အခန်း (၆၉-၇၀)
Vol. 7 Ch. 69-70
အခန်း (၆၉)
သေသပ်လှပသော ပုံစံငယ်များ
နေဝင်ချိန်သို့ ရောက်ရှိလာသည်နှင့်အမျှ တောင်ပေါ်ရှိ သစ်ပင်များ၏ အရိပ်များသည် လရောင်အောက် တွင် အနည်းငယ် ထိတ်လန့်ဖွယ် ကောင်းနေခဲ့လေသည်။
လူများသည် ငြိမ်းချမ်းမှုနှင့် တိတ်ဆိတ်မှုကို ရရှိရန် မျှော်လင့်ချက်ဖြင့် အိပ်ရာထဲသို့ စောစီးစွာ ဝင်ခဲ့ ကြလေ၏။
ခေါင်ရှန်းရွာမှ ရွာသားများသည် ရွှီပေါ်အန်း ပေးထားသော ခေါက်ဆွဲဗူးခွံကြီး နှစ်ခုအတွင်း၌သာ နေထိုင်နေကြရဆဲဖြစ်သဖြင့် အမျိုးသားများနှင့် အမျိုးသမီးများမှာ ခွဲခြားနေထိုင်နေကြရဆဲ ဖြစ် ပေသည်။
ဇနီးမောင်နှံများသည်လည်း ရွေးချယ်စရာမရှိဘဲ သီးခြားစီ နေထိုင်ကြရလေ၏။
သို့သော် ဤအခြေအနေက "အမျိုးသမီးသုံးယောက်ရှိလျှင် ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာသည်" ဟူသော ခိုင်မာလှသည့် စည်းမျဉ်းသည် မည်သည့်ကမ္ဘာတွင်မဆို အကျုံးဝင်ကြောင်း အပြည့်အဝ သက်သေပြ နေပေသည်။
အမျိုးသမီးများ နေထိုင်ရာ ခေါက်ဆွဲဗူးခွံကြီးအတွင်းတွင် အမျိုးသမီးအချို့သည် စုရုံးကာ တီးတိုးပြော ဆိုနေကြလေ၏။
"မနေ့ညက ငါ့အမေကို အိပ်မက်မက်တယ်...။ သူမက အရမ်းဆာလောင်နေလို့ အရိုးနဲ့အရေပဲ ကျန် တော့တာ...။ ငါ တကယ် ပြန်သွားပြီး သူ့ကို တွေ့ချင်တယ်...။"
"အို... နင် ပြောလိုက်မှပဲ ငါလည်း ပြန်သွားချင်လာပြီ...။ ငါ ပြန်မရောက်တာ တစ်နှစ်တောင် ကျော်နေ ပြီလေ...။"
"အို... မပြောပါနဲ့တော့...။ ငါလည်း အတူတူပါပဲ...။ပြီးခဲ့တဲ့အကြိမ်က ငါ့မိသားစုက ငါ့ကို ပြန်လာပြီး ရိက္ခာတချို့ ယူဖို့ သတင်းပို့ခဲ့တယ်...။ ဒါပေမဲ့ ငါ ဘယ်လိုလုပ် ပြန်သွားနိုင်မှာလဲ...။"
"မနက်ဖြန် ရွာလူကြီးကို သွားပြောပြီး အတူတူ ပြန်သွားကြရင် ဘယ်လိုလဲ...။"
"ဒါ ကောင်းတဲ့ အကြံဉာဏ်ပဲလို့ ငါ ထင်တယ်...။ ရွာလူကြီးနဲ့ ငါ့ဦးလေးသုံးတို့ ဒီနေ့ ဆွေးနွေးနေကြတာ ငါ ကြားလိုက်တယ်...။ သူတို့က စပါးနဲ့ သကြားတွေကို လူတိုင်းဆီ အမြန်ဆုံး ဝေငှပေးချင်နေကြတာ...။ ဒါက ငါတို့ ပြန်သွားပြီး ငါတို့မိသားစုတွေကို ဒီလို ကောင်းမွန်တဲ့ အစားအစာတွေ မြည်းစမ်းခွင့်ပေးဖို့ အခွင့်ကောင်းပဲ...။"
"ဟင်... အဲ့ဒီပစ္စည်းတွေကို ဝေလိုက်ရင် ဘယ်လိုလုပ် လုံခြုံအောင် သိမ်းထားမလဲ...။ အခု ငါတို့မှာ နေစရာ နေရာတောင် မရှိသေးဘူးလေ...။"
"ငါတို့ကို အစာစားဖို့နဲ့ ရေသောက်ဖို့ တောင်စောင့်နတ်မင်းကြီးကိုပဲ အမြဲတမ်း အားကိုးနေလို့ မရဘူးလို့ ရွာလူကြီးက ပြောတယ်...။ ငါတို့က ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်ရမယ်...။ အသုံးမကျတဲ့ ကပ်ပါး ကောင်တွေ မဖြစ်စေရဘူးတဲ့လေ...။"
"ဟုတ်တယ် ဟုတ်တယ်...၊ ငါလည်း အဲ့ဒါကို ကြားလိုက်တယ်... ။ လူတိုင်းကို အိမ်အသစ်တစ်ခု ဆောက်ဖို့ အတူတူ အလုပ်လုပ်ကြဖို့ တိုက်တွန်းနေကြပုံရတယ်...။ ဒီနေရာက လိုဏ်ဂူအိမ်တွေ တည်ဆောက်ဖို့ အတော်လေး သင့်တော်တယ်လို့လည်း သူတို့က ပြောကြတယ်လေ...။"
"ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ငါတို့ စားစရာ သောက်စရာ အလုံအလောက် ရခဲ့ပြီဆိုတော့ အလုပ်တချို့ စလုပ်ဖို့ အချိန်တန်ပြီပေါ့...။ ငါ့ယောက်ျားက လိုဏ်ဂူအိမ်တစ်ခု တူးပြီး ပြောင်းရွှေ့ချင် တယ်လို့ နေ့ခင်းက ပြောနေသေးတယ်...။"
"ငါတို့ အလုပ်စလုပ်ရတော့မှာဆိုတော့ ဒီအချိန်မှာ ထွက်သွားတာက သိပ်ပြီး မသင့်တော်ဘူး ထင် တယ်...။"
"ဘာမှားလို့လဲ... ငါ့ကိုမေးရင် ငါတို့ သွားသင့်တယ်...။ ပြီးရင် အမြန်ဆုံး ပြန်လာသင့်တယ်...။ ငါ့ကလေး တွေကို အိမ်မှာ အဆင်ပြေအောင် အမြန်ဆုံး ပြန်လာဖို့ တစ်ယောက်ယောက်ကို သွားခေါ်ခိုင်းမလို့ တွေးနေတာ...။"
"ဟုတ်တယ် ဟုတ်တယ်...။ ငါလည်း အဲ့ဒီလိုပဲ တွေးနေတာ...၊ လူငယ်တွေ အားလုံး ပြန်ရောက်လာရင် အလုပ်လုပ်ဖို့နဲ့ ခွန်အားတွေ ပေါင်းထည့်ပေးဖို့ လူပိုများလာမှာပေါ့...။"
"ဟုတ်တယ်... မနက်ဖြန် ပြန်သွားကြတာပေါ့...။ ငါ့အမေဆီ အစားအစာ နည်းနည်း ယူသွားရမယ်...။ မဟုတ်ရင် သူ့မိသားစုက ငါ့ကို မိဘကျေးဇူး မသိတတ်ဘူးလို့ ပြောကြလိမ့်မယ်...။"
"ကောင်းပြီ... ပြန်သွားပြီး ကြည့်ကြတာပေါ့...။ ခေါင်ရှန်းရွာက လူတွေနဲ့ အိမ်ထောင်ကျတဲ့ ငါတို့ အမျိုးသမီးတွေက အဆင့်အတန်း မရှိဘူးဆိုတဲ့ ကောလာဟလတွေကိုလည်း ငါ ကြားဖူးတယ်...။ ဘယ်သူက တကယ် အဆင့်အတန်း မရှိတာလဲဆိုတာ အဲ့ဒီလူတွေကို ငါ ပြချင်တယ်...။"
ဤအကြောင်းအရာ ပေါ်လာသောအခါ လေသံသည် ချက်ချင်း ပြောင်းလဲသွားခဲ့လေသည်။
အဒေါ်ကြီးများအဖွဲ့သည် စကားပြောဆိုရင်း ပိုပို၍ စိတ်လှုပ်ရှားလာကြပြီး
"အိမ်ထောင်ကျသွားတဲ့ သမီးဆိုတာ ဖိတ်ကျသွားတဲ့ ရေလိုပဲ" ဆိုသည့် အချက်နှင့် "တခြားသူတွေကို ခွေးလို အထင်သေးတယ်" ဆိုသည့် အချက်နှစ်ချက်အပေါ် အချေအတင် ဆွေးနွေးမှုတစ်ခုကို စတင်ခဲ့ ကြပြီး အောင်ပွဲခံသည့် ကျေနပ်မှုတစ်ခုကို ဖော်ပြနေခဲ့ကြလေတော့သည်။
...
ရွိုင်ရယ်ဒိုင်နက်စတီ ဟိုတယ်တွင် ရွှီပေါ်အန်း၏ ပါတီပွဲ ပြီးဆုံးချိန်၌ ညဉ့်နက်နေပြီ ဖြစ်လေသည်။
အဓိကပုဂ္ဂိုလ်ဖြစ်သော စူးထိုက်ကို လိုက်ပို့ပြီးနောက် ရွှီပေါ်အန်း ထွက်ခွာတော့မည့်အချိန်တွင် လင်းရှန်းက သူ့ကို နေရန် ဆွဲထားခဲ့လေ၏။
"ညီလေးပေါ်အန်း... စူးအိုကြီးက သူ့မိန်းမကို ကြောက်တော့ ပြန်မသွားလို့ မရဘူးလေ...။ မင်းကတော့ ပြန်သွားဖို့ မလိုပါဘူး...။ ဒီမှာ နေစရာ နေရာတွေ အများကြီး ရှိပါတယ်...။"
အချိန်နှောင်းနေပြီဖြစ်သဖြင့် ပြန်သွားပါက သူ၏ မိဘများ၏ အနားယူမှုကို နှောင့်ယှက်မိမည်ကို တွေးတောမိသဖြင့် ရွှီပေါ်အန်းသည် ခေါင်းညိတ်လိုက်ပြီး ပြုံး၍ ပြောလိုက်လေသည်။
"ဒါဆိုရင်တော့ အစ်ကို့ကို ဒုက္ခပေးရတော့မှာပဲ...။"
"ဟေ့... ငါတို့ ညီအစ်ကိုတွေကြားမှာ ဒီလောက်တောင် ယဉ်ကျေးနေစရာ မလိုပါဘူး...။ လာပါ..၊ မင်းအတွက် နေစရာနေရာတစ်ခု ငါ စီစဉ်ပေးမယ်...။"
လင်းရှန်းသည် ရွှီပေါ်အန်းကဲ့သို့သော ဂုဏ်သရေရှိ ဧည့်သည်များကို သဘာဝကျစွာပင် အလွန် ဂရုတ စိုက် ဆက်ဆံခဲ့လေ၏။
အခန်းကို ပြင်ဆင်ရန် ဟောက်စကီပင်း ဌာနသို့ ချက်ချင်း ညွှန်ကြားလိုက်ပြီး ရွှီပေါ်အန်းကို လင်းရှန်း တစ်ခါတစ်ရံ အရန်အဖြစ် အသုံးပြုလေ့ရှိသည့် သီးသန့်အခန်းတွင် နေရာချထားပေးလိုက်လေသည်။
၎င်းသည် သမ္မတအခန်း တစ်ခုကဲ့သို့ အလှဆင်ထားပြီး ပရိဘောဂများ ထားရှိသော ရွိုင်ရယ်ဒိုင်နက်စတီ ဟိုတယ်ရှိ တစ်ခုတည်းသော အခန်းလည်း ဖြစ်လေ၏။
၎င်းသည် အဆင့်အတန်းမြင့်မားပြီး၊ ခေတ်မီကာ ဆန်းပြားလှပေသည်။
လင်းရှန်းသည် ရတနာတစ်ခုကို ပြသနေသကဲ့သို့ ရွှီပေါ်အန်းကို အခန်းထဲသို့ ခေါ်ဆောင်သွားသောအခါ ရွှီပေါ်အန်းမှာ အမှန်တကယ်ပင် အံ့အားသင့်သွားခဲ့ရလေသည်။
ရွှီပေါ်အန်းသည် လွန်ခဲ့သော နှစ်များအတွင်း ဟိုတယ်များတွင် မကြာခဏ တည်းခိုခဲ့ဖူးလေ၏။
သို့သော် ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူသည် သမ္မတအခန်း တွင် မည်သည့်အခါမျှ မတည်းခိုဖူးခဲ့ပေ။
ရွှီပေါ်အန်းက အံ့သြတကြီး ပြောလိုက်လေသည်။
"အစ်ကိုလင်း... ဒါက ဒဏ္ဍာရီထဲက သမ္မတအခန်း လား...။"
လင်းရှန်းက ရယ်မောလိုက်ပြီး ပြောလိုက်လေ၏။
"ဟုတ်တယ်... ဒါက လူတွေ စကားပြောကြတဲ့အခါ ပြောလေ့ရှိတဲ့ ဘာမှ ယူလာစရာမလိုဘဲ ဇနီးသည် အပါအဝင် လိုအပ်ချက်အားလုံး ပြည့်စုံတဲ့ သမ္မတအခန်း ပဲ...။"
ရွှီပေါ်အန်းက ပေါ့ပေါ့ပါးပါး လုပ်ငန်းခွင် လေသံဖြင့် ချီးကျူးလိုက်လေသည်။
" အစ်ကိုလင်း ရဲ့ ရွိုင်ရယ်ဒိုင်နက်စတီ ဟိုတယ်က တကယ်ကို နာမည်နဲ့ လိုက်ဖက်တာပဲ...။ ဒီလောက် နှစ်တွေကြာတဲ့အထိ တုန်းကျန်းမှာ သမ္မတအခန်း လိုမျိုး အဆင့်မြင့်အခန်း ရှိတယ်ဆိုတာ ကျွန်တော် မသိခဲ့ဘူး...။"
လင်းရှန်းက ခေါင်းကို အနည်းငယ်ခါယမ်းလိုက်ပြီး ပြောလိုက်လေ၏။
"ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီနေရာကို တကယ့် သမ္မတအခန်း လို့တော့ သတ်မှတ်လို့ မရပါဘူး...။ တုန်းကျန်းလို နေရာသေးသေးလေးမှာ သမ္မတအခန်း တွေအတွက် လိုအပ်ချက်မှ မရှိတာ...။ ငါ့မွေးရပ် မြေက ကြယ်ငါးပွင့် ဟိုတယ်တစ်ခုရဲ့ သမ္မတအခန်း နဲ့ တူအောင် လူတစ်ယောက်ကို အလှဆင်ခိုင်းထား တာပါ...။ ဘာပဲဖြစ်ဖြစ် ဟိုတယ်က အခန်းအပြည့် ဖြစ်ဖို့ဆိုတာ ခက်ခဲတော့ ဒီအလှဆင်မှုက ငါ့ကိုယ်ပိုင် အပျော်သက်သက်ပါပဲ...။"
လင်းရှန်း၏ ပေါ့ပါးသော လေသံနောက်ကွယ်တွင် အမှန်တကယ် ကြီးမားသော ရည်ရွယ်ချက်တစ်ခု ရှိနေခဲ့လေ၏။
ဤမျှ ကြီးမားသော စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်နိုင်သော စီးပွားရေးလုပ်ငန်းရှင် တစ်ဦးသည် သာမန် လူတစ်ယောက် မဟုတ်ချေ။
တစ်ခါက ကြီးမြတ်သောပုဂ္ဂိုလ်တစ်ဦး သူ၏မွေးရပ်မြေသို့ ပြန်ရာလမ်းတွင် တုန်းကျန်းကို ဖြတ်သန်း သွားခဲ့လေသည်။ သူသည် နေမကောင်းဖြစ်ကာ ညအိပ်တည်းခိုရန် လိုအပ်ခဲ့လေ၏။
ထိုအရေးကြီးပုဂ္ဂိုလ်၏ အိမ်တော်ထိန်းသည် တုန်းကျန်းမြို့ တစ်ခုလုံးတွင် ရှာဖွေခဲ့ပြီး နောက်ဆုံး၌ သူ၏ အဆင့်အတန်းနှင့် ကိုက်ညီသော အခန်းတစ်ခုကို ရွိုင်ရယ်ဒိုင်နက်စတီ ဟိုတယ်၌သာ တွေ့ရှိခဲ့ရလေ သည်။
ဤအရာကြောင့်ပင် လင်းရှန်းသည် ဤအိမ်တော်ထိန်းနှင့် အဆင်ပြေသွားခဲ့ပြီး ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ကာ နှစ်ပေါင်းများစွာကြာအောင် ချောမွေ့စွာ ဖွံ့ဖြိုးတိုးတက် နိုင်ခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် ဤအရာများကို အသံထွက်၍ ပြောနေရန် မလိုအပ်ချေ။
ရွှီပေါ်အန်းသည် အလွန်တရာ စိတ်ဝင်စားစွာဖြင့် အခန်းအတွင်း လှည့်လည်ကြည့်ရှုနေခဲ့လေသည်။
ရုတ်တရက် ဧည့်ခန်းရှိ ထောင့်ချိုး ဆိုဖာဘေးမှ စားပွဲပေါ်ရှိ အရာတစ်ခုက ရွှီပေါ်အန်း၏ အာရုံကို ဖမ်းစားသွားခဲ့လေ၏။
၎င်းမှာ အညိုရောင် သစ်သားဖြင့် ပြုလုပ်ထားသော တူလို မြေနံရံအိမ်ရာ ပုံစံငယ်တစ်ခုဖြစ်ပြီး ခေါင်ရှန်းရွာမှ ရွာသားများအတွက် ရွှီပေါ်အန်း ပြင်ဆင်ထားသည့် နေအိမ်များနှင့် လုံးဝနီးပါး တူညီ နေပေသည်။
တူလို မြေနံရံအိမ်ရာ ပုံစံငယ်ကို ကျောက်သား အောက်ခံခုံတစ်ခုတွင် ထည့်သွင်းထားပြီး အကာ အကွယ်ပေးသော သုတ်ဆေး သို့မဟုတ် အလားတူ အရာတစ်ခုခုဖြင့် ဖုံးအုပ်ထားပုံရကာ ၎င်းကို ရောင်ပြန်ဟပ်ပြီး ရှင်းလင်းသော အသွင်အပြင်ကို ရရှိစေလေသည်။
အနီးကပ်ကြည့်ရှုသောအခါ အတွင်းပိုင်း ဒီဇိုင်းမှာ တံခါးများ၊ ပြတင်းပေါက်များ၊ စားပွဲများ၊ ကုလားထိုင် များနှင့် အခြားပစ္စည်းများ အပြည့်အစုံဖြင့် ပို၍ပင် သေသပ်လှပနေသည်ကို တွေ့ရလေ၏။
ရွှီပေါ်အန်းသည် တူလို မြေနံရံအိမ်ရာ ပုံစံငယ်ကို အလွန်တရာ စိတ်ဝင်စားစွာဖြင့် အနီးကပ် ကြည့်ရှု နေသည်ကို မြင်သောအခါ လင်းရှန်းက အနောက်မှ ရယ်မောကာ ပြောလိုက်လေသည်။
"တူလို မြေနံရံအိမ်ရာ ပုံစံငယ်လား...။ ဘာဖြစ်လို့လဲ ညီလေး...၊ စိတ်ဝင်စားလို့လား...။"
ရွှီပေါ်အန်းက အံ့သြတကြီး ပြောလိုက်လေ၏။
"ဒါက အရမ်းကို သေသပ်လှပတာပဲ...။ တံခါးတွေနဲ့ ပြတင်းပေါက်တွေရဲ့ အထဲမှာ ရှေးဟောင်းပုံစံ စားပွဲတွေ၊ ကုလားထိုင်တွေနဲ့ ခုံတန်းလျားတွေကိုတောင် ကျွန်တော် မြင်နေရတယ်...။"
လင်းရှန်းက ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။
"ဒါက ငါ ငယ်ငယ်တုန်းက ငါ့မွေးရပ်မြေမှာ နေခဲ့တဲ့ တူလို မြေနံရံအိမ်ရာ နဲ့ တူအောင် အရွယ်အစားကို အချိုးကျ ကျုံ့ထားပြီး လူတစ်ယောက်ကို ပြုလုပ်ခိုင်းထားတဲ့ ပုံစံငယ်တစ်ခုပါ...။ အပျော်သက်သက် ပါပဲ...။ မင်းသဘောကျတယ်ဆိုရင် မင်းကားပေါ်ကို တစ်ယောက်ယောက်ကို တင်ပေးခိုင်းလိုက်လို့ ရတယ်...။"
ရွှီပေါ်အန်းက အလျင်အမြန် လက်ကာပြကာ ယဉ်ကျေးစွာ ငြင်းဆန်လိုက်လေ၏။
"လူကြီးလူကောင်း တစ်ယောက်က တခြားသူတွေ တန်ဖိုးထားတဲ့အရာကို မယူပါဘူး...။ ပြီးတော့ ဒီလို နုနယ်လှပတဲ့အရာက ကျွန်တော်လို ကြမ်းတမ်းတဲ့ကောင် သေချာဂရုစိုက်နိုင်မယ့် အရာမျိုး မဟုတ်ဘူး လေ...။ ပိုးကောင်တွေ အစားခံရတာမျိုး ဒါမှမဟုတ် တစ်ခုခု ဖြစ်သွားခဲ့ရင် တကယ်ကို နှမြောစရာ ကောင်းသွားပါလိမ့်မယ်...။"
လင်းရှန်းက တူလို မြေနံရံအိမ်ရာ ပုံစံငယ်ကို လှမ်းကိုင်လိုက်ပြီး ပြောလိုက်လေသည်။
"ဒါနဲ့ ပတ်သက်ပြီး မင်း စိတ်ပူစရာ မလိုပါဘူး ညီလေးရာ...။ ဒီအရာကို မပြုလုပ်ခင်မှာ လက်မှုပညာရှင် က သစ်သားကို တုံဆီနဲ့ ဆင်တူတဲ့ ဆီအသစ်တစ်မျိုးနဲ့ သုတ်ထားတာ...။ အဲ့ဒါက ရေစိုခံ၊ ပိုးမွှားဒဏ်ခံ နိုင်ပြီး ပွန်းပဲ့ဒဏ်ခံနိုင်တဲ့ နေရာမှာ အထူးထိရောက်တယ်လို့ ဆိုကြတယ်...။ ငါ ဒီအရာကို ပိုင်ဆိုင်လာ တာ ဆယ်နှစ်ကျော်ပြီ...။ ကြည့်ပါဦး...၊ အသစ်အတိုင်းပဲ မဟုတ်လား...။"
*ဆယ်နှစ်လား... အသစ်အတိုင်းပဲတဲ့လား... ။*
ဤအရေးကြီးသော စကားစု နှစ်ခုကို ကြားသောအခါ ရွှီပေါ်အန်းသည် ချက်ချင်းပင် စိတ်ဝင်စားသွား ခဲ့လေ၏။
သူ၏ မျက်နှာပေါ်ရှိ တောက်ပသော အပြုံးနှင့် မျက်လုံးများသည် ပုံစံငယ်ပေါ်တွင် လုံးဝ ကပ်ငြိနေ သဖြင့် သူ ၎င်းကို အလွန်အမင်း လိုချင်နေကြောင်း အရူးတစ်ယောက်ပင် သိနိုင်ပေသည်။
ထိုစဉ် ရွှီပေါ်အန်းသည် ရုတ်တရက် မှင်သက်သွားခဲ့သော်လည်း အလျင်အမြန်ပင် ဟန်ကို ပြန်လည် ထိန်းသိမ်းလိုက်လေ၏။
သူ၏ မျက်နှာပေါ်ရှိ ပျော်ရွှင်မှုကို ဖုံးကွယ်ထားရန် မဖြစ်နိုင်ချေ။
*ငါ အရမ်းကို ဝမ်းသာသွားမိတာပဲ...။ ဝိုး... ဒါက ဒီနေ့အတွက် နှစ်ထပ်ကွမ်း ပျော်ရွှင်မှုပဲ...။*
အခန်း (၇၀)
တော်တော်လေးမလွယ်ကူခဲ့ဘူး
ညသန်းခေါင်ယံ အချိန်ကာလသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။
ရွှီပေါ်အန်းသည် သူ၏ ရွှေလက်ချောင်း စွမ်းအားမှာ ရုတ်တရက်ဆိုသလို နှစ်ခုအထိ တိုးပွားလာသည်ကို သတိပြုမိလိုက်၏။ မည်သို့သော အကြောင်းရင်းကြောင့် ဤကဲ့သို့ ဖြစ်လာရသည်ကို သူ အသည်း အသန် စုံစမ်းချင်နေမိသော်လည်း လင်းရှန်း၏ ရှေ့တွင်မူ ထိုသို့ပြုလုပ်ရန် မသင့်တော်လှပေ။
ရွှီပေါ်အန်းသည် စိတ်ကို ထိန်းချုပ်လိုက်ပြီး သူ၏ ရှေ့ရှိ တူလို မြေနံရံအိမ်ရာ ပုံစံငယ်ဆီသို့သာ အာရုံစိုက်လိုက်လေတော့သည်။ ဤ မြေနံရံအိမ်ရာ ပုံစံငယ်သည် သူ့ကို အမှန်တကယ်ပင် ဆွဲဆောင် နေခဲ့ခြင်း ဖြစ်လေ၏။
အစပိုင်းတွင် သူသည် ဤအရာကို အသစ်ထွက်ရှိထားသော ပစ္စည်းတစ်ခုဟု ထင်မှတ်ခဲ့သဖြင့် စိတ်ဝင် စားသော်ငြားလည်း ကိုယ်တိုင်ယူရန် မစဉ်းစားခဲ့ပေ။ အကြောင်းမှာ ရွှီပေါ်အန်းသည် ဘွန်ဆိုင်းကမ္ဘာ အတွင်းရှိ ခေါင်ရှန်းရွာသားများအတွက် နေထိုင်စရာအဖြစ် အသုံးပြုရန်သာ ရည်ရွယ်ထားခြင်းကြောင့် ဖြစ်ချေသည်။
သို့သော် ဘွန်ဆိုင်းကမ္ဘာသည် လေတိုက်ခြင်း၊ နေပူခြင်းနှင့် မိုးရွာခြင်းတို့ကို အမြဲမပြတ် ခံစားနေရသော နေရာဖြစ်၏။ သာမန်ပုံစံငယ်များကို အိမ်ထဲတွင်သာ ထားရှိနိုင်သော်လည်း ပြင်ပပတ်ဝန်းကျင်၏ ကြမ်းတမ်းသော ဒဏ်ကိုမူ ခံနိုင်ရည်ရှိမည်မဟုတ်ချေ။
ဤပုံစံငယ်သည် သက်တမ်း ဆယ်စုနှစ်တစ်ခုကျော်ရှိနေပြီ ဖြစ်သော်လည်း ယနေ့တိုင် အပြစ်အနာ အဆာမရှိဘဲ ပြီးပြည့်စုံစွာ တည်ရှိနေလိမ့်မည်ဟု ရွှီပေါ်အန်း လုံးဝ မျှော်လင့်မထားခဲ့ပေ။ အကယ်၍ ထိုသို့ဆိုလျှင် ဤအရာသည် ခေါင်ရှန်းရွာသားများ နေထိုင်ရန်အတွက် အကောင်းဆုံးသော နေရာတစ်ခု ဖြစ်လာပေလိမ့်မည်။
ထျန်ရှောင်ဟူကို ကွန်ကရစ် သို့မဟုတ် အင်္ဂတေများဖြင့် တူလို မြေနံရံအိမ်ရာ ပုံစံငယ်တစ်ခု ပြုလုပ် ခိုင်းလျှင်ပင် ဤမျှ သေသပ်လှပသော လက်ရာမျိုး ရရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။ ထို့ပြင် ထိုပုံစံငယ် ကို ယခုချက်ချင်း အသုံးပြုနိုင်သည်ဖြစ်ရာ ရွာသားများအနေဖြင့် အသင့်စား ခေါက်ဆွဲဗူးခွံ ကြီးများထဲ တွင် ဆက်လက်နေထိုင်ရမည့် ဒုက္ခမှ ကင်းဝေးသွားမည် ဖြစ်သည်။
ဤသို့ တွေးတောမိသောအခါ ရွှီပေါ်အန်းသည် အနည်းငယ် ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ပြုံးလိုက် ပြီး ပြောလေ၏။
"အစ်ကိုကြီးလင်း...၊ ဒီလောက် တန်ဖိုးရှိတဲ့ အရာကို ခွဲခွာပေးဖို့ တောင်းဆိုမိတာ အားနာစရာကြီးဗျာ...။"
လင်းရှန်းက အားရပါးရ ရယ်မောလိုက်ပြီးနောက် ပြောလိုက်လေသည်။
"ငါကသာ မင်းဆီက အမူးပြေဆေးရည် ကိစ္စမှာ အများကြီး အသာစီးရထားတာပါ...။ ဒီလောက် အသေး အမွှားလေးကို အားနာမနေပါနဲ့...။ ငါ တကယ်လိုချင်ရင် တစ်ခြားလူကို ပြန်လုပ်ခိုင်းလို့ ရတာပဲ...။ ဒါက ရှားပါးလှတဲ့ အရာလည်း မဟုတ်ပါဘူး...။"
"အစ်ကိုကြီးက တကယ့်ကို ရက်ရောတာပဲ...။ ဒါဆိုရင်တော့ ကျွန်တော် ဝမ်းသာအားရ လက်ခံလိုက် ပါ့မယ်...။"
ရွှီပေါ်အန်းသည် လင်းရှန်းနှင့် အတန်ကြာ စကားစမြည် ပြောဆိုနေခဲ့ပြီးမှ လင်းရှန်းလည်း နှုတ်ဆက်ကာ ပြန်သွားလေတော့သည်။
အချိန်မှာ နောက်ကျနေပြီ ဖြစ်သဖြင့် ရွှီပေါ်အန်းသည် ထျန်ရှောင်ဟူထံ ဖုန်းဆက်၍ လင်းမြောင်မြောင် ၏ အကြောင်းကို မပြောတော့ပေ။ မည်သို့ပင်ဆိုစေကာမူ ကောင်းမွန်သော အရာများမှာ အချိန်ယူရစမြဲ ပင် ဖြစ်၏။
၎င်းတို့နှစ်ဦးမှာလည်း လက်ရှိအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ တစ်ဦး၏ မိသားစုနောက်ခံကို တစ်ဦးက စောစောသိသည်ဖြစ်စေ၊ နောက်ကျမှ သိသည်ဖြစ်စေ အရေးမကြီးတော့ပေ။
ရွှီပေါ်အန်းသည် တံခါးကို ပိတ်လိုက်ပြီးနောက် ဘွန်ဆိုင်းကို ထုတ်ယူကာ သေချာစွာ စစ်ဆေးလိုက်လေ သည်။ ဘွန်ဆိုင်းကမ္ဘာသည် အေးချမ်းဆိတ်ငြိမ်သော တောင်တန်းကြီးများဖြင့် ဝန်းရံထားပြီး လောကီ လူ့ဘောင်မှ ခွဲထွက်ကာ တစ်ကိုယ်တည်း တောရဆောက်တည်လိုစိတ်ကို ဖြစ်ပေါ်စေနေပေ၏။
ရွှီပေါ်အန်း၏ အကြည့်သည် ဘွန်ဆိုင်းကမ္ဘာအတွင်းရှိ တောင်စောင့်နတ်မင်း နတ်ကွန်းဆီသို့ ချက်ချင်း ကျရောက်သွားသည်။ ရင်းနှီးနေသော နတ်ကွန်းပင်မဆောင်မှာ ပုံမှန်အတိုင်းပင် ရှိနေပြီး အမွှေးတိုင်အိုး ထဲတွင်လည်း အမွှေးတိုင် သုံးတိုင်သာ ထွန်းညှိထားဆဲ ဖြစ်၏။
ဤသည်မှာ ထူးဆန်းလှပေသည်။ အဘယ်ကြောင့် ရွှေလက်ချောင်း စွမ်းအားမှာ ယခင်က တစ်ခုတည်း ရှိရာမှ ယခုအခါ နှစ်ခု ဖြစ်သွားရသနည်း။
လူဦးရေ တိုးပွားလာခြင်းကြောင့်လား...။ မကြာသေးမီကပင် တောင်ဓားပြ တစ်ဒါဇင်ခန့်ကို စုဆောင်းခဲ့ သည် မဟုတ်ပါလား။ လူဦးရေသည် ဘိုးဘွားပူဇော်မှု၏ အခြေခံအကျဆုံး အရင်းအမြစ် ဖြစ်ခြင်း ကြောင့် ဤသို့ ဖြစ်နိုင်ချေ ရှိပေသည်။
သို့မဟုတ်လျှင် ထို ဝက်ဝံကြီးကို ယဉ်ပါးအောင် ပြုလုပ်ပြီး တောင်စောင့်နတ်မင်းငယ်အဖြစ် ခန့်အပ်ကာ အင်အားတိုးချဲ့ခဲ့ခြင်းကြောင့် ဤကဲ့သို့သော အကျိုးကျေးဇူးများကို ရရှိခဲ့ခြင်းလား။
တရားဝင် အလုပ်ခန့်အပ်ခြင်း ခံရသော ဝန်ထမ်းများအတွက် ခံစားခွင့်နှင့် အကျိုးခံစားခွင့်များမှာ အမြဲတမ်း ကောင်းမွန်နေတတ်သည်မှာလည်း ဖြစ်နိုင်သည်ပင်။
ရွှီပေါ်အန်းသည် အတန်ကြာ ခွဲခြမ်းစိတ်ဖြာ စဉ်းစားကြည့်သော်လည်း ရွှေလက်ချောင်း စွမ်းအား တိုး လာရသည့် အကြောင်းရင်းကို အတိအကျ မဆုံးဖြတ်နိုင်သဖြင့် လက်လျှော့လိုက်လေတော့သည်။ မည်သို့ပင်ဖြစ်စေ နောက်တစ်ကြိမ် အပြောင်းအလဲ ရှိလာလျှင်မူ သိသာသွားပေလိမ့်မည်။
အချုပ်အားဖြင့်ဆိုရသော် ရွှေလက်ချောင်း စွမ်းအား ရှိနေခြင်းမှာ အလွန်ကောင်းမွန်သော ကိစ္စရပ်ပင် ဖြစ်၏။
ထို့နောက် ရွှီပေါ်အန်းသည် အသစ်စက်စက် ယဉ်ပါးသွားသော တောင်စောင့်နတ်မင်းငယ်လေးကို သွားရောက် စစ်ဆေးလိုက်သည်။ ဝက်ထံကြီးသည် ဂူတစ်ခုကို ရှာဖွေတွေ့ရှိထားပြီး ဟောက်သံ တခေါခေါဖြင့် အိပ်မောကျနေလေပြီဖြစ်၏။
ဤသည်ကို မြင်သောအခါ ရွှီပေါ်အန်းလည်း အိပ်ချင်စိတ်များ ပေါ်ပေါက်လာခဲ့လေ၏။ အမှန်တကယ် ပင် အိပ်ငိုက်ခြင်းသည် ကူးစက်တတ်သော အရာတစ်ခု ဖြစ်ပေသည်။
ထိုညတစ်ညလုံး ဘာမျှ ထူးထူးခြားခြား မရှိဘဲ မိုးလင်းသွားခဲ့လေသည်။
ရွှီပေါ်အန်းသည် ဖုန်းသံကြောင့် နိုးလာခဲ့ရ၏။ ထျန်ရှောင်ဟူ ဆက်ခြင်းဖြစ်သည်ကို တွေ့သောအခါ ရွှီပေါ်အန်းသည် အိပ်ချင်စိတ်ကို အနိုင်ယူကာ ဖုန်းကို ဖြေလိုက်လေသည်။
"ပြောစရာရှိတာ မြန်မြန်ပြော...။"
"ဟီးဟီး... အင်ဂျင်နီယာချုပ်ရွှီ...။ ကျွန်တော် ဒီနေ့ တစ်ရက်လောက် ခွင့်ယူချင်လို့ပါ...။"
ထျန်ရှောင်ဟူ၏ စကားသံထဲတွင် ရှက်ကိုးရှက်ကန်း ဖြစ်နေသော ခံစားချက်တစ်ခု ပါဝင်နေလေသည်။
"မရဘူး..."
ရွှီပေါ်အန်းက စနောက်၍ ပြောလိုက်၏။
ထျန်ရှောင်ဟူက အလျင်အမြန် ပြန်ပြောလေသည်။
"အဲလို မလုပ်ပါနဲ့ အင်ဂျင်နီယာချုပ်ရွှီရာ...။ ကျွန်တော့်မှာ တကယ့်ကို အရေးကြီးတဲ့ ကိစ္စရှိလို့ပါ...။ လင်း... အဲ... ကျွန်တော့် ချစ်သူနဲ့ သူ့အိမ်ကို လိုက်သွားမလို့ပါ...။"
ဤစကားကို ကြားလိုက်ရသည့်အခါ ရွှီပေါ်အန်းမှာ ချက်ချင်းပင် အိပ်ချင်စိတ်များ ပြယ်လွင့်သွားခဲ့ လေပြီ။
*လင်း... ဟုတ်လား...။*
ဤအမည်သည် လင်းရှန်းက စူးထိုက်ကို မနေ့က ပြောပြခဲ့သော အမည်နှင့် ထပ်တူကျနေသဖြင့် တစ်ဦး တည်း ဖြစ်နေသည်မှာ သေချာလှ၏။ ထျန်ရှောင်ဟူသည် သူ၏ ယောက္ခမလောင်းနှင့် တွေ့ဆုံရန် သွား တော့မည် ဖြစ်သည်။
ရွှီပေါ်အန်းက သရော်ပြုံး ပြုံးလိုက်ပြီးနောက် စနောက်လိုက်လေသည်။
"အို... ရုပ်ဆိုးတဲ့ သမက်လောင်းက ယောက္ခမနဲ့ တွေ့ဖို့ သွားတော့မှာပေါ့...။"
ထျန်ရှောင်ဟူက တိုးတိုးလေး ပြောလေ၏။
"အစ်ကို... လင်းက တကယ်တော့ မိဘမဲ့ ကလေးတစ်ယောက်လိုပါပဲ...။ သူ့မှာ သူ့အဖေ တစ်ယောက်ပဲ ရှိတော့တာ...။ သူ တကယ်ကို မလွယ်ကူခဲ့ရှာဘူး...။ နောက်ဆိုရင် သူ့ကို ကျွန်တော် သေချာ ဂရုစိုက် မှာပါ... ကောင်းတာတွေ ကျွေးပြီး အိမ်ကြီးအိမ်ကောင်းမှာ ထားမှာပါ...။"
ရွှီပေါ်အန်းမှာ ရယ်မော၍ မဆုံးနိုင်အောင် ဖြစ်သွားခဲ့ရ၏။
*မိုက်မဲတဲ့ ကလေးလေးရယ်... တစ်ဦးတည်းသော မိဘနဲ့ နေထိုင်ရတာ မလွယ်ကူဘူးဆိုတာ ဟုတ်ပါ တယ်...။ ဒါပေမဲ့ အဲဒါက တခြားကိစ္စလေ...။ အနည်းဆုံးတော့ အစားအသောက်နဲ့ ငွေကြေးပိုင်းမှာ မင်းက သူ့ထက် အများကြီး ပိုပြီး ခက်ခဲနေတာပါ...။ သူတို့ရဲ့ မိသားစု စီးပွားရေးက ဟိုတယ်လုပ်ငန်း လေ... မင်းက ဘယ်လို အရသာရှိတဲ့ အစားအစာတွေ ကျွေးမှာမလို့လဲ...။ အိမ်ကြီးအိမ်ကောင်းမှာ ထားမယ်ဆိုတာကလည်း... ရွိုင်ရယ်ဒိုင်နက်စတီဟိုတယ်လောက် ကြီးတဲ့ အိမ်မျိုး မင်း ဝယ်နိုင်ပါ့မ လား...။*
ရွှီပေါ်အန်းက ရယ်မောရင်း ဆက်ပြောလိုက်၏။
"ဟုတ်ပါပြီ... ဟုတ်ပါပြီ...၊ မင်းမှာ စိတ်ကောင်းလေးရှိတာပဲ...။ ဒီနေ့ ပြောခဲ့တဲ့ စကားတွေကိုလည်း မမေ့နဲ့ဦးပေါ့...။"
"အစ်ကို... ဘာလို့ ရယ်နေတာလဲဗျ...။ ကျွန်တော် တကယ်ပြောနေတာ...။ သူ တကယ်ကို ဆင်းရဲပင်ပန်း ခဲ့တာပါ...။ အရင်က တာ့ရှီချန်းမှာရှိတဲ့ ဟွေကျိုး အမဲသားခေါက်ဆွဲ သွားကျွေးတာတောင် သူ တစ်ခါမှ မစားဖူးဘူးတဲ့...။"
"လေခိုအိမ် စားသောက်ဆိုင်မှာ ပုလဲလက်ဖက်ရည် တိုက်လိုက်တာတောင် သူက အရမ်းကို ဝမ်းသာ နေရှာတာ...။ သူ့ကို အရင်လို ဆင်းရဲတဲ့ ဘဝမျိုးမှာ ထပ်ပြီး မနေစေရတော့ဘူး...။"
ထျန်ရှောင်ဟူက အလေးအနက်ထား၍ ပြောဆိုနေသော်လည်း ရွှီပေါ်အန်း၏ စိတ်ထဲတွင်မူ ရယ်ချင် စိတ်ကို အောင့်ထားရသဖြင့် အတော်ပင် ခက်ခဲနေချေပြီ။
*ငါ့ညီလေးရယ်...။ မင်းရဲ့ အခု လစာနဲ့ဆိုရင်တော့ အဲဒီ သူဌေးသမီးလေးကို အရင်တုန်းကလို ချမ်းချမ်း သာသာ နေနိုင်အောင် ထားဖို့ဆိုတာ တကယ်ကို မလွယ်ကူလှဘူး...။*
*အမဲသားခေါက်ဆွဲနဲ့ ပုလဲလက်ဖက်ရည်တဲ့လား...။ ဘုရားရေ...၊ မင်းက ဘာလို့ ဝဂ်ဂျူး အမဲသားနဲ့ စတားဘတ်ခ် သွားမကျွေးခဲ့တာလဲ...။ သူတို့က ဒါမျိုးတွေပဲ စားနေကျဖြစ်မှာပေါ့...။*
ရွှီပေါ်အန်းက ရယ်မောချင်စိတ်ကို ထိန်းလိုက်ပြီး ပြောလိုက်လေသည်။
"ကောင်းပြီလေ... ငါ မင်းကို ယုံပါတယ်...။ သူ့ကို ကောင်းကောင်း ဂရုစိုက်ပါ...။ မင်းရဲ့ ခွင့်ကို ငါ ခွင့်ပြုပါတယ်...။ ကားကို ဂရုစိုက်မောင်းပါ...၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ သွားပါ...။ သူ့ကို ကြောက်မနေနဲ့ဦး...။"
ထျန်ရှောင်ဟူက ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလေ၏။
"ဘာတွေ ပြောနေတာလဲ အစ်ကိုရာ...။ ကျွန်တော်က အစ်ကိုနဲ့အတူ လောကဒဏ်တွေကို အတူတူ ဖြတ်သန်းလာတဲ့လူပဲ...။ ယောက္ခမလောင်းနဲ့ တွေ့ရမှာကို ဘာလို့ ကြောက်နေရမှာလဲ...။"
ရွှီပေါ်အန်းက တစ်ချက် ရယ်လိုက်ပြီးနောက် စိတ်ထဲမှ ကြိတ်၍ ပြောလိုက်မိ၏။
*အရင်က ငါ့ရဲ့ အဆင့်အတန်းနဲ့တောင် ရွိုင်ရယ်ဒိုင်နက်စတီဟိုတယ်ရဲ့ လော်ဘီမန်နေဂျာနဲ့ပဲ နောက် ပြောင်လို့ ရတာ...။ မင်း ဒီနေ့သွားတွေ့မယ့် ယောက္ခမလောင်းက ရွိုင်ရယ်ဒိုင်နက်စတီဟိုတယ်ရဲ့ ပိုင်ရှင် ကြီးလေ...။ ပြီးတော့ မင်းမှာ မင်းရဲ့ ယောက္ခမထက်တောင် အရှိန်အဝါကြီးတဲ့ လူကြီးတစ်ယောက် လည်း ရှိသေးတယ်...။ မင်း ငါနဲ့အတူ ကြုံတွေ့ခဲ့ရတဲ့ လှိုင်းတံပိုးလေးတွေက သူ့ရှေ့မှာဆိုရင်တော့ ဘာမှ မဟုတ်တော့ဘူးပေါ့...။*
"ဒါဆိုရင်တော့ မင်းအတွက် အားလုံး အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်...။ မင်း လိုအင်ဆန္ဒ တွေ အားလုံး ပြည့်ဝပါစေ...။"
ရွှီပေါ်အန်းက စကားအနည်းငယ် ပြောပြီးနောက် ဖုန်းချလိုက်လေတော့သည်။
ထျန်ရှောင်ဟူကို လင်းမြောင်မြောင်၏ နောက်ခံကို ကြိုတင်ပြောပြရန် ကိစ္စအား သူ မေ့ထား လိုက်ရန် ဆုံးဖြတ်လိုက်၏။ သူတို့နှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး မိဘချင်း တွေ့ဆုံမည့် အဆင့်သို့ ရောက်နေပြီဖြစ်ရာ လင်းမြောင်မြောင်တွင်လည်း ကိုယ်ပိုင် အစီအစဉ်များ ရှိနေပေလိမ့်မည်။ သူတစ်ပါး၏ ကိစ္စထဲတွင် ဝင်ရောက်စွက်ဖက်ပြီး သူတို့၏ အစီအစဉ်များကို ဖျက်ဆီးပစ်ခြင်းမှာ မကောင်းလှပေ။
ဖုန်းပြောပြီးနောက် ရွှီပေါ်အန်းသည် အိပ်ချင်စိတ်များ လုံးဝ ပြယ်လွင့်သွားခဲ့လေပြီ။ အပြင်ဘက်တွင် လည်း မိုးလင်းနေပြီဖြစ်ရာ သူ ဆက်လက် အိပ်မနေတော့ပေ။ ထို တူလို မြေနံရံအိမ်ရာ ပုံစံငယ်ကို ခေါင်ရှန်းရွာသားများထံသို့ အမြန်ဆုံး ပေးပို့လိုက်ရန် ပြင်ဆင်လိုက်၏။
သို့မှသာ သူတို့သည် အိမ်သစ်သို့ အမြန်ဆုံး ပြောင်းရွှေ့နိုင်မည် မဟုတ်ပါလား။ နေအိမ်အသစ်သို့ ပြောင်းရွှေ့ခြင်းမှာ ကြီးကျယ်သော ကိစ္စရပ်တစ်ခု ဖြစ်လေသည်။
ရွှီပေါ်အန်းသည် ဘွန်ဆိုင်းကို တွေးတောလိုက်သည်နှင့် သူ၏ စိတ်သည် ဘွန်ဆိုင်းကမ္ဘာအတွင်းရှိ အခြေအနေများဆီသို့ ရောက်ရှိသွားခဲ့လေသည်။ နောက်တစ်ခဏတွင် ရွှီပေါ်အန်း၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာခဲ့လေ၏။
ဤလူသားလေးများသည် မနက်စောစောစီးစီး ဘာကြောင့်များ အားလုံး စုရုံးနေကြပါသနည်း...။