အခန်း (၅၀၂-၅၀၄)
Vol. 34 Ch. 502-504
အခန်း (၅၀၂) လောကကို တုန်လှုပ်စေသော ဓားတစ်ချက် နှင့် ကြောက်မက်ဖွယ်ကောင်းသည့် ဧကရာဇ်အဆင့် တိုက်ပွဲ
~“မင်းကို သတ်ရတာ... လက်ဖဝါး နောက်ပြန်လှန်ရသလောက် လွယ်ပါတယ်ကွ”
ယဲ့ဖုန်းသည် သူ၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ မှိန်ပျပျ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသော ဒိုင်းလွှားတစ်ခု သူ၏ ကိုယ်ပေါ်တွင် ပေါ်ပေါက်လာသည်။ တဆက်တည်း၌၊ ... “ချွင်” ဟူသော အသံနှင့်အတူ နွယ်ပင်လှံရှည်၏ တိုက်ခိုက်မှုကို အသာအယာပင် တားဆီးလိုက်၏။
“ဘုန်း”
ယဲ့ဖုန်းက သူ၏ လက်ညှိုးဖြင့် တစ်ချက် ထိုးလိုက်ရာ... ပြင်းထန်လှသော စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်လာပြီး မီးခိုးရောင်နွယ်ပင် နတ်သမီးကို အဝေးသို့ လွင့်စဉ်ထွက်သွားစေခဲ့သည်။
“ဒီလောက်အထိ အစွမ်းထက်တဲ့ ကာကွယ်ရေးစွမ်းအား ရှိနေတာလား”
မီးခိုးရောင်နွယ်ပင် နတ်သမီးသည် ယဲ့ဖုန်း၏ ရွှေရောင်ဒိုင်းလွှားကြောင့် ကြေမွသွားသော သူမ၏ နွယ်ပင်လှံရှည်ကို ကြည့်ကာ... သူမ၏ မျက်ဝန်းများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားခဲ့ရသည်။
၎င်းမှာ သူမ၏ မွေးရာပါ ပါရမီစွမ်းအားဖြစ်ပြီး အလွန်တရာ အစွမ်းထက်သည် မဟုတ်ပါလော။ သို့သော် ယခုမူ တစ်ဖက်လူ၏ ကာကွယ်မှုကိုပင် မဖောက်ထွင်းနိုင်ခဲ့ချေ။
“ငါ့ရဲ့ ကာကွယ်မှုကို ဖောက်ထွင်းဖို့ဆိုရင်... မင်း အများကြီး လိုသေးတယ်”
ယဲ့ဖုန်း၏ မျက်နှာထားမှာ အေးစက်တည်ငြိမ်နေသည်။ မူလချီ အရင်းအမြစ် ကို အသုံးပြုထားသော အခြေအနေတွင် သူ၏ ကာကွယ်ရေးစွမ်းအားမှာ အဆင့်တူ ကျင့်ကြံသူများအကြား ပြိုင်ဘက်ကင်းလှ၏။ မူလနတ်ဘုရားအဆင့် အထွတ်အထိပ် ရှိသော မည်သည့် ကျင့်ကြံသူမဆို သူ၏ ကာကွယ်မှုကို ဖောက်ထွင်းနိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။
“မင်းရဲ့ အခု ခွန်အားလောက်နဲ့ ငါ့ကို သတ်ချင်တာလား... နေ့ခင်းကြောင်တောင် အိမ်မက်မက်မနေနဲ့..” မီးခိုးရောင်နွယ်ပင် နတ်သမီးက အေးစက်စွာ ကဲ့ရဲ့လိုက်သည်။
သူမသည် ခေါင်းကို ငုံ့ကြည့်လိုက်ရာ မြေပြင်ပေါ်ရှိ မြူခိုးဂိုဏ်း တပည့်များကို မြင်တွေ့လိုက်ရသဖြင့်... ရုတ်တရက်ဆိုသလို မိစ္ဆာ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့၏။
“အရင်ဆုံး မင်းရဲ့ မြူခိုးဂိုဏ်း တပည့်တွေကို သတ်မယ်... ပြီးမှ မင်းကို နာကျင်စွာနဲ့ သေဆုံးခိုင်းရမှာပေါ့”
“မင်း သတ္တိရှိရင် လုပ်ကြည့်လေ..”
ယဲ့ဖုန်းက ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်းကို အသုံးပြု၍ သူမ၏ ရှေ့တွင် ပိတ်ဆို့လိုက်သည်။ သူသည် လက်ကို မြှောက်ကာ အသုံးမပြုသည်မှာ ကြာပြီဖြစ်သော ဓာတ်ကြီးငါးပါး ဝိညာဉ်ဓားကို ဆွဲထုတ်လျက်... အဟုန်ပြင်းလှသော ဓားအလင်းတန်းတစ်ခုဖြင့် ခုတ်ပိုင်းလိုက်လေတော့၏။
“ရွှပ်”
မီးခိုးရောင်နွယ်ပင် နတ်သမီးမှာ သတိမမူမိဘဲ ရှိနေစဉ်... သူမ၏ လက် တစ်ဖက်မှာ ပြတ်တောက်သွားခဲ့ရသည်။ ယဲ့ဖုန်းက ထိုမျှနှင့် ရပ်မနေဘဲ ဆက်တိုက် တိုက်ခိုက်လိုက်ရာ... သူမမှာ ပေပေါင်း သောင်းချီ မြင့်မားသော ကောင်းကင်ယံသို့ ပစ်လွင့်ထွက်သွားခဲ့ရပြီး မြူခိုးဂိုဏ်း အနီးသို့ ချဉ်းကပ်၍ မရနိုင်တော့ချေ။
“ကောင်းတယ်..”
“သူမကို ဖိနှိပ်ထားနိုင်ပြီဟေ့..”
“မီးခိုးရောင်နွယ်ပင် နတ်သမီးတော့ သေရတော့မှာပဲ”
နန်းမြို့တော် ကွင်းပြင်ကြီးအတွင်းရှိ လူအုပ်ကြီးမှာ ထိုမြင်ကွင်းကို ကြည့်ရင်း တခဲနက်.. အော်ဟစ် အားပေးနေကြ၏။
“ဟမ့်... အသိအမြင် ကျဉ်းမြောင်းလှတဲ့ သတ္တဝါတွေ။ မီးခိုးရောင်နွယ်ပင် နတ်သမီးက အဲဒီလောက် အလွယ်တကူ အသတ်ခံရမယ်လို့ မင်းတို့ ထင်နေတာလား”
သို့သော်ငြား သစ်ပင်နတ်ဆိုး ဘိုးဘေးမှာမူ အနည်းငယ်မျှပင် စိုးရိမ်ပူပန် မနေပါချေ။
အမှန်တကယ်ပင်...၊နောက်တစ်စက္ကန့်တွင် မီးခိုးရောင်နွယ်ပင် နတ်သမီး၏ ကိုယ်ပေါ်မှ ပြင်းထန်လှသော သက်စွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့သည်။... ပြတ်တောက်သွားသော လက်မောင်းမှာ မျက်စိတစ်မှိတ်အတွင်း ပြန်လည် ထွက်ပေါ်လာကာ သူမ၏ အရှိန်အဝါများမှာလည်း အထွတ်အထိပ်သို့ ပြန်လည် ရောက်ရှိသွားခဲ့၏။
“ငါ ဆက်ပြီး တိုက်နိုင်သေးတယ်ဟေ့..”
မီးခိုးရောင်နွယ်ပင် နတ်သမီးက ကျယ်လောင်စွာ ဟားတိုက်လိုက်သည်။ သူမမှာ နတ်ဆိုးအဖြစ် ပြောင်းလဲသွားသော အပင်တစ်ပင် ဖြစ်သည့်အတွက်... ကိုယ်လက်အင်္ဂါ ပြန်လည် ရှင်သန်လာခြင်းမှာ အခြေခံ စွမ်းရည်တစ်ခုမျှသာ ဖြစ်၏။ ထိုကဲ့သို့သော ဒဏ်ရာမှာ သူမအတွက် ဘာမှ မဟုတ်ပါချေ။
“ဟူး.....”
ထိုမြင်ကွင်းကို ကြည့်ရင်း ယဲ့ဖုန်းက သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။
သူသည် ထိုးထွင်းသိမြင်ခြင်း မျက်လုံးကို အသုံးပြု၍ မီးခိုးရောင်နွယ်ပင် နတ်သမီး၏ အားနည်းချက်ကို သိရှိထားသည်မှာ ကြာပြီ ဖြစ်သလို... သူမကို မည်သို့ သုတ်သင်ရမည်ကိုလည်း ကောင်းစွာ သိရှိထားသည်။ သို့သော် ထိုသို့ ပြုလုပ်ခြင်းက တစ်စုံတစ်ခုကို ဆုံးရှုံးရမည် မဟုတ်ပါလော။ ထို့ကြောင့်ပင် သူက နှမြောတသစွာဖြင့် သက်ပြင်းချလိုက်မိခြင်း ဖြစ်၏။
ဤသက်ပြင်းသံကြောင့် တစ်နေရာလုံး အုံကြွသွားခဲ့ရသည်။
ဂိုဏ်းချုပ်ယဲ့က ဒီမိစ္ဆာကို မယှဉ်နိုင်တော့တာများလား…။
လူအုပ်ကြီးမှာ မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားကြ၏။
“ဟက်... ခုနကတော့ ငါ့ကို သတ်မယ်လို့ ကြုံးဝါးနေတာ မဟုတ်လား။ အခု လုပ်ကြည့်လေ..” မီးခိုးရောင်နွယ်ပင် နတ်သမီးက ကောင်းကင်ယံသို့ မော့ကြည့်ကာ ရူးသွပ်စွာ လှောင်ပြောင် ရယ်လိုက်သည်။
သူမ၏ အမြင်တွင်မူ ယဲ့ဖုန်းမှာ သူမကို မသုတ်သင်နိုင်တော့ကြောင်း သိရှိသွားသဖြင့် သက်ပြင်းချလိုက်ခြင်းဟု ထင်မှတ်နေ၏။
“မဟုတ်ဘူး... မင်းကို သတ်ရတာ လက်ဖဝါး နောက်ပြန်လှန်ရသလောက် လွယ်ပါတယ်။”
“ဒါပေမဲ့... ငါ့ရဲ့ သူငယ်ချင်းဟောင်း တစ်ယောက်ကို မခွဲနိုင် မခွာရက် ဖြစ်နေလို့ပါ”
ယဲ့ဖုန်းသည် သူ၏ လက်ထဲရှိ ဓာတ်ကြီးငါးပါး ဝိညာဉ်ဓားကို အသာအယာ ပွတ်သပ်လိုက်ပြီးနောက်... ဓားအိမ်အတွင်းသို့ ပြန်လည် ထည့်သွင်းလိုက်၏။ ဓားဆွဲထုတ်ခြင်း နည်းစနစ် ၏ အစပျိုးဟန်ကို ဖော်ဆောင်လိုက်သည်။
သူ၏ ဘယ်ဘက်လက်က ဓားအိမ်ကို ဆုပ်ကိုင်ထားပြီး... ညာဘက်လက်က ဓားရိုးကို ပြောင်းပြန်အနေအထားဖြင့် ဆုပ်ကိုင်လိုက်သည်။
သူ၏ ခမ်းနားထည်ဝါလှသော အရှိန်အဝါများမှာ မျက်စိတစ်မှိတ်အတွင်း ဓာတ်ကြီးငါးပါး ဝိညာဉ်ဓား အတွင်းသို့ စုစည်းဝင်ရောက်သွားခဲ့တော့၏။ ၎င်းမှာ ဓားအိမ်ကို ဖောက်ထွင်း၍ နေမင်းကြီးအလား .. ကောင်းကင်တစ်ခုလုံးကို လင်းထိန်သွားစေခဲ့သည်။
“မြူခိုးဂိုဏ်းရဲ့ တပည့်တို့.....”
“ဆက်ပြီးတော့... မင်းတို့ရဲ့ ဂိုဏ်းချုပ်က စစ်မှန်တဲ့ ဓားဆွဲထုတ်ခြင်း နည်းစနစ်ဆိုတာ ဘာလဲဆိုတာကို ပြမယ်..”
သူ၏ ကျယ်လောင်လှသော အသံကြီးမှာ မိုင်ရာချီ ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားခဲ့သလို... သစ်ပင်နတ်ဆိုး ဘိုးဘေးက ပြသထားသော အလင်းမျက်နှာပြင်မှတစ်ဆင့် လျှို့ဝှက်ဆန်းကြယ် နန်းမြို့တော် တစ်ခုလုံးသို့လည်း ပဲ့တင်ထပ်သွားခဲ့လေတော့၏။
“ချွင်...”
ယဲ့ဖုန်းသည် မျက်စိတစ်မှိတ်အတွင်း ဓားကို ဆွဲထုတ်လိုက်သည်။
နှင်းပွင့်ပမာ ဖြူဖွေးလှသော လမင်းပုံသဏ္ဌာန် ဓားအရှိန်အဝါတစ်ခုမှာ လျှပ်စီးအလား မြန်ဆန်သော နှုန်းဖြင့် ကောင်းကင်ယံကို ဖြတ်သန်းသွားခဲ့တော့၏။ မီးခိုးရောင်နွယ်ပင် နတ်သမီးမှာ ရှောင်တိမ်းရန် အချိန်ပင် မရလိုက်ဘဲ ခေါင်းပြတ်သွားခဲ့ရလေတော့၏။
သူမ၏ မျက်လုံးများမှာ မယုံကြည်နိုင်မှုများဖြင့် ပြူးကျယ်သွားခဲ့ရသည်။
“မ... မဖြစ်နိုင်တာ..”
“ငါ့ရဲ့ အားနည်းချက်က ဘယ်မှာလဲဆိုတာ မင်း ဘယ်လိုလုပ် သိတာလဲ”
“ငါ မသေချင်သေးဘူး..”
မီးခိုးရောင်နွယ်ပင် နတ်သမီးသည် ပါးစပ်ကို အစွမ်းကုန် ဟလျက် အသည်းအသန် အော်ဟစ်လိုက်သည်။ သို့သော် ကြောက်မက်ဖွယ်ကောင်းသော ဓားအရှိန်အဝါကြီးမှာ သူမ၏ ကိုယ်ကို ဖြတ်သန်းသွားခဲ့ပြီ ဖြစ်ရာ... သူမ၏ ကိုယ်ခန္ဓာမှာ ချက်ချင်းပင် တစ်စစီ ပြိုကွဲပျက်စီးသွားခဲ့ပြီး ထိုဓားအရှိန်အဝါ အောက်တွင် လုံးဝ ပျောက်ကွယ်သွားခဲ့ရလေတော့၏။
“ရွှပ်”
ယဲ့ဖုန်း ခုတ်ပိုင်းလိုက်သော ဓားအရှိန်အဝါမှာ ကောင်းကင်အမြင့်ပိုင်းသို့ ဆက်လက် ပျံတက်သွားခဲ့ပြီး... ကြောက်မက်ဖွယ်ကောင်းသော လေပြင်းအလွှာကို ဖြတ်သန်းကာ ကောင်းကင်ယံ၏ နောက်ဆုံး အဟန့်အတားကိုပင် ထိုးဖောက်သွားလုနီးပါး ဖြစ်သွားခဲ့သည်။
လူတိုင်း မော့ကြည့်လိုက်ကြ၏။
ကောင်းကင်ယံတွင် လမင်းပုံသဏ္ဌာန် ဓားအလင်းတန်းကြီးတစ်ခုမှာ... ဒုတိယ လမင်းကြီးတစ်စင်းကို ကောင်းကင်ယံတွင် ချိတ်ဆွဲထားသကဲ့သို့ မပျောက်မပျက် ကျန်ရစ်နေခဲ့သဖြင့် ကြည့်ရှုနေသူများမှာ လုံးဝ မှင်သက်သွားကြရသည်။
“မီးခိုးရောင်နွယ်ပင် နတ်သမီး သေသွားပြီဟေ့..”
ချူယွင်အာမှာ ပထမဆုံး အံ့သြတကြီး အော်ဟစ်လိုက်မိသည်။ မြူခိုးဂိုဏ်း တပည့်များ၊ ဟေးလော့ရှား အဖွဲ့ဝင်များ၊ ရေပေါ်ဖြူမြို့တော် နှင့် မီးပြတိုက်မြို့တော်ရှိ ပြည်သူများ အားလုံးမှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အားပါးတရ အော်ဟစ် အောင်ပွဲခံလိုက်ကြလေတော့၏။
(ယုံကြည်မှု စွမ်းအား +၃၄၂၁၅)
…
(ယုံကြည်မှု စွမ်းအား +၈၈၇၆၃)
ရှူချက်အနည်းငယ် အတွင်းမှာပင် ယဲ့ဖုန်းသည် ယုံကြည်မှု စွမ်းအားပေါင်း ရာနှင့်ချီ၍ စုဆောင်းရရှိသွားခဲ့သည်။ သို့သော် သူကတော့ ဝမ်းမသာနိုင်အားချေ။
“ဝှစ်”
လေပြင်းများ တိုက်ခတ်လာခဲ့သည်။ ယဲ့ဖုန်း ကိုင်မြှောက်ထားသော ဓာတ်ကြီးငါးပါး ဝိညာဉ်ဓားမှာ စတင် ပြိုကွဲပျက်စီးလာသည်။
... နောက်ဆုံးတွင်တော့ အလင်းအစက်အပြောက်များအဖြစ် လေထဲတွင် လွင့်ပါးပျောက်ကွယ်သွားခဲ့ရာ... အက်ကြောင်းများ ပြည့်နှက်နေသော ဓားရိုး တစ်ခုသာ ကျန်ရစ်ခဲ့လေတော့၏။
“ဟူး.....”
ယဲ့ဖုန်း သက်ပြင်းချလိုက်ရင်း ဓာတ်ကြီးငါးပါး ဝိညာဉ်ဓားကို နှုတ်ဆက်လိုက်သည်။
ယနေ့ တိုက်ပွဲတွင် ကြယ်တာရာနန်းတော်ကြီး နှင့် ဓာတ်ကြီးငါးပါး ဝိညာဉ်ဓား တို့ကို ဆုံးရှုံးလိုက်ရသဖြင့် သူ၏ စိတ်ထဲတွင် လေးလံနေမိသည်။
အထူးသဖြင့် ဓာတ်ကြီးငါးပါး ဝိညာဉ်ဓားမှာ သူနှင့်အတူ တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းလာခဲ့သည့်အပြင် သူနှင့် အကိုက်ညီဆုံး ဝိညာဉ်လက်နက်လည်း ဖြစ်သည် မဟုတ်ပါလော။
“ဒါပေမဲ့လည်း... ငါ ဓာတ်ကြီးငါးပါး ဝိညာဉ်ဓားကို မဖြစ်မနေ သုံးခဲ့ရတာပဲ”
ယဲ့ဖုန်းက မိမိကိုယ်မိမိ နှစ်သိမ့်လိုက်သည်။
မီးခိုးရောင်နွယ်ပင် နတ်သမီး၏ အားနည်းချက်ကို အသုံးချရန်အတွက် စစ်မှန်သော ဓာတ်ကြီးငါးပါး စွမ်းအားများကို အသုံးပြုရန် လိုအပ်သည် မဟုတ်ပါလော။ ထို့ကြောင့်ပင် ယဲ့ဖုန်းအနေဖြင့် ဓာတ်ကြီးငါးပါး ဝိညာဉ်ဓားကိုသာ ရွေးချယ် အသုံးပြုခဲ့ရခြင်း ဖြစ်၏။
ယဲ့ဖုန်း၏ စွမ်းအားမှာ ပြင်းလွန်းလှပြီး ဓာတ်ကြီးငါးပါး ဝိညာဉ်ဓားမှာ အဆင့်မြင့် ဝိညာဉ်လက်နက် အဆင့်သာ ရှိသဖြင့်... တစ်ကြိမ်တည်း အစွမ်းကုန် အသုံးပြုလိုက်သည့်အခါတွင် ဝန်ကို မခံနိုင်ဘဲ တစ်စစီ ကြေမွပျက်စီးသွားခဲ့ရခြင်း ဖြစ်သည်။ ၎င်းကို ပြန်လည် ပြုပြင်ရန်မှာလည်း လုံးဝ မဖြစ်နိုင်တော့ချေ။
“ချွင်...”
ယဲ့ဖုန်းသည် ဓားအိမ် နှင့် ကျန်ရှိနေသော ဓားရိုးကို ပေါင်းစပ်လိုက်ပြီးနောက် လေးနက်သော မျက်နှာထားဖြင့် စနစ် ဟင်းလင်းပြင် အတွင်းသို့ သိမ်းဆည်းလိုက်သည်။ ထို့နောက် သူသည် လျှို့ဝှက်ဆန်းကြယ် နန်းမြို့တော် ရှိရာ အရပ်ဆီသို့ လှည့်ကြည့်လိုက်သည်။
မိုင်ပေါင်း သောင်းချီ ဝေးကွာနေသော်ငြား... ယဲ့ဖုန်း၏ အကြည့်များမှာ သစ်ပင်နတ်ဆိုး ဘိုးဘေး၏ ဝိညာဉ်ခွဲနှင့် ဆုံမိသွားခဲ့တော့၏။
“တောက်.....”
သစ်ပင်နတ်ဆိုး ဘိုးဘေးမှာ ဒေါသကြောင့် အံကြိတ်လိုက်မိသည်။
မီးခိုးရောင်နွယ်ပင် နတ်သမီး၏ အားနည်းချက်ကို ရှာဖွေရန်မှာ အလွန် ခက်ခဲလှပြီး... ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ရှိသူများပင်လျှင် အသေအချာ စူးစမ်းကြည့်မှသာ သိရှိနိုင်မည် ဖြစ်သည် မဟုတ်ပါလော။ သို့သော် ယဲ့ဖုန်းကမူ ၎င်းကို ကောင်းစွာ သိရှိနေခဲ့သည်မှာ သူ၏ မျှော်လင့်ချက်များကို ကျော်လွန်သွားခဲ့တော့၏။
“ဒီကောင်လေးကို အသက်ရှင်ခွင့် မပေးနိုင်ဘူး..”
သစ်ပင်နတ်ဆိုး ဘိုးဘေးသည် ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို ထုတ်လွှတ်လိုက်ရာ... သူ၏ နောက်ကွယ်တွင် ပေပေါင်း သောင်းချီ မြင့်မားသော ဧရာမ သစ်ပင်ကြီးတစ်ပင်၏ ပုံရိပ် ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ သူ၏ ဓမ္မပုံရိပ်ပင် ဖြစ်၏။
လေထဲတွင်... ဖြူဖွေးသော အလင်းတန်းတစ်ခု ဖြည်းညှင်းစွာ ပစ်ခွင်းလာခဲ့တော့သည်။
ယဲ့ဖုန်း နေရာရွှေ့ပြောင်းခြင်း ဖြင့် ပြန်လည် ရောက်ရှိလာခဲ့လေပြီ။
“တကယ်ကို ရဲတင်းလှချေလား..”
သစ်ပင်နတ်ဆိုး ဘိုးဘေးက ယဲ့ဖုန်းအား စိုက်ကြည့်ရင်း ဟိန်းဟောက်လိုက်သည်။
“မင်းက ငါ့ရဲ့ စစ်သူရဲ တစ်ယောက်ကို သတ်ခဲ့တဲ့အတွက်... ဒီနေ့ မင်းရဲ့ အသက်ကို ငါ ယူမယ်..”
သူ စိတ်ကူးလိုက်သည်နှင့် တစ်ပြိုင်နက်... ပေပေါင်း သောင်းချီ မြင့်မားသော ဧရာမ သစ်ပင်ကြီး၏ ဓမ္မပုံရိပ်မှာ သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခိုက်၊... မြွေဟောက် တစ်ကောင်အလား လျင်မြန်လှသော နွယ်ပင်လှံရှည် တစ်ခုမှာ ယဲ့ဖုန်း၏ နဖူးတည့်တည့်သို့ ဦးတည်၍ ထိုးဆင်းလာခဲ့လေတော့၏။
“ချွင်...”
ကျောက်စိမ်းပြား တစ်ခုမှာ လေထဲတွင် ရုတ်တရက် ပေါ်ထွက်လာပြီး အစိမ်းရောင် နွယ်ပင်၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။
“ဒါ... ဘိုးဘေး ကျန်းလင်း ချန်ထားခဲ့တဲ့ အဆောင်လက်ဖွဲ့ပဲ” ယဲ့ဖုန်းမှာ အစပိုင်းတွင် မှင်သက်သွားသော်လည်း... နောက်ပိုင်းတွင်မူ သူ၏ မျက်ဝန်းများတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားခဲ့၏။
“ဟင်.. ဒါက ဘိုးဘေး ကျန်းလင်းရဲ့ အဆောင်လက်ဖွဲ့ မဟုတ်လား။ မင်းဆီမှာ ဒါက ဘယ်လိုလုပ် ရှိနေတာလဲ”
ဘိုးဘေး လင်မြောင်က ကျောက်စိမ်းပြားကို မြင်လိုက်ရသည့်အခါ အံ့သြတကြီး အော်မေးလိုက်မိသည်။
ဘိုးဘေး လင်မြောင်သည် စိတ်အာရုံဖြင့် စေခိုင်းလိုက်ရာ သူ၏ နောက်ကွယ်ရှိ ဧရာမ ဓမ္မပုံရိပ်ကြီးမှာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။... လက်သီးတစ်ချက် ပစ်သွင်းလိုက်သဖြင့် သစ်ပင်နတ်ဆိုး ဘိုးဘေး နှင့် သစ်ပင်နတ်ဆိုး ဘိုးဘေး၏ ဓမ္မပုံရိပ်မှာ နောက်သို့ လွင့်စဉ်သွားခဲ့ရသည်။
“ဝှစ်”
ဘိုးဘေး လင်မြောင်သည် ယဲ့ဖုန်း၏ ဘေးနားတွင် မျက်စိတစ်မှိတ်အတွင်း ပေါ်လာပြီး လေးနက်သော လေသံဖြင့် ဆိုလိုက်သည်။
“ဂိုဏ်းချုပ်ယဲ့... ဒါက ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ဧကရာဇ်တွေရဲ့ တိုက်ပွဲပဲ။ မင်းက ပါရမီရှင် လူငယ်တစ်ယောက်ဆိုတော့... ဒီထဲမှာ ဝင်မပါတာ ပိုကောင်းလိမ့်မယ်”
“မှန်တာပေါ့... ကျန်တဲ့ ကိစ္စတွေကိုတော့ ဒီ အဘိုးကြီးတွေကိုပဲ လွှဲထားလိုက်ပါဗျာ”
တည်ငြိမ်ပြီး အိုမင်းလှသော အသံ တစ်သံ ထွက်ပေါ်လာခဲ့၏။
လူအုပ်ကြီးထဲမှနေ၍... ရွှေရောင်ဝတ်ရုံကို ဆင်မြန်းထားပြီး ငွေရောင်ဆံပင် အဘိုးအို တစ်ဦးသည် လက်နှစ်ဖက်ကို နောက်ပစ်ထားလျက် ခြေတစ်လှမ်းချင်းစီ လျှောက်လှမ်းလာသည်။ သူ၏ ကိုယ်ပေါ်မှနေ၍ အစွမ်းထက်လှသော အရှိန်အဝါများ ထွက်ပေါ်နေ၏။
ထိုသူမှာ ဘိုးဘေး ကျန်းလင်း ပင် ဖြစ်၏။
သို့သော် သူ၏ ကိုယ်ခန္ဓာ အစစ်မှာ တံခါးပိတ် ကျင့်ကြံနေဆဲ ဖြစ်ရာ... ယခု ရောက်ရှိလာသည်မှာ ကိုယ်ပွားတစ်ခုမျှသာ ဖြစ်သော်ငြား ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ပထမအလွှာ ၏ စွမ်းအားများကို ပိုင်ဆိုင်ထားပြီး ဘိုးဘေး လင်မြောင်နှင့် ရင်ပေါင်တန်းနိုင်စွမ်း ရှိသည်။
‘ဘိုးဘေး ကျန်းလင်း... ခင်ဗျားက တကယ်ကို သာမန် မဟုတ်ဘူးပဲ..’
ယဲ့ဖုန်းသည် ရောက်ရှိလာသူကို မြင်လိုက်ရသည့်အခါ... သူ၏ ခေါင်းကို ပုတ်ခဲ့ဖူးသည့် မြင်ကွင်းများကို ပြန်လည် သတိရသွားသဖြင့် အနည်းငယ် အနေရခက်သွားခဲ့၏။
ယဲ့ဖုန်း၏ အကြည့်များနှင့် ဆုံမိလိုက်သည့်အခါ ဘိုးဘေး ကျန်းလင်း ၏ ကိုယ်ပွားသည်လည်း အနည်းငယ် အနေရခက်သွားသဖြင့် ချောင်းတစ်ချက် ဟန့်လိုက်ပြီးမှ သစ်ပင်နတ်ဆိုး ဘိုးဘေးအား စူးရဲစွာ စိုက်ကြည့်လိုက်သည်။
“ကြည့်ရတာ ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ရဲ့ ကိုယ်ပွားတစ်ခု ဒီမှာ ပုန်းနေတာကိုး။ ဒါပေမဲ့... မင်းတို့ နှစ်ယောက် ပေါင်းရင်ကော ငါ့ကို တားနိုင်မယ်လို့ တကယ် ထင်နေတာလား” သစ်ပင်နတ်ဆိုး ဘိုးဘေး၏ ဝိညာဉ်ခွဲက လှောင်ပြောင်လိုက်သည်။
သူ၏ မူလ ကိုယ်ခန္ဓာမှာ ဟင်းလင်းပြင်ဖြိုခွဲ အဆင့် တတိယအလွှာ တွင် ရှိနေသည် မဟုတ်ပါလော။
ယခု သူသည် နယ်စပ်ဖြတ်ကျော်လာသော ဝိညာဉ်ခွဲပင်။ ကမ္ဘာမြေ၏ စွမ်းအားများ ဖိနှိပ်ခြင်းကို ခံနေရသော်ငြား... ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ပထမအလွှာ ၏ အထွတ်အထိပ် စွမ်းအားများကိုတော့ ထုတ်ဖော်နိုင်စွမ်း ရှိနေဆဲပင် ဖြစ်၏။
ဟင်းလင်းပြင်ဖြိုခွဲ အဆင့်ရှိ မဟာတန်ခိုးရှင် နှစ်ဦးကို ဖိနှိပ်ထားရန်မှာ သူ့အတွက် ပြဿနာ မရှိနိုင်ချေ။
“စကားတွေ အများကြီး ပြောမနေနဲ့တော့... တိုက်ပွဲမှာပဲ အဖြေရှာကြတာပေါ့..”
ဘိုးဘေး ကျန်းလင်း ၏ ကိုယ်ပွားသည် သူ၏ ဝတ်ရုံလက်စကြီးကို ဝှေ့ယမ်းလိုက်ရာ... သူ၏ နောက်ကွယ်တွင် ချပ်ဝတ်အား ဆင်မြန်းထားသော ရွှေရောင် ဧရာမ လူ့ဘီလူး တစ်ကောင် ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ သူ၏ ဓမ္မပုံရိပ် ပင် ဖြစ်၏။
ခေတ္တမျှ အတွင်းမှာပင်... ကောင်းကင်ယံတွင် မိုင်ပေါင်း သောင်းချီ မြင့်မားသော ဧရာမ ပုံရိပ်ကြီး သုံးခုမှာ မားမားမတ်မတ် ရပ်တည်နေကြပြီး... ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများမှာ လျှို့ဝှက်ဆန်းကြယ် နန်းမြို့တော် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့လေတော့သည်။
ယဲ့ဖုန်းကဲ့သို့ အစွမ်းထက်သူ တစ်ဦးပင်လျှင်... တိုက်ပွဲကို အနီးကပ် ကြည့်ရှုရန်အတွက် နံပါတ် (၉) ကျောက်တိုင်ဆီသို့ ယာယီ နောက်ဆုတ်ပေးလိုက်ရလေတော့၏။
အခန်း (၅၀၃) ဟင်းလင်းပြင်ဖြိုခွဲ အဆင့် မဟာတန်ခိုးရှင် သုံးဦး၏ တိုက်ပွဲ၊ ယဲ့ဖုန်း စတင်ဝင်ရောက်ခြင်း နှင့် တိုက်ပွဲ
~“ဂိုဏ်းချုပ်ယဲ့...အဆင်ပြေရဲ့လားဟင်”
လင်ယွဲ့သည် စိုးရိမ်တကြီးဖြင့် ယဲ့ဖုန်းအနားသို့ ပြေးလွှားရောက်ရှိလာသည်။ သူမ၏ မျက်နှာလေးမှာ ပူပန်မှုများဖြင့် ပြည့်နှက်နေပြီး အသံမှာလည်း တုန်ရီနေရှာ၏။
“ကျွန်တော် အဆင်ပြေပါတယ်”
ယဲ့ဖုန်းက ခေါင်းခါယမ်းပြလိုက်သည်။
ခုနက မီးခိုးရောင်နွယ်ပင်နတ်သမီးနှင့် တိုက်ပွဲတွင် သူသည် အင်အားများကို ထိန်းထားခဲ့ခြင်း ဖြစ်၏။ ပထမအချက်အနေဖြင့် သူသည် ကောင်းကင်ယံသို့ ခြေလှမ်းခုနစ်လှမ်းကို အသုံးမပြုခဲ့ချေ။ ဒုတိယအချက်မှာ သူ၏ အထွတ်အထိပ် ကျင့်ကြံခြင်းအဆင့်ကို အပြည့်အဝ ထုတ်ဖော်မပြဘဲ အင်အားအချို့ကို ချန်လှပ်ထားခဲ့ခြင်းပင် ဖြစ်၏။
မူလချီ အရင်းအမြစ်၏ ဆယ်ဆ မြှင့်တင်မှုစွမ်းအားကို အသုံးမပြုဘဲနှင့်ပင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ မူလနတ်ဘုရားအဆင့် သတ္တမအလွှာသို့ ရောက်ရှိနိုင်သည်။ အကယ်၍သာ သူသည် ထိုဆယ်ဆ မြှင့်တင်မှုကိုပါ အသုံးပြုလိုက်မည် ဆိုပါက... မူလနတ်ဘုရားအဆင့် အထွတ်အထိပ်သို့ ရောက်ရုံမျှမကဘဲ၊ တပိုင်း ဟင်းလင်းပြင်ဖြိုခွဲ အဆင့် သို့ တိုက်ရိုက်ပင် ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိ၏။
သို့သော်ငြား သူသည် သူ၏ ဝှက်ဖဲတစ်ခုကို တမင်တကာ ဖုံးကွယ်ထားခဲ့ခြင်းပင် ဖြစ်ချေတော့သည်။
ကောင်းကင်ယံထက်ဝယ်။
ဧရာမ ဓမ္မပုံရိပ်ကြီး သုံးခုမှာ နောက်ဆုံးတွင်တော့ အကြိတ်အနယ် တိုက်ပွဲ စတင်ဖြစ်ပွားတော့၏။
သူတို့သည် ကိုယ်ပိုင် လျှို့ဝှက်နည်းစနစ် မျိုးစုံကို အပြိုင်အဆိုင် ထုတ်ဖော်နေကြပြီး... သူတို့ လက်လှုပ်လိုက်သည်နှင့် တစ်ပြိုင်နက် ဟင်းလင်းပြင်မှာ တစ်စစီ ကြေမွသွားကာ သိမ်မွေ့လှသော နေရာလပ် အက်ကြောင်းများ ပေါ်ထွက်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများမှာ အရပ်မျက်နှာအနှံ့ ရူးသွပ်စွာ လှိမ့်ဝင်နေသဖြင့် ကြည့်ရှုနေသူများ၏ မျက်နှာများမှာ သွေးဆုတ်ဖြူရော်လာကြရ၏။ ယဲ့ဖုန်းသည် လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီး လေထဲတွင် ဧရာမ အလင်းကာကွယ်ရေး မျက်နှာပြင်ကြီး တစ်ခုကို ဖန်တီးလိုက်ရာ... တိုက်ပွဲမှ ထွက်ပေါ်လာသော ဘေးထွက်ဆိုးကျိုး အများစုကို တားဆီးပေးလိုက်သည်။
“ဂိုဏ်းချုပ်ယဲ့ကို ကျေးဇူးအများကြီး တင်ပါတယ်ဗျာ..”
လူအုပ်ကြီးမှာ သူ့ထံသို့ ကျေးဇူးတင်မှုများ နှင့် လေးစားကြောက်ရွံ့မှုများ ပြည့်နှက်နေသော အကြည့်များဖြင့် လှမ်းကြည့်ကြ၏။
ယဲ့ဖုန်းက မီးခိုးရောင်နွယ်ပင်နတ်သမီးအား ရက်စက်စွာ သုတ်သင်လိုက်သည့် မြင်ကွင်းကို ကောင်းကင်ယံရှိ အလင်းမျက်နှာပြင်မှတစ်ဆင့် လူတိုင်း ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည် မဟုတ်ပါလော။ ယခုအခါ လူတိုင်း၏ မျက်လုံးထဲတွင် ယဲ့ဖုန်းသည် ဟင်းလင်းပြင်ဖြိုခွဲ အဆင့် အောက်၌ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်လာခဲ့တော့၏။
ဘယ်သူမှ မရန်စရဲသည့် ဖြစ်တည်မှုကြီး တစ်ခုပင်။
*
မြူခိုးဂိုဏ်း။
ဝမ်ရွှမ်ဖင်းမှာ မြေပြင်ပေါ်တွင် အရုပ်ကြိုးပြတ် လဲကျနေသည်။
သူသည် တောင်နံရံပေါ်ရှိ နန်းမြို့တော်တိုက်ပွဲ ပုံရိပ်ယောင်ကို ကြည့်ရင်း မှင်သက်နေမိပြီး... သူမ၏ စိတ်လှုပ်ရှားမှုများကို အချိန်အတော်ကြာအောင် မထိန်းချုပ်နိုင်ဘဲ ဖြစ်နေရရှာ၏။
သူ မြူခိုးဂိုဏ်းထဲသို့ ဝင်ရောက်လာကတည်းက ကံကြမ္မာက သူ့ကို လှောင်ပြောင်နေသကဲ့သို့ ခံစားနေရသည်မှာ အမှန်ပင်။ ပထမဆုံးအနေဖြင့် သူသည် ရှီလေ့၏ ခေါ်ဆောင်သွားခြင်းကို ခံရကာ အုတ်သယ်ခဲ့ရသည်။ ထို့နောက် မီးခိုးရောင်နွယ်ပင်နတ်သမီး၏ တိုက်ခိုက်မှုကို ကြုံတွေ့ရပြန်သည်။ သူမ၏ အသက်ကို ကယ်တင်ရန်အတွက် သူ၏ အထောက်အထားကို ထုတ်ဖော်ပြောတော့မည့် အခိုက်အတန့်လေးမှာပင်... ယဲ့ဖုန်းက လောကကို တုန်လှုပ်စေမည့် ဓားတစ်ချက်ဖြင့် မီးခိုးရောင်နွယ်ပင်နတ်သမီးကို ခုတ်ပိုင်း သုတ်သင်လိုက်၏။
ယခုအခါတွင်လည်း ဟင်းလင်းပြင်ဖြိုခွဲ အဆင့်ရှိ မဟာ ဘိုးဘေးကြီး သုံးဦးမှာ နန်းမြို့တော်၏ ကောင်းကင်ထက်ဝယ် အကြိတ်အနယ် တိုက်ခိုက်နေကြပြန်တော့၏။ မြင်ကွင်းမှာ ခမ်းနားထည်ဝါလွန်းလှသလို အရှိန်အဝါများမှာလည်း ကြောက်မက်ဖွယ်ကောင်းလွန်းသဖြင့် လူတိုင်းကို မှင်သက်သွားစေခဲ့သည်။
ဒီ သူလျှိုလုပ်ငန်းစဉ်က တကယ်ကို အန္တရာယ် များလွန်းလှပါလား။
‘ငါ့ရဲ့ သူလျှို အစီအစဉ်ကတော့ အောင်မြင်မှာ မဟုတ်တော့ဘူးထင်တယ်... အမြန်ဆုံး ထွက်ပြေးတာကမှ စိတ်ချရဦးမယ်’
ဝမ်ရွှမ်ဖင်းမှာ အိုးပူပေါ်က ပုရွက်ဆိတ်အလား အသည်းအသန် လူးလာခေါက်တုံ့ လျှောက်နေမိလေတော့၏။
...
နန်းမြို့တော်။
ယဲ့ဖုန်းသည် နံပါတ် (၉) ကျောက်တိုင်ထိပ်တွင် မားမားမတ်မတ် ရပ်နေသည်။
သူသည် မိုင်ပေါင်းရာချီ မြင့်မားသော ကောင်းကင်ယံထက်တွင် တိုက်ခိုက်နေကြသော ဟင်းလင်းပြင်ဖြိုခွဲ အဆင့် မဟာ ဘိုးဘေး သုံးဦးကို မော့ကြည့်လိုက်သည်။
သူတို့၏ ဓမ္မပုံရိပ်များမှာ တစ်ခုနှင့်တစ်ခု အဆက်မပြတ် တိုက်ခိုက်နေကြ၏။
သူတို့၏ ကိုယ်ခန္ဓာ အစစ်များမှာလည်း နတ်ဘုရားစွမ်းရည် မျိုးစုံကို ထုတ်ဖော်လျက် ဟင်းလင်းပြင်ကို ဆွဲဖြဲနေကြသည်။... မရေမတွက်နိုင်သော နေရာလပ် အက်ကြောင်းများကို ဖြစ်ပေါ်စေကာ ထိုအက်ကြောင်းများမှာလည်း မျက်စိတစ်မှိတ်အတွင်း ပြန်လည် စေ့သွားတတ်၏။
“ဟမ့်.....”
“မင်းတို့ နှစ်ယောက်ပေါင်းတာတောင် ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူးကွ။ အရင်ဆုံး ဒီကိုယ်ပွားကို ငါ အပိုင်းပိုင်း ချိုးဖျက်ပြမယ်”
သစ်ပင်နတ်ဆိုးဘိုးဘေးက ဟိန်းဟောက်လိုက်သည်။
သူသည် လက်ဟန်များကို အလျင်အမြန် ရေးဆွဲလိုက်ရာ သူ၏ ဓမ္မပုံရိပ် နောက်ကွယ်မှ မရေမတွက်နိုင်သော နွယ်ပင်များမှာ ဟင်းလင်းပြင်ကို ထိုးဖောက်ကာ ဘိုးဘေး ကျန်းလင်း၏ ကိုယ်ပွားထံသို့ တိုက်ရိုက် ဦးတည်သွားတော့၏။
“ဥပဒေသ အားလုံးကို ခုခံခြင်း..”
ဘိုးဘေး ကျန်းလင်း၏ ကိုယ်ပွားက ထိုနတ်ဘုရားစွမ်းရည်ကို ထုတ်ဖော်လိုက်ရာ... သူ၏ ကိုယ်ပေါ်မှ တောက်ပလှသော သန့်စင်သည့် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး နွယ်ပင်များ အားလုံးကို လွင့်စဉ်သွားစေခဲ့သည်။
“နတ်ဘုရားစွမ်းရည်... ကောင်းကင်ဖုံးလွှမ်းသော နေမင်းရောင်ပြန်..”
အခြားတစ်ဖက်တွင်လည်း ဘိုးဘေး လင်မြောင်က လက်ဟန်များကို ပြုလုပ်လိုက်ရာ သူ၏ နောက်ကွယ်တွင် နေမင်းကိုပင် ကွယ်နိုင်သော ထူးဆန်းသည့် အမည်းရောင် တိမ်တိုက်ကြီးတစ်ခု ပေါ်ထွက်လာခဲ့၏။ ထိုတိမ်တိုက်အတွင်းမှနေ၍ ခြောက်ခြားဖွယ်ရာ အရှိန်အဝါလှိုင်းများမှာ သစ်ပင်နတ်ဆိုးဘိုးဘေးအား ဝါးမြိုရန် အဟုန်ပြင်းစွာ တိုးဝင်သွားလေတော့သည်။
“နတ်ဘုရားစွမ်းရည်... ကောင်းကင်နှင့်မြေကြီးကို ဝါးမြိုခြင်း..”
သစ်ပင်နတ်ဆိုးဘိုးဘေး၏ ဝိညာဉ်ခွဲမှာလည်း အလျှော့မပေးဘဲ ပြန်လည် တိုက်ခိုက်၏။
သူ၏ နောက်ကွယ်တွင် ပေပေါင်း ထောင်ချီ မြင့်မားသော ဧရာမ မျက်နှာ တစ်ခု ပေါ်ထွက်လာခဲ့ပြီး... ပါးစပ်ကို အစွမ်းကုန် ဟကာ တိုးဝင်လာသော အရှိန်အဝါလှိုင်းများကို တိုက်ရိုက်ပင် မျိုချပစ်လိုက်သည်။
ပြိုင်ဘက် နှစ်ဦးနှင့် ရင်ဆိုင်နေရသော်ငြား သစ်ပင်နတ်ဆိုးဘိုးဘေးမှာ အနည်းငယ်မျှပင် နောက်ဆုတ်ခြင်း မရှိခဲ့ချေ။
“မင်းတို့ နှစ်ယောက်တည်းနဲ့တော့ ငါ့ကို မယှဉ်နိုင်ပါဘူးကွာ”
သစ်ပင်နတ်ဆိုးဘိုးဘေးက မောက်မာစွာ ကြွားဝါလိုက်သည်။
သူသည် ထိုသို့ ကြွားဝါနိုင်လောက်သော အစွမ်းအစလည်း အမှန်တကယ်ပင် ရှိနေသည် မဟုတ်ပါလော။
ဘိုးဘေး လင်မြောင် နှင့် ဘိုးဘေး ကျန်းလင်း တို့၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ ပေါ်ထွက်လာခဲ့၏။
ယခင်က ထိပ်တိုက်တွေ့ဆုံမှုများတွင် သူတို့ နှစ်ဦး ပူးပေါင်းလျှင်ပင် သစ်ပင်နတ်ဆိုးဘိုးဘေး၏ ဝိညာဉ်ခွဲအား အနိုင်ရရန် ခက်ခဲခဲ့ပြီး တိုက်ပွဲမှာ သရေသာ ကျခဲ့သည် မဟုတ်ပါလော။ အနိုင်ရဖို့ဆိုသည်မှာ တကယ့်ကို ခက်ခဲလှသည်။
ဘိုးဘေး ကျန်းလင်းက နှမြောတသစွာ ဆိုလိုက်သည်။
“ဟူး... ငါ့ရဲ့ ကိုယ်ခန္ဓာ အစစ်သာ တံခါးပိတ်ကျင့်ကြံရာကနေ စောစော ထွက်လာနိုင်ပြီး ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ဒုတိယအလွှာကို တက်လှမ်းနိုင်ခဲ့မယ် ဆိုရင်တော့... မင်းရဲ့ ဝိညာဉ်ခွဲကို သတ်ရတာ လက်ဖဝါး နောက်ပြန်လှန်ရသလောက် လွယ်မှာပဲ”
“မင်းမှာ အဲဒီလို အခွင့်အရေးမျိုး ရှိမှာ မဟုတ်တော့ဘူး”
သစ်ပင်နတ်ဆိုးဘိုးဘေးက ပြတ်သားစွာ ပြောလိုက်သည်။
သူသည် လျှို့ဝှက်ဆန်းကြယ်နိုင်ငံတော် တစ်ခုလုံးကို သွေးယဇ်ပူဇော်ပြီး... သူ၏ ကိုယ်ခန္ဓာ အစစ်အတွက် ကြီးမားလှသော အာဟာရများကို ပေးပို့ရန် ပြင်ဆင်နေခြင်း ဖြစ်၏။ ထိုအချိန်ကျလျှင် သူ၏ ကိုယ်ခန္ဓာ အစစ်မှာ ဟင်းလင်းပြင်ဖြိုခွဲ အဆင့် စတုတ္ထအလွှာသို့ သေချာပေါက် တက်လှမ်းနိုင်လိမ့်မည် မဟုတ်ပါလော။
ထိုမှတစ်ဆင့် သူသည် လျှို့ဝှက်ဆန်းကြယ်နိုင်ငံတော် ကဲ့သို့သော အခြားသော နယ်မြေများကိုပါ သွေးဆေးကြောခြင်းများ ဆက်လက် ပြုလုပ်ပြီး... သူ၏ ကျင့်ကြံခြင်းအဆင့်ကို အဆက်မပြတ် မြှင့်တင်သွားရန် ကြံစည်နေခြင်း ဖြစ်၏။
“ငါသာ တပိုင်း သူတော်စင် တစ်ဦး ဖြစ်လာပြီ ဆိုရင်တော့... ရှန်ကျိုးတိုက်ကြီးထဲကို ရဲရဲဝံ့ဝံ့ ခြေချနိုင်ပြီပေါ့။ စစ်မှန်တဲ့ သူတော်စင်တွေ ထွက်မလာသရွေ့တော့... ဘယ်သူကများ ငါ့ကို ယှဉ်နိုင်ဦးမှာလဲ”
သစ်ပင်နတ်ဆိုးဘိုးဘေး၏ ဝိညာဉ်ခွဲမှာ အားပါးတရ ရယ်လိုက်သည်။
သူသည် သူ၏ လက်အောက်ငယ်သားများကို ကမ္ဘာအနှံ့ စေလွှတ်ကာ သွေးယဇ်ပူဇော်မှုများ ပြုလုပ်စေပြီး အာဟာရများကို စုဆောင်းစေခဲ့သည် မဟုတ်ပါလော။ သူသာ သစ်ပင်နတ်ဆိုးမျိုးနွယ်စု၏ တပိုင်း သူတော်စင် ဖြစ်လာခဲ့လျှင်... သူ၏ မျိုးနွယ်စုကို အထွတ်အထိပ်သို့ ပို့ဆောင်ပေးနိုင်မည်ဖြစ်ပြီး၊ ကြယ်တာရာဟင်းလင်းပြင် ၏ အစွမ်းထက်ဆုံး မျိုးနွယ်စုများထဲမှ တစ်ခု ဖြစ်လာစေမည်ပင်။
ထိုအချိန်ကျလျှင် သူတော်စင်အဆင့်သို့ တက်လှမ်းနိုင်ရန်မှာလည်း လက်တစ်ကမ်း အကွာတွင်သာ ရှိတော့မည်။
ယခုလောလောဆယ်တွင်မူ သူ၏ ရှေ့၌ ရှိနေသော ဟင်းလင်းပြင်ဖြိုခွဲ အဆင့်ရှိ မဟာ ဘိုးဘေး နှစ်ဦးကို အနိုင်ယူနိုင်ရုံမျှဖြင့် သွေးယဇ်ပူဇော်မှုကို စတင်နိုင်မည် ဖြစ်၏။
သူ၏ ကျင့်ကြံခြင်းအဆင့် တရှိန်ထိုး မြင့်တက်သွားသည်နှင့် တစ်ပြိုင်နက်... ဝိညာဉ်ခွဲ၏ စွမ်းအားမှာလည်း လိုက်ပါ မြင့်တက်လာမည် မဟုတ်ပါလော။ ထိုအချိန်ကျလျှင် နိုင်ငံပေါင်း ထောင်ချီကို တံမြက်လှည်းသလို ရှင်းလင်းပစ်ရန်မှာ အလွန်ပင် လွယ်ကူသွားပေလိမ့်မည်။
“ဘယ်လိုလုပ်ကြမလဲဗျာ... ဟင်းလင်းပြင်ဖြိုခွဲ အဆင့်ရှိတဲ့ မဟာ ဘိုးဘေး နှစ်ယောက်စလုံးက သစ်ပင်နတ်ဆိုးဘိုးဘေးကို မယှဉ်နိုင်တဲ့ပုံပဲ။ ကျုပ်တို့ အားလုံး သေကြရတော့မှာလား”
“တိတ်တိတ်နေစမ်း... ဆက်ကြည့်ကြရအောင်..”
“ငါတော့ စိတ်အေးအေး မထားနိုင်တော့ဘူး..”
“တစ်ခါတလေကျရင်... ကျုပ်တို့မှာ မျှော်လင့်ချက် ကျန်သေးနိုင်တာပဲလေ..”
ထိုနေရာရှိ ကျင့်ကြံသူများမှာ အလွန်ပင် စိုးရိမ်ပူပန်နေကြ၏။
အများစုမှာမူ မျှော်လင့်ချက် ကင်းမဲ့နေကြပြီ ဖြစ်၏။ အကယ်၍ သစ်ပင်နတ်ဆိုးဘိုးဘေးက ထိုမဟာ ဘိုးဘေး နှစ်ဦးကို အနိုင်ယူလိုက်မည် ဆိုပါက... သူတို့ထဲမှ တစ်ယောက်မျှ အသက်ရှင်သန်ခွင့် ရလိမ့်မည် မဟုတ်ပါချေ။
သို့သော်လည်း အချို့ကမူ အကောင်းမြင်စိတ်ဖြင့် ဤခက်ခဲလှသော အခြေအနေကို ကျော်ဖြတ်နိုင်လိမ့်မည်ဟု ယုံကြည်နေကြဆဲ ဖြစ်သည်။
ကောင်းကင်အမြင့်ပိုင်းတွင်မူ...
ဘိုးဘေး လင်မြောင် နှင့် ဘိုးဘေး ကျန်းလင်း တို့၏ မျက်နှာများမှာ လေးနက်ခက်ထန်နေသည်။ သစ်ပင်နတ်ဆိုးဘိုးဘေးသည် လူအုပ်ကြီး၏ ပြောဆိုသံများကို ကြားလိုက်ရသည့်အခါ လှောင်ပြောင်လိုက်၏။
“အခွင့်အရေး ဟုတ်လား... နေ့ခင်းကြောင်တောင် အိမ်မက်မက်မနေကြနဲ့ဦး။ ဒီအဘိုးကြီး နှစ်ယောက်ကို သတ်ပြီးတာနဲ့... နောက်တစ်ယောက်က မင်းတို့တွေပဲ ဖြစ်စေရမယ်..”
ထိုစကားကြောင့် လူအုပ်ကြီး၏ မျက်နှာများမှာ သွေးဆုတ်ဖြူရော်သွားခဲ့ရသည်။ အချို့မှာ ကြောက်လန့်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေကြတော့၏။
“ဘယ်သူက သူတို့မှာ အခွင့်အရေး မရှိဘူးလို့ ပြောတာလဲ”
နံပါတ် (၉) ကျောက်တိုင်ပေါ်တွင် ရပ်နေသော ယဲ့ဖုန်းက ရုတ်တရက် ဝင်ရောက် ပြောဆိုလိုက်သည်။
သူ၏ အသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ယဲ့ဖုန်းသည် တစ်နေရာလုံး၏ အာရုံစိုက်ရာ ဗဟိုချက် ဖြစ်လာခဲ့တော့၏။
“ဟမ့်... ဒါက ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ဧကရာဇ်တွေရဲ့ တိုက်ပွဲကွ။ နို့နံ့မစင်သေးတဲ့ မင်းလို ကောင်လေးက ဘာအခွင့်အရေး ရှိလို့ ဝင်ပြောနေရတာလဲ”
သစ်ပင်နတ်ဆိုးဘိုးဘေးက အေးစက်စွာ ပြောလိုက်သည်။
သူသည် ဘိုးဘေး လင်မြောင် နှင့် ဘိုးဘေး ကျန်းလင်း တို့ကို မသတ်မီ... ယဲ့ဖုန်းကို အရင်ဆုံး သတ်ပစ်ရန် ဆုံးဖြတ်လိုက်သည်။ ဤကဲ့သို့သော ထိပ်တန်း ပါရမီရှင်ကို အသက်ရှင်ခွင့် ပေးထား၍ မဖြစ်ပါလော။
“တကယ်ပဲ အဲဒီလို ထင်နေတာလား” ယဲ့ဖုန်းက အော်ဟစ်လိုက်သည်။
တဆက်တည်း၌၊ သူသည် သူ၏ ဝတ်ရုံလက်စကြီးကို ဝှေ့ယမ်းလိုက်ရာ... သူ့အရှိန်အဝါများမှာ ထပ်မံ၍ အဟုန်ပြင်းစွာ မြင့်တက်လာခဲ့တော့သည်။ မူလနတ်ဘုရားအဆင့် အထွတ်အထိပ်ကို ကျော်လွန်ကာ ဟင်းလင်းပြင်ဖြိုခွဲ အဆင့် နှင့် မူလနတ်ဘုရားအဆင့် ကြားရှိ လျှို့ဝှက်ဆန်းကြယ်သော နယ်ပယ်တစ်ခုသို့ ဝင်ရောက်သွားခဲ့လေတော့၏။
“တပိုင်း ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ပါလား..”
သစ်ပင်နတ်ဆိုးဘိုးဘေး၊ ဘိုးဘေး ကျန်းလင်း နှင့် ဘိုးဘေး လင်မြောင် ဟူသော မဟာ ဘိုးဘေးကြီး သုံးဦးစလုံး၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားရလေတော့သည်။
ကျင့်ကြံခြင်း အဆင့်အတန်း ခွဲခြားမှုတွင် ‘တပိုင်း ဟင်းလင်းပြင်ဖြိုခွဲ အဆင့်’ ဆိုသည်မှာ မရှိချေ။
သို့သော်ငြား အချို့သော ကျင့်ကြံသူများသည် ဟင်းလင်းပြင်ဖြိုခွဲ အဆင့်သို့ တက်လှမ်းရန် ကြိုးစားနေစဉ်အတွင်း... ထို မဟာအဆင့်ကြီး နှစ်ခုကြားရှိ အဆင့်တစ်ခုသို့ ခြေချမိသွားတတ်ကြ၏။ ဤအဆင့်မှာ မူလနတ်ဘုရားအဆင့်ထက် အများကြီး ပိုမို အစွမ်းထက်သော်ငြား ဟင်းလင်းပြင်ဖြိုခွဲ အဆင့်သို့တော့ အပြည့်အဝ မရောက်ရှိသေးချေ။
ထို့ကြောင့်ပင် လူများက ၎င်းကို ‘တပိုင်း ဟင်းလင်းပြင်ဖြိုခွဲ အဆင့်’ ဟုသာ အမည်ပေး ခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်၏။
“ဘုရားရေ.....”
“ဂိုဏ်းချုပ်ယဲ့က တကယ်တော့ အင်အားတွေကို ဖုံးကွယ်ထားခဲ့တာပဲ..”
လူအုပ်ကြီးမှာ အံ့သြတကြီး ဖြစ်သွားကြရသည်။
မူလနတ်ဘုရားအဆင့် အထွတ်အထိပ်မှာပင် အလွန် အစွမ်းထက်နေပြီ ဖြစ်သော ယဲ့ဖုန်းက... ယခုအခါ ပိုမို အစွမ်းထက်သော အရှိန်အဝါများကို ထုတ်ဖော်ပြသလိုက်ပြီ မဟုတ်ပါလော။
တပိုင်း ဟင်းလင်းပြင်ဖြိုခွဲ အဆင့် တဲ့လား...။
ဂိုဏ်းချုပ်ယဲ့ကတော့ တကယ်ကို ကြောက်စရာ ကောင်းလွန်းလှပါလား..။
လူအုပ်ကြီးမှာ မျှော်လင့်ချက် အလင်းရောင်လေးများကို ပြန်လည် မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
“ဟား ဟား ဟား.....”
“ဂိုဏ်းချုပ်ယဲ့က တကယ်ကို သိုသိုသိပ်သိပ် နေတတ်တာပဲဗျာ။ တကယ်တော့ သူက တပိုင်း ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ကို ရောက်နေတာကိုး။ မင်းရဲ့ အကူအညီသာ ရှိမယ်ဆိုရင်... ဒီ ပြင်ပ မိစ္ဆာကောင်ကို ကျုပ်တို့တွေ သေချာပေါက် ဖိနှိပ်နိုင်မှာပဲ..”
ဘိုးဘေး ကျန်းလင်း နှင့် ဘိုးဘေး လင်မြောင် တို့မှာ အားပါးတရ ရယ်လိုက်ကြသည်။
လူအုပ်ကြီး အလယ်တွင်မူ...၊
သွေးနတ်ဆိုး ခန်းမဆောင် အမြစ်ပြတ် သုတ်သင်ခံလိုက်ရသဖြင့် ဒေါသတကြီး အော်ဟစ်ခဲ့ဖူးသော လင်မြောင် ဧကရာဇ် မှာမူ... ယခုအခါ တစ်ကိုယ်လုံး တုန်ရီနေပြီး သူ၏ ထိုင်ခုံပေါ်တွင် အရုပ်ကြိုးပြတ် ကျဆင်းသွားခဲ့ရတော့၏။
သူသည် ယဲ့ဖုန်းအား ပြဿနာ မရှာခဲ့မိခြင်းမှာ တကယ့်ကို ကံကောင်းသည်ဟု တွေးမိနေသည်။ ယဲ့ဖုန်း၏ တပိုင်း ဟင်းလင်းပြင်ဖြိုခွဲ အဆင့် စွမ်းအားဖြင့် ဆိုပါက... သူသည် ဧကရာဇ်ကို သတ်ပစ်လျှင်တောင်မှ ဘိုးဘေး လင်မြောင် အနေဖြင့် ဆူပူကြိမ်းမောင်းရုံထက် ပိုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။
ကောင်းကင်အမြင့်ပိုင်းတွင်...
သစ်ပင်နတ်ဆိုးဘိုးဘေး၏ ဝိညာဉ်အပိုင်းအစသည် ယဲ့ဖုန်းအား စူးစိုက်ကြည့်လိုက်သည်။
“ကောင်းပြီလေ... မင်းက တပိုင်း ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ဖြစ်နေတာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ အဲဒါက ဘာဖြစ်သေးလဲ။ ငါ သစ်ပင်နတ်ဆိုးဘိုးဘေး ရဲ့ ဘဝမှာ ဘယ်သူ့ကိုမှ မကြောက်ခဲ့ဖူးဘူး။ ဟင်းလင်းပြင်ဖြိုခွဲ အဆင့် သုံးယောက်ကို တစ်ပြိုင်နက် ရင်ဆိုင်ရရင်တောင် ငါ မကြောက်ဘူး... မင်းလို ကောင်လေးကို ဘာလို့ ကြောက်ရမှာလဲ”
သူသည် ဧရာမ သစ်ပင်နတ်ဆိုး ဓမ္မပုံရိပ်ကြီး၏ ဦးခေါင်းထက်သို့ နေရာရွှေ့လိုက်၏။
သူ၏ နောက်ကွယ်တွင် ပိုမို ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများမှာ စတင် စုစည်းလာခဲ့တော့သည်။
“ဟင်းလင်းပြင်တွင် အမြစ်တွယ်ခြင်း၊ ကောင်းကင်နှင့်မြေကြီးကို ဝါးမြိုခြင်း..”
သစ်ပင်နတ်ဆိုးဘိုးဘေးသည် လက်ကို ဆန့်ထုတ်ကာ သူ၏ နဖူးကို ရက်စက်စွာ ဆွဲခြစ်လိုက်ရာ... ဒဏ်ရာတစ်ခု ပေါ်ထွက်လာပြီး သွေးများ ပန်းထွက်လာခဲ့၏။ ထိုသွေးများသည် လေထဲတွင် လွင့်မျောသွားပြီး ထူးခြားလှသော ရှေးဟောင်း သွေးရောင် ဝင်္ကပါ ပုံစံများကို ရေးဆွဲလိုက်လေတော့သည်။
ကောင်းကင်ယံထက်ဝယ်၊ ခြောက်ခြားဖွယ်ရာ အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့တော့၏။
“ဝှစ်..”
နောက်တစ်စက္ကန့်တွင်... မရေမတွက်နိုင်သော နွယ်ပင်များမှာ ကောင်းကင်တစ်ခုလုံးကို ဖြန့်ကျက်သွားသည်။ မိုင်ပေါင်း သောင်းချီ ကျယ်ဝန်းသော ဧရာမ စက်လုံးပုံသဏ္ဌာန် လှောင်ချိုင့်ကြီး အသွင် ဖွဲ့စည်းကာ နေရာတစ်ခုလုံးကို ဖုံးအုပ်လိုက်လေတော့သည်။
အတွင်းပိုင်းရှိ လေဖိအားမှာလည်း အလျင်အမြန် မြင့်တက်လာခဲ့တော့၏။
“မင်းတို့ကို ငါ အသေအကြေ ဖိသိပ် သတ်ပစ်မယ်..” ဟု သစ်ပင်နတ်ဆိုးဘိုးဘေးက ရက်စက်ယုတ်မာလှသော အပြုံးဖြင့် ဆိုလိုက်သည်။
“မဟန်တော့ဘူး... ဒီလှောင်ချိုင့်ကို အမြန်ဆုံး ဖျက်ဆီးကြစမ်း။ မဟုတ်ရင် ငါတို့ အားလုံး ဝါးမြိုခံလိုက်ရလိမ့်မယ်..”
ဘိုးဘေး ကျန်းလင်းက ကျယ်လောင်စွာ သတိပေးလိုက်သည်။
“တကယ့်ကို ယုတ်မာတဲ့ နတ်ဘုရားစွမ်းရည်ပဲ..”
ယဲ့ဖုန်းသည် ကောင်းကင် တစ်ခုလုံးကို ကွယ်ထားသော နွယ်ပင်လှောင်ချိုင့်ကြီးကို မော့ကြည့်လိုက်ရာ... ကျင့်ကြံသူ အများအပြား၏ သက်စွမ်းအင်များမှာ အတင်းအဓမ္မ စုပ်ယူခံနေရပြီး သစ်ပင်နတ်ဆိုးဘိုးဘေး ဖန်တီးထားသော အကာအကွယ် အတွင်းသို့ စီးဝင်နေသည်ကို ခံစားလိုက်ရသည်။
“ကြည့်ရတာ... ‘ကောင်းကင်ယံသို့ ခြေလှမ်းခုနစ်လှမ်း’ ကို သုံးမှ ဖြစ်တော့မယ် ထင်တယ်..”
ယဲ့ဖုန်းသည် ထိုးထွင်းသိမြင်ခြင်း မျက်လုံးကို အသက်သွင်းလိုက်ရာ... တစ်ခုတည်းသော အားနည်းချက်မှာ သစ်ပင်နတ်ဆိုးဘိုးဘေး ကိုယ်တိုင် ဖြစ်နေကြောင်း သိမြင်သွားသဖြင့် ချက်ချင်းပင် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်လေတော့၏။
“ပထမခြေလှမ်း... ချီကျင့်ကြံခြင်း၊ ကောင်းကင်နှင့်မြေကြီး နိုးထခြင်း..”
ယဲ့ဖုန်း သူ၏ ခြေထောက်ကို ကြွလိုက်ပြီး ပြင်းထန်စွာ နင်းချလိုက်သည့် အခိုက်အတန့်၌... ကမ္ဘာမြေကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး၊ အရပ်မျက်နှာအနှံ့ရှိ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များမှာ သူ၏ ကိုယ်ထံသို့ ရူးသွပ်စွာ စုပြုံ စီးဝင်လာခဲ့လေတော့၏။
ထိုအခိုက်အတန့်တွင်...
ယဲ့ဖုန်းသည် တစ်နေရာလုံး၏ အာရုံစိုက်ရာ ဗဟိုချက်အဖြစ် ထပ်မံ၍ ဖြစ်လာခဲ့လေတော့သည်။
အခန်း (၅၀၄) ကောင်းကင်ယံသို့ ခြေလှမ်းခုနစ်လှမ်း၊ သစ်ပင်နတ်ဆိုးဘိုးဘေး၏ အန္တိမနည်းစနစ်
~“ဒါ ‘ကောင်းကင်ယံသို့ ခြေလှမ်းခုနစ်လှမ်း’ ပဲ”
မြူခိုးဂိုဏ်း၏ အကြီးအကဲများနှင့် တပည့်များမှာ ထိုသိုင်းကွက်ကို ချက်ချင်းပင် မှတ်မိသွားကြ၏။ ယဲ့ဖုန်းသည် ဤနည်းစနစ်ကို အသုံးပြု၍ အစွမ်းထက်သော ရန်သူပေါင်းများစွာကို အမြစ်ပြတ်ချေမှုန်းခဲ့သည်ကို သူတို့ အကြိမ်ကြိမ် မြင်တွေ့ခဲ့ဖူးလေရာ လက်သီးများကို တင်းကျပ်စွာ ဆုပ်လိုက်ကြရင်း အခြေအနေကို ပြောင်းပြန်လှန်နိုင်လိမ့်မည်ဟု မျှော်လင့်နေကြလေတော့သည်။
“ဒီနတ်ဘုရားစွမ်းရည်က... ဧကရာဇ်ပေဟယ် ရဲ့ ‘ကောင်းကင်ယံသို့ ခြေလှမ်းခုနစ်လှမ်း’ ပဲ။ အသင်က ဘယ်လိုလုပ်ပြီး အဲဒါကို သုံးနိုင်ရတာလဲ”
သစ်ပင်နတ်ဆိုးဘိုးဘေးသည် မျက်လုံးများ ပြူးကျယ်လျက် စိုက်ကြည့်နေ၏။
သစ်ပင်နတ်ဆိုးမျိုးနွယ်စုသည် ကြယ်တာရာမျိုးနွယ်စုများထဲမှ တစ်ခု ဖြစ်လေရာ ထိုမျိုးနွယ်စု၏ ဘိုးဘေးတစ်ဦးအနေဖြင့် သစ်ပင်နတ်ဆိုးဘိုးဘေးမှာ ကျော်ကြားလှသော ဧကရာဇ်ပေဟယ်၏ အကြောင်းကို သဘာဝကျကျပင် ကြားဖူးနားဝ ရှိသည်။ သူသည် ဤထင်ရှားလှသော နတ်ဘုရားစွမ်းရည်ကို ကောင်းစွာ သိရှိထားခြင်းပင် ဖြစ်၏။
ယဲ့ဖုန်းကို ကြည့်ရင်း သစ်ပင်နတ်ဆိုးဘိုးဘေး၏ မျက်လုံးထဲ၌ တစ်ဖက်လူ၏ နောက်ကွယ်တွင် ခန့်ညားထည်ဝါပြီး ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်ကင်း ပုံရိပ်ကြီးတစ်ခု ရှိနေသကဲ့သို့ မြင်ယောင်နေမိသည်။
*
မြူခိုးဂိုဏ်းဝယ်မူ၊
ဝမ်ရွှမ်ဖင်းမှာ ယဲ့ဖုန်းက ‘ကောင်းကင်ယံသို့ ခြေလှမ်းခုနစ်လှမ်း’ ကို ထုတ်ဖော်နေသည့် ပုံရိပ်ကို စိုက်ကြည့်နေရင်း နဖူးပေါ်မှ သွေးကြောများပင် ထောင်တက်လာခဲ့၏။
‘ဧကရာဇ်ပေဟယ်။
အဲဒါက ဝိညာဉ်ဝါးမြိုမျိုးနွယ်စုရဲ့ အိပ်မက်ဆိုးကြီးပဲ။
မြူခိုးဂိုဏ်း နဲ့ ဧကရာဇ်ပေဟယ် ကြားမှာ ဘယ်လို ပတ်သက်မှုမျိုး ရှိနေလို့လဲ... ပြီးတော့ ယဲ့ဖုန်း က ဘာလို့ ဒီကြောက်စရာကောင်းတဲ့ နတ်ဘုရားစွမ်းရည်ကို သိနေရတာလဲ’
ဝမ်ရွှမ်ဖင်း၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။ သူမကို အမျိုးသားတပည့်တစ်ဦး၏ ကိုယ်ခန္ဓာအတွင်း ဝင်စားစေပြီး မြူခိုးဂိုဏ်းသို့ သူလျှိုအဖြစ် စေလွှတ်ခဲ့ခြင်းမှာ အကြောင်းမဲ့ မဟုတ်တန်ရာ။ မြူခိုးဂိုဏ်းသည် တစ်ချိန်က ဧကရာဇ်ပေဟယ်၏ ဂိုဏ်း ဖြစ်ခဲ့နိုင်ခြေ အလွန်ပင် မြင့်မားနေသည်။
‘ဧကရာဇ်ပေဟယ် မှာ အားနည်းချက် မရှိဘူးလို့ ပြောကြတယ်’
‘ဒါပေမဲ့ သူ့ရဲ့ဂိုဏ်းကိုသာ ရှာတွေ့နိုင်မယ်ဆိုရင် ‘ကောင်းကင်ယံသို့ ခြေလှမ်းခုနစ်လှမ်း’ ကို ပြန်လည် တိုက်စစ်ဆင်နိုင်မယ့် နည်းလမ်းကို ရှာတွေ့နိုင်မှာပဲ’
‘ဖြစ်နိုင်တာက ဒါဟာ ငါ့ရဲ့ သူလျှိုလုပ်ငန်းစဉ်ရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်ပဲ ဖြစ်လိမ့်မယ်’
ယဲ့ဖုန်းက ခြေလှမ်းများကို စတင်လှမ်းလိုက်သည့်အခါ ဝမ်ရွှမ်ဖင်း၏ အတွေးများမှာ ရုတ်တရက် ကြည်လင်သွားခဲ့သည်။ သူမသည် မိမိ၏ တာဝန် မည်မျှ အရေးကြီးကြောင်းကို ကောင်းစွာ သဘောပေါက်သွားခဲ့တော့၏။
*
နန်းမြို့တော်၏ ကောင်းကင်ယံထက်ဝယ်။
ယဲ့ဖုန်းသည် ရှေ့သို့ ဆက်လက် ခြေလှမ်းနေသည်။ သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များမှာ တစ်ကြိမ် တုန်လှုပ်သွားခဲ့ရပြီး သူ၏ကိုယ်ထံသို့ ရူးသွပ်စွာ စုပြုံတိုးဝင်လာကြ၏။ သူ၏ အရှိန်အဝါများမှာ တဟုန်ထိုး မြင့်တက်လာခဲ့တော့၏။
ခြေလှမ်း (၅) လှမ်း အရောက်တွင်မူ သူသည် မိမိ၏ ကန့်သတ်ချက်များကို ချိုးဖျက်နိုင်ခဲ့ပြီး ဟင်းလင်းပြင်ဖြိုခွဲ အဆင့်ရှိ မဟာ ဘိုးဘေးများ၏ နယ်ပယ်အတွင်းသို့ တရားဝင် ခြေချနိုင်ခဲ့သည်။ ထိုအခိုက်အတန့်တွင် သစ်ပင်နတ်ဆိုးဘိုးဘေးပင်လျှင် မှင်သက်သွားခဲ့ရလေတော့၏။
“အသင်က တကယ့်ကို မဟာအဆင့်အတန်းကြီး တစ်ခုရဲ့ ကွာဟချက်ကို ဖြတ်ကျော်နိုင်တာလား”
သူသည် အစပိုင်းတွင် ထိတ်လန့်သွားသော်လည်း နောက်ပိုင်းတွင်မူ သူ၏ မျက်နှာမှာ ဒေါသကြောင့် ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့သည်။ ယဲ့ဖုန်းကို အသက်ရှင်ခွင့် ပေးထား၍ မဖြစ်ပါတကား။
“ကောင်းကင်နှင့်မြေကြီးကို ဝါးမြိုခြင်း..”
သစ်ပင်နတ်ဆိုးဘိုးဘေး၏ ဝိညာဉ်ခွဲသည် သူ၏ ဓမ္မပုံရိပ်အတွင်းသို့ ပေါင်းစပ်သွားပြီးနောက် ပေပေါင်း သောင်းချီ မြင့်မားသော ဧရာမ မျက်နှာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထို့နောက် ပါးစပ်ကို အစွမ်းကုန် ဟကာ ယဲ့ဖုန်းအား ဝါးမြိုရန် ကြိုးစားလေတော့၏။
ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူမှု အားစွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့တော့၏။ နန်းမြို့တော် တစ်ခုလုံးမှာ ကြောက်မက်ဖွယ်ကောင်းသော လေဆင်နှာမောင်းကြီးတစ်ခု၏ ဝါးမြိုခြင်းကို ခံလိုက်ရသည့်အလား မရေမတွက်နိုင်သော ပစ္စည်းများ၊ ကျင့်ကြံသူများနှင့် သာမန်ပြည်သူများမှာ လေထဲသို့ လွင့်ပါးသွားကြပြီး ထိုရက်စက်လှသော ပါးစပ်ကြီးအတွင်းသို့ ပျံသန်းသွားကြလေတော့၏။
“မင်း ဘယ်လိုတောင် ရဲတင်းနေရတာလဲ”
“သူ့ကို တားကြစမ်း..”
ဘိုးဘေး လင်မြောင် နှင့် ဘိုးဘေး ကျန်းလင်း၏ ကိုယ်ပွားတို့မှာ တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြ၏။ သူတို့သည် ကိုယ်ပိုင် ဓမ္မပုံရိပ်များအတွင်းသို့ ပေါင်းစပ်ဝင်ရောက်လိုက်ကြပြီး ဘယ်နှင့်ညာ ညှပ်ကာ ပြင်းထန်လှသော လက်သီးချက်များကို ပစ်သွင်းလိုက်ကြ၏။
“ဘုန်း...”
ဧရာမ မျက်နှာမှာ နောက်သို့ လွင့်စဉ်သွားခဲ့ရသည်။ ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူမှုအားမှာလည်း ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး လေထဲသို့ လွင့်ပါးသွားကြသူများမှာ ကောင်းကင်ယံမှ ပြန်လည် ကျဆင်းလာခဲ့ကြ၏။ ကံကောင်းထောက်မစွာဖြင့် သူတို့အများစုမှာ ကျင့်ကြံသူများ ဖြစ်ကြသဖြင့် လေထဲတွင် ကိုယ်ဟန်ချက်ကို အလျင်အမြန် ပြန်လည် ထိန်းသိမ်းနိုင်ခဲ့ကြပြီး အခြားသူများကိုပါ မြေပြင်ပေါ်သို့ အန္တရာယ်ကင်းစွာ ပင့်ဆောင်ပေးနိုင်ခဲ့ကြ၏။
သူတို့သည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြရာ အားလုံး၏ မျက်နှာပေါ်တွင် စိတ်သက်သာရာရမှုများ ယှဉ်တွဲနေကြ၏။
ကောင်းကင်ယံထက်ဝယ်။
ယဲ့ဖုန်းသည် နောက်ဆုံးတွင် သတ္တမမြောက် ခြေလှမ်းကို လှမ်းလိုက်တော့၏။
“ခြေလှမ်းခုနစ်လှမ်း ကောင်းကင်ဘုံအရှင်... စကြဝဠာဝယ် ပြိုင်ဘက်ကင်း..”
သူ၏ အရှိန်အဝါများမှာ လျင်မြန်စွာ မြင့်တက်လာခဲ့ပြီး နောက်ဆုံးတွင်တော့ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့တော့၏။ ၎င်းမှာ ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ပထမအလွှာ၏ အထွတ်အထိပ်နှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
ထိုအခိုက်အတန့်၌ ယဲ့ဖုန်း၏ အရှိန်အဝါမှာ အခြားသူများအားလုံးကို လွှမ်းမိုးထားခဲ့တော့၏။ ကုဋေကုဋာမကသော ကျင့်ကြံသူများကို ပြိုင်ဘက်ကင်းသော ဘုန်းတန်ခိုးများဖြင့် ဖိနှိပ်ထားပြီး မကြုံစဖူး မြင့်မားလှသော အခြေအနေသို့ ရောက်ရှိနေခဲ့သည်။
“ခင်ဗျားကို သတ်မယ်..”
ယဲ့ဖုန်းသည် သူ၏ ခြေထောက်ကို ကြွလိုက်သည်။ သူ၏ အရှိန်အဝါများ အားလုံးကို ခြေဖဝါးတွင် စုစည်းလိုက်ပြီးနောက် ရက်စက်လှသော ဧရာမ မျက်နှာ၏ နဖူးတည့်တည့်သို့ နင်းချလိုက်လေတော့၏။ ဤသည်မှာ သူ ထိုးထွင်းသိမြင်ခြင်းမျက်လုံးနှင့် ဝိညာဉ်သားရဲမျှော်စင်၏ စူးစမ်းနိုင်စွမ်းကို အသုံးပြု၍ ရှာဖွေတွေ့ရှိခဲ့သော တစ်ခုတည်းသော အားနည်းချက်ပင် ဖြစ်၏။
“ဘုန်း...”
ရေတံခွန်ကြီးအလား အားကောင်းလှသော အရှိန်အဝါလှိုင်းများမှာ အောက်သို့ ဒလဟော စီးဆင်းသွားခဲ့သည်။ ဧရာမ မျက်နှာမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်စစီ ကြေမွပျက်စီးသွားခဲ့ရတော့၏။
“အား...”
သစ်ပင်နတ်ဆိုးဘိုးဘေး၏ ဝိညာဉ်ခွဲမှာ ပျက်စီးသွားသော မျက်နှာအတွင်းမှနေ၍ အနောက်သို့ လွင့်စဉ်ထွက်လာခဲ့သည်။ သူ၏ တစ်ကိုယ်လုံးမှာ အက်ကြောင်းများဖြင့် ပြည့်နှက်နေပြီး အဆက်မပြတ် အော်ဟစ်နေရရှာတော့၏။
“ဖောင်း...”
ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသော နွယ်ပင်များမှာ နောက်ဆုံးတွင်တော့ ကြေမွသွားခဲ့တော့၏။ အစိမ်းရင့်ရောင် အလင်းစက်များစွာအဖြစ် လေထဲတွင် လွင့်ပါးကျဆင်းလာခဲ့ရာ နန်းမြို့တော်ပေါ်တွင် ဝိညာဉ်မိုးရေစဉ်များ ရွာသွန်းနေသည့်အလား ထင်မှတ်ရ၏သည်
လူအုပ်ကြီးမှာ သူတို့၏ ကိုယ်တွင်းမှ သက်စွမ်းအင်များ ယိုစိမ့်မှုမှာ နောက်ဆုံးတွင်တော့ ရပ်တန့်သွားပြီဖြစ်ကြောင်း သိရှိသွားကြ၏။ တောက်ပလှသော နေရောင်ခြည်မှာလည်း ပြန်လည် ဖြာကျလာခဲ့တော့၏။ နွေးထွေးလှသော ရွှေရောင်အလင်းတန်းများအောက်တွင် လူတိုင်းမှာ တစ်ကျော့ပြန် မွေးဖွားလာခဲ့သကဲ့သို့ ခံစားလိုက်ရသည်။
“တောက်... မင်းက ‘ကောင်းကင်ယံသို့ ခြေလှမ်းခုနစ်လှမ်း’ ရဲ့ စွမ်းအားအပြည့်ကို တကယ်ပဲ ထုတ်ဖော်နိုင်တာလား။ ငါ အတွက် မှားသွားပြီ..”
သစ်ပင်နတ်ဆိုးဘိုးဘေး၏ ဝိညာဉ်ခွဲမှာ မကျေမချမ်း ဖြစ်နေသော မျက်နှာထားဖြင့် ဆိုလိုက်သည်။
တပိုင်း ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ဆိုသည်မှာ ကြောက်စရာ မဟုတ်ချေ။ သို့သော်ငြား ‘ကောင်းကင်ယံသို့ ခြေလှမ်းခုနစ်လှမ်း’ ကို ပြီးပြည့်စုံအောင် ထုတ်ဖော်နိုင်သော တပိုင်း ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ကျင့်ကြံသူတစ်ဦးမှာမူ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို အထောက်အပံ့ ရရှိထားသဖြင့် မဟာအဆင့်အတန်းကြီးများ၏ ကွာဟချက်ကို ကျော်ဖြတ်ကာ စွမ်းအားများ တရှိန်ထိုး မြင့်တက်လာနိုင်သည် မဟုတ်ပါလော။
ယဲ့ဖုန်း၏ ခြေဖဝါး နင်းချလိုက်မှုကြောင့် သစ်ပင်နတ်ဆိုးဘိုးဘေး၏ ဝိညာဉ်ခွဲမှာ လုံးဝ ပျောက်ကွယ်မသွားခဲ့သော်လည်း သူ၏ မူလဇစ်မြစ်ကိုတော့ အကြီးအကျယ် ထိခိုက်သွားစေခဲ့တော့၏။ သူသည် အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့လေပြီ ဖြစ်၏။
“အဟွတ်... အဟွတ်... အဟွတ်..”
သစ်ပင်နတ်ဆိုးဘိုးဘေး၏ ဝိညာဉ်ခွဲမှာ ပြင်းထန်စွာ ချောင်းဆိုးနေပြီး ဆက်လက် တိုက်ခိုက်နိုင်စွမ်း မရှိတော့ချေ။
“သူ အားနည်းနေတုန်းမှာ အမြစ်ပြတ် သတ်ပစ်ကြစို့..”
ဘိုးဘေး ကျန်းလင်း၏ ကိုယ်ပွားမှာ ထပ်မံ၍ လှုပ်ရှားလိုက်ပြန်သည်။
ဘိုးဘေး လင်မြောင်မှာမူ နှုတ်ဆိတ်နေသော်လည်း သူ၏ လှုပ်ရှားမှုများမှာ အလွန်ပင် လျင်မြန်လှ၏။ ထိုနှစ်ဦးမှာ ဘယ်နှင့်ညာ ညှပ်ကာ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြလေရာ အလဲအလှယ် အနည်းငယ် ပြုလုပ်ပြီးနောက်တွင်တော့ သစ်ပင်နတ်ဆိုးဘိုးဘေး၏ ဝိညာဉ်ခွဲမှာ အပိုင်းပိုင်း ကြေမွသွားခဲ့ရလေတော့၏။ လေထဲတွင် မှုန်ဝါးဝါး အရိပ်တစ်ခုသာ ကျန်ရစ်ခဲ့ပြီး အရှိန်အဝါများမှာလည်း အလွန်ပင် အားနည်းနေတော့၏။
ယဲ့ဖုန်း၊ ဘိုးဘေး လင်မြောင် နှင့် ဘိုးဘေး ကျန်းလင်း၏ ကိုယ်ပွားတို့မှာ သုံးပွင့်ဆိုင် အနေအထားဖြင့် သစ်ပင်နတ်ဆိုးဘိုးဘေး၏ ဝိညာဉ်ခွဲ အရိပ်လေးကို ဝိုင်းရံထားလိုက်ကြ၏။
“ဟက်...”
သစ်ပင်နတ်ဆိုးဘိုးဘေး၏ ဝိညာဉ်ခွဲမှာ ခါးသီးစွာ ရယ်လိုက်သည်။
သူ အမှန်တကယ် ရှုံးနိမ့်သွားခဲ့တော့၏။ ဘိုးဘေး လင်မြောင်နှင့်၊ ဘိုးဘေး ကျန်းလင်း၏ ကိုယ်ပွား တို့ထံတွင် ရှုံးနိမ့်ခဲ့ခြင်း မဟုတ်ဘဲ သူ၏ ခြေတစ်ဖက်တည်းဖြင့် သူ့ကို နင်းခြေလိုက်သော လူငယ်လေး ယဲ့ဖုန်း ထံတွင် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
“လူငယ်လေး... ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး ကျေနပ်မနေနဲ့ဦးလို့ ငါ အကြံပေးချင်တယ်”
သစ်ပင်နတ်ဆိုးဘိုးဘေး၏ ဝိညာဉ်ခွဲက ရက်စက်စွာ ဆိုလိုက်သည်။
“ဒါက ငါ့ရဲ့ ဝိညာဉ်ခွဲပေါင်းများစွာထဲက တစ်ခုပဲ ရှိသေးတာ။ ငါ့ရဲ့ စစ်မှန်တဲ့ စွမ်းအားရဲ့ တစ်ရာခိုင်နှုန်းတောင် မရှိဘူး။ အကယ်၍ ငါ့ရဲ့ ကိုယ်ခန္ဓာအစစ်သာ ဆင်းသက်လာမယ်ဆိုရင် မင်းကို သတ်ရတာ ကြက်ကလေး၊ ခွေးကလေးကို သတ်ရသလို လွယ်မှာပဲကွ..”
အမှန်တကယ်တွင်မူ ဤဝိညာဉ်ခွဲသည် သူ၏ မူလကိုယ်ခန္ဓာ စွမ်းအား၏ ဆယ်ပုံတစ်ပုံကျော်ကို ပိုင်ဆိုင်ထားပြီး အတော်လေး အစွမ်းထက်လှ၏။
သို့သော်ငြား ယဲ့ဖုန်းကို ခြိမ်းခြောက်နိုင်ရန်အတွက် သစ်ပင်နတ်ဆိုးဘိုးဘေးမှာ အနည်းငယ်တော့ ကြွားလုံးထုတ်လိုက်ရသည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ ယဲ့ဖုန်း၏ မျက်နှာအမူအရာမှာ တကယ်ပင် မှိုင်းညို့သွားခဲ့သည်။
အကယ်၍ သစ်ပင်နတ်ဆိုးဘိုးဘေး ပြောတာသာ အမှန်ဆိုလျှင် သူသည် ဟင်းလင်းပြင်ဖြိုခွဲ အဆင့် သို့မဟုတ် ထိုထက် မြင့်မားသော အဆင့်သို့ တက်လှမ်းပြီး ‘ကောင်းကင်ယံသို့ ခြေလှမ်းခုနစ်လှမ်း’ ကို အသုံးပြုမှသာ တစ်ဖက်လူကို အပြတ်အသတ် နှိမ်နင်းနိုင်လိမ့်မည် မဟုတ်ပါလော။ ဤအချက်က ယဲ့ဖုန်းအပေါ် ကြီးမားလှသော ဖိအားများကို ဖြစ်ပေါ်လာစေခဲ့သည်။
“ဟမ့်.....”
“ဝိညာဉ်အကြွင်းအကျန်လေး တစ်ခုကများ... ဘာတွေ ကြွားနေတာလဲ”
“မှန်တာပေါ့... သူ့ကို အခုပဲ အပြတ်သတ်လိုက်ကြရအောင်”
ဘိုးဘေး ကျန်းလင်း နှင့် ဘိုးဘေး လင်မြောင် တို့က တစ်ယောက်တစ်မျိုး ပြောဆိုလိုက်ကြ၏။
“မင်းတို့က ငါ့ကို သတ်ချင်တာလား”
သစ်ပင်နတ်ဆိုးဘိုးဘေး၏ ဝိညာဉ်ခွဲထံမှ ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့ပြီး သူ၏ ကိုယ်ကို စတင် လောင်ကျွမ်းစေလိုက်ကာ အစွမ်းထက်လှသော စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲလိုက်လေတော့၏။
“ဝှစ်..”
ထူးဆန်းလှသော ရွှေရောင်ဖျော့ဖျော့ နွယ်ပင်တစ်ပင်မှာ မျက်စိတစ်မှိတ်အတွင်း ဖွဲ့တည်လာခဲ့ပြီး လေထဲတွင် ခေတ္တမျှ ဝဲပျံနေပြီးနောက် ယဲ့ဖုန်းထံသို့ တဟုန်ထိုး ထိုးစိုက်သွားလေတော့၏။ ဤသည်ကား သစ်ပင်နတ်ဆိုးဘိုးဘေး၏ အထူးအမှတ်အသား ဖြစ်သော နည်းစနစ်ပင် ဖြစ်၏။
“ငါ့ကိုယ်ငါ ယဇ်ပူဇော်ပြီး မင်းကိုပါ တစ်ပါတည်း ခေါ်သွားမယ်..” ဟူသော သစ်ပင်နတ်ဆိုးဘိုးဘေး၏ နောက်ဆုံးစကားသံမှာ ကောင်းကင်ယံတွင် ပဲ့တင်ထပ် ကျန်ရစ်ခဲ့သည်။
ထိုခြောက်ခြားဖွယ်ရာ အငွေ့အသက်မှာ မျက်စိတစ်မှိတ်အတွင်း ယဲ့ဖုန်းထံသို့ ရောက်ရှိလာခဲ့ပြီး မည်သူမျှ တုံ့ပြန်ရန် အချိန်မရလိုက်ချေ။ ယဲ့ဖုန်းကိုယ်တိုင်ပင် မျက်တောင်တစ်ချက်သာ ခပ်လိုက်နိုင်သည်။
“ရွှပ်..”
လူအုပ်ကြီး၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် ရွှေရောင်နွယ်ပင်မှာ ယဲ့ဖုန်း၏ ရင်ဘတ်ကို ထိုးဖောက်သွားခဲ့ပြီး သူ၏ ကိုယ်တွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားခဲ့သည်။ ယဲ့ဖုန်း၏ မျက်နှာမှာ ဖြူရော်သွားခဲ့ပြီး တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ရီလာကာ ကောင်းကင်ယံမှနေ၍ အရှိန်အဟုန်ဖြင့် ပြုတ်ကျသွားခဲ့လေတော့၏။
“ဂိုဏ်းချုပ်..”
ဟူဖေးဖေး၊ လီဇီလုံ၊ ကုန်းချင်းချိုး၊ မိုယင် နှင့် အခြားသူများမှာ ယဲ့ဖုန်းကို ဖမ်းယူရန်အတွက် အလျင်အမြန် ပျံသန်းသွားကြ၏။
“ဂိုဏ်းချုပ်ယဲ့..”
လင်ယွဲ့သည်လည်း ရှေ့သို့ ပြေးထွက်သွားခဲ့သော်လည်း ခြေတစ်လှမ်း နောက်ကျသွားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ဘိုးဘေး ကျန်းလင်း နှင့် ဘိုးဘေး လင်မြောင် တို့မှာ တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြပြီး ယဲ့ဖုန်း၏ ဘေးတွင် မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားကာ သူ၏ ကျောပြင်ကို လက်ဖြင့် ထောက်ကူပေးလိုက်ကြသောကြောင့်ပင် ဖြစ်၏။
“ဘုန်း..”
ပြင်းထန်လှသော ဖိအားကြီးတစ်ခုမှာ မဟာ ဘိုးဘေး နှစ်ဦးအပေါ်သို့ ချက်ချင်း ကျရောက်လာခဲ့ပြီး သူတို့ကို အောက်သို့ နိမ့်ဆင်းသွားစေခဲ့သည်။ ယဲ့ဖုန်း၏ ကျောပြင်ကို တင်းကျပ်စွာ ထောက်ထားသော လက်ဖဝါးများမှာ ထက်ရှလှသော အရှိန်အဝါများ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရသဖြင့် သွေးများမှာ ဒလဟော စီးကျလာခဲ့လေတော့၏။
“ဝူး..ဝူး.....”
ဟင်းလင်းပြင်ဖြိုခွဲ အဆင့်ရှိ မဟာ ဘိုးဘေး နှစ်ဦး၏ သွေးများမှာ နန်းမြို့တော် ကွင်းပြင်ကြီးပေါ်သို့ ကျဆင်းသွားခဲ့ရာ... ချက်ချင်းပင် အသည်းအထန် ပေါက်ကွဲစေခဲ့သည်။ မူလနတ်ဘုရားအဆင့်ရှိ ကျင့်ကြံသူ အများအပြားကိုပင် လွင့်စဉ်သွားစေကာ ဖုန်မှုန့်များနှင့် အပျက်အစီးများဖြင့် ဖုံးလွှမ်းသွားစေခဲ့၏။
ဟင်းလင်းပြင်ဖြိုခွဲ အဆင့်။
ဧကရာဇ်အဆင့်ရှိ မဟာတန်ခိုးရှင်။
ဤကဲ့သို့သော အဆင့်ရှိသူများ၏ ဆံခြည်တစ်မျှင် သို့မဟုတ် သွေးတစ်စက်မှာပင် ပင်လယ်အလား ကျယ်ပြောလှသော စွမ်းအားများ ကိန်းအောင်းနေသည် မဟုတ်ပါလော။
ပုံမှန် အခြေအနေများတွင်မူ ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ကျင့်ကြံသူတစ်ဦး၏ သွေးတစ်စက်ကို အထူး ဝိညာဉ်ကုန်ကြမ်းများနှင့် ပေါင်းစပ်ကာ သန့်စင်လိုက်မည် ဆိုပါက... အောက်ခြေအဆင့် ကျင့်ကြံသူများကို အံ့မခန်း ပြောင်းလဲပေးနိုင်သော အံ့ဖွယ်ဆေးတစ်မျိုး ဖြစ်လာနိုင်စွမ်း ရှိ၏။ ၎င်း၏ စွမ်းအားမှာ ထင်ရှားလှ၏။
“ဂိုဏ်းချုပ်ယဲ့... အဆင်ပြေရဲ့လား”
ဟင်းလင်းပြင်ဖြိုခွဲ အဆင့်ရှိ အဘိုးအို နှစ်ဦး၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့ရသည်။ သူတို့သည် ယဲ့ဖုန်းကို ဖမ်းယူရန် ကြိုးစားလိုက်ရုံမျှဖြင့် သူတို့၏ လက်ဖဝါးများမှာ ထက်ရှလှသော အရှိန်အဝါများဖြင့် ထိုးဖောက်ခံလိုက်ရသည် မဟုတ်ပါလော။
ဒါဆိုရင်... ထိုတိုက်ခိုက်မှုကို တိုက်ရိုက် ခံလိုက်ရတဲ့ ယဲ့ဖုန်းကကော... သေချာပေါက်...
သေသွားပြီလား။
ဤအတွေး ဝင်လာသည်နှင့်တစ်ပြိုင်နက် ထိုနှစ်ဦးစလုံး၏ ရင်ထဲတွင် ရုတ်တရက် အေးစက်သွားခဲ့လေတော့၏။