← Chapters

အခန်း (၃၁၉-၃၂၀)

Vol. 32 Ch. 319-320

အခန်း (၃၁၉-၃၂၀)

Vol. 32 Ch. 319-320

အခန်း (၃၁၉) - မိတ်ဆွေ.... ကိုယ့်သေတွင်းကိုယ် မတူးပါနဲ့

ကောင်းလင်လွင်ပြင်ထက်တွင် မြင့်မားလှသော ဝက်ဝံရုပ်သေးကြီးသည် တုန်ဟည်းနေသော ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ တိုးဝင်လာလေသည်။ ၎င်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ ရန်သူများမှာ မုန်တိုင်းထဲမှ သစ်ရွက်ခြောက်များပမာ လွင့်စင်ကျေမွသွားကြရ၏။

ရှောင်ဟွမ်းတောင် တိုက်ပွဲတွင်မူ ဤရုပ်သေးသည် မျောက်ဝံ ဖြစ်သော ရှောင်ဟုန်၏ လက်ချက်ဖြင့် အချက်အနည်းငယ်အတွင်း ရိုက်ချခံခဲ့ရဖူးသောကြောင့် ၎င်း၏ စွမ်းဆောင်ရည်မှာ သိပ်မသိသာခဲ့ပေ။ သို့သော် အသုံးမဝင်ဟု မဆိုလိုနိုင်ပေ။ အမှန်စင်စစ် ထိုစဉ်က ဤရုပ်သေးသည် တွမ်ရွှေ၏ တိုက်ရိုက်ထိန်းချုပ်မှု ကင်းမဲ့နေသဖြင့် တိုက်ပွဲတွင် ထုံထိုင်းနှေးကွေးနေခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ရှောင်ဟုန်မှာ ဒုတိယအဆင့်ရှိ မိစ္ဆာသားရဲတစ်ကောင် ဖြစ်ရာ ဤရုပ်သေးအနေဖြင့် ရင်ဆိုင်နိုင်ရန် မလွယ်ကူခဲ့ခြင်းလည်း ပါဝင်၏။

ယခုအခါတွင်မူ ကူချိုင်ယီ၏ စိတ်စွမ်းအားအပြည့်ဖြင့် အနုစိတ်ထိန်းချုပ်မှုအောက်တွင် ဝက်ဝံရုပ်သေးသည် ၎င်း၏ အစစ်အမှန် စွမ်းပကားကို နောက်ဆုံး၌ ထုတ်ဖော်ပြသနိုင်ခဲ့ပြီ ဖြစ်သည်။ ရှားပါးပစ္စည်းများဖြင့် သွန်းလုပ်ထားသော ၎င်း၏ဧရာမ ခန္ဓာကိုယ်ကြီးမှာ ဖျက်ဆီးရန် ခဲယဉ်းလှ၏။ ဓားနှင့် လှံများမှာ ၎င်း၏ ကိုယ်ထည်ပေါ်သို့ ထိမှန်သော်လည်း ဟန်ချက်ပင် မပျက်ဘဲ အသံမြည်ကာ လွင့်စင်ကုန်ကြသည်။ မှော်စာရွက်များနှင့် မှော်အတတ်များမှာလည်း ၎င်း၏ မာကျောသော အရေခွံနှင့် ထိတွေ့ပြီးနောက် အစွမ်းပြယ်သွားကြရ၏။

ဤရုပ်သေးသည် ခံစစ်ပိုင်းတွင် မယုံနိုင်လောက်အောင် ခိုင်မာရုံသာမက ကူချိုင်ယီသည် ၎င်း၏ ဗဟိုချက်အတွင်းသို့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများကိုလည်း ထည့်သွင်းပေးထားသေးသည်။ အချိန်အပိုင်းအခြား တစ်ခုစီတွင် ရုပ်သေး၏ ခံတွင်းမှ တောက်ပသော အလင်းလုံးကြီး တစ်လုံး ပွင့်ထွက်လာတတ်ပြီး ထိုတိုက်ကွက်မှာ အလွန်ပြင်းထန်လှရာ ချီသန့်စင် အဆင့် ၉ အောက် မည်သူမဆို ထိမှန်သည်နှင့် ချက်ချင်း အသက်ပျောက်သွားကြရသည်။ ချီသန့်စင် အထွတ်အထိပ်အဆင့် ကျင့်ကြံသူများပင်လျှင် ရှောင်တိမ်းရန်သာ ရွေးချယ်ကြရပြီး တိုက်ရိုက်ရင်ဆိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

"ချိုင်ယီ.... ထွက်ပေါက်ကို တွေ့ပြီလား"

စီမာဟွေ့နန်၏ အသံမှာ အဝေးမှ လှမ်းပျံ့လာသည်။

ကူချိုင်ယီ အံကို တင်းတင်းကြိတ်ထားမိသည်။ ချွေးများမှာလည်း သူမ၏ နီမြန်းနေသော မျက်နှာပေါ်တွင် စီးကျနေသည်။

“ရှာမတွေ့သေးဘူးရှင့်....”

သူမသည် အစီအရင်ပိုင်းတွင် ကျွမ်းကျင်သူ မဟုတ်သဖြင့် တည့်တည့်တိုးကာ အစီအရင်ကို အကြိမ်ကြိမ် ဝင်တိုက်ခြင်းမှလွဲ၍ အခြားမလုပ်နိုင်ပေ။ သို့သော် မြင်တွေ့နေရသည်မှာလည်း ယုံကြည်၍ မရနိုင်စရာ ဖြစ်နေသည်။ ရွေ့လျားနေသော ကျောက်တိုင်ကြီးများမှာ သူမ၏ အာရုံကို လှည့်စားနေပြီး လမ်းမှားများသို့သာ ဦးတည်နေစေကာ သူမ၏ ကြိုးစားအားထုတ်မှုများကို အချည်းနှီး ဖြစ်နေစေတော့သည်။

‘ဒီအတိုင်းသာ ဆက်သွားရင် လူတိုင်း ဒီထဲမှာ ပိတ်မိပြီး အသတ်ခံရတော့မယ်’

သူမ၏ အနောက်ဘက်တွင် လော့ထျန်းအဖွဲ့ ကျင့်ကြံသူများ၏ နာကျင်စွာ အော်ဟစ်ညည်းတွဲသံများမှာ မပြတ်တမ်း ထွက်ပေါ်နေသည်။ ရန်သူ၏ ရက်စက်သော တိုက်ခိုက်မှုအောက်တွင် ရင်းနှီးပြီးသား မျက်နှာများ မည်မျှအထိ လဲပြိုသွားခဲ့ပြီကို ကူချိုင်ယီ မခန့်မှန်းနိုင်တော့ပေ။ မျှော်လင့်ချက် ကုန်ဆုံးလုနီးပါး အချိန်တွင် တစ်စုံတစ်ခုကို သူမ သတိထားမိလိုက်သည်။ ပြိုလဲနေသော ကျောက်တိုင်နှစ်တိုင်မှာ ပုံပျက်ပန်းပျက်ဖြင့် သီးခြားလမ်းကြောင်းတစ်ခုကို ညွှန်ပြနေသကဲ့သို့ ရှိနေ၏။

သူမ ခဏတာ ဝေခွဲမရ ဖြစ်သွားသည်။

ထို့နောက် မျက်လုံးများထဲတွင် ပြတ်သားမှုများ ယှက်သန်းလာကာ လက်ဟန်တစ်ခုကို လျင်မြန်စွာ ထုတ်ဖော်လိုက်သည်။ ဝက်ဝံရုပ်သေးအတွင်းရှိ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ငါးတုံး၏ စွမ်းအင်များမှာ ချက်ချင်းပင် ခန်းခြောက်သွားကာ အလင်းရောင်များ တောက်ပလာတော့သည်။

ဝက်ဝံ၏ ခံတွင်းမှ ဧရာမ အလင်းလုံးကြီး တစ်လုံး ပေါက်ကွက်ထွက်ပေါ်လာ၏။

ဝူး....

ဝက်ဝံရုပ်သေး၏ အစွမ်းကုန် တိုက်ကွက်မှာ ပွင့်ထွက်သွားလေပြီ။ ၎င်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ တာကျန်းဂိုဏ်း ကျင့်ကြံသူများမှာ သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားကြရသည်။ လူပေါင်း ဒါဇင်နှင့်ချီ၍ ချက်ချင်း ကျဆုံးသွားသော်လည်း အလင်းလုံးမှာ ရပ်တန့်မသွားဘဲ ရှေ့သို့ ဆက်လက် တိုးဝင်သွားကာ လမ်းတွင်ရှိသမျှ အရာအားလုံးကို ကြိတ်ခြေပစ်လိုက်သည်။ နောက်ဆုံးတွင် ၎င်းသည် ကောင်းလင်လွင်ပြင်၏ အပြင်ဘက်သို့ ဖောက်ထွက်သွားတော့သည်။

လမ်းကြောင်းတစ်ခု နောက်ဆုံး၌ ပွင့်သွားခဲ့လေပြီ။

အပြင်ဘက်ရှိ လရောင်ကို မြင်လိုက်ရသောအခါ ကူချိုင်ယီ၏ ရင်ထဲတွင် ခံစားချက်များ လှိုင်းထလာတော့သည်။ သူမ၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာသော်လည်း အတင်းထိန်းချုပ်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"လမ်းတွေ့ပြီ…. ကျွန်မနောက်ကို လိုက်ခဲ့ကြတော့…."

ဝုန်း.... ဝုန်း.... ဝုန်း....

ဝက်ဝံရုပ်သေးသည် မိုးကြိုးသံကဲ့သို့သော ခြေလှမ်းများဖြင့် ရှေ့သို့ အဟုန်ပြင်းစွာ အရင်ပြေးထွက်သွားသည်။

စီမာရှန့်နှင့် ကျိုးယွမ်လီတို့သည် ကူချိုင်ယီ၏ ဘေးတစ်ဖက်တစ်ချက်စီမှနေ၍ အဖွဲ့များကို ဦးဆောင်ကာ ဘေးဘီ အကာအကွယ် ပေးထားကြသည်။ သူတို့နောက်မှ ချင်လျန်ချန်း၊ စုရှောင်လင်၊ လျိုချန်းနှင့် ဘီယန်ကျန်းတို့မှာ အသည်းအသန် ခုခံတိုက်ခိုက်နေကြပြီး ရန်သူ့လှိုင်းလုံးများကို တစ်ခုပြီးတစ်ခု ဖြိုခွင်းနေကြ၏။

ပို၍ နောက်ကျကျတွင်မူ တွမ်ဖုန်းသည် နောက်ဆုံးခံစစ်အဖြစ် ကြံ့ကြံ့ခံ ရပ်တည်နေသည်။ အဆင့်မြင့် မှော်လက်နက်ဖြစ်သော ဟယ်လော့ဓားကို လက်တွင် ဆုပ်ကိုင်ထားကာ ရန်သူများကို မနားတမ်း ခုတ်ပိုင်းနေလေသည်။

"သွားကြမယ် ရှောင်တွမ်…." ဟု ဝေဟင်တွင် ဓားပျံစီးရင်း ဖုန်းရှက အော်ပြောလိုက်၏။

တွမ်ဖုန်းသည် သူမကို အတင်းတွန်းလွှတ်လိုက်ကာ "အားလုံး အရင်သွားနှင့်ကြဗျ…." ဟု ပြန်အော်ပြောလိုက်သည်။

ထိုတွန်းလိုက်မှုကြောင့် ဖုန်းရှမှာ ဟန်ချက်ပျက်ကာ အနောက်သို့ အရှိန်ဖြင့် ဆုတ်ခွာသွားရ၏။

ထိုစဉ်မှာပင် မှော်လက်နက် အများအပြားမှာ သူ့တို့ဆီသို့ ဝေဟင်မှ တိုးဝင်လာကြသည်။ တွမ်ဖုန်း၏ မျက်နှာမှာ ဒေါသကြောင့် တွန့်လိမ်သွားပြီး ဟယ်လော့ဓားမှ စွမ်းအင်လှိုင်းများကို တစ်ခုပြီးတစ်ခု ထုတ်လွှတ်ကာ ခုခံလိုက်သည်။ သို့သော် မှော်လက်နက် အချို့မှာမူ သူ၏ ခံစစ်ကို ဖောက်ထွက်လာနိုင်ဆဲပင်။

ချွင်.... ချွင်.... ချွင်....

တိုက်တိုက်ဆိုင်ဆိုင်ပင်လျှင် ဧရာမ ကျောက်တိုင်ကြီး တစ်တိုင်မှာ ထိုနေရာသို့ လိမ့်ကျလာသည်။ ၎င်းသည် တွမ်ဖုန်းကို ဖိမိတော့မည်အလား ထင်ရသော်လည်း တကယ်တမ်း၌မူ ဝင်ရောက်လာသော မှော်လက်နက်များကို ကြားမှ တားဆီးပေးလိုက်ခြင်း ဖြစ်နေ၏။ သူ ခဏတာ ကြောင်အသွားပြီးနောက် ချက်ချင်းပင် ထိုကျောက်တိုင်ကို ခြေကန်ကာ အနောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားတော့သည်။

တာကျန်းဂိုဏ်း ကျင့်ကြံသူ အချို့မှာမူ မိမိတို့၏ မှော်လက်နက်များကို ပြန်လည် သိမ်းဆည်းရန် ပြေးလာကြ၏။

"တောက်…. ဟိုကောင် မင်လုံယွီ အိပ်ပျော်နေတာလား…. သူ ဘာတွေ မလုပ်တော့ဘူးလား…."

"အဲ့ဒါက သေစေနိုင်တဲ့ တိုက်ကွက်ဖြစ်ရမှာလေ…. ငါတို့ ဘာလို့ လွဲသွားတာလဲ…."

"နှမြောစရာပဲကွာ…. တွမ်ဖုန်းဆိုတာ လော့ထျန်းအဖွဲ့ရဲ့ လက်နက်ခန်းမဆောင် အကြီးအကဲပဲ…. သူ့ဆီမှာ အဆင့်မြင့်ဓားတွေနဲ့ ကာကွယ်ရေးပစ္စည်းတွေ အပြည့်ရှိတာ…."

"ထားလိုက်တော့…. ဆက်ပြီး လိုက်ကြ"

….

မြေအောက် နက်ရှိုင်းသော နေရာတစ်ခုတွင် ဖြစ်သည်။

မင်လုံယွီသည် ဓာတ်ကြီးငါးပါး အစီအရင်ချပ်ကြီး တစ်ခုကို ရှေ့တွင် ချထားကာ တင်ပျဉ်ခွေ ထိုင်နေလေသည်။ ဘေးတစ်ဖက်တစ်ချက်တွင် ဧရာမ ရေမှန်ပြင်ကြီး နှစ်ချပ်ရှိနေပြီး ပြင်ပကမ္ဘာမှ မြင်ကွင်းများကို ပြသနေသည်။ သူ၏ မျက်နှာမှာ တည်ကြည်လေးနက်နေကာ လက်ဟန်များကိုလည်း မနားတမ်း ပြောင်းလဲနေသည်။ သူ လက်ဟန်တစ်ခု ပြုလုပ်လိုက်တိုင်း မှန်ပြင်ထဲရှိ ကျောက်တိုင်များမှာ နေရာရွေ့သွားကြ၏။

အကယ်၍ တာကျန်းဂိုဏ်း ကျင့်ကြံသူ တစ်ဦးဦးသာ ဤနေရာတွင် ရှိနေပါက အံံဩလွန်း၍ သတိလစ်သွားနိုင်သည်။ အကြောင်းမှာ ကျောက်တိုင်ကြီးများသည် လော့ထျန်းအဖွဲ့၏ လမ်းကြောင်းကို ပိတ်ဆို့နေခြင်း မဟုတ်ဘဲ ထိုအစား သိမ်မွေ့စွာ လမ်းညွှန်ပေးနေပြီး အကာအကွယ် ပေးနေခြင်း ဖြစ်သောကြောင့်ပင်။

"ဝမ်ဟိုင်ချောင်ကြီး.... ဒါက ခင်ဗျား ကျွန်တော့်ကို ပေးရမယ့် အကြွေးပဲ....”

“တန်ချန်ဇီ…. မင်း ငါ့ကို စိတ်မပျက်စေနဲ့နော်"

သူ တိုးတိုးလေး ရေရွတ်ရင်း အစီအရင်ချပ်ပေါ်သို့ လက်ဝါးဖြင့် ဖိချလိုက်သည်။ နောက်တစ်စက္ကန့်တွင် ပြင်းထန်သော ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီး တစ်ခုမှာ တုန်ခါမှုများနှင့်အတူ ပြန့်နှံ့သွားတော့၏။

အထက်ရှိ ကောင်းလင်လွင်ပြင်တွင် မရေမတွက်နိုင်သော ကျောက်တိုင်ကြီးများမှာ ပြင်းထန်စွာ တုန်ခါလာပြီးနောက် တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်ကုန်တော့သည်။ ပြိုကျလာသော ကျောက်စိုင်ကျောက်ခဲများမှာ သေစေနိုင်သော မြားများပမာ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားကြ၏။

သတိမထားမိလိုက်သော ကျင့်ကြံသူများမှာ ခုခံရန် အချိန်မရလိုက်ဘဲ ချက်ချင်းပင် အပိုင်းပိုင်း ပြတ်သွားကြရသည်။

မလှမ်းမကမ်းတွင်ရှိသော တွမ်ဖုန်းမှာ အစီအရင်ထဲမှ လက်မတင်လေး လွတ်မြောက်လာခဲ့ခြင်း ဖြစ်ရာ မျက်နှာမှာ ဖြူလျော်သွားတော့သည်။ အကယ်၍ သူသာ ထိုနေရာတွင် ခဏလေးမျှ ဆိုင်းငံ့နေမိပါက သူလည်း ထိုသူများကဲ့သို့ အသက်ပျောက်သွားမည်မှာ အသေအချာပင်။ သို့သော် သူ၏ ရင်ထဲတွင် ဇဝေဇဝါ ဖြစ်မှုများလည်း တိုးဝင်လာသည်။

‘အစီအရင်ကို ထိန်းချုပ်နေတဲ့သူက.... ငါတို့ဘက်ကလား....’

"ရှောင်တွမ်.... မင်း အဆင်ပြေရဲ့လား"

ချင်လျန်ချန်းနှင့် မုရုံချန်းလျန်တို့မှာ တွမ်ဖုန်း၏ ရှေ့သို့ အကာအကွယ်ပေးရန် ပြေးလာကြသည်။

တွမ်ဖုန်းက အသက်ကို ပြင်းပြင်းရှူကာ "ဟုတ်ကဲ့ဗျ…. နည်းနည်း ပင်ပန်းသွားတာပါ၊ ဘာမှ မဖြစ်ပါဘူး" ဟု ပြန်ဖြေလိုက်သည်။ ထိုသို့ ပြောသော်လည်း သူ၏ ခန္ဓာကိုယ်အနှံ့ရှိ ဒဏ်ရာများမှာမူ ဖုံးကွယ်၍ မရနိုင်ပေ။

ချင်လျန်ချန်းက ခေါင်းယမ်းလိုက်ကာ "အနောက်မှာ ခဏသွားနားလိုက်ဦး…. ကျန်တာ ငါတို့ ကြည့်ရှင်းလိုက်မယ်" ဟု ဆိုသည်။

စကားပြောနေစဉ်မှာပင် သူ၏ အကြည့်မှာ ကောင်းလင်လွင်ပြင်ဆီသို့ စူးစိုက်ထားဆဲ ဖြစ်ပြီး ရန်သူများမှာ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာနေသည်။

“မြွေဆိုးတွေ သက်ဆိုးကရှည်နေသေးတယ်”

မကြာမီမှာပင် စီမာရှန့်နှင့် ကျိုးယွမ်လီတို့သည် အထူးအဖွဲ့ဝင်များနှင့်အတူ ရောက်ရှိလာကြသည်။

"စီမံခန့်ခွဲရေးမှူး.... အခု ဘာဆက်လုပ်ကြမလဲ" ဟု တစ်ယောက်က မေးလိုက်သည်။

စီမာဟွေ့နန်၏ လှပသော မျက်နှာလေးမှာ ရက်စက်မှုများ ယှက်သန်းလာကာ တာကျန်းဂိုဏ်း ကျင့်ကြံသူများကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။

"ဒီကောင်တွေက အမှိုက်တွေပဲ.... အစီအရင်ထဲမှာတုန်းကတော့ လှုပ်ရှားရခက်ခဲ့ပေမယ့် အခု အပြင်ရောက်ပြီဆိုတော့ ဒါ သူတို့ နယ်မြေ မဟုတ်တော့ဘူး.... အားလုံး ကျွန်မအမိန့်ကို နားထောင်ကြ.... ချီသန့်စင် အစောပိုင်းနဲ့ အလယ်ပိုင်း ကျင့်ကြံသူတွေက အဝေးကနေ မှော်အတတ်တွေနဲ့ တိုက်ခိုက်ကြ.... အဆင့်မြင့် ကျင့်ကြံသူတွေက သုံးယောက်တစ်ဖွဲ့စီ ခွဲပြီး ရန်သူကို ထိုးဖောက်တိုက်ခိုက်.... အဆင့် ၉ ကျင့်ကြံသူတွေက စစ်မြေပြင်ကို ပတ်ပြီး တိုက်.... ဘယ်သူ့ကိုမှ ညှာစရာမလိုဘူး.... ကြားလား.... တွေ့တဲ့လူ အကုန်သာသတ်...."

သူမ၏ အမိန့်အောက်တွင် လော့ထျန်းအဖွဲ့ ကျင့်ကြံသူများမှာ ပြင်းထန်သော သန္နိဋ္ဌာန်များဖြင့် ဟိန်းဟောက်လိုက်ကြသည်။ ဤတိုက်ပွဲသည် ပြတ်သားသော အောင်ပွဲဖြင့်သာ အဆုံးသတ်ရမည် ဖြစ်ပြီး ထွက်ပြေးရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ အဖွဲ့ခေါင်းဆောင်နှင့် တိုက်ခိုက်ရေးခန်းမဆောင် အကြီးအကဲတို့မှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများနှင့် အသည်းအသန် တိုက်ခိုက်နေရဆဲ ဖြစ်ရာ မိမိတို့အနေဖြင့် မည်သို့ စွန့်ခွာသွားနိုင်ပါမည်နည်း။

ထို့ပြင် အစောပိုင်းက ထိုးဖောက်ထွက်လာစဉ်အတွင်း လော့ထျန်းအဖွဲ့မှာ အကျအဆုံး များပြားခဲ့သည်။ အနည်းဆုံး လူပေါင်းရာကျော်ခန့်မှာ အစီအရင်ထဲတွင် သေဆုံးခဲ့ကြရ၏။ ထိုသူများထဲတွင် မိမိတို့၏ သူငယ်ချင်းများ၊ မိသားစုဝင်များနှင့် တာအိုလက်တွဲဖော်များ ပါဝင်နေသည်။

‘ဒါက သွေးကြွေးပဲ၊ သွေးနဲ့ပဲ ပြန်ဆပ်ရမယ်’

စီမာဟွေ့နန်၏ ကွပ်ကဲမှုအောက်တွင် ကျန်ရှိနေသော လော့ထျန်းအဖွဲ့ ကျင့်ကြံသူများမှာ စနစ်တကျ ပြန်လည်ဖွဲ့စည်းကာ တာကျန်းဂိုဏ်း ကျင့်ကြံသူများကို တန်ပြန်တိုက်စစ် ဆင်နွှဲတော့သည်။

လော့ထျန်းအဖွဲ့ စတင်တည်ထောင်စဉ်ကပင် တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ရသဖြင့် အဖွဲ့၏ အသက်ရှင်ကျန်ရစ်သူများမှာ သာမန်ကျင့်ကြံသူများ မဟုတ်ကြပေ။ တစ်ဦးချင်းစီမှာ သွေးနှင့် မီးတောက်ကြားတွင် လေ့ကျင့်ပျိုးထောင်လာခဲ့သော တိုက်ပွဲဝင် သူရဲကောင်းများ ဖြစ်ကြသည်။ ရှုပ်ထွေးနေသော အခြေအနေနှင့် ရင်ဆိုင်ရသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ ကြောက်ရွံ့ခြင်း မရှိကြပေ။

ထို့အပြင် လော့ထျန်းအဖွဲ့တွင် ယခင်စစ်ပွဲများမှ ရရှိခဲ့သော ရာထူးနှင့် အကျိုးအမြတ်များစွာ ရှိထားသည်။ ဖူမျိုးနွယ်စု၏ မှော်စာရွက်များနှင့် တွမ်မျိုးနွယ်စု၏ မှော်လက်နက်များမှာ အဆင့်အတန်း မြင့်မားလှသည်။ ထို့အပြင် လော့ချန်က မိမိတို့အား ပေးထားသော ဝက်ဝံရုပ်သေး၊ အဆင့်မြင့် ဟယ်လော့ဓားနှင့် ထိပ်တန်းအဆင့် မှော်လှံစသည့် လက်နက်များလည်း ရှိနေသေးသည်။

ဆန့်ကျင်ဘက်အားဖြင့် တာကျန်းဂိုဏ်းမှာ လူအင်အား သာလွန်သော်လည်း စည်းလုံးမှု လုံးဝ မရှိပေ။ ပို၍ ဆိုးသည်မှာ ဝမ်ဟိုင်ချောင်သည် အလွန် ကပ်စေးနှဲသူ ဖြစ်ရာ သူ၏ လက်အောက်ငယ်သားများကို အရည်အသွေးမြင့် ပစ္စည်းများ ဘယ်သောအခါမှ ပေးလေ့မရှိပေ။ တစ်ဖွဲ့လုံးမှာ ဆင်းရဲသား ကျင့်ကြံသူများစုဝေးရာ ဖြစ်နေတော့သည်။

ထို့ကြောင့် စီမာဟွေ့နန်က သူတို့အား အမှိုက်များဟု ခေါ်ဆိုခဲ့ခြင်းမှာ မာနထောင်လွှား၍ မဟုတ်ဘဲ အရှိတရားကို ပြောခြင်းသာ ဖြစ်၏။

လော့ထျန်းအဖွဲ့က စနစ်တကျ တန်ပြန်တိုက်စစ် ဆင်လိုက်သည်နှင့် တိုက်ပွဲ၏ အခြေအနေမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။ ကောင်းလင်လွင်ပြင်၏ ပထဝီဝင် အသာစီးရမှုနှင့် အစီအရင်၏ ဖုံးကွယ်မှုများ မရှိတော့သောအခါ တစ်ဖက်ရန်သူ၏ သာလွန်သော လူအင်အားမှာ အဓိပ္ပာယ် မရှိတော့ပေ။ ထိုသူတို့မှာ သတ်ဖြတ်ခြင်း ခံရရန် စောင့်ဆိုင်းနေသည့် သိုးသူငယ်များကဲ့သို့ ဖြစ်သွားကြရသည်။

ထို့ပြင် လော့ထျန်းအဖွဲ့တွင် ချီသန့်စင် အဆင့် ၉ ကျင့်ကြံသူ ဆယ်ဂဏန်းခန့် ရှိနေသည်။ အသက်ကြီးလှပြီဖြစ်သော အဘွားယွမ်ပင်လျှင် အနောက်တန်းမှနေ၍ ရွှေရင်မှည့်ဓားကို ထုတ်ကာ စပါးနှံများကို ရိတ်သိမ်းနေသကဲ့သို့ပင် ရန်သူတို့၏ အသက်များကို အလွယ်တကူ ရိတ်သိမ်းနေတော့သည်။

စီမာဟွေ့နန်သည် ဗဟိုနေရာကို ထိန်းချုပ်ထားပြီး သူမ၏ ဘေးတွင်မူ ကူချိုင်ယီသည် ဝက်ဝံရုပ်သေးအတွင်းသို့ ဝိညာဉ်ကျောက်တုံးများကို ထည့်သွင်းနေလေသည်။

သူမ စစ်မြေပြင်ကို ကြည့်လိုက်သောအခါ လော့ထျန်းအဖွဲ့ တဖြည်းဖြည်း အသာစီး ရလာသည်ကို တွေ့ရ၏။

"စီမံခန့်ခွဲရေးမှူး.... မင်လုံယွီ သူ တစ်ခုခု ထူးဆန်းနေတယ်" ဟု ကူချိုင်ယီက ရုတ်တရက် ဆိုလိုက်သည်။

စီမာဟွေ့နန်က ခေါင်းညိတ်ကာ "အင်း…. ငါလည်း သတိထားမိတယ်၊ အဲ့ဒီဝင်္ကပါက ငါတို့ကို တကွဲတပြားစီဖြစ်အောင် လုပ်ပြီး သတ်ရမှာလေ၊ ဒါပေမဲ့ ငါတို့ရဲ့ အဓိက အင်အားစုက အခုထိ မပြိုကွဲသေးဘူး၊ အဲ့ဒီအစား တာကျန်းဂိုဏ်းသားတွေပဲ လမ်းမှားပြီး ငါတို့ကို စုပေါင်းပြီး မတိုက်နိုင်ဖြစ်နေတာ" ဟု ဆိုသည်။

ကူချိုင်ယီသည် ထိုအချက်ကို တွေးမိကာ အနည်းငယ် တုန်လှုပ်သွားသည်။ အစောပိုင်းက ဝိုင်းရံခံထားရစဉ်တွင် အခြေအနေမှာ အလွန်ပင် မျှော်လင့်ချက် ကင်းမဲ့ခဲ့ရသည်။ လော့ထျန်းအဖွဲ့တွင် ကျွမ်းကျင်သူများစွာ ရှိသော်လည်း ထိုအစီအရင်ကသာ တကယ်တမ်း ဖိအားပေး တိုက်ခိုက်ခဲ့ပါက လူပေါင်း ရာကျော်မကဘဲ အားလုံးနီးပါး သေဆုံးသွားနိုင်သည် မဟုတ်ပါလော။

ကျဆုံးသွားသူများကို သတိရလိုက်မိသောအခါ ကူချိုင်ယီသည် အနောက်ဘက်တွင် ရန်သူကို မှော်စာရွက်များဖြင့် အသည်းအသန် ခုခံနေသော ကျင့်ကြံသူလေးများကို လှမ်းကြည့်မိသည်။ သူတို့အနောက်တွင်မူ ဒဏ်ရာရနေသော ကျင့်ကြံသူများ တန်းစီနေ၏။ ထိုသူများမှာ အစီအရင်ထဲမှ အသည်းအသန် ထွက်လာခဲ့ကြသော်လည်း ပြင်းထန်စွာ ဒဏ်ရာရနေသဖြင့် မလှုပ်ရှားနိုင်တော့သူများ ဖြစ်သည်။ ဤဒဏ်ရာရ ရဲဘော်ရဲဘက်များကြောင့်ပင် စီမာဟွေ့နန်သည် နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။

‘အဖွဲ့ခေါင်းဆောင်က တိုက်နေတုန်း…. ဝမ်ယွမ်က တိုက်နေတုန်း…. ပြီးတော့ ဒဏ်ရာရသူတွေကလည်း ဆုတ်ခွာလို့ မရဘူး…. ငါတို့ ဘယ်လိုလုပ် သူတို့ကို ထားခဲ့နိုင်မှာလဲ’

"ငါတို့ ဒီမှာ တိုက်နေတဲ့ တိုက်ပွဲက ရလဒ်ကို အဆုံးအဖြတ်ပေးမှာ မဟုတ်ဘူး…. အားလုံးက အဖွဲ့ခေါင်းဆောင်နဲ့ ဝမ်ယွမ်အပေါ်မှာပဲ မူတည်နေတာ"

စီမာဟွေ့နန်က လေးနက်စွာ ဆိုလိုက်သည်။ သူမတွင်လည်း အဖွဲ့ဝင်များရှေ့ ထုတ်ဖော်မပြသော စိုးရိမ်မှုများ ရှိနေ၏။ သူမ ရှင်းရှင်းလင်းလင်း မြင်လိုက်သည်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦးက အဖွဲ့ခေါင်းဆောင်နောက် လိုက်သွားခြင်းပင်။

“အဖွဲ့ခေါင်းဆောင်က ဉာဏ်ပညာ ထက်မြက်ပြီး ထူးခြားတဲ့ စွမ်းအားတွေ ရှိတယ်…. သူ ခဏလောက်တော့ တောင့်ခံနိုင်မှာပါ…. ဝမ်ယွမ်သာ သူ့ဘက်က ကိစ္စကို မြန်မြန် အပြတ်ရှင်းနိုင်ရင်.... ဟမ်….”

စီမာဟွေ့နန် ရုတ်တရက် မော့ကြည့်လိုက်မိသည်။

ညကောင်းကင်ယံတွင် လူသုံးဦးမှာ နှစ်ဖက်ခွဲကာ ပျံသန်းနေကြ၏။ တစ်ဦးမှာ လီရီရှန်းဖြစ်ပြီး သူမ၏ ဘေးတွင်မူ ယွီမျိုးနွယ်စုဝင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ရှိနေသည်။ ထိုသူ၏ အောက်တွင်မူ အဖွဲ့ခေါင်းဆောင်၏ မျောက်ဝံထက်ပင် ပိုမို အားကောင်းသော ဝိညာဉ်သားရဲတစ်ကောင် ရှိနေလေသည်။

စီမာဟွေ့နန်၏ အကြည့်ကို သတိထားမိလိုက်သောအခါ လီရီရှန်းက ခါးသက်သက် ပြုံးပြလိုက်ပြီး အသံလွှင့်ကာ တစ်ခုခု ပြောလိုက်၏။ စီမာဟွေ့နန် ခဏတာ တောင့်ခဲသွားပြီးနောက် ယွီရို့ရှိရာဘက်သို့ သူမ၏ အကြည့်ကို လွှဲလိုက်ကာ မျက်လုံးများထဲတွင် စိုးရိမ်မှုများ ပြည့်နှက်လာတော့သည်။

အထက်တွင်မူ ယွီရို့သည် အောက်ဘက်ရှိ စစ်မြေပြင်ကို အေးစက်စွာ ကြည့်နေပြီး သူမ၏ အကြည့်မှာ ကောင်းလင်လွင်ပြင်၏ မီးခိုးငွေ့များကြားတွင် ခဏတာ ရပ်တန့်သွားသည်။

ဟွန့်....

"သူပုန်"

သူမ နှာခေါင်းရှုံ့လိုက်ပြီးနောက် ကောင်းလင်လွင်ပြင်ရှိ ကျောက်တောအုပ်ထဲသို့ ကြည့်လိုက်၏။ ထိုနေရာမှ ပြင်းထန်သော ဝိညာဉ်စွမ်းအင်များနှင့် သွေးအရောင်အဝါများ ပေါက်ကွဲထွက်ပေါ်နေကာ ကောင်းကင်ယံတစ်ခုလုံးကို သတ်ဖြတ်ခြင်း အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေတော့သည်။

လီရီရှန်းလည်း သူမ ကြည့်ရာသို့ လိုက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိ၏။ ခဏအကြာတွင် သူမ လှောင်ပြောင်လိုက်သည်။

"ဒါ အစ်မတို့ ယွီမျိုးနွယ်စုက သမက်တော်အဖြစ် လိုချင်နေတဲ့ လူလား…."

ယွီရို့၏ မျက်ခုံးများ တွန့်ချိုးသွားကာ "ဒါက ဒီလို ဖြစ်မလာသင့်ဘူး...." ဟုသာ ရေရွတ်နေလေသည်။

"ဘာအံ့သြနေစရာ ရှိလို့လဲ" လီရီရှန်းက ကဲ့ရဲ့လိုက်သည်။

"ဟော်ဟူဆိုတာ အမြဲတမ်း လူကြီးတွေရဲ့ အကာအကွယ်အောက်မှာ နေလာတာ…. သူရဲ့ တိုက်ပွဲ အတွေ့အကြုံဆိုလို့ မီးလျှံမဟာမိတ် ဂိုဏ်းသားအချင်းချင်း ယှဉ်ပြိုင်တာပဲ ရှိတာ…. ဒီ ဝိညာဉ်သန္ဓေတည်ဂိုဏ်းကြီး နှစ်ခုကြားက စစ်ပွဲက သူ့အတွက် လေ့ကျင့်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ၊ ဒါပေမဲ့ သူက ကြွက်တစ်ကောင်လို ပုန်းနေတယ်"

ယွီရို့က ခေါင်းယမ်းလိုက်ကာ "အနည်းဆုံးတော့ သူက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ပဲ...." ဟု ဆိုသည်။

"လော့ထျန်းရဲ့ ဝမ်ယွမ်က ခန္ဓာကိုယ်ကျင့်ကြံခြင်း ဒုတိယအဆင့်မှာ ရှိနေတာ… အဲ့ဒါက အခြေခံတည်ဆောက်ခြင်းအဆင့်နဲ့ ညီနေပြီ"

လီရီရှန်းက ဆက်တိုက် လှောင်ပြောင်လိုက်ပြီး "အစ်မ နင် မသိသေးလို့ပါ၊ ဝမ်ယွမ်ဆိုတာ တာဟဲဈေးမြို့တော်မှာ နာမည်ကြီးခဲ့တာ ကြာလှပြီ…. သူ့အဆင့်တူချင်းကြားမှာ ဘယ်သူမှ သူ့ကို မနိုင်ဘူး…. သူက သံမဏိလို စိတ်ဓာတ်ရှိပြီး သေမှာကိုလည်း မကြောက်ဘူး…. ဟော်ဟူဆိုတဲ့ကောင်က ဘယ်လိုလုပ် သူ့ရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာလဲ" ဟု ဆိုသည်။

ယွီရို့တစ်ယောက် အရှိတရားကို လက်မခံနိုင်သေးသည်ကို မြင်လိုက်ရသောအခါ လီရီရှန်း၏ မျက်နှာထက်ဝယ် ပို၍ပင် အထင်သေးမှုများ ပေါ်လာတော့သည်။ ဂိုဏ်းတပည့်ဖြစ်ရုံ သို့မဟုတ် နာမည်ကြီး မျိုးနွယ်စုမှ မွေးဖွားလာရုံဖြင့် တစ်ကိုယ်တော်ကျင့်ကြံသူများထက် သာလွန်သည်ဟု သူမ ထင်နေသလော။

ဂိုဏ်းမှ ပါရမီရှင်များမှာ ဂိုဏ်း၏ ကျင့်စဉ်များကို ကျွမ်းကျင်စွာ တတ်မြောက်ပြီး တကယ့်တိုက်ပွဲများတွင် စိတ်ဓာတ်ကို သွေးထားမှသာ အဆင့်တူ တစ်ကိုယ်တော်ကျင့်ကြံသူများကို နှိပ်ကွပ်နိုင်မည် ဖြစ်သည်။ ဟော်ဟူမှာမူ မီးလျှံမဟာမိတ်၏ ပါရမီရှင်တစ်ဦးဟုပင် သတ်မှတ်၍ မရနိုင်ပေ။

ယခင်က လီရီရှန်းသည် အရှိတရားကို ရှင်းရှင်းလင်းလင်း မသိခဲ့ပေ။ မြူခိုးအေးပိုးဝတ်ရုံကို ရရှိပြီးမှသာ သူမ နက်နက်ရှိုင်းရှိုင်း နားလည်ခဲ့ခြင်း ဖြစ်သည်။ ယခင်က သူမ ထင်ထားသည်မှာ မှော်ရတနာများကို ရွှေအမြုတေအဆင့် စီရင်စုသခင်များအတွက်သာ သီးသန့်ထားရှိခြင်းမှာ ကုန်ကျစရိတ် မြင့်မားလွန်းခြင်းကြောင့်ဟု ဖြစ်၏။

အမှန်စင်စစ်မူကား ထိုအချက်မှာ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများအနေဖြင့် မှော်ရတနာများကို လွတ်လပ်စွာ မသုံးနိုင်ရခြင်းမှာ ဝိညာဉ်စွမ်းအင်ကြောင့်ပင်။ ၎င်းမှာ အစောပိုင်း ချီသန့်စင် ကျင့်ကြံသူများက အဆင့်မြင့် သို့မဟုတ် ထိပ်တန်းအဆင့် မှော်လက်နက်များကို စိတ်ကြိုက် မသုံးနိုင်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက မှော်ရတနာကို လွတ်လပ်စွာ ကိုင်တွယ်နိုင်သည်ဆိုသည်မှာ စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသည် မှော်ရတနာတစ်ခုတည်းကို နှစ်ပေါင်းများစွာ လေ့ကျင့်ပြီး ၎င်းနှင့် စိတ်ချင်း ဆက်သွယ်နေလျှင်ပင် ထိုရတနာ၏ စွမ်းအား ၅၀ မှ ၇၀ ရာခိုင်နှုန်းအထိသာ ထုတ်ဖော်နိုင်ပေလိမ့်မည်။

လီရီရှန်းကဲ့သို့ အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးအတွက်မူ မှော်ရတနာဆိုသည်မှာ အနိုင်ရရှိရန် နောက်ဆုံးလက်နက် အနေဖြင့်သာ သုံးနိုင်ပြီး ခဏခဏ သုံးရန်မှာ မဖြစ်နိုင်ပေ။ ဟော်ဟူမှာမူ သူမထက်ပင် အဆင့်နိမ့်သေးသည်။ သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ခါစသာ ရှိသေးပြီး ကျင့်ကြံမှုမှာလည်း တည်ငြိမ်မှု မရှိသေးပေ။ သူ၏ မှော်ရတနာကိုလည်း ကြာကြာ လေ့ကျင့်ထားရသေးသည် မဟုတ်ပေ။

အကယ်၍ သူသာ ထိုရတနာ၏ ပထမဆုံး စွမ်းအားဖြင့် ရန်သူကို ချက်ချင်း မနှိမ်နင်းနိုင်ခဲ့ပါက တိုက်ပွဲ ကြာရှည်လာသည်နှင့်အမျှ ထိုရတနာ၏ ဝိညာဉ်စွမ်းအင် လိုအပ်ချက်များကပင် သူ့ကို ပြန်လည် ထိခိုက်လာစေပြီး အားသာချက်ထက် အားနည်းချက် ဖြစ်လာစေပေလိမ့်မည်။

‘ငါ မြူခိုးအေးပိုးဝတ်ရုံကိုပဲ အားကိုးလို့ မရဘူး’ ဟု လီရီရှန်း တွေးလိုက်မိသည်။

‘သာမန်တိုက်ပွဲတွေမှာ အဆင့်မြင့် မှော်လက်နက်ကိုပဲ အဓိက သုံးရမယ်၊ မြူခိုးအေးပိုးဝတ်ရုံကိုတော့ အနိုင်အရှုံး ဆုံးဖြတ်မယ့် တိုက်ကွက်အနေနဲ့ပဲ သုံးရမယ်’

ဟာသတစ်ခုပမာပင် ဟော်ဟူ၏ သနားစရာကောင်းသော အခြေအနေက လီရီရှန်းအတွက် အကောင်းဆုံး သင်ခန်းစာတစ်ခု ဖြစ်သွားရလေသည်။ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိပြီးကတည်းက သူမသည် အဆင့်တူ ပြိုင်ဘက်များနှင့် တိုက်ပွဲ အများအပြား မရင်ဆိုင်ခဲ့ဖူးပေ။ ရင်ဆိုင်ခဲ့ရသည်များမှာလည်း သာမန်ရန်ပွဲများသာ ဖြစ်ပြီး အသက်အန္တရာယ်ရှိသည့် အခြေအနေမျိုး မဟုတ်ခဲ့ပေ။ အမှန်အတိုင်း ပြောရလျှင် သူမတွင်လည်း တိုက်ပွဲ အတွေ့အကြုံများစွာ မရှိသေးပေ။ သို့သော် ယခုအခါ အောက်ဘက်ရှိ တိုက်ပွဲကို ကြည့်ရင်း သူမ အသိဉာဏ်များ ပိုမို ပွင့်လင်းလာရတော့သည်။ သူမ အတွေးထဲတွင် နစ်မြောနေစဉ်မှာပင် မျက်နှာထားမှာ ရုတ်တရက် ပြောင်းလဲသွား၏။

"အစ်မယွီရို့.... အစ်မ ဘာလုပ်နေတာလဲ" သူမ အာမေဍိတ်သံ ထွက်လိုက်မိသည်။

မြစိမ်းရောင် သိန်းငှက်ဖြူပေါ်ရှိ ယွီရို့၏ ဝိညာဉ်စွမ်းအင်များမှာ ပြင်းထန်စွာ ထွက်ပေါ်လာတော့သည်။

"ဟော်ဟူက ဝမ်ယွမ်ရဲ့ ပြိုင်ဘက် မဟုတ်တော့ဘူး၊ အဲ့ဒီလူက သူ့ကို သတ်ဖို့ ရည်ရွယ်နေတာ၊ ငါ ဒီအတိုင်း ရပ်ကြည့်နေလို့ မရဘူး"

ဝုန်း....

လီရီရှန်း၏ ဓားရှည်မှာ တောက်ပလာပြီး ဓားဖျားမှ ဝိညာဉ်အလင်းများ ဖြာထွက်လာသည်။

"ရီရှန်း…. နင် ငါ့ကို တားမလို့လား….ဟမ်…." ယွီရို့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"အစောတုန်းက အစ်မလဲ ကျွန်မကို တားခဲ့တာပဲ မဟုတ်လား" လီရီရှန်းက လှောင်ပြောင်လိုက်၏။

ယွီရို့က ခေါင်းယမ်းလိုက်ကာ "အဲ့ဒါက အစောတုန်းကလေ၊ အခုက အခြေအနေ မတူတော့ဘူး၊ ဟော်ဟူသာ ဒီမှာ သေသွားရင် ငါတို့နှစ်ယောက်လုံး အကျိုးဆက်ကို ခံနိုင်မှာ မဟုတ်ဘူး" ဟု ဆိုသည်။

လီရီရှန်းက ဆက်လက် တားဆီးမည့် အရိပ်အယောင် ပြနေသဖြင့် သူမ၏ မျက်နှာမှာ မည်းမှောင်သွားကာ အေးစက်စွာ ဆိုလိုက်၏။

"လီမျိုးနွယ်စုကိုလည်း ထည့်စဉ်းစားဦး…."

ထိုစကားကို ကြားလိုက်ရသောအခါ လီရီရှန်းမှာ တောင့်ခဲသွားပြီး သူမ၏ မျက်နှာမှာ တင်းမာသွားတော့သည်။ ထိုအချက်မှာ သူမ လျစ်လျူမရှုနိုင်သော ခြိမ်းခြောက်မှုပင် ဖြစ်၏။ သူမ မျိုးနွယ်စု၏ အသက်မှာ သူတစ်ပါးလက်ထဲတွင် ရှိနေဆဲ ဖြစ်သည် မဟုတ်ပါလော။

ထိုစဉ်မှာပင် အဝေးမှ ပြင်းထန်သော ပေါက်ကွဲသံကြီး တစ်သံ ထွက်ပေါ်လာသည်။

လူတစ်ဦးမှာ ဝေဟင်သို့ ပျံတက်လာကာ သူတို့ရှိရာသို့ အသည်းအသန် ထွက်ပြေးလာရင်း ဒေါသတကြီး ဆဲဆိုနေတော့သည်။

"အရူး.... ဒီကောင်က အရူးပဲ"

ပေါက်ကွဲမှု၏ ဗဟိုချက်တွင်မူ မရေမတွက်နိုင်သော ကျောက်တိုင်များမှာ ပြိုကျပျက်စီးကုန်ပြီ ဖြစ်သည်။ မီတာ တစ်ရာခန့် မြင့်သော ကျောက်တိုင်တစ်ခုပေါ်တွင်မူ အရပ်အမောင်း မြင့်မားသော လူတစ်ဦးမှာ မတ်တပ်ရပ်နေကာ ထွက်ပြေးနေသော လူ၏ ကျောပြင်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။ သူသည် ညာလက်ကို ရှေ့သို့ ဆန့်ထုတ်ထားပြီး လက်ချောင်း လေးချောင်းကို ဆုပ်ထားကာ လက်ညှိုးကိုမူ ရှေ့သို့ ဖြည်းညှင်းစွာ ညွှန်လိုက်၏။

ယွီရို့၏ မျက်နှာမှာ ထိုမြင်ကွင်းကို ကြည့်ရင်း အကြီးအကျယ် ပြောင်းလဲသွားတော့သည်။

"မလုပ်နဲ့…."

သို့သော် ထိုသူမှာ သူမ၏ အော်ဟစ်သံကို မကြားနိုင်သကဲ့သို့ပင်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တဂျွတ်ဂျွတ်မြည်သံများ ထွက်ပေါ်လာပြီး အဆစ်အမြစ်များမှာ လှုပ်ရှားလာကာ သူ၏ သွေးအရောင်အဝါ အားလုံးကို ထိုလက်ညှိုးတစ်ချောင်းတည်းဆီသို့ စုစည်းလိုက်တော့သည်။

ရှူး....

နောက်တစ်ခဏတွင် သွေးရောင်ခြည်တန်းကြီးတစ်ခုမှာ ကြယ်တံခွန်ပမာ ဝေဟင်ကို ဖြတ်သန်းသွားတော့၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် ထွက်ပြေးနေသော ဟော်ဟူကို ဖောက်ထွက်သွားလေသည်။

"အွတ်...."

ဟော်ဟူသည် သူ၏ ရင်ဘတ်ရှိ အပေါက်ကြီးကို ကြည့်ရင်း ကြောင်အသွား၏။ သူ ထိတ်လန့်ရန်ပင် အချိန်မရလိုက်ပေ။ သူ၏ ခန္ဓာကိုယ်မှာ ယိုင်နဲ့သွားကာ ကျောက်တုံးတစ်တုံးပမာ ဝေဟင်မှ ပြုတ်ကျသွားတော့သည်။

ယွီရို့မှာ ထိုနေရာတွင်ပင် တောင့်ခဲနေမိပြီး သူမ၏ ဦးနှောက်ထဲတွင် အတွေးပေါင်းများစွာ ရှုပ်ထွေးနေတော့သည်။ သို့သော် နောက်တစ်ခဏတွင် သူမ၏ လည်ချောင်းထဲမှ စူးရှသော အော်သံကြီး တစ်သံ လှိုင်းလုံးများပမာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။

"မင်း…. မင်း ဘယ်လိုတောင် သတ္တိကောင်းနေရတာလဲ…."

ဝုန်း....

သူမ၏ အောက်ရှိ မြစိမ်းရောင် သိန်းငှက်ဖြူမှာ မြားတစ်စင်းပမာ ဟော်ဟူ၏ ခန္ဓာကိုယ်ဆီသို့ တဟုန်ထိုး ပြေးဆင်းသွားတော့သည်။

လီရီရှန်းမှာလည်း ခဏတာ ကြောင်အသွားပြီး ဘာလုပ်ရမည်မှန်း မသိဖြစ်နေ၏။ သို့သော် သူမ၏ ဗီဇက သူမကို လှုပ်ရှားစေခဲ့သည်။ သူမသည် ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး ဓားအလင်းများ ထွက်ပေါ်လာကာ ယွီရို့ကို တားဆီးရန် ပြင်လိုက်၏။

သို့သော် ထိုဓားအလင်းများမှာ ထွက်မလာမီမှာပင် မှိန်ဖျော့သွားရသည်။

မြေပြင်ပေါ်တွင်မူ မရေမတွက်နိုင်သော နွယ်ပင်ကြီးများမှာ မြွေများပမာ ရုတ်တရက် ပွင့်ထွက်လာကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့မှာ လှောင်အိမ်တစ်ခုပမာ ယှက်နွယ်သွားကာ ဟော်ဟူ၏ ခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ် ပတ်ထားလိုက်ကြသည်။ ထိုနွယ်ပင်များ၏ အနောက်တွင်မူ တောက်ပသော နေမင်းကြီး တစ်စင်းမှာ ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး စစ်မြေပြင်တစ်ခုလုံးကို အလင်းပေးလိုက်တော့သည်။

ထို့နောက် အေးစက်တည်ငြိမ်သော အသံတစ်သံ ပဲ့တင်ထပ်ကာ ထွတ်ပေါ်လာသည်။

"မိတ်ဆွေ.... ကိုယ့်သေတွင်းကိုယ် မတူးပါနဲ့"

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၃၂၀) - ထာဝရနှုတ်ဆက်ခွဲခွာသွားသော မိတ်ဆွေရင်းတစ်ဦး

ပြင်းထန်လှသော အပူရှိန်နှင့်အတူ တောက်ပလျက်ရှိသော ထိုဧရာမ မီးလုံးကြီးသည် အစစ်အမှန် နေမင်းတစ်စင်းပမာ တဖြည်းဖြည်း ကြီးထွားလာကာ အားကောင်းလာလေသည်။ ကျင့်ကြံသူများ၏ စိတ်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ချက်ချင်းပင် ဖုံးလွှမ်းသွားတော့၏။

ယွီရို့သည် သူမ၏ လှုပ်ရှားမှုများကို ချက်ချင်း ရပ်တန့်လိုက်ပြီး ထိုတောက်ပသော နေမီးလျှံအောက်တွင် ရပ်နေသော ပုံရိပ်ကို ဝေခွဲမရသော အကြည့်များဖြင့် စိုက်ကြည့်နေမိသည်။

"တန်ချန်ဇီ...."

သူမ ရပ်လိုက်သည်နှင့် တပြိုင်နက် တောက်ပနေသော နေမင်းကြီးမှာ ဖြည်းညှင်းစွာ ကွယ်ပျောက်သွားပြီးနောက် အေးစက်စူးရှသော အကြည့်တစ်စုံမှာ သူမထံသို့ တည့်တည့် စိုက်ကျလာသည်။ ထိုမျက်လုံးများကို ကြည့်ရသည်မှာ အောက်ခြေမမြင်ရသော ရေခဲချောက်နက်ကြီးတစ်ခုထဲသို့ ငုံ့ကြည့်နေရသကဲ့သို့ အေးစက်ထိတ်လန့်ဖွယ် ကောင်းလှ၏။

ယွီရို့က အက်ကွဲသောအသံဖြင့် "ဟော်ဟူ မင်း သေလို့မဖြစ်ဘူး.... တန်ချန်ဇီ မင်း.... မင်း သူ့ကို မသတ်နိုင်ပါဘူး" ဟု ဆိုသည်။ သူမသည် နွယ်ပင်များထဲတွင် ပိတ်မိနေသော လူကို တစ်ချက် လှမ်းကြည့်လိုက်၏။

လော့ချန်က အေးစက်စွာ လှောင်ပြောင်လိုက်ပြီး "ဟားဟား…. ဘယ်သူကများ အဲ့လိုစည်းကမ်းထုတ်ထားလို့လဲ.... ဟမ်.... မိတ်ဆွေယွီ...." ဟု ဆိုလိုက်သည်။

"ဒါပေမဲ့ ဟော်မျိုးနွယ်စုမှာ.... ဟော်ချွမ် ရှိသေးတယ်လေ…."

ယွီရို့က ထပ်လောင်း ပြောကြားလိုက်သည်။ ထိုအမည်ကို ပြောလိုက်ရသောအခါ သူမ၏ ယုံကြည်မှုများ ပြန်လည် ရရှိလာပုံရ၏။

"မင်းသာ ဟော်ဟူကို သတ်လိုက်ရင် ဟော်မျိုးနွယ်စုက ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး…. ဟော်ချွမ်ဟာ အခြေခံတည်ဆောက်ခြင်း အဆင့် ၆ မှာ ရှိနေတာ ကြာပြီ…. အခု သူက နောက်တစ်ဆင့် တက်လှမ်းဖို့အတွက် တံခါးပိတ် ကျင့်ကြံနေတာ…. သူသာ အောင်မြင်သွားရင်...."

"ဒါပေမဲ့ သူ ဒီမှာ ရှိမနေဘူးလေ...."

လော့ချန်က သူမ၏ စကားကို ခပ်အေးအေးပင် ဖြတ်ပြောလိုက်သည်။

"ကျွန်တော့်လမ်းကို အခု လာပိတ်ရပ်နေတာက ခင်ဗျားနော်…."

ထိုတည်ငြိမ်လှသော စကားလုံးများမှာ ယွီရို့ကို တစ်ကိုယ်လုံးကို တုန်ယင်သွားစေသည်။ သူမ၏ အကြည့်များမှာ ဂနာမငြိမ် ဖြစ်လာတော့၏။ မလှမ်းမကမ်းတွင် တန်ချန်ဇီသည် အေးစက်သော သတ်ဖြတ်ခြင်း အငွေ့အသက်များကို ထုတ်လွှတ်ကာ မတ်တပ်ရပ်နေသည်။ အဝေးရှိ မြင့်မားသော ကျောက်တိုင်ထက်တွင်မူ ဝမ်ယွမ်သည် လူသားအရေခြုံထားသော မိစ္ဆာကျားတစ်ကောင်ပမာ တိတ်ဆိတ်စွာ ရှိနေ၏။

သူမ၏ အနောက်တွင်မူ လီရီရှန်းသည် ဓားကို ဆွဲထုတ်ထားပြီး ဖြစ်သည်။ တစ်နည်းအားဖြင့် လီရီရှန်းသည် တန်ချန်ဇီ၏ ဘက်တော်သား ဖြစ်သွားခဲ့လေပြီ။

သာမန်အခြေအနေမျိုးတွင်မူ ယွီရို့သည် မြစိမ်းရောင် သိန်းငှက်ဖြူ၏ အံ့မခန်း အရှိန်အဟုန်ကို အသုံးချကာ ထွက်ပြေးနိုင်မည် ဖြစ်သော်လည်း ယခု သူမရှေ့တွင် ရပ်နေသော တန်ချန်ဇီထံမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် ဖိအားများကြောင့် ထွက်ပြေးရန် အတွေးပင် မတွေးနိုင်တော့ပေ။ သူ အသက်ရှင်လျက် ပြန်ရောက်လာခြင်းမှာ အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူ နှစ်ဦးပင်လျှင် သူ့ကို မနှိမ်နင်းနိုင်ခဲ့ဘဲ သူ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ကြခြင်း ဖြစ်သည်ဟု အဓိပ္ပာယ်ရနေသည်။

ဤအချိန်တွင် ယွီရို့မှာ ဝိုင်းရံခံထားရပြီး လုံးဝ အခွင့်အရေး မရှိတော့သည်ကို သိလိုက်ရ၏။ ဟော်ဟူ၏ ခန္ဓာကိုယ်ကို လုယူပြီး အသက်ရှင်လျက် ထွက်ပြေးနိုင်မည်ဟုလည်း သူမ ယုံကြည်ချက် မရှိတော့ပေ။

‘ထားလိုက်တော့.... ဖြစ်သမျှအကြောင်း အကောင်းပေါ့....’

သူမ စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်မိသည်။ ခါးသက်သော အပြုံးတစ်ခုနှင့်အတူ သူမ အနောက်သို့ တစ်လှမ်းချင်း ဆုတ်လိုက်၏။

"ဒီနေ့ကိစ္စကို မင်းတို့ သဘောရှိသာ လုပ်ကြပါတော့…."

သူမ တိုးတိုးလေး ပြောလိုက်သည်။

"ဒါပေမဲ့ မင်းတို့ ဟော်ချွမ်ရဲ့ ဒေါသကိုတော့ ခံနိုင်မှာ မဟုတ်ဘူး…."

သူမ လှည့်ထွက်သွားရန် ပြင်လိုက်စဉ်မှာပင် လော့ချန်၏ အသံမှာ အနောက်မှ ထွက်ပေါ်လာသည်။

"နေဦး…."

ယွီရို့၏ မျက်နှာမှာ ပျက်ယွင်းသွားကာ သူမ၏ မျက်လုံးထဲမှ နာကျင်မှုများ ပျောက်ကွယ်သွားပြီးနောက် စူးရှထက်မြက်သော အကြည့်များ အစားထိုးဝင်ရောက်လာသည်။

"ဘာလဲ တန်ချန်ဇီ.... မင်း ငါ့ကိုပါ ဖမ်းထားဦးမလို့လား" သူမ အေးစက်စွာ မေးလိုက်သည်။ စကားပြောနေစဉ်မှာပင် သူမ၏ ခန္ဓာကိုယ်မှ ဝိညာဉ်အလင်းများ ပွင့်ထွက်လာပြီး ယပ်တောင်တစ်ခုမှာ လက်ထဲသို့ ရောက်ရှိလာသည်။ ဤမြင်ကွင်းမှာ တိုက်ခိုက်ရန် အသင့်ပြင်ထားသော သိန်းငှက်တစ်ကောင်နှင့် တူလှ၏။

သို့သော် လော့ချန်က ခေါင်းယမ်းလိုက်ကာ အေးဆေးစွာ ဆိုလိုက်သည်။

"မိတ်ဆွေယွီ…. ခင်ဗျား သွားလို့ရပါတယ်…. ဒါပေမဲ့ ခင်ဗျား ဟို ပြန်ရောက်တဲ့အခါ ဒီတိုက်ပွဲရဲ့ အသေးစိတ်ကို ဟော်ချွမ်ကို လုံးဝ မပြောပြရဘူး…. တကယ်လို့ သူက အတင်းအကျပ် မေးလာရင် ဟော်ဟူဟာ တန်ချန်ဇီရဲ့ လက်ထဲမှာ ရှိနေတယ်လို့ပဲ ပြောလိုက်ပါ…. ပြီးတော့ သူသာ မဆင်မခြင် လှုပ်ရှားရဲမယ်ဆိုရင်...."

လော့ချန်၏ အသံမှာ နိမ့်ဆင်းသွားကာ စကားလုံးတိုင်းမှာ တောင်တစ်လုံးပမာ လေးလံလာသည်။

"ဟော်မျိုးနွယ်စုမှာ မျိုးဆက်မရှိ ဖြစ်သွားလိမ့်မယ်"

စကားပြောနေစဉ် သူ၏ အကြည့်မှာ နေရာနှစ်ခုသို့ ဝေ့ဝဲသွားသည်။ တစ်ခုမှာ ကျောက်တောအုပ်၏ အောက်ခြေဖြစ်ပြီး နောက်တစ်ခုမှာ ကျောက်တိုင်ထက်တွင် ရပ်နေသော ပုံရိပ်ဆီသို့ ဖြစ်သည်။

ယွီရို့သည် ထိုစကား၏ ဆိုလိုရင်းကို ချက်ချင်း နားလည်လိုက်သော်လည်း ထိုကဲ့သို့ တိုက်ရိုက် ခြိမ်းခြောက်ခံရခြင်းမှာ သူမကဲ့သို့ အထက်တန်းကျကျ နေလာသူတစ်ဦးအတွက် ခံရခက်လှသည်။

သူမ၏ မကျေနပ်မှုကို သတိထားမိပုံရသော လော့ချန်က ခပ်ဖွဖွ ပြုံးလိုက်၏။

"လော့ထျန်းအဖွဲ့ဆိုတာ ကျွန်တော့်အတွက် ကျင့်ကြံခြင်း အရင်းအမြစ်တွေ စုဆောင်းဖို့ သက်သက်ပဲ…. ဒါပေမဲ့ ယွီမျိုးနွယ်စုကတော့ ခင်ဗျားရဲ့ အသက်သွေးကြော မဟုတ်လား"

ထိုစကားကို ကြားလိုက်ရသည့် ခဏတွင် သူမ၏ ရင်ခုန်သံမှာ တစ်ချက် တုန်သွားတော့သည်။ သူမ လော့ချန်ကို အကြာကြီး စိုက်ကြည့်နေမိပြီး မျက်လုံးများထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေ၏။

"ဒါကို ငါ မှတ်ထားပါ့မယ်"

နောက်ဆုံးတွင် သူမ ပြောလိုက်သည်။ အငြင်းပွားရန် အကြောင်းရင်း လုံးဝ မရှိတော့ပေ။ တောင်ပံတစ်ချက် ခတ်လိုက်သည်နှင့် သူမ၏ အောက်ရှိ မြစိမ်းရောင် သိန်းငှက်ဖြူမှာ ညကောင်းကင်ယံထဲသို့ ပျံတက်သွားကာ ဝေးရာသို့ ပျောက်ကွယ်သွားတော့သည်။

ထိုမြင်ကွင်းကို ကြည့်နေသော လီရီရှန်းသည် သူမ၏ ရင်ထဲမှ ဝန်ထုပ်ဝန်ပိုးကြီး တစ်ခု နောက်ဆုံး၌ ဖယ်ရှားလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ တစ်ညလုံး သူမကို နှိပ်စက်နေသော စိတ်ပျက်အားငယ်မှုများမှာ မြူခိုးများပမာ အရည်ပျော်သွားတော့သည်။

တစ်ချိန်က ညီအစ်မရင်းပမာ ရင်းနှီးခဲ့သော သူငယ်ချင်းဖြစ်သူမှာ သူမ၏ မျိုးနွယ်စုကို အသုံးချကာ တစ်ညလုံး ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်။ အမှန်တကယ်ပင် သူမသည် ယွီရို့၏ လက်ခုပ်ထဲတွင် ပိတ်မိနေခဲ့ခြင်း ဖြစ်၏။ ‘လူရင်းထိုးတဲ့ဓားက ပိုနက်တယ်’ ဆိုသည်မှာ အမှန်ပင် ဖြစ်နေသည်။

သို့သော် မမျှော်လင့်ဘဲ လော့ချန်က သူမ၏ အခက်အခဲကို နားလည်ပေးခဲ့သည်။ ယွီမျိုးနွယ်စုအကြောင်း နောက်ဆုံးပြောလိုက်သော စကားမှာ ယွီရို့၏ နှလုံးသားကို တိုက်ရိုက် ဖောက်ထွင်းသွားခဲ့သည်မှာ အသေအချာပင်။

လော့ချန်မှာ သူတော်စင်တစ်ဦး မဟုတ်သလို ပျော့ညံ့သူတစ်ဦးလည်း မဟုတ်ပေ။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦးကို တစ်ဦးတည်း ရင်ဆိုင်ပြီးနောက် အထိအခိုက်မရှိ ပြန်လာနိုင်သော အမျိုးသားမှာ လူရော မိစ္ဆာသားရဲပါ ကြောက်ရွံ့ရမည့်သူ ဖြစ်သည်။ သူသည် ဟော်ချွမ်ကဲ့သို့သော သူကိုပင် လေးနက်ပြီး သေစေနိုင်သော ခြိမ်းခြောက်မှုကို ပြောရဲသူ ဖြစ်၏။ အကယ်၍ အတင်းအကျပ် ဖိအားပေးခံရပါက ဤအမျိုးသားသည် လော့ထျန်းအဖွဲ့ကို စွန့်ခွာကာ ဂုဏ်သိက္ခာများကို လျစ်လျူရှုပြီး ယွီမျိုးနွယ်စုကို တွေဝေခြင်းမရှိဘဲ သတ်ဖြတ်မည့်သူ ဖြစ်သည်။

ထိုသို့သာ ဖြစ်လာခဲ့လျှင် ယွီမျိုးနွယ်စု ကျင့်ကြံသူများအနေဖြင့် အပြင်လောကတွင် မည်သို့မည်ပုံ ပေါ်ပေါ်ထင်ထင် နေထိုင်နိုင်ပါမည်နည်း။ မည်သို့ စီးပွားရှာပြီး မည်သို့ လူလုံးပြနိုင်ပါမည်နည်း။ အမှန်စင်စစ် မျိုးနွယ်စုဝင် ကျင့်ကြံသူများသည် မျိုးနွယ်စုကြောင့် အင်အားကြီးမားကြသော်လည်း ထိုမျိုးနွယ်စုကြောင့်ပင် အားနည်းချက်လည်း ရှိနေပြန်သည်။

ရှူး....

လီရီရှန်း အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။ လေးလံသော အသက်ရှူသံက သူမ ရင်ထဲမှ အဖုအထစ်များကို ရှင်းထုတ်ပေးလိုက်ပြီးနောက် သူမ၏ အာရုံများမှာ ပြန်လည် စူးရှလာတော့သည်။ သူမသည် ဟော်ဟူ လဲလျောင်းနေသော နွယ်ပင်တောဆီသို့ ကြည့်လိုက်သောအခါ သူ၏ အသက်ရှူသံမှာ အားနည်းသော်လည်း အသက်ရှိနေဆဲ ဖြစ်သည်ကို သတိထားမိလိုက်၏။

"သူ မသေသေးဘူးပဲ...."

လော့ချန် ခေါင်းညိတ်လိုက်ပြီး အနားသို့ လျှောက်လာသော ဝမ်ယွမ်ဆီသို့ အကြည့်လွှဲလိုက်သည်။

ဝမ်ယွမ်မှာ ပုံပျက်ပန်းပျက် ဖြစ်နေ၏။ သူ၏ ဝမ်းဗိုက်တွင် လက်ဝါးခန့် ရှိသော အသားစတစ်ခု ပြတ်ထွက်နေပြီး သူ၏ စွမ်းအင်စီးဆင်းမှုမှာလည်း အားနည်းကာ ထုံထိုင်းနေပုံရသည်။ ဤတိုက်ပွဲမှာ လီရီရှန်းတို့ ထင်ထားသကဲ့သို့ သူ့အတွက် မလွယ်ကူခဲ့သည်မှာ ထင်ရှားလှ၏။

ဝမ်ယွမ်က အသံသြသြဖြင့် "သူ ငါ့ရဲ့ နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်း တိုက်ကွက်ကို ထိသွားတာ…. သူ မသေရင်တောင် တော်တော်လေး ထိသွားမှာ အမှန်ပဲ" ဟု ဆိုသည်။

ဤတိုက်ကွက်မှာ ဝမ်ယွမ် တစ်ခါက လော့ချန်ကို ပြောပြခဲ့ဖူးသော သူ နှစ်ပေါင်းများစွာ လေ့ကျင့်အားထုတ်ခဲ့ရသည့် ခန္ဓာကိုယ်ကျင့်ကြံခြင်း ဒုတိယအဆင့် တိုက်ကွက် ဖြစ်သည်။ ဤတိုက်ကွက်မှာ အလွန် လျင်မြန်ပြီး စွမ်းအားမှာ ကျစ်လျစ်သိပ်သည်းလှ၏။ အရေးကြီးဆုံးအချက်မှာ အဝေးမှနေ၍ ပစ်လွှတ်နိုင်ခြင်းပင် ဖြစ်သည်။

ထိုအချက်မှာ အလွန်ပင် အရေးကြီးလှ၏။ ခန္ဓာကိုယ်ကျင့်ကြံသူများသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများအား မယှဉ်နိုင်ရခြင်း၏ အဓိက အကြောင်းရင်းတစ်ခုမှာ အဝေးတိုက်ကွက် မရှိခြင်းကြောင့်ပင် ဖြစ်သည်။ ခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းစနစ် အများစုမှာ အနီးကပ်တိုက်ခိုက်မှုများသာ ဖြစ်ကြသည်။ ထို့ကြောင့် သွေးချီစွမ်းအင်ကို ထုတ်လွှတ်နိုင်လျှင်ပင် အကွာအဝေးမှာ ပေအနည်းငယ်ထက် မပိုပေ။

ဝေးလံသော အကွာအဝေးမှနေ၍ ဓားပျံများနှင့် တိုက်ခိုက်မှုများကို ထိန်းချုပ်နေသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများနှင့် ယှဉ်လျှင် ထိုကဲ့သို့သော အနီးကပ် နည်းစနစ်များမှာ လုံးဝ ခြိမ်းခြောက်မှု မဖြစ်နိုင်ပေ။

ယခင်က တွမ်ချန်ခွန်းသည် ပျံသန်းနိုင်မှုနှင့် အဝေးတိုက်ကွက်များကို အသုံးပြုကာ ဝမ်ယွမ်ကို သေလုနီးပါးအထိ နှိပ်စက်ခဲ့ဖူးသည်။ သို့သော် ယခုအခါ ဝမ်ယွမ်သည် ထိုအားနည်းချက်ကို သူ၏ ကိုယ်ပိုင် အဝေးတိုက်ကွက်ဖြင့် ဖာထေးနိုင်ခဲ့ပြီ ဖြစ်သည်။

လော့ချန်က ခေါင်းယမ်းလိုက်ကာ "သူ သေလို့မဖြစ်ဘူး" ဟု ဆိုလိုက်သည်။

ဝမ်ယွမ်ရော လီရီရှန်းပါ ကန့်ကွက်ခြင်း မရှိကြပေ။ အမှန်တကယ်ပင် သူတို့လည်း ထိုအချက်ကို အပြည့်အဝ သဘောတူကြ၏။

ယခုအခါ ဟော်မျိုးနွယ်စုကို ရန်စမိပြီး ဖြစ်ရာ ဟော်ဟူကို သေခွင့်ပေးလိုက်ခြင်းမှာ ဘေးအန္တရာယ်တစ်ခု ဖြစ်လာပေလိမ့်မည်။ ဟော်မျိုးနွယ်စုမှ ဘိုးဘေး ကျင့်ကြံခြင်းမှ ထွက်လာသည်နှင့် အကျိုးဆက်မှာ ထိန်းမနိုင် သိမ်းမရ ဖြစ်လာနိုင်၏။ ထိုသူမှာ အခြေခံတည်ဆောက်ခြင်း အဆင့် ၆ တွင် ရှိနေပြီး အဆင့်တက်ကာ ပြန်လည် ထွက်ပေါ်လာနိုင်သူ ဖြစ်သည်။ အကယ်၍ ဒေါသထွက်အောင် လုပ်မိပါက သူ၏ အမျက်ဒေါသမှာ မိမိတို့ထဲမှ မည်သူမျှ ခံနိုင်ရည်ရှိမည့်အရာ မဟုတ်ပေ။ ဟော်ဟူကို အသက်ရှင်လျက် ထားခြင်းမှာ သူ့အား အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ရန် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။

"ဟော်ချွမ်သာ အဆင့်တက်ရင်း ကျရှုံးပြီး သွေးလေခြောက်ခြားသွားရင် ကောင်းမှာပဲ"

လီရီရှန်းက အသာအယာ ရယ်မောရင်း ပြောလိုက်သည်။

လော့ချန်က သူမကို တစ်ချက် လှမ်းကြည့်လိုက်ပြီး "အဲ့ဒီလို စိတ်ကူးယဉ်နေလို့မှ မရတာဗျာ" ဟု အေးဆေးစွာ ပြန်ပြောလိုက်သည်။

စကားပြောနေစဉ် သူသည် နွယ်ပင််များကို ဖယ်ရှားလိုက်ပြီး သတိလစ်နေသော ဟော်ဟူကို ဝမ်ယွမ်ဆီသို့ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်၏။

"ဒီလူက အစ်ကိုဝမ်ရဲ့ တိုက်ပွဲဝင် ဆုလာဘ်ပဲ…. အစ်ကို့ဆီမှာပဲ ထားလိုက်တော့"

"အေး…. စိတ်မပူနဲ့… သူ့ကို ထိန်းချုပ်ထားဖို့ ငါ့မှာ နည်းလမ်းပေါင်း တစ်ရာလောက် ရှိပါတယ်"

ဝမ်ယွမ်က သူ၏ သြရှရှ အသံဖြင့် ဆိုလိုက်သည်။ ထို့နောက် အချိန်မဆွဲတော့ဘဲ သူသည် ဟော်ဟူအား လော့ထျန်းအဖွဲ့ ကျင့်ကြံသူများရှိရာသို့ တရွတ်တိုက် ဆွဲခေါ်သွားတော့သည်။

"မိတ်ဆွေ.... ကျွန်မ အရင်ပြန်နှင့်မယ်နော်…. ဟိုလေ...."

လီရီရှန်းက လော့ချန်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

သူမ၏ ရိုးသားသော မျက်လုံးများနှင့် ရင်ဆိုင်လိုက်ရသောအခါ လော့ချန် ခေါင်းညိတ်ပြလိုက်၏။

"လော့ထျန်းက ခင်ဗျားတို့ကို ခဏ စောင့်နေပေးပါ့မယ်…. မြန်မြန်လုပ်ပါ"

လီရီရှန်းသည် လော့ချန်ကို ကျေးဇူးတင်စွာ ကြည့်လိုက်ပြီးနောက် လီမျိုးနွယ်စု စခန်းရှိရာသို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။

ဤနေရာမှာ ကြာကြာနေရန် မသင့်တော်တော့ပေ။ လော့ချန်အနေဖြင့် သူမကို စောင့်ပြီး အတူတူ ထွက်ခွာရန် သဘောတူခြင်းမှာပင် ကြီးမားသော စေတနာကို ပြသခြင်း ဖြစ်၏။ ဤသည်ကပင် သူမ မှန်ကန်သော ဘက်ကို ရွေးချယ်ခဲ့သည်ဆိုခြင်းကိုလည်း သက်သေပြနေသည်။

လှည့်စားမှုများ ပြည့်နှက်နေသော ဤကျင့်ကြံခြင်းလောကတွင် ဝမ်ဟိုင်ချောင်နှင့် ဟော်ဟူတို့ကဲ့သို့သော လူများမှာ ရိုက်သတ်မကုန်နိုင်အောင် နေရာအနှံ့ ရှိနေကြ၏။ ဆန့်ကျင်ဘက်အားဖြင့် လော့ချန်ကဲ့သို့ အင်အားကြီးမားသော်လည်း ကိုယ်ကျင့်တရားကို ထိန်းသိမ်းထားသူများမှာ အလွန်ပင် ရှားပါးလှသည်။ သူမသည် ဟော်ဟူကဲ့သို့သော လူမျိုးက လီမျိုးနွယ်စုအပေါ် ကရုဏာထားမည်ကို ယုံကြည်မည့်အစား လော့ချန်ကို ယုံကြည်ရန်သာ ရွေးချယ်ခဲ့သည်။

သူမ ထွက်ခွာသွားသည်ကို ကြည့်ရင်း လော့ချန် ခေါင်း တစ်ချက် ညိတ်လိုက်၏။

အစောပိုင်းက သူ ပြန်ရောက်လာခဲ့သော်လည်း အလျင်စလို မလှုပ်ရှားခဲ့ပေ။ စစ်မြေပြင်ကို အကဲခတ်ပြီး အသာစီးရနေသည်ကို အတည်ပြုပြီးနောက်တွင်မှ တစ်ခုတည်းသော ပြောင်းလဲနိုင်သည့် အချက်မှာ ယွီရို့နှင့် လီရီရှန်းတို့ ဖြစ်သည်ကို သူ သိလိုက်ရသည်။

ယွီရို့၏ ဝင်ရောက်စွက်ဖက်မှုမှာ သူ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သော်လည်း လီရီရှန်းက သူမကို တားဆီးရန် ကြိုးစားခဲ့ခြင်းမှာမူ မမျှော်လင့်ထားသော ဝမ်းမြောက်စရာတစ်ခု ဖြစ်ခဲ့သည်။ အကယ်၍ လီရီရှန်းသာ ဆန့်ကျင်ခဲ့ပါက လော့ချန်မှာ ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဖြတ်သန်းလာခဲ့ရပြီး ဝမ်ယွမ်မှာလည်း ဒဏ်ရာရနေသဖြင့် ထိုအမျိုးသမီး နှစ်ဦးကို နှိမ်နင်းရန် အလွန် ခက်ခဲပေလိမ့်မည်။ ထို့ပြင် အလွန် လျင်မြန်လှသော ဒုတိယအဆင့် မြစိမ်းရောင် သိန်းငှက်ဖြူလည်း ရှိနေသေးသည် မဟုတ်ပါလော။ အကယ်၍ အခြေအနေများသာ ထိုသို့ ဖြစ်လာခဲ့လျှင် သူသည် ကြိုတင် ပြင်ဆင်ထားသော နေမီးလျှံကို ထုတ်လွှတ်ရန် တွန့်ဆုတ်နေမည် မဟုတ်ဘဲ အနည်းဆုံး ၎င်းတို့ထဲမှ တစ်ဦးကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ဆောင်ပေလိမ့်မည်။

ယခုမူ လီရီရှန်းက စေတနာ ပြသခဲ့သဖြင့် သူမနှင့် ပိုမို ရင်းနှီးသော ဆက်ဆံရေး ရှိလာရန် သူ တွန့်ဆုတ်မနေတော့ပေ။

လီရီရှန်း ထွက်ခွာသွားပြီးနောက်တွင်မှ လော့ချန်သည် စစ်မြေပြင်ဆီသို့ အာရုံစိုက်ရန် အချိန်ရတော့သည်။ အမှန်စင်စစ်မူကား အာရုံစိုက်နေစရာ သိပ်မရှိတော့ပေ။

ဟော်ဟူ ကျဆုံးသွားပြီး လော့ချန် ပြန်ရောက်လာချိန်တွင် တိုက်ပွဲ၏ အခြေအနေမှာ အပြတ်အသတ် အနေအထားသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ တာကျန်းဂိုဏ်း ကျင့်ကြံသူများသည် သူတို့ လိုက်လံ တိုက်ခိုက်နေသူများကို အသည်းအသန် ရှောင်ရှားရင်း တောရိုင်းထဲသို့ ရူးသွပ်စွာ ထွက်ပြေးနေကြ၏။ ထွက်မပြေးနိုင်သူများမှာမူ စီမာဟွေ့နန်၏ အမိန့်အောက်တွင် လိုက်လံ သတ်ဖြတ်ခြင်း ခံခဲ့ကြရသည်။

ဤအချိန်တွင် ကောင်းလင်လွင်ပြင် အောက်ခြေ၌ အလောင်းများမှာ မြေပြင်အနှံ့ ပြန့်ကျဲနေပြီး သွေးများမှာ မြစ်ပမာ စီးဆင်းနေတော့သည်။

လော့ချန်သည် သူ၏ စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်ကာ စစ်မြေပြင်တစ်ခုလုံးကို စစ်ဆေးလိုက်၏။ ထို့နောက် သူ၏ လက်ထဲတွင် ရောင်စုံ ကျောက်စိမ်းစေ့ အနည်းငယ် ထွက်ပေါ်လာသည်။ သူ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် ၎င်းတို့ကို အရပ်မျက်နှာအနှံ့သို့ ပစ်ပေါက်လိုက်တော့၏။

အောင်ပွဲမှာ သေချာသွားပြီ ဖြစ်ရာ မုရုံချန်းလျန် ဦးဆောင်သော လော့ထျန်းအဖွဲ့ ကျင့်ကြံသူများသည် စစ်မြေပြင်ကို ရှင်းလင်းရင်း၊ တိုက်ပွဲဝင် ပစ္စည်းများကို သိမ်းဆည်းရင်း၊ ကျဆုံးသွားသော ရဲဘော်များ၏ ရုပ်အလောင်းများကို စုဆောင်းနေကြသည်။

ချီသန့်စင်ခြင်း အဆင့် ၇ ကျင့်ကြံသူတစ်ဦးသည် အလောင်းတစ်လောင်း၏ လက်ထဲမှ မှော်လက်နက်တစ်ခုကို ယူရန် ငုံ့လိုက်လေသည်။

ရှူး....

ခပ်တိုးတိုး အသံတစ်ခုနှင့်အတူ ထိုအလောင်း၏ နဖူးမှ သွေးများ ပွင့်ထွက်လာတော့သည်။ ထိုအလောင်း၏ မျက်လုံးများမှာ ထိတ်လန့်စွာဖြင့် ပွင့်လာပြီးနောက် သေခြင်းတရားထဲတွင် ပြန်လည် ငြိမ်သက်သွား၏။

လော့ထျန်းအဖွဲ့ ကျင့်ကြံသူမှာ ထိတ်လန့်သွားပြီး အနောက်သို့ လျင်မြန်စွာ ဆုတ်လိုက်မိသည်။ သူ၏ နားထဲတွင် အေးစက်ပြီး ပြတ်သားသော အသံတစ်သံ ပဲ့တင်ထပ်သွား၏။ ၎င်းမှာ ရှုပ်ထွေးနေသော အခြေအနေများကြားမှ ထွက်ပေါ်လာသော လော့ချန်၏ အသံပင် ဖြစ်သည်။

"သေချင်ယောင်ဆောင်နေတဲ့သူတွေကို သတိထားကြ…. မင်းတို့ရဲ့ နိုးကြားမှုကို လျှော့မတွက်ကြနဲ့"

သူ၏ စကားသံ မဆုံးမီမှာပင် အရပ်မျက်နှာအနှံ့မှ သွေးများ ပန်းထွက်လာတော့သည်။ သေချင်ယောင်ဆောင်နေသော တာကျန်းဂိုဏ်း ကျင့်ကြံသူ အများအပြားမှာ သူ၏ စိတ်ဝိညာဉ်အာရုံအောက်တွင် ချက်ချင်း ဖော်ထုတ်ခြင်း ခံလိုက်ရခြင်း ဖြစ်သည်။

ဤသတိပေးချက်ကြောင့် စစ်မြေပြင်ကို ရှင်းလင်းနေသော ကျင့်ကြံသူများသည် ပိုမို သတိထားလာကြ၏။ မည်သည့် ပစ္စည်းကိုမျှ မယူမီ သူတို့သည် အလောင်းများ၏ ဦးခေါင်းကို မှော်လက်နက်များနှင့် အရင်ဦးစွာ ထိုးကြည့်ကြတော့သည်။

ရုတ်တရက် ပုံရိပ်တစ်ခုမှာ ခုန်ထွက်လာပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အရှိန်အဟုန်ဖြင့် ထွက်ပြေးသွားတော့သည်။

လော့ချန်က မျက်ခုံးတစ်ချက် ပင့်လိုက်ကာ "အဆင့်နိမ့် ကျင့်ကြံသူတွေထဲမှာတောင် အရည်အချင်းရှိတဲ့သူတွေ ပါနေတာပဲ၊ ငါ့ရဲ့ စိတ်ဝိညာဉ်အာရုံကိုတောင် ရှောင်နိုင်တယ်ပေါ့.... ဟမ်…." ဟု ဆိုလိုက်၏။

သူ လက်ချောင်းကို တစ်ချက် ခတ်လိုက်သည်နှင့် မီးပွားတစ်ခုမှာ ကြယ်တံခွန်ပမာ ပြေးထွက်သွားတော့သည်။

ထွက်ပြေးနေသော ပုံရိပ်မှာ ဝေဟင်တွင် လိမ်ဖယ်ကာ ရှောင်တိမ်းရန် ကြိုးစားသော်လည်း အချည်းနှီးပင်။ ခဏအကြာတွင် နောက်ထပ် ကျောက်စိမ်းစေ့တစ်ခုမှာ သူ့အား ဖောက်ထွက်သွားလေသည်။

လော့ချန်သည် ပေါ့ပေါ့ပါးပါးပင် လက်ကို ဆန့်ထုတ်ကာ ဖုန်များ ပေကျံနေသော သိုလှောင်အိတ်တစ်အိတ်ကို လှမ်းယူလိုက်ပြီး လက်ထဲတွင် အသာအယာ ဖမ်းဆုပ်လိုက်၏။ လော့ထျန်းအဖွဲ့ ကျင့်ကြံသူများထံမှ ထွက်ပေါ်လာသော မရေမတွက်နိုင်သော လေးစားအားကျသည့် အကြည့်များကို လျစ်လျူရှုကာ သူ မြေပြင်သို့ ဖြည်းညှင်းစွာ ဆင်းသက်လိုက်တော့သည်။

"အခြေအနေ ဘယ်လိုလဲ…." ဟု လော့ချန် မေးလိုက်သည်။

စီမာဟွေ့နန်က စိတ်လှုပ်ရှားစွာဖြင့် "အောင်ပွဲကြီးပါပဲ…. ရန်သူ ရာပေါင်းများစွာကို သတ်နိုင်ခဲ့ပြီး တိုက်ပွဲဝင် ပစ္စည်းတွေ အများကြီး ရခဲ့ပါတယ်" ဟု ပြန်ဖြေသည်။

ဤတိုက်ပွဲနှင့်အတူ လော့ထျန်းအဖွဲ့၏ အခြေခံအုတ်မြစ်မှာ အမှန်တကယ်ပင် ခိုင်မာသွားပြီ ဖြစ်သည်။ ဖူမျိုးနွယ်စု၊ တွမ်မျိုးနွယ်စုနှင့် တာကျန်းဂိုဏ်းမှ ကျင့်ကြံသူ ရာပေါင်းများစွာဆီမှ ရရှိခဲ့သော ပစ္စည်းများမှာ လော့ထျန်းအဖွဲ့ ကျင့်ကြံသူတိုင်းကို လက်နက်အပြည့်အစုံ တပ်ဆင်ပေးရန် လုံလောက်လှ၏။ သူတို့သည် လုံးဝ မပျက်စီးသေးသော ခံစစ်မှော်လက်နက် တစ်ဒါဇင်ကျော်ကိုပင် ရရှိခဲ့ကြသည်။

သူမ၏ စိတ်လှုပ်ရှားမှုကို ကြည့်ရင်း လော့ချန် ခေါင်းယမ်းလိုက်ကာ "ငါတို့ဘက်က အကျအဆုံးကော" ဟု မေးလိုက်သည်။

စီမာဟွေ့နန်မှာ တောင့်ခဲသွား၏။ လော့ချန်၏ နက်ရှိုင်းသော အကြည့်အောက်တွင် သူမ မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။

သူမ အလျင်အမြန်ပင် "အကြီးအကဲမုရုံက စာရင်းပြုစုနေတုန်းပါပဲ…. ဒဏ်ရာရသူတွေက အရမ်းများလွန်းနေတယ်…. အခုထိတော့ သေဆုံးသူ ၁၅၇ ယောက် အတည်ပြုထားနိုင်ပြီး အရေအတွက်က တိုးနေတုန်းပါပဲ…. အဘွားယွမ်ကတော့ ဆေးဝါးခန်းမဆောင်နဲ့ ရွှေခန်းမဆောင်က အမျိုးသမီး ကျင့်ကြံသူတွေနဲ့အတူ ဒဏ်ရာရသူတွေကို အစွမ်းကုန် ကုသပေးနေပါတယ်" ဟု တင်ပြလိုက်သည်။

"သေဆုံးသွားသူတွေထဲမှာ ကျင့်ကြံဆင့်တွေက ဘယ်လိုရှိလဲ"

"အများစုကတော့ အစောပိုင်းနဲ့ အလယ်အလတ်အဆင့် ကျင့်ကြံသူတွေပါ…. အဆင့်မြင့် ကျင့်ကြံသူတွေထဲမှာတောင် အကျအဆုံး များပါတယ်…. ပြီးတော့…. ကျွန်မတို့ရဲ့ အဆင့် ၉ ကျင့်ကြံသူ သုံးယောက်လည်း သေဆုံးခဲ့ရပါတယ်…."

‘သုံးယောက်….’

လော့ချန်၏ မျက်ခုံးများ တွန့်ချိုးသွားကာ သူမကို စိုက်ကြည့်၍ မေးလိုက်သည်။

"ဘယ်သူတွေလဲ"

"ရှန့်ယန်၊ ဖုန်းယွမ်ယွီ...."

လော့ချန် ထိုနှစ်ဦးကို ကောင်းစွာ သိသည်။ တာဟဲဈေးမြို့တော်မှ တစ်ကိုယ်တော်ကျင့်ကြံသူများ ဖြစ်ကြပြီး လော့ချန် တံခါးပိတ်ကျင့်ကြံနေစဉ် သုံးနှစ်အတွင်း ဘီယန်ကျန်းနှင့်အတူ လော့ထျန်းအဖွဲ့သို့ ဝင်ရောက်လာသူများ ဖြစ်ကြ၏။ အမှန်စင်စစ်မူကား သူတို့သည် တစ်ချိန်က ဖန်ရှန်းခံတပ်၏ ဒုတိယနှင့် တတိယ ခေါင်းဆောင်များ ဖြစ်ခဲ့ကြဖူးသည်။ သို့သော် ခေါင်းဆောင် ဖန်ချန်ရှန်းမှာ ရှောင်ဟွမ်းတောင် တိုက်ပွဲတွင် လော့ချန်၏ လက်ချက်ဖြင့် တစ်ချက်တည်းနှင့် ခေါင်းပြတ်ကာ သေဆုံးသွားခဲ့ရပြီးနောက် ဖန်ရှန်းခံတပ်လည်း ပျက်စီးသွားခဲ့ရသည်။

နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရပြီးနောက် ထိုနှစ်ဦးမှာ နောက်ဆုံးတွင် လော့ထျန်းအဖွဲ့သို့ ဝင်ရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။ အင်အားအရ ပြောရလျှင် ယုံကြည်စိတ်ချရသော အထူးအဖွဲ့ဝင်များ ဖြစ်ကြ၏။ ထိုသူများ ဤနေရာတွင် အဆုံးသတ်သွားလိမ့်မည်ဟု မည်သူ ထင်ထားပါမည်နည်း။

"ပြီးတော့…. နောက်တစ်ယောက်က ကျန်းဝမ် ပါ…."

လော့ချန်၏ တည်ငြိမ်လှသော မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။

"ဘာ.... မင်း.... မင်း ဘယ်သူလို့ ပြောလိုက်တာ...."

‘ကျန်းဝမ်က ဘယ်လိုလုပ် သေနိုင်မှာလဲ.... လော့ထျန်းအဖွဲ့က ချီသန့်စင်အဆင့် ကျင့်ကြံသူတွေအကုန် သေသွားရင်တောင် သူ့အလှည့် ရောက်လာစရာ အကြောင်းမရှိဘူးလေ’

လော့ချန် မယုံကြည်နိုင် ဖြစ်နေရသည်။ မိမိထံမှ အံ့ဖွယ်တစ်သောင်းဆေးလုံးကို ပထမဆုံး ဝယ်ယူခဲ့သော ဗလတောင့်တောင့် မိတ်ဆွေကျန်းအား လော့ချန် မည်သူထက်မဆို ပိုကောင်းကောင်းသိသည်။ သူသည် အင်အားကြီးမားပြီး အကြံအဖန်များသူ ဖြစ်ကာ သူ၏ လက်ထဲတွင် လှည့်ကွက်များစွာ ရှိနေသူ ဖြစ်၏။ လော့ချန်သည် ယခင်က ကျန်းဝမ်ထံမှ မြေဓာတ်ဆိုင်ရာ အစီအရင် နည်းစနစ်များစွာကိုပင် သင်ယူခဲ့ဖူးသည်။

ကျန်းဝမ်သည် အလွန် သတိကြီးသူ ဖြစ်သည်ဟု လူသိများသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူသည် အသက်ကို အလွန်နှမြောပြီး သေမှာကို ကြောက်သူ ဖြစ်၏။ အန္တရာယ် အရိပ်အယောင်လေး တွေ့ရုံနှင့် ချက်ချင်း ဆုတ်ခွာမည့်လူစားမျိုး ဖြစ်သည်။ ဖိုရှန်းဂိုဏ်း ပျက်စီးသွားပြီး ဝမ်ယွမ် ပြင်းထန်စွာ ဒဏ်ရာရခဲ့စဉ်ကပင် ကျန်းဝမ်မှာ အထိအခိုက်မရှိ လွတ်မြောက်ခဲ့သူ မဟုတ်ပေလော။ ထိုကဲ့သို့သော လူမျိုးက ဤကဲ့သို့ ရှုပ်ထွေးလှသော တိုက်ပွဲကြီးထဲတွင် မည်သို့မည်ပုံ သေနိုင်မည်နည်း။ အခြားသူများထက် ပို၍ပင် မသေအောင် နေမည့်လူ မဟုတ်လော။

လော့ချန်၏ မယုံကြည်နိုင်သော အကြည့်အောက်တွင် စီမာဟွေ့နန် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး နောင်တကြီးစွာဖြင့် ဆိုလိုက်သည်။

"မိတ်ဆွေကျန်းဝမ်ဟာ သူ့ ဇနီးနဲ့ ကလေးကို ကာကွယ်ပေးရင်း ဒဏ်ရာအများကြီး ရခဲ့တာပါ.... ချိုင်ယီ ကောင်းလင်လွင်ပြင်ကနေ ထိုးဖောက်ထွက်လာပြီးနောက်မှာတော့ သူဟာ ဆက်ပြီး မတောင့်ခံနိုင်တော့ဘဲ လဲကျသွားခဲ့ရတာပါ...."

"ငါ့ကို သူ့ဆီ ခေါ်သွားပေး.... မဟုတ်ဘူး…. ထားလိုက်တော့.... မင်း အလုပ် မင်း ဆက်လုပ်ပါ…."

လော့ချန် အသက် ပြင်းပြင်းရှူကာ ပြောလိုက်သည်။ ထို့နောက် သူ၏ ဝတ်ရုံစကို ဝှေ့ယမ်းကာ စစ်မြေပြင်၏ အနောက်ဘက်သို့ အရှိန်အဟုန်ဖြင့် လျှောက်လှမ်းသွားတော့သည်။

စီမာဟွေ့နန်သည် လော့ချန် ထွက်ခွာသွားသည်ကို ကြည့်ရင်း နှုတ်ခမ်းကို တင်းတင်းစေ့ထားမိကာ သူမ၏ မျက်လုံးထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ဝေ့ဝဲနေ၏။ သူမ ဘာတွေးနေသည်ကို မည်သူမျှ မသိနိုင်ပေ။

သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် သူမသည် အလုပ်များလှသော စစ်မြေပြင် ရှင်းလင်းရေး လုပ်ငန်းစဉ်ထဲသို့ ပြန်လည် ဝင်ရောက်သွားတော့သည်။

....

"အဖွဲ့ချုပ်ခေါင်းဆောင် ရောက်လာပြီ…."

"ဒါ အဖွဲ့ချုပ်ခေါင်းဆောင်ပဲ…."

"အဖွဲ့ချုပ်ခေါင်းဆောင်က သိပ်အစွမ်းထက်တာပဲ…."

"နှုတ်ဆက်ပါတယ် အဖွဲ့ခေါင်းဆောင်…."

လော့ချန်သည် လူအုပ်ကြားထဲတွင် တိတ်ဆိတ်စွာ လျှောက်လှမ်းလာ၏။ သူ့ဆီသို့ ဦးတည်လာသော မြှောက်ပင့်စကားများနှင့် လေးစားစွာ နှုတ်ဆက်သံများမှာ လေပြေလေးတစ်ခုပမာ သူ၏ နားထဲသို့ ရောက်လာပြီးနောက် ချက်ချင်းပင် ပြန်လည် ပျောက်ကွယ်သွားတော့သည်။

မကြာမီမှာပင် သူသည် ဒဏ်ရာရသူများကို ကုသပေးနေသော စခန်း၏ တစ်နေရာသို့ ရောက်ရှိလာသည်။ ဘယ်ဘက်ခြမ်းတွင်မူ အဖြူရောင်ပိတ်စများ ဖုံးလွှမ်းထားသော နေရာတစ်နေရာ ရှိနေ၏။ ထိုနေရာရှိ လေထုမှာ လေးလံလှပြီး တိုးတိုးလေး ငိုကြွေးနေသံများမှာ မပြတ်တမ်း ထွက်ပေါ်နေသည်။

ထိုနေရာသို့ လှမ်းဝင်လိုက်စဉ် သူ၏ အကြည့်မှာ တစ်နေရာသို့ ရောက်သွား၏။ တစ်ချက်ကြည့်လိုက်ရုံနှင့် သွေးချင်းချင်းနီနေသော ဗလတောင့်တောင့် အလောင်းတစ်ခု၏ ဘေးတွင် ကုပ်ကုပ်လေး ထိုင်နေသော ကလေးငယ်တစ်ဦးကို သူ မြင်လိုက်ရသည်။ ထိုကလေးသည် လွှတ်မပေးချင်သော လက်ကလေးများဖြင့် ထိုအလောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရှာသည်။

"ဖေဖေ....”

"ဖေဖေ...."

"ယီလုံ.... သားဖေဖေက အိပ်ပျော်နေတာပါကွယ်…."

အမျိုးသမီးတစ်ဦးက တိုးတိုးလေး ပြောရှာသည်။

ကလေးငယ်သည် သူ၏ မိခင်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်ပြီးနောက် အလောင်း၏ ဘေးတွင် ကြောက်ကြောက်လန့်လန့်ဖြင့် လဲလျောင်းလိုက်ကာ ခပ်တိုးတိုး ရယ်မောလိုက်၏။

"သားလည်း.... အိပ်ချင်တယ်...."

"အင်း.... နှစ်နှစ်ခြိုက်ခြိုက် အိပ်နော် သားလေး…."

မိခင်ဖြစ်သူက ညင်သာစွာ ချော့မြှူနေရှာသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း လော့ချန် အသက်ကို မှန်မှန်ရှူသွင်းလိုက်ပြီး တိတ်ဆိတ်စွာ ရှေ့သို့ လှမ်းတက်လိုက်၏။ သူ လှုပ်ရှားလိုက်သည်နှင့် မရေမတွက်နိုင်သော ဝမ်းနည်းပူဆွေးနေသော အကြည့်များမှာ သူ့ထံ ကျရောက်လာသည်။

လော့ချန်သည် အနားသို့ရောက်သည်နှင့် ကလေးငယ် ကျန်းယီလုံကို ညင်သာစွာ ပွေ့ချီလိုက်သည်။ ကလေးငယ်မှာ မလှုပ်ရှားပေ။ မည်သည့် ရုန်းကန်မှု သို့မဟုတ် အော်ဟစ်သံမျှ မရှိဘဲ အေးချမ်းစွာ အိပ်မောကျနေတော့သည်။

လော့ချန်သည် မမှတ်မိနိုင်လောက်အောင် ဖြစ်နေသော အလောင်းကို ငုံ့ကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းများမှာ အနည်းငယ် ပွင့်ဟသွားသော်လည်း စကားလုံးများမှာမူ လည်ချောင်းထဲတွင်သာ တစ်ဆို့နေခဲ့သည်။

နောက်ဆုံးတွင် သူ၏ အသံမှာ တိုးညင်းပြီး သြရှရှဖြင့် ထွက်ပေါ်လာသည်။

"မရီး…. မိတ်ဆွေကျန်း.... ဘာများ မှာခဲ့သေးလဲဗျာ"

သူတို့ ပထမဆုံး ဆုံတွေ့ခဲ့သည့် နေ့ကဲ့သို့ သူ 'မိတ်ဆွေကျန်း' ဟု ခေါ်ဆိုလိုက်ခြင်း ဖြစ်သည်။ ထိုအချိန်တွင် မည်သည့် ရာထူး၊ မည်သည့် အဆင့်အတန်းမျှ မရှိတော့ပေ။ သူငယ်ချင်း အချင်းချင်း တိတ်ဆိတ်ပြီး လေးနက်သော နှုတ်ဆက်ခြင်းသာ ရှိတော့သည်။

ရှို့ကုသည် မြေပြင်ပေါ်သို့ လဲကျသွားကာ သူမ၏ မျက်ရည်များကို သုတ်ရင်း ရှိုက်ကြီးတငင် ပြောလေသည်။

"ဘာနောက်ဆုံးစကားမှ မှာခဲ့တာ မရှိပါဘူး ခေါင်းဆောင်ရယ်.... အသက်ဆက်ရှင်နေပါလို့ ပြောဖို့ပဲ အချိန်ရလိုက်တာပါ...."

"အသက်ဆက်ရှင်နေပါ...."

လော့ချန်သည် သူ၏ နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်မိပြီး သူ၏ ရင်ထဲတွင် ခါးသက်သော အပြုံးတစ်ခု ပေါ်လာတော့သည်။

"ခင်ဗျားနဲ့ တကယ်ကို လိုက်ဖက်လှပါတယ် မိတ်ဆွေကျန်းရာ…. သေခါနီးမှာတောင် မိသားစုရဲ့ ဆောင်ပုဒ်ကို လက်ဆင့်ကမ်းသွားခဲ့တာပဲ"

လော့ချန် ကလေးငယ်၏ ကျောပြင်ကို ခပ်ဖွဖွလေး ပုတ်ပေးလိုက်၏။ ထို့နောက် သူ၏ နှုတ်ခမ်းများ ပွင့်ဟလာသည်။

တိုးညင်းသော်လည်း ခိုင်မာလှသော ပြတ်သားမှုများဖြင့် သူ ကြေညာလိုက်၏။

"စိတ်ချပါ မိတ်ဆွေကျန်း…. ခင်ဗျားရဲ့ မျိုးဆက်ဟာ ဒီလောကကြီးထဲမှာ ဆက်ပြီး ရှင်သန်နေစေရမယ်လို့ ကျွန်တော် ကတိပေးပါတယ်

All Chapters