ဝှက်နည်းစနစ် ၏ အစွမ်းထက်မှုအပေါ် သူမ အမှန်တကယ်ပင် အံ့အားသင့်သွားခဲ့ရလေတော့၏။
အခန်း (၄၉၇) မီးခိုးရောင်နွယ်ပင် နတ်သမီး ၏ ကိုယ်ပွား စတင် လှုပ်ရှားခြင်း၊ တတိယမင်းသား ရောက်ရှိလာခြင်း
~"မြို့စားမင်း... ကျွန်မ အောင်မြင်သွားပြီ.."
မျောင်ကျင်း သည် ဖြူဖွေးသွယ်လျသော လက်ချောင်းလေး နှစ်ချောင်းဖြင့် ပန်းထိုး ဓားပျံ ကို ညှပ်ကိုင်လိုက်ပြီးနောက်... ညအမှောင်ထုထဲတွင် အမည်းရောင် မြူခိုးများအဖြစ် လုံးဝ ပျောက်ကွယ်သွားခဲ့၏။
နောက်တစ်စက္ကန့်တွင်တော့ သူမသည် ယဲ့ဖုန်း၏ အရှေ့၌ ရုတ်တရက် ပေါ်ထွက်လာပြီး ဒူးတစ်ဖက် ထောက်ကာ အရိုအသေပြုလိုက်သည်။
သူမ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ အပြည့်အဝ ထင်ဟပ်နေ၏။
"အရိပ်လုပ်ကြံခြင်း" ဟု အမည်ရသော ဤလျှို့ဝှက်နည်းစနစ် က တကယ်ကို အစွမ်းထက်လွန်းလှပေသည်..။
လုပ်ကြံသတ်ဖြတ်ရေး မန္တန်များ အားလုံးထဲတွင်... ၎င်းသည် အစွမ်းအထက်ဆုံး ဖြစ်ကြောင်းကို မျောင်ကျင်း အပြည့်အဝ လက်ခံယုံကြည်သွားခဲ့တော့၏။
"ကောင်းတယ်.."
ယဲ့ဖုန်းသည်လည်း သူမကို ချီးကျူးလိုက်ရင်း ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ နှမြောစရာ ကောင်းတာက... 'အရိပ်လုပ်ကြံခြင်း' က အဆင့် ကိုးဆင့် ပါဝင်ပြီး မင်းက တတိယအဆင့် အထွတ်အထိပ် ကိုပဲ ရောက်သေးတာ။ အဲဒါတောင် ငါ ကိုယ်တိုင် တိုက်ရိုက် လမ်းညွှန် သင်ကြားပေးခဲ့တာကိုနော်"
"ကျွန်မ သင်ယူနိုင်စွမ်း နှေးကွေးလွန်းလို့ပါရှင်" မျောင်ကျင်း သည် သူမ၏ ခေါင်းကို အလျင်အမြန် ငုံ့ချလိုက်ရသည်။
သူမ၏ ရင်ထဲတွင် ဖြစ်ပေါ်နေသော အနည်းငယ် ဝမ်းသာပီတိ ဖြစ်မှုများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့တော့၏။
သူမ အနေဖြင့် သွားရမည့် ခရီး အများကြီး ကျန်နေသေးကြောင်းကို ကောင်းစွာ သဘောပေါက်သွားခဲ့သည်။
"ဂိုဏ်းချုပ်... ဒါက ဘယ်လို လျှို့ဝှက်နည်းစနစ် မျိုးလဲဟင်။ တကယ့်ကို နက်နဲသိမ်မွေ့လွန်းတယ်... နဝမအဆင့် မန္တန် တစ်ခုကို မြင်တွေ့လိုက်ရသလိုပဲ"
ကုန်းချင်းချိုး သည် လှပကျော့ရှင်းသော မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်လျက် အနားသို့ တိုးလာ၏။
ယဲ့ဖုန်းသည် နောက်သို့ လှည့်ကာ ရှင်းပြလိုက်သည်။
"ဒါက 'အရိပ်လုပ်ကြံခြင်း' လို့ ခေါ်တယ်။ ဒီနေ့ တစ်နေကုန် အချိန်ယူပြီး ငါ ကိုယ်တိုင် ဖန်တီးခဲ့တဲ့ လျှို့ဝှက်နည်းစနစ် တစ်ခုပဲ။ အဆင့် ကိုးဆင့် ပါဝင်ပြီး... အထွတ်အထိပ် အထိ အောင်မြင်အောင် ကျင့်ကြံနိုင်မယ် ဆိုရင် နဝမအဆင့် မန္တန် တစ်ခုနဲ့ ယှဉ်နိုင်စွမ်း ရှိတယ်"
ကုန်းချင်းချိုး ၏ ရင်ထဲတွင် တုန်လှုပ်သွားခဲ့တော့၏။
'ဒီလောက်တောင် အစွမ်းထက်တာလား..'
"မဆိုးပါဘူး" ယဲ့ဖုန်း ခေါင်းညိတ်လိုက်သည်။
နဝမအဆင့် မန္တန် ဆိုရင်ကော... ဘာဖြစ်သေးလဲ။
သူ၏ လက်ရှိ အမြင်တွင်မူ... နတ်ဘုရားစွမ်းရည် မဟုတ်လျှင် မည်သည့် မန္တန်ကိုမျှ အရေးတယူ လုပ်နေစရာ မလိုတော့ချေ။
သေချာသည်မှာ... ဟေးလော့ရှား အဖွဲ့ဝင်များ အတွက်မူ ဤ "အရိပ်လုပ်ကြံခြင်း" လျှို့ဝှက်နည်းစနစ် မှာ တစ်သက်လုံး ကျင့်ကြံသွားရန် လုံလောက်လှ၏။
"ဒီနေ့ကစပြီး... ပန်းထိုး ဓားပျံ ကို ဟေးလော့ရှား ရဲ့ သီးသန့် လုပ်ကြံသတ်ဖြတ်ရေး ဝိညာဉ်လက်နက် အဖြစ် သတ်မှတ်လိုက်ပြီ။ ပြီးတော့ 'အရိပ်လုပ်ကြံခြင်း' လျှို့ဝှက်နည်းစနစ် ကလည်း သီးသန့် လုပ်ကြံသတ်ဖြတ်ရေး နည်းစနစ် အဖြစ် တရားဝင် သတ်မှတ်လိုက်ပြီ။ အဖွဲ့ဝင် တိုင်း မဖြစ်မနေ သင်ယူတတ်မြောက်ရမယ်"
ယဲ့ဖုန်းသည် သူ၏ အမိန့်ကို ထုတ်ပြန်လိုက်သည်။
"နားလည်ပါပြီ.." ကုန်းချင်းချိုး ခေါင်းညိတ်လိုက်၏။
"မြို့စားမင်း... ကျွန်မကကော ဘာဆက်လုပ်ရမလဲဟင်" မျောင်ကျင်း မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်နေသည်။
"မင်းက 'အရိပ်လုပ်ကြံခြင်း' ကို ဆက်ပြီး ကြိုးကြိုးစားစား ကျင့်ကြံရမယ်။ ပြီးတော့... တခြား အဖွဲ့ဝင်တွေကိုလည်း ပြန်ပြီး သင်ပေးရမယ်။ ဒီနေ့ကစပြီး... မင်းက နံပါတ်တစ် နှင်းဆီ ပဲ။ မင်းဆီကနေ ခေါင်းဆောင်မှု စွမ်းရည် တစ်ချို့ တွေ့ရဖို့ ငါ မျှော်လင့်တယ်"
"မြို့စားမင်း ရဲ့ မျှော်လင့်ချက် တွေကို လုံးဝ စိတ်ပျက်အောင် မလုပ်ပါဘူးရှင်.."
"ဆက်ပြီးတော့ ကျင့်ကြံလိုက်ဦး.."
ယဲ့ဖုန်းသည် ရေကန်ဘေးသို့ လျှောက်သွားပြီး... "အရိပ်လုပ်ကြံခြင်း" ၏ ပထမ အဆင့် ငါးဆင့်ကို နံရံတစ်ခုပေါ်တွင် ရေးသား ချန်ထားရစ်ခဲ့သည်။
သူ၏ အမြင်တွင်မူ... ပထမ အဆင့် ငါးဆင့်သာ ရှိလျှင်ပင် ဟေးလော့ရှား အဖွဲ့ဝင်များ အနေဖြင့် အချိန်အကြာကြီး ကျင့်ကြံသွားရန် လုံလောက်နေပြီ ဖြစ်သည်။
အချိန်များ ကုန်လွန်သွားသည်နှင့်အမျှ... ဟေးလော့ရှား မှာ ဆက်လက် ကြီးထွားလာပြီး ပိုမို အစွမ်းထက်လာမည် ဖြစ်ရာ... အဖွဲ့ဝင်များ၏ စွမ်းရည်များ သတ်မှတ် အဆင့်တစ်ခုသို့ ရောက်ရှိသွားသည့် အခါတွင် သူတို့ကို တာဝန်များ ထမ်းဆောင်ရန် စေလွှတ်နိုင်မည် ဖြစ်၏။
တစ်ခါတစ်ရံတွင်... သူတို့သည် မထင်မှတ်လောက်အောင် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်လာနိုင်သည် မဟုတ်ပါလား။
ထိုသို့ တွေးမိသည်နှင့် ယဲ့ဖုန်းသည် လေထဲသို့ ခုန်တက်ကာ မြူခိုးတောင်ထိပ် သို့ ပြန်လည် ထွက်ခွာသွားလေတော့၏။
...
မိုင်ပေါင်း ထောင်ချီ ဝေးကွာသော နေရာဝယ်။
လွင်ပြင်ဒေသ တစ်ခု။
မီးခိုးရောင်နွယ်ပင် နတ်သမီး ၏ ကိုယ်ပွားသည် ကောင်းကင်ယံတွင် လွင့်မျောနေပြီး... သူမ၏ မျက်ဝန်းများတွင် ရက်စက်ယုတ်မာမှုများ အပြည့်အဝ ပြည့်နှက်နေသည်။
"ဟီး ဟီး ဟီး... နောက်ဆုံးတော့ ရောက်လာပြီပဲ"
သူမသည် အောက်သို့ ငုံ့ကြည့်လိုက်ရာ... လူဦးရေ သုံးသိန်းကျော် နေထိုင်သော မြို့ငယ်လေး တစ်မြို့ကို တွေ့ရှိလိုက်ရသည်။ သူမသည် နှုတ်ခမ်းကို သပ်လိုက်ပြီး အောက်သို့ အဟုန်ပြင်းစွာ ထိုးဆင်းသွားလေတော့၏။
“ဝုန်း..”
ဝိညာဉ်ပင်လယ်အဆင့် ၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက်... မြို့ထဲတွင် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ရှိ မဟာတန်ခိုးရှင် အချို့ ရှိနေသည့်တိုင်... သူတို့ အားလုံးမှာ လုံးဝ ခုခံနိုင်စွမ်း မရှိခဲ့ကြချေ။
တစ်နာရီပင် မပြည့်မီ အချိန်လေး အတွင်းမှာပင်... မြို့တစ်ခုလုံး ကျဆုံးသွားခဲ့ပြီး သွေးချောင်းများ စီးဆင်းသွားခဲ့ရသည်။
မီးခိုးရောင်နွယ်ပင် နတ်သမီး သည် ရက်စက်စွာ ရယ်လိုက်၏။
သူမသည် လက်ဟန်များ ပြုလုပ်ကာ သွေးများကို စတင် စုဆောင်းလိုက်ပြီး... နောက်ထပ် ကြောက်မက်ဖွယ်ကောင်းသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး တစ်ခုကို ပြုလုပ်ရန် အခြား မြို့တစ်မြို့ဆီသို့ ဆက်လက် ထွက်ခွာသွားလေတော့သည်။
နောက်တစ်နေ့ နံနက်ခင်း။
မီးခိုးရောင်နွယ်ပင် နတ်သမီး ၏ ကိုယ်ပွားသည် လူသန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး ဖြစ်ရာ... နန်ယွင် ပြည်နယ် ဆယ့်သုံးခု ရှိ လူဦးရေ၏ ဆယ်ပုံတစ်ပုံခန့်ကို လုံးဝ သုတ်သင် ရှင်းလင်းပစ်ခဲ့ပြီး ဖြစ်သည်။
"မလုံလောက်သေးဘူး.."
"ဒီသွေးတွေထဲမှာ ပါဝင်တဲ့ စွမ်းအင်က နည်းလွန်းတယ်။ သတ်ဖြတ်မှုတွေကို ဆက်လုပ်ရဦးမယ်"
သူမသည် နှုတ်ခမ်းကို သပ်လိုက်ပြီး... သူမ၏ လုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည် ဖော်လေတော့၏။
ယဲ့ဖုန်းမှာမူ ဤအခြေအနေများကို လုံးဝ မသိရှိခဲ့ချေ။
ထိုအခိုက်အတန့်တွင် သူသည် သူ၏ ရှေ့၌ လာရပ်သော တတိယမင်းသား လင်လော့ထျန်း ကို ကြည့်ကာ... အံ့သြစွာဖြင့် မျက်တောင်လေး ခပ်လိုက်မိသည်။
"တတိယမင်းသား... ဘယ်လေတိုက်လို့ ဒီကို ရောက်လာတာလဲဗျ"
"ဒါပေါ့... ဂိုဏ်းချုပ်ယဲ့ ဆီ အလည်အပတ် လာတာပေါ့ဗျာ"
ထို့နောက်၊ တတိယမင်းသား က ပြုံးလျက် မေးလိုက်၏။
"ဂိုဏ်းချုပ်ယဲ့... မကြာသေးခင်က ပါရမီရှင်စာရင်း မှာ ဖြစ်သွားတဲ့ အပြောင်းအလဲတွေကို သတိထားမိလိုက်လားဗျ"
"မသိဘူးဗျ" ယဲ့ဖုန်းက ပြတ်သားစွာ ဖြေလိုက်သည်။
"အာ..."
တတိယမင်းသား မှာ လုံးဝ မှင်သက်သွားရ၏။
'ခင်ဗျားက ပါရမီရှင်စာရင်း ရဲ့ အမြဲတမ်း အကဲဖြတ် အကြီးအကဲ ဆယ်ယောက်ထဲက တစ်ယောက် ဖြစ်နေတာကို... စာရင်းထဲက အပြောင်းအလဲတွေကို သတိမထားမိဘူးတဲ့လား'
ဟူး..... အလကား အပင်ပန်းခံပြီး လာခဲ့ရတာပဲ..။
တတိယမင်းသား သည် သူ၏ မျက်နှာကို လက်ဖြင့် အုပ်လိုက်ပြီး... အတော်လေး အကူအညီမဲ့ သွားသကဲ့သို့ ခံစားလိုက်ရသည်။
"မကြာသေးခင်က စာရင်းထဲမှာ အပြောင်းအလဲ အကြီးကြီးတွေများ ဖြစ်သွားလို့လား" ယဲ့ဖုန်း၏ မျက်ဝန်းများ အနည်းငယ် အရောင်တောက်သွားပြီး မေးလိုက်၏။
တတိယမင်းသား သည် စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်ပြီး ရှင်းပြလိုက်သည်။
"ဒါပေါ့ဗျာ... ဒီတလော စာရင်းထဲက ပါရမီရှင်တွေက အချင်းချင်း အပြိုင်အဆိုင် စိန်ခေါ်နေကြတာလေ။ ပထမ နေရာမှာ ရှိတဲ့ 'ကောင်းကင်ဓားဘုရင်' ရီကျွမ်း တောင်မှ... အဆင့် သုံး ကနေ ဆယ် အထိ ရှိတဲ့ ပါရမီရှင်တွေရဲ့ အဆက်မပြတ် စိန်ခေါ်တာကို ခံနေရတယ်။ ဒါပေမဲ့... သူက အကြိမ်တိုင်းမှာ အသာလေး အနိုင်ရသွားပြီး... ပထမ နေရာမှာ ခိုင်ခိုင်မာမာ ရပ်တည်နေတုန်းပါပဲ"
"ဒါဆို... ဒုတိယ နေရာကကော"
ယဲ့ဖုန်း မျက်ခုံးပင့်လိုက်ပြီး မေးလိုက်၏။
"ဒုတိယ နေရာမှာ ရှိတာက ဓားဘုရင်ဂိုဏ်းရဲ့ ထိပ်တန်း တပည့် ဂျန်းပိုင်ကဲ မဟုတ်ဘူးလား။ သူကကော ရီကျွမ်း ကို သွားမစိန်ခေါ်ဘူးလား"
"မစိန်ခေါ်ဘူးဗျ.." တတိယမင်းသား သည် ခေါင်းကို တရစပ် ခါယမ်းလိုက်သည်။
"ဂျန်းပိုင်ကဲ ရှုံးသွားကတည်းက... သူက လုံးဝ ခြေရာဖျောက်သွားခဲ့တာ။ တခြားသူတွေရဲ့ စိန်ခေါ်မှုကိုလည်း လုံးဝ လက်မခံတော့ဘူး။ ကမ္ဘာကြီး ပေါ်ကနေ လုံးဝ ပျောက်ကွယ်သွားသလိုပဲဗျာ"
ယဲ့ဖုန်းသည် မေးစေ့ကို ပွတ်သပ်ရင်း သုံးသပ်လိုက်၏။
"ကျွန်တော့် အမြင်ကို ပြောရရင်တော့... ဂျန်းပိုင်ကဲ က သူ့ကိုယ်သူ ပြန်လည် တည်ဆောက်နေတာ ဖြစ်ရမယ်။ အဆင့်ချိုးဖြတ်ပြီး အံ့မခန်း အောင်မြင်မှုတွေနဲ့ အကြီးအကျယ် ပြန်လာဖို့ ပြင်ဆင်နေတာပဲ"
"ကျုပ်လည်း အဲဒီလိုပဲ ထင်တယ်" တတိယမင်းသား က ခေါင်းညိတ် ထောက်ခံလိုက်သည်။
ယဲ့ဖုန်းသည် ပြုံးနေသော တတိယမင်းသား ကို ကြည့်ကာ မေးမြန်းလိုက်၏။
"တတိယမင်းသား က ဒီလောက် ဝေးတဲ့ နေရာအထိ လာတာ... ဒီကိစ္စလေး ပြောပြဖို့ သက်သက်တော့ မဟုတ်လောက်ဘူး ထင်တယ်"
"ဟုတ်ပါ့ဗျာ... ဂိုဏ်းချုပ်ယဲ့ ရဲ့ စူးရှတဲ့ မျက်လုံးတွေကိုတော့ ကျုပ် ဘယ်လိုမှ ဖုံးကွယ်ထားလို့ မရပါဘူး"
တတိယမင်းသား သည် အနေရခက်စွာ ပြုံးလိုက်ပြီး ဝန်ခံလိုက်သည်။
"ပြောပါဗျာ... ဘာကိစ္စ ရှိလို့လဲ" ယဲ့ဖုန်းက စုံစမ်းလိုက်၏။
"အဟွတ် အဟွတ်.."
တတိယမင်းသား သည် ချောင်းတစ်ချက် ဟန့်လိုက်ပြီး မေးလိုက်တော့သည်။
"မကြာခင် ကျင်းပမယ့် ကြယ်အဆင့် တိုးမြှင့်ခြင်း အခမ်းအနား အကြောင်းကို ဂိုဏ်းချုပ်ယဲ့ ကြားပြီးပြီလားဗျ"
ယဲ့ဖုန်း မျက်လုံးလှန်မိသွားရသည်။
"ဒီသတင်းကို ဘယ်သူက မကြားဖူးဘဲ နေမှာလဲဗျာ"
"သိပ်ကောင်းတာပေါ့.."
တတိယမင်းသား သည် လက်ခုပ်တီးလိုက်ပြီး ကမ်းလှမ်းလိုက်၏။
"ဂိုဏ်းချုပ်ယဲ့ လည်း သိပြီးသား ဆိုမှတော့... အဲဒီ ကြယ်အဆင့် တိုးမြှင့်ခြင်း အခမ်းအနား ကျင်းပတဲ့ အချိန်ကျရင်... ကျုပ်နဲ့ တစ်ဝိုင်းတည်း အတူတူ ထိုင်ပေးပါလားဗျာ။ တခြား အမြဲတမ်း အကဲဖြတ် အကြီးအကဲ တွေလည်း ရှိမှာပါ။ ကျုပ်နဲ့ဆိုရင်... စုစုပေါင်း တစ်ဆယ့်တစ်ယောက် ပေါ့"
"ဒီစကားလေး လာပြောဖို့... ဒီလောက် ဝေးတဲ့ နေရာအထိ လာတာပေါ့"
ယဲ့ဖုန်းမှာ စကားပင် မပြောနိုင်အောင် ဖြစ်သွားရရှာသည်။
သို့သော် ပြန်လည် တွေးတောကြည့်သည့်အခါ... ဤကိစ္စမှာ အတော်လေး အရေးပါနေကြောင်း သဘောပေါက်သွားခဲ့၏။
တစ်ဝိုင်းတည်း အတူတူ ထိုင်တယ် ဆိုတာ... ဆက်ဆံရေး အလွန် ကောင်းမွန်တယ် ဆိုတဲ့ သဘောပဲလေ။
ဒီလို အရေးကြီးတဲ့ အခမ်းအနားကြီးမှာ... တတိယမင်းသား က အမြဲတမ်း အကဲဖြတ် အကြီးအကဲ ဆယ်ယောက်နဲ့ အတူတူ ထိုင်ဖို့ တောင်းဆိုနေတာ ဆိုတော့... သူ့ကိုယ်ပိုင် အင်အားစု တစ်ခုကို တည်ထောင်ဖို့ ပြင်ဆင်နေတာများလား။
ဒါမှမဟုတ်... သူ့ရဲ့ အပြင်ဘက်က အဆက်အသွယ်တွေကို ထုတ်ပြပြီး ဂုဏ်ဆာချင်နေတာလား။
"မင်းသား က... ကျွန်တော်တို့ အမြဲတမ်း အကဲဖြတ် အကြီးအကဲ ဆယ်ယောက် ကို မင်းသားရဲ့ နောက်ကွယ်ကနေ ထောက်ခံပေးစေချင်တာလား။ အဲဒါမှ... မင်းသား က ဧကရာဇ် နေရာကို ယှဉ်ပြိုင်ဖို့ လွယ်ကူသွားမှာ မဟုတ်လား"
ယဲ့ဖုန်းသည် ထိုအချက်ကို ခန့်မှန်းမိသွားခဲ့သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ တတိယမင်းသား ၏ မျက်နှာထားမှာ လေးနက်သွားပြီး ခေါင်းညိတ်လိုက်၏။
"ဟုတ်ပါတယ်... နောက်ထပ် ဧကရာဇ် နေရာကို ယှဉ်ပြိုင်ဖို့ ကျုပ်မှာ တကယ်ပဲ ရည်မှန်းချက် ရှိပါတယ်ဗျာ"
ဘိုးဘေး လင်မြောင် က တတိယမင်းသား ကို နောက်ထပ် ဧကရာဇ် အဖြစ် ခန့်အပ်ရန် ဆုံးဖြတ်ပြီးပြီ ဆိုသော်ငြား... လင်မြောင် ဧကရာဇ် ကတော့ ထိုသတင်းကို လောလောဆယ် လျှို့ဝှက်ထားဆဲပင် ဖြစ်၏။
လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် အတွင်း၌... သူတို့ကလွဲ၍ အခြား မည်သူကမျှ နောက်ထပ် ဧကရာဇ် အဖြစ် မည်သူ ရွေးချယ်ခံရသည်ကို မသိရှိကြသေးချေ။
ထို့ကြောင့်ပင် တတိယမင်းသား အနေဖြင့်... သူနှင့် ယှဉ်ပြိုင်ရမည့် ပြိုင်ဘက် များစွာ ကျန်ရှိနေသေးသည်ဟု မြင်တွေ့နေရခြင်း ဖြစ်သည်။
"ဒါဆို... ကျွန်တော့်အတွက် ဘာအကျိုးကျေးဇူး ရှိမှာလဲ"
ယဲ့ဖုန်း ခေတ္တမျှ စဉ်းစားလိုက်သည်။ ဤကိစ္စတွင် တစ်ဖက်ဖက်မှ ရပ်တည်ပေးခြင်းက သဘာဝကျပြီး... တတိယမင်းသား မှာလည်း အတော်လေး ကောင်းမွန်သော ရွေးချယ်မှု တစ်ခု ဖြစ်သည်ဟု သူ ခံစားရသည်။ ထို့ကြောင့် သူ့ဘက်မှ ရပ်တည်ပေးရန် လိုလားမိ၏။
သို့သော်ငြား အကျိုးကျေးဇူး မပါဘဲနဲ့တော့... လုံးဝ မဖြစ်နိုင်ပါဘူးလေ..
"လျှို့ဝှက်နယ်မြေ တစ်ခု.."
တတိယမင်းသား သည် ရှေးဟောင်း သော့ တစ်ချောင်းကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်လိုက်ပြီး -
"အဲဒီ လျှို့ဝှက်နယ်မြေ က လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ရဲ့ အရှေ့တောင်ဘက် မိုင်ပေါင်း သောင်းချီ အကွာ... 'နန်ယွင် ပြည်နယ် ဆယ့်သုံးခု' လို့ ခေါ်တဲ့ နေရာမှာ ရှိတာပါ" ဟု ရှင်းပြလိုက်သည်။
"ဘယ်အဆင့်ရှိတဲ့ လျှို့ဝှက်နယ်မြေ လဲဗျ" ယဲ့ဖုန်းက မေးလိုက်၏။
နန်ယွင် ပြည်နယ် ဆယ့်သုံးခု အကြောင်းကို သူ ကြားဖူးခဲ့သည်။
၎င်းမှာ သာမန် လူသားများသာ အများစု နေထိုင်ပြီး... ဝိညာဉ်ပင်လယ်အဆင့် တစ်ယောက်မျှပင် မရှိသော နိုင်ငံ တစ်ခု ဖြစ်၏။
အဲဒီလို နေရာမျိုးမှာ... ဘယ်လို လျှို့ဝှက်နယ်မြေ မျိုး ရှိနိုင်မှာလဲ။
"အဲဒီ လျှို့ဝှက်နယ်မြေ က သာမန် မဟုတ်ဘူးဗျ။ မူလနတ်ဘုရားအဆင့် မဟာတန်ခိုးရှင် တစ်ပါး ရဲ့ တစ်သက်တာ စုဆောင်းထားတဲ့ ရတနာတွေ ရှိနေမယ်လို့ ကျုပ် ခန့်မှန်းတယ်"
တတိယမင်းသား သည် အသံကို နှိမ့်ကာ လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"မူလနတ်ဘုရားအဆင့် လား... အဲဒီလောက်လေးပဲလား"
ယဲ့ဖုန်းမှာ သိပ်ပြီး စိတ်ဝင်စားပုံ မပေါ်ချေ။
တတိယမင်းသား အနည်းငယ် စိုးရိမ်လာတော့၏။
"ဒီလိုလုပ်ပါလားဗျာ... ဂိုဏ်းချုပ်ယဲ့ ကို အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးတုံး ထပ်ပေးမယ်လေ"
"သဘောတူတယ်.." ယဲ့ဖုန်း ခေါင်းညိတ်လိုက်သည်။
‘မူလနတ်ဘုရားအဆင့် မဟာတန်ခိုးရှင် တစ်ပါး ရဲ့ လျှို့ဝှက်နယ်မြေ... အပေါင်း အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးတုံး ဆိုရင်တော့... တတိယမင်းသား ကို ထောက်ခံပေးဖို့ သွားရောက် ပြသရတာနဲ့ မနည်းတန်တယ်လို့ ဆိုရမှာပေါ့။
ဒါက... ငါ ပွဲတက်ပေးရတဲ့ အခကြေးငွေ လို့ပဲ မှတ်ယူလိုက်တော့မယ်..’
"နောက်ဆုံးတော့... သဘောတူသွားပြီပဲ.."
တတိယမင်းသား သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်နိုင်၏။
သူ့အတွက်တော့... ကျန်ရှိနေသော အမြဲတမ်း အကဲဖြတ် အကြီးအကဲ ကိုးယောက် ၏ ထောက်ခံမှုထက်... ယဲ့ဖုန်း တစ်ယောက်တည်း၏ ထောက်ခံမှုကို ရရှိခြင်းက အများကြီး ပိုအရေးပါသည် မဟုတ်ပါလား။
ယဲ့ဖုန်း ရဲ့ ထောက်ခံမှုကိုသာ ရထားရင်... နောက်ထပ် ဧကရာဇ် နေရာကို ရဖို့ဆိုတာ ရာခိုင်နှုန်း အပြည့် သေချာနေပြီပဲလေ..
အကယ်၍သာ တတိယမင်းသား အနေဖြင့်... ဘိုးဘေး လင်မြောင် က သူ့ကို နောက်ထပ် ဧကရာဇ် အဖြစ် ရွေးချယ်ပြီးသား ဖြစ်ကြောင်း ကြိုတင် သိရှိခဲ့မည် ဆိုပါက... ယခု သူ ဆုံးရှုံးလိုက်ရသော အရာများအတွက် အကြီးအကျယ် နောင်တရကာ မျက်ရည်ကျနေလောက်မည်မှာ အသေအချာပင်။
ကံမကောင်းစွာနှင့်ပင်၊.. သူက ဘာမှ မသိခဲ့ပါလေ..။
အခန်း (၄၉၈) သွေးယဇ်ပူဇော်ခြင်း ဝင်္ကပါ၊ မီးခိုးရောင်နွယ်ပင် နတ်သမီး ၏ ကိုယ်ခန္ဓာ အစစ်ကြီး ဆင်းသက်လာခြင်း
~ယဲ့ဖုန်း နှင့် တတိယမင်းသား တို့သည် အချိန်အတော်ကြာအောင် စကားစမြည် ပြောဆိုဖြစ်ခဲ့ကြ၏။
"ဒီနေ့တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ကြတာပေါ့"
နာရီဝက်ခန့် ကြာပြီးနောက်...
ယဲ့ဖုန်းသည် ဧည့်သည်ကို လိုက်ပို့ရန် မတ်တတ်ရပ်လိုက်သည်။
"ဂိုဏ်းချုပ်ယဲ့... ကျေးဇူး အများကြီး တင်ပါတယ်ဗျာ.." တတိယမင်းသား က မျက်နှာတစ်ပြင်လုံး ပြုံးရွှင်လျက် ဆိုလိုက်သည်။
ကြယ်အဆင့် တိုးမြှင့်ခြင်း အခမ်းအနား တွင် ယဲ့ဖုန်း၏ ထောက်ခံမှုကို ရရှိခြင်းက... သူ့ကို ထိုနေရာရှိ မင်းသားများ အားလုံးထဲတွင် အတောက်ပဆုံးနှင့် အထင်ရှားဆုံး ဖြစ်လာစေမည်မှာ အသေအချာပင်။
"ဂိုဏ်းချုပ်ယဲ့... ကျုပ် ပြန်ခွင့်ပြုပါဦး" ဟု သူက ဆက်ပြောလိုက်၏။
တတိယမင်းသား သည် လက်ဖဝါးနှစ်ဖက် ဆုပ်ကာ နှုတ်ဆက်လိုက်ပြီးနောက်... မြူခိုးတောင်ထိပ် ပေါ်ရှိ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို မျှော်လင့်တကြီးဖြင့် တစ်ချက် လှမ်းကြည့်လိုက်ကာ မေးလိုက်သည်။
"ဂိုဏ်းချုပ်ယဲ့... ကျုပ်ကို အဲဒီ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ လေး သုံးပြီး အပြန်ခရီး ပို့ပေးလို့ အဆင်ပြေနိုင်မလားဗျာ..."
"ဒါပေါ့... ရတာပေါ့ဗျာ.." ယဲ့ဖုန်းက ချက်ချင်းပင် သဘောတူလိုက်၏။
"ကျေးဇူး အများကြီး တင်ပါတယ်ဗျာ.." တတိယမင်းသား က ရယ်လျက် ဆိုလိုက်၏။
"ခရီးစရိတ် ကတော့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးပါဗျ" ဟု ယဲ့ဖုန်းက ဖြီးဖြီးကြီး ပြုံးလျက် ဆက်ပြောလိုက်လေသည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ... တတိယမင်းသား ၏ မျက်နှာပေါ်ရှိ အပြုံးများမှာ တဖြည်းဖြည်း တောင့်တင်းသွားခဲ့ရလေတော့၏။
...
နန်ယွင် ပြည်နယ် ဆယ့်သုံးခု။
မီးခိုးရောင်နွယ်ပင် နတ်သမီး ၏ ကိုယ်ပွားသည် မြေပြင်အထက် ပေတစ်ရာခန့် အမြင့်တွင် လွင့်မျောနေသည်။
သူမ၏ အောက်ဘက်ရှိ သွေးချောင်းများ စီးဆင်းနေပြီး လူသေအလောင်းများ ပြန့်ကျဲနေသော မြို့ပျက်ကြီးကို ငုံ့ကြည့်ရင်း... သူမ၏ မျက်ဝန်းများတွင် ရူးသွပ်မှုများ အပြည့်အဝ ထင်ဟပ်နေ၏။
"နောက်ဆုံးတော့... လုံလောက်တဲ့ ပမာဏကို စုဆောင်းလို့ ရသွားပြီပဲ.."
"ဟီး ဟီး ဟီး..."
"လူသား ဆယ့်သုံးသန်း ကို အမြစ်ပြတ် သုတ်သင်ပြီးတဲ့ နောက်မှာတော့... ငါ့ရဲ့ ကိုယ်ခန္ဓာ အစစ်ကြီးကို ဆင့်ခေါ်ဖို့ လိုအပ်တဲ့ အနည်းဆုံး သတ်မှတ်ချက်တွေကို ပြည့်မီသွားပြီ"
မီးခိုးရောင်နွယ်ပင် နတ်သမီး သည် ခေါင်းကို မော့ကာ ရူးသွပ်စွာ အော်ဟစ် ရယ်လိုက်သည်။
သူမ၏ ကိုယ်ခန္ဓာ အစစ်ကြီး မှာ ရှန်ကျိုးတိုက်ကြီးပေါ်တွင် ရှိမနေဘဲ... ကြယ်တာရာ ဟင်းလင်းပြင်၏ အလွန် ဝေးကွာလှသော နေရာတစ်ခုတွင် ရှိနေခြင်း ဖြစ်၏။
ဖြတ်ကျော်ရမည့် အကွာအဝေးမှာ အလွန်တရာ ကြီးမား ကျယ်ပြန့်လွန်းလှသည်။
ထို့ကြောင့် ဆင့်ခေါ်ရန် ကုန်ကျစရိတ် မှာလည်း အလွန်အမင်း များပြားလှ၏။
သို့သော်ငြား ထူးခြားသော ဆက်နွယ်မှု အချို့ကြောင့်... ကြယ်တာရာ ဟင်းလင်းပြင် ရှိ နေရာတိုင်းမှာ ရှန်ကျိုးတိုက်ကြီး နှင့် သိမ်မွေ့စွာ ချိတ်ဆက်နေကြသည်။
ကမ္ဘာတစ်ခုနှင့် တစ်ခု ဖြတ်သန်း သွားလာနိုင်ရန်အတွက် အထူး ဝင်္ကပါ တစ်ခုကို တည်ဆောက်ရန်သာ လိုအပ်၏။
"သွေးယဇ်ပူဇော်ခြင်း ဝင်္ကပါ.. စုစည်းစမ်း.."
မီးခိုးရောင်နွယ်ပင် နတ်သမီး ၏ ကိုယ်ပွားသည် လက်ဟန်များကို စတင် ပြုလုပ်လိုက်သည်။
သူမ၏ လက်ဟန် လှုပ်ရှားမှုများ အဆက်မပြတ် ပြောင်းလဲနေပြီး... သူမ၏ ပတ်ဝန်းကျင် လေထုထဲတွင် ရှေးဟောင်း မန္တန် အက္ခရာများ ထွက်ပေါ်လာကာ လေပြင်းများကြားတွင် တဖျပ်ဖျပ် တောက်ပနေသည်။
ထို့နောက် သီးခြား ဝင်္ကပါ ပုံစံ တစ်ခု ပေါ်ထွက်လာခဲ့သည်။
၎င်းသည် အောက်ဘက်ရှိ သွေးပင်လယ်ကြီး ၏ စွမ်းအားများကို စတင် ဆွဲယူလေတော့၏။
လှပပြီး ကြောက်မက်ဖွယ်ကောင်းသော နီကျင်ကျင် ရွှေရောင် ပန်းပွင့်ကြီးများ တစ်ပွင့်ပြီး တစ်ပွင့် ဖူးပွင့်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင်... ဟင်းလင်းပြင် ထဲတွင် အလင်းတံခါး တစ်ခု ဖွဲ့တည်လာခဲ့တော့၏။
နွယ်ပင်များ ရစ်ပတ်နေသော လက်တစ်စုံမှာ ထိုအလင်းတံခါး အတွင်းမှ ထွက်ပေါ်လာပြီး... တံခါး၏ ဘေးဘက်များကို ဆုပ်ကိုင်ကာ အားကုန် ဆွဲဖြဲလိုက်လေတော့၏။
“ရွှပ်..”
ဟင်းလင်းပြင် တွင် အက်ကြောင်းကြီး တစ်ခု ပေါ်ထွက်လာခဲ့သည်။
ထိုအက်ကြောင်း အတွင်းမှနေ၍... ခြောက်ခြားဖွယ်ရာ၊ ယုတ်မာရက်စက်မှု နှင့် လွှမ်းမိုးနိုင်စွမ်း အပြည့်ရှိသော အရှိန်အဝါ တစ်ခု အဟုန်ပြင်းစွာ ထွက်ပေါ်လာခဲ့ပြီး... အောက်ဘက်ရှိ မြေပြင်ကိုပင် တိုက်စားသွားစေကာ လုံးဝ ပြောင်သလင်းခါ သွားစေခဲ့သည်။
မိုင်တစ်ရာ ပတ်လည် အတွင်းရှိ နေရာတစ်ခုလုံးမှာ ငရဲတွင်းနက်ကြီး၏ အစိတ်အပိုင်း တစ်ခုအလား ပြောင်းလဲသွားခဲ့တော့၏။
ထို့နောက်... အခြား ကမ္ဘာတစ်ခုမှနေ၍ ပုံရိပ်တစ်ခု ဖြတ်သန်း ဝင်ရောက်လာခဲ့သည်။
သူမ၏ ပုံရိပ်မှာ အနည်းငယ် မှုန်ဝါးနေပြီး... ထူးခြားသော နိယာမများ၏ အရှိန်အဝါများဖြင့် ဖုံးလွှမ်းခံထားရသော်ငြား... သွေးယဇ်ပူဇော်ခြင်း ဝင်္ကပါ ၏ စွမ်းအား ကာကွယ်ပေးမှုကြောင့် မည်သည့် ထိခိုက်ဒဏ်ရာမျှ မရရှိခဲ့ချေ။
"နောက်ဆုံးတော့ ငါ ရောက်လာပြီပဲ.."
မီးခိုးရောင်နွယ်ပင် နတ်သမီး ၏ ကိုယ်ခန္ဓာ အစစ်ကြီး သည် ပါးစပ်ကို ဟကာ သူမ၏ ကိုယ်ပွားကို ချက်ချင်းပင် ဝါးမြိုပစ်လိုက်ရာ... သူမ၏ ကိုယ်ပိုင် အရှိန်အဝါများမှာ အနည်းငယ် ပိုမို အားကောင်းလာခဲ့သည်။
ထို့နောက် သူမသည် လက်ကို မြှောက်ကာ ရေရွတ်လိုက်၏။
"ကမ္ဘာတွေကို ဖြတ်ကျော်လာရလို့... ငါ့ကိုယ်ပေါ်မှာ ဥပဒေသ စွမ်းအား အကြွင်းအကျန် တချို့ ကျန်နေသေးတယ်။ ငါ့ရဲ့ အထွတ်အထိပ် စွမ်းအားတွေကို အပြည့်အဝ ထုတ်မသုံးနိုင်သေးခင်... ရက်အနည်းငယ်လောက် တိတ်တိတ်ဆိတ်ဆိတ် အနားယူပြီး ပြန်လည် အားဖြည့်ရဦးမယ်"
"ကွက်တိပဲ.."
"ဒီအချိန် အတွင်းမှာ... ငါ နန်ယွင် ပြည်နယ် ဆယ့်သုံးခု တစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်ပစ်မယ်... ပြီးရင် အသစ်စက်စက် သွေးယဇ်ပူဇော်ခြင်း ဝင်္ကပါ တစ်ခုကို တည်ဆောက်မယ်"
"နောက်ဆုံးကျရင်တော့... သစ်ပင် ဘိုးဘေးကြီးကို ဆင့်ခေါ်မယ်"
"မြူခိုးဂိုဏ်း ရော၊ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ပါ... အားလုံးကို ငါ အပိုင်သိမ်းပစ်မယ်.."
ကြောက်မက်ဖွယ်ကောင်းသော အသံကြီးမှာ မျက်စိတစ်မှိတ် အတွင်းမှာပင် ပတ်ဝန်းကျင် တစ်ခုလုံးသို့ လှိမ့်ဝင် ပျံ့နှံ့သွားခဲ့လေတော့သည်။
...
မြူခိုးတောင်ထိပ် ပေါ်ဝယ်။
မီးခိုးရောင်နွယ်ပင် နတ်သမီး ရောက်ရှိလာကြောင်းကို ယဲ့ဖုန်း လုံးဝ မသိရှိခဲ့ချေ။
ထိုအခိုက်အတန့်တွင် သူသည် ထိုင်လျက် လီကျောက်ကျောက် အသစ် တီထွင်ထားသော ဝိညာဉ် ဟင်းလျာ များကို မြည်းစမ်းနေ၏။
"အင်း... ဒီ ရေနွေးဖျော ဝိညာဉ်ငါး က တော်တော်လေး ကောင်းတယ်။ ဝိညာဉ် သစ်မြစ်တွေ အများကြီး ထည့်ထားတော့ ငါးညှီနံ့ လုံးဝ ပျောက်သွားပြီး အသားရဲ့ မူလ အရသာလေးကို ထိန်းထားနိုင်တယ်"
"ဒီ အပူပြင်းပြင်းနဲ့ ကျော်ထားတဲ့ နတ်ဆိုးဘုရင် အသား ကလည်း မဆိုးပါဘူး။ ဒါပေမဲ့ နည်းနည်းလေး မကျက်သေးဘူး... အချိန် နည်းနည်းလောက် ထပ်ပေးပြီး ချက်ဖို့ လိုဦးမယ်"
ယဲ့ဖုန်းသည် စားသောက်ရင်း မှတ်ချက်များ ပေးနေသည်။
လီကျောက်ကျောက် သည် ခေါင်းတရစပ် ညိတ်ကာ... ယဲ့ဖုန်း၏ အကြံပြုချက်များ အားလုံးကို သူမ၏ မှတ်စုစာအုပ် အတွင်း၌ သေသေချာချာ မှတ်သားထားလိုက်၏။
"ဂိုဏ်းချုပ် ဦးလေး... ကျွန်မ နားလည်ပါပြီရှင့်" အားလုံးကို မှတ်သားပြီးနောက် သူမက ပြုံးလျက် ဆိုလိုက်သည်။
ချောင်ကျားရှီး သည် ထိုစားပွဲဝိုင်းတွင်ပင် ထိုင်နေပြီး... ပန်းကန် နှင့် တူကို ကိုင်ဆောင်လျက် ယဲ့ဖုန်းကို စိုက်ကြည့်ကာ နှုတ်ခမ်းကို သပ်နေ၏။
"ကောင်းပြီ... မင်း စားလို့ ရပြီ"
ယဲ့ဖုန်းသည် စားပွဲကို တစ်ချက် ခေါက်လိုက်သည်။
"ဟုတ်ကဲ့.."
ချောင်ကျားရှီး မှာ ဆာလောင်လွန်း၍ သေတော့မတတ် ဖြစ်နေတော့၏။
စားခွင့်ရပြီ ဟု ကြားလိုက်သည်နှင့် တစ်ပြိုင်နက်... သူသည် စားပွဲပေါ်ရှိ ဟင်းပွဲ ဒါဇင်ပေါင်းများစွာကို အလျင်အမြန် ကောက်ယူလိုက်ပြီး... ထမင်းကိုပင် ဂရုမစိုက်နိုင်တော့ဘဲ တူဖြင့် ဟင်းများကို ပါးစပ်ထဲသို့ တိုက်ရိုက် သွင်းထည့်လေတော့၏။
ထိုလှုပ်ရှားမှုမှာ ဝေလငါးကြီး တစ်ကောင် အစာကို မျိုချနေသည့်အလား အဟုန်ပြင်းလှပေသည်..။
"အာ....."
"မျက်စိတစ်မှိတ် အတွင်းမှာတင် ဟင်းတစ်ပွဲလုံး ကုန်သွားတာပဲ"
ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်များ တဆတ်ဆတ် တုန်ရီသွားပြီး ကြိတ်တွေးလိုက်မိ၏။
... 'ချောင်ကျားရှီး... မင်း ဒီအတိုင်း ဆက်စားနေရင် ဗိုက်ပေါက်ပြီး သေတော့မှာပဲ..'
မကြာမီမှာပင်...
ချောင်ကျားရှီး သည် စားပွဲပေါ်ရှိ ဟင်းပွဲ ဒါဇင်ပေါင်းများစွာကို ပြောင်သလင်းခါအောင် စားသောက်လိုက်တော့၏။
"ဂျူနီယာ ညီလေး ချောင်... ဗိုက်ဝသွားပြီလား"
လီကျောက်ကျောက် က မျက်တောင်လေး ခပ်ကာ မေးလိုက်သည်။
"မဝသေးဘူးဗျ... သုံးဆယ် ရာခိုင်နှုန်းလောက်ပဲ ပြည့်သေးတယ်"
ချောင်ကျားရှီး သည် လေချဉ် တစ်ချက်တက်လိုက်ပြီး... အလျင်အမြန် ပြင်ဆင် ပြောဆိုလိုက်သည်။ "တကယ်တော့... ခုနကတော့ ဗိုက်ပြည့်သွားတာပဲ... ဒါပေမဲ့ အခုတော့ တစ်ဝက်ကျော်ကျော်လောက် ပြန်ချေဖျက်ပြီးသွားပြီလေ..."
"ဖူး..."
လီကျောက်ကျောက် မနေနိုင်ဘဲ ရယ်လိုက်မိ၏။
ဂိုဏ်းချုပ်ယဲ့ သည် သူ၏ မျက်နှာကို လက်ဖြင့် အုပ်လိုက်မိသည်။
"ကျားရှီး ရဲ့ ကျင့်ကြံခြင်း နည်းလမ်းက တခြားလူတွေနဲ့ မတူဘူးလေ... သူက လေ့ကျင့်တာနဲ့ စားသောက်တာ နှစ်ခုတည်းကိုပဲ အားကိုးရတာ။ ဒီလိုလုပ်ပါ... ကျောက်ကျောက်၊ မင်း ဟင်းပွဲ အသစ်တွေ တီထွင်ပြီးတိုင်း... ကျားရှီး ကို မြည်းစမ်းတဲ့သူ အဖြစ် သုံးလိုက်ပေါ့"
"ဟုတ်ကဲ့ပါရှင်" သူမက သဘောတူလိုက်သည်။
"ဟုတ်တယ်... ကွက်တိပဲ.."
လီကျောက်ကျောက် နှင့် ချောင်ကျားရှီး တို့သည် တစ်ယောက်ပြီးတစ်ယောက် သဘောတူလိုက်ကြ၏။
ထို ဆရာ-တပည့် နှစ်ဦး သဘောတူညီမှု ရသွားသည်ကို ကြည့်ရင်း... ဂိုဏ်းချုပ်ယဲ့ သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ပျော်ရွှင်ခြင်းရေကို တစ်ငုံ သောက်လိုက်သည်။
သူသည် မတ်တတ်ရပ်ကာ မြူခိုးတောင်ထိပ် ၏ ကမ်းပါးစွန်း သို့ လျှောက်သွားလိုက်၏။
အောက်ဘက်တွင် အသည်းအသန် လေ့ကျင့်နေကြသော တပည့်များကို ကြည့်ရင်း သူ အလွန်အမင်း ကျေနပ်နေမိသည်။
ဂိုဏ်းချုပ်ယဲ့ ၏ အကြည့်များမှာ ပတ်ဝန်းကျင်သို့ ဝေ့ဝဲသွားပြီး... အနီးနားရှိ မြူခိုးများကို ဖောက်ထွင်းသွားကာ... လော့ရှား မြို့တော် အတွင်း၌ ကျင့်ကြံအားထုတ်နေကြသော ဟေးလော့ရှား အဖွဲ့ဝင်များကို မြင်တွေ့လိုက်ရပြီး တိတ်တဆိတ် ခေါင်းညိတ်လိုက်မိ၏။
"အခုဆိုရင်... ငါ ပိုပိုပြီး အစွမ်းထက်လာနေပြီလို့ ခံစားရတယ်"
ယဲ့ဖုန်းသည် အလိုအလျောက် တီးတိုး ရေရွတ်လိုက်မိသည်။
ပုံမှန်အားဖြင့် ကြည့်မည် ဆိုပါက... သူသည် မည်သည့် ကျင့်ကြံခြင်းအဆင့် မျှ မရှိသူ တစ်ဦးနှင့် တူနေသည်။
သို့သော်ငြား ဝိညာဉ်မျက်လုံး များကိုသာ အသုံးပြုမည် ဆိုလျှင်ပင်... သူ၏ အမြင်အာရုံမှာ သာမန် ဝိညာဉ်မျက်လုံး များထက် အဆပေါင်း ဘယ်လောက်များများ သာလွန်နေသည်ကို မည်သူမျှ မခန့်မှန်းနိုင်ချေ။
တစ်ချက် လှမ်းကြည့်လိုက်ရုံဖြင့်... သူသည် မြူခိုးများကို ဖောက်ထွင်းမြင်နိုင်ပြီး အရာဝတ္ထုများ၏ အနှစ်သာရကို တိုက်ရိုက် သိမြင်နိုင်စွမ်း ရှိ၏။
ထို့အပြင် သူ၏ နားလည်နိုင်စွမ်း နှင့် အသိပညာ သိုလှောင်မှုများမှာလည်း သူ၏ စွမ်းအားများနှင့်အတူ လျင်မြန်စွာ တိုးတက်လာနေသည်။
သာမန် မန္တန် အချို့ကိုဆိုလျှင် လက်ဖျောက်တစ်ချက် တီးလိုက်ရုံဖြင့် သင်ယူ တတ်မြောက်နိုင်စွမ်း ရှိနေပြီ ဖြစ်၏။
သေချာသည်မှာ... ပိုက်ဆံ သုံးလိုက်သလောက်တော့ မမြန်ဆန်လှချေ။
ဂိုဏ်း ဂုဏ်သတင်း တန်ဖိုး များကို အသုံးပြုခြင်းက ချက်ချင်းဆိုသလို နားလည် သဘောပေါက်သွားစေနိုင်သော်လည်း... မိမိကိုယ်ပိုင် နားလည်နိုင်စွမ်းကို အားကိုးခြင်းကတော့ အချိန်အနည်းငယ် ယူရမြဲ ဖြစ်ပါသည်။
အလောတကြီး မလိုသည့် အချိန်များတွင်... ယဲ့ဖုန်းသည် သူ၏ ကိုယ်ပိုင် နားလည်နိုင်စွမ်းကို အသုံးပြု၍ တွက်ချက်ကာ အသိဉာဏ် ပွင့်လင်းစေရန် ကြိုးပမ်းလေ့ ရှိသည်။
သို့သော် အရေးပေါ် အခြေအနေ မျိုးတွင်မူ... သူသည် သဘာဝကျကျပင် ပိုက်ဆံ သုံးရန်သာ ရွေးချယ်လေ့ ရှိ၏။
“ဝှစ်..”
ယဲ့ဖုန်းသည် ခြေတစ်လှမ်းတည်းဖြင့် မိုင်ဆယ်ဂဏန်းခန့်ကို ဖြတ်ကျော်သွားပြီး... လော့ရှား မြို့တော် ၏ ဗဟိုချက်ရှိ ရေကန် အထက်သို့ ရောက်ရှိသွားခဲ့သည်။
သူ၏ ကိုယ်ခန္ဓာ တစ်ခုလုံးကို သူရဲကောင်း ဝိညာဉ်စွမ်းအား များဖြင့် ဖုံးလွှမ်းထား၏။
ကြည့်ရှုနေသူများက ရေကန်စပ် သို့ လှမ်းကြည့်လိုက်မည် ဆိုပါက... မှိုင်းပျပျ မြူခိုးများကိုသာ မြင်တွေ့ရမည် ဖြစ်ပြီး မည်သည့် လူရိပ်ကိုမျှ မြင်တွေ့ရမည် မဟုတ်ချေ။
"ငါတို့တွေ ကြိုးကြိုးစားစား လေ့ကျင့်ရမယ်လို့ မြို့စားမင်း က ပြောထားတယ်"
"အထူးသဖြင့် ကာကွယ်ခြင်း၊ ခြေရာခံခြင်း၊ ကိုယ်ရိပ်ဖျောက်ခြင်း နဲ့ တခြား လုပ်ဆောင်ချက်တွေ အများကြီး ပါဝင်တဲ့ ဒီ ဘက်စုံသုံး လျှို့ဝှက်နည်းစနစ် 'အရိပ်လုပ်ကြံခြင်း' ကိုပေါ့... ငါတို့ သေချာပေါက် ကျွမ်းကျင်အောင် လေ့ကျင့်ရမယ်"
မျောင်ကျင်း က ကြေညာလိုက်သည်။
မျောင်ကျင်း သည် ဟေးလော့ရှား အဖွဲ့ဝင်များ၏ ခေါင်းဆောင် ဖြစ်လာခဲ့တော့၏။
သူမသည် အမည်းရောင် မြူခိုးတိမ်တိုက် တစ်ခုပေါ်တွင် ရပ်လျက် လေထဲတွင် လွင့်မျောနေပြီး... သူမ၏ အရှေ့ရှိ မိန်းကလေး တပည့် ရာပေါင်းများစွာအား ထိုနည်းစနစ် အကြောင်း ရှင်းပြနေသည်။
"ဟုတ်ကဲ့ပါ"
ဟေးလော့ရှား အဖွဲ့ဝင်များ အားလုံး တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြ၏။
ယခုအချိန်တွင်... သူမတို့၌ ပိုင်ဆိုင်စရာ ဘာမှ မရှိတော့ချေ။
ကြိုးကြိုးစားစား လေ့ကျင့်ပြီး ဂိုဏ်းချုပ်ယဲ့ ၏ ကျေးဇူးကို ဆပ်ရန်မှလွဲ၍... သူမတို့၌ အခြား မည်သည့် ဆန္ဒမျှ မရှိတော့ပေ။
"တကယ့်ကို သနားစရာ ကောင်းတဲ့ ကောင်မလေးတွေပါလား.."
ယဲ့ဖုန်း သက်ပြင်း တစ်ချက်ကို အသာအယာ ချလိုက်မိသည်။
ဟေးလော့ရှား အဖွဲ့ဝင်များ၏ အခြေအနေအတွက် သူ အလွန် စိတ်မကောင်း ဖြစ်မိပါ၏။
သို့သော် ဖြစ်ပြီးတာတွေကတော့ ဖြစ်ပြီးသွားပြီပဲလေ။
အခုချိန်မှာ သူ လုပ်နိုင်တာက... ဒီမိန်းကလေးတွေ အသက်ရှင်သန် ရပ်တည်နိုင်ဖို့အတွက် သူမတို့ရဲ့ ကျင့်ကြံခြင်းအဆင့် တွေကို တိုးတက်လာအောင် ကူညီပေးဖို့သာ ရှိတော့သည်။
“ဝှစ်..”
ဤသို့ တွေးမိသည်နှင့် ယဲ့ဖုန်း အသွင်ယူထားသော မြူခိုးတိမ်တိုက် လေးမှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့လေတော့၏။
...
အချိန်များ မျက်စိတစ်မှိတ် အတွင်း ကုန်လွန်သွားခဲ့တော့သည်။
ကြယ်အဆင့် တိုးမြှင့်ခြင်း အခမ်းအနား ကျင်းပမည့် နေ့ရက်သို့ နီးကပ်လာခဲ့တော့၏။
ဂိုဏ်းချုပ်ယဲ့ သည် မြူခိုးတောင်ထိပ် ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လျက် ကုန်းချင်းချိုး ၏ အစီရင်ခံစာကို နားထောင်နေသည်။
"ဂိုဏ်းချုပ်... ကျွန်မတို့ မြူခိုးဂိုဏ်း က အရမ်းမြန်မြန် ဖွံ့ဖြိုးတိုးတက်နေပါတယ်။ လက်ရှိ အခြေအနေအရဆိုရင်... ကြယ်နှစ်ပွင့်အဆင့် တိုးမြှင့်ဖို့ လိုအပ်ချက်တွေကို အခြေခံအားဖြင့် ပြည့်မီနေပါပြီ" ဟု ကုန်းချင်းချိုး က တင်ပြလိုက်သည်။
"ဂိုဏ်းချုပ် သာ သဘောတူမယ် ဆိုရင်... ကျွန်မ အခုပဲ အဆင့်တိုးမြှင့်ဖို့ လျှောက်ထားလိုက်ပါ့မယ်"
"ဒါပေမဲ့... လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် အတွင်းမှာ ကြယ်နှစ်ပွင့်အဆင့် အသိအမှတ်ပြု ခံရဖို့ ဆိုရင်... နန်းမြို့တော် အုပ်ချုပ်သူ ရဲ့ လက်အောက်မှာ ရှိတဲ့ အကဲဖြတ် အကြီးအကဲရဲ့ စစ်ဆေးမှုကို ခံယူရပါမယ်"
"ဒီတလော ကြယ်အဆင့် တိုးမြှင့်ခြင်း အခမ်းအနား ကျင်းပဖို့ ရှိနေတော့... အကဲဖြတ် အကြီးအကဲ အနေနဲ့ အချိန်ရဖို့ သိပ်မလွယ်လောက်ဘူး ထင်တယ်"
ကုန်းချင်းချိုး က ရှင်းပြလိုက်၏။
ထိုအခါ၊ ယဲ့ဖုန်း ခေတ္တမျှ စဉ်းစားလိုက်သည်။
"ထားလိုက်ပါတော့လေ... လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ရဲ့ ကြယ်အဆင့် တိုးမြှင့်ခြင်း အခမ်းအနား ပြီးတဲ့ အချိန်အထိ စောင့်လိုက်ကြတာပေါ့။ အဲဒီကျမှ... ကျွန်တော် တတိယမင်းသား ကို ဆက်သွယ်လိုက်မယ်၊ ဒါမှမဟုတ် အခမ်းအနား ကျင်းပနေတုန်း သူ့ကို တိုက်ရိုက် မေးကြည့်လိုက်မယ်... ဂိုဏ်းရဲ့ ကြယ်အဆင့် တိုးမြှင့်ခြင်း စစ်ဆေးမှုကို ဘယ်တော့လောက် လုပ်ပေးနိုင်မလဲ ဆိုတာကိုပေါ့"
ယဲ့ဖုန်းက ဆုံးဖြတ်လိုက်၏။
"နားလည်ပါပြီရှင်"
ကုန်းချင်းချိုး ခေါင်းညိတ်လိုက်ပြီး... ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှု မှတ်တမ်း စာရွက်စာတမ်းများကို စားပွဲပေါ်တွင် တင်ထားခဲ့ကာ နောက်ဆုတ် ထွက်ခွာသွားသည်။
"နောက်ဆုံးတော့ ကြယ်နှစ်ပွင့်အဆင့် လိုအပ်ချက်တွေကို ပြည့်မီသွားပြီပဲ... ဒါပေမဲ့ ဘာလို့ ငါ ဝမ်းသာရမယ့်အစား စိတ်လေးနေရတာလဲ"
ယဲ့ဖုန်းသည် သူ၏ နဖူးကို ပွတ်သပ်လိုက်ပြီး... မိုင်ပေါင်း သောင်းချီ ဝေးကွာသော နန်ယွင် ပြည်နယ် ဆယ့်သုံးခု ရှိရာ အရပ်ဆီသို့ အလိုအလျောက် လှမ်းကြည့်လိုက်မိရာ... သူ၏ မျက်ဝန်းများမှာ အနည်းငယ် မှိုင်းညို့သွားရတော့၏။