အခန်း (၄၀၃-၄၀၅)
Vol. 27 Ch. 403-405
အခန်း (၄၀၃) - လက်စားချေမည့် သတင်းပေးပို့ခြင်း (အပိုင်း ၂)
~“ခေါင်းဆောင်ဆု... ဒီလူကို ကုသဖို့ အရမ်းကြီး အလျင်စလို လုပ်စရာ မလိုပါဘူး။ လောလောဆယ် ခဏလောက် အနားယူလိုက်ပါဦး...”
ဆုမိုက သက်ပြင်းတစ်ချက်ကို ခပ်လေးလေး ချလိုက်ပြီး သူ၏ လက်ဝါးကို ရုပ်သိမ်းလိုက်ကာ ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်၏။
“စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ... ကျွန်တော့်ရဲ့ အတွင်းအားက အလုံအလောက် ရှိပါတယ်၊ သိပ်ပြီးတော့ အားထုတ်စရာ မလိုပါဘူး။ ဒါပေမယ့် ဒီလူရဲ့ အတွင်းဒဏ်ရာတွေကတော့ ကျွန်တော် ထင်ထားတာထက် တကယ်ကို ပိုပြီးတော့ ပြင်းထန်နေတာပဲ...”
“မှန်ပါတယ်...”
သခင်လေးစစ်ထူက ခေါင်းညိတ်လိုက်သည်။ သူ ဆိုလိုသည်မှာ ဆုမို၏ အတွင်းအားကိုလား၊ ထိုလူ၏ ဒဏ်ရာများကိုလား ဆိုတာကိုတော့ ဇဝေဇဝါ ဖြစ်စရာပင်။
သူသည် ခေတ္တမျှ အတွေးနက်နေပြီးနောက် ပြောလိုက်လေသည်။
“ဒီလူရဲ့ အတွင်းဒဏ်ရာတွေက ကျွန်တော့် တစ်သက်မှာ တစ်ခါမှ မမြင်ဖူးလောက်အောင်ပါပဲ။ ကျွန်တော်တို့ ဆွေမျိုးစုက သက်ကြီးရွယ်အိုတွေတောင်မှ ဒီလောက် ပြင်းထန်တဲ့ ဒဏ်ရာမျိုးနဲ့ အသက်ရှင်ကျန်ရစ်တဲ့ လူရှိတယ်လို့ တစ်ခါမှ မပြောဖူးကြဘူးဗျ...”
“ဒါပေမယ့်... သူ့ရဲ့ နှလုံးသွေးကြောထဲမှာ သူ့အသက်ကို ကာကွယ်ပေးထားတဲ့ အတွင်းအား တစ်မျှင် ကိန်းအောင်းနေတာကို ကျွန်တော် တွေ့လိုက်ရတယ်။ ဒါကြောင့်လည်း သူက အသက်ကို ဖက်နဲ့ထုပ်ပြီး ဆက်ရှင်သန်နေနိုင်တာပေါ့...”
“ပြီးတော့... သူ့ရဲ့ အသက်ရှင်ချင်တဲ့ စိတ်ဆန္ဒကလည်း အင်မတန်မှ ပြင်းပြလွန်းတယ်ဗျ...”
“ဟေ... အဲဒါကို ခင်ဗျားက ဘယ်လိုလုပ် သိတာလဲ...”
ဆုမို မျက်နှာဝယ် အံ့အားသင့်ဟန် ရိပ်ခနဲ ထင်သွားသည်။
ဒီလူက ဒီလို စိတ်ပျက်အားငယ်စရာ အခြေအနေမျိုး ဖြစ်နေတာတောင်မှ သူ့ရဲ့ အသက်ရှင်ချင်တဲ့ ဆန္ဒကို ဘယ်လိုများ သိနိုင်မှာလဲ။
“သိုင်းပညာ ကျင့်ကြံသူတွေ အနေနဲ့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို အတွင်းအားတွေနဲ့ ပျိုးထောင်ထားကြတာလေ။ သေလုမျောပါး အခြေအနေကို ရောက်သွားရင်တောင်မှ၊ အတွင်းအားတွေက အပြင်က လာတဲ့ လှုံ့ဆော်မှုတွေကို သဘာဝအလျောက် တုံ့ပြန်တတ်ကြတယ်...”
“ဒါပေမယ့် ခင်ဗျားနဲ့ ကျွန်တော် သူ့ခန္ဓာကိုယ်ထဲကို အတွင်းအားတွေ ပို့လွှတ်လိုက်တဲ့ အချိန်မှာ သူက လုံးဝကို ပြန်လည်ချေပ ခုခံခြင်း မရှိဘူးလေ...”
“တကယ်လို့ သူ့ဆီမှာ စိတ်ပျက်အားငယ်မှု တစ်စက်ကလေးပဲ ရှိနေရင်တောင်မှ အခုလိုမျိုး ချောချောမွေ့မွေ့ ဖြစ်နေမှာ မဟုတ်ဘူးဗျ။ ဒါကို ကြည့်ခြင်းအားဖြင့် သူဟာ တကယ်ပဲ အသက်ရှင်ချင်နေတယ်၊ ခင်ဗျားနဲ့ ကျွန်တော်က သူ့ကို ကယ်တင်နေတယ်ဆိုတာကို သိနေလို့ သူက ဘာမှ မခုခံဘဲ ကျွန်တော်တို့ လုပ်ချင်ရာ လုပ်ဖို့ ခွင့်ပြုထားတာပဲဆိုတာ မြင်နိုင်ပါတယ်...”
သခင်လေးစစ်ထူက ယုံမှားဖွယ်မရှိ ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။
ယခုအချိန်မှာ ၊ သခင်လေးစစ်ထူသည် အစားအသောက်ကိုသာ တပ်မက်တတ်သော သူတစ်ယောက်နှင့် လုံးဝ မတူတော့ပေ။
သူ၏ မျက်လုံးများထဲမှ တောက်ပသော အလင်းရောင်များသည်လည်း ဆုမိုအတွက် တွေ့ရခဲသော အရာ တစ်ခု ဖြစ်နေသည်။
ဆုမိုက သခင်လေးစစ်ထူကို ကြည့်လိုက်ပြီးနောက် မသိမသာပင် သူ၏ ခြေထောက်များကို ငုံ့ကြည့်လိုက်ကာ ခေါင်းကို သာသာလေး ခါယမ်းလိုက်ရင်း မေးလိုက်၏။
“ခင်ဗျားရဲ့ ခြေထောက်တွေက... ပြန်ကောင်းလာနိုင်မယ့် အခွင့်အရေး ရှိသေးရဲ့လားဗျ...”
“...ပြောရခက်တယ်ဗျ”
သခင်လေးစစ်ထူက ထိုမေးခွန်းကို ရှောင်လွှဲခြင်းမရှိဘဲ ခပ်ပြုံးပြုံးဖြင့်ပင် ပြန်ဖြေလိုက်သည်။
“ကျွန်တော် လူမှန်းသိတတ်စကတည်းက ခြေထောက်တွေက ဒီလိုပဲ ဖြစ်နေခဲ့တာပါ။ ဆွေမျိုးစုက သက်ကြီးရွယ်အိုတွေကတော့ အမြဲပြောတတ်ကြတယ်၊ နောင်တစ်ချိန်မှာ မှန်ကန်တဲ့ ကံတရား အခွင့်အရေးနဲ့ ဆုံတွေ့ရင် ကျွန်တော် ပြန်လမ်းလျှောက်နိုင်ကောင်း လမ်းလျှောက်နိုင်လိမ့်မယ်တဲ့...”
“ဒါပေမယ့် အဲဒီ အခွင့်အရေးက ဘယ်မှာ ရှိနေလဲ ဆိုတာကိုတော့... ဘယ်သူမှ မသိကြဘူးလေ...”
“သူတို့က အမြဲပြောကြတယ်၊ အဲဒီအခွင့်အရေးက ဒီလောကကြီးထဲမှာ ရှိနေတယ်တဲ့... ရွှမ်ဟူမျှော်စင် ရဲ့ ဒီမြေသုံးပေ အကျယ်အဝန်းထဲမှာ မရှိတာလေး တစ်ခုပါပဲတဲ့...”
“ဒါကြောင့် ဒီခရီးစဉ်က...”
သူက စကားကို ခေတ္တရပ်လိုက်ပြီး ဆုမိုကို တစ်ချက်ကြည့်ကာ ခေါင်းကို သာသာလေး ခါယမ်းလိုက်ရင်း ဆက်ပြော၏။
“ဒီလောကကြီးကို လှည့်လည်ဖို့အတွက် ကျွန်တော် အပြင်ကို ထွက်လာခဲ့တာပေါ့...”
“အပြင်ရောက်လာပြီးတဲ့နောက်မှာလည်း ကျွန်တော့်မှာ တိကျတဲ့ ပန်းတိုင်ရယ်လို့ မရှိပါဘူးဗျာ... အဲဒီ အခွင့်အရေးကို လိုက်ရှာနေတာမျိုး မဟုတ်ဘဲ၊ လောကကြီးထဲမှာ ခြေဦးတည့်ရာ လျှောက်သွားရင်းနဲ့ ကျွန်တော့်ရဲ့ ကံကြမ္မာက တကယ်ပဲ ဒီလောကကြီးထဲမှာ ရှိနေသလား ဆိုတာကို ကြည့်ချင်ရုံ သက်သက်ပါပဲ...”
သူ၏ စကားများမှာ ရုတ်တရက် အနည်းငယ် ရှေ့နောက်မညီ ဖြစ်နေသကဲ့သို့ ရှိနေသည်။
သို့သော်လည်း ဆုမိုက ခပ်ပြုံးပြုံး လေးဖြင့်ပင် ဆိုလိုက်၏။
“ကံတရား အခွင့်အရေးလို့ ခေါ်ကြတာကလည်း အဲဒါကြောင့်ပဲလေဗျာ... ကိုယ်တိုင် လိုက်လံရှာဖွေနေလို့ ရတာမျိုးမှ မဟုတ်တာ... ရေစက်ပါရင် သူဟာသူ ရောက်လာမှာပါ...”
“တကယ်ပါပဲ...”
သခင်လေးစစ်ထူကလည်း ပြုံးလိုက်သည်။
“ခေါင်းဆောင်ဆုနဲ့ အရင်က သိပ်ပြီး စကားမပြောဖြစ်ခဲ့ပေမယ့်၊ ဒီနေ့ စကားပြောရတာ တကယ်ကို စိတ်လက်ပေါ့ပါးစရာ ကောင်းတယ်ဗျ...”
“ရွှမ်ဟူမျှော်စင်ကနေ ထွက်လာပြီး ကျယ်ပြောလှတဲ့ လောကကြီးကို ငေးကြည့်လိုက်တဲ့ အခါတိုင်း၊ နေရာတိုင်းက အံ့သြစရာတွေချည်းပါပဲ၊ စိတ်ဝင်စားစရာ မကောင်းတဲ့ နေရာရယ်လို့ မရှိဘူး...”
“အဲဒီအထဲမှာ ခေါင်းဆောင်ဆုကတော့ အထူးခြားဆုံးပဲဗျာ...”
“ဟေ...”
ဆုမိုက ခေတ္တမျှ တုံ့ဆိုင်းသွား၏။
“ကျွန်တော်က ဘာလို့ အထူးခြားဆုံး ဖြစ်နေရတာလဲဗျ... သခင်လေးစစ်ထူ၊ ကျေးဇူးပြုပြီး ဖြစ်ပျက်သည့် အကြောင်းများကို ရှင်းလင်းပြောပြပါဦး...”
“အခုတော့ မပြောသေးဘူးဗျာ၊ နောက်မှပဲ ပြောပြတော့မယ်...”
သခင်လေးစစ်ထူက ခေါင်းခါလိုက်လေသည်။
ဆုမိုက မျက်ခုံးတစ်ချက် ပင့်လိုက်မိ၏။
ဒီလူက တကယ်ပဲ လူတွေကို.. စဉ်းစားရအောင် လုပ်ရတာကို သဘောကျနေတာပဲ။
“ခင်ဗျားက ချီစွမ်းအင် လှည့်ပတ်တာကို ဒီလောက်အထိ အတိုင်းအတာတစ်ခုအထိ ရောက်နေပြီကို... အနားယူဖို့ မလိုဘူးလား...”
ဆုမို၏ စကားပြောဆိုမှုတွင် မောပန်းနွမ်းနယ်နေသည့် အရိပ်အယောင် တစ်စက်ကလေးမျှ မရှိသည်ကို မြင်လိုက်ရသဖြင့် သခင်လေးစစ်ထူမှာ မှင်သက်သွားတော့သည်။
ဆုမိုက ခေါင်းခါလိုက်သော်လည်း သခင်လေးစစ်ထူကတော့ မသိရှာပေ။
(၁၂) ဆင့် ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ် ဆိုသည်မှာ သာမန် မဟုတ်ပေ။ အထွတ်အထိပ် အောင်မြင်မှုသို့ ရောက်သွားပါက ရက်ပေါင်း (၅၀၀) တိုင်အောင် အစာမစား၊ အိပ်စက်ခြင်း မရှိဘဲ နေနိုင်စွမ်း ရှိပေသည်။
ဆုမိုကိုယ်တိုင် ၎င်းကို မစမ်းသပ်ကြည့်ရသေးသော်လည်း၊ သူ၏ ခန္ဓာကိုယ်နှင့် အတွင်းအားများမှာ အထွတ်အထိပ်တွင် ရှိနေပြီး မောပန်းမှု အရိပ်အယောင် လုံးဝ မပြသေးချေ။
ထိုသို့ တွေးတောနေစဉ်မှာပင် အခန်းအပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာပြီး၊ ဝေဇီယီသည် သစ်သားဗန်းတစ်ခုကို ကိုင်ဆောင်လျက် ဝင်ရောက်လာ၏။
“စားစရာ တစ်ခုခု စားကြပါဦး...”
သူမက တောသစ်သီး တစ်လုံးကို ကိုင်ကာ ကိုက်စားနေသည်။
“အဲဒါ ဘယ်ကရလာတာလဲ...”
ဆုမိုက မေးလိုက်၏။
“တောင်ပေါ်က ခူးလာတာလေ... ဟိုကလေးတွေက ကျေးဇူးတင်တဲ့ အနေနဲ့ ပေးလိုက်တာ...”
ဝေဇီယီက ခပ်ပြုံးပြုံး လေးဖြင့် ဆိုလိုက်သည်။
“တော်တော်လေး ချဉ်ပေမယ့်... ကျွန်မအတွက်တော့ ချိုမြိန်နေသလိုပဲ...”
သခင်လေးစစ်ထူက ထိုသစ်သီးကို တစ်ချက်ကြည့်လိုက်ပြီး အနံ့ခံလိုက်ကာ...
“နည်းနည်းပဲ စားနော်၊ သစ်သီးက မမှည့်သေးဘူး။ အများကြီး စားရင်... ဝမ်းလျှောတတ်တယ်...”
“...”
ဝေဇီယီသည် ရုတ်တရက် သူမ၏ လက်ထဲမှ သစ်သီးမှာ ထင်ထားသလောက် မချိုမြိန်တော့သကဲ့သို့ ခံစားလိုက်ရသည်။
သူမသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ဗန်းကို ချထားလိုက်ကာ မေးလိုက်၏။
“အချိန် ဘယ်လောက်ကြာဦးမှာလဲ...”
“တစ်ညလုံး ချီစွမ်းအင် လှည့်ပတ်ပေးလိုက်ရင် သူ့ခန္ဓာကိုယ် တစ်ခုလုံးက သွေးကြောတွေကို ဖွင့်ပေးဖို့ လုံလောက်လောက်ပါပြီ...”
ဆုမိုက သခင်လေးစစ်ထူကို တစ်ချက်ကြည့်လိုက်ပြီး... “ဒါပေမယ့် သူ့ရဲ့ သွေးကြောတွေကို ရှင်းလင်းလိုက်ရုံနဲ့တင် သူ့ကို ကုသဖို့ လုံလောက်ပါ့မလား ဆိုတာကတော့ ဘယ်သူမှ မပြောနိုင်ဘူးလေ...”
“ဒါက ပထမအဆင့်ပဲ ရှိပါသေးတယ်...”
သခင်လေးစစ်ထူက ခေါင်းခါလိုက်၏။
“သူ့ခန္ဓာကိုယ်ထဲက သူစိမ်း ချီစွမ်းအင် တွေကို မောင်းထုတ်ပြီးရင် တခြား ဒဏ်ရာတွေကို ကုသဖို့ ရှိသေးတယ်။ ပြင်ပဒဏ်ရာတွေကတော့ ကုသဖို့ လွယ်ကူပေမယ့်... ကိုယ်တွင်း အင်္ဂါတွေနဲ့ သွေးကြောတွေ ထိခိုက်ထားတာကိုတော့ တဖြည်းဖြည်းချင်းပဲ ပြန်လည် ထူထောင်ယူရမှာပါ။ မြန်မြန်ဆန်ဆန် ပြန်လည်ကောင်းမွန်လာဖို့ ဆိုရင် နေ့စဉ်ရက်ဆက် အပ်စိုက်ကုသရမယ်၊ ဆေးသောက်ရမယ်၊ ပြီးတော့ သူ့ရဲ့ အတွင်းအားနဲ့ပါ ပေါင်းစပ်ပြီး အထဲကနေ အပြင်ကို ကုသပေးရမှာပါ...”
“သူ့ခန္ဓာကိုယ်ထဲက သူစိမ်း ချီစွမ်းအင်တွေကို ဖယ်ရှားပြီးတဲ့နောက် ကျွန်တော်က အပ်စိုက်ကုသမယ်၊ သူ့ရဲ့ အတွင်းအားကို လှုံ့ဆော်ပေးမယ်၊ ဆေးစွမ်းပြဖို့ ကူညီပေးမယ် ဆိုရင်တော့... ဆယ်ရက်အတွင်းမှာ သူ သတိပြန်ရလာဖို့ များပါတယ်ဗျာ...”
“...”
ထိုစဉ်၊ ဆုမိုသည် ဝေဇီယီဘက်သို့ လှည့်ကြည့်လိုက်၏။
ဝေဇီယီက မျက်ခုံးများ ပင့်လိုက်ရင်း... မေးခွန်း ထုတ်လိုက်သည်။
“သူ့ကို ဒီလိုဖြစ်အောင် ဘယ်သူကများ လုပ်ရက်ခဲ့တာလဲရှင်...”
သခင်လေးစစ်ထူက ခေါင်းခါလိုက်၏။
“သူ့ဒဏ်ရာတွေကို ကြည့်ပြီး ဒါကို ဘယ်သူ လုပ်သွားသလဲဆိုတာ ခန့်မှန်းရ ခက်တယ်ဗျ။ သူ့မှာ ဒဏ်ရာတွေ အများကြီး ရှိနေပေမယ့်... ဒဏ်ရာ ရထားတဲ့ နေရာတွေနဲ့ ထောင့်တွေကို ကြည့်ရရင်တော့ တိုက်ခိုက်သွားတဲ့သူရဲ့ သိုင်းပညာ အဆင့်အတန်းက သိပ်မြင့်ပုံ မရဘူး...”
“ဒါပေမယ့် အတွင်းဒဏ်ရာတွေကတော့ အရမ်း ပြင်းထန်နေတယ်။ ဒါကြောင့် ကျွန်တော် သံသယရှိတာက... ဒီလူဟာ အရင်ဆုံး အတွင်းအား မြင့်မားတဲ့သူ တစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရပြီးမှ ထွက်ပြေးလွတ်မြောက်လာခဲ့တာ ဖြစ်ရမယ်...”
“အဲဒီနောက်မှာမှ ဓားကိုင်ထားတဲ့ ရန်သူတချို့နဲ့ ပြန်ဆုံပြီး... သူတို့က သူ့ရဲ့ ပြင်းထန်တဲ့ ဒဏ်ရာတွေကို အခွင့်ကောင်းယူပြီးတော့ သူ့အသက်ကို အဆုံးသတ်ဖို့ .. ကြိုးစားခဲ့ကြတာပေါ့...”
“အကွေ့အကောက်ပေါင်းစုံကို ဖြတ်ကျော်ပြီးမှ နောက်ဆုံးမှာ ခေါင်းဆောင်ကြီးရဲ့ ကယ်တင်မှုကို ခံလိုက်ရတာ ဖြစ်ပါလိမ့်မယ်ဗျာ…”
အခန်း (၄၀၄) - သတင်းစကား လာပို့ခြင်း (အပိုင်း ၃)
~“တကယ့်ကို ကြမ်းတမ်းတဲ့ ဘဝပါပဲ...”
ဝေဇီယီက သူမ၏ နှုတ်ခမ်းလေးကို တွန့်လိုက်ရင်း ဆိုလိုက်၏။ “ဒါပေမယ့် ဒီလူက ဘယ်ကနေ ရောက်လာမှန်းမှ မသိတာနော်...”
“သူ သတိရလာတဲ့ အချိန်ကျမှပဲ မေးကြည့်ရတော့မှာပေါ့လေ...”
ဆုမိုက သက်ပြင်းတစ်ချက်ကို ခပ်လေးလေး ချလိုက်ပြီးနောက် ဝေဇီယီဘက်သို့ လှည့်ကာ မေးလိုက်သည်။ “အပြင်ဘက်မှာ အခြေအနေတွေ ဘယ်လိုရှိလဲ...”
“ဟူဆန်းတောက်ကတော့ ကောင်းကောင်းမွန်မွန် စားသောက်ပြီးသွားပြီမို့... သူ့ရဲ့ အနောက်ဘက်နယ်စပ်က အတွေ့အကြုံတွေကို လူတိုင်းကို.. ဖောက်သည်ချနေတော့တာပဲ...”
“လှည့်စားမှုတွေ၊ နောက်ကွယ်ကနေ ချောင်းမြောင်းတိုက်ခိုက်မှုတွေ၊ ဓားချင်းယှဉ်တဲ့ တိုက်ပွဲတွေနဲ့ပေါ့လေ... တကယ့်ကို ရင်မောရတဲ့ ဘဝကြီးပါပဲ...”
“အင်...”
ဆုမို အံ့အားသင့်သွားရသည်။
“လှည့်စားမှုတွေ၊ ချောင်းမြောင်းတိုက်ခိုက်မှုတွေ ဟုတ်လား...”
“အို... ဟူဆန်းတောက်အတွက်ကတော့ အဲဒါတွေက ဓားချင်းယှဉ်တဲ့ တိုက်ပွဲတွေ သက်သက်ပါပဲ... ဒါပေမယ့် လှည့်စားမှုတွေ၊ ချောင်းမြောင်းတိုက်ခိုက်မှုတွေ ဆိုတာက သူ့ရဲ့ ဇာတ်ကြောင်းကို နားထောင်ရင်းနဲ့ ငါ့ဘာသာ ကြားညှပ်ပြီး ကောက်ချက်ချလိုက်တာပါ...”
“သူက တော်တော်လေးတော့ ဟန်ကျတဲ့ သူပဲ...”
ဝေဇီယီက ‘ခပ်ပြုံးပြုံး’ လေးဖြင့် ဆက်ပြောလေသည်။
“အနောက်ဘက်နယ်စပ်ရဲ့ အခြေအနေက အတော်လေး ရှုပ်ထွေးတယ်လေ... ဝူရှန်းခန်းမက အနောက်ဘက်မှာ အခြေချချင်တဲ့ သူတွေအတွက် အဲဒီနေရာကို အုပ်စိုးဖို့ ရည်ရွယ်ထားပုံ ရတယ်။ အဲဒီမှာက လူအမျိုးအစား စုံလင်လှတယ်... တုန်းချန်က လူတွေကို စော်ကားမိလို့ အသက်ကို ဖက်နဲ့ထုပ်ပြီး အနောက်ဘက်နယ်စပ်မှာ သွားရောက် ပုန်းအောင်းနေရတဲ့ လူတွေတောင် ပါသေးတယ်...”
“အဲဒီလို ကြားညှပ်နေတဲ့ အခြေအနေမှာ... ဟူဆန်းတောက်ဟာ တခြားသူတွေရဲ့ အမြောက်စာ အဖြစ် အကြိမ်ကြိမ် အသုံးချခံခဲ့ရပေမယ့်... သူကိုယ်တိုင်ကတော့ ဘာမှန်းတောင် မသိခဲ့ဘူးလေ...”
“ကံကောင်းတာက သူ့ရဲ့ ဓားသိုင်း (၃) ကွက်က နည်းနည်းပါးပါး အသုံးဝင်နေလို့သာ... ဘယ်သူကမှ သူ့အသက်ကို ‘ယတိပြတ်’ ရန်မရှာခဲ့ကြတာပေါ့...”
ဆုမိုသည် တစ်ခဏမျှ စကားလုံးများ ပျောက်ရှသွားပြီးမှ... ဓားပြစခန်းထဲရှိ အသက်ကြီးရွယ်အိုများနှင့် အမျိုးသမီး၊ ကလေးငယ်များကို မည်သို့ နေရာချထားပေးမည်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ ဝေဇီယီနှင့် တိုင်ပင်ဆွေးနွေးလိုက်၏။
သူ စောစောက တွေးတောထားခဲ့သော အကြံအစည်များကိုလည်း ထပ်မံ၍ ပြောပြလိုက်သည်။
“ဟူဆန်းတောက်.. သူ ဒီကိုလာတဲ့ လမ်းခရီးက တောင်ကြားတစ်ခုမှာ ဒီလူကို ကယ်တင်ခဲ့တယ်လို့ အစောက ပြောခဲ့တယ် မဟုတ်လား...”
ဝေဇီယီသည် ခုတင်ပေါ်တွင် ပတ်တီးများဖြင့် ရစ်ပတ်ထားသော လူမမာကို တစ်ချက် ‘မမှိတ်မသုန်ကြည့်’ လိုက်ရင်း...
“အဲဒီနေရာမှာ လူတစ်ယောက်ကို ကယ်တင်ခဲ့တယ် ဆိုကတည်းက... အဲဒီပတ်ဝန်းကျင်က သိပ်ပြီး လုံခြုံမှု မရှိလောက်တော့ဘူး။ လူသူကင်းမဲ့တဲ့ နေရာမှာ ပုန်းအောင်းနေတာထက် စာရင် ဝေးဝေးကို သွားတာက ပိုကောင်းမယ်နော်...”
“သူတို့ကို အနီးအနားက မြို့တွေမှာ အနားယူခိုင်းထားပြီး..ငါတို့ အပြန်ကျမှပဲ သူတို့ကို ခေါ်သွားကြမလား...”
“ဒါလည်း မဆိုးပါဘူး...”
ဆုမိုက ခေါင်းညိတ်လိုက်၏။
“ဒီကနေ နောက်ထပ် ရပ်နားရမယ့် နေရာက နေ့ဝက်ခရီးလောက် သွားရမှာ... တကယ်လို့ သူတို့ကိုပါ ခေါ်သွားမယ် ဆိုရင်တော့ အနည်းဆုံး (၂) ရက်လောက် ကြာသွားလိမ့်မယ်...”
“ဘာပဲဖြစ်ဖြစ် ဒီအစီအစဉ်အတိုင်းပဲ လုပ်ကြတာပေါ့။ ဒီညပဲ သူတို့ကို ပစ္စည်းတွေ သိမ်းခိုင်းထားလိုက်၊ မနက်ဖြန် စောစော ထွက်ကြမယ်...”
“ပြီးတော့ ဒီလူကိုပါ တစ်ပါတည်း ခေါ်သွားကြတာပေါ့... တကယ်လို့ သခင်လေးစစ်ထူရဲ့ ဆေးပညာသာ မရှိခဲ့ရင် ဒီလူက သေချာပေါက် အသက် သေသွားလောက်ပြီ...”
“လူတစ်ယောက်ကို ကယ်တင်ပြီဆိုမှတော့ အဆုံးတိုင်အောင် ကယ်တင်ရမှာပေါ့... လမ်းတစ်ဝက်မှာ ပစ်ထားခဲ့ပြီး အသေခံခိုင်းတာထက်စာရင် အဆုံးထိ ခေါ်သွားတာက ပိုကောင်းပါတယ်...”
ဝေဇီယီလည်း.. ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆို နင် လုပ်စရာရှိတာ ဆက်လုပ်ပါ... ငါလည်း သွားပြီး စီစဉ်လိုက်ဦးမယ်...”
ဝေဇီယီ ထွက်ခွာသွားသည်ကို ကြည့်ရင်း သခင်လေးစစ်ထူက သက်ပြင်းတစ်ချက် ချလိုက်၏။
“သခင်မလေးဝေက ဆုံးဖြတ်ချက်ကို ‘ယတိပြတ်’ ချနိုင်ပြီး အလုပ်လုပ်တာ တကယ်ကို သွက်လက်တယ်... တကယ်ကို အားကျစရာ ကောင်းလွန်းပါတယ်ဗျာ...”
“အားကျတယ် ဟုတ်လား...”
ဆုမို ‘ဇဝေဇဝါ’ ဖြစ်သွားရသည်။ သခင်လေးစစ်ထူ အသုံးပြုလိုက်သော စကားလုံးမှာ တစ်မျိုးကြီး ဖြစ်နေသည်ဟု သူ ခံစားလိုက်ရ၏။
သူ မနေနိုင်ဘဲ ထပ်မံ၍ မေးကြည့်မိပါသည်။
“ဘာကို ဆိုလိုတာလဲဗျ...”
“ဟင်...”
သခင်လေးစစ်ထူက မျက်တောင်များ ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ သူ စကားမှားသွားမှန်း ရိပ်မိသွားဟန်ဖြင့် ‘ကပျာကယာ’ စကားလွှဲလိုက်၏။
“ဘာ... ဘာမှ မဟုတ်ပါဘူး... ဒါနဲ့ အစ်မ လေးယောက် ဘယ်ရောက်သွားလဲ...”
အပြင်ဘက်တွင် ရပ်နေသော မိန်းမပျို လေးဦးသည် ချက်ချင်းပင် အခန်းထဲသို့ ဝင်လာကြသည်။ “သခင်လေး...”
“...အင်း... ငါ့ကို အပြင် ခဏလောက် ခေါ်သွားပေးပါဦး...”
သခင်လေးစစ်ထူက လက်နှစ်ဖက်ကို ပူး၍ ဆုမိုကို ဂါရဝပြုလိုက်၏။
“ခဏလောက် ခွင့်ပြုပါဦး ခေါင်းဆောင်ဆု...”
“ရပါတယ်... သွားပါဗျာ...”
ဆုမိုက လက်ဝှေ့ယမ်းပြလိုက်သည်။
အခုတော့ သူ နားလည်သွားခဲ့၏။
သခင်လေးစစ်ထူသည် မွေးရာပါ လမ်းမလျှောက်နိုင်သူ ဖြစ်ပြီး ယင်(၃)ပါး နှင့် ယန်(၃)ပါး သွေးကြောများ အားလုံး ပျက်စီးနေခဲ့သည် မဟုတ်ပါလား။
‘‘ဒီမိန်းမပျို လေးဦးက သူ့ကို ကာကွယ်ပေးဖို့နဲ့ ပြုစုစောင့်ရှောက်ပေးဖို့ အနားမှာ ရှိနေကြတာပဲ။
ဒါပေမယ့် ဒီသခင်လေးကို ပြုစုဖို့ ဘာလို့ မိန်းကလေး လေးယောက်တောင် လိုအပ်နေရတာလဲ။
ပုံမှန်ဆို.. ယောကျ်ားလေးနဲ့ မိန်းကလေး ဆိုတာ နယ်နိမိတ်ခြားထားရတာလေ... တစ်ခါတလေကျရင် တော်တော်လေး အဆင်မပြေ ဖြစ်နိုင်တာပေါ့။
တကယ်လို့ ဒီမိန်းကလေးတွေက အစေခံတွေ သက်သက် ဆိုရင်တော့ တစ်မျိုးပေါ့... ဒါပေမယ့် သူတို့ရဲ့ ဆက်ဆံရေးက အဲဒီထက် အများကြီး ပိုပြီး နက်ရှိုင်းရှုပ်ထွေးနေပုံ ပါပဲ’
သခင်လေးစစ်ထူနှင့် ပတ်သက်ပြီး သူ သိထားတာတွေ အရမ်း နည်းလွန်းနေသေးသည်ဟု ဆုမို ခံစားလိုက်ရသည်။
သူ့ကို ယုံကြည်ခဲ့တာကလည်း ယန်ရီဇီ ကိုယ်တိုင်က သူတို့ကို ‘တည်ကြည်လေးနက်’ စွာ ယုံကြည်ခဲ့၍သာ ဖြစ်၏။
မဟုတ်လျှင် ဆုမိုသည် သူ့ကို အာမခံခရီးစဉ်တွင် လုံးဝ ပါဝင်ခွင့်ပြုခဲ့မည် မဟုတ်ချေ။
သို့သော် ယန်ရီဇီ အကြောင်းကို တွေးမိလိုက်သည့်အခါ ဆုမိုသည် ထပ်မံ၍ သက်ပြင်းချလိုက်မိပြန်သည်။
ချန်ဖုန်းတောင်ကြားတွင် လမ်းခွဲခဲ့ကြပြီးကတည်းက အချိန်ကာလ အတော်အတန် ကြာမြင့်ခဲ့ပြီ ဖြစ်၏။
သို့သော်လည်း ယခုအချိန်အထိ ယန်ရီဇီ ထံမှ သတင်းအစအန တစ်ခုမျှ မကြားရသေးသဖြင့် အတော်လေး စိတ်ပူစရာ ကောင်းနေတော့၏။
...
...
လော့ရှားမြို့ ၊ ဇီယန် အာမခံဌာန..
ဤအချိန်တွင် ညဉ့်သည် အတော်လေး နက်ရှိုင်းနေခဲ့ပြီ ဖြစ်သည်။
ဇီယန် အာမခံဌာန တစ်ခုလုံးသည် ငြိမ်သက်တိတ်ဆိတ်မှုထဲသို့ နစ်မြုပ်နေသည်မှာ ကြာပြီ ဖြစ်၏။
ရုတ်တရက်... အမိုးပေါ်တွင် လူရိပ်တစ်ခုက ကြောင်တစ်ကောင်ပမာ ‘ကိုယ်ဖော့ပညာ’ ဖြင့် ဖြတ်ပြေးသွားပြီး ပင်မခန်းမဆောင်၏ အမိုးပေါ်တွင် ရပ်တန့်လိုက်သည်။
အမည်းရောင် မျက်နှာဖုံး အောက်မှ မျက်လုံးတစ်စုံသည် အာမခံဌာန အတွင်းသို့ စူးစမ်းရှာဖွေနေ၏။
ခေတ္တမျှ အကဲခတ်ပြီးနောက် ထိုလူရိပ်သည် လေထဲသို့ နောက်တစ်ကြိမ် ‘အရိပ်တခု ပျံတက်’ သွားပြီး နောက်ဆုံးတွင် ခြံဝင်းတစ်ခု၏ အရှေ့၌ ဆင်းသက်လိုက်လေသည်။
ဇီယန် အာမခံဌာနရှိ အဆောက်အအုံတိုင်းသည် စင်္ကြံလမ်းမှ မီးအိမ်များနှင့် ပင်မခန်းမဆောင် အပြင်ဘက်ရှိ မီးအိမ်များမှလွဲ၍ အားလုံး မီးငြိမ်းနေကြပြီ ဖြစ်သည်။
အခန်းတစ်ခန်းတည်းမှာသာ ပြတင်းပေါက်ပေါ်တွင် ဖယောင်းတိုင်မီးရောင်က ‘ဓားရောင်တစ်ချက်ဝင်းလက်’ သကဲ့သို့ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသေး၏။
ထိုလူသည် ခြေဖျားထောက်ကာ ပြတင်းပေါက် အနားသို့ ‘မသိမသာ’ ချဉ်းကပ်သွားပြီး မျက်နှာဖုံးကို အနည်းငယ် မကာ လက်ချောင်းကို တံတွေးဆွတ်၍ ပြတင်းပေါက် စက္ကူကို ဖောက်ရန် ပြင်လိုက်သည်။
နောက်တစ်စက္ကန့်မှာပင်... သူ၏ နောက်ကျောဘက်မှ ပြင်းထန်လှသော ဖိအားကြီးတစ်ခု ‘အဟုန်ပြင်းစွာ’ ရောက်ရှိလာသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။
ချာခနဲ လှည့်ကြည့်လိုက်သည့်အခါ... ဝဝတုတ်တုတ်နှင့် ခန္ဓာကိုယ် ကြီးမားလှသော လူတစ်ယောက်က သူ့ကို စူးစူးရဲရဲ စိုကါယ်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ဝတ်စုံနက်နှင့် လူသည် အံ့အားသင့်သွားပြီး လွတ်မြောက်ရန်.. ရုန်းကန်လိုက်၏။
သို့သော် ရှောင်ရှောင် က သူ့ကို အလွယ်တကူ ထွက်ပြေးခွင့် ပေးပါမည်လား။
ရှောင်ရှောင်က တခစ်ခစ် ရယ်မောလိုက်ပြီး လက်ကို ဝှေ့ယမ်းကာ ထိုလူ၏ လက်မောင်းတစ်ဖက်ကို ဖမ်းဆုပ်လိုက်သည်။
သို့သော် မထင်မှတ်ဘဲ သူမ ဖမ်းဆုပ်လိုက်ချိန်တွင် ထိုလူ၏ လက်မောင်းမှာ ချောကျိကျိ ငါးရှဉ့်တစ်ကောင်ပမာ လျှောထွက်သွားပြီး ရှောင်ရှောင်၏ လက်ထဲမှ အလွယ်တကူ လွတ်မြောက်သွားတော့၏။
ချက်ချင်းဆိုသလိုပင် ထိုလူရိပ်သည် နှစ်ချက်ခန့် ‘ခုန်ပျံ’ လိုက်ပြီး အမိုးပေါ်သို့ ပြန်ရောက်သွားကာ လက်ကို ဆန့်ထုတ်လိုက်ရင်း...
“နေဦး..”
“ဘာဖြစ်လို့လဲ...”
ရှောင်ရှောင်က မေးလိုက်ပြီး အနည်းငယ် စိတ်တိုသွားဟန်ဖြင့်
“မင်း အောက်ဆင်းခဲ့စမ်း...”
“...ကျွန်တော် မဆင်းဘူး”
ထိုလူက ခေါင်းခါလိုက်၏။
“ကျွန်တော်က ညဘက်ကြီး လာတာ ရန်သူ မဟုတ်ပါဘူး... ခေါင်းဆောင်ဆုကို လာရှာတာပါ... ဒါနဲ့ ခင်ဗျားက ဘယ်သူလဲ...”
“မင်းက ခေါင်းဆောင်ကြီးကို လာရှာတာ ဟုတ်လား...”
ရှောင်ရှောင် အံ့အားသင့်သွားသည။
“ဒါဆိုရင် ဘာလို့ နေ့ခင်းကြောင်တောင် မလာဘဲ... ညဘက်ကြီး ခိုးကြောင်ခိုးဝှက် လာရတာလဲ...”
“...ခေါင်းဆောင်ဆုက တောပုန်းဓားပြ ဖြစ်သွားပြီလား...”
အမိုးပေါ်က လူမှာ ပို၍ပင် ‘ရုတ်တရက် ငိုင်’ သွားရသည်။
“ဒါက ဘယ်တုန်းက ဖြစ်သွားတာလဲ...”
အမိုးပေါ်က လူနှင့် ခြံဝင်းထဲက လူ... နှစ်ယောက်သား၏ စကားပြောဆိုမှုမှာ လုံးဝကို လမ်းကြောင်း လွဲချော်နေကြတော့သည်။
ထိုအချိန်မှာပင် အခန်းတွင်းမှ ‘ချိုလွင်သောအသံ’ တစ်ခု ထွက်ပေါ်လာလေသည်။
“‘နှင်းပျံတွေကြားက လွင့်ဝဲလာတဲ့ ငန်းရိုင်းအရိပ်’ လို့ နာမည်ကျော်တဲ့ ကျင်းဟုန်ဖေးရွှယ် ရောက်လာတာလား...”
“ရှောင်ရှောင်... ရိုင်းရိုင်းစိုင်းစိုင်း မလုပ်နဲ့...”
“နားလည်ပါပြီ ဒုတိယ ခေါင်းဆောင်...”
ရှောင်ရှောင်က ပြန်လည်ဖြေကြားပြီးနောက် နံရံဘေးသို့ ‘ကိုယ်ကိုယိမ်းနွဲ့ကာ’ ကပ်ရပ်နေလိုက်၏။
ကျွီခနဲ မြည်သံနှင့်အတူ တံခါးပွင့်သွားပြီး... ‘အထက်တန်းကျ၍ လှပချောမော’ သော ယန်ရှောင်ယွင် အပြင်သို့ ထွက်လာကာ ခေါင်းကို မော့ပြီး အမိုးပေါ်သို့ ကြည့်လိုက်သည်။
“သန်းခေါင်ယံကြီး... ‘ကျင်းဟုန်ဖေးရွှယ်’ က ဘာကိစ္စ ရှိလို့ ဒီကို ရောက်လာရတာလဲ မသိဘူးနော်...”
“သတင်းစကား တစ်ခု လာပို့တာပါ…”
အခန်း (၄၀၅) - တောင်ဘက်သို့ လွင့်ဝဲသွားသော အရိပ် တစ်ရိပ်
~ရွှီလု၏ ရည်ရွယ်ချက်မှာ ရှင်းလင်းပြတ်သားလှပေသည်။
ယန်ရှောင်ယွင် တစ်ခဏမျှ ရုတ်တရက် ငိုင် သွားပြီးမှ မေးလိုက်၏။
“သတင်းစကား လာပို့တာ ဟုတ်လား...”
“မှန်ပါတယ်...”
ရွှီလုက ခေါင်းညိတ်လိုက်သည်။
“ခေါင်းဆောင်ဆု အာမခံဌာနထဲမှာ ရှိနေမလားဗျ...”
“သူရဲကောင်းရွှီ... အချိန်ကိုက် မဖြစ်သွားဘူးပဲ။ ကျွန်မတို့ ခေါင်းဆောင်က ကိစ္စတစ်ခုနဲ့ အပြင်ထွက်သွားလို့ အခုလောလောဆယ် ဒီမှာ မရှိဘူးရှင့်...”
ယန်ရှောင်ယွင်က ဤအချက်ကို .. မဖုံးကွယ်ထားဘဲ ပွင့်ပွင့်လင်းလင်းပင် ဖွင့်ဟဝန်ခံ လိုက်၏။
ရွှီလုမျက်နှာဝယ် အံ့အားသင့်ဟန် ရိပ်ခနဲ ထင်သွားသည်။ ပြီးနောက် ကပျာကယာ မေးလိုက်သည်။
“ဒါဆို ဒုတိယ ခေါင်းဆောင်ယန် အနေနဲ့ ခေါင်းဆောင်ဆု ဘယ်မှာရှိနေလဲဆိုတာ သိနိုင်မလားဗျ...”
“ဒါကတော့...”
ယန်ရှောင်ယွင်က ခပ်ပြုံးပြုံး လေးဖြင့် ပြန်မေးလိုက်၏။
“သူရဲကောင်းရွှီက ဘယ်သူ့ကိုယ်စား သတင်းစကား လာပို့တာလဲ ဆိုတာကို အရင် သိခွင့်ရမလားနော်...”
“...”
ရွှီလု ခေတ္တမျှ စဉ်းစား လိုက်ပြီး ကျန်းရှောင်ရှောင်ကို တစ်ချက် ကြည့်လိုက်သည်။
“ရပါတယ်...”
ယန်ရှောင်ယွင်က ဆိုလိုက်၏။
“ရှောင်ရှောင်က ဖြောင့်မတ်တဲ့ စိတ်ထားရှိသူပါ။ ကျွန်မတို့ ခေါင်းဆောင်ကလည်း သူ့ဆီကနေ ဘာကိုမှ လျှို့ဝှက်ထားလေ့ မရှိပါဘူး။ လွတ်လွတ်လပ်လပ်သာ ပြောပါ...”
သို့သော်လည်း ရွှီလုမှာ တုံ့ဆိုင်းနေဆဲ ဖြစ်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကာ အမိုးပေါ်မှနေ၍ မြေပြင်သို့ လွှားခနဲ ခုန်ဆင်းလိုက်သည်။ ထို့နောက် သူက လေသံကို နှိမ့်ကာ လေးလေးနက်နက် တောင်းဆိုလိုက်၏။
“ကျွန်တော် သီးသန့် စကားနည်းနည်းလောက် ပြောခွင့်ရမလားဗျ...”
“ဟင်...”
ယန်ရှောင်ယွင်၏.. မျက်ခုံးးတန်းလေးများ မသိမသာ ပင့်တက်သွားသည်။
ရွှီလုက သတင်းစကား လာပို့သည်ဟု ပြောကတည်းက ယန်ရှောင်ယွင်၏ စိတ်ထဲတွင် သံသယများ ဝင်ရောက်နေခဲ့ပြီ ဖြစ်သည်။
ဆုမိုသည် လမ်းငါးသွယ်ဆုံရပ် မှ ပြန်ရောက်လာပြီး ရွှီလုနှင့် တွေ့ဆုံခဲ့ချိန်မှစ၍ သူမထံမှ မည်သည့်အရာကိုမျှ မဖုံးကွယ်ထားခဲ့ပေ။ နောက်ပိုင်း အာမခံဌာန၏ ညစာစားပွဲတွင် ဆုမို ကိုယ်တိုင် ရွှီလုနှင့် တွေ့ဆုံခဲ့သည့် ကိစ္စရပ်များ အားလုံးကိုလည်း ယန်ရှောင်ယွင်က အကုန်သိထားပြီး ဖြစ်ပေသည်။
ထို့ကြောင့် ရွှီလုသည် ဆုမို၏ စီစဉ်ထားသော လှည့်ကွက်တစ်ခုထဲမှ နယ်ရုပ်တစ်ခု ဖြစ်ကြောင်းကို ယန်ရှောင်ယွင် ကောင်းစွာ နားလည်ထား၏။ သူ၏ ရည်ရွယ်ချက်မှာ ရွှီလုကို အသုံးပြု၍ သုံးပါးအစွန်းရောက် ဂိုဏ်း ၏ နောက်ကွယ်မှ လှုပ်ရှားမှုများကို သည်းသည်းမည်းမည်း ခြေရာခံလိုက်ရန် သက်သက်သာ ဖြစ်ပေသည်။
သို့သော်လည်း လက်ရှိအခြေအနေအရ သုံးပါး အစွန်းရောက်ဂိုဏ်း၏ မြေကြီး ဂိုဏ်းချုပ် မှာ ဆုမိုနှင့် သိုင်းတစ်ကွက် ယှဉ်ပြိုင်ပြီးနောက် သေမတတ် ဒဏ်ရာရကာ သေခြင်းအငွေ့အသက် များ လွှမ်းခြုံနေပြီ ဖြစ်ရာ အသက်ရှင်နိုင်ရန် အခွင့်အရေး မရှိသလောက်ပင်။
သုံးပါးအစွန်းရောက် ဂိုဏ်း၏ ဆေးခန်းမှ သူ့ကို မြေမြှုပ်သင်္ဂြိုဟ်ပြီးလောက်ပြီဟုပင် ယုံမှားဖွယ်မရှိ ခန့်မှန်းရသည်။ ကျန်ရှိနေသေးသော ကောင်းကင်နှင့် လူသား ဂိုဏ်းများကတော့ တခြားကိစ္စ တစ်ခုပေါ့။
ရွှီလု၏ စုံစမ်းမှုများမှ ဘာရလဒ်ပဲ ထွက်လာသည်ဖြစ်စေ၊ သူ ရုတ်တရက်ကြီး ပေါ်လာပြီး ဆုမိုကို သီးသန့် သတင်းစကား လာပို့သည် ဆိုခြင်းက ယန်ရှောင်ယွင်ကို အနည်းငယ်တော့ ဇဝေဇဝါ ဖြစ်စေခဲ့သည်။
ထို့ကြောင့် ဆုမို၏ သွားရာလမ်းကြောင်းကို ပြောပြရန် ယန်ရှောင်ယွင်က ယတိပြတ် မဆုံးဖြတ် နိုင်ခဲ့ခြင်း ဖြစ်၏။
တစ်ဖက်တွင်လည်း ဆုမိုသည် လျှို့ဝှက် အာမခံခရီးစဉ်တစ်ခုကို ထွက်ခွာသွားခြင်း ဖြစ်ရာ၊ သူ၏ လမ်းကြောင်းကို ပေါ့ပေါ့ဆဆ ဖွင့်ဟလိုက်မိပါက ဆုမိုအတွက် အန္တရာယ်တစ်ခုခု ကျရောက်သွားနိုင်ပေသည်။
အခြား တစ်ဖက်တွင်မူ ရွှီလု၏ ရောက်ရှိလာမှုက ထူးဆန်းနေပြီး သူ၏ ရည်ရွယ်ချက်ကို သေချာ မသိရဘဲ ဆုမိုကို သွားရှာခိုင်းလိုက်လျှင် မထင်မှတ်ထားသော အဖြစ်အပျက်များ ဖြစ်လာနိုင်သည် မဟုတ်ပါလော။
'ဆုမိုရဲ့ အတွင်းအားနဲ့ သိုင်းပညာ က ပြိုင်ဘက်ကင်းသလောက် ဖြစ်နေပြီမို့ သူ့ရဲ့ ဘေးကင်းရေးအတွက် ငါ စိုးရိမ်စရာ မလိုပါဘူးလေ... ဒါပေမယ့် သူနဲ့ ပတ်သက်လာရင်တော့ ဆံခြည်တစ်မျှင်စာလောက်လေးတောင် အန္တရာယ် ဖြစ်သွားမှာကို ငါ အဖြစ်မခံနိုင်ဘူး...'
သူမ၏ ရင်တွင်းအတွေးများက ဆုမိုအပေါ် သံယောဇဉ်တွယ်လာ မှုများကို အထင်းသား ဖော်ပြနေတော့သည်။
ဤအချိန်တွင် ရွှီလုက ရုတ်တရက် သီးသန့် စကားပြောရန် တောင်းဆိုလာပြန်ရာ...
ယန်ရှောင်ယွင်သည် ခေတ္တမျှ အတွေးနက်နေ ပြီးနောက် နောက်ဆုံးတွင် ခေါင်းကို သာသာလေး ညိတ်လိုက်၏။
“စာကြည့်ခန်းထဲမှာ သွားပြောကြတာပေါ့... ရှောင်ရှောင်၊ နင်လည်း ဝင်ခဲ့လေ...”
“ဟုတ်...”
ရှောင်ရှောင်က အရင်ဆုံး ဦးဆောင်ကာ အခန်းထဲသို့ ဝင်သွားပြီး၊ ယန်ရှောင်ယွင်က လက်ကို ဆန့်ထုတ်ကာ ကြိုဆိုလိုက်သည်။
“ကြွပါရှင့်...”
“ကျေးဇူးပါ...”
ရွှီလုက ခေါင်းညိတ်ကာ စာကြည့်ခန်းထဲသို့ ဝင်လိုက်၏။ ခေါင်းမော့ကြည့်လိုက်ရာ ရှောင်ရှောင်က သူ့ကို မမှိတ်မသုန်ကြည့် နေသည်ကို တွေ့လိုက်ရသည်။
သူသာ အနည်းငယ်လောက် အမှားတစ်ခုကျူးလွန် မိလိုက်ပါက မြေပြင်ပေါ်သို့ ဝုန်းခနဲ ပစ်ကျ အောင် ရိုက်နှက်ခံရတော့မည်ဟု ထိတ်လန့်သွားမိ၏။
တစ်ခဏမျှ ရွှီလု၏ ရင်ထဲတွင် ကြောက်ရွံ့စိုးရိမ်မှုများ လွှမ်းခြုံလာတော့သည်။
သို့သော် ယန်ရှောင်ယွင် ဝင်လာသည်ကို မြင်လိုက်ရမှသာ သူ အနည်းငယ် စိတ်သက်သာရာ ရသွားပြီး...
“ဒီကိစ္စက အလွန် လျှို့ဝှက်လွန်းလို့ပါ... ဒုတိယ ခေါင်းဆောင်ယန် အနေနဲ့ ကျွန်တော့်ရဲ့ ရိုင်းစိုင်းမှုကို အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်။ ဒီစာက...”
သူ အနည်းငယ် တုံ့ဆိုင်းသွားပြီး ရှောင်ရှောင်ကို တစ်ချက် ကြည့်ကာ အသံကို ပိုနှိမ့်၍ ပြောလိုက်သည်။
“ဝမ်ရှန်းလင် ဆိုတဲ့ သခင်လေးဝမ် က ပေးလိုက်တာပါ...”
ယန်ရှောင်ယွင်၏ မျက်လုံးအိမ်များ ရုတ်ချည်း ကျဉ်းမြောင်းသွား၏။
“ဘယ်တုန်းက ပေးလိုက်တာလဲ...”
“မကြာသေးခင်ကမှပါ... ကျွန်တော် သုံးပါးအစွန်းရောက် ဂိုဏ်းကို စုံစမ်းထောက်လှမ်းနေတုန်း သခင်လေးဝမ်ရယ်၊ (၇) ပေရှည်တဲ့ ဓားရှည်ကြီး ကိုင်ထားတဲ့ ညီအစ်ကို တစ်ယောက်ရယ်နဲ့ ကံကောင်းထောက်မစွာ ဆုံတွေ့ခဲ့ရတာပါ...”
“သူတို့အပြင် တခြားသူတွေကော ပါသေးလား...”
“မပါပါဘူး...”
“...”
ယန်ရှောင်ယွင်က ခေါင်းကို မသိမသာ ညိတ်လိုက်၏။
“စာက ဘယ်မှာလဲ...”
ထိုစကားကို ကြားလိုက်ရသဖြင့် ရွှီလုက အားရပါးရ ရယ်လိုက်သည်။
“သခင်လေးဝမ် ပြောတာ တကယ် မှန်တာပဲ... သူ့နာမည်ကို ပြောလိုက်တာနဲ့ ဒုတိယ ခေါင်းဆောင်ယန် ရဲ့ သဘောထားက ချက်ချင်း ပြောင်းလဲသွားတာပဲဗျ...”
“ဒါပေမယ့် သူက သေချာ မှာလိုက်ပါတယ်၊ ဒီစာကို ခေါင်းဆောင်ဆု လက်ထဲ ကိုယ်တိုင်ကိုယ်ကျ ထည့်ပေးရမယ်တဲ့။ တကယ်လို့ ဒုတိယ ခေါင်းဆောင်ယန် က ကျွန်တော့်ကို မယုံဘူး ဆိုရင်တောင် စာအိတ်ကို ပြလိုက်ရုံနဲ့ နားလည်သွားလိမ့်မယ်လို့ ပြောပါတယ်ဗျာ...”
စကားအဆုံးတွင် သူက ရင်ခွင်ထဲမှ စာတစ်စောင်ကို ထုတ်ယူလိုက်၏။ စာအိတ်ပေါ်တွင် စကားလုံး (၂) လုံးတည်းသာ ရေးသားထားသည်။
"ကိုယ်တိုင်ဖွင့်ရန်"
သို့သော် ထိုစကားလုံးများကို မြင်လိုက်ရသည့်အခါ ယန်ရှောင်ယွင်၏ မျက်နှာအမူအရာမှာ အလွန်ပင် ထူးဆန်းသွားတော့သည်။ သူမသည် သက်ပြင်းချကာ စိတ်အေးသွားသကဲ့သို့ ရှိသော်လည်း၊ တစ်ချိန်တည်းမှာပင် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားဟန်ဖြင့် သက်ပြင်းတစ်ချက်ကို ခပ်လေးလေး ချလိုက်ပြန်သည်။
“ကျွန်မတို့ ခေါင်းဆောင်က တုန်းချန် ဘက်ကို ကိစ္စတစ်ခုနဲ့ သွားတယ်။ အချိန်တွက်ကြည့်ရသလောက် ဆိုရင်တော့ အခုလောက်ဆို သူ တုန်းချန် အနီးတစ်ဝိုက်ကို ရောက်နေလောက်ပြီ...”
“မကြာခင် လန်ယွဲ့နန်းတော် ဆီကို ဝင်လည်လိမ့်မယ်...”
“ဒါပေမယ့် ရှင် အဲဒီကို ရောက်တဲ့အချိန်ဆိုရင်တော့... သူက လန်ယွဲ့နန်းတော်ကနေ ထွက်ပြီး ဇီယန်ဂိုဏ်း ဆီကို ဦးတည်နေလောက်ပြီ...”
“တကယ်လို့ ရှင်က စာပေးချင်တယ် ဆိုရင်တော့ သူ့ကိုရှာဖို့ ဇီယန်ဂိုဏ်း ကို တိုက်ရိုက်သွားလိုက်တာ ပိုကောင်းမယ်ရှင့်...”
“ကောင်းပါပြီ...”
ရွှီလုက ခေါင်းညိတ်လိုက်၏။
“အခုလို လမ်းညွှန်ပေးတာ ကျေးဇူးတင်ပါတယ်ဗျာ... ကျွန်တော် သွားလိုက်ပါဦးမယ်...”
“နေဦး...”
ရွှီလု နောက်သို့ ချာခနဲ လှည့်ထွက် ရန် ပြင်လိုက်စဉ်မှာပင် ယန်ရှောင်ယွင်က မနေနိုင်ဘဲ လှမ်းခေါ်လိုက်ပြန်သည်။
ရွှီလု တစ်ချက် တုံ့ခနဲ ရပ်လိုက်သည်။ ထို့နောက်၊ ယန်ရှောင်ယွင်ဘက်သို့ လှည့်ကြည့်ကာ...
“ဒုတိယ ခေါင်းဆောင်ယန် ဘာများ ညွှန်ကြားစရာ ရှိသေးလို့လဲဗျ...”
ယန်ရှောင်ယွင်က ခဏမျှ စဉ်းစား လိုက်ပြီးနောက် ခေါင်းကို သာသာလေး ပြန်ခါယမ်းလိုက်၏။
“ဘာမှ မဟုတ်တော့ပါဘူး... ရှင့်ရဲ့ ပင်ပန်းမှုတွေအတွက် ကျေးဇူးတင်ပါတယ် သူရဲကောင်းရွှီ...”
“မပင်ပန်းပါဘူးဗျာ...”
ရွှီလုက လက်နှစ်ဖက်ကို ပူး၍ ဂါရဝပြုလိုက်သည်။
“ခွင့်ပြုပါဦး...”
“ကြွပါရှင့်...”
“ဟုတ်ကဲ့ပါ...”
စကားအဆုံးတွင် ရွှီလုသည် အပြင်သို့ ခုန်ပျံ ထွက်ခွာသွားပြီး၊ ခြံဝင်းအတွင်း ခြေဖျားဖြင့် ဖွဖွလေး ထောက်လိုက်သည်နှင့် တစ်ပြိုင်နက် အမိုးပေါ်သို့ ပြန်ရောက်သွားလေသည်။
သူ လေထဲသို့ ပျံတက်ရန် ပြင်လိုက်စဉ်... ဘာကြောင့်မှန်းမသိ ရုတ်တရက် သူ၏ ခြေထောက်က သိမ့်သိမ့်ခါသွားအောင် လှုပ်ယမ်းသွား၏။
မြေပြင်ပေါ်သို့ ဝုန်းခနဲ ပစ်ကျ တော့မလို ဖြစ်သွားသော်လည်း၊ သူ၏ ထူးချွန်လှသော ကိုယ်ဖော့ပညာ ကြောင့် ကိုယ်ကို ယိမ်းနွဲ့ကာ ရှောင်လိုက်ပြီး လျင်မြန်စွာ ပြန်လည် မတ်မတ်ရပ်နိုင်ခဲ့သည်။
သို့သော် ဇီယန် အာမခံဌာန၏ အမိုးခုံးကို ကြည့်ရင်း ဒီနေရာက တစ်ခုခုတော့ ထူးဆန်းပြီး ကြက်သီးမွေးညှင်းထစရာ ကောင်းနေသည်ဟု ခံစားလိုက်ရ၏။
ဆုမို သူ့ကို သေရည်ကောင်းဖြင့် ဧည့်ခံခဲ့သော ညကလည်း သူ ထွက်ခွာသွားချိန်တွင် အကြီးအကျယ် အရှက်ကွဲခဲ့ရသည် မဟုတ်လား။
ယနေ့လည်း သူ မျက်နှာ ပျက် ရမတတ် ထပ်ဖြစ်ခဲ့ရပြန်ပြီ...။
ရွှီလု.. အများကြီး ဆက်မတွေးတော့ဘဲ ခေါင်းကို ခါယမ်းကာ အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်သည်။ ထို့နောက် သူ၏ ပုံရိပ်မှာ ညဉ့်မှောင်ထည်အတွင်းသို့ တိုးဝင်သွားပြီး ကျယ်ပြောလှသော အမှောင်ထုကြီးထဲတွင် လုံးဝ ပျောက်ကွယ်သွားလေတော့သည်။