← Chapters

အခန်း (၈၂၆-၈၂၈)

Vol. 56 Ch. 826-828

အခန်း (၈၂၆-၈၂၈)

Vol. 56 Ch. 826-828

အခန်း (၈၂၆) : စွမ်းအားကြီးသော

ကူတာမှာ ကျိုးဟောင်အားတချိန်လုံးစောင့်ကြည့်နေခဲ့ခြင်းဖြစ်ပြီး သူသည် အစတုန်းကကျိုးဟောင်နှင့်မဟာမိတ်ဖွဲ့လိုခဲ့လေသည်။ အကြောင်းမှာ ကျိုးဟောင်သည် တတိယမြောက်သူတော်စင်ဘုံအဆင့်တွင်ရှိပြီး အားကောင်းသည့်ပုံပေါက်လေသည်။

သို့သော်ပထမပြိုင်ပွဲတစ်ခုပြီး‌သွားသောအခါ ကျိုးဟောင်မှာ အဆင့် ၂၀၀၀လောက်တွင်ရောက်နေခဲ့ပြီး အမှိုက်တစ်ခုသာသာအဖြစ်ကူတာကမြင်နေခဲ့လေသည်။ ထို့ကြောင့် တတိယပြိုင်ပွဲ၏စည်းမျဥ်းများရှင်းပြပြီးစတင်ချိန်တွင် သူသည်ကျိုးဟောင်နောက်သို့လိုက်လာခဲ့ခြင်းဖြစ်လေသည်။

သူသည်ကျိုးဟောင်တိတ်တဆိတ်ပုန်းအောင်းရန်စီစဉ်နေသည်ကိုလည်း စောင့်ကြည့်ခဲ့ပြီး ကျိုးဟောင်သေချာပုန်းအောင်းပြီးသည်ဆိုသောအချိန်ရောက်မှလူလုံးထွက်ပြလာခြင်းဖြစ်လေသည်။

"အမှတ်၁သောင်းဆိုတာကလည်းမနည်းပါဘူး။ ငါ့မှာကအမှတ်၂သောင်းရှိပြီးသားဆိုတော့ မင်းရဲ့အမှတ်၁သောင်းသာပေါင်းလိုက်ရင် ငါ့အဆင့်က အတော်လေးမြင့်တက်သွားမှာပဲ"

ကူတာကကျိုးဟောင်အားကြည့်ပြီးအေးစက်စွာပြောလာလေသည်။

ဒီနေရာသို့စတင်၀င်ရောက်လာကတည်းက လူတိုင်း၏ အမှတ်များကို ကတ်များပေါ်တွင်ကြည့်လို့ရလေသည်။ လက်ရှိတွင်ကျိုးဟောင်မှာအဆင့်၄၀၀၀တွင်ရှိနေပြီး ကူတာကတော့ အဆင့်၁၀၀၀တွင်ရှိနေလေသည်။

ကျိုးဟောင်မှာအဆင့်ထိပ်ဆုံးတွင်ရှိနေသောလူအားကြည့်လိုက်သောအခါတုန်လှုပ်သွားခဲ့လေသည်။ ထိုလူသည်အမှတ်၅သောင်းကျော်ရှိနေလေသည်။ ထိုလူသည်ပထမပြိုင်ပွဲတွင်အမှတ်၃သောင်း‌နှင့် ဒုတိယပြိုင်ပွဲတွင်အမှတ်၂သောင်းကျော်စုဆောင်းနိုင်ခဲ့ပုံရလေသည်။

တနည်းပြောရလျှင်ထိုလူသည် အနီရောင်အဆင့် ကျင့်ကြံရေး၂ခုလောက်အထိကျင့်ကြံခဲ့သည်လို့ဆိုနိုင်လေသည်။တကယ့်ကိုဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်နိုင်လေသည်။

"မင်းကငါ့ကိုသတ်ချင်တယ်ပေါ့ ဟားဟားဟား မင်းတော့အတွေးလွန်နေပြီပဲ"

ကျိုးဟောင်မှာလုံး၀စိုးရိမ်ပူပန်စိတ်မရှိပေ။

ကူတာ၏ကျင့်ကြံဆင့်မှာ သာမန်ထက်ထူးခြားသော်လည်း သူနှင့်တစ်ယောက်ချင်းယှဉ်ချနိုင်သည်အထိတော့မသန်မာသေးပေ။

ကျိုးဟောင်မှာ တတိယမြောက်သူတော်စင်ဘုံအဆင့်ဖြစ်သော်လည်း သူ၏ပြောင်းလဲခြင်းကိုးသွယ်အရှင်သခင်သိုင်းနှင့် နတ်ဘုရားသတ်သိုင်းတို့၏ အစွမ်းဖြင့် ၅ဆင့်‌မြောက်သူတော်စင်ဘုံအဆင့်အထိမြှင့်တင်နိုင်လေသည်။ ဒါ့အပြင်သူ့၌ငှက်မွှေးတစ်ထောင်ချပ်၀တ်၊ရှေးဟောင်းခန္ဓာ၊ စိတ်စွမ်းအားများနှင့် အာကာသသားရဲ၏ခန္ဓာအစွမ်းများရှိနေသေးလေသည်။

ဒီနေရာတွင်သူ့အားတိုက်ခိုက်နိုင်သူအနည်းငယ်သာရှိသော်လည်း ကူတာကတော့ သူ့နှင့်တစ်ယောက်ချင်းယှဉ်တိုက်ဖို့မဖြစ်နိုင်ပေ။ ကျိုးဟောင်စိုးရိမ်သည်မှာ အုပ်စုလိုက်ဝိုင်းတိုက်ခိုက်ခြင်းကိုဖြစ်လေသည်။ လက်နှစ်ဖက်တည်းနှင့်လက်များစွာကိုခုခံရသည့်အချက်မှာ တကယ့်ကိုအန္တရာယ်များပေသည်။

"ငါ့ကိုအတွေးလွန်နေတယ်ထင်တယ်ပေါ့ မင်းငါ့လက်ကနေလွတ်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ ငါတို့ကြားမှာစွမ်းအင်ကွာခြားချက်ကြီးမားတယ်။ မင်းရဲ့အမှတ်တွေကိုကြည်ကြည်ဖြူဖြူလွှဲပေးလိုက်ရင် မင်းကိုမသတ်ဘူး။ မဟုတ်ရင်တော့ ငါညှာတာနေမှာမဟုတ်ဘူး"

ကူတာကခက်ထန်စွာပြောလာလေသည်။

"ကဲဒီလိုဖြစ်လာမှ မင်းကိုလေ့ကျင့်စရာတစ်ခုအဖြစ်သတ်မှတ်ရုံကလွဲပြီးမရှိတော့ဘူးပေါ့"

ကျိုးဟောင်ကပြုံးပြီးပြောလာလေသည်။ ကျိုးဟောင်မှာသူ၏မဟာဖျက်ဆီးခြင်းလက်သီးသိုင်းအားစမ်းသပ်ကြည့်ချင်နေခဲ့လေသည်။ ကူတာကလည်းအချိန်ဆွဲမနေဘဲ သူ၏တောင်ဝှေးကဲ့သို့အရာတစ်ခုကိုထုတ်လိုက်လေသည်။

"ဟမ် သူက ‌မှော်စွမ်းအားကိုသုံးတဲ့တိုက်ခိုက်သူလား"

ကျိုးဟောင်ကပြုံးလိုက်လေသည်။

မှော်စွမ်းအားသုံးတိုက်ခိုက်သူတစ်ယောက်သည် ကိုယ်ကာယအားကိုသုံးပြီးတိုက်ခိုက်သူနှင့်တစ်ယောက်ချင်းယှဉ်ချဖို့ရာခက်ခဲပေသည်။ အဘယ့်ကြောင့်ဆိုသော် ကိုယ်ကာယအားသုံးတိုက်ခိုက်သူက မှော်စွမ်းအားသုံးတိုက်ခိုက်သူ၏အနားသို့ကပ်နိုင်သွားပါက အလွယ်တကူသတ်လို့ရလေသည်။

ကူတာမှာတခုခုကိုတီးတိုးရေရွတ်လိုက်ပြီး သူ့လက်ထဲရှိတောင်ဝှေးဆီမှာအလင်းတန်းတစ်ခုကိုပစ်လွှတ်လိုက်လေသည်။ မကြာမီတွင်ကောင်းကင်နှင့်မြေကြီးကိုပါဖုံးလွှမ်းသွားလောက်အောင်ကြီးမားသောမီးလုံးကြီးတစ်လုံးက ကျိုးဟောင်ထံသို့ဦးတည်လာခဲ့လေသည်။

"မီးစွမ်းအားကျင့်စဉ်တစ်ခုလား ဒါနဲ့ငါ့ကိုသတ်နိုင်မယ်ထင်နေတာလား"

ကျိုးဟောင်မှာ လှောင်ပြောင်လိုက်ပြီး ငှက်မွှေးတစ်ထောင်ချပ်၀တ်အား၀တ်ဆင်လိုက်လေသည်။ ထို့နောက် ထိုမီးလုံးကြီးကျလာမည့်ဧရိယာထဲမှရှောင်ထွက်သွားလေသည်။

"မင်းကအတော်တော့မြန်သားပဲ"

ကူတာကပြောလိုက်ပြီး သူ့လက်ကိုဝှေ့ယမ်းလိုက်လေသည်။ထို့နောက်သူ့လက်ထဲရှိတောင်ဝှေးဆီမှ ချီစွမ်းအားများထွက်ပေါ်လာခဲ့လေသည်။

"မုန်တိုင်း လာစမ်း...."

ကူတာ၏စကားဆုံးသောအခါ မုန်တိုင်းကြီးတစ်ခုမှာပေါ်ထွက်လာပြီး ကျိုးဟောင်၏ဘေးပတ်လည်တွင်ပိတ်ပင်ဝန်းရံထားလိုက်လေသည်။

"ဒီကောင်က မန္တန်တွေအထူးကျွမ်းကျင်တဲ့သူပဲ။ နည်းနည်းတော့ထူးဆန်းသား"

ကျိုးဟောင်ကပြောပြီးနောက်ရှောင်တိမ်းလိုက်လေသည်။

"ငါထင်တာမမှားဘူးဆိုရင်ဒီကောင်က မှော်ဆရာမျိုးနွယ်ကလူဖြစ်ရမယ်။ အဲ့မျိုးနွယ်ကလူတွေက ဒြပ်စင်၅ခုရဲ့အစွမ်းတွေနဲ့ ဒြပ်စင်၅ကိုပေါင်းစပ်အသုံးပြုတဲ့မန္တန်တွေကိုကျွမ်းကျင်ကြတယ်"

ဖား၏အသံမှာ ကျိုးဟောင်၏နားထဲတွင်ထွက်ပေါ်လာခဲ့လေသည်။

"ဘယ်လောက်ပဲစွမ်းအားကြီးတဲ့မှော်ဆရာဖြစ်ပါစေ ဒီနေ့ကျုပ်နဲ့ရင်ဆိုင်ရတဲ့အတွက် သေရမှာပဲ"

ကျိုးဟောင်ကပြန်ပြောလိုက်လေသည်။ ကျိုးဟောင်မှာ မာနထောင်လွှားနေခြင်းမဟုတ်ဘဲ သူ့ရဲ့လုပ်နိုင်စွမ်းအပေါ်ယုံကြည်မှုရှိနေခြင်းဖြစ်လေသည်။

"စိတ်ဝိညာဉ်တိုက်ခိုက်ခြင်း"

ကျိုးဟောင်ကရေရွတ်လိုက်လေသည်။ ကူတာသည်ကျိုးဟောင်အနားမကပ်နိုင်အောင်သူ့ကိုယ်သူသေချာကာကွယ်ထားကြောင်းကျိုးဟောင်သိလေသည်။

သို့သော် သူတိုက်ခိုက်သမျှကိုရှောင်တိမ်းနေရုံဖြင့်မလုံလောက်ပေ။ထို့ကြောင့်ကျိုးဟောင်မှာစတင်တိုက်ခိုက်ဖို့ရွေးချယ်လိုက်လေသည်။

မကြာမီကျိုးဟောင်၏နဖူးမှစိတ်ဝိညာဉ်ကျောက်တုံးလေးမှာအရောင်လက်လာခဲ့ပြီး စိတ်စွမ်းအားမုန်တိုင်းတစ်ခုကိုဖန်တီးကာ ကူတာဆီသို့ပစ်လွှတ်လိုက်လေသည်။

"ဒီလောက်အဝေးကြီးကနေ ငါ့ရဲ့စိတ်စွမ်းအားနဲ့သူ့ကိုသတ်ဖို့မဖြစ်နိုင်ပေမဲ့ ခဏလောက်စိတ်လွတ်သွားအောင်တော့လုပ်နိုင်တယ်။ ဒီလောက်ဆိုငါ့အတွက်လုံလောက်တယ်"

ကျိုးဟောင်ကပြောလိုက်လေသည်။

အားကောင်းသောစိတ်စွမ်းအင်တိုက်ခိုက်မှုကိုမြင်လိုက်ရသောအခါ ကူတာ၏အမူအရာမှာပြောင်းလဲသွားခဲ့လေသည်။ သူသည်ချက်ချင်းပင် မန္တန်တစ်ခုအားရွတ်ဆိုလိုက်ပြီး စိတ်စွမ်းအင်တိုက်ခိုက်မှုအားကာကွယ်ရန်ပြင်ဆင်လိုက်လေသည်။

သို့သော် ကျိုးဟောင်၏မူလစိတ်ဝိညာဉ်ကျောက်တုံး၏စွမ်းအားကို သူ့အနေဖြင့်ခုခံဖို့မဖြစ်နိုင်ပေ။ နောက်စက္ကန့်အနည်းငယ်တွင် စိတ်စွမ်းအင်လှိုင်းများ‌သူ့အနားတွင်ရစ်ပတ်လာခဲ့ပြီး သူ့ကိုယ်ထဲသို့‌၀င်ရောက်သွားလေသည်။ သူ့စိတ်ခံစားချက်အားလုံးမှာရှုပ်ထွေးပြီး လက်များတုန်ရီလာခဲ့လေသည်။

ထိုအခိုက်အတန့်တွင်ကျိုးဟောင်မှာရယ်မောလိုက်ပြီး သူ၏ပြောင်းလဲကိုးသွယ်ခန္ဓာသိုင်းနှင့်နတ်ဘုရားသတ်သိုင်းတို့ကိုအသက်သွင်းလိုက်လေသည်။ ကျိုးဟောင်၏အငွေ့အသက်မှာချက်ချင်း ၅ဆင့်မြောက်သူတော်စင်ဘုံအဆင့်သို့ရောက်သွားခဲ့လေသည်။

ထို့နောက်ကျိုးဟောင်မှာ ငှက်မွှေးတစ်ထောင်ချပ်၀တ်၏နေရာရွှေ့ပြောင်းရေးအစွမ်းကိုအသက်သွင်းကာ သူတို့နှစ်ယောက်ကြားအကွာအဝေးကိုချုံ့လိုက်လေသည်။ ထို့နောက် ကျိုးဟောင်မှာ ကူတာ၏ အနားကပ်သွားကာသူ့လက်သီးကိုမြှောက်လိုက်ပြီး မဟာဖျက်ဆီးခြင်းလက်သီးအားထုတ်လွှတ်လိုက်လေသည်။

အဖျက်စွမ်းအားကြီးမားသောစွမ်းအင်များစုဝေးလာခဲ့ပြီး ကျိုးဟောင်၏ထိုးချက်မှာထူးခြားဆန်းကြယ်လာခဲ့လေသည်။ ကျိုးဟောင်မှာ သွေးကြောငယ်ပေါင်း ၅၀ကိုဖွင့်လှစ်နိုင်ခဲ့သောကြောင့် သူ့လက်သီးဆီတွင် ချီစွမ်းအင်အနှစ်သာရများစုဝေးလာလေသည်။

ထိုလက်သီးချက်အားထုတ်လွှတ်လိုက်သောအခါကြီးမားသောအလင်းတန်းတစ်ခုမှာလေကိုခွင်းပြီး ကူတာဆီသို့ဦးတည်သွားခဲ့လေသည်။

"ဟာ မကောင်းတော့ဘူး"

ကူတာမှာ စိတ်များပြန်လည်စုစည်းမိချိန်တွင် ကျိုးဟောင်၏စွမ်းအားကိုခံစားမိလိုက်သောကြောင့်ထိတ်လန့်သွားလေသည်။

"ဒီသူတောင်းစားလေးက ဘယ်လိုတောင်သန်မာရတာလဲ။ သူက ၀က်ကိုစားချင်လို့ခွေးအယောင်ဆောင်ခဲ့တဲ့ကျားပဲ"

ကူတာမှာ ဒေါသတကြီးပြောဆိုလိုက်လေသည်။ သူသည်လှည့်စားခံရပြီဖြစ်ခြင်းကြောင့် သူ့အမူအရာမှာပျက်ယွင်းသွားကာ ဒေါသထွက်နေ‌လေသည်။

သို့သော်အရာအားလုံးမှာနောက်ကျသွားခဲ့လေပြီ။ သူ၏အသက်ကယ်မန္တန်အားလုံးကို အသုံးပြုကာကျိုးဟောင်၏လက်သီးချက်အားကာကွယ်ဖို့ကြိုးစားခဲ့လေသည်။

ထိုခုခံမှုအားလုံးမျာ လက်သီးချက်၏လေခွင်းအားနှင့်ပင်ပြိုကွဲသွားပြီး ကူတာလည်းနောက်သို့လွှင့်စင်သွားကာသွေးများအန်ထွက်လာခဲ့လေသည်။

ကျိုးဟောင်လည်းချက်ချင်းလှုပ်ရှားကာ ရှေးဟောင်းကျောက်စာသိုင်းအားအသုံးပြုပြီး ကူတာ၏နဖူးဆီသို့လက်ညှိုးဖြင့်ထောက်ကာပြောလိုက်လေသည်။

"ချိတ်ပိတ်ခြင်း"

မူလကျောက်စာ၏စွမ်းအားများထွက်ပေါ်လာပြီး ကူတာ၏ကျင်ကြံရေးအားလုံးမှာချိတ်ပိတ်ခံလိုက်ရကာ မြေပေါ်သို့လဲကျသွားခဲ့လေသည်။

ကူတာမှာကျိုးဟောင်အားထိတ်လန့်တကြားကြည့်နေခဲ့လေသည်။ သူသည် ဒီလူသားဘယ်လောက်စွမ်းအားကြီးကြောင်းမျက်မြင်တွေ့လိုက်‌ရလေသည်။

ကျိုးဟောင်မှာ သူ့ရှေ့တွင်လက်နောက်ပစ်ကာ မတ်တပ်ရပ်ရင်းပြောလိုက်လေသည်။

"မင်းရဲ့အမှတ်တွေကိုလွှဲပေးပြီး ပြိုင်ပွဲကနှုတ်ထွက်လိုက် ဒါဆိုငါမင်းကိုအသက်ချမ်းသာပေးမယ်"

....................................................................................

အခန်း (၈၂၆) ပြီးပါပြီ။

---

အခန်း (၈၂၇) : နတ်ဆိုးမျိုးနွယ်စု

ကူတာ၏အမူအရာမှာလုံး၀‌ပျက်ယွင်းနေခဲ့လေသည်။သို့သော်သူသည်အခြေအနေကိုကောင်းစွာ‌သဘောပေါက်လေသည်။ သူ့အနေဖြင့်ပြန်လည်ခုခံဖို့ရာမဖြစ်နိုင်တော့ပေ။

ကူတာမှသူ့ရဲ့အမှတ်ကဒ်ကိုထုတ်ပြီးကျိုးဟောင်အားပေးလိုက်လေသည်။ ကျိုးဟောင်လည်းယူပြီး အမှတ်များကိုသူ့ကဒ်ထဲသို့လွှဲပြောင်းလိုက်လေသည်။

"မဆိုးဘူး"

ကျိုးဟောင်မှာပြုံးပြီးပြောလိုက်လေသည်။ ကျိုးဟောင်မှာသူ့အမှတ်ကဒ်ထဲကိုကြည့်လိုက်သောအခါ အမှတ်ပေါင်း ၃သောင်းအထိရှိလာသည်ကိုမြင်လိုက်ရလေသည်။ ကျိုးဟောင်၏အဆင့်မှာလည်း ဒုံးပျံကဲ့သို့ချက်ချင်း အဆင့်၁၀၀၀အတွင်းရောက်ရှိသွားခဲ့လေသည်။

"မင်းမှာ အမှတ်တော်တော်များများရှိတာပဲ မဆိုးဘူး မဆိုးဘူး"

ကျိုးဟောင်မှာပျော်ရွှင်နေလေသည်။

ကူတာကတော့ကျိုးဟောင်အား ဒေါသထွက်နေသောမျက်လုံးများဖြင့်စိုက်ကြည့်နေလေသည်။ သူသည်နောင်တလည်းရနေခဲ့ပြီး တကယ်လို့ ကျိုးဟောင်ဘယ်လိုလူလဲဆိုတာကိုသေချာသိခဲ့ပါက သူ့အနေဖြင့်ရန်စခဲ့မည်မဟုတ်ပေ။

"အရှုံးပေးမလား အသေခံမလား"

ကျိုးဟောင်ကမေးလိုက်လေသည်။ သူ့အနေဖြင့်ဒီလိုနေရာတွင်ကူတာအားလွှတ်ပေးလိုက်လို့မဖြစ်ပေ။ထိုသို့လွှတ်ပေးလိုက်ပါက သူ့အနေဖြင့်ရန်သူတစ်ယောက်အားမွေးမြူလိုက်သလိုဖြစ်ပြီး သူ့အားလက်စားပြန်ချေလာနိုင်လေသည်။

အကောင်းဆုံးနည်းလမ်းကတော့ ကူတာအားသတ်လိုက်ခြင်းဖြစ်လေသည်။ သို့သော်ကျိုးဟောင်ကတော့မလုပ်ချင်ပေ။ မှော်ဆရာတစ်ယောက်ဖြစ်သောကြောင့် နောက်ခံအင်အားမှာသေချာပေါက်တောင့်တင်းပေမည်။ ကူတာအားသတ်လိုက်ပါကသေချာပေါက်သူ့အတွက်ပြဿနာရှိလာပေလိမ့်မည်။

" ငါဒီကိစ္စကိုလုံး၀မမေ့ဘူး"

ကူတာကကြိမ်းဝါးလိုက်ပြီးနောက် ပြိုင်ပွဲမှနှုတ်ထွက်ဖို့ရွေးချယ်လိုက်လေသည်။ ကူတာ၏ခန္ဓာကိုယ်မှာတဖြေးဖြေးပျောက်ကွယ်သွားပြီး ထိုနေရာမှရွှေ့ပြောင်းခြင်းခံလိုက်ရလေသည်။

ကျိုးဟောင်မှာ အဆင့်၁၀၀၀အတွင်းသို့ရောက်လာသောကြောင့်ပျော်ရွှင်နေလေသည်။ သို့သော်ကျိယောင်ယွဲ့နှင့်လင်းထျန်တို့မှာတော့အဆင့်တက်မလာသေးပေ။

ကျိုးဟောင်မှာ လင်းထျန်နှင့်ကျိယောင်ယွဲ့တို့ထံသွားရောက်ပူးပေါင်းချင်နေ‌လေသည်။ သို့သော် ဒီလိုကြီးမားကျယ်ပြန့်သောနေရာမျိုးတွင် ကောက်ရိုးပုံထဲအပ်ရှာနေသကဲ့သို့ဖြစ်နေသောကြောင့် အလောတကြီးမလုပ်ဘဲ ဖြေးဖြေးချင်းသာရှာဖွေနေခဲ့လေသည်။

"ငါအရှေ့အရပ်ကနေ အနောက်ရပ်အထိလျှောက်သွားပြီးရှာရင်တော့သူတို့ကိုတွေ့နိုင်လောက်တယ်"

ကျိုးဟောင်မှာ ရှာဖွေရန်နေရာအားသတ်မှတ်လိုက်ပြီးစတင်ထွက်ခွာလာခဲ့လေသည်။ ကျိုးဟောင်မှာလမ်းလျှောက်ရင်း သူ့အမှတ်ကဒ်ကိုကြည့်ကာ တခြားသူများ၏အမှတ်များကိုစောင့်ကြည့်နေခဲ့လေသည်။

သူသည်လက်ရှိတွင်အဆင့်၁၀၀၀အတွင်းရှိသော်လည်းလုံလောက်မှုမရှိသေးပေ။ လက်ရှိတွင်လူတိုင်း၏အမှတ်များမှာ ပြောင်းလဲမှုများစွာဖြစ်ပေါ်နေပြီး အတက်အကျပြင်းထန်နေခဲ့လေသည်။

ကျိုးဟောင်မှာလည်း အဆင့်၁၀၀၀အတွင်းမှတဖြေးဖြေးနောက်သို့ရောက်လာခဲ့လေသည်။ အင်အားကြီးသူများမှာ အားနည်းသူများ၏အမှတ်များကိုမျက်စိကျနေခဲ့ကြပြီး လုယူဖို့ကြိုးစားနေကြလေသည်။ အမှတ်များလုယူခံနေရခြင်းကြောင့် အမှတ်ပေးကဒ်တွင် အဆင့်အပြောင်းအလဲအတက်အကျများပြင်းထန်နေခဲ့လေသည်။

"အား.... ခရီးကအရှည်ကြီးကျန်သေးတာပဲ"

ထိုအချိန်တွင်လင်းထျန်၏ခန္ဓာကိုယ်မှာသွေးများဖြင့်ဖုံးလွှမ်းတာ ငြီးငြူနေခဲ့လေသည်။ လူအချို့မှာလည်းလူ့လက်ချက်ဖြင့်လဲကျနေခဲ့ကြပြီး လင်းထျန်မှာလည်း အခြေအနေဆိုးရွားနေခဲ့လေသည်။

"ဟူးး ငါ အမှတ်၃သောင်းလောက်စုဆောင်းနိုင်ခဲ့ပြီးအဆင့်၁၀၀၀အတွင်းတော့၀င်နိုင်ခဲ့ပြီ။ ဒါပေမဲ့ငါအင်အားအကုန်သုံးမိသွားပြီ အနားယူဖို့နေရာတစ်ခုရှာမှဖြစ်မယ်"

လင်းထျန်သည်တကယ့်ကိုတည်ငြိမ်သောလူတစ်ယောက်ဖြစ်လေသည်။ သူသည်ကျိုးဟောင်ကဲ့သို့ပင်အားနည်းသည်ဟုထင်မှတ်ခံရကာ ပစ်မှတ်ထားတိုက်ခိုက်ခြင်းခံခဲ့ရလေသည်။

သို့သော် သူ၏တိုက်ခိုက်ရေးစွမ်းရည်မှာထူးခြားကောင်းမွန်လှပြီး အကုန်လုံးကိုအနိုင်ယူကာအသက်ဆက်နိုင်ခဲ့လေသည်။ သူ့လမ်းကြောင်းတစ်လျောက်တွင်လာရောက်တိုက်ခိုက်သူများကိုအနိုင်ယူခဲ့ပြီး အမှတ်များလည်းစုဆောင်းနိုင်ခဲ့လေသည်။

ကျိယောင်ယွဲ့မှာလည်းလင်းထျန်နှင့်အလားတူပင်ဖြစ်လေသည်။ သူမသည် နတ်သမီးတစ်ပါးကဲ့သို့ချောမောလှပသောကြောင့် ယှဉ်ပြိုင်သူများက သူမ၏အမှတ်များကိုသာမက သူမကိုပါ သိမ်းပိုက်ချင်လိုကြလေသည်။

သို့သော်သူမသည် လင်းထျန်ထက်ပင်ပိုမိုသန်မာသူဖြစ်ပြီး သူမအားပစ်မှတ်ထားတိုက်ခိုက်လာသူများကိုအနိုင်ယူနိုင်ခဲ့ကာ အမှတ်များစုဆောင်းနိုင်ခဲ့လေသည်။

သူတို့၃ယောက်ထဲတွင် ကျိယောင်ယွဲ့မှာ လူအများဆုံးသတ်ခဲ့သူဖြစ်ပြီး သူမအားလာရောက်ထိပါးသူတိုင်းအားသုတ်သင်ခဲ့လေသည်။

"ဟမ် ဒီအမျိုးသမီးကတကယ့်ကိုစွမ်းအားကြီးတာပဲ။ အဆင့်နိမ့်သက်ရှိတစ်ယောက်ဖြစ်ပေမဲ့ ဒီလောက်ကြီးမားတဲ့တိုက်ခိုက်ရေးစွမ်းရည်မျိုးထုတ်နိုင်လိမ့်မယ်မထင်ထားခဲ့ဘူး။ ဟီးဟီး ငါအရမ်းစိတ်၀င်စားလာပြီ သူမကိုအရှင်ဖမ်းပြီးဘယ်လိုအရသာရှိမလဲဆိုတာ မြည်းစမ်းကြည့်ချင်လိုက်တာ"

‌အဝေး‌တစ်နေရာတွင် ကိုယ်ပေါ်၌အကြေးခွံ့များပါရှိသည့်လူတစ်ယောက်ကအေးစက်စွာပြောလာခဲ့လေသည်။

သူ့ဘေးတွင်သူနှင့်တူသောလူနှစ်ယောက်ကလည်း ခေါင်းညိတ်ပြီးထောက်ခံပြောကြားလာလေသည်။

"ဟုတ်တယ် သခင်လေး ကျွန်တော်တို့အခုပဲ စတင်လိုက်ကြမလား"

သူတို့နှစ်ယောက်မှာ စကားဆုံးသည်နှင့် ကျိယောင်ယွဲ့နောက်သို့‌လိုက်သွားကြလေသည်။ သခင်လေးဆိုသည်ကတော့ နောက်မှ ဖြေးဖြေးချင်းလိုက်လာခဲ့လေသည်။

"ဒီလိုလှပတဲ့မိန်းမတစ်ယောက်ကိုသတ်ပစ်ရမှာနှမြောစရာပဲ။ သူမကိုငါ့အိပ်ယာထဲခေါ်ပြီး ငါ့ရဲ့မိန်းမတွေထဲကတစ်ယောက်ဖြစ်အောင်လုပ်ရမယ်။ဟဲဟဲ ဒီအကြံမဆိုးဘူး"

ထိုလူမှနှုတ်ခမ်းကိုလျှာဖြင့်သပ်ကာ ယုတ်မာသောအပြုံးဖြင့်ပြုံးနေခဲ့လေသည်။

ထိုလူသည်နိုင်လော့ဂြိုဟ်ပေါ်ရှိ ဘာတာမိသားစုမှသခင်လေးဖြစ်လေသည်။ ထိုလူ၏နာမည်မှာ ဘတ်တိုင်းရက်စ် ဖြစ်လေသည်။ သူသည် တတိယမြောက်သူတော်စင်ဘုံအဆင့်ပညာရှင်ဖြစ်လေသည်။

သို့သော်သူ၏တတိယမြောက်သူတော်စင်ဘုံအဆင့်မှာ ကျိုးဟောင်နှင့်မတူခဲ့ပေ။ သူသည် သူ့မိသားစု၏အတင်းအကြပ်စေခိုင်းခြင်းခံရမှုကြောင့် ထိုအဆင့်သို့ရောက်ရှိလာသူဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည်မှာ အနည်းငယ်လစ်ဟာနေလေသည်။

ဒါပေမဲ့ ဘာတာမိသားစုတွင် ပြိုင်စံရှားကျင့်ကြံရေးနည်းစနစ်တစ်ခုရှိလေသည်။ ထိုနည်းစနစ်မှာ စွမ်းအင်စုပ်ယူခြင်းဖြစ်လေသည်။ သူတို့မျိုးနွယ်သည် မည်သည့်သက်ရှိစွမ်းအင်အနှစ်သာရကိုစုပ်ယူပြီး သူတို့၏အင်အားအဖြစ်ပြောင်းလဲနိုင်ကြလေသည်။ ထိုနည်းစနစ်ကြောင့်ပင် ဘာတာမိသားစုမှာအလျင်အမြန်အင်အားကြီးထွားလာခဲ့လေသည်။

သို့သော်နိုင်လော့ဂြိုဟ်ပေါ်တွင်ဘာတာမိသားစုမှာ ကောင်းမွန်စွာအသိအမှတ်ပြုခံရခြင်းမျိုးတော့မရှိပေ။ ကြေးစားစစ်တပ်သာမကာ အင်အားကြီးမိသားစုကြီးများကပါ ဘာတာမိသားစုအားမုန်းတီးကြလေသည်။ အကြောင်းမှာ သူ့တစ်ပါး၏အသက်အား ကျင့်ကြံရေးအဖြစ်ရယူခြင်းမှာ ရွံရှာဖို့ကောင်းလေသည်။

ထိုအချိန်တွင်ဘတ်တိုင်းရက်စ်မှာ ကျိယောင်ယွဲ့နှင့်မနီးမဝေးမှပင် ဖြေးဖြေးချင်း လိုက်နေခဲ့လေသည်။ သူသည် ကျိယောင်ယွဲ့၏တိုက်ခိုက်ရေးစွမ်းရည်မှာသာမန်ထက်ထူးခြားကြောင်း သဘောပေါက်ထားပြီး အလွယ်တကူရန်မစရဲပေ။

ကြေးစားတပ်၏အခြေစိုက်စခန်းထဲတွင် မိုကာရွန်မှာ ထိန်းချုပ်ခန်းတစ်နေရာ၌ထိုင်နေခဲ့ပြီး များစွာသောဖန်သားပြင်များကိုစောင့်ကြည့်နေခဲ့လေသည်။ ထိုဖန်သားပြင်‌များပေါ်တွင် ပြိုင်ပွဲ၀င်တိုင်း၏ အချက်အလက်များ ပြသထားလေသည်။သူသည်ကြည့်နေရင်း လူတချို့ဆီသို့ရောက်သွားသောအခါအကြည့်ရပ်သွားလေသည်။

"နက်သာကြယ်အစုအဝေးရဲ့ဂုဏ်သရေရှိမိသားစုတွေက သူတို့ရဲ့ဆက်ခံသူတွေကိုသေချာလေ့ကျင့်ပျိုးထောင်ထားတာပဲ။ ဒါပေမဲ့ သူတို့တွေက ဒီကောင်လေးကပိုပြီးစိတ်၀င်စားဖို့ကောင်းတယ်"

သူသည်ကျိုးဟောင်အားကြည့်ပြီးပြောလာခဲ့လေသည်။ သူသည်ကျိုးဟောင်၏လက်ရှိတိုက်ပွဲကိုမျက်မြင်တွေ့ခဲ့ရပြီး ကျိုးဟောင်၏ကျင့်ကြံဆင့်ရုတ်တရက်မြင့်တက်သွားခြင်းကြောင့် အံ့ဩနေခဲ့လေသည်။

"ဒီတစ်ခေါက်လူရွေးပွဲကအတော်တော့စိတ်၀င်စားစရာပဲ။ ဒါပေမဲ့ ဒီအတိုင်းဆက်သွားရင်တော့ အချိန်ကုန်တာပဲရှိမယ်။ နေရာပြစနစ်ကိုဖွင့်လိုက်တော့"

ထိုအချိန်တွင်လူတစ်ယောက်မှာမိုကာရွန်၏ဘေးတွင်ပေါ်လာပြီး ပြောလာခဲ့လေသည်။ ထိုလူ၏ရုပ်သွင်မှာ မိစ္ဆာတစ်ကောင်နှင့်တူလေသည်။ ထိုလူသည်နတ်ဆိုးမျိုးနွယ်မှဖြစ်ပြီး မိစ္ဆာစွမ်းအားဖြင့်‌မွေးဖွားလာသူဖြစ်လေသည်။

"အို ဇူထျန်ဂန် မင်းကအမြဲယုတ်မာတဲ့လှည့်ကွက်တွေနဲ့ပြည့်နေတာပဲ။ နေရာပြစနစ်ကိုဖွင့်လိုက်ရင် ဒီတိုက်ပွဲက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းတွေဖြစ်သွားလိမ့်မယ်"

မိုကာရွန်မှာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်လေသည်။ သူသည်အနည်းငယ်တွန့်ဆုတ်နေခဲ့လေသည်။

"ကြေးစားစစ်သားတစ်ယောက်အနေနဲ့ သေမှာကိုကြောက်နေစရာမလိုဘူးလို့ မင်းပဲပြောခဲ့တာမှတ်လား။ ငါပြောသလိုလုပ်လိုက်ရင် သူတို့ရဲ့စစ်မှန်တဲ့အရည်အချင်းတွေကိုမြင်ရနိုင်ပြီး အားနည်းတဲ့ကောင်တွေ အလွယ်တကူလွတ်လမ်းရှာခြင်းမျိုးတွေကိုကာကွယ်ပြီးသားဖြစ်သွားလိမ့်မယ်"

ဇူထျန်ဂန်က ဂရုမစိုက်သည့်အမူအရာဖြင့်ပြောလာခဲ့လေသည်။

....................................................................................

အခန်း (၈၂၇) ပြီးပါပြီ။

---

အခန်း (၈၂၈) : လုပ်ပိုင်ခွင့်ပေးလိုက်ခြင်း

မိုကာရွန်လည်း သဘောတူလိုက်လေသည်။ ကံကောင်းပြီး စွမ်းအားကြီးသူများအား အနိုင်ရသွားသောအဖြစ်အပျက်မျိုးသူတို့မလိုလားပေ။ ဂရုတစိုက်ဖြင့်အမှတ်များစုဆောင်းကာ ထိပ်ဆုံးအယောက် ၁ထောင်ထဲ၀င်လာခြင်းမျိုးကိုသာလက်ခံလေသည်။

"ကောင်းပြီလေ မင်းပြောသလိုပဲလုပ်ကြတာပေါ့"

မိုကာရွန်ကပြောပြီးနောက် အမိန့်တစ်ခုပေးလိုက်လေသည်။ ထိုအခိုက်အတန့်မှာပင် ဂြိုဟ်တစ်ခုလုံးရှိလျှို့ဝှက်ယာဉ်ပျံငယ်လေးများဆီမှ အသံတစ်ခုထွက်ပေါ်လာခဲ့လေသည်။

"လူရွေးပွဲစည်းကမ်းသတ်မှတ်ချက်များတိုးမြှင့်လိုက်ပါပြီ။ လူတိုင်း၏‌တည်နေရာများကိုဖော်ပြခြင်းခံရပါမည်။ လူတိုင်း၏တည်နေရာများကိုအဆင့်ကဒ်ထဲရှိမြေပုံတွင်ကြည့်ရှုနိုင်ပါသည်"

ထိုအေးစက်စက်အသံဆုံးသွားသောအခါ ပြိုင်ပွဲ၀င်တိုင်းမှင်တက်သွားခဲ့ကြလေသည်။ စွမ်းအားကြီးမားသူများကတော့သိပ်မစိုးရိမ်ကြသော်လည်း အားနည်းသူများကတော့အမူအရာများပျက်ယွင်းသွားကြလေသည်။

ကျိုးဟောင်လည်းထိုအသံကိုကြားလိုက်သောအခါ ချက်ချင်းအမှတ်ကဒ်အားထုတ်ယူပြီးကြည့်လိုက်လေသည်။ လူတိုင်းအားအဖြူရောင်အစက်လေးများဖြင့်ဖော်ပြထားပြီး အမှတ်ကဒ်၏မြေပုံပေါ်တွင်လူတိုင်း၏အမှတ်များ၊အဆင့်များနှင့်တည်နေရာများကိုကြည့်လို့ရနေလေသည်။ ကျိုးဟောင်၏အမူအရာမှာအကျည်းတန်သွားခဲ့လေသည်။

" ဒီအတိုင်းဆိုရင် ဘယ်သူမှာပုန်းနေဖို့မဖြစ်နိုင်ဘူးပဲ ဘာဆက်လုပ်သင့်လဲ"

ကျိုးဟောင်မှာကြောက်လန့်နေခြင်းတော့မဟုတ်ပေ။သို့သော်လင်းထျန်နှင့်ကျိယောင်ယွဲ့တို့အတွက်စိတ်ပူနေလေသည်။ ထို့ကြောင့်ချက်ချင်းပင် လင်းထျန်နှင့်ကျိယောင်ယွဲ့တို့၏တည်နေရာအားကြည့်လိုက်လေသည်။

လင်းထျန်ပြန်လည်အားယူရန်နားနေသောနေရာတဝိုက်တွင် ဘယ်သူမှမရှိပေ။ သို့သော် ကျိယောင်ယွဲ့အနားတွင်တော့ လူတချို့ဝိုင်းနေလေသည်။ အထူးသဖြင့် လူ၃ယောက်မှာ သူမအနောက်သို့ဖြေးဖြေးချင်းကပ်လိုက်နေလေသည်။ ထိုလူ ၃ယောက်လုံးမှာလည်း အဆင့်၅၀၀အထက်တွင်ရှိသောပညာရှင်များဖြစ်နေလေသည်။

ကျိုးဟောင်မျက်လုံးများအရောင်တောက်သွားလေသည်။ ကျိယောင်ယွဲ့မှာစောင့်ကြည့်ခြင်းခံနေရကြောင်းသူသဘောပေါက်သွားလေသည်။ တုံ့ဆိုင်းမနေဘဲ ကျိယောင်ယွဲ့ရှိရာဆီသို့တန်းထွက်သွားလေသည်။

ကျိယောင်ယွဲ့နှင့်လင်းထျန်လည်း ထိုအသံကိုကြားပြီးနောက် တည်နေရာပြမြေပုံအားကြည့်လိုက်ကြလေသည်။

"ကျိုးဟောင်ကအရှေ့ဘက်မှာ၊ ကျိယောင်ယွဲ့က တောင်‌ဘက်မှာ၊ ငါကတော့ အနောက်ဘက်မှာပဲ။ အလယ်ကိုသာဆက်သွားမယ်ဆို ငါတို့မြန်မြန်ဆုံနိုင်တယ်။ ဒါပေမဲ့ ကျိယောင်ယွဲ့အနောက်ကိုလိုက်နေတဲ့သူတွေရှိတာကြောင့် ကျိုးဟောင်က သူ့ဆီသေချာပေါက်သွားကူမှာပဲ။ ဒါဆိုငါလည်း ကျိယောင်ယွဲ့ဆီသွားပြီးကူညီရမယ်"

လင်းထျန်မှာ အနားယူပြီးနောက် ပြန်လည်သက်သာလာခဲ့လေသည်။ ထို့နောက်သူသည် အလင်းတန်းအဖြစ်ပြောင်းလဲပြီး ကျိယောင်ယွဲ့ရှိရာဆီသို့ထွက်လာခဲ့လေသည်။

ကျိယောင်ယွဲ့ကတော့ တည်နေရာပြမြေပုံကိုကြည့်ပြီးဒေါသထွက်နေလေသည်။ လူ၃ယောက်မှာ သူမနောက်သို့လိုက်နေကြောင်းသိရှိသွားလေသည်။

"အဆင့်၅၀၀အတွင်းက အင်အားကြီးသူတွေလား။ တကယ်လို့ တစ်ယောက်ချင်းချရမယ်ဆိုရင်တော့ ငါမကြောက်ပေမဲ့ သူတို့၃ယောက်ပေါင်းတိုက်ရင်တော့ငါရင်ဆိုင်ဖို့ခက်တယ်"

ကျိယောင်ယွဲ့မှာသွေးဆူတတ်သူဖြစ်သော်လည်း အဆင်အခြင်မဲ့သူတော့မဟုတ်ပေ။ သူမသည်အခြေအနေကိုကောင်းစွာအကဲဖြတ်တတ်ပြီး အဆင်အခြင်မဲ့တိုက်ခိုက်ခြင်းမျိုးမလုပ်ပေ။ ကျိယောင်ယွဲ့မှာ မြေပုံကိုတချက်ကြည့်ပြီး ကျိုးဟောင်နှင့် လင်းထျန့်ကြားအနီးဆုံးနေရာဆီသို့သွားရန်ဆုံးဖြတ်လိုက်လေသည်။

"သူတို့နှစ်ယောက်လည်းမြေပုံကိုကြည့်ပြီး သေချာပေါက်လာကူညီမှာပဲ။ ဒီလိုဆိုရင် သူတို့နှစ်ယောက်နဲ့အနီးဆုံးနေရာဆီသွားလိုက်ရင် ကျိန်းသေပေါက်မြန်မြန်တွေ့နိုင်မှာပဲ"

ကျိ‌ယောင်ယွဲ့မှာဆုံးဖြတ်လိုက်ပြီး တုံ့ဆိုင်းမနေဘဲထိုနေရာမှထွက်ခွာလေသည်။ သို့သော်ထိုအချိန်တွင် ဘတ်တိုင်းရက်စ်လည်း အခြေအနေကိုသဘောပေါက်သွားပြီး မျက်မှောင်ကြုတ်လိုက်လေသည်။

"မကောင်းတော့ဘူး သူမဆီမှာ အပေါင်းအပါတွေရှိလိမ့်မယ်လို့မထင်ထားခဲ့မိဘူး။ တကယ်လို့သူတို့တွေသာပူးပေါင်းသွားမိရင် အခြေအနေတွေဆိုးကုန်လိမ့်မယ်။ ငါတို့အမြန်လှုပ်ရှားရမယ် ဂူတာ၊ရိုင်ဂျီ တိုက်တော့..."

ဘတ်တိုင်းရက်စ်မှာအချိန်ဆွဲမနေတော့ဘဲ သူ့ရဲဘော်နှစ်ယောက်အားတိုက်ခိုက်ရန်အမိန့်ပေးလိုက်လေသည်။ သူ့လူနှစ်ယောက်မှာလည်းချက်ချင်းပင်အမိန့်ကိုလက်ခံကာကျိယောင်ယွဲ့ဆီတိုက်ခိုက်ရန်ဦးတည်သွားလေသည်။

သူတို့နှင့်ကျိယောင်ယွဲ့မှာသိပ်မဝေးသောကြောင့် ထိုလူနှစ်ယောက်မှာ ချက်ချင်းပင် ကျိယောင်ယွဲ့၏‌ အရှေ့၌ပေါ်လာကြလေသည်။

"မိန်းမလှလေး ထွက်မပြေးပါနဲ့။ ကျုပ်တို့သခင်လေးကမင်းကိုသဘောကျနေတာကြောင့် ကြည်ကြည်ဖြူဖြူနဲ့အညံ့ခံလိုက်စမ်းပါ"

ထိုလူနှစ်ယောက်မှာ ၄ဆင့်မြောက်သူတော်စင်ဘုံအဆင့်ပညာရှင်များဖြစ်ကြလေသည်။ဒါ့အပြင်ဘတ်တိုင်းရက်စ်မှာလည်း မလှမ်းမကမ်းတွင်ရှိနေလေသည်။

ကျိယောင်ယွဲ့မှာအစောပိုင်းတွင် တိုက်ခိုက်တစ်ခုအားအနိုင်တိုက်ခဲ့ရပြီး ဒဏ်ရာရလာခဲ့လေသည်။ သူမအနေဖြင့် ဒီလူနှစ်ယောက်အား ဖိအားပေးပြီး အမြန်ပျံသန်းထွက်ပြေးဖို့ကြိုးစားလေသည်။

" သူမဒဏ်ရာရထားတယ် အရမ်းအဝေးကြီးထွက်မပြေးနိုင်ဘူး နောက်ကထပ်ကြပ်မကွာလိုက်ကြ"

ဘတ်တိုင်းရက်စ်မှာကျိယောင်ယွဲ့ဒဏ်ရာရထားသည်ကိုသိထားသောကြောင့် သူ့လူနှစ်ယောက်အား‌အော်ဟစ်အမိန့်ပေးနေလေသည်။

ကျိုးဟောင်မှာ ကျိယောင်ယွဲ့အားမြေပုံပေါ်တွင်ဆက်တိုက်ကြည့်နေခဲ့ပြီး ထိုလူများလှုပ်ရှားခြင်းကြောင့်မျက်နှာပျက်သွားလေသည်။

" သူတို့တွေလှုပ်ရှားလာကြပြီပဲ မဖြစ်ဘူး ငါအရှိန်တင်မှဖြစ်မယ်"

ကျိုးဟောင်မှာထိန်းချုပ်မနေတော့ဘဲ ငှက်မွှေးတစ်ထောင်ချပ်၀တ်၏အတောင်ပံများကိုဖြန့်ကာနေရာရွှေပြောင်းရေးအစွမ်းအားဆက်တိုက်အသုံးပြုလာလေသည်။

"ပြေးမနေပါနဲ့တော့ မိန်းမလှလေးရယ် မင်းငါ့လက်ကမလွတ်တော့ပါဘူး။ ငါ့လိုဘာတာမိသားစုတစ်ယောက်ရဲ့သဘောကျခြင်းခံရတာ မင်းအတွက်ကံကောင်းတာပဲလေ။ ပြီးတော့ ငါလည်း မင်းလိုမျိုးနွယ်တစ်ယောက်ရဲ့အရသာကိုမြည်းစမ်းကြည့်ချင်တယ်။ ပြောလို့မရဘူး မင်းလည်းသဘောကျချင်ကျသွားမှာပေါ့"

ဘတ်တိုင်းရက်စ်မှာနောက်မှဆက်တိုက်လိုက်ကာပြောနေခဲ့ပြီး ကျိယောင်ယွဲ့အားဆက်ပြေးလို့မရအောင် မန္တန်တစ်ခုဖြင့်ရပ်တန့်ရန်ကြိုးစားကြည့်လေသည်။

ပြီးခဲ့သောတိုက်ပွဲအရှိန်ကြောင့်ကျိယောင်ယွဲ့၏ နှုတ်ခမ်းစွန်းဆီမှသွေးများစီးကျနေခဲ့ပြီး အငွေ့အသက်မှာလည်း အားနည်းနေခဲ့လေသည်။

"နင်က ငါ့ကိုဖမ်းချင်တယ်ပေါ့ ကြိုးစားကြည့်လိုက်စမ်းပါ"

ကျိယောင်ယွဲ့မှာ အလွန်အမင်းဒေါသထွက်နေခဲ့ပြီး မျက်နှာအမူအရာမှာလည်းခက်ထန်နေခဲ့လေသည်။

"ဟားဟား ငါ့စကားနားထောင်တဲ့သူတွေအများကြီးကြုံဖူးခဲ့ပြီး ဒီလိုခေါင်းမာတာမျိုးတော့ကြိုက်တယ်ကွာ ဟားဟား ဆက်ပြေးစမ်း မင်းပိုပြီးခုခံလေ ငါ့အတွက် ပိုကောင်းလေပေါ့"

ဘတ်တိုင်းရက်စ်မှာရယ်မောရင်း ကျိယောင်ယွဲ့အနောက်သို့ဆက်လိုက်နေလေသည်။

မကြာမီပင် ကျိယောင်ယွဲ့၏အသက်ရှူနှုန်းများလေးလံလာပြီး သူမ၏ယွမ်ချီစွမ်းအားများမှာလည်းတဖြေးဖြေးလျော့ကျလာခဲ့လေသည်။ သူမ၏ ထွက်ပြေးသည့်အရှိန်မှာလည်းနှေးသွားခဲ့လေသည်။

"အခုပဲ"

ဘတ်တိုင်းရက်စ်မှာ အော်ဟစ်လိုက်ပြီး သူ၏ဓားရှည်ကိုထုတ်ကာ ကျိယောင်ယွဲ့ဆီသို့အရှိန်အပြည့်ဖြင့်၀င်သွားခဲ့လေသည်။

ကျိယောင်ယွဲ့မှာလည်း နောက်က၀င်လာသောဓားချက်ကိုခံစားမိသောကြောင့်ပြန်လှည့်ပြီး ခုခံလိုက်လေသည်။ သို့သော် သူမမှာအင်အားယုတ်လျော့နေသောကြောင့် ဓားချက်ကိုမတောင့်ခံနိုင်ပဲ သွေးတစ်ပွက်အန်ကာ မြေ‌ပြင်ပေါ်သို့ပြုတ်ကျသွားခဲ့လေသည်။

သူမအတွက်အသက်အန္တရာယ်ရှိလောက်သည်အထိမဖြစ်သော်လည်း ဒဏ်ရာအပြင်းအထန်တော့ရသွားခဲ့လေသည်။

"မူးမေ့လှံတံ"

ဘတ်တိုင်းရက်စ်မှာ သူ့အိတ်ထဲမှ‌ သေနတ်ကဲ့သို့ပစ္စည်းတစ်ခုကိုထုတ်ယူပြီး ကျိယောင်ယွဲ့ဆီသို့ပစ်လိုက်လေသည်။ လျှပ်စီးအလင်းတန်းတစ်ခုမှ သူမအပေါ်သို့ကျရောက်သွားပြီး လှုပ်ရှားလို့မရဖြစ်သွားလေသည်။

"ရုန်းကန်မနေနဲ့တော့ ဒါငါတို့ဘာတာမိသားစုရဲ့ထိပ်တန်းလျှပ်စစ်မူးဝေစေတဲ့လက်နက်ပဲ အကာအကွယ်မရှိဘဲထိမှန်သွားရင် ၁နာရီခွဲလောက် မင်းလုံး၀လှုပ်လို့ရမှာမဟုတ်ဘူး"

"ဟားဟား ၁နာရီခွဲဆိုတာ ကိစ္စကောင်းလေးတွေအများကြီးလုပ်ဖို့လုံလောက်ပါတယ်"

ဘတ်တိုင်းရက်စ်မှာပျော်ရွှင်စွာဖြင့် ကျိယောင်ယွဲ့အနားသို့ဆင်းသက်လာလေသည်။

"မိန်းမလှလေး မင်းကတကယ့်ကိုလှပတဲ့ခန္ဓာကိုယ်ကိုရှိတာပဲ ငါယဉ်ကျေးမနေတော့ဘူးနော် ဟီးဟီး"

ဘတ်တိုင်းရက်စ်မှာ ကျိယောင်ယွဲ့အနားသို့ကပ်သွားလေသည်။ထိုအချိန်တွင်သူ့လူနှစ်ယောက်မှာအလောတကြီးသတိပေးလာလေသည်။

"သခင်လေး အရှိန်ပြင်းပြင်းနဲ့လူနှစ်ယောက်ချည်းကပ်လာနေတယ်။ ကျွန်တော်တို့နဲ့သိပ်မဝေးတော့ဘူး"

....................................................................................

အခန်း (၈၂၈) ပြီးပါပြီ။

---

All Chapters