← Chapters

အခန်း (၈၃၅-၈၃၇)

Vol. 56 Ch. 835-837

အခန်း (၈၃၅-၈၃၇)

Vol. 56 Ch. 835-837

အခန်း (၈၃၅) : ပုံရိပ်ယောင်လေ့ကျင့်ရေးစတင်ခြင်း

ကျိုးဟောင်မှာ စိတ်ခြောက်ခြားနေကြသောလူများကိုကြည့်ပြီး အထဲရှိအခြေအနေမှာ သာမန်မဟုတ်ကြောင်း ကြိုတွေးထားမိလေသည်။ ဒါ့အပြင် ကြေးညှိရောင်အသားအရေရှိသောလူများကိုပင် ထိုကဲ့သို့ အမူအရာပျက်ယွင်းသွားအောင်လုပ်နိုင်ပုံအရ အထဲမှာတွင်ရိုက်ခတ်မှုကြီးကြီးမားမားရှိပုံရပေမည်။

ကျိုးဟောင်မှာထိုလူများ၏အစွမ်းအစအပေါ်အထင်သေးနေခြင်းမဟုတ်ပေ။ ပုံရိပ်ယောင်လေ့ကျင့်ရေးအခန်း၏ရိုက်ခတ်မှုမှာတကယ့်ကိုသာမန်မဟုတ်ကြောင်းကျိုးဟောင်တွေးလိုက်မိလေသည်။

"မြန်မြန်အထဲ၀င်စမ်းကောင်စုတ်လေး မင်းအောင်မြင်အောင်လုပ်နိုင်မလားဆိုတာကိုငါကြည့်ချင်နေပြီ"

အစ်ကိုကြီးနမ်ဆိုသူမှာ နာရီ၀က်ပဲနေနိုင်ခဲ့ခြင်းကြောင့်အရှက်ရနေပြီး ကျိုးဟောင်အားမဲကာ ဒေါသတကြီးပြောဆိုနေလေသည်။

အစကသူသည် ဒီပုံရိပ်ယောင်အခန်းထဲတွင်တစ်နာရီကြာအောင်နေနိုင်မည်လို့ ကြွေးကြော်နေခဲ့ပြီး ယခုမူ ကြုံတွေ့ရသည့်ကြောက်မက်ဖွယ်အခြေအနေများကြောင့်နာရီ၀က်ဖြင့်ပြန်ထွက်လာခဲ့ရလေသည်။

ကျိုးဟောင်မှာအေးဆေးပင်ပုံရိပ်ယောင်လေ့ကျင့်ရေးအခန်းဆီသို့လျှောက်သွားလိုက်လေသည်။ အထဲတွင်ဘာတွေစောင့်ကြိုနေမလဲကို ကျိုးဟောင်မသိသော်လည်း သူ့ကိုဘယ်အရာမှ အလွယ်တကူအနိုင်မယူနိုင်ဖူးလို့စိတ်ဆုံးဖြတ်ထားလေသည်။

သူ့စိတ်ရောခန္ဓာပါ သန်မာလာစေ‌ရန် ကြမ်းတမ်းသောအခက်အခဲများကိုကျော်ဖြတ်ဖို့လိုအပ်လေသည်။ ဒါ့အပြင် ပုံရိပ်ယောင်လေ့ကျင့်ရေးဖြစ်သောကြောင့် သူ့အတွက်ကြီးမားသောအသက်အန္တရာယ်လည်း မရှိပေ။

ကျိုးဟောင်၏တည်ငြိမ်နေသောအမူအရာကိုကြည့်ပြီး လူတိုင်းကအပြစ်တင်ပြောဆိုချင်လာကြလေသည်။ သူတို့အနေဖြင့် အထဲတွင်ငရဲတမျှခံစားခဲ့ကြရလေသည်။

" ဒီကောင်လေးကသေချင်နေတာပဲ ဘယ်လိုအရူးတပိုင်းပုံစံနဲ့ထွက်လာမလဲ ကြည့်ရသေးတာပေါ့"

"ဒီကောင်လေးကြည့်ရတာခုမှစူးစမ်းလေ့လာနေတုန်းထင်တယ်။ သူ့ကိုအတွေ့အကြုံတွေယူခိုင်းလိုက်စမ်းပါ"

သင်တန်းသားတချို့မှာ ကျိုးဟောင်အားလှောင်ပြောင်နေကြလေသည်။ သူတို့မှာ ကျိုးဟောင်တစ်ယောက်ငိုယိုပြီးထွက်လာလိမ့်မည်လို့ ထင်နေကြလေသည်။ ကျိုးဟောင်မှာ ထိုစကားကိုဂရုစိုက်မနေဘဲ ပုံရိပ်ယောင်လေ့ကျင့်ရေးအခန်းထဲသို့၀င်ရောက်လိုက်လေသည်။

" ငရဲခန်းပုံရိပ်ယောင်လေ့ကျင်ရေးအခန်းတရား၀င်ပွင့်ပါပြီ ကြိုဆိုပါတယ်"

ရှေးခေတ်အသံတစ်ခုထွက်ပေါ်လာခဲ့လေသည်။

ကျိုးဟောင်မှာအပြင်ပိုင်းတွင်အေးဆေးနေသော်လည်း စိတ်ထဲတွင်တော့သတိကြီးကြီးထားနေခဲ့လေသည်။ သူ့အနေဖြင့်၀င်ရောက်လာခဲ့ပြီဖြစ်သောကြောင့် ဘယ်လိုအရာဖြစ်ဖြစ်ရင်ဆိုင်ရပေလိမ့်မည်။

တဖြေးဖြေးကျိုးဟောင်မှာလေ့ကျင့်ရေးအခန်း၏ အလယ်သို့ရောက်လာသောအခါ သွေးနီရောင်မြူခိုးများအုံ့ဆိုင်းလာခဲ့လေသည်။ သတ်ဖြတ်လိုစိတ်ပြည့်နှက်နေသောအငွေ့အသက်များကြောင့်လည်း အသက်ရှူရခက်ခဲနေခဲ့လေသည်။

ထိုနေရာသို့ရောက်ပြီး ၂စက္ကန်အကြာမှာပင် ထိုသွေးနီရောင်မြူခိုးများကြားတွင် မီတာနဲ့ချီမြင့်မားသောဘီလူးကြီးတစ်ကောင်ကိုကျိုးဟောင်တွေ့လိုက်ရလေသည်။

ထိုဘီလူးကြီး၏လှုပ်ရှားမှုတိုင်းမှာ ကမ္ဘာကြီးကိုတုန်လှုပ်သွားစေနိုင်ပြီး မြင်ရသူတိုင်းကိုကြက်သီးမွှေးညှင်းများထသွားစေလေသည်။

"ချီးပဲ ဒါကဘယ်လိုငရဲမျိုးလဲဟ"

ကျိုးဟောင်မှာ ထိုဘီလူးကြီးကိုကြည့်ပြီး စိတ်ညစ်သွားခဲ့လေသည်။

"ဒီလိုမြင့်မြတ်တဲ့နေရာကိုကျူးကျော်လာရဲတယ်ပေါ့ မင်းကိုယ့်သေတွင်းကိုယ်တူးလိုက်တာပဲ"

ဘီလူးကြီးမှာ အော်ဟစ်ကြိမ်းဝါးလိုက်ပြီး ကျိုးဟောင်ဆီပြေး၀င်လာခဲ့လေသည်။ ထို့နောက် ကျိုးဟောင်အားအခွင့်အရေးမပေးဘဲသူ၏ကြီးမားသောလက်ဝါးကြီးဖြင့်ရိုက်ချလိုက်လေသည်။

မိုးချိန်းသံကဲ့သို့ကျယ်လောင်သောအသံကြီးနှင့်အတူ လက်ဝါးကြီးမှာတဖြေးဖြေးကျိုးဟောင်ပေါ်သို့ကျရောက်လာခဲ့လေသည်။ ကျိုးဟောင်လည်း သတ္တိမွေးကာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး ပြန်ထိုးလိုက်လေသည်။

ထိုလက်သီးချက်တွင်ကျိုးဟောင်မှာသူ၏အင်အား ၈၀% အထိအသုံးပြုလိုက်မိလေသည်။သို့သော် သူ့လက်သီးမှာထုံကျင်သွားပြီး အရိုးများလည်းအနည်းငယ်နာကျင်သွားခဲ့လေသည်။ ကျိုးဟောင်မှာထိုကဲ့သို့သောအားကောင်းသောဖိအားမျိုးနှင့်ရင်မဆိုင်ရသည်မှာ အတော်ကြာခဲ့ပြီဖြစ်လေသည်။

"အံမယ် မဆိုးဘူးဘဲ"

ကျိုးဟောင်မှာ ဘီလူးကြီး၏အင်အားကြောင့်ထိတ်လန့်သွားခြင်းမျိုးမရှိပေ။ ကျိုးဟောင်မှာ သူ့အင်အားအားစိတ်ကြိုက်စမ်းသပ်ခွင့်ရသွားသောကြောင့် သူ၏မျက်လုံးများအရောင်လက်သွားခဲ့လေသည်။

ထို့နောက် ကျိုးဟောင်မှာဘီလူးကြီးဆီသို့လက်သီးချက်များဆက်တိုက် ထိုးသွင်းလိုက်လေသည်။ သူ့လက်သီးတစ်ချက်၀င်သွားတိုင်း သွေးနီရောင်မြူခိုးများနှင့်ဘီလူး၏သတ်ဖြတ်လိုစိတ်မှာတဖြေးဖြေးပျောက်ကွယ်လာခဲ့လေသည်။

ကျိုးဟောင်မှာ စိတ်လွတ်လက်လွတ်အားကုန်သုံးနေသောကြောင့်ထိုပြောင်းလဲလာမှုများကိုသတိမထားမိပေ။ သူရင်ဆိုင်ဖူးသူတိုင်းမှာသူ့လက်သီးချက်များအားခံနိုင်ရည်မရှိပေ။ သို့သော် ဒီဘီလူးကြီးကတော့ သူ့ထိုးချက်တိုင်းကိုခံနိုင်ရည်ရှိနေသောကြောင့် သူ့စိတ်ကြိုက်အားကုန်ထိုးနေမိလေသည်။

ထိုဘီလူးကြီးအားနောက်ကွယ်မှထိန်းချုပ်နေသူများမှာထိုမြင်ကွင်းကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားကြလေသည်။ ဒီဘီလူးကြီးအားစတင်တွေ့မြင်သူတိုင်းတုန်လှုပ်ခြောက်ခြားသွားကြသော်လည်း ကျိုးဟောင်ကတော့ သူ့အကြိုက်အရုပ်တစ်ခုရသွားသကဲ့သို့ပြုမူနေလေသည်။

ကျိုးဟောင်၏လက်မှာနာကျင်မှုကိုမခံစားရတော့ပဲ ဘီလူးကြီးပေါ်သို့လက်သီးမိုးများဆက်တိုက်ကြဲချနေလေသည်။

အချိန်ဘယ်လောက်ကုန်သွားလဲမသိလိုက်ခင်မှာပင် ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာခဲ့ပြီး ကျိုးဟောင်ရှေ့ရှိဘီလူးကြီးမှာ ချက်ချင်းလဲကျသွားခဲ့လေသည်။ ကျိုးဟောင်လည်းဘာဖြစ်သွားမှန်းသောမသိသောကြောင့်မှင်တက်နေမိလေသည်။

သို့သော်ကျိုးဟောင်တစ်ယောက် သူ့ကိုယ်ထဲရှိစွမ်းအားများပိုမိုအားကောင်းလာသည်ကိုတော့ခံစားမိနေလေသည်။ လဲကျသွားသောဘီလူးကြီးကိုကြည့်ပြီး အနည်းငယ်နှမြောသလိုခံစားနေမိလေသည်။ ယခုလိုပစ္စည်းကောင်းတစ်ခုမှ အချိန်တိုအတွင်း ပျက်စီးသွားလိမ့်မည်လို့ ကျိုးဟောင်မမျှော်လင့်ထားခဲ့ပေ။ သူ၏စွမ်းအားများတိုးတက်လာခြင်းကြောင့် ပျော်ရွှင်နေခဲ့ပြီး အထူးသဖြင့် သူ့ကြွက်သားသန်မာမှုများပိုမို‌အားကောင်းလာခဲ့လေသည်။

"ဂါး....ဂါး...."

ကျိုးဟောင်ပျော်ရွှင်နေလို့မဆုံးခင်မှာပင် သားရဲများ၏ ဟိန်းသံများကိုကြားလိုက်ရလေသည်။ ကျိုးဟောင်လှမ်းကြည့်လိုက်ပြီးနောက် တုန်လှုပ်ခြောက်ခြားသွားခဲ့လေသည်။

ထိုနေရာတွင် အစိမ်းရောင်မျက်နှာနှင့် အစွယ်ရှည်များပါရှိသည့်သားရဲထောင်ချီမှာ သားရေတမြှားမြှားကျနေကာသူ့အားကြည့်နေကြလေသည်။ သားရဲတစ်ကောင်ချင်းစီမှာ သူတော်စင်ဘုံအဆင် ဒါမှမဟုတ် ပိုမြင့်မားသောအဆင့်တွင်ရှိနေကြလေသည်။

တကယ်လို့တစ်ကောင်ချင်းစီသာတိုက်ခိုက်ရပါက ထိုသားရဲများမှာသူ့အားမယှဉ်နိုင်ပေ။ သို့သော်ထောင်ပေါင်းများစွာသောသားရဲအုပ်ကြီးကတော့ မြင်ရသူတိုင်းအားကျောထဲစိမ့်သွားစေလေသည်။

ကျိုးဟောင်မှာ ထိုသားရဲအုပ်ကြီး၏လုပ်နိုင်စွမ်းကိုစိတ်ထဲမှတွက်ချက်ကြည့်နေလေသည်။ ထိုသားရဲများမှာ အစာငတ်နေသည်မှာ နှစ်ပေါင်းများစွာကြာနေပုံပေါ်လေသည်။ ကျိုးဟောင်အနေဖြင့်ရွေးချယ်စရာမရှိဘဲ ထွက်ပြေးရုံသာရှိတော့လေသည်။ သားရဲအုပ်ကြီးမှာ သားရည်တမြှားမြှားဖြင့် ကျိုးဟောင်အားကြည့်နေလေသည်။

"ဂါး....."

ရှေ့ဆုံးရှိသားရဲတစ်ကောင်မှာအမိန့်ပေးသလိုဟိန်းဟောက်လိုက်သောအခါ သားရဲထောင်ပေါင်းများစွာမှာ ကျိုးဟောင်ဆီသို့ လှိုင်းလုံးကြီးသဖွယ်ပြေး၀င်လာကြလေသည်။

"ဒီစောက်သားရဲတွေကတော့ကွာ...."

ကျိုးဟောင်အနေဖြင့်ပြန်ဆုတ်ရန်သာရွေးချယ်စရာရှိတော့လေသည်။ သူ့အနေဖြင့် ယခုလိုထောင်နဲ့ချီသောသားရဲကြီးများနှင့်ထိပ်တိုက်ရင်ဆိုင်ပါက အရိုးတခြားအသားတခြားစီဖြစ်သွားလေမည်။

သားရဲတစ်ကောင်ချင်းစီ၏စွမ်းအားမှာ သူနှင့်ယှဉ်နိုင်သည့်အနေအထားရှိနေပြီး ထိုသားရဲများမှာ အုပ်စုလိုက်ဖွဲ့စည်းလုပ်ဆောင်နေခြင်းက ကမ္ဘာမြေကြီးကိုပင် ဖျက်စီးနိုင်စွမ်းရှိလေသည်။

ထို့ကြောင့်သူ့အနေဖြင့်ယာယီပြန်လည်ဆုတ်ခွာခြင်းကအကောင်းဆုံးနည်းလမ်းဖြစ်လေသည်။ဒီပုံရိပ်ယောင်လေ့ကျင့်ရေးအခန်းထဲမှပြန်ထွက်လာသူတိုင်း ဘာကြောင့်တုန်လှုပ်ခြောက်ခြားနေသလဲဆိုသည်ကို ကျိုးဟောင်သဘောပေါက်သွားလေသည်။

ထိုသို့ဖြစ်ရသည်မှာ ဒီသားရဲအုပ်ကြီးကြောင့်ဖြစ်လေသည်။ တချို့လူများကတော့ ဒီအဆင့်အထိမရောက်လိုက်ဘဲ ဘီလူးကြီး၏အမဲလိုက်သတ်ဖြတ်ခြင်းကိုခံခဲ့ကြရလေသည်။

အချိန်တစ်ခုကြာအောင်ပြေးလွှားပြီးနောက် ဒီသားရဲအုပ်ကြီးမှာ တိကျသောပုံစံတစ်ခုအတိုင်းလုပ်ဆောင်နေသည်ကိုသတိထားမိလာခဲ့လေသည်။ ဒီသားရဲအုပ်ကြီးမှာ ကမူးရှူးထိုးပြေးလိုက်နေခြင်းမဟုတ်ဘဲ အဖွဲ့လိုက်လုပ်ဆောင်နေသည့်ပုံစံဖြစ်နေလေသည်။

ကျိုးဟောင်မှာ ခြေဦးတည့်ရာပြေးလွှားနေရင်း သူ့အနောက်မှ ကပ်လိုက်လာသောသားရဲများကိုသတ်ခဲ့လေသည်။ သူကိုယ်တိုင်လည်း သားရဲများ၏ လက်သည်းများဖြင့် ကုတ်ခြစ်မိကာ သွေးများထွက်နေခဲ့လေသည်။

ကျိုးဟောင်မှာ ဘယ်ညာရှောင်ရှားကာပြေးလွှားရင်းသားရဲများကိုပြန်လည်တိုက်ခိုက်နေခဲ့လေသည်။ ယခုလိုအလွန်ပြင်းထန်ကြမ်းတမ်းသောတိုက်ပွဲမျိုးမှာ သာမန်လူတစ်ယောက်တောင့်ခံနိုင်သောအရာမျိုးမဟုတ်ပေ။

ကျိုးဟောင်သည်လည်းတဖြေးဖြေးအားအင်ကုန်ခမ်းလာခဲ့လေသည်။ သူ၏အမြန်နှုန်းမှာလည်းလျော့ကျလာခဲ့ပြီး သူ့လက်သီးချက်များမှာလည်းအားလျော့လာခဲ့လေသည်။ သူ့အနေဖြင့် နေ့ရောညပါဆက်တိုက်တိုက်ခိုက်နေခြင်းကြောင့် အလွန်အမင်းခြေကုန်လက်ပမ်းကျလာခဲ့လေသည်။

....................................................................................

အခန်း (၈၃၅) ပြီးပါပြီ။

---

အခန်း (၈၃၆) : အဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခြင်း

“ရွှတ်”

ကျိုးဟောင်၏ ကျောဘက်တွင် အလွန်ရှည်လျားသော ဒဏ်ရာတစ်ခု ပေါ်ထွက်လာခဲ့ပြီး သွေးများမှာ ချက်ချင်းပင် ထွက်စီးလာကာ သွေးနံ့များ ပျံ့နှံ့သွားလေသည်။ ထိုသွေးနံ့ကြောင့် သားရဲများမှာ ပိုမိုစိတ်လှုပ်ရှားလာပြီး ဟိန်းဟောက်သံများ ပိုမိုကြမ်းတမ်းလာကာ သားရည်များ တမြှားမြှားကျလာကြလေသည်။

သူတို့၏ မျက်လုံးများထဲတွင် စားသောက်ချင်စိတ်များ ပြည့်နှက်နေပြီး ထိုစိတ်ဆန္ဒကို ထိန်းချုပ်နိုင်ခြင်း မရှိကြတော့ပေ။ ကျိုးဟောင်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဒဏ်ရာများဖြင့် ပြည့်နှက်နေခဲ့လေသည်။ အချိန်တိုင်းလိုလို သူ့မှာ သေ ရေးရှင်ရေးအခြေအနေနှင့်ရင်ဆိုင်နေခဲ့ရပြီး အဲဒီလိုအခြေအနေမျိုးဖြင့်သာ သူ၏ အကန့်အသတ်များကို ထပ်ခါထပ်ခါ ချိုးဖောက်နိုင်ခဲ့လေသည်။

နာကျင်မှုက သူ့ခန္ဓာကိုယ်အတွင်းရှိ အာရုံကြောတစ်ကြောင်းချင်းစီကို လှုံ့ဆော်နေခဲ့ပြီး အဲဒါကပင် သူ့ကို သတိမလွတ်စေဘဲ ဆက်လက်ရပ်တည်နိုင်စေခဲ့သည်။ တဖြေးဖြေးဖြင့် ကျိုးဟောင်မှာ ဒီလို ပြင်းထန်ကြမ်းတမ်းသော လိုက်လံကိုက်ဖြတ်ခြင်းများကို အလေ့အကျင့်ရလာခဲ့ပြီး လက်မောင်းကြွက်သားများ၏အင်အားမှာလည်း ယခင်ထက် ပိုမိုအားကောင်းလာခဲ့လေသည်။

“သားရဲစုတ်… မင်းကသေချင်နေတာပဲ"

ကျိုးဟောင်သည် မိမိဆီသို့ ပြေးဝင်လာသော သားရဲတစ်ကောင်ကို ကြည့်ကာ လက်သီးတစ်ချက်ဖြင့် ပြင်းထန်စွာ ထိုးလိုက်လေသည်။ ခဏချင်းအတွင်းမှာပင် သွေးနှင့် ဦးနှောက်အပိုင်းအစများ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားခဲ့လေသည်။

ကျိုးဟောင်၏ ကိုယ်တစ်ခုလုံးမှာ အနံ့ပြင်းသောသွေးများဖြင့် ဖုံးလွှမ်းသွားခဲ့သော်လည်း သူ့အနေဖြင့် လုံးဝဂရုမစိုက်ပေ။ ယခုအချိန်တွင် သေမလား၊သတ်မလား ဆိုသည့်ရွေးချယ်မှုသာ ရှိတော့လေသည်။ ဒီလိုတိုက်ပွဲမျိုးတွေ့တိုင်း သူ့အနေဖြင့် နောက်ဆုတ်လို့မရသလို သတ္တိကြောင်နေလို့လည်း မဖြစ်ပေ။ ကိုယ့်အကန့်အသတ်ကို ဆက်တိုက်စိန်ခေါ်နေမှသာ ပိုမိုတိုးတက်သောအခြေအနေဆီသို့တက်လှမ်းနိုင်မည်ဖြစ်လေသည်။

သားရဲများမှာ မိမိတို့၏အဖွဲ့ဝင်တစ်ကောင်ကို လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်ကြောင်း မြင်လိုက်ရသောအခါ ဒေါသတကြီးဖြင့် ဟိန်းဟောက်လာကြလေသည်။

“ဂါး… ဂါး…”

ခေါင်းဆောင်သားရဲမှာ ဒေါသဖြင့် ဟိန်းဟောက်လိုက်လေသည်။ အရေးပါသောအမိန့်တစ်ခုချလိုက်သကဲ့သို့ သားရဲအားလုံးမှာ တခဏအတွင်း ရပ်တန့်သွားပြီး မျက်လုံးနီများဖြင့် ကျိုးဟောင်အား တပြိုင်နက်တည်း စိုက်ကြည့်နေကြလေသည်။

မျက်လုံးထောင်ပေါင်းများစွာက တပြိုင်နက်တည်း မိမိကို စိုက်ကြည့်နေခြင်းကြောင့် ကျိုးဟောင်မှာ ရေခဲရေထဲသို့ ကျသွားသကဲ့သို့ ခန္ဓာကိုယ်အနှံ့ အေးစက်သွားလေသည်။ အချိန်ပင် ရပ်တန့်သွားသကဲ့သို့ ခံစားရလေသည်။

ကျိုးဟောင်သည် သူအမြဲဆောင်ထားသော ဓားတိုကို ထုတ်ယူလိုက်လေသည်။ ထိုဓားမှာ အလွန်ထက်ပြီး ဒီလိုသားရဲများကို ရင်ဆိုင်ရန် အလွန်သင့်တော်လေသည်။

သားရဲများရပ်တန့်နေခြင်းက ကောင်းသော်လည်း ဒီအတိုင်း ဆက်လက်စောင့်ဆိုင်းနေလို့ မဖြစ်ပေ။ သူတို့အုပ်စုလိုက် ပြန်လည်ထိုးစစ်ဆင်လာချိန်သည် သူ့အတွက်သေနေ့ ဖြစ်သွားမည်ဖြစ်လေသည်။သားရဲအုပ်ကြီး ပြန်လည်မတိုက်ခိုက်လာခင် သူတို့၏အသက်ကို အရင်ဆုံး ယူရမည်ဖြစ်ပေသည်။

ကျိုးဟောင်သည် အာကာသနေရာကူးပြောင်းမှုကို အသုံးပြုပြီး သားရဲတစ်ကောင်၏ဘေးသို့ ချက်ချင်း ရောက်သွားကာ ဓားဖြင့် ခုတ်ချလိုက်လေသည်။ဓားချက်တစ်ချက်တည်းဖြင့် သားရဲကြီးမှာ မြေပြင်ပေါ်သို့ လဲကျသေဆုံးသွားခဲ့လေသည်။

သူသည် သားရဲအုပ်ကြီးအကြားတွင် လှည့်လည်နေသော အရိပ်တစ္ဆေတစ်ကောင်ကဲ့သို့ ပြုမူနေခဲ့ပြီး သူရောက်သည့်နေရာတိုင်းတွင် သားရဲတစ်ကောင်စီ လဲကျသွားခဲ့လေသည်။ လှုပ်ရှားမှုတိုင်းမှာတိကျပြတ်သားပြီး အမှားအယွင်းမရှိဘဲ တစ်ချက်တည်းဖြင့် သတ်ဖြတ်နေခဲ့လေသည်။

“ဂါး.......”

ခေါင်းဆောင်သားရဲမှာ အခြေအနေမူမမှန်ကြောင်း ခံစားမိသဖြင့် ချက်ချင်း ဟိန်းဟောက်လိုက်လေသည်။ တခဏအတွင်းမှာပင် သားရဲအားလုံးသည် မငြိမ်မသက် ဖြစ်လာကာ မူလနေရာများတွင် မနေနိုင်တော့ဘဲ ကျိုးဟောင်ဆီသို့ ကမူးရှူးထိုး ပြေး၀င်လာကြလေသည်။

သားရဲများ အုပ်စုလိုက် တစ်နေရာတည်းသို့ စုဝေးလာခြင်းကြောင့် အလယ်ဗဟိုရှိ သားရဲများမှာ အချင်းချင်း၀င်တိုက်မိကာ လဲကျသွားခဲ့ကြလေသည်။ တိုး၀င်လာသော အခြားသားရဲများ၏ ခြေထောက်များ အောက်တွင် နင်းချေခြင်းခံလိုက်ကြရပြီး အသက်ရှင်နိုင်ရန် အခွင့်အရေး လုံးဝမရှိပဲ အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာခဲ့လေသည်။

တပြိုင်နက်တည်းမှာပင် ကျိုးဟောင်သည် ကျန်ရှိနေသော သားရဲများ၏ အသက်ကို လျင်မြန်စွာ ရိတ်သိမ်းနေခဲ့လေသည်။ တံဇင်ဖြင့်ကောက်ရိတ်နေသကဲ့သြို သားရဲတစ်ကောင်ချင်းစီအား ဆက်တိုက် သတ်ဖြတ်နေခဲ့လေသည်။ တိုက်ပွဲအခြေအနေမှာ အနက်ရောင် သွေးပင်လယ်ကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး ဘယ်အချိန်မှာ အဆုံးသတ်မည်ကို မည်သူမှမသိနိုင်ပေ။

သို့သော် ကျိုးဟောင်မှာ အရင်လိုအားနည်းသော လူမဟုတ်တော့ပေ။ သူအသက်ရှင်နေသရွေ့ ဒီသားရဲများအား အနိုင်ယူရန်ဆက်တိုက်ကြိုးစားနေမည်ဖြစ် လေသည်။

သူ၏ ဆက်တိုက်သတ်ဖြတ်မှုများနှင့် သားရဲများ၏ ၎င်းတို့အချင်းချင်း နင်းချေဖျက်စီးမှုများကြောင့် နောက်ဆုံးတွင် ခေါင်းဆောင်သားရဲတစ်ကောင်သာ ကျန်ရှိတော့လေသည်။

“ဂါး.....”

ခေါင်းဆောင်သားရဲသည် သွေးများဖြင့် ဖုံးလွှမ်းနေသော ကျိုးဟောင်ကို ကြည့်ကာ ကြောက်ရွံ့သွားခဲ့လေသည်။ ဒီလို သတ်ဖြတ်ခြင်းစွမ်းအားက ၎င်းကိုပင် တုန်လှုပ်သွားစေခဲ့လေသည်။

၎င်း၏ အင်အားမှာ သူတော်စင်အဆင့်ကို ကျော်လွန်ပြီးသား ဖြစ်နေခဲ့သော်လည်း ကျိုးဟောင်ထံမှ ထွက်ပေါ်လာသော သတ်ဖြတ်လိုစိတ်ကြောင့် မနေနိုင်ဘဲ နောက်သို့ခြေတလှမ်းဆုတ်သွားခဲ့လေသည်။

မြေပြင်ပေါ်ရှိ အလောင်းများကို ကြည့်ပြီး ကျိုးဟောင်မှာ ပင်ပန်းမှုကို မခံစားရဘဲ ပိုမိုစိတ်လှုပ်ရှားလာခဲ့လေသည်။ ဒီလိုဘဝမျိုးကပင် သူလိုချင်သော ဘဝဖြစ်ပေသည်။

အင်အားကြီးမားသော ရန်သူများဖြင့်တိုက်ခိုက်ပြီး စိန်ခေါ်မှုများကို ဆက်တိုက်ခံစားရမှသာ ခန္ဓာကိုယ်၏ကန့်သတ်ချက်ကိုကျော်လွန်နိုင်မည်ဖြစ်ပြီး နောက်တစ်ဆင့်သို့တက်လှမ်းနိုင်မည်ဖြစ်လေသည်။

“ကဲ...မင်းတစ်ကောင်ပဲ ကျန်တော့တယ် လာပြီး အသတ်ခံလိုက်တော့....”

နောက်ဆုတ်ခွင့် မပေးဘဲ ကျိုးဟောင်သည် လက်ထဲရှိ ဓားတိုကို ဆုပ်ကိုင်ကာ ခေါင်းဆောင်သားရဲဆီသို့ ပြေးဝင်သွားလေသည်။ ဒီလို အဆင့်ကျော်လွန်သော တိုက်ပွဲမျိုးသာ သူ့အတွက် အကျိုးရှိနိုင်လေသည်။

ခေါင်းဆောင်သားရဲကြီးမှာ နောက်ဆုတ်စရာလမ်းမ‌မြင်တော့သောကြောင့် ကျိုးဟောင်အား ၎င်းမှာ ရှိသမျှအားအကုန်သုံးပြီးတိုက်ခိုက်လေသည်။

၎င်းမှာ ခန္ဓာကိုယ်လည်း လှည့်ပတ်ပြီး ကျိုးဟောင်၏ တိုက်ခိုက်မှုများကိုရှောင်ရှားလိုက်လေသည်။ထို့နောက် ကျိုးဟောင်၏ အနောက်ဘက်သို့ရောက်အောင်သွားကာ ကျိုးဟောင်အားတိုက်ခိုက်ရန်ကြိုးစားလိုက်လေသည်။

ကျိုးဟောင်မှာဓားဖြင့် ခုတ်မိလိုက်သော်လည်း ထိုဓားချက်မှာ သားရဲကြီး၏အမွှေးများကိုသာပြတ်တောက်သွားစေခဲ့ပြီ ဒဏ်ရာကြီးကြီးမားမားမရစေခဲ့ပေ။ မျက်စိတမှိတ်အတွင်းတွင်ကျိုးဟောင်နှင့်ခေါင်းဆောင်သားရဲကြီးတို့နှစ်ယောက်လုံးမှာ တိုက်ကွက်ပေါင်းများစွာကိုထုတ်သုံးခဲ့ကြသော်လည်း ဘယ်သူမှအခွင့်မသာခဲ့ကြပေ။

အချိန်တစ်ခုကြာအောင်တိုက်ခိုက်ပြီးနောက် သားရဲကြီး၏ခန္ဓာကိုယ်၌ ဒဏ်ရာများပြည့်နှက်လာခဲ့လေသည်။ အပြင်းထန်ဆုံးဒဏ်ရာမှာ ၎င်း၏ကျောရိုးတစ်လျှောက်တွင်ပြတ်ရှရာကြီးတစ်ခုရှိနေခဲ့ပြီး ထိုဒဏ်ရာမှာ အတွင်းရှိအရိုးများအားမြင်ရသည်အထိနက်ရှိုင်းလေသည်။

ကျိုးဟောင်၏အခြေအနေမှာလည်းသိပ်မဟန်ပေ။ သူ၏အ၀တ်အစားများမှာတစစီဆုတ်ပြဲနေပြီး ပေါင်တွင်လည်း သားရဲကြီး၏ကိုက်ချက်ကြောင့် ထုတ်ချင်းပေါက်အစွယ်ရာကြီးတစ်ခုရှိနေပြီး သွေးများဒလဟောယိုစီးနေလေသည်။ သာမန်လူတစ်ယောက်သာဆိုပါက ထိုနေရာတွင်လူးလိမ့်ကာ အော်ဟစ်နေရမည်ဖြစ်လေသည်။

ကျိုးဟောင်နှင့်သားရဲကြီးမှာ အခြေအနေအား ကောင်းစွာသဘောပေါက်ကြ‌ပြီး အလောတကြီးမလှုပ်ရှားကြပေ။ သူတို့နှစ်ယောက်လုံးမှာ ဒဏ်ရာအပြင်းအထန်ရထားကြပြီး ပိုပြီးခံနိုင်ရည်ရှိသူက ဒီတိုက်ပွဲအားအနိုင်ရမည်ဖြစ်လေသည်။

ငှက်မွှေးတစ်ထောင်ချပ်၀တ်သာမရှိပါက ကျိုးဟောင်မှာ သားရဲခေါင်းဆောင်ကြီး၏ပြိုင်ဘက်မဖြစ်နိုင်ပေ။ သားရဲကြီး၏ခွန်အားမှာ သူ့ထက်ကြီးမားလှလေသည်။ ဒီလိုအခြေအနေများကြောင့် ကျိုးဟောင်အတွက်အနိုင်ရနိုင်မည့်အခွင့်အရေးမှာနည်းပါးလေသည်။

"အာကာသနေရာကူးပြောင်းခြင်း...."

ကျိုးဟောင်မှာအချိန်ဆွဲမနေတော့ပေ။ သားရဲကြီးမှာ အနားရပြီး ၎င်း၏အင်အား ၈၀%လောက်ပြန်လည်ရရှိလာပါက သူ့အတွက်သေနေ့စေ့သွားမည်ဖြစ်လေသည်။

မျက်စိတမှိတ်အတွင်းမှာပင်ကျိုးဟောင်မှာသားရဲကြီး၏ဘေးနားသို့ရောက်ရှိသွားပြီး လည်မျိုအားဓားဖြင့်ချိန်ရွယ်လိုက်လေသည်။ ဒါ့အပြင်လက်သီးအားကျစ်ကျစ်ပါအောင်ဆုပ်ပြီး သားရဲကြီး၏ခေါင်းကိုလည်းထိုးချလိုက်လေသည်။

ထိုသို့ကဲ့သို့တိုက်ခိုက်လာလိမ့်မည်လို့သားရဲကြီးမှာ မထင်ထားခဲ့ပေ။ ထိုတိုက်ခိုက်ချက်၂ချက်အားရှောင်ရှားနိုင်ရင်တောင်မှ ၎င်း၏အရေးကြီးသောခန္ဓာကိုယ်အစိတ်အပိုင်းများမှာ ဒဏ်ရာအပြင်းအထန်ရသွားမည်ဖြစ်လေသည်။

သားရဲကြီးမှာ ကျိုးဟောင်၏လက်သီးချက်အားလျော့တွက်လာပြီး သေစေနိုင်လောက်သောလည်မျိုသို့တိုက်ခိုက်လာမှုကိုသာရှောင်ရှားလိုက်လေသည်။

"ဘုန်း...."

ကျယ်လောင်သောအသံကြီးနှင့်အတူ ကျိုးဟောင်၏ လက်သီးချက်မှာသားရဲကြီး၏ခေါင်းပေါ်သို့ကျရောက်လာပြီး သားရဲကြီး၏ခေါင်းမှာ အစိတ်အစိတ်အမွှာမွှာဖြစ်သွားခဲ့လေသည်။

"ပုံရိပ်ယောင်ငရဲခန်းလေ့ကျင့်ရေးအားအောင်မြင်သည့်အတွက် ဂုဏ်ပြုပါတယ်"

ရှေးဟောင်းအသံကြီးမှာ ကျိုးဟောင်၏နားထဲသို့ထပ်မံ၀င်ရောက်လာခဲ့လေသည်။

....................................................................................

အခန်း (၈၃၆) ပြီးပါပြီ။

---

အခန်း (၈၃၇) : လက်မခံခြင်း

ရှေးဟောင်းအသံကြီး ပျောက်ကွယ်သွားသည်နှင့်အမျှ ပုံရိပ်ယောင်‌လေ့ကျင့်ရေးအခန်း၏ တံခါးကြီးမှာ ဖြည်းဖြည်းချင်း ဖွင့်လှစ်လာခဲ့လေသည်။ ထိုအချိန်မှာပင် နေရောင်ခြည်အလင်းတန်းတစ်ခု ဝင်ရောက်လာကာ မူလကမ္ဘာသို့ ပြန်လည်ရောက်ရှိလာခဲ့လေသည်။

“ဟင်….."

“ဒါ… ဒါမဖြစ်နိုင်ဘူး"

“အဓိပ္ပာယ်မရှိဘူး"

လူတိုင်းမှာသည် တ‌စ်ယောက်တစ်ခွန်းပြောဆိုနေကြပြီး တံခါးမှ ဖြည်းဖြည်းချင်းထွက်လာသော ကျိုးဟောင်အား စိုက်ကြည့်နေကြလေသည်။ သူ၏ မျက်နှာပေါ်တွင် အနည်းငယ် မောပန်း နေသည့်အရိပ်အယောင်သာ တွေ့ရပြီး အခြားသူများကဲ့သို့ စိတ်ဓာတ်ပြိုလဲသွားသည့် အရိပ်အယောင်မျိုး လုံးဝမရှိပေ။ ခရီးတိုတစ်ခု သွားပြီး ပြန်လာသလိုပင် သာမန်အတိုင်း ဖြစ်နေလေသည်။ထို့အပြင် သူသည် ပုံရိပ်ယောင်လေ့ကျင့်ခန်းအတွင်း၌တစ်နာရီလုံး နေခဲ့ခြင်းဖြစ်သည်။

ဒီလို အချိန်အတိုင်းအတာကို ခံနိုင်ရည်ရှိသူများမှာ အဆင့်မြင့်‌ကြေးစားတပ်သားများသာ ဖြစ်ကြသော်လည်း ယခုတော့ လူငယ်တစ်ယောက်က ထိုကဲ့သို့အရာကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့လေသည်။ ထို့ကြောင့်စောင့်ကြည့်နေသည့် အခြား‌ ကြေးစားတပ်သားများပါ မယုံကြည်နိုင်ဖြစ်သွားကြလေသည်။

နေရောင်သည် ကျိုးဟောင်၏ ခန္ဓာကိုယ်ပေါ်သို့ဖြာကျ‌နေပုံမှာကောင်းကင်မှ ဆင်းသက်လာသော စစ်ဘုရားတစ်ပါးကဲ့သို့ ထည်ဝါနေခဲ့လေသည်။ သူ့ထံမှ ထွက်ပေါ်လာသော အငွေ့အသက်မှာ အရင်ကနှင့်မတူပဲ ပိုမိုတိုးတက်လာသည်ကိုတော့ လူတိုင်းနီးပါးခံစားမိလိုက်ကြလေသည်။ ထိုအချက်က သင်တန်း သားများအားလုံးကို မှင်တက်သွားစေခဲ့လေသည်။

“ကဲ...လောင်းကြေးအတိုင်း ငါ့ပိုက်ဆံ ပေးနိုင်ပြီလား”

ကျိုးဟောင်သည် မြေပြင်ပေါ်တွင် ထိုင်နေသော အစ်ကိုကြီး နမ်အား စိုက်ကြည့်ကာပြောလိုက်လေသည်။ လောင်းကြေးဆိုသည်မှာ လောင်းကြေးပင် ဖြစ်သည်။ လူတစ်ယောက်အနေနှင့် ကတိကို မချိုးဖောက်သင့်ပေ။

လူအများ၏ မျက်နှာအမူအရာများမှာ ချက်ချင်း ပြောင်းလဲသွားခဲ့လေသည်။ ဒီတစ်ကြိမ်တွင် ကျိုးဟောင် အနိုင်ရလိမ့်မည်လို့ မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။ ထို့အပြင် သူ ထွက်လာလာချင်းပင် အ‌စောပိုင်းကလောင်းထားသော စကြာ၀ဠာဒေါ်လာ သန်းတစ်ရာ ကို တောင်းဆိုလာခဲ့လေသည်။

အစ်ကိုကြီး နမ်၏ မျက်နှာမှာ အလွန်အမင်းပျက်ယွင်းသွားခဲ့လေသည်။ ယခင်က ပြုလုပ်ခဲ့သော လောင်းကြေးကို ပြန်စဉ်းစားမိလာပြီး သူ၏ စကြာ၀ဠာဒေါ်လာများအားလုံး ဆုံးရှုံးရတော့မည်လို့ စိတ်ထဲတွင် ခံစားလာရလေသည်။ ဒီလို ဆုံးရှုံးမှုကြီးမျိုးကို သူ မကြုံဖူးခဲ့ပေ။

“ဘယ်သူက မင်းနဲ့ တကယ်လောင်းခဲ့လို့လဲ။ ဒီနေရာရောက်လာရင်ဘယ်အချိန် ရပ်တန့်သင့်တယ်ဆိုတာသိဖို့ လိုတယ်။ တချို့အရာတွေက အလွန်အကျွံမလုပ်သင့်ဘူး"

အစ်ကိုကြီး နမ်၏ မျက်နှာထားမှာ ပျက်ယွင်း နေခဲ့လေသည်။ ဒီလိုပြောပြီးနောက် သူ မတ်တပ်ထရပ်ကာ ထွက်သွားဖို့ ကြိုးစားလိုက်လေသည်။ အနိုင်ရရင် ဝမ်းသာပြီး ရှုံးရင် ရှောင်ထွက် ဖို့ကြိုးစားတာမျိုးလုပ်ခြင်းက သူ့အတွက် ပထမဆုံး မဟုတ်တော့ပေ။

“ဒီလောက် အရှက်တရားမရှိတဲ့ လူမျိုးကို ငါတော့တစ်ခါမှ မတွေ့ဖူးဘူး”

ကျိုးဟောင်မှာ အစ်ကိုကြီးနမ်၏နောက်ကျောကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်လေသည်။ ယောက်ျားတစ်ယောက်အနေနှင့် ဒီလို အပြုအမူမျိုးလုပ်ခြင်းက အရှက်ရစရာပင် ဖြစ်‌လေသည်။

ထိုစကားကြောင့် အစ်ကိုကြီး နမ်မှာ ခြေလှမ်းများရပ်တန့်သွားခဲ့လေသည်။ အခြား‌ကြေးစားသင်တန်းသားများကတော့ အရှေ့တွင် ရှိနေသော ကျိုးဟောင်ကို လှောင်ပြောင်‌သောအကြည့်ဖြင့်ကြည့်နေကြသည်။

ဒီ‌ နေရာသို့အခုမှစရောက်လာပြီး ယခုလိုအင်အားကြီးသူကို စိန်ခေါ်ရဲခြင်းကြောင့် ဒီ‌ ကြေးစားစစ်တပ်အခြေစိုက်စခန်းတွင် ကြာကြာနေနိုင်မည် မဟုတ်ကြောင်း သူတို့ ယုံကြည်နေကြသည်။

“သတ္တိရှိရင် နောက်တစ်ခါ ထပ်ပြောကြည့်လိုက်စမ်း...."

“တစ်နာရီကြာအောင်နေနိုင်လို့ရော ဘာတွေထူးခြားသွားလို့လဲ။ ကိုယ့်ကိုယ်ကိုအရမ်းသန်မာတယ်ထင်ရင် ငါ့လက်သီးကို မြည်းကြည့်လိုက်စမ်း..."

အစ်ကိုကြီး နမ်က လက်သီးကို ဆုပ်ကိုင်ကာ ရှေ့သို့ တစ်လှမ်းတိုးလာခဲ့လေသည်။ သူ၏ ကိုယ်ခန္ဓာပေါ်ရှိ ကြွက်သားများမှာ တောင်ငယ်များကဲ့သို့ ထင်ရှားနေပြီး သန်မာသူတစ်ယောက်ဖြစ်ကြောင်း အလွယ်တကူ သိနိုင်လေသည်။

ကျိုးဟောင်ကတော့ မအံ့ဩသွားခဲ့‌ပေ။ဒီလို လူမျိုးများသည် အခြားများအား ဖိနှိပ်ဆက်ဆံတတ်သည်မှာသာမန်လို ဖြစ်လာကြပြီး ကတိတည်ဖို့အတွက်လည်း မျှော်လင့်ထားလို့မရချေ။

သူ့အမြင်အရအစ်ကိုကြီးနမ်၏ အငွေ့အသက်မှာ သူ့ထက် အဆင့်နှစ်ဆင့်လောက် ပိုမိုအားကောင်းနေသည်။ ယခုချိန်မှာ တိုက်ခိုက်ပါက နှစ်ဦးစလုံး အပြင်းအထန် ဒဏ်ရာရနိုင်ပြီး သူ့အတွက်လည်း အနိုင်ရနိုင်ချေမှာ နည်းပါးလေသည်။

သို့သော်လည်း....

“ယောက်ျားဆိုတာ ကိုယ်ပြောတဲ့စကားကို ကတိတည်ရတယ်။ မင်းလို ကတိမတည်နိုင်တဲ့သူကိုမှ ငကြောက်လို့မခေါ်ရင် ဘယ်သူ့ကို‌သွားခေါ်ရမလဲ"

ကျိုးဟောင်၏ စကားများကြောင့် ပတ်ဝန်းကျင်ရှိ ကြေးစားသင်တန်းသားများမှာ တပြိုင်နက်တည်း ဆူညံသွားခဲ့ကြလေသည်။ ကိုယ့်ကိုယ်ကို အမှန်တကယ် ယောက်ျားတွေဟု အမြဲဂုဏ်ယူနေကြသူများအတွက် ဒီစကားက သူတို့၏ ဂုဏ်သိက္ခာကို တိုက်ခိုက်ခံလိုက်ရခြင်းဖြစ်လေသည်။

အစ်ကိုကြီး နမ်၏ မျက်နှာမှာ ဒေါသကြောင့် လုံးဝ ပြောင်းလဲသွားခဲ့လေသည်။

"မင်း.....မင်းထပ်ပြောကြည့်လိုက်စမ်း။ သတ္တိရှိရင်ထပ်ပြောကြည့်စမ်း မင်းရဲ့သွားတွေမြေပေါ်မှာပြန့်ကြဲသွားအောင် ငါရိုက်ပစ်လိုက်မယ်"

အစ်ကိုကြီးနမ်မှာဒေါသတကြီးပြောဆိုလာခဲ့လေသည်။ သူ့ဘ၀တစ်လျှောက်လုံးတွင်ယခုလိုအထင်အမြင်အသေးခံရသည်မှာပထမဆုံးဖြစ်ပြီး လူငယ်လေးတစ်ဦးကသူ့အားမောက်မောက်မာမာဆက်ဆံခြင်းကလည်းပထမဆုံးဖြစ်လေသည်။

"ခင်ဗျားကပြောသလိုကတိမတည်မှတော့ ငကြောက်မဟုတ်လို့ဘာလဲ။ ဒီလောင်းကြေးအကြောင်းကို ကြားတဲ့သင်တန်းသားတွေကလည်း ဒီမှာခုထိစောင့်ကြည့်နေကြသေးတာက သက်သေတစ်ခုပဲ"

ကျိုးဟောင်မှာ သူ့ခန္ဓာကိုယ်မှအားကောင်းသောအငွေ့အသက်တစ်ခုကိုထုတ်လွှတ်နေရင်းပြောလာခဲ့လေသည်။

ကျိုးဟောင်မှာငယ်ရွယ်သော်လည်း ကောင်းမွန်စွာကျင့်ကြံအားထုတ်ခဲ့သူဖြစ်လေသည်။ သူ့ခန္ဓာကိုယ်မှာကြံ့ခိုင်သန်စွမ်းပြီး အလွယ်တကူအနိုင်ကျင့်လို့ရမည့်သူမျိုးမဟုတ်ပေ။

အစ်ကိုကြီးနမ်မှာ ကျိုးဟောင်၏အငွေ့အသက်ကိုကြည့်ကာ သူ့ထက်မသန်မာကြောင်းခံစားမိလေသည်။ဒါ့အပြင် သူ၏ဝှက်ဖဲသိုင်းများကိုပါသုံးပါက ကျိုးဟောင်အားအလွယ်တကူအနိုင်ပိုင်းနိုင်လိမ့်မည်လို့တွေးလိုက်မိလေသည်။ထို့ကြောင့်သူ့အနေဖြင့်သတိမဲ့စွာဆုံးဖြတ်ချက်ချလိုက်လေသည်။

“မင်း ငါ့ကို အနိုင်ယူနိုင်ရင် စကြာ၀ဠာဒေါ်လာ သန်းတစ်ရာမဟုတ်ဘူး တစ်ဘီလီယံတောင် ပေးမယ် ဘယ်လိုလဲ"

အစ်ကိုကြီးနမ်ကပြောလာလေသည်။ သူသည် လွတ်လမ်းရှာသည့်အနေဖြင့် ယခုလိုပြောခြင်းဖြစ်လေသည်။ သူထိုကဲ့သို့ပြောလိုက်ပါက ကျိုးဟောင်အနေဖြင့် ထိတ်လန့်ပြီးနောက်ဆုတ်သွားလိမ့်မည်လို့ထင်ထားခဲ့လေသည်။ ဒီကြေးစားစစ်တပ်လေ့ကျင့်ရေးစခန်းတွင်သူ့အားရင်ဆိုင်ရဲသူရှားပါးလေသည်။

"အစ်ကိုကြီးနမ် အဲ့ကောင်လေးကိုသင်ခန်းစာပေးလိုက်စမ်းပါ။ဒါမှသူ့နေရာသူသိသွားမှာ"

"ဟုတ်တယ်အစ်ကိုနမ် ကျုပ်တို့ကို လွယ်လွယ်နဲ့အထင်သေးလို့မရကြောင်းပြလိုက်စမ်းပါ"

"ထောက်ခံတယ်။ အစ်ကိုနမ်ပြောသလိုပဲ မင်းသူ့ကိုနိုင်ရင် စကြာ၀ဠာဒေါ်လာတစ်ဘီလီရမယ် ရှုံးရင်တော့ တပြားမှရမယ်မထင်နဲ့"

သင်တန်းသားများမှာ သူ့တို့စိတ်ထင်ရာအတိုင်းပြောလာခဲ့ကြလေသည်။ သူတို့မှာ ကျိုးဟောင်နှင့်အစ်ကိုနမ်တိုက်ခိုက်မည့်ပွဲကိုအလွန်ကြည့်ချင်နေကြလေသည်။

"ကဲ မင်းနဲ့ငါ လ၀က်လောက်ကြာရင်တိုက်ခိုက်ကြမယ်။ တကယ်လို့မင်းနိုင်ရင် စကြ၀ဠာဒေါ်လာတစ်ဘီလီယံရမယ်။ ရှုံးရင်တော့....."

အစ်ကိုနမ်က မျက်စိကိုမှေးပြီးပြောလာခဲ့လေသည်။ သူထိုကဲ့သို့ချိန်းဆိုရခြင်းအ‌ကြောင်းမှာ အစောပိုင်းကပုံရိပ်ယောင်လေ့ကျင့်ရေးတွင်အတွင်းဒဏ်ရာရရှိခဲ့ခြင်းကြောင့်ဖြစ်လေသည်။ ထိုဒဏ်ရာသက်သာရန် လ၀က်အထိအချိန်ယူရမည်ဖြစ်လေသည်။ထိုစကားကိုကြားသောအခါအခြားသင်တန်းသားများမှာစိတ်ပျက်သွားကြလေသည်။

"ခင်ဗျားသဘောအတိုင်းပဲ ကျုပ်က‌တော့အချိန်မရွေးပဲ။ဒါပေမယ့် တကယ့်အချိန်ရောက်ရင်သာ ပုန်းမနေနဲ့ဦး"

ကျိုးဟောင်သည် စကားဆုံးသည်နှင့် နောက်သို့လှည့်ကာ အေးဆေးစွာပင် ထွက်သွားခဲ့လေသည်။

သူ ထွက်သွားသည့်အခါ အခန်းအတွင်းရှိ လူအားလုံးမှာအံကြိတ်မိကြလေသည်။ အထူးသဖြင့်အစ်ကို နမ်မှာ ဒေါသကို မထိန်းနိုင်တော့ပေ။

“ဒီကောင်လေးစုတ်လေးက… တကယ့်ကို မောက်မာလွန်းတယ်။ အချိန်မရွေး ငါနဲ့ တိုက်မယ်လို့တောင် ပြောသွားသေးတယ်…”

အစ်ကို နမ်သည် အံကိုကြိတ်ပြောလိုက်လေသည်။

....................................................................................

အခန်း (၈၃၇) ပြီးပါပြီ။

---

All Chapters