အခန်း (၅၀၈-၅၁၀)
Vol. 34 Ch. 508-510
အခန်း (၅၀၈) ချင်းယွင်ကျန်းရန် တစ်ညတည်းနှင့် ဂိုဏ်းပြောင်းပြေးခြင်း
~ကျွန်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့။
“နှမြောစရာ ကောင်းလိုက်တာဗျာ...”
မဟာမိတ်ခေါင်းဆောင် မိုထျန်းလုံသည် သူ၏ ထိုင်ခုံလက်ရန်းကို ပုတ်လျက် ခေါင်းကို တရစပ် ခါယမ်းနေမိသည်။ သူသည် မျက်နှာကို ပုဝါဖြင့် ဖုံးအုပ်ထားသော မိုမင်ရှီ ကို လှည့်ကြည့်လိုက်ပြီး -
“သမီး... မြူခိုးဂိုဏ်းက ဂိုဏ်းချုပ်ယဲ့ဆီကို သွားပြီးတော့ လူနာမေးလိုက်ပါဦးလား” ဟု တိုက်တွန်းလိုက်သည်။
“ကျွန်မ... ကျွန်မက ဘာသွားလုပ်ရမှာလဲ”
မိုမင်ရှီမှာ မည်သို့ ပြန်ပြောရမှန်း မသိတော့ချေ။
သူမ၏ ဖခင်မှာ သူမနှင့် ယဲ့ဖုန်းကို နီးစပ်စေချင်နေခြင်း ဖြစ်သော်လည်း ယဲ့ဖုန်းနှင့် သူမကြားတွင် မည်သည့် သံယောဇဉ် အခြေခံမျှ မရှိသေးဟု မိုမင်ရှီက ယူဆထားသည်။
သို့သော်ငြား သွားရောက်တွေ့ဆုံခြင်းမှာ မဆိုးလှသော အကြံတစ်ခုဟု တွေးမိသဖြင့် သူမက ခေါင်းညိတ်လိုက်ပြီး ဖြေကြားလိုက်သည်။
“ကောင်းပါပြီ... ကျွန်မ လက်ဆောင်တစ်ခုခု ပြင်ဆင်ပြီးရင် မြူခိုးဂိုဏ်းဆီ သွားလိုက်ပါ့မယ်” “အဲဒီလိုမှပေါ့ သမီးရဲ့...”
မိုထျန်းလုံမှာ စိတ်သက်သာရာ ရသွားသဖြင့် သူ၏ မုတ်ဆိတ်ရှည်ကို ကျေနပ်စွာ သပ်နေမိသည်။ သူသည် ယဲ့ဖုန်းကို ကြည့်လေလေ ပို၍ သဘောကျလေလေ ဖြစ်နေမိ၏။
ဤကဲ့သို့သော လူမျိုးမှာ သူ၏ သမီးအတွက် အသင့်တော်ဆုံး လက်တွဲဖော်ပင် ဖြစ်၏။ ယဲ့ဖုန်းမှာ ကျင့်ကြံခြင်း စွမ်းအားများ အားလုံး ဆုံးရှုံးသွားပြီဟု ကြားရသော်လည်း မိုထျန်းလုံမှာမူ ယဲ့ဖုန်းနှင့် မိုမင်ရှီကို သဘောတူနေဆဲပင် ဖြစ်ပါသည်။
စကားပုံတစ်ခု ရှိသည် မဟုတ်ပါလော။ အရောင်းအဝယ် မတည့်သော်လည်း အပေါင်းအသင်း မပျက်စေနှင့် ဟူ၍။ မိုထျန်းလုံ၏ အမြင်တွင်မူ သူတို့နှစ်ဦးမှာ တာအိုလက်တွဲဖော်များ မဖြစ်လာခဲ့လျှင်တောင်မှ မိတ်ဆွေကောင်းများ ဖြစ်နေခြင်းကပင် အကျိုးရှိလှ၏။
မကြာမီမှာပင် မိုမင်ရှီသည် နတ်ဆိုးစွမ်းအင်များဖြင့် ဖွဲ့စည်းထားသော ခရမ်းရောင် နဂါးကြီးကို စီးနင်းကာ လက်ဆောင်ပစ္စည်းများ ဝယ်ယူရန်အတွက် ခရိုင်ဘုရင်မြို့တော်ဆီသို့ ပျံသန်း ထွက်ခွာသွားလေတော့၏။
...
ခရိုင်ဘုရင်မြို့တော်။
ရှုဟုန်ယွီသည် ခေါင်မိုးပေါ်ရှိ လက်ရန်းတန်းပေါ်တွင် ဖိနပ်မပါဘဲ ထိုင်နေသည်။ သူမသည် တောင်ဘက်မှ တိုက်ခတ်လာသော လေညင်းကို ခံစားရင်း ဝေးကွာလှသော မြူခိုးဂိုဏ်း တည်ရှိရာ အရပ်ဆီသို့ ငေးကြည့်နေမိ၏။
“ကျင့်ကြံခြင်းတွေ အကုန် ဆုံးရှုံးသွားတယ်တဲ့လား... ဘယ်လိုဖြစ်ရတာလဲ”
“ဒါပေမဲ့ ဒီလောက် ဘေးအန္တရာယ်ကြီးတဲ့ တိုက်ပွဲကနေ အသက်ရှင်ခဲ့တာကိုက ကံကောင်းတယ်လို့ ဆိုရမှာပဲ”
သူမသည် တိုးညှင်းစွာ ရေရွတ်လိုက်ပြီးနောက် လက်ရန်းပေါ်မှ ခုန်ဆင်းလိုက်သည်။
“ဟေ့ လူတွေ... ငါ့အတွက် တန်ဖိုးကြီးတဲ့ လက်ဆောင်တစ်ခု ပြင်ဆင်လိုက်ကြ။ ငါ မြူခိုးဂိုဏ်းဆီကို မကြာခင် သွားလည်တော့မယ်”
“ဟုတ်ကဲ့ပါ သခင်မလေး..”
...
မြင့်မြတ်သော လေဓားဂိုဏ်းဝယ်၊
မူရူရွှယ်သည် အရေးယူဆောင်ရွက်ရေး တောင်ထိပ်ပေါ်တွင် လက်နှစ်ဖက်ကို နောက်ပစ်ထားလျက် မြူခိုးဂိုဏ်းဘက်သို့ ငေးကြည့်နေသည်။
“ကျီဝူရှန်း... လက်ဆောင်တစ်ခု ပြင်ဆင်လိုက်”
...
နန်းမြို့တော်။
ရှုဟွာမို ၊ ကြွေထည် ဘုရင် ရွှီရန်ရှန်း နှင့် ရွှီမိသားစုမှ မူလနတ်ဘုရားအဆင့်ရှိ အကြီးအကဲများမှာ ပျော်ရွှင်စွာ စုဝေးနေကြ၏။
“ကဲ... သောက်ကြစို့ဟေ့။ ဒီနေ့တော့ ဘယ်သူမှ အမူးမပြေစေနဲ့နော်”
“ယဲ့ဖုန်းရဲ့ ကျင့်ကြံခြင်းတွေ ပျက်စီးသွားတာကို ဂုဏ်ပြုတဲ့အနေနဲ့ပေါ့ကွာ”
“ခွက်ချင်း တိုက်ကြစို့..”
ရွှီမိသားစုမှ လူများမှာ အလွန်အမင်း စိတ်လှုပ်ရှား တက်ကြွနေကြ၏။ သူတို့ မသိရှိလိုက်သော အချက်မှာမူ သူတို့၏ ခေါင်းပေါ်ရှိ တိမ်တိုက်များပေါ်တွင် လူရိပ်နှစ်ခု ရပ်နေပြီး ရွှီမိသားစု၏ တည်ခင်းဧည့်ခံပွဲကို အထင်အမြင်သေးစွာဖြင့် ငုံ့ကြည့်နေကြခြင်းပင် ဖြစ်၏။
တတိယမင်းသား လင်လော့ထျန်းသည် သူ၏ လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားသည်။
“ဒီလူတွေက တကယ့်ကို ရိုင်းစိုင်းလွန်းတယ်..”
သူသည် မနေနိုင်ဘဲ အော်ဟစ်လိုက်မိသည်။ ဂိုဏ်းချုပ်ယဲ့မှာ များစွာ အနစ်နာခံခဲ့ရသော်လည်း ရွှီမိသားစုမှာ ကျေးဇူးတင်ရမည့်အစား ဤကဲ့သို့ ပျော်ပွဲစားပွဲ ကျင်းပနေခြင်းမှာ တကယ့်ကို ယုတ်မာလွန်းလှ၏။
မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုက လှောင်ပြောင်လိုက်ရင်း -
“ရွှီမိသားစုက သဘောထား သေးသိမ်လွန်းတော့ စစ်မှန်တဲ့ ဂုဏ်သိက္ခာကို နားမလည်နိုင်ကြဘူးလေ။ မင်းသား အနေနဲ့ သူတို့ကို အာရုံနောက်ခံမနေပါနဲ့ဗျာ” ဟု ဆိုလိုက်သည်။
“မဟုတ်ဘူး... ဒါကို ဒီအတိုင်း လွှတ်ထားလို့ မရဘူး..”
တတိယမင်းသား၏ မျက်နှာထားမှာ လေးနက်နေ၏။
“ကျွန်တော်.. ထီးနန်းဆက်ခံပြီး ဧကရာဇ် ဖြစ်လာတဲ့ နေ့ကျရင်... ရွှီမိသားစုကို နန်းမြို့တော်ကနေ သေချာပေါက် မောင်းထုတ်ပစ်မယ်”
မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုမှာ ဘာမှ ထပ်မပြောတော့ချေ။
သူသည် အစောင့်အရှောက် တစ်ဦးမျှသာ ဖြစ်သည် မဟုတ်ပါလော။ သူသည် တတိယမင်းသား၏ ဆုံးဖြတ်ချက်များကို ဝင်ရောက် စွက်ဖက်လေ့ မရှိဘဲ အများဆုံး သတိပေးချက် တစ်ခု သို့မဟုတ် နှစ်ခုသာ ပေးလေ့ရှိသည်။
...
ချင်းယွင်ဂိုဏ်း။
မကြာသေးမီက ဖြစ်ပျက်သွားသော အဖြစ်အပျက်များကို ကြားသိလိုက်ရသည့်အခါ ချင်းယွင်ကျန်းရန်သည် သူ၏ ထိုင်ခုံပေါ်သို့ အရုပ်ကြိုးပြတ် ကျဆင်းသွားခဲ့ရ၏။
“ဘုရားရေ... တကယ်ကြီးပဲလား..”
“ယဲ့ဖုန်းက တကယ်တော့ တပိုင်း ဟင်းလင်းပြင်ဖြိုခွဲ အဆင့်ကြီး ဖြစ်နေတာလား”
“သူ့ကို သွားပြီး ရန်စမိခဲ့တာ တကယ့်ကို အရူးလုပ်ရပ်ပဲ..”
“မြန်မြန်... မြန်မြန်လုပ်ကြစမ်း။ ဂိုဏ်းတစ်ခုလုံး ပြောင်းရွှေ့ရမယ်။ ကျုပ်တို့ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်ကနေ ဒီညပဲ အပြီးထွက်သွားကြရအောင်။ ဒီလို ကျိန်စာသင့်နေတဲ့ နေရာမှာ ဆက်မနေနိုင်တော့ဘူး..”
ချင်းယွင်ကျန်းရန်မှာ ထွက်ပြေးရန် အသင့်ပြင်နေတော့၏။
ယဲ့ဖုန်းမှာ ကျင့်ကြံခြင်း စွမ်းအားများ ဆုံးရှုံးသွားပြီ ဆိုသော်ငြား သူ၏ နောက်ကွယ်တွင် ဟင်းလင်းပြင်ဖြိုခွဲ အဆင့်ရှိ ဘိုးဘေး ကျန်းလင်း နှင့် ဘိုးဘေး လင်မြောင် တို့ကဲ့သို့သော အစွမ်းထက် ကျောထောက်နောက်ခံ နှစ်ဦး ရှိနေသည် မဟုတ်ပါလော။ ထိုသူများမှာ လွယ်လွယ်နှင့် ရန်စ၍ ရသော သူများ မဟုတ်ကြချေ။
“ဘာ.....”
“ကျွန်တော်တို့ ဂိုဏ်းတစ်ခုလုံး ပြောင်းရွှေ့ရမယ် ဟုတ်လား”
“ဒါပေမဲ့ ဘယ်ကို သွားကြမှာလဲဟင်”
ထိုသတင်းကို ကြားလိုက်ရသည့်အခါ ချင်းယွင်ဂိုဏ်းမှ ကျင့်ကြံသူများမှာ အံ့အားသင့်သွားကြပြီး ဘာမှ နားမလည်နိုင်အောင် ဖြစ်နေကြရသည်။
“တတ်နိုင်သမျှ အဝေးဆုံးကို သွားကြမယ်... ငါ အခုမှ သတိရတယ်။ တောင်ပိုင်းမြစ်ဝှမ်း ဒေသကနေ မိုင်ပေါင်း သောင်းချီ ဝေးတဲ့နေရာမှာ... ‘နန်ယွင် ပြည်နယ် ဆယ့်သုံးခု’ ဆိုတဲ့ လူသားနိုင်ငံ တစ်ခု ရှိတယ် မဟုတ်လား။ အဲဒီကို ပြောင်းရွှေ့ပြီး အဲဒီမှာပဲ ငါတို့ ကြီးစိုးကြတာပေါ့”
ချင်းယွင်ကျန်းရန်က ဆုံးဖြတ်ချက် ချလိုက်သည်။ နန်ယွင် ပြည်နယ် ဆယ့်သုံးခု တွင် ဝိညာဉ်ပင်လယ်အဆင့်ရှိ ကျင့်ကြံသူ တစ်ဦးမျှပင် မရှိချေ။ သယံဇာတ အရင်းအမြစ်များ ရှားပါးသော်ငြား သူ၏ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် အထွတ်အထိပ် စွမ်းအားဖြင့် ဆိုပါက... ထိုနေရာရှိ ပြိုင်ဘက်အားလုံးကို ရှင်းလင်းပြီး သြဇာအာဏာကြီးမားသော ဘဝမျိုးဖြင့် နေထိုင်နိုင်မည် မဟုတ်ပါလော။
“ဂိုဏ်းချုပ်... မပြောင်းခင် အခြေအနေကို အရင် စောင့်ကြည့်သင့်တာ မဟုတ်ဘူးလား”
“ဟုတ်ပါတယ်... အရင်ဆုံး နေရာတစ်ခုကို သေချာ အခြေချနိုင်အောင် အရင်လုပ်သင့်တာပေါ့”
ချင်းယွင်ဂိုဏ်းမှ အကြီးအကဲများက ဝိုင်းဝန်း အကြံပေးနေကြ၏။
“...”
ချင်းယွင်ကျန်းရန်မှာ စကားပင် မပြောနိုင်အောင် ဖြစ်သွားရသည်။ သူ တစ်ခုခု ဆုံးဖြတ်ချက်ချတိုင်း ဤလူစုမှာ တစ်မျိုးပြီးတစ်မျိုး ဝင်ရောက် ပြောဆိုနေကြသည်မှာ တကယ့်ကို စိတ်ပျက်စရာ ကောင်းလှ၏။
“မင်းတို့ မပြောင်းရင် ငါ တစ်ယောက်တည်း သွားမယ်ကွာ..”
ချင်းယွင်ကျန်းရန်မှာ စိတ်တိုတတ်သူ ဖြစ်သည်။ သူသည် လေထဲသို့ ပျံတက်လိုက်ပြီး ဂိုဏ်းချုပ်အဆောင် အနီးရှိ ဝိညာဉ်သစ်ပင်များကိုပါ ယူဆောင်လျက်... ချင်းယွင်ဂိုဏ်းမှ တစ်ညတည်းနှင့် ထွက်ခွာသွားပြီး နန်ယွင် ပြည်နယ် ဆယ့်သုံးခု ဆီသို့ ဦးတည် ပြေးလွှားသွားလေတော့၏။
“တောက်.....”
“ဂိုဏ်းချုပ်က ဝိညာဉ်သစ်ပင်တွေကိုပါ ယူပြီး ထွက်ပြေးသွားပြီ..”
“အကုန် ပြီးပါပြီဗျာ... ဝိညာဉ်ကြော မရှိရင် ကျုပ်တို့ ဘယ်လိုလုပ်ပြီး ကျင့်ကြံကြတော့မှာလဲ”
ချင်းယွင်ဂိုဏ်းသားများမှာ ခါးသီးသော မျက်နှာထားများဖြင့် ကျန်ရစ်ခဲ့ကြလေတော့၏။
...
ယဲ့ဖုန်းမှာမူ ချင်းယွင်ဂိုဏ်းတွင် ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို လုံးဝ မသိရှိခဲ့ချေ။
ညအမှောင်ထုအောက်ဝယ်... သူသည် ကြိမ်ကုလားထိုင်ပေါ်တွင် ထိုင်လျက် ကြယ်တာရာ ကောင်းကင်ကြီးကို ငေးကြည့်နေမိသည်။
“တကယ့်ကို တိတ်ဆိတ်လိုက်တာ...”
ယဲ့ဖုန်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။ နားထဲတွင် လေပြေညင်း သွေးသံလေးများကိုသာ ကြားနေရပြီး... ဂိုဏ်းအတွင်းရှိ ကျန်ရှိသော သူများမှာလည်း အနားယူသူ ယူ၊ ကျင့်ကြံသူက ကျင့်ကြံနေကြသဖြင့် အလွန်ပင် တိတ်ဆိတ်နေ၏။ ဝိညာဉ်သားရဲများ စုဝေးရာ စင်မြင့်ဆီမှနေ၍သာ သားရဲများ၏ ဟောက်သံများမှာ အပြိုင်အဆိုင် ထွက်ပေါ်နေလေသည်။
ပိုးကောင်လေးများ၏ အော်သံ နှင့် ငှက်ကလေးများ၏ တေးဆိုသံများမှာလည်း ကြားနေရ၏။
ထိုအသံများမှာ ယဲ့ဖုန်း၏ နားထဲသို့ ရောက်ရှိလာသည့်အခါတွင်မူ ဆူညံခြင်း မရှိဘဲ တည်ငြိမ် အေးချမ်းလှသော ခံစားချက်ကိုသာ ပေးစွမ်းနေသည်။ ဤကဲ့သို့သော နေ့ရက်မျိုးမှာ အလွန်ပင် ရှားပါးလှပေသည် မဟုတ်ပါလော။
‘အမြဲတမ်း တိုက်ခိုက် သတ်ဖြတ်နေရတဲ့ ဘဝကနေ... ရုတ်တရက် ဒီလိုမျိုး တိတ်ဆိတ် လှပတဲ့ အခိုက်အတန့်လေးကို ခံစားရတာလည်း မဆိုးပါဘူးလေ’
ယဲ့ဖုန်းက စိတ်ထဲမှ တွေးတောလိုက်မိ၏။
သူသည် လက်ထဲရှိ ယပ်တောင်လေးကို ခတ်လျက် အပူဒဏ်ကို ဖြေဖျောက်နေမိ၏။
“ကြယ်တာရာနန်းတော်ကြီးလည်း မရှိတော့ဘူး... အခု ဂိုဏ်းရဲ့ အကာအကွယ် ဝင်္ကပါ ဆိုလို့ အဖြူအမည်း စစ်တုရင်ခုံ နဲ့ ဓာတ်ကြီးငါးပါး ဝင်္ကပါပဲ ကျန်တော့တယ်။ အဲဒါတွေက သိပ်ပြီး အစွမ်းမထက်လှဘူး။ မူလနတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ယောက်လောက်ဆိုရင်တောင် အသာလေး ဖောက်ထွင်းနိုင်စွမ်း ရှိတယ်”
“ကြည့်ရတာ ငါကိုယ်တိုင် အသစ်စက်စက် ဂိုဏ်းအကာအကွယ် ဝင်္ကပါ တစ်ခုကို သွန်းလုပ်ဖို့ လိုနေပြီ ထင်တယ်”
ယဲ့ဖုန်းက မိမိကိုယ်မိမိ တီးတိုး ပြောလိုက်သည်။ ရုတ်တရက် သူသည် ဂိုဏ်းချုပ်တာဝန် စတုတ္ထအဆင့် ၏ ဆုလာဘ်များကို သတိရသွားခဲ့သည်။ ထိုဆုလာဘ်များထဲတွင် အကြီးစား ဂိုဏ်းအကာအကွယ် ဝင်္ကပါ တစ်ခု ပါဝင်နေသည် မဟုတ်ပါလော။ ဤကဲ့သို့သော ဝင်္ကပါမျိုးမှာ မူလနတ်ဘုရားအဆင့် ရှိသူများ၏ တိုက်ခိုက်မှုကိုပင် တောင့်ခံနိုင်စွမ်း ရှိ၏။
“ပြန်ပြီး စဉ်းစားကြည့်မယ်ဆိုရင်တော့... မြူခိုးဂိုဏ်းရဲ့ အခြေခံ အုတ်မြစ်က ကြယ်နှစ်ပွင့်အဆင့် ကို တက်လှမ်းဖို့ လုံလောက်နေပါပြီ။ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်ရဲ့ ကြယ်အဆင့်တိုးမြှင့်ခြင်း အခမ်းအနားကြောင့် ကျင့်ကြံခြင်း ကိစ္စတွေ နောက်ကျသွားခဲ့ပေမဲ့... အခုတော့ ဒါကို ပြန်ပြီး အကောင်အထည် ဖော်ရတော့မယ်”
ယဲ့ဖုန်းသည် မတ်မတ် ထိုင်လိုက်သည်။ သူသည် မနက်ဖြန် နံနက်တွင် ကြယ်နှစ်ပွင့်အဆင့် အသိအမှတ်ပြု ခံရရန်အတွက် လျှောက်လွှာ တင်ရန် ဆုံးဖြတ်လိုက်လေတော့၏။
နောက်တစ်နေ့ နံနက်ခင်းဝယ်။
ယဲ့ဖုန်းသည် ကုန်းချင်းချိုးကို သွားရောက် တွေ့ဆုံလိုက်သည်။
“ခရိုင်ဘုရင်ဆီကို သတင်းပို့လိုက်ပါ... မြူခိုးဂိုဏ်း အနေနဲ့ ကြယ်နှစ်ပွင့်အဆင့် စစ်ဆေးမှုကို ခံယူချင်တယ်လို့ ပြောလိုက်ပါဦး”
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”
ကုန်းချင်းချိုးသည် ရွှေရောင် သတင်းပို့ စက္ကူကြိုးကြာရုပ်လေး တစ်ခုကို ထုတ်ယူကာ လွှတ်တင်ရန် ပြင်လိုက်သော်လည်း ယဲ့ဖုန်းက သူမ၏ လက်ကို တားဆီးလိုက်၏။
“နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ရှိတယ်လေ..” ယဲ့ဖုန်းက မြူခိုးတောင်ထိပ်ပေါ်ရှိ ဝင်္ကပါကို လက်ညှိုးထိုးပြလျက် သတိပေးလိုက်သည်။
“အာ... ကျွန်မကတော့ တကယ်ပဲ အူကြောင်ကြောင် နိုင်လိုက်တာရှင်..” ကုန်းချင်းချိုးသည် သူမ၏ နဖူးကို ရိုက်လိုက်ပြီးနောက်... နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ပေါ်သို့ အလျင်အမြန် တက်လှမ်းကာ ခရိုင်ဘုရင်မြို့တော်ဆီသို့ နေရာရွှေ့ပြောင်း ထွက်ခွာသွားလေတော့၏။
ကုန်းချင်းချိုး ထွက်သွားပြီးနောက် ယဲ့ဖုန်းသည် စနစ်မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။
(ဂိုဏ်း၏ ဂုဏ်သတင်း တန်ဖိုး - ၈၇,၆၉၅,၅၄၅)
“ကိုးဆယ်သန်း နီးပါး ဖြစ်နေပြီပဲ...” ယဲ့ဖုန်းမှာ အံ့အားသင့် ဝမ်းသာသွားခဲ့ရသည်။
(ယုံကြည်မှု စွမ်းအား - ၂,၅၇၈,၉၃၂)
“ယုံကြည်မှု စွမ်းအား ကလည်း မဆိုးလှဘူးပဲ... သုံးသန်း နီးပါးတောင် ရှိနေပြီ”
ယဲ့ဖုန်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ရင်း စိတ်ကျေနပ်နေမိ၏။
ဤတိုက်ပွဲတွင် မီးခိုးရောင်နွယ်ပင် နတ်သမီး နှင့် သစ်ပင်နတ်ဆိုးဘိုးဘေး တို့၏ အလောင်းများကို မရရှိခဲ့သော်ငြား ဂုဏ်သတင်း တန်ဖိုးမှာ သန်းတစ်ရာသို့ ရောက်ရှိတော့မည် ဖြစ်ရာ အလွန်ပင် ဝမ်းသာစရာ ကောင်းလှ၏။
သုံးရက်တာ ကာလ ကုန်လွန်သွားခဲ့တော့သည်။
ကုန်းချင်းချိုး ပြန်လည် ရောက်ရှိလာခဲ့သည်။ သူမ၏ နောက်တွင်မူ ခရိုင်ဘုရင် ရှုချန်ကျွင်း ၊ တတိယမင်းသား လင်လော့ထျန်း ၊ မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအို ၊ လင်ယွဲ့ နှင့် ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ်တွင် ရှိကြသော ရှေးဟောင်း ဝတ်ရုံဖြူဝတ် အဘိုးအို အချို့ လိုက်ပါလာကြ၏။
“ဂိုဏ်းချုပ်ယဲ့... ကျုပ်တို့ကတော့ ကြယ်နှစ်ပွင့်အဆင့် တိုးမြှင့်ခြင်းအတွက် တာဝန်ရှိတဲ့ အကဲဖြတ် အကြီးအကဲတွေပါဗျာ” ဝတ်ရုံဖြူဝတ် အဘိုးအို တစ်ဦးက ရှေ့သို့ တိုးလာကာ ရိုသေစွာဖြင့် ဆိုလိုက်သည်။
သူသည် ယဲ့ဖုန်းကို စိတ်လှုပ်ရှားစွာဖြင့် စိုက်ကြည့်နေမိ၏။ နန်းမြို့တော် တိုက်ပွဲအတွင်း ယဲ့ဖုန်းက ‘ကောင်းကင်ယံသို့ ခြေလှမ်းခုနစ်လှမ်း’ ကို အသုံးပြု၍ သစ်ပင်နတ်ဆိုးဘိုးဘေး၏ ဝိညာဉ်ခွဲကို ခြေတစ်ဖက်တည်းဖြင့် နင်းခြေခဲ့သည်ကို ကျင့်ကြံသူတိုင်းနီးပါး မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရသည် မဟုတ်ပါလော။
သူတို့၏ မျက်လုံးထဲတွင်မူ ယဲ့ဖုန်းသည် နတ်ဘုရား တစ်ပါးပင် ဖြစ်ချေတော့သည်..။
သူ ဦးဆောင်သော ဂိုဏ်းကို ကြယ်အဆင့် တိုးမြှင့်ပေးရန်အတွက် အကဲဖြတ်ခွင့် ရရှိခြင်းမှာ သူတို့အတွက် အလွန်တရာ ဂုဏ်ယူစရာ ကောင်းလှပြီး... သူတို့ နန်းမြို့တော်သို့ ပြန်ရောက်သည့်အခါတွင်လည်း အနည်းဆုံး အနှစ်ငါးဆယ်လောက် ကြွားဝါပြောဆိုနိုင်မည့် ကိစ္စရပ်တစ်ခုပင် ဖြစ်လေတော့၏။
အခန်း (၅၀၉) အကဲဖြတ် အကြီးအကဲ၊ ကြယ်နှစ်ပွင့်အဆင့် ဂိုဏ်းအဆင့်တိုးမြှင့်ခြင်း အသိအမှတ်ပြုလက်မှတ်
~“အားလုံးကို ကြိုဆိုပါတယ်ဗျာ”
ယဲ့ဖုန်းသည် လက်ဖဝါးနှစ်ဖက် ဆုပ်လျက် နှုတ်ဆက်လိုက်၏။
ဤအခြေအနေတွင် သူသည် သူ၏ အရှိန်အဝါများကို လုံးဝ ဖုံးကွယ်ထားသဖြင့် သာမန်လူတစ်ယောက်ကဲ့သို့ပင် ထင်မှတ်ရပေသည်။ သို့သော်လည်း ထိုနေရာရှိ မည်သူမျှ သူ့အား အထင်မသေးရဲကြပါချေ။
ခရိုင်ဘုရင် ရှုချန်ကျွင်း ၊ တတိယမင်းသား လင်လော့ထျန်း နှင့် ပထမမင်းသမီး လင်ယွဲ့ တို့မှာ ယဲ့ဖုန်းအား ရိုသေလေးစားသော မျက်နှာထားများဖြင့် ကြည့်နေကြသည်။ အထူးသဖြင့် မင်းသမီးလေး၏ မျက်ဝန်းများထဲတွင်မူ အထင်ကြီး လေးစားမှုများသာမက ချစ်မြတ်နိုးစိတ်များပါ ရောယှက်နေသည်ကို မြင်တွေ့နိုင်၏။
“ဒါဆိုရင် အကဲဖြတ်ခြင်းကို စတင်လိုက်ကြရအောင်ဗျာ”
ယဲ့ဖုန်းသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ကျယ်ပြောလှသော မြူခိုးဂိုဏ်းကို လက်ညှိုးထိုးပြကာ ဆိုလိုက်သည်။
“ကျုပ်တို့ မြူခိုးဂိုဏ်း က တိုးတက်လာခဲ့တာ တော်တော်လေး ကြာပြီဆိုတော့... အခုဆိုရင် ကြယ်နှစ်ပွင့်အဆင့် အင်အားစု တစ်ခု ဖြစ်ဖို့ လိုအပ်ချက်တွေကို ပြည့်မီနေပြီလို့ ကျွန်တော် ယုံကြည်ပါတယ်”
“သေချာပေါက် ပြည့်မီတာပေါ့ဗျာ..”
တတိယမင်းသားက ချက်ချင်းပင် ဝင်ရောက် ထောက်ခံလိုက်၏။
သူသည် နန်းတက်မည့် အရိုက်အရာကို ဆက်ခံမည့်သူ ဖြစ်လာပြီးနောက် ဂိုဏ်းဂဏများဆိုင်ရာ ပင်မခန်းမဆောင်ကို ယာယီ တာဝန်ယူထားရသည်။ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်အတွင်းရှိ ဂိုဏ်းအားလုံး၏ ကြယ်အဆင့် သတ်မှတ်ချက်များကို စစ်ဆေး အတည်ပြုရခြင်းမှာ သူ၏ တာဝန်ပင် ဖြစ်ချေတော့၏။
သူ ခေါင်းညိတ်လိုက်ရုံမျှဖြင့် လိုအပ်ချက်များ မပြည့်စုံလျှင်တောင်မှ အဆင့်တိုးမြှင့်ပေးရန်မှာ အလွန်ပင် လွယ်ကူလှပေသည်။ တတိယမင်းသား၏ အမြင်တွင်မူ ယဲ့ဖုန်းကဲ့သို့သော ပုဂ္ဂိုလ်ကြီး ဦးဆောင်နေသော မြူခိုးဂိုဏ်းမှာ ကြယ်နှစ်ပွင့်အဆင့် မကဘဲ ကြယ်သုံးပွင့်အဆင့်သို့ပင် တိုက်ရိုက် တက်လှမ်းနိုင်သည်ဟု ယူဆထား၏။
လင်ယွဲ့ ၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားခဲ့ရသည်။ သူမသည် ယဲ့ဖုန်းကို ကြည့်ကာ တိုးညှင်းစွာ ဆိုလိုက်၏။
“ဂိုဏ်းချုပ်ယဲ့... ရှင့်ရဲ့ ဂိုဏ်းက ကြယ်နှစ်ပွင့်အဆင့် စစ်ဆေးမှုကို သေချာပေါက် အောင်မြင်မှာပါရှင်”
“အဲဒီလိုပဲ မျှော်လင့်ရမှာပေါ့ဗျာ”
ယဲ့ဖုန်းက သူမအား ခေါင်းညိတ် ပြန်လည် နှုတ်ဆက်လိုက်သည်။
ထိုအခိုက်အတန့်တွင် ဝတ်ရုံဖြူ ဆင်မြန်းထားပြီး ဆံပင် နှင့် မုတ်ဆိတ်ဖြူများ ရှိသော အဘိုးအိုတစ်ဦးသည် ရှေ့သို့ ထွက်လာခဲ့သည်။ သူ၏ လက်ထဲတွင်မူ ထူထဲသော စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထား၏။
“ဂိုဏ်းချုပ်ယဲ့... ကြယ်နှစ်ပွင့်အဆင့် ဂိုဏ်းတစ်ခု ဖြစ်ဖို့ လိုအပ်ချက်တွေကို ဒီမှာ ဖော်ပြထားပါတယ်။ ကျေးဇူးပြုပြီး တစ်ချက်လောက် ကြည့်ပေးပါဦးဗျာ”
ထိုသို့ ပြောဆိုပြီးနောက် အဘိုးအိုသည် စာအုပ်ကို ယဲ့ဖုန်းထံသို့ ကမ်းပေးလိုက်သည်။
စာအုပ်ကို လှန်ကြည့်လိုက်သည့်အခါ ယဲ့ဖုန်းသည် ကြယ်နှစ်ပွင့်အဆင့် အင်အားစု တစ်ခုအတွက် လိုအပ်သော အသိအမှတ်ပြု စံနှုန်းများကို မြင်တွေ့လိုက်ရသည်။
(၁) ဂိုဏ်းတွင် တပည့်ပေါင်း (၁၀၀၀) ထက်မနည်း ရှိရမည်။
(၂) ဝိညာဉ်သားရဲ (၁၀) ကောင်ထက်မနည်း ရှိရမည်။
(၃) ဂိုဏ်းချုပ်၏ စွမ်းအားမှာ ဝိညာဉ်ပင်လယ်အဆင့် ထက် မြင့်ရမည်။
(၄) အဆင့်မြင့် ဝိညာဉ်လက်နက်များ ပိုင်ဆိုင်ရမည်။
(၅) အလယ်အလတ်အဆင့် ဝိညာဉ်ကြော တစ်ခု ပိုင်ဆိုင်ရမည်။
အစရှိသည့် စည်းကမ်းချက် ပေါင်းများစွာ ပါဝင်နေ၏။ သို့သော်လည်း ဂိုဏ်းချုပ်၏ စွမ်းအား၊ တပည့် အရေအတွက် နှင့် ဝိညာဉ်ကြော အဆင့်အတန်း ဟူသော အဓိက အချက်ကြီး သုံးချက်မှလွဲ၍ ကျန်ရှိသော အချက်များမှာ လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဆောင်၍ ရနိုင်ပေသည်။
“ဟင်.....”
“မြူခိုးဂိုဏ်း မှာ တကယ်ပဲ အဆင့်မြင့် ဝိညာဉ်ကြောကြီး ရှိနေတာလား”
အကဲဖြတ်ရန် တာဝန်ယူထားသော အကြီးအကဲ အချို့မှာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကြရာ မြူခိုးတောင်ထိပ်မှ ထွက်ပေါ်နေသော သိပ်သည်းလှသော ဝိညာဉ်စွမ်းအင်များကို သတိပြုမိသွားကြသည်။
“ဂိုဏ်းချုပ်ယဲ့..ခင်ဗျားရဲ့ ဂိုဏ်းမှာ အဆင့်မြင့် ဝိညာဉ်ကြောကြီး ရှိနေတာ တကယ်ပဲလားဟင်”
သူတို့က အသည်းအသန် မေးမြန်းလိုက်ကြသည်။
ယဲ့ဖုန်းက ခေါင်းညိတ်ပြလိုက်ပြီး -
“ဟုတ်ပါတယ်” ဟု ဖြေလိုက်၏။
ဤကိစ္စမှာ ဖုံးကွယ်ထားရမည့် အရာ မဟုတ်ပါချေ ။ သူသာ စိတ်ကူးလိုက်မည် ဆိုပါက နောက်ထပ် သုံးလခန့် အကြာတွင် ကမ္ဘာမြေ ပြန်လည် ပုံဖော်ခြင်း စွမ်းအားများကို အသုံးပြု၍ အသစ်စက်စက် အဆင့်မြင့် ဝိညာဉ်ကြောကြီး တစ်ခုကို ဖန်တီးနိုင်စွမ်း ရှိသည် မဟုတ်ပါလော။
“ဒါဆိုရင်တော့ ဝိညာဉ်ကြော အတွက် လိုအပ်ချက်က ပြည့်စုံသွားပါပြီ”
အကဲဖြတ် အကြီးအကဲ တစ်ဦးက စာရင်းထဲတွင် ချက်ချင်းပင် မှတ်သားလိုက်သည်။ သူသည် ယဲ့ဖုန်း၏ စကားကို အနည်းငယ်မျှပင် သံသယ မဝင်ခဲ့ပါချေ ။
အမှန်တကယ်တွင်မူ...
မြူခိုးဂိုဏ်းသို့ မလာရောက်မီကပင် အကဲဖြတ် အကြီးအကဲများမှာ ဘိုးဘေး လင်မြောင် ထံမှ အသိစိတ်ဝိညာဉ် သတင်းစကား တစ်ခုကို လက်ခံရရှိထားပြီး ဖြစ်၏။ ၎င်းမှာ မြူခိုးဂိုဏ်း၏ ကြယ်နှစ်ပွင့်အဆင့် စစ်ဆေးမှုတွင် လိုအပ်ချက် ပြည့်သည်ဖြစ်စေ ၊ မပြည့်သည်ဖြစ်စေ အောင်မြင်သည်ဟုသာ သတ်မှတ်ပေးရန်ပင် ဖြစ်ပါသည်။
အကယ်၍ ယဲ့ဖုန်းသည် သူတို့၏ ရှေ့မှောက်တွင် မြူခိုးဂိုဏ်း၏ ဝိညာဉ်ကြောများကို အားလုံး ဖျက်ဆီးပြလိုက်လျှင်တောင်မှ... သူတို့သည် မျက်စိမှိတ်၍ မြူခိုးဂိုဏ်းမှာ အသိအမှတ်ပြုရန် လိုအပ်ချက်များ ပြည့်စုံနေပါသည်ဟု ဝန်ခံရမည်သာ ဖြစ်သည်။
“နောက်တစ်ခုကတော့ ဂိုဏ်းချုပ်ရဲ့ စွမ်းအားပါပဲ” ဟု အကြီးအကဲ တစ်ဦးက တိုးညှင်းစွာ ဆိုလိုက်၏။
“အဟွတ်... အဟွတ်..”
တတိယမင်းသားက ရုတ်တရက် ပြင်းထန်စွာ ချောင်းဆိုးလိုက်သည်။
“ဟုတ်ကဲ့... ဟုတ်ကဲ့ပါ။ ဂိုဏ်းချုပ်ယဲ့ ရဲ့ စွမ်းအားကတော့ ကြယ်နှစ်ပွင့်အဆင့် အသိအမှတ်ပြုဖို့အတွက် လုံလောက်ရုံတင်မကဘဲ ပိုတောင် ပိုနေပါသေးတယ်။ ဒါကြောင့် ဒီအချက်ကိုလည်း အတည်ပြုလိုက်ပါပြီ”
အကဲဖြတ် အကြီးအကဲသည် သူ၏ နဖူးကို ရိုက်လိုက်ရင်း သူကိုယ်သူ အူကြောင်ကြောင် နိုင်လှသည်ဟု စိတ်ထဲမှ ကဲ့ရဲ့နေမိ၏။
ယဲ့ဖုန်း၏ စွမ်းအားက မည်သို့လျှင် မလုံလောက်ဘဲ နေပါမည်နည်း ။
“နောက်တစ်ချက်ကတော့ တပည့် အရေအတွက်ပါပဲ” ဟု အခြားသော အကဲဖြတ် အကြီးအကဲ တစ်ဦးက ဆိုလိုက်၏။
“အဲဒါကတော့ လွယ်ပါတယ်ဗျာ... နာမည်စာရင်း စာအုပ် ဒီမှာ ရှိပါတယ်”
ယဲ့ဖုန်းသည် နာမည်စာရင်း စာအုပ်ကို ထိုအကြီးအကဲထံသို့ ကမ်းပေးလိုက်သည်။
“ဒါဆိုရင်တော့... ကျွန်တော် နာမည်ခေါ်တဲ့ တပည့်တွေ အနေနဲ့ နေရာမှာတင် စစ်ဆေးမှုကို ခံယူဖို့ ရှေ့ထွက်လာပေးကြပါ။ စစ်ဆေးမှုမှာတော့ နာမည်စာရင်းနဲ့ ကိုက်ညီမှု ရှိမရှိ ၊ ကျင့်ကြံခြင်းအဆင့်က သတ်မှတ်ချက်ကို ပြည့်မီမှု ရှိမရှိ စတာတွေကို စစ်ဆေးမှာ ဖြစ်ပါတယ်”
အကဲဖြတ် အကြီးအကဲက အလျင်အမြန်ပင် ရှင်းပြလိုက်၏။
“ကိစ္စ မရှိပါဘူး”
ယဲ့ဖုန်းက ခေါင်းညိတ်လိုက်၏။
သူသည် ဝတ်ရုံလက်စကို ဝှေ့ယမ်းလိုက်ပြီး ကျယ်လောင်စွာ ကြေညာလိုက်သည်။“မြူခိုးဂိုဏ်း ရဲ့ တပည့်များ အားလုံး နားထောင်ကြ... အခုချက်ချင်း ဂိုဏ်းရဲ့ အဓိက လေ့ကျင့်ရေး ကွင်းပြင်မှာ စုဝေးကြ။ ဂိုဏ်းထဲ ဝင်ရောက်တဲ့ အစီအစဉ်အတိုင်း တန်းစီပြီး စစ်ဆေးမှုကို စောင့်ဆိုင်းကြရမယ်”
“ဟုတ်ကဲ့ပါ..”
တပည့်များမှာ ချက်ချင်းပင် လှုပ်ရှားလိုက်ကြ၏။ သူတို့သည် ကျင့်ကြံနေသည်ဖြစ်စေ ၊ ဘိုးဘေးများ၏ ပညာရပ်များကို လေ့လာနေသည်ဖြစ်စေ ၊ ထမင်းစားနေသည်ဖြစ်စေ... အားလုံးကို ချက်ချင်း ရပ်တန့်လိုက်ကြပြီး လေ့ကျင့်ရေး ကွင်းပြင်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလွှား လာကြလေတော့သည်။
လက်ဖက်ရည် တစ်ဝက်ခန့် သောက်ချိန်အတွင်းမှာပင်... တပည့်ပေါင်း တစ်ထောင်ကျော်မှာ ကွင်းပြင်တွင် စုဝေးမိသွားကြလေ၏။ စွမ်းအားများ ပြည့်နှက်နေပြီး တိုက်ခိုက်လိုစိတ်များဖြင့် တောက်ပနေသော ထိုတပည့်များကို ကြည့်ရင်း အကဲဖြတ် အကြီးအကဲများမှာ အံ့သြမှင်သက်သွားကြရသည်
“မြူခိုးဂိုဏ်း ရဲ့ တပည့်တိုင်းဟာ နဂါးတစ်ကောင်လိုပဲ... တကယ့်ကို အစွမ်းထက်လှတယ်..”
အ
ကဲဖြတ် အကြီးအကဲ တစ်ဦးက ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်မိသည်။
“ဒါဆိုရင် စလိုက်ကြရအောင်ဗျာ..”
ယဲ့ဖုန်းက တိုက်တွန်းလိုက်၏။
“ဟုတ်ကဲ့ပါ”
အကဲဖြတ် အကြီးအကဲမှာ အချိန်ဆွဲမနေတော့ပါချေ။
သူသည် နာမည်စာရင်း စာအုပ်ကို ဖွင့်လိုက်ပြီး ရှီလေ့ ၏ အမည်ရှိရာ စာမျက်နှာမှ စတင်ကာ ခေါ်ဆိုလိုက်သည်။
“ပထမမျိုးဆက် တပည့် (၁၆) ယောက် ရှိတာပဲ။ ပထမဆုံး တစ်ယောက်ဖြစ်တဲ့ ရှီလေ့... ရှီလေ့ ဘယ်မှာလဲဟေ့”
“ဒီမှာပါဗျ...”
ရှီလေ့သည် လေထဲသို့ ပျံတက်လိုက်သည်။ သူ၏ ကိုယ်ပေါ်မှနေ၍ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ဒုတိယအလွှာ ၏ စွမ်းအားများ ထွက်ပေါ်နေလေ၏။
“စီနီယာအစ်ကို အကြီးဆုံး ပီသပါပေတယ်... ကျင့်ကြံခြင်းအဆင့်က တော်တော်လေး မြင့်တာပဲ”
အကဲဖြတ် အကြီးအကဲက ချီးကျူးလိုက်သည်။
“နောက်တစ်ယောက်... ဒုတိယ တပည့် ဟိုယွင်ကျဲ... ဘယ်မှာလဲ”
“ရှိပါတယ်ဗျ..”
ဟိုယွင်ကျဲသည် အရှေ့သို့ တိုးထွက်လာခဲ့သည်။ သူ၏ ကိုယ်မှ တောက်ပလှသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ တိုးဝင်သွားကာ အထက်ရှိ တိမ်တိုက်များကို နှစ်ခြမ်းခွဲပစ်လိုက်၏။
“တတိယ တပည့်... လီကျောက်ကျောက်”
“ဒီမှာပါရှင်..”
လီကျောက်ကျောက် သည်လည်း ပေါ်ထွက်လာခဲ့တော့၏။
“စတုတ္ထ တပည့်... မိုယင်”
“ချွင်..”
မိုယင်သည် သူမ၏ ဓားကို ဆွဲထုတ်လိုက်ရာ ပိုမို ပြင်းထန်လှသော အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။ သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ဆဋ္ဌမအလွှာ သို့ပင် တက်လှမ်းနေပြီ ဖြစ်ချေ၏။
“ဒီလောက်အထိ မြင့်မားတဲ့ ကျင့်ကြံခြင်းအဆင့် ရှိနေတာလား..”
အကဲဖြတ် အကြီးအကဲ၏ အကြည့်များမှာ စူးရှသွားခဲ့သည်။ မိုယင် ထံမှနေ၍ ထက်ရှလှသော ဓားစိတ်ဆန္ဒကို သူ အာရုံခံမိလိုက်သည် မဟုတ်ပါလော။
အကယ်၍ အဆင့်တူ ကျင့်ကြံသူများအကြား တိုက်ခိုက်ရမည် ဆိုပါက... သူသည် မိုယင်၏ အင်္ကျီစကိုပင် မထိနိုင်မီမှာပင် ဓားတစ်ချက်တည်းဖြင့် အသတ်ခံရနိုင်သည်မှာ အသေအချာပင်။
“ငါး ယောက်မြောက် တပည့်... လုံထျန်းရှင်း”
“ခြောက် ယောက်မြောက် တပည့်... ကျားယွီလန်”
“ခုနစ် ယောက်မြောက် တပည့်... ရှဟဲ”
“ရှစ် ယောက်မြောက် တပည့်... ချိုကျူ”
“ကိုး ယောက်မြောက် တပည့်... အိုးယန်ဖုန်း”
“ဆယ် ယောက်မြောက် တပည့်... အိုးယန်ယွီ”
“ဆယ့်တစ် ယောက်မြောက် တပည့်... ယန်ရူယွီ”
“ဆယ့်နှစ် ယောက်မြောက် တပည့်... ချောင်ကျားရှီး”
“ဆယ့်သုံး ယောက်မြောက် တပည့်... ကျီဇီလင်း”
“ဆယ့်လေး ယောက်မြောက် တပည့်... ဝမ်ဖင်းအန်း”
“ဆယ့်ငါး ယောက်မြောက် တပည့်... ယွီစု”
“ဆယ့်ခြောက် ယောက်မြောက် တပည့်... ယွီဝေ”
အကဲဖြတ် အကြီးအကဲသည် ပထမမျိုးဆက် တပည့်များ၏ အမည်များကို နောက်ဆုံးတွင်တော့ ဖတ်ကြားပြီးဆုံးသွားခဲ့သည်။ သူတို့ အားလုံးမှာ စင်မြင့်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် တက်လှမ်းလာခဲ့ကြ၏။
အစပထမတွင် ကျင့်ကြံခြင်းအဆင့် အနိမ့်ဆုံး နှင့် အားအနည်းဆုံး ဖြစ်ခဲ့ကြသော ညီအစ်မ နှစ်ဦးဖြစ်သည့် ယွီဝေ နှင့် ယွီစု တို့ပင်လျှင် ယခုအခါတွင်မူ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့်သို့ တက်လှမ်းနေကြပြီ ဖြစ်သည်။
“ပထမမျိုးဆက် တပည့် (၁၆) ယောက်စလုံးက ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် မှာ ရှိနေကြတာလား”
အကဲဖြတ် အကြီးအကဲများ၏ ရင်ထဲတွင် တုန်လှုပ်သွားခဲ့ရသည်။ မည်သည့် ကြယ်နှစ်ပွင့်အဆင့် ဂိုဏ်းကိုပဲ ကြည့်ကြည့်... ဤကဲ့သို့သော တပည့် အင်အားစုမျိုးမှာ အလွန်တရာ ထူးခြားလှသည် မဟုတ်ပါလော။
“နောက်ထပ် ဒုတိယမျိုးဆက် တပည့်များ... ရွှီတာ့လေ့ ၊ မူစီစီ...”
အကဲဖြတ် အကြီးအကဲသည် အမည်များကို ဆက်လက် ခေါ်ဆိုနေသည်။ အမည်ခေါ်ခံရသော တပည့်များ အားလုံးမှာ တစ်လှည့်စီ ရှေ့ထွက်လာကြ၏။
ရွှီတာ့လေ့ နှင့် မုဆီဆီ တို့မှာ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့်သို့ တက်လှမ်းနေကြပြီ ဖြစ်ရာ ပထမမျိုးဆက်မှ အားအနည်းဆုံး တပည့်များနှင့်ပင် ရင်ပေါင်တန်းနိုင်စွမ်း ရှိနေကြသည်။
သူတို့၏ နောက်တွင်မူ ချီကျင့်ကြံခြင်းအဆင့် ရှိ တပည့် အုပ်စုကြီး လိုက်ပါလာကြ၏။ သို့သော်လည်း မြူခိုးဂိုဏ်းတွင် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ရှိသော တပည့်များ ထပ်မံ မရှိတော့ဟု အကဲဖြတ် အကြီးအကဲက ထင်မှတ်နေစဉ်မှာပင်... တပည့်မလေး လျန်ဝမ်ဖန်း မှာ နတ်ဆိုးဘုရင်အဆင့် သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရှိလိုက်ရသည့်အခါ သူ အကြီးအကျယ် မှင်သက်သွားရလေတော့သည်။
“ဘုရားရေ..... ဒီ ကျင့်ကြံခြင်းအဆင့်က ပါရမီရှင်စာရင်း ရဲ့ ကန့်သတ်ချက်တွေကိုတောင် ကျော်လွန်နေပြီပဲ..”
နတ်ဆိုးဘုရင်တစ်ပါး၏ ကြောက်မက်ဖွယ် ဖိအားများကို ထုတ်လွှတ်နေသော လျန်ဝမ်ဖန်း ကို ကြည့်ရင်း အကဲဖြတ် အကြီးအကဲမှာ တစ်ကိုယ်လုံး တုန်ရီသွားခဲ့ရ၏။
“ဝုန်း..”
ထိုအခိုက်အတန့်တွင် ဝိညာဉ်စွမ်းအင်စုစည်းခြင်းမျှော်စင် ဆီမှနေ၍ နားကွဲမတတ် ကျယ်လောင်လှသော အသံကြီး တစ်သံ ထွက်ပေါ်လာခဲ့သည်။ လူတိုင်း အသံလာရာဆီသို့ လှည့်ကြည့်လိုက်ကြရာ ကောင်းကင်ယံတွင် ဧရာမ ဝိညာဉ်စွမ်းအင် ဝဲဂယက်ကြီး နှစ်ခု ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရ၏။။
“ဝှစ်..”
အလင်းမိုးစက်များမှာ ဒလဟော စီးကျလာပြီး ဝိညာဉ်စွမ်းအင်စုစည်းခြင်းမျှော်စင် အတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားခဲ့သည်။ ထို့နောက်တွင်တော့ အလင်းတန်း နှစ်ခုမှာ ကောင်းကင်အမြင့်ပိုင်းသို့ ထိုးတက်သွားခဲ့ပြီး ဧရာမ ယုန်ဖြူကြီး နှစ်ကောင်၏ ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲသွားခဲ့လေတော့၏။
ခန့်ညားထည်ဝါလှသော နတ်ဆိုးဘုရင် ၏ ဖိအားများမှာ နေရာတစ်ခုလုံးသို့ လျင်မြန်စွာ ရိုက်ခတ်သွားခဲ့သည်။
“ကျွန်မရဲ့ အစ်မ နှစ်ယောက်စလုံး နတ်ဆိုးဘုရင်အဆင့်ကို တက်လှမ်းနိုင်သွားကြပြီ..”
လျန်ဝမ်ဖန်း က အံ့သြတကြီး အော်ဟစ်လိုက်သည်။
“တကယ့်ကို မြန်ဆန်လှတဲ့ အရှိန်အဟုန်ပဲ..” ယဲ့ဖုန်း ကိုယ်တိုင်ပင် အနည်းငယ် အံ့အားသင့်သွားခဲ့ရ၏။
သို့သော်လည်း သူ သိပ်ပြီးတော့ အံ့သြမနေပါချေ ။ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်၏ ကြယ်လေးပွင့်အဆင့် တိုးမြှင့်ခြင်း အခမ်းအနားသို့ မတက်ရောက်မီကပင် လျန်ဝမ်ရု နှင့် လျန်ဝမ်ယု တို့မှာ နတ်ဆိုးဘုရင်အဆင့်သို့ တက်လှမ်းနိုင်ရန် တံခါးပိတ် ကျင့်ကြံနေခဲ့ကြသည် မဟုတ်ပါလော။
ထိုအချိန်က ယဲ့ဖုန်းသည် အဆင့်မြင့် ဝိညာဉ်ဆေးလုံး ပုလင်းကြီး တစ်လုံးကို ထုတ်ပေးခဲ့သည်။ လျန်ဝမ်ရု နှင့် လျန်ဝမ်ယု တို့မှာ ဆေးလုံး (၅) လုံးစီ သောက်သုံးထားကြပြီး သူတို့၏ ကိုယ်တွင်းတွင် စွမ်းအင်များကို အမြောက်အမြား စုဆောင်းထားခဲ့ကြခြင်း ဖြစ်၏။ ထို့အပြင် ဝိညာဉ်စွမ်းအင်စုစည်းခြင်းမျှော်စင် ၏ အထက်ပိုင်း အလွှာများတွင် ကျင့်ကြံခြင်း အရှိန်မှာ ဆယ်ဆထက်မက မြန်ဆန်လှသဖြင့်... သူတို့ အခုလို လျင်မြန်စွာ အဆင့်ချိုးဖြတ်နိုင်ခြင်းမှာ သဘာဝကျလှပေသည်။
သို့သော်လည်း သူတို့ နှစ်ဦးစလုံး အခုလို အချိန်ကိုက်ကြီး အဆင့်ချိုးဖြတ်လိမ့်မည်ဟုတော့ ယဲ့ဖုန်း လုံးဝ ထင်မှတ်မထားခဲ့ပါချေ ။
“ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျင့်ကြံသူ (၂၀) နီးပါး နဲ့... နတ်ဆိုးဘုရင် သုံးပါးတောင် ရှိနေတာလား။ အရေးကြီးဆုံး အချက်က... အဲဒါတွေ အားလုံးက တပည့်တွေချည်းပဲ ဖြစ်နေတာဗျ..”
“အရင်တုန်းက မြူခိုးဂိုဏ်း က တကယ်ပဲ ကြယ်တစ်ပွင့်အဆင့် ဂိုဏ်းလေး ဖြစ်ခဲ့တာလားဗျာ”
အကဲဖြတ် အကြီးအကဲများမှာ စကားပင် မပြောနိုင်လောက်အောင် ဖြစ်သွားကြရသည်။ သို့သော်လည်း ဂိုဏ်းချုပ် ယဲ့ဖုန်း အကြောင်းကို ပြန်လည် တွေးတောမိသည့်အခါတွင်မူ... ဤအောင်မြင်မှုများ အားလုံးမှာ ဖြစ်သင့်ဖြစ်ထိုက်သော အရာများသာ ဖြစ်သည်ဟု ခံစားလိုက်ရသည်။
ယဲ့ဖုန်း ရှိနေသည့် နေရာတွင်မူ... အံ့ဖွယ် ကိစ္စရပ်များမှာ အမြဲတမ်း တည်ရှိနေသည် မဟုတ်ပါလော။
ဆက်လက်၍ အကဲဖြတ် အကြီးအကဲသည် အမည်များကို ဆက်လက် ဖတ်ကြားနေသည်။ မကြာမီမှာပင် တပည့်ပေါင်း (၁၈၀၀) စလုံးမှာ စစ်ဆေးမှုကို ခံယူပြီးသွားခဲ့ကြလေ၏။ ၎င်းတို့အနက် (၂၀) ဦးမှာ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့်တွင် ရှိကြပြီး ၊ (၃) ဦးမှာ ဝိညာဉ်ပင်လယ်အဆင့်ရှိ နတ်ဆိုးဘုရင်များ ဖြစ်ကြ၏။
ဤကဲ့သို့သော တပည့် အင်အားစုမျိုးမှာ တကယ့်ကို ခမ်းနားထည်ဝါလွန်းလှပေသည်။
“တပည့် အရေအတွက် နဲ့ ပတ်သက်ပြီးတော့... မြူခိုးဂိုဏ်း ဟာ လိုအပ်ချက်တွေကို ပြည့်မီပါတယ်” အကဲဖြတ် အကြီးအကဲက ရလဒ်ကို ကြေညာလိုက်သည်။
ကြယ်နှစ်ပွင့်အဆင့် စစ်ဆေးမှုအတွက် အဓိက လိုအပ်ချက် သုံးချက်ကို ပြည့်စုံသွားပြီ ဖြစ်ရာ... ကျန်ရှိသော အချက်များမှာတော့ လုပ်ထုံးလုပ်နည်း သက်သက်မျှသာ ဖြစ်သည်။ သို့သော်လည်း လုပ်ထုံးလုပ်နည်း ဆိုသည်မှာ လုပ်ကို လုပ်ရမည် မဟုတ်ပါလော။
“နောက်တစ်ခုကတော့ ဝိညာဉ်လက်နက်တွေကို စစ်ဆေးမှာ ဖြစ်ပါတယ်...”
အကဲဖြတ် အကြီးအကဲ စကားမဆုံးမီမှာပင်... မိုယင် ၊ ဟိုယွင်ကျဲ ၊ ကုန်းချင်းချိုး နှင့် အခြားသူများ အားလုံးမှာ အဆင့်မြင့် ဝိညာဉ်လက်နက်များကို အသီးသီး ထုတ်ဖော်ပြသလိုက်ကြသည်။
“ချွင်..”
လီဇီလုံကမူ ပို၍ပင် အံ့သြစရာ ကောင်းသော အရာတစ်ခုကို ပြုလုပ်လိုက်၏။
သူသည် သူ၏ အထွတ်အထိပ်အဆင့် ဝိညာဉ်လက်နက် ဖြစ်သော ‘ရူးသွပ်နဂါး အရိုးလှံ’ ကို ထုတ်ဖော်လိုက်သည်။
၎င်းထံမှ ထွက်ပေါ်လာသော ပြင်းထန်လှသော အရှိန်အဝါများမှာ အကဲဖြတ် အကြီးအကဲများကိုပင် ထိတ်လန့်သွားစေခဲ့သဖြင့်... သူတို့သည် အရည်အချင်း ပြည့်မီပါသည်ဟု အလျင်အမြန်ပင် အတည်ပြုပေးလိုက်ကြရလေတော့သည်။
နောက်တစ်ဆင့်မှာတော့ ဝိညာဉ်သားရဲမျှော်စင် ကို စစ်ဆေးခြင်းပင် ဖြစ်ချေသည်။
အစ်ကိုကြီး ခေါင်းပြား သည် အကဲဖြတ် အကြီးအကဲများကို ဝိညာဉ်သားရဲ အုပ်ကြီးနှင့်အတူ ဝိုင်းရံထားလိုက်သည်။ သားရဲ တစ်ကောင်ချင်းစီ ထံမှနေ၍ တောင်ကြီး တစ်လုံးအလား လေးလံလှသော နတ်ဆိုးစွမ်းအင်များ ထွက်ပေါ်နေ၏။
သူတို့၏ ပုံစံမှာ တကယ့်ကို ရက်စက်ကြမ်းကြုတ်လှပေသည်။ အကဲဖြတ် အကြီးအကဲ သာ ‘မအောင်ဘူး’ ဟု ပြောလိုက်မည် ဆိုပါက... သူတို့ အားလုံးမှာ ထိုအကြီးအကဲပေါ်သို့ ခုန်အုပ်ပြီး အသေအလဲ ရိုက်နှက်ကြတော့မည့်ဟန် ပေါက်နေသည်။
“အဲ.. ဝိညာဉ်သားရဲမျှော်စင် လည်း လိုအပ်ချက် ပြည့်မီပါတယ်ဗျာ..”
အကဲဖြတ် အကြီးအကဲသည် သူ၏ နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ရသည်။
ထို့နောက်တွင်တော့ ဆေးဖက်ဝင် အပင်စိုက်ခင်း ကို စစ်ဆေးခြင်း ဖြစ်၏။
လူအုပ်ကြီးမှာ မြူခိုးတောင်ထိပ်ရှိ ကမ္ဘာငယ်လေး အတွင်းသို့ ဝင်ရောက်လိုက်ကြရာ... စနစ်တကျ စိုက်ပျိုးထားသော ဆေးခင်းများ နှင့် ယန်ရူယွီ ဂရုတစိုက် ပျိုးထောင်ထားသော နှစ်ထောင်ချီ သက်တမ်းရှိ ဆေးဖက်ဝင် အပင်များကို မြင်တွေ့လိုက်ရသည့်အခါ အားလုံးက ကျေနပ်စွာ ခေါင်းညိတ်လိုက်ကြသည်။
“မြူခိုးဂိုဏ်း ပီသပါပေတယ်... လိုအပ်ချက် အားလုံး ပြည့်စုံရုံတင်မကဘဲ အားလုံးက ထိပ်တန်း အဆင့်တွေချည်းပါပဲ။ ကျုပ်တို့အနေနဲ့ လိုက်လျောပေးစရာတောင် မလိုဘဲ သူတို့ဘာသာသူတို့ အောင်မြင်ပြီးသား ဖြစ်နေတာပဲ”
အကဲဖြတ် အကြီးအကဲများမှာ အချင်းချင်း အကြည့်ချင်း ဖလှယ်ရင်း ရလဒ်ကို အတည်ပြုလိုက်ကြသည်။
ထိုအခါ၊ တတိယမင်းသားက မေးလိုက်၏။
“ဘယ်လိုလဲဗျ ”
သူ နှင့် လင်ယွဲ့ ၊ ရှုချန်ကျွင်း တို့မှာ ဘေးနားတွင် ရပ်လျက် အကဲဖြတ် အကြီးအကဲများ၏ ဆုံးဖြတ်ချက်ကို စိတ်မရှည်စွာ စောင့်ဆိုင်းနေခဲ့ကြသည် မဟုတ်ပါလော။
“ဖတ်..”
ဦးဆောင်သူ အကဲဖြတ် အကြီးအကဲသည် ထူထဲသော စာအုပ်ကို ပိတ်လိုက်သည်။
သူသည် ယဲ့ဖုန်းကို ကြည့်ကာ အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး... အစပိုင်းတွင် တည်ငြိမ်သော မျက်နှာထားဖြင့် ရှိနေသော်လည်း တဖြည်းဖြည်းနှင့် သူ၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးများ ပွင့်လန်းလာခဲ့၏။
“ဂိုဏ်းချုပ်ယဲ့ ကို ဂုဏ်ပြုပါတယ်ဗျာ။ ခင်ဗျားတို့ ဂိုဏ်းဟာ ကြယ်နှစ်ပွင့်အဆင့် ဂိုဏ်း စစ်ဆေးမှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး... အခုပဲ အဆင့်တိုးမြှင့်ခြင်း ခံရပါပြီဗျာ..”
ထိုကြေညာချက် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်... ဂိုဏ်းတစ်ခုလုံးမှာ အားပါးတရ အော်ဟစ် အောင်ပွဲခံသံများဖြင့် ဖုံးလွှမ်းသွားခဲ့လေတော့၏။
အခန်း (၅၁၀) အသိအမှတ်ပြုမှု အောင်မြင်ခြင်း၊ ဂိုဏ်းချုပ်တာဝန် ဆုလာဘ်များ ထုတ်ပေးခြင်း
~“အောင်သွားပြီလား”
ယဲ့ဖုန်းသည် မျက်တောင်လေး ခပ်လိုက်သည်။ မြူခိုးဂိုဏ်း၏ အဆင့်တိုးမြှင့်ခြင်း ခံရသည့်အပေါ် သူ သိပ်ပြီးတော့ အံ့သြမနေပါချေ။
ဘာပဲဖြစ်ဖြစ် သူသည် မိမိ၏ ဂိုဏ်းအကြောင်းကို အသိဆုံး မဟုတ်ပါလော။ မြူခိုးဂိုဏ်း၏ လက်ရှိ အခြေခံ အုတ်မြစ်ဖြင့် ဆိုပါက... ကြယ်နှစ်ပွင့်အဆင့် အသိအမှတ်ပြု စစ်ဆေးမှုကို ကျော်ဖြတ်ရန်မှာ လက်ဖဝါးပေါ်က ရေကို သွန်ရသကဲ့သို့ လွယ်ကူလှ၏။
သို့သော်ငြား ဂိုဏ်းမှာ တရားဝင် အဆင့်တိုးမြှင့်ခြင်း ခံရပြီဟု ကြားလိုက်ရသည့်အခါ ယဲ့ဖုန်း၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးများမှာ တဖြည်းဖြည်း ပွင့်လန်းလာခဲ့လေတော့၏။
“ဂိုဏ်းချုပ်ယဲ့... ဂုဏ်ပြုပါတယ်ဗျာ”
တတိယမင်းသား၊ ခရိုင်ဘုရင် ရှုချန်ကျွင်း နှင့် လင်ယွဲ့ တို့က အသီးသီး ဂုဏ်ပြုလိုက်ကြ၏။ မြူခိုးဂိုဏ်း၏ အကြီးအကဲများ၊ တာဝန်ခံများ နှင့် တပည့်များမှာလည်း ဝမ်းသာအားရ အော်ဟစ် အောင်ပွဲခံနေကြပြီး... လူတိုင်း၏ မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာနေကြ၏။
“အားလုံးကို ဂုဏ်ပြုပါတယ်ဗျာ”
ယဲ့ဖုန်းသည် တတိယမင်းသား နှင့် အခြားသူများကို လက်ဖဝါးနှစ်ဖက် ဆုပ် နှုတ်ဆက်လိုက်ပြီးနောက်... အကဲဖြတ် အကြီးအကဲကို လှည့်ကြည့်ကာ မေးမြန်းလိုက်သည်။
“ကျွန်တော်တို့ အောင်မြင်တာ သေချာပြီ မဟုတ်လား”
“သေချာတာပေါ့ဗျာ... ကျုပ်တို့က ဂိုဏ်းချုပ်ယဲ့ကို လိမ်ရဲပါ့မလား”
ဦးဆောင်သူ အကဲဖြတ် အကြီးအကဲသည် သူ၏ ရင်ဘတ်ကို ပုတ်ကာ အသေအချာ အာမခံလိုက်သည်။
ထိုစကားကို ကြားမှသာ ယဲ့ဖုန်း၏ စိတ်ထဲတွင် ပေါ့ပါးသွားခဲ့တော့၏။ နောက်ဆုံးတော့ မြူခိုးဂိုဏ်းမှာ ကြယ်နှစ်ပွင့်အဆင့်သို့ တရားဝင် တက်လှမ်းနိုင်ပြီ ဖြစ်ပါသည်။ တရားဝင် မကြေညာရသေးသော်ငြား စစ်ဆေးမှု အောင်မြင်သွားပြီ ဆိုသည်မှာ အဆင့်တိုးမြှင့်ပြီးသား ဖြစ်သည်ဟု မှတ်ယူနိုင်သည် မဟုတ်ပါလော။
‘ဂိုဏ်းချုပ်တာဝန် စတုတ္ထအဆင့် အတွက် ဆုလာဘ်တွေကိုလည်း ထုတ်ပေးတော့မှာပဲ’
ယဲ့ဖုန်းက ဝေးကွာလှသော အရပ်ဆီသို့ ငေးကြည့်ရင်း မိမိကိုယ်မိမိ တီးတိုး ပြောလိုက်၏။
“ဂိုဏ်းချုပ်ယဲ့... ကျုပ်တို့ ဂိုဏ်းရဲ့ ဆိုင်းဘုတ်ကို ခေတ္တ ယူသွားပါရစေဦး။ ကြယ်နှစ်ပွင့်အဆင့် တံဆိပ်ကို ထည့်သွင်းပြီးရင်တော့... အမြန်ဆုံး ပြန်ပို့ပေးပါ့မယ်”
အကဲဖြတ် အကြီးအကဲက ဂိုဏ်းချုပ်အဆောင်၏ အထက်တွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်ကို လက်ညှိုးထိုးပြလျက် ဆိုလိုက်သည်။
“ကိစ္စ မရှိပါဘူး”
ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။
ထို့နောက် အကဲဖြတ် အကြီးအကဲ နှစ်ဦးမှာ လေထဲသို့ ပျံတက်လိုက်ကြပြီး “မြူခိုးဂိုဏ်း” ဟု ရေးထိုးထားသော ဆိုင်းဘုတ်ကို ဂရုတစိုက် ဖြုတ်ယူကာ... အနီရောင် ပိတ်စဖြင့် ဖုံးအုပ်လျက် ထွက်ခွာရန် ပြင်ဆင်ကြ၏။
“ဂိုဏ်းချုပ်ယဲ့... ကျုပ်တို့ နန်းမြို့တော်ကို အရင် ပြန်လိုက်ပါဦးမယ်။ နောက် ခုနစ်ရက် ကြာရင်တော့ ဒီဆိုင်းဘုတ်ကို အချိန်မီ ပြန်ပို့ပေးပါ့မယ်ဗျာ”
“ဒါဆိုရင် နောက် ခုနစ်ရက် နေရင်... ကြယ်အဆင့်တိုးမြှင့်ခြင်း ဂုဏ်ပြုတည်ခင်းပွဲ ကျင်းပရမယ်လို့ ဆိုလိုတာလားဗျ” ယဲ့ဖုန်းက စုံစမ်းလိုက်သည်။
“အဲဒါကတော့ ဂိုဏ်းချုပ်ယဲ့ ရဲ့ အစီအစဉ်ပေါ်မှာပဲ မူတည်ပါတယ်ဗျာ။ စောချင်ရင်လည်း ရတယ်... နောက်ဆုတ်ချင်ရင်လည်း ရပါတယ်”
“ဒါဆိုရင်တော့ နောက် ခုနစ်ရက် နေရင်ပဲ ကျင်းပလိုက်ကြတာပေါ့”
ယဲ့ဖုန်းက ဆုံးဖြတ်ချက် ချလိုက်သည်။ ဂုဏ်ပြုတည်ခင်းပွဲ ဆိုသည်မှာ မဖြစ်မနေ လုပ်ဆောင်ရမည့် အရာ မဟုတ်ပါလော။ အဲဒီအချိန်ကျရင် နောက်ထပ် ဟင်းပွဲကောင်းကောင်းတွေကို စားရဦးမှာလေ။
“ဒါဆိုရင် ကျုပ်တို့ ပြန်ခွင့်ပြုပါဦးဗျာ... နှုတ်ဆက်ခဲ့ပါတယ်”
အကဲဖြတ် အကြီးအကဲများမှာ ထွက်ခွာရန် ပြင်လိုက်ကြ၏။
“မလောပါနဲ့ဦး... ကျွန်တော်ကိုယ်တိုင် လိုက်ပို့ပေးပါ့မယ်”
ယဲ့ဖုန်းသည် မြူခိုးတောင်ထိပ်ပေါ်ရှိ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ကို လက်ညှိုးထိုးပြလိုက်သည်။ ထိုမြင်ကွင်းကြောင့် အကဲဖြတ် အကြီးအကဲများ၏ မျက်လုံးများမှာ အရောင်တောက်သွားခဲ့၏။ သို့သော်လည်း ယဲ့ဖုန်း နောက်ထပ် ပြောလိုက်သော စကားကြောင့် သူတို့၏ မျက်နှာပေါ်ရှိ အပြုံးများမှာ တောင့်တင်းသွားခဲ့ရသည်။
“နေရာရွှေ့ပြောင်းခ ကတော့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးပါဗျ”
အကြီးအကဲများမှာ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို တစ်ချက်ကြည့် ၊ အချင်းချင်း တစ်ချက်ကြည့်ကာ ခေတ္တမျှ စဉ်းစားပြီးနောက်... အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးကို မချင့်မရဲဖြင့် ထုတ်ပေးလိုက်ကြပြီးမှ နေရာရွှေ့ပြောင်း ထွက်ခွာသွားကြလေတော့၏။
“ဂိုဏ်းချုပ်ယဲ့... ကျုပ်တို့လည်း မပြန်ခင်မှာ ထမင်းတစ်နပ်လောက် အတူတူ စားချင်ပါတယ်ဗျာ။ အနှောင့်အယှက် မဖြစ်ဘူးဆိုရင်ပေါ့လေ...”
တတိယမင်းသားမှာ အစောကြီး ပြန်ချင်နေသော်လည်း... လင်ယွဲ့ ၏ အဆက်မပြတ် အချက်ပြမှုများကြောင့် မျက်နှာပြောင်တိုက်ကာ ပြောလိုက်ရသည်။
“ဒါပေါ့... ရတာပေါ့ဗျာ။ ကျောက်ကျောက်... ဟင်းတွေ ပြင်လိုက်ဟေ့”
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ် ဦးလေး”
လီကျောက်ကျောက်သည် ခါးစည်းဝတ်စုံကို ဝတ်ဆင်ကာ မီးဖိုချောင်သုံး ဓားနှစ်လက်ကို ကိုင်ဆောင်လျက်... ချက်ပြုတ်ရေး ကျွမ်းကျင်သော ဒုတိယမျိုးဆက် တပည့်အချို့ကို ဦးဆောင်ကာ မီးဖိုချောင်အတွင်းသို့ ဝင်ရောက်သွားလေတော့၏။
လင်ယွဲ့ သည် နှစ်ထောင်ချီ ထင်းရှူးပင်ကြီး၏ အောက်တွင် ရပ်နေသည်။
သူမသည် ယဲ့ဖုန်း၏ ခန့်ညားလှသော ဘေးတိုက် ပုံရိပ်ကို အဝေးမှ ငေးကြည့်နေမိပြီး... နှုတ်ခမ်းကို တင်းကျပ်စွာ စေ့ထားလျက် ပုံမှန်ဆိုလျှင် သူမ ပြောနေကျ ပါးနပ်လှသော စကားများကိုပင် ဘယ်ပျောက်ကုန်မှန်း မသိတော့ချေ။
“ဟူး... ဟူး.....”
လင်ယွဲ့ သည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း သူမအနေဖြင့် အနည်းငယ် စိတ်လှုပ်ရှားနေခြင်းသာ ဖြစ်ရမည်ဟု မိမိကိုယ်ကိုယ် ပြန်လည် အားပေးနေရရှာသည်။
လီကျောက်ကျောက် ပြင်ဆင်ထားသော မြိန်လှသည့် ညစာကို စားသောက်ပြီးနောက်တွင်တော့... တတိယမင်းသား၊ ခရိုင်ဘုရင် ရှုချန်ကျွင်း ၊ မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအို နှင့် လင်ယွဲ့ တို့မှာ မြူခိုးဂိုဏ်း၏ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို အသုံးပြု၍ နောက်ဆုံးတွင် ထွက်ခွာသွားကြလေတော့၏။
ညအမှောင်ထုအောက်ဝယ်။
ယဲ့ဖုန်းသည် ဂိုဏ်းချုပ်အဆောင် အတွင်း၌ မိမိကိုယ်ကိုယ် သီးသန့် ပိတ်ထားလိုက်သည်။
‘စနစ်... မင်း အားလုံးကို တွက်ချက်ပြီးပြီလား’
ယဲ့ဖုန်းက စိတ်ထဲမှ မေးမြန်းလိုက်သည်။ ဂိုဏ်းမှာ ကြယ်နှစ်ပွင့်အဆင့်သို့ တက်လှမ်းနိုင်ခြင်းက ဂုဏ်ယူစရာ ကောင်းလှသော်လည်း... သူ ပိုမို မျှော်လင့်နေသည်မှာ ဂိုဏ်းချုပ်တာဝန် စတုတ္ထအဆင့် ၏ ဆုလာဘ်များပင် ဖြစ်ချေတော့သည်။ ဒါက အရေးအကြီးဆုံး ကိစ္စ မဟုတ်ပါလော။
“တီ..တီ.. မြူခိုးဂိုဏ်း အနေနဲ့ ကြယ်နှစ်ပွင့်အဆင့် အသိအမှတ်ပြု စစ်ဆေးမှုကို ကျော်ဖြတ်နိုင်ခဲ့လို့ ကြယ်နှစ်ပွင့်အဆင့် ဂိုဏ်းတစ်ခု ဖြစ်လာပါပြီ။ အထူး လက်ဆောင်ထုပ် ကြီး (၁) ခု ချီးမြှင့်လိုက်ပါတယ်”
“တီ..တီ... ဂိုဏ်းချုပ် အနေနဲ့ နောက်ဆက်တွဲ တာဝန်များ အားလုံးကို အောင်မြင်စွာ ပြီးမြောက်ပါပြီ၊ စတုတ္ထအဆင့် တာဝန် စစ်ဆေးမှုကို အပြီးသတ်နိုင်ခဲ့တဲ့အတွက်... ဆုလာဘ်များ အားလုံးကို ဖြန့်ဝေလိုက်ပါပြီ”
“တီ..တီ.. ဂိုဏ်းချုပ် အနေနဲ့ ဝိညာဉ်စုစည်းခြင်း ဆေးလုံး (၅) လုံး ၊ အဆင့်နိမ့် ဝိညာဉ်ရတနာ (၁) ခု ၊ ကောင်းကင် မိုးကြိုး အဆောင်လက်ဖွဲ့ (၃) ခု ၊ အကြီးစား ဂိုဏ်းအကာအကွယ် ဝင်္ကပါ (၁) ခု ၊ အသေးစား ကမ္ဘာမြေ ပြန်လည် ပုံဖော်ခြင်း စွမ်းအား (၅) ခု နဲ့ အကြီးစား ကမ္ဘာမြေ ပြန်လည် ပုံဖော်ခြင်း စွမ်းအား (၁) ခု .. ရရှိပါပြီ”
“တီ..တီ.. ဂိုဏ်းချုပ် အနေဖြင့် တာဝန်တွေကို သတ်မှတ်ချိန်ထက် အများကြီး စောစီးစွာ ပြီးမြောက်ခဲ့လို့ အထူး အပို လက်ဆောင်ထုပ် (၂) ထုပ်ကို ချီးမြှင့်လိုက်ပါတယ်”
စနစ်၏ အသိပေးသံ (၄) ကြိမ် ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။ ယဲ့ဖုန်းမှာ ရင်တလှပ်လှပ် တုန်သွားခဲ့ရတော့၏။
“ဒီ ဆုလာဘ်တွေက တကယ်ကို မယုံနိုင်စရာပဲဟေး..”
သူ၏ စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်တော့ဘဲ လက်ကို ချက်ချင်း ဆန့်ထုတ်လိုက်ရာ... ကိုးရောင်ခြယ် ကံကောင်းခြင်း အိတ်လေး တစ်ခု သူ၏ လက်ဖဝါးပေါ်တွင် ပေါ်ပေါက်လာခဲ့သည်။ ၎င်းမှာ မြူခိုးဂိုဏ်း ကြယ်နှစ်ပွင့်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့်အတွက် ရရှိသော ဆုလာဘ်ပင် ဖြစ်၏။
“ဖွင့်စမ်း..”
“တီ..တီ... ဂိုဏ်းချုပ် အနေနဲ့ ‘ဟူဖေးဖေးရဲ့ အဆင့်တိုးမြှင့်ရန် စွမ်းအင် အပြည့် (၁) ကြိမ်’ ဆုလာဘ်ကို ရရှိခဲ့ပါပြီ”
ထိုအသံကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ယဲ့ဖုန်း၏ လက်ဖဝါးပေါ်ရှိ ကံကောင်းခြင်း အိတ်လေးမှာ ဖွေးဖျော့သော ရွှေရောင်အလင်းတန်းများအဖြစ် ပြိုကွဲသွားပြီး... သူ၏ လက်ချောင်းထိပ်များတွင် ဝဲပျံနေလေတော့၏။
သတင်းအချက်အလက် လှိုင်းလုံးကြီး တစ်ခုမှာလည်း သူ၏ ခေါင်းထဲသို့ တိုးဝင်လာခဲ့သည်။
ယဲ့ဖုန်းသည် ထိုအလင်းတန်း၏ အစွမ်းသတ္တိကို ချက်ချင်းပင် နားလည် သဘောပေါက်သွားခဲ့တော့၏။
‘ဒါဆိုရင်... ဟူဖေးဖေး က ဒီအထူး အလင်းတန်းကို စုပ်ယူလိုက်တာနဲ့ စွမ်းအင်တွေ ချက်ချင်း ပြည့်သွားပြီး ဝိညာဉ်ရတနာ အဆင့်ကို တက်လှမ်းနိုင်မှာပေါ့’
ယဲ့ဖုန်းမှာ အတိုင်းမသိ ဝမ်းသာသွားခဲ့သည်။ ထို့အပြင် ပိုလျှံနေသော စွမ်းအင်များမှာလည်း လွင့်ပါးမသွားဘဲ... သူမ အဆင့်တက်ပြီးနောက် နောက်ထပ် အဆင့်မြှင့်တင်မှုများအတွက် သိုလှောင်ထားပေးမည် မဟုတ်ပါလော။
“သိပ်ကောင်းတာပဲ..”
ယဲ့ဖုန်းသည် ကျန်ရှိသော ဆုလာဘ်များကို ခေတ္တ ဘေးဖယ်ထားလိုက်ပြီး... သူမ၏ ပေါက်ကွဲတုတ်ကြီးကို ပွတ်သပ်နေသော ဟူဖေးဖေးထံသို့ အလျင်အမြန် လှည့်ကြည့်ကာ -
ပြောလိုက်၏။
“မင်းသမီးလေး... ပါးစပ်ဟလိုက်”
“အာ...”
ဟူဖေးဖေးသည် လိမ္မာပါးနပ်စွာပင် ပါးစပ်ကို ဟပေးလိုက်သည်။
ထိုအခါ၊ ယဲ့ဖုန်းသည် သူ၏ လက်ချောင်းကို တစ်ချက်တောက်လိုက်ရာ... အထူး အလင်းတန်းလေးမှာ ဟူဖေးဖေး၏ ဝမ်းဗိုက်အတွင်းသို့ စီးဝင်သွားခဲ့လေတော့၏။
“ဝုန်း..”
ဟူဖေးဖေး၏ ကိုယ်ပေါ်မှနေ၍ တောက်ပလှသော အလင်းတန်းများ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး... ယဲ့ဖုန်း၏ နားထဲတွင်လည်း စနစ်၏ အသိပေးသံ ထွက်ပေါ်လာခဲ့သည်။
(ဟူဖေးဖေး ၏ အဆင့်တိုးမြှင့်ရန် စွမ်းအင် - ၁၀၀%+)
“အား... ဂိုဏ်းချုပ်။ ကျွန်မ အရမ်း ပူလာပြီရှင်..”
ဟူဖေးဖေးသည် သူမ၏ ရင်ဘတ်ကို လက်ဖြင့် အုပ်လျက်... သူမ၏ ကိုယ်တွင်း၌ ကြီးမားလှသော စွမ်းအင်များ ပေါက်ကွဲနေသကဲ့သို့ တစ်ကိုယ်လုံး ပူထူလာသည်ဟု ခံစားလိုက်ရသည်။
“မလန့်နဲ့... မူလဇစ်မြစ်ကို ထိန်းထားပြီး စွမ်းအင်တွေကို အာရုံစိုက် စုပ်ယူပါ..”
ယဲ့ဖုန်းသည် လေဓာတ် ဝိညာဉ်စွမ်းအင် (၁၀) မျှင်ကို ထုတ်လွှတ်ပေးလိုက်ပြီး... ဟူဖေးဖေး၏ ကိုယ်တွင်း၌ ရူးသွပ်စွာ စီးဆင်းနေသော အရှိန်အဝါများကို တည်ငြိမ်သွားအောင် ကူညီပေးလိုက်သည်။ ထို့နောက်တွင်တော့ ယဲ့ဖုန်းသည် အံ့ဖွယ် မြင်ကွင်းတစ်ခုကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရလေတော့၏။
ဟူဖေးဖေး၏ ပန်းရောင် ဆံနွယ်များမှာ အဆက်မပြတ် ရှည်လျားလာခဲ့ပြီး... သာမန် အခြေအနေမှာပင် သူမ၏ ခြေဖဝါး တိုင်အောင် ရှည်လျားသွားခဲ့သည်။ မကြာမီမှာပင် သူမ၏ ဆံပင်များမှာ အလိုအလျောက် ထုံးဖွဲ့ပြီးသား ဖြစ်သွားခဲ့၏။
ထို့အပြင် သူမ၏ အနောက်ဘက်ရှိ နူးညံ့လှသော ပန်းရောင် မြေခွေးအမြီးမှာလည်း... အမြီး (၃) ခု အထိ ထွက်ပေါ်လာခဲ့တော့၏။
သူမ၏ ပေါက်ကွဲတုတ်ကြီး မှာလည်း ပိုမို ရှည်လျားလာပြီး ကိုင်တွယ်ရသည်မှာ ပို၍ သက်သောင့်သက်သာ ရှိလာခဲ့သည်။
သူမ၏ နဖူးပေါ်တွင်မူ အမြီး သုံးခုကို ကိုယ်စားပြုသော မီးတောက်ပုံသဏ္ဌာန် အမှတ်အသား သုံးခု ထွက်ပေါ်လာခဲ့သည်။
ဒုန်း... ဒုန်း... ဒုန်း.....
မြူခိုးဂိုဏ်း၏ အထက် ကောင်းကင်ယံတွင် မိုးခြိမ်းသံများ ရုတ်တရက် ဆူညံစွာ ထွက်ပေါ်လာခဲ့ရာ... မြူခိုးဂိုဏ်းသားများသာမက ရေပေါ်ဖြူမြို့တော် ၊ မီးပြတိုက်မြို့တော် နှင့် အခြားသော နေရာအသီးသီးမှ လူများကိုပါ ထိတ်လန့်သွားစေခဲ့သည်။
“ဘာတွေ ဖြစ်နေတာလဲ”
“မဟာတန်ခိုးရှင် တစ်ယောက်ယောက် ကပ်ဘေးကို ရင်ဆိုင်နေရတာ ထင်တယ်”
“မဟုတ်ဘူး... အဲဒါ မဟုတ်ဘူး..”
“ကြည့်ကြပါဦး... အစောင့်အရှောက် ဟူဖေးဖေး ကောင်းကင်ပေါ် ပျံတက်သွားပြီ။ ကြည့်ရတာ သူမ ကပ်ဘေးကို ရင်ဆိုင်နေရတာ ထင်တယ်..”
မြူခိုးဂိုဏ်း၏ တပည့်များမှာ ခေါင်းမော့ကြည့်လိုက်ကြရာ... လှပကျော့ရှင်းသော ပုံရိပ်တစ်ခုမှာ ကောင်းကင်ယံသို့ ပျံတက်သွားပြီး အထက်တွင် အလျင်အမြန် စုစည်းနေသော ကပ်ဘေးတိမ်တိုက်များ အတွင်းသို့ ဝင်ရောက်သွားသည်ကို မြင်တွေ့လိုက်ရသည်။
“ဒါက ကိုးဆင့် ကောင်းကင်ကပ်ဘေး မဟုတ်လား။ မြူခိုးဂိုဏ်းက တစ်ယောက်ယောက်က မူလနတ်ဘုရားအဆင့်ကို ထပ်ပြီး အဆင့်ချိုးဖြတ်နေတာလား” ဝမ်ရွှမ်ဖင်းသည် သူ၏ အဆောင်အတွင်းမှ ထွက်လာပြီး ကောင်းကင်ကြီးကို ကြည့်ကာ စဉ်းစားခန်း ဝင်နေမိသည်။
ရုတ်တရက် သူသည် လေတိုးသံကို ကြားလိုက်ရ၏။
“ဟူဖေးဖေး က ကပ်ဘေးကို ရင်ဆိုင်နေရတာလား”
“ဒါပေမဲ့ ဒါက မဖြစ်နိုင်ဘူးလေ... ဟူဖေးဖေးက မူလနတ်ဘုရားအဆင့်ကို ရောက်ပြီးသား မဟုတ်လား”
ပတ်ဝန်းကျင်မှ ပြောဆိုသံများကို ဝမ်ရွှမ်ဖင်း မကြားသိခဲ့သဖြင့် လုံးဝ ဇဝေဇဝါ ဖြစ်နေရရှာသည်။ သူ သိထားသည်မှာ ဟူဖေးဖေးတွင် မူလနတ်ဘုရားအဆင့် စွမ်းအား ရှိသည်ဟုသာ ဖြစ်ပြီး... ဟူဖေးဖေးမှာ အထွတ်အထိပ်အဆင့် ဝိညာဉ်ရတနာ တစ်ခု ဖြစ်သဖြင့် သူမ၏ စတုတ္ထမြောက် တိုက်ခိုက်ရေး ပုံစံကို အသုံးပြုမှသာ ထိုအဆင့်ကို ရောက်ရှိနိုင်ခြင်း ဖြစ်သည်ကိုမူ သူ လုံးဝ မသိရှိခဲ့ပါချေ။
ကပ်ဘေးတိမ်တိုက်များ အတွင်းဝယ်။
ဟူဖေးဖေးသည် သူမ၏ ပေါက်ကွဲတုတ်ကို ကိုင်ဆောင်လျက်... တစ်ကိုယ်လုံး ပန်းရောင် အလင်းတန်းများ ဖြာထွက်နေပါသည်။ နဝမမြောက် ကောင်းကင်ဘုံမှ ဆင်းသက်လာသော မြေခွေးနတ်သမီး တစ်ပါးအလား ထင်မှတ်ရ၏။
သူမသည် သူမ၏ ပတ်ဝန်းကျင်တွင် စုစည်းနေသော ကောင်းကင်ကပ်ဘေး တိမ်တိုက်များကို ကြည့်ကာ ဆိုလိုက်သည်။
“အရမ်း နှေးတာပဲ... ငါပဲ မျိုချလိုက်တော့မယ်..”
သူမသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ရာ... အဟုန်ပြင်းလှသော အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့သည်။ တဆက်တည်း၌၊ ... မိုင်ပေါင်းရာချီ ကျယ်ဝန်းသော ကပ်ဘေးတိမ်တိုက်ကြီးကို သူမ၏ ဝမ်းဗိုက်အတွင်းသို့ တစ်ချက်တည်းနှင့် မျိုချပစ်လိုက်လေတော့၏။
ဒုတိယမျိုးဆက် တပည့်များ၏ အဆောင်ရှေ့တွင်မူ...
ဝမ်ရွှမ်ဖင်းသည် ဤအံ့ဖွယ် မြင်ကွင်းကို မော့ကြည့်ရင်း လုံးဝကို မှင်သက် အံ့အားသင့်နေရလေတော့သည်။