← Chapters

လီချင်းချိုး မြင်သော ကမ္ဘာကြီး

Vol. 29 Ch. 284

လီချင်းချိုး မြင်သော ကမ္ဘာကြီး

Vol. 29 Ch. 284

​မသေမျိုးဂူ အတွင်း၌….

လီချင်းချိုး မျက်လုံး ဖွင့်လိုက်တော့ နန်ကုန်းအာနှင့် လင်းချွမ်တို့က အခြေအနေ ဘယ်လိုရှိလဲဟု မေးရန် ချက်ချင်း ချဉ်းကပ်လာကြသည်။

​"ဒီစမ်းသပ်မှုက ငါ ထင်ထားတာထက် ပိုခက်တယ်... ငါ မအောင်မြင်ခဲ့ဘူး..." လီချင်းချိုးက အတိတ်ကို ပြန်တွေးနေသည့် အမူအရာဖြင့် ပြောလိုက်သည်။

​ဓားသခင်၏ ဓားမှာ အလွန် အစွမ်းထက်လှပြီး သူ လုံးဝ မခုခံနိုင်ခဲ့ပေ။ ဤသည်မှာ မှော်ပစ္စည်း တစ်ခု၏ စွမ်းအားကို သူ အမှန်တကယ် ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်း ဖြစ်သည်။

​ဓားသခင်သည် ရှုပ်ထွေးနက်နဲသော မန္တန်များ သို့မဟုတ် အစွမ်းထက်သော ဓားဆန္ဒ မပါဘဲ သူ့ကို ဖိနှိပ်ရန် လက်ထဲရှိ ဓားကိုသာ အားကိုးခဲ့သည်။ထိုဓား၏ စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်လှသည်။

​လီချင်းချိုး ရှုံးနိမ့်ခဲ့သော်လည်း ထိုဓားအပေါ် သူ အလွန် စိတ်ဝင်စားသွားခဲ့၏။

ဤ အမွေအနှစ်ကို သူ ရအောင် ယူရမည်။

​"အဲဒီလောက်တောင် ကိုင်တွယ်ရ ခက်လို့လား..."ဟု နန်ကုန်းအာက မျက်ခုံးပင့်ကာ မေးလိုက်သည်။ သူမ၏ အမြင်တွင် လီချင်းချိုးကို မည်သူကမျှ အနိုင်မယူနိုင်ဟု ထင်ထားခဲ့သည်။

​ "အဟုတ်ပဲ... ဘာပဲဖြစ်ဖြစ် ထိုက်ကျွယ်ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်က ငါတို့ ချင်းရှောင်ဂိုဏ်းနဲ့ ယှဉ်လို့ရတဲ့ အရာမှ မဟုတ်တာ..."

​သူ စိတ်ဓာတ်မကျခဲ့ပေ။ ဤကျောက်စိမ်း ရှိနေခြင်းကလည်း ကောင်းသောအရာ ဖြစ်၏။ နောင်တွင် စွမ်းအား တိုးတက်မှုကို အချိန်မရွေး စမ်းသပ်နိုင်ပြီ ဖြစ်သည်။

​ထို့နောက် ယခင် တိုက်ပွဲကြီးကို ပြန်တွေးရင်း မျက်လုံးမှိတ်ကာ အနားယူလိုက်တော့သည်။

ဇူလိုင်လ ကုန်ဆုံးပြီး ဩဂုတ်လသို့ ရောက်ရှိလာသောအခါ ဓမ္မညီလာခံပြိုင်ပွဲ၏ ထိပ်ဆုံး တပည့်ဆယ်ဦးကို နောက်ဆုံးတွင် ဆုံးဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။

​ရွှယ်ကျင်း၊ ကူးချန်ဖိန်၊ ယွင်ချိုင်၊ ရှောင်ဝူတိ၊ အထီးကျန်ဓား၊ ကျိယာ၊ လီရန်၊လုချင်း၊ ယန်ရွှမ် နှင့် ကျင်းကျီလင်းတို့ ဖြစ်ကြပြီး အစီအစဉ်အတိုင်း မဟုတ်ပေ။

​ယခင် ပြိုင်ပွဲမှ ထိပ်ဆုံး တပည့်ဆယ်ဦးထဲမှ ငါးဦးသာ ကျန်ရှိတော့ရာ ချင်းရှောင်ဂိုဏ်း၏ မျိုးဆက်တစ်ခုစီတိုင်းက ယခင် မျိုးဆက်ထက် ပိုမို အစွမ်းထက်လာကြောင်း ပြသနေပေသည်။

​ယခုတစ်ကြိမ် ထိပ်ဆုံး တပည့်ဆယ်ဦးထဲတွင် အနိမ့်ဆုံး ကျင့်ကြံမှုမှာ မူလအားဖြည့်နယ်ပယ် သတ္တမအဆင့် ဖြစ်ပြီး ပထမအကြိမ် ဓမ္မညီလာခံပြိုင်ပွဲထက် များစွာ သာလွန်နေသည်။

​ထိပ်ဆုံး တပည့်ဆယ်ဦး၏ နာမည်ကျော်ကြားမှုမှာ ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်၏။ နှစ်အနည်းငယ်အတွင်း ဤသူများသည် လောကကြီးကို ကိုင်လှုပ်မည့် ပုဂ္ဂိုလ်ကြီးများ ဖြစ်လာမည်ကို လူတိုင်း သိကြသည်။

​တပည့်များစွာ ပြုတ်ကျသွားရသဖြင့် ချင်းရှောင်ဂိုဏ်း အတွင်းတွင် နောင်တရမှုများလည်း ရှိနေသော်လည်း အချက်တစ်ချက်မှာမူ သေချာနေသည်။ ထိပ်ဆုံး ဆယ်ဦးထဲတွင် မည်သူမျှ အရည်အချင်းမပြည့်မီဘဲ ပါဝင်လာခြင်း မရှိကြောင်းပင်။

​ တောင်ပေါ် သစ်တောတစ်ခုထဲတွင် လီချင်းချိုးက တပည့်များကို ကျင့်ကြံရန် ဦးဆောင်နေသည်။လီရန်၊ လီရှို့ကျန်း၊ လီရှို့မင်နှင့် ယွင်ချိုင်တို့လည်း ရောက်လာကြသည်။

​သူတို့သည် ယွမ်လီ၏ ပတ်လည်တွင် စုဝေးကာ စကားပြောနေကြပြီး မူလက သူ့ကို နှစ်သိမ့်ရန် ရည်ရွယ်ထားသော်လည်း အကြောင်းအရာက မကြာမီ ပြောင်းလဲသွားသည်။

​"ကျင်းကျီလင်းဆိုတဲ့ တပည့်က ဘယ်က ရောက်လာတာလဲ... သူရဲ့ သစ်သားစွမ်းအင် မန္တန်တွေက အရမ်း အစွမ်းထက်ပြီး သူ့စွမ်းအားကလည်း ကြီးမားတယ်... ကျင့်ကြံရေးခန်းမမှာ အဲဒီလို လူမျိုးရှိတယ်ဆိုတာ အရင်က တစ်ခါမှ မသိခဲ့ဘူး..." ဟု လီရန်က မှတ်ချက်ချလိုက်သည်။

​ကျင်းကျီလင်းသည် ဤ ဓမ္မညီလာခံပြိုင်ပွဲ၏ အကြီးမားဆုံး အံ့အားသင့်စရာ ဖြစ်ပြီး ယွင်ချိုင် ပြီးလျှင် ဒုတိယ နေရာတွင် ရှိသည်။ သူသည် နောက်ဆုံး ခြောက်ဆယ့်လေးဦး အဆင့်သို့ ရောက်မှသာ အာရုံစိုက်မှုကို စတင် ရရှိလာခြင်း ဖြစ်သည်။

​သူ့ရဲ့မူလချီမှာ အဆင့်တူ သူများထက် ပိုမို များပြားပြီး သစ်သားစွမ်းအင် မန္တန်များကို အထူးပြုလေ့လာထားသည်။ လက်ခုပ်တီးလိုက်ရုံဖြင့် စင်မြင့်ပေါ်မှ မရေမတွက်နိုင်သော နွယ်ပင်များ အရှိန်အဟုန်ပြင်းပြင်းဖြင့် ထွက်ပေါ်လာရာ လူများစွာကို အံ့အားသင့်သွားစေခဲ့သည်။

​လီချင်းချိုးက အဝေးရှိ သစ်ပင်ကြီး တစ်ပင်အောက်တွင် လှဲလျောင်းနေပြီး တစ်ရေးအိပ်နေသကဲ့သို့ သစ်ရွက်နှစ်ရွက်ဖြင့် မျက်လုံးများကို ဖုံးကွယ်ထားသည်။

​လီရန်၏ စကားကို ကြားသောအခါ လီချင်းချိုး၏ နှုတ်ခမ်းများ ကွေးတက်သွားသည်။

​လီချင်းချိုးအနေနှင့် ဤ ဓမ္မညီလာခံပြိုင်ပွဲ ၏ ရလဒ်များကို အလွန် ကျေနပ်မိသည်။ တပည့်များစွာသည် သူ မျှော်လင့်ထားသည်ထက် ပိုမိုသော စွမ်းအားများကို ပြသနိုင်ခဲ့သဖြင့် သူ့ကို ကြီးမားသော အောင်မြင်မှု ခံစားချက်ကို ပေးစွမ်းနိုင်ခဲ့သည်။

​သူ တည်ဆောက်ခဲ့သော ချင်းရှောင်ဂိုဏ်းက ယခုဆို အဆုံးမဲ့ အလားအလာများကို ပိုင်ဆိုင်ထားပြီဖြစ်သည်။

​ထို့ကြောင့် အာရုံစိုက်မှုကို ပါရမီရှင်များ ထံမှ ခွာ၍ စီမံခန့်ခွဲမှု၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြီးတော့ စုံစမ်းထောက်လှမ်းရေး နယ်ပယ်များရှိ ပါရမီရှင်များကို စတင် ပြုစုပျိုးထောင်ရန် စီစဉ်ထားသည်။

​ရွှမ်မင်းဆက်ကို တည်ထောင်ခဲ့ပြီး ချင်းရှောင်ဂိုဏ်းမှာ လောလောဆယ် ပြဿနာ မရှိသော်လည်း အနာဂတ်အတွက် ကြိုတင် စီစဉ်ထားရပေမည်။

​ထို့အပြင် စွန်းမော့ရှင်း၏ ကိစ္စနှင့် နောက်ကွယ်ရှိ ဇာစ်မြစ်များကို စုံစမ်းရန် အစီအစဉ်များကိုလည်း ပြုလုပ်ရပေဉီးမည်။

​သူ သတိမထားမိသည်မှာ ယွမ်လီက သူ့ကို ကြည့်နေခြင်းကိုပင်။

​လူအုပ်ထဲတွင် ဝိုင်းရံခံနေရသော်လည်း ယွမ်လီ၏ စိတ်ခံစားချက်သိပ်မကောင်းပေ။ သူသည် ထိပ်ဆုံး ဆယ်ယောက်စာရင်းသို့ မဝင်နိုင်ခဲ့ပေ။ အရှိန်အဝါကို အမြင့်ဆုံးအထိ တွန်းတင်ခဲ့သော်လည်း ကျင့်ကြံမှုမှာ မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်သာ ရှိနေသေးသဖြင့် ကျင့်ကြံမှု ကွာဟချက်ကို ကျော်လွှားရန် မဖြစ်နိုင်ချေ။

​ဤရှုံးနိမ့်မှုက ယွမ်လီကို ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့သဖြင့် သူက တည်ငြိမ်နေသလို ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။

​ဂျူနီယာ တပည့်များ သူ့ကို ကျော်တက်သွားသည်ကို သူ ရှင်းလင်းစွာ ခံစားနေရသည်။

​သူသည် အထူး ခံစားခွင့်များစွာကို ရရှိခဲ့ပြီး ဖြစ်သော်လည်း မည်မျှပင် ကြိုးစားစေကာမူ အတောက်ပဆုံးသော တည်ရှိမှုတစ်ခု ဘယ်သောအခါမှ မဖြစ်လာနိုင်ပေ။

​သူ့ဘေးရှိ ယွင်ချိုင်၊ ဟူယန်၊ ရှောင်ဝူတိ နှင့် ကျိယာတို့ကို ကြည့်ပြီးနောက် လီရှို့ကျန်းနှင့် လီရှို့မင်တို့ကို ကြည့်လိုက်သောအခါ၊ ယွမ်လီသည် ဆရာနှင့်သာ မတွေ့ဆုံခဲ့ပါက ဤလူများနှင့် အတူထိုင်ရန် အရည်အချင်းပင် ရှိမည် မဟုတ်ဟု ခံစားလိုက်ရသည်။

​သို့သော် သူ့ကိုယ်သူ သံသယဝင်မိတိုင်း ဆရာ့ကို မြင်လိုက်ရခြင်းက သူ လက်လျှော့၍ မရကြောင်း ခံစားရစေသည်။

​အကြောင်းမှာ ဆရာက သူ့ကို ယုံကြည်နေဆဲ ဖြစ်သောကြောင့်ပင်။

​ စိတ်နေသဘောထားကို ပြင်ဆင်ရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ကံမကောင်းစွာဖြင့် အချိန်တိုအတွင်း ပြန်လည် နာလန်ထူရန် ခက်ခဲလှသည်။ထို့​ကြောင့် မိမိကိုယ်ကို အာရုံလွှဲရန် ပတ်ဝန်းကျင်ရှိ လူများ၏ ဆွေးနွေးမှုများတွင်သာ ဝင်ရောက် ပါဝင်နိုင်တော့သည်။

​သူတို့ စကားပြောနေစဉ် အကြောင်းအရာက မူလခေါင်းစဉ်ဆီသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ သူတို့က ကျိယာနှင့် ယွင်ချိုင်တို့ကို ပထမနေရာ ရရှိမည်ဟု ယုံကြည်မှု ရှိ၊ မရှိ မေးမြန်းကြသည်။

​ယွင်ချိုင်မှာ သဘာဝကျကျ ယုံကြည်မှု အပြည့်ရှိနေပြီး ကျိယာကိုပင် ရန်စသည့် အကြည့်ဖြင့် ကြည့်လိုက်သေးသည်။

​ကျိယာက အနိုင်ရမည်ဟု သေချာမှု မရှိကြောင်း နှိမ့်ချစွာ ပြောလိုက်သည်။ သူ အမှန်တကယ်ပင် ထိုသို့ ထင်မိ၏။ ယွင်ချိုင်နှင့် ပတ်သက်၍ စိတ်ထဲတွင် အရိပ်အယောင်တစ်ခု ရှိနေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့နေသည်။

​ယွမ်လီက ယွင်ချိုင်ကို အားကျသော မျက်လုံးများဖြင့် ကြည့်လိုက်မိသည်။

​သူသည် ယွင်ချိုင်၏ မွေးရာပါ ပါရမီကိုသာမက သူမ၏ အပြည့်အဝ ယုံကြည်မှုများကိုလည်း အားကျမိသည်။

​သူသည်လည်း ယွင်ချိုင် ကြီးပြင်းလာသည်ကို အများနည်းတူ စောင့်ကြည့်ခဲ့၏။ သူမ အားနည်းနေချိန်တွင်ပင် ထိုအချိန်က သူမ အနိုင်မယူနိုင်သော ပြိုင်ဘက်များကို သူမ သေချာပေါက် ကျော်တက်နိုင်မည်ဟု ယွင်ချိုင် ယုံကြည်ခဲ့သည်။

​လွန်ခဲ့သော ဆယ်နှစ်က ယွင်ချိုင်သည် သူတို့ တပည့်အသုတ်ထဲတွင် အတောက်ပဆုံးသော တည်ရှိမှု ဖြစ်လာလိမ့်မည်ဟု မည်သူ ထင်ခဲ့မည်နည်း။

​အနာဂတ်တွင် ယွင်ချိုင်ထက် ပိုမို အစွမ်းထက်သော ပါရမီရှင်များ သေချာပေါက် ရှိလာမည်ဖြစ်ပြီး ယွမ်လီအနေဖြင့် ဤအရာအားလုံးကို လက်ခံရမည်သာ။

မည်သို့ပင်ဆိုစေ ​ချင်းရှောင်ဂိုဏ်း၏ ဒုတိယအကြိမ် ဓမ္မညီလာခံပြိုင်ပွဲက ပြီးပြည့်စုံမှု ဖြင့် အဆုံးသတ်သွားခဲ့သည်။ ယွင်ချိုင်က လုံးဝ လွှမ်းမိုးထားသော အနေအထားဖြင့် ပထမနေရာကို ရရှိခဲ့ပြီး၊ ကျိယာက ဒုတိယနေရာကို ရရှိကာ တတိယနေရာမှာ ရွှယ်ကျင်းထံသို့ ရောက်ရှိသွားခဲ့သည်။

​ရွှမ်မင်းဆက်၏ အားတက်သရော အားပေးကူညီမှုအောက်တွင် ကိုးပြည်ထောင်ကမ္ဘာတဝှမ်းလုံး မသေမျိုးလမ်းစဉ်ကို စတင် လေးစားလာခဲ့သည်။ သိုင်းလောကမှာ သိုင်းပညာရှင်များ၏ သိုင်းလောက သက်သက် မဟုတ်တော့ဘဲ ကျင့်ကြံသူ များ ပိုမိုများပြားစွာ သိုင်းလောကတွင် လှည့်လည်သွားလာနေပြီဖြစ်သည်။

​မျက်တောင်တစ်ခတ်အတွင်း ​သုံးနှစ် အချိန် လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။

​ယခုနှစ် နွေရာသီ အစောပိုင်းတွင် …..

လီချင်းချိုးတယောက် ချင်းရှောင်တောင် ၏ ထိပ်တွင် ရပ်ကာ ခမ်းနားထည်ဝါသော တောင်တန်းများကို ငေးကြည့်နေ၏။

​ဤနေရာတွင် ရပ်နေရင်း ဓားပျံစီးနင်းပျံသန်းနေသော တပည့်များစွာနှင့် တောင်များကြား ဖြတ်သန်းသွားလာနေသော ဝိညာဉ်လှေ များကို သူ မြင်တွေ့နိုင်သည်။

​လွန်ခဲ့သော သုံးနှစ်က ဓမ္မညီလာခံပြိုင်ပွဲ အပြီးတွင် ချင်းရှောင်ဂိုဏ်းက ကမ္ဘာတစ်ဝန်းတွင် နာမည်ကျော်ကြားလာခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ လူများက သူတို့၏ ကလေးများကို ချင်းရှောင်ဂိုဏ်းသို့ ပို့လိုကြပြီး ချင်းရှောင်ဂိုဏ်း၏ တပည့် လက်ခံမှု သတ်မှတ်ချက်မှာလည်း များစွာ မြင့်တက်လာခဲ့သည်။ အလုပ်ကြမ်းတပည့် တစ်ဦး ဖြစ်လာရန်ပင်လျှင် ပါရမီ အတိုင်းအတာ တစ်ခုအထိ လိုအပ်လာသည်။

​ဤသုံးနှစ်အတွင်း ကိုးပြည်ထောင်နယ်မြေတွင် ကျင့်ကြံရေးဂိုဏ်း အနည်းငယ် ထပ်မံ ပေါ်ထွက်လာခဲ့သည်။ သူတို့၏ အရှိန်အဟုန်မှာ အထူးတလည် မပြင်းထန်သော်လည်း "ကျင့်ကြံရေး" ဟူသော ဆိုင်းဘုတ်၏ ဆွဲဆောင်မှုမှာ လောကီလူသားများအတွက် ကြီးမားလှပြီး ကျင့်ကြံရေးဂိုဏ်းများက သိုင်းလောကတွင် လျင်မြန်စွာ အခြေချလာကြပြီဖြစ်သည်။

​ချင်းရှောင်ဂိုဏ်း ပိုမို အစွမ်းထက်လာသည်သာမက ချင်းရှောင်တောင်သည်လည်း အသွင်ပြောင်းလဲလာခဲ့သည်။ ခမ်းနားထည်ဝါသော အဆောက်အအုံများနှင့် မြင့်မားသော နန်းတော်များမှာ တောင်ပေါ်တွင် တည်ရှိနေပြီး ပိုမို ခမ်းနားလာခဲ့သည်။

​လီချင်းချိုးတယောက်တည်း ချောက်ကမ်းပါး အစွန်းတွင် ရပ်နေရင်း သူ၏ အတွေးများ လွင့်ပျံနေခဲ့သည်။

​လွန်ခဲ့သော သုံးနှစ်က တာအိုမျိုးဆက် အကဲဖြတ်မှု တစ်ခု ဖြစ်ပေါ်လာမည်ဟု သူ ထင်ခဲ့သော်လည်း ဖြစ်မလာခဲ့ပေ။ သံသရာလည်ပတ်မှုမှာ ဆယ်နှစ်လျှင် တစ်ကြိမ် မဟုတ်ပုံရသည်။

ထိုစဉ် ​ရှောင်ဝူချင်းက အနောက်မှ အမြန်လျှောက်လာပြီး သူ့နောက်သို့ ရောက်သောအခါ ရိုသေစွာ ဦးညွှတ်၍….

"ဂိုဏ်းချုပ်... ကျွန်တော့်ရဲ့ အကြီးဆုံး အစ်ကိုနဲ့ တတိယ ညီတို့က ချန်ယန်တောင်ကို သိမ်းပိုက်ဖို့ လူတွေကို ဦးဆောင်သွားပါပြီ... အဲဒီမှာရှိတဲ့ ဝိညာဉ်ကျောက်တွင်းကို မတူးဖော်ရသေးဘူးလို့ ချင်းရှောင်အမိန့်ပြား ကနေတစ်ဆင့် ကျွန်တော့်ကို ကိုယ်တိုင် ပြောပါတယ်..."

​ချင်းရှောင်အမိန့်ပြားမှာ ကောင်းကင်လက်မှုပညာခန်းမမှ ဖန်တီးထားသော ဆက်သွယ်ရေး အမျိုးအစား မှော်ပစ္စည်း တစ်ခု ဖြစ်ပြီး တပည့်များကို ကိုးပြည်ထောင်နယ်မြေ အရပ်ရပ်မှ ချင်းရှောင်ဂိုဏ်းနှင့် အချိန်မရွေး ဆက်သွယ်နိုင်စေသည်။ ဝေထျန်းရှုံးက ဤကိစ္စအတွက် ကြိုးပမ်းအားထုတ်မှုများစွာ ပြုလုပ်ခဲ့သည်။

​"အင်း... ချင်းရှောင်ဂိုဏ်းရဲ့ အရင်းအမြစ် မြေပုံထဲကို ထည့်လိုက်ပါ..."

​လီချင်းချိုးက တောင်အောက်သို့ ငုံ့ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်ပြီး သူ့လေသံမှာ အရေးမကြီးသော ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ တည်ငြိမ်နေသည်။

​ရှောင်ဝူချင်းက တစ်ခဏမျှ တွန့်ဆုတ်နေပြီး….

"ဒါဆို ကျင်းယန်ဟယ်မိသားစု ကို ဘယ်လို ကိုင်တွယ်ရမလဲ..."

​"သူတို့ကို ဖယ်ရှားခိုင်းပြီး လုံလောက်တဲ့ လျော်ကြေး ပေးလိုက်ပါ... သူတို့ဘက်က ဆန္ဒမရှိဘူးဆိုရင်တော့ ဘာလုပ်ရမလဲ ဆိုတာ မင်း သိပါတယ်..."

​"ဟုတ်ကဲ့ပါ!"

​ရှောင်ဝူချင်းက အမိန့်ကို ချက်ချင်း ယူကာ ထွက်သွားခဲ့သည်။

​ဤကဲ့သို့သော ကိစ္စမျိုးမှာ ပထမဆုံးအကြိမ် ဖြစ်ပွားခြင်း မဟုတ်ဘဲ လီချင်းချိုးမှာ ဤအရာများနှင့် အသားကျနေသည်မှာ ကြာပြီ ဖြစ်သည်။

​ကိုးပြည်ထောင်နယ်မြေတွင် ကျင့်ကြံရေးလောက တစ်ခု ပေါ်ထွက်လာစေရန် အစီအစဉ်များကို သူ ချမှတ်ခဲ့သည်။ ပထမအနေဖြင့် ၎င်းမှာ ချင်းရှောင်ဂိုဏ်း၏ ပိုမိုကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ဖြစ်ပြီး ဒုတိယအနေဖြင့် ကမ္ဘာသူ ကမ္ဘာသားများက ကောင်းကင်နှင့် မြေကြီး၏ နေရာအနှံ့အပြားတွင် ပုန်းကွယ်နေသော အရင်းအမြစ်များကို ရှာဖွေရာတွင် သူ့ကို ကူညီပေးနိုင်စေရန် ဖြစ်သည်။

​လီချင်းချိုးသည် သာမန် ပြည်သူလူထုကို ကရုဏာနှင့် တရားမျှတမှုအကြောင်း ပြောဆိုနိုင်သော်လည်း၊ အင်အားစုများကြား အားပြိုင်မှုတွင်မူ သူ ဘယ်သောအခါမှ စိတ်မပျော့ခဲ့ပေ။ ဤလမ်းစဉ်မှာ ကြီးစိုးခြင်း လမ်းစဉ် တစ်ခု ဖြစ်သည်။ အခြား ဂိုဏ်းများကို ချင်းရှောင်ဂိုဏ်း၏ စည်းမျဉ်းများနှင့်အညီ ဖွံ့ဖြိုးတိုးတက်ခွင့်သာ လီချင်းချိုးက ခွင့်ပြုမည် ဖြစ်ပြီး၊ သို့မဟုတ်ပါက သူတို့သည် ကိုးပြည်ထောင်နယ်မြေတွင် ကျင့်ကြံခွင့် မရှိသင့်ချေ။

​သူသည် ထိုက်ခွန်းတောင်တန်းကို ဆက်လက် အပေါ်စီးမှ ကြည့်နေခဲ့သည်။ ဤနေရာတွင် ရပ်နေရင်း ကိုးပြည်ထောင်ကမ္ဘာကို မြင်တွေ့နိုင်သည်။

​ဝုန်း...

​အဝေးမှ မိုးကြိုးသံများ ပဲ့တင်ထပ်လာသဖြင့် လီချင်းချိုး မော့ကြည့်လိုက်တော့ လီရွှယ်တောင်ထွတ်၏ ထိပ်တွင် လိမ့်တက်နေသော မိုးကြိုးတိမ်တိုက်များ ပေါ်လာသည်ကို တွေ့လိုက်ရသည်။

​တစ်ယောက်ယောက် အတိဒုက္ခရင်ဆိုင်နေတာပဲ…..

​ဤသုံးနှစ်အတွင်း ချင်းရှောင်ဂိုဏ်းမှ နောက်ထပ် ဝိညာဉ်အသိအာရုံအဆင့် ကျင့်ကြံသူ နှစ်ဦး ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့မှာ ယွင်ချိုင်နှင့် ရွှယ်ကျင်းတို့ ဖြစ်ကြသည်။

​ရွှယ်ကျင်းသည်လည်း အတွေ့အကြုံရှာဖွေရေးခန်းမ၏ ခန်းမသခင်အဖြစ် တရားဝင် ဖြစ်လာခဲ့ပြီး လီစစ်ဖုန်းမှာမူ ကျင့်ကြံရေးခန်းမသို့ ပြောင်းရွှေ့သွားခဲ့သည်။

​လီချင်းချိုးက အတိဒုက္ခရင်ဆိုင်ရာ စင်မြင့်ကို မမြင်ရသော်လည်း အတိဒုက္ခရင်ဆိုင်နေရသူ၏ ကျယ်ပြောလှသော မူလချီကို ခံစားနိုင်သည်။

​ယခုတစ်ကြိမ် အတိဒုက္ခရင်ဆိုင်နေရသူ မှာ ကျိယာပင် ဖြစ်သည်။

​လီချင်းချိုး၏ နှုတ်ခမ်းများ ကွေးတက်သွားပြီး စိတ်ခံစားချက်ကောင်းမွန်လာသည်။

​နောက်ထပ် ဝိညာဉ်အသိအာရုံအဆင့် ကျင့်ကြံသူ တစ်ဦး တိုးလာတိုင်း ယုံကြည်မှုများ ကြီးထွားလာနေဆဲပင်။

ချင်းရှောင်ဂိုဏ်း၏ လက်ရှိ အတိဒုက္ခရင်ဆိုင်ခြင်း နည်းလမ်းများဖြင့် ကျိယာ၏ အတိဒုက္ခတွင် မည်သည့်အရာမျှ မှားယွင်းမည် မဟုတ်သဖြင့် သူ သွားရောက် ကူညီရန် ရည်ရွယ်ချက် မရှိချေ။

​နောက်တစ်ဆင့် အနေဖြင့် ဝိညာဉ်အသိအာရုံအဆင့် ဆဋ္ဌမအဆင့် သို့ တက်လှမ်းရန် သူ ပြင်ဆင်မည် ဖြစ်သည်။

​သုံးနှစ်အတွင်း သူ့ရဲ့ကျင့်ကြံမှုမှာ ဝိညာဉ်အသိအာရုံအဆင့် စတုတ္ထအဆင့်မှ ပဉ္စမအဆင့်သို့ ချိုးဖျက်နိုင်ခဲ့ပြီး ဆဋ္ဌမအဆင့်သို့ ရောက်ရန် အလှမ်းမဝေးတော့ချေ။

​ချင်းရှောင်ဂိုဏ်းက ကျင့်ကြံရေး အရင်းအမြစ်များကို ပိုမို ရရှိပြီး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လီချင်းချိုးသည် သဘာဝကျကျ ၎င်းတို့ကို ပထမဆုံး ခံစားခွင့်ရသူ ဖြစ်သည်။ ချင်းရှောင်ဂိုဏ်းအတွက် အဓိက အထောက်အပံ့ကို ပေးစွမ်းနေသူမှာ သူ ဖြစ်သောကြောင့် ကိုယ်ပိုင် ကျင့်ကြံမှု တိုးတက်မှုကို သူ ဘယ်သောအခါမှ လျစ်လျူမရှုခဲ့ပေ။

​သစ်တောကို ဖြတ်သန်းကာ တောင်လမ်းအတိုင်း ဆင်းလာစဉ် လီချင်းချိုးက မသေမျိုးဂူ ရှေ့ရှိ သစ်တောသို့ ရောက်ရှိလာပြီး ထိုနေရာတွင် စောင့်ဆိုင်းနေသော ယွင်ချိုင်ကို တွေ့လိုက်ရသည်။

​ဝိညာဉ်အသိအာရုံအဆင့်သို့ ရောက်ရှိပြီးနောက် ယွင်ချိုင်၏ အရှိန်အဝါမှာ ပိုမို အစွမ်းထက်လာပြီး ရွှီနင်းထက် မနိမ့်ကျတော့ချေ။

​ရွှီနင်း၏ အေးစက်မှုနှင့် မတူဘဲ ယွင်ချိုင်သည် ပါရမီရှင် တစ်ဦး၏ ကြီးစိုးသော မောက်မာမှုကို ပိုမို ပိုင်ဆိုင်ထားသည်။

​လီချင်းချိုး ချဉ်းကပ်လာသည်ကို မြင်သောအခါ ယွင်ချိုင်က သူ့ကို တွေ့ရန် ချက်ချင်း လျှောက်သွားလိုက်သည်။

​"ဂိုဏ်းချုပ်... ကျွန်မအတွက် ကိစ္စအချို့ စီစဉ်ပေးဖို့ အချိန်တန်ပါပြီ... ကျွန်မ အခု ချင်းရှောင်ဂိုဏ်းအတွက် ပံ့ပိုးပေးနိုင်လောက်အောင် အစွမ်းထက်နေပါပြီ..." ဟု ယွင်ချိုင်က လီချင်းချိုးကို တားကာ လေးနက်စွာ ပြောလိုက်သည်။

​ဝိညာဉ်အသိအာရုံအဆင့်သို့ ရောက်ရှိပြီးဖြစ်ရာ သူမသည် ဂိုဏ်းတွင် ထိပ်တန်း အဆင့်ရှိ ကျွမ်းကျင်သူ တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ သူမ လိုချင်သည်မှာ အာဏာမဟုတ်ဘဲ အောင်မြင်မှုများ ဖြစ်၏။

​သူမ၏ ရည်မှန်းချက်မှာ စစ်မှန်သောသခင် ဆယ်ပါးပင် ဖြစ်သည်။

​စစ်မှန်သောသခင်ဆယ်ပါး ဖြစ်ရန် စွမ်းအားသာမက ဂိုဏ်းရှိ လူတိုင်းကို ယုံကြည်လက်ခံစေမည့် အောင်မြင်မှုများလည်း လိုအပ်ပေသည်။

​လက်ရှိတွင် ယွင်ချိုင်သည် နာမည်ကျော်ကြားသော်လည်း ကြီးမားသော အောင်မြင်မှုများ မရှိချေ။ ဂိုဏ်းချုပ်က သူမအပေါ် အရင်းအမြစ်များ ပုံအောပေးခြင်းဖြင့် ဖန်တီးထားသော ပါရမီရှင် တစ်ဦးဟု လူများစွာက ယုံကြည်ကြပြီး သူမသည် အဆင့်ဆင့် ကြိုးစား တက်လှမ်းလာခဲ့သော ပါရမီရှင် ရွှယ်ကျင်းနှင့် အလှမ်းဝေးနေသေးသည်။

​လီချင်းချိုးက သူမကို ကြည့်ကာ တစ်ခဏမျှ တွေးတောပြီး ….

"တကယ်တော့ တာဝန်တစ်ခု ရှိတယ်... ဘယ်သူ့ကို လွှတ်ရမလဲလို့ ငါ တွန့်ဆုတ်နေတာ..."

​"ကျွန်မ သွားမယ်!"

​ "မြောက်ဘက် နယ်စပ်မှာ မိစ္ဆာတွေ ပြဿနာ ရှာနေတယ်... ဒီတစ်ခါ မကောင်းဆိုးဝါး တစ္ဆေတွေ မဟုတ်ဘဲ အစွမ်းထက်တဲ့ မိစ္ဆာ တစ်မျိုးမျိုး ဖြစ်ပုံရတယ်... မင်းသိတဲ့အတိုင်း မြောက်ဘက်မှာ မိစ္ဆာနယ်မြေ တစ်ခု ရှိတယ်... အဲဒီ မိစ္ဆာရဲ့ ဇာစ်မြစ်ကို မင်း စုံစမ်းပေးဖို့ လိုတယ်... ဖြစ်နိုင်ရင် ဖမ်းမိတာ အကောင်းဆုံးပဲ... သေချာတာကတော့ မိစ္ဆာနယ်မြေနားကို မင်း မသွားရဘူး... မဟုတ်ရင် ဂိုဏ်းကို အချိန်မတိုင်မီ ကြီးမားတဲ့ ဘေးဒုက္ခတစ်ခု ယူဆောင်လာသလို ဖြစ်သွားလိမ့်မယ်..."

​မြောက်ပိုင်းနန်းတွင်းက ချင်းရှောင်ဂိုဏ်းထံ အညံ့ခံခဲ့ပြီး ဖြစ်ကာ ရွှမ်မင်းဆက်နှင့်လည်း ကောင်းမွန်သော ဆက်ဆံရေး ရှိနေသည်။ နှစ်ဖက်စလုံး အပစ်အခတ် ရပ်စဲထားပြီး ကုန်သွယ်မှု အမျိုးမျိုး ပြုလုပ်နေကြသည်။ ဤသို့သော အခြေအနေမျိုးတွင် မြောက်ပိုင်းနန်းတွင်းက သူတို့ မဖြေရှင်းနိုင်သော ပြဿနာတစ်ခုနှင့် ကြုံတွေ့ရသောအခါ အကူအညီ တောင်းခံရန် ချင်းရှောင်ဂိုဏ်းထံ လူများ စေလွှတ်ခြင်းမှာ သဘာဝကျပေသည်။

All Chapters