← Chapters

အခန်း (၅၂၃-၅၂၅)

Vol. 35 Ch. 523-525

အခန်း (၅၂၃-၅၂၅)

Vol. 35 Ch. 523-525

အခန်း (၅၂၃) - ငါ့နာမည်က ဝမ်လင်း၊ ကမ္ဘာ့အမြုတေ၊ ရှေးဟောင်း စစ်မြေပြင်

~ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် အကြီးအကဲ (၉) ဦးစလုံး တုန်လှုပ်သွားကြသည်။ သူတို့မျက်နှာများတွင် မယုံကြည်နိုင်မှုများ အထင်းသား ပေါ်နေ၏။

'ဘိုးဘေးတွေက ဒီဝိညာဉ်အလောင်းကောင်ကို ပြုစုပျိုးထောင်ဖို့အတွက်၊ မရေမတွက်နိုင်တဲ့ အလောင်းကောင်တွေကို ဒီမှာ လာပြီး စုပုံခိုင်းခဲ့တာလား...'

“ဂိုဏ်းချုပ်... အဲဒီ ခေါင်းတလားထဲမှာ ဝိညာဉ်အလောင်းကောင် ရှိနေတာလား...”

ယန်ရူယွီ လည်း ကြောက်ရွံ့နေပြီး၊ ယဲ့ဖုန်း ၏ အင်္ကျီစကို ဆွဲကိုင်ထားမိသည်။

“ဟုတ်တယ်...”

ယဲ့ဖုန်း ခေါင်းငြိမ့်လိုက်၏။

ထိုစကားကို ကြားလိုက်ရသောအခါ အားလုံး ခေါင်းနပန်း ကြီးသွားကြသည်။ တချို့ တပည့်များဆိုလျှင် တုန်ရီလွန်းသဖြင့် ဝိညာဉ်လက်နက်များကိုပင် မြဲမြံအောင် မကိုင်နိုင်တော့ပေ။ ယဲ့ဖုန်းသာ မရှိခဲ့လျှင် သူတို့ တကယ် ထွက်ပြေးကြတော့မည်။

“ဘာကြောက်စရာ ရှိလို့လဲ... မူလနတ်ဘုရားအဆင့် ပထမအလွှာ ဝိညာဉ်အလောင်းကောင် တစ်ကောင်ပါ... နှစ်ပေါင်း သောင်းချီ ကျင့်ကြံထားတယ် ဆိုရင်တောင်မှ၊ ငါ ခန့်မှန်းတာ မူလနတ်ဘုရားအဆင့် စတုတ္ထအလွှာ လောက်ပဲ ရှိဦးမှာ... သိပ် မသန်မာပါဘူး...”

ယဲ့ဖုန်း ဂရုမစိုက်သလို ပြောလိုက်၏။

“ဟုတ်တယ်... ကျွန်မ သူ့ကို ရိုက်သတ်လို့ ရတယ်...”

ဟူဖေးဖေး ရှေ့တိုးလာပြီး၊ လက်ညှိုးဖြင့် နှာခေါင်းကို ပွတ်သပ်လိုက်သည်။

ထိုစကားကို ကြားလိုက်ရတော့မှ အားလုံး သက်ပြင်းချနိုင်ကြ၏။ သို့သော် ရှေးဟောင်း မြို့ငယ် (၃) မြို့မှ အကြီးအကဲ (၉) ဦးကတော့ တုန်ရီနေကြသည်။ သူတို့အတွက် ကောင်းကင်ပြိုကျလာသလို ခံစားနေရသည်။

'သူတို့ ဘိုးဘေးတွေ မျိုးဆက်ပေါင်းများစွာ ကိုးကွယ်လာခဲ့တဲ့ “နတ်ဘုရား” ဆိုတာ... တကယ်တော့ ဝိညာဉ်အလောင်းကောင် တစ်ကောင် ဖြစ်နေတာကိုး..'

“ဂိုဏ်းချုပ်... ဝိညာဉ်အလောင်းကောင်က နိုးထလာပြီလား...”

ဟိုယွင်ကျဲ မေးလိုက်၏။

“မနိုးသေးပါဘူး...”

ယဲ့ဖုန်း ခေါင်းခါလိုက်သည်။

တကယ်တော့ ဝင်္ကပါ မှာ အပြစ်အနာအဆာ တစ်ခု ရှိနေ၏။ ဝိညာဉ်အလောင်းကောင်ရဲ့ သခင်ဟောင်း အနေနှင့် ဒုတိယဘဝ ပြန်ရှင်သန်နိုင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်... သူ့ကြိုးစားမှုတွေ အားလုံးက အချည်းနှီး ဖြစ်သွားခဲ့လေပြီ။

သို့သော်ငြား နှစ်ပေါင်း သောင်းနှင့်ချီ၍ ပြုစုပျိုးထောင်ပြီးနောက်တွင်မူ၊ ထိုဝိညာဉ်အလောင်းကောင်သည် မရေမတွက်နိုင်သော ဝိညာဉ်အကြွင်းအကျန် စွမ်းအားများကို အပြည့်အဝ စုပ်ယူသွားခဲ့၏။ ထို့နောက် ယခင်ဘဝ၏ မှတ်ဉာဏ်များနှင့် တစ်သားတည်း ပေါင်းစပ်သွားကာ... ပိုမို သန်မာ ကြောက်မက်ဖွယ် ကောင်းလှသည့် သက်ရှိအသစ် တစ်ခုအဖြစ်သို့ အောင်မြင်စွာ မွေးဖွားလာခဲ့တော့သည်။

သူ့ထံ၌ ဝိညာဉ်အလောင်းကောင်၏ ယခင်ဘဝ မှတ်ဉာဏ်များ ကိန်းအောင်းနေသည်။ သို့သော် သူသည် အတိတ်က လူဟောင်း တစ်ယောက် လုံးဝ မဟုတ်တော့။

ထိုမျှမက ဝိညာဉ်အလောင်းကောင်၏ ကျင့်ကြံခြင်း လုပ်ငန်းစဉ်၌ ကြီးမားသော အားနည်းချက် တစ်ခု ရှိနေဆဲ ဖြစ်၏။

အကြောင်းမူကား သူသည် ယခုအချိန်အထိ အိပ်မောကျနေဆဲ ဖြစ်ကာ နိုးထလာနိုင်ခြင်း မရှိသေး။ ထိုအဆို့အတားကြီးကို အောင်မြင်စွာ ချိုးဖျက်နိုင်ရန်အလို့ငှာ ပြင်ပမှ အကူအညီများကို မလွဲမသွေ လိုအပ်နေတော့သည်။

“ဝှီး...”

ယဲ့ဖုန်းသည် လေဓာတ် ဝိညာဉ်စွမ်းအင် (၅) မျှင်ကို ထုတ်လွှတ်လိုက်ပြီး၊ သန့်စင်သော စွမ်းအင်အဖြစ် ပြောင်းလဲကာ ခေါင်းတလားထဲသို့ ပေါင်းစပ်ပေးလိုက်ရာ၊ ဝိညာဉ်အလောင်းကောင် အပေါ်ရှိ နောက်ဆုံး အချုပ်အနှောင် ပျက်စီးသွား၏။

“ကျွီ...”

ခေါင်းတလား အဖုံး ရုတ်တရက် ပွင့်ထွက်သွားပြီး၊ အတွင်းရှိ အဓိက ခေါင်းတလား ပေါ်ထွက်လာသည်။ ထို့နောက် အဓိက ခေါင်းတလား အဖုံးပါ ကောင်းကင်သို့ ပျံတက်သွားပြီး၊ အတွင်း၌ လဲလျောင်းနေသော ဝိညာဉ်အလောင်းကောင်ကို မြင်တွေ့လိုက်ရသည်။ ၎င်းသည် ခန့်ညားသော ရုပ်ရည်ရှိသည့် လူငယ်တစ်ဦး ဖြစ်၏။

အသက် (၃၀) ဝန်းကျင်ခန့် ရှိပုံရပြီး၊ မုတ်ဆိတ်မွေး သုံးမျှင်နှင့် ထူးခြားသော ဆွဲဆောင်မှု တစ်မျိုး ရှိနေသည်။ သူ့ခန္ဓာကိုယ်မှ မူလနတ်ဘုရားအဆင့် စတုတ္ထအလွှာ၏ အရှိန်အဝါများ ထွက်ပေါ်နေ၏။

“ဝုန်း...”

လူငယ်၏ မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။ သူ့အကြည့်များက မွေးကင်းစ ကလေးငယ် တစ်ဦးကဲ့သို့ ကြည်လင်နေသည်။ သို့သော် မကြာမီ ယခင်ဘဝက မှတ်ဉာဏ်များ ဒီရေအလား တိုးဝင်လာသဖြင့်၊ ခေါင်းကွဲမတတ် နာကျင်မှုကို ခံစားလိုက်ရပြီး၊ ခေါင်းကို ဖက်ကာ ညည်းတွားလိုက်မိ၏။

“အား...”

လူငယ် အော်ဟစ်လိုက်သည်။ ကြောက်မက်ဖွယ် နတ်ဘုရား အရှိန်အဝါများ သူ့အော်သံနှင့်အတူ ပေါင်းစပ်သွားပြီး၊ ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေ၏။

ဟူဖေးဖေးသည် ပထမ တိုက်ခိုက်ရေး ပုံစံ သို့ ချက်ချင်း ဝင်ရောက်လိုက်သည်။ သူမ၏ ကြီးမားသော အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး၊ လူငယ်၏ ဖိအားကို ချေဖျက်လိုက်သည်။

“ငါ့နာမည်က ဝမ်လင်း...”

“ငါ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းက တည်ရှိခဲ့ဖူးတယ်...”

“ငါ သေဆုံးသွားခဲ့တယ်... ဒါပေမဲ့ တခြားနည်းလမ်း တစ်ခုနဲ့ ငါ ပြန်ရှင်လာခဲ့တယ်...”

“ငါ အရင်လူ မဟုတ်တော့ပေမဲ့... ငါ့ရဲ့ ရှေ့လူဆီက မှတ်ဉာဏ်တွေ အားလုံးကို ဆက်ခံထားတယ်... ဒါကြောင့် တစ်နည်းအားဖြင့် သူ့အသက်ကို ဆက်ရှင်သန်နေတာပဲ...”

လူငယ် ရုတ်တရက် ထထိုင်လိုက်ပြီး၊ နက်ရှိုင်းပြီး ဆွဲဆောင်မှု ရှိသော အသံဖြင့် ပြောလိုက်သည်။ ဝိညာဉ်မူလ ကမ္ဘာ အတွင်းရှိ သက်ရှိအားလုံး သူ့အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ကြရသည်။

“ဝမ်လင်း... သေသူ ဝိညာဉ်... ဒီနာမည်က သူ့အတွက် ဖန်တီးပေးထားသလိုပဲ...”

ယဲ့ဖုန်း မရေရွတ်ဘဲ မနေနိုင် ဖြစ်သွား၏။

“ဝှီး...”

ဝမ်လင်း ကောင်းကင်ပေါ်သို့ ပျံတက်လာရာ၊ အားလုံး လန့်သွားကြသည်။

“ဒုန်း...”

ဟူဖေးဖေး ရှေ့သို့ သုံးလှမ်း တိုးလိုက်၏။ ပေါက်ကွဲစေသော တုတ်တို ကို ပခုံးပေါ် ထမ်းထားပြီး၊ ပန်းရောင် ဆံပင်များ လေထဲတွင် ဝဲပျံနေသည်။ သူမ တစ်ယောက်တည်း ဝမ်လင်းကို ရင်ဆိုင်ရန် အသင့်အနေအထား ရှိနေ၏။

“သူ့ကို လာခွင့် ပေးလိုက်...”

သို့သော် ယဲ့ဖုန်းက တားလိုက်သည်။

ဟူဖေးဖေး တွန့်ဆုတ်မနေဘဲ ဘေးသို့ ဖယ်ပေးလိုက်၏။ စူးရှသော မျက်လုံးများဖြင့် ဝမ်လင်းသည် ယဲ့ဖုန်းကို လေထဲမှ လှမ်းကြည့်လိုက်သည်။ အချိန်အတော်ကြာမှ သူ ရုတ်တရက် လက်သီးဆုပ် ဦးညွှတ်လိုက်၏။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်... ကျွန်တော့်ရဲ့ အဆို့အတားကို ကူညီ ချိုးဖျက်ပေးခဲ့လို့ပါ... ခင်ဗျားရဲ့ အကူအညီသာ မပါရင် ကျွန်တော် ဘယ်တော့မှ ပြန်ရှင်လာနိုင်မှာ မဟုတ်ပါဘူး...”

ယဲ့ဖုန်းသာ မရှိခဲ့ရင်၊ သူဟာ ပြီးပြည့်စုံသည့် အသိစိတ် မရှိသော ဝိညာဉ်အလောင်းကောင် အဖြစ်နှင့်ပင် ကျန်ရစ်ခဲ့ပြီး၊ ဘယ်တော့မှ နိုးထလာနိုင်မှာ မဟုတ်ပေ။

“ဒါဆို... မင်း နောက်ဆက်တွဲ ဘာလုပ်ဖို့ စီစဉ်ထားလဲ...”

ယဲ့ဖုန်းက အဓိပ္ပာယ်ပါပါ မေးလိုက်သည်။

ထိုအရာက မူလနတ်ဘုရား စတုတ္ထအဆင့် ရှိသော ဝိညာဉ်အလောင်းကောင် တစ်ကောင် ဖြစ်လေသည်။ သူ၏ ခန္ဓာကိုယ်ကို ရှုပ်ထွေးနက်နဲလှသော ဝင်္ကပါများဖြင့် နှစ်ပေါင်း သောင်းနှင့်ချီ၍ ပြုစုပျိုးထောင်ထားခဲ့လေရာ၊ ယခုအခါ လုံးဝ မပျက်စီးနိုင်စွမ်းသော ဝရဇိန်ခန္ဓာကိုယ်ကြီးအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

မန္တန်ပညာရပ်နှင့် ခန္ဓာကိုယ် ကြံ့ခိုင်မှု နှစ်ရပ်စလုံးကို တစ်ပြိုင်နက်တည်း ကျင့်ကြံထားသော စစ်မှန်သည့် တိုက်ခိုက်ရေးသမား ဖြစ်သည့်အလျောက် ပြိုင်ဘက်ကင်းသော ခွန်အားများကို ပိုင်ဆိုင်ထားတော့သည်။ အဆင့်တူ ကျင့်ကြံသူအချင်းချင်း ယှဉ်ပြိုင် တိုက်ခိုက်မည် ဆိုပါက သူ့ကို ယှဉ်နိုင်မည့်သူမှာ လွန်စွာမှ ရှားပါးလှပေသည်။

“ဂိုဏ်းချုပ်က ကျွန်တော့်ကို အသက်ပြန်ရှင်ခွင့် ပေးခဲ့တာပါဗျာ... ကျွန်တော် ဝမ်လင်း တစ်ယောက် ကျေးဇူးဆပ်တဲ့အနေနဲ့ ဂိုဏ်းချုပ်ရဲ့ ဘေးနားမှာ တစ်သက်လုံး ခစားခွင့်ပြုပါနော်...”

ဝမ်လင်းက ရိုသေကိုင်းရှိုင်းစွာဖြင့် တောင်းဆိုလိုက်လေသည်။

အကြောင်းမူကား သူ့ထံ၌ ယခင်ဘဝက မှတ်ဉာဏ်များ ကိန်းအောင်းနေဆဲ ဖြစ်ရာ၊ ပြင်ပကမ္ဘာ၏ လက်ရှိ အခြေအနေများကို သူ ကောင်းစွာ သိရှိနားလည်ထား၏။ မြူခိုးဂိုဏ်း ဆိုသည်မှာ မည်သို့သော အဖွဲ့အစည်းမျိုး ဖြစ်မှန်း သေချာ မသိသော်ငြား၊ ယဲ့ဖုန်း၏ ဖြစ်တည်မှုက လွန်စွာမှ လျှို့ဝှက်ဆန်းကြယ်နေကြောင်းကိုမူ သူ အထင်းသား ခံစားသိမြင်နေလေသည်။

အပေါ်ယံ ကြည့်မည်ဆိုပါက မည်သည့် ကျင့်ကြံခြင်း စွမ်းအားမျှ မရှိသယောင် ထင်ရသော်လည်း၊ လက်တွေ့တွင်မူ အံ့မခန်း နည်းလမ်းပေါင်းစုံကို ပိုင်ဆိုင်ထားသူ ဖြစ်သောကြောင့် မိမိဘဝကို ပုံအပ်ကာ နောက်လိုက်အဖြစ် ခစားရန် အသင့်တော်ဆုံးသော ပုဂ္ဂိုလ်ကြီးပင် ဖြစ်တော့၏။

“အင်း... ဒါဆိုရင်လည်း မင်း မြူခိုးဂိုဏ်းကို ဝင်ပြီး အတွင်းစည်း အကြီးအကဲ တစ်ယောက်အနေနဲ့ တာဝန်ယူလိုက်တော့လေ...”

ယဲ့ဖုန်းက ခပ်ပြုံးပြုံးဖြင့် အမိန့်ပေးလိုက်၏။

တကယ်တမ်းတွင်မူ သူ ဝမ်လင်းကို ကူညီခဲ့ခြင်း၊ အဆို့အတားများကို အောင်မြင်စွာ ချိုးဖျက်ပေးခဲ့ခြင်း၊ ရှုပ်ထွေးနေသော အသိစိတ်များကို ရှင်းလင်းပေးကာ အိပ်မောကျနေရာမှ နိုးထလာစေရန် ပြုလုပ်ပေးခဲ့ခြင်း အားလုံးမှာ... ဤအစွမ်းထက်လှသော တိုက်ခိုက်ရေး အင်အားစု တစ်ခုကို မြူခိုးဂိုဏ်းထဲသို့ ဆွဲသွင်းလိုသောကြောင့်သာ ဖြစ်တော့သည်။

ယဲ့ဖုန်းသည် အမည်စာရင်း စာအုပ် ပေါ်တွင် ဝမ်လင်း၏ အချက်အလက်များကို ရေးသားပြီး၊ ဂိုဏ်းချုပ် တံဆိပ်တုံး နှိပ်လိုက်သည်နှင့် တပြိုင်နက်၊ စနစ်၏ အသိပေးသံ သူ့ခေါင်းထဲတွင် မြည်လာသည်။

(တီ..တီ.. အတွင်းစည်း အကြီးအကဲ 'ဝမ်လင်း' ကို စုဆောင်းရရှိပါပြီ... မပျက်စီးနိုင်သော ဝရဇိန် ခန္ဓာကိုယ်၊ ထိပ်တန်း အရည်အသွေး အခြေခံအုတ်မြစ်၊ မူလနတ်ဘုရားအဆင့် စတုတ္ထအလွှာ။)

နောက်တစ်ခဏတွင်...

ယဲ့ဖုန်း ခန္ဓာကိုယ်ထဲသို့ ကြီးမားသော စွမ်းအားတစ်ခု စီးဝင်လာပြီး၊ မူလနတ်ဘုရားအဆင့် စတုတ္ထအလွှာ ရှိသော ပုဂ္ဂိုလ်တစ်ဦး၏ ခွန်အားကို ထပ်ဆောင်း ရရှိလိုက်၏။

“အကြီးအကဲ ဝမ်လင်း ကို ဂါရဝပြုပါတယ်...”

လီဇီလုံ၊ ကုန်းချင်းချိုး၊ မိုယင် နှင့် အခြားသူများ တစ်ယောက်ပြီးတစ်ယောက် ဂါရဝပြုလိုက်ကြသည်။ လျှို့ဝှက်နယ်မြေထဲ ရောက်ရောက်ချင်း၊ ဂိုဏ်းအတွက် မူလနတ်ဘုရားအဆင့် အတွင်းစည်း အကြီးအကဲ တစ်ယောက် ရလိုက်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။ သို့သော်၊ ဒါက သတင်းကောင်း ဖြစ်ပြီး ဂုဏ်ပြုထိုက်သည့် ကိစ္စပင်။

“အားလုံးပဲ မင်္ဂလာပါ...”

ဝမ်လင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး လက်သီးဆုပ် ဦးညွှတ်ကာ နှုတ်ဆက်လိုက်၏။ ထို့နောက် သူသည် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် အကြီးအကဲ (၉) ဦး ဘက်သို့ လှည့်ကြည့်လိုက်ရာ၊ သူတို့အားလုံး ခေါင်းငုံ့သွားကြပြီး ဝမ်လင်း၏ မျက်လုံးများကို မကြည့်ရဲကြပေ။

“နှစ်ပေါင်းများစွာ သင်္ချိုင်းစောင့် အဖြစ် တာဝန်ထမ်းဆောင်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်...”

ဝမ်လင်း ပြောလိုက်သည်။

'သင်္ချိုင်းစောင့် ဟုတ်လား... ရှေးဟောင်း မြို့ငယ် သုံးခု တည်ရှိနေခြင်းရဲ့ ရည်ရွယ်ချက်က သင်္ချိုင်းစောင့်ဖို့ သက်သက်ပါလား..'

အကြီးအကဲ (၉) ဦး ခါးသီးစွာ ပြုံးလိုက်ကြ၏။

သို့သော်၊ ပြန်စဉ်းစားကြည့်တော့... မူလနတ်ဘုရားအဆင့် မဟာတန်ခိုးရှင် တစ်ယောက်အတွက် သင်္ချိုင်းစောင့်ပေးရတာက (၈) ဘဝစာလောက် ကုသိုလ်ရမည့် ကိစ္စပဲလေ။

ထိုအချိန်၌ ယဲ့ဖုန်း ပြောလိုက်သည်။

“ဝမ်လင်း... မင်းလည်း နိုးလာပြီ ဆိုတော့... ငါတို့ ဂိုဏ်းကို ပြန်ကြစို့...”

“ဂိုဏ်းချုပ်... နေပါဦး...”

ဝမ်လင်း အောက်ဘက်ရှိ ခေါင်းတလားကို လက်ညှိုးထိုးပြလိုက်၏။

“ကျွန်တော့် မှတ်ဉာဏ်တွေအရ... ဝိညာဉ်မူလ ကမ္ဘာ ထဲမှာ တုန်လှုပ်စရာ ကောင်းတဲ့ လျှို့ဝှက်ချက် တစ်ခု ရှိနေသေးတယ်...”

“ဟေ... ဟုတ်လား...”

ယဲ့ဖုန်း အံ့သြသွားသည်။

သူ ထိုးထွင်းသိမြင်သော မျက်လုံးကို အသုံးပြုပြီး အောက်ဘက်ရှိ ခေါင်းတလားကို စစ်ဆေးကြည့်သော်လည်း၊ ဘာမှ ထူးခြားတာ မတွေ့ရပေ။ သို့သော် ကောင်းကင်ယံရှိ ဝိညာဉ်စွမ်းအင်များဖြင့် ဖန်တီးထားသော နေတု ကို မော့ကြည့်လိုက်သောအခါ၊ သူ့မျက်လုံးအိမ် ကျဉ်းမြောင်းသွားသည်။

“ဝိညာဉ်မူလ ကမ္ဘာ ကို ရွှေ့ပြောင်းလို့ ရတာပဲ..”

အရင်တုန်းက ကောင်းကင်ပေါ်က နေကို သူ သတိမထားမိခဲ့။.. ယခုမှ သတိထားမိလိုက်တာက ဝိညာဉ်မူလ ကမ္ဘာရဲ့ ကမ္ဘာ့အမြုတေ က ဒီ နေတု ထဲမှာ ဝှက်ထားသည်ပင်။

ထို့ပြင်၊ ကမ္ဘာ့အမြုတေရဲ့ အမှတ်အသားက ဝမ်လင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ နှစ်ပေါင်း တစ်သောင်းလောက် ပြုစုပျိုးထောင်ရင်း ကမ္ပည်းတင်ပြီးသား ဖြစ်နေလေပြီ။

တနည်းအားဖြင့် ပြောရရင်... ဝမ်လင်းက ဝိညာဉ်မူလ ကမ္ဘာရဲ့ နယ်မြေသခင် ပင်..

“ထလော့...”

ဝမ်လင်း လက်ဟန်များ ရေးဆွဲလိုက်ပြီး ကျယ်လောင်စွာ ဟစ်ကြွေးလိုက်၏။ နောက်တစ်ခဏတွင် နေတု ဆီမှ လှိုင်းဂယက်များ ထွက်ပေါ်လာပြီး၊ ဝိညာဉ်မူလ ကမ္ဘာ တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ အားလုံး၏ အံ့အားသင့်နေသော မျက်လုံးများ ရှေ့မှောက်တွင်ပင်၊ ဝိညာဉ်မူလ ကမ္ဘာ တစ်ခုလုံးသည် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး နေတု ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွား၏။

မကြာမီ တောက်ပသော အလင်းရောင်များ တဖြည်းဖြည်း မှေးမှိန်သွားသည်။

အားလုံး အသိစိတ် ပြန်ဝင်လာသောအခါ၊ လျှို့ဝှက်နယ်မြေ ဝင်ပေါက်ရှိ တောင်တန်းပေါ်သို့ ပြန်ရောက်နေကြသည်ကို တွေ့လိုက်ရ၏။ တောင်တန်းထဲမှ အလင်းအတားအဆီး ပျောက်ကွယ်သွားခဲ့တော့သည်။ ယင်းအစား ဝမ်လင်း၏ ခေါင်းအထက်တွင် (၁၀) မီတာခန့် အချင်းရှိသော နေတု တစ်စင်း တွဲလွဲ ခိုနေ၏။

“ဒါ ဝိညာဉ်မူလ ကမ္ဘာ လား...”

လူအုပ်ကြီး စူးစမ်းလိုစိတ်ဖြင့် နေတုကို လက်ညှိုးထိုးပြပြီး မေးလိုက်ကြသည်။

“မှန်ပါတယ်...”

ဝမ်လင်း ခေါင်းငြိမ့်လိုက်၏။

“ဝိညာဉ်မူလ ကမ္ဘာ က ကျွန်တော့် အရင်ဘဝတုန်းက ဖန်တီးခဲ့တာ မဟုတ်ပါဘူး... ကံကောင်းထောက်မစွာ ရရှိခဲ့တဲ့ ကြီးမားတဲ့ ဂူကောင်းကင် ကမ္ဘာ တစ်ခုပါ... ကျွန်တော် သိသလောက် ဆိုရင်... ဒီလျှို့ဝှက်နယ်မြေထဲမှာ ရှေးဟောင်း စစ်မြေပြင် ဆီကို သွားလို့ရတဲ့ တံခါးပေါက် တစ်ခု ရှိနေတယ်...”

ရှေးဟောင်း စစ်မြေပြင်..

ထိုစကားလုံးများကို ကြားလိုက်ရသောအခါ ယဲ့ဖုန်း၏ မျက်လုံးများ စူးရှသွားရသည်။

သူ့အတွက်တော့ ရှေးဟောင်း စစ်မြေပြင် ဆိုတာ ရှေးဟောင်း သူရဲကောင်း ဝိညာဉ်စွမ်းအင် အမြောက်အမြား ရနိုင်မည့် နေရာပင်။ အကယ်၍၊ ထို စစ်မြေပြင်ကို သွားနိုင်ခဲ့လျှင်၊ သူ့စွမ်းအားတွေ သေချာပေါက် ထိုးတက်လာမည်ပင်။

ဒီတွေ့ရှိမှုက အရမ်း အရေးပါတာပဲ..

အခန်း (၅၂၄) - လျှို့ဝှက်နယ်မြေကို ရွှေ့ပြောင်းခြင်း၊ ချိတ်ပိတ်ထားသော ရှေးဟောင်း နေရာရွှေ့ပြောင်းခြင်း တံခါးပေါက်

~“ဂိုဏ်းချုပ်... ဝိညာဉ်မူလ ကမ္ဘာ ကို ကျွန်တော် အပြည့်အဝ သန့်စင်ပြီးပါပြီ... အခု အချိန်မရွေး ယူသွားလို့ ရနေပြီ...”

ဝမ်လင်း သည် ယဲ့ဖုန်းကို လှမ်းကြည့်လိုက်ပြီး မေးလိုက်၏။

“ဒါဆို... ကျွန်တော်တို့ အခု ဂိုဏ်းကို ပြန်ကြတော့မလား...”

ယခုအခါ သူသည် မြူခိုးဂိုဏ်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။

သို့သော်ငြား ထိုဂိုဏ်းကြီး မည်သည့်နေရာ၌ တည်ရှိသည်၊ ဂိုဏ်း၏ စုစုပေါင်း အင်အားမှာ မည်မျှအထိ ကြီးမားသည်၊ အတွင်း၌ မည်သို့သော ပုဂ္ဂိုလ်များ ခိုအောင်းနေကြသည်၊ ထို့အပြင် ဂိုဏ်း၏ ဝန်းကျင်အနေအထား မည်သို့ ရှိမည် ဆိုသည်ကိုမူ သူ လုံးဝ မသိရှိရသေး။

ထို့ကြောင့် ဤအရာများ အားလုံးကို သူ အလွန်အမင်း သိမြင်လိုစိတ်များ တစ်ဟုန်ထိုး ပြင်းပြနေတော့၏။

“ဝိညာဉ်မူလ ကမ္ဘာ ကို မင်း ယူလိုက်ပြီ ဆိုမှတော့... ငါတို့ ဂိုဏ်းကို ပြန်ကြတာပေါ့... ကျန်တာတွေ ဂိုဏ်းရောက်မှ ဆက်ပြောကြတာပေါ့...”

ယဲ့ဖုန်း ဆုံးဖြတ်ချက် ချလိုက်၏။

“ဟုတ်ကဲ့ပါ...”

ဝမ်လင်း လက်ကို ဆန့်ထုတ်ပြီး၊ (၁၀) မီတာ အချင်းရှိသော နေတုလေးကို ပင့်မ,ထားလိုက်ကာ ဝိညာဉ်မြွေ ပျံသန်းလှေ ပေါ်တွင် မတ်တတ်ရပ်လိုက်သည်။

“ဝှီး…”

လူတစ်စုသည် ပျံသန်းလှေကို စီးနင်းကာ လျင်မြန်စွာ ပြန်လည် ထွက်ခွာလာခဲ့ကြ၏။

ကောင်းကင်ယံ အမြင့်တွင်...

တပည့်များသည် လှေလက်ရန်းများကို မှီလျက်၊ ဝမ်လင်း၏ ခေါင်းအထက်တွင် ဝဲပျံနေသော နေတုလေးကို စူးစမ်းလိုစိတ် အပြည့်ဖြင့် ကြည့်နေကြသည်။

“မင်းတို့ ဘယ်လို ထင်လဲ... ဒီလောက် ကြီးမားတဲ့ ကမ္ဘာကြီးကို... တကယ်ပဲ ဒီ နေတုလေး ထဲကို ကျုံ့သွင်းထားလို့ ရတာလား...”

“ရနိုင်တာပေါ့...”

“စဉ်းစားကြည့်လေ... မင်းတို့ လက်ချောင်းက သိုလှောင်လက်စွပ်က သေးသေးလေး... ဒါပေမဲ့ ပစ္စည်းတွေ အများကြီး ထည့်ထားလို့ ရတယ်လေ... အခု ဒီ နေတု က ဒီလောက်တောင် ကြီးနေတာ... အထဲက ဂူကောင်းကင် ကမ္ဘာ က ဘယ်လိုလုပ် သေးငယ်နိုင်မှာလဲ...”

“အင်း... အဲဒါလည်း ဟုတ်တာပဲနော်...”

တပည့်များ အချင်းချင်း ဆွေးနွေး ငြင်းခုံနေကြ၏။

ဝမ်လင်းက ဝင်ရှင်းပြသည်။

“ဂူကောင်းကင် ကမ္ဘာ တစ်ခုရဲ့ သဘာဝကို သာမန် ယုတ္တိဗေဒနဲ့ ရှင်းပြလို့ မရဘူး... မင်းတို့ အမြင်မှာတော့ ဝိညာဉ်မူလ ကမ္ဘာ က ဒီလောက်ပဲ ကြီးတယ်လို့ ထင်ရပေမဲ့၊ တကယ်တမ်းကျတော့ ရာချီ ကျယ်ဝန်းတဲ့ ဧရိယာ ရှိတယ်...”

“ကျေးဇူးတင်ပါတယ် အကြီးအကဲဝမ်... ကျွန်တော်တို့ သံသယ ရှင်းသွားပါပြီ...”

တပည့်များ လက်သီးဆုပ် ဦးညွှတ်ပြီး ကျေးဇူးတင်လိုက်ကြ၏။

“ရပါတယ်...”

ဝမ်လင်း ခေါင်းငြိမ့် ပြလိုက်သည်။

ယဲ့ဖုန်း လှေဦးပိုင်းတွင် ထိုင်နေ၏။

သူသည် နေတု ကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ဝမ်လင်း... ငါနဲ့ ဝိညာဉ်မူလ ကမ္ဘာ ထဲ လိုက်ခဲ့... ငါ အဲဒီမှာ ချိတ်ပိတ်ထားတဲ့ ရှေးဟောင်း နေရာရွှေ့ပြောင်းခြင်း တံခါးပေါက်ကို သွားကြည့်ချင်တယ်...”

“ဟုတ်ကဲ့ပါ...”

ဝမ်လင်း ခေါင်းငြိမ့်လိုက်၏။

သူ လက်ချောင်းများကို ဖြန်းခနဲ ခတ်လိုက်ရာ၊ နေတု ၏ မျက်နှာပြင်ပေါ်တွင် ရေပြင်မှာ လှိုင်းထသွားသကဲ့သို့ လှိုင်းဂယက်လေးတစ်ခု ပေါ်လာပြီး သူနှင့် ယဲ့ဖုန်းကို လွှမ်းခြုံသွားသည်။

ထို့နောက် သူတို့နှစ်ယောက် ပျောက်ကွယ်သွားကြတော့သည်။

ဝိညာဉ်မူလ ကမ္ဘာ ထဲတွင်...

ယဲ့ဖုန်း နှင့် ဝမ်လင်း တို့ အတူတကွ ပေါ်လာကြ၏။

သူတို့၏ အောက်ဘက်တွင် ယဇ်ပူဇော်ရာ နတ်ဘုရားတောင်တန်း ရှိနေသည်။ တဖြည်းဖြည်း စုဝေးလာသော တိမ်ဖြူများကြားမှ ချိုင့်ဝှမ်းနက်ကြီးထဲရှိ ခေါင်းတလားကို လှမ်းမြင်နေရသည်။

မော့ကြည့်လိုက်လျှင် နေတု ကို မြင်တွေ့ရ၏။

၎င်းသည် အကြီးစား ဝိညာဉ်သွေးကြောမှ ဝိညာဉ်စွမ်းအင်များကို စုပ်ယူခြင်းဖြင့် အဆက်မပြတ် လောင်ကျွမ်းကာ ဝိညာဉ်မူလ ကမ္ဘာ တစ်ခုလုံးကို အလင်းပေးနေပြီး၊ ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားတစ်ခု ဖြစ်လာခဲ့သည်။

“ဝှီး…”

သူတို့နှစ်ယောက် တိမ်လွှာများကို ဖြတ်သန်းပြီး ခေါင်းတလား အပေါ်သို့ ဆင်းသက်လိုက်ကြ၏။

“ဒုတ်…”

ဝမ်လင်းသည် အဖုံးကို ရိုက်ချလိုက်ပြီး ခေါင်းတလားကို ပြန်လည် ချိတ်ပိတ်လိုက်သည်။ ထို့နောက် လက်ဟန်များ ရေးဆွဲလိုက်ရာ၊ ယဇ်ပူဇော်ရာ နတ်ဘုရားတောင်တန်း တစ်ခုလုံး ပြန်လည် ပိတ်သွားပြီး ခေါင်းတလားကို ဖုံးကွယ်သွား၏။

သို့သော် သူ နိုးထလာပြီ ဖြစ်သဖြင့် ဝိညာဉ်သွေးကြောမှ စွမ်းအင်များကို စုပ်ယူရန် မလိုအပ်တော့ချေ။ ထို့ကြောင့် ဝိညာဉ်မူလ ကမ္ဘာ တစ်ခုလုံးရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ ထိုးတက်သွားသည်။

ယဇ်ပူဇော်ရာ နတ်ဘုရားတောင်တန်း ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆသည် တရားဝင် အကြီးစား ဝိညာဉ်သွေးကြော အဆင့်သို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်၏။

ရေရှည်မှာတော့ ရှေးဟောင်း မြို့ငယ် သုံးခုက ကျင့်ကြံသူတွေရဲ့ စွမ်းအားတွေ ပေါက်ကွဲထွက်လာပြီး၊ အဆင့်မြင့် ကျင့်ကြံသူတွေ တဖြည်းဖြည်း ထွက်ပေါ်လာမှာ သေချာလေ၏။

“ဂိုဏ်းချုပ်... ရှေးဟောင်း နေရာရွှေ့ပြောင်းခြင်း တံခါးပေါက် က ဒီဘက်မှာပါ...”

ဝမ်လင်းသည် ယဲ့ဖုန်းကို ယဇ်ပူဇော်ရာ နတ်ဘုရားတောင်တန်း ၏ တောင်ဘက်သို့ ခေါ်ဆောင်သွားသည်။

ထိုနေရာတွင် ဂူတစ်ခု ရှိ၏။

သူတို့နှစ်ယောက် အထဲသို့ ဝင်သွားကြပြီး နောက်ဆုံးတွင် ကျယ်ဝန်းသော ကျောက်ခန်းမ တစ်ခုသို့ ရောက်ရှိလာကြသည်။

ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။

ကျောက်ခန်းမ၏ ကြမ်းပြင်ပေါ်တွင် အချင်း မီတာ (၁၀၀)၊ အမြင့် (၁၀) မီတာခန့် ရှိသော ရှေးဟောင်း ယဇ်ပလ္လင် တစ်ခု တည်ရှိနေသည်။

ရှေးဟောင်း သင်္ကေတများ ထွင်းထုထားပြီး အဖြူရောင် ကျောက်စိမ်း အရောင်ရှိသော၊ အမြင့် မီတာ (၈၀) ရှိသည့် မုခ်ဦးကြီး တစ်ခုက ယဇ်ပလ္လင် အထက်တွင် တိတ်ဆိတ်စွာ ရပ်တည်နေ၏။

ထိုအရာက ရှေးဟောင်း နေရာရွှေ့ပြောင်းခြင်း တံခါးပေါက် ပင် ဖြစ်သည်။

ယဲ့ဖုန်းသည် ထိုးထွင်းသိမြင်သော မျက်လုံးကို အသုံးပြုပြီး စူးစမ်းကြည့်လိုက်၏။

(အမည် - ချိတ်ပိတ်ထားသော ရှေးဟောင်း နေရာရွှေ့ပြောင်းခြင်း တံခါးပေါက်)

(အဆင့် - ဟင်းလင်းပြင် အဆင့် အမြင့်ဆုံး (ထိပ်တန်း အရည်အသွေး ဝိညာဉ်ရတနာ)

(မှတ်ချက် - တံဆိပ် (၉) ခု ပါရှိပြီး၊ တစ်ခု ချိုးဖျက်နိုင်တိုင်း ရှေးဟောင်း စစ်မြေပြင် တစ်ခုသို့ သွားရောက်ခွင့် ရရှိမည်။)

ဒါတွေက ယဲ့ဖုန်း ရရှိလိုက်တဲ့ အချက်အလက်တွေပဲ။

“ဟင်းလင်းပြင် အဆင့် အမြင့်ဆုံး ဆိုတာ... ဟင်းလင်းပြင် ဖြိုခွဲ အဆင့် အမြင့်ဆုံးနဲ့ ညီမျှတာပဲ... ဝိညာဉ်ရတနာတွေရဲ့ အမျိုးအစား ခွဲခြားမှု စံနှုန်းအရ ဆိုရင်၊ ဒါက သူတော်စင် လက်နက်တွေနဲ့ တပိုင်း သူတော်စင် လက်နက်တွေရဲ့ အောက်က ထိပ်တန်း အရည်အသွေး ဝိညာဉ်ရတနာ ပဲ...”

ယဲ့ဖုန်း အကြီးအကျယ် တုန်လှုပ်သွားရသည်။

မူလနတ်ဘုရားအဆင့် လျှို့ဝှက်နယ်မြေ တစ်ခုထဲမှာ ဒီလောက် အဆင့်မြင့်တဲ့ ပစ္စည်းတစ်ခု ရှိနေတာ... တကယ်ကို အံ့သြစရာပါပဲ။

“ဂိုဏ်းချုပ်... ကျွန်တော် မှတ်မိသလောက် ဆိုရင်... ဝိညာဉ်မူလ ကမ္ဘာ တစ်ခုလုံးက ဒီ တံခါးပေါက်ကို သိမ်းဆည်းဖို့ သက်သက် ဖန်တီးထားတာနဲ့ တူတယ်... ဒါပေမဲ့ ကျွန်တော့် အရင်ဘဝတုန်းက ခွန်အား မလုံလောက်လို့၊ ပထမဆုံး တံဆိပ်ကိုတောင် မဖွင့်နိုင်ဘဲ အိုမင်းပြီး သေဆုံးသွားခဲ့ရတယ်...”

ဝမ်လင်း ရှင်းပြသည်။

“အခု ငါတို့ ဖွင့်လို့ ရပြီ...”

ယဲ့ဖုန်း ပြောလိုက်၏။

သူသည် ယဇ်ပလ္လင်ပေါ်တွင် ရပ်လိုက်ပြီး မုခ်ဦးကို မော့ကြည့်ကာ လက်ဟန်များ စတင် ဖော်လိုက်သည်။ ဉာဏ်ပညာ နှလုံးသားကို အသုံးပြုပြီး ရှေးဟောင်း သင်္ကေတများကို ဖြေရှင်းနေခြင်း ဖြစ်သည်။

ဝမ်လင်းက ဘေးတွင် တိတ်ဆိတ်စွာ အစောင့်အရှောက် ပေးနေ၏။

တစ်နာရီ ကြာပြီးနောက်...

ယဲ့ဖုန်း လက်ဟန်များကို ပြောင်းလဲလိုက်ပြီး၊ တံခါးပေါက်ကို လက်ညှိုးဖြင့် ထိလိုက်ရာ... သင်္ကေတ အစိတ်အပိုင်း အချို့ တဖြည်းဖြည်း လင်းလက်လာသည်။

“ဝှီး…”

ရေတံခွန် တစ်ခုကဲ့သို့ အပြာရောင် အလင်းဖျော့ဖျော့ အလွှာ တစ်ခု မုခ်ဦး အထက်မှ ကျဆင်းလာပြီး၊ တံခါးပေါက် တစ်ခုလုံးကို လျင်မြန်စွာ ဖုံးအုပ်သွား၏။

ယဲ့ဖုန်း လက်ဆန့်ထုတ်ပြီး အလင်းအလွှာကို ထိလိုက်သည်။

“တီ..တီ..”

ကြည်လင်သော အသံ တစ်ခု ပဲ့တင်ထပ်သွားပြီး၊ အလင်းအလွှာပေါ်မှ လှိုင်းဂယက်များ စတင် လှုပ်ရှားလာသည်။ ၎င်းသည် ဖန်သားပြင် တစ်ခုကဲ့သို့ ပွင့်လင်းမြင်သာသွားပြီး၊ တစ်ဖက်ခြမ်းရှိ ကမ္ဘာကို ဖော်ပြပေးလိုက်၏။

ဒါက လူသူကင်းမဲ့နေသည့် ရှေးဟောင်း စစ်မြေပြင် တစ်ခုပင်။

တစ်ဖက်ခြမ်းရှိ ကောင်းကင်ယံကြီးကား အမှောင်ထု အတိ ဖုံးလွှမ်းနေ၏။ သေခြင်းတရား၏ ခြောက်ခြားဖွယ် တိတ်ဆိတ်မှုများက ထိုနေရာ တစ်ခွင်လုံး၌ အပြည့်အဝ ကြီးစိုးနေသည်။

မြေပြင် တစ်ပြင်လုံးမှာ သဲကန္တာရကြီး တစ်ခုပမာ ခြောက်သွေ့ အက်ကွဲနေ၏။ ဖြူရော်နေသော အရိုးစု အကြွင်းအကျန်များက ဟိုတစ်စု ဒီတစ်စု ပြန့်ကျဲနေသည်။

တစ်ခါတစ်ရံ၌ ကင်းမြီးကောက်နှင့် သဏ္ဍာန်တူသော သတ္တဝါ တစ်ကောင်စ နှစ်ကောင်စ တိုးထွက်လာတတ်၏။ သို့သော် သူတို့၏ စွမ်းအားမှာ ချီကျင့်ကြံခြင်း တတိယအဆင့် အောက်တွင်သာ ရှိသည်။

ထို့ကြောင့် လက်ညှိုး တစ်ချောင်းတည်းကိုသာ အသုံးပြု၍ ထိုအရာများကို အလွယ်တကူ ချေမှုန်း ဖျက်ဆီးပစ်နိုင်စွမ်း ရှိတော့သည်။

“ဟင်... တကယ် ပွင့်သွားပြီပဲ..”

ဝမ်လင်း စိတ်ထဲတွင် တစ်ခဏတာ တုန်လှုပ်သွားရသည်။

“ဒါက ပထမဆုံး တံဆိပ်ပဲ ရှိသေးတယ်... သူနဲ့ ချိတ်ဆက်ထားတဲ့ လျှို့ဝှက်နယ်မြေက ပထမအဆင့် လျှို့ဝှက်နယ်မြေ ပဲ... အဲဒီကို ဖြတ်သွားရင် ချီကျင့်ကြံခြင်းအဆင့် (၉) အလွှာ အောက် မကျော်တဲ့ သက်ရှိတွေ ရှိတဲ့ ရှေးဟောင်း စစ်မြေပြင် တစ်ခုကို ရောက်မယ်...”

ယဲ့ဖုန်း ရှင်းပြရင်း အလင်းအလွှာကို ဖြတ်ကျော်သွားလိုက်ရာ၊ ရှေးဟောင်း စစ်မြေပြင်၏ အလယ်ဗဟိုတွင် ပေါ်ထွက်လာ၏။

ဝမ်လင်း နောက်မှ ကပ်လျက် လိုက်ပါလာသည်။

စစ်မြေပြင်ထဲတွင်...

ယဲ့ဖုန်းသည် လေဝိညာဉ် ပုလဲလုံးကို ကိုင်ထားပြီး၊ အနီးနားတွင် လွင့်မျောနေသော ရှေးဟောင်း သူရဲကောင်း ဝိညာဉ်စွမ်းအင်များကို စုပ်ယူလိုက်ရာ၊ အတော်လေး ပေါများကြောင်း တွေ့ရှိလိုက်ရ၏။

“ဂါး...”

ရုတ်တရက် မြေပြင် တုန်ခါသွားပြီး၊ အရှည် တစ်မီတာခန့် ရှိသော အနက်ရောင် ကင်းမြီးကောက် အကောင် တစ်ဒါဇင်ခန့် မြေကြီးထဲမှ ထွက်ပေါ်လာကာ၊ သူတို့၏ အဆိပ်ပြင်းသော အမြီးများဖြင့် လှမ်းထိုးကြသည်။

အကြီးအကဲဝမ် ရှေ့သို့ တစ်လှမ်း တိုးလိုက်၏။

“ဝုန်း…”

သူ့ထံမှ အရှိန်အဝါ တစ်ချက် ထွက်ပေါ်လာသည်နှင့်၊ ကင်းမြီးကောက် သတ္တဝါများသည် ချက်ချင်း ကြေမွသွားပြီး မြေပြင်ပေါ်တွင် အနက်ရောင် သွေးအိုင်များ အဖြစ် ပြောင်းလဲသွားတော့သည်။

“ဂိုဏ်းချုပ်... ဒီစစ်မြေပြင်က သာမန် တပည့်တွေ လေ့ကျင့်ဖို့ သင့်တော်မယ် ထင်တယ်... ကျွန်တော်တို့ အတွက်တော့ ဘာဖိအားမှ မရှိဘူး...”

အကြီးအကဲဝမ် ပြောလိုက်၏။

“ငါ စဉ်းစားနေတာလည်း အဲဒါပဲ...”

ယဲ့ဖုန်း ခေါင်းငြိမ့်လိုက်သည်။

ဝိညာဉ်မူလ ကမ္ဘာ ကို မြူခိုးဂိုဏ်း ပြန်သယ်သွားပြီးလျှင်၊ တပည့်တွေ ဒီ ပထမအဆင့် စစ်မြေပြင်ထဲကို ပုံမှန် ဝင်ပြီး လေ့ကျင့်၍… ရပြီ ဖြစ်၏။

“စိတ်ချရအောင်... ငါတို့ ဒီစစ်မြေပြင်ကို အရင်ဆုံး စူးစမ်းကြည့်ကြတာပေါ့... မသေချာတဲ့ အန္တရာယ်တွေ ရှိမရှိ သိရအောင်လို့...”

“ဟုတ်ကဲ့ပါ… ဂိုဏ်းချုပ်...”

သူတို့နှစ်ယောက် ကောင်းကင်သို့ ပျံတက်သွားပြီး ပိုမို မြင့်မားသော နေရာသို့ ရောက်ရှိသွားကြ၏။

မကြာမီ...

သူတို့ မိုင်ပေါင်း ထောင်ချီ မြင့်သော ကောင်းကင်ယံတွင် ရပ်နေကြပြီပင်။

ဒီနေရာတွင် လေက အလွန် အေးစက်နေပြီး၊ အောက်ဘက်ရှိ ရှေးဟောင်း စစ်မြေပြင်၏ မြင်ကွင်း အပြည့်အစုံကို မြင်တွေ့လိုက်ရသည်။

ထိုအရာက လူသူကင်းမဲ့ကာ ဟာလာဟင်းလင်း ဖြစ်နေသော သက်ရှိကြယ် တစ်လုံးပင် ဖြစ်လေသည်။ ၎င်း၏ အချင်းပမာဏမှာ မိုင်ပေါင်း သုံးသောင်း (၃၀၀၀၀) ခန့် ရှိပြီး၊ ဆွဲငင်အားမှာလည်း ရှန်ကျိုး တိုက်ကြီးနှင့် များစွာ ဆင်တူနေ၏။

ကြယ်၏ မျက်နှာပြင်ထက်၌ သွယ်တန်းနေသော တောင်တန်းကြီးများ၊ စီးဆင်းနေသော မြစ်ပြင်ကျယ်များ၊ ဆီးနှင်းများ ဖုံးလွှမ်းနေသည့် တောင်ကုန်းများနှင့် စိမ်းလန်းသော မြက်ခင်းပြင်များ အပြည့်အဝ တည်ရှိနေသည်။ တကယ့်ကို ပြီးပြည့်စုံသော သက်ရှိကြယ် အစစ်အမှန် တစ်လုံးပင် မဟုတ်ပါလော။

သို့သော်ငြား... လွန်ခဲ့သော နှစ်ပေါင်းများစွာက ဤကြယ်၏ မျက်နှာပြင်ထက်၌ သွေးချောင်းစီးမတတ် ကြောက်မက်ဖွယ် လူသတ်ပွဲကြီး တစ်ခု ဖြစ်ပွားခဲ့ဖူးလေရာ၊ ယခုအခါ အဆင့်မြင့် ကျင့်ကြံသူ ဆို၍ တစ်ဦးတစ်ယောက်မျှ ကျန်ရစ်မနေတော့ပေ။

ထို့အပြင် ဤကြယ်ပေါ်၌ လွန်စွာ ထူးဆန်းနက်နဲလှသော တားမြစ်ချက်ကြီး တစ်ရပ်က ဖုံးလွှမ်း ကြီးစိုးနေဆဲ ဖြစ်၏။ အကြောင်းမူကား မည်သည့် အဆင့်မြင့် ကျင့်ကြံသူမျှ အသစ် ထပ်မံ မွေးဖွားလာနိုင်ခြင်း မရှိတော့သောကြောင့်ပင်။

အကယ်၍ သက်ရှိ တစ်ဦးတစ်ယောက်က သဏ္ဍာန်ပြောင်း နတ်ဆိုးဗိုလ်ချုပ် အဆင့်သို့ တက်လှမ်းရန် သို့မဟုတ် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်သို့ အတင်းအဓမ္မ ချိုးဖောက် ဝင်ရောက်ရန် ကြိုးပမ်းလာခဲ့ပါက၊ စွမ်းအား နိယာမတရား၏ အကြွင်းမဲ့ ဖိနှိပ်မှုကို ခံရကာ လုံးဝ အောင်မြင်နိုင်မည် မဟုတ်ချေ။

ထို့ကြောင့်ပင်... ဤပထမအဆင့် စစ်မြေပြင်ကြီး အတွင်း၌ အသန်မာဆုံးသော သက်ရှိများဟူ၍ ချီကျင့်ကြံခြင်း နဝမအဆင့်ရှိ မိစ္ဆာသားရဲများသာလျှင် ကျက်စား ရှင်သန်နေကြခြင်း ဖြစ်တော့သည်။

“ဝိညာဉ်မူလ ကမ္ဘာ ကို ဘယ်သူက ဖန်တီးခဲ့တာလဲ... အနိမ့်ဆုံး ကြယ်တစ်ပွင့် အဆင့် စစ်မြေပြင်ကတောင် သက်ရှိကြယ် တစ်လုံးနဲ့ ချိတ်ဆက်ထားတယ် ဆိုတော့... တခြား အဆင့်မြင့် ရှေးဟောင်း စစ်မြေပြင်တွေက ဒီထက် ပိုကြမ်းမှာ မဟုတ်ဘူးလား...”

အကြီးအကဲဝမ် ရင်ထဲတွင် တုန်လှုပ်သွားရသည်။

ယဲ့ဖုန်းလည်း မယုံနိုင်အောင် ဖြစ်နေရ၏။

သူ အကြီးအကျယ် ထီပေါက်သွားပြီ ဆိုတာ သိလိုက်ရပြီ..

ဒီလျှို့ဝှက်နယ်မြေကို သူ့ကို ပေးခဲ့သည့် တတိယမင်းသား လင်လော့ထျန်း တောင်မှ... ဝိညာဉ်မူလ ကမ္ဘာ၏ တုန်လှုပ်စရာ လျှို့ဝှက်ချက်ကို သိမှာ မဟုတ်ချေ။

“ဂိုဏ်းချုပ်... ကျွန်တော်တို့ ကြယ်တာရာ ဟင်းလင်းပြင် ထဲမှာ လမ်းလျှောက်လို့ ရတယ် ထင်တယ်...”

အကြီးအကဲဝမ်သည် မြေပြင်ကို ကျောခိုင်းပြီး လှည့်ကြည့်လိုက်ရာ၊ အဆုံးအစမရှိသော အနက်ရောင် ကြယ်တာရာ ဟင်းလင်းပြင်ကြီးကို မြင်တွေ့လိုက်ရ၏။ သို့သော် ပတ်ဝန်းကျင်ကို မြူခိုးများ ဖုံးလွှမ်းထားသဖြင့် ကြယ်များကို ရှင်းရှင်းလင်းလင်း မမြင်ရကြောင်း သတိထားမိလိုက်သည်။

“ဒါက မြူခိုးတွေ ဖုံးလွှမ်းနေတဲ့ ကြယ်တစ်လုံးပဲ... အထူး တားမြစ်ချက်တွေနဲ့ ချိတ်ပိတ်ထားတယ်... တခြား သက်ရှိတွေ ဒီကို လာလို့ မရသလို၊ ငါတို့လည်း ဒီကနေ ထွက်သွားလို့ မရဘူး... ဒီနေရာက လှောင်ချိုင့် တစ်ခုလိုပဲ... လေ့ကျင့်ရေး သီးသန့်အတွက် ဖန်တီးထားတာ...”

ယဲ့ဖုန်း တည်ငြိမ်စွာ ပြောလိုက်၏။

သူ ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်သည်။

သူတို့ ကြယ်တာရာ ဟင်းလင်းပြင် ထဲ ရောက်နေတာ ဖြစ်နိုင်သော်လည်း၊ ဒီ သက်ရှိကြယ်၏ အပြင်ဘက်မှာ မြူခိုးတွေ ဝန်းရံနေ၏။

သူကိုယ်တိုင်တောင် ဒီမြူခိုးတွေ၏ လျှို့ဝှက်ချက်ကို အချိန်တိုအတွင်း ဖြေရှင်းဖို့ ခက်ခဲနေမယ် ဆိုရင်... တခြားသူတွေ ဆိုလျှင် ပြောနေစရာတောင် မလိုတော့ပေ။

“ဝိညာဉ်မူလ ကမ္ဘာ ကို ဖန်တီးပြီး၊ ရှေးဟောင်း နေရာရွှေ့ပြောင်းခြင်း တံခါးပေါက် ကို ချန်ထားခဲ့တာ ဘယ်သူလဲ...”

ယဲ့ဖုန်း အရမ်း သိချင်နေမိသည်။

အကြီးအကဲဝမ် လည်း မေးခွန်းတွေနှင့် ပြည့်နှက်နေ၏။

သူတို့နှစ်ယောက်သည် ပထမအဆင့် စစ်မြေပြင်ကို တစ်နာရီခန့် လှည့်လည်ကြည့်ရှုပြီး၊ စစ်မြေပြင်၏ အသေးစိတ် မြေပုံတစ်ခုကို ရေးဆွဲလိုက်ကြသည်။ ထို့နောက် နေရာရွှေ့ပြောင်းခြင်း တံခါးပေါက်မှတဆင့် ယဇ်ပလ္လင်သို့ ပြန်လာခဲ့ကြ၏။

“ဂိုဏ်းချုပ်... တခြား စစ်မြေပြင်တွေက တံဆိပ်တွေကိုရော ချိုးဖျက်လို့ ရမလား...”

အကြီးအကဲဝမ် သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ငါ စမ်းကြည့်မယ်...”

ယဲ့ဖုန်းသည် မုခ်ဦးပေါ်ရှိ ရှေးဟောင်း ဝင်္ကပါ မျဉ်းကြောင်းများကို ကြည့်ကာ ဆက်လက် တွက်ချက်နေသည်။

တစ်နာရီ ကြာပြီးနောက်...

ယဲ့ဖုန်းသည် အလင်းအလွှာကို ဖွဖွလေး ထိလိုက်ရာ၊ မျက်နှာပြင်ပေါ်ရှိ မြင်ကွင်းများ ရုတ်တရက် ပြောင်းလဲသွားပြီး၊ တောင်တန်း ရေကန်များဖြင့် လှပသော နေရာတစ်ခုကို ဖော်ပြပေးလိုက်သည်။

ဒါက ဒုတိယအဆင့် စစ်မြေပြင်ပင်။

အကြီးအကဲဝမ် နှင့် ယဲ့ဖုန်း အထဲသို့ ဝင်သွားကြ၏။

ထို့နောက် ဤစစ်မြေပြင်သည် သက်ရှိကြယ် မဟုတ်ဘဲ၊ အသေးစား ဝိညာဉ်သွေးကြော အနည်းငယ် ပါရှိသော ကြီးမားသည့် ဂူကောင်းကင် ကမ္ဘာ တစ်ခု ဖြစ်ကြောင်း သူတို့ သိလိုက်ရသည်။

ထိုအထဲမှာ အသန်မာဆုံး သက်ရှိက သဏ္ဍာန်ပြောင်း နတ်ဆိုး ဗိုလ်ချုပ် အဆင့် ကို ရောက်နေ၏။

“ဒုတိယအဆင့် စစ်မြေပြင်က မိုင် (၅၀၀) လောက် ကျယ်တယ်... မိစ္ဆာသားရဲတွေ အများကြီး ရှိသလို၊ မြေအောက်ထဲမှာ ချိတ်ပိတ်ထားတဲ့ ထူးဆန်းတဲ့ မျိုးနွယ်စု တချို့လည်း ရှိနေတယ်... ကျင့်ကြံသူတွေ လာရောက်ဖို့ စောင့်နေကြတာပဲ...”

ယဲ့ဖုန်းသည် ဒုတိယအဆင့် စစ်မြေပြင်ကို လေ့လာပြီး သတင်းအချက်အလက် စုဆောင်းလိုက်သည်။

“ဒီစစ်မြေပြင်က သာမန် တပည့်တွေအတွက် သင့်တော်နေတုန်းပဲ...”

ဟု အကြီးအကဲဝမ်က ပြောလိုက်၏။

“မှန်တယ်...”

ယဲ့ဖုန်း ခေါင်းငြိမ့်လိုက်သည်။

သူနှင့် အကြီးအကဲဝမ် တို့သည် ဒုတိယအဆင့် စစ်မြေပြင်မှ ထွက်လာပြီး၊ တတိယ တံဆိပ်ကို ချိုးဖျက်ရန် ဆက်လက် တွက်ချက်လိုက်ကြ၏။

တတိယအဆင့် စစ်မြေပြင်။

ဒီနေရာကလည်း ကြီးမားသည့် ဂူကောင်းကင် ကမ္ဘာပင်။

အထဲမှာ အသေးစား ဝိညာဉ်သွေးကြောတွေ ရှိပြီး၊ နတ်ဆိုး ဗိုလ်ချုပ် အဆင့် သတ္တဝါတွေ ရှိ၏။ အသန်မာဆုံး တစ်ကောင်က အဆင့်မြင့် နတ်ဆိုး ဗိုလ်ချုပ် အထိ ရောက်နေသည်။

“ဒီနေရာကတော့ အတွင်းစည်း တပည့်တွေ လေ့ကျင့်ဖို့ သင့်တော်တယ်...”

ယဲ့ဖုန်းက ပြောရင်း ပြုံးလိုက်၏။

တံခါးပေါက်ပေါ်က တံဆိပ်တွေကို သူ ဆက်မချိုးဖျက်တော့ပေ။

အကြောင်းကတော့ ဝိညာဉ်မြွေ ပျံသန်းလှေ က မြူခိုးဂိုဏ်း အထက် ကောင်းကင်ယံကို ရောက်နေ၍ပင်။

ယဲ့ဖုန်းသည် နေရာရွှေ့ပြောင်းခြင်း တံခါးပေါက်ကို ပိတ်လိုက်ပြီး၊ အကြီးအကဲဝမ် နှင့်အတူ ဝိညာဉ်မြွေ ပျံသန်းလှေ ပေါ်သို့ ပြန်လာခဲ့သည်။ ထို့နောက် အောက်ဘက်ရှိ မြောက်ပိုင်း မဟာမိတ် နတ်ဘုရားတောင်ထိပ် (၇) ခု၊ မြူခိုးတောင်ထိပ်၊ ဖေးလိုင်တောင်ထိပ်၊ ဝိညာဉ်သားရဲ တောင်ထိပ်၊ ကျင့်ကြံရေး တောင်ထိပ်၊ ဝိညာဉ်ရေကန် နှင့် အခြား နေရာများကို လက်ညှိုးထိုးပြလိုက်၏။

“အကြီးအကဲဝမ်... ဒါက မြူခိုးဂိုဏ်းပဲ...”

သူ့စကားဆုံးသည်နှင့် အကြီးအကဲဝမ် ချက်ချင်း အောက်ကို ငုံ့ကြည့်လိုက်သည်။

သူ ကောင်းကင်မျက်လုံး မဖွင့်ထားသော်လည်း၊ မြူခိုးဂိုဏ်းဆီမှ လာသော ကြွယ်ဝသည့် ဝိညာဉ်စွမ်းအင်များနှင့် အလွန် သက်တောင့်သက်သာ ရှိသော ခံစားမှုကို ခံစားမိနေ၏။

“မြူခိုးဂိုဏ်းက လျှို့ဝှက်ဆန်းကြယ်တဲ့ ကံတရားတွေ လွှမ်းခြုံထားသလိုပဲ... သာမန် မဟုတ်တဲ့ နေရာတစ်ခုပဲ..”

အကြီးအကဲဝမ် ရင်ထဲတွင် တုန်လှုပ်သွားရသည်။

ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူ၏ အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ရာ၊ (၁၀) မီတာ အချင်းရှိသော နေတုလေးသည် မြေပြင်အထက် တစ်ကီလိုမီတာ အကွာတွင် တွဲလွဲ ခိုနေသည်။

နူးညံ့သော အလင်းရောင်များ ကျဆင်းလာ၏။

မြေပြင်ပေါ်တွင် ရွှေရောင် အလင်းဖျော့ဖျော့ အလွှာ တစ်ခု ဖုံးအုပ်ထားသကဲ့သို့ ဖြစ်သွားသည်။

နန်ဝမ် ပြည်နယ် (၁၃) ခု သို့ မလိုက်သွားသော တပည့်များသည်၊ တစ်ခါမှ မမြင်ဖူးသော အကြီးအကဲဝမ် နှင့် ကောင်းကင်တွင် တွဲလွဲ ခိုနေသော နေတုလေးကို မော့ကြည့်ပြီး၊ မျက်နှာများတွင် အံ့သြမှုများ ပြည့်နှက်သွားကြစ။

သူတို့ အရမ်း သိချင်နေကြသည်။

ဒီလူက ဘယ်သူလဲ...။

ဘာလို့ ကောင်းကင်ပေါ်မှာ နေ တစ်စင်း သွားချိတ်ထားတာလဲ...။

ထိုအချိန်၌ ယဲ့ဖုန်းက အသိပေးလိုက်၏။

“ဒီတစ်ခေါက် နန်ဝမ် ပြည်နယ် (၁၃) ခု ခရီးစဉ်မှာ... ငါတို့ မြူခိုးဂိုဏ်း အတွက် မူလနတ်ဘုရားအဆင့် ကျင့်ကြံခြင်း ရှိတဲ့ အတွင်းစည်း အကြီးအကဲ သစ် တစ်ယောက် ဖြစ်တဲ့ ဝမ်လင်း ကို ခေါ်လာနိုင်ခဲ့တယ်... သူ့ကို ကြိုဆိုလိုက်ကြပါဦး..”

ထိုအသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် တစ်နေရာလုံး အံ့အားသင့်မှုများ ပြည့်နှက်သွားတော့သည်။

လူအုပ်ကြီးထဲတွင်...

ဝမ်ရွှမ်ဖင်း သည် ဝမ်လင်း ၏ အနည်းငယ် ရင်းနှီးနေသော မျက်နှာကို စိုက်ကြည့်လိုက်ပြီး၊ သူ၏ ခမ်းနားထည်ဝါသော အရှိန်အဝါကို ခံစားမိကာ မျက်လုံးအိမ်များ အနည်းငယ် ကျဉ်းမြောင်းသွား၏။

အခန်း (၅၂၅) - အနားယူရာ နေရာ ဖန်တီးခြင်း၊ ကြောက်မက်ဖွယ် ကောင်းသော နောက်ဆုံးသုံးဆင့် စစ်မြေပြင်

~'ဒီလူ့မျက်နှာက ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ...'

ဝမ်ရွှမ်ဖင်းသည် ရင်တွင်း၌ တိတ်တဆိတ် တွေးလိုက်မိသည်။

သူမသည် ဝမ်လင်း၏ ပုံတူပန်းချီကား တစ်ချပ်ကို တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ခံစားနေရပြီး၊ ထိုလူသည် မူလနတ်ဘုရားအဆင့် မဟာတန်ခိုးရှင် တစ်ပါး ဖြစ်ကြောင်း မှတ်မိနေသည်။

'မဟုတ်သေးပါဘူး... ပန်းချီကားထဲက လူက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းလောက်က အသက်ရှင်ခဲ့တာလေ... သူ့ရဲ့ မူလနတ်ဘုရားအဆင့် ကျင့်ကြံခြင်းနဲ့ဆိုရင် အခုအချိန်အထိ အသက်ရှင်နေဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး... ကြည့်ရတာ သူတို့နှစ်ယောက်က ရုပ်ချင်း ဆင်နေရုံ သက်သက် နေမှာပါ...'

ထိုသို့ တွေးလိုက်ပြီးနောက် ဝမ်ရွှမ်ဖင်းသည် တိတ်တဆိတ် ခေါင်းခါလိုက်၏။

သို့သော် ဝမ်လင်းသည် မည်သူပင် ဖြစ်နေပါစေ၊ မြူခိုးဂိုဏ်းထဲသို့ မူလနတ်ဘုရားအဆင့် မဟာတန်ခိုးရှင် အသစ်တစ်ဦး ရောက်ရှိလာခြင်းမှာ ဝိညာဉ်ဝါးမြို မျိုးနွယ်စု အတွက်မူ သတင်းကောင်း မဟုတ်ပေ။

သူမသည် ခေါင်းငုံ့လိုက်ပြီး မျက်မှောင်အနည်းငယ် ကြုတ်သွားတော့သည်။

ထိုအခိုက်အတန့်၌ ကောင်းကင်ယံ အမြင့်တွင်...

ယဲ့ဖုန်းသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ကျယ်လောင်စွာ ကြိမ်းမောင်းလိုက်သည်။

“မင်းတို့တွေ အတွင်းစည်း အကြီးအကဲ ဝမ်လင်း ကို ဂါရဝ မပြုကြသေးဘူးလား...”

တပည့်များသည် တစ်ယောက်ပြီးတစ်ယောက် ဦးညွှတ်လိုက်ကြ၏။

“အကြီးအကဲ ဝမ်လင်း ကို ဂါရဝပြုပါတယ် ခင်ဗျာ...”

“အားလုံးပဲ မင်္ဂလာပါ...”

ဝမ်လင်းက လူတိုင်းကို ခေါင်းငြိမ့်ပြလိုက်သည်။

“အကြီးအကဲ... ဒီ နေလုံးလေးကို ဘာလို့ ကောင်းကင်ပေါ်မှာ ချိတ်ဆွဲထားတာလဲဟင်... တစ်ခုခု အထူးရည်ရွယ်ချက် ရှိလို့လား...”

ရဲတင်းသော တပည့်တစ်ဦးက သိချင်စိတ်ဖြင့် နေရာမှာတင် ထုတ်ဖော် မေးမြန်းလိုက်သည်။

ဝမ်လင်းသည် ယဲ့ဖုန်း ဘက်သို့ အကဲခတ်ကြည့်လိုက်၏။

ဝိညာဉ်မူလ ကမ္ဘာ အကြောင်းကို ထုတ်ဖော်ပြောပြရန် ပြဿနာ မရှိသော်လည်း၊ ရှေးဟောင်း နေရာရွှေ့ပြောင်းခြင်း တံခါးပေါက် အကြောင်းကိုမူ ယဲ့ဖုန်းနှင့် အရင် တိုင်ပင်ခြင်းက ပို၍ သင့်တော်မည်ဟု သူ ခံစားလိုက်ရသည်။

ယဲ့ဖုန်းသည် ဝမ်လင်း၏ စိုးရိမ်မှုကို နားလည်ပါ၏။

သူက ဂိုဏ်းတစ်ခုလုံးကို ဦးဆောင်ပြီး ရှင်းပြလိုက်သည်။

“အပေါ်ယံ ကြည့်ရင်တော့ ဒါက နေလုံးလေး တစ်လုံးနဲ့ တူတယ်... တကယ်တမ်းလည်း ဒါက နေလုံးလေး တစ်လုံးပါပဲ...”

မြူခိုးဂိုဏ်းထဲတွင် သူလျှိုများ ရှိနေသည်။

ထို့ကြောင့် သေချာပေါက် ယဲ့ဖုန်း အနေဖြင့် ဝမ်ရွှမ်ဖင်းကို အများကြီး သိခွင့်ပေး၍ မဖြစ်ချေ။

“ဟင်...”

ဝမ်လင်း နှင့် ကုန်းချင်းချိုး တို့ကဲ့သို့သော အတွင်းသိ အကြီးအကဲများက ယဲ့ဖုန်းကို အံ့အားသင့်စွာ ကြည့်လိုက်ကြ၏။ ယဲ့ဖုန်း ဘာကြောင့် ဤသို့ ပြောရသည်ကို သူတို့ နားမလည်ကြပေ။

သို့သော် ယဲ့ဖုန်း ဤသို့ လုပ်ရသည့် အကြောင်းရင်း တစ်ခုခု ရှိမည် ဆိုသည်ကို သဘောပေါက်သောကြောင့်၊ သူတို့ အားလုံး ဘာသဘောထား ကွဲလွဲမှုမျှ မပြဘဲ ယဲ့ဖုန်း၏ ဇာတ်လမ်းထဲတွင် ဝင်ရောက် သရုပ်ဆောင်ပေးလိုက်ကြသည်။

“ဪ... အလှဆင်ထားတာ သက်သက်ပါလား...”

တပည့်များ တီးတိုး ပြောဆိုလိုက်ကြ၏။

ဝမ်ရွှမ်ဖင်းလည်း သိပ်ပြီး အများကြီး မတွေးတော့ပေ။ မကြာမီ လူအားလုံး လူစုခွဲသွားကြလေတော့သည်။

မြူခိုးတောင်ထိပ်တွင်...

ယဲ့ဖုန်း၊ ဝမ်လင်း၊ ကုန်းချင်းချိုး နှင့် အခြား အကြီးအကဲများ အတူတကွ ထိုင်နေကြ၏။

“ဂိုဏ်းချုပ်... ဝိညာဉ်မူလ ကမ္ဘာ အကြောင်းကို ဘာလို့ မကြေညာတာလဲ... အထူးသဖြင့် အထဲက စစ်မြေပြင်တွေ ဆိုရင် တပည့်တွေအတွက် လုံလောက်တဲ့ ပြင်းထန်တဲ့ လေ့ကျင့်ရေး အတွေ့အကြုံတွေ အများကြီး ပေးနိုင်တယ်လေ...”

ဝမ်လင်းက သူ၏ အမြင်ကို ပြောပြသည်။

“မလောပါနဲ့... အရင်ဆုံး တပည့်တချို့ကိုပဲ အထဲမှာ ဝင်ပြီး လေ့ကျင့်ခိုင်းလိုက်မယ်... အချိန်တန်ရင်တော့ ဂိုဏ်းတစ်ခုလုံးကို ကြေညာပေးမှာပါ...”

ယဲ့ဖုန်းက ပြန်လည် ဖြေကြားလိုက်၏။

သူသည် ဝမ်ရွှမ်ဖင်းကို ဖမ်းဆီးရန် အခွင့်အရေး ရှာဖွေနေခြင်း ဖြစ်၏။ ဝိညာဉ်ဝါးမြို မျိုးနွယ်စု ၏ ရည်ရွယ်ချက်များနှင့် စီစဉ်ထားသည်များကို ဖော်ထုတ်ပြီးမှသာ ဝိညာဉ်မူလ ကမ္ဘာ အကြောင်းကို ဂိုဏ်းတစ်ခုလုံးထံ ကြေညာရန် စီစဉ်ထားသည်။

ထိုစကားကို ကြားလိုက်ရသောအခါ အခြားသူများ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

ယဲ့ဖုန်း ဘာကြောင့် ဤသို့ ဆုံးဖြတ်ခဲ့သည်ကို သူတို့ နားမလည်ကြသော်လည်း၊ ၎င်းမှာ ဂိုဏ်းချုပ်၏ ဆန္ဒဖြစ်နေသောကြောင့် မည်သူမျှ မကန့်ကွက်ကြချေ။

“ကောင်းပြီ... ဒီနေ့ ဂိုဏ်းအစည်းအဝေးကို ဒီမှာပဲ ရပ်လိုက်ကြစို့... အကြီးအကဲဝမ်... ဒီနေ့ကစပြီး ခင်ဗျားက မြောက်ပိုင်း မဟာမိတ် နတ်ဘုရားတောင်ထိပ် (၇) ခု မှာ နေရမယ်... လေထဲမှာ ဝဲနေတဲ့ တောင်ထိပ်တွေထဲက ကြိုက်တာ တစ်ခုကို ရွေးလိုက်ပါ...”

ယဲ့ဖုန်းက တွဲလွဲ ခိုနေသော တောင်ထိပ် (၇) ခုကို လက်ညှိုးထိုးပြလိုက်သည်။

“ကောင်းပါပြီ...”

ဝမ်လင်း ခေါင်းငြိမ့်လိုက်၏။

သူ ကောင်းကင်သို့ ပျံတက်သွားပြီး အရှေ့ဘက်နှင့် နီးသော တောင်ထိပ် တစ်ခုကို ရွေးချယ်လိုက်သည်။ တောင်ထိပ်ပေါ်တွင် အေးချမ်းသော အိမ်တော် တစ်ခုကို တည်ဆောက်လိုက်လေ၏။

ထိုအချိန်မှစ၍ ထိုနေရာသည် သူ၏ နေအိမ် ဖြစ်လာတော့သည်။

ညဉ့်နက်သန်းခေါင် အချိန်တွင်...

ယဲ့ဖုန်း၊ ဟူဖေးဖေး၊ ဝမ်လင်း၊ ကုန်းချင်းချိုး၊ လီဇီလုံ နှင့် ချူယွင်အာ တို့ (၆) ယောက်သည် ဝိညာဉ်မူလ ကမ္ဘာ ထဲသို့ ဝင်ရောက်လာကြပြီး၊ ကျောက်ခန်းမ တစ်ခု၏ ရှေ့သို့ ရောက်ရှိလာကြ၏။

“ဒီနေရာက ငါ မင်းတို့ကို ပြောခဲ့တဲ့ ရှေးဟောင်း နေရာရွှေ့ပြောင်းခြင်း တံခါးပေါက် ပဲ...”

ယဲ့ဖုန်းသည် အမြင့် (၈) မီတာခန့် ရှိသော မုခ်ဦးကြီးကို လက်ညှိုးထိုးပြပြီး၊ ဘေးနားရှိ လူများကို မိတ်ဆက်ပေးလိုက်သည်။

သူသည် ဝမ်လင်းနှင့်အတူ တွေ့ကြုံခဲ့ရသမျှကို သူတို့အား ပြန်လည် ပြောပြ၏။

ထိုအထဲတွင် ဖွင့်လှစ်ပြီးသား ဖြစ်သော ပထမအဆင့်၊ ဒုတိယအဆင့် နှင့် တတိယအဆင့် စစ်မြေပြင်များ အကြောင်းနှင့်၊ အထဲတွင် သူ မြင်တွေ့ခဲ့ရသော အရာများ ပါဝင်သည်။

“ဒါက တကယ်ပဲ ထိပ်တန်း အရည်အသွေး ဝိညာဉ်ရတနာ ကြီးပါလား...”

“ဂိုဏ်းချုပ်က လျှို့ဝှက်နယ်မြေ သတင်းကို အလောတကြီး မကြေညာတာ မဆန်းပါဘူး... လုံခြုံရေး အကြောင်းပြချက်ကြောင့် ဖြစ်ရမယ်... ဟုတ်တယ်မလား...”

“ဘာပဲပြောပြော... ဒါက ထိပ်တန်း အရည်အသွေး ဝိညာဉ်ရတနာ ပဲလေ... ဟင်းလင်းပြင် ဖြိုခွဲ အဆင့် အထွတ်အထိပ်ကို ရောက်နေတဲ့ ဧကရာဇ်တွေတောင် မက်မောကြတဲ့ ပစ္စည်းမျိုး...”

“ဟုတ်တယ်... အရင်တုန်းက ငါတို့ အရမ်း စိတ်လောသွားတာ...”

လီဇီလုံ၊ ကုန်းချင်းချိုး နှင့် ချူယွင်အာ တို့ တစ်လှည့်စီ ပြောဆိုကြပြီး၊ ယဲ့ဖုန်း၏ ရည်ရွယ်ချက်ကို နားလည်သွားကြ၏။

ထိုစကားများကို ကြားလိုက်ရသောအခါ ယဲ့ဖုန်း၏ နှုတ်ခမ်းများ တွန့်ချိုးသွားရသည်။

သူ ပြောချင်သည်မှာ... 'ငါ့ရဲ့ မူလရည်ရွယ်ချက်က ဝိညာဉ်ဝါးမြို မျိုးနွယ်စု က သူလျှို ဝမ်ရွှမ်ဖင်း ကို သတိထားဖို့ပဲ...' ဆိုသောအချက် ဖြစ်သည်။

သေချာ စဉ်းစားပြီးနောက် ယဲ့ဖုန်း ပြောလိုက်၏။

“ဒီနေ့ကစပြီး... ငါတို့ အရင်ဆုံး တပည့်ဟောင်း တချို့ကို ရွေးချယ်ပြီး လျှို့ဝှက်နယ်မြေ ထဲမှာ လေ့ကျင့်ခိုင်းမယ်... ပြီးတော့ လောလောဆယ် လျှို့ဝှက်နယ်မြေ ကိစ္စကို လျှို့ဝှက်ထားကြ...”

“ဟုတ်ကဲ့ပါ...”

အားလုံးက သဘောတူ ခေါင်းငြိမ့်လိုက်ကြ၏။

“သွား... လျှို့ဝှက်နယ်မြေ ထဲ သွားကြည့်ကြ...”

ယဲ့ဖုန်း ပြောလိုက်ပြီး၊ နေရာရွှေ့ပြောင်းခြင်း တံခါးပေါက် ရှေ့တွင် တင်ပျဉ်ခွေ ထိုင်ကာ၊ မုခ်ဦးပေါ်ရှိ တံဆိပ်ကို ဆက်လက် ဖြေရှင်းနေသည်။

ဟူဖေးဖေး မှလွဲ၍ ကျန်လူများသည် ပထမအဆင့် စစ်မြေပြင် ထဲသို့ အတူတကွ ဝင်ရောက်သွားကြ၏။

သက်ရှိကြယ် ၏ အထက်တွင်...

သူတို့သည် ကောင်းကင်ယံတွင် တွဲလွဲ ခိုနေကြပြီး၊ အချင်း မိုင်ပေါင်း သုံးသောင်း ရှိကာ အနီရောင်နှင့် အနက်ရောင် လွှမ်းမိုးနေသော သက်ရှိ ဂြိုဟ်ကြီးကို ငုံ့ကြည့်နေကြ၏။ သက်ရှိများ၏ သေးငယ်မှုနှင့် သဘာဝတရား၏ ကြီးမားကျယ်ပြန့်မှုကို ပထမဆုံးအကြိမ် ခံစားလိုက်ကြရသည်။

“ဒါက ရှေးဟောင်း စာပေတွေထဲမှာ ပြောထားတဲ့ ကြယ်တစ်လုံးပါလား...”

“ရှန်ကျိုး တိုက်ကြီး ရဲ့ တားမြစ်ချက်တွေက အရမ်း အားကောင်းတယ်လို့ ကြားဖူးတယ်... ရှေးဟောင်း သူတော်စင် စွမ်းအား ရှိတဲ့သူတွေပဲ ကုန်းမြေကို စွန့်ခွာပြီး ကြယ်တာရာ ဟင်းလင်းပြင် ထဲကို ဝင်ရောက်နိုင်တာတဲ့...”

“အဲဒီလိုတော့လည်း မဟုတ်ပါဘူး...”

“လေဟာနယ် ထဲမှာ အားနည်းတဲ့ နေရာတွေ ရှိတယ်လို့ ကြားဖူးတယ်... အဲဒါတွေကိုသာ ရှာတွေ့နိုင်ရင်၊ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ရှိတဲ့သူတွေတောင် ရှန်ကျိုး တိုက်ကြီး ကနေ ထွက်ခွာနိုင်တယ်တဲ့...”

“ဪ... အဲဒီလိုကိုး...”

“တကယ်တမ်းကျတော့ လေဟာနယ် အက်ကွဲကြောင်းကိုသာ ဖောက်ထွက်နိုင်ရင် ကြယ်တာရာ ဟင်းလင်းပြင် ထဲ ဝင်လို့ရပြီ... ရှေးဟောင်း သူတော်စင် ဒါမှမဟုတ် ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ကျင့်ကြံခြင်း ရှိဖို့ မလိုပါဘူး...”

လူတစ်စု အချင်းချင်း စတင် ဆွေးနွေးလိုက်ကြ၏။

“တပည့်တွေ ပထမအဆင့် စစ်မြေပြင်ထဲ ဝင်လာတဲ့အခါ၊ မိစ္ဆာသားရဲတွေရဲ့ အမြင်အာရုံထဲ တန်းမရောက်သွားအောင်... နေရာရွှေ့ပြောင်းခြင်း အလင်းအလွှာ ရှေ့မှာ အနားယူရာ ခန်းမ တစ်ခု ဆောက်ထားရင် မကောင်းဘူးလား...”

ကုန်းချင်းချိုးက မြေပြင်ကို လက်ညှိုးထိုးပြပြီး အကြံပြုလိုက်သည်။

မြေပြင်အထက် တစ်မီတာခန့် အကွာရှိ ညီညာသော ကျောက်တုံး စင်မြင့်ပေါ်တွင်၊ အချင်း (၁၀) မီတာခန့် ရှိသော အပြာရောင် ဝဲကတော့ တစ်ခု တွဲလွဲ ခိုနေသည်။ ၎င်းသည် ပထမအဆင့် စစ်မြေပြင်တွင် တပ်ဆင်ထားသော အသွားအပြန် လမ်းကြောင်း ဖြစ်၏။

“ဖြစ်နိုင်တယ်...”

အကြီးအကဲများသည် ကိုယ်တိုင် ကိုယ်ကျ အလုပ်စလုပ်ကြသည်။ ကျိုးပဲ့နေသော ကျောက်တုံးများကို အသုံးပြု၍ အမြင့် မီတာ (၃၀)၊ အလျားနှင့် အနံ မီတာ (၅၀) ခန့် ရှိသော ကျောက်ခန်းမ တစ်ခုကို ဖန်တီးတည်ဆောက်လိုက်ကြ၏။

ခန်းမ အနီးတွင် အလျားနှင့် အနံ မီတာ (၁၀၀၀)၊ အထူ (၅) မီတာ နှင့် အမြင့် မီတာ (၂၀) ရှိသော ကျောက်တံတိုင်း တစ်ခုကိုလည်း တည်ဆောက်လိုက်ပြီး၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာတွင် ကြီးမားသော တံခါးကြီး လေးပေါက် ဖောက်လုပ်ထားသည်။

“သွားကြစို့... ဒုတိယအဆင့် နဲ့ တတိယအဆင့် စစ်မြေပြင်တွေကို သွားပြီး ဒီလို ခံစစ်နေရာတွေ တည်ဆောက်ကြမယ်... တပည့်တွေအတွက် လမ်းခင်းပေးရမယ်လေ...”

“အင်း...”

အကြီးအကဲများသည် ဟန်ချက်ညီညီ လှုပ်ရှားလိုက်ကြ၏။

အားလုံး ပူးပေါင်း ဆောင်ရွက်လိုက်ရာ၊ တစ်ရက် အတွင်းမှာပင် ပထမ၊ ဒုတိယ နှင့် တတိယအဆင့် စစ်မြေပြင်များတွင် အနားယူရာ နေရာများကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ကြသည်။ ထိုနေရာများ အားလုံးကို ရှေးဟောင်း သင်္ကေတများနှင့် ဝင်္ကပါ မျဉ်းကြောင်းများဖြင့် ကာကွယ်ထားသဖြင့် အလွန် လုံခြုံစိတ်ချရ၏။

ဧရာမ ယဇ်ပလ္လင်ကြီး ပေါ်တွင်...

ယဲ့ဖုန်း အသက်ပြင်းပြင်း ရှူလိုက်ပြီး ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်သည်။

“နောက်ဆုံးတော့ ပြီးသွားပြီ...”

သူ တီးတိုး ရေရွတ်လိုက်ပြီး အနည်းငယ် နှမြောတသ ဖြစ်သွား၏။

စတုတ္ထ၊ ပဉ္စမ နှင့် ဆဋ္ဌမအဆင့် လျှို့ဝှက်နယ်မြေများ၏ တံဆိပ်များသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး၊ အလွန် နက်နဲသော တံဆိပ်ကြီး တစ်ခုအဖြစ် ဖွဲ့စည်းထားသည်။ ယဲ့ဖုန်း၏ လက်ရှိ ဉာဏ်အလင်းပွင့်မှုဖြင့်ပင်၊ ၎င်းတို့ကို အားလုံး ဖြေရှင်းနိုင်ရန် တစ်ရက်လုံး အချိန်ယူခဲ့ရ၏။

ယခုအခါ နောက်ဆုံး သုံးဆင့် စစ်မြေပြင်သာ ကျန်ရှိတော့သည်။

သို့သော် ယဲ့ဖုန်း ဆက်လက် မဖြေရှင်းတော့ပေ။

သတ္တမ၊ အဋ္ဌမ နှင့် နဝမအဆင့် စစ်မြေပြင်များ၏ တံဆိပ်များသည် အလွန် ရှုပ်ထွေးလွန်းလှ၏။ ယဲ့ဖုန်း၏ လက်ရှိ နားလည်နိုင်စွမ်းဖြင့် ဆိုလျှင်၊ တစ်လလုံး အချိန်ယူလျှင်ပင် ဆယ်ပုံတစ်ပုံခန့်သာ ဖြေရှင်းနိုင်ပေလိမ့်မည်။

ပို၍ အရေးကြီးသည်မှာ... ထိုနောက်ဆုံး သုံးဆင့် စစ်မြေပြင်များ၏ တံဆိပ်များကို ချိုးဖျက်ရန် ကြိုးစားလိုက်တိုင်း၊ သူ၏ ရင်ထဲတွင် တဒိတ်ဒိတ် ခုန်လာသော ခံစားချက်ကို ရရှိနေခြင်း ဖြစ်သည်။

၎င်းမှာ ဂိုဏ်း၏ အကျပ်အတည်း သတိပေးချက် ပင် ဖြစ်၏။

နောက်ဆုံး လျှို့ဝှက်နယ်မြေ သုံးခုကို လောလောဆယ် ဖွင့်၍ မရသေးကြောင်း သူ သဘောပေါက်သွားသည်။

“ဂိုဏ်းချုပ်... ကျွန်တော်တို့ ပထမ သုံးဆင့် စစ်မြေပြင် အတွက် အနားယူရာ နေရာတွေ ဆောက်ပြီးသွားပြီ... တပည့်တွေ အချိန်မရွေး ဝင်ပြီး လေ့ကျင့်လို့ ရပြီ...”

ဝမ်လင်း နှင့် အခြားသူများသည် နေရာရွှေ့ပြောင်းခြင်း တံခါးပေါက် ရှေ့သို့ အချိန်ကိုက် ပြန်ရောက်လာကြ၏။

ယဲ့ဖုန်း ကျေနပ်စွာ ပြုံးလိုက်ပြီး၊ တံခါးပေါက်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

“စောစောက ငါ စတုတ္ထ၊ ပဉ္စမ နဲ့ ဆဋ္ဌမအဆင့် စစ်မြေပြင်တွေကို ဖွင့်လိုက်တယ်... လာ... အထဲဝင်ပြီး သွားကြည့်ကြရအောင်...”

“ဒီလောက် မြန်မြန်ကြီးလား...”

လူတစ်စု၏ ရင်ထဲတွင် တုန်လှုပ်သွားကြ၏။

နေရာရွှေ့ပြောင်းခြင်း တံခါးပေါက်ပေါ်ရှိ တံဆိပ်များသည် အလွန် နက်နဲလှသည်။

ဤအရာကို သူတို့ အရင်က ကိုယ်တိုင် ကြုံတွေ့ခဲ့ရပြီး ဖြစ်၏။

သို့သော် ဂိုဏ်းချုပ်က တစ်ရက်တည်းနှင့် စစ်မြေပြင် သုံးခု၏ တံဆိပ်များကို ချိုးဖျက်နိုင်ခဲ့သည် ဆိုသောအချက်မှာ... တကယ့်ကို ကြောက်စရာ ကောင်းလွန်းလှသည်။

“ဖောက်...”

ယဲ့ဖုန်း လက်ချောင်းကို ဖြန်းခနဲ ခတ်လိုက်ရာ၊ အလင်းအလွှာ တုန်ခါသွား၏။ မျက်နှာပြင်ပေါ်ရှိ မြင်ကွင်းများ ရိပ်ခနဲ ဖြစ်သွားကာ၊ မြူခိုးများ ဖုံးလွှမ်းနေသော နေရာတစ်ခုကို ဖော်ပြပေးလိုက်သည်။

ထိုနေရာသည် စတုတ္ထအဆင့် စစ်မြေပြင် ပင် ဖြစ်၏။

အထဲသို့ ဝင်လိုက်သည်နှင့် ပြင်းထန်သော ဆွဲအား တစ်ခုကို ချက်ချင်း ခံစားလိုက်ရသည်။ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်သော ကုန်းချင်းချိုး နှင့် ချူယွင်အာ တို့ပင် လမ်းလျှောက်ရသည်မှာ အနည်းငယ် ခက်ခဲနေကြ၏။

“စတုတ္ထအဆင့် လျှို့ဝှက်နယ်မြေ ထဲမှာ အသန်မာဆုံး သားရဲတွေက နတ်ဆိုး ဗိုလ်ချုပ် အထွတ်အထိပ် အထိ ရောက်နေတယ်... သူတို့ရဲ့ ခွန်အားက သိပ်မကြီးပေမဲ့၊ ဒီနေရာက ဆွဲအားက ရှန်ကျိုး တိုက်ကြီး ထက် (၁၀) ဆ ပိုများနေတော့၊ အခက်အခဲကို အများကြီး တိုးသွားစေတယ်...”

ယဲ့ဖုန်း ပြောလိုက်သည်။

ဝိညာဉ်ပင်လယ်အဆင့် ကျင့်ကြံခြင်း မရှိလျှင်၊ ဤနေရာသည် အလွန် အန္တရာယ်များပေလိမ့်မည်။

“စတုတ္ထအဆင့် လျှို့ဝှက်နယ်မြေ ရဲ့ အခက်အခဲက ဒီလောက်တောင် မြင့်နေမှတော့... ပဉ္စမ နဲ့ ဆဋ္ဌမအဆင့်တွေဆို ပိုပြီး ကြောက်စရာ ကောင်းမနေဘူးလား...”

ရောက်ရှိနေသော အကြီးအကဲများ မျက်မှောင်အနည်းငယ် ကြုတ်သွားကြ၏။

ကြည့်ရသည်မှာ... အနည်းဆုံးတော့ အချိန်အတိုင်းအတာ တစ်ခုအထိ၊ တပည့်များ စတုတ္ထအဆင့် လျှို့ဝှက်နယ်မြေ ထဲ ဝင်ရန် ဆိုသည်မှာ မဖြစ်နိုင်သေးဟု ထင်ရသည်။

မဟုတ်လျှင် မိုယင် ကဲ့သို့သော ထိပ်တန်း ပါရမီရှင် တစ်ဦးပင်... ပြင်းထန်သော ထိုးနှက်ချက်များ ခံရပြီး အသက်အန္တရာယ် ရှိနိုင်၏။

All Chapters