← Chapters

ဂိုဏ်းစောင့် နတ်ဓား

Vol. 29 Ch. 282

ဂိုဏ်းစောင့် နတ်ဓား

Vol. 29 Ch. 282

​ကြီးမားသော ဘေးဒုက္ခမှ အသက်ရှင် လွတ်မြောက်သူ…

အစီအရင် မဟာသခင်….

ပါရမီရှင်များကို တန်ဖိုးထားသော နှလုံးသား….

​စစ်မှန်တဲ့ ပါရမီရှင် တစ်ဦးပဲ….

​လီချင်းချိုးက ဝေထျန်းရှုံး၏ ကိုယ်ရေးအချက်အလက်ကို ကြည့်ရင်း ထိုလူအပေါ် အထင်အမြင် တဟုန်ထိုး မြင့်တက်သွားတော့သည်။

​ချင်းရှောင်ဂိုဏ်းတွင် လက်ရှိ၌ ပါရမီရှင်များ လုံလောက်စွာ ရှိနေပြီ ဖြစ်သော်လည်း၊ သူတို့ လိုအပ်နေသည်မှာ နယ်ပယ် အသီးသီးရှိ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါရမီရှင်များ ဖြစ်သည်။ အစီအရင်များနှင့် ပတ်သက်လာလျှင် ချင်းရှောင်ဂိုဏ်းမှာ အလွန် အားနည်းနေပြီး၊ ဤနယ်ပယ်တွင် မင်ကွမ်း၏ နားလည်နိုင်စွမ်းမှာ သိသာစွာ လိုအပ်ချက်များ ရှိနေသေး၏။

​ဝေထျန်းရှုံးက ရှန်ယွဲ့တို့ သုံးဦးကို ချက်ချင်း မသတ်ခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။ သူသည် ပါရမီရှင်များကို တန်ဖိုးထားသော နှလုံးသား ကံကြမ္မာကို ပိုင်ဆိုင်ထားခြင်းကြောင့် ဖြစ်၏။

​ဤကံကြမ္မာ နှစ်မျိုး ပေါင်းစပ်လိုက်ခြင်းက ဝေထျန်းရှုံးက ချင်းရှောင်ဂိုဏ်းအတွက် အစီအရင် ပါရမီရှင်များစွာကို ပြုစုပျိုးထောင်ပေးနိုင်သေးကြောင်း ဆိုလိုသည်။

​"ထိုက်ကျွယ်ဂိုဏ်း ချန်ရစ်ခဲ့တဲ့ မြေအောက် နန်းတော်မှာ ယန္တရားတွေ အပြည့်ပဲ... ငါ့ရဲ့ ကျင့်ကြံမှု အထွတ်အထိပ်မှာ ရှိနေရင်တောင် အဆုံးအထိ စူးစမ်းဖို့ခက်ခဲလိမ့်မယ်... သူတို့ သုံးယောက်က တစ်ဝက်လောက်ကိုပဲ ရောက်ခဲ့တာပါ... တကယ့် အန္တရာယ်များတဲ့ နေရာတွေက ပိုပြီး နက်ရှိုင်းတဲ့ နေရာတွေမှာ ရှိနေသေးတယ်..."

​ဝေထျန်းရှုံးက စိတ်နေသဘောထားကို ပြင်ဆင်ပြီး သိထားသမျှပြောပြလိုက်တော့​ရှန်ယွဲ့ မျက်မှောင်ကြုတ်သွားသည်။ သူတို့ အမှန်တကယ်ပင် ခရီးတစ်ဝက်ကိုသာ ရောက်ခဲ့ခြင်း ဖြစ်၏။

​ပြောရမည်ဆိုလျှင် သူတို့ ဝေထျန်းရှုံးကို ပြန်လည်ရှင်သန်စေခဲ့သော နန်းတော်တွင် အခြား တံခါးတစ်ချပ် ရှိနေသေးသည်။

​ဝေထျန်းရှုံးကို ကြည့်နေသော လီချင်းချိုး၏ မျက်လုံးများ ပြောင်းလဲသွားသဖြင့် ဝေထျန်းရှုံးကို အလွန် အနေရခက်စေသည်။

​ဘာတွေ ဖြစ်နေတာလဲ။

​လီချင်းချိုးက သူ့ရဲ့ တွေဝေမှုကို သတိပြုမိပြီး……

"ထိုက်ကျွယ်ဂိုဏ်းက ဘာလို့ ဒီလောက် အန္တရာယ်များတဲ့ မြေအောက် နန်းတော်ကို ဖန်တီးခဲ့တာလဲ..."

"သူတို့ရဲ့ ဂိုဏ်းစောင့် နတ်ဓားကို ဖုံးကွယ်ထားဖို့ပေါ့... အဲဒီတုန်းက သူတို့ ပျက်စီးရတော့မယ်ဆိုတာသိလို့ ထိုက်ကျွယ်ဂိုဏ်းက အဲ့လိုနန်းတော်ကို ကြိုတင် တည်ဆောက်ခဲ့တာ... အဲဒါက အမွေအနှစ် တစ်ခု ချန်ထားခဲ့ရုံသာမက သူတို့ရဲ့ ဂိုဏ်းစောင့် နတ်ဓားကိုလည်း ကာကွယ်ပေးခဲ့တယ်... အဲဒီ နန်းတော်တွေက တကယ်တော့ မြို့တစ်မြို့ ဖြစ်ပြီး မြေအောက်မှာ မြှုပ်နှံထားတဲ့ ဧရာမ မြို့ကြီး တစ်မြို့လို့ ဆိုကြတယ်..."

​"အနှစ်ရာနဲ့ချီပြီး အတားအဆီး အောက်မှာ ရှိနေတုန်းက တစ်ခါတလေ အသံအချို့ကို ငါ ကြားရတယ်... အထဲမှာ ပိုပြီး ကြောက်စရာကောင်းတဲ့ အရာတွေ ပုန်းကွယ်နေတယ်လို့ ငါ သံသယရှိတယ်... မင်း ငါ့ကို အနိုင်ယူခဲ့ပေမဲ့ မင်းက ဝိညာဉ်အသိအာရုံအဆင့်မှာပဲ ရှိနေသေးတယ်... အတင်းအကျပ် ဝင်သွားမယ်ဆိုရင် သေချာပေါက် သေရမယ့် အခြေအနေကနေ သီသီလေး လွတ်မြောက်ရုံလောက်ပဲ ရှိမှာ ဒါ့အပြင် ဘေးဒုက္ခတွေ ယူဆောင်လာပေးနိုင်တယ်..."

​"ထိုက်ကျွယ်ဂိုဏ်းက ငါတို့ ရှင်ယွမ်ဂိုဏ်းလို ဖြောင့်မတ်တဲ့ ဂိုဏ်း မဟုတ်ဘူး... သူတို့က တကယ်တော့ မိစ္ဆာ ကျင့်ကြံရေး ဂိုဏ်း တစ်ခုပဲ..."

​နှစ်ပေါင်း ရာနဲ့ချီပြီး ချုပ်နှောင် ခံထားရတယ် ဟုတ်လား…

ဝိညာဉ်အသိအာရုံအဆင့်မှာပဲ ရှိသေးတယ် ဟုတ်လား…

ရှင်ယွမ်ဂိုဏ်း…..

​ကျူးယန် နားထောင်နေရင်း အမူအရာ လေးနက်လာပြီး သူမ၏ နှလုံးသားထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်နေ၏။

​ဒီလူရဲ့ နောက်ခံက ဘာလဲ…..

​အမှန်တကယ်တော့ အခြား မသေမျိုး ကျင့်ကြံရေး ဂိုဏ်းများကို သတိထားနေသူမှာ လီချင်းချိုး တစ်ယောက်တည်း မဟုတ်ပေ။ ချင်းရှောင်ဂိုဏ်း၏ အခြား အဆင့်မြင့် အရာရှိများလည်း ထိုသို့ပင် ခံစားနေရ၏။ လက်ရှိ သူတို့ ထိန်းချုပ်ထားသမျှ အရာအားလုံး အလုခံရမည်ကို သူတို့ မလိုလားကြပေ။

​ကျူးမိသားစုက ချင်းရှောင်ဂိုဏ်းနှင့် ပူးပေါင်းထားသည်မှာ ကြာပြီဖြစ်ပြီး ကျူးယန်၏ အမြင်မှာလည်း ချင်းရှောင်ဂိုဏ်း၏ ပြီးပြည့်စုံသော ဖွံ့ဖြိုးတိုးတက်မှုအပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

​လီချင်းချိုးက သူမကို နားထောင်ခွင့် ပြုထားသော ကိစ္စမှာ သူမ ယခုတစ်ကြိမ် လာရောက်ရသည့် ကိစ္စထက် အမှန်တကယ်ပင် ပိုမို အရေးကြီးကြောင်း သူမ သဘောပေါက်သွားခဲ့သည်။

​တစ်ပြိုင်နက်တည်းမှာပင် သူမ စိတ်အားတက်ကြွသွားသည်။ လီချင်းချိုးနှင့် ပိုမို နီးကပ်လာသည်ဟု သူမ ခံစားလိုက်ရသည်။

​ချင်းရှောင်ဂိုဏ်း ကြီးမားလာသည်နှင့်အမျှ တပည့်များ၏ နှလုံးသားထဲရှိ အဆင့်မြင့် အရာရှိများ၏ ပုံရိပ်မှာ ပိုမို ခမ်းနားလာခဲ့သော်လည်း၊ အဆင့်မြင့် အရာရှိများကြားတွင်လည်း ရင်းနှီးမှု အဆင့်အတန်းများ ရှိနေကြောင်းကိုမူ သူတို့သာ သိကြသည်။

​ချင်းရှောင်ဂိုဏ်း၏ အာဏာကို လီချင်းချိုးတို့စီနီယာမောင်နှမများကသာ အမြဲ ကိုင်စွဲထားသည်။ သူတို့မှလွဲလျှင် ကျူးယန်၏ အာဏာမှာ အရေးအပါဆုံးဟု ယူဆနိုင်သည်။

​ကျူးမိသားစုသည် ကျူးယန်ကို နောက်တစ်ဆင့် ထပ်တက်စေချင်ပြီး လီချင်းချိုးနှင့် အိမ်ထောင်ကျရန်ပင် မျှော်လင့်နေကြ၏။ ကျူးယန်က ဤသို့သော စကားမျိုးကို တင်းကျပ်စွာ တားမြစ်ထားသော်လည်း တစ်ခါတစ်ရံတွင်မူ သူမက သူမနှင့် လီချင်းချိုးသာ အိမ်ထောင်ကျပါက ပိုကောင်းမည်လားဟု မတွေးဘဲ မနေနိုင်ချေ။

​သူမ ဤသို့ မလုပ်နိုင်ကြောင်း အသိတရားက ကျူးယန်ကို ပြောနေ၏။ ထိုသို့ လုပ်ခြင်းက ချင်းရှောင်ဂိုဏ်းကို ပျက်စီးစေရုံသာ ရှိလိမ့်မည်။

​ယခုအချိန်တွင် သူမသည် ထိုမလျော်ကန်သော အတွေးများကို ငြိမ်းသတ်ထားပြီး ဂိုဏ်း၏ အကျိုးစီးပွားအပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်နေပြီ ဖြစ်သည်။

​ဝေထျန်းရှုံးက ထိုက်ကျွယ်ဂိုဏ်းအကြောင်း သူ သိထားသမျှကို ဆက်လက် ပြောပြနေ၏။

​လွန်ခဲ့သော နှစ်တစ်ထောင်က ထိုက်ကျွယ်ဂိုဏ်းသည် ကိုးပြည်ထောင်နယ်မြေကို ကြီးစိုးခဲ့ပြီး ကောင်းကင်ငရဲပင်လယ်၏ မသေမျိုး ကျင့်ကြံရေး အင်အားစုများကိုပင် ခြိမ်းခြောက်နိုင်ခဲ့သည်။ ထို့ကြောင့် သူတို့သည် ကောင်းကင်ငရဲပင်လယ် ၏ ဝိုင်းရံတိုက်ခိုက်မှုကို ခံခဲ့ရပြီး မူလချီ ကြီးမားစွာ ဆုံးရှုံးခဲ့ရသည်။ ထို့နောက် မြောက်ဘက်မှ မိစ္ဆာများက တောင်ဘက်သို့ ဆင်းလာကာ ကိုးပြည်ထောင်နယ်မြေကို သွေးချောင်းစီးစေခဲ့ပြီး ထိုက်ကျွယ်ဂိုဏ်းမှာ လုံးဝ အမြစ်ပြတ် ချေမှုန်းခံလိုက်ရသည်။

​ကောင်းကင်ငရဲပင်လယ် တွင် ထိုက်ကျွယ်ဂိုဏ်း၏ မျိုးဆက်များ ရှိနေဆဲ ဖြစ်သည်။ သူတို့သည် ကိုးပြည်ထောင်နယ်မြေကို ကျားတစ်ကောင်လို ကြောက်ရွံ့ကြပြီး ယနေ့တိုင် ဤနေရာသို့ ခြေမချရဲကြချေ။

​လီချင်းချိုးနှင့် အခြား နှစ်ဦးလည်း ဝေထျန်းရှုံး၏ပြောပြချက်ကြောင့် ထိုက်ကျွယ်ဂိုဏ်းအကြောင်းကို ပိုမို သိရှိလာကြသည်။

​ဂိုဏ်းများကို သတ်ဖြတ်ခြင်း၊ တစ္ဆေ မှော်ပစ္စည်းများ ဖန်တီးခြင်းနှင့် အခြား မသေမျိုး ကျင့်ကြံရေး ဂိုဏ်းများကို ကျွန်ပြုခြင်းပင် ထိုက်ကျွယ်ဂိုဏ်းက လုပ်ဆောင်ခဲ့သည်။

​ဤသို့သော မသေမျိုး ကျင့်ကြံရေး ဂိုဏ်း ချန်ရစ်ခဲ့သော ယန္တရားများမှာ အန္တရာယ်များပြီး ယုတ်မာမည်မှာ သေချာသည်။

​"သူတို့က ထိုက်ကျွယ်ဂိုဏ်းရဲ့ အမွေအနှစ်ကို မမက်မောကြဘူးလား... မျိုးဆက်တွေအနေနဲ့ ထိုက်ကျွယ်ဂိုဏ်းရဲ့ အမွေအနှစ်က ဘယ်လောက် အစွမ်းထက်လဲ ဆိုတာကို သူတို့ အသိဆုံး ဖြစ်သင့်တာပေါ့..." ဟု ကျူးယန်က မနေနိုင်တော့ဘဲ မေးလိုက်သည်။

​ဝေထျန်းရှုံးက သူမကို တစ်ချက်ကြည့်ကာ နှာခေါင်းရှုံ့လိုက်ပြီး..

"သူတို့က ထိုက်ကျွယ်ဂိုဏ်းရဲ့ မျိုးဆက်တွေ ဖြစ်နေလို့ပဲ အဲဒီ အမွေအနှစ် ဆိုတာကြီးက ထောင်ချောက်တစ်ခုမှန်း သိနေတာပေါ့..."

​ထို့နောက် သူက ရှန်ယွဲ့ကို ကြည့်ကာ.

"ငါက မင်းတို့ကို လိုက်ဖမ်းနေတယ်လို့ မင်းတို့ ထင်ခဲ့တာ... တကယ်တော့ ငါက မင်းတို့ကို ကယ်တင်နေခဲ့တာပါ... မင်းတို့ ထွက်ပြေးဖို့ အတားအဆီးကို ငါသာ မဖျက်ဆီးပေးခဲ့ဘူးဆိုရင် နောက်ပိုင်း ဘာတွေ ဆက်ဖြစ်မလဲဆိုတာ မသိနိုင်ဘူးလေ..."

ထိုအခါ ​ရှန်ယွဲ့ မျက်မှောင်ကြုတ်သွားသည်။ သေချာ ပြန်တွေးကြည့်သောအခါ အမှန်တကယ်ပင် ထိုသို့ ဖြစ်ပုံရ၏။ ပြိုကျသွားပြီး ပွင့်သွားသော အသက်ရှင်ရန် လမ်းကြောင်းမှာ အတော်လေး လျှို့ဝှက်ဆန်းကြယ်နေခဲ့သည်။ ၎င်းမှာ ဝေထျန်းရှုံး၏ လက်ချက် ဖြစ်နေခဲ့ခြင်းပေတည်း။

​ထိုက်ကျွယ်ဂိုဏ်းက ဤမျှ ကြီးမားသော ပုန်းကွယ်နေသည့် အန္တရာယ်တစ်ခုကို ချန်ရစ်ထားလိမ့်မည်ဟု လီချင်းချိုးလည်း မမျှော်လင့်ထားခဲ့ချေ။

​ဝေထျန်းရှုံးက လီချင်းချိုး၏ စိုးရိမ်မှုကို မြင်ပုံရပြီး ….

"ဘယ်သူမှ ဝင်မသွားသရွေ့ ဘာမှဖြစ်မှာ မဟုတ်ပါဘူး... ဘာပဲဖြစ်ဖြစ် နှစ်တစ်ထောင်တောင် ကုန်လွန်သွားပြီပဲ... ထိုက်ကျွယ်ဂိုဏ်းက ဘာပြဿနာမှ မရှာခဲ့ပါဘူး..."

​လီချင်းချိုးက ခေါင်းညိတ်လိုက်ပြီး…..

"အခုကစပြီး မင်း ချင်းရှောင်ဂိုဏ်းမှာ နေရမယ်... မင်းကို ငါ ပြောရမယ့် အရာတစ်ခု ရှိတယ်... နှစ်တစ်ရာ အတွင်း ချင်းရှောင်ဂိုဏ်းက ကောင်းကင်ငရဲပင်လယ်နဲ့ အဆက်အသွယ်လုပ်မှာ မဟုတ်ဘူး... မင်းရဲ့ ကြီးမားတဲ့ ကလဲ့စားချေမှုအတွက်တော့ စောင့်ရလိမ့်မယ်..."

ထိုအခါ ​ဝေထျန်းရှုံးက ရှားပါးသော အပြုံးတစ်ခုကို ပြုံးကာ…..

"မင်းရဲ့ တွေးခေါ်ပုံက မှန်ကန်ပါတယ်... မင်းဂိုဏ်းရဲ့ အခြေခံအုတ်မြစ်က အခုထိ မခိုင်မာသေးဘူး... အကယ်၍ ကောင်းကင်ငရဲပင်လယ်က ဂိုဏ်းတွေသာ မင်းတို့အကြောင်း သိသွားရင် မင်းတို့ သေချာပေါက် အလုခံရမှာပဲ... ငါ့ရဲ့ ကလဲ့စားချေမှု အတွက်ကတော့ လူတစ်ယောက်တည်းကို မဟုတ်ဘဲ အင်အားစု တစ်ခုလုံးကို ချေပရမှာဆိုတော့ ငါ လုံးဝ အလျင်မလိုပါဘူး..."

​ကျူးယန် နောက်ဆုံးတွင် နားလည်သွားချေပြီ။ဤလူသည် သွေးရန်ငြိုး တစ်ခုကို သယ်ဆောင်ထားပြီး ဂိုဏ်းချုပ်၏ သိမ်းသွင်းမှုကို ခံထားရခြင်း ဖြစ်သည်။

​လီချင်းချိုးက ဝေထျန်းရှုံးကို ကျူးယန်နှင့် စတင် မိတ်ဆက်ပေးပြီး ကောင်းကင်လက်မှုပညာခန်းမ၏ တာဝန်များကို ရှင်းပြလိုက်သည်။

​ချင်းရှောင်ဂိုဏ်းက အထောက်အကူပြု လမ်းစဉ်များကို လေ့လာရန်အတွက် ခန်းမတစ်ခုကို အထူးတလည် တည်ထောင်ထားလိမ့်မည်ဟု ဝေထျန်းရှုံး မမျှော်လင့်ထားခဲ့ချေ။ ၎င်းက သူ့ကို ချင်းရှောင်ဂိုဏ်း၏ ဖွဲ့စည်းပုံအပေါ် အလွန် စိတ်ဝင်စားသွားစေခဲ့သည်။

​"အခုကစပြီး မင်း ကောင်းကင်လက်မှုပညာခန်းမမှာ အလုပ်လုပ်ရမယ်..." ဟု လီချင်းချိုးက တိုက်ရိုက် ပြောလိုက်သည်။

​သူသည် ဝေထျန်းရှုံးကို တစ်ခုခု ဖန်တီးရန် မတောင်းဆိုခဲ့ပေ။"ပါရမီရှင်များကို တန်ဖိုးထားသော နှလုံးသား" က ၎င်း၏ အခန်းကဏ္ဍမှ ပါဝင်လာမည်ဟု သူ ယုံကြည်သည်။

​ဝေထျန်းရှုံးကလည်း ထိုသို့ စီစဉ်မှုအပေါ် ကန့်ကွက်ခြင်း မရှိချေ။ ယခုအချိန်တွင် အနားယူရန် နေရာတစ်ခုကိုသာ သူ ရှာချင်နေသည်။

​လီချင်းချိုးက ကျူးယန်ကို ကြည့်လိုက်ပြီး…..

"သူ့အတွက် နေထိုင်စရာ မင်း စီစဉ်ပေးရမယ်... မှတ်ထားပါ... သူ့ရဲ့ သရုပ်မှန်ကို အခြား ခန်းမသခင်တွေ အပါအဝင် ဘယ်သူ့ကိုမှ မပြောပြရဘူး... သူနဲ့ ပတ်သက်ပြီး သိချင်တဲ့သူတိုင်း ငါ့ဆီကနေတစ်ဆင့် သွားရမယ်..."

ထိုအခါ ​ကျူးယန်က စိတ်လှုပ်ရှားစွာ မတ်တတ်ရပ်၍….

"ကျွန်မ နားလည်ပါပြီ... သူ့ရဲ့ သရုပ်မှန်ကို လုံးဝ ကာကွယ်ပေးထားပါ့မယ်..."

​ဝေထျန်းရှုံးတွင် သိသာထင်ရှားသော နောက်ခံ ရှိနေကြောင်း ထင်ရှားနေသည်။ လီချင်းချိုးက ဤကဲ့သို့သော လူမျိုးကို သူမ၏ လက်အောက်တွင် ထားရှိခြင်းမှာ သေချာပေါက် ယုံကြည်မှု၏ လက္ခဏာ တစ်ရပ် ဖြစ်ရာ သူမ မည်သို့ မစိတ်လှုပ်ရှားဘဲ နေနိုင်မည်နည်း။

​လီချင်းချိုးက လက်ကို ဝှေ့ယမ်း၍ သူတို့ ထွက်သွားနိုင်ပြီဖြစ်ကြောင်း အချက်ပြလိုက်သည်။

​ထို့ကြောင့် ကျူးယန်က ဝေထျန်းရှုံးကို တောင်အောက်သို့ ခေါ်ဆောင်သွားခဲ့သည်။

​သူတို့ ထွက်သွားပြီးနောက် ရှန်ယွဲ့က လီချင်းချိုးကို ကြည့်ကာ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

"သူ့ကို ကောင်းကင်လက်မှုပညာခန်းမ မှာ ထားတာ တကယ် အဆင်ပြေရဲ့လား..."

​ကောင်းကင်လက်မှုပညာခန်းမတွင် စောင့်ကြည့်ရန် ဝိညာဉ်အသိအာရုံအဆင့် ရှိသူ မရှိချေ။ ရှန်ယွဲ့က ဝေထျန်းရှုံး လှည့်ကွက်များ သုံးမည်ကို စိုးရိမ်နေသည်။

​သူ့မျက်လုံးထဲတွင် ဝေထျန်းရှုံးသည် မိစ္ဆာ ကျင့်ကြံသူ တစ်ဦး သေချာပေါက် ဖြစ်သည်။ ဝေထျန်းရှုံးက ရှင်ယွမ်ဂိုဏ်း မည်မျှ ဖြောင့်မတ်ကြောင်း မည်မျှပင် ကြွားလုံးထုတ်စေကာမူ သူ မယုံကြည်ချေ။

​လီချင်းချိုးက….

"ကောင်းကင်လက်မှုပညာခန်းမက ဝေထျန်းရှုံးကို ချင်းရှောင်ဂိုဏ်းထဲ မြန်မြန် ပေါင်းစည်းသွားအောင် လုပ်ပေးနိုင်မယ်လို့ ကျုပ် ထင်တယ်..."

ထိုအခါ ​ရှန်ယွဲ့က မျက်ခုံးပင့်ကာ မေးလိုက်သည်။

"အိုး... ဒါဆို ကျူးယန်က ဒီနေရာကို အကြောင်းမဲ့ရောက်လာတာမဟုတ်ဘူးပေါ့…..."

​"သေချာတာပေါ့..."

​လီချင်းချိုးက ရှန်ယွဲ့ကို မျက်လုံးလှန်ပြလိုက်သည်။

ဒီကောင်က သူ့ကိုယ်သူ ဘယ်သူလို့ ထင်နေတာလဲ….

​သူက အဲဒီလောက် ယုံကြည်ရခက်တယ်လို့ ထင်နေတာလား။

​ရှန်ယွဲ့က မတ်တတ်ရပ်လိုက်ပြီး….

"ထိုက်ကျွယ်ဂိုဏ်း ကိစ္စကို လောလောဆယ် ဘေးဖယ်ထားလို့ ရပါတယ်... ဒါပေမဲ့ ခင်ဗျားတို့တိုက်ပွဲရဲ့ ဆူညံသံက အရမ်းကျယ်လောင်လွန်းတယ်... အခြားသူတွေကို ဆွဲဆောင်ပြီး မလိုအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာကို စိုးရိမ်ရတယ်... အဲဒီနေရာမှာ ကျုပ်ကိုယ်တိုင် ကင်းစောင့်ပေးရမလား..."

​ "မလိုအပ်ပါဘူး... ဝေထျန်းရှုံးရဲ့ စကားတွေကို မေ့သွားပြီလား... ကျုပ် ဝင်သွားရင်တောင် သေချာပေါက် သေရမယ့် ထောင်ချောက်တစ်ခုပဲတဲ့လေ..."

​ထိုစကားကို ကြားပြီးနောက် ရှန်ယွဲ့မှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားရသဖြင့် ဘာမှ ဆက်မပြောတော့ချေ။

​လီချင်းချိုးက နောက်ဆုံး ညွှန်ကြားချက် တစ်ခု ပေးလိုက်လေသည်။

"ပိုအစွမ်းထက်လာဖို့ ခင်ဗျား ဆက်ပြီး ကြိုးစားရဦးမယ်... ပုံမှန်ဆို ကျုပ် ခင်ဗျားကို ကိစ္စတွေ အများကြီးနဲ့ ဒုက္ခပေးမှာ မဟုတ်ပါဘူး... ကျူပ်အတွက်တော့ ခင်ဗျားက အမြဲတမ်း ဂိုဏ်းရဲ့ ထက်မြက်တဲ့ ဓားတစ်လက်ပါပဲ..."

​ဤစကားများက ရှန်ယွဲ့ကို အတော်လေး ကျေနပ်သွားစေပြီး ယနေ့ ရှုံးနိမ့်မှုမှ စိတ်ပျက်မှုများစွာ ပျောက်ကွယ်သွားတော့သည်။

​"ကျုပ် ပိုပြီး အစွမ်းထက်လာအောင် လုပ်မယ်... အစောပိုင်း ဒါမှမဟုတ် နောက်ပိုင်း ဝေထျန်းရှုံးကို ကျုပ် စိန်ခေါ်မယ်..."

​ရှန်ယွဲ့က ပြုံးဖြီးဖြီးဖြင့် ဤစကားများကို ချန်ရစ်ခဲ့ပြီး ထွက်ခွာရန် လှည့်လိုက်သည်။

​လီချင်းချိုးက သူ့ရဲ့ကျောပြင်ကို ကြည့်ရင်း မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

​ဒီအဘိုးကြီးက အခုထိ ချော့ရတာ လွယ်နေတုန်းပဲ. ….

​လင်းရှောင်ခြံဝင်း အတွင်း၌ လီချင်းချိုး တစ်ယောက်တည်းသာ ကျန်ရှိနေတော့ချိန်တွင် အတွေးနက်နေခဲ့သည်။

​ကောင်းကင်ငရဲပင်လယ်သည် သူ့ရဲ့အမြင်အာရုံ နယ်ပယ်ထဲသို့ ရောက်ရှိလာပြီ ဖြစ်သည်။ သူတို့ကို မဆွပေးဘူးဟု သူ ပြောခဲ့သော်လည်း ဘာမှမလုပ်ဘဲ နေ၍မရချေ။

​ကိုယ့်ကိုယ်ကိုယ် သိပြီး ရန်သူကို သိလျှင် ဘယ်တော့မှ ရှုံးနိမ့်မည် မဟုတ်ပေ။

​ရန်သူများကို ကိုင်တွယ်ဖြေရှင်းရာတွင် လီချင်းချိုးက သတင်းအချက်အလက်များကို အရင်ဆုံး စုဆောင်းလိုပြီး အကြွင်းမဲ့ သေချာမှု ရှိမှသာ တိုက်ခိုက်လေ့ရှိသည်။

​အရိပ်ခန်းမ အတွက်၊ အထူးသဖြင့် "ထိုးဖောက်ဝင်ရောက်ခြင်း လမ်းစဉ်" ကံကြမ္မာကို ပိုင်ဆိုင်ထားသော မိုကျိုဟုန် အတွက် တာဝန်အချို့ကို သူ စီစဉ်ပေးနိုင်ကောင်း စီစဉ်ပေးနိုင်သည်။

​သို့သော်လည်း မိုကျိုဟုန်၏ ကျင့်ကြံမှုက အလွန် နိမ့်ကျနေသေးသည်။အကယ်၍ သူ့ကို ပင်လယ်ပြင်သို့ စေလွှတ်လိုက်ပြီး လမ်းတွင် သေဆုံးသွားပါက အလွန် နှမြောစရာ ကောင်းပေလိမ့်မည်။

​

All Chapters