အခန်း (၃၁၁-၃၁၂)
Vol. 32 Ch. 311-312
အခန်း (၃၁၁) - ခဲလေသမျှ သဲရေကျ (သို့မဟုတ်) မင်လုံယွီ၏ အခြေခံတည်ဆောက်ခြင်းအိပ်မက်
"ဒီတစ်လုံးတော့ အပိုင်ရမှဖြစ်မယ်"
"ဝိညာဉ်ကျောက်တုံး တစ်ထောင်"
"တစ်ထောင်ငါးရာ"
"သုံးထောင်"
"ငါးထောင်ငါးရာ"
ဒုတိယမြောက် အခြေတည်ဆေးလုံးအား လေလံ တင်လိုက်သည်နှင့် တပြိုင်နက် သူ့ထက်ငါ အကျိတ်အနယ် လုကြတော့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် လော့ချန် အစောပိုင်းက ပေးချေခဲ့သော ပထမဆေးလုံး ဈေးထက် ကျော်လွန်သွားတော့သည်။
ထိုအထဲတွင် အသေအကြေ ဈေးပြိုင်နေသူ သုံးဦးရှိသည်။ ထိုသူများမှာ နှင်းကြာပန်း ဈေးမြို့တော်မှ မျိုးနွယ်စုဝင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၊ ပထမဆေးလုံး လေလံတင်စဥ်က လော့ချန်နှင့် အပြိုင် လေလံဆွဲခဲ့သည့် ချီသန့်စင်အထွတ်အထိပ်အဆင့်ရှိ တစ်ကိုယ်တော်ကျင့်ကြံသူနှင့် တတိယတစ်ဦးမှာမူ လီရီရှန်း ဖြစ်လေသည်။
"ရှောင်အောက်.... ဟိုအရင် ရှစ်နှစ်လောက်တုန်းက ဒေါ်လေး မင်းအတွက် အခြေတည်ဆေးလုံးတစ်လုံး ဝယ်ထားခဲ့တယ်.... ဒါပေမယ့် တစ်လုံးတည်းနဲ့တော့ သိပ်စိတ်မချရဘူး.... တွမ်မျိုးနွယ်စုက တွမ်ရွှေဖြစ်သွားတာပဲကြည့်.... အဲဒါကို သင်ခန်းစာယူပြီး အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်ရင် ပေါ့ပေါ့လေး မတွေးနဲ့.... အခု ဒီအခြေတည်ဆေးလုံးကို မင်းအတွက် ငါ မရ ရအောင်ယူပေးမယ်...."
ထို့နောက် သူမ လေသံကိုမြှင့်၍ အော်လိုက်သည်။
"ဝိညာဉ်ကျောက်တုံး ခြောက်ထောင်"
ဤဈေးနှုန်းမှာ တာဟဲဈေးမြို့တော်တွင် တစ်ကိုယ်တော်ကျင့်ကြံသူများကို ရောင်းချပေးလေ့ရှိသော အခြေခံပေါက်ဈေးပင် ဖြစ်သည်။
"ခြောက်ထောင်တစ်ရာ"
နှင်းကြာပန်းဈေးမြို့တော်မှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကလည်း အလျှော့မပေးလိုပေ။
"ခြောက်ထောင်နှစ်ရာ"
ချီသန့်စင်အထွတ်အထိပ်အဆင့်ရှိ တစ်ကိုယ်တော်ကျင့်ကြံသူမှာမူ သွေးတက်နေပြီဖြစ်သည်။
လီရီရှန်းမှာ အေးစက်တည်ငြိမ်လှသည်။ သူမ ရွှေမီးဓားကို ဈေးမပြိုင်ဘဲ လက်ရှောင်ခဲ့ခြင်းမှာ ဤအတွက်ကြောင့်ပင်ဖြစ်သည်။ လီမျိုးနွယ်စု၏ နှစ်ပေါင်းများစွာ စုဆောင်းလာသော ပိုင်ဆိုင်မှုများသည် အခြေတည်ဆေးလုံးတစ်လုံးလောက်တော့ အသာလေးဝယ်ယူနိုင်စွမ်းရှိသေးသည်။
"ခြောက်ထောင်ငါးရာ"
"ခြောက်ထောင်ခြောက်ရာ"
"ခြောက်ထောင်ခုနစ်ရာ"
"ခုနစ်ထောင်"
လီရီရှန်းက အကျောမခံ ဈေးကို ထပ် ထပ်တိုးပေးနေသဖြင့် နှင်းကြာပန်းဈေးမြို့တော်မှ ကျင့်ကြံသူမှာ တွန့်ဆုတ်သွားပြီး နောက်ဆုံးတွင် လက်လျှော့လိုက်တော့သည်။ ကျန်သော တစ်ကိုယ်တော်ကျင့်ကြံသူမှာမူ အလျှော့မပေးသေးဘဲ ဈေးထပ်တိုးပေးရန် ဟန်ပြင်လိုက်သည်။
သို့သော် ရုတ်တရက် လူအုပ်ကြားမှ ဖောက်ထွက်လာသော ဝိညာဉ်အာရုံစွမ်းအင် တစ်ခုသည် ထိုကျင့်ကြံသူအား ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပစ်မှတ်ထားကာ လွှမ်းမိုးလိုက်လေသည်။ ထိုခဏမှာပင် သူ့မျက်နှာမှာ သေလူကဲ့သို့ ဖြူလျော့သွားပြီး ပါးစပ်ဟောင်းလောင်းဖြင့် အသံထွက်မလာဘဲ ထိုင်ခုံပေါ်သို့ အားပျက်စွာ ဖင်ထိုင်ရက်သား ကျသွားသည်။
သူ့ဘေးမှ အဖော်ဖြစ်သူက စိတ်မကောင်းဖြစ်ဟန်ဖြင့် "မင်းကလဲကွာ.... သိပ်မလောပါနဲ့.... တတိယတစ်လုံး ကျန်သေးတာပဲ.... စိတ်ဓာတ်မကျနဲ့ ဟုတ်ပြီလား....” ဟု နှစ်သိမ့်ပေးလိုက်သော်လည်း သူကမူ ခါးသီးစွာ ပြုံးလိုက်ရုံမှတစ်ပါး ဘာမှ ပြန်မပြောနိုင်တော့ပေ။
တာကျန်းဂိုဏ်း၏ သီးသန့်ခန်းအတွင်း၌ မင်လုံယွီသည် အခြေတည်ဆေးလုံး တစ်လုံးပြီးတစ်လုံး သူများလက်ထဲပါသွားသည်ကို ကြည့်ပြီး ထိတ်လန့်နေသည်။
"ဂိုဏ်းချုပ်ခင်ဗျ.... ဆေး.... ဆေးလုံးတွေ...."
ဝမ်ဟိုင်ချောင်က အပြောမခံပဲ ကြိုပိတ်လိုက်သည်။
"မင်းမမြင်ဘူးလားကွာ.... စောစောတုန်းက လီရီရှန်းက ရွှေမီးဓားကို ဈေးလိုက်မပြိုင်ဘဲ ငါ့အတွက် မျက်နှာသာပေးခဲ့တယ်၊ အခုဆေးလုံးကို သူအသည်းအသန်လိုချင်နေတာ.... ဒီတစ်ခါတော့ ငါလက်ရှောင်ပေးမှ ရမယ်ကွ...."
"ဒါ.... ဒါပေမဲ့...."
"ဟ.... မပူပါနဲ့ကွာ.... ဒီတစ်လုံးမရလဲ နောက်တစ်လုံးကျန်သေးတယ်၊ စိတ်ရှည်ရှည်ထားစမ်း...."
"အဲဒီနောက်တစ်လုံးကိုရော.... ကျွန်တော်တို့ ရပါ့ဦးမလားဗျာ...."
"ရစေရမယ်ကွာ.... နောက်တစ်လုံးကျရင် လေလံတင်တာနဲ့ သူများမပေးနိုင်တဲ့ ဈေးနဲ့ တန်းဝယ်ပေးမယ်.... ရပြီလား”
ထိုစကားကြောင့် မင်လုံယွီသည် ရေနစ်သူတစ်ယောက် ကောက်ရိုးတစ်မျှင်ကို ဆွဲကိုင်မိသကဲ့သို့ဖြစ်ကာ ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။
"ဟုတ်ကဲ့ ဂိုဏ်းချုပ်.... နောက်တစ်လုံးတော့ ရအောင်ယူကြမယ်ဗျာ...."
ဝမ်ဟိုင်ချောင်သည် အခြေခံတည်ဆောက်ခြင်းအဆင့် (၃) သို့ ရောက်ရှိနေပြီဖြစ်ရာ ကျင့်ကြံအဆင့် နောက်တစ်ဆင့်သို့တက်ရန် လက်တစ်ကမ်းသာ လိုတော့သည်။ အကယ်၍ နောက်ထပ်ဆေးလုံးတွင် သူသာ အရင်ဆုံး ဈေးခေါ်လိုက်ပါက မည်သည့်ကျင့်ကြံသူကမှ သူ့အား ကန့်ကွက်ရဲမည် မဟုတ်ဟု မင်လုံယွီ တထစ်ချ ယုံကြည်ထားလေသည်။
သူတို့အလိုရှိရာသို့ ရောက်ရန် လက်တစ်ကမ်းသာလိုတော့သည်။
....
“အမယ်.... အခြေတည်ဆေးလုံးက မဆိုးဘူးပဲ.... ဝိညာဉ်ကျောက်တုံး ခုနစ်ထောင် တောင်ရတာဆိုတော့...."
ဟော်ဟူသည် ထိုရလဒ်အပေါ် အလွန်ကျေနပ်သွားသည်။
"လေလံပွဲဆိုတာ ဒါပဲလေ.... ဒီလောက်စစ်တွေဖြစ် အစစအရာရာ ရှားပါးနေတဲ့ကာလကြီးမှာ ဘာမဆိုဈေးကြီးတာ ထုံးစံပဲ.... တောက် စောစောက ငါးထောင့်လေးရာပဲ ပေးတာတော့ ဟာသပဲ...."
အမှန်ဆိုရသော် ဟော်ဟူသည် လော့ချန်အား လေလံ ထပ်မဆွဲစေချင်တော့ပေ။ အကြောင်းမူ လော့ချန် တခါတခါ ဈေးခေါ်လိုက်တိုင်း ပါးပါးနပ်နပ် ဈေးခေါ်တတ်လေရာ သူတို့အဖို့ အမြတ်နည်းသွားမည်ကို တွေးပူနေရသည်။ လော့ချန်လုပ်ပုံမျိုးဖြင့် ဆိုပါက ဟော်ဟူ ဆိုသည် လေလံပွဲတစ်ခုကိုကောင်းကောင်း စီမံနိုင်သည့်အရည်အချင်းမရှိဟု အခြားသူများပင် အတင်းတုတ်ပေလိမ့်မည်။
ဟော်ဟူတစ်ယောက် ကျိတ်ပြုံးလိုက်ရင်း သူ၏ လက်ထဲမှ နောက်ဆုံးကျောက်စိမ်းပုလင်းလေးကို မြှောက်ပြလိုက်သည်။
"ကဲ.... ဒုတိယ အခြေတည်ဆေးလုံးမရတဲ့သူတွေ စိတ်မပူပါနဲ့.... ဟောဒီမှာ နောက်တစ်လုံးလာပါပြီ.... အားလုံးပဲ.... ဈေးခေါ်နိုင်ပါပြီ"
သူ့စကားမဆုံးခင်မှာပင် ဝမ်ဟိုင်ချောင်၏ အသံ ဟိန်းထွက်လာသည်။
" ငါး.... ထောင်"
"ဟာ.... လာပြန်ပြီ၊ နောက်ထပ် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူပါလား.... ဒီလူတွေထပ်ပါပြန်ပြီ.... တောက်”
‘ဒီတစ်ကြိမ်တော့ အပီနွှဲမည်’ ဟု မျှော်လင့်တကြီးစောင့်နေသော တစ်ကိုယ်တော်ကျင့်ကြံသူများမှာ စိတ်ပျက်သွားကြသည်။
ထို့နောက် ကျင့်ကြံသူတစ်ဦးသည် ဈေးခေါ်ရန် ပါးစပ်ဟမည် ကြံရုံရှိသေးသည်။ ဟင်္သာမင်း၏ အော်မြည်သံကဲ့သို့ စူးရှသော အသံတစ်သံ ထပ်ထွက်လာပြန်သည်။
"ခြောက်.... ထောင်"
ပါးစပ်အဟောင်းသားဖြစ်နေသော ထိုကျင့်ကြံသူသည် ဆေးလုံးရရန် မျှော်လင့်ချက်ဖြင့် လည်ပင်းရှည်အောင် စောင့်နေခဲ့သော်လည်း သူမပြိုင်နိုင်မှန်းသိသွားသည်။
“တောက်.... ဒီလောကကြီးက ငါ့အပေါ် တယ်ရက်စက်ပါလား...."
ထိုသူသည် အံတင်းတင်းကြိတ်ကာ လက်သီးဆုပ်လိုက်ပြီး အေးစက်စက်ထိုင်ခုံပေါ်သို့ အရုပ်ကြိုးပျက်ထိုင်ချလိုက်တော့သည်။
အလားတူပင် တာကျန်းဂိုဏ်း၏ သီးသန့်အခန်းအတွင်း ဝမ်ဟိုင်ချောင်သည် မျက်နှာ ပျက်နေပြီး သူ့နောက်လိုက် မင်လုံယွီမှာလည်း ဂနာမငြိမ် ဖြစ်လာသည်။
"လုပ်.... လုပ်ပါဦး ဂိုဏ်းချုပ်"
ဝမ်ဟိုင်ချောင်က စိတ်မကောင်းဖြစ်သည့်လေသံဖြင့် "ဟူး.... အခု ဈေးခေါ်လိုက်တာ ရွှေပံဖြန့်တောင်က ယွီရို့လေ.... သူက ယွီမျိုးနွယ်စုရဲ့ ခေါင်းဆောင်ကွ" ဟု ဆိုသည်။
"ဂိုဏ်းချုပ်ရာ.... ကျွန်တော့်ကိုလဲ သနားပါဦးဗျာ" မင်လုံယွီသည် သူ့အား တောင်းပန်တိုးလျှိုးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ကျွတ်.... ကျွတ်.... အေးကွာ.... မင်းအဖြစ်ကလဲ တော်တော်စိတ်မကောင်းစရာပဲ၊ နေဦး…. ဈေးထပ်ခေါ်ကြည့်လိုက်မယ်.... ရ မရ ကတော့ ကံပေါ့ကွာ "
"ခုနစ်ထောင် ပေးမယ်ကွာ"
ဝမ်ဟိုင်ချောင်၏ မဝံ့မရဲအသံလေး ထွက်လာသည်။ အစောပိုင်းများကဲ့သို့ အားကြိုးမာန်တက်မရှိတော့ဘဲ ဟင်းခိုးစားမိသော ကြောင်တစ်ကောင်ကဲ့သို့ သတိအနေအထားဖြင့် ဟိုကြည့် ဒီကြည့် လုပ်နေသည်။
ယွီမျိုးနွယ်စုဘက်တွင်လည်း တိုးတိုးကျိတ်ကျိတ် ဆွေးနွေးနေကြသည်။
"ခေါင်းဆောင်ယွီ.... ဒီတစ်ခါတော့ ရမှ ဖြစ်မယ်.... ဦးလေးတို့ မျိုးနွယ်စုက ဟော်မျိုးနွယ်စုနဲ့ မဟာမိတ်လက်ထပ်ပွဲ ကျင်းပဖို့ နီးနေပြီ.... ဘာပြောပြော ဦးလေးတို့ဘက်က ချူးချူးက မျက်နှာငယ်လေးနဲ့ သူများ အသိုင်းအဝိုင်းထဲ ဝင်ပြီး အနှိမ်ခံရမယ့်အဖြစ်မျိုး မလိုချင်ဘူး.... ဒီဆေးလုံးကိုသာ လေလံအောင်ရင် ချူးချူး ကျင့်ကြံအဆင့်တက်ဖို့ သေချာသလောက်ပဲ.... သူ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်မှ ဟော်မျိုးနွယ်စုမှာ သူ့စကားက အရာရောက်မှာ...."
ယွီရို့က စိတ်ရှည်စွာ နားထောင်ပြီး ခေါင်းညိတ်လိုက်သည်။
"ဦးလေး ပြောတာ မှန်တယ်၊ ကျွန်မ အစက အဲဒီလောက် အသေးစိတ်မစဥ်းစားမိဘူးရှင်.... စိတ်ချပါ၊ ကျွန်မ မရ ရအောင်ကြိုးစားပါ့မယ်...."
"ခုနစ်ထောင့်တစ်ရာ"
သူမ၏ အသံမှာ ကြည်လင်ပြတ်သားလှ၏။ ဝိညာဉ်ကျောက်တုံး တစ်ရာသာ ပိုတိုးလိုက်ခြင်း ဖြစ်သော်လည်း သူမ၏ လေသံမှာ အလွန်ခိုင်မာလှရာ ပြိုင်ဘက်အား ရေကုန်ရေခမ်း နိုင်အောင်လိုက်မည့် အမူအရာပေါ်နေသည်။
အခြေအနေကို အကဲခတ်မိသော ဝမ်ဟိုင်ချောင်တစ်ယောက် ယတိပြတ် လက်လျှော့လိုက်တော့သည်။ သူသည် မင်လုံယွီ၏ မျက်နှာငယ်လေးကို ကြည့်ရင်း သေချာတွေးဆကာ ပြောလိုက်သည်။
"ငါတို့ လက်လျှော့မှ ရတော့မယ်.... ယွီမျိုးနွယ်စုက ဟော်မျိုးနွယ်စုနဲ့ ရွှေလမ်းငွေလမ်းခင်းနေတာ လူတိုင်း အသိပဲ.... ငါ သူတို့အုပ်စုတွေနဲ့ အဖုအထစ် မဖြစ်ချင်ဘူး၊ ငါတို့တာဟဲသားတွေက ဒီမှာတော့ လူသစ်တွေပဲ၊ အခြေတည်ဆေးလုံး အကုန် မ သွားရင် ဒီကလူတွေဘယ်လိုမြင်မလဲ မင်းစဥ်းစားကြည့်ကွာ.... ချစ်စကို ရှည်စေ မုန်းစကို တိုစေတဲ့...."
"ရှောင်ယွီလေး...."
ဝမ်ဟိုင်ချောင် မည်မျှတရားချချ မင်လုံယွီ နားထဲ တစ်လုံးမှ မဝင်တော့ပေ။ မင်လုံယွီသည် ဘေးမှနံရံကြီးကို အရုပ်ကြိုးပျက်မှီထားကာ ကြောင်စီစီ မျက်လုံးများဖြင့် ငေးမိငေးရာ ငေးနေသည်။ ဝမ်ဟိုင်ချောင်လည်း ဒီကောင် ရူးများသွားပြီလား ဟု တွေးပြီး မနားတမ်းတရစပ် လှုပ်ခေါ်တော့သည်။
ခဏအကြာ "ကျွန်တော် တစ်ယောက်တည်း ခဏလောက် နေပါရစေ" ဟူသော လေသံပျော့ကို ကြားမှ ဝမ်ဟိုင်ချောင် သက်ပြင်းချနိုင်တော့သည်။
"အေးပါ.... အေးပါ.... မင်း နားလိုက်ဦးနော်.... အရမ်းကြီးလဲ သောကရောက်မနေပါနဲ့.... တချို့အရာတွေက ဇွတ်လုပ်လို့ မရဘူးကွ၊ ကံပေါ်မှာလည်း မူတည်သေးတယ်၊ ကျင့်ကြံတယ်ဆိုတာ ဒီလိုပါပဲ.... စိတ်ဓာတ်မကျပါနဲ့ ကွာ.... နောက်အခွင့်အရေးတွေ ထပ်လာဦးမှာ.... လေလံပွဲအသေးလေးတွေ တစ်နှစ်တစ်ခါ ရှိတယ်၊ အကြီးစားပွဲတွေဆိုလဲ ဆယ်နှစ်တစ်ကြိမ် ရှိနေတာပဲကို.... ပြီးတော့...."
ဝမ်ဟိုင်ချောင်တစ်ယောက် ကျားသားမိုးကြိုး မနားတမ်းတရားချနေသည်။ သူတစ်သက်တွင် ဤမျှလောက် စကားများများကို ပြောခဲလှသည်။ တခြားသူသာဆိုလျှင် သူဤမျှလောက် စိတ်ရှည်မည် မဟုတ်သော်လည်း မင်လုံယွီ မှာမူ အစီအရင်ပိုင်းတွင် ကျွမ်းကျင်သူဖြစ်ပြီး မျိုးနွယ်စု နောက်ခံလည်းမရှိသဖြင့် သူ့ဘက်တော်သားအဖြစ် အပိုင်ကိုင်ထားမှ ရပေမည်။ ဝမ်ဟိုင်ချောင်အဖို့မူ လေလံပွဲတွင် မင်လုံယွီအတွက် အတတ်နိုင်ဆုံး လုပ်ပေးခဲ့ပြီးဟု သူ့ကိုယ်သူ ယူဆသည်။ ကံမကောင်းအကြောင်းမလှ၍သာ အဆင်မချောခဲ့ခြင်းဖြစ်လေသည်။
ဝမ်ဟိုင်ချောင်သည် လူသေပမာ မလှုပ်မယှက်ရှိနေသော မင်လုံယွီအား အလိုက်ကန်းဆိုးမသိ အကြာကြီး ဖျောင်းဖြပြီးနောက် “အေးကွာ.... ဘယ်တတ်နိုင်မလဲ.... ကျင့်ကြံတယ်ဆိုတာ ဒီလိုပါပဲကွာ” ဟူသော လက်စွဲဆောင်ပုဒ်ဖြင့် နိဂုံးချုပ်လိုက်လေသည်။
....
ထိုကဲ့သို့ ဝမ်ဟိုင်ချောင်တို့ အရေးမလှဖြစ်နေချိန်တွင် လော့ချန်တို့ အဖွဲ့မှာမူ ပီတိဖြစ်နေကြသည်။
"အင်း.... တော်ပါသေးရဲ့၊ တတိယမြောက် ဆေးလုံးကို ယွီမျိုးနွယ်စုက ရသွားလို့.... မဟုတ်ရင် တာဟဲသားတွေ လူလည်လာကျနေတယ်ဆိုပြီး နယ်ခံတွေ ငြိုငြင်ကုန်မှာ စိုးရတယ်...."
သို့ရာတွင် ဤရလဒ်မှာ သူ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်ပြီး ထိုက်ရှန်းဈေးမြို့တော်မှ အင်အားစုကြီးများမှာလည်း မကျေမနပ်ဖြစ်ကာ စောဒကတက်ချင်စရာ မရှိပေ။ ချီသန့်စင်နောက်ဆုံးအဆင့်ရှိ တစ်ကိုယ်တော်ကျင့်ကြံသူများသာ တောက်တခေါက်ခေါက် ဖြစ်နေလိမ့်မည်။ သို့သော် မည်သည့် အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူမျှ ထို တစ်ကိုယ်တော်ကျင့်ကြံသူများအား အဖတ်လုပ်ပြီး ဂရုစိုက်နေမည်မဟုတ်ပေ။
တစ်ကိုယ်တော်ကျင့်ကြံသူများအား ညှာတာသောအားဖြင့် လေလံပွဲကြီးများကျင်းပတိုင်း အခြေတည်ဆေးလုံးတစ်လုံးကို လိုက်မလုဘဲ အလျှော့ပေးရမည် ဟူသည်မှာ ကျင့်ကြံခြင်းလောက၏ စည်းမျဥ်းစည်းကမ်းဖြစ်သည်။ သို့ရာတွင် ဤမြို့၌ ထုံးတမ်းများကို ဂရုပြုလိုက်နာသော ဂိုဏ်းကြီးဟု ဆိုရန်မူ ကျောက်စိမ်းအိုးဓားဂိုဏ်းသည် ထွက်ခွာသွားပြီးဖြစ်လေသည်။ နီးရာဓားကြောက်ရသည် ဟူသည့်အတိုင်း ဟော်မျိုးနွယ်စု၏ သဘောထားအမြင်သည်သာ စည်းမျဥ်းအသစ်ဖြစ်လာသည်။
မည်သည့်မျိုးနွယ်စုမျှ အဖိုးတန်ဆေးလုံးအား ဈေးနည်းနည်းဖြင့် ရောင်းမထွက်ချင်ပေ။ ဟော်ဟူအနေဖြင့်လည်း စိတ်ကောင်းဝင်၍ တစ်ကိုယ်တော်ကျင့်ကြံသူများအတွက် ဖယ်ပေးလိုက်သည်ပင်ထား၊ သူ့မျိုးနွယ်စုမှ နားမခံသာအောင် ဆူပူကြိမ်းမောင်း ပေလိမ့်မည်။
ခဏမျှ စဉ်းစားပြီးနောက် လော့ချန်သည် လေလံပွဲကိုသာ ဆက်လက် အာရုံစိုက်လိုက်သည်။
ဝိညာဉ်ဆေးနန်းဆောင်သည် ဆေးဘုရင်ဂိုဏ်း၏ လက်အောက်ခံပီပီ လေလံတင်သော ဆေးလုံးများမှာ အရည်အသွေးမဆိုးလှပေ။ လော့ချန်သည် ဒုတိယအဆင့် ချီသန့်စင်ဆေးလုံးနှင့် စိတ်ငြိမ်အမွှေးတိုင် အမြောက်အမြားကို ဝိညာဉ်ကျောက်တုံး အမြောက်အမြား အကုန်အကျခံ ဝယ်ယူခဲ့သည်။
ထို့နောက် တစ်ကိုယ်တော်ကျင့်ကြံသူများ၏ ပစ္စည်းများကို လေလံတင်သည့် အပိုင်းသို့ ရောက်လာသည်။ အဆင့်မြင့်ပစ္စည်းများ သိပ်မပါသဖြင့် လော့ချန် ဂရုမစိုက်လှပေ။ သူသည် သူနှင့်အတူ ပါလာသူများနှင့် စကားစမြည် ပြောဆိုနေလိုက်သည်။
"ကဲ.... ကြုံတုန်း ပြောပြရဦးမယ်.... ငါတို့ကျင့်ကြံရေးလောကမှာ လေလံပွဲတွေ၊ မှောင်ခိုဈေးတွေနဲ့ ဈေးရောင်းပွဲတွေဟာ အသုံးများတဲ့ အရောင်းအဝယ်လမ်းကြောင်းတွေပဲ.... အေး အဲ့လိုလမ်းကြောင်းအသီးသီးမှာလဲ သူ့နည်းသူ့ဟန် အထာလေးတွေရှိတယ်.... ဒီနေ့ အခွင့်အရေး ရတုန်း လေလံပွဲမှာ ဈေးခေါ်တဲ့ နည်းဗျူဟာ နည်းနည်းလောက် သင်ပေးမယ်.... ပထမဆုံး.... ကိုယ့်အခြေအနေမှန်ကိုယ် သိရမယ်၊ ဥပမာဆိုရင်...."
လော့ချန်သည် လေလံပွဲဆိုင်ရာ ကိစ္စရပ်များကို အဖွဲ့သားများအား အသေးစိတ် ရှင်းပြနေပြီး လော့ထျန်း ကျင့်ကြံသူများမှာလည်း စိတ်ဝင်တစား နားထောင်နေကြသည်။ သူ့တပည့် ချွီလင်ကျွင်းဆိုလျှင် မျက်လုံးအဝိုင်းသားလေးနှင့် အလွန်ပင် စိတ်ဝင်တစား ရှိလှသည်။ ပိုကောင်းသည့်အချက်မှာ လော့ချန်သည် စာတွေ့တင်မကဘဲ လေလံပွဲအတွင်းမှာပင် လက်တွေ့လုပ်ဆောင်ပြခဲ့သဖြင့် သူ့ပြောပြချက်များမှာ ပို၍ ထိရောက်လှသည်။
"သေချာနားထောင်နော်.... အရင်ဆုံး ကိုယ်နဲ့ လိုက်လုဝယ်နေတဲ့ ပြိုင်ဘက်ကို မသိမသာလေးအကဲခတ်လိုက်.... အေး အဲဒါပြီးမှ ပွဲသိမ်းတိုက်ကွက် အနေနဲ့ သူ့ကိုနိုင်မယ့် ဈေးကို ကောက်ခေါ်ချလိုက်...."
"ဩော်.... မှာရဦးမယ်.... ဈေးခေါ်ရင်လဲ တခါတည်းအိတ်သွန်ဖာမှောက် မခေါ်နဲ့.... ပြိုင်ဘက်အရိပ်အခြေကို ကြည့်ပြီး ဈေးနှုန်းကို ဖြည်းဖြည်းချင်းတိုး.... စိတ်ဝိညာဥ်အာရုံတွေ စုစည်းပြီး ပြိုင်ဘက်ကို ဖိအားများများပေး....”
"နောက်တချက်က.... ကိုယ်လိုချင်တာတွေ့ရင် မြန်မြန်ဆန်ဆန် ပမာဏတစ်ခုနဲ့ ဈေးခေါ်ထားလိုက်.... မဟုတ်ရင် ဈေးက ပိုများလာဖို့ပဲ ရှိတာဆိုတော့ အရင်ဆုံးပြောနိုင်တော့ အသာစီးရတာပေါ့...."
အားလုံး စိတ်ဝင်တစား နားထောင်နေစဉ်မှာပင် ဝမ်ယွမ်သည် အားကြိုးမာန်တက် လက်ဟန်ခြေဟန်ဖြင့် ရှင်းပြနေသော လော့ချန်ကို ကြည့်ရင်း အခြားတစ်စုံတစ်ယောက်၏ အရိပ်အယောင်ကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သံသရာသည် လည်နေသဖြင့် ဤဘဝမဟုတ်တောင် နောင်တချိန်ချိန်တွင် ထိုတစ်စုံတစ်ယောက်နှင့် သူပြန်ဆုံဦးမည် ထင်ပါသည်။
....
လေလံပွဲသည် နောက်ဆုံးပစ္စည်းဖြစ်သော မြူခိုးအေးပိုးဝတ်ရုံဟု ခေါ်သော မှော်ဝင်ရတနာဖြင့် အဆုံးသတ်သွားသည်။ ထိုရတနာကို ရရှိသွားသူမှာ အခြားသူမဟုတ်ဘဲ လီရီရှန်းပင် ဖြစ်သည်။
ငြင်းစရာ မရှိသည်မှာ ယခုတစ်ကြိမ် လေလံပွဲတွင် တာဟဲဈေးမြို့တော်မှ ရောက်လာသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ လေးဦးမှာ လူအများ၏ အာရုံစိုက်ခြင်းကို အပြည့်အဝ ခံခဲ့ရသည်။ အဓိက မှော်ဝင်ရတနာ နှစ်ခုစလုံးမှာ သူတို့လက်ထဲသို့ ရောက်ရှိသွားပြီး ဝမ်ဟိုင်ချောင်နှင့် လီရီရှန်းတို့က တစ်ခုစီ ရရှိခဲ့ကြသည်။ ၎င်းတို့မှာလည်း ဈေးနှုန်း အလွန်မြင့်မားလှသည်။
လော့ချန်သည်လည်း ငြိမ်မနေဘဲ လေလံပွဲတစ်လျှောက်လုံးတွင် ပစ္စည်းအချို့ကို ဝယ်ယူခဲ့သည်။ သူရရှိသော ပစ္စည်းများမှာ အကောင်းဆုံးမဟုတ်သော်လည်း အလွန်အဖိုးတန်လှသည်။ နန်ကုန်းကျင်း တစ်ဦးသာ ရွှေမီးဓား လေလံပွဲတွင် ရှုံးနိမ့်သွားပြီးနောက် တိတ်ဆိတ်သွားတော့သည်။
ထိုက်ရှန်းဈေးမြို့တော်မှ ဒေသခံကျင့်ကြံသူများမှာမူ တာဟဲဈေးမြို့တော်မှ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူများ၏ စွမ်းဆောင်ရည်အပေါ် သဘောကျနေကြသည်။ ၎င်းမှာ ဤအပြင်လူများသည် ထိုက်ရှန်းတွင် အမှန်တကယ် အခြေချလိုကြောင်းနှင့် ဝယ်ယူမှုများမှတစ်ဆင့် ပါဝင်ကူညီနေကြောင်း ပြသနေခြင်း ဖြစ်သည်။ အထူးသဖြင့် ဤလေလံပွဲကို ဟော်မျိုးနွယ်စုက ဦးဆောင်ခြင်း ဖြစ်သဖြင့် ဝမ်ဟိုင်ချောင်နှင့် လီရီရှန်းတို့၏ မြင့်မားသော ဈေးနှုန်းများမှာ သူတို့အတွက် မျက်နှာပန်းလှစေခဲ့သည်။
လေလံပွဲ ပြီးဆုံးသွားသော်လည်း အချို့သူများမှာ ထွက်ခွာခြင်း မရှိကြသေးပေ။
လော့ချန်သည် သူ၏ လက်ထဲမှ အနီရောင်ဖိတ်စာလေးကို မြှောက်ကစားရင်း ခပ်ပြုံးပြုံး ဖြစ်နေသည်။ ထို့နောက် မျက်နှာချင်းဆိုင် အခန်းမှ ထွက်လာသော လီရီရှန်းနှင့် နန်ကုန်းကျင်းကို တွေ့လိုက်ရသည်။ သူမက သူ့အား ခေါင်းညိတ် နှုတ်ဆက်လိုက်သည်။
‘ဩော်.... သူတို့လည်း တစ်စောင် ရထားတာပဲ....’ ဟု လော့ချန် တွေးလိုက်သည်။ သို့သော် ဟော်မျိုးနွယ်စု၏ တရားဝင်အသိအမှတ်ပြုလတ်မှတ်ဟုပင် ခေါ်နိုင်သော ဤ မိတ်ဆုံစားပွဲမှာ ပျော်စရာကောင်းလိမ့်မည်ဟု သူ မထင်ပေ။
သူသည် ဖိတ်စာကို ဝတ်ရုံအောက်တွင် ပြန်သိမ်းလိုက်ကာ သူ့နောက်မှ စီမာဟွေ့နန်အား တိုးတိုးလေး ကပ်ပြောလိုက်သည်။
"ဟွေ့နန်.... ငါပြောတာ သေချာနားထောင်.... အခုချက်ချင်း အဖွဲ့သားတွေအကုန်လုံးကိုခေါ်ပြီး ပြန်တော့"
စီမာဟွေ့နန်မှာ အံ့သြသွားသည်။ သူမ မေးရန် ပြင်လိုက်သော်လည်း လော့ချန်က ဆက်အမိန့်ပေးလိုက်သည်။
"ပြီးတော့ ပစ္စည်းပစ္စယတွေထုပ်ထား.... အကုန်လုံး အထုပ်အမြန်ပြင်ပြီးတာနဲ့ ငါတို့ ကောင်းကင်သိန်းငှက်လှေပျံကို ဘယ်ချိန်မဆို ထပျံနိုင်အောင်အဆင်သင့် ပြင်ထားလိုက်.... ကြားလား...."
စီမာဟွေ့နန်မှာ လော့ချန်၏ ဤထူးဆန်းသော အမိန့်ကြောင့် မျက်လုံးပြူးသွားသည်။ သို့ရာတွင် သူမ ခေါင်းညိတ်ပြလိုက်ပြီး ဘာမျှ မမေးတော့ဘဲ အမိန့်အတိုင်းလုပ်ဆောင်ရန် အလျင်စလို ထွက်သွားတော့သည်။
"ဟေ့.... ငါကျန်ခဲ့မယ်လေ၊ မင်းတစ်ယောက်ထဲ ဖြစ်ပါ့မလား...."
"အဟား.... ရပါတယ် အစ်ကိုဝမ်ရာ၊ ကျားခံတွင်းထဲဝင်တာမှ မဟုတ်တာ.... ဟော်မျိုးနွယ်စုလဲ လက်လွတ်စပယ်ရမ်းကားမယ်လို့တော့ မထင်ပါဘူး.... အစ်ကို ဟွေ့နန်တိုနဲ့ ပြန်လိုက်သွားပြီး လော့ထျန်းကိုပဲ တစ်ချက်လောက်ကြည့်ပေးထားပါဦး.... နော်”
ဝမ်ယွမ် ခေါင်းညိတ်လိုက်သည်။ လော့ချန် ဤမျှ စိတ်ချလက်ချ ရှိနေလျှင် သူ ပြောနေစရာ မလိုတော့ပေ။ ထို့ပြင် လော့ချန်၏ အစွမ်းမှာ ယခုအခါ သူနှင့် အဆင့်တူနေပြီ ဖြစ်သည်။ ယခင်လို အမြဲ ကာကွယ်ပေးနေစရာ မလိုတော့ပေ။
….
လော့ထျန်းအဖွဲ့မှ လူများ အားလုံး ပြန်သွားသောအခါ လော့ချန်သည် သူ၏ဝတ်ရုံစကို ခါလိုက်ပြီး နန်းဆောင်၏ အတွင်းခန်းများဆီသို့ လှမ်းလျှောက်သွားတော့သည်။ မကြာမီမှာပင် တာဟဲဈေးမြို့တော်မှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ လေးဦးမှာ တစ်နေရာတည်းတွင် ဆုံမိကြသည်။ သူတို့၏ မျက်နှာထားများ တင်းနေကြကာ အချင်းချင်း မည်သူ စကား စမည်ကို အကဲခတ်နေကြသည်။ တင်းကြပ်နေသော လေးကြိုးတစ်မျှင်ကဲ့သို့ ရှိနေသည့် အခြေအနေတွင် ဝမ်ဟိုင်ချောင်က စကားစလေသည်။
"အလို.... ငြိမ်လှချည်လား မိတ်ဆွေ နန်ကုန်းရဲ့.... ဟဲဟဲ ဘာတွေအလိုမကျ ဖြစ်နေရတာတုန်း”
"အပိုတွေမေးမနေနဲ့ဗျာ.... ခင်ဗျား လိုချင်တာ ရပြီမလား...."
ဝမ်ဟိုင်ချောင်က နှာခေါင်းရှုံ့လိုက်ပြီး နန်ကုန်းကျင်းကို စိုက်ကြည့်လိုက်သည်။
"ဒီမှာ.... ကျုပ်က အစကတည်းက စင်ပေါ်ကလူပါဗျာ.... လိုချင်တာရဖို့ တမင်လုပ်ယူနေစရာကို မလိုတာ...."
"ကျုပ်လဲ အဲဒီအချက်ကိုပဲ ပြောနေတာလေ.... ဝမ်ဟိုင်ချောင်ရာ…. ခင်ဗျားထိုက်ရှန်းမှာ နေခွင့်ရဖို့ ဟော်မျိုးနွယ်စုကို ဇွတ်ဖားနေစရာမလိုပါဘူး.... ခင်ဗျားလို လူလွတ်တစ်ယောက်က ဘာတွေနောက်ဆံတင်းပြီး အသဲအသန်ဖြစ်နေလဲ မစဥ်းစားတတ်တော့ဘူး...."
မှန်ပေသည်။ ဝမ်ဟိုင်ချောင်နှင့် နန်ကုန်းကျင်းတို့မှာ အခြေအနေချင်းမတူကြပေ။ နန်ကုန်းကျင်းတွင် စောင့်ရှောက်ရမည့် မျိုးနွယ်စုရှိပြီး အခြေချကာ ကျင့်ကြံရန်အတွက် အေးချမ်းသော နားခိုရာတစ်ခု အလွန်လိုအပ်နေသည်။ ထိုက်ရှန်းသည် သူတို့မျိုးနွယ်စုအတွက် အသင့်တော်ဆုံးဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ နယ်ခံ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူများ၏ စရိုက်များကိုလည်း သိရှိပြီး ဖြစ်ရာ ပါးနပ်စွာ အရိပ်အခြေကြည့်နေပါက အဆင်မပြေစရာမရှိပေ။ သို့သော် ဝမ်ဟိုင်ချောင်မှာမူ မျိုးနွယ်စုလည်း မရှိ၊ ဝန်ထုပ်ဝန်ပိုးလည်း မရှိပါဘဲ ဤနေရာတွင် နေရန် ဇွတ်လုပ်နေသည်။
ဝမ်ဟိုင်ချောင်သည် နန်ကုန်းကျင်း၏ စကားကို အမျက်ထွက်သွားဟန်ဖြင့် ဘာတစ်ခွန်းမှ ပြန်ပြောဘဲ မျက်နှာထားတင်းတင်းဖြင့် လှည့်ထွက်သွားသည်။ ခဏအကြာတွင် နန်ကုန်းကျင်းသည် ခေါင်းငိုက်စိုက်ဖြင့် လှေကားမှဆင်းကာ ပြန်သွားတော့သည်။
လီရီရှန်း သက်ပြင်းချလိုက်မိသည်။ သူတို့လေးဦးအကြားရှိ မဟာမိတ်ဆက်ဆံရေးသည် တခန်းရပ်သွားပြီ ဖြစ်လေသည်။ လော့ချန်မှာမူ ‘ငါထင်တဲ့အတိုင်းပဲ’ ဟု တွေးနေကာ ပြုံးစစရှိနေသည်။
"မိတ်ဆွေလော့.... အခြေအနေကတော့ မြင်တဲ့အတိုင်းပဲ၊ ရှင် ဘာဆက်လုပ်မယ် စိတ်ကူးလဲ...."
“ကျွန်တော်လား.... ထျန်းလန်ကိုသွားမှာလေ...."
လီရီရှန်းမှာ အာစေးထည့်ထားသလို ဆွံ့အသွားသည်။
‘ထျန်းလန် နတ်ဘုရား မြို့တော်....’
ကျောက်စိမ်းအိုးနယ်မြေ၏ မသေမျိုး မြို့တော်ကြီး ဆယ်ခုထဲမှ တစ်ခု ဖြစ်သည့်အပြင် တတိယအဆင့် ဝိညာဉ်ကြောပေါ်တွင် တည်ရှိနေသော မြို့တစ်မြို့ဆိုလည်းမမှားပေ။ သို့ရာတွင် ထိုက်ရှန်းနှင့်ဆိုလျှင် အလွန်ဝေးလှသည်။ မှော်ယာဥ်ပျံများဖြင့် သွားလျှင်ပင် ရက်ပေါင်းများစွာ ကြာနိုင်ချေရှိသဖြင့် ကျင့်ကြံသူ အများစုမှာ ထိုနေရာစိမ်းအား ခေါင်းထဲ ထည့်မည်မဟုတ်ပေ။
လီရီရှန်း၏ ခေါင်းထဲတွင် အတွေးပေါင်းစုံဝင်လာသည်။
‘ဒီလော့ချန်ကတော့ ဘာတွေ တွေးနေတာလဲ၊ ထိုက်ရှန်းမှာ မနေနိုင်လို့ပဲ ထွက်သွားချင်နေတာလား.... ဟာ မဟုတ်ဘူး.... ဒီလိုလဲမဟုတ်သေးဘူး.... ဒါ.... ဒါဆို.... ဘုရားရေ’
လီရီရှန်းသည် ရှောင်ဟွမ်းတောင်၏ နန်းဆောင်အတွင်းမှ အချိန်ကို ပြန်မှတ်မိသွားသည်။ ထိုစဥ်က သူတို့လေးဦးသား နယ်မြေသစ်ရွေးကာ တိုင်ပင်နေခဲ့ကြသည်။ လော့ချန်သည် ထျန်းလန် နတ်ဘုရား မြို့တော်ကို ထည့်သွင်းအကြံပြုခဲ့ဖူးသည်။ ထိုသို့အကြံပြုစဥ်က လော့ချန်၏ မျက်နှာအမူအယာ အသေးစိတ်ကို သူမ ပြန်မြင်ယောင်မိလိုက်သည်။ နောက်ဆုံးတွင် လော့ချန်သည် ထျန်းလန်သို့ သွားရန် မူလအစကပင် ဆုံးဖြတ်ချက် ချပြီးကြောင်း သူမ သိလိုက်သည်။ ထိုက်ရှန်းရောက်မှ ရုတ်တရက် ဆုံးဖြတ်လိုက်ခြင်း မဟုတ်ပေ။
လော့ချန်သည် တစ်ကောင်ကြွက်ဖြစ်ရာ မျိုးနွယ်စုအနှောင်အဖွဲ့တည်းဟူသော ဝန်ထုပ်ဝန်ပိုး မရှိပေ။ သူ၏ နှလုံးသားထဲတွင် ကိန်းအောင်းနေသည်မှာ ထာဝရအသက်ကို ရရှိရန်ဟူသော ရည်မှန်းချက်တစ်ခုတည်းသာ ဖြစ်သည်။ ထိုသို့သော ရည်မှန်းချက်ကြီးမားသူတစ်ဦးအဖို့ ဤကျဉ်းမြောင်းလှသော ထိုက်ရှန်းနယ်မြေလေးသည် အဘယ်မှာလျှင် တင်းတိမ်ရောင့်ရဲနိုင်စရာ အကြောင်းရှိပါမည်နည်း။ သို့သော်လည်း ရှေ့ဆက်ရမည့် ခရီးလမ်းမှာ မိုင်ပေါင်းထောင်ချီ၍ ဝေးကွာလှသဖြင့် လမ်းခုလတ်တွင် မည်မျှလောက်သော ဘေးအန္တရာယ်ဆိုးများနှင့် ကြုံတွေ့ရမည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။
တစ်ဖက်တွင်လည်း လော့ထျန်းအဖွဲ့သည် ထိုနယ်မြေသစ်သို့ ရောက်ရှိသွားခဲ့လျှင်ပင် ဒေသခံအင်အားစုများ၏ ဖိနှိပ်မှုများကြားတွင် အမှန်တကယ် အခြေချ ရှင်သန်နိုင်ပါမည်လား ဆိုသည်မှာ အလွန်ပင် စိုးရိမ်စရာ ကောင်းလှပေတော့သည်။ သို့ရာတွင် ထျန်းလန်သည် နယ်မြေကောင်းတစ်ခုဖြစ်လေရာ သူမတို့ လီမျိုးနွယ်စုသာ ပြောင်းရွှေ့နိုင်ပါက ဟူသော အတွေးလေးလည်း သူမခေါင်းထဲ ဝင်လာမိသည်။
"ဗျို့.... မိတ်ဆွေလီ၊ ပြန်မယ်လေဗျာ ဘာတွေ ငိုင်နေတာလဲ"
လီရီရှန်း ယောင်အအဖြင့် ကြည့်လိုက်ရာ သူမအား လှည့်ကြည့်နေသော လော့ချန်နှင့် အကြည့်ချင်း ဆုံမိသွားတော့သည်။
"အို.... အများကြီး တွေးနေလို့လည်း ဘာထူးမှာလဲ" ဟု တိုးတိုးလေး ရေရွတ်ရင်း လော့ချန်၏ နောက်သို့ သူမ အမြန်ပင် လိုက်ပါသွားတော့သည်။ ရှေ့တွင် မည်သို့သော အခက်အခဲများ ရှိနေပါစေ၊ ယခုကဲ့သို့ တစ်လှမ်းချင်း လျှောက်လှမ်းရင်း လမ်းဆုံးတွင် ဘာရှိမည်ကို စောင့်ကြည့်ရုံသာ ရှိတော့သည်။
သူမသည် နှစ်ပေါင်းများစွာ ကျင့်ကြံခြင်းလောကတွင် ကျင်လည်ခဲ့သော်လည်း အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ယခုမှ ရောက်ကာစ ဖြစ်သည့် လော့ချန်၏ မတွန့်မဆုတ်သော ပြတ်သားမှုကိုမူ လုံးဝ မယှဉ်နိုင်ကြောင်း နားလည်သွားခဲ့သည်။ နောက်ဆုံးတွင်မူ လီရီရှန်းသည် စိုးရိမ်စိတ်များ ဘေးဖယ်ကာ ကံကြမ္မာပေးသည့် လမ်းအတိုင်း တစ်လှမ်းချင်းစီသာ ရှေ့ဆက်ရန် ဆုံးဖြတ်လိုက်လေတော့သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၃၁၂) - ထိုက်ရှန်း သို့မဟုတ် ခေတ္တခိုလှုံရာမြို့လေးမှ ခရီးဆက်ကြသူများ
ခန်းမဆောင်ကြီးအတွင်းဝယ် ဝါကျင့်ကျင့်မီးရောင်များ ထွန်းလင်းနေပြီး စတုရန်းပုံ စားပွဲများနှင့် ပျော့အိအိ ထိုင်ခုံများကို စနစ်တကျ ခင်းကျင်းထားသည်။
လော့ချန်သည် သူ့မျက်နှာတွင် မည်သည့်ခံစားချက်ကိုမျှ အရိပ်အယောင်မပြဘဲ တက်ရောက်လာသူများကို တိတ်တဆိတ် အကဲခတ်လိုက်သည်။ အလုပ်အကျွေးပြုသူများကို ဖယ်လိုက်ပါက ဤမိတ်ဆုံစားပွဲသို့ တက်ရောက်လာသူ အားလုံးမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသည်။ သူ၏ မျက်နှာချင်းဆိုင်တွင် ဒေသခံမျိုးနွယ်စုကြီးနှစ်ခုမှ ခန်းတုံးယွဲ့နှင့် ယွီရို့တို့ ရှိနေသလို၊ ဝိညာဉ်ဆေးနန်းဆောင်နှင့် ရတနာနန်းဆောင်တို့မှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦးလည်း ရှိနေကြသည်။
ပြင်ပနယ်မြေများမှ ဂိုဏ်းခွဲများ၏ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများကိုမူ မတွေ့ရပေ။ သို့မဟုတ်လျှင်လည်း ထိုက်ရှန်းဘက်က သူတို့ကို ဖိတ်ကြားမထားခြင်းလည်း ဖြစ်နိုင်သည်။ ကုန်ကုန်ပြောရလျှင် ထိုက်ရှန်းသည် တာဟဲကိုမမှီပေ။ ဂိုဏ်းကြီးများအနေဖြင့် ဝေးလံလှသော နယ်စပ်ဒေသများသို့ စေလွှတ်ရန် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အလုံအလောက် မရှိကြခြင်းလည်း ဖြစ်နိုင်သည်။
ငွေရောင်ဆံပင်ဖြူနှင့် အသက်ကြီးပိုင်း ကျင့်ကြံသူမှာ နှင်းကြာပန်းဈေးမြို့တော်မှ ဖြစ်ပုံရပြီး၊ အခြားတစ်ဦးမှာမူ ရွှေဝါရောင် ဝါကျင်ကျင်မျက်နှာရှိသော အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူ ဖြစ်သည်။ လော့ချန်သည် ထိုသူ၏ နောက်ခံကို မခန့်မှန်းနိုင်သော်လည်း ထိုက်ရှန်းအနီးတဝိုက်မှ တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်ပေသည်။
သူတို့ တာဟဲသား လေးဦးအပါအဝင်ဆိုပါက ခန်းမအတွင်း အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အရေအတွက်မှာ ဆယ်ဂဏန်းခန့် ရှိနေပြီဖြစ်သည်။ သာမန် ဈေးမြို့လေး တစ်မြို့အတွက်ဆိုလျှင် ဤအရေအတွက်မှာ အတော်လေး များပြားလှသည်။ သို့သော်လည်း တာဟဲဈေးမြို့တော်၏ စည်ကားမှုနှင့် ယှဉ်လျှင်မူ ဤမိတ်ဆုံစားပွဲမှာ အနည်းငယ် အဆင့်နိမ့်နေသကဲ့သို့ ခံစားရသည်။
"ဟင်...."
လော့ချန် အခြားသူများကို အကဲခတ်နေစဉ်မှာပင် တစ်စုံတစ်ဦးက သူ့အား စိုက်ကြည့်နေကြောင်း ရုတ်တရက် အာရုံရလိုက်သည်။ သူ မသိမသာပင် မျက်လုံးထောင့်မှ ကပ်ကြည့်လိုက်သည်။
‘အမ်.... ဟို ဝါကျင့်ကျင့်မျက်နှာနဲ့ ကျင့်ကြံသူပဲ.... ဘာကိစ္စ ငါ့ကို စိုက်ကြည့်နေတာလဲဟ’
ခဏတာမျှသာ ဖြစ်သော်လည်း ထိုသူ၏မျက်လုံးထဲရှိ ယုတ်မာသော အရိပ်အယောင်ကို လော့ချန် မြင်လိုက်ရသည်။
‘ဘယ်လိုပါလိမ့်.... ငါ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ပြီးကတည်းက ဘယ်သူနဲ့မှ ရန်ငြိုးသိပ်မရှိပါဘူး.... ရန်သူလည်း မရှိပါဘူး.... သူက ဘာလို့ ငါ့ကို အဲ့ဒီလို ကြည့်နေရတာလဲ.... ဒါမှမဟုတ်.... သိပြီ…. ချင်းယွမ်ဆေးအဆိပ်ဖြေနည်းကြောင့်ထင်တယ်.... အေး အဲဒါပဲဖြစ်မယ်’
မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုလူ သူ့အပေါ် အဘယ်ကြောင့် ရန်လိုနေသည်ကို လော့ချန် သဘောပေါက်သွားသည်။ အစောပိုင်းက လေလံပွဲတွင် လော့ချန်နှင့် ချင်းယွမ်ဆေးအဆိပ်ဖြေနည်းကို ဈေးပြိုင်ခဲ့သူမှာ ဤလူပင် ဖြစ်သည်။ ထိုသူ၏ မျက်နှာအသွေးအရောင်ကို ကြည့်ရသည်မှာ ကျန်းမာရေး သိပ်ကောင်းပုံ မပေါ်ပေ။ ငယ်စဉ်က ဖြစ်စေ၊ အဆင့်တက်စဉ်က ဖြစ်စေ သူ၏ ဒန်ထျန်း ထိခိုက်ထားပုံရသည်။ ထိုသူ၏ ဤဆေးနည်းအပေါ် အလွန်အမင်း လိုချင်စိတ်ကို တွက်ဆပါက သူ၏ အတွင်းအား ဒဏ်ရာမှာ ဆေးအဆိပ်များနှင့် ဆက်စပ်နေပေလိမ့်မည်။
အချိန်ခဏအတွင်း အတွေးပေါင်းများစွာ ဖြတ်ပြေးသွားသော်လည်း လော့ချန်သည် မလှုပ်မယှက်ဘဲ တည်ငြိမ်စွာပင် ထိုင်နေလျက်ရှိသည်။ မကြာမီမှာပင် သူတို့ စားပွဲအနီးသို့ ဟော်ဟူသည် မြောက်ကြွမြောက်ကြွဖြင့် ရောက်လာလေတော့သည်။
“ဟဲဟဲ.... ဒီနေ့ ဟော်မျိုးနွယ်စုရဲ့ လေလံပွဲကြီးကို လာရောက်အားပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူး ကျေးဇူးတင်ပါတယ်ဗျာ.... ဒီမိတ်ဆုံစားပွဲဟာ ခင်ဗျားတို့ကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ အားလုံးပဲ.... အားပါးတရ သုံးဆောင်ကြပါဗျ”
ခန်းတုံးယွဲ့၊ ယွီရို့တို့နှင့် မတ်တပ်ရပ်၍ စကားပြောနေသော ဝမ်ဟိုင်ချောင်သည် သူ့တို့တာဟဲသားများ ရှိရာဘက်သို့ ပြန်လာသည်။ သို့သော် သူ၏ ထိုင်ခုံအား တမင် ရှေ့တိုးထိုင်လိုက်ပြီး လော့ချန်တို့ သုံးဦးနှင့် ခပ်ခွာခွာနေလိုက်သည်။ ဤသည်မှာ ဘာကို ဆိုလိုချင်ကြောင်း လော့ချန်တို့ တာဟဲကျင့်ကြံသူ သုံးဦးစလုံး သိလိုက်ကြသည်။
အရက် နည်းနည်းသောက်ပြီးနောက် ဟော်ဟူသည် ယဉ်ကျေးပျူငှာသော စကားအချို့ကို စင်မြင့်ထက်တွင် မိန့်ခွန်းခြွေနေလေသည်။ သူသည် နောင်တွင်လည်း ထိုက်ရှန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ကူညီပေးကြပါရန် တောင်းဆိုလိုက်သည်။ ထို့နောက် မိန့်ခွန်းအဆုံးသတ်ခါနီးတွင် သူ တာဟဲသားများဘက်သို့ လှမ်းကြည့်လိုက်သည်။
ဝမ်ဟိုင်ချောင်တို့အဖြစ်ကို ကြည့်လိုက်ကာ ဟော်ဟူသည် ရီချင်စိတ်ကို မနည်းထိန်းထားလိုက်ရသည်။
“ကဲ.... အဆုံးသတ်အနေနဲ့ ပြောချင်တာလေးကတော့ တာဟဲဈေးမြို့တော်က လူကြီးမင်း လေးယောက်အကြောင်းပဲဖြစ်ပါတယ်.... သူတို့က ထိုက်ရှန်းမှာ အခြေချဖို့ ကြံရွယ်နေတာကို အားလုံးပဲ ရိပ်မိကြမယ်ထင်ပါတယ်.... သိတဲ့အတိုင်း ကျွန်တော်တို့ရဲ့ထိုက်ရှန်းက မြို့ငယ်လေးဖြစ်တဲ့အပြင် ဝိညာဥ်ကြောကလဲ ခပ်ရှားရှားရယ်ဗျာ.... အဲ့တော့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေ အများကြီးနေဖို့က သိပ်အဆင်မပြေလှဘူးဗျ.... အားနာနာနဲ့ပဲ လူကြီးမင်းတို့ အထဲက အင်အားစု တစ်စုပဲ အခြေချဖို့ မေတ္တာရပ်ခံရတော့မှာပဲ....”
“ကျွန်တော်တို့ ဟော်မျိုးနွယ်စုကပဲ ထိုက်ရှန်းကိုယ်စား သေချာသုံးသပ်ပြီး ဆုံးဖြတ်ချက် ချလိုက်ပါပြီ၊ လူကြီးမင်း ဝမ်ဟိုင်ချောင်ရဲ့ တာကျန်းဂိုဏ်းဆိုရင် ရေကြောင်းကုန်သွယ်မှုမှာလဲ အင်မတန် ကျွမ်းကျင်တယ်.... နောက် လန်ချန်းမြစ်ရဲ့ အနေအထားကို ကောင်းကောင်း နားလည်ထားပြီးသားဆိုတော့.... တာကျန်းဂိုဏ်းကိုပဲ ဒီမှာ အခြေချနေထိုင်ဖို့ ခွင့်ပြုလိုက်ပါတယ်ဗျာ...."
ထိုသို့ ကြေညာပြီးနောက် ဟော်ဟူသည် အခြားသူများကို အကဲခတ်ရင်း ကျိတ်ပြုံးနေတော့သည်။
နန်ကုန်းကျင်းသည် မျက်နှာ ချက်ချင်း ပျက်သွားသည်။
ဝမ်ဟိုင်ချောင်မှာမူ တန်းမတ်တပ်ရပ်ကာ ထိုက်ရှန်းမှ မျိုးနွယ်စုကြီး သုံးခုနှင့်အတူ လက်တွဲ၍ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားပါမည့်အကြောင်း အာပေါင်အာရင်းသန်သန် ကတိပြုလိုက်လေသည်။
မျှော်လင့်ထားပြီးသားရလဒ် ဖြစ်သော်လည်း ထိုအခိုက်အတန့်တွင် လီရီရှန်း ဝမ်းနည်းသွားသည်။ ဘေးနားရှိ လော့ချန်ကို လှမ်းကြည့်လိုက်ရာ ပုံမှန်ကဲ့သို့ပင် တည်ငြိမ်နေသည်ကို တွေ့လိုက်ရသည်။
‘ဒါလည်း ဟုတ်တာပါပဲလေ၊ သူက ရလဒ်ကို ကြိုသိနေတာပဲဟာ.... ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် လှည့်စားပြီး မျှော်လင့်ချက် ထားမိတဲ့ ငါပဲ မှားတယ်....’ ဟု လီရီရှန်း တွေးလိုက်မိသည်။
တာကျန်းဂိုဏ်း နေထိုင်ခွင့်ပေးကြောင်း ပြောအပြီး မိတ်ဆုံစားပွဲမှာလည်း ပြီးဆုံးချိန် နီးလာပြီဖြစ်သည်။ ထိုအခိုက် ဟော်ဟူသည် လော့ချန်တို့အနီးသို့ ရောက်လာလေသည်။
“ဟဲဟဲ.... စိတ်မကောင်းစရာပဲဗျာ၊ ဖြစ်နိုင်ရင် မိတ်ဆွေတို့ အားလုံးကို ထိုက်ရှန်းမှာ အခြေချစေချင်တာဗျ.... အခု မိတ်ဆွေတို့သုံးယောက် ဘယ်နေရာသစ်ကိုသွားမယ် စီစဥ်ထားလဲဗျ....”
“တကယ်လို့ စဥ်းစားရကျပ်နေရင် ကျွန်တော် အကြံပေးမယ်.... တောက်ပစမ်းရေ ဈေး မြို့တော်ဆိုရင်ရော ဘယ်နှယ့်လဲ.... အဲ့မြို့က ဟိုအရင်နှစ်တစ်ရာလောက်က အတော်လေးစည်တာဗျ.... ကျောက်စိမ်းအိုးဓားဂိုဏ်းလဲဝင်ရော ပျက်စီးသွားရောပဲ၊ ဒါပေမဲ့ ဝိညာဥ်ကြောတွေ ရှိနေသေးတယ်ဗျ.... လက်ရှိ အဲ့မှာ ပိုင်မျိုးနွယ်စုပဲ ရှိတယ်.... ခင်ဗျားတို့ အင်အားစုတွေ အေးဆေးသွားနေလို့ရတယ်.... ကဲ ဘယ်လိုသဘောရလဲ...."
လီရီရှန်းမှာ မထုံတတ်ငေး ဖြစ်နေသော်လည်း နန်ကုန်းကျင်းမှာမူ စိတ်ဝင်စားပုံ ရသည်။
"ကျွန်မတို့ သေချာစဥ်းစားလိုက်ပါဦးမယ်ရှင်.... အဲ့ဒီမြို့က နာမည်ဆိုးတော့ ထွက်နေတယ်.... ဘာဖြစ်ဖြစ် အကြံပေးလို့ ကျေးဇူးတင်ပါတယ်ရှင်...."
“အဟက်.... ဟုတ်ပါပြီ၊ ဒါက စေတနာနဲ့ အကြံပေးတာပါ၊ သွားတာ မသွားတာက တစ်ပိုင်းပေါ့.... ဒါပေမဲ့ ထိုက်ရှန်းမှာတော့ ခင်ဗျားတို့ ဆက်နေလို့ မရတော့ဘူးဆိုတာ သိထားစေချင်ပါတယ်”
လီရီရှန်းနှင့် နန်ကုန်းကျင်းတို့ အချင်းချင်း ကြည့်လိုက်ကြသည်။ ဤသည်မှာ “မြန်မြန်သွားကြဟေ့” ဟု မပြောရုံတမယ် နှင်ထုတ်လိုက်ခြင်းဖြစ်မှန်း သူတို့ သိသည်။
ဟော်ဟူမှာမူ လက်ရှိအခြေအနေများအပေါ် အားရမာန်တက်နေသည်။ သူ တာဝန်ယူထားသော လေလံပွဲ အောင်မြင်စွာပြီးဆုံးသွားသည့်အပြင် တာကျန်းဂိုဏ်းကိုလဲ သူ့လက်ခုပ်ထဲကရေကဲ့သို့ သွန်ချင်သွန် မှောက်ချင်မှောက် လုပ်နိုင်တော့မည်ဖြစ်သည်။
အချိန်ကြာသည်နှင့်အမျှ ဟော်မျိုးနွယ်စုသည် အင်အားတောင့်တင်းလာမည်ဖြစ်ရာ နောင်တစ်ချိန်တွင် ဟော်ဟူသည် မီးလျှံမဟာမိတ်ထံတွင် ကျင့်ကြံခြင်းကို ဇောက်ချလုပ်ရန် ဆုံးဖြတ်ထားသည်။ သူ့အနာဂတ်မှာ ပန်းခင်းလမ်းကဲ့သို့ ဖြောင့်ဖြူးသာယာနေပြီဖြစ်သည်။ ထို့နောက် သူ့ဘေးမှ မျက်နှာအိုကြီး နန်ကုန်းကျင်းနှင့် အူတူတူ လီရီရှန်းကို ကြည့်ကာ ‘တောက်.... လမ်းဘေး ခွေးဝဲစားတွေက ရာရာစစ ငါ့ပိုင်နက်ထဲ ဝင်ချင်သေးတယ်၊ ဆုတောင်း....’ ဟု ကျိတ်တွေးကာ လှောင်ပြုံး ပြုံးလိုက်လေသည်။ ထိုက်ရှန်းသည် ကျင့်ကြံရန်အကောင်းဆုံး နေရာ မဟုတ်သော်လည်း ဟော်မျိုးနွယ်စု၏ အခြေစိုက်ရာ နေရာ ဖြစ်ရာ သူ့အိမ်သူ့ယာဟုပင် တထစ်ချမှတ်ထားသည်။ ထို့နောက် သူသည် တစ်ဖက်မှ တေမိမင်းသား လော့ချန်ဘက်သို့ အာရုံရောက်သွားကာ အပြုံးပျက်သွားသည်။
‘ဒီ ရွှေအ က တိတ်နေပါလား.... သူ့ကြည့်ရတာ ဘာမှ မဖြစ်သလိုပဲ၊ ဒီအကောင်ကို ငါ ကြည့်လို့ကိုမရဘူး၊ စိတ်ရှိတိုင်းသာ ဆိုရင်တော့လား....’
မိတ်ဆုံစားပွဲ ပြီးဆုံးသွားပြီ ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများသည် ကြက်သွေးရောင်ဖားတောင်ပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလာကြသည်။ လော့ချန်နှင့် ခန်းတုံးယွဲ့တို့သည် သီးသန့်စကားပြောရန် ဘေးသို့ ခဏ ဖယ်လိုက်ကြသည်။
ခန်းတုံးယွဲ့ သည် သူ၏ သိုလှောင်အိတ်ထဲမှ စာလိပ်တစ်လိပ်ကို ထုတ်ကာ လော့ချန်အား ကမ်းပေးလိုက်သည်။
“ရော့.... ဒါ မိတ်ဆွေလေး တောင်းထားတဲ့ မြေပုံပဲ.... ထျန်းလန်ကို သွားနိုင်မဲ့ ဘေးအကင်းဆုံးလမ်းကြောင်းသုံးခုစလုံး ပါတယ်...."
လော့ချန်၏ မျက်လုံးများ တောက်ပသွားပြီး စာလိပ်လေးကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
“ဟာ.... ဝမ်းသာလိုက်တာဗျာ၊ အကြီးအကဲ.... အဲ မိတ်ဆွေခန်းကို တကယ် ကျေးဇူးတင်ပါတယ်ဗျာ”
ခန်းတုံးယွဲ့က လက်ကာပြလိုက်သည်။
“မိတ်ဆွေလေးနဲ့ ကျုပ်ကြားမှာ အခေါ်အဝေါ်တွေ အရေးမကြီးပါဘူး.... သူစိမ်းတွေမှ မဟုတ်တော့တာ.... ကျေးဇူးတွေ ဘာတွေ တင်မနေနဲ့.... ဟိုရောက်လို့ အခြေချပြီးရင် ဆေးလုံးတွေဆက်ဖော်လို့ရပြီ.... အဲ့ကျရင်တော့ ကျုပ်တို့ ရွှေကျောက်နန်းဆောင်နဲ့ အရောင်းအဝယ်ကိစ္စတွေ လက်တွဲရမယ်နော်...."
“ဟာ.... မိတ်ဆွေခန်းကတော့ နောက်ရော့မယ်.... သေချာပေါက် လက်တွဲရမှာပေါ့ဗျာ...."
“ဩော်.... အေး မေ့တော့မလို့.... ကျုပ်က ဘေးအကင်းဆုံးလမ်းကြောင်းဆိုလို့ မပေါ့နဲ့ဦး.... အဲဒီမြေပုံပေါ်မှာ ကျုပ် ကြက်ခြေခတ်လေးတွေ မှတ်ထားတာတွေ့လား.... အေး အဲဒါ ဓားပြတိုက်တတ်တဲ့ နေရာတွေပဲ၊ အဲ့နေရာတွေနီးရင် ပိုသတိထားပေါ့ကွာ...."
လော့ချန် ခေါင်းညိတ်လိုက်သည်။ သူသည် ဤမြေပုံအတွက် အတော်လေး ပေးဆပ်ထားခဲ့ရသည်။ စင်စစ်မူ သူ့ လက်ထဲတွင် အရှင်ကူယွဲ့၏ မှတ်တမ်းများမှ တစ်ဆင့် ထျန်းလန်မြေပုံ အချက်အလက်များ ရှိနှင့်ပြီးသား ဖြစ်သည်။ သို့ရာတွင် လွန်ခဲ့သော နှစ်ပေါင်း တစ်ရာ၊ နှစ်ရာခန့်က မှတ်တမ်း ဖြစ်သဖြင့် လက်ရှိနှင့် မတူမည်ကို သူစိုးရိမ်သည်။ ကျင့်ကြံခြင်းလောကတွင် အချိန်ကြာလာသည်နှင့်အမျှ တောင်တန်းများ ပျောက်ကွယ်၍ မြစ်အသစ်များ ပေါ်ပေါက်လာတတ်သည်။ တစ်ချိန်က ရင်းနှီးခဲ့သော လမ်းကြောင်းများမှာ ယခုအခါ အပျက်အစီးများ ဖြစ်နေနိုင်ပေသည်။
ခန်းမျိုးနွယ်စုမှာမူ ဤနယ်မြေတွင် အစဥ်အဆက် အခြေချလာသူများ ဖြစ်သဖြင့် အကယ်၍ တစ်စုံတစ်ယောက်တွင် လက်ရှိကာလနှင့် အနီးစပ်ဆုံးတူသော မြေပုံ ရှိနေမည်ဆိုပါက ထိုမြေပုံ ပိုင်ရှင်မှာ ခန်းမျိုးနွယ်စုမှလွဲ၍ အခြားသူမရှိနိုင်ပေ။ ထို့ကြောင့် လော့ချန်သည် သူ့အတွက် စိတ်ချရမည့် မြေပုံအသစ်တစ်ခုကို အပူကပ်ခဲ့ခြင်းဖြစ်သည်။
“ကဲ.... မိတ်ဆွေခန်းရေ.... ကျွန်တော်တို့ တွေ့တာမှမကြာသေးဘူး ခွဲရတော့မယ်.... ဒီကနေ မိုင်ပေါင်း ထောင်ချီဝေးတဲ့ ခရီးကို သွားရမှာဆိုပေမယ့် ကံမကုန်ရင် ပြန်ဆုံချင်ပါသေးတယ်ဗျာ.... ကျွန်တော် ဂါရဝပြုနှုတ်ဆက်ခဲ့ပါတယ်...."
“အေးပါကွာ.... မိတ်ဆွေလေးလဲ ခလုတ်မထိဆူးမငြိဘဲ လိုရာခရီးကို အဆင်ပြေပြေရောက်နိုင်ပါစေကွာ.... ကျန်းကျန်းမာမာနဲ့ အနာဂတ်ခရီးလမ်း ဖြောင့်ဖြူးပါစေလို့လဲ ဒီအစ်ကိုကြီးက ဆုတောင်းပေးလိုက်ပါတယ်.... မိတ်ဆွေလေး ပြောသလို ကံမကုန်ရင် ပြန်ဆုံကြတာပေါ့ကွာ.... အေး အေး.... သွားတော့”
ထို့နောက် တိမ်စီး ပျံသန်းသွားသည့် လော့ချန်ကို ကြည့်ရင်း ခန်းတုံးယွဲ့ သက်ပြင်းရှည်ကြီး တချက်ချလိုက်မိသည်။
"ဩော်.... ငါလဲ လူငယ်ဘဝကို ပြန်ရချင်လိုက်တာ.... ဒီကောင်လေးက အခြေခံတည်ဆောက်ခြင်းအဆင့်လဲ ရောက်နေပြီး ဝန်ထုပ်ဝန်ပိုး မရှိ၊ အနှောင်အဖွဲ့ မရှိ စိတ်ကြိုက် လွတ်လွတ်လပ်လပ် သွားချင်ရာသွားလို့ရတယ်.... ငါကတော့ သံယောဇဥ် နှောင်ကြိုးတွေနဲ့ ထိုက်ရှန်းမှာပဲ အမြစ်တွယ်နေရတယ်.... အသက်ကြီးလာတာ မကောင်းတဲ့အချက်ကတော့ တစ်နေ့ထက်တစ်နေ့အိုလာလေလေ အပြောင်းအလဲတွေကို ကြောက်လာလေလေပဲ...."
“ဟောတော်.... အကြီးအကဲခန်းရယ်၊ ခေါ်မကြား အော်မကြားနဲ့ ဘာတွေများ ငေးနေတာတုန်းရှင်.... ခုနက တွေ့လိုက်တဲ့ တာဟဲသား အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူနဲ့ တော်တော် ရင်းနှီးတာပဲလားရှင့် ”
သူ့ဘေးနားမှ နူးညံ့သော အသံတစ်သံ ထွက်ပေါ်လာ၍ ခန်းတုံးယွဲ့ လှည့်ကြည့်လိုက်ရာ ယွီရို့ဖြစ်နေသည်။
“ဟက်ဟက်.... ကျုပ်နဲ့ ရင်းနှီးလားဆိုတော့.... ဘယ်လိုပြောရမလဲ.... အဲဒါထက် တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ လူတော်လေးတစ်ယောက်လို့ပဲ ဆိုကြပါစို့လေ.... ညည်းက သူ့အကြောင်းသိချင်လို့လားကွဲ့”
“မဟုတ်ရပါဘူးရှင်.... ဒီတိုင်း ကြုံလို့မေးကြည့်တာပါ အကြီးအကဲရယ်”
သို့ရာတွင် လူ့မနောကို ကျမ်းကြေနေပြီဖြစ်သော ခန်းတုံးယွဲ့သည် ကြုံလို့မေးကြည့်ရုံဟူသောအဖြေသည် သူ့အား ညာပြောနေမှန်း ရိပ်မိလိုက်လေသည်။
....
လော့ချန် သင်္ဘောပေါ် ပြန်ရောက်လာချိန်တွင် ညဉ့်နက်နေပြီ ဖြစ်သည်။ သို့သော် သူတို့ လော့ထျန်းအဖွဲ့၏ သင်္ဘောပေါ်တွင် မီးများ ထိန်ထိန်လင်းနေလျက်ရှိသည်။
“ခေါင်းဆောင်ရှင့်.... ကျွန်မ ခေါင်းဆောင် မှာလိုက်တဲ့အတိုင်း လှေကို အဆင့်သင့်ပြင်ခိုင်းထားပြီး အဖွဲ့သားတွေကိုလဲ အထုပ်ပြင်ဖို့ အသိပေးထားပါတယ်.... ဘယ်နေ့လောက်များ ဒီက စထွက်ကြမလဲရှင့်...."
“ရော့.... ဟွေ့နန် ဒီမြေပုံစာလိပ်ကို ယူထား.... ငါတို့ မနက်ဖြန် မိုးလင်းတာနဲ့ စ ထွက်မယ်”
"ဟင်.... ဒီ.... ဒီလောက် မြန်မြန်လား.... ဟုတ်ကဲ့.... ကျွန်မ ပြင်ဆင်လိုက်ပါ့မယ် ခေါင်းဆောင်"
သူမအတွက်မူ လော့ချန်၏ စကားတစ်ခွန်းသည် လိုက်နာရမည့်အမိန့်ပင် ဖြစ်သည်။ သို့ရာတွင် မနက်မိုးလင်းလင်းချင်း ထွက်ခွာမည် ဖြစ်သဖြင့် ယနေ့ညတွင် သူမ အိပ်ချိန်မရတော့ဘဲ အဖွဲ့သားတသိုက်နှင့် ပြင်ရဆင်ရ အလုပ်ရှုပ်ကြပေဦးမည်။
စီမာဟွေ့နန် ထွက်သွားပြီးနောက် လော့ချန်သည် ချင်းယွမ်အဆိပ်ဖြေနည်းစာလိပ်ကို ထုတ်လိုက်သည်။
“အဟက်.... ထိုက်ရှန်းမှာ အခြေချဖို့လား.... အစကတည်းက ငါ့ရည်ရွယ်ချက်မှ မဟုတ်တာ…. ဒီနေရာက ကျဥ်းပြီး အရင်းအမြစ်လဲ နည်းလွန်းတယ်.... ဇာတိတာဟဲမြေကိုတောင် ရင်နာနာနဲ့ စွန့်ခွာခဲ့ရတာ.... ပြောင်းမယ့်ပြောင်း တာဟဲထက် အပုံကြီးသာတဲ့ နေရာပဲ အခြေချတော့မှာပေါ့.... ထိုက်ရှန်းက တာဟဲခြေဖျားတောင် မှီတာမဟုတ်ဘူး...."
သူ၏ မွေးရာပါ နုံနဲ့လှသော ပါရမီဓာတ်ခံဖြင့် ရွှေအမြုတေအဆင့်သို့ စောစော တက်လှမ်းလိုပါမူ ဒုတိယအဆင့် သို့မဟုတ် တတိယအဆင့်ရှိ ဝိညာဉ်ဓာတ်ကြွယ်ဝသော မြေကြောကို ပိုင်ဆိုင်ရန် လိုအပ်ပေသည်။ ထိုက်ရှန်းနယ်မြေကား ထိုသို့သော အထောက်အပံ့ကို မပေးစွမ်းနိုင်ပါချေ။ အမှန်စင်စစ် သာမန်ဈေးမြို့များ၌လည်း ထိုကဲ့သို့သော ဝိညာဉ်အာဟာရမျိုး မရှိနိုင်ဘဲ နတ်ဘုရားမြို့တော်ကြီးများနှင့် အချက်အချာကျသော မြို့ပြကြီးများ၌သာ ရရှိနိုင်မည်ဖြစ်သည်။
ဤနေရာသို့ ရောက်ရှိလာခြင်းမှာ အခြေချရန်မဟုတ်ဘဲ တာဟဲဈေးမြို့တော်မှ ဘေးကင်းရာသို့ ရှောင်တိမ်းနိုင်ရန် ခေတ္တနားခိုရာ အပန်းဖြေစခန်းတစ်ခုအဖြစ်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ တစ်ဆက်တည်းမှာပင် ဤခရီးစဉ်သည် လော့ထျန်းအဖွဲ့သား ကျင့်ကြံသူများအတွက် လမ်းခရီးတစ်လျှောက် စမ်းသပ်လေ့ကျင့်ရန် အကောင်းဆုံး အခွင့်အရေးတစ်ရပ်လည်း ဖြစ်၏။ ခရီးရှည်တစ်ခု၏ အစပျိုးခြင်းသည် ခက်ခဲကြမ်းတမ်းမြဲ ဖြစ်သည်။ မမျှော်လင့်သော ဘေးအန္တရာယ်များနှင့် စိတ်ဝမ်းကွဲပြားမှုတို့သည် ထိုအစောပိုင်းကာလများ၌ပင် အငုံ့စိတ်မှ အပွင့်ပွင့်လာတတ်ကြ၏။ အကယ်၍ အဖွဲ့သားများအကြား အစကတည်းက စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်ပါက နောင်သောအခါ၌ အရာရာသည် ပန်းခင်လမ်းကဲ့သို့ အဆင်ပြေ ချောမွေ့သွားပေလိမ့်မည်။
နောက်ထပ် တိတ်တခိုးရည်မှန်းထားသော ပန်းတိုင်တစ်ခုမှာ သူ့ကိုယ်ထဲမှ ဆေးအဆိပ်များကို ရှင်းထုတ်နိုင်မည့် နည်းလမ်းအားရှာဖွေရန်ဖြစ်သည်။ ယခုမူ ထိုဆန္ဒလည်းပြည့်ဝကြောင်း သူ့လက်ပေါ်ရောက်နေသည့် ချင်းယွမ်ဆေးကျမ်းဟု ခေါ်သော ဆေးအဆိပ်ဖြေနည်းက သက်သေခံနေသည်။ အကြီးအကဲ ခန်းတုံးယွဲ့၏ ပြောပြချက်အရ ဤဆေးအဆိပ်ဖြေနည်းအား ဂိုဏ်းကြီးနှစ်ခု စစ်မက်ဖြစ်ပွားစဉ်တွင် မီးလျှံမဟာမိတ်မှ မမျှော်လင့်ဘဲ ရခဲ့ခြင်းဖြစ်သည်။ ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ၏ နည်းလမ်းဖြစ်သည်ဟု ဆိုလေသည်။
“ဆေးလုံးစိမ်း ချိုင့်ဝှမ်း....”
ထိုအမည်နာမကို ရွတ်ဆိုရင်း လော့ချန် စိတ်လှုပ်ရှားသွားသည်။ တာဟဲရှိ တစ်ကိုယ်တော်ကျင့်ကြံသူ အများစုမှာ ဆေးဘုရင်ဂိုဏ်းထံမှ ဆေးလုံးများကိုသာ အားကိုးအားထားပြုကြသည်။ သို့ရာတွင် ဂိုဏ်းကြီးအသီးသီးသည် ဆေးဖော်စပ်ခြင်းအတတ်ပညာ၌ ကိုယ်ပိုင်အစွမ်းအစများ ရှိကြသည်သာ ဖြစ်၏။ သို့ရာတွင် သူတို့ဂိုဏ်း၏ လျှို့ဝှက်ကျင့်စဥ်များနည်းတူ ကျင့်ကြံထောက်ကူ ဆေးလုံးများမှာ အသက်သွေးကြောသဖွယ်ဖြစ်ရာ မည်သူကမျှ ချပြကြမည်မဟုတ်ပေ။
ဆေးလုံးစိမ်း ချိုင့်ဝှမ်းသည် ကျောက်စိမ်းအိုးနယ်မြေအတွင်း တည်ရှိသော ရွှေအမြုတေ အဆင့်ရှိ ဂိုဏ်းငယ်တစ်ခု ဖြစ်သည်။ သူတို့သည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ အသုံးများသော ဆေးလုံးများကို ဖော်စပ်ရာတွင် နာမည်ကြီးသည်။ သို့ရာတွင် ဂိုဏ်းသားအင်အား သိပ်မများသဖြင့် ဆေးလုံးများကို ကျောက်စိမ်းအိုးနယ်မြေတစ်ခုလုံးသို့ ဖြန့်ကြက်နိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့်လဲ နီးစပ်သူများအပ အခြား တစ်ကိုယ်တော်ကျင့်ကြံသူများသည် ဆေးလုံးစိမ်းချိုင့်ဝှမ်းကို သိပ်မသိကြခြင်းဖြစ်သည်။
ဆေးဖော်စပ်ခြင်းနယ်ပယ်မှ ဂိုဏ်းအသီးသီးတို့သည် ဆေးပညာရပ်တွင် အစွမ်းကုန် စူးစမ်းလေ့လာထားကြစမြဲပင်ဖြစ်သည်။ ဆေးအဆိပ် ဟူသည် အသေးအဖွဲကိစ္စဟု ထင်ရကာ သတိမမူတတ်ကြသော်လည်း ကျင့်ကြံထောက်ကူဆေးလုံးတို့၏ အာနိသင်အပေါ် များစွာ သက်ရောက်မှုရှိလေသည်။ ထိုကြောင့် ဆေးဖော်ဂိုဏ်းများအနေဖြင့် ဤအချက်ကို သုတေသန အကျအနပြုထားကာ အဆိပ်ဖြေနည်းကို ရှာဖွေထားခြင်းမှာ အံ့ဩစရာမဟုတ်ချေ။
လေ့လာမှုများအရဆိုပါက အဆိပ်ဖြေနည်းကို သင်ယူရာတွင် အခြေခံအဆင့် တတ်မြောက်ထားသော ကျင့်ကြံသူဆိုပါက ဆေးအဆိပ်အကြွင်းအကျန်အချို့ကို အရည်ဖျော်ပစ်နိုင်၏။ ပါရမီရှင်အဆင့်သို့ ရောက်ရန်မူ သုံးနှစ်ခန့် အားထုတ်ရမည်ဖြစ်ပြီး ထိုအခါ၌ ဆေးအဆိပ်များ ကိုယ်ခန္ဓာအတွင်း ပျံ့နှံ့မှုကို ဟန့်တားနိုင်ပေလိမ့်မည်။ အဆိပ်များကို အမြစ်ပြတ်သန့်စင်ရန်အတွက်မူ အနည်းဆုံး ငါးနှစ်ခန့် အချိန်ယူရမည်ဖြစ်သည်။ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန်မူ ဆယ်နှစ်ထက်မနည်း ကြာမြင့်နိုင်ပြီး ကျင့်ကြံသူ၏ ပါရမီပေါ်တွင်လည်း များစွာ မူတည်ပေသည်။ သို့သော် တစ်ကြိမ်တစ်ခါ ကျွမ်းကျင်သွားသည်နှင့် အကျိုးကျေးဇူးမှာ အတိုင်းအဆမရှိပေ။ ကျင့်ကြံသူသည် ဆေးလုံးများ မှီဝဲနေစဉ် ဤပညာရပ်ကို ပုံမှန်လည်ပတ်ပေးခြင်းဖြင့် ဆေးအဆိပ်များကို အစဉ်မပြတ် ဓာတ်ပြယ်စေနိုင်ရုံမျှမက ကျန်ရှိနေသော ဆေးအနှစ်သာရများကိုပင် စုပ်ယူရလွယ်ကူနိုင်စေသည်။ ၎င်းသည် သွေးကြောအဖွဲ့အစည်းများကို သန့်စင်စေကာ ကျင့်ကြံမှုအခြေခံကို ကျောက်တောင်ပမာ ခိုင်မာစေပေလိမ့်မည်။
အချိန်....။
အချိန်သည် အရေးကြီးသော အချက်ဖြစ်သည်။ လော့ချန် သဘောပေါက်လိုက်သည်မှာ ဤပညာရပ်သည် အချိန်ကို ရင်းနှီးမြှုပ်နှံရလွန်းခြင်းပင် ဖြစ်သည်။ အောက်ခြေကျင့်ကြံသူများအကြား ဤပညာရပ် အဘယ်ကြောင့် ရေပန်းမစားသနည်းဟူသော အချက်မှာ ယခုမူ ထင်ရှားသွားချေပြီ။ သူတို့အတွက်မူ အချိန်သည် အဖိုးအထိုက်တန်ဆုံးသော ရတနာပင် မဟုတ်ပါလော။
ဆယ်နှစ်ဟူသော အချိန်သည် အောက်ခြေ ကျင့်ကြံသူတစ်ဦးအဖို့မူ ရှည်လျားလှသော ကာလဖြစ်သည်။ ထိုကျင့်ကြံသူများ၏ သက်တမ်းတွင် ဆယ်စုနှစ်ပေါင်း မည်မျှ ရှိပါမည်နည်း။ အကယ်၍ သူတို့အနေဖြင့် ဤပညာရပ်ကို လေ့ကျင့်နိုင်ခဲ့လျှင်ပင် ဆေးလုံးများကိုကော အဘယ်ကဲ့သို့ အစဉ်မပြတ် ရရှိနိုင်ပါအံ့နည်း။ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူများအတွက်ပင် ခက်ခဲလှသည်ဖြစ်ရာ ချီသန့်စင်အဆင့် ကျင့်ကြံသူများအတွက်မူ ဤအဆိပ်ဖြေနည်းသည် လက်တွေ့ဘဝနှင့် အလှမ်းဝေးနေသည်။ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်သူတိုင်းသည် တစ်ကိုယ်တော်ကျင့်ကြံသူပင် ဖြစ်လင့်ကစား ပါရမီအထိုက်အလျောက် ရှိကြသည်သာ ဖြစ်၏။ ဆေးအဆိပ်များကို သန့်စင်ရန် နှစ်ပေါင်းများစွာ အချိန်ဖြုန်းနေမည့်အစား အစကတည်းက ဆေးမှီဝဲမှုကို ထိန်းချုပ်၍ အဆိပ်မတက်အောင် နေထိုင်ခြင်းကသာ ပို၍ ယုတ္တိတန်လှပေတော့သည်။
လော့ချန် ရုတ်တရက် တွေးလိုက်မိသည်။
"အေးလေ အဲ့လိုဆိုပေမဲ့ ငါကျတော့ ဒီနည်းကို မဖြစ်မနေလိုနေတာကိုး.... အဲဒါမှ ငါ့ကိုယ်ထဲက ဆေးအဆိပ်တွေကို ချေဖျက်လို့ရမှာ.... မှော်အတတ်တွေမှာ ငါက ပါရမီပါသလောက် ကျင့်စဥ်တွေ ဆေးနည်းတွေကျ သိပ်အားမရဘူး၊ ဒီဆေးနည်းလဲ အဆင့်မြင့်ထိမရောက်တောင် ကျွမ်းကျင်အဆင့်လောက်တော့ ရောက်နိုင်ကောင်းပါရဲ့...."
သူအနေဖြင့် ကျွမ်းကျင်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပါမူ ဆေးအဆိပ်ကို အမြစ်ပြတ် တားဆီးနိုင်ပေလိမ့်မည်။ ထိုအခါမှသာ ကျင့်ကြံခြင်းကို အကူအညီဖြစ်မည့် ဆေးလုံးများကို အသုံးချနိုင်ပေမည်။ ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန်မှာ အလှမ်းဝေးသေးသဖြင့် သူကျွမ်းကျင်အဆင့်ကိုမူ ဆယ်နှစ် အချိန်ပေးရန် ကိစ္စမရှိပေ။
လော့ချန်သည် ပစ္စုပ္ပန်ကာလသာမက အနာဂတ်အထိ မျှော်မြင်တွေးဆနေခြင်း ဖြစ်ပေသည်။ ချင်းယွမ်ဆေးအဆိပ်ဖြေကျမ်းကို နောက်တစ်ကြိမ် ပြန်လည် ဆန်းစစ်ပြီးနောက် လော့ချန်သည် လမ်းညွှန်ချက်များအတိုင်း စတင် သင်ယူလေတော့သည်။
“အင်း.... ချီစွမ်းအင်ပင်လယ်ဟာ ကြည်လင်နေရမှာ၊ တာအိုဓမ္မလမ်းစဥ်ရဲ့ အခြေခံအုတ်မြစ်ဖြစ်ပြီး အညစ်အကြေးတွေရှိနေလို့ ဘယ်သင့်တော်မှာလဲ.... ကဲ ဆေးအဆိပ်စ ထုတ်ကြစို့...."
သူသည် မိမိ၏ ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင် အစအနလေးကို စုစည်းကာ ဝဲဂယက်လေးတစ်ခု ဖော်ဆောင်ရန် ကြိုးစားလိုက်သည်။
"အင့်"
သူ၏ နှုတ်မှ ညည်းညူသံလေး ထွက်လာပြီး မျက်နှာမှာ ခဏမျှ ဖြူလျော့သွားသည်။ ပထမဆုံး ကြိုးစားမှုမှာ ရှုံးနိမ့်သွားခဲ့သည်။ ငြိမ်သက်နေသော ချီစွမ်းအင် ပင်လယ်ထဲတွင် ဝဲဂယက်တစ်ခု ဖန်တီးရန် ကြိုးစားခြင်းမှာ အတွင်းပိုင်း မတည်ငြိမ်မှုကို ဖြစ်စေသည်။ ရလဒ်အနေဖြင့် ချီစွမ်းအင် ပင်လယ်နှင့် ဆက်သွယ်ထားသော သေးငယ်လှသော သွေးကြောလေးများ ထိခိုက်သွားခဲ့သည်။
"အမလေး.... ကံသီပေလို့.... ခန္ဓာကျင့်ကြံအဆင့်က အထွတ်အထိပ်အဆင့် ဖြစ်နေပေလို့ပဲ”
လော့ချန် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး နောက်တစ်ကြိမ် ထပ်မံ ကြိုးစားလိုက်သည်။ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့သော်လည်း သူသည် တည်ငြိမ်စွာပင် ဇွဲမလျှော့ဘဲ ကြိုးစားနေခဲ့သည်။ မကြာမီ သူ၏ ချီစွမ်းအင် ပင်လယ်ထဲတွင် တည်ငြိမ်သော ဝဲဂယက်ငယ်တစ်ခု ဖြစ်ပေါ်လာသည်။ လော့ချန်သည် စိတ်ကို စုစည်းကာ ထိုဝဲဂယက်လေးကို ထိန်းချုပ်ပြီး လည်ပတ်စေလိုက်သည်။
ညတာ ကုန်ဆုံးသွားပြီး လောကကြီးတစ်ခုလုံး မြူနှင်းဖြူဖြူများ ဖုံးလွှမ်းနေသည်။ လော့ချန်သည် ပြင်းပြင်းထန်ထန် ကျင့်ကြံနေစဥ် ပုပ်စော်နံလှသော အနံ့တစ်ခုက သူ၏ နှာခေါင်းထဲသို့ တိုးဝင်လာသည်။
"ဟင်"
လော့ချန် သူ၏ ဝမ်းဗိုက်နေရာကို လက်ဖြင့်စမ်းကြည့်လိုက်ရာ ရွံစရာကောင်းသော ချွဲကျိကျိအဖတ်များ ကပ်ပါလာသည်။ သူ နတ်မျက်စိကို အသုံးပြု၍ ကြည့်လိုက်ရာ ချက်နေရာ တဝိုက်တွင် ပုပ်စော်နံကာ အညှီအဟောက်များ ပိုများနေသည်ကို တွေ့လိုက်ရသည်။
လော့ချန်သည် စိတ်မပျက်သည့်အပြင် ဝါးလုံးကွဲရယ်မောလိုက်သည်။ ထို့နောက် ခေါင်းအစ ခြေအဆုံး ရေချိုး သန့်စင်လိုက်ကာ ဝတ်ရုံအသစ်ကို လဲဝတ်လိုက်သည်။ အနံ့အသက်များ ပျောက်သွားသည့်တိုင် စိတ်မသိုးမသန့်ဖြစ်နေသေးသဖြင့် သန့်စင်ခြင်းမှော်အတတ်ဖြင့် ထပ်သန့်လိုက်သည်။ သူ၏ မျက်နှာ အသားအရေမှာ ယခင်က အနည်းငယ် ခပ်ကြမ်းကြမ်း ရှိနေရာမှ နူးညံ့ချောမွေ့ လာလေသည်။
"ဟားဟား.... ငါ တယ်ချောနေပါလားဟေ့" ဟု တကိုယ်တည်းရေရွတ်ရင်း အခန်းအပြင်သို့ထွက်လာလေသည်။
အပြင်တွင် မြူနှင်းများ အုံ့ဆိုင်းနေကာ လန်ချန်းမြစ်ပြင်အထက်တွင် ဧရာမ လှေပျံကြီးသည် ပျံသန်းရန် အသင့်အနေထားဖြစ်နေသည်။ လော့ချန်လည်း လှေပျံကြီးပေါ်တက်ကာ မြစ်ကမ်းဘေးသို့ လှမ်းကြည့်လိုက်သည်။
မြစ်ကမ်းပါးတွင်မူ လီရီရှန်းနှင့် နန်ကုန်းကျင်းတို့သည် သူတို့၏ မျိုးနွယ်စုဝင်များနှင့်အတူ လော့ချန်တို့အား မော့ကြည့်နေကြသည်။ ယမန်ညက ဗြောင်းသတ်အောင် ပြင်ဆင်နေကြသော လော့ထျန်းအဖွဲ့၏ လှုပ်ရှားမှုများကို သူတို့ သတိမထားမိဘဲ မနေပေ။
လော့ချန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ မြစ်ကမ်းပါးမှ သူ့မိတ်ဆွေနှစ်ဦးကို နှုတ်ဆက်သည့်အနေဖြင့် ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။
လန်ချန်းမြစ်ပြင်ထက် မိုးကုပ်စက်ဝိုင်း အလွန်တွင် ရွှေရောင် မိုးသောက် အလင်းတန်းများ ဖြာကျစ ပြုနေလေပြီ။
“ကဲ.... ဒီက အမြန်သွားကြစို့ဟေ့”