← Chapters

အခန်း (၅၀၅-၅၀၇)

Vol. 34 Ch. 505-507

အခန်း (၅၀၅-၅၀၇)

Vol. 34 Ch. 505-507

အခန်း (၅၀၅) ဂိုဏ်းချုပ်ယဲ့ ကွယ်လွန်သွားပြီလား ။ ဟင်... သူ ပြန်ရှင်လာတာလား ။

~ဘိုးဘေး လင်မြောင် နှင့် ဘိုးဘေး ကျန်းလင်း တို့သည် ယဲ့ဖုန်းအား စိုက်ကြည့်နေကြသည်။ သူ၏ မျက်နှာမှာ သေလူတစ်ယောက်ကဲ့သို့ ဖြူလျော်နေပြီး မျက်ဝန်းများမှာလည်း အသက်ဝိညာဉ် ကင်းမဲ့နေကာ ထွက်သက်ဝင်သက်ပင် မရှိတော့သည့်ဟန် ပေါ်နေလေရာ သူတို့၏ ရင်ထဲတွင် အေးစက်သွားကြရသည်။

မြင်ကွင်းကတော့ တကယ့်ကို ဆိုးရွားလှပေသည်။ ယဲ့ဖုန်းတော့ အဆုံးသတ်သွားပြီဟု သူတို့ တွေးထင်နေကြလေပြီ။

“ဂိုဏ်းချုပ်ယဲ့...”

“ဟူး... နှမြောစရာပါပဲဗျာ...”

သူတို့သည် သက်ပြင်းကို အသာအယာ ချလိုက်ကြ၏။ တပိုင်း ဟင်းလင်းပြင်ဖြိုခွဲ အဆင့် စွမ်းအားဖြင့် သစ်ပင်နတ်ဆိုးဘိုးဘေး၏ ဝိညာဉ်ခွဲကိုပင် နှိမ်နင်းနိုင်ခဲ့သော ကမ္ဘာကျော် ပါရမီရှင် လူငယ်လေးမှာ ကောင်းကင်သို့ ပျံသန်းရမည့် အချိန်တွင်မှ ကံဆိုးမိုးမှောင် ကျခဲ့ရလေပြီ။

ဟင်းလင်းပြင်ဖြိုခွဲ အဆင့်ရှိ မဟာ ဘိုးဘေး နှစ်ဦး၏ သက်ပြင်းချသံကို ကြားလိုက်ရသည့်အခါ အခြားသူများမှာလည်း နေရာတွင်ပင် ကျောက်ရုပ်များအလား မှင်သက်သွားကြရသည်။ အထူးသဖြင့် မြူခိုးဂိုဏ်း၏ တပည့်များမှာ မျက်နှာများ ပြာနှမ်းကုန်ကြ၏။

သူတို့၏ ဂိုဏ်းချုပ်ကြီးက သူတို့ကို ထားရစ်ခဲ့ပြီလော ဟု တွေးတောမိကာ ရင်ထဲတွင် ဗလောင်ဆူနေကြသည်။

လင်ယွဲ့ သည် ထိုသက်ပြင်းသံကို ကြားလိုက်ရသည့်အခါ တစ်ကိုယ်လုံး တုန်ရီသွားခဲ့ရသည်။ ရုတ်တရက်ဆိုသလို သူမ၏ နှလုံးသားကို နီရဲနေသော သံအပ်တစ်ချောင်းဖြင့် ထိုးစိုက်လိုက်သကဲ့သို့ ပြင်းထန်စွာ နာကျင်သွားခဲ့ရ၏။

ဒါက ချစ်ခင်ရသူတစ်ဦးကို ဆုံးရှုံးလိုက်ရသော နာကျင်မှုမျိုးလော။ သူမ၏ မျက်ဝန်းများမှာ ဝေဝါးလာခဲ့ပြီး မျက်ရည်များမှာလည်း လျှံကျလာခဲ့လေတော့သည်။

“ဂိုဏ်းချုပ်ကြီး...”

မြူခိုးဂိုဏ်း ။

တပည့်ပေါင်း တစ်ထောင်ကျော် နှင့် တောင်စောင့် ဝိညာဉ်သားရဲများမှာ တောင်နံရံပေါ်ရှိ ပုံရိပ်ယောင်ကို ကြည့်ရင်း လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားကြသည်။ သူတို့၏ လက်သည်းများမှာ အသားထဲသို့ နစ်ဝင်နေသော်ငြား မည်သူမျှ သတိမထားမိကြပါချေ ။

“ဝုန်း...”

အစ်ကိုကြီး ခေါင်းပြား မှာမူ အကြီးအကျယ် ဒေါသထွက်သွားခဲ့တော့သည်။

သူသည် တစ်ခဏအတွင်းမှာပင် ရူးသွပ်သော အခြေအနေသို့ ကူးပြောင်းသွားခဲ့၏။ ဧရာမ သားရဲကြီး တစ်ကောင်အလား သူ၏ လက်သည်းများဖြင့် မြေပြင်ကို အားကုန် ရိုက်ချလိုက်လေရာ ဖုန်မှုန့်များမှာ တဟုန်းဟုန်း ထသွားလေတော့သည်။ သူတို့၏ ဂိုဏ်းချုပ်ကြီး ထိခိုက်ဒဏ်ရာရသွားခြင်းက သူ့ကို လုံးဝ သည်းမခံနိုင်အောင် ဖြစ်စေခဲ့သည် မဟုတ်ပါလော။

သူ တိုက်ခိုက်ချင်နေပြီ ။ ကောင်းကင်ကြီး ပြိုကျပြီး မြေကြီး အက်ကွဲသွားသည်အထိ သူ တိုက်ခိုက်ပစ်ချင်နေတော့၏။

ဝိညာဉ်အိုင် ဘေးရှိ ဂိုဏ်းချုပ် သီးသန့် ကျောက်ပြားကြီး မှာလည်း ကြယ်တာရာနန်းတော်၏ အလင်းမိုးစက်များကို စုပ်ယူထားသဖြင့် အသိစိတ်ဝိညာဉ် အားနည်းစွာ မွေးဖွားနေခဲ့လေ၏။ ၎င်းသည်လည်း ဒေါသထွက်နေပုံ ရသည်။ ကျောက်ပြားကြီး တစ်ခုလုံး တဆတ်ဆတ် တုန်ရီနေပြီး ယဲ့ဖုန်းအတွက် မကျေမချမ်း ဖြစ်နေ၏။

“ဂိုဏ်းချုပ်...”

နှစ်ထောင်ချီ ထင်းရှူးပင်ကြီးမှာလည်း တစ်ကိုယ်လုံး တုန်ရီနေပြီး သူ၏ သစ်ရွက်များမှာ လေပြင်းများကြားတွင် လွင့်ပါးနေလေရာ မြင်ကွင်းမှာ တကယ့်ကို ခြောက်ခြားဖွယ် ကောင်းလှသည်။ သူ၏ ပင်စည်ပေါ်တွင် ပေါက်နေသော မျက်နှာမှာလည်း ပြင်ပကမ္ဘာမှ သစ်ပင်နတ်ဆိုးဘိုးဘေးအပေါ် အငြိုးအတေးများဖြင့် မှိုင်းညို့နေ၏။

“ဒါတွေ အားလုံးက... ငါတို့ရဲ့ အင်အားတွေ အားနည်းလွန်းလို့ပဲ”

နှစ်ထောင်ချီ ထင်းရှူးပင်ကြီးက လေးနက်သော လေသံဖြင့် ရုတ်တရက် စကားပြောလိုက်သည်။ သူ၏ အသံမှာ မြူခိုးဂိုဏ်း တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့တော့၏။

“ငါတို့သာ အစွမ်းထက်မယ်ဆိုရင် ဒီတိုက်ပွဲကို ငါတို့ဘာသာ ဖြေရှင်းနိုင်မှာပဲ။ ဒါဆိုရင် ဂိုဏ်းချုပ်ကြီးက ဒီလို ဘေးဒုက္ခမျိုးနဲ့ ဘယ်ကြုံရပါ့မလဲ။ နောက်ဆုံးတော့ ငါတို့တွေ အားနည်းလွန်းလို့ပဲလေ”

“ဟူး...”

နှစ်ထောင်ချီ ထင်းရှူးပင်ကြီး၏ စကားများမှာ တပည့်များ၏ နှလုံးသားကို မြစ်ရေပြင်ပမာ ရိုက်ခတ်သွားခဲ့သည်။ သူတို့သည် ခေါင်းငုံ့ကာ လက်သီးများကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ထားကြလေတော့သည်။ အချို့မှာမူ ဝမ်းနည်းလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေကြရ၏။

မှန်ပေသည်။ မြူခိုးဂိုဏ်း တစ်ခုလုံးတွင် ယဲ့ဖုန်း နှင့် ဟူဖေးဖေး တို့ နှစ်ဦးသာလျှင် အစစ်အမှန် တိုက်ခိုက်နိုင်စွမ်း ရှိကြသည် မဟုတ်ပါလော။ ကျန်ရှိသော သူများထဲတွင် မူလနတ်ဘုရားအဆင့် ရှိသူ တစ်ဦးမျှပင် မရှိချေ ။ ဂိုဏ်းချုပ် နှင့် အစောင့်အရှောက်သာ မရှိပါက မူလနတ်ဘုရားအဆင့် ရှိသူ မည်သူမဆို မြူခိုးဂိုဏ်းကို အသာလေး ခြေမှုန်းသွားနိုင်သည်။

“ငါ ပိုပြီး ကြိုးစား ကျင့်ကြံရမယ်..” ဟု ကျားယွီလန် က အံကြိတ်ကာ ပြောလိုက်သည်။

သူမ၏ ဘေးရှိ ယန်ရူယွီ မှာမူ ရှိုက်ကြီးတငင် ငိုကြွေးနေလေ၏။ သူမသည် တောင်နံရံပေါ်ရှိ ပုံရိပ်ယောင်ကို ကြည့်ရင်း ယဲ့ဖုန်း၏ ငြိမ်သက်နေသော ပုံရိပ်ကြောင့် သူ သေဆုံးလုနီးပါး ဖြစ်နေပြီဟု ထင်မှတ်နေသည်။

“ကျွန်မကို နန်းမြို့တော်ဆီ အခုပဲ ပို့ပေးကြပါရှင်။ ကျွန်မ သေရမယ်ဆိုရင်တောင် ဂိုဏ်းချုပ်ကြီးကို ပြန်ပြီး ကျန်းမာလာအောင် ပြုစုပေးချင်ပါတယ်..”

သို့သော်ငြား နေရာရွှေ့ပြောင်းခြင်း အမိန့်ကို မည်သူမျှ မကိုင်တွယ်နိုင်သဖြင့် သူမ အနေဖြင့် နန်းမြို့တော် ကွင်းပြင်ကြီးသို့ ရောက်ရှိနိုင်ရန်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စတစ်ခုပင် ဖြစ်ချေတော့သည်။

လူအုပ်ကြီး အလယ်တွင် ဝမ်ရွှမ်ဖင်း သည် မျက်မှောင်ကြုတ်ထားသည်။

‘သစ်ပင်နတ်ဆိုးဘိုးဘေး ရဲ့ အတူတကွ ပျက်စီးခြင်း နည်းစနစ်ကို ခံလိုက်ရတာဆိုတော့ ယဲ့ဖုန်း ကတော့ သေရမှာ အသေအချာပဲ မဟုတ်လား’

သူမသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဒေါသ၊ မျက်ရည်၊ ဝမ်းနည်းမှု နှင့် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသော မြူခိုးဂိုဏ်းသားများကို မြင်တွေ့လိုက်ရသည့်အခါ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့ရသည်။

‘ယဲ့ဖုန်း ရဲ့ ဂုဏ်သတင်းက တကယ်ကို ကြီးမားတာပဲ။ မြူခိုးဂိုဏ်းသား အားလုံးက သူ့ကို နတ်ဘုရား တစ်ပါးလိုမျိုး လုံးဝ သံသယမရှိဘဲ ကိုးကွယ်နေကြတာပဲ။ ဒါက ဂိုဏ်းချုပ် တစ်ယောက်ရဲ့ ဆွဲဆောင်မှုများလား’

သူမသည် ယဲ့ဖုန်း၏ ရန်သူ ဖြစ်နေသော်ငြား သူ့ကိုတော့ ရင်ထဲမှနေ၍ အထင်ကြီး လေးစားမိသွားခဲ့တော့၏။

*

နန်းမြို့တော် ကွင်းပြင်ကြီးဝယ် ၊

လေထုမှာ အလွန်တရာ လေးလံနေသည်။ လူအုပ်ကြီး၏ တစ်ဝက်ခန္ဓာမှာ ယဲ့ဖုန်း သေဆုံးသွားပြီဟု ယူဆနေကြလေ၏။ ထိုအခိုက်အတန့်၌ ယဲ့ဖုန်း၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး အသက်ဝိညာဉ် ကင်းမဲ့စွာဖြင့် ကောင်းကင်ကြီးကိုသာ စိုက်ကြည့်နေ၏။

‘အတူတကွ ပျက်စီးခြင်း နည်းစနစ် တဲ့လား... တော်တော်လေး အစွမ်းထက်တာပဲ’

ယဲ့ဖုန်း၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။ သူသည် သဘာဝကျကျပင် သေဆုံးသွားခြင်း မရှိပါချေ ။ ခုနက ရွှေရောင်နွယ်ပင်များ သူ၏ ကိုယ်ကို ထိုးဖောက်သွားခဲ့စဉ် အတွင်း၌ ထူးဆန်းသော စွမ်းအားများ ရူးသွပ်စွာ စီးဆင်းလာခဲ့သည် မဟုတ်ပါလော။ ထိုအခိုက်အတန့်တွင် သူ၏ ကျင့်ကြံခြင်း စွမ်းအားများမှာ ထိုနွယ်ပင်များ၏ စွမ်းအားနှင့် ပေါင်းစပ်သွားပြီး ပေါက်ကွဲထွက်တော့မည်ကို ယဲ့ဖုန်း သိရှိလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် သူသည် အချိန်မီ မူလချီ အခြေအနေမှ ထွက်ခွာလိုက်ပြီး သူ၏ ကျင့်ကြံခြင်း စွမ်းအားများကို အခြားသော စွမ်းအား ငါးမျိုးအဖြစ် ခွဲထုတ်လိုက်သဖြင့် ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ခြင်း ဖြစ်ပေသည်။ သို့တိုင်အောင် ကျန်ရှိနေသော စွမ်းအားများမှာ ပြင်းထန်လှသဖြင့် သူ၏ ရုပ်ခန္ဓာကို အပြင်းအထန် ဒဏ်ရာရစေခဲ့ပြီး သူ၏ နောက်ကွယ်မှ မဟာ ဘိုးဘေး နှစ်ဦး၏ လက်ဖဝါးများကိုပင် ထိုးဖောက်သွားခဲ့ခြင်း ဖြစ်၏။

‘ကံကောင်းလို့ ငါ့ဆီမှာ စစ်မှန်တဲ့ ကျင့်ကြံခြင်း စွမ်းအားတွေ မရှိလို့ပေါ့။ တခြား တစ်ယောက်ယောက်သာ ဆိုရင်တော့ တပိုင်း ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ကျင့်ကြံသူ ဖြစ်နေရင်တောင် ဒီစွမ်းအားအောက်မှာ အမှုန့်ဖြစ်သွားမှာ အသေအချာပဲ’

‘ဟီး ဟီး... ဒါက ကျင့်ကြံခြင်း မရှိတဲ့သူရဲ့ အားသာချက်ပဲလေ’

ယဲ့ဖုန်းက မိမိကိုယ်မိမိ တိတ်တဆိတ် တွေးတောကာ ကံကောင်းသည်ဟု မှတ်ယူလိုက်သည်။

“အဟွတ်... အဟွတ်... အဟွတ်..”

ရုတ်တရက် သူသည် ပြင်းထန်စွာ ချောင်းဆိုးလိုက်သည်။ ဤသည်မှာ သူ၏ ကိုယ်တွင်း ပေါက်ကွဲမှုများကြောင့် ဒဏ်ရာရသွားသဖြင့် မျက်နှာမှာ ဖြူရော်နေပြီး အကြီးအကျယ် ထိခိုက်သွားသောကြောင့် ဖြစ်ပေသည်။ သို့သော်ငြား အနည်းငယ် အနားယူလိုက်လျှင်တော့ အဆင်ပြေသွားမည်သာ ဖြစ်၏။

ချောင်းဆိုးသံကို ကြားလိုက်ရသည့်အခါ လူတိုင်း၏ မျက်လုံးများမှာ ပြူးကျယ်သွားကြသည်။

“ဂိုဏ်းချုပ်ယဲ့...”

“ရှင်... ရှင် အဆင်ပြေရဲ့လားဟင်...”

တိတ်ဆိတ်နေသော နန်းမြို့တော် ကွင်းပြင်ကြီးပေါ်တွင် ဤချောင်းဆိုးသံမှာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ လူတိုင်း၏ အာရုံကို ဖမ်းစားသွားခဲ့သည်။

“ဒီအသံကို နားထောင်ရသလောက်တော့ ဂိုဏ်းချုပ်ယဲ့ က မသေသေးဘူး ထင်တယ်နော်” တစ်စုံတစ်ယောက်က အမှတ်မထင် ပြောလိုက်သည်။ အခြားသူများမှာလည်း ထိုသူ၏ မယဉ်ကျေးမှုကို ဂရုမစိုက်နိုင်တော့ဘဲ ယဲ့ဖုန်းထံသို့သာ အကြည့်များ စုပြုံရောက်ရှိနေကြ၏။

“အဟွတ်... အဟွတ်..”

ယဲ့ဖုန်းသည် ဆက်တိုက် ချောင်းဆိုးနေပြီးနောက် နောက်ဆုံးတွင်တော့ သူ၏ ကိုယ်ခန္ဓာမှာ လှုပ်ရှားလာခဲ့သည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ လူအုပ်ကြီးမှာ အံ့သြလွန်းသဖြင့် မျက်လုံးများပင် ပြူးထွက်သွားရ၏။

“ဂိုဏ်းချုပ်ယဲ့ မသေဘူးဟေ့..”

“ဒါမှမဟုတ် သူ လုံးဝ သေမသွားသေးတာပဲ ဖြစ်ရမယ်”

“ဘုရားရေ... ငါတို့တွေ ဘာတွေ တွေးနေကြတာလဲ”

လူအုပ်ကြီးမှာ သူတို့၏ ခေါင်းကို ရိုက်လိုက်ကြရင်း ဦးနှောက်များ အလုပ်မလုပ်တော့သည့်အလား အမျိုးမျိုး ထင်ကြေးပေးနေကြလေတော့သည်။

“ဂိုဏ်းချုပ်... ဂိုဏ်းချုပ် ဘာမှ မဖြစ်ဘူး မဟုတ်လားဟင်”

ဟူဖေးဖေး၊ မိုယင်၊ ကုန်းချင်းချိုး၊ လီဇီလုံ၊ ချောင်ကျားရှီး နှင့် အခြားသူများမှာ ယဲ့ဖုန်း၏ ဘေးသို့ အလျင်အမြန် ရောက်ရှိလာကြပြီး ဆေးလုံး အမျိုးမျိုးကို ထုတ်ယူကာ သူ့အား ဂရုတစိုက် တိုက်ကျွေးနေကြသည်။ လင်ယွဲ့၊ တာ့လျန်ဧကရီ၊ တတိယမင်းသား နှင့် အခြားသူများမှာလည်း စိုးရိမ်တကြီးဖြင့် အနားသို့ တိုးလာကြ၏။

“ငါ မသေသေးပါဘူး” ဟု ယဲ့ဖုန်းက ဆိုလိုက်သည်။

သူသည် အမှန်တကယ်ပင် ဒဏ်ရာရထားခြင်း ဖြစ်ပေသည်။ သို့သော် အသက်အန္တရာယ်အထိတော့ စိုးရိမ်စရာ မရှိပါချေ ။ သူ၏ မျက်နှာ ဖြူလျော်နေခြင်းမှာလည်း ဟန်ဆောင်နေခြင်း မဟုတ်ပါလော။ သူသည် မျက်တောင်တစ်ချက် ခပ်လိုက်ရာ သူ၏ ဝေဝါးနေသော မျက်ဝန်းများမှာ ချက်ချင်းပင် ကြယ်တာရာ ဟင်းလင်းပြင်အလား နက်နဲ တောက်ပလာခဲ့သည်။

“ဒါဆိုရင်တော့ တော်သေးတာပေါ့ဗျာ..” ဟု မဟာ ဘိုးဘေး နှစ်ဦးမှာ သက်ပြင်းချလိုက်ကြ၏။

ဘာပဲဖြစ်ဖြစ် ယဲ့ဖုန်းသည် သူတို့နှင့်အတူ သစ်ပင်နတ်ဆိုးဘိုးဘေးကို တိုက်ခိုက်ခဲ့သူ ဖြစ်ရာ ယခုအခါ သူတို့အတွက် ရဲဘော်ရဲဘက် တစ်ဦး၊ သူငယ်ချင်း တစ်ဦး အဖြစ် သတ်မှတ်ပြီးသား ဖြစ်နေသည် မဟုတ်ပါလော။ သူ မသေဆုံးသွားသည့်အတွက် သူတို့ နှစ်ဦးစလုံး အလွန် ဝမ်းသာနေကြသည်။

“ဂိုဏ်းချုပ်... ကျွန်မ ဘာလို့ ဂိုဏ်းချုပ်ဆီက ကျင့်ကြံခြင်း အရှိန်အဝါတွေကို အာရုံခံလို့ မရတော့တာလဲဟင်”

လျန်ဝမ်ဖန်း မှာ မျက်လုံးများ နီရဲလာသည်အထိ ငိုကြွေးနေပြီး နှုတ်ခမ်းကို တင်းကျပ်စွာ စေ့ထားလျက် ကုသရေး ဆေးလုံး တစ်လုံးကို ယဲ့ဖုန်းထံသို့ ကမ်းပေးလိုက်၏။

“ငါ့ဆီမှာ ကျင့်ကြံခြင်း စွမ်းအားတွေ မရှိတော့ဘူးလေ...”

ယဲ့ဖုန်းက အမှတ်မထင် တီးတိုး ရေရွတ်လိုက်သည်။ ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူအုပ်ကြီးမှာ သုသာန်တစပြင်အလား တိတ်ဆိတ်သွားခဲ့တော့၏။

“ဘာ...”

“ဂိုဏ်းချုပ်ယဲ့ က သူ၏ ကျင့်ကြံခြင်း စွမ်းအားတွေ ဆုံးရှုံးသွားတာလား”

“ဆိုလိုတာက ဂိုဏ်းချုပ်ယဲ့ ရဲ့ ကျင့်ကြံခြင်းအဆင့်က ပျက်စီးသွားပြီ ပေါ့လေ”

ထိုစကားကို ကြားလိုက်ရသည့်အခါ လူအုပ်ကြီးမှာ ယဲ့ဖုန်း၏ စကားကို အဓိပ္ပာယ် အမှား ကောက်လိုက်ကြပြီး ထိုမှားယွင်းသော သတင်းမှာလည်း တောမီးပမာ အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။ ယဲ့ဖုန်းသည် အသက်ဘေးမှ လွတ်မြောက်ခဲ့သော်ငြား သူ၏ ကျင့်ကြံခြင်းအဆင့်မှာမူ ပျက်စီးသွားခဲ့ပြီဖြစ်ရာ သစ်ပင်နတ်ဆိုးဘိုးဘေးကို ခြေတစ်ဖက်တည်းဖြင့် နင်းခြေခဲ့သော မဟာတန်ခိုးရှင်ကြီး မဟုတ်တော့ဟု အများစုက ယူဆလိုက်ကြသည်။

ထိုစကားများကြောင့် ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်များမှာ တဆတ်ဆတ် တုန်ရီသွားခဲ့ရသည်။

‘တောက်... ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ပျက်စီးသွားတာ မဟုတ်ပါဘူးကွာ။ ငါက နည်းနည်းပဲ ဒဏ်ရာရတာပါ... ငါ့ရဲ့ စွမ်းအားတွေက အထွတ်အထိပ်မှာ ရှိနေတုန်းပဲလေ’ ဟု သူက အမှန်အတိုင်း ပြန်လည် ရှင်းပြချင်နေမိသည်။

သို့သော် ထိုစကားများ သူ၏ လည်ချောင်းဝသို့ ရောက်ရှိလာသည့် အခိုက်အတန့်တွင်မှ သူ ပြန်လည် မျိုချလိုက်သည်။

‘ဟုတ်ပြီ.. ငါ့ရဲ့ ကျင့်ကြံခြင်း စွမ်းအားတွေ အကုန် ဆုံးရှုံးသွားပြီလို့ ဟန်ဆောင်လိုက်မယ်ဆိုရင် မြူခိုးဂိုဏ်းကို ချောင်းမြောင်းနေတဲ့ ရန်သူတွေ အထူးသဖြင့် ဝိညာဉ်ဝါးမြို မျိုးနွယ်စုက သူလျှိုတွေကတော့ အတင့်ရဲလာကြမှာ အသေအချာပဲ။ အဲဒီအခါကျမှ သူတို့ရဲ့ လုပ်ရပ်တွေကနေတစ်ဆင့် ငါ နောက်ကွယ်က လူတွေကို လိုက်လံ စုံစမ်းလို့ ရမှာပေါ့’

‘တကယ့်ကို အကြံကောင်းပဲ..’

ယဲ့ဖုန်းသည် အရာအားလုံးကို သေသေချာချာ စဉ်းစားပြီးနောက် ပါးနပ်သော အစီအစဉ်တစ်ခုကို ချက်ချင်းပင် ရေးဆွဲလိုက်တော့၏။

“ဂိုဏ်းချုပ်ယဲ့... မင်းရဲ့ ကျင့်ကြံခြင်း စွမ်းအားတွေ တကယ်ပဲ ကုန်သွားတာလားဗျာ” ဟု မဟာ ဘိုးဘေး နှစ်ဦးမှာ မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်လျက် မေးမြန်းလိုက်ကြသည်။

ယဲ့ဖုန်းသည် နှုတ်ဆိတ်နေခဲ့သည်။ ခေတ္တမျှ စဉ်းစားပြီးနောက် သူသည် သက်ပြင်းချလိုက်ရင်း -

“အမှန်တကယ် ပြောရရင်တော့ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်း စွမ်းအားတွေ ဆုံးရှုံးသွားပြီလို့ ဆိုရမှာပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော့်ဆီမှာ သုံးလို့ရသေးတဲ့ သူရဲကောင်း ဝိညာဉ်စွမ်းအား တွေတော့ ကျန်သေးပါတယ်။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မယ့် စွမ်းအားလေးပေါ့...”

“ဒါပေမဲ့လည်း ကျွန်တော့်ရဲ့ လက်ရှိ စွမ်းအားက အရင် အထွတ်အထိပ် အခြေအနေက စွမ်းအားရဲ့ တစ်သောင်းပုံ တစ်ပုံတောင် မရှိတော့ပါဘူးဗျာ”

“ဟူး...”

ယဲ့ဖုန်းသည် သက်ပြင်းကို အခါခါ ချလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှုများ ပြည့်နှက်နေပြီး သူ၏ သရုပ်ဆောင်မှုမှာလည်း တကယ့်ကို အပြစ်ပြောစရာ မရှိလောက်အောင်ပင်။

ထိုစကားကို ကြားလိုက်ရသည့်အခါ မြူခိုးဂိုဏ်း၏ တပည့်များမှာ ရင်ထဲတွင် ဆို့နင့်သွားကြပြီး ယဲ့ဖုန်းအား ကြည့်ရင်း သူရဲကောင်းတစ်ဦး၏ ကျဆုံးခန်းကို မြင်တွေ့လိုက်ရသကဲ့သို့ အလွန်တရာ ဝမ်းနည်း ပူဆွေး နေကြလေတော့၏။

အခန်း (၅၀၆) ကြယ်အဆင့်တိုးမြှင့်ခြင်း အခမ်းအနား ပြီးဆုံးခြင်း ၊ ဂိုဏ်းချုပ်ယဲ့၏ ဂုဏ်သိက္ခာ

~ဂိုဏ်းချုပ်ယဲ့ ရဲ့ စွမ်းအားက အရင် အထွတ်အထိပ် အခြေအနေ က စွမ်းအားရဲ့ တစ်သောင်းပုံ တစ်ပုံတောင် မရှိတော့ဘူး ဆိုပါလား။

ဒါဆိုရင် သူ့ရဲ့ အခု စွမ်းအားက မူလနတ်ဘုရားအဆင့် ကိုတောင် မမီတော့ဘူးပေါ့။

ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ် လောက်ပဲ ရှိတော့မှာပါတကား။

အခြေအနေ နည်းနည်း ပိုကောင်းရင်တော့ မူလနတ်ဘုရားအဆင့် ပထမအလွှာ နားအထိတော့ ရောက်နိုင်ပါလိမ့်မယ်။

အရပ်မျက်နှာအနှံ့မှ ကျင့်ကြံသူများမှာ အသည်းအသန် ဆွေးနွေးနေကြ၏။ အချို့က သနားနေကြသလို အချို့မှာမူ ဝမ်းနည်းနေကြ၏။ သို့သော် အချို့သော သူများကတော့ သူတစ်ပါး ဘေးဒုက္ခ ရောက်သည်ကို ကြည့်ကာ ဝမ်းသာအားရ ဖြစ်နေကြသည်။

မြူခိုးဂိုဏ်း။

ယဲ့ဖုန်း ၏ စွမ်းအားများ ဆုံးရှုံးသွားပြီ ဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ ဝမ်ရွှမ်ဖင်း ၏ မျက်ဝန်းများမှာ စူးရှသွားခဲ့သည်။

‘တကယ့်ကို အခွင့်ကောင်းပဲ’

‘ယဲ့ဖုန်း က ငါ့ရဲ့ သူလျှို လုပ်ငန်းစဉ်မှာ အမြဲတမ်း အကြီးမားဆုံး အဟန့်အတား ဖြစ်နေခဲ့တာ။ အခုတော့ သူက ပလ္လင်ပေါ်ကနေ ပြုတ်ကျသွားပြီဆိုတော့ မြူခိုးဂိုဏ်း တစ်ခုလုံးမှာ မူလနတ်ဘုရားအဆင့် စွမ်းအားရှိတာဆိုလို့ အစောင့်အရှောက် မြေခွေးမလေး ဟူဖေးဖေး တစ်ယောက်တည်းပဲ ကျန်တော့တယ်’

‘ငါသာ သိုသိုသိပ်သိပ် နေမယ်ဆိုရင် ဧရာမ ပေဟယ် နဲ့ ကောင်းကင်ယံသို့ ခြေလှမ်းခုနစ်လှမ်း ရဲ့ အားနည်းချက်တွေကို သေချာပေါက် ရှာတွေ့နိုင်မှာပဲ’

ဝမ်ရွှမ်ဖင်း သည် သူမဘာသာ ကျေနပ် အားရနေမိသည်။ သူမသည် အကွက်ချ စီစဉ်ထားသော မြေခွေးအိုကြီး တစ်ကောင်၏ ထောင်ချောက်ထဲသို့ ကျရောက်သွားပြီ ဖြစ်ကြောင်းကိုတော့ လုံးဝ သတိမထားမိခဲ့ပါချေ။

နန်းမြို့တော် ကွင်းပြင်ကြီး၏ အထက်ဝယ်။

ယဲ့ဖုန်း က ရုတ်တရက် စကားတစ်ခွန်း ထပ်ဖြည့်လိုက်သည်။

“တကယ်တော့ ကျွန်‌တော့်ဆီမှာ ကျန်သေးတဲ့ သူရဲကောင်း ဝိညာဉ်စွမ်းအား တွေက အဲဒီလောက်အထိတော့ မအားနည်းပါဘူးဗျာ။ တစ်ခါတလေကျရင်တော့ မူလနတ်ဘုရားအဆင့် စွမ်းအားတွေကို ထုတ်သုံးလို့ ရပါသေးတယ်”

ထိုစကားကို ကြားလိုက်ရသည့်အခါ ဝမ်ရွှမ်ဖင်း ၏ အကြည့်များမှာ ပိုမို စူးရှလာခဲ့သည်။

‘မူလနတ်ဘုရားအဆင့် တဲ့လား... နားထောင်လို့တော့ ကောင်းပါရဲ့။ ဒါပေမဲ့ အရင်တုန်းက သစ်ပင်နတ်ဆိုးဘိုးဘေး ရဲ့ ဝိညာဉ်ခွဲကို ခြေတစ်ဖက်တည်းနဲ့ နင်းခြေခဲ့တဲ့ ကြောက်စရာကောင်းတဲ့ စွမ်းအားနဲ့ ယှဉ်ရင်တော့ ဒါက ဘာမှ ပြောပလောက်တာ မဟုတ်တော့ဘူး’

သူမသည် ဂိုဏ်း၏ အဓိက လေ့ကျင့်ရေးကွင်းပြင်တွင် ရပ်နေရင်း သူမ၏ နှုတ်ခမ်းထောင့်များမှာ အလိုအလျောက် တွန့်ကွေးကာ ပြုံးလိုက်မိ၏။

နန်းမြို့တော် ကွင်းပြင်ကြီး။

ယဲ့ဖုန်း သည် ဘိုးဘေး လင်မြောင် ကမ်းပေးလိုက်သော ကုသရေး နတ်ဆေးလုံးကို သောက်သုံးလိုက်ရာ သူ၏ ဒဏ်ရာများမှာ ချက်ချင်းပင် ပျောက်ကင်းသွားခဲ့ပြီး အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ သူ၏ မျက်နှာမှာလည်း ဖြူရော်မနေတော့ဘဲ နုပျို ခန့်ညားသော အသွင်ကို ပြန်လည် ရရှိသွားခဲ့တော့၏။

လင်ယွဲ့ သည် သူ၏ ပုံရိပ်ကို ကြည့်ရင်း ပိုမို ဝမ်းသာလာခဲ့သည်။

‘အခုဆိုရင် ဂိုဏ်းချုပ်ယဲ့ ရဲ့ စွမ်းအားတွေ ကျသွားပြီဆိုတော့ ငါတို့ ကြားက ကွာဟချက်က အများကြီး ကျဉ်းမြောင်းသွားပြီပေါ့။ ငါ အသည်းအသန် ကြိုးစား ကျင့်ကြံရမယ်။ ကွာဟချက်ကို ဆက်ပြီး ကျဉ်းမြောင်းအောင် လုပ်မယ်...ငါ..မူလနတ်ဘုရားအဆင့်ကို ရောက်တာနဲ့ တစ်ပြိုင်နက် သူ့အပေါ် ထားတဲ့ ငါ့ရဲ့ ခံစားချက်တွေကို ဖွင့်ပြောတော့မယ်’

လင်ယွဲ့ က စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေမိသည်။

အကယ်၍ ယဲ့ဖုန်း သာ သစ်ပင်နတ်ဆိုးဘိုးဘေးကို ခြေတစ်ဖက်တည်းဖြင့် နင်းခြေနိုင်သော ထိုကြောက်မက်ဖွယ် မဟာ ဘိုးဘေးကြီး အဆင့်မှာသာ ရှိနေဦးမည် ဆိုပါက သူမ အနေဖြင့် သိမ်ငယ်စိတ်များ ဝင်လာပြီး ယဲ့ဖုန်းနှင့် မထိုက်တန်ဟု ယူဆမိနေဦးမည် မဟုတ်ပါလော။ သို့သော် ယခုမူ အခြေအနေများ ပြောင်းလဲသွားခဲ့တော့၏။

‘ဒါ ငါ့အတွက် အခွင့်အရေးပဲ’

လင်ယွဲ့ သည် သူမ၏ နှုတ်ခမ်းကို စေ့ထားရင်း ယဲ့ဖုန်း၏ ခန့်ညားလှသော ဘေးတိုက် ပုံရိပ်ကို ခိုးကြည့်လိုက်ရာ သူမ၏ လည်ပင်းတိုင်အောင် ရှက်သွေးဖြာကာ နီမြန်းသွားခဲ့ရသည်။ ယဲ့ဖုန်းကို မြင်လေလေ သူမ ပိုပြီး သဘောကျလေလေ ဖြစ်နေမိတော့သည်။

“ဂိုဏ်းချုပ်ယဲ့... ဒဏ်ရာတွေ ဘယ်လိုနေသေးလဲ”

ဘိုးဘေး ကျန်းလင်း ၏ ကိုယ်ပွားက ယဲ့ဖုန်းအား ကြည့်ကာ အလျင်အမြန် စုံစမ်းလိုက်သည်။

“အခုတော့ အဆင်ပြေသွားပါပြီဗျ”

ယဲ့ဖုန်း က ဆိုလိုက်သည်။

“အင်း... ဒါဆိုရင်တော့ တော်သေးတာပေါ့”

ဘိုးဘေး ကျန်းလင်း ၏ ကိုယ်ပွားက ခေါင်းညိတ်ပြလိုက်၏။

“ဂိုဏ်းချုပ်ယဲ့ ရဲ့ ကျင့်ကြံခြင်းအဆင့်တွေ ကျသွားတယ် ဆိုပေမဲ့ ဒီနေ့အတွက် ကျုပ်.. မင်းကို ကျေးဇူးတင်ရမယ့် အကြွေး တစ်ခုတော့ ရှိသွားပြီပဲ။ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် အတွင်းမှာ ဘယ်သူပဲ ဖြစ်ဖြစ် မင်းကို လာပြီး ပြဿနာရှာရဲမယ် ဆိုရင်တော့ ကျုပ် ကိုယ်တိုင် သူတို့ရဲ့ အရေခွံကို ခွာပစ်မယ်”

ဘိုးဘေး လင်မြောင် က ရုတ်တရက် ဝင်ရောက် ပြောဆိုလိုက်သည်။

သူ၏ အသံမှာ တစ်နေရာလုံးကို တိတ်ဆိတ်သွားစေခဲ့သည်။ မြူခိုးဂိုဏ်းကို ဖိနှိပ်ရန် ချောင်းမြောင်းနေကြသော အချို့သော မူလနတ်ဘုရားအဆင့် မဟာတန်ခိုးရှင်များမှာလည်း ထိုစကားကို ကြားလိုက်ရသည့်အခါ သူတို့၏ ယုတ်မာသော အတွေးများကို ချက်ချင်းပင် လက်လျှော့လိုက်ကြရလေတော့၏။

အထူးသဖြင့် ရှုဟွာမို ၏ ရှု မိသားစု မှ မူလနတ်ဘုရားအဆင့် မဟာတန်ခိုးရှင် အချို့မှာ မျက်နှာအမူအရာများ ပြောင်းလဲသွားကြပြီး ယဲ့ဖုန်း၏ သတိထားမိခြင်းကို မခံရစေရန် ခေါင်းကို အလျင်အမြန် ငုံ့ချလိုက်ကြ၏။

“ကဲ... ဆက်ပြီးတော့ ကြယ်အဆင့်တိုးမြှင့်ခြင်း အခမ်းအနားကို ကျင်းပကြရအောင်”

ဘိုးဘေး လင်မြောင် က ကျယ်လောင်စွာ ကြေညာလိုက်သည်။

လူအုပ်ကြီးမှာ သူတို့၏ နေရာများသို့ ချက်ချင်းပင် ပြန်လည် ရောက်ရှိသွားကြ၏။ ထို့နောက်တွင်တော့ ဂုဏ်ပြုဖန်ခွက်များ မြှောက်ကာ ချီးကျူးစကားများ နှင့် ဂုဏ်ပြုသံများမှာ အဆက်မပြတ် ထွက်ပေါ်လာခဲ့လေတော့၏။

နံပါတ် (၉) ကျောက်တိုင်ပေါ်တွင်မူ...

လင်ယွဲ့ ၊ တတိယမင်းသား ၊ မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအို ၊ ရှုချန်ကျွင်း နှင့် အခြားသော အမြဲတမ်း အကဲဖြတ် အကြီးအကဲများမှာ ယဲ့ဖုန်းအား တစ်ယောက်ပြီး တစ်ယောက် ဂုဏ်ပြု ဝိုင်တိုက်နေကြ၏။

“ဂိုဏ်းချုပ်ယဲ့... ဒီနေ့သာ ဂိုဏ်းချုပ် ဝင်မပါခဲ့ရင် ကျုပ်တို့ အားလုံး အသက်အန္တရာယ် ကြုံရမှာ အသေအချာပဲဗျ”

“ဟုတ်ပါ့ဗျာ... မှန်လိုက်လေခြင်း”

“ကျုပ်တို့ အားလုံး ဂိုဏ်းချုပ်ယဲ့ ကို ဂုဏ်ပြုကြရအောင်ဗျာ”

လူတိုင်းမှာ ဂုဏ်ပြုဖန်ခွက်များကို မြှောက်ကာ အားပါးတရ သောက်သုံးလိုက်ကြသည်။

“မတရားတာကို မြင်ရင် ဓားဆွဲထုတ်ပြီး ကူညီရတာက လူသားတွေရဲ့ တာဝန်ပဲ မဟုတ်လားဗျာ။ နှမြောစရာ ကောင်းတာကတော့ ကျွန်‌တော်က သစ်ပင်နတ်ဆိုးဘိုးဘေး ရဲ့ ဝိညာဉ်ခွဲ ရဲ့ လုပ်ကြံတာကို ခံလိုက်ရလို့ ကျင့်ကြံခြင်း စွမ်းအားတွေ ဆုံးရှုံးလုနီးပါး ဖြစ်သွားရတာပဲဗျ”

ယဲ့ဖုန်း က စားပွဲကို အားပါးတရ ထုကာ ဝမ်းနည်းပူဆွေးဟန်ဖြင့် ညည်းညူလိုက်၏။

“ဂိုဏ်းချုပ်ယဲ့... ဝမ်းမနည်းပါနဲ့ နော်။ ကျင့်ကြံခြင်း စွမ်းအားတွေ ဆုံးရှုံးသွားတယ် ဆိုပေမဲ့ ရှင့်ရဲ့ ဘေးနားမှာ လူတွေ ရှိနေသေးတာပဲလေ။ လက်ရှိ ပိုင်ဆိုင်ထားတဲ့ အရာတွေကို တန်ဖိုးထားဖို့က ပိုအရေးကြီးပါတယ်”

လင်ယွဲ့ က ယဲ့ဖုန်းအား နက်နဲလှသော အဓိပ္ပာယ်များ ပြည့်နှက်နေသည့် အကြည့်ဖြင့် စိုက်ကြည့်ကာ အားပေးလိုက်သည်။

ထိုနေရာရှိ လူအားလုံးမှာ မြေခွေးအိုကြီးများ ဖြစ်ကြသဖြင့် လင်ယွဲ့ ၏ စကားထဲမှ အဓိပ္ပာယ်ကို ချက်ချင်းပင် ရိပ်မိသွားကြ၏။ ယဲ့ဖုန်း ကိုယ်တိုင်လည်း မျက်လုံးများ ပြူးကျယ်သွားရ၏။

လင်ယွဲ့ က သူ့အပေါ် ခံစားချက် ရှိနေသည်ကို သူ သိထားသည်လေ။

ဒါက... ဝန်ခံလိုက်တာလား။

ဒါပေမဲ့ ငါ့နှလုံးသားထဲမှာ ဂိုဏ်းအတွက်ပဲ နေရာရှိတာလေ။ ငါ ဘယ်လို လုပ်ရမှာလဲ။

သူ့ကို ငါ ဘယ်လို ပြန်ပြောရမလဲ။

‘ကျွန်မ ..အွန်လိုင်းပေါ်မှာ အဖြေစောင့်နေတယ်နော်... အသည်းအသန် အရေးကြီးနေပြီ’

ယဲ့ဖုန်း သည် အသက်ရှူပင် မှားသွားရပြီး ဘယ်လို ပြန်ပြောရမည်ကို မဝေခွဲနိုင်အောင် ဖြစ်နေရရှာသည်။ ခေတ္တမျှ အတွင်းမှာပင် နံပါတ် (၉) ကျောက်တိုင်ပေါ်၌ တိတ်ဆိတ်မှုများ ဖုံးလွှမ်းသွားခဲ့၏။

“အဟမ်း... အားလုံးပဲ... ပြောချင်တာတွေကို ဒီ ဝိုင်ခွက်တွေ ထဲမှာပဲ ထည့်လိုက်ကြရအောင်ဗျာ။ ကဲ... သောက်ကြစို့”

တတိယမင်းသား သည် အနေရခက်သော လေထုကို သတိပြုမိသွားသဖြင့် အခြေအနေကို ပြန်လည် ထိန်းညှိပေးရန်အတွက် အလျင်အမြန်ပင် ဂုဏ်ပြုလိုက်သည်။

*

ကောင်းကင်ယံ ထက်ဝယ်။

ဘိုးဘေး လင်မြောင် သည် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ပြီး သူ၏ ဖန်ခွက်ကို အထက်သို့ မြှောက်လျက်၊

“ဒီနေ့ အခမ်းအနားမှာ... ဂိုဏ်းချုပ်ယဲ့ ရဲ့ ကူညီမှု အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်ဗျာ။ သူသာ မရှိခဲ့ရင် ကျုပ်တို့တွေ သစ်ပင်နတ်ဆိုးဘိုးဘေး ရဲ့ ဝိညာဉ်ခွဲကို ဖိနှိပ်နိုင်မှာ မဟုတ်ဘူးလေ။ ကဲ... သူ့အတွက် တစ်ခွက်လောက် သောက်ကြရအောင်”

“ဂိုဏ်းချုပ်ယဲ့ က တကယ့်ကို သူရဲကောင်းပဲဗျို့”

အင်အားစု အသီးသီးမှ မဟာတန်ခိုးရှင်များမှာ အဝေးမှနေ၍ ဂုဏ်ပြု ဝိုင်တိုက်လိုက်ကြ၏။

ထိုအခိုက်အတန့်တွင် ဘိုးဘေး လင်မြောင် က ထပ်မံ ပြောဆိုလိုက်ပြန်သည်။

“ဒီနေ့ ကြယ်အဆင့်တိုးမြှင့်ခြင်း အခမ်းအနားကို အခွင့်ကောင်းယူပြီး ကျုပ် နောက်ထပ် ကြေညာစရာ တစ်ခု ရှိပါသေးတယ်”

လူအုပ်ကြီးမှာ ချက်ချင်းပင် အာရုံစူးစိုက်စွာ နားထောင်လိုက်ကြ၏။

“ဒီနေ့ကစပြီး တတိယမင်းသား လင်လော့ထျန်း ဟာ နောက်ထပ် လင်မြောင် ဧကရာဇ် ရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူ အဖြစ် တရားဝင် သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ သူသာ မူလနတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်တာနဲ့ တစ်ပြိုင်နက် ထီးနန်းကို ဆက်ခံနိုင်မှာ ဖြစ်ပါတယ်”

ဘိုးဘေး လင်မြောင် က ဩဇာရှိသော အသံဖြင့် ကြေညာလိုက်သည်။

ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် တစ်နေရာလုံး အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့တော့၏။

လူအုပ်ကြီး အလယ်တွင်...

ပထမမင်းသား ၊ ဒုတိယမင်းသား ၊ စတုတ္ထမင်းသား... မင်းသား ( ၃၆ ) ပါးစလုံးမှာ သူတို့၏ ဝိုင်ဖန်ခွက်များကို လက်ဖြင့် အားကုန် ဆုပ်ခြေလိုက်ကြသည်။

‘တတိယ ညီလေး က အရိုက်အရာ ဆက်ခံသူ ဖြစ်သွားတာလား’

မင်းသား အများအပြားမှာ သူတို့၏ မကျေနပ်မှုများကို မထိန်းချုပ်နိုင်အောင် ဖြစ်နေကြ၏။

“ဒါ... ဒါက”

တတိယမင်းသား ကိုယ်တိုင်ပင် အလွန်အမင်း ထိတ်လန့် အံ့အားသင့်သွားရပြီး မျက်လုံးများ ပြူးကျယ်လျက် ခေတ္တမျှ ကြောင်အမ်းအမ်း ဖြစ်နေရရှာသည်။

သို့သော် မကြာမီမှာပင် သူသည် သူ၏ ဘေးရှိ ယဲ့ဖုန်းကို လှည့်ကြည့်လိုက်သည်။

‘ငါ သဘောပေါက်ပြီ’

‘ဘိုးဘေး လင်မြောင် က ငါ့ကို ဂိုဏ်းချုပ်ယဲ့ နဲ့ ရင်းနှီးတယ်လို့ ထင်လို့ ငါ့ကို အရိုက်အရာ ဆက်ခံသူ အဖြစ် ခန့်လိုက်တာ ဖြစ်ရမယ်’

‘ငါ့ရဲ့ ရွေးချယ်မှုက တကယ့်ကို မှန်ကန်ခဲ့တာပဲ’

တတိယမင်းသား က အတိုင်းထက်အလွန် ဝမ်းသာအားရ ဖြစ်နေမိ၏။

အကယ်၍ သူသာ အသိစိတ် အနည်းငယ်မျှ မကျန်တော့ပါက ထိုနေရာမှာတင် ယဲ့ဖုန်းကို ပြေးဖက်လိုက်မိပြီး ပထမမင်းသမီး လင်ယွဲ့ နှင့် ယဲ့ဖုန်း တို့၏ လက်ထပ်ပွဲကိုပါ တစ်ခါတည်း လူပုံအလယ်တွင် စေ့စပ်ပေးလိုက်မိမည်မှာ အသေအချာပင်။

“ဂိုဏ်းချုပ်ယဲ့... ဂုဏ်ပြုပါတယ်ဗျာ”

တတိယမင်းသား သည် ဝိုင်ကို အပြည့် ငဲ့လိုက်ပြီး ယဲ့ဖုန်းအား လေးလေးနက်နက် ဂုဏ်ပြုလိုက်သည်။

“ဂုဏ်... ဂုဏ်ပြုပါတယ်ဗျာ”

ယဲ့ဖုန်းက အနည်းငယ် ဇဝေဇဝါ ဖြစ်နေလျက် ပြန်လည် ဖြေကြားလိုက်၏။

တတိယမင်းသား က ဘာဖြစ်လို့ ရုတ်တရက်ကြီး ငါ့ကို ဂုဏ်ပြုနေရတာလဲ။

ပြီးတော့ သူ့ရဲ့ အကြည့်ကလည်း နည်းနည်း... ပြင်းပြနေသလိုပဲနော်။

‘ဘာတွေ ဖြစ်နေတာလဲ’

ယဲ့ဖုန်းသည် ဘာမှ နားမလည်နိုင်ဘဲ မျက်တောင်လေး ခပ်နေမိလေတော့၏။

...

ကျယ်ပြောလှသော အဆုံးအစမရှိသည့် ကြယ်တာရာ ဟင်းလင်းပြင်ကြီး အတွင်းဝယ်။

လှပပြီး မြင့်မြတ်လှသော ကမ္ဘာငယ်လေး တစ်ခု ရှိနေသည်။

အလင်းရောင်များ တဖျပ်ဖျပ် တောက်ပနေသော ဧရာမ သစ်တောကြီး တစ်ခု၏ ဗဟိုချက်တွင်မူ...

“ဟီး ဟီး ဟီး”

“ငါ့ရဲ့ ဝိညာဉ်ခွဲ ရဲ့ နတ်ဘုရားစွမ်းရည် ‘အတူတကွ ပျက်စီးခြင်း’ ကို ခံလိုက်ရတာဆိုတော့ ယဲ့ဖုန်း က မသေရင်တောင် လူစင်စစ် မဟုတ်တော့တဲ့ ဒုက္ခိတ တစ်ယောက် ဖြစ်သွားမှာ အသေအချာပဲ”

“ငါ ခေတ္တ တံခါးပိတ် ကျင့်ကြံပြီး ဟင်းလင်းပြင်ဖြိုခွဲ အဆင့် စတုတ္ထအလွှာကို တက်လှမ်းဖို့ ကြိုးစားရမယ်။ အဲဒီနောက်မှာတော့ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်ကို စတင် တိုက်ခိုက်တော့မှာပေါ့”

“အဲဒီအချိန်ကျရင်တော့ ဘိုးဘေး လင်မြောင် နဲ့ ဘိုးဘေး ကျန်းလင်း တို့ကို ငါ့ခြေဖဝါးအောက်မှာ ဒူးထောက် ခေါင်းငုံ့ ခိုင်းစေရမယ်”

သစ်ပင်နတ်ဆိုးဘိုးဘေး သည် ကောင်းကင်ယံသို့ မော့ကြည့်ကာ အားပါးတရ အော်ရယ်လိုက်သည်။

သူသည် ထိုထူးဆန်းသော နတ်ဘုရားစွမ်းရည်ကို အလွန်အမင်း ယုံကြည်ချက် ရှိနေသည် မဟုတ်ပါလော။

ဘိုးဘေး လင်မြောင် သို့မဟုတ် ဘိုးဘေး ကျန်းလင်း တို့သာ ထိုရွှေရောင်နွယ်ပင်များ၏ တိုက်ခိုက်မှုကို ခံလိုက်ရမည် ဆိုပါက အနည်းဆုံး သူတို့၏ ကျင့်ကြံခြင်းအဆင့်များ အားလုံး ဆုံးရှုံးသွားမည် ဖြစ်ပြီး အဆိုးဆုံး အခြေအနေတွင်မူ ကိုယ်ခန္ဓာ နှင့် ကျင့်စဉ်လမ်းများ အားလုံး ပျက်စီးသွားရမည်သာ ဖြစ်၏။

ထို့ကြောင့်ပင် သစ်ပင်နတ်ဆိုးဘိုးဘေး ၏ အမြင်တွင်မူ ယဲ့ဖုန်းမှာ သေချာပေါက် အဆုံးသတ်သွားပြီ ဖြစ်လေသည်။

...

နေ့တစ်ဝက်ခန့် ကြာပြီးနောက်...

ကြယ်အဆင့်တိုးမြှင့်ခြင်း အခမ်းအနားမှာ ပြီးဆုံးသွားခဲ့တော့၏။

ဘိုးဘေး လင်မြောင် နှင့် ဘိုးဘေး ကျန်းလင်း ၏ ကိုယ်ပွား တို့သည် ယဲ့ဖုန်းအား အကာအကွယ် အဆောင်လက်ဖွဲ့များ ၊ ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့များ ၊ ဆင့်ခေါ်ခြင်း အဆောင်လက်ဖွဲ့များ နှင့် အခြားသော အသက်ကယ် ပစ္စည်းများကို အပုံလိုက် ချီးမြှင့်ပေးခဲ့ကြသည်။ ထို့နောက်တွင်တော့ သူ၏ ပခုံးကို လေးနက်စွာ ပုတ်လိုက်ကြ၏။

ထို လေးနက်လှသော အကြည့်များက -

‘ဂိုဏ်းချုပ်ယဲ့... ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါဦးဗျာ’ ဟု ပြောနေသည့်အလား...။

ယဲ့ဖုန်းသည် နေရာမှာတင် မတ်တတ်ရပ်နေခဲ့သည်။

သူသည် သူ၏ ရင်ခွင်ထဲတွင် ပိုက်ထားသော မရေမတွက်နိုင်သော ကောင်းကင်ဘုံ ကုန်ကြမ်းများ နှင့် မြေကမ္ဘာ ရတနာများကို ငုံ့ကြည့်လိုက်ရင်း မျက်တောင်လေး ခပ်လိုက်မိပြီး ရယ်လည်းရယ်ချင်သလို စိတ်လည်း လှုပ်ရှားသွားခဲ့ရသည်။

ကြည့်ရတာ ဒီတိုက်ပွဲ ပြီးသွားတဲ့နောက်မှာတော့ ဘိုးဘေး ကျန်းလင်း နှင့် ဘိုးဘေး လင်မြောင် တို့က သူ့ကို စစ်မှန်သော သူငယ်ချင်း တစ်ယောက်လို သတ်မှတ်သွားကြပြီ ထင်သည်။

သူ၏ ‘ကျင့်ကြံခြင်း စွမ်းအားတွေ အကုန်လုံး ဆုံးရှုံးသွားပြီ’ ဆိုသည့် သတင်းကို ကြားရလျှင်ပင် သူတို့က သူ့ကို ကျောခိုင်း မသွားခဲ့ကြသည် မဟုတ်ပါလော။

‘ဒီ အဘိုးကြီး နှစ်ယောက်က တော်တော် စိတ်ထားကောင်းတာပဲ’

ယဲ့ဖုန်းက စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်မိသည်။

နောင်တစ်ချိန် သူ ပိုမို အစွမ်းထက်သော စွမ်းအားများကို ထုတ်ဖော်ပြသလိုက်သည့် အခါတွင် သူတို့ ဘယ်လိုများ တုံ့ပြန်ကြမလဲ ဆိုတာကို သူ သိချင်နေမိ၏။

သူတို့တွေ အကြီးအကျယ် မှင်သက်သွားကြမှာ အသေအချာပဲ မဟုတ်ပါလော။

‘ထားလိုက်ပါတော့လေ... အဲဒီအချိန် ရောက်မှပဲ စဉ်းစားတော့မယ်’

ယဲ့ဖုန်းသည် ထိုအတွေးများကို ဘေးဖယ်လိုက်သည်။

“ကျေးဇူး အများကြီး တင်ပါတယ်ဗျာ”

သူက ရိုသေစွာ နှုတ်ဆက်လိုက်၏။

“ဟာ... ဂိုဏ်းချုပ်ယဲ့... မဟုတ်ဘူး ညီလေးယဲ့... ဘာတွေ ပြောနေတာလဲ။ ကျုပ်တို့ အဘိုးကြီး နှစ်ယောက်ကို ကျေးဇူးတင်နေရတာက တော်တော်လေးကို အပိုတွေ လုပ်နေတာပဲ။ မင်းက ကျုပ်တို့ကို သူစိမ်းတွေလို ဆက်ဆံနေတာလား”

ဘိုးဘေး ကျန်းလင်း နှင့် ဘိုးဘေး လင်မြောင် တို့က တစ်ယောက်တစ်လှည့် ပြောလိုက်ကြ၏။

“မဟုတ်ပါဘူးဗျ”

ယဲ့ဖုန်းက ခေါင်းညိတ်ပြလိုက်သည်။

အင်အားစု အသီးသီးမှ လူများမှာ ထိုမြင်ကွင်းကို ကြည့်ရင်း အလွန်အမင်း ထိတ်လန့် တုန်လှုပ်သွားကြရသည်။ ယဲ့ဖုန်းသည် သူ၏ ကျင့်ကြံခြင်း စွမ်းအားများ အားလုံး ဆုံးရှုံးသွားပြီ ဖြစ်သော်ငြား ဟင်းလင်းပြင်ဖြိုခွဲ အဆင့်ရှိ မဟာ ဘိုးဘေးကြီး နှစ်ဦးကို ညီအစ်ကိုတွေလိုမျိုး ခေါ်ဝေါ် ဆက်ဆံနိုင်စွမ်း ရှိနေသည်မှာ လူတိုင်းအတွက် အလွန် မနာလို အားကျစရာ ကောင်းလှသည် မဟုတ်ပါလော။

အချိန်များ ကုန်လွန်သွားသည်နှင့်အမျှ လူအုပ်ကြီးမှာ တဖြည်းဖြည်း လူစုကွဲသွားခဲ့ကြတော့သည်။

သူတို့ မထွက်ခွာမီလေးတွင်...

တာ့လျန်ဧကရီ သည် အေးဆေးစွာ လျှောက်လှမ်း ရောက်ရှိလာခဲ့၏။

“ဂိုဏ်းချုပ်ယဲ့”

သူမသည် ယဲ့ဖုန်းအား ခေါင်းညိတ် နှုတ်ဆက်လိုက်ပြီးနောက် လျန်ဝမ်ဖန်း ကို လှည့်ကြည့်ကာ

ပြောလာသည်။

“သမီးလေး... သမီးက နတ်ဆိုးဘုရင်အဆင့်ကိုတောင် ရောက်နေပြီဆိုတော့ တကယ်ကို လျင်မြန်လှတဲ့ တိုးတက်မှုပဲနော်”

“ဒါတွေ အားလုံးက ဂိုဏ်းချုပ်ကြီး ရဲ့ အထောက်အပံ့တွေကြောင့်ပါရှင်”

ဟု လျန်ဝမ်ဖန်း က နှိမ့်ချစွာ ပြန်လည် ဖြေကြားလိုက်၏။

အကယ်၍ သူမသာ ကျင့်ကြံရေး မျှော်စင်၏ သတ္တမအလွှာ ထဲကို ဝင်ရောက်ခွင့် မရခဲ့လျှင် ပြီးတော့ သူမ၏ ကျင့်ကြံခြင်းအဆင့်တွေကို မြှင့်တင်နိုင်မည့် အခွင့်အရေးတွေ မရခဲ့လျှင် သူမ အနေနှင့် နတ်ဆိုးဘုရင်အဆင့်ကို ယခုလောက်အထိ မြန်မြန်ဆန်ဆန် တက်လှမ်းနိုင်မှာ မဟုတ်ပါချေ။

“သမီး... မြူခိုးဂိုဏ်း မှာ ကြိုးကြိုးစားစား ကျင့်ကြံနော်။ ငါတို့ တာ့လျန် နတ်ဆိုးနိုင်ငံ ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် မလုပ်နဲ့ဦး”

ဧကရီက လေးနက်စွာ မှာကြားလိုက်သည်။

“မယ်တော်ဧကရီ... စိတ်ချပါရှင်။ ကျွန်မ ဂိုဏ်းမှာ တော်တော်လေး လိမ်လိမ်မာမာနဲ့ စည်းကမ်း ရှိရှိ နေပါတယ်ရှင်”

လျန်ဝမ်ဖန်း က တည်ငြိမ်စွာပင် ပြန်လည် ဖြေကြားလိုက်၏။

“ကောင်းပြီ”

တာ့လျန်ဧကရီ သည် စိတ်သက်သာရာ ရသွားသဖြင့် ခပ်ရေးရေး ပြုံးလိုက်သည်။ သူမသည် ယဲ့ဖုန်းအား ဦးညွှတ် နှုတ်ဆက်လိုက်ပြီးနောက် သူမ၏ အခြွေအရံများနှင့်အတူ ထွက်ခွာသွားလေတော့၏။

ထိုအခိုက်အတန့်တွင် လင်ယွဲ့ နှင့် တတိယမင်းသား တို့မှာ အတူတကွ ရောက်ရှိလာကြသည်။

“ဂိုဏ်းချုပ်ယဲ့... ကျုပ်တို့ လိုက်ပို့ပေးရမလားဗျာ”

တတိယမင်းသား က ရိုသေစွာ မေးမြန်းလိုက်သည်။

သူသည် ထီးနန်းဆက်ခံမယ့်သူ အဖြစ် သတ်မှတ်ခံလိုက်ရပြီ ဆိုသော်ငြား ဟင်းလင်းပြင်ဖြိုခွဲ အဆင့်ရှိ မဟာ ဘိုးဘေးကြီးတွေကို ညီအစ်ကိုလို ခေါ်နိုင်သော ယဲ့ဖုန်း ရဲ့ ရှေ့မှာတော့ သူ၏ အဆင့်အတန်းမှာ အများကြီး နိမ့်ကျနေဆဲ ဖြစ်ပါသည်။

“မလိုပါဘူးဗျာ။ ကျွန်တော်တို့ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ နဲ့ပဲ ပြန်လိုက်ပါ့မယ်”

ပြောပြောဆိုဆိုနှင့်၊ ယဲ့ဖုန်းသည် နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ တစ်ခုကို ထုတ်ယူလိုက်သည်။

“ဒါဆိုရင်တော့... ဂိုဏ်းချုပ်ယဲ့ ရဲ့ အပြန်ခရီး အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ”

တတိယမင်းသား က ဦးညွှတ်လိုက်၏။

“ဂိုဏ်းချုပ်ယဲ့... ကျွန်မ... အားတဲ့ အချိန်ကျရင် မြူခိုးဂိုဏ်းကို လာပြီး ရှင်နဲ့အတူ လက်ဖက်ရည် သောက်ပါရစေဦးရှင်”

လင်ယွဲ့ က သတ္တိမွေးကာ ဖွင့်ဟ ပြောဆိုလိုက်သည်။

“လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်ဗျာ”

ယဲ့ဖုန်း ပြုံးလျက် ခေါင်းညိတ်ပြလိုက်ပြီးနောက် နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ကို ဆုပ်ခြေလိုက်လေတော့၏။

“ဝှစ်”

ဖြူဖွေးသော အလင်းတန်း တစ်ခု အတွင်းဝယ် ယဲ့ဖုန်း ၊ လီဇီလုံ ၊ ကုန်းချင်းချိုး နှင့် အခြားသူ ၁၁ ဦးစလုံးမှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့တော့၏။

*

နောက်တစ်စက္ကန့်တွင်...

သူတို့သည် မြူခိုးတောင်ထိပ် ပေါ်သို့ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။

တောင်နံရံပေါ်တွင် ပြသနေဆဲ ဖြစ်သော ရှုခင်းပုံရိပ်များကို မြင်တွေ့လိုက်ရသည့်အခါ ယဲ့ဖုန်းမှာ ၎င်းကို ပိတ်ရန် မေ့နေခဲ့ကြောင်း သတိပြုမိသွားသည်။ သူသည် ဝတ်ရုံလက်စကို ဝှေ့ယမ်းလိုက်ရာ ပုံရိပ်ယောင်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့တော့၏။

“ဟင်”

“နန်းမြို့တော်က ပုံရိပ်တွေ ဘာလို့ ပျောက်သွားတာလဲဟင်”

တပည့်များမှာ ဇဝေဇဝါ ဖြစ်သွားကြပြီး ခုနက မြင်နေရတဲ့ မြင်ကွင်းတွေ ဘယ်လိုဖြစ်ပြီး ပျောက်သွားရတာလဲ ဆိုသည်ကို စူးစမ်းကြည့်နေကြ၏။

“ဝုန်း”

အစ်ကိုကြီး ခေါင်းပြား မှာ ယဲ့ဖုန်းကို ပထမဆုံး မြင်တွေ့သွားသူ ဖြစ်သည်။

သူသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီးနောက် ဝိညာဉ်သားရဲ စင်မြင့်ပေါ်မှနေ၍ မြူခိုးတောင်ထိပ် ပေါ်သို့ ခုန်တက်လာကာ ဒဏ်ရာ တစ်စုံတစ်ရာ ရမထားသော ယဲ့ဖုန်းအား အသေအချာ စိုက်ကြည့်နေသည်။

သူ၏ မျက်ဝန်းများတွင် စိတ်သက်သာရာ ရသွားသော အရိပ်အယောင်လေး တစ်ခု လျှပ်တပြက် ဖြတ်ပြေးသွားခဲ့၏။

“ဖြန်း... ဖြန်း”

အစ်ကိုကြီး ခေါင်းပြား သည် ယဲ့ဖုန်း၏ ဒူးကို သူ၏ လက်သည်းလေးများဖြင့် ပုတ်ကာ ခေါင်းညိတ်ပြလိုက်သည်။

သူ၏ တည်ငြိမ်လှသော အကြည့်များက -

‘အင်း... မသေသေးတာ တော်သေးတာပေါ့’ ဟု ပြောနေသည့်အလား...။

ထိုမြင်ကွင်းကို ကြည့်ရင်း ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်များ တဆတ်ဆတ် တုန်ရီသွားခဲ့ရ၏။

အကယ်၍သာ တပည့်တွေ အားလုံး ကြည့်မနေဘူး ဆိုလျှင်တော့ သူ အစ်ကိုကြီး ခေါင်းပြား ကို ဝိညာဉ်သားရဲ စင်မြင့်ဆီ ပြန်ရောက်သွားအောင် ကန်ထုတ်ပစ်လိုက်မိမှာ အသေအချာပင်။

“အားလုံး ကြည့်ကြပါဦးဗျို့”

“ဂိုဏ်းချုပ်ကြီး ပြန်ရောက်လာပြီဟေ့”

“ဂိုဏ်းချုပ်ကြီး”

မြူခိုးဂိုဏ်း ၏ တပည့်များ ၊ တာဝန်ခံများ နှင့် တောင်စောင့် ဝိညာဉ်သားရဲများ အားလုံးမှာ မြူခိုးတောင်ထိပ် ဆီသို့ အကြည့်များ စုပြုံရောက်ရှိသွားကြပြီး ထို ကျော့ရှင်း ခန့်ညားလှသော ပုံရိပ်ကြီးကိုသာ စိုက်ကြည့်နေမိကြလေတော့၏။

အချို့သော မိန်းကလေး တပည့်လေးများမှာမူ နေရာမှာတင် ရှိုက်ကြီးတငင် ငိုကြွေးလိုက်ကြသည်။

“ဂိုဏ်းချုပ်ကြီးကို နောက်ထပ် ပြန်တွေ့ရမှာ မဟုတ်တော့ဘူးလို့ ကျွန်မ ထင်နေခဲ့တာ... ဟီး... ဟီး”

အချို့သော တပည့်များမှာ မျက်ရည်များကို သုတ်ရင်း ငိုယိုနေကြ၏။

အချို့မှာမူ မျက်ရည်များ ကြားမှပင် ပြုံးရွှင် ရယ်နေကြတော့သည်။

ဂိုဏ်းချုပ် ယဲ့ဖုန်း အနေဖြင့် သူ၏ ကျင့်ကြံခြင်း စွမ်းအားများ အားလုံး ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့သည် ဆိုသော်ငြား အနည်းဆုံးတော့ သူ အသက်ရှင်နေသေးသည် မဟုတ်ပါလော။

အသက်ရှင်နေသရွေ့ ဒါဟာ အကြီးမားဆုံးသော မျှော်လင့်ချက်ပဲ မဟုတ်ပါလား။

အခန်း (၅၀၇) ကျောက်ဝိညာဉ် မွေးဖွားခြင်း ၊ စကားပြောဆိုခြင်း နှင့် ဘက်ပေါင်းစုံမှ တုံ့ပြန်မှုများ

~ယဲ့ဖုန်းသည် ကမ်းပါးစွန်းတွင် မားမားမတ်မတ် ရပ်နေသည်။

မိမိ၏ တပည့်များမှာ ရင်ကွဲမတတ် ငိုကြွေးနေကြသည်ကို ကြည့်ရင်း သူသည် အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ရပြီး နှာခေါင်းထဲတွင်ပင် အနည်းငယ် စပ်ဖျင်းဖျင်း ဖြစ်လာခဲ့၏။

“ဂိုဏ်းချုပ်ကြီး...”

ယန်ရူယွီ ၊ ကျားယွီလန် ၊ အိုးယန်ဖုန်း ၊ အိုးယန်ယွီ ၊ ရှဟဲ ၊ ချိုကျူ ၊ ယွီဝေ ၊ ယွီစု ၊ ကျီဇီလင်း နှင့် အခြားသော တပည့်များမှာ အသည်းအသန် ပြေးလွှား ရောက်ရှိလာကြသည်။ ကျီဇီလင်း နှင့် ယန်ရူယွီ တို့မှာမူ ရှိုက်ကြီးတငင်ပင် ငိုကြွေးနေကြတော့၏။

‘ဂိုဏ်းချုပ်ကြီး ရဲ့ ကျင့်ကြံခြင်းတွေ ဆုံးရှုံးသွားပြီ ဆိုတော့... အခုကစပြီး ငါက ဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး တိုက်ခိုက်ရေးသမား ဖြစ်လာပြီ။ ကောင်းကင်ကြီး ပြိုကျလာရင်တောင် ငါကိုယ်တိုင် ထိန်းထားပေးမယ်’

ဟူဖေးဖေး သည် ယဲ့ဖုန်း၏ နောက်ကွယ်တွင် ရပ်နေရင်း သူမ၏ လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားလိုက်သည်။

ဂိုဏ်းချုပ်ကြီး အတွက် ၊ ဂိုဏ်းသားတွေ အတွက်... သူမ အနေဖြင့် မူလနတ်ဘုရားအဆင့် ပြိုင်ဘက်များကို ရှာဖွေ တိုက်ခိုက်ပြီး အဆင့်တိုးမြှင့်ရန်အတွက် လိုအပ်သော စွမ်းအင်များကို စုဆောင်းရမည်ဟု ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချလိုက်တော့၏။

မြေပြင်ပေါ်တွင်မူ ဝမ်ရွှမ်ဖင်း သည် ယဲ့ဖုန်းကို ကြည့်ကာ စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေမိသည်။

‘ဒီလူက အပေါ်ယံ ကြည့်ရင်တော့ ဒဏ်ရာ တစ်စုံတစ်ရာ မရထားသလိုပဲ... ဒါပေမဲ့ တကယ်တမ်းကျတော့ အပြင်ပန်းပဲ ကြည့်ကောင်းပြီး အနှစ်မရှိတဲ့ အခွံကြီးပဲ။ တိုက်ပွဲမှာတော့ သူက ဘာမှ သုံးစားလို့ ရမှာ မဟုတ်တော့ဘူး’

‘ငါ့ရဲ့ အစီအစဉ်တွေကို အခု စလို့ ရပြီပေါ့’

သူမသည် ရင်ထဲတွင် ကျေနပ် အားရနေသော်ငြား လူအုပ်ကြီးထဲတွင် ရောနှောကာ မထင်မရှား ဖြစ်အောင်တော့ ပါးနပ်စွာ ဟန်ဆောင်ထားပါ၏။

မြူခိုးတောင်ထိပ် ပေါ်ဝယ် ယန်ရူယွီ သည် ယဲ့ဖုန်း၏ ရင်ခွင်ထဲသို့ တိုးဝင်လာပြီး သူ၏ ပခုံးပေါ်သို့ လက်တင်ကာ ပြင်းထန်လှသော သက်စွမ်းအင်များကို အဆက်မပြတ် ထည့်သွင်းပေးနေသည်

“ဂိုဏ်းချုပ်ကြီး... ရှင် အဆင်ပြေရဲ့လားဟင်”

“ငါ အဆင်ပြေပါတယ်ကွာ”

ယဲ့ဖုန်းသည် ယန်ရူယွီ ၏ ပခုံးကို အသာအယာ ပုတ်လိုက်၏။ သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ တပည့်ပေါင်း တစ်ထောင်ကျော် ၊ တာဝန်ခံများ နှင့် တောင်စောင့် ဝိညာဉ်သားရဲများ အားလုံး စုံစုံလင်လင် ရှိနေသည်ကို မြင်တွေ့လိုက်ရသဖြင့် စိတ်သက်သာရာ ရသွားခဲ့သည်။

ဤတိုက်ပွဲတွင် ဓာတ်ကြီးငါးပါး ဝိညာဉ်ဓား နှင့် ကြယ်တာရာနန်းတော်ကြီး တို့ကို ဆုံးရှုံးလိုက်ရသဖြင့် အထိနာလှသည်မှာ အမှန်ပင်။ သို့သော် တပည့်များ အားလုံး ဘေးကင်းနေခြင်းကပင် သူ၏ စိတ်ကို ပြန်လည် ကုစားပေးနိုင်၏။

‘အသက်ရှင်နေသရွေ့ ဒါဟာ အကြီးမားဆုံးသော မျှော်လင့်ချက်ပဲ’

ဤအတွေးမှာ ယဲ့ဖုန်း၏ စိတ်ထဲတွင် ပေါ်လာခဲ့၏။ သူ၏ အကြည့်များမှာ ဝမ်ရွှမ်ဖင်း ဆီသို့ အမှတ်မထင် ရောက်ရှိသွားခဲ့ရာ သူမသည် ဝမ်းသာနေသယောင် ဟန်ဆောင်နေပြီး သူမ၏ သရုပ်ဆောင်မှုမှာလည်း တော်တော်လေး ကောင်းမွန်နေကြောင်း သတိပြုမိလိုက်သည်။

နှမြောစရာ ကောင်းသည်မှာ ဝမ်ရွှမ်ဖင်း အနေဖြင့် သူမ၏ အထောက်အထားကို ယဲ့ဖုန်းက သိရှိထားပြီး ဖြစ်ကြောင်း လုံးဝ မရိပ်မိခဲ့ခြင်းပင် ဖြစ်ချေ၏။

“ကဲ... အားလုံး လူစုခွဲလိုက်ကြတော့”

ယဲ့ဖုန်း၏ စကားသံမှာ တစ်နေရာလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

“မင်းတို့ရဲ့ ဂိုဏ်းချုပ်က ကျင့်ကြံခြင်းအဆင့် နည်းနည်း ကျသွားတာက လွဲရင် ဘေးကင်းပါတယ်ဗျာ။ စိုးရိမ်မနေကြပါနဲ့တော့။ ဒီနေ့ကစပြီး မင်းတို့ အားလုံး ကြိုးကြိုးစားစား ကျင့်ကြံကြရမယ်။ ဂိုဏ်းချုပ်ကို စိတ်ပျက်အောင် မလုပ်ကြနဲ့ဦးနော်”

ထိုစကားကို ကြားလိုက်ရသည့်အခါ တပည့်များမှာ ပို၍ပင် စိတ်မကောင်း ဖြစ်ကြရ၏။

ဂိုဏ်းချုပ်ကြီးမှာ သူ၏ ကျင့်ကြံခြင်း စွမ်းအားများ အားလုံး ဆုံးရှုံးလုနီးပါး ဖြစ်နေသော်ငြား သူတို့ကို စိုးရိမ်အောင် မလုပ်လိုသဖြင့် သတ္တိရှိရှိ ရင်ဆိုင်ပြနေသည် မဟုတ်ပါလော။

ဤကဲ့သို့သော ကြင်နာတတ်သည့် ဂိုဏ်းချုပ်မျိုးကို လောကကြီးတွင် ရှာတွေ့နိုင်ရန် အလွန်ပင် ခက်ခဲလှပေသည်။

“စိတ်ချပါ ဂိုဏ်းချုပ်ကြီး... တပည့်တို့ သေချာပေါက် ကြိုးစား ကျင့်ကြံပါ့မယ်ရှင်”

ထိုနေရာရှိ တပည့်များ အားလုံးမှာ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကြရင်း တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေကြ၏။

‘ဟက်... သေခါနီး ဘဲငန်း တစ်ကောင်ကများ အသံကောင်း ဟစ်နေသေးတယ်’

ဝမ်ရွှမ်ဖင်း မှာမူ ခေါင်းငုံ့ထားရင်း စိတ်ထဲမှ ကဲ့ရဲ့နေမိသည်။

နာရီဝက်ခန့် ကြာပြီးနောက်တွင်တော့ လူတိုင်း လူစုခွဲ ထွက်ခွာသွားကြလေ၏။ ကျင့်ကြံရမည့်သူက ကျင့်ကြံခြင်းဆီသို့ ၊ မျက်ရည်သုတ်ရမည့်သူက မျက်ရည်သုတ်ခြင်းဆီသို့ အသီးသီး ထွက်ခွာသွားကြ၏။ ဤတိုက်ပွဲ ပြီးနောက်တွင်တော့ တပည့်များ၏ ပိုမို သန်မာလာလိုသော ဆန္ဒများမှာ ပို၍ပင် ပြင်းပြလာခဲ့သည်။

သူတို့သည် ကျင့်ကြံရေးမျှော်စင် အတွင်းရှိ ဆွဲအားနယ်ပယ်သို့ ဝင်ရောက် လေ့ကျင့်ကြသလို ဝိညာဉ်စွမ်းအင်စုစည်းခြင်းမျှော်စင် အတွင်း၌လည်း အဆင့်ချိုးဖြတ်ရန် အသည်းအသန် ကြိုးစားနေကြ၏။

သာယာလှသော နေခင်း အချိန်ဝယ် ယဲ့ဖုန်းသည် ဝိညာဉ်အိုင် ဘေးရှိ ကျောက်ပြားကြီး ပေါ်တွင် လဲလျောင်းနေသည်။

“ကျောက်ခဲလေး... မင်း ဘယ်တော့များမှ အသိစိတ် ဝင်လာမှာလဲကွာ။ ကဲ... လေဓာတ် ဝိညာဉ်စွမ်းအင် နောက်ထပ် တစ်မျှင် ယူလိုက်ဦး”

သူသည် လက်ကို ဆန့်ထုတ်ကာ ကျောက်ပြားကြီး ၏ မျက်နှာပြင်ကို အသာအယာ ထိတွေ့လိုက်သည်။ အေးမြလှသော လေဓာတ် ဝိညာဉ်စွမ်းအင် တစ်မျှင်မှာ ကျောက်ပြားအတွင်းသို့ စီးဝင်သွားခဲ့တော့၏။

ကျောက်ပြားကြီးမှာ အနည်းငယ် တုန်ရီသွားခဲ့သည်။ ၎င်း၏ အတွင်းမှနေ၍ ရင်းနှီးလှသော ဝိညာဉ် အသိစိတ် တစ်ခုမှာ နိုးထလာခဲ့ပြီး နွေးထွေးလှသော လက်ဖဝါး တစ်စုံဖြင့် သူ့ကို ပင့်မထားသကဲ့သို့ ခံစားလိုက်ရ၏။

ယဲ့ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။ ကျောက်ဝိညာဉ် က ကြယ်တာရာနန်းတော် ရဲ့ လက်နက်ဝိညာဉ် အပိုင်းအစတွေနဲ့ တကယ်ပဲ ပေါင်းစပ်သွားတာလား... အဲဒီကနေမှတစ်ဆင့် ထူးခြားတဲ့ အသိစိတ် တစ်ခု ဖြစ်ပေါ်လာတာကိုး ဟု သူက အံ့သြစွာ တွေးလိုက်မိ၏။ သူသည် အသေအချာ အာရုံခံ ကြည့်လိုက်ပြီးနောက် အကြီးအကျယ် ထိတ်လန့်သွားရလေတော့သည်။

“ကျောက်ခဲလေး... မင်း တကယ်ပဲ အသိစိတ် ဝင်လာတာလား”

ယဲ့ဖုန်းက ကျောက်ပြားကြီးကို ထိတွေ့လျက် စိတ်အာရုံဖြင့် မေးမြန်းလိုက်၏။

“အင်း...”

နုနယ်ပြီး မှိန်ဖျော့လှသော အသိစိတ် လှိုင်းတစ်ခုက ပြန်လည် တုံ့ပြန်လိုက်သည်။ ယဲ့ဖုန်း မျက်ခုံးပင့်လိုက်မိ၏။

“မင်း တကယ်ပဲ အသိစိတ် ရလာတာပဲ။ ကြယ်တာရာနန်းတော် ရဲ့ ပျက်စီးသွားတဲ့ လက်နက်ဝိညာဉ်တွေကို မင်းက ဝါးမြိုလိုက်လို့များလား”

“လက်နက်ဝိညာဉ်... အဲဒါက ဘာလဲဟင်”

ကျောက်ဝိညာဉ် လေးက ပြန်မေးလိုက်သည်။

၎င်းမှာ စိတ်ကူး စိတ်သန်း အမျှင်တန်းလေး တစ်ခုမျှသာ ဖြစ်သော်ငြား ယဲ့ဖုန်း အတွက်မူ ကလေးငယ်လေး တစ်ဦးနှင့် စကားပြောနေရသကဲ့သို့ ခံစားချက်ကို ပေးစွမ်းနေ၏။

“ကြယ်တာရာနန်းတော် ဆိုတာ ဂိုဏ်းကို ကာကွယ်ဖို့အတွက် မိမိကိုယ်ကိုယ် စွန့်လွှတ် အနစ်နာခံသွားတဲ့ အဆင့်နိမ့် ဝိညာဉ်ရတနာ တစ်ခုပဲကွာ။ မင်း အနေနဲ့ သူ့ရဲ့ ဆန္ဒတွေကို ဆက်ခံပြီး မင်းကိုယ်ပိုင် ဖြစ်တည်မှုနဲ့အတူ ထူးခြားလှပတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်”

“ဘဝ... အဲဒါက ဘာလဲဟင်”

ကျောက်ဝိညာဉ် လေးမှာ လုံးဝ ဇဝေဇဝါ ဖြစ်နေရှာသည်။ သူသည် ငယ်ရွယ်လွန်းလှသေးသဖြင့် ဘာမှ မသိရှိသေးသည် မဟုတ်ပါလော။ ယဲ့ဖုန်း အနေဖြင့် ကျောက်ဝိညာဉ် လေးအား အမြဲမပြတ် လမ်းညွှန် သင်ကြားပေးရမည်ကို သိရှိထား၏။ ၎င်းမှာ အဖြူထည် စက္ကူလေး တစ်ချပ်ကဲ့သို့ ဖြစ်နေသဖြင့် ကျန်းမာ သန်စွမ်းသော စိတ်ဓာတ်များ ရရှိစေရန်အတွက် လမ်းညွှန်မှု လိုအပ်သည် မဟုတ်ပါလော။

အကယ်၍သာ ယုတ်မာသော လူများ၏ လက်ထဲသို့ ရောက်ရှိသွားပါက သူ မွေးဖွားလာသည့် အခါတွင် နတ်ဆိုးဘုရင်ကြီး တစ်ဦး ဖြစ်လာနိုင်သည် မဟုတ်ပါလော။ ယဲ့ဖုန်းသည် ဤအချက်ကို ကောင်းစွာ သဘောပေါက်ထားသည်။ သူသည် ကျောက်ဝိညာဉ် လေးကို ဆိုးရွားသော လွှမ်းမိုးမှုများမှ တိတ်တဆိတ် ကာကွယ်ပေးထားပြီး ထိုကောင်လေးအား ပျော်ရွှင် ကျန်းမာစွာ ကြီးပြင်းလာစေရန် ကြိုးပမ်းနေခြင်း ဖြစ်၏။

“ခင်ဗျားက ဘယ်သူလဲဟင်”

ခေတ္တမျှ ကြာပြီးနောက် ကျောက်ဝိညာဉ် လေးဆီမှ အတွေးလှိုင်းလေး တစ်ခု ပေါ်ထွက်လာခဲ့သည်။

“ငါက မြူခိုးဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်း ပဲ... ပြီးတော့ မင်းရဲ့ လမ်းပြကြယ် ပေါ့”

“ယဲ့ ဖေဖေ...”

“ဖူး...”

ယဲ့ဖုန်းမှာ သွေးပင် အန်ချင်သွားရသည်။

ယဲ့ ဖေဖေ ဟုတ်လား။ မင်းက ငါ့ကို ယဲ့ ဖေဖေ လို့ ခေါ်နေတာလား ။ ယဲ့ဖုန်းမှာ စကားပင် မပြောနိုင်အောင် ဖြစ်သွားရပြီး စကားဝိုင်းကို ဘယ်လို ဆက်ရမှန်း မသိတော့ချေ ။ အတော်ကြာမှသာ သူက -

“ကျောက်ခဲလေး... မင်း ငါ့ကို တခြား တပည့်တွေ ခေါ်သလိုမျိုး ဂိုဏ်းချုပ် လို့ပဲ ခေါ်လို့ ရပါတယ်ကွာ”

“ဂိုဏ်းချုပ်...”

ကျောက်ဝိညာဉ် လေးမှာ ခေတ္တမျှ စဉ်းစားနေပြီးနောက်မှ -

“အင်း... ဟုတ်ကဲ့ပါ”

ယဲ့ဖုန်း ပြုံးလျက် “လိမ္မာတဲ့ ကလေးလေးပဲ” ဟု ချီးကျူးလိုက်သည်။

အလိုက်သင့် ပြောင်းလဲလွယ်သော ကျောက်ဝိညာဉ် လေးအပေါ် သူ အတော်လေး မျှော်လင့်ချက် ထားမိသွားခဲ့သည်။ ၎င်းမှာ အသိဉာဏ် ခုမှ စတင် ရရှိလာခြင်း ဖြစ်သော်ငြား သူ၏ အသိစိတ်မှာ အလွန်ပင် အားကောင်းလှသဖြင့် ယဲ့ဖုန်း အတွက်မူ သဘာဝအလျောက် မွေးဖွားလာသော မြင့်မြတ်သည့် သက်ရှိ တစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားချက်ကို ပေးစွမ်းနေသည်။

တစ်နည်းအားဖြင့် ပြောရလျှင် အကယ်၍ ကျောက်ဝိညာဉ် လေးသာ အခု ဒေါသထွက်လာမည် ဆိုပါက အနည်းဆုံး ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် နှင့် ညီမျှသော စွမ်းအားများကို ထုတ်ဖော် ပြသနိုင်စွမ်း ရှိနေပြီ ဖြစ်၏။

“လာ... ငါ မင်းကို လေဓာတ် ဝိညာဉ်စွမ်းအင် နောက်ထပ် တစ်မျှင် ထပ်ပေးမယ်”

ယဲ့ဖုန်းသည် လက်ကို ဆန့်ထုတ်ကာ ကျောက်ပြားကြီးကို အသာအယာ ပုတ်လိုက်သည်။

“အို...တကယ့်ကို နေလို့ ကောင်းလိုက်တာ”

ကျောက်ဝိညာဉ် လေးမှာ လေဓာတ် ဝိညာဉ်စွမ်းအင် ကို စုပ်ယူပြီးနောက် ပျော်ရွှင်မှုများ ပြည့်နှက်နေသော အတွေးလှိုင်းများကို ထုတ်လွှတ်နေလေတော့၏။

လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ၏ ကြယ်အဆင့်တိုးမြှင့်ခြင်း အခမ်းအနားမှာ လွန်ခဲ့သော သုံးရက်ကပင် ပြီးဆုံးသွားခဲ့လေ၏။ ထိုအချိန်မှစ၍ သတင်းမျိုးစုံမှာ အရပ်မျက်နှာအနှံ့သို့ တောမီးပမာ တောက်‌လောင်သွားခဲ့သည်။

လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် မှ မိုင်ပေါင်း သောင်းချီ ဝေးကွာသော နေရာများ ဖြစ်သည့် တောင်ပိုင်းမင် နိုင်ငံတော် ၊ တာ့လျန် နတ်ဆိုးနိုင်ငံ နှင့် နန်ဝမ် ပြည်နယ် ဆယ့်သုံးခု အထိပင် အဆင့်မြင့် ကျင့်ကြံသူများမှာ သတင်းများကို လက်ခံရရှိခဲ့ကြသည်။

ကျောင်းယန် သန့်စင်သောမြို့တော် အတွင်း၌ပင် ထိုသတင်းများကြောင့် ဆူညံပွက်လောရိုက်နေခဲ့တော့၏။

တောင်ပိုင်းမင် နိုင်ငံတော်ရှိ ကျုံးယွမ် မြို့စား ၊ ပေလျန် မြို့စား နှင့် အခြားသော အဓိက မြို့တော်ကြီး သုံးခုမှ မြို့စားများမှာ စုဝေးမိကြပြီး သူတို့၏ မျက်ဝန်းများတွင် နှမြောတသမှုများ ပြည့်နှက်နေကြသည်။

“နှမြောစရာ ကောင်းလိုက်တာဗျာ”

“ဂိုဏ်းချုပ်ယဲ့ ရဲ့ ကျင့်ကြံခြင်းက ဖန်တီးရှင် တစ်ဦးနဲ့တောင် ယှဉ်နိုင်စွမ်း ရှိနေတာလေ။ သူက ကျုပ်တို့ ဘိုးဘေးတွေလိုမျိုး ထိပ်တန်း မဟာတန်ခိုးရှင် တစ်ယောက် ဖြစ်နေပါလျက်နဲ့ ဒီလိုမျိုး အဆုံးသတ်သွားရတာဟာ ကောင်းကင်ဘုံ ရဲ့ မတရားမှုပဲဗျ”

“ဒါပေမဲ့လည်း ဂိုဏ်းချုပ်ယဲ့ ရဲ့ စွမ်းအားက ကျုပ်တို့ထက် အများကြီး သာလွန်နေပါသေးတယ်။ မြူခိုးဂိုဏ်း ကတော့ ဆက်ပြီး လျင်လျင်မြန်မြန် တိုးတက်လာမှာ အသေအချာပဲ”

“ဟုတ်တယ်... ကျုပ်တို့ အဓိက မြို့တော်ကြီး ငါးခုနဲ့ တခြား မြို့ငယ်လေးတွေမှာပါ အလျင်အမြန် လှုပ်ရှားကြရမယ်။ ကံကြမ္မာ ခရမ်းရောင် ရွှေခေါင်းလောင်း ကို အသံမြည်အောင် လုပ်နိုင်တဲ့ ပါရမီရှင်တွေကို မြူခိုးဂိုဏ်း မှာ ကျင့်ကြံနိုင်ဖို့အတွက် အမြန်ဆုံး ပို့ပေးကြရအောင်ဗျာ”

မြို့စားများမှာ အချင်းချင်း တိုင်ပင် ဆွေးနွေးနေကြ၏။

ယဲ့ဖုန်း မထွက်ခွာမီက သူသည် ကံကြမ္မာ ခရမ်းရောင် ရွှေခေါင်းလောင်း (၁၀) လုံးကို ဖြန့်ဝေပေးခဲ့သည် မဟုတ်ပါလော။ မြို့စား (၅) ဦးစလုံးမှာ နှစ်လုံးစီ ရရှိထားကြသဖြင့် အရေးကြီးသော အချိန်များတွင် တောင်ပိုင်းမင် နိုင်ငံတော် အတွင်း မြူခိုးဂိုဏ်း နှင့် ရေစက်ပါသော သူများ ရှိမရှိ စမ်းသပ်ရန်အတွက် အသုံးပြုနိုင်မည် ဖြစ်ပါသည်။

တာ့လျန် နတ်ဆိုးနိုင်ငံ တွင်မူ ဖြူဖွေးလှပသော ဝတ်စုံကို ဆင်မြန်းထားသည့် ဧကရီသည် ပန်းရောင် မက်မွန်ပန်း ထောင်သောင်းချီ ဖူးပွင့်နေသော သစ်ပင်ကြီးတစ်ပင်၏ အောက်တွင် ရပ်နေသည်။ သူမသည် ဝတ်ရည်စုပ်ယူနေသော ပျားလေးတစ်ကောင်ကို လက်ဖြင့် အသာအယာ ထိတွေ့လိုက်ရင်း သက်ပြင်းချလိုက်မိ၏။

“ဟူး... တကယ့်ကို နှမြောစရာ ကောင်းလိုက်တာ”

မဟာတိုက်ပွဲ ပြီးနောက်တွင် မြင်တွေ့ခဲ့ရသော ယဲ့ဖုန်း၏ ပုံရိပ်ကို ပြန်လည် မြင်ယောင်ရင်း သူသည် ယခုထက် ပိုမို ကောင်းမွန်သော ကံကြမ္မာကို ရရှိသင့်သူ ဖြစ်ကြောင်း သူမ ခံစားလိုက်ရသည်။

ယဲ့ဖုန်း၏ စွမ်းအားဖြင့် ဆိုပါက သူသည် ဘေးလွတ်ရာသို့ ထွက်ပြေးနိုင်စွမ်း ရှိသော်လည်း သူ ထိုသို့ မပြုလုပ်ခဲ့ပါချေ။ ထိုအစား သူသည် မြူခိုးတောင်ထိပ် မှ နန်းမြို့တော်ဆီသို့ နေရာရွှေ့ပြောင်းလာခဲ့ပြီး တိုက်ပွဲ၏ အဖြေကို ပြောင်းလဲပေးနိုင်ခဲ့သော အဓိက ပုဂ္ဂိုလ်ကြီး ဖြစ်လာခဲ့သည် မဟုတ်ပါလော။

“ဒီလို အမျိုးသားမျိုးဟာ တကယ်ပဲ နှလုံးသားကို အပ်နှင်းထားဖို့ ထိုက်တန်တဲ့သူပဲ”

တာ့လျန်ဧကရီ က တကိုယ်တည်း ပြောဆိုလိုက်သည်။

ယဲ့ဖုန်း၏ ကျင့်ကြံခြင်း စွမ်းအားများမှာ ကုန်ဆုံးလုနီးပါး ဖြစ်သွားခဲ့သည် ဆိုသော်ငြား ဤတိုက်ပွဲ တစ်ခုတည်းဖြင့်တင် သူ၏ စိတ်ဓာတ်ခိုင်မာမှု ကို သက်သေပြရန် လုံလောက်လှပေသည်။ မြူခိုးဂိုဏ်း သည် သူမ၏ သမီးတော် သုံးဦးလုံး နေထိုင် ကျင့်ကြံရန်အတွက် အမှန်တကယ်ပင် သင့်တော်သော နေရာတစ်ခု ဖြစ်ပေသည်။

ခရိုင်ဘုရင်မြို့တော် ၊ မြင့်မြတ်သော လေဓားဂိုဏ်း ၊ ကျွန်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့ ၊ နန်းမြို့တော် ၊ မြောက်ပိုင်း နယ်စပ် ၊ အရှေ့ပိုင်း တောင်တန်းဒေသ ၊ အနောက်ပိုင်း လွင်ပြင်ဒေသ... အဓိက နယ်မြေ ဒေသ အသီးသီးတွင် ယဲ့ဖုန်း အကြောင်း သတင်းများမှာ ရေပန်းစားနေခဲ့သည်။

အချို့မှာ ပျော်ရွှင်နေကြသလို အချို့မှာမူ စိုးရိမ် ပူပန်နေကြလေတော့၏။

All Chapters