← Chapters

အခန်း (၄၉၉-၅၀၁)

Vol. 34 Ch. 499-501

အခန်း (၄၉၉-၅၀၁)

Vol. 34 Ch. 499-501

အခန်း (၄၉၉) ခရီးစဉ်စတင်ခြင်း၊ လျှို့ဝှက်ဆန်းကြယ်နိုင်ငံတော်၏ ကြယ်လေးပွင့်အဆင့် တိုးမြှင့်ခြင်း အခမ်းအနား

~အကြောင်းရင်းကို သေသေချာချာ မသိရသော်ငြား ယဲ့ဖုန်းသည် အန္တရာယ်တစ်ခုခု ကျရောက်လာတော့မည်ဟု အစဉ်အမြဲ ခံစားနေရသည်။

‘ငါ့ရဲ့ လက်ရှိစွမ်းအားကို အပြည့်အဝ ထုတ်သုံးမယ်ဆိုရင်... ဟင်းလင်းပြင်ဖြိုခွဲ အဆင့် အောက်က ဘယ်ကျင့်ကြံသူကိုမဆို တိုက်ရိုက်ရင်ဆိုင်နိုင်စွမ်း ရှိနေပြီပဲ’

‘ဒါပေမဲ့ စိတ်ထဲမှာ တစ်ခုခုကို စိုးထိတ်နေတုန်းပဲ။ ဒါက ဟင်းလင်းပြင်ဖြိုခွဲ အဆင့်ရှိတဲ့ ဧကရာဇ်တစ်ပါးပါး ပေါ်လာတော့မယ့် အတိတ်နိမိတ်များလား...’

ယဲ့ဖုန်းသည် နက်နက်နဲနဲ စဉ်းစားခန်းဝင်သွားရ၏။

သူသည် မြူခိုးတောင်ထိပ်ပေါ်တွင် လူးလာခေါက်တုံ့ လျှောက်လှမ်းနေရင်း... မကြာမီကျင်းပတော့မည့် ကြယ်အဆင့်တိုးမြှင့်ခြင်း အခမ်းအနားမှာ အေးအေးချမ်းချမ်း ပြီးဆုံးသွားလိမ့်မည်မဟုတ်ကြောင်း အလိုလို သိမြင်နေမိသည်။

သို့သော် မြူခိုးတောင်ထိပ်တွင် နေရာရွှေ့ပြောင်းခြင်းဝင်္ကပါ ရှိနေသဖြင့်... အန္တရာယ်ကြုံလာပါက မျက်စိတစ်မှိတ်အတွင်း ဂိုဏ်းသို့ ပြန်လည်ရောက်ရှိနိုင်သည်ဟူသော အချက်က သူ၏ စိုးရိမ်ပူပန်မှုများကို အနည်းငယ် ပြေလျော့သွားစေခဲ့၏။

‘ဖြစ်ချင်ရာဖြစ်လေစွ..’

‘စစ်သည်လာရင် ဗိုလ်နဲ့ခံမယ်... ရေလာရင် မြေနဲ့တားမယ်ပေါ့’

သူက ရေရွတ်လိုက်သည်။

ယဲ့ဖုန်းသည် အပန်းဖြေကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်ပြီး... ပျော်ရွှင်ခြင်းရေ ကို တစ်ငုံသောက်ကာ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်လေတော့၏။

...

လျှို့ဝှက်ဆန်းကြယ်နိုင်ငံတော် ကြယ်အဆင့် တိုးမြှင့်မည့် သတင်းမှာ အရပ်မျက်နှာအနှံ့ သတင်းပေါက်နေသည်မှာ ကြာပြီ ဖြစ်၏။

မိုင်တစ်သိန်းပတ်လည်အတွင်းရှိ ကြယ်နှစ်ပွင့်အဆင့် အင်အားစုအားလုံးနီးပါး ဖိတ်စာများ လက်ခံရရှိထားကြသည်။

ကြယ်တစ်ပွင့်အဆင့် အင်အားစုများထဲမှမူ... အလွန်နည်းပါးသော အရေအတွက်သာ ဖိတ်ကြားခံရခြင်းဖြစ်၏။

ထိုသူများမှာလည်း များသောအားဖြင့် လျှို့ဝှက်ဆန်းကြယ်နိုင်ငံတော်အတွင်းရှိ ဒေသခံ အင်အားစုများသာ ဖြစ်ကြသည်။

ထိုနေ့ နံနက်ခင်းဝယ်။

ယဲ့ဖုန်းသည် အိပ်ရာမှ နိုးထလာခဲ့တော့၏။

‘ဒီနေ့က လျှို့ဝှက်ဆန်းကြယ်နိုင်ငံတော်ရဲ့ ကြယ်အဆင့်တိုးမြှင့်ခြင်း အခမ်းအနားနေ့ပဲ။ အန္တရာယ် တစ်ခုခုများ ရှိလာမလား မသိဘူးနော်...’ ဟု သူက တွေးတောနေမိ၏။

သူသည် သမ်းဝေလိုက်ရင်း ကိုယ်လက်သန့်စင်ပြီးနောက်... ဂိုဏ်း၏ အဓိကလေ့ကျင့်ရေးကွင်းပြင်ရှေ့တွင် မားမားမတ်မတ် ရပ်လိုက်သည်။

ကွင်းပြင်တစ်ခုလုံးတွင် တပည့်ပေါင်း တစ်ထောင်ကျော် စုရုံးရောက်ရှိနေကြတော့၏။

“ငါ ဂိုဏ်းချုပ်အနေနဲ့... နိုင်ငံတော်ရဲ့ ကြယ်လေးပွင့်အဆင့် တိုးမြှင့်ခြင်းအခမ်းအနားကို တက်ရောက်ဖို့ နန်းမြို့တော်ကို သွားရမယ်။ ဂိုဏ်းသားအားလုံးကို ခေါ်သွားချင်ပေမဲ့... ဖိတ်စာမှာ လူ (၁၀) ယောက်ပဲ လိုက်ပါခွင့်ရှိတယ်လို့ ကန့်သတ်ထားတယ်လေ” ဟု သူက အသံလွှင့်ကာ ကြေညာလိုက်သည်။

“ဒါကြောင့်မလို့... အခု ငါ နာမည်ခေါ်တဲ့သူတွေပဲ ငါနဲ့အတူ လိုက်ခဲ့ကြရမယ်”

“လီဇီလုံ၊ ကုန်းချင်းချိုး၊ ဟူဖေးဖေး၊ မိုယင်၊ ရှီလေ့၊ ဟိုယွင်ကျဲ၊ ချောင်ကျားရှီး၊ လျန်ဝမ်ဖန်း၊ လုံထျန်းရှင်း၊ လီကျောက်ကျောက်”

ယဲ့ဖုန်းသည် စုစုပေါင်း နာမည် (၁၀) ခုကို ဖတ်ကြားလိုက်သည်။

ဝိညာဉ်သားရဲများနှင့် ပတ်သက်၍မူ... လောလောဆယ် ခေါ်မသွားရန် သူ ဆုံးဖြတ်လိုက်၏။

‘အထူးသဖြင့် တိုက်ခိုက်ရတာ ဝါသနာပါတဲ့ အစ်ကိုကြီး ခေါင်းပြား ဆိုရင်... ဒီလိုမျိုး အခမ်းအနားတွေနဲ့ လုံးဝ မသင့်တော်ဘူးလေ။

မဟုတ်ရင်တော့... အဲဒီကောင်လေးက ရူးသွပ်သွားပြီး ဘိုးဘေး လင်မြောင် ကိုပါ သွားပြီး စိန်ခေါ်နေရင် ကိစ္စတွေက တကယ့်ကို ရှုပ်ထွေးကုန်မှာပေါ့။’

သူနှင့်အတူ လိုက်ပါမည့် အဖွဲ့တွင် သူ..ယဲ့ဖုန်းအပါအဝင်... အကြီးအကဲ နှစ်ဦး၊ တပည့် ခုနစ်ဦး နှင့် အစောင့်အရှောက် တစ်ဦး ပါဝင်သည်။

ဂိုဏ်း၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန်အတွက် ယဲ့ဖုန်းသည် ကျင့်ကြံခြင်းအဆင့် မြင့်မားသော တပည့်များကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်၏။

မူလက ယဲ့ဖုန်းသည် လျန်ဝမ်ရူ နှင့် လျန်ဝမ်ယွီတို့ကိုပါ ခေါ်သွားရန် စီစဉ်ခဲ့သော်လည်း... သူမတို့မှာ ကံဆိုးစွာဖြင့် အဟန့်အတားတစ်ခုနှင့် ကြုံတွေ့နေရပြီး၊ လက်ရှိတွင် နတ်ဆိုးဘုရင်အဆင့်သို့ တက်လှမ်းနိုင်ရန် ဝိညာဉ်စွမ်းအင်စုစည်းခြင်းမျှော်စင်အတွင်း အသည်းအသန် ကြိုးစားနေကြသဖြင့် မလိုက်ပါနိုင်ခဲ့ချေ။

“ဟူး... ကျွန်တော်တို့တော့ မပါဘူးဗျာ..”

လိုက်ပါခွင့်မရသော တပည့်များမှာ စိတ်ပျက်အားငယ်သွားကြ၏။

ထိုအခိုက်အတန့်တွင် ယဲ့ဖုန်းက လက်ချောင်းကို တစ်ချက်တောက်လိုက်ရာ... လေ့ကျင့်ရေးကွင်းပြင်ရှေ့ရှိ တောင်နံရံကြီးပေါ်တွင် ဧရာမ ပုံရိပ်ယောင်ကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

သို့သော် ၎င်းကို အသက်မသွင်းရသေးသဖြင့် ပုံရိပ်ယောင်မှာ ဟာလာဟင်းလင်း ဖြစ်နေဆဲပင်။

“ဒါက နှစ်ဖက်မြင်မှန်ချပ် ပဲ။ ဒီမှန်ကနေတစ်ဆင့် နန်းမြို့တော်မှာ ကျင်းပနေတဲ့ အခမ်းအနားတွေကို မင်းတို့ အတိုင်းသား မြင်တွေ့နိုင်လိမ့်မယ်။ မင်းတို့တွေ လူကိုယ်တိုင် မရောက်နိုင်ပေမဲ့... ဒီနေ့ တစ်ရက်တော့ အနားယူရင်း ဒီကွင်းပြင်ထဲမှာပဲ အခမ်းအနားကို ထိုင်ကြည့်ကြပေါ့ကွ”

ယဲ့ဖုန်းက ဩဇာရျှိသာ အသံဖြင့် ကြေညာလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည့်အခါ တပည့်များမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားကြတော့၏။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်..”

သူတို့အားလုံး တညီတညွတ်တည်း အော်ဟစ် ကျေးဇူးတင်လိုက်ကြသည်။

သူတို့ လူကိုယ်တိုင် မသွားရသော်ငြား... ဤနှစ်ဖက်မြင်မှန်ချပ်မှတစ်ဆင့် အခမ်းအနားကို ကြည့်ရှုခွင့်ရခြင်းကလည်း အမြင်ကျယ်စေမည့် အတွေ့အကြုံသစ်တစ်ခုပင် မဟုတ်ပါလား။

“ကျန်တဲ့သူတွေ... ငါ့နောက်က လိုက်ခဲ့ကြစမ်း..”

ယဲ့ဖုန်းသည် ဝတ်ရုံလက်စကို ဝှေ့ယမ်းလိုက်ရာ... လီဇီလုံ၊ ကုန်းချင်းချိုး၊ မိုယင် နှင့် အခြားရွေးချယ်ခံရသူ (၁၀) ဦးတို့မှာ သူ၏ နောက်မှ နေ၍ နေရာရွှေ့ပြောင်းခြင်းဝင်္ကပါဆီသို့ ချက်ချင်း လိုက်ပါသွားကြလေတော့၏။

“ဝီ.....”

ဖြူဖွေးသောအလင်းတန်းတစ်ခု တောက်သွားခဲ့ပြီးနောက်... သူတို့ (၁၁) ဦးစလုံးမှာ ပျောက်ကွယ်သွားခဲ့တော့သည်။

လျှို့ဝှက်ဆန်းကြယ်နန်းမြို့တော်၏ ကောင်းကင်ယံထက်ဝယ်၊

လူ (၁၁) ဦးမှာ ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ပေါ်ထွက်လာခဲ့ကြ၏။

ယဲ့ဖုန်းသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ မလှမ်းမကမ်းတွင် မျောင်ယင်းလက်ဖက်ရည်ဆောင်ကို မြင်တွေ့လိုက်ရပြီး... လက်ဖက်ရည်ဆောင်၏ အပေါ်ဆုံးထပ်တွင် ရပ်နေသော လင်ယွဲ့၏ အကြည့်များနှင့် ဆုံမိသွားခဲ့သည်။

“ဂိုဏ်းချုပ်ယဲ့..”

လင်ယွဲ့သည် ယဲ့ဖုန်းကို မြင်သည်နှင့် တစ်ပြိုင်နက်... အပြေးအလွှား လာရောက်နှုတ်ဆက်လေတော့၏။

“တာအိုဆွေမျိုးစုဝင် လင်ယွဲ့... ဒီသူတွေကတော့ ကျွန်တော်တို့ မြူခိုးဂိုဏ်းက အကြီးအကဲတွေနဲ့ တပည့်တွေပဲ။ ကျွန်တော်နဲ့အတူ ကြယ်အဆင့်တိုးမြှင့်ခြင်း အခမ်းအနားကို တက်ဖို့ လိုက်လာကြတာလေ”

“ကျွန်မလည်း အဲဒီအခမ်းအနားကို တက်မှာပါရှင်” လင်ယွဲ့က စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်ပြီးမှ အတန်ကြာ တုံ့ဆိုင်းနေပြီးမှ မေးလိုက်သည်။

“ကျွန်မ ရှင့်တို့ကို လမ်းပြပေးရင်ကော ဘယ်လိုလဲဟင်”

“ဒါဆိုရင်တော့... အများကြီး ကျေးဇူးတင်ရမှာပေါ့ဗျာ”

ယဲ့ဖုန်းက ဝမ်းမြောက်စွာပင် သဘောတူလိုက်ပါ၏။

အားလုံးသည် လင်ယွဲ့၏နောက်မှ လိုက်ပါသွားကြသည်။

ဤတည်ငြိမ်ပြီး လှပကျော့ရှင်းလှသော မိန်းကလေးကို ကြည့်ရင်း... မိုယင်၊ ကုန်းချင်းချိုး၊ လျန်ဝမ်ဖန်း နှင့် အခြားသောမိန်းကလေးတပည့်များမှာ မျက်မှောင်အနည်းငယ် ကြုတ်သွားကြ၏။

ယဲ့ဖုန်းအပေါ် ထားရှိသော လင်ယွဲ့၏ အကြည့်များမှာ ထူးဆန်းနေသည်ဟု သူတို့ ခံစားမိနေခြင်းပင်။

‘ဒါက...

သူက ဂိုဏ်းချုပ်ကို အရူးအမူး စွဲလန်းနေတာများလား။

လူအုပ်ကြီးမှာ ထူးဆန်းသော မျက်နှာအမူအရာများ ဖြစ်ပေါ်နေကြတော့သည်။

ဒါက ဂိုဏ်းချုပ်ကို သဘောကျနေတဲ့ နောက်ထပ် မိန်းကလေးတစ်ယောက်များလား။

ဒါပေမဲ့ ဂိုဏ်းချုပ်ရဲ့ ခန့်ညားတဲ့ ရုပ်ရည်၊ ချမ်းသာကြွယ်ဝမှု၊ နှိမ့်ချတဲ့စိတ်ထားနဲ့ အံ့မခန်းစွမ်းအားတွေကို ထည့်တွက်မယ်ဆိုရင်တော့... သူ့မှာ ဒီလိုမျိုး တပည့်မတွေ များနေတာကလည်း သဘာဝကျပါတယ်လေ။’

ဤသို့ တွေးမိသည့်အခါ တပည့်များမှာ သိပ်ပြီး အံ့သြမနေတော့ချေ။

သို့သော် သူတို့နှစ်ဦးကြားတွင် တစ်စုံတစ်ခု ပတ်သက်လာနိုင်ခြေမှာမူ... သူတို့၏ အမြင်တွင် လုံးဝမရှိသလောက်ပင် ဖြစ်၏။

ဟိုယွင်ကျဲ ဆိုလျှင်လည်း ‘နှလုံးသားထဲမှာ မိန်းမမရှိမှ ဓားချက်က နတ်ဘုရားဆန်မှာ’ ဆိုသည့်အတိုင်း ကျင့်ကြံနေသူဖြစ်ပြီး... ဂိုဏ်းချုပ်ယဲ့ကလည်း ‘နှလုံးသားထဲမှာ မိန်းမမရှိမှ ဂိုဏ်းကို နတ်ဘုရားဆန်အောင် ဦးဆောင်နိုင်မှာ’ ဆိုသည့်အတိုင်း လုပ်ဆောင်နေသူ မဟုတ်ပါလား။

ဤလူနှစ်ယောက်မှာ... ဆန့်ကျင်ဘက်လိင်အပေါ် စိတ်ဝင်စားမှု အလွန် နည်းပါးပုံ ရသည်။

ထို့ကြောင့် လင်ယွဲ့၏ ခံစားချက်မှာ တစ်ဖက်သတ်အချစ်သာ ဖြစ်နိုင်ပေလိမ့်မည်။

လူအုပ်ကြီးမှာ ထိုသို့သာ တွေးတောမိကြပြီး... လင်ယွဲ့ကို ကြည့်သော သူတို့၏ အကြည့်များတွင် ကရုဏာသက်မှုများပါ ရောယှက်နေတော့၏။

‘ဟူး... ခင်ဗျား ဘယ်တော့မှ ဂိုဏ်းချုပ်ကို အမီလိုက်နိုင်မှာ မဟုတ်ပါဘူးဗျာ’

‘ဘာလို့လဲဆိုတော့... သူက မိန်းမတွေကို သဘောကျပုံ မရလို့ပဲ’

‘အာ... ဂိုဏ်းချုပ်က ယောကျာ်းတွေကိုလည်း သဘောကျပုံ မရပါဘူးလေ’

တပည့်များမှာ သူတို့ဘာသာ စိတ်ကူးယဉ်ကာ အမျိုးမျိုး ထင်ကြေးပေးနေကြလေတော့၏။

မကြာမီမှာပင် အခမ်းအနားကျင်းပမည့်နေရာသို့ ရောက်ရှိလာခဲ့ကြတော့သည်။

၎င်းမှာ နန်းမြို့တော်၏ ဗဟိုချက်တွင် တည်ရှိသော မိုင်ပေါင်းရာချီ ကျယ်ဝန်းသည့် ဧရာမကွင်းပြင် တစ်ခု ဖြစ်သည်။ မြေပြင်ကို ဖြူဖွေးလှသော ကျောက်စိမ်းပြားကြီးများဖြင့် ခင်းကျင်းထားပြီး... ကွင်းပြင်တစ်ခုလုံးတွင် တိုင်လုံးကြီးများစွာ စိုက်ထူထား၏။

တိုင်လုံးတစ်လုံးစီမှာ... အမြင့် ပေသုံးရာခန့်ရှိပြီး အချင်း ပေသုံးဆယ်ခန့် ကျယ်ဝန်းသည်။

ထိုတိုင်လုံးများပေါ်တွင် ရပ်လိုက်မည်ဆိုပါက... အောက်ခြေမြင်ကွင်းအားလုံးကို အထူးကောင်းမွန်စွာ မြင်တွေ့နိုင်မည် ဖြစ်၏။

“ဂိုဏ်းချုပ်ယဲ့... ဒီမှာ စုစုပေါင်း တိုင်လုံး (၉၉) တိုင် ရှိပါတယ်။ အဲဒါတွေက အထူးဧည့်သည်တော်တွေအတွက် သီးသန့် သတ်မှတ်ထားတာပါ”

လင်ယွဲ့က စတင် ရှင်းပြသည်။

“ရှင်က မူလနတ်ဘုရားအဆင့် မဟာတန်ခိုးရှင် တစ်ဦးဖြစ်တဲ့အတွက်... ရှင်နဲ့အတူပါလာတဲ့ အကြီးအကဲတွေ၊ တပည့်တွေ အားလုံး ဒီတိုင်လုံးတွေပေါ်မှာ ထိုင်လို့ ရပါတယ်”

“သြော်... မြူခိုးဂိုဏ်းအတွက် သတ်မှတ်ထားတဲ့ နေရာက တိုင်လုံးအမှတ် (၇၇) ထင်တယ်... ဟိုမှာလေ”

လင်ယွဲ့သည် ထိုနေရာအကြောင်းကို အလွန်နှံ့စပ်နေ၏။

ခဏအကြာတွင်...

သူမသည် ယဲ့ဖုန်းနှင့် အခြားသူများကို တိုင်လုံးတစ်ခုဆီသို့ ဦးဆောင်ခေါ်သွားသည်။

“မြူခိုးဂိုဏ်းက လေးစားအပ်ပါသော ဧည့်သည်တော်များကို ကြိုဆိုပါတယ်ရှင်”

နန်းတွင်းဝတ်စုံများကို ဆင်မြန်းထားသော မိန်းကလေးငယ်လေး နှစ်ဦးမှာ ချက်ချင်းပင် အရှေ့သို့ထွက်ကာ ကြိုဆိုနှုတ်ဆက်ကြ၏။ သူတို့နှစ်ဦးစလုံးထံမှ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့်၏ အရှိန်အဝါများ ထွက်ပေါ်နေသည်။

“အစေခံလေးတွေတောင် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့်မှာ ရှိနေတာဆိုတော့... တော်ဝင်မိသားစုရဲ့ အခြေခံအုတ်မြစ်က တကယ်ကို နက်နဲတာပဲဗျာ”

ယဲ့ဖုန်းက ချီးကျူးစကား ဆိုလိုက်သည်။

“ဂိုဏ်းချုပ်ယဲ့ကလည်း... ကျမတို့ကို မြှောက်စားလွန်းနေပါပြီရှင်”

အစေခံလေး နှစ်ဦးမှာ အလျင်အမြန်ပင် ဦးညွှတ်ဂါရဝပြုလိုက်ကြပြီး... အားလုံးကို သူတို့၏ ထိုင်ခုံနေရာများဆီသို့ လိုက်ပါပို့ဆောင်ပေးကြ၏။

တိုင်လုံး၏ ထိပ်တွင် လူ (၃၀) ခန့် ထိုင်နိုင်သော ဧရာမ စားပွဲဝိုင်းကြီးတစ်ခု ရှိနေသည်။

အားလုံး နေရာတကျ ထိုင်ပြီးသည့်အခါတွင်မူ ယဲ့ဖုန်းက -

“ငါ့မှာ ချိန်းထားတာလေး တစ်ခုရှိလို့... မင်းတို့ ဒီမှာပဲ ထိုင်နေကြနော်” ဟု မှာကြားလိုက်သည်။

စကားဆုံးသည်နှင့် တစ်ပြိုင်နက်... ယဲ့ဖုန်းသည် သူ၏ လက်ချောင်းကို တစ်ချက်တောက်လိုက်ရာ နှစ်ဖက်မြင်မှန်ချပ်ကြီး ပွင့်လာခဲ့ပြီး... ဤနေရာတွင် ဖြစ်ပျက်သမျှ အရာအားလုံးကို မြူခိုးဂိုဏ်းဆီသို့ တိုက်ရိုက် ထုတ်လွှင့်ပေးလိုက်လေတော့၏။

*

ထိုစဉ်၊ ဂိုဏ်း၏ အဓိကလေ့ကျင့်ရေးကွင်းပြင်ဝယ်၊

“မြန်မြန်ကြည့်ကြ... ပုံရိပ်တွေ လာနေပြီဟေ့..”

“မတိုးကြနဲ့လေ... မြန်မြန်ထိုင်ပြီး ကြည့်ကြရအောင်..”

တပည့်များမှာ မှန်ချပ်ပေါ်တွင် ပေါ်လာသော ပုံရိပ်များကို မြင်တွေ့လိုက်ရသည့်အခါ အံ့သြတကြီး အော်ဟစ်လိုက်ကြပြီး... သင့်တော်သော နေရာများတွင် အလျင်အမြန် ထိုင်ချလိုက်ကြကာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြလေတော့၏။

နန်းမြို့တော်ကွင်းပြင်ကြီးဝယ်။

လင်ယွဲ့သည် ယဲ့ဖုန်း၏နောက်သို့ အပြေးအလွှား လိုက်လာခဲ့သည်။

“ဂိုဏ်းချုပ်ယဲ့... ရှင်က အမှတ် (၇၇) ဧည့်သည်တော်ထိုင်ခုံမှာ မထိုင်ဘူးလားဟင်”

“မထိုင်တော့ပါဘူး...ကျွန်တော့်မှာ ချိန်းထားတဲ့သူ ရှိလို့လေ”

ယဲ့ဖုန်းသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ... နံပါတ် (၉) တိုင်လုံးပေါ်တွင် ထိုင်နေသော တတိယမင်းသား လင်လော့ထျန်း ကို မြင်တွေ့လိုက်ရသည်။

“ရှာတွေ့ပြီဗျ”

စကားဆုံးသည်နှင့် တစ်ပြိုင်နက်... သူသည် ဟင်းလင်းပြင်နေရာရွှေ့ပြောင်းခြင်းကို အသက်သွင်းလိုက်လေတော့၏။

“ဝှစ်..”

သူ ပြန်လည်ပေါ်ထွက်လာချိန်တွင်မူ... ယဲ့ဖုန်းသည် နံပါတ် (၉) တိုင်လုံးပေါ်ရှိ တတိယမင်းသား၏ ဘေးနားတွင် သက်တောင့်သက်သာ ထိုင်နေခဲ့ပြီ ဖြစ်သည်။

“ဝါး.....”

“ဂိုဏ်းချုပ်ယဲ့ ရောက်လာပြီဟေ့”

“ကြိုဆိုပါတယ်... ကြိုဆိုပါတယ်ဗျာ”

ပါရမီရှင်စာရင်း၏ ကျန်ရှိနေသော အမြဲတမ်းအကဲဖြတ်အကြီးအကဲ ကိုးဦးမှာ နေရာယူထားကြပြီး ဖြစ်သလို... ပုံမှန်အားဖြင့် နေရာမယူတတ်သော တတိယမင်းသား၏ အစောင့်အရှောက် မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုမှာလည်း... ယခုတစ်ကြိမ်တွင်တော့ မင်းသား၏ဘေးတွင် ဝင်ရောက်ထိုင်နေခဲ့တော့၏။

“ဂိုဏ်းချုပ်ယဲ့... နောက်ဆုံးတော့ ရောက်လာပြီပေါ့”

တတိယမင်းသားသည် ယဲ့ဖုန်းအား လက်ဖဝါးနှစ်ဖက် ဆုပ်လျက် နှုတ်ဆက်လိုက်သည်။

“ခုလေးတင်ပဲ ရောက်တာပါ... တပည့်တွေကို နေရာချပေးပြီးတာနဲ့ ချက်ချင်းလာခဲ့တာလေ”

ယဲ့ဖုန်းက ခေါင်းညိတ်ပြလိုက်ပြီး... လှည့်ကာ ကီလိုမီတာ အနည်းငယ် ဝေးကွာသော နေရာရှိ လင်ယွဲ့အား ခေါင်းညိတ် အချက်ပြလိုက်သည်။

“ဝှစ်..”

လင်ယွဲ့သည် ပျံသန်းရောက်ရှိလာခဲ့တော့၏။

သူမသည် နံပါတ် (၉) တိုင်လုံးပေါ်သို့ ဆင်းသက်လိုက်ပြီး... ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ ယဲ့ဖုန်း၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။

ထိုမြင်ကွင်းကြောင့် တတိယမင်းသား၏ နှုတ်ခမ်းများမှာ တဆတ်ဆတ် တုန်ရီသွားခဲ့ရသည်။

သို့သော် သူသည် ဝင်ရောက် မစွက်ဖက်ရဲချေ။

လင်ယွဲ့ကို ကြည့်နေကြသော အခြားသော အမြဲတမ်းအကဲဖြတ်အကြီးအကဲ ကိုးဦးမှာလည်း မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားကြသော်ငြား မည်သည့်စကားမျှတော့ မပြောခဲ့ကြချေ။

‘ကြည့်ရတာ... နတ်သမီး လင်ယွဲ့ ရဲ့ နောက်‌ခံက သာမန်တော့ မဟုတ်ဘူးပဲ’

ယဲ့ဖုန်းသည် လင်ယွဲ့ ရောက်လာသည်ကို သတိထားမိလိုက်ပြီး မေးလိုက်သည်။

“ခင်ဗျားရဲ့ မျိုးရိုးကလည်း ‘လင်’ ဆိုတော့... ခင်ဗျားက တော်ဝင်မိသားစုက မင်းသမီး တစ်ပါးများလားဗျ”

လင်ယွဲ့သည် ချက်ချင်း မဖြေကြားဘဲ ခေါင်းကိုသာ ငုံ့ထားသည်။

အချိန်အတန်ကြာမှသာ...

သူမသည် တိုးညှင်းလှသော အသံဖြင့် -

“အင်း...” ဟု ဖြေကြားလိုက်လေတော့၏။

ထိုစကားကို ကြားမှသာ ယဲ့ဖုန်း အရာအားလုံးကို သဘောပေါက်သွားခဲ့တော့သည်။

လင်ယွဲ့အနေဖြင့် ဝိညာဉ်ပင်လယ်အဆင့်ရှိ ကျင့်ကြံခြင်းစွမ်းအားမျှဖြင့်... မျောင်ယင်းလက်ဖက်ရည်ဆောင်ကို မည်သို့ ထိန်းချုပ်ထားနိုင်ပြီး၊ မရေမတွက်နိုင်သော လူငယ်သူရဲကောင်းများကို သူမအနားသို့ မည်သို့ ဆွဲဆောင်ထားနိုင်သနည်း ဆိုသည်ကိုပေါ့။

ထို့အပြင်... မည်သူမျှလည်း သူမကို လာရောက်ပြဿနာမရှာရဲခဲ့ကြသည် မဟုတ်ပါလား။

အဖြစ်မှန်မှာမူ... လင်ယွဲ့၏ နောက်ခံကြောင့်သာ ဖြစ်နေခဲ့ခြင်းပင်။

ဤအချက်ကို ယဲ့ဖုန်းအနေဖြင့် အစကတည်းက သံသယရှိခဲ့ဖူးပါသည်။

အခန်း (၅၀၀) အခမ်းအနားတွင် နှောင့်ယှက်ခံရခြင်း၊ သစ်ပင်နတ်ဆိုးဘိုးဘေး၏ ဝိညာဉ်ခွဲ

~“တကယ်တော့ ဒါကို ကျွန်တော် ကြိုတွေးမိနေတာ ကြာပါပြီ”

ယဲ့ဖုန်းက တိုးညှင်းစွာ ရေရွတ်လိုက်သည်။

စာအုပ်ပေါင်းများစွာ ဖတ်ဖူးသည့် ကူးပြောင်းလာသူတစ်ဦးအနေဖြင့် လင်ယွဲ့၏ ဇာစ်မြစ်ကို သူ ဘာကြောင့် မခန့်မှန်းနိုင်ဘဲ နေမည်နည်း။

အမှန်တကယ်တွင် လင်ယွဲ့က သူမ၏ မျိုးရိုးအမည်ကို ထုတ်ဖော်ပြောလိုက်ကတည်းက ယဲ့ဖုန်း၏ ရင်ထဲတွင် သံသယများ စတင်ဝင်ရောက်နေခဲ့ခြင်း ဖြစ်၏။

အကယ်၍ သူမသာ တော်ဝင်မိသားစုမှ မင်းသမီးတစ်ပါး မဟုတ်ခဲ့လျှင်... ဝိညာဉ်ပင်လယ်အဆင့် ကျင့်ကြံခြင်းစွမ်းအားမျှဖြင့် မျောင်ယင်းလက်ဖက်ရည်ဆောင်ကို မည်သို့ ကာကွယ်ထားနိုင်မည်နည်း။

လင်ယွဲ့သည် အသက်ရှူပင် မှားသွားရသည်။

“ဂိုဏ်းချုပ်ယဲ့က... တကယ်ပဲ ကျွန်မရဲ့ အထောက်အထားကို အစကတည်းက သိနေခဲ့တာလားဟင်”

သူမသည် ရှည်လျားသော မျက်တောင်လေးများကို တဖျပ်ဖျပ်ခတ်ရင်း... မျှော်လင့်ချက်အပြည့်ရှိသော မျက်ဝန်းများဖြင့် ယဲ့ဖုန်းကို ကြည့်ကာ မေးလိုက်သည်။

“ဒါဆိုရင်... ကျွန်မ ဂိုဏ်းချုပ်ယဲ့ရဲ့ ဘေးမှာ ထိုင်လို့ ရမလားရှင်”

“ခင်ဗျား သဘောပါပဲ”

ယဲ့ဖုန်းက မငြင်းဆန်ခဲ့ချေ။

သူသည် မိန်းကလေးများနှင့် နီးကပ်စွာနေရန် စိတ်မပါသော်လည်း... လှပသောမိန်းကလေးတစ်ဦး သူ၏ဘေးတွင် ထိုင်နေခြင်းက တတိယမင်းသား၊ ရှုချန်ကျွင်း နှင့် အခြားသော အကဲဖြတ်အကြီးအကဲ အဘိုးကြီးများကြားတွင် ထိုင်နေရသည်ထက် အများကြီး ပိုသာသည် မဟုတ်ပါလား။

အလှအပဆိုသည်မှာ ကြည့်ရသူကို မျက်စိပသာဒ ဖြစ်စေရုံသာမက... စိတ်ကျန်းမာရေးနှင့် ရုပ်ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူပြု၏။

“ကျေးဇူးတင်ပါတယ်ရှင်..”

လင်ယွဲ့သည် သူမ၏ ရင်ထဲတွင် နွေးထွေးသွားသကဲ့သို့ ခံစားလိုက်ရပြီး ခေါင်းကို အနည်းငယ် ငုံ့ချလိုက်သည်။

သူမမှာ အနည်းငယ် ရှက်သွေးဖြာနေသည့်ဟန် ပေါက်နေ၏။

တတိယမင်းသားမှာမူ လင်ယွဲ့၏ ဤကဲ့သို့သော အမူအရာမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့သဖြင့် သောက်လက်စ လက်ဖက်ရည်များပင် သီးမတတ် ဖြစ်သွားရသည်။

‘ဒါ... ပထမမင်းသမီးက ဂိုဏ်းချုပ်ယဲ့ကို တကယ်ပဲ မျက်စိကျနေတာလား..’

‘သေချာတာပေါ့..’

‘ဂိုဏ်းချုပ်ယဲ့ရဲ့ ကျင့်ကြံခြင်းက နက်နဲတယ်၊ စွမ်းအားကလည်း အံ့မခန်းပဲ၊ ပြီးတော့ ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်လည်း ဖြစ်သေးတယ်လေ။ ငါသာ မိန်းမတစ်ယောက် ဖြစ်မယ်ဆိုရင်တောင်... သူ့ကို သေချာပေါက် သဘောကျမိမှာပဲ’

တတိယမင်းသား၏ ဦးနှောက်မှာ အလျင်အမြန်ပင် အလုပ်လုပ်နေလေတော့၏။

‘ဒါ့အပြင်... ငါနဲ့ ပထမမင်းသမီးကြားက ဆက်ဆံရေးကလည်း မဆိုးဘူးလေ။ ငါသာ ဒီအဆက်အသွယ်ကို သုံးပြီး ဂိုဏ်းချုပ်ယဲ့နဲ့ ဆက်ဆံရေးကို ပိုခိုင်မာအောင် လုပ်နိုင်မယ်ဆိုရင်... တကယ်ကို မဆိုးလှပါဘူး’

ဤသို့ တွေးမိသည်နှင့် တတိယမင်းသားသည် နှုတ်ဆိတ်သွားခဲ့တော့၏။

သူ၏ ရင်ထဲတွင်မူ လင်ယွဲ့ နှင့် ယဲ့ဖုန်း တို့မှာ လိုက်ဖက်ညီလှသော စုံတွဲတစ်တွဲအဖြစ် သတ်မှတ်ပြီးသား ဖြစ်နေသည်။

‘ဟီး ဟီး..’

‘နောင်တစ်ချိန် ငါ ဧကရာဇ်အသစ်အဖြစ် နန်းတက်တဲ့အခါ... ပထမမင်းသမီးနဲ့ ဂိုဏ်းချုပ်ယဲ့ရဲ့ ထောက်ခံမှုကိုသာ ရထားမယ်ဆိုရင်... ငါ့ရဲ့ အာဏာစက်ကို သေချာပေါက် ခိုင်မာအောင် တည်ဆောက်နိုင်မှာပဲ’

တတိယမင်းသားမှာ နေ့ခင်းကြောင်တောင် အိမ်မက်များ စတင် မက်နေလေတော့၏။

ထိုင်ခုံများတွင်မူ...

ယဲ့ဖုန်းသည် ပတ်ဝန်းကျင်ကို မျက်လုံးကစားကြည့်လိုက်သည်။

ကျယ်ပြောလှသော ကွင်းပြင်ကြီးမှာ ကျင့်ကြံသူများဖြင့် ပြည့်နှက်နေခဲ့တော့၏။

အထူးဧည့်သည်တော်များအတွက် သီးသန့်သတ်မှတ်ထားသော ဧရာမ ကျောက်တိုင်ကြီးများပေါ်တွင် လူများ စတင် နေရာယူနေကြပြီ ဖြစ်၏။

ထိုသူများထဲတွင် ရင်းနှီးသော မျက်နှာများလည်း ပါဝင်နေသည်။

“ဂါရဝပြုပါတယ် ဂိုဏ်းချုပ်ယဲ့..”

ပေလျန်မြို့စား တင်းချန်၊ မြို့စားငယ် တင်းချင့်၊ ကျုံးယွမ်မြို့စား နှင့် တောင်ပိုင်းမင်နိုင်ငံတော်မှ အခြားသော ဧည့်သည်တော်များသည် ကျောက်တိုင် တစ်ခုတည်းပေါ်တွင် အတူတကွ နေရာယူထားကြ၏။

အနည်းငယ် ဝေးကွာသော နေရာတွင်မူ...

တာ့လျန်နတ်ဆိုးနိုင်ငံ မှ တော်ဝင်မိသားစုဝင်များလည်း ရောက်ရှိနေကြတော့သည်။

သူတို့ထဲတွင် တာ့လျန်ဧကရီလည်း ပါဝင်နေ၏။

သူမသည် လရောင်ပမာ ဖြူဖွေးလှသော ခမ်းနားထည်ဝါသည့် ဝတ်စုံရှည်ကြီးကို ဆင်မြန်းထားပြီး... ဘုရင်မတစ်ပါး၏ ဘုန်းတန်ခိုးများ ထွက်ပေါ်နေသည်။

သူမသည် အဝေးမှနေ၍ ယဲ့ဖုန်းကို တစ်ချက်ကြည့်ကာ ခေါင်းညိတ် နှုတ်ဆက်လိုက်၏။

“ဂိုဏ်းချုပ်ယဲ့... ဘာလို့ တစ်ယောက်တည်း ရောက်နေတာလဲဟင်”

နောက်တစ်စက္ကန့်တွင် ယဲ့ဖုန်း၏ စိတ်အာရုံအတွင်းသို့ တာ့လျန်ဧကရီထံမှ အသိစိတ်ဝိညာဉ် သတင်းစကား ရောက်ရှိလာခဲ့သည်။

“တခြားသူတွေကတော့ အမှတ် (၇၇) ဧည့်သည်တော်ထိုင်ခုံမှာ ရှိနေကြပါတယ်” ဟု ယဲ့ဖုန်းက ပြန်လည် ဖြေကြားလိုက်၏။

တာ့လျန်ဧကရီသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ လျန်ဝမ်ဖန်း ကို တွေ့ရှိလိုက်သော်လည်း လျန်ဝမ်ရူ နှင့် လျန်ဝမ်ယွိတို့ကိုမူ မတွေ့ရချေ။

“ဟင်... ရှောင်ဖန်း က နတ်ဆိုးဘုရင်အဆင့် ကို တကယ်ပဲ အဆင့်ချိုးဖြတ်နိုင်ခဲ့တာလား..”

တာ့လျန်ဧကရီမှာ အံ့သြတကြီး ဖြစ်သွားရသည်။

ထိုအခါ၊ ယဲ့ဖုန်းက သတင်းစကား ပြန်ပို့လိုက်၏။

“တည်ငြိမ်စမ်းပါ... အံ့သြမနေနဲ့ဦး.. ကျန်တဲ့ နှစ်ယောက်ကတော့ လောလောဆယ် နတ်ဆိုးဘုရင်အဆင့်ကို တက်လှမ်းနိုင်ဖို့ တံခါးပိတ်ကျင့်ကြံနေကြလို့... လိုက်မလာနိုင်တာပါဗျ”

ထိုစကားကို ကြားလိုက်ရသည့်အခါ တာ့လျန်ဧကရီမှာ ပို၍ပင် မှင်သက်သွားရလေတော့၏။

လျန်ဝမ်ရူ ရော လျန်ဝမ်ယွိ ပါ အဆင့်ချိုးဖြတ်တော့မယ် ဟုတ်လား။ သူတို့ တာ့လျန်နတ်ဆိုးနိုင်ငံကနေ ထွက်ခွာသွားတာ မကြာသေးဘူးလေ... ဘယ်လိုလုပ်ပြီး ဒီလောက်အထိ တိုးတက်သွားရတာလဲ။

‘ကြည့်ရတာ... ဂိုဏ်းချုပ်ယဲ့က သူတို့ကို တကယ်ပဲ သေသေချာချာ သင်ကြားပေးခဲ့တာ ဖြစ်ရမယ်’

တာ့လျန်ဧကရီက တွေးတောလိုက်မိသည်။

“ဝရော …”

ကောင်းကင်ယံမှနေ၍ လှိုင်းတံပိုးများ ရိုက်ခတ်သံကဲ့သို့ ကျယ်လောင်လှသော အသံကြီးတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

လူတိုင်း မော့ကြည့်လိုက်ကြ၏။

တိမ်တိုက်များ ကောင်းကင်ယံမှ ဆင်းသက်လာခဲ့ပြီး... လူရိပ်အချို့ကို ပင့်ဆောင်လာခဲ့သည်။

ဦးဆောင်လာသူမှာမူ ဘိုးဘေး လင်မြောင် ပင် ဖြစ်၏။

သူသည် ဟင်းလင်းပြင်ပေါ်တွင် လမ်းလျှောက်လာပြီး လက်နှစ်ဖက်ကို နောက်ပစ်ထားသည်။

ရိုးရှင်းသော ဝတ်စုံကိုသာ ဆင်မြန်းထားသော်ငြား... သူ၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော ဟင်းလင်းပြင်ဖြိုခွဲ အဆင့် အရှိန်အဝါများက ကောင်းကင်နှင့် မြေကြီးကိုပင် ဖိနှိပ်ထားနိုင်စွမ်းရှိသည့် မိုင်ပေါင်း သောင်းချီ ကြီးမားသော ဓမ္မပုံရိပ် တစ်ခုအဖြစ် ကောင်းကင်ယံတွင် ပေါ်ထွက်လာခဲ့သည်။

သူ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ အာရုံစိုက်မှုကို ရရှိသွားခဲ့တော့၏။

“ဘိုးဘေး လင်မြောင် ပါလား..”

“မဟာအကြီးအကဲကြီး နောက်ဆုံးတော့ ပေါ်လာပြီပဲ”

“ကြည့်ရတာ ကြယ်အဆင့်တိုးမြှင့်ခြင်း အခမ်းအနားက တရားဝင် စတော့မယ်ထင်တယ်”

လူအုပ်ကြီးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားကြလေတော့၏။

“အားလုံးကို ကြိုဆိုပါတယ်ဗျာ..”

ဘိုးဘေး လင်မြောင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူသည် ပြုံးလျက် နှုတ်ခွန်းဆက်သလိုက်သည်။

သို့သော် သူ၏ နှုတ်ခမ်းများမှာ လှုပ်ရှားခြင်း မရှိချေ။ သူသည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို အသုံးပြု၍ အသံကို ဖန်တီးလိုက်ခြင်းဖြစ်ရာ... ၎င်းမှာ အလွန်လျင်မြန်စွာ ပျံ့နှံ့သွားပြီး လူတိုင်း၏ စိတ်အာရုံအတွင်း၌ ကြည်လင်ပြတ်သားစွာ ပဲ့တင်ထပ်သွားခဲ့၏။

“လာရောက်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်”

“ကျုပ်ကတော့ ဘိုးဘေး လင်မြောင် ပါ... လျှို့ဝှက်ဆန်းကြယ်နိုင်ငံတော် တစ်ခုလုံးကို ကိုယ်စားပြုပြီးတော့... ဒီကို ရောက်နေကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်”

“...”

ထိုနောက်တွင်တော့ အခမ်းအနားဆိုင်ရာ နှုတ်ခွန်းဆက်စကားများ အစီအစဥ် အလိုက် ထွက်ပေါ်လာခဲ့သည်။

ထိုသို့ ပြောဆိုနေသည်မှာ နာရီဝက်ခန့်ပင် ကြာမြင့်သွားခဲ့တော့၏။

ယဲ့ဖုန်းမှာမူ နားထောင်လွန်း၍ နားထဲတွင် အသားမာပင် တက်မတတ် ဖြစ်နေရရှာသည်။

သူသည် ခေါင်းငုံ့ကြည့်လိုက်မိ၏။

စားပွဲပေါ်ရှိ ဟင်းလျာများမှာလည်း အေးစက်နေပြီကို မြင်တွေ့လိုက်ရသည့်အခါ ယဲ့ဖုန်းမှာ အလွန် နှမြောတသ ဖြစ်သွားရသည်။

“ကဲ... အားလုံးပဲ သုံးဆောင်ကြပါဦးဗျာ..”

နောက်ဆုံးတွင်တော့ ဘိုးဘေး လင်မြောင်၏ နှုတ်ခွန်းဆက်စကားများ ပြီးဆုံးသွားခဲ့တော့၏။

စကားဆုံးသည်နှင့် တစ်ပြိုင်နက်... ယဲ့ဖုန်းသည် အလျင်အမြန်ပင် တူကို ကောက်ကိုင်ကာ ဟင်းများကို စတင် စားသောက်ပါတော့သည်။

စားပွဲဝိုင်းရှိ အခြားသော အကဲဖြတ်အကြီးအကဲများမှာလည်း ဂုဏ်ပြုဖန်ခွက်များကို မြှောက်ကာ အောင်ပွဲခံနေကြ၏။

*

မြူခိုးဂိုဏ်းဝယ်မူ၊

တပည့်များမှာ ဂိုဏ်း၏ အဓိကလေ့ကျင့်ရေးကွင်းပြင်တွင် ထိုင်နေကြရင်း... ဘိုးဘေး လင်မြောင်၏ နာရီဝက်ကျော်ကြာ ဂုဏ်ပြုစကားများကို နားထောင်နေရသဖြင့် အိပ်ငိုက် နေကြတော့၏။

“ဒါကို ကြယ်အဆင့်တိုးမြှင့်ခြင်း အခမ်းအနား လို့ ခေါ်တာလားဗျာ”

“နောက်တစ်ခါ ဒီလိုမျိုး အခမ်းအနားတွေ ရှိရင်တော့... ငါ လုံးဝ မကြည့်တော့ဘူး”

“ဟုတ်ပါ့ဗျာ... တကယ့်ကို စကားတွေ အရမ်းများတာပဲ..”

တပည့်များမှာ တစ်ယောက်တစ်ပေါက်နှင့် ညည်းညူနေကြ၏။

“နောက်တစ်ခါ ဟုတ်လား...”

“ဟီး ဟီး ဟီး... မင်းတို့ မြူခိုးဂိုဏ်း အတွက်တော့ 'နောက်တစ်ခါ' ဆိုတာ ရှိတော့မှာ မဟုတ်ဘူး..”

ရုတ်တရက်ဆိုသလို... ခြောက်ခြားဖွယ် အသံ တစ်သံ ကောင်းကင်ယံမှ ထွက်ပေါ်လာခဲ့ပြီး လူတိုင်းကို ကျောရိုးစိမ့်သွားစေခဲ့သည်။

ဂိုဏ်းတွင် ကျန်ရစ်ခဲ့သော တပည့်များနှင့် တာဝန်ခံများ အားလုံး မော့ကြည့်လိုက်ကြ၏။

... ပေပေါင်း သောင်းချီ မြင့်မားသော ကောင်းကင်ယံထက်တွင် ၊ နွယ်ပင်များ ရစ်ပတ်ထားသော ဧရာမ ပုဆိန်ကြီးတစ်လက်ကို ကိုင်ဆောင်ထားသည့်၊ ချပ်ဝတ် ဆင်မြန်းထားသော အလွန်တရာ လှပပြီး ညှို့ယူဖမ်းစားနိုင်စွမ်းရှိသည့် မိန်းကလေးတစ်ဦးကို မြင်တွေ့လိုက်ရသည်။

သူမသည် နှုတ်ခမ်းကို တွန့်ကွေးကာ ပြုံးလိုက်၏။

သူမ၏ နီရဲနေသော မျက်ဝန်းများအတွင်း၌မူ ရက်စက်ယုတ်မာမှုများမှာ လျှံကျမတတ် ပြည့်နှက်နေတော့၏။

“ဒါ... မဟန်တော့ဘူး၊ အဲဒါ မီးခိုးရောင်နွယ်ပင် နတ်သမီးပဲ..”

လူအုပ်ကြီးထဲမှ ချူယွင်အာ သည် ရောက်ရှိလာသူမှာ မည်သူဖြစ်ကြောင်း မှတ်မိသွားခဲ့သည်။

သူမသည် စိတ်လှုပ်ရှားစွာဖြင့် ကျောက်စိမ်းပြားတစ်ခုကို ချက်ချင်းပင် ဆုပ်ခြေလိုက်သည်။

၎င်းမှာ ယဲ့ဖုန်းထံသို့ အရေးပေါ် သတင်းပို့သည့် အရာပင် ဖြစ်၏။

“အိုး... မင်းက ငါ့ကို မှတ်မိနေတာပဲ။ မဆိုးဘူး... မဆိုးဘူး။ ဒါဆိုရင် မင်းကိုပဲ အရင်ဆုံး သတ်ပေးရမှာပေါ့... ဟား ဟား ဟား.....”

မီးခိုးရောင်နွယ်ပင် နတ်သမီးက ရက်စက်စွာ ဟားတိုက် ရယ်လိုက်သည်။

နောက်တစ်စက္ကန့်တွင်...

မူလနတ်ဘုရားအဆင့် အထွတ်အထိပ်၏ အရှိန်အဝါများမှာ ကပ်ဘေး မုန်တိုင်းကြီးတစ်ခုအလား ဆင်းသက်လာခဲ့ပြီး... မြူခိုးဂိုဏ်း၊ ရေပေါ်ဖြူမြို့တော် နှင့် မိုင်ရာချီ ပတ်ဝန်းကျင် တစ်ခုလုံးကို မျက်စိတစ်မှိတ်အတွင်း ဖိနှိပ်ပစ်လိုက်လေတော့၏။

လူတိုင်းမှာ မြေပြင်ပေါ်တွင် မှောက်လျက်သား ဖြစ်သွားကြပြီး ကောင်းကင်ယံကိုသာ ငေးကြည့်နေနိုင်ကြတော့သည်။

ထိုအခိုက်အတန့်တွင် သူတို့အားလုံးမှာ သေခြင်းတရားနှင့် ရင်ဆိုင်နေရသကဲ့သို့... မျှော်လင့်ချက်ကင်းမဲ့မှု နှင့် အစွမ်းမဲ့မှုများကိုသာ ခံစားနေရလေတော့၏။

...

နန်းမြို့တော်။

ယဲ့ဖုန်း၏ အကြည့်များမှာ ရုတ်တရက် စူးရှသွားခဲ့သည်။

“တကယ်ကို ရိုင်းစိုင်းလွန်းတယ်... ငါ မရှိတဲ့အချိန်ကို ကြည့်ပြီး ခိုးကြောင်ခိုးဝှက် လာတိုက်ရဲတယ်ပေါ့လေ..”

သူသည် ရုတ်တရက် မတ်တတ်ရပ်လိုက်ရင်း သူ၏ ဝိုင်ဖန်ခွက်ကို အားကုန် ပေါက်ခွဲပစ်လိုက်သည်။

ဖန်ခွက်ကွဲသံမှာ စူးရှစွာ ထွက်ပေါ်သွားခဲ့တော့၏။

ပတ်ဝန်းကျင်ရှိ လူအားလုံးမှာ သူတို့၏ အာရုံများကို ယဲ့ဖုန်းထံသို့ လှည့်လိုက်ကြ၏။

“ဂိုဏ်းချုပ်ယဲ့... ရှင်...”

တတိယမင်းသားက တစ်စုံတစ်ခုကို စတင် ပြောဆိုရန် ကြိုးစားလိုက်စဉ်...

“ဝုန်း..”

ကောင်းကင်ယံတွင် ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေနိုင်သော ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီး တစ်ခု ရုတ်တရက် ပဲ့တင်ထပ်သွားခဲ့သည်။ ဘိုးဘေး လင်မြောင်၏ မိုင်ပေါင်း သောင်းချီ ကြီးမားသော ဓမ္မပုံရိပ်ကြီးပင်လျှင် နောက်သို့ ဆုတ်သွားခဲ့ရရာ... ထိုနေရာရှိ လူတိုင်းမှာ အလွန်အမင်း ထိတ်လန့်သွားကြရသည်။

“ရွှပ်..*”

ကောင်းကင်ကြီးမှာ ဧရာမ လက်တစ်စုံဖြင့် ဆွဲဖြဲခံလိုက်ရသည့်အလား နှစ်ခြမ်းကွဲသွားခဲ့တော့၏။

နွယ်ပင်များဖြင့် ဖုံးလွှမ်းနေသော ရှေးဟောင်း ပုံရိပ်ကြီးတစ်ခုမှာ ထိုအက်ကြောင်း အတွင်းမှနေ၍ ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ၏ ဖိနှိပ်မှု အရှိန်အဝါများမှာ မျက်စိတစ်မှိတ်အတွင်း နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့လေတော့၏။

ဘိုးဘေး လင်မြောင် ပင်လျှင် ထိုသူကို မြင်လိုက်ရသည့်အခါ... သူ၏ တည်ငြိမ်နေသော မျက်နှာထားမှာ ချက်ချင်းပင် မှိုင်းညို့သွားခဲ့ရသည်။

ရောက်ရှိလာသူမှာလည်း ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ရှိသူ တစ်ဦးပင် မဟုတ်ပါလား..။

ထို့အပြင်... သူ၏ မူလ ကျင့်ကြံခြင်းအဆင့်မှာ အလွန် မြင့်မားလှပြီး အနည်းဆုံး ဟင်းလင်းပြင်ဖြိုခွဲ အဆင့် တတိယအလွှာ တွင် ရှိနေပုံရသည်။ ယခု ရောက်ရှိလာသည်မှာ ဝိညာဉ်အပိုင်းအစ မျှသာ ဖြစ်သော်ငြား... ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ပထမအလွှာ ၏ အထွတ်အထိပ်နှင့် ရင်ဆိုင်နေရသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို ပေးစွမ်းနေသည်။

“နောက်ဆုံးတော့... ဒီနယ်မြေထဲကို ဖြတ်ကျော်ဝင်ရောက်နိုင်ခဲ့ပြီပဲ”

ထိုရှေးဟောင်း ပုံရိပ်ကြီးက တကိုယ်တည်း ပြောဆိုလိုက်၏။

သူ၏ အသံမှာ ကျယ်လောင်ခြင်း မရှိချေ။

သူ၏ လေသံမှာလည်း တည်ငြိမ်နေသည့်ဟန် ပေါက်နေသည်။

သို့သော် ထိုစကားသံများ လူတိုင်း၏ နားထဲသို့ ရောက်ရှိသွားသည့်အခါတွင်မူ... မိုးကြိုးများ ပစ်ချလိုက်သကဲ့သို့ ပြင်းထန်စွာ ပေါက်ကွဲထွက်သွားခဲ့လေတော့၏။

လူအများစုမှာ ထိုပုံရိပ်ကြီးကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက်... ပြန်လည် ခုခံလိုစိတ်များပင် လုံးဝ ပျောက်ကွယ်သွားခဲ့ရသည်။

မြူခိုးဂိုဏ်း။

ကောင်းကင်ယံရှိ မီးခိုးရောင်နွယ်ပင် နတ်သမီး ကို ကြည့်လိုက်၊ ပုံရိပ်ယောင် မှန်ချပ်ပေါ်ရှိ ရှေးဟောင်း ပုံရိပ်ကြီးကို ကြည့်လိုက်ဖြင့်... တပည့်များ၏ စိတ်ဓာတ်မှာ အကြီးအကျယ် ကျဆင်းသွားခဲ့ရသည်။

မြူခိုးဂိုဏ်း မှာ မီးခိုးရောင်နွယ်ပင် နတ်သမီး ၏ ဝိုင်းရံပိတ်ဆို့မှုကို ခံနေရတော့၏။

ဂိုဏ်းချုပ် ယဲ့ဖုန်းမှာမူ နန်းမြို့တော်တွင် ပိုမို ကြောက်မက်ဖွယ်ကောင်းသော လျှို့ဝှက်ဆန်းကြယ်သည့် ရန်သူတော်ကြီး နှင့် ထိပ်တိုက် ရင်ဆိုင်နေရသည် မဟုတ်ပါလား။

“အကုန်လုံး ပြီးသွားပြီဗျာ..”

“ဂိုဏ်းချုပ်က အချိန်မီ ပြန်မလာနိုင်တော့ဘူး..ငါတို့တော့ သေပြီ..”

တပည့်များ၏ မျက်နှာများမှာ သွေးဆုတ်သွားသကဲ့သို့ ဖြူရော်သွားခဲ့တော့၏။

လူအုပ်ကြီး အလယ်တွင်...

ဝမ်ရွှမ်ဖင်း ၏ မျက်နှာအမူအရာမှာလည်း အလွန် ဆိုးရွားနေသည်။

ဒီနေ့မှ သူသည် အုတ်သယ်ရသည့် တာဝန်မှ နောက်ဆုံးတွင် လွတ်မြောက်လာခဲ့ပြီး... မြူခိုးဂိုဏ်း အတွင်းသို့ တိတ်တဆိတ် ပြန်လည် ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်၏။ သို့သော် ဝင်ဝင်ချင်းမှာပင် ဤကဲ့သို့သော အဖြစ်အပျက်မျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

‘တောက်... ငါ မြူခိုးဂိုဏ်း ထဲကို မနည်း သူလျှိုဝင်ထားရတာကို... ဘာသတင်းမှတောင် မရသေးဘူး၊ သစ်ပင်နတ်ဆိုး မျိုးနွယ်စု နဲ့ လာတိုးရတယ်လို့..’

‘နန်းမြို့တော်ပေါ် ဆင်းသက်လာတဲ့ ပုံရိပ်က... သေချာပေါက် သစ်ပင်နတ်ဆိုး ဘိုးဘေး ရဲ့ ဝိညာဉ်ခွဲ ပဲ ဖြစ်ရမယ်။ သူ၏ မူလကိုယ်ခန္ဓာက ဟင်းလင်းပြင်ဖြိုခွဲ အဆင့် တတိယအလွှာ ကို ရောက်နေပြီဆိုတော့... လွယ်လွယ်နဲ့ ရန်စလို့ရတဲ့ သူမျိုး မဟုတ်ဘူး’

‘ကြည့်ရတာ... ယဲ့ဖုန်း ကတော့ ဒီနေ့ သေရတော့မှာပဲ’

ဝမ်ရွှမ်ဖင်း သည် ပုံရိပ်ယောင်ထဲရှိ ယဲ့ဖုန်းကို ကြည့်ရင်း... စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေမိသည်။

ဝမ်ရွှမ်ဖင်း ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်တော့၏။

အကယ်၍ မီးခိုးရောင်နွယ်ပင် နတ်သမီး က သူမကိုပါ သတ်ရန် ကြိုးစားမည် ဆိုပါက... သူသည် သူ၏ အသက်ကို ကယ်တင်ရန်အတွက် သူ့ကိုယ်သူ.. ဝိညာဉ်ဝါးမြို မျိုးနွယ်စုဝင် တစ်ဦး ဖြစ်ကြောင်းကို ချက်ချင်းပင် ဖွင့်ဟ ဝန်ခံလိုက်တော့မည် ဖြစ်၏။

သူ့အနေဖြင့် မြူခိုးဂိုဏ်း မှာတော့ အသေမခံနိုင်ပါလေ..။

အခန်း (၅၀၁) အကြွင်းမဲ့ ယုံကြည်မှု၊ ဂိုဏ်းသို့ ပြန်လည်ရောက်ရှိခြင်း နှင့် အစွမ်းထက်သော ရန်သူကို သတ်ဖြတ်ခြင်း

~လျှို့ဝှက်ဆန်းကြယ်နန်းမြို့တော်။

သစ်ပင်နတ်ဆိုးဘိုးဘေး၏ ဝိညာဉ်ခွဲသည် လက်နှစ်ဖက်ကို နောက်ပစ်ထားလျက် မျက်နှာဖြူရော်နေသော ဘိုးဘေး လင်မြောင်အား အထင်အမြင်သေးစွာ စိုက်ကြည့်နေ၏။

“ဟင်းလင်းပြင်ဖြိုခွဲ အဆင့်ကို ခုမှ စတင်ဝင်ရောက်လာတဲ့ ကျင့်ကြံသူလေး တစ်ယောက်အတွက် ငါ့ရဲ့ ကိုယ်ခန္ဓာအစစ် ပေါ်လာဖို့တောင် မလိုပါဘူး။ ငါ့ရဲ့ ဝိညာဉ်ခွဲလေး တစ်ခုတည်းနဲ့တင် မင်းကို ဖိနှိပ်ထားဖို့ လုံလောက်နေပြီလေ”

“ဟမ့်...”

ဘိုးဘေး လင်မြောင်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သော်လည်း ဘာမှ ပြန်လည်မချေပဘဲ နှုတ်ဆိတ်နေသည်။

ထိုအခိုက်အတန့်၌ ယဲ့ဖုန်းသည် မြူခိုးဂိုဏ်းသို့ ဆင်းသက်နေပြီဖြစ်သော မီးခိုးရောင်နွယ်ပင်နတ်သမီးအကြောင်းကို တွေးတောမိလိုက်ရာ သူ၏ မျက်နှာအမူအရာမှာ တင်းမာသွားခဲ့တော့၏။ သူသည် နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့တစ်ခုကို ချက်ချင်း ထုတ်ယူလိုက်၏။

အဆောင်လက်ဖွဲ့ထံမှ ထွက်ပေါ်လာသော သိမ်မွေ့လှသည့် ဟင်းလင်းပြင် အရှိန်အဝါကို သစ်ပင်နတ်ဆိုးဘိုးဘေး၏ ဝိညာဉ်ခွဲက ချက်ချင်း အာရုံခံမိသွားပြီး လှမ်းကြည့်လိုက်သည်။

သူတို့နှစ်ဦး၏ အကြည့်များမှာ ဆုံမိသွားကြတော့၏။

ယဲ့ဖုန်းသည် သူ၏ အသိစိတ်များမှာ တစ်ဖက်လူ၏ နက်ရှိုင်းလှသော အကြည့်များအတွင်းသို့ ဝါးမြိုခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသော်လည်း... နောက်တစ်စက္ကန့်တွင် သူ၏ ကိုယ်တွင်းမှ နွေးထွေးမှုတစ်ခု ထွက်ပေါ်လာပြီး ထိုဆိုးရွားလှသော အခြေအနေမှ ပြန်လည် လွတ်မြောက်လာခဲ့သည်။

ကြည့်ရတာ ဂိုဏ်း၏ ကံကြမ္မာ အထောက်အပံ့များက သူ့ကို ကူညီလိုက်ခြင်း ဖြစ်ရမည်။

“ဟင်...”

သစ်ပင်နတ်ဆိုးဘိုးဘေး၏ ဝိညာဉ်ခွဲထံမှ အံ့အားသင့်သံတစ်ခု ထွက်ပေါ်လာခဲ့၏။

တပိုင်း ဟင်းလင်းပြင်ဖြိုခွဲ အဆင့် အောက်ရှိ မည်သည့်ကျင့်ကြံသူမဆို သူနှင့် မျက်လုံးချင်းဆုံမိပါက သူ၏ နက်ရှိုင်းလှသော ဟင်းလင်းပြင် ဖြိုခွဲ အဆင့် စိတ်ဆန္ဒ၏ ဝါးမြိုခြင်းကို ခံရမည်သာ ဖြစ်သည်။

မထင်မှတ်ဘဲ ယဲ့ဖုန်းက ထိုအာရုံမှ လွတ်မြောက်သွားနိုင်သည် မဟုတ်ပါလော။

သစ်ပင်နတ်ဆိုးဘိုးဘေးသည် ယဲ့ဖုန်းအား အနည်းငယ် အထင်ကြီးသွားဟန်ဖြင့် စိုက်ကြည့်လိုက်ရင်း -

“မင်းက မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်း ဆိုတဲ့သူလား” ဟု တည်ငြိမ်စွာ မေးလိုက်သည်။

ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် တစ်နေရာလုံး အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့တော့၏။

ယဲ့ဖုန်းကိုယ်တိုင်ပင် အံ့သြသွားရသည်။

တစ်ဖက်လူက သူ့ကို သိနေတာလား။

“ဟမ့်... ပုံမှန်ဆိုရင်တော့ မင်းလို ပုရွက်ဆိတ်တစ်ကောင်ကို ငါ အာရုံစိုက်နေမှာ မဟုတ်ဘူး”

သစ်ပင်နတ်ဆိုးဘိုးဘေး၏ ဝိညာဉ်ခွဲက အေးစက်စွာ ပြောလိုက်၏။

“ဒါပေမဲ့... မီးခိုးရောင်နွယ်ပင်နတ်သမီး ဒီကမ္ဘာထဲကို ဝင်ဖို့ ကြိုးစားတဲ့ အကြိမ်တိုင်းမှာ မင်းက နှောင့်ယှက်ခဲ့တယ်လေ။ အခုတော့ မင်းက ငါတို့ သစ်ပင်နတ်ဆိုးမျိုးနွယ်စုရဲ့ သတ်ဖြတ်ရမယ့်စာရင်းထဲမှာ ပါနေပြီကွ”

သူသည် ယဲ့ဖုန်းအား သေလူတစ်ယောက်အလား စိုက်ကြည့်နေလေတော့သည်။

ထိုအချက်ကို ကြားလိုက်ရမှသာ ယဲ့ဖုန်း တစ်ခုခုကို သဘောပေါက်သွားခဲ့တော့၏။

သူသည် ခေါင်းကို မော့ကာ သစ်ပင်နတ်ဆိုးဘိုးဘေးအား မျက်တောင်မခတ်တမ်း ပြန်လည် စိုက်ကြည့်လိုက်ရင်း

“သတ်ဖြတ်ရမယ့်စာရင်း ဟုတ်လား”

“အဲဒီအတွက် ကျုပ်က ကျေးဇူးတင်ရမှာလား” သူက ခနဲ့တဲ့တဲ့ ပြန်ပြောလိုက်သည်။

ယဲ့ဖုန်း လက်ထဲရှိ နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး အချိန်မရွေး အသုံးပြုရန် အသင့်ပြင်ထားလိုက်၏။

အကယ်၍ သူသာ ပြန်မသွားပါက... မြူခိုးဂိုဏ်းမှာ ထိုရန်သူ၏ တိုက်ခိုက်မှုကို သေချာပေါက် မခုခံနိုင်ပါချေ။

သို့သော် သစ်ပင်နတ်ဆိုးဘိုးဘေး၏ ဝိညာဉ်ခွဲ ရှိနေသည့်အတွက်... သူ တကယ်ပဲ ဟင်းလင်းပြင်ကို ဖောက်ထွက်ပြီး နေရာရွှေ့ပြောင်းနိုင်ပါ့မလား။

ယဲ့ဖုန်းသည် သစ်ပင်နတ်ဆိုးမျိုးနွယ်စု၏ သတ်ဖြတ်ရမယ့်စာရင်းတွင် ပါဝင်နေကြောင်း ကြားလိုက်ရသည့်အခါ မရေမတွက်နိုင်သော ကြည့်ရှုသူများမှာ သူ့ထံသို့ အကြည့်များ ရွှေ့လိုက်ကြသည်။

အချို့က သနားကြင်နာမိကြ၏။

အချို့ကမူ သက်ပြင်းချမိကြ၏။

အချို့မှာမူ မျက်မှောင်ကြုတ်ကာ နက်နက်နဲနဲ စဉ်းစားနေကြ၏။

ဘိုးဘေး လင်မြောင်ကိုယ်တိုင်ပင် အနည်းငယ် နောင်တရမိသည်။

ယဲ့ဖုန်းကဲ့သို့သော ထိပ်တန်းပါရမီရှင်တစ်ဦးကို ဆုံးရှုံးရခြင်းက လျှို့ဝှက်ဆန်းကြယ်နိုင်ငံတော်၏ အလုံးစုံစွမ်းအားကို အကြီးအကျယ် ကျဆင်းသွားစေမည် မဟုတ်ပါလော။

သို့သော် သူကိုယ်တိုင်ပင် သစ်ပင်နတ်ဆိုးဘိုးဘေး၏ ဝိညာဉ်ခွဲအား ယှဉ်ပြိုင်နိုင်စွမ်း မရှိရာ... ယဲ့ဖုန်း၏ အသက်ကို ကယ်တင်ပေးချင်သော်ငြား အစွမ်းမဲ့နေရရှာသည်။

“မင်းက ဒီနေရာကနေ ထွက်သွားနိုင်မယ်လို့ ထင်နေတာလား”

သစ်ပင်နတ်ဆိုးဘိုးဘေးက ယဲ့ဖုန်းလက်ထဲရှိ အဆောင်လက်ဖွဲ့ကို ကြည့်ကာ လှောင်ပြောင်လိုက်၏။

“မင်း မြူခိုးဂိုဏ်းကို ပြန်သွားနိုင်ရင်တောင်မှ... မင်း မြင်တွေ့ရမှာက မီးခိုးရောင်နွယ်ပင်နတ်သမီးရဲ့ လက်ချက်နဲ့ မြေကြီးနဲ့တစ်ပြေးတည်း ဖြစ်နေတဲ့ ပျက်စီးယိုယွင်းမှုတွေကိုပဲ ဖြစ်လိမ့်မယ်”

သူသည် လက်နှစ်ဖက်ကို နောက်ပစ်ထားဆဲဖြစ်ပြီး ယဲ့ဖုန်းအား တားဆီးရန် မည်သည့်လုပ်ဆောင်ချက်မျှ မပြုလုပ်ခဲ့ချေ။

“ခင်ဗျား.. ကျုပ်ကို မတားဘူးလား” ယဲ့ဖုန်း မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့သည်။

“တားရမယ် ဟုတ်လား... မင်းက ငါ့ရဲ့ တားဆီးမှုကို ခံယူဖို့ ထိုက်တန်လို့လား”

သစ်ပင်နတ်ဆိုးဘိုးဘေးက အထင်အမြင်သေးစွာဖြင့် ဆိုလိုက်၏။

“မင်းကို မြူခိုးဂိုဏ်းကို ပြန်ခွင့် ပေးလိုက်ရင်တောင် အလဟဿပါပဲ။ မင်းက မီးခိုးရောင်နွယ်ပင်နတ်သမီးရဲ့ ပြိုင်ဘက် မဟုတ်ဘူးလေ”

“ဟက်...”

ယဲ့ဖုန်း ရယ်လိုက်သည်။

သူသည် လက်ကို မြှောက်ကာ နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ကို ဆုပ်ခြေပစ်လိုက်လေတော့၏။

တောက်ပလှသော ဖြူဖွေးသည့် အလင်းတန်းများ လွှမ်းခြုံသွားခဲ့ပြီး... ယဲ့ဖုန်း၏ ပုံရိပ်မှာ တဖြည်းဖြည်း မှိန်ဖျော့သွားကာ လုံးဝ ပျောက်ကွယ်သွားခဲ့တော့သည်။

“ခင်ဗျား နောင်တရစေရမယ်..”

ယဲ့ဖုန်း လုံးဝ နေရာရွှေ့ပြောင်းမသွားမီ... သူ၏ ဟိန်းဟောက်သံကြီးမှာ နန်းမြို့တော်ကွင်းပြင်ကြီးတစ်ခုလုံးတွင် ပဲ့တင်ထပ် ကျန်ရစ်ခဲ့လေတော့၏။

“ဝူး”

သစ်ပင်နတ်ဆိုးဘိုးဘေးသည် ဝတ်ရုံလက်စကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ယံတွင် ဧရာမ အလင်းမျက်နှာပြင်ကြီးတစ်ခု သိပ်သည်းလာခဲ့သည်။

လူအုပ်ကြီးမှာ မော့ကြည့်လိုက်ကြ၏။

ထိုပုံရိပ်ယောင်ထဲတွင် မြူခိုးဂိုဏ်းတည်ရှိရာ ဒေသကို ပြသနေသည်။

ထိုအခိုက်အတန့်၌ မီးခိုးရောင်နွယ်ပင်နတ်သမီးသည် ကောင်းကင်ယံတွင် လွင့်မျောနေပြီး... လက်ကို မြှောက်ကာ အောက်သို့ ပြင်းထန်စွာ ဖိနှိပ်ချလိုက်၏။

ပြင်းထန်သည့် လေလှိုင်းကြီးမှာ တဟုန်ထိုး ကျဆင်းလာခဲ့ပြီး... ရေပေါ်ဖြူမြို့တော် နှင့် မြူခိုးဂိုဏ်း တစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်ရန် ကြိုးစားလေတော့သည်။

အနီးနားရှိ မီးပြတိုက် မြို့တော်ကိုပါ ဖျက်ဆီးပစ်ရန် သူမ ကြံစည်ထားပုံ ရ၏။

“အကုန်လုံး ပြီးပြီ..”

ချူယွင်အာ နှင့် အခြားသူများမှာ ခေါင်းမော့ကြည့်လိုက်ရာ... ကောင်းကင်ယံတွင် မရေမတွက်နိုင်သော နွယ်ပင်များမှာ ဧရာမ လက်များအဖြစ် ပြောင်းလဲသွားကြပြီး တောင်ကြီးများအလား လေးလံလှသော ခွန်အားများဖြင့် အောက်သို့ ထိုးဆင်းလာသည်ကို မြင်တွေ့လိုက်ရသည်။

သူမတို့၏ နှလုံးသားထဲတွင် မျှော်လင့်ချက်ကင်းမဲ့မှုများဖြင့် ပြည့်နှက်သွားခဲ့တော့၏။

“ဝီ.....”

သေရေးရှင်ရေး အဆုံးအဖြတ် အခိုက်အတန့်တွင်... ကြယ်တာရာနန်းတော်သည် ရှေ့သို့ တဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။

အတွင်းရှိ လက်နက်ဝိညာဉ်ထံတွင် ကြောက်ရွံ့မှု အရိပ်အယောင်မျှပင် မရှိချေ။

မရေမတွက်နိုင်သော ကြယ်တာရာကျောက်ခဲများမှာ တစ်ခုနှင့်တစ်ခု ထပ်ရက် နေရာယူလိုက်ကြပြီး... အောက်ခြေရှိ မိုင်ရာချီ ပတ်ဝန်းကျင်ကို ကာကွယ်ရန် ဧရာမ ဒိုင်းလွှားကြီးတစ်ခုအဖြစ် ဖွဲ့စည်းလိုက်လေတော့၏။

---

“အဆင့်နိမ့် ဝိညာဉ်ရတနာ လောက်လေးနဲ့များ... ပျက်စီးသွားစမ်း..”

မီးခိုးရောင်နွယ်ပင်နတ်သမီးက အထင်အမြင်သေးစွာ ပြောလိုက်သည်။

သူမ၏ ပြင်းထန်လှသော ရိုက်ခတ်မှုအောက်တွင်... ကြယ်တာရာ ဒိုင်းလွှားကြီးမှာ မြေမှုန့်များအဖြစ် ကြေမွသွားခဲ့ရပြီး ဘယ်သောအခါမှ ပြန်လည် မဖွဲ့စည်းနိုင်တော့ချေ။

ထို့နောက် သူမသည် လက်ဝါးဖြင့် ထပ်မံ ရိုက်ချလိုက်ရာ... ကြယ်တာရာနန်းတော်ကြီးမှာ တစ်စစီ ပေါက်ကွဲပျက်စီးသွားခဲ့လေတော့၏။

မြူခိုးဂိုဏ်းအား အကြိမ်ကြိမ် ကာကွယ်ပေးခဲ့ဖူးသော ဤအဆင့်နိမ့် ဝိညာဉ်ရတနာမှာ... ယခုအခါတွင်မူ အပိုင်းအစပေါင်း ကုဋေကုဋာအဖြစ် ကြေမွသွားခဲ့ရပြီး၊ မိုင်ရာချီ ပတ်ဝန်းကျင်တစ်ခုလုံးတွင် လှပသော အလင်းမိုးစက်များအဖြစ် ရွာသွန်းဖြိုးကျသွားခဲ့တော့သည်။

“ကြယ်တာရာနန်းတော်ကြီး ပျက်စီးသွားပြီ..”

တပည့်များမှာ အော်ဟစ်ငိုယိုနေကြ၏။

ဒါဟာ ဝိညာဉ်ရတနာ တစ်ခုလေ။

ဒါတောင်မှ မီးခိုးရောင်နွယ်ပင်နတ်သမီးရဲ့ လက်ဝါးတစ်ချက်တည်းကို မခံနိုင်ဘူးလား။

သို့သော် မည်သူမျှ သတိမထားမိလိုက်သော အချက် တစ်ခု ရှိနေသည်။

ထူးခြားလှသော အလင်းမိုးစက် အချို့မှာ... ဝိညာဉ်အိုင် နှင့် ဝိညာဉ်စွမ်းအင်စုစည်းခြင်းမျှော်စင် အနီးရှိ ဂိုဏ်းချုပ် သီးသန့် ကျောက်ပြားကြီးပေါ်သို့ တိကျစွာ ကျဆင်းသွားခဲ့ပြီး၊ ၎င်းအတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားကာ အတွင်းရှိ ကျောက်ဝိညာဉ်လေးအား လှုံ့ဆော်ပေးလိုက်ခြင်းပင် ဖြစ်ချေတော့၏။

“ဂိုဏ်းချုပ်..”

“ဂိုဏ်းချုပ် ဘယ်မှာလဲဟင်..”

အချို့သော တပည့်များမှာ ကြောက်လန့်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေကြပြီး... အချင်းချင်း တင်းကျပ်စွာ ဖက်ထားရင်း မျက်ရည်များ တဖြိုင်ဖြိုင် ကျဆင်းနေကြ၏။

လူအုပ်ကြီး အလယ်တွင်...

ဝမ်ရွှမ်ဖင်းသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး မိမိ၏ နောက်ကြောင်း အထောက်အထားကို ထုတ်ဖော်ပြောကြားရန် အသင့်ပြင်လိုက်သည်။

ဤအခြေအနေမျိုးတွင် သူ အသေမခံနိုင်ပါဘူးလေ။

“ဝီ.....”

ထိုအခိုက်အတန့်၌... မြူခိုးတောင်ထိပ်ပေါ်တွင် ဖြူဖွေးသော အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့၏။.. အဆုံးအစ မရှိသော မျှော်လင့်ချက်များနှင့် အရုဏ်ဦး၏ အလင်းရောင်ကို ယူဆောင်လာပေးသည့် အရပ်ရှည်ရှည်၊ ခန့်ညားထည်ဝါလှသော ပုံရိပ် တစ်ခုအဖြစ် ဖွဲ့တည်လာခဲ့သည်။

ယဲ့ဖုန်း ပြန်ရောက်လာခဲ့ပြီ ဖြစ်၏။

“မင်း ပါလား..”

မီးခိုးရောင်နွယ်ပင်နတ်သမီးသည် ယဲ့ဖုန်းအား စိုက်ကြည့်ရင်း ရက်စက်ယုတ်မာလှသော အပြုံးတစ်ခုဖြင့် သွားဖြဲပြလိုက်သည်။

“ငါ့ရဲ့ နယ်စပ်ဖြတ်ကျော်မှုကို မင်းက အကြိမ်ကြိမ် နှောင့်ယှက်ခဲ့တယ်ပေါ့လေ။ ဒီနေ့တော့... မင်းရဲ့ မြူခိုးဂိုဏ်းသားတွေ အားလုံးရှေ့မှာ မင်းကို ဒီတောင်နံရံမှာ သံနဲ့ ရိုက်နှက်ပြီး ကပ်ထားပေးမယ်”

သူမသည် ရူးသွပ်စွာ ရယ်လိုက်ရင်း လက်ကို ဆန့်ထုတ်လိုက်၏။

ခြောက်ခြားဖွယ်ရာ အမည်းရောင် နွယ်ပင်များမှာ ရှည်ထွက်လာခဲ့ပြီး ဧရာမ လှံရှည်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တော့၏။

အေးစက်လှသော အငွေ့အသက်များ ပေါက်ကွဲထွက်လာခဲ့သည်။

မိုင်ရာချီ ပတ်ဝန်းကျင် တစ်ခုလုံးမှာ နှင်းခဲများဖြင့် ချက်ချင်း ဖုံးလွှမ်းသွားခဲ့ရလေတော့၏။

“ငါ ခြေတစ်လှမ်း နောက်ကျသွားခဲ့တာပဲ..”

ယဲ့ဖုန်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း -

“နှမြောစရာပဲ... ငါသာ အခုထက် စောပြီး ပြန်ရောက်ခဲ့ရင် ကြယ်တာရာနန်းတော်ကြီး ပျက်စီးသွားမှာ မဟုတ်ဘူး” ဟု တီးတိုး ရေရွတ်လိုက်သည်။

သူသည် ခေါင်းကို ရုတ်တရက် မော့ကာ မီးခိုးရောင်နွယ်ပင်နတ်သမီးအား စူးရဲစွာ စိုက်ကြည့်လိုက်သည်။

“ငါ့ရဲ့ ဝိညာဉ်ရတနာကို ဖျက်ဆီးခဲ့တဲ့အတွက်... ဒီနေ့ မင်းရဲ့ ခေါင်းကို ငါ ကိုယ်တိုင် ဖြတ်ပေးမယ်..”

ယဲ့ဖုန်းသည် ဟင်းလင်းပြင်ပေါ်သို့ ခြေလှမ်းလိုက်သည်။

သူ၏ ကိုယ်တွင်းရှိ စွမ်းအားများ အားလုံးမှာ စတင် ပြိုကွဲသွားပြီး... ခမ်းနားထည်ဝါလှသော ကျင့်ကြံခြင်းအဆင့်များအဖြစ် ပြောင်းလဲကာ သူ့အား ဝန်းရံပေးလိုက်လေတော့၏။

ဓာတ်ကြီးငါးပါးစုစည်းခြင်းအဆင့် အထွတ်အထိပ်...

မူလနတ်ဘုရားအဆင့် ပဉ္စမအလွှာ...

မူလနတ်ဘုရားအဆင့် သတ္တမအလွှာ...

မူလနတ်ဘုရားအဆင့် အထွတ်အထိပ်..

ယဲ့ဖုန်းသည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ... မူလချီ အခြေအနေသို့ ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက်၊ မူလချီ အရင်းအမြစ် ၏ စွမ်းအားကိုပါ အသုံးပြု၍ မိမိကိုယ်ကိုယ် မြှင့်တင်လိုက်ရာ သူ၏ အရှိန်အဝါများမှာ မူလနတ်ဘုရားအဆင့် အထွတ်အထိပ် သို့ တဟုန်ထိုး မြင့်တက်သွားခဲ့လေတော့၏။

“ဘာ.....”

ယဲ့ဖုန်း၏ အရှိန်အဝါကို ခံစားလိုက်ရသည့်အခါ မီးခိုးရောင်နွယ်ပင်နတ်သမီး၏ မျက်ဝန်းအိမ်များမှာ ကျုံ့ဝင်သွားခဲ့ရသည်။

သူမ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း ဤမျှလောက်သာ ရှိသည် မဟုတ်ပါလော။

“မင်းကလည်း မူလနတ်ဘုရားအဆင့် အထွတ်အထိပ် မှာ ရှိနေတာလား..”

မီးခိုးရောင်နွယ်ပင်နတ်သမီးသည် နောက်ဆုံးတွင် ဖိအားများကို စတင် ခံစားလိုက်ရတော့၏။

မြူခိုးဂိုဏ်း၏ တပည့်များမှာမူ မျက်လုံးများ ပြူးကျယ်သွားကြပြီး... မျှော်လင့်ချက် အလင်းရောင်များကို ပြန်လည် မြင်တွေ့လိုက်ရသည်။

‘တကယ့်လူပဲဗျာ... သူ့ရဲ့ စွမ်းအားတွေကို ဒီလောက်အထိ နက်နက်နဲနဲ ဖုံးကွယ်ထားနိုင်တာလား..’

ဝမ်ရွှမ်ဖင်း၏ အကြည့်များမှာ စူးရှသွားခဲ့သည်။ ခုနက မိမိ၏ အထောက်အထားကို ထုတ်မပြောမိခဲ့ခြင်းမှာ တကယ့်ကို ကံကောင်းသည်ဟု ခံစားလိုက်ရ၏။

မဟုတ်လျှင်တော့ သူ.. ဒီနေ့ သေရမှာ အသေအချာပဲလေ..။

*

နန်းမြို့တော်ကွင်းပြင်ကြီးဝယ်။

ကုဋေကုဋာမကသော ကြည့်ရှုသူများမှာ ခေါင်းမော့ကြည့်လိုက်ကြရာ... သစ်ပင်နတ်ဆိုးဘိုးဘေးက ကောင်းကင်ယံတွင် ဖြန့်ကျက်ထားသော ဧရာမ အလင်းမျက်နှာပြင်ကြီးကို မြင်တွေ့လိုက်ရပြီးနောက်... အသက်ရှူပင် မဝတော့ဘဲ မျက်ဝန်းများမှာ တောက်ပလာခဲ့ကြ၏။

“ဂိုဏ်းချုပ်ယဲ့က တကယ်တော့ မူလနတ်ဘုရားအဆင့် အထွတ်အထိပ် မှာ ရှိနေတာပါလား..”

တတိယမင်းသားမှာ ပထမဆုံး အံ့သြတကြီး အော်ဟစ်လိုက်မိသည်။

ထို့နောက်တွင်တော့ အလွန်အမင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်မှုများက နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့တော့၏။

အကယ်၍ လျှို့ဝှက်ဆန်းကြယ်နိုင်ငံတော် အနေဖြင့် ဤတိုက်ပွဲကို တောင့်ခံနိုင်မည် ဆိုပါက... ယဲ့ဖုန်း၏ ထောက်ခံမှုဖြင့် သူသည် နောက်ထပ် ဧကရာဇ် နေရာကို သေချာပေါက် ရရှိတော့မည် မဟုတ်ပါလော။

“တကယ့်ကို အစွမ်းထက်တဲ့ အမျိုးသားပဲ..” လင်ယွဲ့၏ ရင်ထဲတွင် လှုပ်ခတ်သွားခဲ့တော့၏။

“ဒီကောင်လေးက... တကယ်ကြီး မူလနတ်ဘုရားအဆင့် အထွတ်အထိပ် ကို ရောက်နေတာလား” ဘိုးဘေး လင်မြောင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

လင်မြောင်ဧကရာဇ်ကိုယ်တိုင်ပင် အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။

“ကောင်းတယ်... အရမ်းကောင်းတယ်။ သူ ဘာလို့ ဒီလောက် ယုံကြည်ချက် ရှိနေရသလဲဆိုတာ အခုမှ သဘောပေါက်တော့တယ်။ ဒီလူငယ်လေးရဲ့ ကျင့်ကြံခြင်းကို ဖုံးကွယ်ထားတဲ့ နည်းစနစ်က တကယ်ကို နက်နဲလွန်းတာပဲ... ငါတောင် ထိုးထွင်းမမြင်နိုင်ဘူး။ သူ့ကို ဒီအတိုင်း ဆက်ထားရင်တော့ ငါတို့အတွက် ကပ်ဘေးကြီး ဖြစ်လာနိုင်တယ်... သူ့ကို သေချာပေါက် သတ်ရမယ်..”

သစ်ပင်နတ်ဆိုးဘိုးဘေးက အေးစက်စွာ ကြုံးဝါးလိုက်သည်။

သူ ဆုံးဖြတ်ချက် ချလိုက်တော့၏။

ယဲ့ဖုန်းအား အသက်ရှင်ခွင့် လုံးဝ မပေးနိုင်ပါတကား။

*

မြူခိုးဂိုဏ်း၏ ကောင်းကင်ယံထက်ဝယ်။

ယဲ့ဖုန်းသည် မျက်နှာအမူအရာ တင်းမာနေသော မီးခိုးရောင်နွယ်ပင်နတ်သမီးအား ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

“ငါ ပြောပြီးပြီလေ... ဒီနေ့ မင်းရဲ့ ခေါင်းကို ငါ ကိုယ်တိုင် ဖြတ်ပေးမယ်လို့..”

“မောက်မာလှချေလား ကောင်လေး.. မင်းက မူလနတ်ဘုရားအဆင့် အထွတ်အထိပ် လောက်လေးနဲ့... ငါ့ခေါင်းကို ဘယ်လိုလုပ် ဖြတ်နိုင်မှာလဲ..”

မီးခိုးရောင်နွယ်ပင်နတ်သမီးသည် နွယ်ပင်လှံရှည်ကို ကိုင်ဆောင်လျက် ယဲ့ဖုန်းထံသို့ အရှိန်အဟုန်ပြင်းစွာ ထိုးစစ်ဆင်လိုက်တော့၏။

မဟာစစ်ပွဲကြီးမှာ ရုတ်တရက် ပေါက်ကွဲခဲ့လေတော့သည်။

All Chapters