အခန်း (၆၅-၆၆)
Vol. 7 Ch. 65-66
အခန်း (၆၅)
ဥက္ကဋ္ဌစူး၏ ညစာစားပွဲ
မှုန်ဝါးဝါး ညကောင်းကင်ယံအောက်ရှိ မြို့ပြအလှတရားများက အံ့မခန်း ခံစားချက်ကို အမြဲတစေ ဖော်ဆောင်ပေးလေ့ရှိပေသည်။
သို့သော် ရွှီပေါ်အန်းသည် သူ အရာရာကို အလွန်အကျွံ တွေးတောနေမိကြောင်း မကြာမီပင် နားလည် သွားခဲ့လေ၏။
ထျန်ရှောင်ထုန်သည် အနည်းငယ် စိုးရိမ်နေပုံပေါ်ကာ ခေါင်းကို အနည်းငယ်ငုံ့၍ ပြောလာခဲ့လေသည်။
"မင်္ဂလာပါ အင်ဂျင်နီယာချုပ်ရွှီ...။ အုပ်စုရုံးခန်းက ဖုန်းဆက်လာပါတယ်...။ ဥက္ကဋ္ဌစူးက ရုံးချုပ်ရဲ့ အလယ်အလတ်နဲ့ အထက်တန်းစီမံခန့်ခွဲမှု အရာရှိတွေအပြင် ရုံးခွဲတစ်ခုစီက အဓိက ခေါင်းဆောင် တွေအတွက် ရွိုင်ရယ်ဒိုင်နက်စတီ ဟိုတယ်မှာ ညစာစားပွဲတစ်ခု ကျင်းပနေပါတယ်တဲ့...။ ညွှန်ကြားရေး မှူးလျှိုက အင်ဂျင်နီယာချုပ်ရွှီကို လိုက်ပါပို့ဆောင်ပေးဖို့နဲ့ လိုအပ်တာတွေ ကူညီပေးဖို့ ကျွန်မကို တောင်းဆိုထားလို့ပါ...။"
ရွှီပေါ်အန်း၏ စိတ်ထဲ၌ စိတ်ပျက်မှုတစ်ခု ဖြတ်ပြေးသွားသကဲ့သို့ ခံစားလိုက်ရသော်လည်း မဟုတ်သလို လည်း ခံစားနေရလေ၏။
လူများသည် အရွယ်ရောက်လာသောအခါ အမြဲတစေ ဆန့်ကျင်ဘက်ဖြစ်နေသော အရာများစွာကို တွေးတောတတ်ကြလေသည်။ ၎င်းကို စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုဟု ခေါ်ဆိုနိုင်ပေသည်။
ရွှီပေါ်အန်းသည် ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်လေ၏။
"ကောင်းပါပြီ...။ ထန်လေး... မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်...။"
"မလိုပါဘူး အင်ဂျင်နီယာချုပ်ရွှီ...။ ဘယ်ကားကို အသုံးပြုချင်ပါသလဲရှင်...။"
ရွှီပေါ်အန်းက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ပြန်လည်ဖြေကြားလိုက်လေသည်။
"အဲ့ဒီ ဘူလီဗတ် ကားကိုပဲ သုံးကြတာပေါ့...။"
တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီတွင် အတော်လေး အထင်ကြီးစရာကောင်းသော ယာဉ်နှစ်စီး ရှိလေသည်။ တိုယိုတာ ပရာဒိုနှင့် လန်းခရူဇာတို့ပင် ဖြစ်လေ၏။
ထိုယာဉ်များကို ကုမ္ပဏီပိုင်ယာဉ်များအဖြစ် လူသိရှင်ကြား ကြေညာထားသော်လည်း အမှန်တကယ် တွင်မူ ပထမကားကို အထွေထွေမန်နေဂျာက အသုံးပြုလေ့ရှိပြီး လန်းခရူဇာမှာမူ အင်ဂျင်နီယာချုပ်၏ ကိုယ်ပိုင်ကားပင် ဖြစ်လေသည်။
စီမံကိန်းများစွာသို့ သွားရာလမ်းများမှာ ကောင်းမွန်လေ့မရှိသောကြောင့် ဤကဲ့သို့သော ယာဉ်အမျိုး အစားများသည် စီမံကိန်းအမျိုးမျိုးသို့ သွားရောက်ရန်အတွက် အဆင်ပြေလှပေသည်။
ထို့အပြင် ဘူအစ်ပတ်ခ် အဗန်နယူး ကိုလည်း အရန်ယာဉ်အဖြစ် ထားရှိပြီး ၎င်းကို ဒုတိယ အထွေထွေ မန်နေဂျာ၊ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌနှင့် အခြားသော ခေါင်းဆောင်ပိုင်း အဖွဲ့ဝင်များက အသုံးပြုလေ့ရှိ ကြလေသည်။
သို့သော် ဒုတိယ အထွေထွေမန်နေဂျာက သစ်ပင်တန်းများရှိရာ လမ်းမကြီးပေါ်တွင် မောင်းနှင်ရမည့် အစား အင်ဂျင်နီယာဌာန၏ ချီတာ အက်စ်ယူဗီ ကားကိုသာ စီးနင်းရန် ပိုမိုလိုလားခဲ့လေ၏။
ခေါင်းဆောင်များသည် ၎င်းတို့ကိုယ်ကို နှိမ့်ချသလို ဖြစ်သွားမည်စိုး၍ အခြားသူများနှင့် မျှဝေသုံးစွဲရန် မကြာခဏဆိုသလို ဆန္ဒမရှိတတ်ကြချေ။
အခြားသူများသည်လည်း ထိုသို့ပင်ဖြစ်ကြပြီး အကယ်၍ တစ်စုံတစ်ယောက်က ထိုကားကို အသုံးမပြု ပါက ကျန်သူများကလည်း အသုံးမပြုကြတော့ပေ။ အကယ်၍ တစ်စုံတစ်ယောက်က ထိုကားကို စတင် အသုံးပြုခဲ့ပါက ထိုသူမှာ အရည်အချင်းမရှိသူအဖြစ် သတ်မှတ်ခံရမည် ဖြစ်လေ၏။
ဘယ်သူကများ ကားတစ်စီး မရှာနိုင်မှာလဲ...
ထို့ကြောင့် ဤ ဘူအစ် ပတ်ခ် အဗန်နယူး ကားသည် အခြားကားများနှင့် သက်တမ်း အတူတူလောက် ဖြစ်သော်လည်း ၎င်း၏ မိုင်နှုန်းမှာ အလွန်နည်းပါးနေဆဲဖြစ်ပြီး အတွင်းပိုင်းမှာလည်း အသစ်အတိုင်းပင် ရှိနေသေးလေသည်။
ရွှီပေါ်အန်း၏ စကားများကြောင့် ထျန်ရှောင်ထုန်မှာ အံ့အားသင့်သွားခဲ့လေ၏။ သူမသည် ရွှီပေါ်အန်းက ကားနံပါတ်တစ် သို့မဟုတ် ကားနံပါတ်နှစ်ကို စီးနင်းလိုခြင်း ရှိ၊ မရှိ မေးမြန်းနေခဲ့ခြင်း ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် သူသည် ယခုအခါ စီမံကိန်းကို တာဝန်ယူထားသူဖြစ်ပြီး မည်သည့်ကားကိုမဆို စီးနင်းနိုင်သောကြောင့် ဖြစ်လေ၏။
မထင်မှတ်ဘဲ ရွှီပေါ်အန်းက အချိန်အတော်ကြာ ဘေးဖယ်ထားခံရသော ကားတစ်စီးကို ရွေးချယ်ခဲ့ လေသည်။
*အင်ဂျင်နီယာချုပ်ရွှီက ဒီကားနဲ့ ရင်းနှီးတဲ့ ခံစားချက်မျိုးများ ရှိနေလို့လား...။ အပြန်အလှန် လေးစား မှုမျိုးလား...။*
ထျန်ရှောင်ထုန်၏ စိတ်ထဲတွင် ရူးသွပ်သော အတွေးများစွာ ရှိနေသော်လည်း အလျင်အမြန်ပင် ပြန်လည် ဖြေကြားလိုက်လေသည်။
"ဟုတ်ကဲ့ပါ အင်ဂျင်နီယာချုပ်ရွှီ...။ ယာဉ်မောင်းကို ချက်ချင်း စီစဉ်ပေးပါ့မယ်ရှင်...။"
ရွှီပေါ်အန်းက လက်ကာပြလိုက်ပြီး မေးလိုက်လေ၏။
"မင်း ကားမောင်းတတ်လား...။"
ထျန်ရှောင်ထုန်က မသိမသာ ခေါင်းညိတ်လိုက်လေသည်။
"ဟုတ်ကဲ့ မောင်းတတ်ပါတယ်ရှင်...။"
"ဒါဆိုရင် မင်းပဲ မောင်းလိုက်ပါ...။ ယာဉ်မောင်း ထပ်ရှာနေဖို့ မလိုတော့ဘူး...။ အဲ့ဒါဆိုရင် အလုပ်ရှုပ် သက်သာတာပေါ့...။"
ရွှီပေါ်အန်းက ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါ အင်ဂျင်နီယာချုပ်ရွှီ...။"
ကုမ္ပဏီသို့ စတင်ဝင်ရောက်လာခါစ ဖြစ်သော ထျန်ရှောင်ထုန်သည် သူမ၏ ခေါင်းဆောင်၏ တောင်းဆို မှုကို မငြင်းဆန်ရဲခဲ့ပေ။
သူမသည် အနည်းငယ် စိုးရိမ်နေဆဲဖြစ်ပြီး အဘယ်ကြောင့်ဆိုသော် သူမသည် ယာဉ်မောင်းလိုင်စင်ကို ပြီးခဲ့သောနှစ်ကမှ ရရှိခဲ့ခြင်းဖြစ်ပြီး ယခင်က ကားတစ်စီးကိုပင် မကိုင်တွယ်ဖူးခဲ့သောကြောင့် ဖြစ်လေ ၏။
ရွှီပေါ်အန်းသည် အလျင်အမြန် ပြင်ဆင်လိုက်ပြီး သူ၏မိခင်ထံ ဖုန်းဆက်လိုက်လေသည်။
"အမေ... သား ဒီည စီးပွားရေးညစာစားပွဲ ရှိတယ်...။ အမေနဲ့ အဖေ ဘာစားချင်လဲ...။ သား စီစဉ်ပေးခဲ့ မယ်လေ...။"
"ပေါ်အန်း...၊ အဲ့လောက် ဒုက္ခခံနေဖို့ မလိုပါဘူး.... မင်းအလုပ်သာမင်းသွားပါ...။ ဖိန်ဖိန်က လာပြီး ထမင်းချက်ပေးထားပြီးပြီ...။ သူမက မင်းအတွက် ဟင်းရည်တောင် အထူးချက်ပေးထားသေးတယ်...။ အစကတော့ မင်းပြန်လာမှ အတူတူစားဖို့ စောင့်နေမလို့ပဲ...။"
"ဟူး... ဒါဆိုရင် သားကတော့ စားရမှာ မဟုတ်ဘူးထင်တယ်...။ အမေတို့ပဲ ကောင်းကောင်း စားလိုက် ကြပါ...။"
"ပေါ်အန်း... အမေ့ကို မေးမယ်ဆိုရင် ဖိန်ဖိန်က တကယ်ကို မိန်းကလေးကောင်း တစ်ယောက်ပါ...။ သူမက လှပရုံတင်မကဘူး၊ သူမ မင်းအပေါ်ခံစားချက်ရှိနေပုံကို ကြည့်ရတာ မင်းတို့နှစ်ယောက်က...။"
ရွှီပေါ်အန်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး သူ၏မိခင် စကားကို ဖြတ်ပြောလိုက်လေ၏။
"ဟုတ်ပြီ အမေ...၊ ဒါကို နောက်မှ ဆက်ပြောကြတာပေါ့...။ သား ဒီမှာ အလုပ်များနေလို့ပါ...။"
ရွှီပေါ်အန်းသည် အိမ်ထောင်ပြုခြင်းကို မလိုလားသူ မဟုတ်ချေ။ ချီရှောင်ရွှယ်နှင့်အတူ ဆုံးရှုံးမှုတစ်ခုကို ခံစားခဲ့ရသော်လည်း အမြဲတမ်း ကံဆိုးနေမည်ဟု သူ မထင်ထားခဲ့ပေ။
လူလတ်ပိုင်းအရွယ် လူများသည် ဖိအားများကို ခံနိုင်ရည်ရှိသည့် စွမ်းရည် အလွန်အားကောင်းကြ လေသည်။
မဟုတ်လျှင် ရွှီပေါ်အန်းသည် ဘေးဖယ်ထားခံရမှုကို သည်းခံလိုစိတ် ရှိခဲ့မည် မဟုတ်ချေ။
သို့သော် အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ လူ၏ အကြီးမားဆုံးရန်သူမှာ အမှန်တကယ်တော့ အထီးကျန်မှုဖြစ်ကြောင်း နားလည်လာရလေ၏။
ထို့ကြောင့် ရွှီပေါ်အန်းသည် သူ၏မိခင် စီစဉ်ပေးသော တွေ့ဆုံပွဲကို လက်ခံရန် ဆန္ဒရှိခဲ့ခြင်း ဖြစ်ပေသည်။ ပထမအချက်မှာ သူ၏မိခင်ကို စိတ်သက်သာရာ ရစေမည်ဖြစ်ပြီး ဒုတိယအချက်မှာ အခွင့်အရေး မရှိ လျှင်ပင် အခွင့်အရေး ယူကြည့်ရန် ရွှီပေါ်အန်း၏ စိတ်ကူးလည်း ဖြစ်လေ၏။
ကျန်ရှိနေတဲ့ ဘဝကို အတူတူ ဖြတ်သန်းဖို့ လူတစ်ယောက်ကို မင်း ရှာရလိမ့်မယ်...။
ငါ တစ်သက်လုံး လူပျိုကြီးဘဝနဲ့ နေသွားလို့ မရဘူး...။
သာမန်လူများ၏ အတွေးများသည် ဤမျှ ရိုးရှင်းပြီး ဟန်ဆောင်မှုကင်းလှပေသည်။
သို့သော် လူတစ်ဦးသည် ရုတ်တရက် ထူးခြားသူတစ်ဦး ဖြစ်လာလျှင်ရော မည်သို့ဖြစ်မည်နည်း။
ရွှီပေါ်အန်းထိုကဲ့သို့ပင် သူသည် ရုတ်တရက် ဘွန်ဆိုင်းကမ္ဘာလေး၏ အရာရာကို ရွှေအဖြစ် ပြောင်းလဲနိုင် စွမ်းကို ပိုင်ဆိုင်လာခဲ့လေသည်။
သူ၏ စိတ်ပိုင်းဆိုင်ရာမှာ ပိုမို တက်ကြွလာခဲ့လေ၏။
သူသည် ကြင်ယာတော်များကို ရွေးချယ်ရာတွင် တက်ကြွနေခြင်း မဟုတ်ချေ။
ယင်းအစား လက်ရှိအခြေအနေအရ အိမ်ထောင်ပြုခြင်းသည် သူ၏ ဘွန်ဆိုင်းကမ္ဘာလေး၏ လျှို့ဝှက် ချက်ကို ထိန်းသိမ်းရန် အလွန်တရာ အန္တရာယ်ရှိနိုင်သည်ဟု ရွှီပေါ်အန်း ခံစားခဲ့ရလေသည်။
ဤဘွန်ဆိုင်းကမ္ဘာလေးသည် ယခုအချိန်တွင် သူ၏အရေးအကြီးဆုံး အရာပင် ဖြစ်ပေသည်။
ထို့ကြောင့် အိမ်ထောင်ပြုခြင်းသည် ဂရုတစိုက် စဉ်းစားရမည့် ကိစ္စတစ်ခု ဖြစ်လေ၏။
"သူက အထီးကျန်ရမှာကို မကြောက်တော့ဘူး...။ လူပျိုကြီးတစ်ယောက်လို့လည်း မခံစားရတော့ဘူး" ဆိုသည့် စိုးရိမ်ပူပန်မှုများနှင့် ပတ်သက်၍မူ...
*ဘုရားရေ... ငွေမရှိ၊ အာဏာမရှိတဲ့ အိမ်ထောင်မရှိတဲ့ လူတွေကို တကယ်ပဲ လူပျိုကြီးလို့ ခေါ်ကြတာ ပဲ... ။*
အထီးကျန်ခြင်းသည် ရှောင်လွှဲ၍မရသောအရာ ဖြစ်လေ၏။
သို့သော် ချမ်းသာပြီး အာဏာရှိသော အိမ်ထောင်မရှိသည့် အမျိုးသားများကိုမူ လူပျိုကြီးများဟု မခေါ် ကြပေ။ ၎င်းတို့ကို အရည်အချင်းပြည့်မီသော လူပျိုကြီးများဟု ခေါ်ဆိုကြလေသည်။
ဤအမည်ကို နားထောင်ကြည့်ပါ... ၎င်းက အထီးကျန်နေပုံပေါက်ပါသလော...။
အနည်းဆုံးတော့ ရွှီပေါ်အန်းသည် အထီးကျန်နေရမည်ကို စိုးရိမ်မနေတော့ချေ။
ရွှီပေါ်အန်း ဖုန်းချလိုက်ပြီး အောက်ထပ်သို့ ဆင်းသွားလေသည်။ အနက်ရောင် ဆီဒင်ကားသည် စက်နှိုး ထားပြီး အောက်ထပ်တွင် ရပ်ထားလေ၏။
ထျန်ရှောင်ထုန်သည် ကားနံဘေးတွင် ရိုသေစွာရပ်ကာ ရွှီပေါ်အန်းကို စောင့်ဆိုင်းနေလေသည်။
လေညင်းလေး တိုက်ခတ်သွားသောအခါ ထျန်ရှောင်ထုန်၏ ဆံပင်များ ညင်သာစွာ လွင့်မျောသွားပြီး လမ်းမီးရောင်အောက်တွင် မှုန်ဝါးဝါးနှင့် နတ်သမီးလေးတစ်ပါးကဲ့သို့ လှပမှုတစ်ခုကို ဖန်တီးပေးနေ လေ၏။
*ဇိမ်ခံကားတွေနဲ့ လှပတဲ့ မိန်းကလေး...။ ဘယ်လောက်တောင် ကြည့်ကောင်းလိုက်တဲ့ မြင်ကွင်း လဲ….။*
ရွှီပေါ်အန်း လျှောက်လာသည်ကို မြင်သောအခါ ထျန်ရှောင်ထုန်သည် အလျင်အမြန်ပင် ကားတံခါးကို ဖွင့်ပေးလိုက်လေသည်။
ရွှီပေါ်အန်းသည် စီမံကိန်းမန်နေဂျာတစ်ဦး ဖြစ်စဉ်က ဤကဲ့သို့သော ဆက်ဆံမှုကို မည်သည့်အခါမျှ မခံစားခဲ့ရဖူးသဖြင့် အလွန်တရာ စိတ်လှုပ်ရှားသွားခဲ့လေ၏။
*အစိုးရရုံးတွေက အဘိုးကြီးတွေက ဘဝကို ဘယ်လို ခံစားရမလဲဆိုတာ တကယ် သိကြတာပဲ...။*
ကားပေါ်ရောက်သည်နှင့် ရွှီပေါ်အန်းသည် သင်းပျံ့သော ရနံ့တစ်ခု သူ့ဆီသို့ လွင့်ပျံလာသည်ကို ခံစား လိုက်ရပြီး သူ၏ နှာခေါင်းကို အလိုအလျောက် နှစ်ချက်ခန့် ရှုံ့လိုက်မိလေသည်။
ထျန်ရှောင်ထုန်က ခေါင်းကိုလှည့်ကာ ပြုံးလျက် ရှင်းပြလိုက်လေ၏။
"တောင်းပန်ပါတယ် အင်ဂျင်နီယာချုပ်ရွှီ...။ ကားကို အသုံးမပြုတာ ကြာပြီဖြစ်လို့ အနံ့နည်းနည်း ထွက်နေတာနဲ့ ကျွန်မ ရေမွှေးနည်းနည်း ဆွတ်ထားလိုက်လို့ပါ...။ အနံ့က နည်းနည်းပြင်းသွားလား ဟင်....။"
ရွှီပေါ်အန်းက ပြုံးလိုက်ပြီး စဉ်းစားဟန်ဖြင့် ပြောလိုက်လေသည်။
"မပြင်းပါဘူး...။ မွှေးပါတယ်... အရမ်းမွှေးတယ်...။"
*လူတွေ ဘာကြောင့် အပေါ်ကို အသည်းအသန် တက်ချင်နေကြလဲဆိုတာ အံ့သြစရာ မဟုတ်ပါဘူး...။ ဒီလို ဆက်ဆံခံရမှု၊ ဒီလို နေထိုင်မှုပုံစံက တကယ်ကို ကောင်းတာပဲ...။*
ရွှီပေါ်အန်းသည် ခေတ္တမျှ အိပ်ငိုက်သွားပြီး မကြာမီ ကားသည် ရွိုင်ရယ်ဒိုင်နက်စတီ ဟိုတယ်သို့ ရောက်ရှိသွားခဲ့လေသည်။
ထျန်ရှောင်ထုန်သည် အနောက်ရှိ ကားပါကင်အတွင်းသို့ ကားကို နောက်ဆုတ်ဝင်ရန် အခက်အခဲ ဖြစ်နေခဲ့လေ၏။
ရုတ်တရက် အဖြူရောင် တိုယိုတာ ဟိုင်းလန်းဒါး ကားတစ်စီးသည် ၎င်းတို့၏အနောက်မှ ကျော်တက် သွားပြီး ထျန်ရှောင်ထုန် နောက်ဆုတ်ဝင်မည့် ကားပါကင်နေရာသို့ တိုက်ရိုက် ဝင်ရောက်ရပ်နားလိုက် လေသည်။
"ဟယ်... ဒီလူ ဘာဖြစ်နေတာလဲ...။"
ထျန်ရှောင်ထုန်က စိုးရိမ်တကြီးဖြင့် ကားဟွန်းကို တီးလိုက်လေ၏။
သို့သော် ကားထဲရှိ လူများက ၎င်းတို့ကို လုံးဝ လျစ်လျူရှုကာ ကားကိုရပ်ပြီး မောက်မာစွာဖြင့် ထွက်သွားကြလေသည်။
"ရပါတယ်... ရှေ့မှာ ကားပါကင်နေရာတစ်ခု ရှိသေးတယ်...။ ဘေးကနေ ဝင်လို့ရပါတယ်...။"
ရွှီပေါ်အန်းက သူမကို စိတ်သက်သာရာရစေရန် ပြောလိုက်လေသည်။
အကယ်၍ ထျန်ရှောင်ဟူသာ ဤမြင်ကွင်းကို မြင်လိုက်ရပါက သူ ဒေါသထွက်သွားမည်မှာ သေချာ လှပေသည်။
ထျန်ရှောင်ထုန်က အနည်းငယ် ကြောက်ရွံ့စွာဖြင့် ပြောလာခဲ့လေ၏။
"အင်ဂျင်နီယာချုပ်ရွှီ...။ ကျွန်မရဲ့ ဘေးတိုက် ကားပါကင်ထိုးတဲ့ စွမ်းရည်က သိပ်မကောင်းလို့ အဲ့ဒီ နေရာမှာ ရပ်လို့မရဘူး ထင်တယ်ရှင်...။"
ရွှီပေါ်အန်းက အားရပါးရ ရယ်မောလိုက်လေသည်။
"စိတ်မပူပါနဲ့...။ လူတိုင်းမှာ ပထမဆုံးအကြိမ်ဆိုတာ ရှိတာပဲလေ...။ ပထမဆုံးအကြိမ် ဝင်ဖို့က ဘယ် တော့မှ မလွယ်ပါဘူး...။ နောက်ထပ် အကြိမ်အနည်းငယ် ကြိုးစားကြည့်လိုက်ရင် အသားကျသွားမှာပါ ...။ ပြီးတော့ ဒါက မင်းအမှားမှ မဟုတ်တာ... ဒီလောက် ကြီးမားတဲ့ ဟိုတယ်ကြီးမှာ ဧည့်သည်တွေ အတွက် ကားပါကင်ထိုးပေးမယ့် ဝန်ထမ်း မရှိဘူးလို့ ဘယ်သူကများ ပြောလဲ...။"
ရွှီပေါ်အန်း၏ နှစ်သိမ့်စကားများကို ကြားသောအခါ ထျန်ရှောင်ထုန်သည် ရှင်းပြ၍မရသော သက် တောင့်သက်သာဖြစ်မှုကို ခံစားလိုက်ရလေ၏။ အကြိမ်အနည်းငယ် ကြိုးစားပြီးနောက် သူမသည် ကားကို ဘေးတိုက် ကားပါကင်နေရာသို့ အမှန်တကယ်ပင် ရပ်နားနိုင်ခဲ့လေသည်။
ထျန်ရှောင်ထုန်သည် ရုတ်တရက် အောင်မြင်မှုတစ်ခုကို ခံစားလိုက်ရပြီး သူမကိုယ်သူမ တကယ်ကို အံ့ဩစရာကောင်းသည်ဟု ထင်မှတ်လိုက်မိလေ၏။
သူမ၏ ကားပါကင်နေရာကို အလုခံရခြင်းကြောင့် ခံစားရသော အပျက်သဘောဆောင်သည့် ခံစားချက် များသည်လည်း သိသိသာသာ လျော့ကျသွားခဲ့လေသည်။
အရှေ့မှ လျှောက်သွားနေသော ရွှီပေါ်အန်းကို ကြည့်ရင်း ထျန်ရှောင်ထုန်၏ စိတ်ထဲတွင် ရုတ်တရက် စကားလုံးတစ်လုံး ပေါ်လာခဲ့လေ၏။
*နွေးထွေးတဲ့ အမျိုးသားပဲ...။*
*ခင်ပွန်းရှာမယ်ဆိုရင် ကိုယ့်ကို ဂရုစိုက်နိုင်မယ့် ကိုယ့်ထက် အသက်ကြီးတဲ့သူကို ရှာသင့်တယ်လို့ လူတော်တော်များများက ပြောကြတာ အံ့သြစရာတော့ မဟုတ်ဘူး...။*
"ဖျန်း... ဖျန်း... ဖျန်း... "
*ထျန်ရှောင်ထုန်...။ မင်း ဘာတွေ တွေးနေတာလဲ...၊ မင်းက နုပျိုလှပတဲ့ မိန်းကလေးတစ်ယောက်လေ..။ ဒီလို အဘိုးကြီးမျိုးကို ဘယ်လိုလုပ် စိတ်ဝင်စားနိုင်မှာလဲ...။*
ထျန်ရှောင်ထုန်သည် ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်ကာ လိုက်သွားခဲ့လေသည်။
ညစာစားပွဲ ခန်းမထဲသို့ ဝင်လိုက်သည်နှင့် ရင်းနှီးနေသော ပုံရိပ်တစ်ခု သူမဆီသို့ လျှောက်လာသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရလေ၏။
"အို... ဒါ ရှောင်ထုန် မဟုတ်လား...။ ဒီညစာစားပွဲကို မင်း တက်ရောက်ခွင့်ရမယ်လို့ ငါ မထင်ထားမိခဲ့ ဘူး...။"
အခန်း (၆၆)
အလုပ်ကောင်းများ
ထိုစကားကို ကြားသောအခါ ရွှီပေါ်အန်း၏ မျက်နှာပေါ်တွင် မကျေနပ်မှုတစ်ခု ဖြတ်ပြေးသွားခဲ့ပြီး အသံလာရာ အရပ်သို့ ကြည့်လိုက်လေသည်။
ထို့နောက် ချီပေါင်းဝတ်စုံနှင့် အမျိုးသမီးတစ်ဦးသည် သူမ၏ တင်ပါးကို လှုပ်ခါကာ ဂုဏ်ယူဝင့်ကြွား နေသော ငန်းဖြူမလေးတစ်ကောင်ကဲ့သို့ လျှောက်လာခဲ့လေ၏။
သူမ၏ဘေးတွင် ရုပ်ရည်ချောမောသော အမျိုးသားတစ်ဦး ရှိနေသော်လည်း သူ၏ မျက်လုံးများမှာမူ အနည်းငယ် ရှက်ရွံ့နေပြီး သက်တောင့်သက်သာမရှိ ဖြစ်နေပုံရလေသည်။
"သူ့ကို သိလို့လား...။"
ရွှီပေါ်အန်းက ထျန်ရှောင်ထုန်ကို ဘေးတိုက်ကြည့်ကာ မေးလိုက်လေသည်။
ချီပေါင်းဝတ်စုံနှင့် အမျိုးသမီးအပေါ် ထျန်ရှောင်ထုန်၏ အကြည့်များမှာ အနည်းငယ် အေးစက်နေခဲ့ လေ၏။ ရွှီပေါ်အန်း၏ စကားကို ကြားသောအခါ သူမသည် ချက်ချင်းပင် အကြည့်လွှဲလိုက်ပြီး အတင်း ပြုံးကာ ပြောလိုက်လေသည်။
"တက္ကသိုလ်က အတန်းဖော်ပါ...။"
ချီပေါင်းဝတ်စုံနှင့် အမျိုးသမီးနှင့် သူမ၏ အဖော်အမျိုးသားသည် ထျန်ရှောင်ထုန်ထံသို့ အလျင်အမြန် ချဉ်းကပ်လာခဲ့လေ၏။
ချီပေါင်းဝတ်စုံနှင့် အမျိုးသမီးသည် အရပ်အနည်းငယ် ပုပြီး ထျန်ရှောင်ထုန်နှင့် စကားပြောသောအခါ လည်ပင်းကို မော့ထားသော ကြက်ဖတစ်ကောင်ကဲ့သို့ အပေါ်သို့ မော့ကြည့်ရလေသည်။
"ရှောင်ထုန်...၊ မတွေ့တာ ကြာပြီနော်...။ နင် အရမ်းပင်ပန်းနေပုံရတယ်...။ အလုပ်က ဖိအားတွေကြောင့် လား...။"
ထျန်ရှောင်ထုန်က အနည်းငယ် မှုန်ကုပ်နေသော အမူအရာဖြင့် ပြန်လည်ဖြေကြားလိုက်လေ၏။
"အဆင်ပြေပါတယ်...။"
"အို... နင်က ဘာလို့များ ဒီလိုလုပ်ရတာလဲ...။ ငါတို့ ကျောင်းပြီးတုန်းက ကုမ္ပဏီ (၁) မှာ ငါ့အတွက် အလုပ်လာလုပ်ဖို့ ပြောခဲ့တာကို နင်က ကုမ္ပဏီ (၂) ကိုပဲ သွားမယ်ဆိုပြီး အတင်းလုပ်ခဲ့တာလေ... ။အခု ဘာဖြစ်သွားလဲ ကြည့်ပါဦး...။ ငါ နင့်ကိုတောင် ဂရုမစိုက်နိုင်တော့ဘူး...၊ ငါ နင့်ကိုပြောပြမယ်...။ ဥက္ကဋ္ဌ အသစ် စူးထိုက်နဲ့ ငါ့အဖေက အသိဟောင်းတွေလေ...။ သူတို့ ငယ်ငယ်တုန်းက အတူတူရိုက်ထားတဲ့ ဓာတ်ပုံတောင် ရှိသေးတယ်...။"
"ကျေးဇူးတင်ပါတယ်...။ ငါ အဆင်ပြေပါတယ်...။"
ထျန်ရှောင်ထုန်က အနေရခက်စွာ ပြုံး၍ ပြောလိုက်လေသည်။
"ဒါက ဘာများ ကောင်းလို့လဲ...။ ဒီခေတ်မှာ အဆက်အသွယ် ဒါမှမဟုတ် နောက်ခံမရှိရင် နင် ဘယ် လောက်တောင် တော်နိုင်မှာလဲ...။"
ချီပေါင်းဝတ်စုံနှင့် အမျိုးသမီးက မထီမဲ့မြင်ပြောလိုက်ပြီးနောက် သူမ၏ အဖော်အမျိုးသား၏ ပခုံးကို ဟန်ရေးပြကာ ပုတ်လိုက်လေ၏။
"ဝေ့ကိုပဲ ကြည့်ပါလား...။ သူ အလုပ်လုပ်တာ လအနည်းငယ်ပဲ ရှိသေးပေမဲ့ ဌာနရဲ့ အဓိကအဖွဲ့ဝင် ဖြစ် နေပြီ...။ အတွေ့အကြုံရဖို့ နောက်လကျရင် ဘက်စုံဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူးအဖြစ် အလုပ်လုပ်ဖို့ စီမံကိန်းတစ်ခုကို စေလွှတ်မယ်လို့ ငါ့အဖေက ပြောတယ်...။"
ထျန်ရှောင်ထုန်က နှုတ်ခမ်းကိုကိုက်ကာ အနည်းငယ် အနေရခက်သော အပြုံးတစ်ခုဖြင့် အတင်းပြုံး၍ ပြောလိုက်လေသည်။
"ဂုဏ်ယူပါတယ်...။"
အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှုများ၏ ကောင်းချီးကို ရရှိပြီးနောက် ရွှီပေါ်အန်း၏ အကဲ ခတ်နိုင်စွမ်းမှာ များစွာ ထက်မြက်လာခဲ့လေ၏။
ထိုအချိန်တွင် ထျန်ရှောင်ထုန်၏ နှလုံးခုန်နှုန်း မြန်လာသည်ကို သူ ရှင်းလင်းစွာ ခံစားလိုက်ရလေသည်။
ထို့အပြင် သူမသည် စိုးရိမ်ပူပန်မှုများနှင့် မသက်မသာ ဖြစ်နေပုံရပြီး သူမ၏ စကားပြောဆိုမှုမှာလည်း သဘာဝမကျ ဖြစ်နေခဲ့လေ၏။
ထျန်ရှောင်ထုန်သည် သူမ၏အရှေ့ရှိ လူနှစ်ဦးနှင့် အဆင်မပြေဖြစ်နေကြောင်း ရွှီပေါ်အန်းက အလွယ် တကူပင် ကောက်ချက်ချလိုက်နိုင်ပေသည်။
ရွှီပေါ်အန်းက ပေါ့ပေါ့ပါးပါးပင် ကြားဖြတ်ပြောလိုက်လေ၏။
"ထန်လေး...။ မင်းတို့အားလုံးက အတန်းဖော်တွေပဲလေ...၊ မင်းက ဘာလို့များ ဒီလောက်တောင် နှိမ့်ချ နေရတာလဲ... မင်းရဲ့ သတင်းကောင်းကို အတန်းဖော်ဟောင်းတွေနဲ့ ဘာလို့ မမျှဝေတာလဲ...။"
ရွှီပေါ်အန်း၏ စကားကို ကြားသောအခါ ထျန်ရှောင်ထုန်က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် မသိမသာ မေးလိုက်လေသည်။
"ဘာကို မျှဝေရမှာလဲဟင်...။"
ရွှီပေါ်အန်းက ခေါင်းခါလိုက်ပြီး ပြောလိုက်လေ၏။
"ဟူး... မင်းက အရမ်းကို နှိမ့်ချလွန်းတာပဲ...။ အောက်ခြေ စီမံကိန်းတစ်ခုမှာ ဘက်စုံဌာနရဲ့ အကြီးအကဲ ဖြစ်တာကို မင်းက အထင်မကြီးပေမဲ့ မင်းက ဌာနတစ်ခုရဲ့ အကြီးအကဲ ဖြစ်နေတုန်းပဲလေ...။ တဖြည်း ဖြည်းချင်း တိုးတက်အောင် လုပ်ပါ...။ မင်းက အရမ်းထူးချွန်တာပဲ...၊ စိတ်မပူပါနဲ့...။"
ထျန်ရှောင်ထုန် မေးခွန်းတစ်ခု မမေးနိုင်မီမှာပင် ချီပေါင်းဝတ်စုံနှင့် အမျိုးသမီးက အလျင်စလို ပြော လိုက်လေသည်။
"ဘာ... အထွေထွေရေးရာဌာနရဲ့ အကြီးအကဲ...၊ အချိန်ပြည့်ရာထူးလား...။"
ရွှီပေါ်အန်းက အန္တရာယ်မရှိသော အပြုံးတစ်ခုကို ပြသလိုက်လေ၏။
"ဟုတ်တယ်... မင်းက သူမရဲ့ အတန်းဖော်ပဲ...။ ထျန်ရှောင်ထုန်လို ထူးချွန်တဲ့သူတစ်ယောက်က ယွမ် သန်းရာဂဏန်းပဲတန်တဲ့ စီမံကိန်းတစ်ခုမှာ အထွေထွေရုံးခန်းရဲ့ ညွှန်ကြားရေးမှူး ဖြစ်နေတာ နည်းနည်း တော့ နှမြောစရာကောင်းတယ်လို့ မင်းလည်း မထင်ဘူးလား...။"
ထျန်ရှောင်ထုန်မှာ လုံးဝကို ဆွံ့အသွားခဲ့ပြီး ဘာပြောရမှန်းပင် မသိတော့ချေ။
*ငါ ဘယ်တုန်းက အထွေထွေရေးရာဌာနရဲ့ အကြီးအကဲ ဖြစ်သွားတာလဲ...။*
*ငါ ဘယ်လိုလုပ် ဘာမှမသိရတာလဲ...။*
*ငါ ဒီရောက်တာ သိပ်မကြာသေးဘူး...။ ငါ့မှာ အဲ့ဒီ အရည်အချင်း မရှိသေးဘူးလေ...။*
*မကျေမနပ်ဖြစ်နေတာလား... နင်က မကျေမနပ်ဖြစ်နေတာလား...။ အကယ်၍သာ တကယ်ဆိုရင် ငါ ဝမ်းသာလွန်းလို့ အရူးတောင် ဖြစ်သွားနိုင်တယ်...။*
*အင်ဂျင်နီယာချုပ်ရွှီ... ရှင်က ကျွန်မကို တခြားတစ်ယောက်ယောက်နဲ့ မှားလောက်တဲ့အထိ မေ့တတ် တာမျိုးတော့ မဟုတ်ဘူး မလား...။*
"ဖြစ်နိုင်...။"
ထျန်ရှောင်ထုန် မရှင်းပြနိုင်မီမှာပင် ရွှီပေါ်အန်းက ဝင်ပြောလိုက်လေသည်။
"ဘာတွေ လျှို့ဝှက်နေတာလဲ...။ ငါတို့အားလုံးက အတန်းဖော်ဟောင်းတွေပဲလေ...။ ဘာတွေများ ပြောလို့မရတာ ရှိလို့လဲ...။ မင်းက အစိုးရရုံးမှာပဲ နေချင်တယ်ဆိုတာ ငါ သိပါတယ်...။ ဒါပေမဲ့ ပြင်းထန် တဲ့ အအေးဒဏ်ကို မခံစားရဘဲ တရုတ်ဆီးပွင့်ရဲ့ မွှေးရနံ့ကို ဘယ်လိုလုပ် ခံစားနိုင်မှာလဲ...။ ဟုတ်တယ် မလား...။ ပြီးတော့ ငါတို့ ကုမ္ပဏီမှာ ရုံးခန်းညွှန်ကြားရေးမှူး နေရာက လစ်လပ်နေသေးတယ်ဆိုတာ မင်း လည်း သိတာပဲလေ...။ အောက်ခြေမှာ နှစ်နှစ်လောက် အတွေ့အကြုံ ယူပြီးရင် ရုံးခန်းညွှန်ကြားရေးမှူး နေရာက သေချာပေါက် မင်းအတွက် ပြန်ဖြစ်လာမှာပါ...။"
နောက်ဆုံးတွင် ချီပေါင်းဝတ်စုံနှင့် အမျိုးသမီးမှာ ဆက်၍ သည်းမခံနိုင်တော့ပေ။
"ဘယ်လောက်တောင် ရယ်စရာကောင်းတဲ့ စကားလဲ...။ မဖြစ်နိုင်ဘူး...၊ လုံးဝ မဖြစ်နိုင်ဘူး...။ သာမန် လူတစ်ယောက်က ဘယ်လိုလုပ် အထွေထွေရုံးခန်းရဲ့ ညွှန်ကြားရေးမှူး ဖြစ်နိုင်မှာလဲ...။ ပြီးတော့ ကုမ္ပဏီ ရုံးချုပ်မှာ ဌာနမှူးတစ်ယောက် ဖြစ်ဖို့ အနည်းဆုံးတော့ စီမံကိန်းတစ်ခုရဲ့ ဒုတိယ အထွေထွေမန်နေဂျာ အရည်အချင်းရှိမှ ရာထူးတိုးခံရမှာ မဟုတ်ဘူးလား...။"
ရွှီပေါ်အန်းက ခေါင်းခါလိုက်ပြီး ပြောလိုက်လေ၏။
"ရှောင်ထုန်က အရမ်းထူးချွန်တာလေ...။ သူမက ဘယ်လိုလုပ် သာမန်လူတစ်ယောက် ဖြစ်နိုင်မှာလဲ...။ ငါတို့ ကုမ္ပဏီရဲ့ အလုပ်ခန့်ထားမှု စံနှုန်းက အမြဲတမ်း အရည်အချင်းအပေါ် အခြေခံပြီး ခန့်အပ်တာဖြစ် ပြီးတော့ သမားရိုးကျ အစဉ်အလာတွေနဲ့ ကန့်သတ်မထားပါဘူး...။"
"ရှင်က ဘယ်သူလဲ...။"
ချီပေါင်းဝတ်စုံနှင့် အမျိုးသမီးက ဇွတ်တရွတ် မေးလိုက်လေသည်။
ရွှီပေါ်အန်းက ပြုံးနေသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ချေ။
ထိုစဉ် မဝေးလှသော နေရာတွင် ရှိနေသော စူးထိုက်က ရွှီပေါ်အန်းကို မြင်သွားပြီး သူ၏ဆီသို့ လျှောက် လာခဲ့လေ၏။
ချီပေါင်းဝတ်စုံနှင့် အမျိုးသမီး၏ ဘေးမှ အမျိုးသားသည်လည်း စူးထိုက်ကို မြင်လိုက်ရသဖြင့် သူမအား လျှို့ဝှက်စွာ အလျင်အမြန် သတိပေးလိုက်လေသည်။
ထိုစကားကို ကြားသောအခါ ချီပေါင်းဝတ်စုံနှင့် အမျိုးသမီးက ဘေးတိုက်ကြည့်လိုက်လေ၏။ စူးထိုက် လျှောက်လာသည်ကို မြင်သောအခါ သူမသည် အလျင်အမြန်ပင် မျက်နှာချိုသွေးသော အပြုံးဖြင့် နှုတ်ဆက်လိုက်လေသည်။
"မင်္ဂလာပါ ဥက္ကဋ္ဌစူး... ကျွန်မရဲ့ ဖခင်က ကုမ္ပဏီတစ်ခုရဲ့ ဒုတိယ အထွေထွေမန်နေဂျာ လျှိုဟွာဝမ်ပါ...။ သူက ရှင့်အကြောင်း မကြာခဏ ပြောပြတာ ကြားဖူးပါတယ်...။ ကျွန်မ ရှင်နဲ့အတူ ဂုဏ်ပြုအရက်တစ် ခွက်လောက် သောက်ချင်ပါတယ်ရှင်...။"
ထိုသို့ပြောပြီးနောက် ချီပေါင်းဝတ်စုံနှင့် အမျိုးသမီးသည် စားပွဲထိုး၏ လင်ပန်းပေါ်မှ အရက်ကို ယူလိုက် ပြီး တစ်ခွက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်လေ၏။
စူးထိုက်သည် ရိုးရှင်းစွာပင် အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး သူမကို လုံးဝ လျစ်လျူရှုထားလိုက်လေ သည်။
သူ၏ အဆင့်အတန်းအရ ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် လူတိုင်း၏ ဖိတ်ကြားချက်များကို လက်ခံမည်ဆိုလျှင် သူသည် မူးယစ်သွားမည်မှာ သေချာလှပေသည်။
၎င်းတို့က ရွှီပေါ်အန်း၏ အရက်နာကျဆေးက ကူညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေကြသော်လည်း မည်သူကမျှ ၎င်းတို့၏ အစာအိမ်ကို ဒုက္ခမပေးချင်ကြချေ။
ထို့အပြင် သူမ၏ ဖခင်မှာ ရုံးခွဲတစ်ခု၏ ဒုတိယ အထွေထွေမန်နေဂျာတစ်ဦးသာ ဖြစ်သဖြင့် စူးထိုက်နှင့် ဂုဏ်ပြုအရက် သောက်မည်ဆိုပါက သူကိုယ်တိုင် လာရောက်ခြင်းကသာ ပို၍ သင့်လျော်ပေလိမ့်မည်။
သူမက ဒုတိယမျိုးဆက် သူဌေးသားသမီးတစ်ဦးသာ ဖြစ်ပြီး ထိုသို့ ပြုမူရန် လုံးဝ မထိုက်တန်ချေ။
စူးထိုက်က ရွှီပေါ်အန်းကို ကြည့်လိုက်သောအခါ သူ၏ အပြုံးသည် ပိုမိုနက်ရှိုင်းလာခဲ့လေ၏။
"ညီလေး...၊ မင်းရောက်နေတာပဲ... လာ...၊ အထဲဝင်ရအောင်...။"
သူ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း...။ ဤရှုပ်ထွေးနေသော အခြေအနေမှ သူ့ကို ကယ်တင်ပေးရန် ရွှီပေါ်အန်း၏ အရက်နာကျဆေးကို သူ အားကိုးနေခဲ့ရခြင်း ဖြစ်လေ၏။
ချီပေါင်းဝတ်စုံနှင့် အမျိုးသမီး၏ မျက်နှာထားမှာ ခက်ထန်သွားခဲ့လေသည်။
*ဥက္ကဋ္ဌစူးက ဘာလို့ ဒီအမျိုးသားကို "ညီလေး" လို့ ခေါ်နေရတာလဲ...။*
*ငါ့အဖေက ဥက္ကဋ္ဌစူးနဲ့ ရင်းနှီးတယ်ဆိုပြီး ခုလေးတင်ကမှ ကြွားလုံးထုတ်ထားတာလေ...။ ဒါက ကွမ်ယွီ ရှေ့မှာ စွမ်းရည်ပြသနေတာနဲ့ အတူတူပဲ...။*
ရွှီပေါ်အန်းက ထျန်ရှောင်ထုန်ကို လက်ညှိုးထိုးပြကာ စူးထိုက်အား ပြုံး၍ မိတ်ဆက်ပေးလိုက်လေ၏။
"ဥက္ကဋ္ဌစူး... လာပါ... လာပါ...။ ကျွန်တော် မိတ်ဆက်ပေးပါရစေ...။ ဒါက ကျွန်တော်တို့ ဒုတိယ ဆောက်လုပ်ရေးကုမ္ပဏီက လူငယ်ပါရမီရှင်လေး ထျန်ရှောင်ထုန်ပါ...။ သူမက မြို့ဟောင်း စီမံကိန်း အသစ်ရဲ့ အထွေထွေရုံးခန်း ညွှန်ကြားရေးမှူးလေ...။"
"မင်္ဂလာပါ ဥက္ကဋ္ဌစူး...။"
ထျန်ရှောင်ထုန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ပြီး စူးထိုက်နှင့် ဂုဏ်ပြုအရက် သောက်ရန်အတွက် အရက်ခွက်ကို ကိုင်လိုက်လေသည်။
စူးထိုက်က အလွန်ဖော်ရွေစွာဖြင့် ထျန်ရှောင်ထုန်နှင့် ခွက်ချင်းတိုက်လိုက်ပြီးနောက် အံ့သြစရာကောင်း လောက်အောင်ပင် ခေါင်းကို နောက်သို့လှန်ကာ သူ၏ခွက်ထဲရှိ အရက်ကို တစ်ကျိုက်တည်းဖြင့်သာ သောက်ချလိုက်လေ၏။
ထျန်ရှောင်ထုန်၏ အတန်းဖော်သည် ထိုမြင်ကွင်းကို မြင်သောအခါ မှင်သက်သွားခဲ့ရလေသည်။
*ငါ ဂုဏ်ပြုအရက် တိုက်တုန်းကဆိုရင် တစ်ငုံတောင် မသောက်ဘဲနေတာ...။ သောက်ဖို့ဆိုတာ ဝေလာ ဝေးပဲ...။*
*ထျန်ရှောင်ထုန်က ဒီလောက်ပဲ သောက်တာတောင် တစ်ဖက်လူက အများကြီး သောက်ပြတယ်...။*
သူမ၏ ဖခင်ဖြစ်သူ ရုံးခွဲ၏ ဒုတိယ အထွေထွေမန်နေဂျာကိုယ်တိုင် စူးထိုက်နှင့် ဂုဏ်ပြုအရက် သောက် သည့်အချိန်၌ပင် ဤမျှလောက် မျက်နှာသာပေးခြင်း မခံခဲ့ရကြောင်း သိထားသင့်ပေသည်။
*ကျွမ်းကျင်သူတစ်ယောက်ရဲ့ရှေ့မှာ ငါ့ရဲ့ အကန့်အသတ်ရှိတဲ့ စွမ်းရည်တွေကို ပြသပြီး တကယ်ကို လူရယ်စရာ ဖြစ်အောင် လုပ်မိတာပဲ...။*
ရွှီပေါ်အန်းက သူမအား အပြုံးတစ်ဝက်ဖြင့် ကြည့်နေသည်ကို မြင်သောအခါ ချီပေါင်းဝတ်စုံနှင့် အမျိုး သမီးသည် ချက်ချင်းပင် ရှက်ရွံ့သောအမူအရာကို ပြသလိုက်လေ၏။
ထိုအရာကို မြင်သောအခါ ရွှီပေါ်အန်းသည် အလွန်တရာ စိတ်လှုပ်ရှားသွားခဲ့လေသည်။
*လူငယ်တွေက တကယ်ကို ရှက်တတ်တာပဲ...။*
*မင်းက ဒီကိစ္စလေးကိုတောင် မဖြေရှင်းနိုင်ဘူးလား...။*
*ထျန်ရှောင်ထုန်သာ ဒီလောက် မငယ်ဘူးဆိုရင် သူမကို ရုံးခန်းညွှန်ကြားရေးမှူးလို့ ငါ ထင်မိမှာပဲ...။*
*ငါက တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီရဲ့ အကြီးအကဲလေ...။ ငါနဲ့အတူ လာတဲ့သူက အောက်ခြေဝန်ထမ်း တစ်ယောက်မှန်း တခြားသူတွေ သိသွားရင် ငါ ရှက်ရမှာပေါ့...။*
ရွှီပေါ်အန်း ရှက်သည်ဖြစ်စေ၊ မရှက်သည်ဖြစ်စေ မည်သူမျှ မသိနိုင်ချေ။
သို့သော် ထိုအချိန်တွင် ချီပေါင်းဝတ်စုံနှင့် အမျိုးသမီးသည် အလွန်အမင်း အရှက်ရသွားသကဲ့သို့ ခံစား လိုက်ရလေ၏။
*ထျန်ရှောင်ထုန်က တကယ်ကို စီမံကိန်းရဲ့ အထွေထွေရေးရာ အကြီးအကဲပဲ...။ မဟုတ်ရင် ဥက္ကဋ္ဌစူးရဲ့ ရှေ့မှာ ဘယ်သူက အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ပြောရဲမှာလဲ...။*
အထွေထွေရေးရာ ပြီးတော့ အဲ့ဒါက မြို့ဟောင်းမှာရှိတဲ့ တည်ဆောက်ရေး စီမံကိန်းအသစ်လို အရည် အသွေးမြင့် စီမံကိန်း တစ်ခုလေ…။ဒါက အရမ်းကို အားကျစရာ ကောင်းတာပဲ...။ အထွေထွေရေးရာ
ချီပေါင်းဝတ်စုံနှင့် အမျိုးသမီးသည် အနည်းငယ် မကျေမနပ်ဖြစ်သွားပြီး သူမကိုယ်သူမ လျှို့ဝှက်စွာ ညည်းညူလိုက်လေ၏။
*အလုပ်ကောင်းတွေဆိုတာ အေအိုင်ဒီအက်စ် ရောဂါလိုမျိုးပဲ... သွေး၊ မိခင်မှ ကလေးသို့ ကူးစက်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ အဆက်အသွယ် ဆိုတဲ့ နည်းလမ်း သုံးသွယ်ကနေပဲ ကူးစက်နိုင်တယ်လို့ ငါ ကြားဖူးပါ တယ်...။*
*ထျန်ရှောင်ထုန်က ဘယ်နည်းလမ်းကို အသုံးပြုခဲ့တာလဲ မသိဘူး...။*
*ဒါက သေချာပေါက် တတိယနည်းလမ်းပဲ မဟုတ်လား...။ ဒီလူများ ဖြစ်နေမလား...။*
*ဒီအမျိုးသားက ဘယ်သူလဲ...၊ သူက အဲ့လောက် အသက်ကြီးပုံမပေါ်ဘူး...။ သူက ဒုတိယ၏ အထွေ ထွေမန်နေဂျာ ဖြစ်တဲ့ ငါ့အဖေထက်တောင် ပိုအာဏာရှိနေမလား...။*
ထိုအတွေးသည် သူမ၏ စိတ်ထဲ၌ ဖြစ်ပေါ်လာရုံသာ ရှိသေးချိန်တွင် အဝေးမှ လူတစ်ဦး အလျင်အမြန် လျှောက်လာပြီး ရွှီပေါ်အန်းထံသို့ လက်ကမ်းပေးလိုက်သည်ကို မြင်တွေ့လိုက်ရလေ၏။
ချီပေါင်းဝတ်စုံနှင့် အမျိုးသမီးမှာ အံ့သြတကြီးဖြင့် မျက်လုံးပြူးသွားခဲ့လေတော့သည်။