မိုးကောင်းကင်စမ်းသပ်ခံရခြင်း
Vol. 25 Ch. 341
အခန်း (၃၄၁) မိုးကောင်းကင်စမ်းသပ်ခံရခြင်း
"ဟုတ်တယ် ၊ နည်းနည်းတော့ ထူးခြားနေတယ် ၊ ဒါကြောင့် ဒီတစ်ကြိမ် ငရဲတံခါးမှာ ပြောင်းလဲမှုအသစ်တွေ ဖြစ်လာနိုင်တယ်"
မော့ကျန်းသုန့်က ကျန်းလန်စကားကြောင့် အံ့သြခြင်း မရှိဘဲ တည်ငြိမ်စွာဆိုသည်။
"အသံတွေ ဒါမှမဟုတ် အသွေးအမွှားသတ္တဝါလေးတွေ ငရဲတံခါးထဲက ထွက်လာနိုင်ခြေရှိတယ် ၊ ပြီးတော့ အဲဒါတွေက တကယ့် သွေးဆောင်လှည့်စားမှုတွေကို ပြုလုပ်နိုင်လိမ့်မယ် ၊ စိတ်ကိုလှည့်စားတဲ့အရာဖြစ်တဲ့ ကိုယ်တွင်းမိစ္ဆာနဲ့ လုံး၀ မတူဘူး ၊ ဒီတော့ မင်း ခံနိုင်ရည် ရှိပါ့မလား"
ကျန်းလန် ခဏမျှ တိတ်ဆိတ်နေသည်။
ထို့နောက် သူ ခေါင်းညိတ်လိုက်၏။
"ကျွန်တော် စမ်းကြည့်ချင်တယ်"
အရင်ကလည်း ငရဲတံခါးမှ ထွက်လာခါနီး သတ္တဝါတစ်ကောင်၏ အသံကို ကြားဖူးသည်ဖြစ်လေရာ ယခုလည်း မည်သို့သောအသံများထွက်လာပါစေ ကျန်းလန်အတွက် အန္တရယ် မရှိနိုင်ပေ။
သို့သော် ကျန်းလန် ယုံကြည်ချက်မလွန်ကဲဝံ့ဘဲ တတ်နိုင်သမျှ သတိထားပြီး ပြင်ဆင်မှုများ ပြုလုပ်ထားရမည် ဖြစ်သည်။
ထို့ပြင် ဆရာဖြစ်သူကလည်း သူ ငရဲတံခါးအတွင်းသို့ ပြုတ်မကျစေရန် စောင့်ကြည့်နေမည်ဟု သူ ယုံကြည်၏။ သူက တာအိုကိုနားလည်ထားသည့် မိုးကောင်းကင်အင်မော်တယ်တစ်ပါးဖြစ်သည့်တိုင် အချို့အကြောင်းအရာများက ခန့်မှန်း၍ မရနိုင်ပေ။
တစ်ခါတစ်ရံ တန်ခိုးစွမ်းအား ပိုမိုမြင့်မားလေလေ ချောက်ထဲကျရန် လွယ်ကူလေ ဖြစ်တတ်သည် မဟုတ်ပါလား။
မော့ကျန်းသုန့်က...
"ကောင်းပြီ ၊ တစ်ခုခု ပြဿနာဖြစ်ရင်လည်း ဆရာ မင်းကို လာခေါ်မယ် ၊ ဒါပေမဲ့ မင်းက အခု အင်မော်တယ် ဖြစ်လာဖို့ သိပ်မလိုတော့ဘူးဆိုတော့ ကိုယ့်ကိုယ်ကိုယ်တော့ အတင်းဖိအားမပေးနဲ့နော်"
ကျန်းလန်က ခေါင်းညိတ်ရင်း...
"ဟုတ်ကဲ့ပါ ဆရာ"
သူက ဘယ်သောအခါမှ သူ့ကိုယ်သူ ဖိအားပေးမည် မဟုတ်ပေ။
သူ အန္တရယ်မကင်းနိုင်ဟု ယူဆလျှင် သူက မည်သည့်ကိစ္စကိုမဆို အရမ်းကာရော လုပ်ဆောင်မည် မဟုတ်ပေ။ အန္တရယ်မရှိလျှင်တောင်မှ သူက သတိပေါ့လျော့စွာ နေထိုင်သူ မဟုတ်ခဲ့ပေ။
မော့ကျန်းသုန့်က…
"မင်း ပြင်ပလောကကို မသွားတာလည်း အတော်ကြာနေပြီနော် ၊ ဟုတ်တယ်မလား"
ကိစ္စမရှိလျှင် ကျန်းလန် အပြင်သို့ ထွက်လေ့ မရှိပေ။
ကျောက်စိမ်းရေကန်နတ်ဘုရားမသာ နဝမတောင်ထွတ်သို့ မကြာခဏ လာရောက်လည်ပတ်ခြင်း မရှိပါက သူ့တပည့် ရူးများသွားလေမည်လားဟု မော့ကျန်းသုန့် တွေးမိမည် ဖြစ်သည်။
တစ်ခါတစ်ရံတွင် အောင်မြင်မှုဆိုသည်က နှလုံးသားမှ လာတတ်သလို ကျရှုံးမှုသည်လည်း နှလုံးသားမှ လာတတ်သည်ပင်။
ကျန်းလန်က…
"ကျွန်တော် ပြင်ပလောကထွက်ပြီး အတွေ့အကြုံရှာဖွေဖို့ စီစဉ်ထားပါတယ် ၊ ခွင့်ပြုပေးပါဆရာ"
သူ တကယ်ပဲ ပြင်ပလောကသို့ သွားရောက်ရန် ရည်ရွယ်ထားသည်။
ယခုတစ်ကြိမ်တော့ မော့ကျန်းသုန့် များစွာ အံ့အားသင့်သွားတော့၏။
သူ့တပည့်က ပြင်ပလောကသို့ထွက်ခွာပြီး အတွေ့အကြုံရှာဖွေမည်… တဲ့။
အခြားတပည့်များက ဤသို့သောစကားပြောသည်ဆိုလျှင် ထူးဆန်းမည် မဟုတ်သော်လည်း ယခု သူ့တပည့် ကျန်းလန်က ပြောလာခြင်းဖြစ်လေရာ အနည်းငယ်တော့ ရယ်စရာကောင်းသည်ဟု ခံစားရသည်။
ကျန်းလန်သည် နှစ်ပေါင်း (၅၀၀)အတွင်း တစ်ကြိမ်ခန့်သာ ခွန်လွန်တောင်နှင့်ဝေးရာ ပြင်ပလောကသို့ သွားရောက်ဖူးသည်။
ယခု သူ့တပည့်က ပြင်ပလောကသို့ ထပ်မံသွားရောက်ဦးမည်ဆိုသည်က ကောင်းသည့်အချက် ဖြစ်သော်လည်း မယုံကြည်နိုင်စရာပင်။
သူက သူ့တပည့်ကို ပြင်ပလောကအကြောင်း ပိုမိုသိမြင်စေချင်သည်။ ပြင်ပလောကအကြောင်း နားလည်မှသာ ကိုယ့်ကိုယ်ကိုယ် နားလည်သဘောပေါက်နိုင်မည် ဖြစ်ပြီး လမ်းလွဲရောက်မသွားအောင် တားဆီးနိုင်မည် ဖြစ်သည်။
***
ကျန်းလန် ခြံဝင်းဆီသို့ ပြန်လာခဲ့သည်။
သူ ကျင့်ကြံခြင်း မပြုလုပ်တော့ဘဲ စာဖတ်ရင်း နံနက်အရုဏ်တက်ချိန်ကို စောင့်ဆိုင်းရန်အတွက် နာမ်ဝိညာဉ်ရောင်ပြန်ပညာစာအုပ်ကို ထုတ်ယူလိုက်သည်။
နံနက်မိုးလင်းသည်နှင့် လုန်ယွိ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို လေ့လာရန် ကျောက်စိမ်းရေကန်သို့ သွားရမည် မဟုတ်ပါလား။
ကျန်းလန် စာမျက်နှာအနည်းငယ် ဟိုလှန် ဒီလှန် လုပ်ပြီးနောက် စာအုပ်ကို ပြန်လည် သိမ်းဆည်းလိုက်သည်။
"စိတ်လှုပ်ရှားနေတာနဲ့ စာထဲအာရုံမစိုက်နိုင်ဘူး"
ကျန်းလန် တွေးလိုက်သည်။
သူ စာအုပ်ကိုင်ထားသည့် သူ့လက်များကို ကြည့်ရင်း ရင်ထဲတွင် သံသယအရိပ်အယောင်များကို ခံစားလိုက်ရသည်။
ယခုကဲ့သို့ စိတ်လှုပ်ရှားခြင်းမျိုး သူ့ဘဝတွင် တစ်ခါမှ မခံစားဖူးခဲ့ပေ။ စာလည်းမဖတ်နိုင်သလို ကျင့်လည်း မကျင်းကြံနိုင်ခဲ့ပေ။
သူ… စိတ်ပူနေမိသည်။
လုန်ယွိ မိုးကောင်းကင်စမ်းသပ်ခံရခြင်း အောင်မြင်ပါမည်လားဟု သူ့ရင်ထဲတွင် စိတ်ပူနေမိသည်။
သူကိုယ်တိုင် မိုးကောင်းကင်စမ်းသပ်ခြင်းကို ရင်ဆိုင်ခဲ့ရစဉ်ကပင်ထိုမျှ စိတ်မပူပန်ခဲ့ပေ။
နောက်ဆုံးတော့ ကျန်းလန် ထိုအကြောင်းများကို မစဉ်းစားတော့ဘဲ ခေါင်မိုးထက်သို့ ခုန်တက်လိုက်သည်။ ထို့နောက် ခေါင်မိုးထက်တွင်ထိုင်ရင်း ကောင်းကင်ကြီးကိုသာ ငေးမောကြည့်နေတော့၏။
ကောင်းကင်ထက်တွင် နဂါးငွေ့တန်းတစ်ခု ထွက်ပေါ်လာသည့်အလား ကြယ်စင်ရောင်များက တောက်ပလျှက် ရှိသည်။ ကျန်းလန် တစ်ညလောင်း မဟူရာကောင်းကင်ကြီးကို ကြည့်နေခဲ့လေသည်။
ကြယ်ရောင်များ ပျောက်ကွယ်သွားသည့်အခါ ညအမှောင်က ဆုတ်ခွာသွားသည်။ ကျန်းလန် မျက်ဝန်းများဆီသို့ အနီရောင်အလင်းတန်းတစ်ခု ဝင်ရောက်လာသည်။
နံနက်အရုဏ်တက်ပြီ ဖြစ်၏။
အရုဏ်တက်သည်နှင့် သူ့ထံသို့ စာတစ်စောင့်ရောက်ရှိလာသည်။
ကျောက်စိမ်းရေကန်တွင် ကျောက်စိမ်းရေကန်နတ်ဘုရားမ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်မည်ဖြစ်ရာ လာရောက်ပါရန် ဖိတ်ကြားသည့် စာတစ်စောင်ဖြစ်၏။
ကျန်းလန် တစ်ချက်ပင် တုံ့ဆိုင်းမနေဘဲ ဓားကိုစီးနှင့်ပျံသန်းပြီး မြင့်တက်လာသည့် နေမင်းကြီးကို ရင်ဆိုင်ကာ ကျောက်စိမ်းရေကန်သို့ ထွက်ခွာလာခဲ့သည်။
သူ နဝမတောင်ထွတ်မှ ထွက်ခွာလာစဉ် ခွန်လွန်တောင်၏ တောင်ထွတ်အသီးသီးမှလည်း တောက်ပသည့် ဓားရောင်အချို့ ထွက်ပေါ်လာကြသည်ကို တွေ့မြင်လိုက်ရသည်။
ကြည့်ရသည်မှာ တောင်ထွတ်များမှ တပည့်ရင်းအချို့လည်း ကျောက်စိမ်းရေကန်သို့ လာရောက်ကြဟန်ပင်။
ထိုစဉ်…
"ဂရား…"
အနောက်ဘက်မှ နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။
ကျန်းလန်လှည့်ကြည့်လိုက်သည့်အခါ သူ့အနားသို့တိုးကပ်လာသည့် နဂါးတစ်ကောင်ကို တွေ့မြင်လိုက်ရ၏။
နဂါးက သူ့အနားရောက်လာသည်နှင့် တောက်ပသောရောင်ဝါရှိသည့် လူငယ်တစ်ယောက်အသွင် ပြောင်းလဲလိုက်သည်။ ထိုလူငယ်သည်ကား အဋ္ဌမမင်းသားမှလွဲ၍ အခြားသူ မဟုတ်ပေ။
လုန်မန်က ကျန်းလန်ကို ပြုံးရယ်ပြရင်း အနားသို့ ရောက်လာသည်။
"ယောက်ဖ…"
ကျန်းလန်က ရှေ့ဆက်ပျံသန်းနေရင်းဖြင့်ပင် လုန်မန်ကို နှုတ်ဆက်စကားဆိုလိုက်သည်။
"မင်းလည်း ကျောက်စိမ်းရေကန်ကို သွားမလို့လား"
"အစ်မက ဒီနေ့ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကိုရင်ဆိုင်မယ်ဆိုတော့ ကျုပ်လည်း လာကြည့်ရတာပေါ့ဗျာ"
အဋ္ဌမမင်းသားက ကျန်းလန်ကို အမီလိုက်ကာ ပျံသန်းရင်း ဆိုသည်။
"ယောက်ဖ ၊ နောက်ဆုံးတစ်ကြိမ် ကျုပ်အပြင်ထွက်တုန်းကလေ…"
ထိုသို့အစချီပြီးနောက် အဋ္ဌမမင်းသားက မြေအောက်နတ်ဆိုးများနှင့် ရင်ဆိုင်ရသည့်အကြောင်းများကို စတင်ပြောပြလေတော့၏။
နတ်မိစ္ဆာများအကြောင်း ၊ မြေအောက်နတ်ဆိုးများနှင့်တိုက်ပွဲ အပါအဝင် အကြောင်းအရာများစွာ ဖြစ်လေ၏။ သို့သော် ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားကို သူ အကူအညီတောင်းလိုက်ရကြောင်းကိုတော့ ဟောင်ဖွာဟောင်ဖွာ လျှောက်မပြောဝံ့ပါချေ။
ချီလင်ကောင်မလေး သူ့ကို ကယ်တင်ခဲ့သည့်အကြောင်းသည်လည်း စကားထဲတွင် ပါဝင်လာသည်။
ကျန်းလန်က အဋ္ဌမမင်းသားကို ကြည့်လိုက်ရင်း…
"အဲဒီကောင်မလေးက မင်းကို တကယ်ပဲ သေရည်ဆိုင်ကို ပြန်ပို့ပေးခဲ့တာလား"
အဋ္ဌမမင်းသား၏ စကားများအရဆိုလျှင် အရင်က ထိုကောင်မလေးသည် လုန်မန် ရိုက်တိုင်း ခံနေရပြီး တစ်ခါမှ လုန်မန်ကို အနိုင်ယူနိုင်ခြင်း မရှိပေ။
အဋ္ဌမမင်းသားက မည်သို့မှ မတတ်နိုင်ဟန်ဖြင့်…
"သူက လမ်းသိတယ်ပြောပြီ; ကျုပ်ကို ခေါ်သွားတာဗျ ၊ ကျုပ်သာ နောက်တစ်နေ့မှာ သတိရမလာရင် ကျုပ်ထွက်ပြေးပြီထင်ပြီး ခွန်လွန်တောင်ကလူတွေတာင် လိုက်ဖမ်းကြတော့မလားပဲ ၊ သူက ကျုပ်ကို သေရည်ဆိုင်ခေါ်သွားမယ်ဆိုပြီး သေရည်ဆိုင်နဲ့ အဝေးကြီးကို ခေါ်သွားတာလေ"
ချီလင်ကောင်မလေးမှာ ခွန်လွန်တောင်မှ ထွက်သွားချင်သော်လည်း ခွန်လွန်တောင်ပတ်ဝန်းကျင်တွင်ပင် မျက်စိလည်လျှက် ရှိသည်။
ယခု ခွန်လွန်တောင်အနီးပတ်ဝန်းကျင်သို့ ပြန်ရမည်ဆိုပြန်တော့ ခွန်လွန်တောင်နှင့်အဝေးသို့ ရောက်သွားပြန်၏။
အဋ္ဌမမင်းသားက...
"သေရည်ဆိုင် ရောက်အောင်လာနိုင်လို့ တော်သေးတာပေါ့ ၊ ပြီးတော့ သေရည်ဆိုင်က ကောင်လေးနဲ့လည်း ခင်မင်နေလို့ တော်သေတယ် ၊ မဟုတ်လို့ကတော့ ကျုပ် နှစ်ပေါင်းတစ်ရာလောက် ကြိုးစားပမ်းစားရှာထားရတဲ့ပိုက်ဆံတွေ ဒီကောင်ဘုန်းသွားမှာ"
သေရည်ဆိုင်ရှင်အဘိုးအိုသည် ခွန်လွန်တောင်မှ တောင်သခင်များကဲ့သို့ တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက်ဖြစ်လေသည်။
သို့ဖြစ်ရာ တောင်ခြေသေရည်ဆိုင်သို့ ရောက်ရှိသွားလျှင် အန္တရယ်ကင်းပြီဟုဆိုနိုင်သည်။
သို့သော် လုန်မန်မဟုတ်ဘဲ အခြားတစ်ယောက်ဖြစ်နေပါက ငွေပုံအောပေးလျှင်ပင် သေရည်ဆိုင်သို့ ဝင်ရောက်ခွင့်ရနိုင်မည် မဟုတ်ပေ။
နဂါးမင်းသားဆိုသည်ကလည်း မျက်နှာကြီးသူတစ်ယောက်ဖြစ်သည် မဟုတ်ပါလား။
ခဏအကြာတွင်တော့…
ကျန်းလန်နှင့် အခြားသူများ ကျောက်စိမ်းရေကန်အပြင်ဘက်သို့ ရောက်လာကြသည်။
ယခင်က ကျောက်စိမ်းရေကန်တွင် မြူခိုးများ ဖုံးလွှမ်းလျှက် ရှိသော်လည်း ယခုတော့ မြူခိုးများ ကျဲပါးလျှက်ရှိသည်ကို အဝေးမှပင် တွေ့မြင်ကြရသည်။
ထိုအချိန် လုန်ယွိသည် ကျောက်စိမ်းရေကန်နံဘေးတွင်ထိုင်ရင်း မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ရန် အသင့်စောင့်ဆိုင်းနေသည်။
"သူ့အခြေအနေက အရမ်းကောင်းတယ် ၊ အစီအရင်ကလည်း ဘာပြဿနာမှ မရှိနိုင်ဘူးဆိုတော့ ဘာမတော်တဆမှုမှလည်း ဖြစ်နိုင်မယ် မထင်ပါဘူး"
အခြေအနေများကို ခဏမျှလေ့လာပြီးနောက် ကျန်းလန် စိတ်ထဲမှ တွေးလိုက်သည်။
လုန်ယွိ မိုးကောင်းကင်စမ်းသပ်ခံရခြင်း အောင်မြင်သွားမှသာ သူသည်လည်း စိတ်အေးချမ်းသာစွာဖြင့် ကျင့်ကြံနိုင်မည် ဖြစ်သည်။
လုန်ယွိကတော့ ပုံမှန်အတိုင်းပင် ဖြစ်သည်။
လေပြေတိုက်ခတ်မှုကြောင့် သူမ၏ဆံနွယ်အဖျားလေးများက လွင့်ပျံလျှက် ရှိသည်။
ကျန်းလန် ရောက်လာသည့်အခါ သူမသည် တစ်စုံတစ်ခုကို ခံစားမိသည့်အလား ကျန်းလန် ရှိရာသို့ လှမ်းကြည့်လာသည်။
သူမ၏ကျန်းလန်ကို တွေ့ရတော့မှ စိတ်သက်သာရာရသွားဟန်ဖြင့် လုန်ယွိ သက်ပြင်းချလိုက်မိ၏။
ထို့နောက် သူမက မိုးကောင်းကင်စမ်းသပ်ခံရရန် ပြင်ဆင်လိုက်သည်။
တစ်ချိန်တည်းမှာပင် တောင်ထွတ်အသီးသီးမှ တပည့်တစ်ယောက် နှစ်ယောက်တို့သည်လည်း ရောက်ရှိလာကြသည်။
ပထမတောင်ထွတ်မှ လင်အန်း ၊ ဒုတိယတောင်ထွတ်မှ ပေဖန်း ၊ တတိယတောင်ထွတ်မှ ဟုန်လွမ်နှင့် လင်စီးယာ စသည်ဖြင့် ဖြစ်ကြသည်။
အမြဲတမ်း ပွဲဆိုလျှင် တက်တက်ကြွကြွပါဝင်တတ်သည့် တပည့်များ ရောက်ရှိလာကြခြင်းပင်။
ကျန်းလန်က နဝမတောင်ထွတ်ကိုယ်စား လာရောက်ခြင်း ဖြစ်သော်လည်း သူက ထိုသူများကဲ့သို့ သာမန် လာရောက်ကြည့်ရှုခြင်း မဟုတ်ပေ။ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို လာရောက်လေ့လာသူ ဖြစ်၏။
မြောင်ယွဲ့နှင့် အခြားတောင်သခင်များကတော့ ကောင်းကင်ထက်တွင် မတ်တတ်ရပ်လျှက် အခြေအနေများကို ကြည့်နေကြသည်။
သူတို့ကတော့ ရှောင်ယွိ အန္တရယ်ကင်းအောင် ကာကွယ်ပေးရန် ရောက်လာကြခြင်း ဖြစ်သည်။
မြောင်ယွဲ့က…
"အဲဒါ မကြာခင် စတော့မယ်"
ဆဋ္ဌမတောင်ထွတ်မှ တောင်သခင်မ ချန်ရှီသည်ပင်လျှင် ယနေ့ ရောက်ရှိလာသည်။
ဒုတိယတောင်ထွတ် ၊ တတိယတောင်ထွတ် ၊ ပဉ္စမတောင်ထွတ်နှင့် အဋ္ဌမတောင်ထွတ်မှ တောင်သခင်များ ရောက်ရှိလာကြပြီး ပထမတောင်ထွတ်နှင့် နဝမတောင်ထွတ်မှ တောင်သခင်များကတော့ သူတို့ကာကွယ်ရမည့်အရာများရှိနေသဖြင့် လာရောက်နိုင်ခြင်း မရှိကြပေ။
မဟုတ်ပါက ကျောက်စိမ်းရေကန်နတ်ဘုရားမ၏ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို တောင်သခင် (၇)ပါး လာရောက်မည် ဖြစ်သည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ခွန်လွန်တောင်အတွက် ကျောက်စိမ်းရေကန်နတ်ဘုရားမက မည်မျှအရေးပါကြောင်း ပြသနေသည်။
"ဘုန်း"
ထိုစဉ်မှာပင် ကောင်းကင်ထက်၍ မိုးကြိုးတိမ်တိုက်များ စတင်ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ကြရသည်။
လုန်ယွိ မတ်တတ်ထရပ်လိုက်၏။
မိုးကောင်းကင်စမ်းသပ်ခံရခြင်းကိုရင်ဆိုင်ရတော့မည် ဖြစ်ပြီး သူမအနေဖြင့် ရင်ဆိုင်ရန် ယုံကြည်မှုအပြည့်ရှိသည်။
ကျန်းလန်ကတော့ အဝေးမှနေပြီး ကောင်းကင်ထက်သို့ လှမ်းကြည့်နေသည်။
မိုးကောင်းကင်စမ်းသပ်ခံရခြင်းတွင် ထူးခြားသည့် ပြောင်းလဲမှုများ မရှိပေ။ သာမန် မိုးကောင်းကင်စမ်းသပ်ခံရခြင်းတစ်ခုသာ ဖြစ်သည်။
ပုံမှန်မဟုတ်ဘဲ ထူးခြားသည့် မိုးကောင်းကင်စမ်းသပ်ခံရခြင်းဖြစ်ပါကလည်း ကျန်းလန် ပြုလုပ်ပေးထားသည့် အစီအရင်ဖြင့်ဆိုလျှင် မည်သည့်ပြဿနာမှ မရှိနိုင်ပေ။
သို့သော်…
မိုးကြိုးတိမ်တိုက်များ ကောင်းကင်ထက်တွင် ပေါ်လာပြီးနောက် အခြားထူးဆန်းသောအရာများသည်လည်း ကောင်းကင်ထက်တွင် ထွက်ပေါ်လာလေသည်။
ကြည့်ရသည်မှာ တစ်စုံတစ်ယောက်က မိုးကောင်းကင်ဖုံးကွယ်ထားသည့် လျှို့ဝှက်ချက်များကို စူးစမ်းရှာဖွေချင်ဟန် ရှိသည်။
"သေချာတာပေါ့ ၊ တစ်ယောက်ယောက်ကတော့ ဂိုဏ်းတူအစ်မကို ပစ်မှတ်ထားနေပြီ ၊ ဒါပေမဲ့ သူတို့က ဂိုဏ်းတူအစ်မ မိုးကောင်းကင်စမ်းသပ်ခံရခြင်း အောင်မြင်လား ၊ မအောင်မြင်လားဆိုတာ သိချင်တာလားတော့ မပြောတတ်ဘူး"
ကျန်းလန် တွေးလိုက်မိလေသည်။