အခန်း (၄၀၀-၄၀၂)
Vol. 27 Ch. 400-402
အခန်း (၄၀၀) - လူတစ်ယောက်ကို ကယ်တင်ခြင်း (အပိုင်း ၂)
~“ကျွန်တော်လည်း ဒေါသတွေ ထွက်ပြီး သွေးဆူလာတာနဲ့ ဓားကို ဆွဲထုတ်ပြီး သတ်ဖြတ်တော့တာပဲ...”
“သိုင်းပညာသက်သက် ယှဉ်မယ်ဆိုရင် ကျွန်တော်က ခေါင်းဆောင်ဆုကို မယှဉ်နိုင်ပေမယ့် တွန့်တောက်ဂိုဏ်းက လူတွေထက်တော့ အများကြီး သာပါတယ်ဗျာ...”
“ဒါပေမယ့် အဲဒီလူတွေက ကျွန်တော့်ရဲ့ သိုင်းပညာ အစွမ်းကို မြင်တော့ အနီးကပ် မတိုက်ရဲတော့ဘဲ လျှို့ဝှက်လက်နက်တွေ သုံးပြီး နောက်ကွယ်ကနေ တိုက်ခိုက်ကြတယ်...”
“ရွာထဲက အသက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို ဓားစာခံ လုပ်ကြတယ်လေ...”
“အဲဒီအချိန်မှာ အဖမ်းခံထားရတဲ့ ရွာလူကြီးတွေက သူတို့ကိုယ်သူတို့ ဓားပေါ် အသေခံလိုက်ကြမှပဲ ကျွန်တော်လည်း အားယူပြီး ပြန်တိုက်နိုင်တော့တယ်...”
“ဒါတောင်မှ နှစ်ဖက်စလုံး အသေအပျောက် များခဲ့တာပါပဲ...”
“ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးတဲ့နောက်မှာ သူတို့ထဲက နောက်ဆုံးလူကို ကျွန်တော် သတ်ပစ်လိုက်နိုင်တယ်... အဲဒီနောက်မှာတော့ ကျန်ရစ်တဲ့ ရွာသားတွေနဲ့ ကျွန်တော် တိုင်ပင်ရတော့တာပေါ့...”
“အဲဒီမှာ ဆက်နေရင် သေချာပေါက် သေရတော့မှာလေ... ဒါကြောင့် ဝူရှန်းခန်းမရဲ့ နယ်မြေထဲကနေ ကျွန်တော်နဲ့အတူ ထွက်ပြေးကြဖို့ ဆုံးဖြတ်လိုက်တယ်...”
“သူတို့က ကျွန်တော့်ကို မေးတယ်... ချက်မြှုပ်တဲ့ ဇာတိမြေကို စွန့်ခွာပြီး ဘယ်ကို သွားကြမလဲတဲ့...”
“ကျွန်တော်က ပြောလိုက်တယ်... ရွာသားတွေအဖြစ် ဆက်နေမယ် ဆိုရင်တော့ ကျွန်တော်တို့ဟာ စဉ်းတီတုံးပေါ်က ငါးတွေလိုပဲ ‘အညတရ’ သေဆုံးရမှာပဲလို့...”
“ဒါကြောင့်မို့လို့ တောင်ပေါ်တက်ပြီး ဓားပြလုပ်ကြတာက ပိုကောင်းတယ်... ‘လောကကို အုပ်စိုး’ ပြီး သူတို့ကို ကြောက်လန့်သွားအောင် လုပ်ပစ်မယ်... ဝေဝေဝါးဝါးနဲ့ မတရား သေဆုံးရတာထက်စာရင် ဒါက ပိုကောင်းတယ်လို့ ပြောလိုက်တယ်...”
ထိုညကစပြီး ဟူဆန်းတောက်ဟာ ရွာသားတွေကို ဦးဆောင်ကာ တောပုန်းဓားပြ ဘဝထဲသို့ ‘ကျူးလွန်’ ဝင်ရောက်သွားခဲ့လေတော့သည်။
ရွာသားတွေကြားထဲမှာလည်း တကယ့် ပညာရှင်တွေ ရှိနေခဲ့သည်။ ဟူဆန်းတောက် ကိုယ်တိုင်က စာမတတ်သော်လည်း ထို (၂) နှစ်တာ ကာလအတွင်း ရွာသို့ ဆရာတစ်ဦး ရောက်လာခဲ့ဖူး၏။
သူက နေ့စဉ်ရက်ဆက် ဆရာ့ထံမှ ပညာတောင်းခံရင်း အတော်အတန် သင်ယူတတ်မြောက်ခဲ့သည်။
အခက်အခဲပေါင်းစုံကို ဖြတ်ကျော်ပြီးနောက် သူသည် ဓားပြတိုက်ခြင်းကို အကြိမ်အနည်းငယ် လုပ်ဆောင်ခဲ့သော်လည်း အမြဲတမ်း နောက်ဆုံးအချိန်တွင် လက်တွန့်သွားတတ်၏။
သူသည် ကောင်းကင်နှင့် မြေကြီး၏ မတရားမှုများကို မကျေနပ်သော်လည်း၊ အခြေခံအားဖြင့် သူသည် လူဆိုးတစ်ယောက် မဟုတ်ခဲ့ပေ။
သူ့ထံတွင် ရက်စက်ကြမ်းကြုတ်မှု မရှိသဖြင့် သူ၏ တိုက်ခိုက်မှုများမှာ ပြတ်သားမှု မရှိခဲ့ချေ။
အကြိမ်ပေါင်းများစွာ သူက ပိုပြီး ရက်စက်ဖို့ ‘ယတိပြတ်’ ဆုံးဖြတ်ခဲ့သော်လည်း၊ တကယ်တမ်းကျတော့ သူ မလုပ်ရက်ခဲ့ပေ။
နောက်ဆုံးတွင် သူတို့သည် ဝူရှန်းခန်းမ နယ်မြေမှ ထွက်ခွာလာခဲ့ကြပြီး ဆုမိုနှင့် ပထမဆုံး ဆုံတွေ့ခဲ့သည့် နေရာတွင် တိတ်တဆိတ် စခန်းချခဲ့ကြခြင်း ဖြစ်၏။
သူတို့က တောပုန်းလောကမှာ နာမည်တစ်လုံးနှင့် အသစ်ပြန်လည် စတင်ဖို့ ကြံစည်ခဲ့ကြသော်လည်း ပထမဆုံး အကြိမ်မှာတင် ဆုမိုနှင့် သွားပြီး ဆုံတွေ့ခဲ့ကြသည်လေ။
“အဲဒီတုန်းက ခေါင်းဆောင်ဆုရဲ့ ဂုဏ်သတင်းကို ကျွန်တော် သဘောမကျလို့ စိန်ခေါ်ခဲ့မိတာပါ... ရလဒ်က ဘယ်လိုဖြစ်သွားလဲ ဆိုတာ အားလုံး သိတဲ့အတိုင်းပါပဲ...”
“အဲဒီနောက်မှာ ခေါင်းဆောင်ဆုက ‘လက်စားချေ’ မှာကို ကြောက်လို့ သူတို့ကို ခေါ်ပြီး တုန်းချန်ဘက်ကို တန်းပြီး ထွက်ပြေးခဲ့ကြတာ...”
“ဒီကြမ်းတမ်းတဲ့ လမ်းခရီးမှာ လူတော်တော်များများကို ဆုံးရှုံးခဲ့ရတယ်... ပုန်းအောင်းနေရတဲ့ နေ့ရက်တွေကလည်း ခံစားရ ခက်လွန်းလို့ တချို့ကလည်း ကိုယ့်သဘောနဲ့ကိုယ် ထွက်သွားကြတယ်လေ...”
“နောက်ဆုံးတော့ ထူနျူတောင်ပေါ်မှာ အခြေချဖို့ နေရာတစ်ခု တွေ့ခဲ့တယ်...”
“ဒါပေမယ့် မထင်မှတ်ဘဲ ဒီနေရာက အရမ်းကို လူသူကင်းမဲ့နေတော့... ရက်တော်တော်ကြာအောင် စောင့်နေတာတောင် ဘယ်သူမှ ဖြတ်မသွားကြဘူး...”
“နောက်ဆုံး လမ်းသွားလမ်းလာ တစ်ယောက်ကို တွေ့လိုက်ရတဲ့ အချိန်မှာတော့... အဲဒါက ခေါင်းဆောင်ဆု ဖြစ်နေပြန်တယ်ဗျာ...”
ဟူဆန်းတောက်က သက်ပြင်းရှည်ကြီးတစ်ခုကို ခပ်လေးလေး ချလိုက်ရင်း...
“အခု ပြန်တွေးကြည့်တော့... ကောင်းကင်ကြီးက ကျွန်တော့်ကို ဆန့်ကျင်နေသလိုပဲဗျာ...”
သူ၏ ဇာတ်ကြောင်းမှာ ဤနေရာတွင် အဆုံးသတ်သွား၏။
ဆုမိုက နားထောင်ပြီးနောက် သူ၏ မျက်နှာပေါ်တွင် ဖော်ပြ၍မရနိုင်သော ခံစားချက်များ ရှိနေပေသည်။
တွန့်တောက်ဂိုဏ်းက ရက်စက်ပြီး နှလုံးသား ကင်းမဲ့လှသည်... ဝူရှန်းခန်းမကလည်း ဘာမှ အကူအညီ မရခဲ့။
ဟူဆန်းတောက်သည် လျန်ရှန်းတောင်သို့ အတင်းအကျပ် တွန်းပို့ခံလိုက်ရသကဲ့သို့ ဖြစ်နေ၏။
ဓားပြ အနည်းငယ်သာ တိုက်ဖူးသော်လည်း ဆုမိုနှင့် အကြိမ်ကြိမ် ပြန်လည် ဆုံတွေ့နေခဲ့သည်။
လေးစားစရာ ကောင်းသော တောပုန်းဓားပြ တစ်ဦးမှာ ဤမျှလောက် စိတ်ဓာတ်ကျဆင်းစရာ အခြေအနေဖြင့် အဆုံးသတ်သွားရလေပြီ။
ဝေဇီယီက ခေါင်းကို ခါယမ်းလိုက်ရင်း...
“ကျွန်မ အမြင်ကတော့... ကောင်းကင်ကြီးက ရှင့်ကို ဆန့်ကျင်နေတာ မဟုတ်ပါဘူး... ကောင်းကင်ကြီးက ရှင့်ကို တောပုန်းဓားပြ လောကထဲ မဝင်စေချင်လို့ အသစ်ကနေ ပြန်စဖို့ အခွင့်အရေး ပေးနေတာပါ...”
“ဟေ...”
ဟူဆန်းတောက်က ဝေဇီယီကို ကြည့်လိုက်၏။
“သခင်မလေး... အဲဒီစကားက ဘာအဓိပ္ပာယ်လဲဗျ...”
“ရှင်က အစကတည်းက ဓားပြလုပ်ဖို့ ပါလာတဲ့သူ မဟုတ်ဘူးလေ... ခေါင်းဆောင်ဆုနဲ့ ဒီလောက် အကြိမ်ကြိမ် ဆုံတွေ့ခဲ့ရတာက ဒီလို သိကျွမ်းခွင့် ရဖို့အတွက်ပဲ...”
“သူ့ရဲ့ လက်အောက်မှာ အလုပ်ဝင်ဖို့ ဘာလို့ မကြိုးစားရမှာလဲ...”
ဝေဇီယီက ဟူဆန်းတောက်ကို အဓိပ္ပာယ်ပါပါ ကြည့်ကာ မျက်ရိပ်ပြလိုက်သည်။
ဟူဆန်းတောက်မှာ တစ်ချက် မှင်သက်သွားသော်လည်း ရုတ်တရက် အကျိုးအကြောင်းကို နားလည်သွားပြီး ခေတ္တမျှ ဆွဲဆောင်ခံလိုက်ရ၏။
သို့သော်လည်း သူက ခဏလောက် တွေဝေသွားပြီးနောက် သက်ပြင်းချလိုက်ပြန်သည်။
“ကျွန်တော် တစ်ယောက်တည်းသာ ဆိုရင်တော့... ခေါင်းဆောင်ဆုလို လူမျိုးရဲ့ လက်အောက်မှာ အလုပ်လုပ်ရမယ် ဆိုရင် မြေကြီးပေါ်မှာ ဒူးထောက် ခေါင်းချရမယ် ဆိုရင်တောင် သေချာပေါက် သဘောတူမှာပါ...”
“ဒါပေမယ့်... ဒီစခန်းထဲက အသက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေအတွက်ကျတော့ ဘယ်လို လုပ်မလဲဗျ...”
“ခွန်အားရှိတဲ့ လူတချို့ကတော့ အာမခံဌာနထဲ ဝင်ပြီး အသက်မွေးဝမ်းကျောင်း ပြုလို့ ရတာပေါ့...”
“ဒါပေမယ့် ကိုယ့်ဝမ်းကိုယ် မကျောင်းနိုင်တဲ့ အသက်ကြီးရွယ်အိုတွေ၊ အားနည်းတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေ အများကြီး ရှိနေသေးတယ်လေ...”
“အဲဒါက ရှင် စိတ်ပူစရာ မလိုတဲ့ ကိစ္စပါ...”
ဝေဇီယီက ဆိုလိုက်၏။
“လော့ရှားမြို့မှာ ရှင်တို့ အားလုံးအတွက် နေရာတစ်ခု သေချာပေါက် ရှိလာမှာပါ... မိန်းမတွေက အဝတ်လျှော်၊ အဝတ်ချုပ်ပြီး မိသားစုကို ထောက်ပံ့လို့ ရတယ်လေ... ခွန်အားရှိတဲ့ လူတွေက အာမခံဌာနထဲ ဝင်ပြီး လစဉ် လစာနဲ့ ထောက်ပံ့လို့ ရတာပေါ့... နေစရာ နေရာအတွက် ဆိုရင်တော့...”
သူမက ဆုမိုကို ကြည့်လိုက်ရင်း...
“ရှင့်ရဲ့ ဇီယန် အာမခံဌာန အနီးမှာ ကျွန်မ အသုံးမပြုသေးတဲ့ အိမ်တစ်လုံး ရှိတယ်... လောလောဆယ် သူတို့ အဲဒီမှာ သွားနေလို့ ရတာပဲ။ အိမ်ကလည်း မသေးပါဘူး၊ သူတို့ နေဖို့ကတော့ အလုံအလောက်ပါပဲ... နောင်တစ်ချိန် သူတို့ဘာသာ အိမ်ခွဲနိုင်တဲ့ အချိန်ကျမှ ကျွန်မကို ပြန်ပေးပေါ့...”
“တကယ်လားဗျ......”
ဟူဆန်းတောက်က မျက်လုံးများ ဝိုင်းစက်သွားပြီး အော်ဟစ်လိုက်၏။
“တကယ်ပေါ့...”
ဝေဇီယီက ‘ခပ်ပြုံးပြုံး’ လေးဖြင့် ဆိုလိုက်သည်။
“ဒါပေမယ့် ဒီအရာအားလုံးက ခေါင်းဆောင်ဆု အပေါ်မှာပဲ မူတည်သေးတာပေါ့... တကယ်လို့ သူက ရှင်တို့ကို အာမခံဌာနထဲ လက်မခံချင်ဘူး ဆိုရင်လည်း ကျွန်မရဲ့ ထျန်းယွီမြို့ကိုသာ သွားလိုက်ပါ... ခင်ဗျားတို့အတွက် စားစရာ တစ်နပ်တော့ သေချာပေါက် ရှိစေရမယ်...”
“ထျန်းယွီမြို့...”
ဟူဆန်းတောက်သည် ထိုနာမည်နှင့် စိမ်းသက်နေသူ မဟုတ်ပေ။ ထိုစကားကို ကြားလိုက်ရသည့်အခါ သူက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်မိ၏။
“ဒါနဲ့... သခင်မလေးက ဘယ်သူလဲ ဆိုတာ ကျွန်တော် သိခွင့်ရမလားဗျ...”
ဝေဇီယီက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး သူ့ကို နောက်ပြောင်ရန် ပြင်လိုက်စဉ်မှာပင် ဆုမိုက ဝင်ပြောလိုက်၏။
“သူကတော့ လော့ဖုန်းမဟာမိတ်အဖွဲ့ရဲ့ အဋ္ဌမမြောက် မဟာမိတ်ခေါင်းဆောင်... ထျန်းယွီမြို့ရဲ့ ဒုတိယ မြို့စားမင်း... မဟာမိတ်ခေါင်းဆောင်ကြီး ဝေ ရဲ့ မြေးမလေး... ဝေဇီယီ ပဲဗျ...”
“အို......”
ဟူဆန်းတောက်သည် လေကို ပြင်းပြင်းရှူသွင်းလိုက်မိ၏။
“မဟာမိတ်ခေါင်းဆောင်ကြီး ဝေ ရဲ့... အချစ်တော် မြေးမလေး မဟုတ်လား...”
ဝေဇီယီက ဆုမိုကို မျက်စောင်းတစ်ချက် ထိုးလိုက်သော်လည်း ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆိုရင်တော့ ရှင် စိတ်အေးသွားလောက်ပြီ မဟုတ်လား...”
“ဒါ... မဟာမိတ်ခေါင်းဆောင် ဝေ ရဲ့ စကားကို ကြားရတော့ ကျွန်တော် တကယ်ပဲ စိတ်အေးသွားပါပြီဗျာ...”
သူသည် ဆုမိုကို ကြည့်ကာ အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး၊ လက်နှစ်ဖက်ကို ပူးလျက် ဒူးတစ်ဖက် ထောက်ချလိုက်တော့သည်။
“ဒီက ညီအစ်ကိုတွေ အားလုံး ခေါင်းဆောင်ဆုရဲ့ လက်အောက်မှာ အလုပ်အကျွေးပြုဖို့ ဆန္ဒရှိပါတယ်ဗျာ... ခေါင်းဆောင်ဆုအတွက်ဆိုရင် အသက်ကို ပေးဆပ်ဖို့တောင် အသင့်ပါပဲ... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို သနားညှာတာပြီး ထမင်းတစ်နပ်လောက်တော့ စားခွင့်ပေးပါဗျာ…”
အခန်း (၄၀၁) - လူတစ်ယောက်ကို ကယ်တင်ခြင်း (အပိုင်း ၃)
~ဟူဆန်းတောက် ပြောပြီးသည်နှင့် တစ်ပြိုင်နက် ဘေးနားတွင် နားထောင်နေကြသော တောပုန်းဓားပြများ အားလုံးမှာလည်း တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်ချလိုက်ကြလေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် မြေပြင်ပေါ်၌ မည်းမည်းသဏ္ဍာန် လူအုပ်ကြီးမှာ ‘သည်းကြီးမည်းကြီး’ ဒူးထောက်နေကြပြီ ဖြစ်၏။
ဆုမိုက ‘ကပျာကယာ’ လက်နှစ်ဖက်ကို ယမ်းပြလိုက်ရင်း...
“အားလုံး ထကြပါဗျာ... ဒီလို မလုပ်ကြပါနဲ့...”
သို့သော်လည်း ဟူဆန်းတောက်သည် နေရာမှ မထဘဲ ဆုမိုထံမှ အဖြေတစ်ခုကိုသာ စောင့်ဆိုင်းနေတော့သည်။
ဆုမိုက သူ့ကို ဆွဲထူလိုက်လျှင်လည်း သူက ထပ်ပြီးတော့ ဒူးထောက်နေဦးမည်သာ ဖြစ်၏။
သူသည် ခေတ္တမျှ ‘အတွေးနက်နေ’ ပြီးမှ စကားစလိုက်သည်။
“မိတ်ဆွေတို့... ခင်ဗျားတို့က အာမခံဌာနထဲကို တကယ်ပဲ ဝင်ချင်တယ်ဆိုရင်တော့ ကျွန်တော့်ဘက်က ငြင်းဆန်စရာ အကြောင်း မရှိပါဘူးဗျာ...”
“ဒါပေမယ့် ကျွန်တော် တစ်ခုတော့ ‘ပွင့်ပွင့်လင်းလင်း’ ရှင်းပြထားချင်ပါတယ်... အားလုံးလည်း ဒါကို ‘သည်းသည်းမည်းမည်း’ မှတ်သားထားစေချင်တယ်...”
“ခင်ဗျားတို့ အားလုံးက အရင်တုန်းက လွတ်လွတ်လပ်လပ်နဲ့ တောင်ပေါ်မှာ ‘အညတရ’ ဘဝနဲ့ နေသားကျခဲ့တဲ့ လူတွေပဲလေ...”
“အာမခံဌာန ဆိုတာက တောပုန်းဓားပြ စခန်းလို မဟုတ်ဘူးဗျ... စည်းကမ်းတွေ အများကြီး ရှိတယ်... တစ်ခါတလေ ကျွန်တော်ကလည်း အသုံးအနှုန်းတွေကို သင့်တော်သလို မသုံးဘဲ ‘တည်ကြည်လေးနက်’ တဲ့ အမိန့်တွေ ပေးကောင်း ပေးလိမ့်မယ်...”
“တကယ်လို့ ခင်ဗျားတို့က အာမခံဌာနထဲ ဝင်လာပြီ ဆိုရင်တော့ အရာရာတိုင်းကို စည်းကမ်းတွေနဲ့ပဲ ‘စနစ်တကျ အကွက်ချ’ အုပ်ချုပ်သွားမယ် ဆိုတာကို နားလည်ထားရမယ်...”
“တကယ်လို့ စည်းကမ်း မလိုက်နာတဲ့ လူတွေ ရှိလာရင်တော့... ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ပေးရလိမ့်မယ်... အဲဒီကျမှ ကျွန်တော် ကြိုမပြောဘူးလို့ ‘အထင်မှားခံခဲ့ရ’ တာမျိုး မဖြစ်စေနဲ့နော်...”
ဆုမိုသည် ဟူဆန်းတောက်၏ ဇာတ်ကြောင်းကြောင့် အတော်လေး စိတ်လှုပ်ရှားခဲ့ရပေသည်။
သူသည် သိပ်ပြီး ဉာဏ်ပြေးသူ တစ်ယောက် မဟုတ်သော်လည်း သူ့ထံတွင် တရားမျှတမှု ရှိပေသည်။ ဤကဲ့သို့သော လူတစ်ယောက်ကို အလကား ပစ်ထားလိုက်ရမည် ဆိုလျှင်တော့ တကယ်ကို နှမြောစရာ ကောင်းလှသည် မဟုတ်ပါလော။
ဇီယန် အာမခံဌာနသည်လည်း ပြန်လည် နိုးထလာရန် လိုအပ်နေပြီး၊ လူအင်အား လိုအပ်ချက်မှာလည်း ‘တစ်ဟုန်ထိုး တိုးတက်’ လာဦးမည်သာ ဖြစ်၏။
သူတို့ကို အာမခံဌာနထဲ ခေါ်သွင်းလိုက်ခြင်းကလည်း အကျိုးကျေးဇူးတွေ ရှိနေတာပဲလေ။
သို့သော်လည်း ၊ သူ စိုးရိမ်နေတာက ဒီလူတွေဟာ ဓားပြဘဝနှင့် နေသားကျနေတော့ စည်းကမ်းတွေကို သည်းခံနိုင်ပါ့မလား ဆိုတာကိုပါပင်... ဒါကြောင့်မို့လို့ ဒီအချက်တွေကို ကြိုပြီး ‘ဖွင့်ဟဝန်ခံ’ ထားရခြင်း ဖြစ်သည်။
ဆုမို၏ စကားကို ကြားလိုက်ရသည့်အခါ ဟူဆန်းတောက်သည် ကိစ္စပြီးပြတ်သွားပြီ ဖြစ်ကြောင်း သိလိုက်သဖြင့် ချက်ချင်းပင် နောက်သို့ လှည့်ကာ မှာကြားလိုက်တော့၏။
“ဒီနေ့ကစပြီး ခေါင်းဆောင်ဆုရဲ့ စကားတစ်ခွန်းဟာ ငါတို့အတွက် ဥပဒေပဲ... တစ်စက်ကလေးမှ ဖီဆန်တာမျိုး မရှိစေနဲ့...”
“မဟုတ်ရင်တော့ ငါ့လက်ထဲက ဓားက ဘယ်သူ့ကိုမှ မျက်နှာသာ ပေးမှာ မဟုတ်ဘူးနော်...”
“ခေါင်းဆောင်ကြီးရဲ့ အမိန့်အတိုင်း တ
သဝေမတိမ်း လိုက်နာပါ့မယ်ဗျာ..”
ဟူဆန်းတောက်၏ မျက်နှာမှာ တုန်လှုပ်သွားပြီး...
“ဒီနေ့ကစပြီး ခေါင်းဆောင်ကြီး ဆိုတာ မရှိတော့ဘူးကွ... ခေါင်းဆောင်ဆု တစ်ယောက်ပဲ ရှိတော့တယ်..”
“ဟုတ်ကဲ့ပါ... ခေါင်းဆောင်ဆုရဲ့ အမိန့်အတိုင်း တသဝေမတိမ်း လိုက်နာပါ့မယ်ဗျာ..”
ထိုအခိုက်အတန့်၌၊ ဆုမိုက ခေါင်းညိတ်လိုက်၏။
“အားလုံး ထကြပါတော့ဗျာ...”
ထိုအချိန်ကျမှသာ ဤလူအုပ်ကြီးသည် နေရာမှ ထရပ်လိုက်ကြပြီး၊ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ဘဝ၏ ဆန်းကြယ်နိုင်စွမ်းကို တွေးပြီး အနည်းငယ်တော့ စိတ်လှုပ်ရှားနေကြတော့သည်။
တောပုန်းဓားပြတွေအဖြစ် ဆက်ပြီး လွှမ်းမိုး၍ မရတော့သော်လည်း... ‘မျက်တောင် တစ်ခတ်မျှသာ’ အချိန်အတွင်းမှာပဲ အေးချမ်းသော ဘဝ တစ်ခုကို ရရှိသွားခဲ့ပြီ မဟုတ်ပါလား။
ထို့နောက် ဆုမိုက ဟူဆန်းတောက်ကို တစ်ချက်ကြည့်လိုက်၏။
“ခင်ဗျားတို့ အားလုံးက အာမခံဌာနအတွက် လူသစ်တွေ ဆိုတော့... အစကတည်းက ရာထူးကြီးတွေ မယူကြနဲ့ဦးပေါ့ဗျာ။ အားလုံးက အဖွဲ့ငယ်ကနေပဲ စကြတာပေါ့... ဟူအစ်ကို... ခင်ဗျား ဘယ်လိုထင်လဲ...”
“ဒါကတော့ ခေါင်းဆောင်ဆုရဲ့ အမိန့်အတိုင်းပဲပေါ့ဗျာ...”
ဟူဆန်းတောက်က လက်နှစ်ဖက်ကို ပူး၍ ဂါရဝပြုလိုက်သော်လည်း နောက်ဆုံးတွင်တော့ မနေနိုင်ဘဲ သူ၏ ခေါင်းကို ကုတ်လိုက်မိ၏။
“ဒီခံစားချက်က တကယ်ကို ဆန်းသစ်နေတာပဲဗျာ... အခုကစပြီး ကျွန်တော်တို့ တွေ့ရာလူကို သွားပြီး လုယက်လို့ မရတော့ဘူးပေါ့...”
“...တွေ့ရာလူကို လုယက်လို့ မရတော့ဘူး ဆိုတာ ဘာအဓိပ္ပာယ်လဲဗျ... လုံးဝကို လုယက်လို့ မရတော့တာလေဗျာ..”
ဆုမို၏ နှုတ်ခမ်းများမှာ ‘မသိမသာ လှုပ်ရွ’ သွားတော့သည်။
“ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်... ဒီနေ့ကစပြီး ဘယ်သူပဲဖြစ်ဖြစ် ငါတို့ သယ်လာတဲ့ အာမခံပစ္စည်းတွေကို လာပြီး ‘လုယက်’ ရဲရင်တော့... ဟူကြီးရဲ့ လက်ထဲက ဓားကို အရင်ဆုံး လာမေးကြစမ်းကွ..”
ဟူဆန်းတောက်က သူ၏ ‘ရွှေခြည်မျှင် ကွင်းတပ်ဓား’ ကြီးကို ‘အဟုန်ပြင်းစွာ’ ဝှေ့ယမ်းလိုက်ရာ တချွင်ချွင် မြည်သံများ ထွက်ပေါ်လာတော့သည်။
ဆုမိုသည် စခန်းထဲရှိ လူများကို ကြည့်ရင်း အနည်းငယ်တော့ စိုးရိမ်ပူပန်နေမိ၏။
ဟူဆန်းတောက်နှင့် သူ၏ လူများကို လက်ခံလိုက်ပြီ ဆိုသော်လည်း... ယခုအခါ သူက လန်ယွဲ့နန်းတော်ဆီသို့ အာမခံပစ္စည်း ပို့ဆောင်ရဦးမည် ဖြစ်ပြီး၊ ပြီးလျှင်လည်း ဇီယန်ဂိုဏ်းဆီသို့ ဆက်သွားရဦးမည် မဟုတ်လား။
‘ဒီလို လူအုပ်ကြီးကို ဆွဲခေါ်ပြီး ခရီးသွားလို့မှ မဖြစ်နိုင်တာ။...
သူတို့တွေက ဒီနေရာကို ရောက်လာဖို့အတွက် ခရီးရှည်ကြီး ဖြတ်သန်းခဲ့ရလို့ ‘ခန္ဓာကိုယ်လည်း ပျော့ခွေ၍ လဲကျ’ ရမတတ် ပင်ပန်းနေကြပြီလေ။ တကယ်လို့ ထပ်ပြီး လိုက်လာရမယ် ဆိုရင်တော့... အားနည်းတဲ့ လူတချို့က ဇီယန် အာမခံဌာနကို ပြန်ရောက်ဖို့တောင် မလွယ်ဘူး။
တကယ်လို့ ဒီလူတွေကို ဒီစခန်းဟောင်းကြီးထဲမှာပဲ ပစ်ထားခဲ့မယ် ဆိုရင်လည်း... ဒါက သိပ်ပြီးတော့ စိတ်ချရတာ မဟုတ်ဘူးလေ။
ဒီနေရာက ခေါင်ဖျားလွန်းလို့ အစားအသောက် ဝယ်ဖို့တောင် ခရီးအဝေးကြီး သွားရဦးမှာ။
တကယ်လို့များ ‘အမှန်တရားဘက်တော်သား’ သိုင်းသမား တစ်ယောက်ယောက်က ဒီကနေ ဖြတ်သွားရင်းနဲ့ သူတို့ကို ဓားပြတွေလို့ ထင်ပြီး ဝင်ရောက် ‘နှိမ်နင်း’ သွားမယ် ဆိုရင်ကော...
အင်း... အရင်တုန်းကဆိုရင်တော့ ဒါက မှားတယ်လို့ ပြောလို့ မရဘူးပေါ့။
ဒါပေမယ့် အခုတော့ အဲဒီလို ဖြစ်လို့ မရတော့ဘူးလေ’
ဆုမိုက အတော်လေး အကြံထုတ်ပြီးသည့်နောက်... အကောင်းဆုံး ဖြေရှင်းနည်းကတော့ သူတို့အတွက် နေရာတစ်ခု ရှာပေးပြီး ငွေအချို့ ချန်ထားခဲ့ကာ အသက်ကြီးရွယ်အိုတွေနှင့် ကလေးတွေကို အနားယူခိုင်းထားဖို့ပဲဟု ဆုံးဖြတ်လိုက်သည်။
သူ တုန်းချန်ကနေ အပြန်ကျမှပဲ သူတို့ကို ဇီယန် အာမခံဌာနဆီ ခေါ်သွားတာက အသင့်တော်ဆုံး ဖြစ်လိမ့်မည်။
ထိုသို့ ‘စနစ်တကျ အကွက်ချ’ တွေးတောနေစဉ်မှာပင်... ရုတ်တရက် သူ၏ မျက်ခုံးများ ပင့်တက်သွားပြီး သခင်လေးစစ်ထူ သွားရောက်ခဲ့သော အိမ်လေးဆီသို့ ‘မမှိတ်မသုန်ကြည့်’ လိုက်မိ၏။
ထိုနေရာမှ စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာလေသည်။ ချက်ချင်းဆိုသလိုပင် နာကျင်စွာ အော်ဟစ်လိုက်သော အသံ တစ်ခုကို ကြားလိုက်ရ၏။
သခင်လေးစစ်ထူသည် ပြတင်းပေါက်ကို ‘ဝုန်းခနဲ’ ရိုက်ချိုးကာ အပြင်သို့ တရကြမ်းလွင့်စင်ထွက်လာတော့သည်။
“သခင်လေး... သခင်လေး......”
မိန်းမပျို (၄) ဦးသည်လည်း ပြတင်းပေါက်မှ ‘အရိပ်တခု ပျံတက်’ သကဲ့သို့ ခုန်ထွက်လာကြပြီး သခင်လေးစစ်ထူကို ကူညီရန် ပြင်လိုက်ကြ၏။
သို့သော် သခင်လေးစစ်ထူက …
“ငါ့အတွက် မပူနဲ့... နောက်ဆုံးအချိန်မှာ အာရုံမလွဲသွားစေနဲ့...”
“ဟုတ်ကဲ့ပါ...”
မိန်းမပျို (၄) ဦးက ချက်ချင်းပင် နားလည်သွားကြပြီး တစ်စက္ကန့်မျှ တွေဝေမနေဘဲ နောက်သို့ ချာခနဲ လှည့်ကာ အိမ်ထဲသို့ ပြန်ဝင်သွားကြတော့သည်။
သခင်လေးစစ်ထူမှာ ‘ရုတ်တရက် ငိုင်’ သွား၏။
‘သူတို့က တကယ်ကြီး ငါ့ကို ပစ်ထားခဲ့တာလား...’
သူသည် မြေပြင်ပေါ်သို့ ဘုတ်ခနဲ လဲကျသွားပြီး ပြန်မထနိုင်တော့ပေ။
ဆုမိုက အနည်းငယ် အံ့အားသင့်သွားပြီး သခင်လေးစစ်ထူ အနားသို့ ‘ခြေလှမ်းကျဲကျဲဖြင့်’ ချဉ်းကပ်သွားသည်။
ခြေသံကို ကြားလိုက်ရသဖြင့် သခင်လေးစစ်ထူက ဆုမိုကို တစ်ချက်ကြည့်လိုက်ပြီး ‘ခပ်ပြုံးပြုံး’ ဖြင့် ဆိုလိုက်၏။
“ခေါင်းဆောင်ဆု... ကျေးဇူးပြုပြီး အထဲဝင်ပြီးတော့ ကူညီပေးပါဦးဗျာ... အဲဒီလူက ဒဏ်ရာတွေ အလွန် ပြင်းထန်နေပေမယ့် သူ့ရဲ့ ထူးခြားတဲ့ ကျင့်စဉ်ကြောင့် နှလုံးသွေးကြောကို ယာယီ ကာကွယ်ထားနိုင်တာပါ...”
“ကျွန်တော်က ငွေအပ်တွေကို သုံးပြီး သူ့ရဲ့ ပိတ်ဆို့နေတဲ့ သွေးကြောတွေကို ‘အတွင်းအား’ နဲ့ ဖောက်ထွင်းဖို့ ကြိုးစားခဲ့တာပါ... ဒါပေမယ့် ဝမ်းနည်းစရာ ကောင်းတာက ကျွန်တော့်ရဲ့ စွမ်းအားက မလုံလောက်ခဲ့ဘူးဗျ...”
“အဲဒီအစား သူ့ခန္ဓာကိုယ်ထဲက ‘စိမ်းသက်နေတဲ့ ချီစွမ်းအင်’ တွေက ကျွန်တော့်ကို အဟုန်ပြင်းပြင်း ရိုက်ထုတ်လိုက်တာပဲ...”
“ခေါင်းဆောင်ဆုရဲ့ ‘အတွင်းအား’ က နက်ရှိုင်းတော့ ဒီကိစ္စကို ကူညီဖို့ အသင့်တော်ဆုံးပါပဲဗျာ...”
သို့သော် ဆုမိုသည် အိမ်ထဲသို့ ချက်ချင်း မဝင်သွားသေးဘဲ သခင်လေးစစ်ထူကို အရင်ဆုံး ဆွဲထူပေးလိုက်၏။
သခင်လေးစစ်ထူသည် အနိုင်နိုင် မတ်တပ်ရပ်နိုင်သော်လည်း သူ၏ ခြေထောက်များမှာ ပျော့ခွေနေပြီး ခွန်အား တစ်စက်ကလေးမှ မရှိသည်ကို ဆုမို သတိထားမိလိုက်သည်။
“...သခင်လေးစစ်ထူ... ဒါက ဘယ်လိုဖြစ်တာလဲဗျ...”
သခင်လေးစစ်ထူသည် အမြဲတမ်း ထမ်းစင်ဖြင့်သာ ခရီးသွားလေ့ရှိသဖြင့် ၎င်းမှာ သူ၏ ‘အထက်တန်းကျသည့်’ ဟန်ပန်တစ်ခုဟုသာ ဆုမိုက ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သခင်လေးစစ်ထူ၏ ခြေထောက်များမှာ အမှန်တကယ် မသန်စွမ်း ဖြစ်နေလိမ့်မည်ဟု ဆုမို ‘ယုံမှားဖွယ် မရှိ’ မတွေးမိခဲ့ပေ။
သခင်လေးစစ်ထူက ထိုအခြေအနေကို သိပ်ပြီး ဂရုမစိုက်ဟန်ဖြင့် ‘ခပ်ပြုံးပြုံး’ သာ နေလိုက်သော်လည်း သူ၏ မျက်နှာပေါ်တွင် အနည်းငယ်တော့ သဘာဝမကျမှုများ ‘ရိပ်ခနဲ’ ထင်ဟပ်သွား၏။
“ကျွန်တော် ငယ်ငယ်ကတည်းက ယင်(၃)ပါး၊ ယန်(၃)ပါး နဲ့ သွေးကြော (၆) ခုစလုံး ပျက်စီးခဲ့ရတာပါ... ‘အတွင်းအား’ အနည်းအကျဉ်းကို အနိုင်နိုင် ကျင့်ကြံနိုင်ခဲ့ပေမယ့်... ကျွန်တော့် ခြေထောက်တွေပေါ်မှာတော့ တစ်ခါမှ မရပ်တည်နိုင်ခဲ့ပါဘူးဗျာ... ကျွန်တော့်အတွက် စိတ်မပူပါနဲ့ ခေါင်းဆောင်ဆု... သူ့ကို ကယ်တင်ဖို့က ပိုပြီး အရေးကြီးပါတယ်...”
“အစ်မ (၄) ယောက်ရဲ့ ‘အတွင်းအား’ တွေက မဆိုးပေမယ့် သိပ်ကြာကြာတော့ တောင့်ခံနိုင်မှာ မဟုတ်ဘူးဗျ...”
“တကယ်လို့ ထပ်ပြီး အနှောင့်အယှက် ဖြစ်သွားရင်တော့... အဲဒီလူက တကယ်ပဲ ကယ်တင်လို့ မရတော့မယ့် အခြေအနေကို ရောက်သွားနိုင်တယ်...”
ဆုမိုက သက်ပြင်းတစ်ချက်ကို ‘ခပ်လေးလေး’ ချလိုက်ပြီး ခေါင်းညိတ်ကာ သခင်လေးစစ်ထူကို ကျောက်တုံးတစ်တုံးပေါ်တွင် ယာယီ ထိုင်ခိုင်းလိုက်၏။
ထို့နောက် သူသည် အိမ်ထဲသို့ စွေ့ခနဲ ခုန်ဝင်သွားလေတော့သည်။
ခုတင်ပေါ်တွင် လူတစ်ယောက်မှာ လေထဲ၌ လွင့်မျောနေပြီး ပတ်တီးများ အထပ်ထပ်.. ရစ်ပတ်ထား၏။ ထိုပတ်တီးများကြားမှ သွေးစိမ်းများမှာလည်း စိမ့်ထွက်နေပေသည်။
သူ၏ လက်ဖဝါးနှင့် ခြေဖဝါး တစ်ခုစီတွင် မိန်းမပျိုများ၏ လက်ဝါး တစ်ဖက်စီက အုပ်မိုးထားပြီး... ခြေလက်များမှတစ်ဆင့် သူ၏ သွေးကြောကွက်များအတွင်းသို့ ‘အတွင်းအား’ များကို ‘သည်းကြီးမည်းကြီး’ ပို့လွှတ်ပေးနေကြခြင်း ဖြစ်သည်။
သို့သော်လည်း ဤအချိန်တွင် မိန်းမပျို (၄) ဦး၏ မျက်နှာများမှာ အခြေအနေ မကောင်းလှပေ။ သူမတို့၏ မျက်နှာများမှာ ‘မီးတောက်၏ ဝါးမြိုခြင်းကို ခံလိုက်ရ’ သလို နီရဲနေပြီး နဖူးထက်တွင်လည်း အဖြူရောင် အခိုးအငွေ့များ ဝဲလည်နေသဖြင့် သူမတို့၏ စွမ်းအားများ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီကို ပြသနေပေသည်။
“မင်းတို့ လေးယောက်စလုံး နောက်ဆုတ်လိုက်တော့... ငါ့ကို လွှဲပေးလိုက်...”
ဆုမို၏ ခပ်တိုးတိုး အမိန့်ပေးသံ အဆုံးတွင် သူတို့လေးဦးမှာ မျက်လုံးများ ဖွင့်လိုက်ကြပြီး ဆုမိုကို တစ်ချက်ကြည့်ကာ နောက်သို့ ‘ခုန်ပျံ’ ဆုတ်ခွာသွားကြတော့သည်။
သူတို့၏ ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားသော ထိုလူမှာလည်း လေထဲမှ မြေပြင်သို့ ‘ဗိုင်းခနဲ’ ကျဆင်းလာတော့၏။
ဆုမိုက လက်ကို မြှောက်လိုက်ပြီး ပြုတ်ကျလာသော ခန္ဓာကိုယ်ကို ဖမ်းယူကာ လေထဲတွင် တစ်ပတ်လှည့်လိုက်ပြီးနောက်... ထိုလူ၏ ကျောပြင်ပေါ်သို့ လက်ဝါးအား တစ်ချက် ပို့လွှတ် လိုက်လေသည်။
ပြင်းထန်လှသော ‘အတွင်းအား’ များမှာ ထိုခန္ဓာကိုယ်အတွင်းသို့ ‘တစ်ဟုန်ထိုး’ စီးဝင်သွားရာ ထိုလူမှာ အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ရတော့၏။
ဆုမို၏ မျက်မှောင်များမှာ အနည်းငယ် ‘တွန့်ချိုး’ သွား၏။ ထိုလူ၏ ခန္ဓာကိုယ်အတွင်း၌ ‘အတွင်းအား’ လမ်းကြောင်း အချို့မှာ မြွေများကဲ့သို့ ချောကျိကျိနှင့် ကိန်းအောင်းနေသည်ကို သူ သတိထားမိလိုက်သည်။
သူ၏ ‘အတွင်းအား’ များ ဝင်ရောက်သွားသည့်အခါ ထိုစွမ်းအင်များကြားတွင် လှုပ်ရှားရသည်မှာ... မြွေအုပ်ကြီးထဲတွင် ‘သည်းသည်းမည်းမည်း’ ပိတ်မိနေသကဲ့သို့ ခံစားလိုက်ရလေတော့၏။
အခန်း (၄၀၂) - လက်စာချေမည့် သတင်းပေးပို့ခြင်း
~စိမ်းသက်နေသော အတွင်းအားလမ်းကြောင်းများသည် သွေးကြောကွက်များအတွင်း မြွေများပမာ ရစ်ပတ်တိုးဝင်နေသည်။
ဆုမို၏ အတွင်းအား ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ထိုစွမ်းအင်များမှာ လှုံ့ဆော်ခံလိုက်ရပြီး ချက်ချင်းပင် ရုတ်တရက် အပြင်းအထန် တိုက်ခိုက်လာတော့သည်။
ဒီအခြေအနေက တကယ်ကို မီးတောက်များဖြင့် ပြည့်နှက်နေသည့် ကမ္ဘာတစ်ခုအလား ဆိုးရွားလှပေ၏။ လူမမာ၏ ဒဏ်ရာများသည် အလွန်ပြင်းထန်နေပြီ ဖြစ်ရာ ထိုသို့သော အတွင်းအားများ ရုန်းကန်ရိုက်ခတ်မှုအောက်တွင် အနည်းငယ်သော တိုက်ခိုက်မှုပင်လျှင် ထပ်မံ၍ အသက်ကို ခြိမ်းခြောက်နေတော့သည်။
သို့သော်လည်း ဤအတွင်းအားများကို ဒီအတိုင်း လွှတ်ထားလိုက်မည်ဆိုပါက ထိုလူ၏ ခန္ဓာကိုယ်ကို လုံးဝ ဖျက်ဆီးပစ်တော့မည် ဖြစ်သည်။
ဤအခိုက်အတန့်တွင် သခင်လေးစစ်ထူ၏ အသံက ဘေးမှနေ၍ ညာသံပေးကာ ထွက်ပေါ်လာ၏။
“ခေါင်းဆောင်ဆု... သူ့နောက်ကျောဘက်ကနေ ချီစွမ်းအင်ကို လွှတ်ပေးလိုက်ပါ။
တု သွေးကြောလမ်းကြောင်းကနေ မသွားဘဲနဲ့ ဖူတိုင်းယန် ဆီးအိမ်သွေးကြောလမ်းကြောင်းကို အရင်ဖြတ်သွားရမယ်။ ရှင်းယွီ က စပြီး ကွမ်းယွမ်၊ ဟွေးယန်၊ ချန်ဖူ အထိ ဆင်းသွားလိုက်ပါ...”
“ကျွန်တော်က အပ်ချပေးပြီး ဒီမှာ ထိန်းပေးထားမယ်၊ ခေါင်းဆောင်ဆုကတော့ ချီစွမ်းအင် တွေကို ယာယီ လှည့်ပတ်ပေးပြီး တိုက်ရိုက် ထိပ်တိုက် ရင်ဆိုင်ရတာမျိုးကို ရှောင်ရှားပေးပါ...”
ဆုမို၏ ခေါင်းထဲတွင် တစ်ချက် စဉ်းစားလိုက်ပြီးနောက် ချက်ချင်းပင် ထိုညွှန်ကြားချက်အတိုင်း အတိအကျ လိုက်နာလိုက်တော့သည်။
သူ၏ အတွင်းအား လှည့်ပတ်သွားသည့်အခါ ထိုလူ၏ ခန္ဓာကိုယ်တွင်းရှိ အသက်ရှူစွမ်းအင်များမှာ ဆန်းကြယ်သော မြွေများပမာ ရှောင်ကွင်းနေသဖြင့် ခေတ္တမျှသာ ဖိနှိပ်ပိတ်ဆို့နိုင်ခဲ့သည်။
တိုက်ရိုက် ထိတွေ့မှုတိုင်းတွင် ထိုစွမ်းအင်များ၏ ကောက်ကျစ်စဉ်းစားတတ်သော ခုခံမှုများကြောင့် အကြိမ်ကြိမ် အတားအဆီးများ ကြုံတွေ့နေရ၏။
ယခု အခြေအနေအရ သခင်လေးစစ်ထူသည် ဤအတွင်းအားများကို မည်သို့ ပြိုကွဲစေမည်၊ မည်သို့ အသက်ဘေးမှ ကယ်တင်မည်ကို ကြိုတင်၍ စနစ်တကျ အကွက်ချ စဉ်းစားထားခဲ့ပြီးဖြစ်ကြောင်း သိသာလှပေသည်။
ဝမ်းနည်းစရာ တစ်ခုသာ ရှိသည်မှာ သခင်လေးစစ်ထူ၏ အတွင်းအားသည် လုံလောက်မှု မရှိခြင်းပင်။ မဟုတ်လျှင် ဆုမို ပါဝင်ကူညီရန်ပင် လိုအပ်မည် မဟုတ်ပေ။ မိန်းမပျို လေးဦးသည် သခင်လေးစစ်ထူ၏ နည်းလမ်းများနှင့် အတွင်းအားကို မည်သို့ အသုံးပြုရမည်ကို သိကြသော်လည်း ဤနည်းလမ်းက အတွင်းအားကို အလွန်များပြားစွာ သုံးစွဲရပေသည်။ ထို့ကြောင့်ပင် သူတို့က အရှုံးကို ဖွင့်ဟဝန်ခံခဲ့ရခြင်း ဖြစ်၏။
ဤအချိန်တွင် ဆုမိုသည် မိမိ၏ အတွင်းအားများကို စုစည်းကာ လမ်းကြောင်းတစ်လျှောက်မှ အတားအဆီးများကို ကျော်ဖြတ်ပြီး ချန်ဖူ ၊ ယင် ၊ ချန်ရှန်း ၊ ခွန်လွန် စသည့် သွေးကြောကွက်များကို ဖြတ်သန်းကာ နောက်ဆုံးတွင် ဇီယင်သို့ ဝင်ရောက်ရန် ပြင်ဆင်နေတော့သည်။
ချန်ရှန်း မရောက်မီအထိ သွေးကြောကွက်များသည် အဟန့်အတားမရှိ ပွင့်လင်းနေခဲ့၏။
သို့သော် ချန်ရှန်း ကို ကျော်လွန်ပြီးနောက်တွင်မူ သွေးကြောကွက်များသည် ထပ်မံ၍ ပိတ်ဆို့လာပြန်သည်။
ဆုမို၏ အတွင်းအားသည် အတားအဆီးများကို ချိုးဖောက်ကာ ဇီယင် သို့ ဝင်ရောက်လုနီးပါး အခြေအနေတွင် သခင်လေးစစ်ထူက အလျင်စလို.. ပြောလိုက်၏။
“ဇီယင် ကို မဖွင့်သေးနဲ့... ပြန်လှည့်ပြီး သွေးကြောလမ်းကြောင်းအတိုင်း အပေါ်ကို ပြန်တက်ပါ...”
“ကောင်းပါပြီ”
ဆုမိုသည် လုံးဝ တုံ့ဆိုင်းမနေခဲ့ပေ။ ဆေးပညာတွင် အတပ်သိ၊ ပြိုင်ဘက်ကင်းသလောက် ဖြစ်သောသူ၏ စကားဖြစ်သဖြင့် ယုံမှားဖွယ်မရှိ လိုက်နာလိုက်ရုံသာ ဖြစ်၏။
သခင်လေးစစ်ထူသည်ပင် ရုတ်တရက် ငိုင်သွားရသည်။
ဒီလူက ဒီလို အရေးကြီးတဲ့ အချိန်မျိုးမှာတောင် အေးအေးဆေးဆေး စကားပြန်ပြောနိုင်သေးတာလား။
ဒီလောက်အထိ အင်အားကြီးမားတဲ့ အတွင်းအားနဲ့ သိုင်းပညာ က ဘယ်လောက်တောင် နက်ရှိုင်းနေလို့လဲ။
သခင်လေးစစ်ထူ၏ ရင်ထဲတွင် မည်မျှ အံ့အားသင့်သွားသည်ကို ဆုမိုက မသိခဲ့ပေ။ သူ၏ အတွင်းအားသည် လျှပ်စီးပမာ လျင်မြန်စွာ ပြန်လှည့်သွားတော့သည်။
ဆန်းကြယ်သော မြွေအုပ်များမှာ ပြင်းထန်လှသော်လည်း အရာရာတိုင်းတွင် ပိတ်ဆို့ခံနေရပြီး ယခုအချိန်အထိ ဆုမို၏ အတွင်းအားနှင့် တစ်ကြိမ်မျှပင် တိုက်ရိုက် ရိုက်ခတ်ခြင်း မရှိခဲ့ပေ။
ထို့နောက် ဆုမိုသည် သွေးကြောလမ်းကြောင်းအတိုင်း လိုက်သွားကာ ဝေ့ကျုံး သို့ ရောက်ရှိသွားသည်။
ဖူ့တိုင်းယန် ဆီးအိမ်သွေးကြောလမ်းကြောင်းသည် ဤနေရာတွင် အကိုင်းအခက် နှစ်ခုအဖြစ် ခွဲထွက်သွား၏။ ဆုမိုသည် အရင်က ချန်ဖူ ကို ရွေးချယ်ခဲ့သော်လည်း ယခုအခါ သခင်လေးစစ်ထူက ဟွမ် ဘက်သို့ ညွှန်ပြနေသည်။ လမ်းတစ်လျှောက်တွင် ဇီပျန့် ၊ ပေါင်မန် ၊ ယီရှီ၊ ဟွမ် နှင့် အခြားသော သွေးကြောကွက်များကို ဖြတ်သန်းသွားရမည် ဖြစ်၏...
သွေးကြောလမ်းကြောင်းများအတိုင်း အထက်သို့ တက်သွားရာ ထျန်ကျူ သွေးကြောကွက်သို့ ရောက်ရှိပြီးနောက် မှန်ကန်သော လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိသွားသည်။ ထို့နောက် ယူကျန်း ၊ ချန်ကွမ်းသို့ ဝင်ရောက်ကာ ချင်းမင် သို့ ရောက်ရှိသွားတော့၏။
ချင်းမင် သွေးကြောကွက် ပွင့်သွားသည်နှင့် တစ်ပြိုင်နက် ထိုလူ၏ ခန္ဓာကိုယ်သည် သိမ့်သိမ့်ခါသွားအောင် လှုပ်ယမ်းခြင်း ဖြစ်သွားပြီး သူ၏ မျက်လုံးထောင့်များမှ သွေးမည်းများ စီးကျလာတော့သည်။
သခင်လေးစစ်ထူက ဆက်လက်ပြောလိုက်၏။
“နောက်တစ်ခေါက် ပြန်သွားပြီး... တစ်ရှိန်ထိုး အားယူကာ ဇီယင် ကို ဖောက်ထွင်းလိုက်ပါ...”
ဆုမိုသည် တစ်ခိက် ခေါင်းညိတ်လိုက်ပြီး သူ၏ အတွင်းအားကို ချင်းမင် မှစ၍ တစ်ဟုန်ထိုး တိုးတက်စေကာ အောက်ဘက်သို့ ပြန်ဆင်းသွားလိုက်သည်။ သို့သော် ဇီယင် သို့ ရောက်လုနီးပါး အချိန်တွင် တစ်ခြားသော အတွင်းအားအချို့က ထိုသွေးကြောကွက်တွင် ကြိုတင်နေရာယူထားသည်ကို မထင်မှတ်ဘဲ တွေ့လိုက်ရ၏။
ထိုအခိုက်အတန့်၌၊ သခင်လေးစစ်ထူက အော်ပြောလိုက်သည်။
“ဖောက်ထွက်လိုက်တော့..”
“ကောင်းပြီလေ..”
ဆုမို ချက်ချင်း နားလည်သွားသည်။ ပိတ်ဆို့ဝိုင်းရံခံထားရပြီး မြွေအုပ်ကြီး၏ အဟုန်ပြင်းစွာ လွှမ်းမိုးမှုအောက်တွင် ရှိနေသဖြင့် သူ လုပ်နိုင်သည်မှာ ခွဲခြားနှိမ်နင်းခြင်းသာ ဖြစ်ပေသည်။
ယခုအခါ ဤ ဖူ့တိုင်းယန် လမ်းကြောင်းတစ်ခုတည်းတွင် ဇီယင် မှလွဲ၍ ကျန်ရှိသော သွေးကြောကွက် ခြောက်ဆယ့်ခုနစ်ခုစလုံး ပွင့်သွားပြီဖြစ်ရာ တစ်ချက်တည်း အားယူလိုက်ရုံဖြင့် အတွင်းအားအချို့ကို ခန္ဓာကိုယ်အပြင်ဘက်သို့ တွန်းထုတ်နိုင်မည် ဖြစ်၏။
သူသည် ယတိပြတ် မဆုံးဖြတ်ဘဲ မနေတော့ဘဲ သူ၏ အတွင်းအားကို ရုတ်ချည်း တုန်ခါစေလိုက်သည်။
ထိုအချိန်တွင် လူနာ၏ ခြေသန်းလေးနားတွင် အဆို့ရှင်တစ်ခု ပွင့်သွားသကဲ့သို့ အသံကို ကြားလိုက်ရ၏။ ဆူညံမြည်ဟည်းသံများ ရုတ်တရက် ထွက်ပေါ်လာပြီး အမည်းရောင် ချီစွမ်းအင် လှိုင်းများ လေထဲသို့ ထွက်ပေါ်လာတော့သည်။
ဤမြင်ကွင်းကို ကြည့်ရင်း ဆုမို၏ မျက်လုံးများ မသိမသာ ပင့်တက်သွား၏။
သူ စကားများများ ဆက်မပြောတော့ဘဲ သခင်လေးစစ်ထူ၏ လမ်းညွှန်မှုအောက်တွင် ထိုလူ၏ ခန္ဓာကိုယ်တွင်းမှ စိမ်းသက်သော ချီစွမ်းအင်များကို ဆက်လက် နှင်ထုတ်နေတော့သည်။
ထိုလူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ဤဆန်းကြယ်လှသော အတွင်းအားများ၏ ဝိုင်းရံပိတ်ဆို့မှုကို ခံထားရခြင်း ဖြစ်သည်။ အဓိက သွေးကြောလမ်းကြောင်း ဆယ့်နှစ်သွယ်၊ ထူးခြားသော သွေးကြောလမ်းကြောင်း ရှစ်သွယ် အားလုံးတွင် ပျံ့နှံ့နေ၏။
သွေးကြောကွက်များသည် ခန္ဓာကိုယ် တစ်ခုလုံးတွင် များပြားစွာ ပြန့်ကျဲနေသည်။ ဖူ့တိုင်းယန် တစ်ခုတည်းတွင်ပင် ဘယ်၊ ညာ လမ်းကြောင်းနှစ်ခု ပေါင်းလိုက်လျှင် စုစုပေါင်း နေရာ တစ်ရာ့သုံးဆယ့်ခုနစ်ခု ရှိပေသည်။
သာမန်လူတစ်ယောက်အတွက် သူတို့၏ အတွင်းအားကို အချိန်တိုအတွင်း ဆက်လက်ထိန်းထားရန်ပင် မလွယ်ကူသဖြင့် သခင်လေးစစ်ထူအနေဖြင့် သွေးကြောကွက် အားလုံးကို မာနတကြီးဖြင့် ပိတ်ဆို့ထားရန် မဝံ့ရဲခဲ့ပေ။
သူသည် ဖူ့တိုင်းယန် နှစ်ခုကိုသာ ပိတ်ဆို့ထားပြီး သူနှင့် မိန်းမပျို လေးဦး၏ အတွင်းအားကို အစွမ်းကုန် အသုံးပြုကာ အန္တရာယ်ကင်းစွာ ကျော်ဖြတ်နိုင်မည်ဟု မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သူသည် မိမိ၏ အတွင်းအားကို အထင်ကြီးခဲ့ပြီး တစ်ဖက်လူ၏ ခန္ဓာကိုယ်တွင်းရှိ ဒဏ်ရာများကိုမူ အထင်သေးမိသွားခဲ့၏။ နောက်ဆုံးတွင်တော့ သူသည် ထိုအတွင်းအားများ၏ အဟုန်ပြင်းစွာ ပစ်လွှင့်ခံလိုက်ရပြီး အဝေးသို့ လွင့်စင်သွားခဲ့ရသည်။
ယခုအချိန်တွင် ဆုမို ပါဝင်လာခဲ့ပြီး တစ်နာရီနီးပါး အချိန်ယူပြီးနောက်မှသာ ဖူတိုင်းယန် လမ်းကြောင်း နှစ်ခုအတွင်း ခိုအောင်းနေသော အတွင်းအားများကို အပြင်သို့ မောင်းထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သခင်လေးစစ်ထူသည် မူလက ရပ်တန့်ရန် ပြောဆိုချင်သော်လည်း ဆုမို၏ အင်အားမှာ ပိုလျှံနေသေးသဖြင့် ဆုမိုက ရိုးရှင်းစွာပင်... “ဆက်လုပ်မယ်..” ဟု ပြောလိုက်၏။
“ခေါင်းဆောင်ဆု... ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး အတင်း မလုပ်ပါနဲ့ဗျာ”
သခင်လေးစစ်ထူကတော့ သူကိုယ်တိုင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ကို သင်ခန်းစာယူကာ ဆုမိုကို သူ၏ စွမ်းအားအကန့်အသတ်အတွင်းသာ လုပ်ဆောင်စေချင်နေသည်။
ဘာပဲဖြစ်ဖြစ် သွေးကြောလမ်းကြောင်း နှစ်ခုမှ သူစိမ်း ချီစွမ်းအင်များကို မောင်းထုတ်ပြီးနောက် သူ၏ ငွေအပ်ဖြင့် ဆက်လက် ထိန်းသိမ်းထားပြီး မနက်ဖြန်တွင် ဤနည်းလမ်းအတိုင်း ဆက်လက် လုပ်ဆောင်နိုင်သည် မဟုတ်လား။
ရက်အနည်းငယ် အချိန်ယူပြီး စနစ်တကျ ဖြေရှင်းလိုက်ပါက နောက်ဆုံးတွင် သူစိမ်း ချီစွမ်းအင် အားလုံးကို လုံးဝ ဖယ်ရှားနိုင်မည် ဖြစ်သည်။
သို့သော် ဆုမိုက သူ့ကို ခပ်ပြုံးပြုံးဖြင့် ကြည့်ကာ မေးလိုက်၏။
“ကျွန်တော်က ဟန်ရေးပြနေတဲ့ ပုံစံ ပေါက်နေလို့လား...”
“ဒါလည်း ဟုတ်တာပါပဲ...”
သခင်လေးစစ်ထူသည် ဆုမိုကို ကြည့်ရင်း အံ့အားသင့်ကာ ပြောလိုက်သည်။
“ခေါင်းဆောင်ဆုရဲ့ အတွင်းအားက တကယ်ကို နက်ရှိုင်းပြီး အံ့အားသင့်စရာ ကောင်းလွန်းပါတယ်... ဒါဆိုရင်လည်း... ဆက်လုပ်ကြတာပေါ့...”
လူနှစ်ယောက်၊ တစ်ယောက်က အတွင်းအားကျင့်စဉ်ကို အသုံးပြုနေပြီး နောက်တစ်ယောက်က အေးအေးဆေးဆေး ညွှန်ကြားချက်များ ပေးနေ၏။
အချိန်တွေ.. တရွေ့ရွေ့ ကုန်ဆုံးသွားပြီး မကြာခင်မှာပဲ ကောင်းကင်ကြီး မှောင်မိုက်သွားလေတော့သည်။
ဆုမိုနှင့် သခင်လေးစစ်ထူတို့သည် ထိုလူ၏ ခန္ဓာကိုယ်တွင်းရှိ ဖူတိုင်းယန်၊ ဖူရှောက်ယန် နှင့် ဇူယန်မင် ဟူသော ယန်လမ်းကြောင်း သုံးခုမှ သူစိမ်း ချီစွမ်းအင်များကို အောင်မြင်စွာ မောင်းထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။
ဤအခိုက်အတန့်တွင်မူ သခင်လေးစစ်ထူသည် ဆုမိုကို ဆက်လက်၍ မလုပ်ဆောင်စေရဲတော့ပေ…။