← Chapters

အခန်း (၅၁၁-၅၁၃)

Vol. 35 Ch. 511-513

အခန်း (၅၁၁-၅၁၃)

Vol. 35 Ch. 511-513

အခန်း (၅၁၁) - ဝိညာဉ်ရတနာအဆင့်သို့ တက်လှမ်းခြင်း၊ ပြင်းထန်သော မိုးကြိုး ဝရဇိန်ထီးနှင့် ဉာဏ်ပညာ နှလုံးသား

~“တစ်... တစ်လုပ်တည်းနဲ့ ကိုးဆင့် ကောင်းကင်ဘုံ ကပ်ဘေးကြီးကို ဝါးမြိုလိုက်တာလား...”

ဝမ်ရွှမ်ဖင်း၏ ပါးစပ်အဟောင်းသား ဖြစ်သွားရကာ မျက်လုံးများကလည်း မယုံကြည်နိုင်မှုများဖြင့် ပြူးကျယ်သွားရသည်။

'ဒီလို လုပ်နိုင်ဖို့ဆိုတာ အနည်းဆုံးတော့ မူလနတ်ဘုရားအဆင့် အလယ်အလတ်လောက် ရှိမှ ဖြစ်နိုင်မှာ... ဟူဖေးဖေးက အရင်တုန်းက မူလနတ်ဘုရားအဆင့် တတိယအလွှာ အထွတ်အထိပ်မှာ ရှိနေခဲ့တာ... အခု ကပ်ဘေးကို ကျော်ဖြတ်ပြီးတဲ့နောက် စတုတ္ထအလွှာကို ရောက်သွားတာများလား...'

ဝမ်ရွှမ်ဖင်းမှာ ထိုသို့သာ တွေးတောမိလိုက်သည်။ သူမ၏ ရင်ထဲတွင် စိုးရိမ်စိတ်များက ဒီရေအလား တိုးဝင်လာ၏။

သူမ ဆုံးဖြတ်ချက် တစ်ခုကို ပြတ်သားစွာ ချလိုက်တော့၏။

'နောက်နောင် ဒီအမျိုးသမီးနဲ့ ထိပ်တိုက် မတွေ့တာ အကောင်းဆုံးပဲ... မဟုတ်ရင် ငါ့သရုပ်မှန် ပေါ်သွားလိမ့်မယ်... ငါ့အသက်က အရေးကြီးတယ်လေ...'

ကောင်းကင်ယံထက်တွင်မူ...

ဟူဖေးဖေးသည် သက်ပြင်း အရှည်ကြီး မှုတ်ထုတ်လိုက်၏။ ထိုအရာများမှာ ကပ်ဘေးတိမ်တိုက်ထဲတွင် ပါဝင်သော အညစ်အကြေးများ ဖြစ်ကြသည်။

ကောင်းကင်မိုးကြိုး (၉) ချက်စလုံးကို ဝါးမြိုပြီးနောက်တွင် သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ ခိုင်မာသွားခဲ့ပြီး အဆင့်နိမ့် ဝိညာဉ်ရတနာ အဆင့်အတန်းကို အောင်မြင်စွာ ထိန်းသိမ်းထားနိုင်ခဲ့ပြီပင်။

မြူခိုးတောင်ထိပ်ပေါ်တွင်...

(ဟူဖေးဖေး၏ အဆင့်မြှင့်တင်မှု စွမ်းအင် - ၃၃ ရာခိုင်နှုန်း)

ယဲ့ဖုန်းထံသို့ စနစ်မှ အသိပေးချက် ရောက်ရှိလာခဲ့၏။ သူ မေးစေ့ကို ပွတ်သပ်ရင်း နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားရသည်။

'အခု မင်းသမီးလေးက အဆင့်နိမ့် ဝိညာဉ်ရတနာ ဖြစ်သွားပြီဆိုတော့... ပုံမှန်အခြေအနေမှာတင် မူလနတ်ဘုရားအဆင့် တတိယအလွှာက လူကို ယှဉ်တိုက်နိုင်ပြီပဲ...။ တကယ်လို့ စတုတ္ထမြောက် တိုက်ခိုက်ရေး ပုံစံသာ ဝင်လိုက်မယ်ဆိုရင် အနည်းဆုံးတော့ မူလနတ်ဘုရားအဆင့် သတ္တမအလွှာ အထွတ်အထိပ် ကျင့်ကြံသူနဲ့ ယှဉ်နိုင်သွားပြီ... ဟားဟား... ငါ့ဂိုဏ်းက ပိုပိုပြီး ကြမ်းလာပြီပဲ...'

အဆင့်မြှင့်တင်ပြီးနောက်တွင် ဟူဖေးဖေး၏ ခွန်အားမှာ ယခင်ကထက် အဆပေါင်းများစွာ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ ဤအချက်ကြောင့် ယဲ့ဖုန်း စိတ်သက်သာရာ ရသွားတော့သည်။

“ဂိုဏ်းချုပ်... ကျွန်မ ပြန်ရောက်ပါပြီ...”

ပေါက်ကွဲစေသော တုတ်တိုကို ကိုင်ဆောင်ထားသည့် ဟူဖေးဖေးသည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး၊ ယဲ့ဖုန်း၏ ရှေ့မှောက်တွင် ပြန်လည် ပေါ်လာကာ သူ့ထံသို့ အရှိန်ဖြင့် ခုန်အုပ်လိုက်၏။

“ဟေ...”

ယဲ့ဖုန်း အံ့အားသင့်သွားရသည်။

“မင်းက အခု နေရာရွှေ့ပြောင်းခြင်းကို သုံးနိုင်သွားပြီလား...”

“ဟုတ်ကဲ့ပါ...”

ဟူဖေးဖေးက ခေါင်းကို တဆတ်ဆတ် ငြိမ့်ပြလိုက်၏

“အဆင့်နိမ့် ဝိညာဉ်ရတနာ အဖြစ် အဆင့်မြှင့်ခံလိုက်ရကတည်းက ကျွန်မ စိတ်ကြိုက် နေရာရွှေ့ပြောင်းလို့ ရသွားပြီလေ...”

“ကောင်းတယ်... တကယ့်ကို ကောင်းတာပဲကွ...”

ယဲ့ဖုန်း ဝမ်းသာအားရ ဖြစ်သွားသည်။ သူ လက်လှမ်းလိုက်ပြီး ဟူဖေးဖေး၏ မြေခွေးအမြီးကို ဖမ်းဆွဲလိုက်ကာ မေးလိုက်သည်။

“ဒါဆို... မင်းရဲ့ ခန္ဓာကိုယ်တွင်း နေရာလပ်ကရော ကျယ်လာသေးလား...”

“အင်း... (၁၀) ဆမက ကျယ်လာတယ်ရှင့်...”

“ရှယ်ပဲ...”

ယဲ့ဖုန်း ပို၍ပင် ပျော်ရွှင်သွားတော့၏။

သူသည် ဟူဖေးဖေးအား ထိုင်ခုံပေါ်တွင် ထိုင်ခိုင်းလိုက်ပြီးနောက်၊ ဂိုဏ်းချုပ် တာဝန် အဆင့် (၄) မှ ရရှိသော ဆုလာဘ်များကို ဆက်လက် စစ်ဆေးလိုက်သည်။

“ဝိညာဉ်စုစည်းခြင်း ဆေးလုံး (၅) လုံး... ဒါက တစ်ယောက်ယောက် မူလနတ်ဘုရားအဆင့် တက်ခါနီးမှ ထုတ်ပေးရမယ်...”

“အဆင့်နိမ့် ဝိညာဉ်ရတနာ (၁) ခု... ဘယ်လို ဝိညာဉ်ရတနာမျိုးပါလိမ့်...”

ယဲ့ဖုန်း စိတ်ဝင်စားသွား၏။ သူ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ လက်ဝါးပေါ်တွင် ထီးတစ်လက် ပေါ်လာသည်။

ထိုထီး၏ ပုံစံမှာ ရိုးရာ ဆီစိမ်စက္ကူထီးနှင့် တူသော်လည်း တစ်လက်လုံးမှာ အနက်ရောင် သန်းသော ရွှေရောင် ဖြစ်နေ၏။ ထီးကို ဖွင့်လိုက်သောအခါ မျက်နှာပြင်ပေါ်တွင် ရေးထိုးထားသော မရေမတွက်နိုင်သည့် ရှုပ်ထွေးနက်နဲသော ဝင်္ကပါ မျဉ်းကြောင်းများကို တွေ့လိုက်ရသည်။

'ပြင်းထန်သော မိုးကြိုး ဝရဇိန်ထီး... အဆင့်နိမ့် ဝိညာဉ်ရတနာ... ကောင်းကင်နှင့် မြေကြီးမှ မိုးကြိုးစွမ်းအားများကို ထီးအတွင်းသို့ စုပ်ယူ သိမ်းဆည်းထားနိုင်ပြီး၊ အရေးကြုံပါက မိုးကြိုးဝရဇိန် အဖြစ် ပြောင်းလဲကာ ရန်သူများကို ချေမှုန်းနိုင်စွမ်း ရှိတယ်...'

ယဲ့ဖုန်း သတင်းအချက်အလက်များကို ရရှိလိုက်၏။

'မဆိုးဘူးပဲ... လောလောဆယ် ငါ မလိုအပ်သေးပေမဲ့၊ ဘာပဲပြောပြော ဒါက အဆင့်နိမ့် ဝိညာဉ်ရတနာ တစ်ခုပဲလေ... ကောင်းကင်မိုးကြိုး စွမ်းအားတွေကို လုံလုံလောက်လောက်.. သိမ်းဆည်းထားနိုင်ရင်၊ မူလနတ်ဘုရားအဆင့်မှာ ငါ့ကို ဘယ်သူ လာယှဉ်ရဲမှာလဲ...'

“ကောင်းကင် မိုးကြိုး အဆောင်လက်ဖွဲ့ (၃) ခု...”

ယဲ့ဖုန်းသည် ကျန်ရှိနေသော ဆုလာဘ်များကို ဆက်လက် ကြည့်ရှုလိုက်ရာ၊ ခရမ်းရွှေရောင် အဆောင်လက်ဖွဲ့ စက္ကူ သုံးရွက် လက်ဝါးပေါ်သို့ ရောက်ရှိလာသည်။

“ဒါတွေက ဘာလုပ်တဲ့ အရာတွေလဲ...”

သူ အချက်အလက်များကို လျင်မြန်စွာ ရယူလိုက်၏။

'ကောင်းကင် မိုးကြိုး အဆောင်လက်ဖွဲ့... အလယ်အလတ်အဆင့် နတ်ဘုရား အဆောင်လက်ဖွဲ့... စတင်အသက်သွင်းပြီး ရန်သူကို ပစ်မှတ်ထားလိုက်တာနဲ့၊ ကြောက်မက်ဖွယ်ကောင်းတဲ့ ကိုးဆင့် ကောင်းကင်ဘုံ ကပ်ဘေးကို ဆင့်ခေါ်ပြီး ရန်သူကို အမှုန့်ချေ ဖျက်ဆီးပစ်နိုင်တယ်... စွမ်းအားကတော့ ရှယ်ပဲ...'

အဆောင်လက်ဖွဲ့ တစ်ရွက်တည်းနှင့်ပင် မူလနတ်ဘုရားအဆင့် အထက်တန်းအလွှာ ကျင့်ကြံသူ တစ်ဦးကို ဖြိုလဲနိုင်စွမ်း ရှိသည်။

'ဒါက မိုက်တယ်ဟ... သုံးပြီးရင် ပျောက်သွားမယ့် ပစ္စည်းတွေ ဖြစ်ပေမဲ့၊ ငါ ကိုယ်တိုင် လက်ဝင်မပါချင်တဲ့ အချိန်ကျရင် တခြားသူတွေကို ခြိမ်းခြောက်ဖို့ သုံးလို့ရတာပဲ...'

ယဲ့ဖုန်း၏ မျက်နှာပေါ်တွင် ဉာဏ်များသော အပြုံး တစ်ခု တဖြည်းဖြည်း ဖြစ်ပေါ်လာတော့၏။

သူ ဆက်လက် ဖတ်ရှုလိုက်သည်။

'ဂိုဏ်းကာကွယ်ရေး မဟာဝင်္ကပါ - ကြယ်တာရာ မဟာ ဝင်္ကပါ... ကောင်းကင်ယံမှ ကြယ်တာရာများ၏ ပုံစံငယ်ကို ဆင့်ခေါ်နိုင်သည်... နေ့စဉ် ကြယ်တာရာ စွမ်းအင်များကို စုပ်ယူ သိမ်းဆည်းထားနိုင်ပြီး၊ အချိန်ကြာမြင့်စွာ စုဆောင်းလေ စွမ်းအား ပိုမို ကြီးမားလေ ဖြစ်သည်... ဂိုဏ်းကာကွယ်ရေး ဝင်္ကပါများထဲတွင် ထိပ်တန်းအဆင့် ဖြစ်သည်...'

ယဲ့ဖုန်းသည် ဆက်စပ် အချက်အလက်များကို လိုက်လံ ကြည့်ရှုလိုက်၏။ သူ လက်ကို မြှောက်လိုက်ရာ လက်သီးဆုပ်ခန့် အရွယ်အစားရှိသော မျက်နှာပြင်ပေါင်းစုံ ပါဝင်သည့် ပုံဆောင်ခဲ အမြုတေ တစ်ခု ပေါ်လာသည်။ ကြည့်ရသည်မှာ ပြင်ပကမ္ဘာမှ ဥက္ကာခဲ တစ်ခုကဲ့သို့ပင်။

'အခုပဲ ဝင်္ကပါ စခင်းလိုက်မှပဲ...'

ယဲ့ဖုန်းသည် ဂိုဏ်းချုပ် ခန်းမဆောင်ကြီးထဲမှ လမ်းလျှောက် ထွက်လာခဲ့သည်။ သူ့လက်ထဲမှ ကြယ်တာရာ ကျောက်တုံးကို ဖွဖွလေး ပစ်တင်လိုက်ရာ၊ တောက်ပသော ကြယ်အလင်းတန်းများ အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံထဲသို့ တိုးဝင် ပျောက်ကွယ်သွားတော့၏။

တစ်ချက်ကြည့်လိုက်လျှင် မြူခိုးဂိုဏ်း အထက်မှ ကောင်းကင်ကြီးမှာ ပြောင်းလဲသွားခြင်း မရှိသကဲ့သို့ ထင်ရသည်။ သို့သော် လက်တွေ့တွင်မူ ကြယ်တာရာ မဟာ ဝင်္ကပါကြီးကို တည်ဆောက်ပြီးစီးသွားပြီ ဖြစ်ကာ၊ ကြယ်တာရာ စွမ်းအင်များကို ငတ်မွတ်စွာဖြင့် စုပ်ယူနေပြီ ဖြစ်၏။

'ကြယ်တာရာ စွမ်းအင်တွေ လုံလောက်အောင် စုပ်ယူပြီးသွားရင်၊ မီးခိုးရောင်နွယ်ပင် နတ်သမီး ပြန်ရှင်လာရင်တောင်မှ ဒီဝင်္ကပါရဲ့ စွမ်းကုန် တိုက်ခိုက်မှု တစ်ချက်ကို ခံနိုင်မှာ မဟုတ်ဘူး...'

ယဲ့ဖုန်း အလွန် ယုံကြည်မှု ပြည့်ဝနေသည်။ ဒါသည် စနစ်က ပေးသော ဆုလာဘ် ဖြစ်သည့်အလျောက်၊ သေချာပေါက် ထိပ်တန်း အရည်အသွေး ဖြစ်ပေမည်။

ထို့နောက်တွင် သူသည် “ကမ္ဘာငယ် ပြုပြင်ပြောင်းလဲခြင်း (၅) ခု” နှင့် “အကြီးစား ကမ္ဘာမြေ ပြုပြင်ပြောင်းလဲခြင်း (၁) ခု” စသည့် ဆုလာဘ်များကို အသေးစိတ် ကြည့်မနေတော့ဘဲ၊ နောက်ဆုံးကျန်သော အထူး လက်ဆောင်အိတ် နှစ်ခုကို တန်းပြီး ကြည့်လိုက်တော့၏။

မူလက ဤဆုလာဘ်နှစ်ခုမှာ ရှိမနေခဲ့ပါ။ သို့သော် ယဲ့ဖုန်းသည် ပေးထားသော အချိန်၏ ဆယ်ပုံတစ်ပုံပင် မကြာဘဲ တာဝန်ကို ပြီးပြည့်စုံစွာ ထမ်းဆောင်နိုင်ခဲ့သည့်အတွက် ထပ်ဆောင်း ဆုလာဘ်များ ရရှိခဲ့ခြင်း ဖြစ်သည်။

ယဲ့ဖုန်း လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ လက်ဝါး တစ်ဖက်စီ၏ အပေါ်တွင် ကိုးရောင်ခြယ် ကံကောင်းခြင်း အိတ် တစ်လုံးစီ ဝဲပျံနေကြ၏။

“အားလုံး ဖွင့်လိုက်...”

ယဲ့ဖုန်း တွန့်ဆုတ်မနေခဲ့ပေ။

“ဖောင်း ... ဖောက်...”

ကံကောင်းခြင်း အိတ် နှစ်လုံးစလုံး တပြိုင်နက်တည်း ကြွေမွသွားပြီး၊ ဆန်းကြယ်သော အလင်းတန်း နှစ်ခု အဖြစ် ပြောင်းလဲကာ သူ့လက်ဝါး အလယ်တွင် ဝဲပျံနေတော့သည်။

(တီ..တီ.. ဂုဏ်ယူပါတယ် ဂိုဏ်းချုပ်... ဉာဏ်ပညာ နှလုံးသား အပိုင်းအစကို ရရှိပါပြီ)

(တီ..တီ.. ဂုဏ်ယူပါတယ် ဂိုဏ်းချုပ်... သံရည်ကျိုမီးဖို အဆင့်မြှင့်တင်ခြင်း စွမ်းအင်ကို ရရှိပါပြီ)

စနစ်မှ အသိပေးသံ နှစ်ကြိမ် ဆက်တိုက် ထွက်ပေါ်လာ၏။ ယဲ့ဖုန်းသည် ဘယ်ဘက်လက်ပေါ်ရှိ ကိုးရောင်ခြယ် အလင်းတန်းကို ကြည့်ရင်း မျက်တောင် ခတ်လိုက်မိသည်။

“ဉာဏ်ပညာ နှလုံးသား အပိုင်းအစ ဟုတ်လား... အဲဒါ ဘာကြီးလဲ...”

သူ ထိုးထွင်းသိမြင်သော မျက်လုံးကို ဖွင့်လိုက်၏။

'ဉာဏ်ပညာ နှလုံးသား - သာမန်ထက် ထူးကဲလွန်မြတ်သော ဉာဏ်အလင်းပွင့်ခြင်း ပါရမီ... ပြီးပြည့်စုံသော ဉာဏ်ပညာ နှလုံးသားကို ပိုင်ဆိုင်ပါက၊ ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို လွယ်ကူစွာ တွက်ချက်နိုင်ပြီး၊ မည်သည့် နတ်ဘုရား စွမ်းရည် သို့မဟုတ် မန္တန်ကိုမဆို လွယ်ကူစွာ တတ်မြောက်နိုင်မည်...'

'ရှယ် စွမ်းတာပဲဟ... ကြိုက်သွားပြီကွာ...'

ဉာဏ်ပညာ နှလုံးသား၏ လုပ်ဆောင်ချက်ကို သိလိုက်ရသောအခါ ယဲ့ဖုန်း တုန်လှုပ်သွားရသည်။ ယခင်ကဆိုလျှင် သူသည် မန္တန်များကို တတ်မြောက်ရန် ငွေသုံးမှသာ ရသော်လည်း၊ ယခု ဉာဏ်ပညာ နှလုံးသား ရှိလာပြီ ဖြစ်၍ မည်သည့် မန္တန်မျိုးစုံကိုမဆို ငွေတစ်ပြားတစ်ချပ်မှ မကုန်ဘဲ လွယ်ကူစွာ နားလည် သဘောပေါက်နိုင်တော့မည် ဖြစ်၏။

နောက်ဆုံးတော့ သူသည် စစ်မှန်သော မှော်ဆရာကြီး တစ်ယောက် ဖြစ်လာတော့မည် မဟုတ်ပါလော။

“ပေါင်းစပ်လိုက်...”

ယဲ့ဖုန်းသည် ဉာဏ်ပညာ နှလုံးသား အပိုင်းအစကို နဖူးပေါ်သို့ ဖိကပ်လိုက်ရာ၊ သူ၏ ဝိညာဉ်ပင်လယ် အတွင်းသို့ စီးဝင်သွားပြီး ခန္ဓာကိုယ် တစ်ခုလုံး လန်းဆန်း ကြည်လင်သွားသော ခံစားချက်ကို ရရှိလိုက်သည်။ သူ၏ နားလည် သဘောပေါက်နိုင်စွမ်းနှင့် အာရုံခံစားမှုများမှာ ဘက်ပေါင်းစုံမှ တိုးတက် မြင့်မားသွားတော့၏။

ယခင်က သူ့ကို ဒုက္ခပေးခဲ့သော ပြဿနာများသည် ယခုအခါ အတွေးတစ်ချက် ဝင်လာရုံမျှဖြင့် ပြီးပြည့်စုံသော အဖြေပေါင်းစုံ ထွက်ပေါ်လာကာ လွယ်ကူစွာ ဖြေရှင်းနိုင်သွားသည်ကို တွေ့ရှိလိုက်ရသည်။

'နှမြောစရာ ကောင်းတာက... ဒါက ဉာဏ်ပညာ နှလုံးသားရဲ့ ငါးပုံတစ်ပုံပဲ ရှိသေးတဲ့ အပိုင်းအစ ဖြစ်နေတာပဲ... ဉာဏ်ပညာ နှလုံးသား တစ်ခုလုံး ပြည့်စုံဖို့ဆိုရင် နောက်ထပ် အပိုင်းအစ (၄) ခု ထပ်ရှာပြီး စုပ်ယူဖို့ လိုသေးတယ်...'

ယဲ့ဖုန်း သူ့ဘာသာ ရေရွတ်လိုက်၏။ ထို့နောက် သူသည် သံရည်ကျိုမီးဖို အဆင့်မြှင့်တင်ခြင်း စွမ်းအင်ကို ကြည့်လိုက်သည်။ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သံရည်ကျိုမီးဖိုထဲသို့ ပေါင်းထည့်ပေးလိုက်တော့သည်။

“ဝုန်း...”

မူလကတည်းက ထိပ်တန်း အရည်အသွေး ဝိညာဉ်လက်နက် ဖြစ်နေသော သံရည်ကျိုမီးဖိုမှာ စတင် တုန်ခါလာ၏။ မျက်နှာပြင်ပေါ်ရှိ ဝင်္ကပါ မျဉ်းကြောင်းများမှာ ပိုမို ရှုပ်ထွေး နက်နဲလာကာ၊ နားလည်ရန် ခက်ခဲသော ကောင်းကင်နှင့် မြေကြီး၏ အန္တိမ တရားသဘောများ ပါဝင်နေသယောင် ဖြစ်လာသည်။

ယဲ့ဖုန်း ထို ဝင်္ကပါ မျဉ်းကြောင်းများကို လေ့လာ ကြည့်ရှုလိုက်သည်။

'ဟေ... ငါ ဒါတွေကို နားလည်နေပါလား...'

သူ မျက်တောင် ခတ်လိုက်မိသည်။ ဉာဏ်ပညာ နှလုံးသားက တကယ်ကို အစွမ်းထက်လှကြောင်း စိတ်ထဲတွင် တိတ်တဆိတ် ချီးကျူးလိုက်မိ၏။ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ဘိုးဘေးကြီးများပင် ခေါင်းပေါက်အောင် စဉ်းစားရမည့် ရှေးဟောင်း ဝင်္ကပါ မျဉ်းကြောင်းများကို သူကမူ မျက်စိတစ်မှိတ် အတွင်းမှာပင် အလုံးစုံ နားလည် သဘောပေါက်နိုင်ခဲ့ပြီပင်။

“ဂျိန်း... ဂျိန်း... ဂျိန်း...”

သံရည်ကျိုမီးဖိုသည် အဆင့်နိမ့် ဝိညာဉ်ရတနာ အဖြစ်သို့ အဆင့်တက်သွားသည်နှင့် တပြိုင်နက်၊ မြူခိုးဂိုဏ်း၏ ကောင်းကင်ယံ အထက်တွင် ကိုးဆင့် ကောင်းကင်ဘုံ ကပ်ဘေး တိမ်တိုက်များ နောက်တစ်ကြိမ် ထပ်မံ စုရုံးလာပြန်သည်။

“အခုကျတော့ ဘာဖြစ်ပြန်တာလဲ...”

ဝမ်ရွှမ်ဖင်း တစ်ယောက် တစ်ညလုံး အိပ်မပျော်နိုင် ဖြစ်နေခဲ့ရာမှ၊ မိုးကြိုးသံ ကြားလိုက်ရသဖြင့် တရားထိုင်ဖျာပေါ်မှ ချက်ချင်း ထခုန်လိုက်မိသည်။ ပိုးသားစောင်ကို ပတ်လျက်သားဖြင့် တဝက်ဟနေသော ပြတင်းပေါက်မှ ခေါင်းပြူထွက်ကာ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။

“ဝုန်း...”

သူမ၏ မျက်လုံးထဲတွင် မြင်လိုက်ရသည်မှာ မြူခိုးတောင်ထိပ် ကောင်းကင်ယံ၌ တွဲလွဲ ခိုနေသော ထူးဆန်းသည့် မီးဖိုကြီး တစ်လုံး ဖြစ်သည်။ ထိုမီးဖို၏ ကိုယ်ထည်တစ်ခုလုံးမှာ ရှေးဟောင်း ဝင်္ကပါ မျဉ်းကြောင်းများ ဖုံးလွှမ်းနေပြီး၊ အထက်မှ ကပ်ဘေးတိမ်တိုက်များကို ငတ်မွတ်စွာ ဝါးမြိုနေသည်။

'ဒါ ဘယ်လို ဝိညာဉ်ရတနာမျိုးမို့လို့ ကောင်းကင်ဘုံ ကပ်ဘေးကိုတောင် ပြန်ဝါးမြိုနိုင်ရတာလဲ...'

ဝမ်ရွှမ်ဖင်း ရင်ထဲတွင် တုန်လှုပ်သွားရသည်။ သို့သော် သံရည်ကျိုမီးဖိုမှာမူ ကောင်းကင်မိုးကြိုးများကို လျင်မြန်သော အရှိန်ဖြင့် ဝါးမြိုနေသည်။

လက်ဖက်ရည် တစ်အိုးကျက် ခန့် ကြာပြီးနောက်...

ကောင်းကင်ထက်မှ ကပ်ဘေးတိမ်တိုက်များ လုံးဝ ကင်းစင်သွားတော့သည်။ တောက်ပသော လရောင်သည် ပိုးသား ပုဝါပါးလေး တစ်ချပ်သဖွယ် မြေပြင်ပေါ်သို့ ဖြာကျလာသည်။ မြူခိုးဂိုဏ်း အတွင်းရှိ ကြယ်ရောင်စုံသော ညချမ်းသည် ယခင်ကထက် ပိုမို လှပနေသည်ကို လူတိုင်း သတိထားမိလိုက်ကြ၏။

မြူခိုးတောင်ထိပ်တွင်...

ယဲ့ဖုန်းသည် ပြန်ကျလာသော သံရည်ကျိုမီးဖိုကို လှမ်းဖမ်းလိုက်သည်။ တောက်ပနေသော ကြယ်တာရာ ကောင်းကင်ကြီးကို မော့ကြည့်ရင်း သူ၏ နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် ကွေးညွတ်သွားသည်။

“ကြယ်တာရာ မဟာ ဝင်္ကပါ ခင်းကျင်းပြီးတဲ့နောက် မြူခိုးဂိုဏ်းရဲ့ ညရှုခင်းက ပိုပြီး လှလာပါလား...”

ထိုသို့ ပြောပြီးနောက် သူသည် ဂိုဏ်းချုပ် ခန်းမဆောင်ကြီး အတွင်းသို့ ပြန်ဝင်သွား၏။

ထိုညတွင်...

ယဲ့ဖုန်း ရရှိလိုက်သော အကျိုးအမြတ်များမှာ သာမန်မဟုတ်ဘဲ အလွန် ကြီးမားလွန်းလှသည်။ ဟူဖေးဖေး နှင့် သံရည်ကျိုမီးဖိုတို့ နှစ်ခုစလုံး အဆင့်နိမ့် ဝိညာဉ်ရတနာ အဖြစ်သို့ အဆင့်တက်သွားခြင်း၊ ကြယ်တာရာ မဟာ ဝင်္ကပါကြီး တည်ဆောက်နိုင်ခဲ့ခြင်း၊ အဆင့်နိမ့် ဝိညာဉ်ရတနာ 'ပြင်းထန်သော မိုးကြိုး ဝရဇိန်ထီး' ကို ရရှိခြင်း၊ ဉာဏ်ပညာ နှလုံးသား၏ ငါးပုံတစ်ပုံ အပိုင်းအစကို ပေါင်းစပ်နိုင်ခဲ့ခြင်း...

ဤအရာ တစ်ခုစီတိုင်းသည်ပင် လူအများကို ရူးသွပ်သွားစေနိုင်လောက်အောင် တန်ဖိုးကြီးမားလှသည်။ ထိုအရာ အားလုံးကို ယဲ့ဖုန်း တစ်ယောက်တည်း ပိုင်ဆိုင်လိုက်ရခြင်း ဖြစ်ပါ၏။

အခန်း (၅၁၂) - ထူးဆန်းသော ယင်ရှာနယ်မြေ၊ ဉာဏ်ပညာ နှလုံးသား၏ စွမ်းအား

~နောက်တစ်နေ့ နံနက် အရုဏ်တက်ချိန်တွင်...

မြူခိုးဂိုဏ်း၏ အဓိကရင်ပြင်ကျယ်ကြီး၌ တပည့်များသည် မန္တန်များကို လေ့ကျင့်နေကြသော်လည်း၊ လူတိုင်း၏ မျက်လုံးအောက်တွင် ကြီးမားသော မျက်ကွင်းညိုကြီးများကိုယ်စီ ရှိနေကြသည်။

“မင်းတို့ မနေ့ညက ကောင်းကောင်း အိပ်မပျော်ကြဘူးလား...”

ယဲ့ဖုန်းသည် ချောင်ကျားရှီးကို လှမ်းကြည့်လိုက်ရာ၊ ထိုကောင်လေး၏ မျက်လုံးအောက်မှ ထူထဲသော မျက်ကွင်းညိုကြီးများကို သတိထားမိလိုက်ပြီး မရယ်ဘဲ မနေနိုင် ဖြစ်သွားရ၏။

“မနေ့ညက ကိုးဆင့် ကောင်းကင်ဘုံ ကပ်ဘေးကြီး နှစ်ကြိမ်တောင် ဆက်တိုက် ကျရောက်လာတာကြောင့်၊ တပည့်တွေအားလုံး ကြောက်လန့်ပြီး တစ်ညလုံး အိပ်မပျော်နိုင် ဖြစ်ခဲ့ရပါတယ်... ကျွန်တော်တို့ တစ်ညလုံး ကျင့်ကြံနေခဲ့ရလို့ အခု အရမ်း ပင်ပန်းနေကြတာပါ...”

ချောင်ကျားရှီးက အားနည်းသော လေသံဖြင့် ပြန်ဖြေသည်။

ယဲ့ဖုန်း ချက်ချင်းပင် ဇဝေဇဝါ ဖြစ်သွားရ၏။ တပည့်များ အားလုံးသည် ကျင့်ကြံသူများ ဖြစ်ကြရာ၊ သီအိုရီအရဆိုလျှင် ဆယ်ရက် ဆယ်ညလောက် မအိပ်ဘဲ နေလျှင်တောင် မျက်ကွင်းညိုစရာ အကြောင်းမရှိပေ။ သို့သော် ယနေ့တွင်မူ သူတို့အားလုံး ပုံမှန် မဟုတ်ဘဲ ထူးဆန်းနေကြသည်။

“ဟေ...”

ရုတ်တရက် ယဲ့ဖုန်းသည် ချောင်ကျားရှီး၏ ခေါင်းအထက်တွင် ဝဲပျံနေသော ယင်ရှာချီ တစ်မျှင်ကို သတိထားမိလိုက်သည်။ သူ လက်ကို ဆန့်ထုတ်လိုက်ပြီး ထို ယင်ရှာချီကို သတ်ဖြတ်ခြင်း အရှိန်အဝါဖြင့် စုပ်ယူလိုက်ရာ၊ ချောင်ကျားရှီးမှာ ချက်ချင်းဆိုသလို လန်းဆန်းသွားပြီး မျက်ကွင်းညိုများလည်း ပျောက်ကွယ်သွားတော့သည်။

“ဒါ ဘာဖြစ်တာလဲဟ...”

ယဲ့ဖုန်း မျက်မှောင်ကြုတ်လိုက်မိသည်။

'မူမမှန်မှုတွေ ဖြစ်လာပြီဆိုရင်၊ နောက်ကွယ်မှာ သေချာပေါက် အကြောင်းရင်း တစ်ခုခု ရှိနေစမြဲပဲ... မြူခိုးဂိုဏ်းထဲမှာ ဘာကြောင့်များ ယင်ရှာချီတွေ ပေါ်ပေါက်လာရတာလဲ... ပြီးတော့ တပည့်တိုင်းရဲ့ ကိုယ်မှာ ယင်ရှာချီ တစ်မျှင်စီ ရစ်ပတ်နေကြပြီး မျက်ကွင်းညိုတွေ ဖြစ်ကုန်တာလား...'

“ဝမ်ရွှမ်ဖင်း လက်ချက်များလား...”

ယဲ့ဖုန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး၊ မြူခိုးတောင်ထိပ်ပေါ်သို့ ပြန်တက်ကာ အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။ သစ်ပင်ကြီး တစ်ပင်အောက်တွင် ဝမ်ရွှမ်ဖင်း တစ်ယောက် လေးနက်သော အမူအရာဖြင့် ကြေးမုံပြင်ကို ကြည့်နေသည်ကို တွေ့လိုက်ရ၏။ သူမ၏ မျက်လုံးအောက်၌လည်း မျက်ကွင်းညိုကြီး နှစ်ခု ရှိနေသည်။

'သူမ လက်ချက် မဟုတ်ဘူးပဲ...'

ယဲ့ဖုန်း အခြေအနေကို သုံးသပ်ပြီးနောက် သူ၏ အကြည့်များ စူးရှသွားတော့၏။ ဉာဏ်ပညာ နှလုံးသားကို ရရှိပြီးသည့် အချိန်မှစ၍၊ သူသည် ပြဿနာ အများစုကို တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ဖြေရှင်းနိုင်စွမ်း ရှိလာခဲ့သည်။ ပတ်ဝန်းကျင်ကို လေ့လာပြီးနောက် မကြာမီမှာပင် ယင်ရှာချီ၏ မြစ်ဖျားခံရာ နေရာကို ရှာတွေ့သွား၏။

ဝိညာဉ်စမ်းရေတွင်း...

ထိုစမ်းရေတွင်းမှ ဝိညာဉ်စွမ်းအင် အများအပြား ပါဝင်သော စမ်းရေများ ထွက်ပေါ်နေရုံသာမက၊ ယင်ရှာချီ အမြောက်အမြားပါ ရောနှော ပါဝင်နေခြင်း ဖြစ်သည်။ သန့်စင်ခြင်း ကြာစိမ်းပင်လျှင် ၎င်းတို့ကို အချိန်မီ သန့်စင်ပေးနိုင်စွမ်း မရှိတော့ပေ။

'ငါ သဘောပေါက်ပြီ... မြေအောက်ထဲမှာ ယင်ရှာနယ်မြေ တစ်ခု ရှိနေတာပဲ... ပုံမှန်ဆိုရင် ဒီ ယင်ရှာနယ်မြေကို တံဆိပ်ခတ် ပိတ်လှောင်ထားတာ... ဒါပေမဲ့ မကြာသေးခင်က ဖြစ်ခဲ့တဲ့ တိုက်ပွဲရဲ့ ဂယက်ရိုက်ခတ်မှုတွေ ပြင်းထန်လွန်းတာကြောင့် တံဆိပ်ခတ်ထားတဲ့ နေရာမှာ အက်ကွဲကြောင်းတွေ ဖြစ်သွားတာပဲ...'

'ပြီးတော့ မနေ့ညက မင်းသမီးလေးရော၊ သံရည်ကျိုမီးဖိုရော ကပ်ဘေးကို တစ်ခုပြီးတစ်ခု ကျော်ဖြတ်လိုက်ကြတော့၊ အဲဒီ တံဆိပ်ခတ်ထားတဲ့ နေရာက လုံးဝ ပွင့်ထွက်သွားတာ ဖြစ်မယ်... အဲဒီက ထွက်လာတဲ့ ယင်ရှာချီတွေက ဝိညာဉ်စမ်းရေတွင်း တစ်လျှောက် မြူခိုးဂိုဏ်း တစ်ခုလုံးကို ပျံ့နှံ့သွားပြီး၊ လူတိုင်းကို ရစ်ပတ်ထားလို့ အခုလို မကောင်းတဲ့ လက္ခဏာတွေ ဖြစ်ကုန်တာပေါ့...'

ယဲ့ဖုန်း ရင်ထဲတွင် ရှင်းရှင်းလင်းလင်း သဘောပေါက်သွားတော့သည်။ အကယ်၍သာ သူ့၌ ဉာဏ်ပညာ နှလုံးသားနှင့် ထိုးထွင်းသိမြင်သော မျက်လုံးသာ မရှိခဲ့လျှင်၊ အမှန်တရားကို ရှာဖွေတွေ့ရှိရန် အတော်ကြာအောင် စုံစမ်းစစ်ဆေးနေရပေဦးမည်။ သို့သော် ယခုအခါတွင်မူ အသက်ရှူချိန် အနည်းငယ် အတွင်းမှာပင် ယင်ရှာချီ၏ ဇာစ်မြစ်ကို ဖမ်းဆုပ်နိုင်ခဲ့ပြီပင်။

“ဝေါ...”

ယဲ့ဖုန်း ချက်ချင်းပင် မြေအောက်သို့ ငုပ်လျှိုးဆင်းသွား၏။ ဝိညာဉ်စမ်းရေတွင်း လမ်းကြောင်း တစ်လျှောက် ပိုမို နက်ရှိုင်းသော နေရာသို့ ဆင်းသွားရာ၊ နောက်ဆုံးတွင် မြေပြင်အောက် မိုင်တစ်ရာခန့် အကွာရှိ မြေအောက်မြစ် တစ်ခုသို့ ရောက်ရှိသွားသည်။

ထိုနေရာ တစ်ခုလုံးသည် အမှောင်ထု ဖုံးလွှမ်းနေပြီး အရိုးခိုက်မတတ် အေးစက်လှသည်။ ယဲ့ဖုန်းသည် မြေအောက်မြစ်ရေပြင် အထက်တွင် ဝဲပျံနေရင်း၊ ထိုးထွင်းသိမြင်သော မျက်လုံးနှင့် ဝိညာဉ်မျက်လုံးတို့ကို တပြိုင်နက် အသက်သွင်းလိုက်ရာ၊ ရှေ့မှ အမှောင်ထုကြီးမှာ ချက်ချင်း ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားသည်။

အရာအားလုံးမှာ ရှင်းလင်း ပြတ်သားစွာ ပေါ်လာတော့သည်။ မကြာမီမှာပင် မြေအောက်မြစ် အလယ်ရှိ ကျွန်းငယ်လေး တစ်ကျွန်းကို တွေ့ရှိလိုက်ရပြီး၊ ထိုကျွန်းပေါ်တွင် ထူထဲသော ယင်ရှာချီများကို အဆက်မပြတ် ထုတ်လွှတ်နေသည့် မည်းနက်နေသော အလောင်းကောင် တစ်ခုကို မြင်လိုက်ရသည်။

'ဒါ မူလနတ်ဘုရားအဆင့် မဟာတန်ခိုးရှင် တစ်ယောက်ရဲ့ အလောင်းကောင်ပဲ...'

ယဲ့ဖုန်း ထိုပုဂ္ဂိုလ်ကို စစ်ဆေးကြည့်လိုက်၏။

'လွန်ခဲ့တဲ့ နှစ် (၃၀၀၀) က သေဆုံးသွားခဲ့တာပဲ... ယုတ်မာတဲ့ အထောက်အကူပြု ကျင့်စဉ် တစ်ခုကို ကျင့်ကြံခဲ့တာကြောင့် တစ်ကိုယ်လုံးမှာ မိစ္ဆာချီတွေ ဖုံးလွှမ်းနေတယ်... ဒါပေမဲ့ တစ်ယောက်ယောက်က ဒီအလောင်းကောင်ကို တံဆိပ်ခတ် ပိတ်လှောင်ထားခဲ့ပုံရတယ်... မိစ္ဆာချီတွေက ထွက်ပေါက်မရှိဘဲ စုပုံလာရာကနေ တဖြည်းဖြည်း ပေါင်းစပ်သွားပြီး၊ နောက်ဆုံးမှာ အဆင့်မြင့် ယင်ရှာချီတွေ အဖြစ် ပြောင်းလဲသွားတာပဲ...'

ယဲ့ဖုန်းသည် ထိုပုဂ္ဂိုလ်၏ မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် နောက်ခံသမိုင်းကို ခွဲခြား သိမြင်လိုက်သည်။ သူသည် အလောင်းကောင် ဘေးတွင် ရပ်လိုက်ပြီး၊ လက်ကို ဆန့်ထုတ်ကာ သတ်ဖြတ်ခြင်း အရှိန်အဝါကို အသုံးပြု၍ ယင်ရှာချီ အားလုံးကို စုပ်ယူလိုက်တော့သည်။

ဝိညာဉ်စမ်းရေတွင်း လမ်းကြောင်း တစ်လျှောက်နှင့် မြူခိုးဂိုဏ်း အတွင်း၌ ပျံ့လွင့်နေသော ယင်ရှာချီများပါ ပြန်လည် စီးဆင်းလာပြီး၊ အားလုံးကို ယဲ့ဖုန်းက စုပ်ယူ ဝါးမြိုလိုက်၏။

မြူခိုးဂိုဏ်းတွင်...

ဝမ်ရွှမ်ဖင်းသည် သူမ၏ ခန္ဓာကိုယ်မှ ယင်ရှာချီများ ကွယ်ပျောက်သွားသည်ကို ခံစားလိုက်ရပြီး၊ မျက်ကွင်းညိုများလည်း ချက်ချင်း ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ သူမ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အခြားသူများလည်း ထိုနည်းတူ ဖြစ်နေကြသည်ကို တွေ့လိုက်ရ၏။

'တကယ်တော့ ဘာတွေ ဖြစ်သွားတာလဲ...'

ဝမ်ရွှမ်ဖင်း နားမလည်နိုင် ဖြစ်သွားရသည်။ မူလက သူမသည် ဝိညာဉ်ဝါးမြို မျိုးနွယ်စု၏ မဟာတန်ခိုးရှင် တစ်ဦးက လုပ်ကြံရန် ကြံစည်နေသည်ဟု ထင်မှတ်ခဲ့သော်လည်း၊ သေချာ စဉ်းစားကြည့်သောအခါ တစ်ခုခု လွဲနေကြောင်း ခံစားမိလိုက်သည်။ ယခုအခါ ယင်ရှာချီများ ဆန်းကြယ်စွာ ပြန်လည် ဆုတ်ခွာသွားသည်ကို မြင်လိုက်ရသောအခါ၊ သူမ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရ၏။

'အရာအားလုံးက နားလည်ရခက်ပြီး ဖမ်းဆုပ်လို့ မရနိုင်တော့ဘူး...'

မြေအောက် မိုင်တစ်ရာ အကွာတွင်...

ယဲ့ဖုန်းသည် အလောင်းကောင်မှ ယင်ရှာချီများကို အကုန်အစင် စုပ်ယူပြီးသွားသောအခါ၊ ရုတ်တရက် ထိုအလောင်းကောင်မှာ “ဂျွတ်” ခနဲ အက်ကွဲသွားပြီး အရိုးပြာများ အဖြစ် ပြောင်းလဲသွားသည်။

အရိုးပြာပုံ အတွင်း၌ ကျောက်တုံးစာချပ် အသေးစားလေး တစ်ခုကို ယဲ့ဖုန်း တွေ့ရှိလိုက်၏။ မူလက ၎င်းသည် အလောင်းကောင်၏ အောက်တွင် ဖိထားခြင်း ခံရသည်။ အလောင်းကောင် ပြာကျသွားသောအခါ ၎င်းသည် အလိုလို ပေါ်ထွက်လာခြင်း ဖြစ်ရာ၊ ယဲ့ဖုန်း ကောက်ယူလိုက်သည်။

'ဒါ ကြယ်တာရာ ကောင်းကင် ကလာတဲ့ ကျောက်စာချပ်ပဲ...'

ယဲ့ဖုန်းသည် တစ်စုံတစ်ခုကို ဖော်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် ကျောက်စာချပ်ကို ကြည့်လိုက်သော်လည်း၊ ၎င်း၏ မျက်နှာပြင်ပေါ်တွင် မည်သည့် စာသား သို့မဟုတ် အထူး သင်္ကေတမျှ မတွေ့ရပေ။ ကြယ်တာရာ ကောင်းကင်မှ လာသည် ဆိုသော အချက်မှလွဲ၍ ကျန်တာ ဘာမှ ထူးခြားမှု မရှိပေ။

ယဲ့ဖုန်း ခေတ္တမျှ တွေဝေနေပြီးနောက်၊ ကျောက်စာချပ်ကို စနစ်နေရာလပ် အတွင်းသို့ ပစ်ထည့်လိုက်တော့သည်။ သူ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး အခြား ဘာမှ မတွေ့ရတော့သဖြင့်၊ ချက်ချင်းပင် မြေလျှိုးကာ မြူခိုးဂိုဏ်းသို့ ပြန်လာခဲ့သည်။

သူသည် မြူခိုးဂိုဏ်း တစ်ခုလုံးကို စစ်ဆေးရန် နတ်ဘုရား အာရုံကို ဖြန့်ကျက်လိုက်သည်။ ယင်ရှာချီ အားလုံးကို ဝါးမြိုပြီးဖြစ်ကြောင်းနှင့် တပည့်များ၏ မျက်ကွင်းညိုများ ပျောက်ကွယ်သွားကြောင်း သိလိုက်ရမှသာ ယဲ့ဖုန်း စိတ်သက်သာရာ ရသွားတော့၏။ သူသည် ပက်လက်ကုလားထိုင်ပေါ်တွင် လှဲလျောင်းရင်း ဘဝအကြောင်း တွေးတော နေလိုက်တော့သည်။

နှစ်ရက် ကြာပြီးနောက်...

မြူခိုးဂိုဏ်းသည် ကြယ်နှစ်ပွင့် အဆင့်သတ်မှတ်ချက် စာမေးပွဲကို အောင်မြင်သွားပြီ ဖြစ်ကြောင်း သတင်းမှာ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် တစ်ဝန်းသို့ တဟုန်ထိုး ပေါက်ကြားသွားသည်။ မြူခိုးဂိုဏ်း၏ ကြယ်အဆင့် တိုးမြှင့်ခြင်း အခမ်းအနား ကျင်းပရန် ရက်အနည်းငယ်သာ လိုတော့ကြောင်း သိလိုက်ရသောအခါ၊ အင်အားစုကြီး အသီးသီးမှ လက်ဆောင်များကို ချက်ချင်း ပြင်ဆင်ကြတော့၏။

...

“ဂိုဏ်းချုပ်... ကျွန်မ ဖိတ်စာတွေ အကုန် ပို့ပြီးပါပြီ...”

ကုန်းချင်းချိုးသည် ယဲ့ဖုန်း၏ ရှေ့တွင် ရပ်ကာ အခြေအနေကို သတင်းပို့လာသည်။

“ကောင်းတယ်...”

ယဲ့ဖုန်း ကျေနပ်စွာ ခေါင်းငြိမ့်လိုက်၏။

“ဒါက အံ့ဖွယ် ဝိညာဉ်ပြောင်းလဲခြင်း ဆေးလုံးပဲ... သေချာ သိမ်းထားလိုက်... အရေးကြီးတဲ့ အချိန်ကျရင် ဝိညာဉ်ပင်လယ်အဆင့်ကို ချိုးဖောက်ဝင်ရောက်ဖို့ သုံးလို့ရတယ်...”

သူ လက်ဝါးကို ဖြန့်လိုက်ရာ၊ လက်ဝါးအလယ်တွင် ဆေးလုံးတစ်လုံး ပေါ်လာသည်။

ဤကာလ တစ်လျှောက်လုံးတွင် ကုန်းချင်းချိုးသည် ဝိညာဉ်စွမ်းအင်စုစည်းခြင်း မျှော်စင်သို့ မကြာခဏ သွားရောက် ကျင့်ကြံခဲ့သဖြင့်၊ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ မကြာမီ သူမသည် ဝိညာဉ်ပင်လယ်အဆင့်သို့ တက်လှမ်းရန် ကြိုးပမ်းတော့မည်ဟု ယဲ့ဖုန်း ယုံကြည်နေ၏။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်...”

ကုန်းချင်းချိုးသည် ဆေးလုံးကို လက်ခံရယူပြီးနောက် ပြန်ထွက်သွားသည်။

ထိုညတွင်...

ယဲ့ဖုန်း မော့ကြည့်လိုက်ရာ လပြည့်ည ဖြစ်နေသည်ကို သတိပြုမိလိုက်၏။

လရောင်စွမ်းအား အမြောက်အမြား ဖြာကျလာနေပြီး၊ ကြယ်တာရာ မဟာ ဝင်္ကပါမှ ယင်းတို့ကို စုပ်ယူနေသည်။ ရလဒ်အနေဖြင့် မြူခိုးဂိုဏ်း၏ အထက် ကောင်းကင်ယံတွင် နူးညံ့ပြီး မြင့်မြတ်သော အလင်းရောင်ခြည်ဝန်းကြီး တစ်ခု ပေါ်ထွက်လာရာ၊ မြင်ရသူတိုင်းကို ဖမ်းစားထားသကဲ့သို့ ရှိနေ၏။

ရုတ်တရက် ယဲ့ဖုန်း၏ အကြည့်များ ပြောင်းလဲသွားသည်။ သူ လက်ကို ဆန့်ထုတ်လိုက်ရာ၊ လက်ဝါးပေါ်တွင် မြေအောက်မှ ရရှိခဲ့သော ရိုးရှင်းသည့် ကျောက်စာချပ်လေး ရောက်ရှိလာ၏။ ၎င်း၏ မျက်နှာပြင်ပေါ်တွင် မှိန်ဖျဖျ ငွေရောင် မှော်စာလုံးများ ပေါ်ထွက်လာနေသည် မဟုတ်ပါလော။

'ငါ သဘောပေါက်ပြီ... ဒီကျောက်စာချပ်ထဲမှာ အလွန် နက်နဲတဲ့ တားမြစ်ပိတ်ပင်မှု တစ်ခု ထည့်သွင်းထားတာပဲ... လပြည့်ည ရောက်မှသာ ကျောက်စာတွေကို ဖော်ပြပေးတာကိုး...'

ယဲ့ဖုန်း ဉာဏ်အလင်း ပွင့်သွား၏။

သူသည် ကျောက်စာများကို နားလည် သဘောပေါက်နိုင်ရန် ဉာဏ်ပညာ နှလုံးသားကို အသက်သွင်းလိုက်သည်။ ထိုစာလုံးများသည် အလွန် ရှေးကျပြီး ကြယ်တာရာ ကောင်းကင်မှ လာသော စာလုံးများ ဖြစ်သည့်အတွက် သာမန်လူများ နားလည်နိုင်မည် မဟုတ်သော်လည်း၊ ယဲ့ဖုန်း အတွက်မူ အခက်အခဲ မရှိပေ။

ညဉ့်နက်ပိုင်း အချိန်တွင်...၊

ယဲ့ဖုန်း ရုတ်တရက် အသက်ပြင်းပြင်း ရှူလိုက်မိသည်။

သူ၏ မျက်လုံးများသည် တောက်ပသော မီးအိမ်နှစ်လုံးကဲ့သို့ အရောင်တောက်လာ၏။

ဤကျောက်စာချပ်ထဲမှ နတ်ဘုရား စွမ်းရည် တစ်ခုကို သူ ရရှိလိုက်ပြီ ဖြစ်သည်။ ၎င်း၏ အမည်မှာ “ထူးဆန်းသော ကျိန်စာ” ပင်။

ဤ နတ်ဘုရား စွမ်းရည်သည် ကျင့်ကြံရန် လိုအပ်ချက် အလွန် မြင့်မားလှ၏။ ကျင့်ကြံခွင့် ရရှိရန်အတွက် ရှေးဦးစွာ သတ်ဖြတ်ခြင်း အရှိန်အဝါကို ပိုင်ဆိုင်ထားရမည်။ အတိုင်းအတာ တစ်ခုအထိ အောင်မြင်လိုပါက၊ သတ်ဖြတ်ခြင်း အရှိန်အဝါကို အဆင့်ပိုမြင့်သော ယင်ရှာချီ အဖြစ် စုစည်းနိုင်ရမည်။ ပြီးပြည့်စုံသော အဆင့်ထိ တတ်မြောက်လိုပါက၊ သတ်ဖြတ်ခြင်း အရှိန်အဝါ၏ မူလအမြုတေကို အမှီပြုမှသာ ရနိုင်မည်။

ကျင့်ကြံရန် ခက်ခဲသော်လည်း၊ တတ်မြောက်သွားပါက “ထူးဆန်းသော ကျိန်စာ” ၏ စွမ်းအားမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။

'တစ်ညလုံး စဉ်းစားတွက်ချက်ပြီးတာတောင်မှ၊ ငါ ခက်ခက်ခဲခဲနဲ့ပဲ ကျင့်ကြံလို့ ရနိုင်ခဲ့တယ်... ကဲ... အခု ဒီ နတ်ဘုရား စွမ်းရည်ရဲ့ အစွမ်းကို စမ်းသပ်ကြည့်ရအောင်...'ယ

ယဲ့ဖုန်း ချက်ချင်းပင် နေရာရွှေ့ပြောင်းလိုက်သည်။

လီ (၃၀၀၀၀) အကွာတွင်...

ဤနေရာသည် လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်၏ နယ်နိမိတ် အပြင်ဘက် ဖြစ်ပြီး၊ နတ်ဆိုးသားရဲများ သောင်းကျန်းရာ ဒေသဖြစ်သည့် “မြုံသော သဲကန္တာရ” နှင့် ကပ်လျက် တည်ရှိ၏။

ယဲ့ဖုန်းသည် ထိုးထွင်းသိမြင်သော မျက်လုံးကို အသုံးပြု၍၊ တောင်ထိပ်တစ်ခုပေါ်တွင် ဝပ်နေပြီး မကြာခဏ ဖျက်ဆီးသောင်းကျန်းလေ့ရှိသော မိစ္ဆာသားရဲ တစ်ကောင်ကို ရှာဖွေတွေ့ရှိလိုက်သည်။

“ကျိန်စာ သတ်ဖြတ်ခြင်း...”

သူ လက်ဟန်များ ရေးဆွဲလိုက်ရာ၊ ခန္ဓာကိုယ် အတွင်းရှိ သတ်ဖြတ်ခြင်း အရှိန်အဝါများ စီးဆင်းလာပြီး၊ အဝေးမှ မိစ္ဆာသားရဲထံသို့ လက်ညှိုးထိုး ညွှန်လိုက်၏။

တိတ်ဆိတ် ငြိမ်သက်စွာပင်... မိစ္ဆာသားရဲသည် အသက်ရှူကျပ်လာသကဲ့သို့ ခံစားလိုက်ရပြီး၊ ရင်ဘတ်ကို အတင်း ထုနှက် ကုတ်ဖဲ့နေတော့သည်။ သို့သော် နောက်တစ်ခဏ၌ သူ၏ အသိစိတ်များ လျင်မြန်စွာ မှေးမှိန်ပျောက်ကွယ်သွားပြီး လုံးဝ ပြိုလဲသွားတော့သည်။ ဧရာမ ခန္ဓာကိုယ်ကြီးသည် “ဝုန်း” ခနဲ နေရာမှာပင် လဲကျသွားပြီး အသက်မဲ့သွား၏။

'မဆိုးဘူးပဲ...'

ယဲ့ဖုန်း အတော်လေး ကျေနပ်သွားသည်။ “ထူးဆန်းသော ကျိန်စာ” အမည်ရသည့် ဤ နတ်ဘုရား စွမ်းရည်သည် ဝိညာဉ်များကို သတ်ဖြတ်ရာတွင် အထူးပြုသည်။ ၎င်းသည် သတ်ဖြတ်ခြင်း အရှိန်အဝါ၊ ယင်ရှာချီ နှင့် သတ်ဖြတ်ခြင်း စွမ်းအား ကဲ့သို့သော မကောင်းသော စွမ်းအင်များကို အသုံးပြုပြီး၊ ကောင်းကင်နှင့် မြေကြီး၏ နိယာမတရားများနှင့် ဆက်သွယ်ကာ၊ ကျိန်စာသင့်သူ၏ ဝိညာဉ်ကို အတင်းအကျပ် ချေမှုန်းပစ်ပြီး သတ်ဖြတ်ခြင်း အရှိန်အဝါ အဖြစ် ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်၏။

ဤ နတ်ဘုရား စွမ်းရည်ကို ရှောင်တိမ်း၍ မရနိုင်ပေ။ တစ်ခုတည်းသော နည်းလမ်းမှာ ကျိန်စာကို ခုခံကာကွယ်ရန် မိမိ၏ ကိုယ်ပိုင် စွမ်းအားကြီးမားသော ဝိညာဉ်ကို အားကိုးခြင်းသာ ရှိသည်။ ခံနိုင်ရည်ရှိလျှင် အသက်ရှင်မည်။ မခံနိုင်လျှင် သေချာပေါက် သေလမ်းသာ ရှိတော့၏။

'ဒီ နတ်ဘုရား စွမ်းရည်က အရမ်း ကောက်ကျစ်ပြီး အရမ်းလည်း အန္တရာယ် များတယ်...'

ယဲ့ဖုန်း ပြဿနာကို သဘောပေါက်လိုက်သည်။

'တကယ်လို့ မြူခိုးဂိုဏ်းရဲ့ ရန်သူတွေကလည်း ဒီနည်းလမ်းကို သိထားကြမယ်ဆိုရင်၊ သူတို့သာ ဒီစွမ်းရည်ကို သုံးလိုက်ရင် တပည့်တွေ ရှောင်လွှဲနိုင်မယ့် နည်းလမ်း မရှိဘူး... ကံကောင်းတာက သတ်ဖြတ်ခြင်း အရှိန်အဝါရဲ့ မူလအမြုတေ ရှိသူတွေသာ “ထူးဆန်းသော ကျိန်စာ” ရဲ့ စွမ်းအားအပြည့်အဝကို ထုတ်သုံးနိုင်တာပဲ... သာမန် သတ်ဖြတ်ခြင်း အရှိန်အဝါ သို့မဟုတ် ယင်ရှာချီလောက်ပဲ ပိုင်ဆိုင်ထားမယ်ဆိုရင်၊ ဒီ နတ်ဘုရား စွမ်းရည်ရဲ့ စွမ်းအားက အများကြီး လျော့နည်းသွားလိမ့်မယ်... အဆင့်တူ ကျင့်ကြံသူ တစ်ယောက်ကိုတောင် သတ်နိုင်မှာ မဟုတ်ဘဲ၊ ကိုယ့်ထက် အဆင့်နိမ့်သူတွေကိုပဲ အနိုင်ကျင့်လို့ ရနိုင်လောက်တယ်...'

လက်ဖက်ရည် တစ်ဝက်ခန့် သောက်ချိန် ကြာပြီးနောက်...

ယဲ့ဖုန်း မြူခိုးဂိုဏ်းသို့ ပြန်ရောက်လာခဲ့သည်။ သူသည် ကျောက်စာချပ်ကို သိမ်းဆည်းလိုက်ပြီး အေးချမ်းစွာ အိပ်စက် အနားယူလိုက်တော့၏။

အခန်း (၅၁၃)- လီကျောက်ကျောက်၏ ဟင်းချက်စွမ်းရည် တိုးတက်လာခြင်း၊ ကျောက်ဝိညာဉ် လူစကား ပြောတတ်လာခြင်း

~နောက်တစ်နေ့ နံနက် အရုဏ်တက်ချိန်တွင် ဖြစ်သည်။

ယဲ့ဖုန်း စောစောစီးစီး နိုးလာသောအခါ၊ လီကျောက်ကျောက် တစ်ယောက် မီးဖိုချောင်ထဲ၌ အလုပ်ရှုပ်နေသည်ကို တွေ့မြင်လိုက်ရသည်။

“မင်း ဒီလောက်စောစောစီးစီး ဟင်းအသစ်တွေ စမ်းသပ်နေတာလား...”

ယဲ့ဖုန်းသည် မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်သည်။ အိုးထဲမှ မွှေနှောက်သံများနှင့် အသားဟင်းရနံ့ သင်းသင်းလေးက သူ့ကို ဆွဲဆောင်နေသဖြင့် တံတွေးပင် နင်မိမတတ် ဖြစ်သွားရသည်။

“ဟုတ်ကဲ့ပါ...”

လီကျောက်ကျောက်သည် လေးလေးနက်နက် မွှေနှောက်နေရင်း၊ သူမ၏ လက်ဆစ်များဖြင့် ဝမ်ဖင်းအန်း၏ ခေါင်းကို ခေါက်လိုက်၏။

“မောင်လေးဝမ်... မြန်မြန်လုပ်ပြီး မီးအရှိန်မြှင့်ပေးစမ်းပါဟယ်...”

“လာပါပြီဗျာ...”

ဝမ်ဖင်းအန်းသည် အားကုန်ထုတ်လိုက်ရာ၊ မီးတိမ်တိုက် လက်ဝါးသိုင်းကို အသုံးပြုထားသော သူ၏ လက်များမှာ ပိုမို ပူပြင်းလာသည်။

“ရှဲ...”

ဒယ်အိုးထဲမှ ဆီပူသံမှာ ပိုမို ကျယ်လောင် ပြင်းထန်လာ၏။

လီကျောက်ကျောက်သည် ဂရုတစိုက်ဖြင့် ဆက်လက် မွှေနှောက်နေသည်။ သူမသည် ရံဖန်ရံခါ ဟင်းခတ်အမွှေးအကြိုင်များကို ထည့်လိုက်၊ ထို့နောက် သူမ၏ အစစ်အမှန်ယွမ်များကို ယောက်မဆီသို့ ပို့လွှတ်လိုက်ဖြင့်၊ ဟင်းလျာထဲသို့ စွမ်းအင်များ စီးဝင်သွားစေသည်။

“မဆိုးဘူးပဲ...”

ယဲ့ဖုန်း၏ မျက်လုံးများ အရောင်တောက်လာ၏။

'ဒီလို ချက်ပြုတ်နည်းက တကယ့်ကို ပါးနပ်တာပဲ... ပါဝင်ပစ္စည်းတွေရဲ့ အာဟာရကို ပေါ်လွင်စေရုံတင် မကဘူး... စားဖိုမှူးရဲ့ မူလစွမ်းအင်တွေကိုပါ စုပ်ယူထားနိုင်တော့ အာနိသင်က နှစ်ဆ တိုးသွားတာပေါ့...'

မကြာမီမှာပင် ဟင်းလျာ ကျက်သွားသည်။ လက်ရာမြောက်သော ကြွေပန်းကန်ပြားပေါ်တွင် ခရမ်းချဉ်သီး ကြက်သားကြော် ဟင်းတစ်ပွဲ ရောက်ရှိလာ၏။

“ဟင်း... မွှေးလိုက်တာ...”

ယဲ့ဖုန်း အနံ့ခံကြည့်လိုက်ရာ ကြွယ်ဝသော ဝိညာဉ်အနှစ်သာရများက နှာခေါင်းမှတဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး၊ ခြေလက်အင်္ဂါ အစိတ်အပိုင်းတိုင်းသို့ ပျံ့နှံ့ စီးဝင်သွားသည်ကို ခံစားလိုက်ရသည်။ အနံ့ရှူလိုက်ရုံနှင့်ပင် သာမန်လူတစ်ယောက်၏ အသက်ကို ရှည်စေနိုင်လောက်သည်။

သူ ထိုးထွင်းသိမြင်သော မျက်လုံးကို ဖွင့်လိုက်၏။

(ဝိညာဉ်ဟင်းလျာ - ခရမ်းချဉ်သီး ကြက်သားကြော်)

(အဆင့် - မူလအဆင့်)

(မှတ်ချက် - နှစ်တစ်ရာ သက်တမ်းရှိ မိစ္ဆာကြက်နှင့် ဆယ်နှစ်သက်တမ်းရှိ ဝိညာဉ် ချင်းခရမ်းချဉ်သီးတို့ကို အသုံးပြု၍ ချက်ပြုတ်ထားပြီး၊ ဟင်းခတ်အမွှေးအကြိုင် (၁၈) မျိုး ထည့်သွင်းထားသည်။

အရသာ ရှိလှပြီး၊ တစ်ပွဲလုံး ကုန်အောင် စားပါက ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ဦး၏ ကျင့်ကြံခြင်းအဆင့်ကို နှစ်ဝက်ခန့် တိုးတက်စေနိုင်သည်။)

“အမယ်လေးဗျ...”

ယဲ့ဖုန်း မျက်လုံးများ ပြူးကျယ်သွားရ၏။

'ကျင့်ကြံခြင်း သက်တမ်း နှစ်ဝက်စာ တိုးစေတာတဲ့လား... တကယ်လို့ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ကသာ ဒီဟင်းကို နေ့တိုင်းစားမယ်ဆိုရင်၊ မကြာခင်မှာပဲ အဆင့်တက်သွားနိုင်မှာ သေချာပေါက်ပါပဲ...'

“ကျောက်ကျောက်... မင်း ဒီလို ဟင်းမျိုး တစ်နေ့ကို ဘယ်နှစ်ပွဲလောက် ချက်နိုင်လဲ...”

ယဲ့ဖုန်း မမေးဘဲ မနေနိုင်တော့ချေ။

လီကျောက်ကျောက်သည် မျက်နှာကျက်ကို မော့ကြည့်ရင်း ခေါင်းလေး စောင်းကာ စဉ်းစားလိုက်သည်။ ထို့နောက် သူမ၏ မေးစေ့ကို လက်ညှိုးဖြင့် ထောက်လိုက်ပြီး ပြောသည်။

“ကျွန်မရဲ့ အစစ်အမှန်ယွမ်တွေ မကုန်သရွေ့တော့... မနားတမ်း ချက်နေလို့ ရပါတယ်...”

ယဲ့ဖုန်း ဝမ်းသာအားရ ဖြစ်သွား၏။ သူ ဆက်မေးလိုက်သည်။

“ဒါဆို... မင်း ချက်ပြုတ်နေတဲ့ အချိန်မှာရော မင်းရဲ့ ကျင့်ကြံခြင်းအဆင့် တိုးတက်လာတာမျိုး ခံစားရလား...”

လီကျောက်ကျောက် ကြောင်အသွားရ၏။ သေချာ ပြန်စဉ်းစားပြီးနောက် သူမ ပြန်ဖြေသည်။

“ကျွန်မ သတိထားမိတာကတော့... ကြော်လှော်နည်း အသစ်တစ်ခု ရပြီးတိုင်း၊ ချက်ပြုတ်ပြီးလို့ အစစ်အမှန်ယွမ်တွေကို ပြန်ဖြည့်တဲ့ အခါတိုင်းမှာ ကျင့်ကြံခြင်းအဆင့်က နည်းနည်း တိုးလာသလို ခံစားရတယ်...”

“ဒါဆို... ကျွန်မ ဟင်းချက်ရင်းနဲ့ တစ်ချိန်တည်းမှာ ကျင့်ကြံခြင်းအဆင့်ကိုပါ မြှင့်တင်လို့ ရတယ်ဆိုတဲ့ သဘောလား...”

ထိုအချက်ကို တွေးမိသောအခါ လီကျောက်ကျောက် စိတ်လှုပ်ရှားသွားတော့သည်။

“ဟုတ်တယ်... အဲဒါ အတိအကျပဲ...”

ယဲ့ဖုန်းက ထောက်ခံလိုက်၏။

'ငါ တွေးထားတာလည်း ဒီအတိုင်းပါပဲ... ဆွဲအားနယ်ပယ်ထဲမှာ လေ့ကျင့်သလိုမျိုးပေါ့... အဲဒီမှာဆိုရင် မူလစွမ်းအင် သုံးစွဲမှုက အမြင့်ဆုံး ရောက်သွားပြီး ခန္ဓာကိုယ်က ဖိအားအများကြီး ခံရတယ်... လေ့ကျင့်ပြီးလို့ အပြင်ပြန်ထွက်လာတဲ့အခါကျရင် ပေါ့ပါးသွားပြီး မူလစွမ်းအင် အများအပြားကို ပြန်စုပ်ယူနိုင်တဲ့အတွက် ကျင့်ကြံခြင်းအဆင့် တိုးတက်လာတာလေ...'

'လီကျောက်ကျောက်ရဲ့ ချက်ပြုတ်ခြင်းကလည်း အတူတူပါပဲ... သူမက မူလစွမ်းအင်တွေကို အဆက်မပြတ် သုံးစွဲပြီး ချက်ပြုတ်ခြင်းအပေါ် အာရုံစိုက်ထားရတဲ့အတွက်၊ သူမရဲ့ ဝိညာဉ်၊ စွမ်းအင်နဲ့ အနှစ်သာရတွေ အားလုံး ကုန်ခမ်းသွားရတယ်... ချက်ပြုတ်ပြီးလို့ ပြန်လည် အနားယူတဲ့အခါကျရင် ရရှိမယ့် အကျိုးရလဒ်က ဆွဲအားနယ်ပယ်ထဲမှာ လေ့ကျင့်တာနဲ့ မထူးမခြားနား ဖြစ်နေမှာပဲ...'

ယဲ့ဖုန်း လက်ကို ဆန့်ထုတ်လိုက်ပြီး လက်ဟန်များ ဆက်တိုက် ဖော်လိုက်သည်။ သူသည် ဉာဏ်ပညာ နှလုံးသားကို အသုံးပြုပြီး တွက်ချက်နေခြင်း ဖြစ်သည်။

ခဏကြာသောအခါ...

သူ လီကျောက်ကျောက်ကို ပြုံးပြလိုက်၏။

“ကောင်းပြီ... မင်း တစ်နေ့ကို အကောင်းဆုံး ချက်ပြုတ်သင့်တဲ့ အရေအတွက်က ပွဲ (၁၀၀) ပဲ... အဲဒီထက် ပိုသွားရင် အကျိုးရလဒ် လျော့သွားလိမ့်မယ်... ဒါကြောင့် တစ်နေ့ကို ပွဲ (၁၀၀) အောက်မှာပဲ ထိန်းပြီးချက်...”

“တကယ်လား...”

လီကျောက်ကျောက် အနည်းငယ် သံသယ ဖြစ်သွားသည်။ ယဲ့ဖုန်း၏ မျက်နှာထား ရုတ်တရက် တည်သွား၏။

“ဘာလဲ... မင်း ငါ့ကို မယုံဘူးလား...”

လီကျောက်ကျောက် နှာခေါင်းလေးကို ကုတ်လိုက်ပြီး ရယ်ကာ ပြောလိုက်သည်။

“ဂိုဏ်းချုပ်ဦးလေးကို မယုံရဲစရာ ရှိပါ့မလားရှင်...”

ယဲ့ဖုန်း လက်လှမ်းလိုက်ပြီး သူမ၏ ခေါင်းကို ပုတ်ပေးလိုက်၏။

“ဆက်ပြီး ကြိုးစား ကျင့်ကြံစမ်းပါ...”

ထို့နောက် သူသည် မီးဖိုချောင်ထဲမှ ထွက်ခွာလာခဲ့သည်။ တံခါးဝအရောက်တွင် ရပ်တန့်လိုက်ပြီး၊ လီကျောက်ကျောက် ဘက်သို့ ပြန်လှည့်ကြည့်ကာ ပြောလိုက်၏။

“အနာဂတ်ကျရင် မင်းက မျိုးဆက်သစ်တစ်ခုလုံးရဲ့ နတ်ဘုရားအဆင့် ဝိညာဉ်စားဖိုမှူး ဖြစ်လာလိမ့်မယ်လို့ ငါ ယုံကြည်တယ်...”

“နတ်ဘုရားအဆင့် ဝိညာဉ်စားဖိုမှူး လား...”

ထိုအချိန်၌ လီကျောက်ကျောက်၏ ရင်ထဲတွင် ရည်မှန်းချက် မျိုးစေ့လေး တစ်စေ့ တိတ်တဆိတ် အမြစ်တွယ်သွားခဲ့သည်။

...

ဝိညာဉ်စွမ်းအင်စုစည်းခြင်း မျှော်စင် အနီးတွင်...

ယဲ့ဖုန်းသည် ဂိုဏ်းချုပ် သီးသန့် ကျောက်ပြားကြီးပေါ်တွင် ထိုင်နေသည်။

“ကျောက်တုံးလေး... ဒီနေ့ ဘယ်လိုနေလဲ...”

လေဓာတ် ဝိညာဉ်စွမ်းအင် သုံးမျှင်ကို ကျောက်ဝိညာဉ်ထဲသို့ သွတ်သွင်းပေးပြီးနောက်၊ သူ အေးအေးလူလူ မေးလိုက်၏။

“အရမ်း နေလို့ကောင်းတာပဲ...”

ကျောက်ဝိညာဉ်ဆီမှ နွေးထွေးသော စိတ်ဆန္ဒ လှိုင်းများ ထွက်ပေါ်လာသည်။

ယဲ့ဖုန်း ပြုံးလိုက်သည်။

“ငါ မင်းကို ရေချိုးပေးဖို့ မိုးရွာခိုင်းလိုက်ရမလား...”

“ရေချိုးတာ ဟုတ်လား... အဲဒါ ဘာကြီးလဲ...”

ကျောက်ဝိညာဉ် နားမလည်ပေ။

ယဲ့ဖုန်း ရုတ်တရက် ကျောက်ပြားကြီးပေါ်မှ ခုန်ဆင်းလိုက်သည်။ ငှက်ပျောရွက် ယပ်တောင် အသေးစားကို ထုတ်လိုက်ပြီး ကျောက်တုံးဆီသို့ သုံးကြိမ် ခတ်လိုက်၏။

“ဝှီး...”

လေပြင်းတစ်ချက် တိုက်ခတ်လာပြီး၊ ဝိညာဉ်မိုးရေစက်များ ပါလာကာ ကျောက်ပြားကြီး၏ မျက်နှာပြင်ကို စိုစွတ်သွားစေသည်။ ကျောက်ဝိညာဉ်ဆီမှ သက်တောင့်သက်သာ ဖြစ်မှု လှိုင်းများ ထွက်ပေါ်လာတော့သည်။

“ဪ... ဒါကို ရေချိုးတယ် ခေါ်တာကိုး...”

ကျောက်ဝိညာဉ်က ပြောလိုက်သည်။

ဒီတစ်ကြိမ်တွင်မူ စိတ်ဆန္ဒ လှိုင်းများ ပို့လွှတ်ရုံ သက်သက် မဟုတ်တော့ဘဲ၊ တကယ့် အသံထွက်ပေါ်လာခြင်း ဖြစ်သည်။

“ဟေ...”

ယဲ့ဖုန်း မျက်ခုံးပင့်လိုက်မိသည်။

“ကျောက်တုံးလေး... မင်း စကားပြောတတ်နေပြီလား...”

“ပြောတတ်ပြီ...”

ကျောက်ဝိညာဉ်က ဆက်လက်၍ အသံထွက် ပြောဆိုလာရာ၊ ယဲ့ဖုန်း၏ မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာသွားတော့သည်။

“ကြည့်ရတာ မင်းရဲ့ ကျင့်ကြံခြင်းက တော်တော် မြန်မြန်ဆန်ဆန် တိုးတက်နေပုံရတယ်... နောက်ဆို ငါ နေ့တိုင်း မင်းကို လေဓာတ် ဝိညာဉ်စွမ်းအင်တွေ သွတ်သွင်းပေးမယ်... မင်း လူလုံးထွက်ပြတဲ့ နေ့ရောက်ရင် လူတိုင်း အံ့အားသင့်သွားမှာ သေချာတယ်...”

ယဲ့ဖုန်း ရယ်ရင်း ပြောလိုက်၏။ လက်နှစ်ဖက်ကို နောက်ပစ်ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။

'အခု ကျောက်ဝိညာဉ်က ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် တတိယအလွှာနဲ့ ယှဉ်နိုင်နေပြီ... ဒါပေမဲ့ သူက အပြင်မထွက်လာသေးဘူး... နေ့တိုင်းသာ လေဓာတ် ဝိညာဉ်စွမ်းအင်တွေနဲ့ ကျွေးမွေးထားမယ်ဆိုရင်၊ သူ အပြင်ထွက်လာတဲ့ အချိန်ကျရင် သေချာပေါက် ကြောက်ခမန်းလိလိ စွမ်းအားကြီးမားနေလိမ့်မယ်...'

'ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် အထွတ်အထိပ်လား... ဝိညာဉ်ပင်လယ်အဆင့်လား... ဒါမှမဟုတ် မွေးရာပါ နတ်ဘုရား စွမ်းအားရှင်များ ဖြစ်နေမလား...'

ဉာဏ်ပညာ နှလုံးသားကို မသုံးဘဲနှင့်တော့ ယဲ့ဖုန်းလည်း ရလဒ်ကို မခန့်မှန်းနိုင်ပေ။ ယဲ့ဖုန်း လက်ကို ဆန့်ထုတ်လိုက်သည်။ သူသည် ကျောက်ဝိညာဉ်၏ အလားအလာကို တွက်ချက်ရန် ဉာဏ်ပညာ နှလုံးသားကို အသုံးပြုတော့မလို ပြင်လိုက်၏။

သို့သော် သေချာ စဉ်းစားပြီးနောက် လက်လျော့လိုက်တော့သည်။

'တချို့ ကိစ္စတွေက ကြိုတင် တွက်ချက်ထားဖို့ မလိုပါဘူးလေ... ဘာကြောင့်လဲဆိုတော့ မသိနားမလည်မှုတွေကသာ လူတစ်ယောက်ရဲ့ ဆန္ဒနဲ့ စူးစမ်းလိုစိတ်ကို မီးတောက်စေပြီး၊ အရာရာကို ပိုပြီး စိတ်ဝင်စားဖို့ ကောင်းစေတာကိုး... အကုန်လုံးကို ကြိုသိနေရင် ဘာပျော်စရာ ရှိတော့မှာလဲ...'

ထိုအတွေးဖြင့် ယဲ့ဖုန်းသည် ငှက်ပျောရွက် ယပ်တောင်လေးကို ခါရမ်းရင်း၊ မြူခိုးဂိုဏ်း ပရဝုဏ် အတွင်း လျှောက်သွားလိုက်သည်။ သူ ဖြတ်သွားရာ လမ်းတစ်လျှောက်တွင် တပည့်များက လေးစားစွာ နှုတ်ဆက်ကြ၏။

“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်...”

တပည့်များသည် ယဲ့ဖုန်းကို ရိုသေလေးစားသော မျက်လုံးများဖြင့် ကြည့်ကြပြီး၊ သူတို့၏ ကျင့်ကြံလိုစိတ်များ တောက်လောင်လာကြသည်။

“ကြိုးကြိုးစားစား ကျင့်ကြံကြ...”

ယဲ့ဖုန်းသည် ဒုတိယမျိုးဆက် တပည့်များကို ပခုံးပုတ် အားပေးလိုက်ပြီး၊ ကျင့်ကြံခြင်းနှင့် မန္တန်ဆိုင်ရာ လိုအပ်ချက်များကို နေရာမှာတင် လမ်းညွှန်ပြသပေးလိုက်ရာ၊ သူတို့အတွက် များစွာ အကျိုးရှိသွားစေသည်။ မှော်ဆရာကြီး ယဲ့ဖုန်းကို အားကျကာ၊ တပည့်များက သူ့ကို ပိုမို လေးစားလာကြတော့၏။

မကြာမီ...

ယဲ့ဖုန်းသည် လော့ရှားမြို့တော်သို့ သွားရောက်ပြီး ဟေးလော့ရှား အဖွဲ့ဝင်များကို လမ်းညွှန်မှု ပေးခဲ့သည်။

...

ထျန်းကျီ စံအိမ်တွင်...

စက္ကူယပ်တောင် သခင်လေးသည် ခေါင်းဆောင် ထိုင်ခုံတွင် ထိုင်နေသည်။

“စံအိမ်သခင်... ဘာသတင်း ထူးသေးလဲဗျ...”

ရှောင်ဖန်ကူ နှင့် ကျူးယောင်ဖူ တို့ နှစ်ယောက်စလုံး မေးလိုက်ကြသည်။

ထိုအခါ၊ စက္ကူယပ်တောင် သခင်လေးသည် တွက်ချက်မှုများကို ရပ်တန့်လိုက်ပြီး ပြော၏။

“ငါ အခုလေးတင် နိမိတ်ဖတ် ကြည့်လိုက်တာ... ယဲ့ဖုန်းက တကယ့်ကို သာမန်လူလိုပဲ ဘာကျင့်ကြံခြင်း စွမ်းအားမှ မရှိသလို ဖြစ်နေတယ်...”

“တကယ်လား...”

ရှောင်ဖန်ကူ နှင့် ကျူးယောင်ဖူ တို့ စိတ်လှုပ်ရှားသွားကြသည်။

“ဟုတ်တယ်... အဲဒီလို ဖြစ်ရမယ်...”

စက္ကူယပ်တောင် သခင်လေး မတ်တတ်ရပ်လိုက်ပြီး၊ စံအိမ် အတွင်း၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေ၏။

'တကယ်တော့... ငါ အခုလေးတင် ယဲ့ဖုန်း အကြောင်း သတင်းအချက်အလက် တွက်ချက်ဖို့ ကြိုးစားကြည့်ခဲ့ပေမဲ့၊ လေတစ်ချက်လိုပဲ ဘာမှ ဖမ်းဆုပ်လို့ မရဘဲ ဖြစ်နေခဲ့တယ်... ဒီအခြေအနေက ဖြစ်နိုင်ခြေ နှစ်ခုပဲ ရှိတယ်... ပထမ တစ်ချက်က... ယဲ့ဖုန်းက တွက်ချက်လို့ မရနိုင်တဲ့ အဆင့်ထိ ရောက်နေတဲ့ မဟာတန်ခိုးရှင် ဖြစ်နေတာ... ဒုတိယ တစ်ချက်က... ယဲ့ဖုန်းက တကယ့် သာမန်လူ ဖြစ်နေတာ...'

စက္ကူယပ်တောင် သခင်လေး စဉ်းစားလိုက်ပြီး ဒုတိယ အချက်က ပိုဖြစ်နိုင်တယ်လို့ ယူဆလိုက်သည်။

'ဘာပဲပြောပြော သစ်ပင်နတ်ဆိုး ဘိုးဘေးရဲ့ ဝိညာဉ်ခွဲက သုံးလိုက်တဲ့ “အတူတကွ ပျက်စီးခြင်း” နတ်ဘုရား စွမ်းရည်နဲ့ တိုက်ခိုက်ခံလိုက်ရတာလေ... ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ရှိတဲ့သူတောင် အကောင်းအတိုင်း ကျန်ဖို့ မလွယ်တာ... တစ်ပိုင်း ဟင်းလင်းပြင် ဖြိုခွဲ အဆင့်လောက်ပဲ ရှိတဲ့သူဆို ပြောနေစရာတောင် မလိုဘူး... ယဲ့ဖုန်း အသက်ရှင်နေတာကပဲ ကံကောင်းလွန်းနေပြီ...'

“အခု ယဲ့ဖုန်းက မသန်မစွမ်း ဖြစ်နေပြီဆိုတော့... ကျွန်တော်တို့...”

ကျူးယောင်ဖူ၏ အပြုံးက တဖြည်းဖြည်း ကောက်ကျစ်လာတော့၏။

“မလုပ်နဲ့...”

စက္ကူယပ်တောင် သခင်လေးက ကျူးယောင်ဖူ၏ အတွေးကို ဖြတ်ပြောလိုက်သည်။

“မြူခိုးဂိုဏ်းရဲ့ နောက်ကွယ်မှာ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ဘိုးဘေး နှစ်ယောက် ရှိနေသေးသလို၊ ဟူဖေးဖေး လည်း ရှိနေသေးတယ်... ငါတို့ လောလောဆယ် မဆင်မခြင် မလုပ်သင့်ဘူး...”

“ဒါဆို ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ...”

ကျူးယောင်ဖူ မကျေမနပ် ဖြစ်နေသည်။

“ဆက်ပြီး ငြိမ်နေ... အခွင့်အရေးကို စောင့်...”

စက္ကူယပ်တောင် သခင်လေးသည် ငှက်မွေးယပ်တောင်ကို ဖြည်းညှင်းစွာ ခါရမ်းရင်း၊ ကျယ်ပြောလှသော ကြယ်တာရာ ကောင်းကင်ကြီးကို မော့ကြည့်လိုက်၏။

“ငါတို့ရဲ့ စစ်ကူတွေ ရောက်လာတော့မယ်…”

All Chapters