ဇီယန်ကျွန်း၏ ပုန်းကွယ်နေသော အန္တရာယ်
Vol. 29 Ch. 285
လီချင်းချိုးထံမှ တာဝန်ကို လက်ခံရရှိပြီးနောက် ယွင်ချိုင်က ပြင်ဆင်မှုများ ပြုလုပ်ရန် စိတ်လှုပ်ရှားစွာဖြင့် တောင်အောက်သို့ ဆင်းသွားခဲ့သည်။ သူမသည် တစ်ယောက်တည်း သွားမည် မဟုတ်ဘဲ သူမ၏ သစ္စာရှိ ညီအစ်မ ခုနစ်ယောက်ကိုလည်း ခေါ်ဆောင်သွားမည် ဖြစ်သည်။ အမျိုးသမီး တပည့် ခုနစ်ဦးစလုံး၏ ကျင့်ကြံမှုမှာ အနည်းဆုံး မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။
လီချင်းချိုး၏ အမြင်တွင် ယွင်ချိုင်အတွက် အကူအညီ မလိုအပ်ပေ။ ယင်းအစား ဤအမျိုးသမီး တပည့် ခုနစ်ဦးအတွက် ကောင်းမှုကုသိုလ်များနှင့် တာအို အခွင့်အရေးများ ရရှိစေရန် သူမက ကူညီလိုခြင်း ဖြစ်သည်။ ထို့ကြောင့် သူကလည်း တိုက်ရိုက် သဘောတူလိုက်သည်။
မြောက်ပိုင်းနယ်မြေမှာ ကျယ်ဝန်းပြီး လူသူကင်းမဲ့သည်။ မိစ္ဆာ သတ္တဝါများကို ရှာဖွေရာတွင် ယွင်ချိုင် တစ်ယောက်တည်းကိုသာ အားကိုးမည်ဆိုပါက အချိန်အတော်ကြာ ယူရလိမ့်မည် ဖြစ်၏။
ရက်အနည်းငယ် အကြာတွင်….
ညပိုင်း၌ လင်းရှောင်ခြံဝင်းသို့ လီချင်းချိုး ရောက်ရှိလာတော့ ခန်းမသခင်အားလုံး ဤနေရာတွင် စုဝေးနေကြပြီး ဝေထျန်းရှုံးပင် ရောက်ရှိနေသည်။
သုံးနှစ်ကြာ အတူနေထိုင်ပြီးနောက် ချင်းရှောင်ဂိုဏ်းအပေါ် ဝေထျန်းရှုံး၏ အသိအမှတ်ပြုမှု ပိုမို မြင့်တက်လာခဲ့ပြီး သစ္စာစောင့်သိမှုမှာ ၉၀ သို့ပင် ရောက်ရှိနေပြီ ဖြစ်၏။ သို့သော်လည်း လီချင်းချိုးအပေါ် ကိုယ်ပိုင် သစ္စာစောင့်သိမှုမှာမူ ၈၀ ဝန်းကျင်တွင်သာ အတက်အကျ ရှိနေဆဲ ဖြစ်သည်။
လီချင်းချိုးက သူ့ကို ကောင်းကင်လက်မှုပညာခန်းမ၏ ကြီးကြပ်ရေးမှူး အနေဖြင့် ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးများကို တက်ရောက်ခွင့် အခါအားလျော်စွာ ပြုလေ့ရှိသည်။
လီချင်းချိုး ရောက်လာသည်ကို မြင်သောအခါ ခန်းမသခင် အားလုံး မတ်တတ်ရပ်ကာ အရိုအသေပေးကြသည်။ ဝေထျန်းရှုံးသည်လည်း ထိုနည်းတူပင်။ နောက်ဆုံးတွင် သူ့အသက်မှာ လီချင်းချိုး၏ လက်ထဲတွင် ရှိနေသဖြင့် ပေါ့ဆရန် မဝံ့ရဲပေ။
လီချင်းချိုးက ကုလားထိုင်ဆီသို့ လျှောက်သွားကာ လူတိုင်းကို ထိုင်ရန် လက်ဟန်ပြလိုက်ပြီးနောက် သူကိုယ်တိုင် အရင် ထိုင်လိုက်ရာ အခြားသူများလည်း လိုက်ထိုင်ကြသည်။
သူက ဝေထျန်းရှုံးနှင့် ကျူးယန်တို့ကို ကြည့်ကာ အပြုံးဖြင့် မေးလိုက်သည်။
"ချင်းရှောင်အမိန့်ပြားရဲ့ သုတေသန တိုးတက်မှု ဘယ်လိုရှိလဲ... ငါလိုချင်တဲ့ ခြေရာခံနိုင်တဲ့ စွမ်းရည်ကို ဘယ်တော့ ထည့်နိုင်မလဲ..."
ဤအကြောင်းကို ပြောရသောအခါ ဝေထျန်းရှုံးမှာ ညည်းညူမှုများကို မထိန်းချုပ်နိုင်ဘဲ ပြောချလိုက်လေသည်။
"ချင်းရှောင်ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်က အရမ်း အားနည်းလွန်းတယ်... ကောင်းကင်လက်မှုပညာခန်းမရဲ့ တပည့်တွေကို အခြေခံ ကန့်သတ်ချက်တွေကနေ စပြီး သင်ပေးနေရတုန်းပဲ... ငါ့အမြင်မှာ တိုက်ရိုက် နားလည်နိုင်တယ်လို့ ထင်ရတဲ့ အဲဒီ ကန့်သတ်ချက်တွေကိုတောင် သူတို့ကို အရင်ဆုံး ခွဲခြမ်းစိတ်ဖြာပြီး ရှင်းပြနေရတယ်... မင်းလိုချင်တဲ့ ခြေရာခံနိုင်တဲ့ စွမ်းရည်အတွက် အနည်းဆုံး နောက်ထပ် တစ်နှစ်လောက်တော့ ကြာဦးမယ်..."
လူသူကင်းမဲ့သော နေရာတစ်ခုတွင် ဂိုဏ်းတစ်ခု တည်ထောင်ရခြင်းမှာ သူ ထင်ထားသည်ထက် များစွာ ပိုမို ခက်ခဲလှပေသည်။
ကောင်းကင်ငရဲပင်လယ်တွင် အကယ်၍ ဂိုဏ်းတစ်ခု တည်ထောင်လိုပါက အခြား ကျင့်ကြံသူများကို ဆွဲဆောင်ရန် ငွေနှင့် အရင်းအမြစ်များကို ပုံအောပေးရုံဖြင့် စနစ်တစ်ခုကို လျင်မြန်စွာ ဖွဲ့စည်းနိုင်သည်။
လီချင်းချိုးက ကောင်းကင်လက်မှုပညာခန်းမကို ဘာကြောင့် တည်ထောင်ခဲ့ရသနည်းဆိုသည်ကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ ရှင်ယွမ်ဂိုဏ်းတွင် တပည့်တိုင်းက အစီအရင်များ၊ ဆေးဖော်စပ်ခြင်း လမ်းစဉ်၊ မှော်ပစ္စည်း ဖန်တီးခြင်း၊ စိုက်ပျိုးခြင်း အစရှိသည်တို့ကို အတိုင်းအတာ တစ်ခုအထိ နားလည်ထားကြသည်။ ဂိုဏ်းအနေဖြင့် မှော်ကျမ်းစာများ နှင့် အမွေအနှစ်များကို ပိုမို ဝယ်ယူရန် သို့မဟုတ် ယှဉ်ပြိုင်လုယူရန်သာ လိုအပ်သည်။ သို့သော် ချင်းရှောင်ဂိုဏ်းတွင်မူ ထိပ်တန်း အစီအရင်များကို ပြသထားလျှင်ပင် တပည့်များက နားလည်ကြမည် မဟုတ်ပေ။
အတိုချုပ် ပြောရလျှင် ကောင်းကင်ငရဲပင်လယ်တွင် ကျင့်ကြံခြင်းအတွက် ပိုမို ကောင်းမွန်သော မြေဆီလွှာရှိသည်။ တပည့်သစ်တိုင်းကလည်း ဂိုဏ်းသို့ မဝင်မီကတည်းက ကျင့်ကြံခြင်း နည်းလမ်းများတွင် နစ်မြုပ်နေပြီး နားလည်ထားပြီး ဖြစ်သည်။
ဤအရာများကို သူ နားလည်သောကြောင့် ဝေထျန်းရှုံးက လီချင်းချိုးအပေါ် ကြီးမားသော လေးစားမှု ထားရှိခြင်း ဖြစ်ပေသည်။
ချင်းရှောင်ဂိုဏ်းသည် လောကီ ဂိုဏ်းတစ်ခုမှ ကျင့်ကြံရေး ဂိုဏ်းတစ်ခုအဖြစ်သို့ အမှန်တကယ် ကူးပြောင်းနေခြင်း ဖြစ်သည်။ သူမှလွဲလျှင် နိုင်ငံရပ်ခြားမှ လာသူ သို့မဟုတ် ကျင့်ကြံသူ ဟူ၍ မရှိသလောက်ပင် ဖြစ်နေသည်။
လွန်ခဲ့သော တစ်နှစ်အတွင်း ဝေထျန်းရှုံးက ကောင်းကင်လက်မှုပညာခန်းမကို အဆက်မပြတ် လမ်းညွှန်ပေးခဲ့ပြီး ကောင်းကင်လက်မှုပညာခန်းမတွင် ဘာလိုအပ်နေသနည်းဆိုသည်ကို နက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့သည်။ ထို့အပြင် ၎င်းမှာ ကောင်းကင်လက်မှုပညာခန်းမ တစ်ခုတည်း မဟုတ်ဘဲ အခြား ခန်းမများနှင့် ဌာနများလည်း ထိုနည်းတူပင် ဖြစ်နေသည်။
ချင်းရှောင်ဂိုဏ်းသည် ကျင့်ကြံခြင်း လမ်းစဉ်အပေါ် အခြေခံ နားလည်မှု ကင်းမဲ့နေသည်။ တပည့် အများစုမှာ ကျင့်ကြံမှု အဆင့်များ ရှိသော်လည်း အစစ်အမှန် ကျင့်ကြံသူများ ဖြစ်မလာသေးချေ။
ချင်းရှောင်ဂိုဏ်းအတွင်း ကျင့်ကြံခြင်းဆိုင်ရာ အခြေခံ ဗဟုသုတများကို လူသိများအောင် ပြုလုပ်ခြင်းမှာ ကျော်လွှားရန် အခက်ခဲဆုံးသော အတားအဆီး တစ်ခု ဖြစ်နေဆဲပင်။
လွန်ခဲ့သော ဆယ်နှစ်က ချင်းရှောင်ဂိုဏ်းသည် တပည့်များကို စာတတ်မြောက်အောင် ကြိုးစားနေဆဲ ဖြစ်ကြောင်း သူ ကြားသိခဲ့ရသည်။ လီချင်းချိုး ဤနေရာတွင် ဂိုဏ်းတစ်ခု ဘာကြောင့် တည်ထောင်ချင်ခဲ့သနည်း ဆိုသည်ကို ဝေထျန်းရှုံး နားမလည်နိုင်ချေ။
ကိုးပြည်ထောင်နယ်မြေတွင် အရင်းအမြစ်များ ပေါကြွယ်ဝသည့် ပုန်းကွယ်နေသော နေရာများ ရှိသော်လည်း ၎င်းတို့မှာ အလွန် ရှားပါးပြီး ကောင်းကင်ငရဲပင်လယ်နှင့် လုံးဝ ယှဉ်၍ မရနိုင်ချေ။ ကောင်းကင်ငရဲပင်လယ်ရှိ ကျပန်း ကျွန်းတစ်ကျွန်း၏ ဝိညာဉ်ချီသည်ပင် ချင်းရှောင်ဂိုဏ်း၏ ကောင်းချီးမြေ ကိုပင် ယှဉ်နိုင်ပြီး၊ ကိုးပြည်ထောင်နယ်မြေ၏ မြောက်ဘက်ရှိ မိစ္ဆာနယ်မြေ၏ ခြိမ်းခြောက်မှုကို ဆိုဖွယ်ရာပင် မရှိတော့ပေ။
"တစ်နှစ်လား... ဒါဆို လက်ခံနိုင်ပါတယ်..."
လီချင်းချိုးက ကျေနပ်စွာ ပြုံးလိုက်သည်။ သူ့ အဖြေကြောင့် ဝေထျန်းရှုံးမှာ စကားပြောရန် တွန့်ဆုတ်သွားသော်လည်း နောက်ဆုံးတွင်ထိန်းချုပ်လိုက်သည်။
လီချင်းချိုး၏ အမြင်တွင် တစ်နှစ်ဆိုသည်မှာ အမှန်တကယ်ပင် မကြာလှချေ။
ထို့နောက် လီချင်းချိုးက အခြားသူများကို ကြည့်ကာ ခန်းမတစ်ခုချင်းစီ၏ ဖွံ့ဖြိုးတိုးတက်ရေး ပြဿနာများကို တစ်ခုပြီး တစ်ခု စတင် ဆွေးနွေးတော့သည်။
လက်ရှိတွင် ချင်းရှောင်ဂိုဏ်းသည် ဂိုဏ်းခွဲမြို့တော် သုံးမြို့ကို တည်ထောင်ထားပြီးဖြစ်ကာ စီရင်စု အသီးသီး၏ မြို့ကြီးများတွင် အမာခံ စခန်းများအဖြစ် အိမ်တော်များကို ဝယ်ယူထားပြီး ဖြစ်သည်။
အဖွံ့ဖြိုးဆုံးမှာ ကျုံးထျန်းမသေမျိုးမြို့တော်ပင် ဖြစ်သည်။ထိုနေရာတွင် နေ့စဉ် တည်းခိုသော တပည့်အရေအတွက် တစ်ထောင်ကျော်သည်။ လေ့ကျင့်ရေးဆင်းနေသော တပည့်များက အနားယူရန် ကျုံးထျန်းမသေမျိုးမြို့တော်သို့ သွားလေ့ရှိကြပြီး ထိုနေရာတွင် ဆေးလုံးများ၊ မှော်ပစ္စည်းများ၊ အဆောင်များ နှင့် အခြားအရာများကို ဝယ်ယူနိုင်ကြသည်။
ဂိုဏ်းခွဲမြို့တော်များ တိုးများလာသည်နှင့်အမျှ ဌာနအသီးသီး၏ ဂိုဏ်းခွဲခန်းမ များလည်း တိုးများလာခဲ့သည်။ ခန်းမတစ်ခုချင်းစီသည် လက်တွေ့ အခြေအနေများအပေါ် မူတည်၍ သူတို့၏ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို ချိန်ညှိကာ အောက်သို့ ပေးပို့ရမည် ဖြစ်သည်။ ဤသို့သော အခြေအနေမျိုးတွင် အမှားများ ဖြစ်ပေါ်ခြင်းမှာ ရှောင်လွှဲ၍ မရနိုင်ချေ။
ဝေထျန်းရှုံး ထပ်မံ စကားမပြောတော့ပေ။ သူသည် အာရုံလွင့်နေပုံရသော်လည်း အမှန်တကယ်တော့ နားထောင်နေခြင်းသာဖြစ်သည်။
သူသည် ရှင်ယွမ်ဂိုဏ်းမှာ မဟုတ်တော့ဘဲ အသစ်တည်ထောင်စ ဂိုဏ်းတစ်ခုသို့ ရောက်ရှိလာခဲ့သဖြင့် နှလုံးသား အနက်ရှိုင်းဆုံး နေရာတွင် ကောင်းကင်ဘုံက သူ့ကို လမ်းပြနေသည်ဟု သူ ခံစားနေရသည်။
ကောင်းကင်လက်မှုပညာခန်းမ၏ တပည့်များမှာ အခြေခံ ကျင့်ကြံခြင်း သဘောတရားများ ကင်းမဲ့နေသည်ဟု သူ ညည်းညူခဲ့သော်လည်း အမှန်တကယ်တော့ သူတို့ကို သူ လေးစားမိသည်။ ဤကဲ့သို့သော လေ့လာလိုစိတ် ပြင်းပြပြီး မမောမပန်းနိုင်သော တိုက်ခိုက်လိုစိတ်မျိုးမှာ ရှင်ယွမ်ဂိုဏ်း တွင် ရှားပါးလှသည်။
သူသည် မေးခွန်းတစ်ခုကို တွေးတောနေခဲ့သည်။
ဘယ်လို ကလဲ့စားချေရမလဲ ဆိုတာကိုပင် ဖြစ်သည်။
ကိုယ်ပိုင် စွမ်းအားကို အားကိုး၍ ကလဲ့စားချေရန် ကြိုးစားခြင်းမှာ သေချာပေါက် လူမိုက်တစ်ယောက်၏ အိပ်မက်သာ ဖြစ်ပေသည်။
ကောင်းကင်ငရဲပင်လယ်၏ ကြီးစိုးသူကို တဖြည်းဖြည်းချင်း ဝါးမျိုပြီး နေရာယူနိုင်မည့် အစွမ်းထက်သော ဂိုဏ်းတစ်ခုကို သူ ပြုစုပျိုးထောင်နိုင်ပါက ၎င်းမှာ အစစ်အမှန် ကလဲ့စားချေခြင်းသာ, ဖြစ်ပေလိမ့်မည်။
သို့သော် ချင်းရှောင်ဂိုဏ်းကို ထိုအဆင့်အထိ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်လိုခြင်းမှာ အနှစ်တစ်ရာ၊ နှစ်ရာအတွင်း သေချာပေါက် ဖြစ်နိုင်မည် မဟုတ်ချေ။
သူ အဲဒီလောက် ကြာကြာ စောင့်နိုင်ပါ့မလား။
ထို့ကြောင့် ဝေထျန်းရှုံးက ချင်းရှောင်ဂိုဏ်း ဖွံ့ဖြိုးတိုးတက်ရန် သူ့အစွမ်းအစ အားလုံးကို မြှုပ်နှံသင့်၊ မသင့် မသေချာဘဲ နှလုံးသားထဲတွင် အလွန် ဝေခွဲမရ ဖြစ်နေသည်။
"ယွီစီရင်စုနဲ့ နန်ချူစီရင်စုရဲ့ အနောက်ဘက်မှာ အဲဒီ နေရာက ခန့်မှန်းရခက်တဲ့ မြေအနေအထားပဲ... မြင့်မားတဲ့ တောင်တွေနဲ့ အဆုံးမရှိတဲ့ တောင်တန်းတွေပဲ... မြင့်မြတ်တဲ့ မိသားစု တွေက အဲဒီထဲကို စတင် စူးစမ်းနေကြပြီဆိုတော့ ကျွန်တော်တို့လဲ အန္တရာယ်များတဲ့ နယ်မြေကို ကြိုတင် စူးစမ်းသင့်တယ်လို့ ထင်တယ်..."ဟု ရွှယ်ကျင်းက ဝင်ပြောလိုက်၏။
ခန်းမသခင်အနေဖြင့် သူသည် ကမ္ဘာတစ်ဝန်းမှ သတင်းအချက်အလက်များကို ရယူနိုင်စွမ်း ရှိသည်။
ချင်းရှောင်ဂိုဏ်းက ၎င်း၏ ကြီးစိုးမှုကို ပြသလာသည်နှင့်အမျှ၊ ဆန္ဒမရှိသော မြင့်မြတ်တဲ့ မိသားစုများက ချင်းရှောင်ဂိုဏ်း၏ လွှမ်းမိုးမှု နယ်ပယ်ပြင်ပတွင် ကျင့်ကြံရေး ပြုလုပ်ရန် သို့မဟုတ် ကျင့်ကြံရေး အရင်းအမြစ်များကို ရှာဖွေရန်အတွက် ပြင်ပသို့ စတင် ပြောင်းရွှေ့လာကြသည်။ အနောက်ဘက်နယ်မြေများမှာ အကောင်းဆုံး ပစ်မှတ် ဖြစ်သည်။
အနောက်ဘက်နယ်မြေများတွင် မတ်စောက်သော တောင်များ၊ ထူထပ်သော သစ်တောများရှိပြီး အဆိပ်ငွေ့ များဖြင့် ထာဝရ ဖုံးလွှမ်းနေသဖြင့်လူများ ဝင်သွားသည်နှင့် အလွယ်တကူ လမ်းပျောက်နိုင်သည်။ မင်းဆက် အဆက်ဆက်တွင် ထွက်ပြေးပုန်းရှောင်နေသူများသာ အတွင်းသို့ ဝင်ရဲကြသည်။
ထိုနေရာတွင် ရှိနေသော ခန်းမသခင်များ အားလုံးက မိုးပြာနဂါးနယ်မြေ တည်ရှိကြောင်းကို သိထားကြသည်။ မိုးပြာနဂါးနယ်မြေနှင့် အချိန်မတိုင်မီ ထိပ်တိုက်တွေ့မည်ကို သူတို့ စိုးရိမ်ကြသော်လည်း၊ အခြေအနေများ ပြောင်းလဲလာသည်နှင့်အမျှ ချင်းရှောင်ဂိုဏ်း၏ ဗျူဟာမှာလည်း အလိုက်သင့် ပြောင်းလဲရမည် ဖြစ်သည်။
မိုးပြာနဂါးနယ်မြေ မရောက်လာမီ ချင်းရှောင်ဂိုဏ်းကို ဝိုင်းရံထားမည့် ဝံပုလွေနှင့် ကျား တစ်အုပ်ကို သူတို့ ပြုစုပျိုးထောင်ရန် ဆန္ဒမရှိကြချေ။
လီချင်းချိုးက တွေးတော၍…
"အမှန်ပဲ... စူးစမ်းဖို့ အချိန်တန်ပြီ... အရင်ဆုံး အနောက်ဘက်နယ်မြေတွေကို စူးစမ်းရှာဖွေတာနဲ့ ပတ်သက်တဲ့ တာဝန်တွေကို တာဝန်ခန်းမမှာ ထည့်လိုက်ပါ..."
မိုးပြာနဂါးနယ်မြေမှာ ကိုးပြည်ထောင်နယ်မြေနှင့် အလွန် ဝေးကွာလှသည်။ အနောက်ဘက်နယ်မြေများကို ဖြတ်သန်းသွားခြင်းက အခြားသော ကျယ်ပြောလှသည့် နယ်မြေများကို ဖြတ်သန်းရန် လိုအပ်သေးသည်။
ယခင်က လီချင်းချိုးသည် အနောက်ဘက်နယ်မြေများ သို့ အစောကြီး ခြေမချလိုခဲ့ပေ။ သို့သော် ယခုအခါ ချင်းရှောင်ဂိုဏ်း မသွားလျှင်ပင် အခြားသူများက အတွင်းသို့ ဝင်ရောက်သွားကြမည် ဖြစ်၏။ထို့ကြောင့် ဗျူဟာ ပြောင်းလဲရမည် ဖြစ်သည်။
အနောက်ဘက်နယ်မြေများ အကြောင်း ဆွေးနွေးပြီးနောက် ရွှယ်ကျင်းက တပည့်များကြားရှိ ပဋိပက္ခများကို တင်ပြခဲ့ပြန်သည်။ ဂိုဏ်းတူ တပည့်အချင်းချင်း တစ်ယောက်ကိုတစ်ယောက် အန္တရာယ်ပြုသည့် အဖြစ်အပျက် အချို့ မကြာသေးမီက ဖြစ်ပွားခဲ့သည်။ ဤတပည့်များသည် လေ့ကျင့်ရေးဆင်းရန် တောင်အောက်ဆင်းသည် ဟူသော အကြောင်းပြချက်ဖြင့် လောကီကမ္ဘာ တွင် သေရေးရှင်ရေး တိုက်ပွဲများ ဆင်နွှဲခဲ့ကြသည်။ ဤလမ်းကြောင်းကို မတားဆီးပါက အနာဂတ်တွင် ဆင်တူသော အခြေအနေများ ပိုမို များပြားလာမည်သာ ဖြစ်သည်။
လူတွေ ရှိတဲ့နေရာမှာ သိုင်းလောက ရှိတယ်။ ချင်းရှောင်ဂိုဏ်းက ထာဝရ သဟဇာတ ဖြစ်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး... ပဋိပက္ခတွေက အမြဲတမ်း ပေါ်ထွက်လာမှာပဲ...
လီချင်းချိုးက ဟန်လန်ကို ကြည့်ကာ….
"ဓားခန်းမက အခုလို အဖြစ်အပျက်တွေကို ရည်ရွယ်ပြီး ဂိုဏ်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပိုမို ရေးဆွဲနိုင်ပါတယ်... ပြန်လည် သုံးသပ်ဖို့ ငါ့ဆီကို နောက်မှ ယူလာခဲ့ပါ... ငါ့မှာ မူဝါဒ တစ်ခုတည်းပဲ ရှိတယ်... အကြောင်းပြချက်က အမြဲ အနိုင်ရရမယ်... ပြဿနာကို တက်တက်ကြွကြွ ဖန်တီးတဲ့သူတွေကို သူတို့ရဲ့ နောက်ခံက ဘာပဲဖြစ်ဖြစ် ငါတို့ လုံးဝ ကာကွယ်ပေးမှာ မဟုတ်ဘူး..."
ဟန်လန်က ခေါင်းညိတ်လိုက်ပြီး ပြန်ရောက်သောအခါ ဓားဂိုဏ်း၏ အကြီးအကဲ များနှင့် ဤကိစ္စကို လေးလေးနက်နက် ဆွေးနွေးမည်ဖြစ်ကြောင်း အချက်ပြလိုက်သည်။
သူ့အလှည့်ရောက်လာသည်ကို မြင်သောအခါ ကျန်းယွီချွန်းက ချက်ချင်း ဝင်ပြောလိုက်သည်။
"ကျွန်တော်တို့ လေးလေးနက်နက် ဆွေးနွေးဖို့ လိုအပ်တဲ့ ကိစ္စတစ်ခု ရှိတယ်... စွန်းမော့ရှင်းက အမှန်တရားကို ငါ့ကို ဖွင့်ပြောပြခဲ့တယ်... သူက ကောင်းကင်ငရဲပင်လယ်က ဇီယန်ကျွန်း က လာတာတဲ့... စီနီယာဝေ ဒီဂိုဏ်းကို သိပါသလား မသိဘူး..."
ထိုစကားကို ကြားသောအခါ လူတိုင်းက ဝေထျန်းရှုံးကို ကြည့်လိုက်ကြသည်။
သူတို့ အားလုံး ဤလူနှင့် ပတ်သက်၍ အလွန် စပ်စုချင်နေကြသည်။ထိုသူသည် ကျင့်ကြံမှုနက်ရှိုင်းပြီး ခန့်မှန်း၍ မရနိုင်ကြောင်း၊နောက်ကြောင်း ဇာစ်မြစ် ကြီးကျယ်ကြောင်းနှင့် ဂိုဏ်းချုပ်၏ ယုံကြည်မှုကို ရရှိထားကြောင်းကိုသာ သူတို့ သိကြသည်။
"ဇီယန်ကျွန်း" ဟူသော စကားလုံးကို ကြားသောအခါ ဝေထျန်းရှုံး၏ အမူအရာ ချက်ချင်း အရုပ်ဆိုးသွားတော့သည်။
"ဇီယန်ကျွန်းက လူတွေက ယုတ်မာပြီး အရှက်မရှိဘူး... သူတို့ကို လွယ်လွယ်နဲ့ ယုံလို့ မရဘူး... ကောင်းကင်ငရဲပင်လယ် မှာ ဇီယန်ကျွန်းကို တတိယအဆင့်လို့ပဲ သတ်မှတ်လို့ ရတယ်... မဟုတ်ရင် သူတို့က ကိုးပြည်ထောင်တိုက်နဲ့ နီးတဲ့ ပင်လယ်ပြင်ဆီကို တွန်းထုတ်ခံရမှာ မဟုတ်ဘူး... အကယ်၍ ဇီယန်ကျွန်းကသာ ချင်းရှောင်ဂိုဏ်း ရှိနေတာကို သိသွားရင် သူတို့က လုယက်ဖို့အတွက် ကျင့်ကြံသူ အများအပြားကို သေချာပေါက် စေလွှတ်လိမ့်မယ်..."
လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရာ သူတို့၏ အမူအရာများ လေးနက်သွားကြသည်။
ကျန်းယွီချွန်းက ဝေထျန်းရှုံးကို ကြည့်ကာ မေးလိုက်သည်။
"ကျုပ်တို့နဲ့ ဇီယန်ကျွန်းကြားမှာ စေ့စပ်ညှိနှိုင်းဖို့ ဖြစ်နိုင်ခြေ မရှိဘူးလား..."
"စွမ်းအားချင်း တူတဲ့သူတွေပဲ စေ့စပ်ညှိနှိုင်းနိုင်တာ... ကျင့်ကြံရေး ဂိုဏ်းအားလုံးက ကရုဏာနဲ့ ဖြောင့်မတ်ခြင်းကို အဲဒီလောက် တန်ဖိုးထားတဲ့ မင်းတို့ ဂိုဏ်းလို မဟုတ်ဘူး... ဒါ့အပြင် ချင်းရှောင်ဂိုဏ်းက ကြီးမားလာတာနဲ့အမျှ တောင်ဘက်ကို သေချာပေါက် တိုးချဲ့လာမှာ ဖြစ်ပြီး ဇီယန်ကျွန်းကို သေချာပေါက် ခြိမ်းခြောက်လာလိမ့်မယ်... ချင်းရှောင်ဂိုဏ်းက သူတို့ရဲ့ ရာထူးကို ခြိမ်းခြောက်တာကို သူတို့ ခွင့်ပြုမှာ မဟုတ်ဘူး..."
ရှန်ယွဲ့က …..
"ဇီယန်ကျွန်းရဲ့စွမ်းအားက ဘယ်လောက်လဲ... ဝိညာဉ်အသိအာရုံအဆင့် ဘယ်နှစ်ယောက် ရှိပြီး အဲဒီအဆင့်ကို ကျော်လွန်သွားတဲ့သူ ဘယ်နှစ်ယောက် ရှိလဲ..."
ဤမေးခွန်းက ထိုနေရာတွင် ရှိနေသူ အားလုံးကို တင်းမာသွားစေသည်။
အကယ်၍ သူတို့သည် စွမ်းအားကို တိုင်းတာရန် ဝိညာဉ်အသိအာရုံအဆင့် ကို အသုံးပြုမည်ဆိုပါက ဇီယန်ကျွန်းနှင့် ကွာဟချက်ကို သူတို့ ရှင်းလင်းစွာ သိမြင်နိုင်မည် ဖြစ်သည်။
ချင်းရှောင်ဂိုဏ်းကို ကျင့်ကြံရေး လောကတွင် ထားရှိပါက မည်သည့်အဆင့်တွင် ရှိမည်ကိုလည်း သူတို့ သိချင်ကြသည်။
"ငါ အဖမ်း မခံရခင်က သူတို့ရဲ့ ကျွန်းသခင်က ဝိညာဉ်အသိအာရုံအဆင့် ကို ကျော်လွန်တဲ့ တည်ရှိမှု တစ်ခု ဖြစ်နေပြီ... နှစ်တွေ အများကြီး ကြာသွားပြီဆိုတော့ နောက်ထပ် အနည်းငယ်လောက် ထပ်ပြီး ချိုးဖျက်သွားနိုင်တယ်... သူတို့ရဲ့ ဝိညာဉ်အသိအာရုံအဆင့် ကျင့်ကြံသူ အရေအတွက် ကတော့ အနည်းဆုံး ငါးရာရှိတယ်... အဲဒီထက်လည်း ပိုနိုင်တယ်..."
ဝေထျန်းရှုံး၏ အဖြေက လူတိုင်းကို လွှမ်းမိုးနိုင်သော ဖိအားတစ်ခုကို ခံစားလိုက်ရစေသည်။
ဝိညာဉ်အသိအာရုံအဆင့် ကျင့်ကြံသူ ငါးရာကျော် - အလွန် ကြောက်မက်ဖွယ်ကောင်းသော အင်အားစု တစ်ခုပဲ!
ကျန်းယွီချွန်း မျက်မှောင်ကြုတ်သွားသည်။ ဤသည်မှာ စွန်းမော့ရှင်းထံမှ သူ သိရှိခဲ့ရသည်များနှင့် အတူတူပင် ဖြစ်သဖြင့် စွန်းမော့ရှင်းက သူ့ကို လှည့်စားနေခြင်း မဟုတ်နိုင်ပေ။
လီချင်းချိုး၏ အမူအရာမှာ ပြောင်းလဲခြင်း မရှိဘဲ သူ ဘာတွေးနေသည်ကို မသိနိုင်ချေ။
ချူကျင်းက ကျန်းယွီချွန်းကို ကြည့်၍….
"စွန်းမော့ရှင်းက အရင်က တကိုယ်တော် ကျင့်ကြံသူလို့ လိမ်ပြောခဲ့တယ်... ဒါပေမဲ့ အခုတော့ ဇီယန်ကျွန်းက ကျင့်ကြံသူအဖြစ် သူ့ရဲ့ သရုပ်မှန်ကို ဖွင့်ပြောလိုက်ပြီ... သူ ဒီကို လာတာ တာဝန်တစ်ခု ထမ်းဆောင်ဖို့ ဖြစ်ရမယ်... ခန်းမသခင်ကျန်း... အဲဒါ ဘာလဲဆိုတာ မင်း သိခဲ့ပြီလား..."
ကျန်းယွီချွန်းက …..
"ဇီယန်ကျွန်းက ငါတို့ ချင်းရှောင်ဂိုဏ်း ရှိနေတာကို မသိသေးပါဘူး... စွန်းမော့ရှင်းက မြောက်ပိုင်း နယ်မြေတွေကို စုံစမ်းဖို့ တာဝန်တစ်ခုကို လက်ခံခဲ့တာပါ... ဇီယန်ကျွန်းကလည်း မိစ္ဆာနယ်မြေကို ကြောက်တဲ့အတွက် ဆယ်စုနှစ် အနည်းငယ် ကြာတိုင်း တပည့်တွေကို မြောက်ဘက်ကို စေလွှတ်လေ့ ရှိပါတယ်..."
ဤစကားများက ခန်းမသခင်များကို သက်ပြင်းချနိုင်စေခဲ့သည်။
အနည်းဆုံးတော့ လောလောဆယ် ဇီယန်ကျွန်းကို သူတို့ ရင်ဆိုင်စရာ မလိုသေးပေ။
ကျူးယန်က ….
"အကယ်၍ စွန်းမော့ရှင်းက သူ့ရဲ့ တာဝန်ကို တင်ပြဖို့ ပြန်မလာဘူးဆိုရင် ဇီယန်ကျွန်းက တခြား ကျင့်ကြံသူတွေကို ထပ်လွှတ်နိုင်တယ်... ပုန်းကွယ်နေတဲ့ အန္တရာယ်က ရှိနေတုန်းပဲ... သူ့ကို ကျွန်မတို့ဘက် ပါလာအောင် ဘယ်လို လုပ်ရမလဲ... ပြီးတော့ ကျွန်မတို့ လုပ်နိုင်ရင်တောင် သူ့ကို ယုံကြည်သင့်သလား..."
လီချင်းချိုးက ….
"ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ ဆုံးဖြတ်ချက်ချပြီးပြီ... ဇီယန်ကျွန်းက ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာပြီဆိုတော့ ငါတို့ ကြိုတင် ပြင်ဆင်ထားရမယ်... နောက်တစ်ဆင့် အနေနဲ့ ယွမ်ထျဲဆိပ်ကမ်းမြို့ကို မြို့တစ်မြို့အဖြစ် ကြီးကြီးကျယ်ကျယ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်... တစ်ပြိုင်နက်တည်းမှာပဲ ကောင်းကင်လက်မှုပညာခန်းမက ပင်လယ်ဖြတ်သန်းနိုင်တဲ့ မှော်ပစ္စည်း တွေကို သုတေသနပြုလုပ်ရမယ်... ငါတို့ရဲ့ တပည့်တွေ ပင်လယ်ပြင်မှာ တိုက်ခိုက်နိုင်စွမ်းရှိဖို့ လိုအပ်တယ်..."
ကျူးယန်က အမိန့်ကို ချက်ချင်း လက်ခံလိုက်ပြီး အခြား ခန်းမသခင်များကလည်း သူတို့၏ သဘောတူညီမှုကို ပြသလိုက်ကြသည်။
လီချင်းချိုးက လူတိုင်းကို ဝေ့ကြည့်ပြီး….
"လုံးဝ မလွှဲသာမရှောင်သာတာကလွဲရင် ချင်းရှောင်ဂိုဏ်းက တခြား ကျင့်ကြံရေး ဂိုဏ်းတွေနဲ့ အလွယ်တကူ စစ်ဖြစ်မှာ မဟုတ်ဘူး... ဒါပေမဲ့ အချိန်မရွေး တိုက်ခိုက်ဖို့ ငါတို့ ပြင်ဆင်ထားရမယ်... ငါတို့က ကိုးပြည်ထောင်နယ်မြေရဲ့ ကြီးစိုးသူ ဖြစ်ပေမဲ့ ပိုမို ကျယ်ပြန့်တဲ့ ကမ္ဘာကြီးကို ကြည့်လိုက်ရင် ငါတို့က အရမ်း အားနည်းနေသေးတယ်... မင်းတို့ထဲက ဘယ်သူမှ ပေါ့ပေါ့ဆဆ မလုပ်ဖို့ ငါ မျှော်လင့်တယ်..."