← Chapters

အခန်း (၃၁၃-၃၁၄)

Vol. 32 Ch. 313-314

အခန်း (၃၁၃-၃၁၄)

Vol. 32 Ch. 313-314

အခန်း (၃၁၃) - နတ်ပြည်အဝင်နှင့် ငရဲဘုံတံခါးဝအား စွန့်စွန့်စားစား လောင်းကြေးထပ်ကြသူများ

လော့ထျန်းအဖွဲ့ဝင်များသည် ထိုက်ရှန်းမှ သွားရတော့မည်ကို သိလျှင်သိချင်း အမြန်အထုပ်ပြင်ကာ ပြင်ဆင်ကြရလေသည်။ အထက်လူကြီးများသည်လည်း လော့ချန်၏ မြေပုံကိုလေ့လာကာ ခရီးရှည်လမ်းကြောင်းအတွက် အကျိတ်အနယ်ဆွေးနွေးရတော့သည်။ မိုးလင်းပေါက်အထိ ခေါင်းချင်းဆိုင်တိုင်ပင်ပြီးနောက် စီမာဟွေ့နန်၊ ချင်လျန်ချန်းနှင့် အခြားသူများသည် အဆင်ပြေနိုင်ဆုံးလမ်းကြောင်းတစ်ခုကို ရွေးချယ်လိုက်ကြသည်။ သူတို့သည် တောက်ပစမ်းရေ ဈေးမြို့တော်မှတစ်ဆင့် ကောင်းလင်လွင်ပြင်ကို ကျော်ဖြတ်ကာ ကျောက်စိမ်းအိုးနယ်မြေ၏ နယ်စပ်တ‌လျှောက်မှသည် မြောက်ဘက်တည့်တည့်သို့ ဦးတည်သွားကြမည် ဖြစ်သည်။

ကောင်းကင်သိန်းငှက်လှေပျံသည် နေ့ဘက်တွင် ခရီးအပြင်းနှင်ပြီး ညဘက်တွင် အနားယူမည်ဆိုပါက ခရီးစဉ်တစ်ခုလုံးမှာ နှစ်လခန့် ကြာမြင့်မည်ဟု ခန့်မှန်းရသည်။ ဤသည်ပင်လျှင် လမ်းခရီးတွင် မည်သည့် အနှောင့်အယှက်မျှ မရှိဟူသော အချက်ပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်။ လျန်ယွန်း ကုန်သွယ်ရေး မဟာမိတ်ကဲ့သို့သော အင်အားစုကြီးပင် ဤလမ်းကြောင်းဖြင့် ကုန်သွယ်ခရီးသွားရာတွင် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။ သို့ရာတွင် အခြားလမ်းကြောင်း နှစ်ခုထက်စာလျှင် အနည်းငယ် ပင်ပန်းနိုင်သည်မှ အပ ပိုလုံခြုံ ပိုဘေးကင်းလေသည်။

ကောင်းကင်သိန်းငှက် လှေပျံမှာ သိပ်တော့ မမြန်လှပေ။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး အစွမ်းကုန်ပျံသန်းသည့် အရှိန်ကို လုံးဝမမှီနိုင်ချေ။

လော့ချန်သည် လှေဦးပိုင်းကုန်းပတ်ပေါ်တွင် တိတ်ဆိတ်စွာ ရပ်နေပြီး မိမိတို့အောက်၌ ဒေါသတကြီး စီးဆင်းနေသော လန်ချန်းမြစ်ရေများကို ငေးကြည့်နေမိသည်။ ယခုမှပင် တာဟဲမြေနှင့် တစတစ ဝေးလာသဖြင့် လွမ်းဆွတ်တမ်းတမှု အငွေ့အသက်အချို့က သူ၏စိတ်တွင် ရုတ်တရက် နိုးထလာတော့သည်။

“အိုကွာ.... လွမ်းဆွတ်တသနေလို့ရော ဘာထူးမှာလဲ.... ဟက်.... နေရာဒေသတွေသာ ကွဲချင်ကွဲမယ်၊ ငါဘယ်သွားသွား တာဟဲကမြင်ရတဲ့ ကောင်းကင်ကြီးအောက်မှာပဲ ရှိနေမှာပဲ‌လေ.... ပြီးတော့ ငါကတာဟဲမှာ မွေးခဲ့တာလဲ မဟုတ်တော့ အမှန်ဆို အခု ခရီးလမ်းကြမ်းကြီးက အိမ်အပြန်လမ်းတောင်ဖြစ်ချင်ဖြစ်‌နေမှာ....”

သူ့ မှတ်ဉာဏ်ထဲတွင် တောက်ပစမ်းရေဈေးမြို့တော်နှင့် မနီးမဝေးတွင် ယွမ်ကျောက် ပြည်နယ်၏ နယ်စပ်ဒေသ ရှိနေသည်ကို ဝိုးဝဝါးမှတ်မိနေသည်။ ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်သည် တစ်ချိန်က ယွမ်ကျောက်ပြည်နယ်ရှိ ပိုင်ရှို့တောင်မှ တာဟဲဈေးမြို့တော်အထိ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ကာ ခရီးနှင်ခဲ့ခြင်းဖြစ်ဟန်တူသည်။ ထိုစဉ်က ထိုသူသည် မြစ်ကြောင်းတလျှောက် စုန်ဆန် လာခဲ့သဖြင့် တောက်ပစမ်းရေ ဈေးမြို့တော်ကို လွဲချော်သွားခဲ့ခြင်း ဖြစ်လိမ့်မည်။

သို့မဟုတ်လျှင် ယခု ဝိညာဉ်ကူးပြောင်းလာသော လော့ချန်သည် တာဟဲဈေးမြို့တော်မှ တစ်ကိုယ်တော်ကျင့်ကြံသူ ဖြစ်လာလိမ့်မည် မဟုတ်ပေ။ ထိုအချိန် တောက်ပစမ်းရေဈေးမြို့တော်၏ အခြေအနေများအရ ခိုးဆိုးလုနှိုက် သို့မဟုတ် ဓားပြ ဖြစ်သွားဖို့ရာ များလေသည်။ ထိုကွာခြားချက်ကို တွေးမိသောအခါ လော့ချန် မရည်ရွယ်ပါဘဲလျက် အသံထွက် ရယ်မောလိုက်မိသည်။

“အဖွဲ့ချုပ်ခေါင်းဆောင်ရှင့်.... ကျွန်မတို့နောက်က လီမျိုးနွယ်စုနဲ့ နန်ကုန်းမျိုးနွယ်စုတို့ ကပ်လိုက်လာပုံပဲရှင့်....”

လော့ချန်သည် နတ်မျက်စိဖြင့် နောက်ခပ်လှမ်းလှမ်းကို ကြည့်လိုက်ရာ သူတို့လှေပျံနောက်မှ လိုက်လာသော လူအုပ်ကြီးကို မြင်လိုက်ရသည်။ ကိုယ်ဖော့အတတ်ကို သုံးကာ လေထဲတွင် လိုက်လာသော ချီသန့်စင် နောက်ဆုံးအဆင့် ကျင့်ကြံသူများနှင့် လှေပျံငယ်များပေါ်တွင် လိုက်ပါလာသော သာမန်မျိုးနွယ်စုဝင် အမြောက်အမြားကို တွေ့ရသည်။

သူတို့အောက်မှ မြေပြင်တွင်မူ ချီသန့်စင်အစောပိုင်းနှင့် အလယ်ပိုင်းအဆင့် ကျင့်ကြံသူများသည် ဗလတောင့်တောင့် စစ်သူရဲကောင်းများနှင့်အတူ ကုလားအုတ်သားရဲများနှင့် နဂါးမြင်းများကို စီးနင်းရင်း ဖုန်တထောင်းထောင်းထအောင် လိုက်လာကြသည်။ ထိုဦးဆောင်သူတို့သည် စနစ်တကျ ခရီးနှင်ရန် အော်ဟစ် အမိန့်ပေးနေကြသည်။

ဤသည်မှာ မျိုးနွယ်စုလိုက် ရွှေ့ပြောင်းခြင်း၏ မြင်ကွင်းပင် ဖြစ်သည်။ အဆင့်အတန်း မတူညီသော ကျင့်ကြံသူများ၊ များပြားလှသော ရိက္ခာများနှင့် လေပေါ်မပျံသန်းနိုင်သော သာမန်လူများစွာ ပါဝင်နေသဖြင့် မြန်မြန်ဆန်ဆန် သွားလာနိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။

အတိုချုပ်ပြောရလျှင် မျိူးနွယ်စုများအတွက် တနေရာနှင့်တနေရာပြောင်းရသည်မှာ လွန်စွာဝန်ထုပ်ဝန်ပိုး များလှသည်။ ဤနှုန်းအတိုင်းဆိုပါက ထိုသူတို့သည် လော့ချန်တို့အဖွဲ့ကို အမှီလိုက်နိုင်ရန် ခက်ပေမည်။

လော့ချန်သည် စာနာစိတ်ဝင်လာကာ ထိုသူများ ပြတ်မကျန်ခဲ့စေရန်နှင့် အဆက်အသွယ် မပြတ်စေရန် သိန်းငှက်လှေပျံအရှိန်ကို လျှော့ချရန် စီမာဟွေ့နန်အား ညွှန်ကြားတော့မည့်ဆဲဆဲတွင် သူ၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူ၏ အကြည့်တို့သည် အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေသော လန်ချန်းမြစ်၏ အထက်ပိုင်းဆီသို့ ချက်ချင်း ရောက်သွားသည်။

ထိုနေရာဆီမှ ငြိမ်သက်နေသော မြစ်ရေပြင်တွင် အရှိန်ပြင်း‌သော လှိုင်းလုံးကြီးများ ရုတ်ချည်း ပေါ်လာသည်။ သူ့အာရုံတွင် ထိုလှိုင်းလုံးများအောက်မှ မိစ္ဆာအရှိန်အဝါတစ်ခုကို ဝိုးတဝါးထပ်မြင်လိုက်ရသည်။

“အမလေး.... မြန်မြန်ကွေ့.... ကမ်းဘက်အမြန်ကွေ့တော့.... ဟွေ့နန် ဘာကြောင်ကြည့်နေတာလဲ.... လှေပျံကိုအရှိန်တင်ပြီး မြန်မြန်မြေပြင်‌ဘက်ကို ပျံလိုက်....”

စီမာဟွေ့နန်သည် ခဏမျှ ကြောင်သွားသော်လည်း ချက်ချင်းပင် တွမ်ဖုန်းဆီ‌ ပြေးသွားသည်။

တွမ်ဖုန်း၏ ကျွမ်းကျင်လှသော ထိန်းချုပ်မှုအောက်တွင် ကောင်းကင်သိန်းငှက်လှေပျံသည် လှိုင်းထန်နေသော ရေပြင်မှ ဝေးရာသို့ ဦးတည်ကာ လမ်းကြောင်းပြောင်း ပျံသန်းလိုက်သည်။

“တောက်.... ဒီဖားမိစ္ဆာ ထပ်လာပြန်ပြီ၊ ဒီလောက်မျိုဆို့ပြီးတာတောင် ဂနာမငြိမ် သေးဘူးလား....”

လော့ချန် အာရုံခံမိသည့်အတိုင်း မြစ်အထက်ပိုင်းမှ တတိယအဆင့် မိစ္ဆာသားရဲ မြစ်မျိုဖားကြီးသည် သူတို့နှင့် ရေစက်မကုန်သေးဘဲ ပေါ်လာပြန်ခြင်း ဖြစ်သည်။

“ဟမ်.... ဒီကောင့်ပုံစံကြည့်ရတာ အစာရှာတဲ့ပုံမ‌ပေါ်ဘူး.... ဒါဆိုရင်.... မဟုတ်မှလွဲ....”

လော့ချန်၏ စိတ်ထဲတွင် သို့လော သို့လောတွေးရင်း သံသယဝင်လာသည်။ နောက်ဆုံးတွက် ဖြစ်နိုင်ချေတစ်ခုကို သူ တွေးမိလိုက်သည်။

ထိုက်ရှန်းသို့ အလာတွင် ဤမိစ္ဆာဖားကြီးနှင့် ရင်ဆိုင်ရစဉ်က သူတို့တသိုက် ခရီးဆက်နိုင်ရန် လော့ချန်သည် ထိုဖားကြီးအား ကျောက်စိမ်းအမြု‌တေ ဆေးလုံးများ ကျွေးခဲ့ရုံမက ဗိုက်ဝသွားလျှင် ထပ်သောင်းကျန်းမည်ကို စိုးရိမ်သဖြင့် အပိုဆောင်း တစ်ခုကိုပါ ထည့်ပေးလိုက်သေးသည်။

ထိုအပိုဆောင်း လက်ဆောင်မှာ အခြားမဟုတ်။ ထိပ်တန်းအဆင့် အံ့ဖွယ်တစ်သောင်းဆေးလုံး သုံးလုံး ဖြစ်လေသည်။

အိပ်စားကာမ ဟူသော သားရိုင်းတိရစ္ဆာန်တို့၏ သဘာဝရှိလေရာ အစာဝနေသော မိစ္ဆာ တိရစ္ဆာန် တစ်ကောင်အဖို့ သူ့သဘာဝနှင့်သူ အာရုံများနေစေရန် လော့ချန် စိတ်ကူးပေါက်ရာ လုပ်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ဤမျှလောက် ရက်ပေါင်းများစွာ ကြာပြီးမှ ဆေးစွမ်းပြလာမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

‘ဟင် ဒါက ပထမအဆင့် ဆေးလုံးပဲရှိသေးတာလေ.... ဒီလောက်တောင် ဆေးအစွမ်းက အာနိသင်ပြလာတာလား.... ရီရခက်ငိုရခက်ပဲဟေ့...."

လော့ချန်သည် ထိုဖားကြီးနှင့် ထိပ်တိုင်ရင်ဆိုင်ရန် အစီအစဉ် မရှိပေ။ ပထမအကြိမ်က သူတို့သည် ရေပြင်ပေါ်တွင်ဖြစ်၍ အရေးနိမ့်မတတ်ရှိခဲ့လေသည်။ ယခုမူ ကံကောင်းထောက်မစွာ ဝေဟင်ခရီး ပျံသန်းနေခြင်း ဖြစ်လေရာ အလွယ်တကူ မျက်ခြေဖြတ်နိုင်‌သည်။

နောက်မှ လိုက်ပါလာသော လီမျိုးနွယ်စုနှင့် နန်ကုန်းမျိုးနွယ်စုတို့သည် သူတို့အရှေ့မှ ကောင်းကင်သိန်းငှက်လှေကြီး ပင်မလမ်းကြောင်းမှ သွေဖယ်၍ ကုန်းတွင်းပိုင်းသို့ ဦးတည်ပျံသန်းသည်ကို မြင်လိုက်ရ‌သောအခါ ခဏမျှ ကြောင်အသွားကြသည်။

နောက်မှ အခြေအနေကို သဘောပေါက်သွားကာ လော့ချန်အပေါ် ကျေးဇူးတင်စိတ်များ တဖွားဖွား ပေါ်လာကြသည်။

ယခင်က လှေပျံသည် လန်ချန်းမြစ်ပေါ်မှ ပျံသန်းနေပြီး မိမိတို့မှာ မြေပြင်ပေါ်မှ သွားနေရသဖြင့် အရှိန်ချင်းညှိရန် သို့မဟုတ် ဆက်သွယ်ရန် လက်တွေ့မကျလှပေ။ ယခုမူ လှေသည် ကုန်းတွင်းပိုင်းသို့ ရွှေ့လိုက်သဖြင့် မြေပြင်မှ လိုက်ပါရန် ပို၍ လွယ်ကူသွားချေပြီ။

သို့ထိတိုင် ကောင်းကင်သိန်းငှက်လှေပျံ၏ ပျံသန်းနှုန်းသည် မြန်နေဆဲဖြစ်သည်။

နန်ကုန်းကျင်းတစ်ယောက် သက်ပြင်းချလိုက်ပြီး “ချင်လေးရေ.... ငါတို့လူတွေ မြန်မြန်လိုက်မှရမယ်ကွ.... မြန်မြန်‌လေး အမှီလိုက်ဖို့ ထပ်ပြောလိုက်ကွာ” ဟု သားဖြစ်သူအား ပြောလိုက်သည်။

“ဟုတ်ကဲ့ပါဗျ”

နန်ကုန်းချင်သည် ချက်ချင်းပင် သူတို့မျိုးနွယ်စုဝင်များအား လှေပျံ၏ အရှိန်ကို အမှီလိုက်ရန် အမိန့်ပေးလိုက်သည်။

မကြာမီမှာပင် ထိုသူများသည် ပို၍ မြန်မြန်ဆန်ဆန် လှုပ်ရှားလာကြသည်။

ဆန့်ကျင်ဘက်အနေဖြင့် လီမျိုးနွယ်စုမှာမူ အမှီလိုက်နိုင်ရန် အသေအလဲ ရုန်းကန်နေရသည်။

မျိုးနွယ်စုနှစ်ခု၏ ခရီးနှင်နိုင်စွမ်း ကွာခြားရသည်မှာ

အကြောင်းရှိသည်။

လီမျိုးနွယ်ဝင်အများစုသည် ထိုက်ရှန်းတွင် အခြေချနိုင်လိမ့်မည်ဟု တထစ်ချယုံကြည်ထားကြ‌လေရာ အခွင့်မသာ၍ ဒုတိယအကြိမ်မြောက် ရွှေ့ပြောင်းရသောအခါ ကိုယ်ရောစိတ်ပါ ပင်ပန်းနေကြသည်။

တဖက်တွင်မူ နန်ကုန်းမျိုးနွယ်ဝင် အများစုသည် တာဟဲမှအထွက်တွင် လန်ချန်းမြစ်ထဲမှ ငွေရောင် ငါးမိစ္ဆာများနှင့် ဖားမိစ္ဆာကြီးနှင့်ပါ ကြုံတွေ့ခဲ့ရသဖြင့် အတော်အထိနာခဲ့လေသည်။ နန်ကုန်းမျိုးနွယ်စုမှ အားနည်းသူများမှာ ကြွေလွင့်သွားကြပြီး ဖြစ်သည်။ ကျန်ရှိနေသူများမှာ ကျင့်ကြံသူဖြစ်စေ၊ သာမန်လူဖြစ်စေ ရုန်းကန်လှုပ်ရှားရသည်ကို ကျင့်သားရနေသူများဖြစ်သည်။ သူတို့အထဲမှ သာမန်လူများပင်လျှင် ကိုယ်ခံပညာများကို လေ့ကျင့်ထားကြပြီး ချီစွမ်းအင်များနှင့် မကြာခဏထိတွေ့နေရသဖြင့် ကိုယ်ခန္ဓာ သန်မာကြသည်။

လီမျိုးနွယ်စုမှာမူ ပုံစံတစ်မျိုးဖြစ်သည်။ သူတို့သည် မူလကပင် တာဟဲဈေးမြို့တော်တွင် နှစ်ပေါင်းများစွာ အေးအေးချမ်းချမ်း နေထိုင်ခဲ့ကြသူများဖြစ်ပြီး သူတို့အုပ်စုထဲတွင် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များစွာ ပါဝင်နေသည်။ ဤမျှ မြန်ဆန်သောအရှိန်ကို သူတို့ လိုက်နိုင်ရန် မလွယ်ကူပေ။

ထိုအခြေအနေကို အတိုင်းသားမြင်နေရသော လီရီရှန်းသည် နဂါးမြင်းစီး သာမန်စစ်သည်များကိုသာ တတ်နိုင်သမျှ အမီလိုက်ရန် ညွှန်ကြားလိုက်ရတော့သည်။

သူတို့မျိုးနွယ်စုသည် နဂါးမြင်း မွေးမြူရာတွင် နာမည်ကြီး‌လေသည်။ ဤသားရဲများသည် သာမန်တိရစ္ဆာန်နှင့် ပထမအဆင့် ဝိညာဉ်သားရဲကြားတွင် ရှိပြီး သန်မာကာ ဇွဲကောင်းလှသလို အရှိန်လည်း အင်မတန် မြန်ဆန်ကြသည်။ အင်မတန် ကြိုးစားအားထုတ်မှုဖြင့် သူတို့သည် ရှေ့မှအုပ်စုကြီးကို မမြင်ရတမြင်ရ အကွာအဝေးတွင် ရှိနေအောင် ထိန်းထားနိုင်ခဲ့သည်။

ပင်ပန်း ရုန်းကန်နေရသော မိမိ၏ မျိုးနွယ်စုကို ကြည့်ရင်း လီရီရှန်း ရင်နာနာနှင့် ပြုံးလိုက်မိသည်။

“အဟက်.... ဩော်.... ငါ လီရီရှန်း.... အခြေခံတည်ဆောက်ခြင်းအဆင့်သာ‌ရောက်တာ.... မိုးပေါ်က ငှက်လေးတစ်ကောင်လောက်တောင် လွတ်လွတ်လပ်လပ် ပျံသန်းခွင့်မရပါလား.... မျိုးနွယ်စုတစ်စုရဲ့ခေါင်းဆောင်ဆိုတာ ဒီလိုပဲထင်ပါတယ်....”

....

“တာကျန်းဂိုဏ်းကိုတော့ ဆိပ်ကမ်းနားမှာပဲ ဆက်ပြီး အခြေချလိုက်မယ်ဗျာ...."

ဝမ်ဟိုင်ချောင်တစ်ယောက် ကြက်သွေးရောင်ဖားတောင်ထိပ်တွင် ဟော်ဟူနှင့် ဆွေးနွေးနေခြင်းဖြစ်သည်။

“တာဟဲကို‌တော့ ကျုပ်တို့ ကုန်သွယ်ရေးလုပ်ငန်း‌တွေကို ရပ်ပစ်လိုက်ဖို့ စဥ်းစားထားတယ်ဗျ.... တောက်ပစမ်းရေ နဲ့ ယွဲ့လန်းဘက်ကို အဓိကထားပြီး လုပ်ငန်းတွေ လည်ပတ်သွားမယ်ဗျာ.... လက်ရှိက နှင်းကြာပန်းဘက်ကို ရေကြောင်းနဲ့က အဆင်မပြေလောက်ဘူး.... ဒီတော့ ကုန်းကြောင်း ကုန်သွယ်မှ ရတော့မယ်.... ဒါနဲ့ စကားမစပ် ကျုပ် ကျင့်ကြံဖို့အတွက် ဝိညာဉ်ကြောက.... ဘယ်လိုအခြေအနေရှိလဲဗျာ....”

စင်စစ်မူ ဆွေးနွေးသည်ထက် ဟော်ဟူထံ ခွင့်ပြုချက်တောင်းသည့်သဘောဖြင့် အစီရင်ခံနေခြင်းဖြစ်သည်။ အကြောင်းမူ ဟော်ဟူသည် လက်ရှိတွင် သူ၏ ကယ်တင်ရှင်ပမာ ဖြစ်နေသည်။

“ဟားဟား.... စိုးရိမ်တတ်ရန်ကောဗျာ.... ဒီ့အတွက် ပူစရာမလိုပါဘူး.... ထိုက်ရှန်းမှာ ဒုတိယအဆင့် ဝိညာဉ်ကြော တစ်ခုပဲ ရှိတယ်လို့ ထင်ရပေမဲ့ တကယ်တော့ လန်ချန်းမြစ်နဲ့ မိုင်ငါးရာအကွာ‌လောက်မှာ ခင်ဗျားတို့ဂိုဏ်းအဖို့ တစ်နေရာရှိတယ်ဗျ.... အဲ့နေရာက ရေစီးသန်တဲ့ ဒုတိယအဆင့် ဝိညာဉ်စမ်းရေကြောလေး ဆိုပေမဲ့ ခင်ဗျားတို့ ကျင့်ကြံဖို့အတွက်တော့ အဆင်ပြေပါတယ်”

ထိုစကားကို ကြားသောအခါ ဝမ်ဟိုင်ချောင် သိသိသာသာ စိတ်သက်သာရာ ရသွားသည်။ သူယခုမှပင် သက်ပြင်းချနိုင်တော့သည်။ သူသည် အခြားကျော်ကြားသော မြို့ကြီးများထက် ထိုက်ရှန်းကဲ့သို့ မြို့ငယ်တစ်ခုကို အခြေချရန်ရွေးချယ်ခဲ့ခြင်းမှာ အကြောင်းရင်းရှိလေသည်။ သူသည် ဟော်မျိုးနွယ်စုနှင့် ဆက်ဆံရေးမှတဆင့် မီးလျှံမဟာမိတ်အဖွဲ့အား အဆက်အသွယ်လုပ်ချင်နေခြင်းဖြစ်သည်။

လျန်ယွမ်းကုန်သွယ်ရေးမဟာမိတ်ကိုမူ သူအထင်သေးလျက်ရှိသည်။ တာဟဲဈေးမြို့တော်ရှိ နောက်ဆုံးနေ့ရက်များတွင် သူသည် ထိုသူများနှင့် အဆက်အသွယ် ဖြတ်တောက်ခဲ့ပြီး ဖြစ်သည်။ အမှန်စင်စစ် ကျိုးချင်း၏ လက်အောက်မှ အစီအရင် ပါရမီရှင် မင်လုံယွီကိုပင် ခိုးယူခေါ်ဆောင်လာနိုင်ခဲ့သည်။

မီးလျှံမဟာမိတ်ကဲ့သို့ ရွှေအမြုတေအဆင့်ရှိသော ဂိုဏ်းကြီးများတွင်သာ အမြုတေဖြစ်တည်ခြင်းအတွက် မှန်ကန်သော နည်းလမ်းများ ရှိကြသည်။ ဟော်မျိုးနွယ်စုသည် သူတို့နှင့် နီးကပ်သော ဆက်ဆံရေး ရှိနေသဖြင့် သစ္စာခံလိုက်ခြင်းက ရွှေအမြုတေအဆင့်၏ အဆင့်အတန်းကို မြင်တွေ့နိုင်မည့် အစစ်အမှန် အခွင့်အရေးတစ်ခု ဖြစ်ပေသည်။

ဝမ်ဟိုင်ချောင်၏ အဓိကရည်ရွယ်ချက်မှာ ဟော်မျိုးနွယ်စုနှင့် အကျွမ်းတဝင် ဖြစ်လာသည့်အချိန်တွင် မီးလျှံမဟာမိတ်အား အမှီသဟဲပြု၍ ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန် ကြိုးပမ်းလိုခြင်းဖြစ်သည်။

“ဒီမယ်.... ကျုပ်တို့ ဟော်မျိုးနွယ်စု အပေါ်မှာ သစ္စာစောင့်သိရင် ကျုပ်တို့ကလဲ ပစ်မထားတတ်ပါဘူး.... ကျုပ်တို့မျိူးနွယ်စုရဲ့ ဆုံးဖြတ်ချက်တိုင်းကို သေချာမလိုက်နာရင်‌တော့.... အဟက်…. အကျိုးဆက်တွေ ခင်ဗျားသိမှာပါ”

ဝမ်ဟိုင်ချောင် အသာအယာ ခေါင်းညိတ်လိုက်သည်။ ရုတ်တရက် သူ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် “ဩော်.... ပြောဖို့မေ့နေတယ် ကြည့်စမ်း.... ဟိုအဖွဲ့သုံးဖွဲ့တော့ ဒီမနက်ပဲ ထိုက်ရှန်းက ထွက်သွားကြပြီနော်”

ထိုအခါ ဟော်ဟူ၏ မျက်လုံးများ ချက်ချင်း အရောင်တောက်သွားသည်။

“ဘာ.... ထွက်သွားကြပြီ ဟုတ်လား.... ဘယ်ကိုသွားတာလဲ”

“တောက်ပစမ်းရေဘက်တော့ ဦးတည်နေတာပဲ.... ဒါပေမဲ့ ကျုပ်အထင်ပြောတာနော်.... ဒီကောင်တွေ ထျန်းလန် နတ်ဘုရား မြို့တော်ကို သွားကြမယ်ထင်တယ်...."

“ဘာကိစ္စ ထျန်းလန်ကို သွားမှာလဲ.... အဲ့ဒီနေရာက ဒီလောက်လူရှုပ်နေတဲ့ဟာကို.... ကျင့်ကြံဖို့ဆိုပြီး မြို့တက်လာတဲ့ တောသားတွေမှ အပြုံလိုက်ကြီး ရိုက်သတ်လို့တောင် မကုန်‌လောက်ဘူး.... အဟက်.... သူတို့ ကျောက်မိုင်းတွင်းတွေ သွားတူးမလို့ထင်တယ်...."

ဝမ်ဟိုင်ချောင်သည်လည်း တာဟဲကဲ့သို့ အစွန်အဖျားနေရာတစ်ခုမှ လာသူဖြစ်သဖြင့် မြို့တက်လာသော တောသား ဟူသည့်စကားကြောင့် မျက်နှာပျက်သွားသည်။ သို့သော် သူ့ခံစားချက်ကို ထိန်းချုပ်လိုက်ပြီး တိုးတိုးလေး ပြန်ပြောလိုက်သည်။

“ဟိုဟာလေ.... တခြားသူတွေကိုတော့ ကျုပ် မပြောတတ်ဘူး.... ဒါပေမဲ့ လော့ချန်ဆိုတဲ့ ကောင်ကတော့ အမျှော်အမြင်ရှိပြီး ပြတ်သားတယ်ဗျ.... ဒီကောင် ဉာဏ်နီဉာဏ်နက်များချက်ကတော့ ချီသန့်စင်အဆင့်တုန်းကတောင် ကျောက်စိမ်းအိုး ဓားဂိုဏ်းက သူ့နောက်ခံလိုလိုနဲ့ လျှောက်သတင်းလွှင့်သေးတာ.... ကျုပ်တောင် တော်တော်အထင်ကြီးသွားသေးတယ်.... အခု အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ပြီဆိုတော့ တစ်ကိုယ်တော် ကျင့်ကြံသူတွေများတဲ့ မြို့ကြီးပြကြီးကို သွားရဲတာ ဆန်တော့မဆန်းပါဘူး”

ဟော်ဟူက သူ့အပြောကို အလိုမကျဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။

“အလကားပါ.... ဒီ‌ကောင်က ဘဝင်ရူး ရူးနေတာ.... နွားခြေရာခွက်ထဲမှာ ဟန်ကျခဲ့တော့ ပင်လယ်ထဲမှာလဲ အဲ့လိုနေနိုင်မယ် ထင်နေပုံပဲ.... ထျန်းလန် နတ်ဘုရား မြို့တော်ဆိုတာ တစ်ကိုယ်တော် ကျင့်ကြံသူတွေ များသလောက် အဲဒီသူတွေရဲ့ နောက်ခံပတ်သက်နေတဲ့ ဂိုဏ်းတွေက ရှိသေးတယ်.... သူတို့အချင်းချင်းတောင် ကျီးလန်စာစား သတိကပ်နေ နေရတာမျိုး.... ဟက်.... ဒီကောင်တော့ ကိုယ့်သေတွင်း ကိုယ်တူးနေတာပါ....”

“သခင်လေးဟော်ပြောတာ မှန်တယ်ဗျ.... သူတို့က ဘဝင်လေဟပ်နေကြတာ...."

ဝမ်ဟိုင်ချောင်သည် ထိုသို့ပြန်ပြောလိုက်ရင်းမှ ယမန်နေ့က မိတ်ဆုံစားပွဲတွင် နောက်ဆုံးတွေ့ကြစဉ် နန်ကုန်းကျင်း၊ လီရီရှန်းနှင့် လော့ချန်တို့၏ သူ့အား ကြည့်ခဲ့သော အကြည့်များကို ပြန်မြင်ယောင်နေမိသည်။

‘ဟူး.... ဒီလူတွေတော့ ကိုယ်ကျိုးနည်းတော့မှာပဲ.... သူတို့ကိုယ်သူတို့ အထင်ကြီးပြီး သေမင်းခံတွင်းဝကို သွားနေမှန်း မသိကြဘူး’ ဟု စိတ်ထဲမှ ကျိတ်တွေးလိုက်ကာ ကြက်သွေးရောင်ဖားတောင်၏ ရှုခင်းများကို ကြည့်ကောင်းကောင်းဖြင့် ကြည့်နေလိုက်‌တော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၃၁၄) - ကျူပင်ခုတ်.... ကျူငုတ်မကျန်

“ကဲ ဝမ်ဟိုင်‌ချောင်ရာ.... ကျုပ် ဒဲ့ဒိုးပဲ မေးတော့မယ်.... ခင်ဗျား သူတို့ လူစုကို ဒီတိုင်း လွှတ်ပေးလိုက်မှာလား.... ဘယ်လိုလုပ်မယ် စဥ်းစားထားလဲ....”

ဟော်ဟူ၏ ဆိုလိုရင်းမှာ ရှင်းလင်းလှသည်။ သူ့အနေဖြင့် ထိုက်ရှန်းမှ ထွက်ခွာသွားသော လူစု၊ အထူးသဖြင့် လောချန်အား အပြတ်ရှင်းချင်နေသည်။ ဤသည်မှာ တုန်လှုပ်ဖွယ်ရာ အကြံအစည်ဖြစ်သော်လည်း ဝမ်ဟိုင်ချောင်မှာမူ မျက်နှာအမူမယာမပျက်ပေ။ သူ ကြိုတင်တွက်ဆထားသော စကားတစ်ခွန်းကို ကြားလိုက်သကဲ့သို့ သွေးအေးအေးတုံ့ပြန်လိုက်ပုံမှာ အံ့ဩဖွယ်ရာပင်ဖြစ်သည်။

“စဥ်းစဥ်းစားစားလုပ်မှရမယ်.... သခင်လေးဟော်.... ထိုက်ရှန်းအနီးမှာ အပြတ်ရှင်းမယ်ဆို အကုန်လုံးက ကျုပ်တို့ကို သံသယဝင်လိမ့်မယ်.... တောက်ပစမ်းရေကျမှဖြစ်ဖြစ်.... အဲ.... မဟု‌တ်သေးဘူး၊ အဲ့နေရာမှာ လှုပ်ရှားဖို့ မကောင်းဘူး.... ကောင်းလင်လွင်ပြင်ထဲရောက်မှ အလစ်ဝင်တိုက်မယ်လေ.... မကောင်းဘူးလား....”

“ဟမ်.... ကောင်းလင်လွင်ပြင်လား.... အဲနေရာဆို ထိုက်ရှန်းနဲ့ အတော်ဝေးနေပြီလေ.... ဘာလို့အဲ့အထိ.... ဩော်.... ဟား.... ဟား.... ပေါက်ပြီ.... ကျုပ်သဘောပေါက်ပြီ.... ဝမ်ဟိုင်ချောင် ခင်ဗျားမဆိုးဘူးပဲ.... ကလိမ်ဉာဏ်လေးရှိတော့ ကြီးပွားဦးမှာ.... ဟားဟား....”

ဟော်ဟူတစ်ယောက် ဝမ်ဟိုင်ချောင် အကြံကို ကျေနပ်သဘောတူလိုက်သည်။ အကြောင်းမူ တောက်ပစမ်းရေမှ ဓားပြများသည် မြို့ပြင်တွင် ထကြွသောင်းကျန်း နေကြသည်။ သူတို့မြို့နှင့် ကောင်းလင်လွင်ပြင်ကြားတွင် နယ်လှည့်ခရီးသည်များ ကုန်သည်များသတင်းအစအနပင်မပေါ်ဘဲ လက်စဖျောက်ခံရသည်မှာ မနည်းမနောပင်ဖြစ်သည်။ ထိုဓားပြများသည် ခရီးသည်များအား ရုပ်ပျက်ဆင်းပျက်ဖြစ်သည်အထိ သတ်ဖြတ်ပြီးမှသာ ရသမျှပစ္စည်းအကုန်သိမ်းယူလေ့ရှိသည်။ အကယ်၍ ထိုနေရာတွင် လော့ချန်တို့ တသိုက် ပျောက်သွားလျှင် လူတိုင်းသည် ထိုဓားပြများ လက်ချက်ဟုသာ ထင်ပေလိမ့်မည်။ ဟော်မျိုးနွယ်စုနှင့် ပတ်သက်သည်ဟု မည်သူမျှ ရိပ်မိမည် မဟုတ်ပေ။

“ကောင်းပြီလေ.... ခင်ဗျားအကြံကို ကျုပ် သဘောကျတယ်.... ကာကွယ်ရေး မှော်ရတနာ ကွေ့ရွှေ မှော်ဝင်ပန်းချီကိုတော့ ကျုပ်မရ ရအောင်ယူမယ်....”

ဟော်ဟူ၏ မျက်လုံးများထဲတွင် လောဘဇော အရိပ်အယောင်များ တောက်လောင်‌နေသည်။ သူသည် ထိုအင်အားစုသုံးစု၏ ပိုင်ဆိုင်မှုများကို သရေတမြားမြားဖြစ်နေသည်။ လက်ရှိတွင် ဝိညာဉ်သန္ဓေတည်အဆင့်ရှိ ဂိုဏ်းကြီး နှစ်ခုမှာ ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ အနိုင်၊ အရှုံး ရလဒ်တစ်ခု ပေါ်လာသည်နှင့် တပြိုင်နက် အပြောင်းအလဲများစွာ ဖြစ်လာနိုင်သည်။ ထိုရလဒ်သည် သူတို့ဟော်မျိုးနွယ်စု၏ ကံကြမ္မာအပါ်လည်း သက်ရောက်လာနိုင်ဖွယ် ရှိလေသည်။ အကြောင်းမူ စစ်မီးသည် ကူးစက်တတ်လေရာ ယခုပင်လျှင် မီးလျှံမဟာမိတ်နှင့် ဆေးလုံးစိမ်းချိုင့်ဝှမ်း တို့ကဲ့သို့သော ရွှေအမြုတေ အင်အားစုများပင်လျှင် စစ်၏အနိဌာရုံထဲ တိုးဝင်နေချေပြီ ဖြစ်သည်။ ထိုက်ရှန်းသည် ယခုထက်ထိ တိုက်ရိုက် စစ်မီး မကူးစက်သေးပေ။ သို့သော် မဟာမိတ်အင်အား စုဆောင်းနေသော ကျောက်စိမ်းအိုးဓားဂိုဏ်းသည် ထိုက်ရှန်းအုပ်ချုပ်ခွင့်အား မီးလျှံမဟာမိတ်၏ သစ္စာခံ ဟော်မျိုးနွယ်စုထံ ရက်ရက်ရောရော လွှဲပြောင်းပေးခဲ့သည်။ ထိုသို့ အာဏာကုန်လွှဲလိုက်ခြင်းကပင် စစ်မုန်တိုင်းမှာ မည်မျှ နီးကပ်နေပြီ ဖြစ်ကြောင်း သက်သေပြနေခြင်း ဖြစ်သည်။

ဟော်ဟူသည် အခြေခံတည်ဆောက်ခြင်း အဆင့်သို့ ရောက်ရှိသည်မှာ မကြာသေးပေ။ သူ၏ အဆင့်ကို မြန်မြန်ဆန်ဆန် တိုးမြှင့်ရန် မဖြစ်နိုင်သဖြင့် သူ၏ အင်အားကို မြှင့်တင်ရန်အတွက် ပြင်ပအထောက်အကူများကိုသာ အားကိုးရတော့မည် ဖြစ်သည်။ သူတို့တွင် အဆင့်မြင့် ကာကွယ်တိုက်ခိုက်ရေး လက်နက်များ အသင့်အတင့် ရှိသည့်တိုင်အောင် မှော်ရတနာများလောက် အစွမ်းမထက်သဖြင့် စိတ်ဖြောင့်လက်ဖြောင့် မအိပ်နိုင်ဖြစ်နေရသည်။

ဟော်ဟူသာ မှော်ရတနာများပိုင်ဆိုင်ခွင့်ရပါက သူ၏ အစွမ်းကို သိသိသာသာ မြှင့်တင်ပေးနိုင်မည် ဖြစ်‌လေသည်။ လက်ရှိတွင် သူ၏ လက်ထဲ၌ တိုက်စစ်အတွက် မှော်ရတနာ လက်နက်တစ်ခု ရှိနှင့်ပြီးသား ဖြစ်သည်။ ထိုလက်နက်အား ဟော်ချွမ်က လက်ဆောင်ပေးထားခြင်း ဖြစ်သည်။ သို့ရာတွင် ရှားပါးပြီး တန်ဖိုးကြီးတတ်သော ကာကွယ်ရေးမှော်ရတနာ လက်ဝယ်မရှိသေးပေ။

နာမည်ကြီးလှသော မီးလျှံမဟာမိတ်တွင်ပင် ကာကွယ်ရေးမှော်ရတနာ အနည်းငယ်သာ ရှိသည်။ အများစုမှာ ရွှေအမြုတေအဆင့် စီရင်စုသခင်များအတွက်သာ ဖြစ်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကို ပေးမသုံးပေ။

ဂိုဏ်း၏ တာအိုအမွေခံ မျိုးဆက်များသာလျှင် ထိုသို့သော ရတနာများကို ကိုင်ဆောင်ခွင့် ရှိကြရာ ဟော်ဟူကဲ့သို့သော အတွင်းစည်းတပည့် တစ်ယောက်အတွက်မူ စိတ်ကူးယဉ်ခွင့်ပင်မရှိချေ။ သူ ထိုက်ရှန်းသို့ အလျင်အမြန် ပြန်လာရခြင်းမှာလည်း အဘိုးဖြစ်သူ ဟော်ချွမ်ထံမှ အစွမ်းထက် ကာကွယ်ရေး မှော်ရတနာတစ်ခု၏ သတင်းကို ရရှိခဲ့သောကြောင့် ဖြစ်သည်။

‘အဟက်.... ငါ့ဘာငါ လုပ်စရာရှိလို့ ပြန်လာတာတောင် အခြားလူတွေက ကွယ်ရာမှာ သောက်တင်းတုတ်နေကြတယ်.... ငါက စစ်ကူတိုက်ရမှာကြောက်လို့ မီးလျှံမဟာမိတ်ဆီက ပြန်ပြေးလာတယ်ဆိုပဲ.... ငါလို လူက သူတို့လို ငပိန်းတွေထက် အနာဂတ် ဖြစ်နိုင်ချေတွေ တွက်ဆပြီးသား.... ငါသာ မှော်ဝင်ပန်းချီကို ရပြီး အပြည့်အဝ သန့်စင်နိုင်မယ်ဆိုရင်.... လာမယ့် စစ်ပွဲမှာ ငါ့အစွမ်းကို လူတိုင်းကိုပြလို့ရပြီ.... မီးလျှံမဟာမိတ်က တာအိုအမွေခံ ကောင်တွေလောက်တော့ သနားတာပေါ့.... ဟားဟား’

ဟော်ဟူ၏ ကောက်ကျစ်ယုတ်မာသော အမူအရာကို ကြည့်ရင်း ဘေးမှ ဝမ်ဟိုင်ချောင်သည် လော့ချန်တို့တသိုက်အား လျှို့ဝှက်လုပ်ကြံမည့်အစီအစဉ်‌ကိုပြန် စဉ်းစားနေသည်။

‘ဩော် နန်ကုန်းကျင်း.... နန်ကုန်းကျင်း.... ခင်ဗျားဆီမှာ ကွေ့ရွှေ မှော်ဝင်ပန်းချီရှိနေတာ မြွေပွေးခါးပိုက်ပိုက်မိတာပဲ.... ဟက်ဟက်.... စိတ်မကောင်းဖြစ်စရာတော့ မရှိပါဘူး.... ခင်ဗျားလဲ ဒီရတနာအတွက်နဲ့ မိတ်ဆွေဟောင်းအဘိုးကြီးတွမ်ကိုတောင် နောက်ကျောဓားနဲ့ ထိုးခဲ့သေးတာပဲ.... အဲ့တော့ ကိုယ်ပြုတဲ့ကံ ကိုယ့်ထံပြန်လာတာလို့ပဲမှတ်.... ကျုပ်လဲ အနေအစားချောင်အောင် လုပ်ရမှာပဲ....’

“ဒါနဲ့ သခင်လေးဟော်.... ကျုပ်တို့ သတိထားရမယ့် အချက်တစ်ခုတော့ ရှိတယ်ဗျ”

“ဟင်.... ပြောစမ်းပါဦး”

“ဒီလို‌လေ သခင်လေးဟော်ရယ်.... သူတို့ သုံးဖွဲ့က အတူတူ တစ်လမ်းထဲ သွားနေတာဆိုတော့ ကျုပ်တို့ဝင်တိုက်တာနဲ့ တူတူပြန်ခုခံမယ်ဆိုရင်...."

“တော်စမ်းပါ.... အဲ့ဒါအတွက် စိုးရိမ်စရာ မလိုဘူး.... ကျုပ်တို့ဘက်က ဝင်တိုက်မယ့်အဖွဲ့ထဲမှာ သူတို့ကို အပြတ်ရှင်းနိုင်မယ့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေ ပါလာမှာ.... ကျုပ်က သောက်ရူးမှ မဟုတ်တာ.... အချိန်တိုအတွင်း အပြုတ်တိုက်နိုင်အောင် သူတို့သုံးယောက်ဆို ကျုပ်တို့ဘက်က အခြေခံတည်ဆောက်ခြင်းအဆင့် လေးယောက်လောက်ပါရင် ပြီးနေပြီပဲဟာ...."

“ခက်တာက သူတို့မှာ ဝမ်ယွမ်ဆိုတဲ့ ခန္ဓာကိုယ်ကျင့်ကြံသူ တစ်ကောင်ရှိသေးတယ်.... ဒီကောင်က လော့ချန်ဘက်ကလကောင်ဗျ.... သူ့အဆင့်က အခြေခံတည်ဆောက်ခြင်းအဆင့်လောက် ဖြစ်နေပြီ.... ဒါတော့ လျှော့တွက်လို့မရဘူး...."

“ဘာ.... ဝမ်ယွမ် ဟုတ်လား.... အခြေခံတည်ဆောက်ခြင်းအဆင့်လောက်ဆိုတော့ ခန္ဓာကိုယ်ကျင့်ကြံခြင်း ဒုတိယအဆင့်လောက်ပေါ့ ဟုတ်လား...."

“ဟုတ်ပါတယ် သခင်လေး”

“ဒါဆို အခြေခံတည်ဆောက်ခြင်းအဆင့်ကိုရော ရောက်ပြီလား”

“ဒါ‌တော့ ရောက်သေးပုံမပေါ်ဘူးဗျ.... သူ လေလံပွဲလာတုန်းက သခင်လေး မြင်လိုက်မှာပါ.... ကျုပ်အထင် ချီသန်စင် နောက်ဆုံးအဆင့်လောက်ဖြစ်မယ်...."

“ဟက်.... ချီသန့်စင်အဆင့်ကို စကားထဲ ထည့်ပြောနေသေးတယ်.... ဒီမယ် အဲ့ကောင်ကို ကျုပ်တာဝန်ထားလိုက်.... ဒီ‌ကောင့်ကို ကျုပ်ပွဲသိမ်း‌ပေးမယ်.... ခင်ဗျားတို့ ကျန်တဲ့ကောင်တွေပဲ ထိန်းလိုက်...."

“အဲ.... အဲ့လိုကျတော့...."

ဝမ်ဟိုင်ချောင် ခဏမျှ မှင်သက်သွားသည်။ သူ့စိတ်ထဲမှလဲ ‘တောက်.... ဒီ အီးပေါလောကောင်ကတော့ ကြောက်ချေးပါချက်ပဲ၊ ကာကွယ်ရေး မှော်ရတနာကြီးကိုင်ထားတဲ့ နန်ကုန်ကျင်းတို့၊ အတွေ့အကြုံရင့်နေတဲ့ လီရီရှန်းတို့ကျ ရွေးမတိုက်ရဲဘူး.... ဟိုမနေ့တနေ့ကမှ အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်လာတဲ့ လော့ချန်နဲ့တောင် ယှဉ်မချရဲဘူး.... သောက်ကြီးသောက်ကျယ်တွေသာ လေလုံးထွားနေတာ.... ရွေးတိုက်မယ့်သူကျ ချီသန့်စင်အဆင့်က ဝမ်ယွမ်တဲ့.... ခွေးသူတောင်းစား၊ ဘဝင်လေဟပ်နေတဲ့ ကြောက်ချီးပါကောင်....’ ဟု ဆဲဆိုနေတော့သည်။

ဝမ်ဟိုင်ချောင်သည် စိတ်ထဲမှ စုံပလုံစိအောင် ဆဲရေးဆိုနေသော်လည်း သူ့အမျက်ဒေါသကိုမူ အရိပ်အယောင်ပင်မပြပေ။

“ဒါပေမဲ့ သခင်လေးရယ်.... တွက်ကြည့်ရင် သူတို့ဘက်မှာက အခြေခံတည်ဆောက်ခြင်း အဆင့် တိုက်ခိုက်နိုင်တာက လေးယောက်တောင်ရှိနေတာ‌ဗျာ.... ကျုပ်တို့ အကြီးအကဲ ဟော်ချွမ်ကို အကူအညီ တောင်းလိုက်တာ ပိုကောင်းမယ် ထင်တယ်နော်...."

“ဟမ်.... ခင်ဗျား ဦးနှောက်မှ ကောင်းသေးရဲ့လား.... ကျုပ်အဘိုးက တံခါးပိတ်ကျင့်ကြံနေတာ ခင်ဗျားမသိဘူးလား.... လေလံပွဲတောင် ကျုပ်ကိုလွှဲထားခဲ့တာ.... ပြီးတော့.... အဘိုးက ဒါမျိုးတွေ ဝင်ပါမှာ မဟုတ်ဘူး...."

မှန်ပေသည်။ သူ့အဘိုးသည် အတ္တစွဲ ကင်းသူတစ်ဦး မဟုတ်နိုင်သော်လည်း ဤကဲ့သို့ ခိုးကြောင်ခိုးဝှက် အလစ်တိုက်ရမည့် သိက္ခာကင်းမဲ့သည့် လုပ်ရပ်မျိုးတွင် ဝင်မပါမည်ကို ဟော်ဟူ ကောင်းကောင်းသိသည်။ ဤလုပ်ကြံမှု အစီအစဉ်ကို သိသွားလျှင်ပင် သူ့အား အိမ်ပေါ်မှ ခြေထောက်ဖြင့် ကန်ချပေလိမ့်မည်။

ဝမ်ဟိုင်ချောင် သက်ပြင်းအရှည်ကြီး ချလိုက်သည်။

“ဒါဆိုရင် ဘယ်သူတွေ ဝင်တိုက်ပေးမှာလဲဆိုတာတော့ ကျုပ်ကိုပြောပါ.... ကျုပ် သင့်သလို တာဝန်ခွဲပေးပါမယ် သခင်လေး...."

“ကောင်းပြီလေ.... ဝင်တိုက်မှာကတော့ ခင်ဗျားရယ်၊ ကျုပ်ရယ်၊ ပြီးတော့ ကျုပ်မိတ်ဆွေ ထူရှန်း ရယ်”

ဟော်ဟူ ထိုသို့ပြောရင်း အချက်ပြလိုက်ရာ လူတစ်ယောက် သူတို့အနားသို့ ရောက်လာသည်။ ထိုသူသည် ခါးအနည်းငယ် ကုန်းနေပြီး မျက်နှာမှာလည်း ဆနွင်းရောင်လိုလို ဝါကျင်ကျင် ဖြစ်နေသည်။ ပုံပန်းသွင်ပြင်အရ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ ခန့်ညားသော အရှိန်အဝါမျိုး လုံးဝ မရှိပေ။ ခေါင်းတလားထဲမှ ထွက်လာသည့် အလောင်းကောင်ကြီးလိုလို၊ လမ်းလျှောက်နေသော ဖုတ်ပြိတ္တာကြီးလိုလိုပင်ထင်ရသည်။ ထိုဖုတ်ကောင်ကြီး၏ ပါးစပ်ပြဲပြဲကြီးမှ စကားသံစထွက်လာသည်။

“ကျုပ်ကတော့ အဲ့ဒီ တန်ချန်ဇီ လက်ထဲက ချင်းယွမ်ဆေးအဆိပ်ဖြေနည်းကိုပဲ လိုချင်တယ်‌ဟေ့”

ဝမ်ဟိုင်ချောင် မျက်ခုံးပင့်လိုက်ပြီး ဟော်ဟူကို မျက်နှာရိပ်မျက်နှာကဲဖြင့် လှမ်းကြည့်သည်။ ဟော်ဟူက ခေါင်းညိတ်၍ သဘောတူကြောင်း ပြလိုက်သည်။

ဆေးအဆိပ်ဖြေနည်း ကဲ့သို့သော လျှို့ဝှက်ပညာရပ်များသည် လွယ်လွယ်ကူကူ မိတ္တုပွား၍ရသည် မဟုတ်ပေ။ ၎င်းတို့ကို အလွယ်တကူ မပျံ့နှံ့စေရန် အသေအချာ ကာကွယ်ထားကြသည်။

မူရင်းကျမ်း၏ ကျောက်စိမ်းကျမ်းစာ တစ်ရွက်စီကို စိတ်ဝိညာဉ်အာရုံဖြင့် တိုက်ရိုက် ဖတ်ရှုရခြင်း ဖြစ်သည်။ အကယ်၍ အကြောင်းအရာကို အပြည့်အဝ နားမလည်ဘဲ မှတ်ဉာဏ်ဖြင့် ပြန်လည် ကူးယူရန် ကြိုးစားလျှင် အမြဲ အမှားအယွင်းများ ရှိနေတတ်သည်။ အကယ်၍သာ လွယ်ကူနေမည်ဆိုလျှင် အဆင့်မြင့် ပညာရပ်များသည် ကျင့်ကြံခြင်း လောကတွင် ပေါများနေမည်မှာ ကြာလှပြီ ဖြစ်သည်။

ထို့ကြောင့် ဒုတိယအဆင့်နှင့် အထက်ရှိသော ပညာရပ်အားလုံးနီးပါးကို ကျောက်စိမ်းကျမ်းစာများဖြင့်သာ သိမ်းဆည်းထားကြသည်။ အချိန်နှင့် အားစိုက်ထုတ်မှု မရှိဘဲ ကူးယူရန်မှာ မလွယ်ကူလှပေ။

ထူရှန်းသည် ဟော်မျိုးနွယ်စု ကူးယူထားသော ပညာရပ်ကို မရနိုင်သဖြင့် လော့ချန်ကို တိုက်ရိုက် ပစ်မှတ်ထားကာ မူရင်း ဆေးအဆိပ်ဖြေနည်းကို လုယူရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။ ဟော်ဟူသည်လည်း ထူရှန်း၏ ဤမျှော်လင့်ချက်ကိုပင် ငါးစာအဖြစ် အသုံးချကာ သူ့ဘက်ပါလာအောင် စည်းရုံးခဲ့ခြင်း ဖြစ်သည်။

ဟော်ဟူက သဘောတူထားပြီး ဖြစ်သဖြင့် ဝမ်ဟိုင်ချောင်ကလည်း မကန့်ကွက်တော့ပေ။ သို့သော် သူ ပြတ်သားစွာ စကားတစ်ခွန်းတော့ ထုတ်ပြောလိုက်သည်။

“အဆိပ်ဖြေနည်းကိုတော့ ထူရှန်း…. ခင်ဗျား ယူလို့ရတယ်.... ဒါပေမဲ့ တန်ချန်ဇီရဲ့ တခြား ပိုင်ဆိုင်မှုမှန်သမျှကတော့ ကျုပ်အပိုင်ပဲဖြစ်ရမယ်...."

ထူရှန်း အလိုမကျဟန်ဖြင့် မျက်မှောင်ကြုတ်သွားသည်။ သူ ထိုဆုံးဖြတ်ချက်ကို လုံးဝ မကျေနပ်ပေ။

တန်ချန်ဇီသည် ဒုတိယအဆင့် ဆေးဖော်ဆရာတစ်ဦး ဖြစ်သဖြင့် သူ့တွင် ပိုင်ဆိုင်မှုအမြောက်အမြား ရှိနေမည်မှာ ငြင်းစရာမရှိပေ။ လေလံပွဲအတွင်း သူ၏ သုံးဖြုန်းနိုင်စွမ်းကို ကြည့်ခြင်းအားဖြင့် အသာလေး ခန့်မှန်းနိုင်သည်။

ဆေးအဆိပ်ဖြေနည်းမှာ သူ၏ အဓိကရည်ရွယ်ချက် ဖြစ်သော်လည်း ထူရှန်းသည် ရရင်ရသလောက် ပိုလိုချင်နေသည်။ ထူရှန်း၏ မျက်နှာထားကို ကြည့်ရင်း ဝမ်ဟိုင်ချောင် ဟန်ပင်မဆောင်နိုင်ဘဲ မျက်နှာပျက်သွားသည်။

“ဒီမယ် ဟိတ်လူ.... ကျုပ် ထိုက်ရှန်းမှာ နေခွင့်ရဖို့ အများကြီးပေးဆပ်ထားရတာဗျ.... အကုန်အကျတွေလဲ တော်တော်များနေပြီ.... ကျုပ် ကုန်တာနဲ့ ပြန်ကာမိအောင် လုပ်ဖို့လိုတယ်.... ခင်ဗျား နားလည်လား”

ထိုအခါ ထူရှန်းသည် မကျေနပ်ဟန်ဖြင့် ဟော်ဟူဘက်သို့ လှည့်ကြည့်လိုက်ရာ

ဟော်ဟူက တဟားဟား ရယ်မောလိုက်သည်။

“ဟား.... ဟား.... ခင်ဗျားတို့ကလေ ဉာဏ်နည်းတယ် ပြောရင်လဲ ကျုပ်အလွန်ဖြစ်ဦးမယ်.... ဒီဆေးဖော်ဆရာ စုတ်တိစုတ်ပြတ်ကို ငွေထောမယ် ထင်နေသေးတယ်.... လီမျိုးနွယ်စုနဲ့ နန်ကုန်းမျိုးနွယ်စုကို ဘယ်နားသွားထားလဲ.... အဲ့သက်ကြားအိုကြီးတွေကမှ အဆီတစ်ဝင်းဝင်းနဲ့ ဟင်းတုံးကြီးတွေ မဟုတ်ဘူးလား.... ကိုယ့်လူတို့ညံ့ချက်ဗျာ...."

ဝမ်ဟိုင်ချောင်နှင့် ထူရှန်းတို့ နှစ်ဦးစလုံး ခဏမျှ ကြောင်သွားကြသည်။ ထို့နောက်မှ သူတို့ သဘောပေါက်သွားကြသည်။ တန်ချန်ဇီသည် ဒုတိယအဆင့် ဆေးဖော်ဆရာ ဖြစ်သော်လည်း သူ၏ ကျင့်ကြံမှုသက်တမ်းမှာ တိုတောင်းလှသေးသည်။ ငွေကြေးကြွယ်ဝမှုအပိုင်းတွင် သူသည် အမြစ်တွယ်နေသော ကျင့်ကြံရေး မျိုးနွယ်စုကြီးများကို မယှဉ်နိုင်ပေ။

“ပြီး‌တော့.... ခင်ဗျားတို့ကသာ အတည်ပေါက်ကြီးတွေ ခေါင်းရှုပ်ခံနေတယ်.... ကျုပ် နောက်ထပ် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦးလောက် ထပ်ခေါ်ခဲ့မယ်ဗျာ.... အဲဒါဆို လူလောက်ပီမလား.... ကျူပင်ခုတ်ကျုငုတ်မကျန်တဲ့.... တာဟဲတောသားတွေ တကောင်တမြီးမှမကျန်‌အောင် အပြတ်ရှင်းမှရမယ်...."

ထူရှန်းက ခေါင်းတဆတ်ဆတ် ညိတ်ကာ ထောက်ခံလိုက်သည်။ အစီအစဉ်အရ သူတို့ဘက်တွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ငါးဦး အသင့်ရှိနေမည် ဖြစ်သည်။

လော့ချန်တို့ဘက်တွင် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူ သုံးဦးနှင့် ခန္ဓာကိုယ် ကျင့်ကြံသူ တစ်ဦးရှိ‌လေရာ လူအင်အားအရ ဟော်ဟူတို့ဘက်က အရေးသာလျက်ရှိပေသည်။

ဝမ်ဟိုင်ချောင်သည် ယုံကြည်မှုအပြည့် ရှိသွားကာ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရာတွင် လုံးဝ လွဲချော်စရာ မရှိဟု တထစ်ချ ယူဆလိုက်သည်။

ဟော်ဟူသည် မီးလျှံမဟာမိတ်တွင် စနစ်တကျလေ့ကျင့်ထားသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ပြီး တိုက်စစ် မှော်ရတနာနှင့်တကွ အစွမ်းထက်သော ကျင့်စဉ်များကို ပိုင်ဆိုင်ထားသူဖြစ်သည်။

လက်ရှိအစီအစဉ်တွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ သုံးဦးပင် ထပ်တိုးလာပြီ ဖြစ်‌လေရာ ဝမ်ဟိုင်ချောင်အနေဖြင့် မိမိတို့ ရှုံးနိမ့်နိုင်မည့် အချက်တစ်ချက်ကိုမျှ ခေါင်းထဲတွင် စဉ်းစား၍ မရတော့ပေ။

သို့ရာတွင် သူ့စိတ်ထဲတွင် မသိုးမသန့်ဖြစ်နေသလိုလို ခိုးလိုးခုလု ခံစားချက်တစ်ခုကို ခံစားနေရသည်။ သူ အဘယ်ကြောင့် ထိုသို့ခံစားရသည်ကို သေချာပြန်စဉ်းစားလိုက်သည်။

ဟော်ဟူ နောက်ဆုံးပြောသွားသည့် “ကျူပင်ခုတ်ကျုငုတ်မကျန်.... တာဟဲတောသားတွေ တကောင်တမြီးမှမကျန်‌.... အပြတ်ရှင်း...." ဟူသော စကားလုံးများ‌ကြောင့်မှန်း သူ သတိရသွားချိန်တွင်မူ ကြက်သီးမွေးညင်းများထကာ သူ့နောက်ကျောသူ မလုံနိုင်အောင်ပင် ဖြစ်သွားရလေတော့သည်။

All Chapters