ဓားချက်တစ်ချက်ဖြင့် ဝဲဂယက်လေးခုနောက်ဆုတ်သွား
Vol. 25 Ch. 343
အခန်း (၃၄၃) ဓားချက်တစ်ချက်ဖြင့် ဝဲဂယက်လေးခုနောက်ဆုတ်သွား
ချန်ရှီက အနည်းငယ် အံ့အားသင့်သွားပြီး…
"နာမ်ဝိညာဉ်ရောင်ပြန်ပညာပဲ"
ဟု ရေရွတ်လိုက်၏။
ဟုတ်ပေ၏။
ကျန်းလန်က နာမ်ဝိညာဉ်ရောင်ပြန်ပညာကို အသုံးပြုကာ ကျိုးကျုန်းထျန်းပုံရိပ်ကို ဖန်တီးထားခြင်း ဖြစ်၏။
"ဒီအစီအရင်က သေရည်ဆိုင်ရှင်နဲ့ ဘယ်လိုလုပ်ပတ်သက်… ဒါ… ဒါက…"
ချန်ရှီ စကားဆုံးအောင် မပြောတော့ပေ။
ဤအစီအရင်ကို ပြုလုပ်သူက သေရည်ဆိုင်ရှင်မှ အဘိုးအိုမဟုတ်လျှင် နဝမတောင်ထွတ်မှ ကောင်လေးပင် ဖြစ်ရပေမည်။
အဘယ်ကြောင့်ဆိုသော် နာမ်ဝိညာဉ်ရောင်ပြန်ပညာကို အသုံးပြုတတ်သူဆို၍ သူတို့ (၂)ဦးသာ ရှိသည် မဟုတ်ပါလား။
လျိုကျင်းသည်လည်း အနည်းငယ် အံ့အားသင့်သွားပြီး…
"ကျန်းလန်ကို ဒီလောက်တော်မယ်လို့ ထင်မထားမိဘူး"
နာမ်ဝိညာဉ်ရောင်ပြန်ပညာကို တတ်ကျွမ်းခြင်းက ချီးကျူးထိုက်ဖွယ်ဖြစ်သော်လည်း နာမ်ဝိညာဉ်ရောင်ပြန်ပညာကို အစီအရင်နှင့်ပေါင်းစပ်အသုံးပြုနိုင်ခြင်းက အထင်ကြီးစရာကောင်းလှသည်။
မြောင်ယွဲ့က တောင်ထိပ်တွင်ရပ်နေသည့် ကျိုးကျုန်းထျန်းပုံရိပ်ကို လှမ်းကြည့်လိုက်သည်။ သူမလည်း အနည်းငယ် အံ့အားသင့်လျှက် ရှိ၏။
အစပိုင်းတွင် သူမက ကျန်းလန်ကို အနည်းငယ် ရှေးရိုးစွဲရှိသူတစ်ယောက်ဟု ထင်ခဲ့မိသည်။ အစီအရင်ကို အသုံးပြုပြီး ရန်သူကိုကာကွယ်ရန်သာ အာရုံစိုက်မည်ဟု တွေးခဲ့မိသည်။
သို့သော် သူမ မှားသွားခဲ့သည်။
ကျန်းလန်က ကာကွယ်ရန်သာမက တိုက်ခိုက်ရန်ပါ ရွေးချယ်ခဲ့သည်။
"ဟ… ဒီကောင်က ကျုပ်ကို ဝင်တိုက်စေချင်နေတာလား"
ကျိုးကျုန်းထျန်းမှာ တောင်ထိပ်မှ သူနှင့် ပုံစံတူလူရိပ်ကိုကြည့်ရင်း အံ့သြမှင်တက်စွာပြောလိုက်သည်။
သူ၏အသွင်အပြင်မှာ စူးရှတောက်ပသောမျက်ဝန်းများဖြင့် အမှန်တကယ်ပင် ထိတ်လန့်ဖွယ်ရာ ဖြစ်သည်။ ထို့ပြင် သူ မတုံ့ပြန်မီမှာပင် ထိုပုံရိပ်က တိုက်ခိုက်မှုကို စတင်လိုက်သည်။
ပုံရိပ်က ဓားကို ဆွဲထုတ်လိုက်၏။
ကောင်းကင်တစ်ခုလုံး ဓားအလင်းတန်းများဖြင့် ဖုံးလွှမ်းသွားပြီး ဓားဝိညာဉ်က လောကတစ်ခုလုံးကို ထိုးဖောက်သွားသည်။
ကျိုးကျုန်းထျန်းပုံရိပ်ကိုင်ထားသည့် လက်ထဲမှဓားသည် လောကကြီးတစ်ခုလုံးသို့ ပြည့်နက်သွားသည်။ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပျံ့နှံ့လာသည်။
သူက ဓားကို ပင့်တင်လိုက်သည်။ မြင်ကွင်းတစ်ခုလုံးကို ဓားဖြင့် သိမ်းပိုက်လိုက်သည်။
ဓားသွားက အရာအားလုံးကို ဖြတ်ကျော်ပြီး ကောင်းကင်ထက် အဆုံးမဲ့အကွာအဝေးသို့ ဖြတ်ကျော်သွားသည်။
"ဘုန်း"
ဓားသွားက ဝဲဂယက်များကို ခုတ်ပိုင်းချလိုက်သည်။
"ဝှစ်"
ဓားသွားက လေထုတစ်ခုလုံးကို ခုတ်ပိုင်းပစ်လိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး တစ်စပြင်အလား တိတ်ဆိတ်မှုက ပျံ့နှံ့သွား၏။
ဓားသွားက ဝဲဂယက်များကို ရိုက်ချလုဆဲဆဲတွင် ဝဲဂယက်များ ရပ်တန့်သွားပြီး နောက်ပြန်ဆုတ်သွားကြသည်။ ဝဲဂယက် (၄)ခုလုံးက တစ်ချိန်တည်း နောက်ပြန်ဆုတ်သွားကြခြင်းပင်။
"ဝှစ်"
ဘာမှ မဖြစ်ခဲ့သလိုပင် ဓားအလင်းရောင် ထွက်ပေါ်လာသည်။
သို့ပေသိ…
ဝဲဂယက် (၄)ခုကတော့ နောက်ဆုတ်သွားကြပြီ ဖြစ်သည်။
အားလုံး အံ့သြမှင်တက်သွားကြသည်။
လင်စီးယာနှင့် အခြားသူများမှာ ဘာဖြစ်သွားသည်ကို နားမလည်လိုက်ကြပေ။
လုကျန်းကတာ့ ဓားကိုဝှေ့ယမ်းနေသည့် ဆရာဖြစ်သူ၏ ပုံရိပ်ကို ကြည့်နေ၏။ ဆရာဖြစ်သူ၏ မျက်နှာက ပြုံးလျှက် ရှိလေသည်။
"ရူးသွပ်မှုပဲ ၊ ဒါက ရူးသွပ်မှုပဲ"
ဓားချက်တစ်ချက်က ဝဲဂယက် (၄)ခုကို ကြောက်ရွံ့သွားစေသည်တဲ့လား။
ပိုပြီးအရေးကြီးသည်မှာ ထိုဓားက ဆရာဖြစ်သူ၏ ဓားချက် မဟုတ်ပေ။ သူ့ဆရာဆိုလျှင်တောင်မှ ထိုမျှလောက် ရလဒ်ကောင်းမည် မဟုတ်ပေ။
အများဆုံး ဓားချက်တစ်ချက်တွင် ဝဲဂယက်တစ်ခုလောက်သာလျှင် နောက်ဆုတ်သွားမည် ဖြစ်သည်။
ယခု ပုံရိပ်ကတော့ အလွန်အံ့သြစရာကောင်းလှသည်။ ထိုအရာကို မည်သူ ပြုလုပ်ထားခဲ့ပါသနည်း။
"ဒါ မျှော်လင့်မထားမိဘူး"
ပေဖန်းက အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
ဟုန်လွမ်ကလည်း အံ့သြတုန်လှုပ်စွာဖြင့်…
"ဒီအစီအရင်က ကျောက်စိမ်းရေကန်မှာ ပြုလုပ်ထားတဲ့ အစီအရင် မဟုတ်လား"
လင်စီးယာက…
"ဂိုဏ်းတူအစ်မလုန်ယွိပြီးရင် ကျောက်စိမ်းရေကန်ကို ဝင်နိုင်တဲ့သူဆိုလို့ ဂိုဏ်းတူမောင်လေး ကျန်းလန်ပဲ ရှိတယ်… ၊ ဒါဆို…"
သူမ ကျန်းလန်ကို လျှော့တွက်ခဲ့မိလေပြီဟု ရုတ်ချည်းပင် လင်စီးယာ ခံစားလိုက်ရသည်။
လင်အန်းက…
"အစီအရင်ပညာပါရမီရှင်တွေမှာ တကယ့်ကို အထင်ကြီးလောက်စရာ အတွေးအခေါ်တွေ ရှိတာပဲ ၊ ပြောရမယ်ဆိုရင် မင်းတို့တွေ ပဉ္စမတောင်ထွတ်က အစီအရင်တောင်ကုန်းမှာ ရေးထားတဲ့ စာကြောင်းကို မှတ်မိကြသေးလား"
"ဇွဲရှိသူကို ကောင်းကင်ဘုံက ဆုချမည်… "
ထိုခဏမှာပင် ထိုစကားလုံးများနောက်ကွယ်မှ ပုဂ္ဂိုလ်မှာ မည်သူဖြစ်ကြောင်း သူတို့အားလုံး ရိပ်မိလိုက်ကြသည်။
"ဇွဲရှိသူကို ကောင်းကင်ဘုံက ဆုချမည်… "
ထိုစာကြောင်းကို ရေးခဲ့သူမှာ သေချာပေါက် နဝမတောင်ထွတ်မှ ဂိုဏ်းတူညီလေး ကျန်းလန်ပင် ဖြစ်ရပေမည်။ ကျန်းလန်က ပါရမီရှင်တစ်ယောက် မဟုတ်သော်လည်း ပါရမီရှင်များကို အမှီလိုက်နိုင်သူ ဖြစ်သည်။
လူတစ်ယောက်တွင် လုံလောက်သည့် ရင်းမြစ်ပစ္စည်းများရရှိလျှင်တောင်မှ မနားတမ်း ကြိုးစားကျင့်ကြံရန် လိုအပ်ကြောင်း ကျန်းလန်က သက်သေပြနေသည် မဟုတ်ပါလား။
***
"ဒီဓားချက်က အတော်လေးအထင်ကြီးစရာကောင်းတာပဲ"
ကျန်းလန်ပြုလုပ်ထားသည့် နာမ်ဝိညာဉ်ရောင်ပြန်ပညာဖြင့်ပြုလုပ်ထားသော မြင်ကွင်းကိုကြည့်ပြီးနောက် ကျိုးကျုန်းထျန်းပင် အနည်းငယ် စိတ်လှုပ်ရှားသွားရသည်။
ထိုဓားချက်က လောကကြီးတစ်ခုလုံးကို သိမ်းပိုက်သွားခဲ့သည်။
တာအိုအငွေ့အသက်များလုံးဝမရှိဘဲ ဓားဝိညာဉ်သာလျှင် ရှိသည်။
ဓားချက်ကလည်း အမှန်တကယ် အထင်ကြီးလောက်စရာပင်။
လျိုကျင်းက ကျန်းလန်ရှိရာသို့ လှမ်းကြည့်လိုက်ရင်း...
"ကျန်းလန် ဒီလောက်ထိလုပ်နိုင်မယ်လို့ ကျုပ် မျှော်လင့်မထားမိဘူး"
သူက ဆက်မေးလိုက်သည်။
"ဒါတွေအားလုံးကို သူတစ်ယောက်တည်း လုပ်ထားတာလား"
မြောင်ယွဲ့က...
"အခြားသူတွေ ကူလုပ်ပေးချင်တယ်ဆိုရင်တောင်မှ ကျောက်စိမ်းရေကန်ထဲ ဝင်လို့မရဘူးလေ"
လျိုကျင်းက...
"သူကိုယ်တိုင် လေ့လာပြီး ပြုလုပ်ထားတာလား ၊ ဒါမှမဟုတ် တစ်ယောက်ယောက်က သင်ပြပေးလိုက်တာလား"
တောင်သခင်များ ယနေ့ ဤနေရာသို့ ရောက်လာခြင်းမှာ တစ်စုံတစ်ခု အန္တရယ်ရှိလာမည်ကို သိသောကြောင့် ဖြစ်၏။
သို့သော် တကယ်တမ်း မျက်နှာပြင်ပေါ် ထွက်ပေါ်လာမည့် ပြဿနာကြီးတစ်ခု ဖြစ်လာမည်ဟုတော့ သူတို့ မမျှော်လင့်ခဲ့ကြပေ။
ယခုလည်း ပြဿနာကို အစီအရင်ဖြင့်ပင် အကောင်းဆုံးဖြေရှင်းနိုင်ခဲ့သည်။
ထိုပြင် ကျန်းလန်က မည်သည့် အပိုစွမ်းအားကိုမှလည်း အသုံးမပြုခဲ့သလို မည်သည့်အရာကိုမှလည်း ထိခိုက်ခြင်း မရှိခဲ့ပေ။
ထို့ကြောင့်ပင် တောင်သခင်များသည်လည်း လှုပ်ရှားစရာ မလိုအပ်ခဲ့ပေ။
ထိုမျှလွယ်လွယ်ကူကူ ဖြေရှင်နိုင်မည်ဟု မထင်ခဲ့မိကြပေ။
မြောင်ယွဲ့က...
"ကျောက်စိမ်းရေကန်နတ်ဘုရားမက ခွန်လွန်တောင်အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ ကျွန်မတို့အားလုံး သိကြတာပဲလေ ၊ ဒါကို ပြင်ပကလူတွေကလည်း နားလည်တာပဲ ၊ ဆိုတော့ လုန်ယွိရဲ့ ခင်ပွန်းလောင်းဖြစ်တဲ့ ကျန်းလန်လည်း နားလည်တာပဲပေ့ါ"
"ကျန်းလန်က နဝမတောင်ထွတ်မှာ အစီအရင်တွေ အများကြီးလုပ်ထားတယ် ၊ ပြီးတော့ သူက ကျောက်စိမ်းရေကန်နတ်ဘုရားမ ရင်ဆိုင်ရမယ့် မိုးကောင်းကင်စမ်းသပ်ခံရခြင်းအတွက်လည်း လုံလောက်တဲ့ပြင်ဆင်မှုတွေ အများကြီး လုပ်ထားပေးတယ်"
"ပြီးတော့ ဒီအချိန် ပြင်ပကလာတဲ့ အန္တရယ်ဆိုတာက ခွန်လွန်တောင်ရဲ့ မိုးကောင်းကင်လျှို့ဝှက်ချက်တွေကို ခိုးကြည့်ချင်ရုံထက် ဘာမှမပိုပါဘူး ၊ ကျန်းလန် အဲဒါကို ကာကွယ်ဖို့ အရံအစီအရင်တစ်ခု လုပ်ထားတယ်ဆိုတာ ကျွန်မရိပ်မိတယ် ၊ ဒါပေမဲ့ အဲဒီဝဲဂယက်တွေကို တကယ်ပဲ ကြောက်ရွံ့သွားစေမယ်လို့ ထင်မထားမိဘူး"
သူမ၏စကားသံက ချီးကျူးမှုများဖြင့် ပြည့်နက်နေသည်။
ကျူးချင်က အနည်းငယ် အံ့အားသင့်သွားရင်း…
"ကျန်းလန်က အရင်က ကျွန်မကြးထားတဲ့ သတင်းတွေနဲ့ မတူဘူးပဲ ၊ သူက တံခါးပိတ်ကျင့်ကြံဖို့ကလွဲပြီး ဘာမှ နားမလည်တဲ့သူလို့ ကျွန်မက ထင်ထားခဲ့တာ"
"ဟားဟား"
မြောင်ယွဲ့က ရယ်မောလိုက်သည်။
"ငါ ပြောခဲ့သလိုပဲလေ ၊ သူ့မှာ ဖုံးကွယ်ထားတဲ့အရာတွေ အများကြီးရှိတယ် ၊ သူ့ကို အထင်သေးမိတဲ့သူကတော့ တန်ဖိုးကြီးကြီးပေးဆပ်ရမှာပဲ"
ခဏနားပြီးမှ သူမက ဆက်ပြောသည်။
"အခု မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ရတဲ့သူက သူ့ဇနီးလောင်းဆိုတော့ ကျန်းလန် ရှိသမျှပညာတွေ အကုန်ထုတ်သုံးပြီး အစီအရင်ကို ပြုလုပ်ပေးထားတာလေ ၊ အစီအရင်ပညာမှမဟုတ်ဘူး ၊ သူက အခြားပညာတွေမှာလည်း ဒီလိုမျိုးတော်နေနိုင်သေးတယ်"
ပြောပြီးသည်နှင့် မြောင်ယွဲ့ စကားဆက်မပြောတော့ပေ။
ကျန်းလန်တွင် အခြားမည်သည့်အရည်အချင်းများ ရှိနေသေးသည်ကို မည်သူမှ မသိရှိနိုင်ပေ။ သို့ဖြစ်ရာ သူတို့အားလုံးအနေဖြင့် ကျန်းလန်ကို လျှော့မတွက်သင့်တော့ပေ။
"ဘုန်း"
ထိုအချိန်…
နဂါးပျံသန်းတန်ခိုးစွမ်းအားက အစိတ်စိတ်အမွှာမွှာကွဲကြေသွားပြီး ရာနှင့်ချီသည့် အကာအရံဒိုင်းလွှားများသည်လည်း ပြိုကွဲပျက်စီးသွားသည်။
ကျူးချင်က ကောင်းကင်ထက်မှ မိုးကြိုးတိမ်တိုက်များကို လှမ်းကြည့်လိုက်ရင်း…
"ဒါက အဋ္ဌမမြောက် မိုးကြိုးကပ်ဘေးပဲ ၊ အခုချိန်ထိတော့ ဘာပြဿနာမှ မရှိဘူး"
လုန်ယွိ မိုးကောင်းကင်စမ်းသပ်ခံရခြင်းက ပြီးဆုံးတော့မည် ဖြစ်သည်။ အခြေအနေကလည်း အေးအေးဆေးဆေး ဖြစ်သွားလေပြီ။
နောက်ထပ် အနှောက်အယှက် တစ်စုံတစ်ရာ ရှိလာပါက တောင်သခင်များက တိုက်ခိုက်ရန် အသင့်ပြင်ထားခဲ့ကြသည်။ သို့သော် နောက်ဆုံးအခိုက်အတန့်အထိ မည်သည့်ပြဿနာမှ ဖြစ်မလာခဲ့တော့ပေ။
"ဘုန်း"
အဋ္ဌမမြောက်မိုးကြိုးကပ်ဘေးဆင်းသက်လာသည်နှင့် လုန်ယွိက နဂါးတစ်ဝက်အသွင်ပြောင်းလဲသွားပြီး သူမခန္ဓာကိုယ်ပတ်ပတ်လည်တွင် နဂါးပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
"ဘုန်း"
မိုးကြိုးကပ်ဘေးက သူမခန္ဓာကိုယ်ထက်သို့ ကျရောက်လာသည့် အခါ သူမ ပတ်ဝန်းကျင်မှ နဂါးအရိပ်က ပြိုကွဲသွားပြီး သူမခန္ဓာကိုယ်ထက်တွင်တော့ ဒဏ်ရာအနည်းငယ် ရရှိသွားသည်။
သူမ အောင်မြင်လုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ပြီး မိုးကောင်းကင်စမ်းသပ်ခံရခြင်း၏ နောက်ဆုံး မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။
ကျန်းလန်ကတော့ စိတ်မအေးနိုင်သေးဘဲ အခြေအနေကို အဆက်မပြတ် ကြည့်နေမိသည်။
တစ်စုံတစ်ခု မတော်တဆဖြစ်ခဲ့ပါက ကာကွယ်နိုင်ရန် ကောင်းကင်ထက်မှ မိုးကြိုးတိမ်တိုက်များကိုလည်း သူ အကဲခတ်နေသည်။
"ဘုန်း"
နောက်ဆုံး မိုးကြိုးကပ်ဘေး ထွက်ပေါ်လာတော့မည် ဖြစ်သည်။
လုန်ယွိ တန်ခိုးစွမ်းအားများကို စုစည်းလိုက်ပြီး နဂါးဟိန်းသံတစ်ချက် ပြုလုပ်လိုက်သည်။ ထို့နောက် သူက ကောင်းကင်ထက်သို့ ထိုးဖောက်ဝင်ရောက်သွားသည်။
"ဘုန်း"
တန်ခိုးစွမ်းအား (၂)ခု ထိပ်တိုက်တွေ့သွားပြီးနောက် စွမ်းအားများ ပျောက်ကွယ်သွားကြသည်။
ထို့နောက် လုန်ယွိက ကောင်းကင်ထက်မှ ကျောက်စိမ်းရေကန်ဆီသို့ ဖြည်းညင်းစွာပင် ဆင်းသက်လာသည်။ သူမ၏ခန္ဓာကိုယ်ထက်တွင် ဒဏ်ရာအနည်းငယ် ရရှိထားသည့်တိုင် သူမ အဆင်ပြေလေသည်။
ထိုအခါမှ ကျန်းလန်သည်လည်း စိတ်သက်သာရာရသွားပြီး သက်ပြင်းချနိုင်တော့သည်။
ကောင်းကင်ထက်မှ မိုးကြိုးတိမ်တိုက်များ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ကျောက်စိမ်းရေကန်တွင် မြူခိုးများ ပြန်လည်ထွက်ပေါ်လာသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ကျောက်စိမ်းရေကန်သည် မြူခိုးများအကြား ပျောက်ကွယ်သွားပြီး မည်သူမှ ကျောက်စိမ်းရေကန်ကို တွေ့မြင်ရခြင်း မရှိတော့ပေ။
ကျန်းလန်လည်း အခြားသူများနှင့်အတူ ဓားကိုစီးနှင်ကာ ကျောက်စိမ်းရေကန်မှ ထွက်ခွာလာခဲ့သည်။ အဋ္ဌမမင်းသားကလည်း သူ့နံဘေးမှ လိုက်လာ၏။
"ယောက်ဖ… ၊ မင်းလုပ်ထားတဲ့အစီအရင်ကတော့ တကယ့်ကို ကောင်းလွန်းတယ်ဗျာ"
အဋ္ဌမမင်းသားက ရိုးရှင်းစွာပင် ချီးကျူးစကားဆိုသည်။
ရန်သူဘက်မှ ဝဲဂယက် (၄)ခုကို အစီအရင်က တိုက်ခိုက်လိုက်သည်မှာ လုန်မန်မျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့သည်။
ကျန်းလန်က မည်သည့်စကားမှ မဆိုဘဲ ခေါင်းညိတ်ပြလိုက်သည်။
အမှန်တော့ အစီအရင်မှ တိုက်ခိုက်ခြင်းထက် သူတို့ကိုယ်တိုင်က ခွန်လွန်တောင်ကို ကြောက်လန့်ပြီး အဝေးသို့ ပြေးသွားကြခြင်း ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် လက်ရှိမှာတော့ တန်ခိုးစွမ်းအား ပိုမိုမြင့်မားလာစေရန် ကျင့်ကြံခြင်းက သူ့အတွက် အရေးကြီးဆုံးအချက် ဖြစ်သည်။
အချိန်အတန်ကြာ တံခါးပိတ်ကျင့်ကြံပြီးလျှင်တော့ သူက မိုးကောင်းကင်အင်မော်တယ် ၊ အလယ်ဆင့်သို့ တက်ရောက်နိုင်တော့မည် ဖြစ်ပေ၏။