အခန်း (၅၂၀-၅၂၂)
Vol. 35 Ch. 520-522
အခန်း (၅၂၀) - မှတ်ဉာဏ်များကို ဖတ်ရှုခြင်း၊ ယွီကျူး ပေါ်ထွက်လာခြင်း၊ ခန်းမသခင်၏ သတိထားမှု
~ဝမ်ကျုံး ကျိန်စာသင့်ပြီး သေဆုံးသွားပြီးနောက်၊ သူ၏ ဝိညာဉ်သည် မိစ္ဆာချီ အဖြစ် ပြောင်းလဲသွားသည်။
မူလက ၎င်းတို့က သူ့စိတ်ထဲမှာပဲ ရှိနေတာ ဖြစ်သော်လည်း ၊ နောက်ပိုင်းမှာ ယဲ့ဖုန်းက လျှို့ဝှက်နည်းလမ်း တစ်ခုကို သုံးပြီး အနီးနားက လေဟာနယ်ထဲကို ဖြန့်ကျက်ထားလိုက်၏။
မဟုတ်လျှင် ဒီ မိစ္ဆာချီ တွေက အလောင်းနှင့်အတူ ပါသွားမည်ကိုး။။
“ကြည့်ရအောင်... ဝမ်ကျုံးရဲ့ မှတ်ဉာဏ် အပိုင်းအစတွေထဲကနေ ဘယ်လို သတင်းအချက်အလက်တွေ ရမလဲလို့...”
ယဲ့ဖုန်း တီးတိုး ရေရွတ်လိုက်သည်။
သူ လက်ကို ဆန့်ထုတ်လိုက်ပြီး မိစ္ဆာချီ ဝဲကတော့ တစ်ခုကို ဖွဖွလေး တို့ထိလိုက်သည်။
“ဝှီး…”
မိစ္ဆာချီ များကို သတ်ဖြတ်ခြင်း အရှိန်အဝါ က ဝါးမြိုလိုက်သည်။
ချက်ချင်းဆိုသလိုပင် မှတ်ဉာဏ် အပိုင်းအစ အများအပြားကို ယဲ့ဖုန်း မြင်တွေ့လိုက်ရသည်။ မီးပုံးပျံ တစ်ခု လည်ပတ်နေသကဲ့သို့ သူ့မျက်လုံးများ ရှေ့တွင် ဖြတ်သန်းသွားပြီး၊ အသုံးဝင်သော အချက်အလက်များကို ဖော်ပြပေးလိုက်သည်။
လက်ဖက်ရည် တစ်အိုးခန့် ကြာပြီးနောက်...
ယဲ့ဖုန်း၏ လက်ဝါးပေါ်မှ မိစ္ဆာချီ ဝဲကတော့ လုံးဝ ပျောက်ကွယ်သွားလေ၏။
သူ့ခန္ဓာကိုယ် အတွင်းရှိ သတ်ဖြတ်ခြင်း အရှိန်အဝါများ ပိုမို အားကောင်းလာသော်လည်း၊ ယဲ့ဖုန်း၏ မျက်နှာထားမှာမူ သိသိသာသာ လေးနက်လာခဲ့သည်။
“ဒါဆို... နတ်ဆိုးဘုရားကျောင်း သခင် က ဝမ်ကျုံးကို လွှတ်ပြီး ငါ့ကို ပြန်ပေးဆွဲခိုင်းတာက ‘ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း’ သတင်းကို မေးမြန်းဖို့ပဲ...”
“ပြီးတော့... ဝမ်ကျုံးရဲ့ မှတ်ဉာဏ် မြင်ကွင်းတွေအရ ဆိုရင်၊ နတ်ဆိုးဘုရားကျောင်း သခင် ကိုယ်တိုင်လည်း ဒီ စွမ်းအားကြီးမားတဲ့ နတ်ဘုရား စွမ်းရည်ကို ကျင့်ကြံထားတာပဲ...”
“ဒါပေမဲ့ နတ်ဆိုးဘုရားကျောင်း သခင် ရဲ့ အရှိန်အဝါက ငါ့လောက် မသန့်စင်ဘူး... ဆိုလိုတာက သူ ဒီ နတ်ဘုရား စွမ်းရည်ကို တစ်ဝက်လောက်ပဲ တတ်မြောက်ထားတာ... အဆင့်တူချင်း တိုက်ခိုက်ရင် ငါ သူ့ကို ဖိနှိပ်နိုင်တယ်...”
ထိုအရာကို တွေးမိသောအခါ ယဲ့ဖုန်း ချက်ချင်း သဘောပေါက်သွားသည်။
‘သိပြီ..
နန်းမြို့တော် တိုက်ပွဲမှာ ငါက “ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း” ရဲ့ စွမ်းအား အပြည့်အဝကို ထုတ်သုံးပြလိုက်လို့၊ နတ်ဆိုးဘုရားကျောင်း သခင်ရဲ့ အာရုံစိုက်မှုကို ခံလိုက်ရတာ ဖြစ်မယ်... ဒါမှမဟုတ်... မနာလိုတာများလား...။
ဒါကြောင့် သူက ငါ့ကို ပစ်မှတ်ထားတာပဲ’
“ဒါပေမဲ့... ဒီကိစ္စက အဲဒီလောက် ရိုးရှင်းချင်မှ ရိုးရှင်းမှာ...”
“ဧကရာဇ်ပေဟယ်ရဲ့ ဇာစ်မြစ်က ဆန်းကြယ်တယ်... ပြီးတော့ ဒီ နတ်ဘုရား စွမ်းရည်ကို မျက်စိကျနေတဲ့သူတွေလည်း အများကြီး ရှိတယ်... နောင်ကျရင် ငါ ပိုပြီး သတိထားမှ ဖြစ်မယ်...”
ယဲ့ဖုန်း တီးတိုး ရေရွတ်လိုက်သည်။
သူ တံခါးကို တွန်းဖွင့်လိုက်ပြီး ဂိုဏ်းချုပ် ခန်းမဆောင်ကြီး ထဲမှ ထွက်လာခဲ့သည်။
အောက်ဘက်တွင် ဂိုဏ်း၏ အတွင်းရေး ကိစ္စများကို စီမံခန့်ခွဲနေဆဲ ဖြစ်သော တပည့်များကို ငုံ့ကြည့်လိုက်ရာ၊ ယဲ့ဖုန်း ရင်းနှီးသော ပုံရိပ် တစ်ခုကို တွေ့လိုက်ရသည်။
ဝမ်ရွှမ်ဖင်း ..
ယခု အချိန်မှာ သူက ရေစိုနေသော ကြမ်းတိုက်အဝတ်ကို ကိုင်ထားပြီး၊ တခြား တပည့်တွေလိုပဲ အဓိကရင်ပြင်ကျယ်ကြီးကို သန့်ရှင်းရေး လုပ်နေ၏။
“ဒီတစ်ယောက်က ဝိညာဉ်ဝါးမြို မျိုးနွယ်စုရဲ့ သူလျှိုပဲ...”
“ပြီးတော့ ဧကရာဇ်ပေဟယ် ရဲ့ လက်ကျန် ဆန္ဒတော်က တခါ ပြောဖူးတယ်... ‘ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း’ က ဝိညာဉ်ဝါးမြို မျိုးနွယ်စုကို အထူးသီးသန့် နှိမ်နင်းဖို့ သုံးတာတဲ့...”
“ဒါကြောင့်... ဝမ်ရွှမ်ဖင်း.. မြူခိုးဂိုဏ်းထဲကို စိမ့်ဝင်လာတာကလည်း ဧကရာဇ်ပေဟယ် အကြောင်း သတင်းအချက်အလက် ရဖို့ ကြိုးစားတာ ဖြစ်နိုင်ချေ များတယ်...”
“ဒါပေမဲ့ ငါကိုယ်တိုင်တောင် ဧကရာဇ်ပေဟယ် အကြောင်း အသေးစိတ် မသိတာ... သူတို့ ဒီမှာ လာစုံစမ်းနေတာက သဲထဲ ရေသွန်သလို အလကား ဖြစ်မှာ သေချာတယ်...”
သည်အကြောင်း တွေးမိတော့ ယဲ့ဖုန်း အော်ဟစ် ရယ်ချင်စိတ် ပေါက်သွား၏။
အမြင့်ဆုံး လျှို့ဝှက်ချက် အဆင့် ဆိုတာ... ကာယကံရှင် ကိုယ်တိုင်တောင် အဲဒီ လျှို့ဝှက်ချက်ကို မသိတာပဲ..
...
ညဉ့်ကောင်းကင်ယံ အောက်တွင်...
နတ်ဆိုးဘုရားကျောင်း သခင်သည် သူ၏ တွက်ချက်မှုကို အဆုံးသတ်လိုက်သည်။
“ဝေါ...”
သူ ရုတ်တရက် သွေးတစ်လုပ် အန်ထုတ်လိုက်၏။ မျက်နှာဖုံး အောက်ရှိ သူ၏ မျက်လုံးများက ရေခဲတမျှ အေးစက်သွားပြီး၊ ပတ်ဝန်းကျင် လေဟာနယ် တစ်ခုလုံး ထာဝရ ရေခဲပြင်ကြီး ဖုံးလွှမ်းသွားသကဲ့သို့ ကြက်သီးထဖွယ် အေးစက်သွားသည်။
“ငါ ပြန်ကန်အား ထိသွားပြီ..”
နတ်ဆိုးဘုရားကျောင်း သခင်က အက်ကွဲသော အသံဖြင့် ပြောလိုက်၏။
သူသည် စွမ်းအင် အမြောက်အမြား အသုံးပြုပြီး မြူခိုးဂိုဏ်းတွင် တစ်နေ့တာလုံး ဖြစ်ပျက်ခဲ့သမျှကို အဝေးမှ လှမ်းပြီး တွက်ချက်ကြည့်ခဲ့သည်။ အဓိကရင်ပြင်ကျယ်ကြီးတွင် ဝမ်ကျုံး၏ ခမ်းနားထည်ဝါသော အမူအရာနှင့် ဘိုးဘေးကြီး နှစ်ဦး ဝင်ရောက် စွက်ဖက်သည်အထိ မြင်တွေ့ခဲ့၏။
သေချာပါသည်၊... ဝမ်ကျုံး ရုတ်တရက် သေဆုံးသွားသော အချိန်ကိုလည်း သူ မြင်ခဲ့ရသည်။
သို့သော်၊ နတ်ဆိုးဘုရားကျောင်း သခင် ဘယ်လိုပဲ တွက်ချက်ပါစေ၊ ဝမ်ကျုံးကို ဘယ်သူက အဝေးကနေ လှမ်းသတ်လိုက်တာလဲ ဆိုတာ တွက်ချက်၍ မရခဲ့ပါ။
ဒီအခြေအနေက ထူးဆန်းလွန်းသည်။
နောက်ဆုံးတော့ သူက တွက်ချက်မှု အတိုင်းအတာကို ချဲ့ထွင်လိုက်သည့် အခါကျမှ၊ ရုတ်တရက် ပြန်ကန်အား ထိပြီး သွေးအန်သွားရခြင်း ဖြစ်၏။
“ဟင်းလင်းပြင် ဖြိုခွဲ အဆင့် စတုတ္ထအလွှာ ရှိတဲ့ ငါတောင်မှ တွက်ချက်လို့ မရဘူးတဲ့လား... ဧကရာဇ်ပေဟယ် ကိုယ်တိုင် ဝင်ပါလိုက်တာများလား...”
နတ်ဆိုးဘုရားကျောင်း သခင် စိုးရိမ်ပူပန်သွားသည်။
ခဏမျှ စဉ်းစားပြီးနောက် သူ တွက်ချက်မှုကို ရပ်တန့်လိုက်၏။
“မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်း... သူက ‘ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း’ ရဲ့ စွမ်းအားကို ပြီးပြည့်စုံစွာ ထုတ်သုံးနိုင်တယ် ဆိုတော့... သူ့နောက်ကွယ်မှာ လမ်းညွှန်ပေးနေတဲ့ ပညာရှင် တစ်ယောက် ရှိရမယ်... မဟုတ်ရင် သာမန် တစ်ပိုင်း ဟင်းလင်းပြင် ဖြိုခွဲ အဆင့် လောက်နဲ့ ငါ့ထက်သာတဲ့ အမြင်မျိုး ရှိဖို့ မဖြစ်နိုင်ဘူး...”
နတ်ဆိုးဘုရားကျောင်း သခင် မတ်တတ်ရပ်လိုက်သည်။
ခန်းမထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီးနောက်၊ တံခါးကို တွန်းဖွင့်ကာ အပြင်သို့ ထွက်လာခဲ့သည်။ ကြည်လင်သော ညကောင်းကင်ယံကို မော့ကြည့်လိုက်ရာ၊ မရေမတွက်နိုင်သော ကြယ်တာရာများ တဖျပ်ဖျပ် လက်နေသည်ကို တွေ့လိုက်ရ၏။
ထိုအချိန်၌ ကောင်းကင်ယံတွင် ပုံရိပ်တစ်ခု ပေါ်ထွက်လာပြီး၊ လေထဲတွင် ဝဲလွင့် ဆင်းသက်လာသည်။
ဧည့်သည်မှာ ကျက်သရေရှိပြီး လှပသော နတ်မိမယ် တစ်ပါး ဖြစ်သည်။
“ယွီကျူး..”
နတ်ဆိုးဘုရားကျောင်း သခင်သည် ထိုအမျိုးသမီးကို မြင်လိုက်ရသောအခါ ကပျာကယာ ဦးညွှတ် ဂါရဝပြုလိုက်၏။
ယွီကျူး... ကျောင်းယန် ရှေးဟောင်း သူတော်စင် ရဲ့ ထိပ်တန်း တပည့်၊ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် အဆင့်မြင့်မှာ ရှိသော အင်အားကြီး ပုဂ္ဂိုလ်။ သူမက ကြယ်တာရာ ဟင်းလင်းပြင် ထဲမှာ တိုက်ပွဲဝင်ခဲ့ဖူးပြီး၊ ပြင်ပမျိုးနွယ်စု အကြီးအကဲတွေကို မရေမတွက်နိုင်အောင် သတ်ဖြတ်ခဲ့ဖူးသော ဂုဏ်သတင်း ကြီးမားသူ တစ်ယောက်။
“ဆရာသခင်က စကားပါးလိုက်တယ်... လျို့ဝှက်ဆန်းကြယ် နိုင်ငံတော် ထဲမှာ သူ လိုချင်တဲ့ ပစ္စည်း တစ်ခု ရှိတယ်တဲ့... ရှင်က အဲဒါကို လက်ပါချင်နေတာလား...”
ယွီကျူး၏ အသံမှာ အလွန် တည်ငြိမ်နေသည်။
သို့သော်၊ နတ်ဆိုးဘုရားကျောင်း သခင်ရဲ့ နားထဲမှာတော့ မယုံနိုင်လောက်အောင် အေးစက်နေပြီး၊ ရေခဲဓားသွားပေါင်း များစွာ သူ့လည်ပင်းကို လာထောက်ထားသလို ခံစားလိုက်ရ၏။
“ကျွန်တော် မဝံ့ရဲပါဘူး...”
နတ်ဆိုးဘုရားကျောင်း သခင်၏ ရင်ထဲတွင် တုန်လှုပ်သွားရသည်။
သူ ခေါင်းငုံ့လိုက်သည်။ မျက်နှာဖုံး အောက်ရှိ မျက်နှာပေါ်တွင် ချွေးစေးများ ပြန်နေပြီပင်။
အတော်ကြာမှ သူ ခေါင်းမော့ကြည့်လိုက်သော်လည်း၊ ကောင်းကင်ယံတွင် ယွီကျူး၏ ကျက်သရေရှိသော ပုံရိပ်ကို ရှာမတွေ့တော့ပေ။
သူမ ထွက်ခွာသွားခဲ့သည်မှာ ကြာခဲ့ပြီပင်။
“တောက်... ငါ မိုင်းကွင်း နင်းမိသွားတာပဲ...”
နတ်ဆိုးဘုရားကျောင်း သခင်၏ မျက်နှာ လေးနက်သွား၏။
ကျောင်းယန် ရှေးဟောင်း သူတော်စင် က “ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း” ကို စိတ်ဝင်စားမှာ မဟုတ်ဘူး ဆိုတာ သူ သေချာ၏။ တိုက်တိုက်ဆိုင်ဆိုင် လျို့ဝှက်ဆန်းကြယ် နိုင်ငံတော် ထဲမှာ ရှေးဟောင်း သူတော်စင် လိုချင်သော ပစ္စည်း တစ်ခု ရှိနေတာ ဖြစ်မည်။
ပြီးတော့ သူက ဝမ်ကျုံးကို မြူခိုးဂိုဏ်း ဆီ လွှတ်လိုက်တော့... ဒါက ကျောင်းယန် ရှေးဟောင်း သူတော်စင် လိုချင်သည့် အရာနှင့် သွားပြီး ထပ်တူကျသွားတာ ဖြစ်နိုင်သည်။
ဒါကြောင့် ယွီကျူး ကိုယ်တိုင် လာပြီး သတိပေးခြင်းပင်။
“ကျောင်းယန် ရှေးဟောင်း သူတော်စင် လိုချင်တာက မြူခိုးဂိုဏ်းများလား... မဖြစ်နိုင်တာ... အခုမှ အဆင့်တက်ခါစ ကြယ်နှစ်ပွင့် ဂိုဏ်းလေး တစ်ခုက ဘယ်လိုလုပ်ပြီး... ဒါမှမဟုတ် မြူခိုးဂိုဏ်း အနီးအနားမှာ တစ်ခုခု ရှိနေတာများလား...”
“ကြည့်ရတာ ငါ ခံစားလိုက်ရတဲ့ ပြန်ကန်အားက... ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ တားမြစ်ချက် ကို သွားထိမိလို့ ဖြစ်မယ်...”
နတ်ဆိုးဘုရားကျောင်း သခင် စဉ်းစားလိုက်၏။
သူက အရူး မဟုတ်ပါ။
နည်းနည်းလောက် ဆက်စပ်ကြည့်လိုက်တာနှင့် အများကြီး ခန့်မှန်း၍ ရသည်။
သို့သော်၊ တစ်ခုခု သိနေလျှင်တောင်မှ၊ ယွီကျူးရဲ့ သတိပေးချက်ကို ရထားသည့်အတွက် သူ မဆင်မခြင် မလုပ်ရဲတော့ပေ။
“ထားလိုက်ပါတော့... ငါ လျို့ဝှက်ဆန်းကြယ် နိုင်ငံတော် ကို သွားလို့ မရဘူး... ဒါပေမဲ့ တစ်နေ့ကျရင်... ယဲ့ဖုန်း လျို့ဝှက်ဆန်းကြယ် နိုင်ငံတော် ကနေ ထွက်လာတဲ့ အခါကျရင်တော့... တိတ်တဆိတ် လုပ်ကြံဖို့ ကြိုးစားရမယ်...”
နတ်ဆိုးဘုရားကျောင်း သခင် တီးတိုး ရေရွတ်လိုက်၏။
...
(၃) ရက် ကြာပြီးနောက်...
မြူခိုးဂိုဏ်း ကြယ်နှစ်ပွင့် အဆင့်သို့ တက်လှမ်းသွားကြောင်း သတင်းသည် နေရာအနှံ့ ပျံ့နှံ့သွားသည်။
လျို့ဝှက်ဆန်းကြယ် နိုင်ငံတော် မြို့ကြီးများ၏ လမ်းကြား လမ်းမများတွင်၊ လူတိုင်းသည် မြူခိုးဂိုဏ်း အခမ်းအနား၌ ဖြစ်ပျက်ခဲ့သော ထူးဆန်းသည့် အဖြစ်အပျက် အကြောင်း တီးတိုး ပြောဆိုနေကြ၏။
“မူလနတ်ဘုရားအဆင့် (၇) အလွှာ မဟာတန်ခိုးရှင် တစ်ယောက် ရုတ်တရက် သေသွားတယ် ဟုတ်လား...”
“ငါ့အမြင်တော့... ဒါ နတ်ဘုရားဒဏ်သင့်တာပဲ...”
“ကြည့်ရတာ မြူခိုးဂိုဏ်းက ကောင်းကင်နဲ့ မြေကြီးရဲ့ အလိုဆန္ဒတော်က ကာကွယ်ပေးထားပုံ ရတယ်... ဂိုဏ်းချုပ်ယဲ့က ရွေးချယ်ခံရသူ ဖြစ်နေတာ မဆန်းပါဘူး... နှမြောစရာ ကောင်းတာက သူ ကျင့်ကြံခြင်း စွမ်းအားတွေ အကုန် ဆုံးရှုံးသွားတာပဲ... ကြောက်တာက သူ အသက် (၁၀၀) ကျော်ထိ နေရပါ့မလား ဆိုတာပဲ...”
“မဖြစ်နိုင်တာ... ဂိုဏ်းချုပ်ယဲ့မှာ ကြီးမားတဲ့ ကံတရား ရှိတယ်... သူ သေချာပေါက် လိပ်တစ်ကောင်လို နှစ်ပေါင်း တစ်သောင်းလောက် အသက်ရှည်မှာ...”
“ဟဲ့... နင် ဘာတွေ ပြောနေတာလဲ... ဂိုဏ်းချုပ်ယဲ့ ကို လိပ်နဲ့ နှိုင်းရသလား... သူသာ ကြားသွားရင် ဒေါသထွက်ပြီး သေသွားလိမ့်မယ်...”
အဖွဲ့အစည်း အသီးသီးမှ လူများ စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။
ထျန်းကျီ စံအိမ် တွင်...
ရှောင်ဖန်ကူ ပြန်ရောက်နေပြီ ဖြစ်၏။
သူသည် ပြင်ပလောကမှ စုဆောင်းရရှိခဲ့သော သတင်းများကို စက္ကူယပ်တောင် သခင်လေးနှင့် ကျူးယောင်ဖူတို့အား ပြန်လည် ပြောပြလိုက်ရာ၊ သူတို့နှစ်ဦး အကြာကြီး တိတ်ဆိတ် ငြိမ်သက်သွားကြသည်။
“မြူခိုးဂိုဏ်းက ဘိုးဘေး နှစ်ယောက်ရဲ့ ထောက်ခံမှုကို တကယ် ရရှိထားတာပဲ... ဒါပေမဲ့ နတ်ဆိုးဘုရားကျောင်း က တကယ်ပဲ ဝင်ပါလာခဲ့တယ်... ငါတို့များ... နတ်ဆိုးဘုရားကျောင်း ကို မြူခိုးဂိုဏ်း အပေါ် ဆက်ပြီး အရေးယူအောင် တိုက်တွန်းသင့်လား...”
ကျူးယောင်ဖူ အကြံပြုလိုက်၏။
“မလောနဲ့... အရင် တွက်ချက်ကြည့်ရအောင်...”
စက္ကူယပ်တောင် သခင်လေးသည် မိစ္ဆာချီ အမျှင် (၁၀၀) ကို ထုတ်ယူလိုက်ပြီး၊ လက်ဟန်များ ရေးဆွဲလိုက်ရာ၊ ကြေးမုံပြင်ကဲ့သို့သော မျက်နှာပြင် တစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။
သို့သော် မကြာမီ မှန်ပြင် ကွဲကြေသွားလေ၏။
သူ ဘာမှ တွက်ချက်၍ မရပေ။
“ဒါ မကောင်းတော့ဘူး...”
စက္ကူယပ်တောင် သခင်လေး၏ မျက်နှာ ဖြူဖျော့သွားသည်။
“တကယ်လို့ ငါတို့သာ နတ်ဆိုးဘုရားကျောင်း ကို မြူခိုးဂိုဏ်း အပေါ် အရေးယူဖို့ သွားတိုက်တွန်းမယ် ဆိုရင်... ငါတို့ ကပ်ဘေး ဆိုက်လိမ့်မယ်...”
“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ...”
ကျူးယောင်ဖူ နှင့် ရှောင်ဖန်ကူ တို့ မယုံနိုင် ဖြစ်သွားကြ၏။
စက္ကူယပ်တောင် သခင်လေး ခေါင်းခါလိုက်သည်။
“ဒါ တွက်ချက်မှု ရလဒ်ပဲ... ဒီနေ့ကစပြီး ငါတို့ ထျန်းကျီ စံအိမ် က ဆက်ပြီး ငြိမ်နေရမယ်...”
“ဟုတ်ကဲ့ပါ...”
ရှောင်ဖန်ကူ ခေါင်းငြိမ့်လိုက်သည်။
ကျူးယောင်ဖူ ခဏမျှ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်၏။
“စံအိမ်သခင်... ကျွန်တော်တို့ဆီမှာ ဝိညာဉ်ကျောက်တုံး လက်ကျန် နည်းနေပြီ... ဘာလုပ်ကြမလဲ...”
“အရူးကောင်... မင်းရဲ့ ဝက်ဦးနှောက်ကို သုံးပြီး စဉ်းစားစမ်း... မင်းမှာ တွက်ချက်ခြင်း နည်းစနစ် ရှိနေတာပဲ... ဝိညာဉ်ကျောက်တုံး ပြတ်လပ်စရာ လိုလို့လား... ရတနာ ရှိတဲ့ နေရာကို မြန်မြန် တွက်ချက်ပြီး သွားတူးလေ...”
စက္ကူယပ်တောင် သခင်လေး ဆူပူကြိမ်းမောင်းလိုက်သည်။
“ဟုတ်... ဟုတ်ကဲ့ပါ...”
ကျူးယောင်ဖူ ချက်ချင်း စတင် တွက်ချက်တော့၏။
ကျူးယောင်ဖူ ဆံပင်တွေ ပိုကျွတ်လာတာကို ကြည့်ရင်း၊ ရှောင်ဖန်ကူ တံတွေး မျိုချလိုက်မိသည်။ ‘တွက်ချက်ခြင်း နည်းစနစ်ကို ဘယ်တော့မှ မကျင့်ကြံဘူး’ ဟု တိတ်တဆိတ် ကျိန်ဆိုလိုက်၏။
‘မဟုတ်ရင် သူ့ရဲ့ ထူထဲပြီး ရှည်လျားသော ဆံပင်တွေ ကုန်သွားမှာပေါ့’
“မင်း ဘာလို့ တွက်ချက်ခြင်း နည်းစနစ်ကို မကျင့်ကြံတာလဲ...”
ကျူးယောင်ဖူ ခေါင်းလှည့်လိုက်ပြီး ရှောင်ဖန်ကူကို မေးလိုက်သည်။
ရှောင်ဖန်ကူ၏ မျက်နှာ အကြီးအကျယ် ပြောင်းလဲသွား၏။
“ကျွန်တော့်ရဲ့ ပါရမီက တုံးလွန်းတယ်... သင်လို့ တတ်မှာ မဟုတ်ပါဘူး... ထားလိုက်ပါတော့..”
အခန်း (၅၂၁) - နန်ဝမ် ပြည်နယ် (၁၃) ခု၏ အဖြစ်ဆိုး၊ လျှို့ဝှက်နယ်မြေ ပွင့်လာခြင်း
~ရှောင်ဖန်ကူသည် ကျူးယောင်ဖူကို တံတွေးဖြင့် လှမ်းထွေးပစ်ချင်စိတ် ပေါက်သွားသည်။
'ဒီကောင်... ငါ့ကို တွက်ချက်ခြင်း နည်းစနစ် ကျင့်ကြံခိုင်းနေတာ... တမင်သက်သက် ငါ့ဆံပင်တွေ ကျွတ်အောင် လုပ်နေတာ မဟုတ်ဘူးလား...'
ဒီကိစ္စနှင့် ပတ်သက်ပြီး စက္ကူယပ်တောင် သခင်လေးက သိပ်ပြီး တောင်းဆိုခြင်း မရှိပေ။
“ရှောင်ဖန်ကူက သိုင်းလမ်းစဉ် ကျင့်ကြံဖို့ပဲ သင့်တော်တယ်... နောက်ပိုင်း မင်းရဲ့ ကျင့်ကြံခြင်း အဆင့် မြင့်လာပြီး အစောင့်အရှောက် ဖြစ်လာတဲ့ အခါကျရင်... တွက်ချက်ခြင်း နည်းစနစ်ကို အနည်းအကျဉ်း နားလည်ထားရင် ရပြီ...”
ရှောင်ဖန်ကူသည် သေဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့ ခံစားလိုက်ရပြီး ခေါင်းကို တဆတ်ဆတ် ငြိမ့်ပြလိုက်၏။
...
လျို့ဝှက်ဆန်းကြယ် နန်းမြို့တော်တွင်...
ရက်အနည်းငယ် တံခါးပိတ် ကျင့်ကြံပြီးနောက်၊ ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွားနှင့် ဘိုးဘေးလင်မြောင်တို့သည် နောက်ဆုံးတွင် နတ်ဆိုးဘုရား ပန်းပွင့် အတွင်းမှ အမှတ်အသားကို ဖယ်ရှားနိုင်ခဲ့ကြသည်။
လေထဲတွင် တွဲလွဲ ခိုနေသော ပွင့်ချပ်သုံးချပ်ပါ အနက်ရောင် ပန်းပွင့်ကို ကြည့်လိုက်ပြီး၊ သူတို့နှစ်ဦးစလုံး စိတ်သက်သာရာ ရသွားသော အပြုံးများ ပေါ်လာကြသည်။
“မဆိုးဘူး... နောက်ဆုံးတော့ ငါတို့ လုပ်နိုင်ခဲ့ပြီ...”
နှစ်ဦးစလုံး စိတ်အခြေအနေ ကောင်းမွန်နေကြ၏။
နတ်ဆိုးဘုရား ပန်းပွင့် အတွင်းမှ အမှတ်အသားကို ဖယ်ရှားလိုက်ပြီးနောက်၊ ၎င်းသည် ပိုင်ရှင်မဲ့ အဆင့်မြင့် ဝိညာဉ်ရတနာ တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်ရာ၊ အနည်းငယ် ထပ်မံ သန့်စင်လိုက်ရုံဖြင့် အသုံးပြုနိုင်တော့မည် ဖြစ်သည်။
“ဒါနဲ့... ဝမ်ကျုံးရဲ့ အလောင်းကို ဘယ်လို စီစဉ်မလဲ...”
ဘိုးဘေးလင်မြောင်က မေးလိုက်၏။
လွန်ခဲ့သော ရက်အနည်းငယ် အတွင်း စုံစမ်းမေးမြန်းပြီးနောက်၊ သူတို့သည် ဝမ်ကျုံး၏ နောက်ခံကို ရှင်းလင်းစွာ သိရှိခဲ့ရသည်။ သူ့နာမည်ကို အတည်ပြုနိုင်ခဲ့သလို၊ သူသည် နတ်ဆိုးဘုရားကျောင်း၏ အတွင်းစည်း အကြီးအကဲ (၁၀) ဦးထဲမှ တစ်ဦး ဖြစ်ကြောင်းလည်း သိလိုက်ရ၏။
“ဒီလူရဲ့ အလောင်းကိုတော့ နတ်ဆိုးဘုရားကျောင်း ဆီ ပြန်ပို့ပေးလိုက်လို့ ရတယ်... ဒါပေမဲ့ သူ့ကိုယ်ပေါ်က ရတနာတွေကိုတော့ ချန်ထားရမယ်...”
ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွားက ပြောလိုက်သည်။
“ကောင်းပြီလေ...”
ဘိုးဘေးလင်မြောင် ခေါင်းငြိမ့်လိုက်၏။
“ဒီနေ့ပဲ ဝမ်ကျုံးရဲ့ အလောင်းကို နတ်ဆိုးဘုရားကျောင်း ဆီ ပြန်ပို့ဖို့ လူစီစဉ်လိုက်မယ်...”
...
မြူခိုးဂိုဏ်းတွင်...
(ဂိုဏ်း ဂုဏ်သတင်း တန်ဖိုး +၂၃၇၈၄၇၆)
စိတ်ထဲတွင် ပေါ်လာသော အသိပေးချက်ကို နားထောင်ရင်း၊ ယဲ့ဖုန်း လျစ်လျူရှုလိုက်သည်။
ရုတ်တရက် ဂုဏ်သတင်း တန်ဖိုး (၂) သန်းကျော် တိုးလာခြင်းကို သူ ရိုးအီနေပြီ ဖြစ်၍ ဂရုမစိုက်တော့ပေ။
ယနေ့ အထိဆိုလျှင် ဂိုဏ်း ဂုဏ်သတင်း တန်ဖိုးသည် သန်း (၉၀) ကျော်အထိ မြင့်တက်လာခဲ့ပြီး၊ သန်း (၁၀၀) ပြည့်ရန် နီးစပ်နေပြီ ဖြစ်၏။
ဂုဏ်သတင်း တန်ဖိုး သန်း (၁၀၀) ကျော်လွန်သွားပါက၊ ဝိညာဉ်သားရဲ စံအိမ် ကို အဆင့် (၇) သို့ မြှင့်တင်နိုင်မည် ဖြစ်ပါသည်။
ထိုအချိန်ကျလျှင် လုပ်ဆောင်ချက် အသစ်များ ပွင့်လာနိုင်၏။
ယဲ့ဖုန်း မျှော်လင့်နေမိသည်။
'အခု ဂိုဏ်းက ကြယ်နှစ်ပွင့် အဆင့် ရောက်သွားပြီ ဆိုတော့... လောလောဆယ် တာဝန်အသစ်တွေ မရှိသေးဘူး... ဂိုဏ်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တပည့်တွေရဲ့ ခွန်အားကို မြှင့်တင်ပေးဖို့ပဲ အာရုံစိုက်ရမယ်...'
'ဒါမှပဲ ငါ့ရဲ့ စွမ်းအားတွေ ထိုးတက်လာမှာ...'
သူ ကိုယ်တိုင် ကျင့်ကြံစရာ မလိုပေ။
တပည့်တွေ စွမ်းအားကြီးလာသရွေ့၊ သူပါ လိုက်ပြီး စွမ်းအားကြီးလာမည် ဖြစ်၏။
ထိုအချိန်၌ ယဲ့ဖုန်းသည် ရှေးဟောင်း ကျောက်စိမ်းပြား တစ်ချပ်ကို ထုတ်ယူလိုက်သည်။
ဤပစ္စည်းကို တတိယမင်းသားက သူ့အား ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး၊ နန်ဝမ် ပြည်နယ် (၁၃) ခု တွင် တည်ရှိသော မူလနတ်ဘုရားအဆင့် လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်ရန် သော့ချက် ဖြစ်၏။
'နန်ဝမ် ပြည်နယ် (၁၃) ခု ဆိုတာ လူဦးရေ သန်း (၁၀၀) ကျော် ရှိတဲ့ သေမျိုးကမ္ဘာ နိုင်ငံတော် တစ်ခုလို့ ပြောကြတယ်... အဲဒီမှာ အမြင့်ဆုံး ကျင့်ကြံသူက ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် အထွတ်အထိပ် လောက်ပဲ ရှိတာ... တပည့်တွေ သွားပြီး လေ့ကျင့်ဖို့ သင့်တော်တယ်...'
ယဲ့ဖုန်း တွေးလိုက်သည်။
သူ့စိတ်ထဲတွင် အကြံတစ်ခု ရသွားတော့၏။
သူသည် ကုန်းချင်းချိုး နှင့် လီဇီလုံ တို့ကို ခေါ်ယူလိုက်သည်။
“ဂိုဏ်းချုပ်... ကျွန်တော်/ ကျွန်မ တို့ကို ခေါ်သလား...”
အကြီးအကဲ နှစ်ဦးသည် ယဲ့ဖုန်း၏ ရှေ့တွင် ရပ်ကာ ဦးညွှတ်ပြီး မေးလိုက်ကြ၏။
“နန်ဝမ် ပြည်နယ် (၁၃) ခု က ကျင့်ကြံသူတွေရဲ့ အဆင့်အတန်းက သိပ်မမြင့်ဘူး... တပည့်တွေ သွားပြီး လေ့ကျင့်ဖို့ သင့်တော်တယ်... ပြီးတော့ အဲဒီမှာ မကြာသေးခင်ကမှ ဖွင့်လှစ်လို့ရတဲ့ လျှို့ဝှက်နယ်မြေ တစ်ခု ရှိတယ်... ခင်ဗျားတို့ နှစ်ယောက်အတွက်လည်း အကျိုးရှိလောက်တယ်...”
ယဲ့ဖုန်းက လျှို့ဝှက်နယ်မြေ သတင်းကို ထုတ်ဖော် ပြောကြားလိုက်သည်။
“ကျွန်တော် တပည့်တွေကို အခုပဲ သွားစုစည်းလိုက်ပါ့မယ်...”
လီဇီလုံက ချက်ချင်း ထွက်ခွာရန် ပြင်လိုက်၏။
သို့သော် ယဲ့ဖုန်း သူ့ကို တားလိုက်သည်။
“စိတ်ချရအောင်... ချီကျင့်ကြံခြင်းအဆင့် (၇) အလွှာ အထက် ရှိတဲ့သူတွေကိုပဲ သွားခွင့် ပေးပါမယ်...”
“ဟုတ်ကဲ့ပါ...”
လီဇီလုံ ခေါင်းငြိမ့်လိုက်၏။
ထို့နောက် ယဲ့ဖုန်းသည် ကုန်းချင်းချိုး ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ပန်းထိုး ဓားပျံ ရထားတဲ့ ဟေးလော့ရှား အဖွဲ့ဝင် (၁၀၈) ယောက်ကိုပါ ခေါ်လိုက်... သူတို့အားလုံး ချီကျင့်ကြံခြင်းအဆင့် (၇) အလွှာ အထက်ကို ရောက်နေကြပြီ... အားလုံး ပေါင်းလိုက်ရင် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ရှိတဲ့ သူကိုတောင် သတ်နိုင်တယ်...”
“သူတို့ကိုပါ နန်ဝမ် ပြည်နယ် (၁၃) ခု ကို ခေါ်သွား... သူတို့ရဲ့ စွမ်းရည်တွေကို သွေးရဲသံရဲ လေ့ကျင့်ပေးဖို့ အချိန်တန်ပြီ...”
“ဟုတ်ကဲ့ပါ...”
ကုန်းချင်းချိုး ချက်ချင်း သွားရောက် စီစဉ်၏။
မကြာမီ ထိုသတင်းသည် မြူခိုးဂိုဏ်း တစ်ခုလုံးသို့ ဟိုးလေးတကျော်... ဖြစ်သွားသည်။
“ကြားပြီးကြပြီလား... ငါတို့ နန်ဝမ် ပြည်နယ် (၁၃) ခု ကို လေ့ကျင့်ရေးခရီး သွားကြမလို့တဲ့... အဲဒီနေရာက မိုင် (၈၀၀၀၀) လောက် ဝေးတယ်လို့ ပြောကြတယ်...”
“ငါ စာရင်းပေးလိုက်ပေမဲ့... လိုက်သွားလို့ မရဘူးတဲ့...”
“ဘာလို့လဲ...”
“အကြီးအကဲက ပြောတယ်... ငါက ချီကျင့်ကြံခြင်းအဆင့် (၅) အလွှာပဲ ရှိသေးလို့ သန်မာမှု မရှိသေးဘူးတဲ့...”
“ဟေး... ငါကတော့ ဒီနေ့ပဲ ချီကျင့်ကြံခြင်းအဆင့် (၇) အလွှာကို ချိုးဖောက်ဝင်ရောက်တော့မှာ... အနိမ့်ဆုံး လိုအပ်ချက် ပြည့်သွားပြီ... ဒီတစ်ခေါက်တော့ ငါ သေချာပေါက် လိုက်သွားပြီး အပီအပြင် ကဲလိုက်ဦးမယ်...”
“အဟင့်...”
တပည့်များ အချင်းချင်း ဆွေးနွေး ငြင်းခုံနေကြ၏။
ဝိညာဉ်စွမ်းအင်စုစည်းခြင်း မျှော်စင်တွင်...
မိုယင်က လမ်းလျှောက် ထွက်လာသည်။
နန်ဝမ် ပြည်နယ် (၁၃) ခု သို့ သွားရောက် လေ့ကျင့်ခွင့် ရမည် ဖြစ်ပြီး၊ မူလနတ်ဘုရားအဆင့် လျှို့ဝှက်နယ်မြေ တစ်ခုကိုပါ စူးစမ်းရမည်ဟု သိလိုက်ရသောအခါ၊ သူမ အလွန် စိတ်ဝင်စားသွားသည်။
“ကျွန်မလည်း လိုက်ချင်တယ်...”
လီကျောက်ကျောက် သည် မီးဖိုချောင်သုံး ပစ္စည်းအစုံအလင်ကို သယ်ဆောင်လျက် အလွန် စိတ်လှုပ်ရှားနေ၏။
မူလနတ်ဘုရားအဆင့် လျှို့ဝှက်နယ်မြေ ဆိုမှတော့... ရှေးဟောင်း ဆေးဖက်ဝင် အပင်တွေ အများကြီး ရှိမှာ သေချာသည်။... သူမအတွက်တော့ ဒါတွေက ဟင်းချက်စရာ ကုန်ကြမ်းတွေသာ ဖြစ်သည်လေ။
အခြား တပည့်များလည်း စမ်းသပ်ချင်စိတ် ပြင်းပြနေကြသည်။
နောက်ဆုံးတွင် ထိုည၌ လီဇီလုံ နှင့် ကုန်းချင်းချိုး တို့သည် တပည့် (၃၀၀) ကို စုစည်းလိုက်ပြီး၊ ဧရာမ ဝိညာဉ်မြွေ ပျံသန်းလှေ ပေါ်တွင် နေရာယူလိုက်ကြ၏။
ဟေးလော့ရှား အဖွဲ့ဝင် (၁၀၈) ဦးသည် အနောက်ဘက်တွင် ရပ်နေကြသည်။ သူတို့သည် အနက်ရောင် မျက်နှာဖုံးများနှင့် ဦးထုပ်များကို ဝတ်ဆင်ထားပြီး၊ ဝတ်စားဆင်ယင်ပုံမှာ မိုယင် နှင့် ဆင်တူသဖြင့် တပည့်များ၏ အာရုံစိုက်မှုကို ခံနေရ၏။
“သူတို့က ဟေးလော့ရှား အဖွဲ့ဝင်တွေပါ... ဂိုဏ်းချုပ်ရဲ့ လက်အောက်ခံ လုပ်ကြံရေး အဖွဲ့အစည်း တစ်ခုလေ... အံ့သြစရာ မလိုပါဘူး...”
ကုန်းချင်းချိုးက ရှင်းပြသည်။
မိုယင်.. ဟေးလော့ရှား အဖွဲ့ဝင်များ၏ ဝတ်စုံကို တစ်ချက် ကြည့်လိုက်၏။
ဒီလူတွေမှာ ပြောပြစရာ ဇာတ်လမ်းတွေ ရှိနေမယ်လို့ သူမ မသိစိတ်က ခံစားမိလိုက်သည်။
“ကဲ... ထွက်ခွာကြစို့..”
ယဲ့ဖုန်းသည် ဝတ်ရုံလက်စကို ဝှေ့ယမ်းလိုက်ပြီး၊ လူတိုင်းကို ကောင်းကင်ယံ အမြင့်ကြီးဆီသို့ ခေါ်ဆောင်သွားသည်။
“ဂိုဏ်းချုပ်... ကျွန်မ ပခုံးနှိပ်ပေးမယ်နော်...”
ဟူဖေးဖေး သည် ယဲ့ဖုန်း၏ နောက်တွင် ရပ်လိုက်ပြီး၊ သူမ၏ နူးညံ့သော လက်ကလေးများဖြင့် သူ့ပခုံးကို စတင် နှိပ်နယ်ပေး၏။
“အင်း... မဆိုးဘူး...”
ယဲ့ဖုန်း တစ်ယောက် ဇိမ်တွေ့နေတော့သည်။
အဆင့်နိမ့် ဝိညာဉ်ရတနာ အဖြစ် အဆင့်တက်ပြီးနောက်၊ ဟူဖေးဖေး၏ နှိပ်နယ်မှု စွမ်းရည်သည် ပိုမို ကျွမ်းကျင်လာသည်။ တကယ်လို့ သူမသာ အနှိပ်ခန်း ဖွင့်လိုက်မည် ဆိုလျှင်၊ တန်းစီနေသည့် လူတန်းကြီးက ရေပေါ်ဖြူမြို့တော်အား တစ်ပတ်လည်သွားလောက်၏။
သူတို့၏ နောက်တွင် လီဇီလုံ၊ ကုန်းချင်းချိုး၊ ချူယွင်အာ၊ ညီလေးခေါင်းပြား၊ မိုယင်၊ ဟိုယွင်ကျဲ နှင့် အခြားသူများ ရပ်နေကြသည်။
မြူခိုးဂိုဏ်းတွင် အဆင့်မြင့် တိုက်ခိုက်ရေး အင်အားစု တစ်ယောက်မှ ကျန်ရစ်မနေခဲ့ပေ။
ဒါပေမဲ့ သွေးနီရောင် လှံတံရှည် နှင့် ကြယ်တာရာ မဟာ ဝင်္ကပါ ရှိနေသည့်အတွက်၊ မူလနတ်ဘုရားအဆင့် (၇) အလွှာ အောက်က ဘယ်ရန်သူကိုမဆို တွန်းလှန်နိုင်စွမ်း ရှိ၏။
“ဝှီး…”
ဝိညာဉ်မြွေ ပျံသန်းလှေသည် အလွန် လျင်မြန်လှသည်။ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများကို အသုံးပြုလိုက်သည်နှင့်၊ တစ်ရက်တည်းတွင် မိုင်ပေါင်း တစ်သိန်းခရီးကို ပေါက်ရောက်နိုင်သည်။
နောက်တစ်နေ့တွင်...
ဝိညာဉ်မြွေ ပျံသန်းလှေသည် တိမ်လွှာ အထပ်ထပ်ကို ဖြတ်သန်းပြီးနောက်၊ နန်ဝမ် ပြည်နယ် (၁၃) ခု၏ ဝေဟင်ပိုင်နက်ထဲသို့ ဝင်ရောက်လာခဲ့၏။
သို့သော် အောက်ဘက်ရှိ အပျက်အစီးများ၊ အလောင်းကောင်များနှင့် ခြောက်သွေ့နေသော သွေးပင်လယ်ကြီးက လူတိုင်းကို တုန်လှုပ်သွားစေသည်။
“ဒါ တကယ်ပဲ နန်ဝမ် ပြည်နယ် (၁၃) ခု ဟုတ်ရဲ့လား...”
မိုယင်… လေးနက်စွာ မေးလိုက်၏။
ဒီနေရာက စွမ်းအားကြီးမားသည့် သတ္တဝါ တစ်ကောင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသလိုပင်။ ပြိုကျနေသော မြို့တွေ၊ ပျက်စီးနေသော အဆောက်အအုံတွေနှင့် သေဆုံးမှုတွေက အကြီးအကျယ် ဖြစ်ပျက်ထားသည်။
“မီးခိုးရောင်နွယ်ပင် နတ်သမီး လက်ချက်ပဲ..”
ယဲ့ဖုန်း တွက်ချက်ကြည့်လိုက်သည်နှင့် အမှန်တရားကို သိလိုက်ရသည်။
ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း သူ့ဘက်သို့ လှည့်ကြည့်လိုက်ကြ၏။
“မကြာသေးခင်က... မီးခိုးရောင်နွယ်ပင် နတ်သမီးရဲ့ ကိုယ်ပွားက ဒီနေရာကို ဝင်ရောက်လာပြီး၊ သက်ရှိသတ္တဝါ သန်းပေါင်း တစ်ထောင်ကျော်ကို သတ်ဖြတ်ခဲ့တယ်... သွေးယဇ်ပူဇော်ခြင်း ဝင်္ကပါကို ဖန်တီးပြီး၊ သူမရဲ့ မူလခန္ဓာကိုယ်ကို ဒီနေရာ ဆင့်ခေါ်ရုံတင် မကဘူး... သစ်ပင်နတ်ဆိုး ဘိုးဘေးရဲ့ ဝိညာဉ်ခွဲ အတွက်ပါ လမ်းကြောင်း ဖွင့်ပေးခဲ့တာပဲ...”
ယဲ့ဖုန်း အမှန်တရားကို ထုတ်ဖော် ပြောပြလိုက်သည်။
သူ ကိုယ်တိုင် အခင်းဖြစ်ပွားရာ နေရာကို မရောက်ခဲ့လျှင်၊ ဒီအချက်ကို တွက်ချက်နိုင်မှာ မဟုတ်ချေ။
အရင်တုန်းက မီးခိုးရောင်နွယ်ပင် နတ်သမီး နှင့် သစ်ပင်နတ်ဆိုး ဘိုးဘေး၏ ဝိညာဉ်ခွဲက ရှန်ကျိုး တိုက်ကြီးကို ဘယ်လို ရောက်လာလဲ ဆိုတာ သူ စဉ်းစားမရခဲ့ပေ။
အခု နန်ဝမ် ပြည်နယ် (၁၃) ခု ကို ရောက်လာတော့မှ သူ နားလည်သွားရလေပြီ။
“ဒီ သောက်ရမ်းကားတဲ့ ပြင်ပမိစ္ဆာတွေ...”
တပည့်များ ဒေါသထွက်နေကြ၏။ သင်္ဘောကုန်းပတ်ကို ခြေဆောင့်နင်းလိုက်ကြပြီး မျက်လုံးများ အေးစက်နေကြသည်။
သူတို့၏ ငယ်ရွယ်သော မျက်နှာများပေါ်ရှိ ဒေါသတကြီး အမူအရာများကို ကြည့်ရင်း၊ ယဲ့ဖုန်း သက်ပြင်းချလိုက်မိသော်လည်း စိတ်ထဲတွင် ကျေနပ်မှု အနည်းငယ် ရရှိလိုက်၏။
နန်ဝမ် ပြည်နယ် (၁၃) ခု ခရီးစဉ်က မတော်တဆမှုကြောင့် စောစောစီးစီး ပြီးဆုံးသွားသော်လည်း၊ အနည်းဆုံးတော့ တပည့်တွေ အနေနှင့် ပြင်ပမိစ္ဆာတွေ ဘယ်လောက် ရွံရှာစရာ ကောင်းလဲ ဆိုတာ သဘောပေါက်သွားကြပြီ ဖြစ်သည်။
ဒါက ကံဆိုးမိုးမှောင်ကျသည့် အထဲက ရလိုက်သော ကောင်းကျိုး တစ်ခုပါပင်။
“အဲဒီ မူလနတ်ဘုရားအဆင့် လျှို့ဝှက်နယ်မြေ ဆီကို တန်းသွားကြစို့...”
ယဲ့ဖုန်း ပြောလိုက်၏။
သူ ရှေးဟောင်း ကျောက်စိမ်းပြားကို ထုတ်ယူလိုက်ပြီး၊ ခဏမျှ အာရုံခံလိုက်ကာ တည်နေရာကို အတည်ပြုပြီးနောက်၊ ဝိညာဉ်မြွေ ပျံသန်းလှေကို အရှိန်အပြည့်ဖြင့် မောင်းနှင်လိုက်သည်။
ကောင်းကင်ယံ အမြင့်တွင်...
တပည့်များသည် လက်ရန်းများကို မှီလျက်၊ ဒဏ်ရာဗရပွ ဖြစ်နေသော မြေပြင်ကို ငုံ့ကြည့်နေကြ၏။ အမျိုးသမီး တပည့် အချို့ဆိုလျှင် ငိုပင် ငိုကြွေးနေကြသည်။
“လူတွေ အများကြီး သေဆုံးခဲ့ရတာပဲ... မီးခိုးရောင်နွယ်ပင် နတ်သမီးက တော်တော် ရက်စက်တာပဲ...”
ယန်ရူယွီက ငိုသံပါသော အသံဖြင့် ပြောလိုက်၏။
“ငါ့ကို ကြိုးစား ကျင့်ကြံဖို့ အချိန် (၃၀) လောက် ပေးပါ... သစ်ပင်နတ်ဆိုး မျိုးနွယ်စု က အနှောင့်အယှက်တွေ အကုန်လုံးကို ငါ ခုတ်ပိုင်းပစ်မယ်...”
လုံထျန်းရှင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။
“ဝါး... ဝေါ...”
ညီလေးခေါင်းပြားပင် ဒေါသထွက်နေ၏။
သူသည် သင်္ဘောကုန်းပတ်ပေါ်တွင် ဒေါသထွက်နေသော မျက်နှာထားဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေ၏။ သူ့သွေးကြောကို အသက်သွင်းကာ ဂေါ်ဇီလာ ပုံစံနှင့် ဆင်တူသော တိုက်ခိုက်ရေး အခြေအနေသို့ ဝင်ရောက်သွားသည်။
သူ၏ စွမ်းအားကြီးမားသော နတ်ဆိုး ဒြပ်စင် စွမ်းအား ကြောင့် အနီးနားရှိ တိမ်တိုက်များ လွင့်စင်သွားရ၏။
ယဲ့ဖုန်း အောက်ဘက်ကို ငုံ့ကြည့်လိုက်သည်။
သူ့မျက်လုံးများထဲတွင်လည်း အေးစက်သော အလင်းရောင်များ အဆက်မပြတ် လက်နေ၏။
သို့သော်၊ ဖြစ်ပြီးသွားသော ကိစ္စမို့ သူ.. ဘာမှ ပြောင်းလဲ၍ မရတော့ပေ။ သူ လုပ်နိုင်တာက ငှက်ပျောရွက် ယပ်တောင် အသေးစား ကို ထုတ်ပြီး အဆက်မပြတ် ယပ်ခတ်ပေးဖို့သာ ရှိသည်။
သူ ဖြတ်သွားရာ လမ်းတစ်လျှောက်တွင် ဝိညာဉ်မိုးရေများ သည်းကြီးမည်းကြီး ရွာသွန်းလာပြီး၊ နန်ဝမ် ပြည်နယ် (၁၃) ခုကို ရေလောင်းပေးလိုက်သည်။ လအနည်းငယ် ကြာလျှင် ဒီနေရာက သစ်ပင်ပန်းမန်တွေနှင့် ပြန်လည် စိမ်းလန်းစိုပြည်လာပြီး၊ အဆုံးမဲ့ သက်စောင့် စွမ်းအားတွေနှင့် ပြည့်နှက်လာမှာ သေချာ၏။
အသက်ရှင် ကျန်ရစ်သူ အနည်းငယ်က ဒီအပျက်အစီးတွေ ပေါ်မှာပဲ သူတို့၏ အိမ်တွေကို ပြန်လည် တည်ဆောက်ကြလိမ့်မည်။
နာရီဝက် ကြာပြီးနောက်...
ဝိညာဉ်မြွေ ပျံသန်းလှေသည် ကြီးမားသော တောင်တန်းကြီး တစ်ခု အပေါ်တွင် ရပ်တန့်လိုက်သည်။
ဒီနေရာက မူလနတ်ဘုရားအဆင့် လျှို့ဝှက်နယ်မြေရဲ့ ဝင်ပေါက်ပင်။
“ပွင့်စမ်း...”
ယဲ့ဖုန်းသည် ရှေးဟောင်း ကျောက်စိမ်းပြားကို တောင်ပေါ်သို့ ပစ်ချလိုက်ရာ၊ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာ၏။ တောင်တစ်လုံး အလယ်မှ ကွဲအက်သွားပြီး ဘေးတိုက် ရွေ့လျားသွားသည်။
ကြီးမားသော တွင်းနက်ကြီး တစ်ခု ပေါ်လာသည်။
တွင်းနက်ကြီး အောက်တွင် အလင်းအတားအဆီး တစ်ခု ရှိနေ၏။
ဒါက လျှို့ဝှက်နယ်မြေရဲ့ ဝင်ပေါက်ပင်။
“ဝင်ကြစို့...”
ယဲ့ဖုန်းသည် ဝိညာဉ်မြွေ ပျံသန်းလှေကို ထိန်းချုပ်ပြီး အလင်းအတားအဆီးကို ဖြတ်သန်းကာ လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်သွားသည်။
ဒါက ကြီးမားသော ဂူကောင်းကင် ကမ္ဘာ တစ်ခု ဖြစ်၏။
မိုင်ပေါင်း ရာချီ ကျယ်ဝန်းပြီး သီးခြား လွတ်လပ်သော ကမ္ဘာငယ်လေး တစ်ခု ဖြစ်သည်။ အလယ်ဗဟိုတွင် (၁၀) မိုင်ကျော် ရှည်လျားသော အလယ်အလတ်စား ဝိညာဉ်သွေးကြော တစ်ခု ရှိပြီး၊ လျှို့ဝှက်နယ်မြေ တစ်ခုလုံးအတွက် ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များကို ထောက်ပံ့ပေးနေ၏။
လျှို့ဝှက်နယ်မြေထဲတွင် သက်ရှိများ ရှိနေသည်။
၎င်းက ရှေးဟောင်း မြို့ငယ် (၃) မြို့ ဖြစ်၏။ မြို့တစ်မြို့စီတွင် လူထောင်ပေါင်းများစွာ နေထိုင်ကြကာ၊ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျင့်ကြံသူ (၃) ဦးစီ ရှိကြသည်။
“ဂိုဏ်းချုပ်... ဒီလျှို့ဝှက်နယ်မြေက ဘာမှ ထူးခြားပုံ မရပါဘူး...”
ကုန်းချင်းချိုး ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုပြီးနောက် ပြောလိုက်၏။
သူမသည် ဝိညာဉ်အာရုံအား အသုံးပြုပြီး အနီးနား တစ်ဝိုက်ကို စစ်ဆေးကြည့်သော်လည်း၊ ဘာထူးခြားမှုမှ မတွေ့ရပေ။ ကြီးမားသော ဂူကောင်းကင် ကမ္ဘာ ဖြစ်နေ၍သာ မူလနတ်ဘုရားအဆင့် မဟာတန်ခိုးရှင် ချန်ထားခဲ့သည့် လျှို့ဝှက်နယ်မြေ ဖြစ်မည်ဟု ယုံကြည်ရသည်။
“မလောပါနဲ့...”
ယဲ့ဖုန်းက လျှို့ဝှက်နယ်မြေ၏ အလယ်ဗဟိုကို လက်ညှိုးထိုးပြလိုက်၏။
အဲဒီမှာ မိုင်ပေါင်း ဒါဇင်ချီ ကျယ်ဝန်းသော သစ်တောကြီး တစ်ခု ရှိပြီး၊ အလယ်အလတ်စား ဝိညာဉ်သွေးကြောကို ဝိုင်းရံထား၏။
သစ်တောကြီး၏ အပြင်ဘက်တွင် ရှေးဟောင်း မြို့ငယ် (၃) မြို့ ရှိနေသည်။
“အဲဒီ လူတွေက ဘာတွေလဲ...”
ရှေးဟောင်း မြို့ငယ် တစ်မြို့မှ သက်ရှိများသည် လေထဲတွင် တွဲလွဲ ခိုနေသော ဝိညာဉ်မြွေ ပျံသန်းလှေကို သတိထားမိလိုက်ကြပြီး တုန်လှုပ်သွားကြ၏။ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျင့်ကြံသူများက သူတို့၏ ဝိညာဉ်အာရုံကို ဖြန့်ကျက်လိုက်သောအခါ၊ ပျံသန်းလှေပေါ်မှ ကြောက်မက်ဖွယ် အရှိန်အဝါများကို အာရုံခံမိလိုက်ပြီး မျက်နှာများ အကြီးအကျယ် ပြောင်းလဲသွားကြသည်။
“သူတို့က ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့်ကို ကျော်လွန်နေတဲ့ ဖြစ်တည်မှုတွေပဲ..”
ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျင့်ကြံသူ အနည်းငယ် ကြောက်ရွံ့သွားကြ၏။
သူတို့က ရှေးဟောင်း အဆုံးအမတွေကို လိုက်နာပြီး၊ ဂူကောင်းကင် ကမ္ဘာထဲမှာ ကြိုးကြိုးစားစား ကျင့်ကြံရင်း၊ ဝိညာဉ်သွေးကြောထဲက ရတနာတွေကို ကာကွယ်စောင့်ရှောက်နေကြသည်။
သို့သော်၊ ဒီနေ့ တခြား ကျင့်ကြံသူတွေနှင့် တွေ့ရမည်ဟု သူတို့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ချေ။
“ဝှီး…”
ဝိညာဉ်မြွေ ပျံသန်းလှေသည် အနီးဆုံး ရှေးဟောင်း မြို့ငယ် အထက်သို့ ဆင်းသက်လာ၏။
ကုန်းချင်းချိုး သည် ဟိုယွင်ကျဲ နှင့် ရှီလေ့ တို့ကို ခေါ်ဆောင်ပြီး ဆင်းသွားရာ၊ မြို့ထဲရှိ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် အကြီးအကဲ သုံးဦး ချက်ချင်း လေပေါ်သို့ ပျံတက်လာကြသည်။
“မိတ်ဆွေတို့ကို ဂါရဝပြုပါတယ်...”
ရှေးဟောင်း မြို့ငယ်မှ အကြီးအကဲများသည် ငယ်ရွယ်ပြီး ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ရောက်နေကြသော ရှီလေ့ နှင့် ဟိုယွင်ကျဲ တို့ကို ကြည့်လိုက်ကြ၏။ ထို့နောက် ကြီးမားသော အရှိန်အဝါ ရှိသည့် ကုန်းချင်းချိုး ဘက်သို့ လှည့်ကြည့်လိုက်သောအခါ ပိုမို စိုးရိမ်ထိတ်လန့်သွားကြသည်။
သူတို့အမြင်တွင် ဤလူများသည် ပြင်ပကမ္ဘာမှ အင်အားကြီး အဖွဲ့အစည်း တစ်ခုခုက ကျင့်ကြံသူများ ဖြစ်ရပေမည်။
“ကျွန်မတို့ ဂိုဏ်းချုပ်က မေးခိုင်းလိုက်တယ်... ဒီလျှို့ဝှက်နယ်မြေထဲမှာ ဘယ်လို ရတနာမျိုးတွေ ရှိလဲတဲ့...”
ကုန်းချင်းချိုးသည် ခေါင်းဆောင် ဖြစ်သူ၊ အဆင့် (၄) သို့ ရောက်ရှိနေသော ဆံပင်ဖြူ အကြီးအကဲကို တည်ငြိမ်စွာ မေးလိုက်၏။
ဆံပင်ဖြူ အကြီးအကဲသည် ခေါင်းကို သတိထားပြီး မော့ကြည့်လိုက်ရာ၊ ဝိညာဉ်မြွေ ပျံသန်းလှေ ဦးပိုင်းတွင် ရပ်နေသော ယဲ့ဖုန်းကို တွေ့လိုက်ရသည်။ ထိုလူငယ်၏ ထူးခြားသော ရုပ်ရည်သွင်ပြင်ကို မြင်လိုက်ရသောအခါ စိုးရိမ်သွားမိ၏။
သို့သော် ထိုလူဆီမှ ဘာကျင့်ကြံခြင်း အရှိန်အဝါမှ ထွက်ပေါ်မနေပေ။
ဤအချက်က ဆံပင်ဖြူ အကြီးအကဲကို ချက်ချင်း ထိတ်လန့်သွားစေသည်။
'ဒီဂိုဏ်းချုပ်ရဲ့ အရှိန်အဝါ ဖုံးကွယ်နိုင်စွမ်းက ကြောက်စရာ ကောင်းလိုက်တာ... သူက သေချာပေါက် မူလနတ်ဘုရားအဆင့် အထက်က မဟာတန်ခိုးရှင်ပဲ နေမှာ...'
ဆံပင်ဖြူ အကြီးအကဲ၏ နှလုံးခုန်သံများ မြန်ဆန်လာသည်။
ထိုအတွေးဖြင့် သူ လေးစားစွာ ပြောလိုက်၏။
“မိတ်ဆွေ ကျင့်ကြံသူ... ဒီကမ္ဘာက ကျွန်တော်တို့ ဘိုးဘေးတွေ လက်ထက်ကတည်းက လက်ဆင့်ကမ်းလာခဲ့တာပါ... ဘယ်လို ရတနာတွေ ရှိလဲ ဆိုတာ ကျွန်တော်တို့တောင် မသိပါဘူး... ခင်ဗျားတို့ ရှာနေတဲ့ ပစ္စည်းတွေက တောင်ပေါ်မှာပဲ ရှိမှာပါ...”
သူ လှည့်ကြည့်လိုက်ပြီး ဝိညာဉ်သွေးကြော ရှိရာသို့ လက်ညှိုးထိုးပြလိုက်သည်။
လူတိုင်း၏ အကြည့်များ ထိုနေရာသို့ ရောက်ရှိသွားကြ၏။
အခန်း (၅၂၂) - ဝိညာဉ်မူလ ကမ္ဘာ၊ ယဇ်ပူဇော်ရာ နတ်ဘုရားတောင်တန်း၊ နှစ်တစ်သောင်း ဝိညာဉ်အလောင်းကောင်
~“ဒါ အလယ်အလတ်စား ဝိညာဉ်သွေးကြော တစ်ခုပဲ...”
ကုန်းချင်းချိုးသည် သူမဆီသို့ တိုးဝင်လာသော ဝိညာဉ်အာရုံကို ခံစားကြည့်ပြီး ကောက်ချက်ချလိုက်သည်။
'ဒီလောက် အဆင့်အတန်းရှိတဲ့ ဝိညာဉ်သွေးကြောက မမြင့်မားဘူး... ဝိညာဉ်ပင်လယ်အဆင့် လောက်နဲ့ပဲ ညီမျှတာလေ... ဘယ်လို ရတနာမျိုးကို ပြုစုပျိုးထောင်ပေးနိုင်မှာလဲ...'
ကုန်းချင်းချိုး အရမ်း သိချင်နေမိ၏။
လျှို့ဝှက်နယ်မြေထဲ ဝင်လာကတည်းက သူမ စိတ်ရှုပ်ထွေးနေခဲ့ရ၏။
ဒီနေရာက နေရာလပ် နည်းနည်း ပိုကျယ်တာက လွဲလျှင်၊ “မူလနတ်ဘုရားအဆင့် လျှို့ဝှက်နယ်မြေ” ဆိုသော ဂုဏ်ပုဒ်နှင့် ကိုက်ညီသော တခြား လက္ခဏာရပ်တွေ မတွေ့ရပါ။
ကုန်းချင်းချိုး အမြင်မှာတော့ ဒီလျှို့ဝှက်နယ်မြေက အလွန်ဆုံးရှိမှ ဝိညာဉ်ပင်လယ်အဆင့် လျှို့ဝှက်နယ်မြေ လောက်ပဲ သတ်မှတ်၍ ရမည်။ အကျိုးအမြတ် တစ်ခုခု ရမည် ဆိုလျှင်တောင်မှ၊ သိပ်ပြီး ထူးခြားမှာ မဟုတ်ပေ။
ဝိညာဉ်မြွေ ပျံသန်းလှေ ပေါ်တွင်...၊ ယဲ့ဖုန်းသည် သစ်တောများ ဝန်းရံထားသော တောင်တန်းကြီးကို ကြည့်လိုက်ပြီး၊ နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် ကွေးညွတ်သွားကာ ပြောလိုက်သည်။
“ဒီတောင်တန်းက အလယ်အလတ်စား ဝိညာဉ်သွေးကြော မဟုတ်ဘူး... တကယ့် အကြီးစား ဝိညာဉ်သွေးကြော အစစ်ပဲ...”
“ဟင်...”
ကျန်လူတွေ အားလုံး အံ့အားသင့်သွားကြ၏။
လီဇီလုံ သည် ဝိညာဉ်အာရုံကို ဖြန့်ကျက်ပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို စစ်ဆေးကြည့်လိုက်ရာ၊ တောင်တန်းပေါ်ရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆက မမြင့်မားဘဲ အလယ်အလတ်စား ဝိညာဉ်သွေးကြော လောက်သာ ရှိတာ တွေ့ရသည်။
'ဒီလိုနေရာက ဘယ်လိုလုပ်ပြီး အကြီးစား ဝိညာဉ်သွေးကြော ဖြစ်နိုင်မှာလဲ...'
သံသယ ဖြစ်မိသော်လည်း၊ ယဲ့ဖုန်း ကိုယ်တိုင် ပြောနေတာဆိုတော့ သူတို့ မငြင်းရဲကြပေ။
ယဲ့ဖုန်း တောင်တန်းကို လက်ညှိုးထိုးပြလိုက်ပြီး ပြော၏။
“မင်းတို့ အခု အာရုံခံစားမိနေတာက အပေါ်ယံပဲ ရှိသေးတယ်... ငါကတော့ အပေါ်ယံ အသွင်အပြင်ကို ဖောက်ထွင်းပြီး အတွင်းသား အနှစ်သာရကို မြင်နေရတယ်...”
ဒါက ထိုးထွင်းသိမြင်သော မျက်လုံး ၏ အံ့ဖွယ် စွမ်းရည်ပင်။ တောင်တန်းကြီး၏ အောက်ခြေမှာ... ပြင်ပကမ္ဘာမှ ရွှေ့ပြောင်း စိုက်ပျိုးထားသော ရှေးဟောင်း အကြီးစား ဝိညာဉ်သွေးကြော တစ်ခု ရှိနေ၏။ ရှေးဟောင်း ဝင်္ကပါ တစ်ခုနှင့် ဖုံးအုပ်ထားကာ ဝိညာဉ်သွေးကြောထဲက ဝိညာဉ်စွမ်းအင် (၈၀) ရာခိုင်နှုန်းကျော်ကို စုပ်ယူထားခြင်း ဖြစ်သည်။
“ဂိုဏ်းချုပ်ဦးလေး... ဒါ ဘာသဘောလဲဟင်...”
လီကျောက်ကျောက် မမေးဘဲ မနေနိုင် ဖြစ်သွား၏။ သူမ၏ ခါးတွင် မီးဖိုချောင်သုံး ဓားနှစ်ချောင်း ချိတ်ဆွဲထားသည်။ ဝမ်ဖင်းအန်း ကတော့ အနက်ရောင် ဒယ်အိုးကြီး တစ်လုံးကို ကျောပိုးထားပြီး ဘေးနားမှာ ရပ်နေ၏။ သူတို့ နှစ်ယောက် တွဲလိုက်လျှင် “မြူခိုးဂိုဏ်း မီးဖိုချောင် တပ်ဖွဲ့” နှင့် တူနေသည်။
“အဲဒီမှာ ဝင်္ကပါ တစ်ခု ရှိနေပြီး၊ အကြီးစား ဝိညာဉ်သွေးကြောရဲ့ ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူထားလို့... မင်းတို့ အာရုံခံမိတဲ့ ဝိညာဉ်စွမ်းအင် သိပ်သည်းဆက မမြင့်မားဘဲ၊ အလယ်အလတ်စား ဝိညာဉ်သွေးကြော လောက်နဲ့ပဲ တူနေတာပေါ့...”
ယဲ့ဖုန်း ရှင်းပြလိုက်၏။ ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း၏ မျက်နှာပေါ်တွင် ရုတ်တရက် သဘောပေါက်သွားသော အမူအရာများ ပေါ်လာကြ၏။
လေထဲတွင်...
ရှေးဟောင်း မြို့ငယ်မှ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် အကြီးအကဲ သုံးဦးသည် ယဲ့ဖုန်းတို့ ပြောစကားများကို ကြားလိုက်ရသောအခါ၊ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး မယုံနိုင် ဖြစ်သွားကြသည်။
'ငါတို့ ဒီရှေးဟောင်း မြို့ငယ် သုံးခုမှာ နေထိုင်လာတာ နှစ်ပေါင်း တစ်သောင်း ကျော်နေပြီ... တောင်တန်း အလယ်ဗဟိုက ဝိညာဉ်သွေးကြောက အကြီးစား ဝိညာဉ်သွေးကြော ဖြစ်တယ် ဆိုတာ တခါမှ မကြားဖူးပါလား...'
“သွားကြည့်ကြတာပေါ့...”
ယဲ့ဖုန်း..ဝတ်ရုံ လက်စကို ဝှေ့ယမ်းလိုက်ပြီး၊ ဝိညာဉ်မြွေ ပျံသန်းလှေကို ထိန်းချုပ်ကာ မိုင်ပေါင်း ဒါဇင်ချီ ဖြတ်သန်းပြီး တောင်တန်း အထက်တည့်တည့်သို့ ရောက်ရှိသွား၏။ သို့သော် ဝိညာဉ်မြွေ ပျံသန်းလှေ ဆင်းသက်ရန် ပြင်လိုက်သည်နှင့်၊ မမြင်ရသော စွမ်းအား တစ်ခုက ဝင်ရောက်ခြင်းကို တားဆီးထားသည်နှင့် ကြုံတွေ့လိုက်ရသည်။
“ဂိုဏ်းချုပ်... ဘာဖြစ်တာလဲ...”
ကုန်းချင်းချိုး နှင့် အခြားသူများ နောက်မှ လိုက်ပါလာကြ၏။ သူတို့၏ နောက်တွင် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် အကြီးအကဲ သုံးဦး ရှိနေသည်။
“အကြီးအကဲတို့.. မသိလို့ပါ... ဒီတောင်တန်းက ကျွန်တော်တို့ ဝိညာဉ်မူလ ကမ္ဘာ ရဲ့ ‘ယဇ်ပူဇော်ရာ နတ်ဘုရားတောင်တန်း’ ပါ... သဘာဝ အတားအဆီး တစ်ခု ရှိပြီး ဝိညာဉ်စွမ်းအင်တွေကို အတွင်းမှာ ပိတ်လှောင်ထားသလို၊ ပြင်ပလူတွေ ဝင်ရောက်ခြင်းကိုလည်း တားဆီးထားပါတယ်...”
တစ်ယောက်က ရှင်းပြလိုက်၏။
“ဟုတ်ပါတယ်...”
“ရှေးဟောင်း မြို့ငယ် သုံးခုက ကျွန်တော်တို့တောင်မှ... တစ်နှစ်တစ်ခါ ကျင်းပတဲ့ ယဇ်ပူဇော်ပွဲ အချိန်ကျမှပဲ တောင်ပေါ်တက်ပြီး ဂါရဝပြုခွင့် ရကြတာပါ...”
အကြီးအကဲ သုံးဦးက အသီးသီး ရှင်းပြကြသည်။ ယဲ့ဖုန်း ခေါင်းငြိမ့်လိုက်၏။
သူ ခေါင်းလှည့်ပြီး အခြား ဦးတည်ချက်များကို ကြည့်လိုက်၏။ ကျန်ရှိနေသော ရှေးဟောင်း မြို့ငယ် နှစ်ခု အထက်တွင်၊ အလင်းတန်း အများအပြား လျင်မြန်စွာ ပျံသန်းလာနေကြသည်။
မကြာမီ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် အကြီးအကဲ ခြောက်ဦး၏ ပုံရိပ်များ ပေါ်ထွက်လာပြီး၊ ယဲ့ဖုန်းနှင့် အဖွဲ့ကို လက်သီးဆုပ် ဦးညွှတ်လိုက်ကြ၏။
“ပြန်တွေ့ကြပြန်ပြီနော် အကြီးအကဲတို့...”
ယဲ့ဖုန်းနှင့် အဖွဲ့ လျှို့ဝှက်နယ်မြေထဲ ဝင်ရောက်လာကတည်းက၊ သူတို့.. ကိုယ့်ကိုယ်ကို ဂရုစိုက်နေရုံနှင့် မလုံလောက်တော့ဘူး ဆိုတာ သိလိုက်ကြသည်။ ထို့ကြောင့် ပြတ်ပြတ်သားသား ပျံသန်းလာခဲ့ကြခြင်း ဖြစ်၏။
“ခင်ဗျားတို့ရဲ့ ကြီးမားတဲ့ ဂူကောင်းကင် ကမ္ဘာ ကို ဝိညာဉ်မူလ ကမ္ဘာ လို့ ခေါ်တာလား...”
ယဲ့ဖုန်း မေးလိုက်သည်။ စောစောက အကြီးအကဲ တစ်ယောက် ပြောလိုက်သည့် စကားကို သတိရသွား၍ ဖြစ်ပါ၏။
“ဟုတ်ကဲ့ပါ...”
ရောက်ရှိနေသော ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် အကြီးအကဲ (၉) ဦးစလုံး တပြိုင်နက် ခေါင်းငြိမ့်လိုက်ကြ၏။
သူတို့က ဝိညာဉ်မူလ ကမ္ဘာရဲ့ “အဆင့်မြင့် တိုက်ခိုက်ရေး အင်အားစု” တွေ ဖြစ်ကြသည်။ သူတို့ထဲမှ အသန်မာဆုံး တစ်ယောက်သည် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ပဉ္စမအလွှာသို့ ရောက်ရှိနေပြီ ဖြစ်ရာ၊ ပြင်ပကမ္ဘာတွင် ဆိုလျှင် ကြယ်တစ်ပွင့် အဖွဲ့အစည်း ဂိုဏ်းချုပ် အဆင့်အတန်း ရှိ၏။
သို့သော် ကြောက်မက်ဖွယ် ကောင်းလောက်အောင် စွမ်းအားကြီးမားသော မြူခိုးဂိုဏ်းသားများ ရှေ့မှောက်တွင်မူ၊ သူတို့ .. အပေါ်ယံ တည်ငြိမ်နေသော်လည်း ရင်ထဲတွင် ပျာယာခတ်နေကြသည်။
'ပုံမှန်အချိန်ဆိုရင် ပြင်ပလူတွေ ဝင်လာတာနဲ့ သေချာပေါက် ခုခံတိုက်ခိုက်ကြမှာ... ဒါပေမဲ့ အခု... ခုခံရမယ် ဟုတ်လား... အဲဒါက အသက်ရှည်ဆေး စားထားတဲ့ အဘိုးအိုက သူ့အသက် ရှည်လွန်းလို့ ကြိုးဆွဲချ သေချင်နေတာနဲ့ အတူတူပဲ...'
“ခင်ဗျားတို့ ဒီကမ္ဘာ အကြောင်း ဘယ်လောက် နားလည်ထားလဲ...”
ယဲ့ဖုန်း အကြီးအကဲ (၉) ယောက်ကို ကြည့်ပြီး မေးလိုက်၏။
အကြီးအကဲ (၉) ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ ခဏကြာသောအခါ၊ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် (၅) အလွှာ အကြီးအကဲက လက်သီးဆုပ်ပြီး ပြော၏။
“ကျွန်တော်တို့ ဒီကမ္ဘာမှာ မျိုးဆက်ပေါင်းများစွာ နေထိုင်ခဲ့ကြပါတယ်... ဘိုးဘေးတွေရဲ့ အဆုံးအမတွေကို လိုက်နာပြီး၊ တောင်တန်းတွေထဲက နတ်ဘုရား ဝိညာဉ်တွေရဲ့ မြှုပ်နှံရာ နေရာတွေကို နှစ်တိုင်း ယဇ်ပူဇော်ခဲ့ကြပါတယ်...”
“ထူးဆန်းတဲ့ ဓလေ့ထုံးစံတွေ ရှိသေးလား...”
ယဲ့ဖုန်း ထပ်မေးလိုက်သည်။ ဒါက.. သူ စိတ်ဝင်စားသည့် အချက်ပင်။
“ရှိပါတယ်...”
“ဝိညာဉ်မူလ ကမ္ဘာက သက်ရှိတွေ သေဆုံးသွားရင်၊ သူတို့ကို များသောအားဖြင့် စုဆောင်းထားကြတယ်... ပြီးတော့ နှစ်ပတ်လည် နတ်ဘုရား ဝိညာဉ် ယဇ်ပူဇော်ပွဲ အချိန်ကျမှ၊ အလောင်းတွေ အားလုံးကို တောင်ပေါ် သယ်သွားပြီး ပူဇော်ကြတာပါ... အဲဒါက လွဲရင် မရှိတော့ပါဘူး... ဒါလည်း ဘိုးဘေး အဆုံးအမ တစ်ခုပါပဲ...”
အကြီးအကဲများက ရှင်းပြကြ၏။ ထိုစကားကို ကြားလိုက်ရသောအခါ ယဲ့ဖုန်း အရာအားလုံးကို နားလည်သွားသည်။ သူ ခေါင်းငုံ့လိုက်ပြီး အောက်ဘက်ရှိ တောင်တန်းကြီးကို ကြည့်လိုက်ရာ၊ တောင်တန်း အလယ်ဗဟိုတွင် မြှုပ်နှံရာ နေရာ တစ်ခုကို မြင်တွေ့လိုက်ရ၏။
ထိုနေရာတွင် ကြီးမားသော လှေကားထစ်များ တည်ဆောက်ထားပြီး၊ တောင်ခြေမှ တောင်ထိပ် အထိ ရှည်လျားစွာ တည်ရှိနေသည်။
တောင်ထိပ်ကိုတော့ ဆန်းကြယ်သော မြူခိုးများဖြင့် ဖုံးလွှမ်းထားသဖြင့်၊ အခြားသူများ အတွင်းထဲကို ဘာမှ မမြင်ရပေ။ ယဲ့ဖုန်း တစ်ယောက်တည်းသာ ရှင်းရှင်းလင်းလင်း မြင်နေရ၏။
“လျှို့ဝှက်ချက်ကို ဖွင့်ချဖို့ အချိန်တန်ပြီ...”
တီးတိုး ရေရွတ်လိုက်ပြီး၊ ယဲ့ဖုန်းသည် လေဝိညာဉ် ပုလဲလုံး ကို ထုတ်ယူလိုက်သည်။ လေဓာတ် ဝိညာဉ်စွမ်းအင် တစ်မျှင်ကို ထုတ်လွှတ်ပြီး အောက်ဘက်ရှိ မြူခိုးများထဲသို့ ပေါင်းစပ်ပေးလိုက်သည်။
“ဝှီး...”
သဲသောင်ပြင်ကို ရေလှိုင်း ရိုက်ခတ်သကဲ့သို့ အသံမျိုး ထွက်ပေါ်လာ၏။ “ယဇ်ပူဇော်ရာ နတ်ဘုရားတောင်တန်း” တစ်ခုလုံးကို ဝန်းရံထားသော မြူခိုးများသည် ဒေါသထွက်နေသော နဂါးများ ကောင်းကင်သို့ ပျံတက်သွားသကဲ့သို့ စတင် အငွေ့ပျံသွားပြီး၊ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ တောင်ထိပ်ပေါ်ရှိ မြင်ကွင်း ..ရုတ်တရက် ပေါ်ထွက်လာ၏။
“ရှူး...”
တောင်ထိပ်ပေါ်ရှိ အဖြူရောင် ကျောက်တိုင်ကြီး ရှေ့မှ မြင်ကွင်းကို ကြည့်လိုက်သောအခါ၊ ကြည့်ရှုသူများ ချက်ချင်း တုန်လှုပ်သွားကြသည်။ ထိုနေရာတွင်... တောင်လိုပုံနေသော မရေမတွက်နိုင်သည့် အလောင်းကောင်များ ရှိနေ၏.. ။အလောင်းကောင် အချို့သည် တောင်ထိပ်မှ လျှောကျလာပြီး၊ တောင်ခါးပန်းတွင် ထူထဲသော အလွှာကြီး တစ်ခု ဖြစ်ပေါ်နေကာ၊ အဝေးမှ ကြည့်လျှင်ပင် တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။
“ဒါတွေက နှစ်ပေါင်း တစ်သောင်းကျော် စုဆောင်းလာခဲ့တဲ့ အလောင်းကောင်တွေပဲ...”
အကြီးအကဲ တစ်ယောက်က ပြောလိုက်၏။
နှစ်ကာလများစွာ ကြာအောင် သူတို့လည်း ယဇ်ပူဇော်ရာ နတ်ဘုရားတောင်တန်း ဆီ အလောင်းကောင်တွေ မရေမတွက်နိုင်အောင် သယ်ယူပို့ဆောင်ခဲ့ကြ၏။ အလောင်းကောင် အများစုက အချိန်ကာလ ကြာမြင့်၍ ဆွေးမြေ့မသွားခဲ့လျှင်၊ ဒီထက် အဆများစွာ ပိုများနေဦးမည်။
“ဂိုဏ်းချုပ်... ဒီနေရာက နည်းနည်း မှောင်မည်းပြီး ကြောက်စရာ ကောင်းတယ်နော်...”
ကျီဇီလင်း ယဲ့ဖုန်း၏ အင်္ကျီလက်စကို တုန်ရီစွာ ဆွဲကိုင်လိုက်မိသည်။
“ကိစ္စမရှိပါဘူး...”
ယဲ့ဖုန်း ပြောလိုက်၏။ သူ့နှုတ်ခမ်းထောင့်စွန်း အနည်းငယ် ကွေးညွတ်သွားသည်။
ဘာကြောင့်လဲဆိုတော့ စကားပြောနေသည့် အချိန်အတွင်းမှာ၊ သူက အောက်ဘက်ရှိ ယဇ်ပူဇော်ရာ နတ်ဘုရားတောင်တန်း အတွင်းက တားမြစ်ပိတ်ပင်မှု တွေ အားလုံးကို ဖြေရှင်းပြီးသွားပြီ ဖြစ်၏။ ဝိညာဉ်မူလ ကမ္ဘာ ထဲ ဝင်လာကတည်းက၊ ယဇ်ပူဇော်ရာ နတ်ဘုရားတောင်တန်း၏ ထူးခြားမှုကို သူ သတိထားမိခဲ့သည်။
ထိုနေရာမှာ ကြီးမားသော... ဧရာမ ရှေးဟောင်း ဝင်္ကပါ မျဉ်းကြောင်းတွေ အများကြီး ပါဝင်နေသည်။ နက်နဲ ရှုပ်ထွေးလွန်း၍ မူလနတ်ဘုရားအဆင့် ပညာရှင် တစ်ယောက် တည်ဆောက်ထားတာ လုံးဝ မဖြစ်နိုင်... ဒါတွေက အနည်းဆုံး ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ပညာရှင် တစ်ယောက်ရဲ့ လက်ရာပဲ ဖြစ်ရမည်။
ထို့ကြောင့်... သူ၏ ထိုးထွင်းသိမြင်မှု စွမ်းရည်နှင့်တောင်မှ၊ ဖြေရှင်းဖို့ လက်ဖက်ရည် တစ်ခွက် သောက်ချိန်လောက် ကြာသွားခဲ့ရ၏။
“ပွင့်စမ်း...”
ယဲ့ဖုန်း လေဓာတ် ဝိညာဉ်စွမ်းအင် တစ်မျှင်ကို ထုတ်လွှတ်လိုက်သည်။
“ရွှမ်း...”
ထက်ရှသော ဓားတစ်စင်းကဲ့သို့ ယဇ်ပူဇော်ရာ နတ်ဘုရားတောင်တန်း၏ တိကျသော နေရာ တစ်ကွက်ကို ဝင်ရောက် ရိုက်ခတ်လိုက်ရာ၊ တောင်တန်း တစ်ခုလုံး.. သိမ့်ခါသွား၏။ အလယ်မှ နှစ်ပိုင်း ကွဲထွက်ကာ ဘေးတိုက် ရွေ့လျားသွားပြီး ချိုင့်ဝှမ်းကြီး တစ်ခု ပေါ်လာသည်။
“ဝှီး...”
အလောင်းကောင် အမြောက်အမြား ချိုင့်ဝှမ်းထဲသို့ ပြုတ်ကျသွားပြီး၊ မြေပြင်ပေါ်တွင် ကြေမွကုန်ကြသည်။ သို့သော် လူတိုင်းက ထိုအလောင်းကောင်များ၏ ကံကြမ္မာကို ဂရုမစိုက်နိုင်ကြဘဲ၊ ချိုင့်ဝှမ်း၏ အနက်ရှိုင်းဆုံး နေရာကိုသာ အာရုံစိုက်နေကြ၏။
ထိုနေရာတွင် ဧရာမ ခေါင်းတလားကြီး တစ်လုံး ရှိနေသည်..။
အမြင့် (၅) ကျန်း ၊ အကျယ် (၃) ကျန်း နှင့် အလျား (၁၀) ကျန်း ရှိပြီး၊ ကြီးမားသော ဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်နေကာ၊ မြူခိုးဂိုဏ်း၏ အကြီးစား ဝိညာဉ်သွေးကြော နှင့် ယှဉ်နိုင်စွမ်း ရှိသည်။
“တကယ့် အကြီးစား ဝိညာဉ်သွေးကြောကြီးပဲ..”
“ဒါပေမဲ့ ဒီ ဝိညာဉ်သွေးကြောရဲ့ အမြုတေ က ဘာလို့ အဖြူရောင် ကျောက်စိမ်း ခေါင်းတလား ဖြစ်နေရတာလဲ...”
လူအုပ်ကြီး ခေါင်းတလားကို စိုက်ကြည့်နေကြ၏။ ဒါက နတ်ဘုရားတောင်တန်း ဝိညာဉ်သွေးကြောရဲ့ အမြုတေ ဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။
“တစ်ယောက်ယောက်က ဝိညာဉ်သွေးကြော အမြုတေကို ခေါင်းတလား ပုံစံ တမင် ဖန်တီးထားတာပဲ... ဘာလို့လဲဆိုတော့ သူ သေဆုံးသွားတဲ့အခါ၊ သူ့အလောင်းကို အဲဒီထဲမှာ မြှုပ်နှံပြီး... သန့်စင်တဲ့ ဝိညာဉ်စွမ်းအင်တွေနဲ့ ဝိညာဉ်ခန္ဓာကိုယ် ကို ပြုစုပျိုးထောင်ပြီးတော့ ဒုတိယဘဝ ပြန်ရှင်သန်ဖို့ ကြိုးစားချင်လို့ပဲ...”
ယဲ့ဖုန်း ရှင်းပြလိုက်သည်။
“ဘာ...”
“ဒုတိယဘဝ ပြန်ရှင်သန်မယ် ဟုတ်လား...”
ထိုစကားကို ကြားလိုက်ရသောအခါ အားလုံး အလွန်အမင်း တုန်လှုပ်သွားကြ၏။