ဒဏ္ဍာရီလာ မိစ္ဆာ
Vol. 29 Ch. 286
လင်းရှောင်ခြံဝင်းအတွင်းမှ အစည်းအဝေး ပြီးဆုံးချိန်တွင် ညည့်နက်နေပြီ ဖြစ်သည်။
ဝေထျန်းရှုံး ထွက်မသွားခဲ့ပေ။ သူသည် နေရာတွင် ထိုင်နေပြီး မျက်နှာအမူအရာက အလင်းနှင့် အမှောင်ကြားတွင် ပြောင်းလဲနေသည်။
ခြံဝင်းအတွင်း သူတို့ နှစ်ဦးသာ ကျန်ရှိတော့ချိန်တွင် လီချင်းချိုးက သူ့ကို ကြည့်ကာ မေးလိုက်သည်။
"မင်း ဘာပြောချင်လို့လဲ..."
"လက်ရှိ ချင်းရှောင်ဂိုဏ်းက ဇီယန်ကျွန်းကို လုံးဝ မယှဉ်နိုင်ဘူး... မင်းက တကယ်ကို အစွမ်းထက်ပေမဲ့ မင်းကလည်း ဝိညာဉ်အသိအာရုံအဆင့် မှာပဲ ရှိသေးတာပဲ..."
လီချင်းချိုးမှာ ရယ်ချင်သွားပြီး ရယ်မောလိုက်သည်။
"ဇီယန်ကျွန်းနဲ့ စစ်ဖြစ်ချင်တယ်လို့ ငါ တစ်ခါမှ မပြောခဲ့ပါဘူး... ငါက ကြိုတင် ကာကွယ်မှုတွေ လုပ်နေရုံပါ..."
"ငါ မင်းကို ကူညီနိုင်တယ်..."
"ဘာလဲ... မင်း ပါလာရင် ငါတို့က ဇီယန်ကျွန်းကို အနိုင်ယူနိုင်မယ်လို့ ပြောချင်တာလား..."
လီချင်းချိုးက ဝေထျန်းရှုံးကို ကြည့်ကာ တစ်ဝက်တစ်ပျက် အပြုံးဖြင့် မေးလိုက်သည်။
ဝေထျန်းရှုံးက ဇီယန်ကျွန်းအပေါ် ရန်ငြိုးထားရှိကြောင်း အစောကတည်းက သူ ရိပ်မိခဲ့သည်။
ဝေထျန်းရှုံးက အသက်ပြင်းပြင်း ရှူလိုက်ပြီး…..
"ဇီယန်ကျွန်းကို အနိုင်ယူဖို့ ဒါမှမဟုတ် သိမ်းပိုက်ဖို့ဆိုရင်တောင် ဂိုဏ်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အားကိုးရမယ်... မင်းဂိုဏ်းကို ဖွံ့ဖြိုးတိုးတက်အောင် ငါ ကူညီပေးနိုင်တယ်... ကောင်းကင်ငရဲပင်လယ်ထဲမှာ ရှာမတွေ့သေးတဲ့ ရတနာမြေတွေနဲ့ အမွေအနှစ်တွေ ပုန်းကွယ်နေတဲ့ နေရာတွေကိုလည်း ငါ သိတယ်..."
ပြောပြီးနောက် သူက လီချင်းချိုးကို စူးစူးစိုက်စိုက် ကြည့်နေသည်။
သူ့အသက်မှာ လီချင်းချိုး၏ လက်ထဲတွင် ရှိနေပြီ ဖြစ်သော်လည်း လီချင်းချိုးက သူ့ကို လေးစားမှု ရှိကြောင်း ခံစားနိုင်သဖြင့် မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။
"ပြန်လည် ပေးဆပ်မှု အနေနဲ့ မင်း ဘာလိုချင်တာလဲ..." ဟု လီချင်းချိုးက တိုက်ရိုက် မေးလိုက်သည်။
လွန်ခဲ့သော သုံးနှစ်အတွင်း ဝေထျန်းရှုံး၏ သစ္စာစောင့်သိမှု တိုးတက်လာခဲ့သည်။ ယနေ့ညတွင် သူ့ နှလုံးသားကို အပြည့်အဝ သိမ်းသွင်းနိုင်မည်ဟု ထင်ရသည်။
"ကလဲ့စားချေဖို့... ချင်းရှောင်ဂိုဏ်းက ဇီယန်ကျွန်းနေရာကို အစားထိုးပြီးရင် ဇီယန်ကျွန်းလို ကောင်းကင်ငရဲပင်လယ်ရဲ့ ထာဝရ မသေမျိုး မဟာမိတ်အဖွဲ့ကို ခေါင်းမငုံ့ဖို့ မျှော်လင့်တယ်..." ဟု ဝေထျန်းရှုံးက လေးနက်စွာ ပြောလိုက်သည်။
"ထာဝရ မသေမျိုး မဟာမိတ်အဖွဲ့ ဟုတ်လား... အဲဒါက မင်းတို့ရဲ့ ရှင်ယွမ်ဂိုဏ်းကို ဖျက်ဆီးခဲ့တဲ့ ကောင်းကင်ငရဲပင်လယ်ရဲ့ ကြီးစိုးသူလား..."
"မှန်တယ်... ထာဝရ မသေမျိုး မဟာမိတ်အဖွဲ့ က ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်တယ်... ကောင်းကင်ငရဲပင်လယ်ထဲကို ဝင်လာတဲ့ ဘယ်အင်အားစုမဆို သူတို့ရဲ့ အနိုင်ကျင့်တာကို ခံရတယ်... ဇီယန်ကျွန်းက ထာဝရ မသေမျိုး မဟာမိတ်အဖွဲ့ကို နှစ်စဉ် ပေးဆက်ရတဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေက သူတို့ရဲ့ ကိုယ်ပိုင် တပည့်တွေအတွက် သုံးစွဲတာထက်တောင် ပိုများတယ်... အဲဒီလို ဖြစ်နေတာတောင် ဇီယန်ကျွန်းက ညည်းညူတဲ့ စကား တစ်ခွန်းတောင် မပြောရဲဘူး..."
"အကယ်၍ ချင်းရှောင်ဂိုဏ်းက ဇီယန်ကျွန်းနဲ့ စစ်ဖြစ်မယ်ဆိုရင် ထာဝရ မသေမျိုး မဟာမိတ်အဖွဲ့ကို ရန်စသလို ဖြစ်သွားမလား..."
"အဲဒါတော့ မဖြစ်နိုင်ပါဘူး... အဲဒါကြောင့်ပဲ ထာဝရ မသေမျိုး မဟာမိတ်အဖွဲ့က လူကြိုက်မများတာ... သူတို့က လောဘကြီးပြီး မသေမျိုး ကျင့်ကြံရေး ဂိုဏ်းတွေကို ခေါင်းပုံဖြတ်ရုံပဲ လုပ်တာ... သူတို့ရဲ့ လက်အောက်ခံ ဂိုဏ်းတွေကို မကူညီဘူး..."
ထာဝရ မသေမျိုး မဟာမိတ်အဖွဲ့၏ အပြုအမူကို ပြောရသောအခါ ဝေထျန်းရှုံးက အံကြိတ်လိုက်သည်။
ထိုစကားကို ကြားသောအခါ လီချင်းချိုး စိတ်သက်သာရာ ရသွားသည်။
ထာဝရ မသေမျိုး မဟာမိတ်အဖွဲ့ မှာ သူ့အတွက် အလွန် ဝေးကွာနေဆဲ ဖြစ်၏။ ဇီယန်ကျွန်း တစ်ခုတည်းကပင် ခေါင်းကိုက်စရာ လုံလောက်နေပြီ ဖြစ်ရာ၊ ထာဝရ မသေမျိုး မဟာမိတ်အဖွဲ့ ကို တစ်ချိန်တည်းတွင် သူ မရင်ဆိုင်လိုပေ။
လီချင်းချိုးက ဝေထျန်းရှုံးကို ကြည့်ကာ ပြုံးလိုက်ပြီး….
"ဒါဆို မင်းရဲ့ စွမ်းဆောင်ရည်ကို ငါ စောင့်ကြည့်မယ်... ချင်းရှောင်ဂိုဏ်းက မင်းကို ရှင်ယွမ်ဂိုဏ်းမှာ ရှိခဲ့စဉ်ကလို ခံစားရစေဖို့ ငါ မျှော်လင့်တယ်..."
ဝေထျန်းရှုံး၏ နှလုံးသား ထိမိသွား၏။ သူ အမှန်တကယ်ပင် ထိုသို့ ခံစားရသည်။
"ငါ အာဏာ အတိုင်းအတာ တစ်ခုအထိ လိုအပ်တယ်..." ဟု ဝေထျန်းရှုံးက လီချင်းချိုးကို စိုက်ကြည့်ရင်း လေးနက်စွာ ပြောလိုက်သည်။
"ဒီနေ့ကစပြီး မင်းက ကောင်းကင်လက်မှုပညာခန်းမရဲ့ ဒုခန်းမသခင်ပဲ..."
လီချင်းချိုးက ဝေထျန်းရှုံး၏ အာဏာကို တိုက်ရိုက် သတ်မှတ်ပေးလိုက်ရာ ဝေထျန်းရှုံး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပွင့်လန်းလာတော့သည်။
လီချင်းချိုးအပေါ် သူ့မျက်နှာသာပေးမှုမှာ ချက်ချင်း မြင့်တက်သွားသည်။ အသက်ထိန်းချုပ်အဆောင် ရှိနေသဖြင့် လီချင်းချိုးဘက်က ဤမျှ ယဉ်ကျေးနေစရာ မလိုဘဲ သူ့ကို အမိန့်ပေးနိုင်သော်လည်း လီချင်းချိုးက သူ့ကို ဤကဲ့သို့ ဆက်ဆံရန် ရွေးချယ်ခဲ့သည်။
ဤကဲ့သို့သော ဂိုဏ်းချုပ်မျိုး၏ နောက်သို့ လိုက်ပါခြင်းဖြင့် ယခင်က မရှိခဲ့ဖူးသော မသေမျိုး ကျင့်ကြံရေး ဂိုဏ်းတစ်ခုကို သူ မြင်တွေ့နိုင်ကောင်း မြင်တွေ့နိုင်ပေလိမ့်မည်...
ကောင်းကင်လက်မှုပညာခန်းမသို့ ဒုခန်းမသခင်တစ်ဦး ထပ်မံ ရောက်ရှိလာခြင်းက ဂိုဏ်းအတွင်း မည်သည့် ရုတ်ရုတ်သဲသဲမျှ မဖြစ်စေခဲ့သော်လည်း၊ ကောင်းကင်လက်မှုပညာခန်းမ၏ အတွင်းပိုင်းမှာမူ အောင်ပွဲခံသံများဖြင့် ပြည့်နှက်နေ၏။ အကြောင်းမှာ ဝေထျန်းရှုံးက ကောင်းကင်လက်မှုပညာခန်းမ၏ တပည့်များကို သိမ်းသွင်းပြီး ဖြစ်သောကြောင့်ပင်။
နောက်ခြောက်လအတွင်း ကောင်းကင်လက်မှုပညာခန်းမက အစီအရင် အမျိုးအစား ဆယ်မျိုးကျော်ကို အဆက်မပြတ် မိတ်ဆက်ပေးခဲ့သည်။ အစီအရင် များအတွက် လိုအပ်သော လူအရေအတွက်မှာ ကွဲပြားပြီး တစ်ကိုယ်တော် အစီအရင် များပင် ရှိသေးသည်။ ၎င်းတို့ကို ထုတ်ပြန်လိုက်သည်နှင့် တစ်ပြိုင်နက် တပည့်များစွာက အလွန် အလိုရှိကြသည်။
ဝေထျန်းရှုံး၏ နာမည်မှာ တဖြည်းဖြည်း ပျံ့နှံ့သွားပြီး ကောင်းကင်လက်မှုပညာခန်းမသို့ အစီအရင် မဟာသခင် တစ်ဦး ရောက်ရှိလာကြောင်း တပည့်များ ပိုမို သိရှိလာကြသည်။
ဝေထျန်းရှုံး၏ နာမည်က ပြဿနာများ ယူဆောင်လာမည်ကို လီချင်းချိုး စိုးရိမ်ခဲ့သော်လည်း နာမည်အစစ်ကို သိသူ အလွန် နည်းပါးကြောင်း ဝေထျန်းရှုံးက ပြောခဲ့သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် သူတို့အားလုံး သေဆုံးသွားလောက်ပြီ ဖြစ်၏။ ရှင်ယွမ် အစိမ်းရောင်လျှပ်စီး အလံတော်ကို ထုတ်ပြမှသာ ကောင်းကင်ငရဲပင်လယ်၏ ကျင့်ကြံသူ များက သူ့ကို မှတ်မိကြလိမ့်မည်။
ဝေထျန်းရှုံးသည် ထိုက်ကျွယ်ဂိုဏ်းအတွင်း အနှစ်လေးရာ နှစ်ဆယ့်ခုနစ်နှစ် ကြာအောင် အတားအဆီး ခံထားရသဖြင့် မိတ်ဆွေဟောင်း ကိုးဆယ်ရာခိုင်နှုန်းမှာ ကွယ်လွန်သွားရန် လုံလောက်သော အချိန်ဖြစ်ခဲ့သည်။
ထို့အပြင် သူသည် ထိုအချိန်က ထိုက်ကျွယ်ဂိုဏ်းအတွင်း သေချင်ယောင်ဆောင်ခဲ့သဖြင့် ယခု သူ့ကို မည်သူကမျှ မှတ်မိမည် မဟုတ်ချေ။
ထို့ကြောင့် ဝေထျန်းရှုံး၏ အကူအညီဖြင့် ကောင်းကင်လက်မှုပညာခန်းမမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ထိုမျှမက သူသည် အခါအားလျော်စွာ ကျင့်ကြံရေးခန်းမသို့ သွားရောက်၍ ဆေးဖော်စပ်ခြင်းနှင့် အဆောင် ပညာရပ်များကို သင်ကြားပေးလေ့ ရှိသည်။
သူ့ရဲ့ အကြီးမားဆုံး အထူးပြုမှုမှာ အစီအရင်များ ဖြစ်သော်လည်း အခြားသော လမ်းစဉ်များအပေါ် တတ်ကျွမ်းမှုမှာလည်း ချင်းရှောင်ဂိုဏ်းမှ တပည့်များ ယှဉ်နိုင်သည်ထက် များစွာ သာလွန်နေပေသည်။
လီချင်းချိုးက ဤသို့သောစွမ်းဆောင်ရည်ကို အလွန် ကျေနပ်မိပြီး တစ်ပြိုင်နက်တည်းမှာပင် ပိုင်နင်းအာ၏ 'ကံကောင်းသူ' ကံကြမ္မာကို ပို၍ပင် မျှော်လင့်လာခဲ့သည်။
ဆောင်းဦးရာသီ ရောက်လာသည်နှင့်အမျှ မြောက်ပိုင်း လူရိုင်းများ၏ နယ်မြေမှာ ပိုမို လူသူကင်းမဲ့လာပြီး ကမ္ဘာမြေကြီးမှာ ညှိုးနွမ်းခြောက်သွေ့နေကာ ဝင်လုဆဲဆဲ နေဝန်းမှာ သွေးကဲ့သို့ နီရဲနေ၏။
အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော ယွင်ချိုင်သည် တောင်ကြောတစ်ခုပေါ်တွင် ရပ်တန့်လိုက်သည်။ သူမသည် ဝါးခမောက် တစ်လုံးကို ဆောင်းထားပြီး သူမ၏ နောက်တွင် ချင်းရှောင်ဂိုဏ်းမှ အမျိုးသမီး တပည့် ခုနစ်ဦး ပါဝင်ကာ၊ သူတို့ အားလုံးသည်လည်း ဝါးခမောက်များ ဆောင်းထားပြီး သူတို့၏ ခါးတွင် ချင်းရှောင်ဓားများကို ချိတ်ဆွဲထားကြသည်။
"ဒီနေရာက မြေပုံပေါ်မှာ ပြထားတဲ့ ဂျူရောင်းလွင်ပြင် ဖြစ်ရမယ်... ဘာလို့ ရွာတစ်ရွာမှ မတွေ့ရတာလဲ..."
မြေပုံကို ကိုင်ထားသော ခရမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးက မေးလိုက်ရာ သူမ၏ မျက်နှာတွင် ပဟေဠိဖြစ်မှုများ ပြည့်နှက်နေ၏။
ယွင်ချိုင်က ရှေ့သို့ ငေးကြည့်ကာ….
"အရင် သွားကြည့်ကြတာပေါ့... ဒီနေရာမှာ အမြင်အာရုံက ပွင့်လင်းနေပေမဲ့ ငါတို့ သတိထားရမယ်... ငါတို့ ရင်ဆိုင်ရမယ့် မိစ္ဆာတွေက မြေအောက်လှိုင်ခေါင်းတူးတာ ဒါမှမဟုတ် အသွင်ပြောင်းတဲ့ ပညာတွေ တတ်ထားနိုင်တယ်..."
အမျိုးသမီး တပည့် ခုနစ်ဦးက တစ်ယောက်ပြီး တစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။ ဤသည်မှာ မိစ္ဆာ အမဲလိုက်သည့် တာဝန်ကို သူတို့ ပထမဆုံးအကြိမ် ထမ်းဆောင်ခြင်း ဖြစ်သဖြင့် စိုးရိမ်နေကြပြီး သူတို့၏ သတိကို လျှော့ချရန် မဝံ့ရဲကြချေ။
သူတို့ ရှစ်ဦးသား တောင်ကြောတစ်လျှောက် အောက်သို့ လျှောက်သွားခဲ့ကြသည်။ ကောင်းကင်ယံရှိ လင်းယုန်ငှက် တစ်ကောင်၏ ရှုထောင့်မှ ကြည့်လျှင် သူတို့သည် အဆုံးမရှိသော ဂျူရောင်း လွင်ပြင် ကို ဖြတ်သန်းသွားနေသည့် ပုရွက်ဆိတ် ရှစ်ကောင်နှင့် တူပြီး အလွန် သေးငယ်ကာ ဤလူသူကင်းမဲ့သော နေရာမှ ဘယ်သောအခါမျှ ထွက်သွားနိုင်မည် မဟုတ်သလိုထင်ရသည်။
မိုင်ဆယ်ဂဏန်းကျော် ခရီးနှင်ပြီးနောက် တောင်ကြောတစ်ခု၏ နောက်ကွယ်တွင် ပျက်စီးယိုယွင်းနေသော ရွာတစ်ရွာကို သူတို့ နောက်ဆုံးတွင် တွေ့လိုက်ရသည်။
ရွာတံခါးမှာ ချိုးဖျက်ခံထားရပြီး ခြံဝင်းနံရံ အများအပြား ပြိုကျနေသဖြင့် ယခင်က ဤနေရာတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း ထင်ရှားနေသည်။
ယွင်ချိုင်က လက်ကို ဝှေ့ယမ်းလိုက်ရာ အမျိုးသမီး တပည့် ခုနစ်ဦးမှာ ရွာကို ဝိုင်းရံရန် ချက်ချင်း လူစုခွဲသွားကြသည်။ သူတို့ တစ်ဦးစီက အဆောင် စက္ကူ တစ်ရွက်စီကို ထုတ်ယူကာ သူတို့၏ လက်ဝါးများကြားတွင် ညပ်ထားလိုက်ကြသည်။ သူတို့က မူလချီကို ထိုးသွင်းလိုက်သည်နှင့် အဆောင် စက္ကူများ စတင် လောင်ကျွမ်းလာသည်။
သူတို့တွေ မြေပြင်ကို လက်ဝါးများဖြင့် တစ်ပြိုင်နက်တည်း ရိုက်ချလိုက်တော့ လက်ဝါးများမှ ပြင်းထန်သော မီးတောက်များက တစ်ဖက်တစ်ချက်စီသို့ ဆန့်ထွက်သွားပြီး နောက်ဆုံးတွင် ရွာတစ်ခုလုံးကို ဝိုင်းရံထားသည့် မီးမျဉ်း တစ်ခုအဖြစ် ဆက်သွယ်သွားတော့သည်။
ဤသည်မှာ မကောင်းဆိုးဝါးနှိမ်နင်းရေး အဆောင် ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သော အင်အားစုများကို ဖိနှိပ်နိုင်ကာ တစ္ဆေများနှင့် မကောင်းဆိုးဝါးများ ထွက်ပြေးခြင်းမှ တားဆီးနိုင်သည်။
ယွင်ချိုင်က ရှေ့သို့ လှမ်းကာ မီးမျဉ်းကို ဖြတ်ကျော်ပြီး ရွာထဲသို့ တစ်ယောက်တည်း ဝင်သွားခဲ့သည်။
ရွာမှာ မကြီးမားဘဲ အိမ်ခြေ ဆယ်ဂဏန်းခန့်သာ ရှိသည်။ ခြောက်သွေ့နေသော သွေးကွက်များကို နေရာတိုင်းတွင် မြင်တွေ့နိုင်၏။ထိုစဉ် သူမ၏ အကြည့်များက ရေတွင်း တစ်တွင်းဆီသို့ လျင်မြန်စွာ ရောက်သွားသည်။
ရေတွင်းအနောက်တွင် သဲ့သဲ့မျှ အသက်ရှူနေသေးသော လူတစ်ယောက် လဲကျနေသည်။
ယွင်ချိုင်က ပထမဆုံး အနေဖြင့် ရွာတစ်ခုလုံးကို ဝိညာဉ်အသိအာရုံဖြင့် ရှာဖွေလိုက်သည်။ အန္တရာယ် မရှိကြောင်း အတည်ပြုပြီးနောက် ထိုလူအနားသို့ ချဉ်းကပ်သွား၏။ သူမက ဤလူကို နောက်ဆုံး အသက်ရှူခွင့်ပေးရန် စိတ်ဝိညာဉ်ပြန်လည်နုပျိုခြင်း တစ္ဆေအပ်စိုက်ပညာကို အသုံးပြုရန် လက်ကို မြှောက်လိုက်သည်။
ဤသူမှာ အရိုးစုကဲ့သို့ ပိန်လှီနေသော လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦး ဖြစ်ကာ ရင်ဘတ်မှာ သွေးသံရဲရဲ ဖြစ်နေပြီး ညာဘက်ခြေထောက် ပျောက်ဆုံးနေသည်။ မည်သို့သော ကြောက်မက်ဖွယ်ကောင်းသည့် အရာနှင့် သူ ကြုံတွေ့ခဲ့ရသနည်း ဆိုသည်ကို စိတ်ကူးယဉ်ရန်ပင် ခက်ခဲလှသည်။
လူလတ်ပိုင်း အမျိုးသားက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ သူက ယွင်ချိုင်ကို ကြည့်လိုက်သော်လည်း သူ့မျက်လုံးများတွင် ကယ်တင်ခံရခြင်း၏ ပျော်ရွှင်မှု မရှိဘဲ အဆုံးမဲ့ ထိတ်လန့်မှုများသာ ရှိနေသည်။
"သူ... တောင်ဘက်ကို ထွက်သွားပြီ..."
ယွင်ချိုင် မျက်ခုံးပင့်လိုက်မိသည်။ ဤလူလတ်ပိုင်း အမျိုးသားက ကိုးပြည်ထောင်နယ်မြေ လေယူလေသိမ်းဖြင့် စကားပြောလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ထိုသူ၏ ခန္ဓာကိုယ် တည်ဆောက်ပုံမှာ သာမန်လူများနှင့် မတူချေ။ သူသည် တသီးတသန့် နေထိုင်သော သိုင်းပညာရှင် တစ်ဦး ဖြစ်ရမည်။
"သူက ဘယ်သူလဲ..."
"ချန်ကျူ့ (ဖယောင်းတိုင် အရိပ်)..."
"အဲဒါ မိစ္ဆာ တစ်ကောင်လား..."
"ဟုတ်တယ်... ဒဏ္ဍာရီလာ မိစ္ဆာပဲ... သူက ကိုးပြည်ထောင်နယ်မြေကို ဘေးဒုက္ခတွေ ယူလာပေးလိမ့်မယ်... ပြေး... မြန်မြန်ပြေး..."
လူလတ်ပိုင်း အမျိုးသားမှာ စကားပြောရင်း ပို၍ စိတ်လှုပ်ရှားလာကာ မျက်လုံးများ ပြူးကျယ်လာပြီးနောက် နောက်ဆုံး ထွက်သက်ကို ရှူထုတ်လိုက်တော့သည်။
သူသည် သေလုမြောပါး ဖြစ်နေပြီ ဖြစ်၏။ ယွင်ချိုင်၏ စိတ်ဝိညာဉ်ပြန်လည်နုပျိုခြင်း တစ္ဆေအပ်စိုက်ပညာက သူ့ကို စကားပြောရန် ခွန်အား အနည်းငယ်သာ ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
ယင်းကို မြင်သောအခါ ယွင်ချိုင် မျက်မှောင်ကြုတ်သွားပြီး မတ်တတ်ရပ်ကာ တောင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
သူတို့တွေ မြောက်ပိုင်း နယ်စပ်တွင် အချိန်အတော်ကြာ ရှိနေခဲ့ပြီ ဖြစ်သည်။ သူတို့က တောင်ဘက်မှ တိုက်ရိုက် လာခဲ့ခြင်း မဟုတ်ပေ။ မြောက်ပိုင်း နယ်စပ်သို့ ဝင်ရောက်ပြီးနောက် မိစ္ဆာများနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ရှာဖွေရန် လှည့်လည်သွားလာနေခဲ့ကြသည်။ထို့ကြောင့် ချန်ကျူ့ တောင်ဘက်သို့ သွားစဉ် သူတို့ လွဲချော်သွားခြင်းမှာ အမှန်တကယ်ပင် ဖြစ်နိုင်ခြေ ရှိသည်။
"ဝင်လာပြီး ဒီအလောင်းတွေကို မြှုပ်လိုက်... ပြီးရင် တောင်ဘက်ကို ချက်ချင်း သွားမယ်!"
ယွင်ချိုင်၏ စကားကို ကြားသောအခါ အခြား အမျိုးသမီး တပည့်များ ရွာထဲသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်လာကြသည်။
အမွှေးတိုင် တစ်တိုင် လောင်ကျွမ်းစာ အချိန်ကုန်လွန်ပြီးနောက် သူတို့တွေ ရွာမှ ထွက်ခွာလာပြီး ချင်းရှောင်ဓား များပေါ်သို့ တက်ကာ တောင်ဘက်သို့ အပြေးအလွှား ခရီးနှင်ကြတော့သည်။
"အကယ်၍ အဲဒီ မိစ္ဆာက တောင်ဘက်ကို တကယ် သွားနေတယ်ဆိုရင် သေချာပေါက် ပေါ်လွင်လာမှာပဲ... အဲဒီအချိန်ကျရင် ကမ္ဘာတစ်ဝန်းမှာ ပြန့်ကျဲနေတဲ့ ချင်းရှောင်ဂိုဏ်းက တပည့်တွေ သေချာပေါက် အရေးယူကြလိမ့်မယ်... ဒါဆိုရင် ငါတို့ရဲ့ တာဝန်က အောင်မြင်တယ်လို့ သတ်မှတ်မလား၊ ကျရှုံးတယ်လို့ သတ်မှတ်မလား..." ဟု အမျိုးသမီး တပည့်တစ်ဦးက မနေနိုင်တော့ဘဲ မေးလိုက်သည်။
ယွင်ချိုင်က လေကို ဆန့်ကျင်ကာ ရပ်နေပြီး….
"ငါတို့ရဲ့ တာဝန်က သူ့ကို ဖမ်းဖို့ ဒါမှမဟုတ် သတ်ဖို့ပဲ... အကယ်၍ သူက ငါတို့ရဲ့ ဂိုဏ်းတူ တပည့်တွေကို သတ်ခွင့်ပေးလိုက်ရင် တာဝန် ကျရှုံးတာပဲ..."
ဝုန်း...
ထိုစဉ် အဝေးရှိ မိုးကုတ်စက်ဝိုင်းတွင် လိမ့်တက်နေသော မိုးကြိုးတိမ်တိုက်များ ပေါ်လာပြီး လောကကြီးမှာ ပိုမို မှောင်မိုက်လာကာ သူတို့သည် ညအချိန်ဆီသို့ ပြေးသွားနေသကဲ့သို့ ဖြစ်နေသည်။
အခြား အမျိုးသမီး တပည့်များ အားလုံးသည် ယခင်က တစ်ခါမှ မကြုံဖူးသော အရှိန်အဝါ တစ်ခုကို ခံစားလိုက်ရရာ သူတို့ကို အလွန် အနေရခက်စေပြီး သူတို့၏ နှလုံးသားများကို စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်သွားစေတော့သည်။