← Chapters

အခန်း (၃၁၇-၃၁၈)

Vol. 32 Ch. 317-318

အခန်း (၃၁၇-၃၁၈)

Vol. 32 Ch. 317-318

အခန်း (၃၁၇) - စည်းမျဉ်းဖောက်ဖျက်သူနှင့် နန်ကုန်းကျင်း၏ ရူးသွပ်မှု

“ဒေါ်လေးရေ.... ရှေ့မှာ တစ်ခုခု မှားနေသလိုပဲဗျ….”

လီအောက်က လှေပျံပေါ်ရှိ တိတ်ဆိတ်သော အခန်းတံခါးကို ခေါက်ရင်း လှမ်းပြောလိုက်သည်။

တံခါးပွင့်လာပြီး ကျော့ရှင်းလှပသော လီရီရှန်း ထွက်လာသည်။ သူမသည် ဝေးကွာသော လွင်ပြင်ထက်ရှိ နဂါးများ ခွေပတ်နေသကဲ့သို့ ထူးဆန်းစွာ ထိုးထွက်နေသည့် ကျောက်တိုင်ကြီးများကို စူးစိုက်ကြည့်လိုက်သည်။

ခဏအကြာတွင် ကောင်းကင်ယံထက်၌ မိုးကြိုးသံကဲ့သို့ တိုက်ပွဲသံများ ပဲ့တင်ထပ်လာတော့သည်။

လီရီရှန်း၏ မျက်ခုံးတန်းလေးများမှာ တွန့်ချိုးသွားပြီး မျက်ဝန်းများတွင် မရေရာမှုများ ရိပ်ယောင်လာသည်။

“မိတ်ဆွေလော့နဲ့ သူ့လူတွေ.... ဒုက္ခရောက်နေကြတာလား….”

လီအောက်က တွန့်ဆုတ်စွာဖြင့် “ဟမ်.... ဒါဆို....ကျွန်တော်တို့ သွားကူညီသင့်လား ဒေါ်လေး….” ဟု မေးလိုက်သည်။

လီရီရှန်းသည် နှုတ်ခမ်းလေးကို အသာကိုက်ကာ အနီးအနားတွင် စခန်းချရန် ပြင်ဆင်နေကြသည့် မိမိ၏ လီမျိုးနွယ်စုဝင်များကို လှမ်းကြည့်လိုက်သည်။ တဲများမှာ တစ်ဝက်တစ်ပျက်သာ ရှိသေးပြီး ကာကွယ်ရေး အစီအရင်များလည်း အသက်မဝင်သေးပေ။ သူတို့အားလုံး ရုတ်တရက် တိုက်ပွဲအတွက် အဆင်သင့် မဖြစ်ကြသေးချေ။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမ အသက်ကို ပြင်းပြင်းရှူကာ လီအောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူမ၏ အသံမှာ တည်ငြိမ်ပြတ်သားနေသည်။

“ရှောင်အောက်.... မင်း ဒီမှာပဲနေပြီး သတိရှိရှိ စောင့်ကြည့်ထား…. ဘယ်သူကိုမှလဲ ပေါ့ပေါ့တန်တန် မနေစေနဲ့…. ဒေါ်လေး သွားကြည့်လိုက်ဦးမယ်”

“ဟုတ်ကဲ့ပါ ဒေါ်လေး” ဟု လီအောက်က ချက်ချင်း ပြန်ဖြေသည်။

စကားအပို မပြောတော့ဘဲ လီရီရှန်းသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး သူမ၏ ပုံရိပ်မှာ တဖြည်းဖြည်း ဝေဝါးပျောက်ကွယ်သွားတော့သည်။

၎င်းမှာ အရိပ်ယင်မှော်အတတ်ပင် ဖြစ်သည်။ ဤပညာရပ်မှာ လီမျိုးနွယ်စု၏ ဒုတိယအဆင့် အထူးမှော်အတတ် သုံးခုအနက် တစ်ခုဖြစ်ပြီး ရှားပါးလှသော အရိပ်ယင် ခန္ဓာကိုယ် ပိုင်ဆိုင်သူများကိုသာ လက်ဆင့်ကမ်းခြင်း ဖြစ်သည်။ လီရီရှန်းမှာ ထိုသို့သော သူတစ်ဦးပင်။ ထိုအကျိုးကျေးဇူးကြောင့်ပင် သူမသည် အသက် ၄၂ နှစ်အရွယ်တွင် ချီသန့်စင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိခဲ့သည်။ သို့သော် ဤပညာရပ်၏ သဘာဝအရ အဆင့်တက်ရန် အလွန်ခက်ခဲလှသဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိရန် သူမ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရသည်။

ထို့နောက်တွင်လည်း သူမ၏ ကျင့်ကြံခြင်းလမ်းမှာ ပိုမိုခက်ခဲလာခဲ့သည်။ ထူးခြားသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း သူမ၏ ဝိညာဉ်အမြုတေမှာ ပျမ်းမျှအဆင့်သာ ရှိသဖြင့် အခြေခံတည်ဆောက်ခြင်း အဆင့် ၂ သို့ ရောက်ရန် နှစ်အတော်ကြာ အားထုတ်ခဲ့ရသည်။ သို့သော် ဤမှော်အတတ်မှာ ပုန်းကွယ်ခြင်း၊ လွတ်မြောက်ခြင်းနှင့် အရှိန်နှုန်းတို့တွင် အလွန်ပင် နက်ရှိုင်းဆန်းကြယ်လှသည်။ တစ်ခါ ပုန်းကွယ်လိုက်လျှင် အနီးကပ်ဆုံးမှလွဲ၍ သူမကို မည်သူမျှ ရှာမတွေ့နိုင်ပေ။ လော့ချန်ကဲ့သို့ အာရုံစူးစိုက်မှု အလွန်ကောင်းသော သူပင်လျှင် သူမကို အနီးကပ်ဆုံး ရောက်မှ တစ်ကြိမ်သာ ရိပ်မိခဲ့ခြင်း ဖြစ်သည်။

ကောင်းလင်လွင်ပြင် အနီးသို့ ရောက်ရှိချိန်တွင် လီရီရှန်းတစ်ယောက် လေထဲ၌ ရုတ်တရက် ရပ်တန့်သွားသည်။ သိန်းငှက်တစ်ကောင်ကဲ့သို့ စူးရှသော မျက်လုံးတစ်စုံသည် သူမအား အပေါ်စီးမှနေ၍ မမှိန်မသုန် စိုက်ကြည့်နေသည်။

အမှန်စင်စစ် သိန်းငှက်နှင့် တူခြင်းမဟုတ်ဘဲ စစ်မှန်သော သိန်းငှက်မျက်လုံးများပင် ဖြစ်သည်။

“ရီရှန်း.... နင် အဲ့ဒီမှာတင် ရပ်လိုက်တော့….”

ငြိမ့်ညောင်းသော အသံလေးတစ်သံ ထွက်ပေါ်လာသည်။

ကောင်းကင်ယံထက်တွင် လှပသော အမျိုးသမီးတစ်ဦးသည် ဧရာမ သိန်းငှက်ကြီးတစ်ကောင်ပေါ်တွင် ရပ်နေသည်။ ထိုငှက်ကြီး၏ တောင်ပံများမှာ မြစိမ်းရောင် တောက်ပနေပြီး ဦးခေါင်းတွင် ဖြူစင်သော အမွှေးအမျှင်များ ရှိနေသည်။ ခန့်ညားထည်ဝါပြီး ဉာဏ်ရည်ထက်မြက်ပုံရသော ထိုအကောင်ကြီးမှာ ဒုတိယအဆင့် သားရဲ တစ်ကောင်ပင် ဖြစ်သည်။

ဒုတိယအဆင့် သားရဲကို စီးနင်းထားသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးပင်။

လီရီရှန်း၏ မျက်နှာမှာ ဖြူလျော့သွားပြီး သူမ၏ ကိုယ်ပျောက်အတတ်မှာလည်း ပျက်ပြယ်ကာ လေထဲတွင် ပြန်လည် ထင်ရှားလာသည်။ အပေါ်ရှိ အမျိုးသမီးကို ကြည့်ကာ သူမ ခါးသီးစွာ ပြုံးလိုက်သည်။

“အစ်မယွီ.... အစ်မက ပိုင်မျိုးနွယ်စုရဲ့ မြစိမ်းတောင်ပံဖြူ သိန်းငှက်ကိုတောင် ထုတ်သုံးပြီး ကျွန်မကို တားဆီးဖို့ လုပ်တယ်ပေါ့လေ….”

ထိုအမျိုးသမီးမှာ ရွှေပံဖြန့်တောင်မှ ယွီမျိုးနွယ်စု ခေါင်းဆောင် ယွီရို့ပင် ဖြစ်သည်။

သူမ သက်ပြင်းတစ်ချက်ချကာ “ဒါ ငါအလိုရှိတဲ့အရာ မဟုတ်ပါဘူး ရီရှန်းရယ်.... ဒါပေမဲ့ နင်လဲ သိတဲ့အတိုင်း ငါတို့ ယွီမျိုးနွယ်စုက ဟော်မျိုးနွယ်စုနဲ့ မဟာမိတ်ဖွဲ့တော့မှာလေ.... ဟော်ဟူက တောင်းဆိုလာမှတော့ ငါ ဘယ်လို ငြင်းမလဲ….” ဟု ဆိုသည်။

သူမသည် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သော ဝေးကွာသည့် မိုးကုပ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်သည်။

“ငါ နင့်ကို ရည်ရွယ်တိုက်ခိုက်တာ မဟုတ်ပါဘူး.... နင်သာ ဒီတိုက်ပွဲမှာ ဝင်မပါဘဲ လေလံပွဲကရခဲ့တဲ့ အဲ့ဒီမှော်ရတနာကိုသာ လက်လွှဲပေးမယ်ဆိုရင် ဟော်ဟူက နင့်ရဲ့ မျိုးနွယ်စုကို ဘာမှမလုပ်စေရဘူးလို့ ငါ ကိုယ်တိုင် အာမခံပါတယ်” ဟု သူမ အေးဆေးစွာ ထပ်ပြောသည်။

လီရီရှန်းက လှောင်ပြုံးပြုံးလိုက်သည်။

“အဲ့အကောင်က တကယ့်ကို အရှက်မရှိတာပဲ.... ကိုယ့်လေလံပွဲမှာ ရောင်းပြီးသား ပစ္စည်းကို ကိုယ်ပြန်ဓားပြတိုက်ဖို့ ကြိုးစားနေတာလား….”

ယွီရို့က ခေါင်းခါရင်း ထပ်မံ သက်ပြင်းချလိုက်သည်။ ဤသည်မှာ အရှက်ရဖွယ် ကောင်းလှပေသည်။ အကယ်၍ ဟော်မျိုးနွယ်စု၏ ဘိုးဘေးသာ ကျင့်ကြံရာမှ ထွက်လာပါက ဤကဲ့သို့ လုပ်ရပ်မျိုးကို ခွင့်ပြုမည် မဟုတ်ပေ။ သို့သော် ယခုအချိန်တွင်မူ ဟော်ဟူကသာ အရာအားလုံးကို ထိန်းချုပ်ထားလေသည်။

ယွီရို့၏ အမူအရာတွင် တွန့်ဆုတ်မှု မရှိသည်ကို တွေ့ရချိန်တွင် လီရီရှန်း၏ အကြည့်များမှာ တင်းမာသွားသည်။

“ဒီမယ် အစ်မယွီ…. ကျွန်မ ငြင်းလိုက်ရင်ရော....” ဟု သူမ ခေါင်းမာစွာ ပြောလိုက်သည်။

ထိုမှော်ရတနာသည် သူမ၏ လီမျိုးနွယ်စုဝင်များ နှစ်ပေါင်းများစွာ စုဆောင်းထားရသမျှကို အသုံးပြုပြီး ရယူထားခြင်း ဖြစ်သည်။ နောင်တစ်ချိန်တွင် မျိုးနွယ်စုကို ကာကွယ်ပေးရန် မျှော်လင့်ချက်ဖြင့် ဝယ်ယူထားသည့် အရာကို မည်သူက အလကားပေးချင်ပါမည်နည်း။

ယွီရို့က ခေါင်းကို ဖြည်းဖြည်းချင်း ခါလိုက်ပြန်သည်။

“ရီရှန်း.... နင့်ဆီမှာ အဲ့ဒီပစ္စည်းရှိနေတာ ရက်ပိုင်းပဲ ရှိသေးတာ.... နင်နဲ့ အဲ့ဒီပစ္စည်းကြားမှာ စိတ်ချင်းဆက်နွှယ်မှုတောင် မရှိသေးဘူး.... အများဆုံးရှိလှ တစ်ပုံလောက်ပဲ နင် စွမ်းအားထုတ်သုံးနိုင်မှာပါ.... နင့်ရဲ့ ကိုယ်ပျောက်အတတ်တွေကလည်း မြစိမ်းတောင်ပံဖြူ သိန်းငှက်ရဲ့ မျက်လုံးတွေရှေ့မှာ အလကားပဲ.... အမှန်အတိုင်း ပြောရရင် နင် ငါ့ကို မနိုင်ပါဘူး….”

ထိုစကားများကို ကြားလိုက်ရချိန်တွင် လီရီရှန်း၏ နှလုံးသားမှာ တစ်စထက်တစ်စ လေးလံလာတော့သည်။ ယွီရို့၏ အသံမှာ နူးညံ့သော်လည်း သူမ၏ စကားလုံးများမှာ ပြင်းထန်လှသည်။

“ရီရှန်း.... နင့်ကိုယ်နင်အတွက် မစဉ်းစားရင်တောင် လီမျိုးနွယ်စုအတွက်တော့ ထည့်စဉ်းစားသင့်တယ် မဟုတ်ဘူးလား....”

“တိတ်စမ်း”

လီရီရှန်းက အော်ဟစ်လိုက်ပြီး ဓားတစ်လက်ကဲ့သို့ စူးရှသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူမသည် သားရဲလေးများကို ကာကွယ်နေသည့် ကျားမတစ်ကောင်အလား ယွီရို့ကို စိုက်ကြည့်နေသည်။ သူမ၏ လက်ထဲတွင် တံလျှပ်ဓားတစ်လက်မှာ တောက်ပလာပြီး အသံတိတ် ခြိမ်းခြောက်မှုများကို ဖော်ပြနေသည်။

ယွီရို့ကမူ ဘာမှပြန်မပြောဘဲ ကြည့်ရုံသာ ကြည့်နေလေသည်။

လီရီရှန်း၏ လက်မှာ ဖြည်းဖြည်းချင်း လျော့ကျသွားပြီး ဓားမှာလည်း သူမရှေ့တွင် ငြိမ်သက်သွားသည်။

“အစ်မယွီ.... အစ်မက ဟော်ဟူရဲ့ လက်ထဲကနေ ကျွန်မရဲ့ မျိုးနွယ်စုကို ကာကွယ်ပေးနိုင်မယ်လို့ ထင်နေတာလား”

“ဩော်.... ရီရှန်းရယ်.... သူသာ ကတိဖျက်မယ်ဆိုရင် နင် ပြေးနိုင်တာပဲလေ.... ငါ နင့်ကို မတားပါဘူး.... နင့်ရဲ့ အစွမ်းနဲ့သာ ထွက်ပြေးမယ်ဆိုရင် ဟော်မျိုးနွယ်စုမှာ ဘယ်သူကများ နင့်ကို လိုက်ဖမ်းနိုင်မှာလဲ….”

လီရီရှန်းသည် နှုတ်ခမ်းကို ကိုက်ကာ ဝေးကွာသော ကောင်းလင်လွင်ပြင်ဆီသို့ လွမ်းဆွတ်စွာ ကြည့်လိုက်သည်။

“ဒါပေမဲ့ မိတ်ဆွေလော့....”

“ရီရှန်း.... နင် လော့ချန်နဲ့ကြားမှာ ဘယ်လို သဘောတူညီချက်တွေ ရှိခဲ့လဲဆိုတာ ငါ မသိဘူး….”

ယွီရို့က အေးစက်စွာ ဖြတ်ပြောလိုက်သည်။

“ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အခုအချိန်မှာတော့ နင် ငါ့ကို ကျော်သွားလို့ ရမှာမဟုတ်ဘူး”

ညလေပြေမှာ တိုးညှင်းစွာ တိုက်ခတ်နေသည်။ သိန်းငှက်စီးထားသော ထိုအမျိုးသမီးရှေ့တွင် လီရီရှန်းသည် မိမိကိုယ်ကိုယ် အားကိုးရာမဲ့နေသလို ခံစားလိုက်ရသည်။ သူမ၏ မျိုးနွယ်စု ကံကြမ္မာမှာ အခြားသူတစ်ဦး၏ လက်ထဲတွင် ရှိနေပြီး သူမ၏ မဟာမိတ် မိတ်ဆွေမှာလည်း ရန်သူများ၏ ဝိုင်းရံခြင်းကို ခံနေရသည်။

သူမအနေဖြင့် ဘာမှ မတတ်နိုင်ချေ။

‘ဒါက အိမ်ကနေ ခွဲခွာလာတဲ့သူတွေရဲ့ အဆုံးသတ်လား.... ငါတို့က တကယ်ပဲ ဘာမှမဟုတ်တော့တာလား’ ဟု လီရီရှန်း စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

ထိုစဉ်မှာပင် သူမ အခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်သည်။

မှောင်မည်းနေသော ညကောင်းကင်ယံမှ မီးတောက်ကြီးတစ်ခုမှာ အရှိန်အဟုန်ဖြင့် ထိုးထွက်လာပြီး အမှောင်ထုကို မီးအလင်းတန်းများဖြင့် လွှမ်းမိုးပစ်လိုက်လေသည်။ သူမ၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး ယွီရို့ဘက်သို့ လှည့်ကာ ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။

“အစ်မတို့က နန်ကုန်းမျိုးနွယ်စုကိုပါ ပစ်မှတ်ထားခဲ့တာလား….”

....

မီးတောက်များမှာ ညကောင်းကင်ယံကို ဝါးမြိုနေပြီး မီးနဂါးများမှာ အရပ်မျက်နှာ အသီးသီးမှ ထွက်ပေါ်လာကာ နန်ကုန်းမျိုးနွယ်စု၏ စခန်းကို အပိုင်းပိုင်း ဖျက်စီးနေလေသည်။ နန်ကုန်းကျင်း၏ မျက်လုံးများတွင် ဒေါသနှင့် မယုံကြည်နိုင်မှုများ တောက်လောင်လာပြီး “ဘယ်လို ကြွက်စုတ်တွေက နန်ကုန်းမျိုးနွယ်စုကို လာပြီး စိန်ခေါ်နေတာလဲ....” ဟု ဟိန်းဟောက်လိုက်သည်။

သူလက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ချိန်တွင် ပန်းချီလိပ်တစ်ခုမှာ သူ့ရှေ့တွင် ပွင့်သွားသည်။ ထိုပန်းချီထဲတွင် ကျယ်ပြောလှသော သမုဒ္ဒရာနှင့် နယ်နိမိတ်မရှိသော ရွှံ့နွံတောကြီး ရှိနေသည်။ ထိုခဏမှာပင် ပန်းချီကားထဲမှ ပုံရိပ်မှာ အသက်ဝင်လာပြီး မည်းနက်သော ရေလှိုင်းလုံးကြီးများမှာ စစ်မြေပြင်ဆီသို့ စီးဆင်းသွားတော့သည်။ ဟိန်းဟောက်နေသော မီးနဂါးများမှာ ထိုရေလှိုင်းများအောက်တွင် နစ်မြုပ်သွားပြီး မီးခိုးငွေ့များမှာ လေထုထဲတွင် ပျံ့လွင့်သွားတော့သည်။

“အဖေ….”

ထိတ်လန့်တကြား အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

“ချင်လေး…. ငါ့နောက်မှာပဲ နေစမ်း”

နန်ကုန်းကျင်းက အော်ပြောလိုက်သည်။ ရုတ်တရက်ဆိုသလို သူ၏ မျက်နှာမှာ မှောင်ကျသွားသည်။ မီးတောက်များထဲတွင် လဲလျောင်းနေသော သာမန်လူများကို သူ လှည့်မကြည့်နိုင်ဘဲ မီးခိုးငွေ့များကြားမှ ထွက်ပေါ်လာသော ပုံရိပ်များကိုသာ စူးစိုက်ကြည့်နေတော့သည်။

ထင်းရှူးပင်တံဆိပ်ပါသော အစိမ်းရောင် ဝတ်ရုံဝတ် ကျင့်ကြံသူများသည် ညမှောင်မှောင်ထဲမှ ထွက်ပေါ်လာကြသည်။ သူတို့ကြားမှ အခြေခံတည်ဆောက်ခြင်းအဆင့်၏ ဖိအားများကို ထုတ်လွှတ်နေသော လူတစ်ဦး ထွက်လာသည်။ ထိုလူ၏ တည်ရှိနေမှုမှာ တောမီးအလား ပြင်းထန်ပြီး မာန်တက်နေပုံရသည်။

“ပိုင်လွန်….”

နန်ကုန်းကျင်းက အံကြိတ်ကာ ပြောလိုက်သည်။

ပိုင်လွန်ဆိုသူက လက်ကို ဆန့်တန်းကာ လှောင်ပြုံးပြုံးရင်း ဆိုသည်။

“မိတ်ဆွေ နန်ကုန်း.... ကျုပ်ရဲ့ တောက်ပစမ်းရေ ဈေးမြို့တော်ကို ရောက်လာမှတော့ ကျုပ်က ကောင်းကောင်း ခရီးဦးကြို မပြုဘဲ နေပါ့မလား….”

နန်ကုန်းကျင်းသည် ပတ်ဝန်းကျင်ကို တစ်ချက်မျှ အကဲခတ်လိုက်ရာ မျိုးနွယ်စုဝင် ကျင့်ကြံသူအများစုမှာ အသက်ရှင်နေကြသော်လည်း သာမန်လူများမှာမူ ဆယ်ပုံတစ်ပုံပင် မကျန်တော့ချေ။

သူ အေးစက်သော အသံဖြင့် “ဒါလားကွ.... မင်း ခရီးဦးကြိုပြုတဲ့ ပုံစံက” ဟု ဆိုလိုက်သည်။

“အို.... ဒါက ဒေသခံတွေရဲ့ ရိုးရှင်းတဲ့ ဧည့်ဝတ်ပြုမှုလေးပါပဲ.... တကယ့် ပွဲက မစရသေးပါဘူး”

သူ့လက်ကို ဝှေ့ယမ်းလိုက်ချိန်တွင် အရပ်မျက်နှာ အသီးသီးမှ တစ်ကိုယ်တော်ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ ထွက်ပေါ်လာကြသည်။ သူတို့၏ မျက်လုံးများမှာ အစာငတ်နေသော ဝံပုလွေများအလား အငမ်းမရ တောက်လောင်နေသည်။ ဤသူများသည် သာမန် ကျင့်ကြံသူများ မဟုတ်ဘဲ တောက်ပစမ်းရေ ဈေးမြို့တော်မှ လုယက်တိုက်ခိုက်သူများ ဖြစ်သည်။

နန်ကုန်းကျင်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ့နောက်မှ နန်ကုန်းချင်မှာလည်း မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်မိသည်။

ပိုင်လွန်က ရက်စက်စွာ ပြုံးလိုက်ပြီး လက်ကို မြှောက်ကာ “အားလုံးကို သတ်ပစ်ကြစမ်း.... မင်းတို့ လိုချင်တဲ့ ပစ္စည်းမှန်သမျှကို ယူနိုင်တယ်” ဟု အမိန့်ပေးလိုက်သည်။

လုယက်သူများသည် အရင်ဆုံး ထိုးစစ်ဆင်လာပြီး ပိုင်မျိုးနွယ်စု ကျင့်ကြံသူများကလည်း သူတို့၏ မှော်လက်နက်များကို အသုံးပြုကာ နောက်မှ လိုက်ပါလာကြသည်။

နန်ကုန်းကျင်းသည် အနည်းငယ် တုန်လှုပ်သွားသော်လည်း ရန်သူများကို ဂရုမစိုက်ဘဲ နန်ကုန်းချင်ဘက်သို့ လှည့်ကာ ပြတ်သားသော အကြည့်ဖြင့် ကြည့်လိုက်သည်။

နန်ကုန်းချင်၏ စိတ်ထဲတွင် လေးနက်သော အသံတစ်ခု ပဲ့တင်ထပ်သွားရာ သူ ထိတ်လန့်တကြား ဖြစ်သွားသည်။

နန်ကုန်းကျင်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ “ငါပြောတာကို မှတ်ထားပါ သား.... ဘာပဲဖြစ်ဖြစ်” ဟု ပြောလိုက်သည်။

“ဒါပေမဲ့ အဖေ....”

“ဒါပေမဲ့ မရှိဘူး”

နန်ကုန်းကျင်းက ဖြတ်ပြောလိုက်သည်။

“အဖေ့မှာ အကာအကွယ် မှော်ရတနာ ရှိတယ်…. သူတို့ အဖေ့ကို မသတ်နိုင်ဘူး….”

သူ ဘာမှ မပြောနိုင်ခင်မှာပင် နန်ကုန်းကျင်းသည် ဓားကို မြှောက်လိုက်ရာ တောက်ပသော ဝိညာဉ်အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ ထိုခဏမှာပင် ဆီးနှင်းအလင်းတန်းများ ထွက်ပေါ်လာပြီး ရေခဲလှိုင်းကြီးအသွင်ဖြင့် ရှေ့သို့ တိုးဝင်သွားတော့သည်။

အရှေ့မြောက်ဘက်တွင် ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာမှာ ထိုရေခဲများအောက်တွင် အသက်မဲ့ ကျောက်ရုပ်များအလား အေးခဲသွားကြသည်။ ထိုတိုက်ခိုက်မှုသည် ရှုပ်ထွေးနေသော တိုက်ပွဲကြားတွင် ထွက်ပြေးရန် လမ်းကြောင်းကျဉ်းလေးတစ်ခုကို ဖန်တီးပေးလိုက်ခြင်း ဖြစ်သည်။

ထိုစဉ်မှာပင် ပိုင်လွန်က ရှေ့သို့တက်လာပြီး ဒေါသတကြီး ဆိုသည်။

“ဒီမယ် မိတ်ဆွေနန်ကုန်း…. ခင်ဗျား အဆင့်နိမ့် ကျင့်ကြံသူတွေကို တိုက်ခိုက်နေတာလား.... ဒါက ကျင့်ဝတ်နဲ့ မကိုက်ညီဘူးဆိုတာ မသိတာလား”

နန်ကုန်းကျင်းက နှာခေါင်းရှုံ့လိုက်ရင်း “မင်းတောင် သာမန်လူတွေကိုတောင် သတ်ခဲ့တာပဲ…. အဲ့ဒီတုန်းက မင်းရဲ့ ဂုဏ်သိက္ခာက ဘယ်မြောင်းထဲရောက်နေလဲ” ဟု ပြန်ပက်လိုက်သည်။

“ဩော်…. ကောင်းပြီလေ.... စကားနဲ့ ပြောမရတော့ လက်နဲ့ပဲ ဖြေရှင်းကြတာပေါ့”

လူနှစ်ဦးမှာ ကောင်းကင်ယံသို့ ပျံတက်သွားကြပြီး သူတို့၏ တိုက်ခိုက်မှုများမှာ လျှပ်စီးများအလား တလက်လက် ဖြာထွက်နေတော့သည်။

နန်ကုန်းချင်သည် ဖခင်ဖြစ်သူ၏ ပုံရိပ်ကို မျက်တောင်မခတ်တမ်း ကြည့်နေမိသည်။ အရေအတွက် များပြားလှသော ချီသန့်စင်အဆင့် ရန်သူများ၏ ဝိုင်းရံမှုကို ခံနေရသဖြင့် သူ၏ စိတ်ထဲတွင် မျှော်လင့်ချက် ကင်းမဲ့နေသည်။ ထိုစဉ် ဖခင်ဖြစ်သူ၏ စကားများကို သတိရကာ သူ အံကြိတ်၍ ဖခင် ဖန်တီးပေးထားသော လမ်းကြောင်းအတိုင်း ထွက်ပြေးတော့သည်။ လောလောဆယ်တွင် ထိုလမ်းကြောင်းမှာ ပိတ်ဆို့ခြင်း မရှိသေးပေ။ သူ ထွက်ပြေးချိန်တွင် လူအချို့က သူ့နောက်သို့ လိုက်ပါလာကြသည်။

အထက်တွင် တိုက်ခိုက်နေသော ပိုင်လွန်က လှောင်ရယ်လိုက်ရင်း “အဟက်.... ဒီလို အရေးကြီးတဲ့ အချိန်မှာ ကိုယ့်လူတွေကို သေဖို့ထားခဲ့ပြီး သားဖြစ်သူကို ထွက်ပြေးခိုင်းတာလား.... မင်းကွာ ဘယ်လို ခေါင်းဆောင်မျိုးလဲ” ဟု လှောင်ပြောင်လိုက်သည်။

နန်ကုန်းကျင်းသည် လေထဲတွင် ရုတ်တရက် ရပ်တန့်သွားပြီး အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

“အဟက်…. မင်းလိုကောင်ကများ…. ငါ့ကို မဝေဖန်ခင် မင်းကိုယ်မင်း မှန်ထဲမှာ အရင် ပြန်ကြည့်လိုက်ဦး….”

ထိုစကားအဆုံးတွင် သူသည် တိုက်ပွဲကို ဆက်မတိုက်တော့ဘဲ အောက်ဘက်ရှိ ပိုင်မျိုးနွယ်စု၏ အဆင့်နိမ့် ကျင့်ကြံသူများဆီသို့ လျှပ်စီးအလား ထိုးဆင်းသွားတော့သည်။ သူ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ထိုလူတို့၏ ခေါင်းများမှာ တစ်ခုပြီးတစ်ခု လွင့်ထွက်သွားတော့သည်။

ပိုင်လွန်သည် ထိုမြင်ကွင်းကို ထိတ်လန့်တကြား ကြည့်နေမိပြီး ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေသည်။

“ဟေ့ကောင်…. သောက်ရှက်မရှိတဲ့ နန်ကုန်းကျင်း….”

သူ ဟိန်းဟောက်ကာ ဓားပျံကို အစွမ်းကုန် အောက်သို့ ပစ်လွှတ်လိုက်သည်။

နန်ကုန်းကျင်းမှာ အောက်ဘက်ရှိ ကျင့်ကြံသူများကို သတ်ဖြတ်နေသဖြင့် အကာအကွယ်မဲ့နေပြီး ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းရန် မဖြစ်နိုင်ချေ။ သို့သော် သူ ရှောင်ရန်လည်း မကြိုးစားပေ။ အကြောင်းမှာ သူ့တွင် ကွေ့ရွှေမှော်ဝင်ပန်းချီကား ရှိနေသည် မဟုတ်ပါလော။ ရေလှိုင်းလုံးကြီးများမှာ ထိုကာကွယ်ရေး မှော်ရတနာထဲမှ ထွက်ပေါ်လာပြီး ထိုဓားတိုက်ခိုက်မှုကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

ဒုန်း....

ဓားပျံမှာ ရေလှိုင်းများကြားထဲတွင် နစ်မြုပ်သွားပြီး ဧရာမ လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေလိုက်သည်။ သေစေနိုင်သော တိုက်စစ်မှာ ချက်ချင်းပင် ဟန့်တားခြင်း ခံလိုက်ရသည်။ သို့သော် အခြေခံတည်ဆောက်ခြင်းအဆင့်၏ အစွမ်းကုန် တိုက်ခိုက်မှုကို မှော်ရတနာ တစ်ခုတည်းဖြင့် လုံးဝ ကာကွယ်ရန် မဖြစ်နိုင်ပေ။ ထိုတိုက်ကွက်ကြောင့် နန်ကုန်းကျင်း၏ ကျောပြင်တွင် နက်ရှိုင်းပြီး ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ ထို့နောက် သူ လေထဲတွင် လွင့်ထွက်သွားတော့သည်။

ဖူး....

သွေးများမှာ သူ၏ ပါးစပ်မှ ပန်းထွက်လာပြီး မျက်နှာမှာလည်း ဖြူလျော့သွားသည်။ သို့သော် ထိုသို့သော အခြေအနေတွင်ပင် သူ၏ မျက်နှာထက်ဝယ် ရက်စက်သော အပြုံးတစ်ပွင့် ရှိနေဆဲပင်။ သူ လွင့်ထွက်သွားစဉ်မှာပင် လက်နှစ်ဖက်ဖြင့် မှော်အတတ်များကို လျင်မြန်စွာ ဖော်ဆောင်လိုက်ရာ သူ၏ ဓားပျံမှာ အောက်ဘက်ရှိ လူများကို ဆက်လက် သတ်ဖြတ်နေတော့သည်။ သူ ပြန်လည် ရပ်တန့်နိုင်ချိန်တွင် လူ ဒါဇင်ကျော်၏ ခေါင်းများမှာ မြေပြင်ပေါ်သို့ ထပ်မံ ကျဆင်းသွားပြန်သည်။

“ဟေ့ကောင် ပိုင်လွန်…. မင်းအကြံ ဒါအကုန်ပဲလား….” ဟု နန်ကုန်းကျင်းက အက်ရှရှအသံဖြင့် ပြောလိုက်သည်။

“မင်း ငါ့ကို အချိန်ဆွဲထားပြီး တစ်ကိုယ်တော်ကျင့်ကြံသူတွေကို ငါ့လူတွေကို သတ်ခိုင်းနေတာလေ…. ပြီးရင် တန်ချန်ဇီကို ဝိုင်းတိုက်နေတဲ့ သူတွေ ပြန်လာရင် ငါ့ကို အားလုံးပေါင်းပြီး သတ်မလို့ မဟုတ်လား.... ကောင်းပြီလေ.... မင်းကို ငါနဲ့အတူ အပါခေါ်သွားမယ်.... နန်ကုန်းမျိုးနွယ်စု ပျက်စီးမယ်ဆိုရင် ပိုင်မျိုးနွယ်စုလည်း ပျက်စီးရမယ်….”

ပိုင်လွန်သည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော မိမိ မျိုးနွယ်စုဝင်များ၏ ခေါင်းများကို ကြည့်ကာ တစ်ကိုယ်လုံး တုန်ယင်နေမိသည်။ ကျင့်ကြံခြင်း လောကတွင် ဂိုဏ်းများကြား သို့မဟုတ် မျိုးနွယ်စုများကြား တိုက်ခိုက်ရာ၌ အမြဲတမ်း လိုက်နာရသော မရေးမသားထားသည့် စည်းမျဉ်းတစ်ခု ရှိသည်။ ဘုရင်ချင်းဆိုလျှင် ဘုရင်ချင်း၊ စစ်သူကြီးချင်းဆိုလျှင် စစ်သူကြီးချင်း၊ စစ်သည်ချင်းဆိုလျှင် စစ်သည်ချင်းသာ တိုက်ခိုက်ရမည်ဟူသော စည်းမျဉ်းပင်။ အကယ်၍ တစ်ဖက်မှ ရွှေအမြုတေအဆင့် ကျင့်ကြံသူကို အသုံးမပြုလျှင် ကျန်တစ်ဖက်ကလည်း အသုံးမပြုရပေ။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကို စေလွှတ်လျှင်လည်း အဆင့်တူသူများကသာ တုံ့ပြန်ရသည်။ ချီသန့်စင်အဆင့် ကျင့်ကြံသူများ တိုက်ခိုက်ချိန်တွင် အဆင့်မြင့် ကျင့်ကြံသူများမှာ အခြေအနေ အပြီးသတ်မှလွဲ၍ ဝင်ရောက် စွက်ဖက်လေ့မရှိကြပေ။ ဤသည်မှာ ရိုးရာကြောင့် မဟုတ်ဘဲ ဟန်ချက်ညီစေရန် ဖြစ်သည်။

အဆင့်မြင့် ကျင့်ကြံသူတစ်ဦးသည် အဆင့်နိမ့်ကျင့်ကြံသူတစ်ဦး၏ စစ်မြေပြင်သို့ ဝင်ရောက်လာပါက ၎င်းမှာ တိုက်ပွဲမဟုတ်တော့ဘဲ တစ်ဖက်သတ် သတ်ဖြတ်မှုသာ ဖြစ်သွားပေလိမ့်မည်။ အားနည်းသူများအတွက်မူ အခွင့်အရေး လုံးဝမရှိဘဲ အသေခံကြရမည် ဖြစ်သည်။ ထို့ကြောင့်ပင် နှစ်ဦးနှစ်ဖက်လုံးက ဤစည်းမျဉ်းကို လိုက်နာကြခြင်း ဖြစ်သည်။ အကယ်၍ နှစ်ဖက်လုံးက ဤစည်းမျဉ်းကို ချိုးဖောက်ပြီး အဆင့်နိမ့်သူများကို သတ်ဖြတ်မည်ဆိုပါက တိုက်ပွဲအပြီးတွင် ခေါင်းဆောင်နှစ်ဦးသာ ကျန်ရှိခဲ့ပြီး ကျန်လူအားလုံးမှာ အလောင်းများ ဖြစ်ကုန်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ပြာပုံကို အုပ်ချုပ်မည့် ခေါင်းဆောင်ဖြစ်ရခြင်းမှာ အဘယ်အကျိုး ရှိတော့မည်နည်း။

သို့သော် ယနေ့ညတွင် နန်ကုန်းကျင်းသည် ထိုစည်းမျဉ်းကို ချိုးဖောက်လိုက်ပြီ ဖြစ်သည်။

သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်၏ ဂုဏ်သိက္ခာကို စွန့်လွှတ်လိုက်သည်။ သူ၏ အသက်အန္တရာယ်ကို ဂရုမစိုက်ဘဲ ကာကွယ်ရေး မှော်ရတနာကိုသာ အားကိုးကာ ပိုင်မျိုးနွယ်စု၏ အဆင့်နိမ့် ကျင့်ကြံသူများကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။

သူသည် နန်ကုန်းမျိုးနွယ်စုကို တိုက်ခိုက်နေသည့် တစ်ကိုယ်တော်ကျင့်ကြံသူများကိုပင် လှည့်မကြည့်ပေ။ အမှန်စင်စစ် ပိုင်မျိုးနွယ်စုကိုသာ ဦးတည် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ပိုင်လွန်အနေဖြင့်လည်း တားဆီးရန် မတတ်နိုင်ချေ။ ထိုကာကွယ်ရေး မှော်ရတနာကြောင့် သူ့အနေဖြင့်လည်း နန်ကုန်းကျင်းကို ထိခိုက်စေရုံသာ တတ်နိုင်ပြီး တစ်ချက်တည်းနှင့် သတ်ရန်မှာ မဖြစ်နိုင်ပေ။ သူ နန်ကုန်းကျင်းကို သတ်နိုင်သည့် အချိန်တွင် ပိုင်မျိုးနွယ်စုဝင်များမှာလည်း တမလွန်တွင် သူ့ကို စောင့်နေကြပေလိမ့်မည်။

“မင်းရဲ့ သားကို ထွက်ပြေးခိုင်းတာ အံ့ဩစရာ မဟုတ်တော့ပါဘူး.... မင်းက နန်ကုန်းမျိုးနွယ်စုရဲ့ အနာဂတ်အတွက် ငါတို့အားလုံးကို အတူတူ သေဖို့ လောင်းကြေးထပ်လိုက်တာကိုး….” ဟု ပိုင်လွန်က ခါးသီးစွာ ရယ်မောရင်း ပြောလိုက်သည်။

နန်ကုန်းကျင်းက နှုတ်ခမ်းမှ သွေးများကို သုတ်လိုက်ရင်း “ဒါတွေအားလုံးက မင်းကြောင့်…. မင်း ငါ့ကို ဖိအားပေးခဲ့လို့ပဲ….” ဟု ဆိုသည်။

ယခုအချိန်တွင် သူ့ထံ၌ မဟာဗျူဟာများ၊ တွန့်ဆုတ်မှုများ မရှိတော့ပေ။ ရန်သူနှင့်အတူ အသေခံမည့် ဆုံးဖြတ်ချက်သာ ရှိတော့သည်။

“ကဲ.... အခု ဘာဆက်လုပ်မလဲ.... မင်း ဘာလုပ်မှာလဲ” ဟု သူ ဟိန်းဟောက်လိုက်သည်။

ပိုင်လွန်သည် မြေပြင်ပေါ်ရှိ သူ၏ မျိုးနွယ်စုဝင်များ၏ အလောင်းများကို ကြည့်လိုက်သည်။ မိနစ်ပိုင်းအတွင်းမှာပင် နန်ကုန်းကျင်း၏ လက်ချက်ဖြင့် ကျင့်ကြံသူ ၃၀ ကျော် သေဆုံးခဲ့ရသည်။ ထိုသူများမှာ ပိုင်မျိုးနွယ်စု၏ လက်ရွေးစင်များနှင့် အနာဂတ်များ ဖြစ်သည်။ သူ၏ လည်ချောင်းမှာ တင်းကျပ်လာပြီး မျက်လုံးကို မှိတ်ကာ အသက်ကို ပြင်းပြင်းရှူလိုက်သည်။

“ဒီမှာတင် ရပ်လိုက်တော့…. တိုက်ခိုက်မှုကို ရပ်ကြ….”

သူ့အမိန့်ကြောင့် ပိုင်မျိုးနွယ်စုဝင်များမှာ ချက်ချင်း ဆုတ်ခွာသွားသော်လည်း တောက်ပစမ်းရေ ဈေးမြို့တော်မှ တစ်ကိုယ်တော်ကျင့်ကြံသူများမှာမူ သတ်ဖြတ်လိုစိတ်များကြောင့် ရပ်တန့်ခြင်း မရှိကြသေးပေ။ သူတို့သည် ပစ္စည်းလုယက်ရန်အတွက် အချင်းချင်းပင် ပြန်လည် တိုက်ခိုက်တော့မည့် အခြေအနေသို့ ရောက်နေသည်။

“ငါ ရပ်လိုက်တော့လို့ ပြောနေတယ်လေ…. မကြားဘူးလား….”

ပိုင်လွန် ဒေါသတကြီး ဟောက်လိုက်ပြီး သူ၏ ဓားပျံကို လွှတ်လိုက်သည်။

ရှူး....

ဗြိ.... ဗြိ.... ဗြိ....

ဓားပျံ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် တစ်ကိုယ်တော်ကျင့်ကြံသူများ၏ ရင်ဘတ်များမှာ ပွင့်ထွက်ကုန်သည်။ ထိုဓားသည် လူသုံးဦးကို တန်းစီကာ ထိုးဖောက်သွားတော့သည်။

ဇွပ်....

ဓားသည် မြေကြီးထဲသို့ စိုက်ဝင်သွားပြီး လူသေအလောင်း သုံးလောင်းမှာ ထိုဓားတွင် တန်းစီလျက် ပါသွားသည်။ ထိုခဏတွင် လုယက်သူများမှာ ချက်ချင်း သတိဝင်လာပြီး ပိုင်လွန်ကို ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။

“အကြီးအကဲပိုင်….”

“အခုချက်ချင်း ရပ်လိုက်ကြတော့….”

ပိုင်လွန် ဒေါသတကြီး အော်ဟစ်လိုက်သည်။

နန်ကုန်းကျင်းသည် မိမိ၏ နန်ကုန်းမျိုးနွယ်စုဝင်များကို ကြည့်လိုက်ရာ ဆယ်ဂဏန်းခန့်သာ အသက်ရှင်ကျန်တော့သည်ကို တွေ့ရသည်။ သာမန်လူများ မရှိတော့ပေ။ ချီသန့်စင် အစောပိုင်းနှင့် အလယ်ပိုင်း ကျင့်ကြံသူများလည်း မရှိတော့ပေ။ အဆင့်မြင့် ကျင့်ကြံသူ အနည်းငယ်သာ အသက်ရှင်ကျန်ရစ်သည်။ ရန်သူအရေအတွက်မှာ သူတို့ထက် အဆပေါင်းများစွာ များပြားခဲ့လေရာ သူတို့ မည်သို့ တောင့်ခံနိုင်ပါမည်နည်း။ နန်ကုန်းကျင်း၏ မျက်လုံးများ နီမြန်းလာပြီး ပိုင်လွန်ကို နာကျည်းမှုများဖြင့် စိုက်ကြည့်လိုက်သည်။

“တိုက်ပွဲက ပြီးပြီ မဟုတ်လား….”

ပိုင်လွန်ကလည်း ပြန်လည် စိုက်ကြည့်ရင်း “အေး… ဒီ အလောင်းတွေကို ယူပြီး ထွက်သွားတော့…. ဒီမှာတင် အကုန်ပြီးပြီ” ဟု ဆိုသည်။

တိုက်ပွဲကြီးမှာ တစ်ခမ်းတစ်နား စတင်ခဲ့သော်လည်း အဆုံးသတ်မှာမူ အလွန်ပင် သေးသိမ်နေလေတော့သည်။

နန်ကုန်းကျင်း ထွက်မသွားခင်မှာပင် ပိုင်လွန်က တစ်ခွန်းပြောလိုက်သေးသည်။

“ခင်ဗျား ဝေးဝေး မပြေးနိုင်ပါဘူး နန်ကုန်းကျင်းရာ.... ဟော်ဟူက ခင်ဗျားရဲ့ အဲ့ဒီ ပန်းချီကို မျက်စိကျနေတာလေ.... ပြီးတော့ ဟော်မျိုးနွယ်စုဆိုတာ လုပ်သင့်မလုပ်သင့် အကျိုးအကြောင်း သိတဲ့ကောင်တွေ မဟုတ်ဘူး….”

ဟော်မျိုးနွယ်စု ဆိုပါလား။

နန်ကုန်းကျင်း၏ ရင်ထဲတွင် တင်းကျပ်သွားသည်။ သို့သော် သူ မကြောက်မရွံ့ဘဲ “ဟော်ဟူတဲ့လား.... လာစမ်းပါစေ…. အဲ့လောက် လာချင်သပဆိုလဲ ငါ ထိုင်စောင့်နေလိုက်မယ်.... ပိုင်လွန်.... ဒီနေ့ မင်း လုပ်ခဲ့တဲ့ လုပ်ရပ်ကို ငါ့မျိုးနွယ်စုက မှတ်ထားလိုက်ပြီ” ဟု ပြန်ပြောလိုက်သည်။

“ဟွန့်.... နောက်တစ်ခါ ငါတို့တွေ့ရင် မင်းမှာ လက်ညှိုးထိုးပြစရာ မျိုးနွယ်စုတောင် ကျန်မှာ မဟုတ်ပါဘူးကွာ” ဟု ပိုင်လွန်က ပြန်ပက်လိုက်သည်။

ထိုသို့ဖြင့် သူတို့နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ခြိမ်းခြောက်ကာ လှည့်ထွက်သွားကြသည်။

နန်ကုန်းကျင်းသည် ဝမ်းနည်းမှုများကို အောင့်အည်းကာ “ရသမျှ ပစ္စည်းတွေကို သိမ်းကြ.... အခုချက်ချင်း ထွက်ခွာမယ်” ဟု အမိန့်ပေးလိုက်သည်။

“ဒါပေမဲ့ ခေါင်းဆောင်.... အလောင်းတွေကရော....” ဟု ကျင့်ကြံသူတစ်ဦးက မေးလိုက်သည်။

“မီးရှို့လိုက်”

လက်ဖက်ရည် တစ်ခွက်စာ အချိန်အတွင်းမှာပင် ကျန်ရစ်သူများမှာ ပစ္စည်းများကို သိမ်းဆည်းကာ လှေပျံပေါ်သို့ တက်လိုက်ကြသည်။ လှေပျံပေါ်တွင် ရပ်ရင်း နန်ကုန်းကျင်းသည် အောက်ဘက်ရှိ အလောင်းပုံကြီးကို ငုံ့ကြည့်လိုက်သည်။ သူသည် သွေးထွက်နေသော နှုတ်ခမ်းကို ကိုက်ကာ သတိပြန်သွင်းလိုက်ပြီးနောက် အခြေခံတည်ဆောက်ခြင်း မီးတောက်ကို ထုတ်လွှတ်လိုက်သည်။

မီးတောက်ကြီးမှာ လွင်ပြင်ကို လင်းထိန်သွားစေပြီး လေထုထဲတွင် အသားကျွမ်းနံ့များ ပြည့်နှက်သွားတော့သည်။ ကျန်ရစ်သော ကျင့်ကြံသူများမှာလည်း တိတ်ဆိတ်စွာ ငိုကြွေးနေကြသည်။ နန်ကုန်းကျင်းသည် တောက်ပစမ်းရေ ဈေးမြို့တော်ဘက်သို့ နောက်ဆုံးတစ်ခေါက် လှမ်းကြည့်လိုက်သည်။

“သွားကြစို့”

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၃၁၈) - လရောင်အောက်ရှိ သတ်ဖြတ်ပွဲနှင့် ဝမ်ဟိုင်ချောင်၏ နိဂုံး

လေပြင်းများကြားတွင် ညဦးယံဇီးကွက်တစ်ကောင်၏ အော်မြည်သံမှာ ပဲ့တင်ထပ်နေသည်။

ထူရှန်းသည် မြေဝါရောင် ဝိညာဉ်အလင်းတန်းများ လွှမ်းခြုံလျက် စိတ်ဝိညာဉ်အာရုံကို သုံးကာ မယုံကြည်နိုင်လောက်သော အရှိန်နှုန်းဖြင့် ရှေ့သို့ ပြေးဝင်နေသည်။ ဤသည်မှာ အခြေခံဓာတ်ကြီးငါးပါး၏ လွတ်မြောက်ခြင်းအတတ်ထဲမှ ဒုတိယအဆင့်ဖြစ်သော မြေလျှိုးမှော်အတတ်ပင် ဖြစ်သည်။ ဤအတတ်သည် ကျင့်ကြံသူအား ပတ်ဝန်းကျင်ရှိ မြေဓာတ်ဝိညာဉ်စွမ်းအင်များနှင့် ခေတ္တပေါင်းစည်းသွားစေပြီး လိုက်လံရာတွင် သော်လည်းကောင်း၊ ထွက်ပြေးရာတွင် သော်လည်းကောင်း လေထု၏ ခုခံမှုကို အကြီးအကျယ် လျှော့ချပေးနိုင်သည်။

ထို့ထက်ပိုသည်မှာ မြေသား၊ ကျောက်ခဲနှင့် ဖုန်မှုန့်များကြားတွင် ရွေ့လျားချိန်၌ မြေဓာတ်စွမ်းအင်များက ကျင့်ကြံသူအား ပိုမိုမြန်ဆန်သော အရှိန်နှုန်းဖြင့် ရှေ့သို့ တွန်းပို့ပေးခြင်းပင် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ဤမှော်အတတ်ကို ရရှိခဲ့ပြီးနောက် ထူရှန်း၏ တစ်ကိုယ်တော်ကျင့်ကြံသူ ဘဝမှာ ပိုမိုလွယ်ကူ ချောမွေ့လာခဲ့သည်။ သူ လိုအပ်သည့်အချိန်တွင် လုယက်ကာ ရရှိလာသော အရင်းအမြစ်များဖြင့် ဆေးလုံးများဝယ်ယူပြီး အဆင့်တက်ရန် အားထုတ်ခဲ့သည်။ တစ်စုံတစ်ယောက်က သူ့ကို လိုက်လံဖမ်းဆီးရန် ကြိုးစားလျှင်ပင် သူသည် ခြိမ်းခြောက်မှုကို ခဲခဲယဉ်းယဉ်း မခံစားခဲ့ရပေ။

သူသည် ချီသန့်စင်အဆင့်မှာပင် မြေလျှိုးမှော်အတတ်ဖြင့် မျက်စိတစ်မှိတ်အတွင်း ပေ ၁၀၀ ခန့်မက သွားလာနိုင်ခဲ့သည်။ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိပြီးနောက် ထိုအကွာအဝေးမှာ အဆမတန် တိုးတက်လာခဲ့သည်။ ယခုမူ သူသည် ခြေတစ်လှမ်းလှမ်းတိုင်း ပေပေါင်းများစွာကို ဖြတ်ကျော်နေပြီး မြေကြီးမှာ ကျုံ့သွားသယောင်ပင် ထင်မှတ်ရသည်။

အားနည်းချက်တစ်ခုမှာ ဝိညာဉ်စွမ်းအား အသုံးများလွန်းသဖြင့် အချိန်ကြာမြင့်စွာ အသုံးမပြုနိုင်ခြင်းပင်။

'ကြာကြာသုံးဖို့ မလိုပါဘူး…. တန်ချန်ဇီဆိုတဲ့ ကောင်ကို မိအောင်ဖမ်းပြီး အချိန်နည်းနည်း ဆွဲထားနိုင်ရင် ဝမ်ဟိုင်ချောင် ရောက်လာမှာပဲ…. အို.... ဟိုမှာ သူပဲ'

ထူရှန်း၏ မျက်လုံးများမှာ တောက်ပသွားပြီး မြေကြီးထဲမှ ရုတ်တရက် ထိုးထွက်လာသည်။ ထိုခဏမှာပင် သူ အစွမ်းကုန် တိုက်ခိုက်လိုက်တော့သည်။

ထူရှန်း၏ လက်ထဲမှ တံဆိပ်တုံးမှော်လက်နက်ငယ်တစ်ခုမှာ အရှိန်အဟုန်ဖြင့် ကြီးမားလာပြီး အောက်ဘက်မှနေ၍ အပေါ်သို့ ပင့်တက်လာသည်။ ၎င်းမှာ ကောင်းကင်နှင့် မြေကြီး ပြောင်းပြန် လန်သွားသယောင် ထင်မှတ်ရသည်။ သို့သော် သူ မြင်တွေ့လိုက်ရသည်မှာကား တည်ငြိမ်အေးဆေးစွာ ပြုံးနေသော လော့ချန်ကိုပင်။

'ဟမ်.... ဒင်းက ဘာကိစ္စ ပြုံးနေရတာလဲ'

ထူရှန်း တုံ့ပြန်ရန် မစဉ်းစားနိုင်ခင်မှာပင် လော့ချန် စတင် လှုပ်ရှားလိုက်သည်။ သူ လက်နှစ်ဖက်ကို လျင်မြန်စွာ လှုပ်ရှားလိုက်ရာ ပေ ၁၀၀ ခန့်မြင့်သော ဧရာမ မြေတောင်ကြီးတစ်ခုမှာ သူ၏ ရှေ့တွင် ပေါ်ပေါက်လာသည်။ ထိုတောင်ကြီးသည် ဟိန်းဟောက်သံနှင့်အတူ အောက်သို့ ကျလာရာ ထူရှန်း ပစ်လွှတ်လိုက်သော တံဆိပ်တုံးနှင့် ထိပ်တိုက် တွေ့ဆုံသွားတော့သည်။ အင်အားနှစ်ခုမှာ လေထုထဲတွင် တုန်ခါနေပြီး အားပြိုင်နေကြသည်။

လော့ချန်သည် ထိုတောင်ထိပ်ပေါ်သို့ ပေါ့ပါးစွာ တက်နင်းလိုက်ရာ တောင်ကြီးမှာ ပိုမိုပြင်းထန်သော အားဖြင့် တံဆိပ်တုံးကို မြေကြီးထဲသို့ ဖိချလိုက်တော့သည်။ ထိုအခွင့်အရေးကို အသုံးချကာ လော့ချန်သည် ပါးစပ်မှ ရွှေရောင်ဓားအမြုတေတစ်ခုကို ထွေးထုတ်လိုက်သည်။ ၎င်းမှာ တောက်ပသော အလင်းတန်းများအဖြစ် ပေါက်ကွဲထွက်လာသည်။

ရွှေရောင်ဓားအလင်းတန်း အုပ်စုလိုက်သည် ထူရှန်းဆီသို့ တိုးဝင်သွားတော့သည်။

ထူရှန်းအနေဖြင့် သူ၏ တံဆိပ်တုံးကို ပြန်လည် ထိန်းချုပ်ရန် အချိန်မရတော့ချေ။ သူသည် ထိတ်လန့်တကြားဖြင့် ကာကွယ်ရေး မှော်လက်နက်ဖြစ်သော ဒိုင်းလွှာကို အသက်သွင်းကာ သူ့ကိုယ်သူ လွှမ်းခြုံထားလိုက်သည်။

'ဘာလဲ.... ဒီကောင်က ဓားအမြုတေကို ထိန်းချုပ်နိုင်တာလား.... သူက ကျောက်စိမ်းအိုးဓားဂိုဏ်းက ဓားကျင့်ကြံသူလား….'

ထိုအတွေးမှာ လျှပ်စီးအလား သူ့စိတ်ထဲသို့ ဝင်လာသည်။ သူ စဉ်းစားနေချိန်မှာပင် ဓားအလင်းတန်းများသည် ဒိုင်းလွှာကို အဆက်မပြတ် ရိုက်ခတ်နေတော့သည်။

ဒေါင်.... ဒေါင်....

ဓားအလင်းတန်းများမှာ ဒိုင်းလွှာအပြင်ဘက်တွင် မိုးရေစက်များအလား ရွာကျနေသည်။ သို့သော် သူသည် အန္တရာယ်အရှိဆုံး တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ပြီ ဖြစ်သည်။

“တန်ချန်ဇီ.... ရပ်စမ်း…. အရှုံးပေးလိုက်တော့” ဟု ထူရှန်းက ယုံကြည်မှုအပြည့်ဖြင့် လှမ်းပြောလိုက်သည်။

“မိတ်ဆွေကြီး ဝမ်ဟိုင်ချောင်က အခုချက်ချင်း စစ်ကူ ရောက်လာတော့မှာ”

သူ၏ မျက်နှာတွင် အောင်နိုင်သူ အပြုံးတစ်ခု ပေါ်လာချိန်မှာပင် သူ၏ မျက်လုံးထောင့်မှ အရိပ်တစ်ခု လှုပ်ရှားသွားသည်ကို သတိထားမိလိုက်သည်။

“ဟမ်”

ထိုထိတ်လန့်သွားသော အခိုက်အတန့်မှာပင် ထိုအရိပ်သည် မြွေတစ်ကောင်အလား သူ၏ သံဒိုင်းလွှာကြီးကို ထိုးဖောက်ဝင်ရောက်လာသည်။

ဘန်း....

“ဒါ.... ဒါက ဘာကြီးလဲ....”

ထိုအရာမှ ထွက်ပေါ်လာသော အေးစက်မှုမှာ အရိုးထဲထိ စိမ့်ဝင်သွားပြီး အလွန်ပင် ရက်စက် ယုတ်မာလှသည့် အငွေ့အသက်များ ရှိနေသည်။ ၎င်းမှာ လူသားနှင့် လုံးဝ မတူပေ။ ထူရှန်း ကြောက်လန့်နေစဉ်မှာပင် ထိုအရိပ်မှာ သူ့ကိုယ်ထဲသို့ ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားသည်။

ခဏအကြာတွင် ထိုအရိပ်မှာ အနီးနားတွင် ဝပ်စောင့်နေပြီး ၎င်း၏ လက်ထဲတွင် ရှိနေသောအရာကို ငတ်မွတ်စွာ စားသောက်နေတော့သည်။

ဒုန်း....

ထိန်းချုပ်သူ မရှိတော့သော တံဆိပ်တုံးနှင့် သံဒိုင်းလွှာမှာ မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ကျဆင်းသွားတော့သည်။

လော့ချန် နှုတ်ခမ်းကို မဲ့လိုက်ရင်း လှောင်ပြုံးပြုံးလိုက်သည်။ သူသည် မြေကြီးပေါ်တွင် လဲလျောင်းနေသော အလောင်းကို ငုံ့ကြည့်လိုက်သည်။

“မင်း တကယ့်ကို သတ္တိခဲပဲကွ” ဟု သူ အေးစက်စွာ ပြောလိုက်သည်။

“ငါ့ကို မင်းတစ်ယောက်တည်း အင်အားနဲ့ လိုက်ဖမ်းနိုင်မယ်လို့ တကယ် ထင်နေတာလား”

လော့ချန် လက်ကို ဝှေ့ယမ်းလိုက်ရာ တံဆိပ်တုံး၊ သံဒိုင်းလွှာ၊ ထူရှန်း၏ ဝတ်ရုံနှင့် သိုလှောင်အိတ်တို့မှာ သူ့လက်ထဲသို့ ရောက်လာသည်။ သူသည် ထိုပစ္စည်းများကို တစ်ချက်ကြည့်ကာ ခေါင်းခါလိုက်သည်။ ဒိုင်းလွှာမှာ အရည်အသွေး ညံ့ဖျင်းပြီး သူ၏ ဓားအမြုတေဒဏ်ကို ခံရပြီးနောက် ပျက်စီးတော့မည့် အခြေအနေသို့ ရောက်နေသည်။ သို့သော် တံဆိပ်တုံးလေးမှာမူ အဆင့်တစ်ခု ရှိနေသည်။ ၎င်းတွင် အစီအရင်များစွာ ပါဝင်သဖြင့် အဆင့်မြင့် မှော်လက်နက်တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူသစ် တစ်ဦးအတွက်မူ မဆိုးလှပေ။ သို့သော် လော့ချန်၏ မျက်လုံးထဲတွင်မူ ပြောပလောက်သည့် အရာမဟုတ်ချေ။

ထူရှန်းက သူ့အား ဖမ်းမိတော့မည်ဟု ထင်ရသော်လည်း ဤသည်မှာပင် လော့ချန်၏ အစီအစဉ် ဖြစ်သည်။ မလိုက်လံမီကပင် သူသည် ဝိညာဉ်သန့်စင်အလံကို အသုံးပြုကာ သူ၏ တစ္ဆေစစ်သူကြီး ရှောင်ဟေးကို အနီးနားရှိ အရိပ်ထဲတွင် ပုန်းအောင်းခိုင်းထားခြင်း ဖြစ်သည်။ လော့ချန်အနေဖြင့် ထူရှန်းကို အာရုံလွှဲရန် ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုကိုသာ ပြုလုပ်ရန် လိုအပ်သည်။ ထိုအာရုံလွှဲမှုကြောင့် ထူရှန်း သတိလက်လွတ်ဖြစ်သွားချိန်တွင် ရှောင်ဟေးအတွက် သတ်ဖြတ်ရန် အခွင့်အရေး ရသွားခြင်း ဖြစ်သည်။

အပေါ်ယံကြည့်လျှင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူနှစ်ဦးက လော့ချန်ကို လိုက်လံနေခြင်း ဖြစ်သော်လည်း လက်တွေ့တွင်မူ လော့ချန်နှင့် တစ္ဆေစစ်သူကြီးတို့က အချိန်ကို အသုံးချကာ အမဲလိုက်နေခဲ့ခြင်း ဖြစ်သည်။

“အဟက်…. အခုတော့ အခြေအနေက ပြောင်းသွားပြီ…. အခု အမဲလိုက်တဲ့သူက.... အမဲလိုက်ခံရသူ ဖြစ်သွားပြီ”

လော့ချန်သည် ခေါင်းကို မော့ကာ ရှေ့သို့ စူးစိုက်ကြည့်လိုက်သည်။

တစ်ဖက်တွင် ဝမ်ဟိုင်ချောင်သည် အရှိန်သတ်ကာ ရပ်တန့်လိုက်ပြီး မယုံကြည်နိုင်စွာ ဖြစ်နေရှာသည်။

‘လော့ချန်…. သူ…. သူက မျက်စိတစ်မှိတ်အတွင်း ဟိုကောင်ကို သတ်လိုက်တာလား’

“ဂိုဏ်းချုပ်ဝမ်.... ဘာလို့ အဝေးကြီးမှာ ရပ်နေတာလဲ၊ အနားကို လာခဲ့ပါဦး၊ ကျွန်တော်တို့ အေးဆေး စကားပြောကြတာပေါ့” ဟု ပြောရင်း လော့ချန် ရှေ့သို့ လှမ်းတက်လိုက်သည်။ သူ၏ လှုပ်ရှားမှုမှာ သာမန်ကာလျှံကာဟု ထင်ရသော်လည်း လေထုထဲတွင် ပြင်းထန်သော လေလှိုင်းများ ဖြစ်ပေါ်လာသည်။

လေဟုန်စီးအတတ်၏ အရှိန်အဟုန်ကြောင့် သူ၏ ကိုယ်ရောင်ကိုယ်ဝါမှာ ရွှေရောင်အလင်းများ ဖြာထွက်နေပြီး သူ၏ ဓားဦးဖျားမှလည်း ဓားချီများ ထွက်ပေါ်နေသည်။

ထိုမြင်ကွင်းကို မြင်တွေ့ရချိန်တွင် ဝမ်ဟိုင်ချောင်မှာ တစ်ကိုယ်လုံး တုန်ယင်သွားတော့သည်။ သူ အလိုအလျောက် နောက်သို့ ဆုတ်လိုက်ရင်း “မိတ်ဆွေလော့ရယ်.... ဒါတွေအားလုံးက နားလည်မှု လွဲတာပါ….” ဟု မျက်နှာချိုသွေးလိုက်သည်။

“ဩော်…. နားလည်မှု လွဲတာလား”

လော့ချန် ပြုံးလိုက်သော်လည်း ထို့နောက်တွင်မူ ဒေါသတကြီး ဟောက်လိုက်သည်။

“လျှာရိုးမရှိတိုင်း လျှောက်ပြောချင်ဦး….”

ပြောပြောဆိုဆို သူသည် လက်ချောင်းနှစ်ချောင်းကို ဓားကဲ့သို့ မြှောက်လိုက်ရာ ဓားအမြုတေမှ ရွှေရောင်ဓားအလင်းတန်း ထောင်ပေါင်းများစွာ ထွက်ပေါ်လာပြီး လှိုင်းလုံးကြီးများအလား တိုးဝင်သွားတော့သည်။ ထိုအရှိန်မှာ အလွန်ပင် မြန်ဆန်လှသည်။

“ဟိတ်ကောင် လော့ချန်.... မင်းကို ငါ တကယ်ကြောက်နေတယ်လို့ ထင်နေတာလား” ဟု ဝမ်ဟိုင်ချောင်က အော်ဟစ်ရင်း သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ အပြာရောင် ရေလှိုင်းတံတိုင်းကြီး တစ်ခု ပေါ်လာသည်။

လျင်မြန်လှသော ဓားအလင်းတန်းများသည် ထိုရေလှိုင်းများကြားတွင် သိသိသာသာ နှေးကွေးသွားပြီး ရပ်တန့်သွားတော့သည်။

ဓားအလင်းတန်းများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

'ငါက ဓားကျင့်ကြံသူ မဟုတ်တော့ ဓားအမြုတေရဲ့ အစွမ်းအကုန်ကို မထုတ်နိုင်ဘူး၊ တကယ်လို့ ငါသာ စစ်မှန်တဲ့ ဓားကျင့်ကြံသူ ဖြစ်ခဲ့မယ်ဆိုရင် အဲ့ဒီအလင်းတန်းတွေကို ဓားတစ်လက်ထဲအဖြစ် စုစည်းပြီး အလွယ်တကူ ဖြတ်ကျော်နိုင်မှာပဲ' ဟု လော့ချန် စိတ်ထဲမှ နှမြောတသစွာ တွေးလိုက်မိသည်။ သူသည် ဝတ်ရုံလက်ကို ဝှေ့ယမ်းကာ ကျန်ရှိနေသော အလင်းတန်းများကို ဖယ်ရှားလိုက်သည်။

ကောင်းကင်ယံမှ ဝိညာဉ်စွမ်းအင်များ ပါဝင်သော ရေစက်ကလေးများမှာ မိုးဖွဲဖွဲလေးအလား ရွာကျလာသည်။

လော့ချန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ထိုမိုးရေများကြားမှ ဝမ်ဟိုင်ချောင်သည် သူလာရာလမ်းအတိုင်း အသည်းအသန် ပြန်လှည့်ကာ ထွက်ပြေးနေသည်ကို တွေ့လိုက်ရသည်။

ဝမ်ဟိုင်ချောင်၏ နှလုံးသားမှာ ထိတ်လန့်မှုကြောင့် တုန်ခါနေသည်။ လော့ချန်၏ အစွမ်းမှာ သူ မျှော်လင့်ထားသည်ထက် ပိုမိုပြင်းထန်နေပြီး သူ၏ တိုက်ခိုက်မှုမှာလည်း အရာမထင်ခဲ့ပေ။

'လော့ချန်…. သူ ထူရှန်းကို မျက်စိတစ်မှိတ်အတွင်း သတ်လိုက်တယ်၊ သူ ဒုတိယအဆင့် မျောက်ဝံကိုပဲ ထိန်းချုပ်ထားနိုင်တယ်လို့ ထင်ခဲ့တာ၊ အခုတော့ တစ္ဆေစစ်သူကြီးကိုပါ ထိန်းချုပ်ထားနိုင်တာလား၊ အဲ့ဒီဝိညာဉ်သန့်စင်အလံက လီတာရဲ့ လျှို့ဝှက်လက်နက် မဟုတ်ဘူးလား၊ ဒီကောင် လော့ချန် တံခါးပိတ်ကျင့်ကြံတဲ့ သုံးနှစ်လုံး တစ္ဆေမြို့တော်ထဲမှာ ရှိနေခဲ့တာလား'

'လီတာ တစ်ယောက် ဘာလို့ သဲလွန်စမကျန် ပျောက်ကွယ်သွားရလဲဆိုတာ မဆန်းတော့ဘူး၊ ငါက သူ ဒီဈေးမြို့တော်ကနေ ထွက်သွားတယ်လို့ ထင်ခဲ့တာ၊ တကယ်တော့ လော့ချန်က သတ်ပြီး လုယက်ခဲ့တာပဲ'

အတွေးပေါင်းများစွာမှာ သူ၏ စိတ်ထဲတွင် လှည့်ပတ်နေသည်။ ဝမ်ဟိုင်ချောင်သည် လော့ချန်ကို ရင်ဆိုင်လိုစိတ် လုံးဝ မရှိတော့ချေ။ လူနှင့် တစ္ဆေကို ရင်ဆိုင်ရန် သူ မတတ်နိုင်မှန်း သိနေသည်။ ထို့ထက်ပို၍ ဆိုးဝါးသည်မှာ လော့ချန်၏ မယုံကြည်နိုင်လောက်သော အရှိန်နှုန်းပင်။ အကယ်၍ တိုက်ပွဲကြာရှည်သွားပါက သူ လွတ်မြောက်ရန် အခွင့်အရေးပင် ရလိမ့်မည် မဟုတ်ပေ။

ဝမ်ဟိုင်ချောင် သေချာစဉ်းစားပြီးနောက် ဟော်ဟူနှင့် အရင်ဆုံး ပြန်လည် ပူးပေါင်းရန် ဆုံးဖြတ်လိုက်သည်။

'ဟော်ဟူရဲ့ အခြေခံတည်ဆောက်ခြင်း အစွမ်းနဲ့ အဖိုးတန် မှော်ရတနာကို သုံးလိုက်ရင် ဝမ်ယွမ်ဆိုတဲ့ လူကြမ်းကြီးလည်း သေလောက်ပါပြီ' ဟု ဝမ်ဟိုင်ချောင် စိတ်ထဲမှ တွေးလိုက်သည်။ သို့သော် ထိုသို့ စဉ်းစားနေစဉ်မှာပင် သူ၏ ရင်ထဲ၌ ထိတ်လန့်မှုတစ်ခု ဖြစ်ပေါ်လာသည်။ သူသည် ချက်ချင်း ရပ်တန့်ကာ သူ၏ ကာကွယ်ရေး ဒိုင်းလွှာကို အသက်သွင်းလိုက်သည်။

ဘန်း....

ဘန်း....

ဘန်း....

မျက်စိတစ်မှိတ်အတွင်းမှာပင် ဧရာမ နဂါးခေါင်းကြီး သုံးခုမှာ မယုံကြည်နိုင်လောက်သော အရှိန်ဖြင့် ပြေးဝင်လာပြီး သူ၏ ကာကွယ်ရေး ဒိုင်းလွှာကို တိုက်ခိုက်လိုက်တော့သည်။

ဘုန်း.... ဘုန်း.... ဘုန်း....

ထိုတိုက်ခိုက်မှုကြောင့် အပြာရောင် နဂါးသုံးကောင်မှာ မီတာရာပေါင်းများစွာ လွင့်ထွက်သွားပြီး သူတို့၏ ကိုယ်ထည်များမှာလည်း ကျုံ့သွားကာ ဝိညာဉ်စွမ်းအင်များ ပျံ့လွင့်သွားတော့သည်။

သို့သော် ဝမ်ဟိုင်ချောင် ပြန်လှည့် ကြည့်လိုက်ချိန်တွင် သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားတော့သည်။ အပြာရောင် အလင်းတန်းများ ထွက်ပေါ်နေသော နဂါးကိုးကောင်မှာ အရပ်မျက်နှာ အသီးသီးမှ သူ့အား ဝိုင်းရံထားပြီး ဖြစ်သည်။ ထိုမျှသာမက အပေါ်၊ အောက်၊ ဝဲ၊ ယာ အရပ်ရပ်မှနေ၍ သူ ထွက်ပြေးနိုင်မည့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားကြသည်။

နောက်ဘက်မှနေ၍ လူတစ်ဦးသည် လေဟုန်စီးကာ ပျံတက်လာပြီး ဝိညာဉ်စွမ်းအားဖြင့် ဖန်တီးထားသော နောက်ဆုံး နဂါး၏ ဦးခေါင်းပေါ်သို့ ခုန်တက်လိုက်သည်။

“ဟမ်.... မင်းရဲ့ ကာကွယ်ရေး မှော်လက်နက်က မဆိုးဘူးပဲ…. တန်ပြန်တိုက်ခိုက်မှုလည်း ပါတယ်ပေါ့”

ဝမ်ဟိုင်ချောင်သည် အသက်ကို ပြင်းပြင်းရှူကာ သူ၏ အဆင့်မြင့် အပြာရောင် ဓားပျံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။

‘လော့ချန်က ဒါတွေကို ဘယ်အချိန်မှာ ပြင်ဆင်လိုက်တာလဲ....’

သို့သော် ထိုအရာက အရေးမကြီးတော့ချေ။ သူသည် နဂါးပေါ်တွင် ရပ်နေသော လူကို စိုက်ကြည့်ရင်း “မင်းက တကယ်ပဲ ဒီအထိ လိုက်လာတာလား” ဟု မေးလိုက်သည်။

“ခင်ဗျားက ကျွန်တော် အသာလေး ငြိမ်နေမယ် ထင်နေတာလား….” ဟု လော့ချန်က လှောင်ပြုံးပြုံးရင်း ဆိုလိုက်သည်။ ထို့နောက် သူ လက်နှစ်ဖက်ကို မြှောက်ကာ မှော်အတတ်များကို လျင်မြန်စွာ ဖော်ဆောင်လိုက်သည်။

ဆေးဖော်စပ်သူ တစ်ဦးအနေဖြင့် သူ၏ ကြွယ်ဝမှုမှာ အခြားကျင့်ကြံသူများထက် များစွာ သာလွန်လှပြီး တိုက်ပွဲပေါင်းများစွာမှ ရရှိလာသော လက်နက်များထဲမှ အကောင်းဆုံးနှင့် အသင့်တော်ဆုံး လက်နက်များကိုသာ သူ ရွေးချယ် အသုံးပြုထားခြင်း ဖြစ်သည်။ သူ၏ လက်နက်များထဲတွင် ဓားအမြုတေကို အသုံးအများဆုံး ဖြစ်သည်။ ၎င်းမှာ လျင်မြန်ပြီး ချက်ချင်း တုံ့ပြန်နိုင်သည်။ အဖျက်စွမ်းအား အကြီးမားဆုံးမှာမူ ဝိညာဉ်သန့်စင်အလံ ဖြစ်သည်။ ၎င်းမှာ အလံကြောင့် မဟုတ်ဘဲ ဒုတိယအဆင့် တစ္ဆေစစ်သူကြီး ရှောင်ဟေးကြောင့် ဖြစ်သည်။ သို့သော် တစ္ဆေစစ်သူကြီးများကို ထိန်းချုပ်ရန်မှာ အလွန်ခက်ခဲလှသည်။ ထူရှန်း၏ ဝိညာဉ်ကို စားသောက်ပြီးနောက် ရှောင်ဟေးသည် ခေတ္တမျှ တုံ့ပြန်မှု မရှိတော့ဘဲ စားထားသည့် စွမ်းအင်များကို အစာချေရန် လိုအပ်နေသည်။

ဤသည်မှာ လော့ချန်၏ အမှားတစ်ခု ဖြစ်သည်။ သူသည် အလံ၏ နက်နဲသော အချက်များကို အပြည့်အဝ မကျွမ်းကျင်သေးပေ။ အကယ်၍ သူသာ ကြိုတင်၍ အမိန့်ပေးထားပါက ဤပြဿနာ ရှိလိမ့်မည် မဟုတ်ပေ။ သို့သော် ဓားအမြုတေနှင့် ဝိညာဉ်သန့်စင်အလံအပြင် လော့ချန်တွင် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ပြီးနောက်ပိုင်း ပိုမို အစွမ်းထက်လာသော အခြား လက်နက်တစ်ခု ရှိသေးသည်။

၎င်းမှာ အပြာရောင်ကတိုး မြွေနဂါးအလံပင် ဖြစ်သည်။ ထိုအရာမှာ အဆင့်မြင့် မှော်လက်နက်တစ်ခု ဖြစ်ပြီး ဝိညာဉ်စွမ်းအား အလုံအလောက် ထည့်သွင်းပါက ဝိညာဉ်စွမ်းအားဖြင့် ဖန်တီးထားသော နဂါးများစွာကို ခေါ်ယူနိုင်သည်။ ထို့ထက်ပို၍ အဆိပ်ရှိသော အပြာရောင် ကတိုးငွေ့များကိုလည်း ထုတ်လွှတ်နိုင်ပြီး ရန်သူကို မူးဝေ ထွေပြားသွားစေနိုင်သည်။ အခြားသူများ၏ လက်ထဲတွင်မူ ဤအရာမှာ သာမန်သာ ဖြစ်ပေလိမ့်မည်။ သို့သော် သူသည် ဆွဲငင်မှော်အတတ်၌ အထွတ်အထိပ်သို့ ရောက်ရှိထားသူ ဖြစ်သဖြင့် မှော်လက်နက်တစ်ခုကို မယုံကြည်နိုင်လောက်အောင် ထိန်းချုပ်နိုင်သည်။ သူ၏ လက်ထဲတွင်မူ ဤအလံသည် လက်နက်တစ်ခုသာမကဘဲ သူ၏ စိတ်ဆန္ဒအတိုင်း လှုပ်ရှားနိုင်သော အစိတ်အပိုင်းတစ်ခုကဲ့သို့ ဖြစ်နေသည်။

လော့ချန်သည် အပြာရောင်ကတိုး မြွေနဂါးအလံမှ နဂါးများကို ခေါ်ယူလိုက်ရာ ထိုနဂါးများမှာ စစ်မှန်သော အဖျက်စွမ်းအားများဖြင့် တိုက်စစ်ဆင်လေတော့သည်။

လော့ချန် မှော်အတတ်များကို ဆက်လက် ဖော်ဆောင်နေစဉ်မှာပင် ဝမ်ဟိုင်ချောင်၏ တန်ပြန်တိုက်ခိုက်မှုကြောင့် ကျုံ့သွားသော နဂါးသုံးကောင်မှာ ဝိညာဉ်စွမ်းအားများ ပြန်လည် ရရှိလာပြီး မူလအရွယ်အစားအတိုင်း ပြန်လည် ကြီးမားလာသည်။ အပြာရောင် နဂါးကိုးကောင်လုံးသည် ယခုအခါ အစွမ်းအစ အပြည့်ရှိနေကြပြီ ဖြစ်သည်။ သူတို့သည် လေထဲတွင် ဝဲပျံရင်း ဝမ်ဟိုင်ချောင်ကို အစာရှာနေသည့် မြွေများအလား ဝိုင်းရံထားကြသည်။

ဝမ်ဟိုင်ချောင်တစ်ယောက် သွေးပျက်မတတ် ဖြစ်သွားရသည်။ ဤတိုက်ပွဲမှာ အလွန်ပင် ပြင်းထန်တော့မည်ဖြစ်ပြီး လွတ်မြောက်ရန် လွယ်ကူလိမ့်မည် မဟုတ်ကြောင်း သူ နားလည်လိုက်သည်။ သူ အော်ဟစ်လိုက်ရင်း သူ၏ ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်လိုက်ရာ သူ၏ ဓားပျံမှာ အပြာရောင် အလင်းတန်းများဖြင့် တောက်ပလာတော့သည်။

အဝေးမှနေ၍ လော့ချန်သည် ထိုမြင်ကွင်းကို ဘာခံစားချက်မျှ မရှိဘဲ ကြည့်နေသည်။ သူ၏ စိတ်မှာ တည်ငြိမ်နေပြီး အကြည့်မှာလည်း ပြတ်သားနေသည်။ သူ လက်ညှိုးတစ်ချောင်းကို မြှောက်လိုက်သည်။

“သွား”

ထိုအမိန့်နှင့်အတူ နဂါးတစ်ကောင်သည် ရှေ့သို့ တိုးဝင်သွားပြီး ဝမ်ဟိုင်ချောင်ကို ကိုက်ရန် ကြိုးစားလိုက်သည်။ ဤသည်မှာ စမ်းသပ် တိုက်ခိုက်မှုသာ ဖြစ်သည်။ နောက်တွင် ကျန်ရှိနေသော နဂါးခုနစ်ကောင်မှာလည်း လေထဲတွင် ဝဲပျံကာ လိုက်ပါသွားကြသည်။

“ဖြတ်စမ်း” ဟု ဝမ်ဟိုင်ချောင်က အော်လိုက်သည်။

တောက်ပသော ဓားအလင်းတန်း တစ်ခုသည် ရှေ့သို့ ထွက်ပေါ်လာသည်။

ပထမဆုံး နဂါးမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး မြူခိုးများ ဖြစ်သွားသည်။ ဒုတိယ၊ တတိယ အစရှိသဖြင့် မျက်စိတစ်မှိတ်အတွင်း နဂါးငါးကောင်မှာ သူနှင့် မထိတွေ့မီမှာပင် ပျက်စီးသွားကြသည်။

ကျန်ရှိသော သုံးကောင်မှာမူ သူ့အား တိုက်ရိုက် ရိုက်ခတ်သွားတော့သည်။

ဝူး....

ကာကွယ်ရေး အစီအရင်၏ မြည်သံ ထွက်ပေါ်လာပြီး နဂါးသုံးကောင်မှာ မီတာအနည်းငယ် လွင့်ထွက်သွားသည်။

“လော့ချန်.... မင်း တကယ်ပဲ....”

ဝမ်ဟိုင်ချောင်က အောင်နိုင်သူအဖြစ် စတင်ပြောဆိုလိုက်သော်လည်း မြူခိုးများကြားမှ နောက်ထပ် နဂါးများ ထပ်မံ ထွက်ပေါ်လာပြန်သည်။ ဝိညာဉ်စွမ်းအားများမှာ အဆုံးမရှိဘဲ အဆက်မပြတ် အသက်ဝင်နေလေသည်။

'ဒါက တကယ့်ကို အဆင့်မြင့် မှော်လက်နက်ပဲ'

ဝမ်ဟိုင်ချောင်သည် မျှော်လင့်ချက် မထားတော့ဘဲ တိုးဝင်လာသော နဂါးများကို အာရုံစိုက်ကာ ခုခံနေတော့သည်။

'ဒါဆိုလည်း ဝိညာဉ်စွမ်းအား ဘယ်သူပိုများလဲ ပြိုင်ကြတာပေါ့'

သူသည် အခြေခံတည်ဆောက်ခြင်း အဆင့် ၃ တွင် ရှိနေသဖြင့် သူ၏ ဝိညာဉ်စွမ်းအားမှာ လော့ချန်ထက် သာလွန်သည်။ လော့ချန်အနေဖြင့် အဆင့်မြင့် မှော်လက်နက်ကို အစွမ်းကုန် အသုံးပြုနေရသဖြင့် သူ့ထက် အရင် စွမ်းအားကုန်သွားလိမ့်မည်ဟု သူ ယုံကြည်နေသည်။ အမှန်စင်စစ် ဓားပျံများသည် အလံများထက် ဝိညာဉ်စွမ်းအား စားသုံးမှုနည်းပေသည်။

နဂါးများသည် တစ်ကောင်ပြီးတစ်ကောင် အဆက်မပြတ် တိုက်ခိုက်နေကြသည်။ သူ၏ ဓားပျံမှာလည်း တောက်ပသော အလင်းတန်းများဖြင့် တုံ့ပြန်နေသည်။ အစပိုင်းတွင် ပြင်းထန်သော တိုက်ပွဲဖြစ်သော်လည်း ယခုမူ ဘယ်သူ အရင် စွမ်းအားကုန်မလဲဟူသော အားပြိုင်မှု ဖြစ်လာသည်။

သို့သော် လက်ဖက်ရည် တစ်ခွက်ခန့် အချိန်မျှသာ ကြာပြီးနောက် ဝမ်ဟိုင်ချောင်၏ အမူအရာမှာ စတင် ပြောင်းလဲလာသည်။

သူ့ကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအားများမှာ နှေးကွေးလာပြီး သူ လိုချင်သလို ထုတ်သုံး၍ မရတော့ချေ။ သူ အာရုံစိုက်နေသော်လည်း စွမ်းအားများ လည်ပတ်ရာတွင် အဟန့်အတားများ ခံစားနေရသည်။ ထိုမျှသာမက သူ အသက်ရှူလိုက်တိုင်း အပြာရောင် ကတိုးနံ့များမှာ သူ၏ နှာခေါင်းထဲသို့ ဝင်ရောက်နေသည်။

‘အဆိပ်....’

“လော့ချန်.... အယုတ်တမာကောင်....” ဟု ဝမ်ဟိုင်ချောင် အံကြိတ်ကာ ပြောလိုက်သည်။

'ဩော်.... သတိထားမိသွားပြီပေါ့’

လော့ချန်၏ မျက်ခုံးများ ပင့်တက်သွားပြီး “ဟားဟား.... ခင်ဗျားကရော ဘာထူးလို့လဲဗျာ” ဟု သူ အေးစက်စွာ ပြန်ပြောလိုက်သည်။ ထို့နောက် သူ မြေကြီးကို နင်းလိုက်ရာ သူ၏ ခြေဖဝါးအောက်ရှိ နဂါးမှာ မြူခိုးများအဖြစ် ပြောင်းလဲသွားသည်။ ဧရာမ အပြာရောင် အဆိပ်ငွေ့ကြီးမှာ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားတော့သည်။ ထိုခဏမှာပင် ကျန်ရှိသော နဂါးရှစ်ကောင်လုံးမှာ အလိုအလျောက် ပေါက်ကွဲသွားကြသည်။

ဘုန်း....

ပြင်းထန်လှသော ဝိညာဉ်စွမ်းအားများမှာ ဟိန်းဟောက်သံနှင့်အတူ ပေါက်ကွဲထွက်လာတော့သည်။

လော့ချန် လက်ကို မြှောက်လိုက်ရာ အပြာရောင်ကတိုး မြွေနဂါးအလံသည် သူ၏ လက်ထဲသို့ ပြန်လည် ရောက်ရှိလာသည်။ သူ ထိုအလံကို တစ်ချက်ကြည့်လိုက်ရာ အလံပေါ်တွင် အက်ကြောင်းများစွာ ဖြစ်ပေါ်နေပြီး ပျက်စီးတော့မည့် အခြေအနေသို့ ရောက်နေသည်ကို တွေ့ရသည်။ ဤတိုက်ပွဲတွင် လော့ချန် ဤလက်နက်ကို အစွမ်းကုန် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ နဂါးများကို အကြိမ်ကြိမ် ပြန်လည် ခေါ်ယူနိုင်ခဲ့ခြင်းမှာ ဝိညာဉ်စွမ်းအားထက် ပိုမိုပေးဆပ်ခဲ့ရခြင်း ဖြစ်သည်။

သို့သော် ထိုသို့သော ပြင်းထန်သည့် တိုက်ခိုက်မှုကြောင့် ဝမ်ဟိုင်ချောင်လည်း သက်သာလိမ့်မည် မဟုတ်ပေ။

လော့ချန်သည် ပျက်စီးလုနီးပါးဖြစ်သော အလံကို သိမ်းဆည်းလိုက်သည်။ ထို့နောက် အသက်ကို ပြင်းပြင်းရှူကာ သူ၏ ဓားအမြုတေကို ထွေးထုတ်လိုက်သည်။ ၎င်းမှာ ချက်ချင်းပင် ဧရာမ ဓားကြီးတစ်လက်အဖြစ် ပြောင်းလဲသွားလေသည်။ သူသည် ထိုဓားကို လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။

နဂါးရှစ်ကောင်၏ ပေါက်ကွဲမှုကြောင့် ပတ်ဝန်းကျင်မှာ ပျက်စီးသွားပြီး ဖုန်မှုန့်များမှာ လေထုထဲတွင် ပျံ့လွင့်နေသည်။ အပြာရောင် အလင်းတန်းများမှာလည်း အဆက်မပြတ် ပေါက်ကွဲထွက်နေသည်။ ထို့နောက် အရာအားလုံးမှာ တိတ်ဆိတ်သွားတော့သည်။ အလင်းတန်းများပင် ထိုတိတ်ဆိတ်မှုထဲတွင် ပျောက်ကွယ်သွားသယောင် ရှိသည်။

‘ဒီအဘိုးကြီး သေသွားပြီလား' ဟု လော့ချန် စိတ်ထဲမှ တွေးလိုက်မိသည်။

ထို့နောက် နောက်ထပ် တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်မှာပင် မီးခိုးငွေ့များကြားမှ ပြင်းထန်သော ဝိညာဉ်စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာသည်။ မီးလျှံဓားချီတစ်ခုမှာ မီးခိုးငွေ့များကို ဖြတ်ကျော်ကာ ကောင်းကင်နှင့် မြေကြီးကို ခွဲပစ်မည့်အလား တိုးဝင်လာတော့သည်။

“အဖိုးတန် မှော်ရတနာလား” လော့ချန် မျက်လုံးများကို ကျဉ်းလိုက်ရင်း ရေရွတ်လိုက်သည်။

“မဟုတ်ဘူး.... ဒါက ရွှေမီးဓားပဲ”

မီးခိုးငွေ့များကြားတွင် ဝမ်ဟိုင်ချောင်မှာ အလွန်ပင် သနားစရာ ကောင်းသော အခြေအနေသို့ ရောက်နေသည်။

သူ၏ ခန့်ညားသော ပုံစံမှာ ပျောက်ကွယ်နေပြီး ဆံပင်နှင့် မုတ်ဆိတ်များမှာ လုံးဝ ကျွမ်းလောင်သွားကာ ဦးရေပြားမှာလည်း နီရဲနေသည်။ သူ၏ လက်ထဲတွင် ရှိသော လိပ်ခွံဒိုင်းမှာလည်း အက်ကြောင်းများစွာဖြင့် မှိန်ဖျော့နေသည်။ ထိုအဆင့်မြင့် ကာကွယ်ရေး မှော်လက်နက်မှာ လုံးဝ ပျက်စီးသွားပြီ ဖြစ်သည်။ သူသည် ထိုအရာအတွက် ဝမ်းနည်းရန် အချိန်မရှိချေ။ တောက်ပနေသော ရွှေရောင်ဓားပျံကို ဆုပ်ကိုင်ထားရင်း ပြင်းထန်သော အပူရှိန်ကြောင့် သူ၏ လက်ဖဝါးမှ အသားများမှာ ကျွမ်းလောင်ကာ ဖြူဖွေးသော အရိုးများပင် ပေါ်ထွက်နေသည်။

'နှမြောစရာပဲ.... ငါ ဒီမှော်ရတနာကို ရထားတာ မကြာသေးတော့ အစွမ်းအကုန် မထုတ်နိုင်သေးဘူး၊ ဒါပေမဲ့ သုံးပုံတစ်ပုံလောက် အစွမ်းနဲ့တင် လုံလောက်ပါတယ်'

သူ တိုးတိုးလေး ရေရွတ်ရင်း မီးခိုးငွေ့များကြားမှ လော့ချန်ကို စူးစိုက်ကြည့်လိုက်သည်။ နောက်တစ်ခဏမှာပင် သူ၏ မျက်လုံးများမှာ မယုံကြည်နိုင်စွာ ပြူးကျယ်သွားတော့သည်။

မီးခိုးငွေ့များကြားမှ လော့ချန်သည် ရှောင်တိမ်းရန် မကြိုးစားဘဲ ရှေ့သို့ တိုးဝင်လာသည်။ ရွှေရောင်ဓားချီသည် လော့ချန်ကို တိုက်ရိုက် ထိမှန်သွားတော့သည်။ ဤတိုက်ခိုက်မှုမှာ ဝမ်ဟိုင်ချောင်က သူ၏ ကျန်ရှိသော ဝိညာဉ်စွမ်းအားအားလုံးကို အသုံးပြုပြီး သူ၏ လက်နှစ်ဖက်ကို စတေးကာ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ သို့သော် လော့ချန်က ရှောင်ရန် မကြိုးစားပေ။ သူ၏ အေးစက်ပြီး ပြတ်သားသော အကြည့်မှာ မီးခိုးငွေ့များကြားမှ ဝမ်ဟိုင်ချောင်ကို စူးစိုက်ကြည့်နေသည်။

'ဒီကောင်.... သူ…. ဘယ်လိုတောင် သတ္တိကောင်းနေတာလဲ' ဟု ဝမ်ဟိုင်ချောင် ထိတ်လန့်တကြား တွေးလိုက်မိသည်။ သူ မယုံကြည်နိုင်ဖြစ်နေစဉ်မှာပင် လော့ချန်၏ ကိုယ်ထဲမှ မည်းနက်သော စစ်တုရင်နယ်ရုပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

မည်းနက်သော အလင်းတန်းတစ်ခုမှာ ချက်ချင်း ပေါ်ထွက်လာသည်။ ပြင်းထန်လှသော ရွှေမီးဓားသည် ထိုအလင်းနှင့် ထိတွေ့မိချိန်တွင် တစ်လက်မချင်းစီ ပျော်ဝင်သွားတော့သည်။ ရွှေရောင် စွမ်းအားများသည် ထိုမည်းနက်သော အလင်းနှင့် ထိမိသည်နှင့် ဘာမှမဟုတ်တော့သလို ပျောက်ကွယ်သွားကြသည်။

“နတ်တစ္ဆေတောင်ကြား…. မီရှုဟွာ.... ဝိညာဉ်ချုပ် နယ်ရုပ်....”

ဝူး....

ထိုခဏမှာပင် ရွှေရောင်ဓားကြီးသည် တောက်ပသောအလင်းတန်းဖြင့် ဝှေ့ယမ်းလာလေရာ ဝမ်ဟိုင်ချောင်၏ ခေါင်းမှာ လွင့်ထွက်သွားတော့သည်။

လော့ချန်သည် အသံတိတ် ညည်းညူလိုက်ပြီး ခေါင်းပြတ် အလောင်းကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

“တောင်ဖြိုကျောက်တိုင်ခွဲ လက်ဝါးသိုင်း....”

ဘုန်း....

အလောင်းမှာ အပိုင်းပိုင်း ပြတ်ထွက်သွားတော့သည်။

လော့ချန် လက်ကို ဝှေ့ယမ်းလိုက်ရာ သိုလှောင်အိတ်နှင့် တောက်ပနေသော ရွှေမီးဓားမှာ သူ့လက်ထဲသို့ ရောက်လာသည်။ သွေးများ စိုရွှဲနေပြီး ပူနွေးနေဆဲဖြစ်သော ထိုဓားကို ဆုပ်ကိုင်ထားရင်း လော့ချန် အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်သည်။

“ဝမ်ဟိုင်ချောင်…. သူ ဒီပစ္စည်းကို ရထားတာ ရက်ပိုင်းပဲ ရှိသေးတာကို အသုံးချနိုင်တဲ့ အဆင့်အထိ ကျွမ်းကျင်နေတာပဲ.... ဒါ ဟော်ဟူ ကူညီပေးလို့ပဲ ဖြစ်ရမယ်”

‘ဟော်ဟူ....’

ဟော်ဟူအကြောင်းကို တွေးမိလိုက်သည်နှင့် လော့ချန် တွန့်ဆုတ်မနေတော့ဘဲ ကောင်းကင်ယံသို့ ပျံတက်လိုက်သည်။ ထို့နောက် သူသည် ကောင်းလင်လွင်ပြင်ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားလေတော့သည်။

All Chapters