← Chapters

အခန်း (၅၁၄-၅၁၆)

Vol. 35 Ch. 514-516

အခန်း (၅၁၄-၅၁၆)

Vol. 35 Ch. 514-516

အခန်း (၅၁၄) - ငိုင်သွားသော ချင်းယွင်ကျန်းရန်၊ ဘိုးဘေးနှစ်ယောက် အပြန်အလှန် စကားပြောခြင်း

~စစ်ကူတွေ ဟုတ်လား...။

ကျူးယောင်ဖူ နှင့် ရှောင်ဖန်ကူတို့ နှစ်ယောက်၏ မျက်လုံးများ အရောင်တောက်သွားကြသည်။

ရှေ့ဖြစ်ဟော မျိုးနွယ်စုရဲ့ မဟာတန်ခိုးရှင် တစ်ပါး ရှန်ကျိုး တိုက်ကြီးဆီကို ဆင်းသက်လာတော့မှာလား...။

ထိုအကြောင်းကို တွေးမိသည်နှင့် သူတို့ နှစ်ယောက်စလုံး ချက်ချင်း စိတ်လှုပ်ရှားသွားကြ၏။

စက္ကူယပ်တောင် သခင်လေးသည် ဘာမှ ဝင်မပြောဘဲ၊ သူ့မျက်နှာထားက ဂရုမစိုက်သလို အေးစက်နေမြဲပင်။

သူသည် လျှို့ဝှက်နည်းလမ်း တစ်ခုကို အသုံးပြုပြီး “စစ်ကူ” များနှင့် ဆက်သွယ်ထားပြီး ဖြစ်သည်။ မကြာခင်မှာ တုံ့ပြန်မှု ရရှိတော့မည်ဟု ယုံကြည်ထားသည်။

ထိုအချိန်၌ ရှောင်ဖန်ကူ တစ်စုံတစ်ခုကို စဉ်းစားမိပြီး ပြောလိုက်သည်။

“စံအိမ်သခင်... ကျွန်တော် ချင်းယွင်ဂိုဏ်းကို ပြန်ပြီး ဒီရက်ပိုင်း ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာ သွားကြည့်ချင်လို့ပါ...”

“သွားကြည့်လိုက်လေ...”

စက္ကူယပ်တောင် သခင်လေး သဘောတူလိုက်၏။

...

နာရီအနည်းငယ် ကြာပြီးနောက်...

ချင်းယွင်ဂိုဏ်း၏ ဂိုဏ်းချုပ် ခန်းမဆောင်ကြီး အတွင်းတွင် ဖြစ်သည်။

“မင်း ဘာပြောလိုက်တာလဲ... ချင်းယွင်ကျန်းရန် က ဂိုဏ်းမှာ တစ်ပင်တည်းရှိတဲ့ ဝိညာဉ်သစ်ပင်ကို ယူပြီး ထွက်ပြေးသွားပြီ ဟုတ်လား...”

ရှောင်ဖန်ကူသည် အကြီးအကဲ တစ်ဦး၏ ဝတ်ရုံ လည်ပင်းစကို ဆွဲကိုင်ကာ လေပေါ်သို့ မ,တင်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်နေ၏။

ချင်းယွင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဒီလောက်တောင် သူရဲဘောကြောင်ပြီး ညတွင်းချင်း ထွက်ပြေးရသလားကွာ...။

ဤသတင်းက ရှောင်ဖန်ကူကို တကယ် ဒေါသထွက်စေသည်။

ဘာပဲပြောပြော သူက ကြယ်အဆင့် ဂိုဏ်းတစ်ဂိုဏ်းရဲ့ ခေါင်းဆောင်လေ။ မြူခိုးဂိုဏ်းက လာတိုက်မယ်လို့ အရိပ်အယောင်တောင် မပြရသေးဘူး... ချင်းယွင်ကျန်းရန်က ကြောက်လန့်နေတဲ့ ကြွက်တစ်ကောင်လို ညတွင်းချင်း ထွက်ပြေးသွားပြီတဲ့လား...။

“အရူးကောင်... သူရဲဘောကြောင်တဲ့ကောင်... ဘာမှ အားကိုးလို့ မရဘူး...”

ရှောင်ဖန်ကူသည် အကြီးအကဲကို ပစ်လွှတ်လိုက်ပြီး၊ တံခါးဝတွင် ရပ်ကာ ဒေါသကြောင့် စကားပင် ဆက်မပြောနိုင်တော့ချေ။

အကြီးအကဲမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး၊ မျက်နှာတွင် နစ်နာဝမ်းနည်းသော အမူအရာများ ဖြစ်ပေါ်နေ၏။

'ထွက်ပြေးသွားတာက ချင်းယွင်ကျန်းရန် လေ... သူ့ကို သွားရှာပါလား။ ငါ့လို အကြီးအကဲ အသေးလေးကို လာပြီး အနိုင်ကျင့်နေတာ ဘာစွမ်းရည်မို့လို့လဲ...'

သူ စိတ်ထဲတွင်သာ တိတ်တဆိတ် ညည်းတွားလိုက်မိသည်။

...

ထိုအချိန်၌ နန်ဝမ် ပြည်နယ် (၁၃) ခုတွင်...

ချင်းယွင်ကျန်းရန်သည် ခရီးရှည်ကြီး နှင်ပြီးနောက်၊ နောက်ဆုံးတွင် သူ မျှော်လင့်တောင့်တနေသော ပန်းတိုင်သို့ ရောက်ရှိလာခဲ့သည်။

“ရှေ့က တောင်ကို ကျော်လိုက်တာနဲ့... စည်ကားသိုက်မြိုက်တဲ့ သေမျိုးကမ္ဘာ နိုင်ငံတော် ဖြစ်တဲ့ နန်ဝမ် ပြည်နယ် (၁၃) ခုကို တွေ့ရတော့မယ်...”

“အဲဒီက အလှလေးတွေရေ... မင်းတို့ စိတ်လှုပ်ရှားနေကြပြီ မဟုတ်လား...”

“ဟီးဟီး...”

“ဒီညတော့... ငါ ချင်းယွင်ကျန်းရန်က (၁၈) ယောက်လောက် လိုချင်တယ်ကွ...”

“ဟားဟားဟားဟား...”

ချင်းယွင်ကျန်းရန်သည် ကောင်းကင်ကို မော့ကြည့်ပြီး အားရပါးရ ရယ်လိုက်၏။

သို့သော် နောက်တစ်ခဏတွင်...

သူ တောင်ထိပ်ပေါ်သို့ ကျော်တက်ပြီး အောက်ဘက်သို့ ငုံ့ကြည့်လိုက်သောအခါ၊ ကြက်သေသေကာ ငိုင်သွားရတော့သည်။

လူဦးရေ ထူထပ်ပြီး အဆင့်နိမ့် ထုတ်ကုန်တွေ ပေါများတယ်လို့ ကောလာဟလ ထွက်နေတဲ့ နန်ဝမ် ပြည်နယ် (၁၃) ခုက ဘာလို့ အပျက်အစီး ပုံကြီး ဖြစ်နေရတာလဲ...။

နေရာတိုင်းတွင် အုတ်ကျိုးအုတ်ပဲ့များ ပြန့်ကျဲနေ၏။

မြင်ကွင်းထဲတွင် အရိုးစုများသာ ရှိနေသည်။

တုန်လှုပ်စရာ ကောင်းလောက်အောင် ဆိုးရွားသော အပုပ်နံ့များ ထွက်ပေါ်နေ၏။

“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ...”

ချင်းယွင်ကျန်းရန် မျက်လုံးများ ပြူးကျယ်သွားသည်။

သူ မယုံနိုင်သဖြင့် မြေပုံကို ထုတ်ကြည့်ပြီး အကြိမ်ကြိမ် စစ်ဆေးကြည့်လိုက်ရာ၊ ဤနေရာသည် နန်ဝမ် ပြည်နယ် (၁၃) ခု ဖြစ်ကြောင်း အတည်ပြုနိုင်လိုက်၏။

“တောက်... ဘယ်သူ့လက်ချက်လဲကွ...”

ချင်းယွင်ကျန်းရန် ဒေါသပေါက်ကွဲသွားတော့သည်။

နန်ဝမ် ပြည်နယ် (၁၃) ခုသည် မိုင်ပေါင်း ထောင်ချီ ကျယ်ဝန်းပြီး လူဦးရေ သန်းတစ်ရာကျော် ရှိသော်လည်း၊ သေမျိုးကမ္ဘာ နိုင်ငံတော် ဖြစ်သည့်အတွက် ကျင့်ကြံသူ နည်းပါးလှသည်။

သူတို့ထဲတွင် ဝိညာဉ်ပင်လယ်အဆင့် တစ်ယောက်မှ မရှိပေ။

ထို့ကြောင့် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် အား ကျော်လွန်သော ကျင့်ကြံသူ မည်သူမဆို နန်ဝမ် ပြည်နယ် (၁၃) ခုလုံးကို ချေမှုန်းနိုင်စွမ်း ရှိသည်။

“ဘယ်သူ့လက်ချက်လဲ ဆိုတာသာ သိလို့ကတော့... အဲဒီကောင်ကို ငါ အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်...”

ချင်းယွင်ကျန်းရန် အလွန် ဒေါသထွက်နေတော့၏။

သူသည် နန်ဝမ် ပြည်နယ် (၁၃) ခု ပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး၊ ဤနေရာသည် ဂိုဏ်း တည်ထောင်ရန် နေရာသစ် အဖြစ် မသင့်တော်ကြောင်း သိလိုက်ရသည်။

မဟုတ်လျှင် ချင်းယွင်ဂိုဏ်းသာ ဒီကို ပြောင်းလာခဲ့ပါက၊ နန်ဝမ် ပြည်နယ် (၁၃) ခုလုံးကို ချေမှုန်းခဲ့သော ကြောက်မက်ဖွယ် အင်အားစုနှင့် ထိပ်တိုက် တွေ့ဆုံနိုင်ဖွယ် ရှိ၏။

“ပြန်ကြစို့...”

ဝှီး...

ချင်းယွင်ကျန်းရန်သည် ဦးတည်ချက် ပြောင်းလိုက်ပြီး၊ တောင်ပိုင်း မြစ်ဝှမ်းဒေသဆီသို့ အရှိန်ဖြင့် ပြန်လှည့်လာခဲ့သည်။

သူ မပြောင်းရွှေ့တော့ရန် ဆုံးဖြတ်လိုက်၏။

...

ကျောင်းယန် သန့်စင်သော မြို့တော်တွင်...

လျို့ဝှက်ဆန်းကြယ် နိုင်ငံတော် အတွက် တိုက်ပွဲသတင်းသည် ဤနေရာထိ ပျံ့နှံ့ရောက်ရှိလာပြီး၊ အင်အားကြီး အဖွဲ့အစည်းများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။

သို့သော် ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ဘိုးဘေးကြီး အများစု အတွက်မူ၊ လျို့ဝှက်ဆန်းကြယ် နိုင်ငံတော် တိုက်ပွဲသည် သေးငယ်သော ကိစ္စရပ် တစ်ခုသာ ဖြစ်၏။ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် တတိယအလွှာသို့ပင် မရောက်ရှိသေးသော တိုက်ပွဲဖြစ်သဖြင့် သူတို့အတွက် ကလေးကစားစရာ သဖွယ်သာ ဖြစ်နေသည်။

သို့သော်လည်း အလေးအနက်ထား စောင့်ကြည့်နေသူများလည်း ရှိနေသည်။

မှောင်မဲပြီး အေးစက်သော နန်းတော်ကြီး တစ်ခု အတွင်းတွင်...

“ဧကရာဇ်ပေဟယ်ရဲ့ ‘ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း’ကို ပြီးပြည့်စုံစွာ ထုတ်သုံးနိုင်တဲ့ မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်း ဆိုတဲ့လူက... သူနဲ့ သေချာပေါက် ပတ်သက်ဆက်နွယ်မှု ရှိရမယ်... ဒီကိစ္စကို သေချာ စုံစမ်းစစ်ဆေးရမယ်...”

“ဘယ်လို စုံစမ်းကြမလဲ...”

“လောလောဆယ် သိပ်ပြီး ဖိအားမပေးသေးနဲ့ဦး... ရေရှည်ကစားပွဲ ဆင်နွှဲကြတာပေါ့... ဘာပဲပြောပြော ဒါက ဒဏ္ဍာရီလာ ဧကရာဇ်ပေဟယ် နဲ့ ပတ်သက်နေတာလေ...”

“ကောင်းပါပြီ...”

မကြာမီ... ငယ်ရွယ်ပြီး ခန့်ညားသော လူငယ်တစ်ဦးသည် မှောင်မဲနေသော ခန်းမဆောင်ကြီး အတွင်းမှ ထွက်ခွာလာပြီး၊ နေရာရွှေ့ပြောင်းခြင်း ခန်းမဆောင် ဆီသို့ ဦးတည်သွားသည်။

...

လျို့ဝှက်ဆန်းကြယ် နိုင်ငံတော်တွင်...

ဘိုးဘေးကျန်းလင်း ၏ ကိုယ်ပွားသည် မူလနတ်ဘုရားအဆင့် ရှေးဟောင်း သစ်ပင်ကြီး အောက်တွင် ဘိုးဘေးလင်မြောင်နှင့် အတူ ထိုင်ကာ ပျော်ရွှင်စွာ စကားလက်ဆုံ ကျနေကြသည်။

ရုတ်တရက် ဘိုးဘေးလင်မြောင်က စကားလမ်းကြောင်း လွှဲလိုက်၏။

“ကျင်းလင်း မိတ်ဆွေကြီး... ခင်ဗျား ‘ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း’ အကြောင်း သိလား...”

ယဲ့ဖုန်း ထို နတ်ဘုရား စွမ်းရည်ကို ထုတ်သုံးလိုက်ကတည်းက ဘိုးဘေးလင်မြောင် သိချင်စိတ် ပြင်းပြနေခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ကျောင်းယန် သန့်စင်သော မြို့တော်မှ ကောလာဟလ သတင်းများကို ကြားသိလိုက်ရသဖြင့်၊ ဧကရာဇ်ပေဟယ် ဟု လူသိများသော ပုဂ္ဂိုလ်အကြောင်းကို တဖြည်းဖြည်း အာရုံစိုက်လာမိ၏။

“ဒီကိစ္စက အရေးကြီးတယ်ဗျ...”

ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွားက နောက်ဆုံးတော့ ဖွင့်ပြောလိုက်သည်။

ခဏမျှ စဉ်းစားပြီးနောက် သူ ပြောသည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက... ရှန်ကျိုး တိုက်ကြီးမှာ ပါရမီရှင် ဘီလူးတစ်ကောင်လို့ တင်စားရလောက်တဲ့ ထူးခြားတဲ့ ပါရမီရှင် တစ်ယောက် ပေါ်ထွက်လာခဲ့ဖူးတယ်... ရာစုနှစ် တစ်ခုတည်း အတွင်းမှာတင် ဟင်းလင်းပြင် ဖြိုခွဲ အဆင့် အထွတ်အထိပ်ကို ချိုးဖောက်ဝင်ရောက်နိုင်ခဲ့တဲ့ ဧကရာဇ်ပေဟယ် ဆိုတဲ့လူပဲ...”

“အဲဒီလူက ထူးကဲတဲ့ ပါရမီနဲ့ ‘ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း’ ဆိုတဲ့ နတ်ဘုရား စွမ်းရည်ကို ဖန်တီးခဲ့တယ်... ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကို ဆင့်ခေါ်ပြီး အသုံးပြုနိုင်တဲ့ ပြိုင်ဘက်ကင်း စွမ်းရည်ပဲ...”

“အဆင့်တူချင်း တိုက်ခိုက်တဲ့ ပွဲတွေမှာ သူ ဘယ်တော့မှ မရှုံးနိမ့်ဖူးဘူး...”

“သူ့ထက် အဆင့်နိမ့်တဲ့ ဧကရာဇ်ပေဟယ် နဲ့ ရင်ဆိုင်ရရင်တောင်မှ တပိုင်း သူတော်စင်တွေတောင် ဖိအားပေးခံရတယ်...”

“ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက... ဧကရာဇ်ပေဟယ် ရုတ်တရက် ပျောက်ဆုံးသွားခဲ့တယ်... ကျယ်ပြောပြီး ဆန်းကြယ်တဲ့ ကြယ်တာရာ ဟင်းလင်းပြင် ထဲကို ထွက်သွားတယ်လို့ ထင်ရတာပဲ... ဒီနေ့ထိ ပြန်မလာသေးဘူး...”

“တချို့ကတော့ သူ သေဆုံးသွားပြီလို့ ပြောကြတယ်...”

“ဒါပေမဲ့ တချို့ကတော့ သူဟာ တပိုင်း သူတော်စင် အဆင့်... ဒါမှမဟုတ် စစ်မှန်သော သူတော်စင် အဆင့် ကိုတောင် ချိုးဖောက်ဝင်ရောက်သွားပြီး၊ ခေတ်ကာလတွေကို လွှမ်းမိုးနိုင်တဲ့ အစွမ်းထက် ပုဂ္ဂိုလ် ဖြစ်သွားပြီလို့ ပြောကြတယ်...”

ထိုစကားကို ကြားလိုက်ရသောအခါ ဘိုးဘေးလင်မြောင် ဉာဏ်အလင်း ပွင့်သွား၏။

ယဲ့ဖုန်းက တစ်ပိုင်း ဟင်းလင်းပြင် ဖြိုခွဲ အဆင့် မျှသာ ရှိသော်လည်း၊ သစ်ပင်နတ်ဆိုး ဘိုးဘေး ရဲ့ ဝိညာဉ်ခွဲကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်လောက်အောင် ဒီ နတ်ဘုရား စွမ်းရည်က ဘာကြောင့် ဒီလောက် စွမ်းအားကြီးနေရတာလဲ ဆိုတာ အခုမှ နားလည်တော့တယ်။ ဒါက ဧကရာဇ်ပေဟယ် ကိုယ်တိုင် ဖန်တီးခဲ့တဲ့ မန္တန် ဖြစ်နေလို့ကိုး။

“ဂိုဏ်းချုပ်ယဲ့ရဲ့ ကံတရားက သက်တံရောင်စဉ်တွေလို ကျယ်ပြောလိုက်တာဗျာ... တကယ့်ကို ရွေးချယ်ခံရသူ ပါပဲလား...”

ဘိုးဘေးလင်မြောင် မရေရွတ်ဘဲ မနေနိုင် ဖြစ်သွားသည်။

ထိုစကားကို ကြားလိုက်ရသောအခါ ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွား မျက်လုံးများ အရောင်တောက်သွား၏။

'ဒီ လင်မြောင် ဆိုတဲ့ လူက မြူခိုးဂိုဏ်းကို ကံတရားကြီးကြီးမားမားက လွှမ်းခြုံထားတယ် ဆိုတဲ့ လျှို့ဝှက်ချက်ကို ရိပ်မိနေတာများလား...'

သူ မျက်လုံးကို ကစားလိုက်ပြီး တိတ်တဆိတ် တွေးလိုက်မိသည်။

“ဒါနဲ့... ကျုပ်တို့ မြူခိုးဂိုဏ်းကို သွားပြီး မိတ်ဆွေလေး ယဲ့ နဲ့ သွားတွေ့သင့်တယ် မဟုတ်လား... သူက မန္တန်ပိုင်းမှာ နားလည်မှု မြင့်မားတဲ့ မှော်ဆရာကြီးလို့ သတင်းကြားတယ်... သူနဲ့ အမြင်ဖလှယ်လို့ ရကောင်း ရနိုင်တာပဲ...”

ဘိုးဘေးလင်မြောင်က ရုတ်တရက် အကြံပြုလိုက်သည်။

ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွား မျက်လုံးများ အရောင်တောက်သွားရ၏။

“အကြံကောင်းပဲ...”

နောက်တစ်ခဏတွင် သူတို့နှစ်ယောက် နေရာရွှေ့ပြောင်းခြင်း ဖြင့် ပျောက်ကွယ်သွားကြသည်။

ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ရှိသူများအတွက် မိုင်သောင်းချီ ခရီးဆိုသည်မှာ နေရာရွှေ့ပြောင်းခြင်း အကြိမ်အနည်းငယ်မျှသာ ကြာမြင့်လေ၏။

မကြာမီ သူတို့နှစ်ယောက် မြူခိုးဂိုဏ်း၏ အထက် ကောင်းကင်ယံသို့ ရောက်ရှိလာကြသည်။

“ဟာ...”

နှစ်ယောက်စလုံး အာမေဋိတ်သံ ထွက်သွားကြ၏။

သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ကောင်းကင်ကို မော့ကြည့်လိုက်ရာ၊ မြူခိုးဂိုဏ်း အထက်တွင် ရှိနေသော ထူးခြားသည့် လေထုအခြေအနေကို ခံစားမိလိုက်ကြသည်။

“ကြည့်ရတာ မြူခိုးဂိုဏ်းက မူလနတ်ဘုရားအဆင့်တွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ဝင်္ကပါကြီး တစ်ခု တည်ဆောက်ထားပုံရတယ်...”

ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွားက ဦးစွာ ပြောလိုက်သည်။

သူသည် ကောင်းကင်မျက်လုံးကို ဖွင့်ထားခြင်း ဖြစ်သည်။

ထို့ကြောင့် မြူခိုးဂိုဏ်း အထက် ကောင်းကင်ယံတွင် ဒုတိယမြောက် ကြယ်တာရာ ကောင်းကင်အလွှာ တစ်ခု ဖုံးလွှမ်းနေပြီး၊ မြင့်မြတ်သော အရှိန်အဝါများ ထွက်ပေါ်နေသည်ကို မြင်တွေ့နေရ၏။

သေချာသည်မှာ အလှတရား၏ နောက်ကွယ်တွင် အန္တရာယ်များ ပုန်းကွယ်နေစမြဲပင်။

“ဒီ ဝင်္ကပါက အရမ်း ရှုပ်ထွေးနက်နဲတယ်... စွမ်းအင် သိုလှောင်တဲ့ အာနိသင် ရှိပုံရတယ်... အချိန်ကြာမြင့်စွာ အသုံးမပြုဘဲ ထားမယ်ဆိုရင်၊ တစ်ခါတည်း ထုတ်သုံးလိုက်တဲ့ အချိန်ကျရင် တစ်ပိုင်း ဟင်းလင်းပြင် ဖြိုခွဲ အဆင့် အောက်က ဘယ်သူမှ ခံနိုင်မှာ မဟုတ်ဘူး...”

ဘိုးဘေးလင်မြောင်ကလည်း မှတ်ချက်ချလာသည်။

သူ ကောင်းကင်မျက်လုံး မဖွင့်ထားသော်လည်း၊ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ဘိုးဘေး တစ်ယောက် ဖြစ်သည့်အားလျော်စွာ၊ မကြာမီ လျှို့ဝှက်ချက် အချို့ကို ဖော်ထုတ်နိုင်ခဲ့၏။

“ကြည့်ရတာ တော်တော် စွမ်းအားကြီးမားတဲ့ ဝင်္ကပါပဲ...”

ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွားက ဖြည့်စွက် ပြောဆိုလိုက်ပြီး၊ သူ၏ မျက်လုံးများထဲတွင် လေးစားအားကျမှုများ ပြည့်နှက်နေသည်။

“ကဲ... ဝင်္ကပါ အကြောင်း ခဏထားလိုက်ကြစို့... ဂိုဏ်းချုပ်ယဲ့ ကို သွားတွေ့ကြတာပေါ့...”

သူတို့၏ ခန္ဓာကိုယ်များ လှုပ်ရှားသွားပြီး၊ မြူခိုးတောင်ထိပ်ပေါ်သို့ ဆင်းသက်လိုက်ကြသည်။

အဖြူအမည်း စစ်တုရင် ဝင်္ကပါနှင့် ဓာတ်ကြီးငါးပါး ဆက်စပ် ဝင်္ကပါတို့သည် အမြဲတမ်း အသက်ဝင်နေသော်လည်း၊ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ပုဂ္ဂိုလ် နှစ်ဦး၏ ရှေ့မှောက်တွင်မူ မရှိသကဲ့သို့ပင် ဖြစ်နေလေ၏။

“ဂိုဏ်းချုပ်ယဲ့...”

ယဲ့ဖုန်းသည် ပက်လက်ကုလားထိုင်ပေါ်တွင် လှဲလျောင်းနေပြီး၊ အညိုရောင် ပွက်ပွက်ဆူနေသော အရည်ကို ကျေနပ်ပီတိ ဖြစ်နေသော မျက်နှာထားဖြင့် စိမ်ပြေနပြေ သောက်သုံးနေသည်ကို သူတို့ နှစ်ယောက် တွေ့လိုက်ရသည်။

“ဟာ...”

ယဲ့ဖုန်း သူတို့နှစ်ယောက်ကို မြင်လိုက်သောအခါ ချက်ချင်း ထထိုင်လိုက်၏။

“ခင်ဗျားတို့ နှစ်ယောက် ဘယ်လို ရောက်လာကြတာလဲ...”

သူသည် ကြိမ်ကုလားထိုင်များပေါ်တွင် ထိုင်ရန် ကပျာကယာ ဖိတ်ခေါ်လိုက်ပြီး၊ သူတို့၏ ခွက်များထဲသို့ ပျော်ရွှင်ခြင်းရေများ ဖြည့်ထည့်ပေးလိုက်သည်။

“ရော့... လက်ဖက်ရည် သောက်ပါဦး...”

ယဲ့ဖုန်း ဧည့်ခံလိုက်သည်။

“ဒါ ဘာကြီးလဲ...”

ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွားက မေးလိုက်၏။

“ပျော်ရွှင်ခြင်းရေလေ...”

ယဲ့ဖုန်း ပြန်ဖြေလိုက်သည်။

“သောက်ပြီးရင် လူကို အရမ်း ပျော်ရွှင်သွားစေတယ်...”

“တကယ်ကြီးလား...”

ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ဘိုးဘေး နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး၊ မျက်လုံးများထဲတွင် သံသယများ ဖြစ်ပေါ်နေကြ၏။

သိသာထင်ရှားစွာပင်... သူတို့ ယဲ့ဖုန်း ပြောတာကို မယုံကြည်ကြပေ။

အခန်း (၅၁၅) - မန္တန်ပညာ ပါရဂူကြီး၊ ဟင်းလင်းပြင် ကျောက်စိမ်းခန္ဓာကိုယ်၊ သွေးနီရောင် လှံတံရှည်

~“စိတ်ချလက်ချ သောက်လိုက်ပါ... ကျွန်တော် ခင်ဗျားတို့ကို မလိမ်ပါဘူး...”

ယဲ့ဖုန်းသည် ဖန်ခွက်အကြီးကြီးကို မ,ယူလိုက်ပြီး၊ ပျော်ရွှင်ခြင်းရေကို တဂွပ်ဂွပ်ဖြင့် အနည်းငယ် မော့သောက်လိုက်သည်။ ထို့နောက် သူ၏ မျက်နှာပေါ်တွင် ကျေနပ်ပီတိဖြစ်သော အမူအရာများ ဖြာဝေသွားသည်။

ဘိုးဘေးကြီး နှစ်ဦးမှာ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။

ခဏကြာသောအခါ...

သူတို့သည် ဖန်ခွက်ထဲတွင် ပွက်ပွက်ဆူနေသော ပျော်ရွှင်ခြင်းရေကို ကြည့်လိုက်ပြီး၊ ဖန်ခွက်များကို တပြိုင်နက် မ,ယူကာ တစ်ငုံမျှ စမ်းသောက်ကြည့်လိုက်ကြ၏။

အေးစက်သော အရည်သည် ပါးစပ်ထဲသို့ ဝင်ရောက်သွားသည်နှင့်၊ ပူဖောင်းလေးများ ပေါက်ကွဲထွက်သွားသကဲ့သို့ ခံစားလိုက်ရပြီး လျှာဖျားတွင် ထူးကဲသော အရသာကို ပေးစွမ်းလိုက်သည်။

“ဒါ... ဒါက..”

“တကယ် ထူးခြားတဲ့ အရသာပဲ...”

“နည်းနည်း ချိုသလိုပဲ... မဆိုးဘူး...”

ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ဘိုးဘေးကြီး နှစ်ဦး၏ မျက်နှာပေါ်တွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြတ်သန်းသွားသည်။

သူတို့အတွက် ပျော်ရွှင်ခြင်းရေ၏ အရသာသည် ထိပ်တန်းအဆင့် မဟုတ်သော်လည်း၊ ပထမဆုံးအကြိမ် ခံစားလိုက်ရသော ထူးဆန်းသည့် အာရုံခံစားမှုက သူတို့၏ စိတ်ဝင်စားမှုကို ဖမ်းစားလိုက်ခြင်း ဖြစ်၏။

“ကောင်းလိုက်တာဗျာ...”

ယဲ့ဖုန်းသည် ပျော်ရွှင်ခြင်းရေ တစ်ခွက်လုံး ကုန်အောင် သောက်လိုက်ပြီးနောက်၊ ပက်လက်ကုလားထိုင်ပေါ်တွင် သက်တောင့်သက်သာ လှဲလျောင်းလိုက်သည်။

“တကယ်ပဲ... အရသာက မဆိုးလှဘူး...”

ဘိုးဘေးကြီး နှစ်ဦးသည် လက်ကျန်မဲ့သွားသော ဖန်ခွက်များကို နှမြောတသစွာဖြင့် ချလိုက်ကြသည်။ ထို့နောက် ခုံပေါ်တွင် ဝင်ထိုင်လိုက်ပြီး ယဲ့ဖုန်းကို ကြည့်လိုက်ကြ၏။

“ခင်ဗျားတို့နှစ်ယောက် ဒီလောက်အဝေးကြီးကနေ ဘာကိစ္စများ ရှိလို့ ရောက်လာကြတာလဲ...”

ယဲ့ဖုန်း မေးလိုက်သည်။ ဘိုးဘေးကြီး နှစ်ဦးတွင် ဆွေးနွေးစရာ တစ်ခုခု ရှိနေကြောင်း သူ ရိပ်မိသဖြင့်၊ သူတို့၏ ရည်ရွယ်ချက်ကို ဦးအောင် မေးလိုက်ခြင်း ဖြစ်သည်။

“ကျုပ်တို့ ‘ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း’ အကြောင်း မေးချင်လို့ပါ...”

ဘိုးဘေးလင်မြောင်က ဦးစွာ စတင် ပြောလိုက်သည်။

နောက်တစ်ခဏတွင်...

လေထုတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ် ငြိမ်သက်သွား၏။

တစ်ယောက်ယောက်က ‘ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း’ အကြောင်း လာမေးကြလိမ့်မည်ဟု ယဲ့ဖုန်း မျှော်လင့်ထားပြီး ဖြစ်သည်။ သို့သော် ဤလူနှစ်ယောက်က ဦးဆုံး လာမေးမည့်သူများ ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

“ကျွန်တော် ရှေးဟောင်း စစ်မြေပြင် တစ်ခုကနေ ရခဲ့တာပါ...”

ယဲ့ဖုန်း ရိုးသားစွာ ဝန်ခံလိုက်သည်။ ဘာကိုမှ ဖုံးကွယ်မထားပေ။

သေချာသည်မှာ သူသည် ‘ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း’ ကို မည်သို့ ရရှိခဲ့သည် ဆိုသော အသေးစိတ် အချက်အလက်များကိုမူ ချန်လှပ်ထားခဲ့ပြီး၊ ကံကောင်းထောက်မစွာ နားလည် သဘောပေါက်ခဲ့ရသည်ဟုသာ အကြမ်းဖျင်း ပြောပြလိုက်၏။

“အိုး...”

“ဉာဏ်အလင်းပွင့်မှုက ဒီလောက်တောင် မြင့်မားတာလား...”

ဘိုးဘေးကြီး နှစ်ဦးစလုံး ချက်ချင်း တုန်လှုပ်သွားကြသည်။

အထူးသဖြင့် ဘိုးဘေးလင်မြောင် ဖြစ်သည်။ သူသည် လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်၏။

“မိတ်ဆွေလေး ယဲ့ရဲ့ ဉာဏ်အလင်းပွင့်မှုက... ကျုပ်တို့လို ဟင်းလင်းပြင် ဖြိုခွဲ အဆင့် လူအိုကြီးတွေထက် မနိမ့်ကျလောက်ဘူး...”

ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွားကလည်း ဝင်ထောက်ခံလာသည်။

“မှန်တယ်... ဉာဏ်အလင်းပွင့်မှု တစ်ခုတည်းနဲ့တင် ယှဉ်မယ်ဆိုရင်၊ မိတ်ဆွေလေး ယဲ့က သေချာပေါက် ထိပ်တန်းအဆင့်ပဲ...”

ယဲ့ဖုန်း လက်ကာပြလိုက်၏။

“ခင်ဗျားတို့ မြှောက်လွန်းနေပါပြီဗျာ...”

“ဒါနဲ့ စကားမစပ်... ကျုပ်ဆီမှာ မပြည့်စုံသေးတဲ့ နတ်ဘုရား စွမ်းရည် တစ်ခု ရှိတယ်... ခင်ဗျားတို့ နှစ်ယောက် အဲဒါကို ဖြည့်စွက်ပေးနိုင်မလားလို့ပါ...”

ဘိုးဘေးလင်မြောင်သည် ရှေးဟောင်း ကျောက်စိမ်း ကျောက်စာချပ် တစ်ခုကို ထုတ်ယူလိုက်ပြီး စားပွဲပေါ်သို့ တင်လိုက်သည်။

ယဲ့ဖုန်း၏ ထူးကဲသော ဉာဏ်အလင်းပွင့်မှုကို သိလိုက်ရပြီးနောက်၊ သူ၏ အကူအညီကို တောင်းခံရန် ပြတ်သားစွာ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“ဒါ ဘာကြီးလဲ...”

ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွားက မေးမြန်းလိုက်၏။

“လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာတုန်းက... ကျုပ် ရှန်ကျိုး တိုက်ကြီး မှာ ခရီးသွားနေတုန်း၊ လျှို့ဝှက်နယ်မြေ တစ်ခုထဲကို ဝင်ရောက်ခဲ့ဖူးတယ်... အဲဒီမှာ ကံကောင်းထောက်မစွာနဲ့ ဒီ မပြည့်စုံတဲ့ နတ်ဘုရား စွမ်းရည်ကို ရခဲ့တာပဲ...ဟု ဘိုးဘေးလင်မြောင်က ရှင်းပြလာသည်။

“ဒါပေမဲ့ ဒါက မပြည့်စုံဘူး...”

ဘိုးဘေးလင်မြောင်က ထပ်လောင်း ပြောကြားလာ၏။

“ခင်ဗျားတို့ နှစ်ယောက် ဒါကို ပြီးပြည့်စုံအောင် လုပ်ပေးနိုင်မယ်လို့ ကျုပ် မျှော်လင့်တယ်... ပြီးသွားရင် ကျုပ်တို့ သုံးယောက် ဒီ နတ်ဘုရား စွမ်းရည်ကို အတူတူ မျှဝေကြတာပေါ့...”

ယဲ့ဖုန်း စကားပြောတော့မလို ပြင်လိုက်သည်။

သို့သော် ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွားက ဖြတ်ပြောလိုက်သည်ကို ကြားလိုက်ရ၏။

“အဲဒီလိုတော့ ဘယ်ဖြစ်မလဲ... မိတ်ဆွေလေး ယဲ့ အတွက် နစ်နာတာပေါ့... ခင်ဗျား သူ့ကို လျော်ကြေးပေးရမယ်...”

ယဲ့ဖုန်း - “...”

သူက “သဘောတူတယ်” လို့ ပြောတော့မလို့ လုပ်နေတုန်း၊ ဘိုးဘေးကျန်းလင်းက ဘာလို့ ဒီလို အကြံပြုလိုက်တာလဲ... ဘာသဘောလဲ...။

ခဏလေး။

ငါ သဘောပေါက်ပြီ။

ယဲ့ဖုန်း၏ မျက်နှာပေါ်တွင် ရုတ်တရက် နားလည်သွားသော အမူအရာ ပေါ်လာသည်။

နောက်တစ်ခဏ၌ ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွားက ရှင်းပြ‌လေ၏။

“မိတ်ဆွေလေး ယဲ့က အခု ကျင့်ကြံခြင်း စွမ်းအားတွေ အကုန် ဆုံးရှုံးထားတာလေ... နတ်ဘုရား စွမ်းရည် အခု (၁၀၀) ပေးရင်တောင် သူ့အတွက် ဘာမှ အသုံးမဝင်ဘူး... ဒါကြောင့် ပြီးပြည့်စုံအောင် လုပ်နိုင်သည်ဖြစ်စေ၊ မလုပ်နိုင်သည်ဖြစ်စေ၊ သူ့ရဲ့ တွက်ချက်မှု အားထုတ်ခ အတွက် ခင်ဗျား လျော်ကြေးပေးရမယ်...”

“ကောင်းပြီလေ...”

ဘိုးဘေးလင်မြောင် ချက်ချင်း သဘောတူလိုက်သည်။

ဤအဆင့်တွင် စွမ်းအားကြီးမားသော နတ်ဘုရား စွမ်းရည် တစ်ခုသည် အခြား မည်သည့်အရာထက်မဆို ပိုမို အရေးကြီး၏။

ဘာပဲဖြစ်ဖြစ် ဒါက တိုက်ခိုက်ရေး စွမ်းရည်ကို တိုက်ရိုက် မြှင့်တင်ပေးနိုင်သည်ကိုး။

“ကဲ... ဒါဆို အချိန်မဆွဲဘဲ တွက်ချက်မှု စလိုက်ကြတာပေါ့...”

ဘိုးဘေးလင်မြောင်က တိုက်တွန်းလိုက်သည်။

“ကောင်းပြီလေ... လုပ်ကြတာပေါ့...”

ယဲ့ဖုန်း ခေါင်းငြိမ့်လိုက်သည်။

သူ ထိုးထွင်းသိမြင်သော မျက်လုံးကို အသက်သွင်းလိုက်၏။

(အမည် - အထူး ကျောက်စိမ်း ကျောက်စာချပ်)

(အဆင့် - ဟင်းလင်းပြင် အဆင့်)

(မှတ်ချက် - ထူးခြားပြီး မပြည့်စုံသော ရှေးဟောင်း မှော် စာလုံးများ ပါဝင်သည်။ ၎င်းတို့ကို တွက်ချက်၍ “ဟင်းလင်းပြင် ကျောက်စိမ်းခန္ဓာကိုယ်သယ ကျင့်စဉ်” ဟု ခေါ်သော အစွမ်းထက်သည့် တိုက်ခိုက်ရေးနှင့် ခံစစ် နတ်ဘုရား စွမ်းရည် တစ်ခုအဖြစ် ဖန်တီးနိုင်သည်။)

“ကျွန်တော် တွက်ချက်နိုင်တယ်...”

အသေးစိတ် အချက်အလက်များကို သိရှိပြီးနောက်၊ ယဲ့ဖုန်း ချက်ချင်း ပြောလိုက်၏။

“ဟေ... ဟုတ်လား...”

ဘိုးဘေးကြီး နှစ်ဦး ချက်ချင်း အံ့အားသင့်သွားကြသည်။

“ကျွန်တော် အခုပဲ စပြီး တွက်ချက်ပေးမယ်...”

ယဲ့ဖုန်း ပြောလိုက်သည်။

သူသည် ကျောက်စိမ်း ကျောက်စာချပ်ပေါ်မှ တောက်ပနေသော စာလုံးများကို မှတ်သားလိုက်ပြီး၊ သူရဲကောင်း ဝိညာဉ်စွမ်းအင်ကို အသုံးပြုကာ ရွှေရောင်စာလုံးများ အဖြစ် ပြောင်းလဲလိုက်၏။ ထိုစာလုံးများသည် လေထဲတွင် ဝဲပျံနေပြီး မပြည့်စုံသော သိုင်းကျမ်း တစ်စောင် အဖြစ် ပုံဖော်လိုက်သည်။

“ဒီအရာက မပြည့်စုံဘူး...”

ယဲ့ဖုန်း စတင် ပြောဆိုလိုက်၏။

“တချို့ အစိတ်အပိုင်းတွေ ပျောက်ဆုံးနေတယ်... အဲဒါကြောင့် ပြီးပြည့်စုံတဲ့ အကြောင်းအရာကို ကျွန်တော် ဆက်စပ် တွက်ချက်ယူရမယ်... လုပ်ငန်းစဉ်က နည်းနည်း ကြာလိမ့်မယ်...”

“ညီလေးယဲ့... ဖြည်းဖြည်းသာ လုပ်ပါ...”

ဘိုးဘေးကြီး နှစ်ဦးက ကပျာကယာ ပြောလိုက်ကြသည်။

သူတို့၏ အဆင့်အတန်းမျိုးတွင် တံခါးပိတ် ကျင့်ကြံခြင်း တစ်ကြိမ် ပြုလုပ်လျှင်ပင် နှစ်ပေါင်းများစွာ၊ တစ်ခါတစ်ရံ နှစ်တစ်ရာ သို့မဟုတ် နှစ်တစ်ထောင် ကြာမြင့်တတ်၏။

ယဲ့ဖုန်းဘက်က အချိန်ကြာတာကို စိတ်မရှိသရွေ့၊ သူတို့ဘက်က ပြဿနာ မရှိပေ။

“ကောင်းပြီ... ဒါဆို ခဏလောက် စောင့်ပေးပါ...”

ယဲ့ဖုန်း၏ မျက်နှာထား လေးနက်သွားသည်။

ဤ “ဟင်းလင်းပြင် ကျောက်စိမ်းခန္ဓာကိုယ် ကျင့်စဉ်” သည် အလွန် နက်နဲလှ၏။

တတ်မြောက်သွားပါက မိမိ၏ ခန္ဓာကိုယ်ကို ဟင်းလင်းပြင် ကျောက်စိမ်းသားအဖြစ် ခေတ္တ ပြောင်းလဲနိုင်ပြီး၊ အလွန် ခိုင်မာမာကျောကာ ဆန်းကြယ်သော ဖြစ်စဉ်များကို ဖြစ်ပေါ်စေနိုင်သဖြင့်၊ ကြောက်မက်ဖွယ် ကောင်းသော တိုက်ခိုက်ရေး စွမ်းရည်ကို ပေးစွမ်းနိုင်မည် ဖြစ်သည်။

ယဲ့ဖုန်း ဆက်လက် တွက်ချက်နေသည်။

သူသည် ဉာဏ်ပညာ နှလုံးသားကို အစွမ်းကုန် အသုံးပြုလိုက်၏။

သူ့စိတ်ထဲတွင် မရေမတွက်နိုင်သော ပေါင်းစပ်မှုများ ပေါ်ထွက်လာသည်။

သူသည် တစ်ခုချင်းစီကို ထပ်ခါတလဲလဲ စစ်ဆေး အတည်ပြုနေပြီး၊ နေ့တစ်ဝက် အတွင်းမှာပင် သန်းပေါင်းများစွာသော ပေါင်းစပ်မှုများကို စမ်းသပ်ခဲ့ပြီး ဖြစ်၏။

နောက်ဆုံးတွင်...

ယဲ့ဖုန်း အောင်မြင်သွားခဲ့လေပြီ။

သူသည် အကောင်းဆုံး ပေါင်းစပ်မှုကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းသည် မူရင်း “ဟင်းလင်းပြင် ကျောက်စိမ်းခန္ဓာကိုယ် ကျင့်စဉ်” ဟုတ်မဟုတ် မသိသော်လည်း၊ ပြီးပြည့်စုံအောင် ကျင့်ကြံနိုင်ပါက ပြိုင်ဘက်ကင်း စွမ်းအားကို ရရှိစေမည်မှာ သေချာ၏။

“ဒါပဲ...”

ယဲ့ဖုန်း လက်ကို ဆန့်ထုတ်ပြီး ဝှေ့ယမ်းလိုက်ရာ၊ သူရဲကောင်း ဝိညာဉ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ရွှေရောင် သိုင်းကျမ်းသည် ချက်ချင်း ပြီးပြည့်စုံသွားပြီး လေထဲတွင် တွဲလွဲ ခိုနေသည်။ စုစုပေါင်း စာလုံးရေ (၃၄၂) လုံး ပါဝင်သည်။

ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွားနှင့် ဘိုးဘေးလင်မြောင်တို့သည် လေထဲတွင် ပေါ်နေသော သိုင်းကျမ်းကို ကြည့်လိုက်ကြပြီး၊ မျက်လုံးများထဲတွင် အံ့သြမှုများ ပြည့်နှက်သွား၏။

သူတို့သည် ထပ်ခါတလဲလဲ ဖတ်ရှုပြီး စစ်မှန်မှုကို စစ်ဆေးနေကြသည်။

“ဒီသိုင်းကျမ်းက သေသပ်လှပပြီး ပါးနပ်လွန်းတယ်... အစအဆုံး ချိတ်ဆက်မှု ရှိတယ်... တွက်ချက်ကြည့်လိုက်ရုံနဲ့တင် ကျယ်ပြောလှတဲ့ ပညာသမုဒ္ဒရာကြီးထဲကို ရောက်သွားသလို ခံစားရတယ်...”

“ဟုတ်တယ်... ဒါ အစစ်ပဲ”

ဘိုးဘေးကြီး နှစ်ဦး စိတ်လှုပ်ရှားစွာ လက်ခုပ်တီးလိုက်ကြသည်။

သူတို့သည် ဘေးနားမှ ယဲ့ဖုန်းကိုပင် ဂရုမစိုက်တော့ဘဲ၊ နေရာမှာတင် ချက်ချင်း ကျင့်ကြံအားထုတ်လိုက်ကြရာ တိုးတက်မှု အမြန်အဆန် ရရှိလာကြ၏။

“ဟင်းလင်းပြင် ကျောက်စိမ်း... ကောင်းကင်ဘုံကို လွှမ်းမိုးစေ...”

နှစ်ဦးစလုံး ဂါထာကို တပြိုင်နက် ရွတ်ဆိုလိုက်ကြရာ၊ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် မှန်ရောင်နှင့် ကျောက်စိမ်းရောင် အလင်းတန်းများ တဖျပ်ဖျပ် လက်လာပြီး၊ အရေပြားများမှာ ကျောက်စိမ်းသားကဲ့သို့ စတင် ပြောင်းလဲလာကြသည်။

‘ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ဘိုးဘေးတွေ ဆိုမှတော့... အခြေခံအဆင့်ကို ဝင်ရောက်တာ ဒီလောက်မြန်တာ မဆန်းပါဘူး..’

ယဲ့ဖုန်း စိတ်ထဲတွင် အံ့အားသင့်စွာ တွေးလိုက်၏။

သူ့မှာ ဉာဏ်ပညာ နှလုံးသား ရှိပြီး၊ ပြီးပြည့်စုံသော “ဟင်းလင်းပြင် ကျောက်စိမ်းခန္ဓာကိုယ် ကျင့်စဉ်” ကို ကိုယ်တိုင် တွက်ချက်ခဲ့ရသော်လည်း၊ ယခုမှ ပြီးပြည့်စုံခြင်း အဆင့်သို့ ကပ်သီးလေး ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် ဒီလူနှစ်ယောက်က ခဏလေး အတွင်းမှာတင် စတင် ကျင့်ကြံနိုင်နေပြီ။

ပြောရလျှင် သူတို့ရဲ့ ဉာဏ်အလင်းပွင့်မှုက တကယ်ကို ကြောက်စရာ ကောင်းသည်ပင်။

“ကောင်းတယ်... တကယ် ပြီးပြည့်စုံသွားပြီ..”

ဘိုးဘေးကြီး နှစ်ဦး တပြိုင်နက် ပြောလိုက်ကြ၏။

အချိန် အကန့်အသတ် ရှိသောကြောင့် သူတို့သည် ပြီးပြည့်စုံခြင်း အဆင့်သို့ မရောက်နိုင်သေးသော်လည်း၊ ဤသိုင်းကျမ်းသည် အပြစ်အနာအဆာ ကင်းမဲ့ကြောင်း သိလိုက်ကြသည်။

‘ယဲ့ဖုန်း တကယ်ပဲ ပြီးပြည့်စုံအောင် လုပ်ပေးနိုင်ခဲ့ပြီ။

မှော်ဆရာကြီး ဆိုတဲ့ ဘွဲ့ထူးက တကယ်ကို ထိုက်တန်လွန်းပါတယ်။

မဟုတ်သေးဘူး... သူက မှော်ပညာ ပါရဂူကြီး ပဲ။

‘ပညာရှင်’ ဆိုသည့် အသုံးအနှုန်းက ယဲ့ဖုန်း အတွက် လုံလောက်မှု မရှိတော့။’

“မိတ်ဆွေလေး ယဲ့... ခင်ဗျားကို မှော်ပညာ ပါရဂူကြီး အဖြစ် ကျုပ် လေးစား အသိအမှတ်ပြုပါတယ်...”

ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွားက လက်မထောင်ပြလိုက်၏။

“ခင်ဗျားတို့ မြှောက်လွန်းနေပါပြီ...”

ယဲ့ဖုန်း မောက်မာခြင်း မရှိခဲ့ပေ။

“မိတ်ဆွေလေး ယဲ့...ကျုပ် တကယ် ပြောတာပါ... လျော်ကြေး အနေနဲ့ ဒီပစ္စည်းကို ယူလိုက်ပါ...”

ဘိုးဘေးလင်မြောင်က ပြောလိုက်ပြီး၊ ရှေးဟောင်း မှော် စာလုံးများ ပါရှိသော သွေးနီရောင် လှံတံရှည် တစ်ချောင်းကို ထုတ်ပေးလိုက်သည်။ ၎င်းသည် အလယ်အလတ်အဆင့် ဝိညာဉ်ရတနာ တစ်ခု ဖြစ်သည်။

“သွေးနီရောင် လှံတံရှည်”

ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွားက ထိုပစ္စည်းကို မှတ်မိလိုက်၏။

“အလယ်အလတ်အဆင့် ဝိညာဉ်ရတနာကြီးပဲ... ဒါ... ဒါက တန်ဖိုးကြီးလွန်းတယ်...”

ယဲ့ဖုန်းသည် လှံတံရှည်ကို ကြည့်ကာ အပေါ်ယံတွင် တုန်လှုပ်ဟန်ဆောင်လိုက်သော်လည်း၊ ရင်ထဲတွင်မူ ဝမ်းသာအားရ ဖြစ်နေသည်။

သံရည်ကျိုမီးဖိုက အဆင့်နိမ့် ဝိညာဉ်ရတနာသာ ဖြစ်သော်လည်း၊ သွေးနီရောင် လှံတံရှည်ကို အထဲသို့ ထည့်ပြီး ရိုးရှင်းသော သန့်စင်မှု ပြုလုပ်လိုက်ပါက၊ သူ့အတွက် ပိုမို အသုံးဝင်သော လက်နက်တစ်ခု ဖြစ်လာစေနိုင်၏။

ဒီတစ်ကြိမ်တွင်မူ “ဟင်းလင်းပြင် ကျောက်စိမ်းခန္ဓာကိုယ် ကျင့်စဉ်” ကို ရရှိရုံသာမက၊ သွေးနီရောင် လှံတံရှည်ကိုပါ ရရှိလိုက်သဖြင့်... တကယ့်ကို မိုးပေါ်မှ ရွှေကျလာသလို အကြီးစား အကျိုးအမြတ်ကြီး တစ်ခုပါပင်။

အခန်း (၅၁၆) - သွေးနီရောင် လှံတံရှည်ကို ပြန်လည်သန့်စင်ခြင်း၊ ကျင့်စဉ်ကို တွက်ချက်ခြင်း၊ ကျီဇီလင်း၏ အကျပ်အတည်း

~ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွားက လေးနက်သော လေသံဖြင့် ပြောသည်။

“မိတ်ဆွေလေး ယဲ့... ရှေးလူကြီးတွေ ပြောကြတယ်လေ... ရတနာ ဆိုတာ သူရဲကောင်းနဲ့မှ တန်တာတဲ့... ဒီ သွေးနီရောင် လှံတံရှည်က သူ့မှာ ကိုယ်ပိုင် ဝိညာဉ်ပါပြီးသား... ခင်ဗျားမှာ ကျင့်ကြံခြင်း စွမ်းအား မရှိရင်တောင်မှ အသုံးပြုလို့ ရတယ်... ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် လက်ဆောင်အနေနဲ့ ယူထားလိုက်ပါ...”

သူ ယဲ့ဖုန်းကို အချိန်တိုင်း ကာကွယ်ပေးနိုင်မှာ မဟုတ်။

ဒီသွေးနီရောင် လှံတံရှည်က ထူးခြား၏။ အထဲမှာ ဉာဏ်ရည်မြင့်မားသော လက်နက်ဝိညာဉ် ပါဝင်ပြီး သူ့ဘာသာသူ တိုက်ခိုက်နိုင်စွမ်း ရှိသည်။

ယဲ့ဖုန်းကို ပေးထားလိုက်တာက အကောင်းဆုံး ရွေးချယ်မှုပင်။

“မိတ်ဆွေလေး ယဲ့... လက်ခံလိုက်ပါ...”

ဘိုးဘေးလင်မြောင်ကလည်း သူ့မုတ်ဆိတ်ရှည်ကြီးကို ပွတ်သပ်ရင်း ရယ်ကာ ပြော၏။

ယဲ့ဖုန်းသည် သွေးနီရောင် လှံတံရှည်ကို လှမ်းဖမ်းလိုက်သည်။ ကြီးမားမြင့်မားသော တောင်ကြီးတစ်လုံး ပြိုကျလာသကဲ့သို့ ခမ်းနားထည်ဝါသော အရှိန်အဝါကြီး တစ်ခု သူ့ထံသို့ တိုးဝင်လာသည်ကို ချက်ချင်း ခံစားလိုက်ရ၏။

သူ မျက်လုံးများ ပြူးကျယ်သွားရသည်။

'မိုက်လိုက်တဲ့ ဝိညာဉ်ရတနာ...'

တစ်ချက်ကြည့်လိုက်ရုံဖြင့် ဒီ သွေးနီရောင် လှံတံရှည်ရဲ့ လက်နက်ဝိညာဉ်က သာမန် မဟုတ်။

မူလနတ်ဘုရားအဆင့် ပဉ္စမအလွှာ ရှိသူကိုတောင် ယှဉ်တိုက်နိုင်သော စွမ်းရည် ရှိ၏။

လူက ထိန်းချုပ်စရာ မလိုဘဲ ဒီလောက် စွမ်းအားကြီးမားတဲ့ အစွမ်းကို ပြသနိုင်သည့် ဝိညာဉ်ရတနာ တစ်ခု... တကယ်လို့သာ ကျင့်ကြံခြင်း အဆင့်မြင့်သူက ထိန်းချုပ်လိုက်မည် ဆိုလျှင် ဘယ်လောက်တောင် ကြမ်းလိုက်မလဲ...။

ယဲ့ဖုန်း မတွေးဘဲ မနေနိုင် ဖြစ်သွား၏။

“မိတ်ဆွေလေး ယဲ့... ခင်ဗျား ပိုင်ဆိုင်သွားအောင် ကျုပ်တို့ ကူညီပေးပါ့မယ်...”

ဘိုးဘေးလင်မြောင် နှင့် ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွားတို့ တပြိုင်နက် ပြောလိုက်ကြသည်။

ဘိုးဘေးကြီး နှစ်ဦးသည် လက်ဟန်များ ရေးဆွဲလိုက်ပြီး သွေးနီရောင် လှံတံရှည်ကို ထိတွေ့လိုက်ကာ၊ အတွင်းရှိ လက်နက်ဝိညာဉ်၏ ပိုင်ရှင်ကို ပြောင်းလဲပေးလိုက်ကြ၏။

“ဂျွတ်…”

ယဲ့ဖုန်း၏ မျက်ခုံးနှစ်ခုကြားတွင် အက်ကွဲကြောင်း တစ်ခု ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသည်။

သွေးတစ်စက် စီးကျလာပြီး သွေးနီရောင် လှံတံရှည်၏ မျက်နှာပြင်ပေါ်သို့ ကျရောက်သွားကာ၊ လျင်မြန်စွာ စိမ့်ဝင် ပျောက်ကွယ်သွားသည်။

လက်ဖက်ရည် တစ်ဝက်ခန့် သောက်ချိန် ကြာပြီးနောက်...

ယဲ့ဖုန်းသည် သွေးနီရောင် လှံတံရှည်နှင့် ရင်းနှီးသော ဆက်နွှယ်မှု တစ်ခု ဖြစ်ပေါ်လာပြီး၊ သူ၏ ပိုင်ဆိုင်မှု ဖြစ်သွားကြောင်း သိရှိလိုက်ရ၏။

အတွေးတစ်ချက်ဖြင့် ၎င်းကို အမိန့်ပေး နိုင်ပြီ ဖြစ်သည်။

“ဂါရဝပြုပါတယ်...သခင်”

အေးစက်ပြီး နက်ရှိုင်းသော အသံတစ်သံ သွေးနီရောင် လှံတံရှည် အတွင်းမှ ထွက်ပေါ်လာသည်။

ဒါက လက်နက်ဝိညာဉ်၏ အသံ ဖြစ်သည်။

ကျား၊ မ ခွဲခြား၍ မရသော အသံမျိုး ဖြစ်၏။

ယဲ့ဖုန်း လက်ကို လွှတ်လိုက်ရာ သွေးနီရောင် လှံတံရှည်သည် လေထဲတွင် ဝဲပျံနေသည်။ ၎င်းသည် ညင်သာစွာ တုန်ခါသွားပြီး၊ ထက်ရှသော သွေးနီရောင် ရွှေရောင် အရှိန်အဝါ တစ်ချက် ကောင်းကင်ယံသို့ ပျံတက်သွားကာ၊ မိုင်ဆယ်ချီ ရှည်လျားသော တိမ်တိုက်ကြီး တစ်ခုကို နှစ်ပိုင်းတိတိ ပိုင်းဖြတ်ပစ်လိုက်၏။

“စွမ်းအားကြီးလိုက်တာ...”

ယဲ့ဖုန်း အလွန် ကျေနပ်သွားသည်။

မြူခိုးဂိုဏ်း အတွင်းရှိ လူတိုင်းသည် ထိုမြင်ကွင်းကို သတိထားမိလိုက်ကြပြီး၊ မြူခိုးတောင်ထိပ် ဆီသို့ လှမ်းကြည့်လိုက်ကြ၏။

“ဟူး... သတိပေးချက် အမှားကြီးပဲ...”

ဝမ်ရွှမ်ဖင်းလည်း မြင်လိုက်သည်။

စောစောက သူမ ထင်လိုက်တာ ယဲ့ဖုန်းရဲ့ စွမ်းအားတွေ ပြန်ရလာပြီပေါ့... ။

သို့သော်၊ ဘိုးဘေးကြီး နှစ်ယောက်ကို တွေ့လိုက်ရတော့မှ၊ ဒီတိုက်ခိုက်မှုက သူတို့ လက်ချက် ဖြစ်လောက်သည်ဟု ကောက်ချက်ချလိုက်၏။

မြူခိုးတောင်ထိပ်တွင်...

ယဲ့ဖုန်းသည် သွေးနီရောင် လှံတံရှည်ကို လေထဲတွင် ဆက်လက် ဝဲပျံခိုင်းထားလိုက်သည်။

သူသည် ပက်လက်ကုလားထိုင်တွင် ထိုင်လိုက်ပြီး၊ ဘိုးဘေးကြီး နှစ်ဦးနှင့် ဆက်လက် စကားပြောနေသည်။

“ကျုပ်ဆီမှာ ပျက်စီးနေတဲ့ မန္တန်တွေ အများကြီး ရှိတယ်... ကျုပ်တို့လို ဟင်းလင်းပြင် ဖြိုခွဲ အဆင့် လူအိုကြီးတွေ အတွက်တော့ အသုံးမဝင်ပေမဲ့၊ တပည့်တွေ အတွက်တော့ အများကြီး အထောက်အကူ ဖြစ်စေမှာပါ...”

ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွားသည် ကျောက်စိမ်းပြား (၁၀) ချပ်ကျော်ကို ပစ်ပေးလိုက်၏။

ဒီအထဲမှာ မပြည့်စုံသော မန္တန်ပေါင်းများစွာကို မှတ်တမ်းတင်ထားတာ ဖြစ်သည်။

“ကျုပ်ဆီမှာလည်း အတော်များများ ရှိတယ်...”

ဘိုးဘေးလင်မြောင်ကလည်း ကျောက်စိမ်းပြား (၇) ချပ်ကို ထုတ်ပေးလိုက်၏။

ယဲ့ဖုန်းသည် ကျောက်စိမ်းပြားများကို ကောက်ယူလိုက်ပြီး စစ်ဆေးကြည့်ရာ၊ အားလုံးသည် အဆင့် (၇) နှင့်အထက် ရှိသော မပြည့်စုံသည့် မန္တန်များ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သူသည် ဉာဏ်ပညာ နှလုံးသားကို ဆက်လက် အသုံးပြုပြီး တွက်ချက်လိုက်၏

နေ့တစ်ဝက်ပင် မကြာလိုက်ပါ...။

အဆင့် (၇) နှင့်အထက် မန္တန် အခု (၂၀) ကျော်ကို ပြီးပြည့်စုံအောင် တွက်ချက်နိုင်ခဲ့သဖြင့်၊ ဘိုးဘေးကြီး နှစ်ဦးမှာ ယဲ့ဖုန်း၏ ကြောက်မက်ဖွယ် ပါရမီကို အံ့အားသင့်သွားကြရသည်။

“မိတ်ဆွေလေး ယဲ့ရဲ့ ဉာဏ်အလင်းပွင့်မှုက ကျုပ်တို့ထက် အများကြီး သာလွန်တာပဲ...”

ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွား မ‌ချုပ်ထိန်းနိုင်ဘဲ ထုတ်ပြောမိသွားသည်။

ဒီမန္တန်တွေကို သူတို့ အရင်က ပြီးပြည့်စုံအောင် ကြိုးစားခဲ့ဖူးသော်လည်း မူရင်းနှင့် ယှဉ်လျှင် တစ်ခုခု လိုအပ်နေသလို အမြဲ ခံစားရ၏။

ကျိုးကြောင်းဆီလျောသည့် ပုံစံမျိုး ရလာဖို့ အချိန်အကြာကြီး ယူခဲ့ရသည်။

သို့သော်၊ ဒီနေ့... နေ့တစ်ဝက်တောင် မကြာသော အချိန်အတွင်းမှာ ယဲ့ဖုန်းက အဆင့် (၇) နှင့် အထက် မန္တန် အခု (၂၀) ကျော်ကို ဆက်တိုက် ပြီးပြည့်စုံအောင် လုပ်ပြလိုက်သည်ပင်။

ဒီ ဉာဏ်အလင်းပွင့်မှုက ရိုးရိုးလေး ကြောက်စရာ ကောင်းတာ မဟုတ်။

ဘိုးဘေးလင်မြောင်လည်း ရင်ထဲတွင် နက်ရှိုင်းစွာ တုန်လှုပ်သွားရ၏။

“အံ့သြစရာ မလိုပါဘူးဗျာ... ကျွန်တော့်ရဲ့ မွေးရာပါ ဉာဏ်အလင်းပွင့်မှုက မဆိုးဘူးလေ... အဲဒါကြောင့် ဒီမန္တန်တွေကို တွက်ချက်တာ နည်းနည်း မြန်သွားတာပါ...”

ယဲ့ဖုန်း တည်ငြိမ်စွာ ပြောလိုက်သည်။ ( ဆရာကြီး ပုံစံ ဖမ်းလိုက်ခြင်းပါ)။

ထိုစကားကို ကြားလိုက်ရသောအခါ ဘိုးဘေးကြီး နှစ်ဦး ခေတ္တမျှ စကားဆွံ့အသွားကြ၏။

'မဆိုးဘူး ဟုတ်လား...'

'ဒါက မဆိုးရုံတင် မကဘူး... ကြောက်စရာ ကောင်းလွန်းနေတာ မဟုတ်ဘူးလား...'

သူတို့နှစ်ဦးစလုံး စိတ်ထဲတွင် ကျိတ်ပြီး ညည်းတွားလိုက်မိကြသည်။

သူတို့သုံးဦး ဆက်လက်၍ ပျော်ရွှင်စွာ ထွေရာလေးပါး ပြောဆိုနေကြ၏။

ညရောက်မှသာ ဘိုးဘေးကြီး နှစ်ဦးသည် ရှေးဟောင်း သိုင်းစာအုပ်များ၊ ရှေးဟောင်း ဆေးဝါးများနှင့် ဝိညာဉ်ကျောက်တုံး အများအပြားကို ထားရစ်ခဲ့ပြီး၊ နေရာရွှေ့ပြောင်းခြင်းဖြင့် ပြန်လည် ထွက်ခွာသွားကြသည်။

သူတို့နှစ်ဦး တကယ် ပြန်သွားပြီ ဖြစ်ကြောင်း သေချာမှ၊ ယဲ့ဖုန်းသည် ဘေးနားတွင် ဝဲပျံနေသော သွေးနီရောင် လှံတံရှည်ကို ကြည့်ရင်း နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားရ၏။

“မဆိုးဘူး...”

သူ လက်ကို ဆန့်ထုတ်ပြီး သွေးနီရောင် လှံတံရှည်ကို ဖမ်းဆွဲလိုက်သည်။ ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်ရာ၊ အဆင့်နိမ့် ဝိညာဉ်ရတနာ အဖြစ် အဆင့်မြှင့်တင်ထားသော သံရည်ကျိုမီးဖို တစ်လုံး ဘေးနားတွင် ပေါ်လာ၏။

“သံရည်ကျိုမီးဖို... ဒါကို ပုံစံပြောင်းပေး...”

“ဝုန်း…”

သံရည်ကျိုမီးဖိုသည် ညင်သာစွာ တုန်ခါသွားပြီး၊ ပန်းရောင် အလင်းတန်းများ ဖြာထွက်လာကာ၊ သွေးနီရောင် လှံတံရှည်ကို မီးဖိုထဲသို့ စုပ်ယူပြီး ပြောင်းလဲမှု စတင်လိုက်သည်။

သွေးနီရောင် လှံတံရှည်သည် ဘိုးဘေးကြီး နှစ်ဦး၏ ဉာဏ်အလင်းပွင့်စေမှု ခံထားရပြီး၊ ယဲ့ဖုန်း၏ စိတ်နှင့် ဝိညာဉ် ဆက်နွှယ်နေသော ရတနာ တစ်ခု ဖြစ်နေပြီပင်။

ထို့ကြောင့် သံရည်ကျိုမီးဖို၏ ပြုပြင်ပြောင်းလဲမှုကို မခုခံခဲ့ပေ။

လုပ်ငန်းစဉ် တစ်ခုလုံး အလွန် ချောမွေ့နေသည်။

“ပြုပြင်ပြောင်းလဲတဲ့ လုပ်ငန်းစဉ်က အရမ်း ကြာမှာပဲ... အနည်းဆုံး တစ်ညလုံး ကြာလိမ့်မယ်... ငါ အိပ်လိုက်တာပဲ ကောင်းပါတယ်...”

ယဲ့ဖုန်း လှဲအိပ်တော့မလို ပြင်လိုက်၏။

သဘက်ခါကျရင် ကြယ်အဆင့် တိုးမြှင့်ခြင်း အခမ်းအနား ကျင်းပတော့မှာ ဖြစ်တဲ့အတွက်၊ သူ အားအင် အပြည့် ပြန်လည် ဖြည့်တင်းထားဖို့ လိုအပ်သည်။

သို့သော် ဘိုးဘေးကြီး နှစ်ဦး ထားရစ်ခဲ့သော ရှေးဟောင်း သစ်သားစားပွဲပေါ်ရှိ စာအုပ်များကို ကြည့်လိုက်သောအခါ၊ သူ၏ မျက်လုံးများ အရောင်တောက်သွားပြီး တစ်အုပ်ကို ကောက်ယူကာ လှန်လှော ကြည့်ရှုလိုက်၏။

“အထောက်အကူပြု ကျင့်စဉ်တွေ အများကြီး ပါလာတာပဲ...”

“ဟုတ်ပြီ..”

ယဲ့ဖုန်း ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်လိုက်သည်။

ငါ့မှာ ဉာဏ်ပညာ နှလုံးသား ရှိနေပြီးသား... တွက်ချက်မှု စွမ်းရည်နဲ့ နားလည်မှု စွမ်းရည်က ထိပ်တန်းအဆင့်ပဲ...။ ရှိပြီးသား အထောက်အကူပြု ကျင့်စဉ်တွေကို အခြေခံပြီး၊ ကျင့်ကြံခြင်း အရှိန်ကို မြှင့်တင်ပေးနိုင်မယ့် ကျင့်စဉ်အသစ် တစ်ခု ဖန်တီးမယ်လေ...။

ထိုအတွေး ဝင်လာသည်နှင့် သူ ချက်ချင်း လုပ်ငန်း အကောင်အထည် ဖော်လိုက်တော့၏။

'ကျင့်ကြံခြင်း အရှိန်ကို ဆုံးဖြတ်တာက အခြေခံအုတ်မြစ်ပဲ...'

'အခြေခံအုတ်မြစ် အားနည်းရင်၊ ကျင့်ကြံခြင်း အရှိန်က နှေးကွေးတယ်...'

'ဒါဆိုရင်... အခြေခံအုတ်မြစ်ကို မြှင့်တင်ပေးနိုင်မယ့် အထောက်အကူပြု ကျင့်စဉ် တစ်ခု ဖန်တီးလို့ ရနိုင်မလား...'

'ဒါမှမဟုတ်... အခြေခံအုတ်မြစ်ရဲ့ အလားအလာကို လှုံ့ဆော်ပေးပြီး၊ ကိုယ့်ဘာသာ မြန်မြန်ဆန်ဆန် ကျင့်ကြံနိုင်စေမယ့် နည်းလမ်းမျိုးပေါ့...'

'ဒါမှမဟုတ်ရင်လည်း... သွေးကြောစီးဆင်းမှုကို မြန်ဆန်စေပြီး အရှိန်မြှင့်တင်တာမျိုး တခြားရှုထောင့်ကနေ စဉ်းစားလို့လည်း ရတာပဲ...'

'...'

ယဲ့ဖုန်း ဆက်လက် စဉ်းစားနေ၏။

စောသေးတဲ့အတွက် သူ အချိန်ယူပြီး စဉ်းစားလို့ ရနေသေးသည်။

သန်းခေါင်ယံ အချိန်တွင်...

ယဲ့ဖုန်း ရုတ်တရက် မျက်လုံးဖွင့်လိုက်၏။

သူ စောစောက အိပ်ပျော်သွားခဲ့တာပဲ..

တွက်ချက်မှု လုပ်တာက သူ၏ ဝိညာဉ်နှင့် မူလစွမ်းအင်ကို အလွန်အမင်း ကုန်ခမ်းစေလို့ ဖြစ်လိမ့်မည်။

မျက်ခုံးနှစ်ခုကြားကို ပွတ်သပ်ရင်း ယဲ့ဖုန်း ဆက်လက် အလုပ်လုပ်၏။ သူသည် သိုင်းကျမ်းဆောင်ထဲသို့ ဝင်သွားပြီး၊ အထောက်အကူပြု ကျင့်စဉ်များနှင့် မန္တန်များ အားလုံးကို ထုတ်ယူကာ တွက်ချက်မှုများ ပြုလုပ်လိုက်သည်။

နောက်ဆုံးတွင် သူ အကြံတစ်ခု ရသွားခဲ့၏။

နောက်တစ်နေ့ နံနက်တွင်...

ယဲ့ဖုန်းသည် ဝိညာဉ်နှင့် မူလစွမ်းအင် အလွန်အမင်း ကုန်ခမ်းသွားသဖြင့်၊ မျက်လုံးများ မို့အစ်ကာ မျက်ကွင်းညိုကြီးများဖြင့် ပက်လက်ကုလားထိုင်ပေါ်တွင် လဲလျောင်းနေသည်။

သို့သော် သူ၏ ဘေးပတ်ဝန်းကျင်တွင်မူ ရှေးဟောင်း စာလုံးများဖြင့် ပြည့်နှက်နေသော တွက်ချက်မှု စာရွက်များ တောင်လို ပုံနေ၏။

ကျီဇီလင်းသည် သိုင်းကျမ်းဆောင်ထဲမှ ထွက်လာခါစ ဖြစ်သည်။

အိပ်ပျော်နေသော ယဲ့ဖုန်းကို မြင်လိုက်ရသောအခါ၊ သူမ ရင်ထဲတွင် သနားစိတ်များ ဖြစ်ပေါ်လာပြီး၊ ခြေသံတိုးတိုးဖြင့် သူ့ဘေးသို့ လျှောက်သွားလိုက်၏။ သူမ၏ သိုလှောင်လက်စွပ်ထဲမှ မွှေးပျံ့သော ခရမ်းရွှေရောင် စောင်ပါးလေး တစ်ထည်ကို ထုတ်ယူပြီး သူ့ကိုယ်ပေါ်သို့ လွှမ်းခြုံပေးလိုက်သည်။

ထို့နောက် စားပွဲပေါ်ရှိ စာမူများကို သူမ သတိထားမိလိုက်၏။

ကျီဇီလင်းကဲ့သို့ ဉာဏ်ကောင်းသူပင်လျှင်၊ ထို ရှုပ်ထွေးနက်နဲသော ရှေးဟောင်း ပုံစံများနှင့် သင်္ကေတများကို မြင်လိုက်ရသောအခါ ခေါင်းကိုက်သွားရသည်။

'ခက်လိုက်တာ...'

သူမသည် ယဲ့ဖုန်း၏ ခန့်ညားသော မျက်နှာကို လှည့်ကြည့်လိုက်ပြီး၊ မသိစိတ်မှ လှုံ့ဆော်မှုကြောင့် သူ့ပါးကို ဆွဲလိုက်မိသည်။

“ဝါး... နူးညံ့လိုက်တာ...”

ကျီဇီလင်းသည် လန့်ဖျပ်သွားသကဲ့သို့ လက်ကို ချက်ချင်း ပြန်ရုတ်လိုက်ပြီး၊ မျက်လုံးများထဲတွင် အံ့သြမှုများ ပြည့်နှက်သွား၏။

နောက်တစ်ခဏတွင် သူမသည် ရူးသွပ်သွားသကဲ့သို့ ထွက်ပြေးသွားတော့သည်။

“အာ... အိပ်ချင်လိုက်တာ...”

မကြာမီ ယဲ့ဖုန်း နိုးလာပြီး သမ်းဝေလိုက်၏။

သူ့ကိုယ်ပေါ်ရှိ စောင်ကို တစ်ချက်ကြည့်လိုက်ပြီး၊ မျက်ခုံးပင့်လိုက်မိသည်။ တွက်ချက်မှု အနည်းငယ် ပြုလုပ်လိုက်သည်နှင့် ကျီဇီလင်း စောင်လာခြုံပေးခြင်း နှင့် ပါးဆွဲသွားခြင်း ဖြစ်စဉ်တစ်ခုလုံးကို ပြန်လည် မြင်ယောင်မိလိုက်ရာ၊ သူ့မျက်နှာထား ထူးဆန်းသွားရ၏။

'ဒီကောင်မလေး... တကယ့်ကို အဆော့သန်တာပဲ...'

ယဲ့ဖုန်း ရေရွတ်လိုက်ပြီးနောက်၊ အပြုံးနုနုလေးဖြင့် စားပွဲပေါ်ရှိ ရှုပ်ထွေးသော စာမူများကို ကြည့်လိုက်သည်။

(၁၀) မိနစ် ကြာပြီးနောက်...

သိုင်းကျမ်း တစ်စောင် လေထဲတွင် ဝဲပျံလာလေ၏။

ဒါသည် ယဲ့ဖုန်း တွက်ချက်ထားသော အထောက်အကူပြု ကျင့်စဉ် ဖြစ်ပါသည်။

တတ်မြောက်သွားပါက ကျင့်ကြံခြင်း အရှိန်ကို မြှင့်တင်ပေးနိုင်ပြီး၊ အခြေခံအုတ်မြစ်၏ အလားအလာကို လှုံ့ဆော်ပေးကာ၊ အခြေခံအုတ်မြစ်ကို အဆင့်တစ်ဆင့် တိုးမြှင့်ပေးနိုင်မည့် အခွင့်အလမ်း ရှိသည်။

“ဇီလင်း... ဒီကို လာခဲ့...”

ယဲ့ဖုန်း လှမ်းခေါ်လိုက်၏။

သိုင်းကျမ်းဆောင် ပထမထပ်တွင် ထိုင်နေသော ကျီဇီလင်းသည် ရင်ထဲတွင် ထိတ်ပျာသွားပြီး၊ သူမ ပါးဆွဲလိုက်တာကိုများ သိသွားပြီလားဟု တိတ်တဆိတ် စိုးရိမ်သွားမိသည်။

သူမသည် စိုးရိမ်သော စိတ်ဖြင့် ယဲ့ဖုန်း၏ ရှေ့မှောက်သို့ ရောက်ရှိလာ၏။

“ဂိုဏ်း... ဂိုဏ်းချုပ်...”

ကျီဇီလင်းသည် ခေါင်းငုံ့ထားပြီး ယဲ့ဖုန်းကို မကြည့်ရဲပေ။

“ဒါက ဂိုဏ်းချုပ် တစ်ညလုံး တွက်ချက်ထားတဲ့ အထောက်အကူပြု ကျင့်စဉ်ပဲ... ယူသွားပြီး သိုင်းကျမ်းဆောင်ထဲမှာ သိမ်းထားလိုက်... ပြီးတော့ ဒုတိယမျိုးဆက် တပည့် တစ်ဖွဲ့ကို စပြီး ကျင့်ကြံခိုင်းလိုက်...”

ယဲ့ဖုန်းသည် လေထဲတွင် ဝဲပျံနေသော စာလုံးများကို အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး၊ ရှေးဟောင်း စာအုပ်တစ်အုပ်ပေါ်တွင် ကမ္ပည်းတင်ပေးလိုက်၏။

“ဪ... ဟုတ်ကဲ့ပါ...”

ပါးဆွဲတဲ့ ကိစ္စ မဟုတ်မှန်း သိလိုက်ရတော့မှ ကျီဇီလင်း ခေါင်းငုံ့ကာ လျှာလေးထုတ်လိုက်ပြီး၊ စိတ်သက်သာရာ ရသွားတော့သည်။

သို့သော် နောက်တစ်ခဏတွင် လက်တစ်ဖက်က ကျီဇီလင်း၏ အပြစ်အနာအဆာ ကင်းမဲ့သော ဖြူဖွေးသည့် ပါးပြင်လေးကို လာဆွဲ၏။

“ဇီလင်း... ဘယ်လိုနေလဲ...”

ယဲ့ဖုန်းက ပြုံးသောင်သောင် မျက်နှာထားဖြင့် မေးလိုက်သည်။

ကျီဇီလင်း၏ မျက်နှာ တောင့်တင်းသွား၏။

သူမ ပါးဆွဲခဲ့တာကို မိသွားပြီ ဆိုတာ သိလိုက်ရသဖြင့်၊ မျက်နှာတစ်ခုလုံး ရှက်သွေးဖြာပြီး နီမြန်းသွားတော့သည်။

“ဂိုဏ်းချုပ်... သမီး...”

“နောက်တစ်ခါ ငါ အိပ်နေတုန်း ပါးလာဆွဲရင်... နံရံကို မျက်နှာမူပြီး (၃) ရက် ဒဏ်ပေးမယ်...”

“ဂိုဏ်းချုပ်... နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး...”

ကျီဇီလင်းသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး၊ ရှေးဟောင်း စာအုပ်ကို ယူကာ အသက်လုပြီး ထွက်ပြေးသကဲ့သို့ ပြေးထွက်သွားတော့၏။

All Chapters