အခန်း (၃၁၅-၃၁၆)
Vol. 32 Ch. 315-316
အခန်း (၃၁၅) - ဆက်လက်ခရီးနှင်ခြင်းနှင့် ချောင်းမြောင်းနေသော ရန်သူတော်ကြီးများ
ရက်အနည်းငယ် ကြာပြီးနောက်....။
ဖုန်တထောင်းထောင်း ထနေသော တောရိုင်းမြေနှင့် ချွန်ထက်သော တောင်တန်းများအထက်တွင် လှေပျံတစ်စင်းသည် တရွေ့ရွေ့ လွင့်မျောနေလေသည်။ အချိန်မှာ နွေရာသီ၏ အပူဆုံးအချိန် ဖြစ်နေပြီး စိမ်းလန်းစိုပြည်နေရမည့် တောင်တန်းများမှာ လုံးဝ ခြောက်သွေ့နေလေသည်။
လော့ချန်သည် လှေဦးပိုင်း ကုန်းပတ်ပေါ်တွင် လမ်းလျှောက်ထွက်ရင်း မညီမညာ ဖြစ်နေသော တောင်ကုန်းများနှင့် ကျောက်ဆောင်များကို ကြည့်ကာ မတတ်သာဘဲ ခေါင်းယမ်းလိုက်မိသည်။ သူတို့အဖွဲ့သည် တောက်ပစမ်းရေ ဈေးမြို့တော်၏ နယ်နိမိတ်ထဲသို့ ဝင်ရောက်လာပြီ ဖြစ်သော်လည်း ဤကျယ်ပြောလှသော နယ်မြေတွင် တာဟဲ သို့မဟုတ် ထိုက်ရှန်းဈေးမြို့တော်များမှာကဲ့သို့ ဝိညာဉ်စွမ်းအင်များ အစအနပင် မတွေ့ရတော့ပေ။
ကျောက်စိမ်းအိုးဓားဂိုဏ်းသည် ဓာတ်သတ္တုများ တူးဖော်ရန်အတွက် ဤနေရာရှိ ဝိညာဉ်ကြောများကို ဖျက်ဆီးပစ်ခဲ့သည်ဟူသော ကောလာဟလများမှာ အမှန်ပင် ဖြစ်ပုံရသည်။ ယခုအခါ သတ္တုများ ကုန်သွားသောအခါ ထိုဂိုဏ်းသည် ဘာမှမဖြစ်ခဲ့သလိုပင် လက်ခါကာ ထွက်ခွာသွားခဲ့ကြပြီး ဒေသခံကျင့်ကြံသူများအတွက်မူ ပျက်စီးခြင်းများကိုသာ ချန်ရစ်ထားခဲ့ကြသည်။
“တောက်ပစမ်းရေမှာ ဓားပြတွေ ဒီလောက်တောင် ပေါနေတာ မဆန်းပါဘူးလေ… ဒီလောက် အရင်းအမြစ်တွေ ရှားပါးနေတဲ့ နေရာမှာ အသက်ရှင်ဖို့ တခြားဘာနည်းလမ်း ရှိဦးမှာလဲ.... သူတို့ကို အေးအေးဆေးဆေး ကျင့်ကြံနေဖို့ မျှော်လင့်နေတာလား”
လော့ချန် သက်ပြင်းချကာ အထဲသို့ ပြန်ဝင်ရန် ပြင်လိုက်စဉ် တစ်နေရာသို့ အကြည့်ရောက်သွားပြီး တောင့်ခဲသွားသည်။
“အစ်ကိုတွမ်.... အဲ့ဒီဘက်က ပိုင်မျိုးနွယ်စုရဲ့ နေရာလား”
ယခုအချိန်တွင် ကောင်းကင်သိန်းငှက် လှေပျံကို တွမ်ဖုန်း၏ တပည့်တစ်ဦးက မောင်းနှင်နေခြင်း ဖြစ်သဖြင့် အရှိန်မှာ အတော်လေး နှေးကွေးနေသည်။ လေညင်းခံရန် အပြင်ထွက်လာသော တွမ်ဖုန်းသည် ‘ပိုင်မျိုးနွယ်စု’ ဟူသော အမည်ကို ကြားလိုက်ရသည်နှင့် သူ၏ တည်ငြိမ်နေသော မျက်နှာမှာ ပျက်ယွင်းသွားတော့သည်။
သူ၏ မျက်လုံးထဲတွင် နှစ်ရှည်လများ မြှုပ်နှံထားသော အမုန်းတရားများ အရောင်ဟပ်လာကာ အေးစက်သော အသံဖြင့် ပြန်ဖြေလိုက်သည်။
“တကယ်လို့ အဲ့ဒီမှာ ထင်းရှူးပင်ကြီးတွေနဲ့ ဖုံးလွှမ်းနေတဲ့ တောင်ကို မြင်ရတယ်ဆိုရင် အဲ့ဒါ ပိုင်မျိုးနွယ်စုရဲ့ ဘိုးဘွားပိုင်မြေပါပဲ….”
လော့ချန် မျက်ခုံးပင့်လိုက်သည်။ အဝေးတစ်နေရာတွင် မြင့်မားလှသော တောင်တစ်တောင် ပေါ်လာပြီး ၎င်း၏ တောင်စောင်းတစ်လျှောက်တွင် စိမ်းလန်းစိုပြည်နေသော ထင်းရှူးပင်များဖြင့် ထူထပ်စွာ ဖုံးလွှမ်းနေသည်။ သို့သော် အမှန်တကယ် စိတ်ဝင်စားစရာ ကောင်းသည်မှာ တောင်လယ်မှ ကျောက်စိမ်းတိုင်ကြီးအလား မိုးထိုးနေသည့် ပေထောင်ပေါင်းများစွာသော အမြင့်ရှိသည့် ဧရာမ ထင်းရှူးပင်ကြီးပင် ဖြစ်သည်။
၎င်း၏ ကြီးမားလှသော အကိုင်းအခက်များမှာ တောင်ထိပ်တစ်ခုလုံးကို လွှမ်းခြုံထားကာ နေရောင်ခြည်ပင် မြေပြင်သို့ မရောက်နိုင်လောက်အောင် အရိပ်မည်းကြီး ဖြစ်နေစေသည်။ ထင်းရှူးပင်သည် ပထမအဆင့် ဝိညာဉ်သစ်သားအမျိုးအစား ဖြစ်သော်လည်း ဤမျှလောက် ကြီးမားလာသည်မှာ ဒုတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထင်ရှားလှသည်။ အပင်မှ ထွက်ပေါ်နေသော အရှိန်အဝါအရ ဆိုလျှင် တတိယအဆင့်၏ အစပ်အနားသို့ပင် ရောက်နေချေပြီ။
“တကယ်ပဲ ဧရာမ ထင်းရှူးပင်ကြီးတစ်ပင် ရှိနေတာပဲ” ဟု လော့ချန် ပြောလိုက်သည်။
“အင်း.... အဲ့ဒီနေရာပဲ”
တွမ်ဖုန်းက အေးစက်စွာ ပြောသည်။
“တောက်ပစမ်းရေဈေးမြို့တော်ရဲ့ ဝိညာဉ်ကြော အများစုက ပျက်စီးသွားပေမဲ့ ပိုင်မျိုးနွယ်စုကတော့ ဒုတိယအဆင့် ထင်းရှူးပင်ကြီးရဲ့ အကူအညီနဲ့ မြေကြော ဝိညာဉ်စွမ်းအင်ကို ထိန်းထားနိုင်လို့ အသက်ဆက်နိုင်ခဲ့တာ…. အဲ့ဒါကြောင့်လည်း သူတို့က နှစ်ပေါင်း နှစ်ရာလောက်အထိ အာဏာစက် ပြနိုင်ခဲ့တာပေါ့”
“အဲ့ဒီအပင်က ထင်းရှူးစေးတွေ ထွက်တယ်…. အဲ့ဒါက လက်နက်သွန်းလုပ်ရာမှာ အင်မတန် ကောင်းမွန်တဲ့ ပစ္စည်းပဲ…. အရင်က ဒီဒေသမှာ သတ္တုတွေလည်း ပေါများခဲ့တော့ ပိုင်မျိုးနွယ်စုက လက်နက်သွန်းလုပ်တဲ့ မျိုးနွယ်စုအဖြစ် နာမည်ကျော်လာခဲ့တာ”
လော့ချန် ခေါင်းညိတ်ကာ သဘောပေါက်သွားပြီးနောက် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“အဲ့ဒါကြောင့်မို့ အစ်ကိုတို့ တွမ်မျိုးနွယ်စုနဲ့ ပိုင်မျိုးနွယ်စုကြားမှာ နယ်မြေကျော် စစ်ပွဲတွေ ဖြစ်ခဲ့တာပေါ့…. ဟုတ်တယ်မလား အစ်ကိုတွမ်”
“အေး…. ညီလေး မင်းပြောတာ အမှန်ပဲ.... တောက်ပစမ်းရေမှာ ရှိတဲ့ ကျင့်ကြံသူတွေက ဝယ်လိုအား မရှိတော့ဘူးလေ၊ အဲ့ဒီတော့ ပိုင်မျိုးနွယ်စုက အဆင့်နိမ့် မှော်လက်နက်တွေကို အမြောက်အမြား ထုတ်ပြီး တာဟဲဈေးမြို့တော်ဘက်ကို တွန်းပို့ဖို့ ကြိုးစားလာတယ်…. အဲ့ဒီကနေပဲ လက်နက်သွန်းလုပ်တဲ့ မျိုးနွယ်စုကြီး နှစ်ခုကြားမှာ စစ်ပွဲ စခဲ့တာပဲ”
တွမ်ဖုန်းသည် ထိုစကားများကို တစ်လုံးချင်း တည်ငြိမ်စွာ ပြောနေသော်လည်း သူ့မျက်နှာတွင်မူ အမုန်းတရားများဖြင့် ပုံပျက်နေသည်။
ထိုစစ်ပွဲတွင်ပင် တွမ်ဖုန်း၏ ဖခင်သည် မျိုးနွယ်စုအတွက် အသက်ပေးခဲ့ရပြီး ပိုင်မျိုးနွယ်စု ကျင့်ကြံသူတစ်ဦး၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသည်ကို လော့ချန် သတိရသွားသည်။
“စိတ်မပူပါနဲ့ ညီလေးရာ…. ငါ သူတို့ကို မုန်းတာ မှန်ပေမဲ့ အဲ့ဒီအမုန်းတရားကြောင့် စိတ်လိုက်မာန်ပါ လျှောက်မလုပ်ပါဘူး”
တွမ်ဖုန်းက နှုတ်ခမ်းကို တင်းတင်းစေ့ကာ အံကြိတ်၍ တစ်လုံးချင်း ပြောလိုက်သည်။
“ငါ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်တဲ့နေ့ကျရင် ဒီကြွေးဟောင်းကို ငါ့လက်နဲ့ကိုယ်တိုင် ပြန်ယူမယ်”
လော့ချန်က တွမ်ဖုန်း၏ ပုခုံးကို ညင်သာစွာ ပုတ်လိုက်ပြီး “အစ်ကိုတွမ်.... အဲ့နေ့ရောက်ဖို့ သိပ်မလိုတော့ပါဘူး.... ပြီးတော့….”
စကားပြောနေရင်း လော့ချန်၏ စကားသံမှာ ရုတ်တရက် ရပ်တန့်သွားသည်။ သူ မျက်မှောင်ကြုတ်ကာ ပတ်ဝန်းကျင်ကို စူးရှသော အကြည့်များဖြင့် စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ ယခုလေးတင် တစ်စုံတစ်ယောက်က သူ့ကို ချောင်းကြည့်နေသလိုမျိုး ထူးဆန်းသော ခံစားချက်ကို သူ အာရုံရလိုက်ခြင်း ဖြစ်သည်။
“ညီလေး ငါ လှေမောင်းတဲ့နေရာကို သွားလိုက်ဦးမယ်၊ တစ်ခုခု လိုအပ်ရင် ခေါ်လိုက်နော်”
တွမ်ဖုန်းမှာ အပြင်တွင် ဆက်နေချင်စိတ် မရှိတော့ဘဲ ပိုင်မျိုးနွယ်စု၏ နယ်မြေဘက်သို့ နောက်ဆုံးအကြိမ် စေ့စေ့ကြည့်ကာ အောက်ထပ်သို့ ဆင်းသွားတော့သည်။ လော့ချန် ခေါင်းညိတ်ပြလိုက်သော်လည်း နေရာမှ မရွေ့သေးဘဲ သံသယများဖြင့် ပတ်ဝန်းကျင်ကို ဆက်လက် အကဲခတ်နေသည်။
‘ဘာမှ မရှိဘူးလား.... အဲ့ဒီလောက် မြန်မြန်ဆန်ဆန် နောက်ဆုတ်သွားပုံထောက်ရင် သေချာပြီ၊ ဒါ တစ်ယောက်ယောက်က ငါ့ကို စောင့်ကြည့်နေတာပဲ၊ ဒါပေမဲ့ ဘယ်သူလဲ၊ ဘယ်နေရာကလဲ’
နောက်တစ်စက္ကန့်တွင် သူ၏ မျက်လုံးများမှ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး အထွတ်အထိပ်အဆင့် နတ်မျက်စိကို အပြည့်အဝ အသက်သွင်းလိုက်သည်။ သူ၏ အကြည့်တို့သည် ထင်းရှူးပင်ကြီးရှိရာ ဝေးလံသော တောင်ကြားဆီသို့ စိုက်ကြည့်လိုက်တော့သည်။
....
“ဘာကောင်လဲဟ.... အာရုံခံနိုင်စွမ်းက ကြောက်စရာကြီးပါလား….”
ဧရာမ ထင်းရှူးပင်ကြီး၏ အထက်တွင် မျက်နှာနီနီ လူလတ်ပိုင်းအမျိုးသားတစ်ဦးမှာ တောင့်ခဲသွားသည်။ သူသည် လက်ထဲမှ အစီအရင်ချပ်ကို တင်းတင်းဆုပ်ကိုင်ရင်း စိုးရိမ်တကြီးဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။
“အရှိန်အဝါကလည်း ပြင်းထန်ပြီး အကာအကွယ်မဲ့နေသလိုပဲ.... ဒီလူက သာမန် ကျင့်ကြံသူ မဟုတ်ဘူး”
ယခုလေးတင် သူသည် ထင်းရှူးပင်ကြီးကို အသုံးချကာ လွင်ပြင်ကို စောင့်ကြည့်ခဲ့ခြင်း ဖြစ်သော်လည်း သူ၏ လုပ်ရပ်ကို လော့ချန် ရိပ်မိသွားလိမ့်မည်ကိုမူ မမျှော်လင့်ထားခဲ့ပေ။ အမှန်စင်စစ် ရိပ်မိရုံတင်မဟုတ်ဘဲ လော့ချန်သည် သူ့အား သတိပြုမိသွားပြီ ဖြစ်သည်။
ဘေးနားရှိ ချီသန့်စင်အဆင့် (၉) ပိုင်မျိုးနွယ်စု ကျင့်ကြံသူတစ်ဦးက စူးစမ်းလိုစိတ်ဖြင့် “မျိုးနွယ်စုခေါင်းဆောင်.... ကျွန်တော်တို့ကို သူ သတိထားမိသွားပြီဆိုတော့.... အစီအစဉ်အတိုင်း ဆက်လုပ်မှာလား” ဟု မေးလိုက်သည်။
ပိုင်မျိုးနွယ်စု၏ ခေါင်းဆောင် ပိုင်လွန်က အေးစက်စွာ ရယ်မောလိုက်သည်။
“သတိထားမိတော့ကော ဘာဖြစ်လဲ.... အခုမှ မသိချင်ယောင်ဆောင်နေတာက ပိုပြီး သံသယဖြစ်စရာ ကောင်းလိမ့်မယ်.... နောက်ပြီး သူတို့က ငါတို့နယ်မြေကို ဖြတ်သွားချင်တယ်ဆိုရင် လမ်းကြေးလေးတော့ ပေးသွားသင့်တာပေါ့…. အဟက်….”
ဘေးနားရှိ ကျင့်ကြံသူမှလေးမှာ စိုးရိမ်နေဆဲ ဖြစ်ပြီး “ဒါပေမဲ့.... လော့ထျန်းအဖွဲ့က သွားထိသင့်တဲ့ အဖွဲ့ မဟုတ်ဘူးလေ” ဟု ပြောလိုက်သည်။
လော့ထျန်းအဖွဲ့ ပေါ်ပေါက်လာသည်မှာ နှစ်အနည်းငယ်သာ ရှိသေးသော်လည်း ၎င်း၏ အမည်မှာ ဈေးမြို့တော်များအနှံ့ ပြန့်နှံ့နေပြီ ဖြစ်သည်။ တွမ်မျိုးနွယ်စုကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့ခြင်းကပင် သူတို့၏ အစွမ်းကို သက်သေပြနေသည်။
ယခင် နယ်မြေကျော် စစ်ပွဲတွင် ပိုင်မျိုးနွယ်စုနှင့် တွမ်မျိုးနွယ်စုတို့သည် ကမ္ဘာပျက်မတတ် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသည်။ တစ်ကြိမ်တွင် တွမ်မျိုးနွယ်စု၏ စစ်သည်များမှာ ထင်းရှူးတောင်ခြေအထိပင် ရောက်လာခဲ့ကြသည် မဟုတ်ပါလော။ ထိုအချိန်က ဒုတိယအဆင့် အစွမ်းထက် အစီအရင်ကြီးနှင့် ထင်းရှူးပင်ကြီးသာ မရှိခဲ့လျှင် ပိုင်မျိုးနွယ်စုမှာ တွမ်မျိုးနွယ်စု၏ လက်ချက်ဖြင့် ကျင့်ကြံခြင်းလောကမှ ပျောက်ကွယ်သွားခဲ့ရလောက်ပြီး ဖြစ်သည်။ ထိုသို့သော တွမ်မျိုးနွယ်စုကို အပြတ်ရှင်းနိုင်ခဲ့သည့် လော့ထျန်းအဖွဲ့မှာ မည်မျှ အစွမ်းထက်မည်နည်း။
ပိုင်လွန်က အေးစက်စွာ ပြုံးလိုက်သည်။
“ဟ.... လော့ထျန်းအဖွဲ့က ပေါ့သေးသေး မဟုတ်မှန်း ငါလည်း သိတာပေါ့.... အဲ့ဒါကြောင့်လည်း သူတို့ကို တိုက်ရိုက် ရန်မစဘူးလေ.... တခြားသူတွေကို လူမိုက်ငှားမှာပေါ့”
သူ ရှေ့သို့ အနည်းငယ် ကိုင်းလိုက်ရင်း မျက်လုံးထဲတွင် ရက်စက်သော အရိပ်အယောင်များဖြင့် “ငါတို့ ပစ်မှတ်က နန်ကုန်းမျိုးနွယ်စုပဲ” ဟု ပြောလိုက်သည်။
ဟော်မျိုးနွယ်စု၏ လေလံပွဲတွင် နန်ကုန်းကျင်းသည် ဝမ်ဟိုင်ချောင်ကို အံတုကာ အဆင့်နိမ့် မှော်ရတနာတစ်ခုကို ဝယ်ယူခဲ့ကြောင်း သူ ကြားသိထားသည်။ ထိုအချက်က နန်ကုန်းကျင်းထံတွင် ဝိညာဉ်ကျောက်တုံးများစွာ ရှိနေကြောင်း သက်သေပြနေသည်။ ကာကွယ်ရေး မှော်ရတနာမှာ လက်လှမ်းမမီနိုင်သေးလျှင်ပင် ကျန်ရှိနေသော ဝိညာဉ်ကျောက်တုံးများကိုမူ သူတို့ ရယူနိုင်သေးသည် မဟုတ်ပါလော။
ပစ်မှတ်မှာ နန်ကုန်းမျိုးနွယ်စု ဖြစ်ကြောင်း သိလိုက်ရသောအခါ ပိုင်မျိုးနွယ်စု ကျင့်ကြံသူ၏ စိုးရိမ်စိတ်များ လျော့ကျသွားတော့သည်။ လော့ထျန်းအဖွဲ့နှင့် လီမျိုးနွယ်စုမှာ ကိုင်တွယ်ရ ခက်ခဲသော်လည်း နန်ကုန်းမျိုးနွယ်စုမှာမူ သူတို့အတွက် အဆင်ပြေလှသည်။
ထိုစဉ် ပိုင်လွန်၏ မျက်မှောင်များ ကြုတ်သွားကာ “ဟင်....” ဟု အံ့ဩတကြီး ရေရွတ်လိုက်မိသည်။
“ဘာဖြစ်လို့လဲ ခေါင်းဆောင်”
ပိုင်လွန်က မျက်ခုံးပင့်လိုက်ရင်း ဆိုသည်။
“တောက်…. ဒီတန်ချန်ဇီဆိုတဲ့ကောင် တယ်သတိဝီရိယ ရှိတာပဲ.... သူ လမ်းကြောင်းကို ချက်ချင်း ပြောင်းလိုက်ပြီ”
....
“လမ်းကြောင်းပြောင်း.... တောက်ပစမ်းရေ ဈေးမြို့တော်ကို ပတ်သွားမယ်”
လော့ချန်၏ အမိန့်တစ်ခုတည်းဖြင့် ခရီးစဉ်ကို ပြောင်းလဲလိုက်သည်။ စီမာဟွေ့နန်မှာ ဇဝေဇဝါ ဖြစ်သွားသော်လည်း ဘာမှ ပြန်မမေးဘဲ အမိန့်ကို ချက်ချင်း လွှဲပြောင်းပေးလိုက်သည်။ မကြာမီမှာပင် ကောင်းကင်သိန်းငှက် လှေပျံသည် မူလလမ်းကြောင်းမှ သွေဖယ်ကာ တောက်ပစမ်းရေဈေးမြို့တော်ကို ဝိုင်းပတ်ပျံသန်းတော့သည်။
“ညီလေး.... ဘာဖြစ်လို့လဲ.... တစ်ခုခုရှိလို့လား”
ဝမ်ယွမ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
လော့ချန် တိုးတိုးလေး ပြန်ဖြေလိုက်သည်။
“အစ်ကိုဝမ်.... တစ်ခုခုတော့ မူမမှန်တော့ဘူးဗျ၊ ခဏလေးအစ်ကို.... ကျွန်တော် စောင့်ကြည့်လိုက်ဦးမယ်”
လော့ချန် မျက်မှောင်ကြုတ်ကာ နတ်မျက်စိဖြင့် အဝေးကို စူးစိုက်ကြည့်နေသည်။ ယခုလေးတင် သူ့အား ချောင်းကြည့်ခဲ့သူမှာ ပိုင်မျိုးနွယ်စုမှ ဖြစ်ကြောင်း လော့ချန် သေချာပေါက် သိသည်။ တစ်ပါးသူ၏ နယ်မြေကို ဖြတ်သန်းသွားသူများအား စောင့်ကြည့်ခြင်းမှာ သဘာဝကျသော်လည်း ပြဿနာမှာ တစ်ဖက်လူ၏ အမူအရာပင် ဖြစ်သည်။
စောင့်ကြည့်ခံရကြောင်း သိလိုက်ရသော်လည်း တစ်ဖက်လူက လူကိုယ်တိုင် ထွက်မလာသလို၊ အချက်ပြ နှုတ်ဆက်ခြင်း သို့မဟုတ် သတိပေးခြင်းမျိုးလည်း လုံးဝ မလုပ်ခဲ့ပေ။ ရန်သူ ဖြစ်နေလင့်ကစား အနည်းဆုံးတော့ တစ်စုံတစ်ရာ အချက်ပြလေ့ ရှိကြသော်လည်း ယခုကဲ့သို့ တိတ်တဆိတ် လုပ်ဆောင်နေခြင်းမှာ မရိုးသားသော ရည်ရွယ်ချက် ရှိနေကြောင်း ထင်ရှားလှသည်။
ထျန်းလန်နတ်ဘုရားမြို့တော်သို့ ခရီးမှာ ရှည်လျားပြီး အန္တရာယ် များလှသဖြင့် မလိုအပ်ဘဲ ပြဿနာ အရှာမခံနိုင်ပေ။ တောက်ပစမ်းရေမြို့ကို ပတ်သွားခြင်းက အချိန်အနည်းငယ် ပိုကုန်နိုင်သော်လည်း လမ်းကြောင်းမှ သိပ်ပြီး သွေဖယ်သွားခြင်း မရှိပေ။ လှေပျံက အလွယ်တကူ လမ်းကြောင်း ပြောင်းနိုင်သော်လည်း နောက်မှလိုက်လာသော လီမျိုးနွယ်စုနှင့် နန်ကုန်းမျိုးနွယ်စုတို့မှာမူ အခြေအနေကို မသိဘဲ အံ့အားသင့်သွားကြသည်။
“အဖေ.... သူတို့နောက်ကို ဆက်လိုက်ဦးမှာလား”
နန်ကုန်းချင်က လမ်းကြောင်းပြောင်းသွားသော လှေပျံကို ကြည့်ကာ မေးလိုက်သည်။
နန်ကုန်းကျင်းသည် ခေတ္တမျှ တွေဝေသွားပြီးနောက် ခေါင်းယမ်းလိုက်သည်။
“အင်း…. မလိုက်တော့ဘူးကွာ.... ငါတို့က ဒီလောက် ခရီးရှည်ကြီးကို သွားဖို့ မသင့်တော်ဘူး.... တောက်ပစမ်းရေဈေးမြို့တော်က ခြောက်သွေ့နေပေမဲ့ ငါတို့ ခြေကုတ်ယူဖို့အတွက်တော့ လုံလောက်ပါတယ်”
ထိုသို့ဖြင့် နန်ကုန်းမျိုးနွယ်စုမှာ တောက်ပစမ်းရေမြို့တော်တွင် အခြေချရန် ဆုံးဖြတ်လိုက်ကြသည်။ သို့သော် နန်ကုန်းကျင်းမှာ စိတ်မအေးနိုင်ဘဲ ရှိနေသေးသည်။
“လော့ထျန်းအဖွဲ့က ရုတ်တရက် လမ်းကြောင်း ပြောင်းသွားတာ တစ်ခုခု ဖြစ်လို့နေမှာ.... အားလုံး သတိမပြတ်စေနဲ့.... ဒီမှာပဲ ခဏနားကြမယ်”
သူ၏ အမိန့်ကြောင့် နန်ကုန်းမျိုးနွယ်စုဝင်များ ရပ်တန့်ကာ စခန်းချရန် ပြင်ဆင်ကြတော့သည်။
မကြာမီမှာပင် လီမျိုးနွယ်စု၏ အုပ်စုကြီးလည်း ရောက်ရှိလာသည်။
နန်ကုန်းကျင်းသည် လေထဲတွင် ဝဲပျံရင်း လီမျိုးနွယ်စု၏ လှေပျံ ရောက်လာသည်ကို စောင့်ကြည့်နေသည်။ ကုန်းပတ်ပေါ်တွင် လီရီရှန်းက သူ့အား တည်ငြိမ်စွာ ကြည့်နေသည်။
“ဒါဆို လီမျိုးနွယ်စုကတော့ လော့ထျန်းအဖွဲ့နဲ့အတူ ဆက်သွားဖို့ ရွေးချယ်လိုက်တာပေါ့” ဟု နန်ကုန်းကျင်းက တိုးတိုးလေး ရေရွတ်လိုက်သည်။ သူ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ ယခုမှစ၍ သူတို့၏ လမ်းကြောင်းများ ကွဲပြားသွားချေပြီ။ လော့ချန်နှင့် လီရီရှန်းတို့ကဲ့သို့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ မရှိတော့သောအခါ နန်ကုန်းကျင်း၏ ပုခုံးပေါ်တွင် တာဝန်များ ပို၍ လေးလံလာသလို ခံစားရသည်။
‘တောက်ပစမ်းရေဈေးမြို့တော်က တကယ်ပဲ အခြေချဖို့ မှန်ကန်တဲ့ နေရာလား....’
မည်သူမျှ သူ့ကို အဖြေမပေးနိုင်သော်လည်း သူကမူ ဆုံးဖြတ်ပြီးသား ဖြစ်သည်။ မနက်မိုးသောက် အလင်းရောက်သည်နှင့် တစ်ပြိုင်နက် ဒေသခံ အင်အားစုဖြစ်သော ပိုင်မျိုးနွယ်စု၏ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူထံ သွားရောက် တွေ့ဆုံမည် ဖြစ်သည်။
‘ဟူး....ဆွေးနွေးတာ အဆင်ပြေရင်တော့ အကောင်းဆုံးပေါ့.... မပြေရင်တော့....’
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၃၁၆) - ကောင်းလင်လွင်ပြင် တိုက်ပွဲ စတင်ခြင်း
နေဝင်ရိုးရီ အချိန်၏ ဆည်းဆာအလင်းတန်းများသည် တစ်လောကလုံးကို နွေးထွေးသော ရွှေရောင်အဆင်းဖြင့် သုတ်လိမ်းပေးထားလေသည်။ လော့ချန်သည် ပတ်ဝန်းကျင်ကို စူးရှထက်မြက်သော အကြည့်များဖြင့် အကဲခတ်နေသော်လည်း ထူးခြားသည့် အခြေအနေကိုမူ မတွေ့ရသေးပေ။
‘ငါပဲ အတွေးလွန်နေတာလား....’
သူ့နောက်ဘက်မှ စီမာဟွေ့နန်က ရှေ့သို့တက်လာပြီး “အဖွဲ့ချုပ်ခေါင်းဆောင်.... ဒီညတော့ ကောင်းလင်လွင်ပြင်မှာပဲ စခန်းချကြရင် မကောင်းဘူးလား” ဟု အကြံပြုလာသည်။
“ကောင်းလင်လွင်ပြင် ဟုတ်လား”
“ဟုတ်ကဲ့.... အဲ့ဒီနေရာက မြေပြင်ထက် မြင့်တဲ့အပြင် ကျောက်တိုင်တွေလည်း ထူထပ်တယ်လေ.... ပုန်းကွယ်ဖို့ ကောင်းသလို အစောင့်အရှောက်ထားဖို့လည်း လွယ်ကူတော့ တစ်ဖက်လူက အလစ်အငိုက် တိုက်ခိုက်ဖို့ တော်တော်ခက်ခဲမယ့် နေရာမျိုးပါ”
“အကျိုးအကြောင်း ဆီလျော်သားပဲ”
လော့ချန် ခေါင်းညိတ် သဘောတူလိုက်သည်။
ကောင်းကင်သိန်းငှက် လှေပျံသည် မြေပြင်မှ ထိုးထွက်နေသော မြင့်မားသည့် လွင်ပြင်ကြီးဆီသို့ တည်ငြိမ်စွာ ဦးတည်ပျံသန်းသွားလေသည်။ အနီးသို့ ရောက်ရှိလာသည်နှင့်အမျှ မြေမျက်နှာသွင်ပြင်မှာ ပိုမိုထင်ရှားလာပြီး ချွန်ထက်သော ကျောက်ဆောင်ကြီးများနှင့် ရှေးဟောင်းအစောင့်အရှောက်များကဲ့သို့ တန်းစီနေသည့် ထောင်နှင့်ချီသော ကျောက်တိုင်ကြီးများကို မြင်တွေ့နေရသည်။
အဝေးမှ ကြည့်လျှင် ပျက်စီးနေသော နန်းတော်ဟောင်းကြီးတစ်ခုနှင့် တူလှပြီး ကျောက်တိုင်ကြီးများမှာလည်း တစ်ချိန်က ခန့်ညားခဲ့သော အဆောက်အအုံတစ်ခု၏ ကျိုးပဲ့နေသည့် ထုပ်တန်းများအလားပင်။
သို့သော် လှေပျံ အနီးသို့ ကပ်သွားလေလေ လော့ချန်၏ စိတ်ထဲတွင် မသိုးမသန့် ခံစားချက်တစ်ခု ကိန်းအောင်းလာလေလေ ဖြစ်သည်။ အစပိုင်းက အကောင်းဆုံးဟု ထင်ရသော ထိုမြင်ကွင်းသည် ယခုအခါ အလိုလိုနေရင်း တစ်ခုခု မှားယွင်းနေသလို ခံစားနေရသည်။ အသက်ရှူလိုက်တိုင်း ထိုစိုးရိမ်စိတ်မှာ ပိုမိုသိသာလာလေသည်။
‘အချက်အချာကျတဲ့ အမြင့်ပိုင်း.... ထူထပ်တဲ့ အကာအကွယ်.... နေဦး.... တစ်ခုခုတော့ မှားနေပြီ’
ရုတ်တရက် လော့ချန်သည် အောက်ဘက်ရှိ လွင်ပြင်ဆီသို့ စူးစိုက်ကြည့်လိုက်သည်။ ထိုခဏမှာပင် အပြင်းထန်ဆုံး တိုက်ခိုက်မှု သုံးခုသည် လေထုကို ဖြတ်သန်းကာ ကောင်းကင်သိန်းငှက် လှေပျံဆီသို့ ဟိန်းဟောက်၍ ဦးတည်လာတော့သည်။
“တောက်....”
လော့ချန် အော်ဟစ်လိုက်သည်။
“အစ်ကိုတွမ်.... ကာကွယ်ရေး အစီအရင်ကို အမြန်အသက်သွင်း….”
ဝုန်း....
လေထုထဲတွင် ကျယ်လောင်လှသော တုန်ခါသံကြီး ပြည့်နှက်သွားပြီး လှေပျံ၏ ကာကွယ်ရေး အစီအရင်မှာ ချက်ချင်း အသက်ဝင်လာသည်။ ကြည်လင်သော ကျောက်စိမ်းပြာရောင် အကာအကွယ် အလွှာကြီးသည် လှေပျံတစ်စင်းလုံးကို လုံခြုံစွာ ဖုံးသွားတော့သည်။ ဤသည်မှာ လှေပျံတွင် ပါဝင်သော ကာကွယ်ရေးစနစ် ဖြစ်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ အစွမ်းကုန် တိုက်ခိုက်မှုကို တစ်ကြိမ်ခန့် ခံနိုင်ရည်ရှိရန်သာ ရည်ရွယ်ထားခြင်း ဖြစ်သည်။ သို့သော် ယခု သူတို့ ရင်ဆိုင်နေရသည်မှာ တိုက်ခိုက်မှု သုံးခု ဖြစ်နေသည်။
လော့ချန်သည် မဆိုင်းမတွပင် သူ၏ ဝတ်ရုံလက်အင်္ကျီကို ဝှေ့ယမ်းကာ ပြင်းထန်လှသော ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ သူသည် လှေပျံဆီသို့ တဟုန်ထိုး ပြေးဝင်လာသော ရေနဂါးပြာကြီးကို ဦးတည်တိုက်ခိုက်လိုက်ရာ ထိုနဂါးကြီးမှာ နာကျင်စွာ အော်ဟစ်ကာ အလင်းစများအဖြစ် ကြေမွသွားတော့သည်။
ကျန်ရှိနေသော ဝိညာဉ်စွမ်းအင် လှိုင်းတံပိုးများမှာ ဘေးပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားသော်လည်း လော့ချန်၏ လှုပ်ရှားမှုများအောက်တွင် လေပြေညင်းနှင့် မိုးစက်မိုးပေါက်များအလား ကွဲကြေပျက်ပြယ်ကုန်သည်။ လော့ချန်အတွက် ထိုတိုက်ခိုက်မှုမှာ ဘာမှမဟုတ်သော်လည်း ရင်းနှီးနေသော ထိုတိုက်ကွက်က သူ့အား သံသယဖြစ်စေသည်။ ဤသည်ကို သူ တစ်နေရာတွင် မြင်ဖူးနေသည်။
ထိုအချိန်မှာပင် လှေပျံပေါ်မှ နီရဲသော လေဆင်နှာမောင်းတစ်ခု ထွက်ပေါ်လာပြီး အနီရောင် စွမ်းအင်တန်းတစ်ခုနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။
ဘုန်း....
စွမ်းအားနှစ်ခု ထိပ်တိုက်တွေ့ချိန်တွင် ဝမ်ယွမ်၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားသည်။ သူတို့ ပတ်ဝန်းကျင်တွင် အနီရောင် စွမ်းအင်တန်းများစွာမှာ လေထဲတွင် ဝဲပျံနေပြီးနောက် အောက်ဘက်ရှိ ကောင်းလင်လွင်ပြင်၏ အလယ်ဗဟိုထဲသို့ ပြန်လည် စီးဝင်ပျောက်ကွယ်သွားကြသည်။
ထိုနည်းဖြင့် တိုက်ခိုက်မှု နှစ်ခုကို တားဆီးနိုင်ခဲ့သော်လည်း သေစေနိုင်သော ရည်ရွယ်ချက်များ အပြည့်ပါနေသည့် တတိယမြောက် တိုက်ခိုက်မှုမှာမူ ကောင်းကင်သိန်းငှက် လှေပျံဆီသို့ ဦးတည်နေဆဲပင်။
လှေမောင်းနေသော တွမ်ဖုန်း၏ မျက်နှာမှာ ဖြူလျော့သွားပြီး “အခြေခံတည်ဆောက်ခြင်းအဆင့် တိုက်ခိုက်မှုပဲ…. ကာကွယ်ရေး အစီအရင်ကို အမြင့်ဆုံးမြှင့်” ဟု ချက်ချင်း အမိန့်ပေးလိုက်သည်။
လှေပျံကို ကာကွယ်ထားသော ပြာလဲ့လဲ့ အကာအကွယ် အလွှာကြီးမှာ ပိုမိုတောက်ပ ထူထဲလာပြီး ပြေးဝင်လာသော ဒဏ်ချက်ကို အစွမ်းကုန် တောင့်ခံရန် ကြိုးစားလေတော့သည်။
ဒုန်း....
တောင်ပြိုသံကြီးအလား အသံကြီးတစ်သံ ကောင်းကင်ယံတစ်ခွင် ပဲ့တင်ထပ်သွားသည်။ နောက်ဆုံး ကျန်ရှိနေသော မြေဆီရောင် အဝါရောင် စွမ်းအင်တန်းသည် အားပြင်းပြင်းဖြင့် လှေပျံကို ရိုက်ခတ်လိုက်သည်။
နောက်ဆုံး စက္ကန့်တွင် ထိုဝါကျင်ကျင် အလင်းတန်းမှာ တစ်ခုခုနှင့် တိုက်မိပြီး လွင့်ထွက်သွားသည်။ ထိုအရာမှာ တံဆိပ်တုံးပုံသဏ္ဌာန် ရှိသော မှော်ရတနာ အသေးစားလေးတစ်ခု ဖြစ်နေသည်။ မည်သို့ပင်ဖြစ်စေ သူတို့ ထိုတိုက်ခိုက်မှုကို ဟန့်တားနိုင်ခဲ့ချေပြီ။
သို့သော် မည်သူမျှ ဝမ်းမသာနိုင်ခင်မှာပင် ကောင်းကင်သိန်းငှက် လှေပျံမှာ ပြင်းထန်စွာ တုန်ခါသွားပြီး အရှိန်မထိန်းနိုင်ဘဲ အောက်သို့ ထိုးဆင်းသွားတော့သည်။
“အဖွဲ့ချုပ်ခေါင်းဆောင်.... အစီအရင်ရဲ့ ဗဟိုချက် ပျက်စီးသွားပြီ”
“ချက်ချင်း ဆင်းကြ…. တိုက်ပွဲအတွက် ပြင်ဆင်”
လော့ချန်၏ အသံမှာ အေးစက်တည်ငြိမ်နေသည်။ သူသည် လေထဲတွင် ဆက်လက် ရပ်တန့်နေဆဲ ဖြစ်ပြီး ဧရာမ ကျောက်တိုင်ကြီးများပေါ်မှ ထွက်ပေါ်လာသော လူရိပ်သုံးခုကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။
“ဟော်ဟူ၊ ထူရှန်း၊ ဝမ်ဟိုင်ချောင်”
နောက်ဆုံးအမည်ကို ပြောလိုက်ချိန်တွင် လော့ချန် အံကို ကြိတ်ထားရသည်။
‘ဒီ သစ္စာဖောက် အယုတ်တမာ အဘိုးကြီးကတော့.... လမ်းခွဲသွားပြီးတာတောင် ခွေးရူးတစ်ကောင်လို ပြန်ကိုက်နေသေးတယ်.... တကယ့်ကို စက်ဆုပ်ဖို့ ကောင်းတာပဲ’
လော့ချန်၏ စက်ဆုပ်ရွံရှာသော အကြည့်များကို မမြင်ချင်ယောင်ဆောင်ကာ ဝမ်ဟိုင်ချောင် အားပါးတရ ရယ်မောလိုက်သည်။
“တန်ချန်ဇီ…. မင်းရဲ့ အဲ့ဒီ မှော်အတတ်က ဘာလဲဟ.... ငါ့ရဲ့ ရေနဂါး ဝဲကယက်ကို နှစ်ခါတောင် ချေမှုန်းနိုင်ခဲ့တာပဲ.... မဆိုးပါဘူး….”
လော့ချန် ဘာမှ ပြန်မပြောဘဲ ဝမ်ဟိုင်ချောင်ကို အေးစက်စွာ တစ်ချက်ကြည့်ပြီး ကျန်နှစ်ယောက်ဘက်သို့ အကြည့်လွှဲလိုက်သည်။
“နေပါဦးဗျ.... ထူရှန်းက ကျွန်တော့်ကို တိုက်ခိုက်တာကိုတော့ ကျွန်တော် နားလည်ပေးနိုင်ပါတယ်…. ဘာပဲဖြစ်ဖြစ် ဒါက ချင်းယွမ်ဆေးအဆိပ်ဖြေနည်းကြောင့်ပဲ ဖြစ်မှာ၊ ဒါပေမဲ့ ဟော်ဟူ.... မင်းရဲ့ ဒီလုပ်ရပ်ကြောင့် ဟော်မျိုးနွယ်စုမှာ ရန်သူတွေ ပိုများလာမှာကို မစိုးရိမ်ဘူးလား”
ထိုစကားကို ကြားလိုက်သည်နှင့် ဝမ်ဟိုင်ချောင်နှင့် ထူရှန်းတို့မှာ အမူအရာ ပျက်ယွင်းသွားကြသည်။
ယေဘုယျအားဖြင့် မျိုးနွယ်စုကြီးများမှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများသည် တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် တိုက်ရိုက် ထိပ်တိုက်တွေ့ရန် ရှောင်လေ့ရှိကြသည်။ အကယ်၍ ပစ်မှတ်ကို အပြတ်မရှင်းနိုင်ခဲ့ပါက အကျိုးဆက်မှာ ကြောက်စရာ ကောင်းလှသည် မဟုတ်ပါလော။ ကျင့်ဝတ် သိက္ခာမရှိသော တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးသည် မျိုးနွယ်စု၏ အခြေခံတည်ဆောက်ခြင်းအဆင့်ဝင်များကို မတိုက်ခိုက်ဘဲ အပြင်ထွက်သည့် ချီသန့်စင်အဆင့် မျိုးဆက်သစ်များကိုသာ တစ်ဦးပြီးတစ်ဦး လုပ်ကြံနေမည်ဆိုလျှင် မည်သူက အမြဲ ကာကွယ်ပေးနိုင်မည်နည်း။
တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ဦးတည်းနှင့်ပင် အင်အားကြီး မျိုးနွယ်စုတစ်ခုကို နှစ်ပေါင်း တစ်ရာမပြည့်ခင် ပျက်စီးသွားစေနိုင်သည်။
လော့ချန်၏ စကားမှာ အတိအလင်း သတိပေးလိုက်ခြင်းပင်။ အကယ်၍ ဟော်ဟူသာ တွန့်ဆုတ်သွားမည်ဆိုလျှင် ကျန်နှစ်ဦးမှာ အကျပ်ရိုက်သွားပေလိမ့်မည်။
သို့သော် ဟော်ဟူက အေးစက်စွာ ပြုံးလိုက်သည်။
“အဟက်…. ဘာတွေလာပြောနေတာတုန်းကွ…. ငါတို့ မင်းကို သတ်လိုက်ရင် စိုးရိမ်စရာ ရန်သူ ဘယ်ကျန်တော့မှာလဲ…. မဟုတ်ဘူးလား”
“စကားတွေ အများကြီး ရှည်မနေနဲ့တော့ဟေ့....”
ဟော်ဟူက ဖြတ်ပြောလိုက်သည်။
“မြန်မြန် အဆုံးသတ်ကြစို့.... အချိန်ဆွဲနေရင် တခြား အနှောင့်အယှက်တွေ ပေါ်လာနိုင်တယ်”
သူ လက်သီးနှစ်ဖက်ကို ဆုပ်လိုက်သည်။ သူ၏ လက်မောင်းတစ်ဖက်စီတွင် လေးလံသော လက်ပတ်များ ရှိနေပြီး ၎င်းတို့ကို ရိုက်ခတ်လိုက်ချိန်တွင် အနက်ရောင်နဲ့ နီရဲသော စွမ်းအင်တန်း နှစ်ခုမှာ သတ်ဖြတ်လိုစိတ်များနှင့်အတူ ပေါက်ကွဲထွက်လာသည်။ ထိုတိုက်ခိုက်မှုများမှာ ဝမ်ယွမ်ဆီသို့ တိုက်ရိုက် ဦးတည်နေခြင်း ဖြစ်သည်။
သူသည် ပစ်မှတ်ကို အစောကြီးကတည်းက ကြိုတင်သတ်မှတ်ပြီး ဖြစ်ဟန်တူသည်။
ဝမ်ယွမ်သည် ဟော်ဟူအား အဖတ်ပင်မလုပ်ဘဲ လော့ချန်ကိုသာ လှမ်းကြည့်လိုက်သည်။
“စိတ်မပူနဲ့ ညီလေး.... ငါ ဒီငနဲကို မြန်မြန် အပြတ်ရှင်းပြီး မင်းကို လာကူမယ်….”
လော့ချန်က တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။
ဝမ်ယွမ်သည် ချက်ချင်းပင် ဟိန်းဟောက်သံနှင့်အတူ သွေးရောင်နှင့် ဝိညာဉ်စွမ်းအားများ ပေါင်းစပ်ထားသည့် လေဆင်နှာမောင်းတစ်ခုအသွင်ဖြင့် ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားသည်။ သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်၏ ပျံသန်းနှုန်းနှင့်မခြားသော အရှိန်ဖြင့် ထိုစွမ်းအင်တန်းများကို တိုးဝင်တိုက်ခိုက်လိုက်သည်။
ဟော်ဟူ၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားသည်။
‘ဒီလောက်တောင် စွမ်းတာလား.... ခက်ချေပြီ…. သူ့ကို အနားကပ်မခံတာ ပိုကောင်းမယ်’
ဟော်ဟူသည် ချက်ချင်း နောက်ဆုတ်လိုက်ပြီး သူ၏ လက်ပတ်များမှ စွမ်းအင်တန်းများကို လျှပ်စီးအလား တစ်ခုပြီးတစ်ခု ပစ်လွှတ်တော့သည်။ စွမ်းအင်တန်းတစ်ခု နီးကပ်လာတိုင်း ဝမ်ယွမ်က မိုးကြိုးသံကဲ့သို့ ပြင်းထန်သော လက်သီးချက်ဖြင့် တုံ့ပြန်လေသည်။ တစ်ဦးက လိုက်၊ တစ်ဦးက ပြေးရင်း သူတို့နှစ်ဦးမှာ ကျောက်တိုင်တောကြီးထဲသို့ ပျောက်ကွယ်သွားကြတော့သည်။
ယခုအချိန် လွင်ပြင်၌ လော့ချန်၊ ထူရှန်းနှင့် ဝမ်ဟိုင်ချောင်တို့ သုံးဦးသာ ကျန်ရစ်တော့သည်။
လော့ချန်သည် ဝမ်ဟိုင်ချောင်၏ လှောင်ပြောင်သော အကြည့်များကို ဂရုမစိုက်ဘဲ အောက်ဘက် တောအုပ်ထဲသို့ ကျဆင်းသွားသော လှေပျံကို ကြည့်လိုက်သည်။ လော့ထျန်းအဖွဲ့မှ ကျင့်ကြံသူ ရာပေါင်းများစွာမှာ လက်နက်များကိုယ်စီဖြင့် တိုက်ပွဲဝင်ရန် အသင့် ထွက်ပေါ်လာကြပြီ ဖြစ်သည်။
သူတို့ရှေ့တွင် စောင့်ကြိုနေသည်မှာ တာကျန်းဂိုဏ်းမှ တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ထောင်ကျော် ဖြစ်သည်။ အစီအရင်သည် ဟိန်းဟောက်သံနှင့်အတူ အသက်ဝင်လာပြီး ကျောက်တိုင်ကြီးများကို အစီအစဉ်တကျ ရွှေ့ပြောင်းကာ လွတ်လမ်းများကို ပိတ်ဆို့လျက် သေမင်းတမန် ထောင်ချောက်တစ်ခုအဖြစ် ဖန်တီးလိုက်သည်။
“မင်လုံယွီ.... ငါ့ကောင်ရေ…. အဲ့လူတွေကိုတော့ မင်းပဲ တာဝန်ယူလိုက်တော့”
ဝမ်ဟိုင်ချောင်က ပျင်းရိစွာ ပြောလိုက်သည်။
“ကောင်းကောင်းလုပ်နိုင်ရင် သခင်လေးဟော်က မင်းကို အခြေခံတည်ဆောက်ခြင်း ဆေးလုံးတစ်လုံး ဆုချလိမ့်မယ်….”
ကျောက်တိုင်တောကြီး၏ တစ်နေရာမှ တိုးညှင်းသော အသံဖြင့် ပြန်ဖြေလာသော်လည်း မင်လုံယွီကိုမူ အရိပ်မျှပင် မတွေ့ရပေ။
ထိုစဉ်မှာပင် စီမာဟွေ့နန်၏ ပြတ်သားသော အသံ ထွက်ပေါ်လာသည်။
“လော့ထျန်းအဖွဲ့ဝင် အားလုံး ငါ့အမိန့်ကို နားထောင်ကြ....”
“စီမာရှန့်၊ ကျိုးယွမ်လီ.... ရှေ့တန်းကနေ ထိုးဖောက်ကြ....”
“ကူချိုင်ယီ.... ကျောက်တိုင်တောကနေ ထွက်ပေါက်တစ်ခု ရအောင် လမ်းဖွင့်ပေး”
ကူချိုင်ယီက ရှေ့တန်းမှ တိုက်ခိုက်မည်ဆိုသည်မှာ ရယ်စရာဟု ထင်ရသော်လည်း နောက်တစ်စက္ကန့်မှာပင် ထိုသံသယများမှာ အကုန်ပျောက်ကွယ်သွားသည်။
ပေသုံးဆယ် အမြင့်ရှိသော ဧရာမ ဝက်ဝံရုပ်သေးကြီးသည် ကူချိုင်ယီ၏ အမိန့်အောက်တွင် စတင် လှုပ်ရှားလာသည်။ ၎င်း၏ တည်ရှိနေမှုကပင် စစ်မြေပြင်ကို တုန်ခါသွားစေပြီး နတ်ဘုရားသားရဲတစ်ကောင်၏ အမျက်ဒေါသများဖြင့် ရှေ့သို့ တိုးဝင်ချေမှုန်းတော့သည်။ ဤရုပ်သေးသည် မြင်ရရုံတင် ကြောက်စရာ ကောင်းသည်မဟုတ်ဘဲ ချီသန့်စင် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် ရင်ဘောင်တန်းနိုင်လောက်အောင် အစွမ်းထက်လှသည်။
ဤသည်မှာ ရှောင်ဟွမ်းတောင် တိုက်ပွဲတွင် ရရှိခဲ့သော စစ်သုံ့ပန်းပစ္စည်း ဖြစ်ပြီး လော့ချန်က ကူချိုင်ယီအား ရွှေခန်းမဆောင်၏ အဖိုးတန်ရတနာအဖြစ် လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ထိုရုပ်သေး၏ အစွမ်းကုန် ထွက်ပေါ်လာချိန်တွင် ရန်သူများမှာ အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်ကာ ကျောက်တိုင်တောကြီးကို တုန်ခါသွားစေတော့သည်။
ကူချိုင်ယီ၏ အနောက်ဘက်တွင် စီမာရှန့်နှင့် ကျိုးယွမ်လီတို့ ဦးဆောင်သော တိုက်ခိုက်ရေးနှင့် ပြစ်ဒဏ်စီရင်ရေးခန်းမများမှ လက်ရွေးစင် ကျင့်ကြံသူများသည် ရိုက်ခတ်လာသော ဒီရေလှိုင်းများအလား ရှေ့သို့ တိုးဝင်ကာ ရန်သူများကို မနားတမ်း ခုတ်ဖြတ်တော့သည်။
တိုက်ပွဲစတင်ချိန်မှာပင် သွေးများမှာ မြူနှင်းများအလား လွင့်စင်လာပြီး လေထုထဲတွင် ညှီစို့စို့ အနံ့အသက်များနှင့် ဒဏ်ရာရသူများ၏ အော်ဟစ်သံများ ပြည့်နှက်သွားသည်။ လော့ထျန်းအဖွဲ့၏ ပြတ်သားပြီး ရက်စက်သော တိုက်ခိုက်မှုများမှာ ဝါရင့် ရန်သူများကိုပင် တုန်လှုပ်သွားစေသည်။ သို့သော် သူတို့၏ အရှိန်အဝါ မည်မျှပင် ကောင်းမွန်နေပါစေ၊ လူအင်အားမှာ နည်းပါးလှသဖြင့် ကြာရှည်ခံမည် မဟုတ်ပေ။ သာ၍ ဆိုးသည်မှာ မမြင်နိုင်သော ခြိမ်းခြောက်မှုကြီး ဖြစ်သည့် အစီအရင်ပညာရှင် မင်လုံယွီမှာ ပုန်းကွယ်နေဆဲ ဖြစ်သည်။ သူသည် ကျောက်တိုင်များကြားတွင် အချိန်ကောင်းကို စောင့်ဆိုင်းနေသည်မှာ သေချာလှသည်။
လော့ချန်၏ မျက်မှောင်များ ကြုတ်သွားရသည်။ သူသည် နတ်မျက်စိကို အသုံးပြုကာ မင်လုံယွီ၏ တည်နေရာကို ရှာဖွေရန် စစ်မြေပြင်ကို အာရုံစိုက်လိုက်သည်။ သို့သော် သူ မရှာနိုင်ခင်မှာပင် အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
“မင်းရဲ့ အားအင်တွေကို အလဟဿ မဖြုန်းတီးပါနဲ့ကွာ.... မင်းကို အလစ်တိုက်ဖို့အတွက် သခင်လေးဟော်က ဟော်မျိုးနွယ်စုရဲ့ ထိပ်တန်းအဆင့် ကိုယ်ပျောက်အစီအရင်ကို ငါတို့ကို ငှားပေးထားတာ.... မင်း မင်လုံယွီကို ရှာတွေ့မှာ မဟုတ်ဘူး….”
“ပြီးတော့....”
ဝမ်ဟိုင်ချောင်က လှောင်ပြုံး ပြုံးလိုက်သည်။
“မင်းရဲ့ လူတွေအတွက် စိုးရိမ်မနေဘဲ မင်းကိုယ်မင်း အရင် စိုးရိမ်သင့်တယ် ထင်တယ်နော် မိတ်ဆွေ....”
လော့ချန် ခေါင်းမော့လိုက်ပြီး သူ့ထံသို့ ချဉ်းကပ်လာသော လူနှစ်ဦးကို အေးစက် တည်ငြိမ်သော အကြည့်များဖြင့် ကြည့်လိုက်သည်။ ဝမ်ဟိုင်ချောင်သည် အခြေခံတည်ဆောက်ခြင်း အဆင့် ၃ သို့ ရောက်ရှိထားသူ ဖြစ်ပြီး အဆင့်မြင့် ရေဓာတ်ခံ မှော်ဓားပျံများက သူ့အား ဝန်းရံကာကွယ်ပေးထားသည်။ သူသည် အေးအေးဆေးဆေး ရှိနေသော်လည်း လော့ချန်ကမူ သူ့တွင် ဝှက်ဖဲများ ရှိနေမည်ကို အထင်းသား သိနေသည်။
ဘေးနားရှိ ထူရှန်းမှာလည်း အခြေခံတည်ဆောက်ခြင်း အဆင့် ၁ တွင် ရှိနေပြီး လက်ထဲတွင် အဝါရောင် တံဆိပ်တုံးတစ်ခုကို ကိုင်ထားသည်။ ၎င်းမှာ ထိပ်တန်းအဆင့် မှော်လက်နက်တစ်ခု ဖြစ်ကြောင်း သိသာလှပြီး ထွက်ပေါ်နေသော ဖိအားမှာလည်း မသေးလှပေ။
လော့ချန် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် နားထဲသို့ လေညင်းလေးတစ်ခု ဖြတ်သန်းသွားသလို ခံစားလိုက်ရသည်။ မည်သူမျှ သတိမထားမိစေဘဲ သူ ထိုဘက်သို့ တစ်ချက်ကြည့်လိုက်ပြီးနောက် ရှေ့မှ လူနှစ်ယောက်ကို ပြန်လည် အာရုံစိုက်လိုက်သည်။
ချက်ချင်းပင် လော့ချန်၏ ကိုယ်ထဲမှ ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး သူ၏ ဝတ်ရုံဖြူကြီးမှာ လေတိုက်ခံရသည့် ရွက်တိုင်အလား တဖျပ်ဖျပ် လွင့်နေတော့သည်။
သူသည် အေးစက်ပြီး တည်ငြိမ်လှသော အသံဖြင့် ပြောလိုက်သည်။
“အဟက်.... ခင်ဗျားတို့က ကျွန်တော့်ကို နိုင်ပြီလို့ အပိုင်တွက်ထားကြတာလား”
“တန်ချန်ဇီရာ…. ငါ မင်းအကြောင်း သိပါတယ်....”
ဝမ်ဟိုင်ချောင်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
ရှူး....
ဝမ်ဟိုင်ချောင်၏ ဓားပျံမှာ လျှပ်စီးအလား ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားသည်။
“မင်းရဲ့ တိုက်ခိုက်နိုင်စွမ်းကို ငါ မငြင်းပါဘူး.... မင်းကို ဘယ်သူကများ လျှော့တွက်ထားမှာမို့လဲ….”
ပြောပြောဆိုဆို ဝမ်ဟိုင်ချောင်သည် သူ၏ အဆင့်မြင့် ဓားပျံဖြင့် ပြင်းထန်စွာ တိုက်ခိုက်တော့သည်။
သို့သော် လော့ချန်မှာမူ တုန်လှုပ်ခြင်း မရှိပေ။ သူ ပါးစပ်ကို ဟလိုက်ရာ တောက်ပသော ဓားအမြုတေတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ လေထဲတွင် ခဏမျှ ဝဲပျံနေပြီးနောက် ထောင်ပေါင်းများစွာသော ရွှေရောင်ဓားအလင်းတန်းများအဖြစ် ပေါက်ကွဲထွက်ကာ ဝမ်ဟိုင်ချောင်၏ ဓားနှင့် ထိပ်တိုက် ရင်ဆိုင်တော့သည်။
ထိုခဏမှာပင် လော့ချန်၏ ပုံရိပ်မှာ ဝေဝါးသွားသည်။ သူသည် အလင်းတန်းတစ်ခုအလား နောက်သို့ အံ့ဩစရာ ကောင်းလောက်အောင် မြန်ဆန်စွာ ဆုတ်ခွာသွားပြီး ဝိညာဉ်စွမ်းအင် လှိုင်းအနည်းငယ်ကိုသာ ချန်ရစ်ခဲ့သည်။
“ဟင်....”
ဝမ်ဟိုင်ချောင် အံ့အားသင့်သွားသည်။
“သူ.... သူ ထွက်ပြေးတာလား....”
တံဆိပ်တုံးကို မရိုက်ခတ်ရသေးသော ထူရှန်းမှာလည်း ကြောင်အသွားသည်။ ယခုလေးတင် အသေအလဲ တိုက်မည့်ပုံစံ ဖမ်းနေသော လော့ချန်မှာ တိုက်ပွဲပင် မစရသေးခင် အဘယ်ကြောင့် ထွက်ပြေးသွားရသနည်း။
စစ်မြေပြင်၏ အခြားတစ်ဖက်မှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။
“သူ့ကို အလွတ်မပေးနဲ့.... သူသာ လွတ်သွားရင် ဟော်မျိုးနွယ်စုအတွက် ဘယ်တော့မှ အေးချမ်းမှာ မဟုတ်ဘူး”
အော်လိုက်သူမှာ ဟော်ဟူ ဖြစ်သည်။ သူသည် ဝမ်ယွမ်နှင့် တိုက်ခိုက်ရာတွင် အရေးသာနေသဖြင့် စစ်မြေပြင်တစ်ခုလုံးကို အကဲခတ်နိုင်နေခြင်း ဖြစ်သည်။
ဝမ်ဟိုင်ချောင်နှင့် ထူရှန်းတို့ အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်ကြသည်။
“သူ လွတ်မှာ မဟုတ်ပါဘူး” ဟု ထူရှန်းက အေးစက်စွာ ပြောလိုက်သည်။ ထို့နောက် မြေပြင်ပေါ်သို့ ဆင်းသက်ကာ လက်နှစ်ဖက်ဖြင့် မြေကြီးကို ရိုက်ချလိုက်သည်။
“ဒီကောင် ဘယ်လောက်ပဲ မြန်မြန်၊ အခြေခံတည်ဆောက်ခြင်းအဆင့်မှာပဲ ရှိနေသေးတာ.... သေချာကြည့်ထားလိုက်.... မြေလျှိုးမှော်အတတ်....”
ဝါကျင်ကျင် အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး ထူရှန်းအား ဖုံးလွှမ်းသွားသည်။ နောက်တစ်စက္ကန့်တွင် သူသည် မြေကြီးထဲသို့ မြုပ်ဝင်ပျောက်ကွယ်သွားပြီး မြေနဂါးတစ်ကောင်အလား အရှိန်အဟုန်ဖြင့် လော့ချန်နောက်သို့ လိုက်တော့သည်။
အထက်မှ ကြည့်နေသော ဝမ်ဟိုင်ချောင်က မျက်မှောင်ကြုတ်ရင်း “ဓာတ်ကြီးငါးပါး မြေလျှိုးမှော်အတတ်လား....” ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
ထို့နောက် သူသည်လည်း မဆိုင်းမတွပင် ဓားပျံပေါ်သို့ တက်ကာ လေကိုခွင်းလျက် လော့ချန်နောက်သို့ အရှိန်အဟုန်ဖြင့် လိုက်ပါသွားလေတော့သည်။