ဝမ်ရှန်း ကျောင်းတော်
Vol. 29 Ch. 288
နှင်းသည်းထန်စွာ ကျနေသော ညတစ်ညတွင်…..
ကျန်းယွီချွန်းက စွန်းမော့ရှင်းကို လင်းရှောင်ခြံဝင်း အတွင်းသို့ ခေါ်ဆောင်လာခဲ့တော့ လီချင်းချိုးနှင့် ဝေထျန်းရှုံးတို့ အတူထိုင်၍ ဝိုင်သောက်နေကြသည်ကို တွေ့လိုက်ရသည်။
သူတို့ နှစ်ဦး ချဉ်းကပ်လာသည်ကို မြင်သောအခါ ဝေထျန်းရှုံးက လှမ်းကြည့်ကာ စွန်းမော့ရှင်းကို အကဲခတ်လိုက်သည်။
ချင်းရှောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ကို ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် ရင်ဆိုင်ရခြင်း ဖြစ်သဖြင့် စွန်းမော့ရှင်းမှာ အလွန် စိုးရိမ်ပူပန်နေရှာသည်။
သူသည် ဟွမ်ယွမ်ကျမ်းစာကို စတင် အထူးပြု လေ့လာကတည်းက အလွန် အံ့အားသင့်နေခဲ့သည်။ ဤဟွမ်ယွမ်ကျမ်းစာမှာ ဇီယန်ကျွန်း၏ ကျင့်ကြံရေး နည်းလမ်းများထက် များစွာ သာလွန်ပြီး၊ မူလချီများ ရှုပ်ထွေးခြင်း သို့မဟုတ် ဝိညာဉ်ချီများ ပိတ်ဆို့ခြင်းတို့လို ပြဿနာများ မရှိဘဲ ကျင့်ကြံနိုင်သည်။
ထိုမျှမက စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာလည်း ပိုမို ကောင်းမွန်လာခဲ့သည်။
ဤကဲ့သို့သော အစွမ်းထက်သည့် ကျင့်ကြံရေး နည်းလမ်းကို တပည့်များ အားလုံး လေ့ကျင့်နိုင်ရန် အမှန်တကယ် ပံ့ပိုးပေးထားခြင်းက လီချင်းချိုးအပေါ် အံ့သြရိုသေမှုနှင့် စပ်စုချင်စိတ်များကို ဖြစ်ပေါ်စေခဲ့သည်။
ဤကဲ့သို့သော သဘောထားကြီးမှု မျိုးကို ပိုင်ဆိုင်ရန် မည်မျှအထိ ကျင့်ကြံရမည်နည်း။
ဂိုဏ်းချုပ် လီချင်းချိုးသည် မသေမျိုး ဝင်စားသူ ဖြစ်နိုင်ကြောင်း သူ ကြားသိခဲ့ရဖူးသည်။ပထမဆုံး ရောက်လာချိန်က ထိုစကားကို သူ လှောင်ပြောင်ခဲ့သော်လည်း ယခုအခါတွင်မူ အမှန်ဖြစ်ကြောင်း သူ ယုံကြည်နေပြီ ဖြစ်သည်။
ယခုအခါ သူသည် မသေမျိုးဖြစ်အောင် ကျင့်ကြံရန် ချင်းရှောင်ဂိုဏ်း၏ နောက်သို့သာ လိုက်ပါလိုတော့၏!
ဤသို့ ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ချင်းရှောင်ဂိုဏ်းအတွင်း ပါရမီရှင်များစွာကို သူ မြင်တွေ့ခဲ့ရပြီး ဇီယန်ကျွန်းတွင် ဤမျှ များပြားစွာ မရှိဟု သူ ခံစားရသောကြောင့်လည်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ရွှီနင်း၊ ကျန်းကျောက်ရှားနှင့် ကျောက်ကျိန်းတို့ကို ဆိုမထားဘိ၊ ယွင်ချိုင်နှင့် ယှဉ်နိုင်မည့်သူ တစ်ယောက်ကိုမျှ ဇီယန်ကျွန်းတွင် သူ ရှာမတွေ့နိုင်ချေ။
ဇီယန်ကျွန်းတွင် ကျိယာနှင့် ယှဉ်နိုင်မည့် ပါရမီရှင်လည်း မရှိပေ။ ကျိယာ၏ မူလချီမှာ အလွန် အံ့မခန်း ဖြစ်ပြီး လူသားဆန်မှု မရှိလောက်အောင်ပင် ဖြစ်နေသည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ချင်းရှောင်ဂိုဏ်းတွင် နေထိုင်ရခြင်းက ချင်းရှောင်ဂိုဏ်းသည် အစောပိုင်း သို့မဟုတ် နောက်ပိုင်းတွင် ဇီယန်ကျွန်းကို သေချာပေါက် ကျော်တက်သွားမည်ဟု သူ့ကို သေချာစေခဲ့သည်။
"စီနီယာအစ်ကို... သူက ဇီယန်ကျွန်းက စွန်းမော့ရှင်းပါ... သူက အစ်ကို့ကို ပြောစရာ ရှိတယ်တဲ့..."
စွန်းမော့ရှင်းက လီချင်းချိုးကို အရိုအသေပေးရန် လက်နှစ်ဖက်ကို မြှောက်ကာ ချက်ချင်း ဦးညွှတ်လိုက်သည်။
လီချင်းချိုးက သူ့ကို ကြည့်ကာ စကားပြောမည့်အချိန်ကို စောင့်နေသော်လည်း စွန်းမော့ရှင်းက သူ့ အကြည့်ကို မရင်ဆိုင်ရဲချေ။ သူက ခေါင်းငုံ့ထားပြီး …..
"ဂိုဏ်းချုပ်... ကျွန်တော့်ရဲ့ နှလုံးသားကို ချင်းရှောင်ဂိုဏ်းက ပိုင်ဆိုင်သွားပြီ ဖြစ်ပေမဲ့ ဇီယန်ကျွန်းက ကျွန်တော့်ရဲ့ အဆင့်အတန်းကို အတည်ပြုဖို့ လိုပါသေးတယ်... ကျွန်တော့်လို ထောက်လှမ်းရေး တပည့် တစ်ယောက်က သတ်မှတ်ထားတဲ့ အချိန်အတွင်း ပြန်မလာဘူးဆိုရင် ဇီယန်ကျွန်းက ဒီတာဝန်ကို ဆက်လက် ထမ်းဆောင်ဖို့ တခြား တပည့်တွေကို စေလွှတ်လိမ့်မယ်... တစ်နည်းအားဖြင့် ကျွန်တော် ပြန်မသွားရင် ဇီယန်ကျွန်းက တပည့်တွေ ပိုပြီး ရောက်လာလိမ့်မယ်..."
"မင်းကို ငါ ပြန်လွှတ်လိုက်ရင် ငါတို့ ရှိနေတယ်ဆိုတာကို မင်း ဖွင့်ပြောမှာလား..."
ထိုအခါ စွန်းမော့ရှင်းမှာ ကြောက်ရွံ့သွားပြီး အလျင်အမြန် ဒူးထောက်ကာ ….
"ဂိုဏ်းချုပ်... ကျွန်တော် လုံးဝ အဲဒီလို လုပ်မှာ မဟုတ်ပါဘူး... ကျွန်တော့်ရဲ့ သရုပ်မှန်ကို ကိုယ့်သဘောဆန္ဒနဲ့ကို ဖွင့်ပြောခဲ့တာပါ... ကျွန်တော်က ဇီယန်ကျွန်းက လာတာ မှန်ပေမဲ့ အဲဒီက ကျွန်တော့်အပေါ် ကြီးမားတဲ့ ကျေးဇူးတရား ဘာမှ မရှိခဲ့ပါဘူး... အဲဒီမှာ ကျွန်တော်က ဓားသွားပေါ် လမ်းလျှောက်နေရသလို ခံစားခဲ့ရတယ်လို့တောင် ပြောလို့ ရပါတယ်... ဒီတစ်ကြိမ်မှာတော့ ကျွန်တော် တာဝန်ကိုပဲ အပ်နှံပြီး ဇီယန်ကျွန်းကနေ ခွဲထွက်လာမှာပါ..."
လီချင်းချိုးက ဝေထျန်းရှုံးကို တစ်ချက် ကြည့်လိုက်သည်။ ၎င်းကို မြင်သောအခါ ဝေထျန်းရှုံးက ခေါင်းညိတ်ပြီး….
"ဇီယန်ကျွန်းမှာ အဲဒီလို စည်းမျဉ်းတွေ အမှန်တကယ် ရှိပါတယ်... အရင်တုန်းက သူတို့ရဲ့ သူလျှိုတစ်ယောက်ကို ငါတို့ ရှင်ယွမ်ဂိုဏ်းက ဖမ်းဆီးထားလိုက်ပြီးတဲ့နောက် သူတို့က အသစ်တစ်ယောက်ကို ထပ်လွှတ်ခဲ့တယ်... ဒါပေမဲ့ ဒီလူက ယုံကြည်ရလား၊ မယုံကြည်ရဘူးလား ဆိုတာကိုတော့ ငါ မဆုံးဖြတ်နိုင်ဘူး... ဘယ်လိုပဲဖြစ်ဖြစ် ငါ့အမြင်အရဆိုရင်တော့ ဇီယန်ကျွန်းကို ယုံလို့ မရဘူး..."
ဝေထျန်းရှုံးက စကားပြောပြီးနောက် အကြည့်များကို စွန်းမော့ရှင်းအပေါ် စူးစိုက်ထားလိုက်သည်။ စွန်းမော့ရှင်းကို နာခံလာအောင် ပြုလုပ်နိုင်မည့် နည်းလမ်းများစွာ သူ့တွင် ရှိသည်။
စွန်းမော့ရှင်း မော့ကြည့်လိုက်တော့ ဝေထျန်းရှုံ အကြည့်နှင့် အမှတ်မထင် ဆုံသွားသဖြင့် ကြောက်လန့်တကြား တစ်ကိုယ်လုံး တုန်ယင်သွားတော့သည်။
အနက်ရောင် ဝတ်စုံနှင့် ဤဆံပင်ဖြူ အမျိုးသားမှာ သေချာပေါက် ပေါ့ပေါ့တန်တန် သဘောထားရမည့်သူ မဟုတ်ပေ။ သူသည် မိစ္ဆာ ကျင့်ကြံသူ တစ်ဦး ဖြစ်နိုင်ခြေ အလွန် များ၏!
"ဂိုဏ်းချုပ်... ကျွန်တော့်ကို ယုံကြည်ပေးပါ... ကျွန်တော် အရာအားလုံး ပေးဆပ်ပြီးပါပြီ... ချင်းရှောင်ဂိုဏ်းအပေါ် ကျွန်တော့်ရဲ့ ရိုးသားမှုက အကြွင်းမဲ့ပါ... ခန်းမမှူးကျန်း... ကျေးဇူးပြုပြီး ကျွန်တော့်အတွက် ပြောပေးပါဦး!"
စွန်းမော့ရှင်းမှာ စိုးရိမ်ပူပန်လာပြီး အလျင်စလို တောင်းပန်ကာ ကျန်းယွီချွန်းကိုပင် လှည့်ကြည့်လိုက်သည်။
ထိုအခါ ကျန်းယွီချွန်းက ခေါင်းညိတ်၍….
"သူ့ရဲ့ မန္တန်တွေနဲ့ ကျင့်ကြံရေး နည်းလမ်းတွေ အားလုံးကို မှော်ကျမ်းစာတိုက်ကို သူ ပေးအပ်ထားပြီးပါပြီ... အစီအရင်တွေ၊ အဆောင်တွေနဲ့ ဆေးဖော်စပ်ခြင်း လမ်းစဉ်အပေါ် သူ့ရဲ့ နားလည်မှုကိုတောင် ရေးသားထားပြီးပါပြီ... သူ့ကို ကျွန်တော် ယုံကြည်ပါတယ်..."
ထိုအခါ ဝေထျန်းရှုံးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး….
"လူ့နှလုံးသားက ယုံကြည်ရ အခက်ဆုံး အရာပဲ... ခန်းမသခင်ကျန်း... ချင်းရှောင်ဂိုဏ်း တစ်ခုလုံးရဲ့ အသက်နဲ့ သေခြင်းတရားကို မင်း လောင်းကြေးထပ်ချင်လို့လား... ငါ့ဆီမှာ ရှာဖွေတွေ့ရှိဖို့ မဖြစ်နိုင်တဲ့ ကူ(အဆိပ်ပိုး) တစ်မျိုး ရှိတယ်... အဲဒါက ပေါက်ကွဲမထွက်သရွေ့ သူ ဘာနာကျင်မှုကိုမှ ခံစားရမှာ မဟုတ်ဘူး... ဒါက ယုံကြည်မှုအတွက် အကြင်နာတရား အရှိဆုံး နည်းလမ်းပဲ..."
ကျန်းယွီချွန်းက ပါးစပ်ဟလိုက်သော်လည်း သူ ဘာမှ ပြန်မချေပနိုင်ခဲ့ပေ။
စွန်းမော့ရှင်းက အံကြိတ်ကာ ဝေထျန်းရှုံးကို ကြည့်ပြီး မေးလိုက်သည်။
"ဒါဆို ဒီ အဆိပ်ကူကို ဖယ်ရှားဖို့အတွက် ကျွန်တော် ဘယ်လောက်အထိ စွမ်းဆောင်ပြရမလဲ..."
"မင်း ချင်းရှောင်ဂိုဏ်းကို အန္တရာယ် မပေးသရွေ့ ဒီ အဆိပ်ကူက မင်းအပေါ် ဘာသက်ရောက်မှုမှရှိမှာ မဟုတ်ဘူး... မင်း ဒုက္ခကြုံရရင်တောင် မင်းကို ကူညီဖို့ ဒါကို ငါ အသုံးပြုနိုင်သေးတယ်... အနှစ်ငါးဆယ်လို့ ထားလိုက်ပါတော့... အကယ်၍ အနှစ်ငါးဆယ် အတွင်းမှာ ဇီယန်ကျွန်းက ကိုးပြည်ထောင်တိုက်ကို ဝင်မတိုက်ဘူးဆိုရင် ဒီ အဆိပ်ကူကို ငါ ဖယ်ရှားပေးမယ်..."
ဝေထျန်းရှုံးက တည်ငြိမ်အေးဆေးစွာ ပြောလိုက်ပြီး အေးစက်သော အကြည့်များက စွန်းမော့ရှင်း၏ နှလုံးသားကို ဓားတစ်လက်ဖြင့် ထိုးစိုက်လိုက်သကဲ့သို့ ဖြစ်နေသည်။
လီချင်းချိုးက တိတ်ဆိတ်စွာ နေပြီး ရှင်ယွမ်ဂိုဏ်း၏ အကြီးအကဲက စွန်းမော့ရှင်းကို မည်သို့ ဖိနှိပ်မည်ကို စောင့်ကြည့်နေသည်။
စွန်းမော့ရှင်း၏ သစ္စာစောင့်သိမှုမှာ ၉၀ သို့ ရောက်ရှိနေပြီ ဖြစ်၏။ သူ့ကို အမှန်တကယ် ယုံကြည်နိုင်သော်လည်း လီချင်းချိုးကလည်း လောင်းကြေး မထပ်လိုပေ။
ဇီယန်ကျွန်းလို ဧရာမ အင်အားစုကို ရင်ဆိုင်ရချိန်တွင် ချင်းရှောင်ဂိုဏ်း အနေဖြင့် စွန့်စား၍ မရနိုင်ချေ။
"ကောင်းပြီလေ!"
စွန်းမော့ရှင်းက လီချင်းချိုးနှင့် ကျန်းယွီချွန်းတို့ကို ကြည့်ကာ အံကြိတ်ပြီး သဘောတူလိုက်သည်။
ဝေထျန်းရှုံးက သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး လက်တစ်ဖက်ဖြင့် သူ့မေးရိုးကို ဆုပ်ကိုင်လိုက်ကာ အခြား လက်တစ်ဖက်က အနက်ရောင် ပိုးကောင် တစ်ကောင်ကို ထုတ်ယူလိုက်သည်။ ၎င်းကို စွန်းမော့ရှင်း၏ ပါးစပ်ထဲသို့ အတင်း ထိုးထည့်လိုက်ပြီး လည်ချောင်းထဲသို့ ရောက်သွားစေရန် မူလချီကို အသုံးပြုလိုက်သည်။
စွန်းမော့ရှင်းမှာ နင်သွားသဖြင့် ပြင်းထန်စွာ ချောင်းဆိုးနေတော့သည်။ ဝေထျန်းရှုံး လွှတ်လိုက်မှသာ သူ့ လည်ချောင်းကို သူ ကိုင်ထားနိုင်တော့သည်။
ဝေထျန်းရှုံး၏ ရုတ်တရက် လှုပ်ရှားမှုက ကျန်းယွီချွန်းကိုလည်း လန့်သွားစေသည်။
ဤလူ ဤမျှ အစွမ်းထက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ရှင်ယွမ်ဂိုဏ်း၏ အကြီးအကဲမှာ အမှန်တကယ်ပင် သာမန် မဟုတ်ချေ။
မူလအားဖြည့်နယ်ပယ် နဝမအဆင့်သို့ ရောက်ရှိနေသော စွန်းမော့ရှင်းမှာ လုံးဝ ပြန်လည်ခုခံနိုင်စွမ်း မရှိလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
လီချင်းချိုးက စွန်းမော့ရှင်း၏ သနားစရာကောင်းသော အခြေအနေကို ကြည့်ကာ …
"သူ့ကို အနားယူဖို့ ခေါ်သွားလိုက်ပါ... သူ ဇီယန်ကျွန်းကနေပြန်လာရင် သူ့ကို အတွေ့အကြုံရှာဖွေရေးခန်းမရဲ့ ဒုခန်းမသခင်အဖြစ် ခန့်ဖို့ ငါတို့ စဉ်းစားလို့ရတယ်..."
"ဟုတ်ကဲ့ပါ!"
ကျန်းယွီချွန်းက စွန်းမော့ရှင်းကို ချက်ချင်း ထူပေးပြီး ထွက်ခွာသွားကြသည်။
ဝေထျန်းရှုံးက စားပွဲရှည်ဆီသို့ ပြန်လှည့်လာပြီး ကျန်းယွီချွန်းနှင့် အခြား တစ်ယောက် ခြံဝင်းထဲမှ ထွက်သွားမှသာ နောက်ဆုံးတွင် စကားပြောလိုက်သည်။
"ဂိုဏ်းချုပ်... မင်းက အရမ်း ကရုဏာကြီးလွန်းတယ်... ဒါက ဂိုဏ်းတစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းတဲ့အရာ မဟုတ်ဘူး..."
ခြံဝင်းနံရံမှတစ်ဆင့် စွန်းမော့ရှင်းက ဝေထျန်းရှုံး၏ ညည်းညူသံများကို ကြားနိုင်ပြီး ထိုစကားများက သူ့ကို အလွန် နာကျင်စေသည်။
လီချင်းချိုးက အမှန်တကယ်ပင် ကရုဏာကြီးကြောင်း သူ ယုံကြည်သည်။ ပုံပြင်များစွာနှင့် တပည့်များက ၎င်းကို သက်သေပြနိုင်၏။ ဝေထျန်းရှုံး မှန်ကန်ကြောင်းကိုလည်း သူ ခံစားရသော်လည်း၊ ခံစားနေရသူမှာ သူ ကိုယ်တိုင် ဖြစ်နေသဖြင့် မည်သို့ လွှတ်ထားနိုင်မည်နည်း။
သူသည် ဝေထျန်းရှုံးအပေါ် နာကျည်းချက်များ စတင် ဖြစ်ပေါ်လာပြီး အနာဂတ်တွင် ပြန်လည် ပေးဆပ်ရမည်ဟု ကျိန်ဆိုလိုက်သည်။
"တောင်းပန်ပါတယ်... တာအိုမိတ်ဆွေစွန်း... အခြေအနေတွေ ဒီလို ဖြစ်သွားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး..."ဟု ကျန်းယွီချွန်းက အပြစ်ရှိသလို မျက်နှာထားဖြင့် ပြောလိုက်သည်။
"ခန်းမသခင်ကျန်း... အဲဒီလူက ဘယ်သူလဲ..."
"ကောင်းကင်လက်မှုပညာခန်းမရဲ့ ဒုခန်းမသခင် ဝေထျန်းရှုံးပါ... သူက ဂိုဏ်းအတွက် ပံ့ပိုးမှုတွေ အများကြီး လုပ်ပေးခဲ့တယ်... သူ့အကြောင်း မင်း ကြားဖူးသင့်တယ်..."
စွန်းမော့ရှင်း တိတ်ဆိတ်သွားသည်။
ဝေထျန်းရှုံး၏ နာမည်ကို သူ အမှန်တကယ် ကြားဖူးသည်။ ဤလူသည် ဂိုဏ်းသို့ သူထက်ပင် နောက်ကျမှ ဝင်လာခဲ့သော်လည်း ပံ့ပိုးမှုကြီးမားလှသဖြင့် သူ့နာမည်ကို တပည့်များ အားလုံး သိရှိစေခဲ့သည်။
ဝေထျန်းရှုံး၏ လုပ်ဆောင်ချက်များကြောင့်ပင် သူလည်း ကိုယ်ပိုင် ကျင့်ကြံရေး နည်းလမ်းများနှင့် မန္တန်များကို ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ယခုလေးတင် ဝေထျန်းရှုံး၏ လှုပ်ရှားမှုကို အကဲခတ်ကြည့်လျှင် ထိုလူ၏ ကျင့်ကြံမှုမှာ မိမိထက် များစွာ မြင့်မားနေသည်။
ထားလိုက်ပါတော့လေ….
မည်သို့ပင်ဖြစ်စေ ဤကိစ္စကြောင့် အတွေ့အကြုံရှာဖွေရေးခန်းမ၏ ဒုခန်းမသခင် ဖြစ်လာရန် အခွင့်အရေးကို အနည်းဆုံးတော့ သူ ရရှိခဲ့ပြီ ဖြစ်သည်။
ဇီယန်ကျွန်းတွင် ဤမျှ ကြီးမားသော အာဏာမျိုးကို သူ ဘယ်သောအခါမှ ရရှိမည် မဟုတ်ချေ။
လက်ရှိ ချင်းရှောင်ဂိုဏ်းမှာ အားနည်းနေသေးသော်လည်း နှစ်တစ်ရာ အကြာတွင် သေချာပေါက် ကွဲပြားခြားနားသော မြင်ကွင်းတစ်ခု ဖြစ်လာလိမ့်မည်။ အတွေ့အကြုံရှာဖွေရေးခန်းမ၏ ဒုခန်းမသခင်ရာထူးဖြင့် သူသည် ကျင့်ကြံရေး အရင်းအမြစ်များကို ပိုမို ရရှိနိုင်မည် ဖြစ်၏။ တွေးကြည့်ရုံဖြင့်ပင် သူ့ကို စိတ်လှုပ်ရှားစေသည်။
၎င်းကို ကံဆိုးမှုထဲမှ ကံကောင်းခြင်း တစ်ခုဟု မှတ်ယူနိုင်သည်။
"ခန်းမသခင်ကျန်း... ဂိုဏ်းချုပ်အပေါ် ကျွန်တော့်ရဲ့ သစ္စာစောင့်သိမှုကို ကျွန်တော် သက်သေပြပါ့မယ်..."
ဟွမ်ယွမ်ကျမ်းစာနှင့် ပါရမီရှင်များစွာ ရှိနေသဖြင့် ချင်းရှောင်ဂိုဏ်း၏ အနာဂတ်မှာ ဇီယန်ကျွန်းထက် နိမ့်ကျမည် မဟုတ်ကြောင်း သူ ရဲရဲဝံ့ဝံ့ အခိုင်အမာ ပြောရဲသည်။
"မင်းဘက်က စွမ်းဆောင်ရည် ကောင်းသရွေ့ ငါ့ရဲ့ စီနီယာအစ်ကိုက မင်းကို ကျောထောက်နောက်ခံ ပေးထားမှာဆိုတော့ ဝေထျန်းရှုံးက မင်းကို သေချာပေါက် ဒုက္ခမပေးရဲပါဘူး... စိတ်အေးအေးထားပါ..."
...
နှစ်ကုန်ပိုင်းသို့ ရောက်ရှိလာသည်နှင့်အမျှ နှင်းများ သည်းထန်စွာ ကျဆင်းနေသော်လည်း ချင်းရှောင်ဂိုဏ်းမှာ အလွန် စည်ကားနေပုံရသည်။
ထိုနေ့တွင် ကျန်းဖိန်သည် ကျင့်ကြံရေးခန်းမမှ တည်ထောင်ထားသော ရတနာစံအိမ်သို့ တစ်ယောက်တည်း ရောက်ရှိလာခဲ့သည်။ ပထမထပ်ရှိ စူးရှတောက်ပသော သစ်သား ဗီရိုတန်းများကို ကြည့်ရင်း မျက်ခုံးပင့်လိုက်မိသည်။
လွန်ခဲ့သော နှစ်ဝက်ခန့်နှင့် နှိုင်းယှဉ်ပါက ရတနာစံအိမ်တွင် ရတနာများ ပိုမို များပြားနေပြီ ဖြစ်သည်။
ဝင်ဝင်ချင်းပင် ဝိညာဉ်ချီ လှိုင်းလုံးတစ်ခု သူ့အပေါ် လွှမ်းခြုံသွားသည်ကို သူ ခံစားလိုက်ရသည်။
သူ တိတ်တဆိတ် အံ့အားသင့်သွားသည်။ ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုမှာ အမှန်တကယ်ပင် ပိုပို၍ မြန်ဆန်လာနေသည်မဟုတ်လော။
၎င်းမှာ ကောင်းကင်လက်မှုပညာခန်းမ ၏ ဒုခန်းမသခင်နှင့် ဆက်စပ်နေကြောင်း သူ ကြားခဲ့ရသည်။ ဤကဲ့သို့ အသုံးဝင်သော လူတစ်ယောက် ဘယ်တော့များမှ ဖြစ်လာနိုင်မည်နည်းဟု သူ တွေးနေမိသည်။
ကျန်းဖိန်သည် သူ ဖန်တီးထားသော မန္တန်များနှင့် ဆေးလုံးများကို ဂိုဏ်းသို့ အခါအားလျော်စွာ လှူဒါန်းလေ့ရှိသော်လည်း ကိုယ်ပိုင် ပံ့ပိုးမှုများမှာ အုတ်ခဲ အနည်းငယ်မျှသာ ထပ်ထည့်ရုံဖြင့် အလွန် သိသာထင်ရှားမှု မရှိဟု သူ ခံစားရသည်။
ဤသို့ တွေးရင်း ရှေ့ရှိ စင်္ကြံတစ်ခုထဲသို့ လျှောက်သွားလိုက်သည်။
ရတနာစံအိမ်တွင် စုစုပေါင်း အထပ် ခုနစ်ထပ် ရှိပြီး အထပ်တစ်ခုစီတိုင်းတွင် မတူညီသော ရတနာများ ရှိသည်။ ပထမထပ်တွင် အခြေခံအကျဆုံး အဆောင် စက္ကူများရှိပြီး ၎င်းမှာ ချင်းရှောင်ဂိုဏ်းမှ တပည့်များ အလိုအပ်ဆုံး အရာ ဖြစ်သည်။
မန္တန်များကို အဆောင် စက္ကူများပေါ်တွင် ရိုက်နှိပ်ခြင်းဖြင့် တိုက်ပွဲအတွင်း မန္တန်များကို အသုံးပြုရန် အဆောင် များကို အသုံးပြုနိုင်ပြီး မူလချီ သုံးစွဲမှုကို လျှော့ချနိုင်သည်။ ထို့ကြောင့် အဆောင်များသည် ချင်းရှောင်ဂိုဏ်းမှ တပည့်များအတွက် မရှိမဖြစ် လိုအပ်သော အရာတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်၏။
ကျန်းဖိန်သည် ပုံမှန်အားဖြင့် အဆောင် ပညာရပ်ကိုလည်း လေ့လာလေ့ရှိသည်။ မကြာသေးမီက သူ့တွင် စိတ်ကူးသစ်များစွာ ရှိနေသဖြင့် အဆောင်စက္ကူ အမြောက်အမြား ဝယ်ယူရန် စီစဉ်ထားသည်။
အဆောင်စက္ကူများ၏ စျေးနှုန်းများမှာ ကွဲပြားသည်။ မတူညီသော ပစ္စည်းများက မတူညီသော မူလချီ ပမာဏများကို ခံနိုင်ရည် ရှိကြသည်။
ပထမထပ်တွင် တပည့်များစွာ လှည့်လည်သွားလာနေကြသဖြင့် အတော်လေး စည်ကားနေသည်။ သို့သော်လည်း တပည့်များမှာ အလွန် ယဉ်ကျေးသိမ်မွေ့ကြပြီး ကျယ်လောင်သော အသံများ မထွက်ကြချေ။ အဖော်များနှင့် စကားပြောရာတွင်ပင် တိုးတိုးသာ ပြောကြသည်။
ဖြောင်း!
ထိုစဉ် လက်တစ်ဖက်က ကျန်းဖိန်၏ ပခုံးကို ရိုက်လိုက်သည်။ သူ ရပ်တန့်ကာ လှည့်ကြည့်လိုက်ရာ ပိုင်နင်းအာက သူ့ကို ပြုံးဖြီးဖြီးဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
အသက် သုံးဆယ့်ငါးနှစ် အရွယ် ပိုင်နင်းအာသည် ခန့်ညားပြီး တက်ကြွကာ မဟာကျင့်ကြံသူ တစ်ဦး၏ ကိုယ်နေဟန်ထားကို အပြည့်အဝ ပြသနေသည်။
သူက ကျန်းဖိန်ကို ကြည့်ကာ အပြုံးဖြင့် မေးလိုက်သည်။
"အဲဒီ မျက်နှာပေးက ဘာဖြစ်တာလဲ... ငါ့ကို တွေ့ရတာ မပျော်ဘူးလား... မင်း ဒီလိုလုပ်ရင် ငါ ဝမ်းနည်းသွားလိမ့်မယ်..."
"ငါက ဘယ်လိုလုပ် မပျော်ဘဲ နေမှာလဲ... ဒါပေမဲ့ အဲဒီလောက်လည်း မပျော်ဘူးလေ... နောက်ဆုံးတော့ မင်း ဘာပဲလုပ်လုပ် မင်းက အမြဲတမ်း အသက်ရှင်လျက် ပြန်လာနိုင်တာပဲ..."
"ကျွတ်ကျွတ်... မူလအားဖြည့်နယ်ပယ် နဝမအဆင့်က တကယ်ကို ကွာခြားတာပဲ... မင်းရဲ့ လေသံတောင် ပြောင်းသွားပြီ... မင်းက ဒီအစ်ကိုကို မေ့သွားပြီ ထင်တယ်..."
ပိုင်နင်းအာက ရွဲ့တော့ ကျန်းဖိန်က သူ့ကို မျက်လုံးလှန်ပြလိုက်ပြီး ပြန်မပြောတော့ဘဲ အဆောင် စက္ကူများကို ဆက်လက် ရွေးချယ်ရန် လှည့်လိုက်သည်။
ပိုင်နင်းအာက သူ့နောက်သို့ လိုက်လာပြီး တိုးတိုးလေး ရယ်မောလိုက်ပြီး…
"ငါ မကြာခင် တောင်အောက်ကို ထပ်သွားတော့မယ်... ဒီတစ်ခါ ငါ ဘာတာဝန် ထမ်းဆောင်ရမလဲဆိုတာ ခန့်မှန်းကြည့်ပါဦး..."
"နှစ်သစ်ကူးတောင် ရောက်တော့မှာကို မင်း ဘာလို့ အဲဒီလောက် အလောတကြီး ဖြစ်နေတာလဲ..."
"စိတ်မပူပါနဲ့... ငါက ပွဲတော် ပြီးမှ ဆင်းမှာပါ... အခုက အဆောင်မန္တန် တွေ ဝယ်ဖို့ စောစော လာတာပါ..."
"ငါ့ကိုသာ အတင်း မခေါ်သွားပါနဲ့..."
"ဟား... ဒီနှစ်တွေ တစ်လျှောက်လုံး မင်းကို ငါ ဘယ်တုန်းကများ အတင်း ခေါ်သွားဖူးလို့လဲ..."
ပိုင်နင်းအာက စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပြောလိုက်ရင်း ကျန်းဖိန် သူ့အပေါ် နားလည်မှုလွဲနေသည်ဟု ခံစားရသည်။
သူက ရှေ့သို့ တစ်လှမ်း တိုးကာ ကျန်းဖိန်အနားသို့ ကပ်ပြီး….
"မင်း ကြားပြီးပြီလား... ကျုံးထျန်းစီရင်စုမှာ ပါရမီရှင် တစ်ယောက် ပေါ်လာတယ်တဲ့... ကိုယ်တိုင် နားလည်သဘောပေါက်မှု ကနေတစ်ဆင့် သူက ကျင့်ကြံရေး နည်းလမ်းတစ်ခုကို နားလည်သွားပြီး ဝမ်ရှန်းကျောင်းတော်ကို တည်ထောင်ခဲ့တယ်တဲ့..."
"အဲဒီလို ပါရမီရှင်တွေက ရှားလို့လား... အဲဒီ ကျင့်ကြံရေးဂိုဏ်းတွေရဲ့ ဘိုးဘေး သခင်တွေထဲက ဘယ်သူက အဲဒီလို ပုဂ္ဂိုလ်မျိုး မဟုတ်ခဲ့လို့လဲ... အဲဒါကို သိပ်အလေးအနက် မထားပါနဲ့... ထူးခြားတဲ့ နောက်ခံ မရှိဘဲနဲ့ သူတို့က လောကီလူသားတွေကို လာပူးပေါင်းအောင် ဘယ်လို ဆွဲဆောင်နိုင်မှာလဲ..."
"ဒီကောင်လေးက မတူဘူး... ဝမ်ရှန်း ကျောင်းတော်ကို သူ တည်ထောင်တော့ ကောင်းကင်ယံကနေ ငှက်စိမ်း တစ်ကောင် ဆင်းသက်လာတယ်တဲ့... အဲဒါကို လူအများကြီး မြင်ခဲ့ကြတယ်... ဝမ်ရှန်းကျောင်းတော်က ဧကရာဇ်ရဲ့ အသိအမှတ်ပြုမှုကို ရချင်ပေမဲ့ ငြင်းပယ်ခံခဲ့ရတယ်... အခု သူတို့က တရားဝင် နာမည် မရနိုင်ဘဲ တောင်တွေနဲ့ တောတွေထဲမှာပဲ ကျင့်ကြံနေရတယ်... ဝမ်ရှန်းကျောင်းတော်ရှိတဲ့ သစ်တောထဲမှာ ထူးခြားတဲ့ အဖြစ်အပျက်တွေ မကြာခဏ ဖြစ်ပေါ်လေ့ရှိတယ်လို့ ငါ ကြားတယ်... အဲဒီ ဝမ်ရှန်းကျောင်းတော်က ဟန်ပြ သက်သက် ဟုတ်မဟုတ် သိရအောင် ငါ သွားကြည့်ဖို့ စီစဉ်ထားတယ်..."