← Chapters

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း။ ၈၁

လူအားလုံး တောင်အောက်သို့ ဆင်းသွားကြပြီးနောက် ကျောက်ယီသည် စားပွဲများကို သိမ်းဆည်းကာ ဒုတိယထပ်တွင် ဝမ်ပင်း၏ဘေး၌ တိတ်ဆိတ်စွာ ရပ်နေသည်။

အမှန်စင်စစ် ကျောက်ယီသည် စကားနည်းသူတစ်ယောက် မဟုတ်သော်လည်း ဝမ်ပင်း၏ဘေးတွင် ရပ်နေရသည့်အခါ ခန့်ညားထည်ဝါသော အရှိန်အဝါကြောင့် စကားမပြောရဲဘဲ ဖြစ်နေရခြင်းပင်။

အထူးသဖြင့် ယခုရက်ပိုင်းအတွင်း နက်နဲသောနယ်ပယ်က ကျင့်ကြံသူများပင် ဝမ်ပင်း၏အကူအညီကို လာရောက်တောင်းခံနေကြသည်ကို မြင်ရပြီးနောက် သူ၏ရင်ထဲတွင် ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်နေတော့သည်။

"မင်း ငါတို့မသေမျိုးဂိုဏ်းရဲ့ ကျင့်ကြံရေးနယ်မြေတွေကို တွေ့ပြီးပြီမလား။ ဆွဲငင်အားစက်ကွင်း၊ အိပ်ဆောင်ဧရိယာနဲ့ သားရဲရိုင်းစမ်းသပ်ကွင်းတွေကိုလေ"

ကျောက်ယီက ခေါင်းညိတ်ပြကာ "ဟုတ်ကဲ့... ဂိုဏ်းချုပ် ကျွန်တော် အကုန်လုံးကို မြင်ဖူးပါတယ်" ဟု ပြန်ဖြေသည်။

"မင်းမှာ ငွေကြေးမရှိဘူးဆိုတာ ငါသိပါတယ်။ ဒါကြောင့် မင်းအတွက် အလုပ်အကိုင် အခွင့်အလမ်းတစ်ခု ပေးမလို့ပဲ။ ဒီနေ့ကစပြီး ယွင်လန်တောင် တစ်တောင်လုံး သန့်ရှင်းရေးလုပ်ဖို့ တာဝန်ကို မင်းကို ပေးအပ်မယ်။ အလုပ် တစ်နာရီလုပ်ရင် ဆွဲငင်အားစက်ကွင်း ဒါမှမဟုတ် သားရဲရိုင်းစမ်းသပ်ကွင်း တစ်ခုခုမှာ တစ်နာရီ ကျင့်ကြံခွင့်ပေးမယ်။ တစ်နေ့ကို သုံးနာရီ အလုပ်လုပ်မယ်ဆိုရင် တည်းခိုခကိုလည်း ကင်းလွတ်ခွင့်ပေးမယ်"

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်"

ကျောက်ယီသည် အလွန်အမင်း ဝမ်းသာအားရဖြင့် ချက်ချင်းပင် ဦးညွှတ်လိုက်သည်။ အမှန်အတိုင်းပြောရလျှင် သူသည် ဤကိစ္စအတွက် ရက်အတော်ကြာ စိုးရိမ်နေခဲ့ရခြင်းပင်။ အထူးသဖြင့် ထိုကျင့်ကြံရေးနယ်မြေများ၏ ထူးခြားချက်ကို သိရှိပြီးနောက် သူသည် ကျင့်ကြံချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေခဲ့သည်။

ဟွမ်ယီ၊ ရန်လီလီနှင့် အခြားသူများက သူ့ကို တစ်ရက်၊ နှစ်ရက် ကူညီပေးနိုင်သော်လည်း ထာဝရတော့ မကူညီနိုင်ချေ။ ယခု ဝမ်ပင်းက ဤကဲ့သို့ အလုပ်စနစ်တစ်ခု မိတ်ဆက်ပေးလိုက်

ခြင်းမှာ သူ့အတွက် လက်ရှိအချိန်တွင် အလွန်ကြီးမားသော အကူအညီဖြစ်သည်။

တစ်နေ့လျှင် သုံးနာရီ ကျင့်ကြံနိုင်မည်ဆိုပါက တစ်နှစ်အတွင်း ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၅ သို့ ဧကန်မုချ ပြန်လည်ရောက်ရှိနိုင်မည်ဟု သူ ယုံကြည်နေသည်။

သူ၏ကျေးဇူးတင်ရှိမှုကို မည်သို့ဖော်ပြရမည်မှန်းပင် သူ မသိတော့ပေ။

"ငါ့ရဲ့ ပျက်စီးသွားတဲ့ ချီလမ်းကြောင်းတွေကို ပြန်ပြင်ပေးတာတင်ပဲ အတိုင်းအဆမရှိတဲ့ ကျေးဇူးတရား ဖြစ်နေပြီလေ။ အခုလိုမျိုး ထပ်ပြီး ထောက်ပံ့ပေးနေတာတွေအတွက် ဝမ်ပင်းကို ဘယ်လိုများ ပြန်ဆပ်ရပါ့မလဲ"

စကားဖြင့် မပြောနိုင်သော်လည်း နောင်တစ်ချိန်တွင် အစွမ်းထက်လာပါက ဝမ်ပင်း၏ အခက်အခဲမှန်သမျှကို ကူညီဖြေရှင်းပေးခြင်းဖြင့် ကျေးဇူးဆပ်မည်ဟု စိတ်ထဲတွင် ကျိန်ဆိုလိုက်တော့သည်။

"ကဲ... အရင်ဆုံး လှေကားထစ်တစ်ထောင်ကို သွားလှည်းလိုက်ဦး။ ပြီးတော့ လမ်းဘေးဝဲယာက ရှုပ်နေတဲ့ သစ်ကိုင်းတွေကိုလည်း ခုတ်ထွင်လိုက်ဦး"

ဝမ်ပင်းက ညွှန်ကြားကာ ကျောက်ယီကို လွှတ်လိုက်သည်။

ကျောက်ယီသည် တံမြက်စည်းကိုကိုင်ကာ ကျင့်ကြံခွင့်ရမည့် သုံးနာရီကို စိတ်ထဲတွင် ခွဲဝေနေတော့သည်။ ပထမဆုံးအနေဖြင့် ဆွဲငင်အားစက်ကွင်းမှာပင် အချိန်အားလုံး အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

လက်ရှိအချိန်တွင် သူ၏အဆင့်ကို မြှင့်တင်ရန်မှာ အရေးကြီးဆုံးဖြစ်ပြီး ကျန်သည့်အရာများမှာ ဒုတိယသာ ဖြစ်သည်။

ညနေစောင်းသို့ ရောက်သောအခါ ယွမ်လျောင်နှင့် အခြားသူများမှာ တစ်ယောက်ပြီးတစ်

ယောက် ပြန်လည်ရောက်ရှိလာကြပြီး သူတို့ရှာဖွေရရှိလာသော ပစ္စည်းများကို ကိုင်ဆောင်ကာ မီးဖိုဆောင်သို့ အပြေးအလွှား လာကြတော့သည်။

ဝမ်ပင်းသည် ပစ္စည်းများကို တစ်ခုချင်းစီ စစ်ဆေးကြည့်လိုက်သည်။ သားရဲနတ်ဆိုး ချန်ရှီ၏ နှလုံးသားအသား၊ စိမ်းပြာရောင်ကြွေသီးနှံ စုစုပေါင်း ရှာရခက်သော ပစ္စည်းခုနစ်မျိုး ဖြစ်သည်။ ရှာဖွေရခက်ခဲသော်လည်း သူတို့မှာ အမြောက်အမြား ရှာဖွေလာနိုင်ကြသဖြင့် ဤလူတစ်စုအတွက် ရက်အတော်ကြာ စားသုံးနိုင်လိမ့်မည်ဟု ဝမ်ပင်း ခန့်မှန်းလိုက်သည်။

လူတိုင်းမှာ ဟွမ်ယီကို စောင့်ဆိုင်းနေစဉ်မှာပင် သူမနှင့်အတူ မမျှော်လင့်ထားသော ဧည့်သည်နှစ်ဦး ပါလာသည်ကို တွေ့လိုက်ရသည်။

ခပ်ဝဝနှင့် တန်ဖိုးကြီးအဝတ်အစားများ ဝတ်ဆင်ထားသော ရန်ကျုံးရှန်းနှင့် စိတ်လှုပ်ရှားနေမှုကြောင့် နတ်ဆိုးစားဖိုမှူးဟန် လုံးဝပျောက်ကွယ်နေသည့် ဟွမ်ကုန်းတို့ ဖြစ်သည်။

သူတို့နှစ်ဦးမှာ ဟွမ်ယီ၏နောက်မှ လိုက်လာကြပြီး မီးဖိုဆောင်ထဲသို့ ဝင်လာသည်နှင့် ဝမ်ပင်းကို မျှော်လင့်တကြီး ကြည့်နေကြတော့သည်။

"ဂိုဏ်းချုပ်ဝမ်... ခင်ဗျား ဝိညာဉ်ဟင်းလျာ ချက်နေတယ်လို့ ကြားရတယ်"

ဟွမ်ကုန်း၏ စိုက်ကြည့်နေပုံကြောင့် ဝမ်ပင်းမှာ ကြက်သီးပင် ထသွားရသည်။

ထိုအကြည့်မှာ ကြောက်စရာကောင်းလှသည်တော့ မဟုတ်သော်လည်း ဝမ်ပင်းအတွက်မူ နေရခက်လှသဖြင့် ဟွမ်ယီဘက်သို့ မျက်နှာလွှဲလိုက်သည်။

ဟွမ်ယီက အလျင်အမြန်ပင် "ဂိုဏ်းချုပ်... ကျွန်မရဲ့ အဖေနဲ့ တခြားလူတွေက လိုက်ချင်တယ်ဆိုလို့ ခေါ်လာခဲ့ရတာပါ" ဟု ရှင်းပြသည်။

"ဂိုဏ်းချုပ်ဝမ်... ခွင့်မတောင်းဘဲ ရောက်လာမိတဲ့အတွက် အားနာပါတယ်ဗျာ"

ရန်ကျုံးရှန်းက စနောက်သော အပြုံးဖြင့် ပြောလိုက်သည်။

ဝမ်ပင်းက ဘာမှထွေထွေထူးထူး မပြောဘဲ မီးဖိုဆောင်ထဲသို့ ဝင်ကာ တံခါးပိတ်လိုက်ပြီး "နောက်တစ်နာရီကြာမှ ပြန်လာခဲ့ကြ" ဟုသာ စကားတစ်ခွန်း ချန်ထားခဲ့သည်။

ထို့နောက် ဝမ်ပင်းသည် အတွင်းထဲတွင် ဟင်းချက်နည်းအတိုင်း ကုန်ကြမ်းများကို စတင်စီမံတော့သည်။

သူသည် ပစ္စည်းအားလုံးကို သေသေချာချာ နုပ်နုပ်စဉ်းပြီး သတ်မှတ်ထားသော အချိုးအစားအတိုင်း တိကျစွာ ရောစပ်ကာ မုန့်ထုပ်အရေခွံများဖြင့် ထုပ်ပိုးလိုက်သည်။

၎င်းတို့ကို မီးဖိုဆောင်၏ ထောင့်တစ်နေရာရှိ ခရမ်းရွှေရောင်အိုးအတွင်းသို့ ထည့်ကာ အဖုံးပိတ်လိုက်သည်။ အတန်ကြာသော် အဖုံးကို ပြန်ဖွင့်ကာ ရောစပ်ထားသော အနှစ်များကို ထည့်၍ မွှေနှောက်ပြီးနောက် အဖုံးကို ပြန်ပိတ်လိုက်တော့သည်။

သူသည် ဤလုပ်ငန်းစဉ်ကို ခုနစ်ကြိမ်တိုင်တိုင် ထပ်ကာတပ်ကာ ပြုလုပ်ခဲ့သည်။

...

တစ်နာရီခန့် ကြာပြီးနောက် ဒုတိယထပ်တွင် ထိုင်စောင့်နေကြသော ဟွမ်ကုန်းနှင့် အခြားသူများသည် ဝမ်ပင်းတစ်ယောက် ကျောက်စိမ်းဇလုံကြီးတစ်လုံးကို ကိုင်ဆောင်ကာ အပေါ်ထပ်သို့ တက်လာသည်ကို မြင်လိုက်ရသည့်အခါ အလွန်ဝမ်းမြောက်သွားကြတော့သည်။

"လာပြီဟေ့"

မှောင်မည်းနေသော ညဉ့်ယံအောက်တွင် လင်းကျောက်တုံးများ၏ အလင်းရောင်ကြောင့် ကျောက်စိမ်းဇလုံကြီးမှာ နူးညံ့စွာ တောက်ပနေပြီး သင်းပျံ့သော ရနံ့တစ်ခုမှာ လူတိုင်း၏ နှာခေါင်းထဲသို့ တိုးဝင်လာခဲ့သည်။

ထိုရနံ့ကြောင့် လူတိုင်း၏နှာခေါင်းများမှာ အလိုအလျောက် လှုပ်ခတ်သွားပြီး သွားရည်များပင် စီးကျလာတော့သည်။

ကျောက်စိမ်းဇလုံကို စားပွဲပေါ်သို့ တင်လိုက်သောအခါ အတွင်းရှိ ငွေဖြူရောင် ဟင်းရည်ကြည်များကို မြင်ရသဖြင့် လူတိုင်း မှင်သက်သွားကြသည်။ ၎င်းမှာ ကောင်းကင်ယံမှ လရောင်ကို ဟင်းရည်ထဲသို့ ထည့်သွင်းထားသည့်အလား ထင်မှတ်ရသည်။

ဝိညာဉ်ဟင်းလျာ၏ ထူးခြားဆန်းပြားသော ဖြစ်ရပ်များကို ငေးမောနေကြစဉ်မှာပင် ဟင်းရည်ထဲရှိ အရာများကို မြင်လိုက်ရသည့်အခါ လူတိုင်းမှာ တုံ့ဆိုင်းသွားကြတော့သည်။

မုန့်ထုပ်တွေပါလား။

ဟွမ်ကုန်းနှင့် အခြားသူများသည် ဝမ်ပင်းကို လှည့်ကြည့်လိုက်ကြပြီးမှ ဤအရာကို ဝိညာဉ်

ဟင်းလျာဟု ခေါ်ဆိုနိုင်ပါ့မလားဟူသော သံသယဖြင့် ပြန်လည်ကြည့်ရှုနေကြပြန်သည်။

ဝမ်ပင်းကမူ သူတို့၏ အကြည့်များကို လျစ်လျူရှုကာ ဇွန်းဖြင့် လရောင်မုန့်ထုပ်တစ်ခုကို ခတ်ယူလိုက်ပြီး တူဖြင့် အလယ်မှ ဖဲ့လိုက်သည်။

ရုတ်တရက်ဆိုသလို စင်ကြယ်သော နို့နှစ်ရောင် အရည်များ စီးထွက်လာပြီးနောက် သူတို့၏မျက်စိရှေ့တွင် ဖြူစင်သော အလင်းတန်းတစ်ခု ပျံ့နှံ့သွားတော့သည်။ မုန့်ထုပ်ထဲမှ လရောင်များ လျှံထွက်လာသည့်အလားပင်။

ထိုနူးညံ့သော အလင်းရောင်များ မှေးမှိန်သွားသည့်အခါ အဖြူရောင်အလင်းတန်းလေးများ တောက်ပနေသည့် မုန့်အစာသွတ်များကို တွေ့လိုက်ရသည်။

ဝမ်ပင်းသည် လူတိုင်းကို စတင်စားသုံးရန် ဖိတ်ခေါ်ခါနီးတွင်မှ သတိရကာ ချက်ချင်းပင် ဖြည့်စွက်ကာ ပြောလိုက်သည်။

"အောက်ထပ် ဘေးဝဲယာက အမိုးစွန်းတွေအောက်မှာ ရေကန်တွေ ပြင်ပေးထားတယ်။ အမျိုးသားတွေက ဘယ်ဘက်ကိုသွား၊ အမျိုးသမီးတွေက ညာဘက်ကိုသွားပါ။ ဟိုဟိုဒီဒီ လျှောက်မပြေးကြနဲ့ဦး"

ထိုစကား၏ အဓိပ္ပာယ်ကို နားမလည်ကြသဖြင့် လူအုပ်ကြီးမှာ ဝမ်ပင်းကို တစ်ချက်ကြည့်လိုက်သော်လည်း သိပ်တော့ ဂရုမစိုက်မိကြချေ။ ဝမ်ပင်း၏ ခွင့်ပြုချက်ရသည်နှင့် သူတို့သည် လရောင်မုန့်ထုပ်များကို ခတ်ယူကာ ပါးစပ်ထဲသို့ တစ်ခုချင်းစီ ထည့်လိုက်ကြတော့သည်။

အရသာကိုပင် မမြည်းရသေးမီ သူတို့၏ မေးရိုးများမှာ ဟသွားကြရသည်။

ပထမဆုံး တစ်ကိုက်ကိုက်လိုက်သည်နှင့် သူတို့သည် လုံးဝပင် စွဲလမ်းသွားကြတော့သည်။ အထူးသဖြင့် ဟွမ်ကုန်း၏ အမူအရာမှာ အလွန်ပင် ပိုမိုလွန်းလှသဖြင့် သူ၏ တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည့်အလား ထင်မှတ်ရသည်။

ဒုတိယတစ်ခုကို လှမ်းယူလိုက်သောအခါ ဟွမ်ကုန်းသည် စိတ်လှုပ်ရှားမှုနှင့် သာယာမှုတို့ဖြင့် ပြည့်နှက်နေတော့သည်။ အမှန်အတိုင်းဆိုရလျှင် စားဖိုမှူးတစ်ဦးအနေဖြင့် သူသည် လောကရှိ အရာအားလုံးနီးပါးကို မြည်းစမ်းဖူးပြီး ဖြစ်ရာ သူ့ကို စိတ်လှုပ်ရှားစေနိုင်သော အရာဟူ၍ မရှိသလောက်ပင်။

စားသောက်ခြင်းမှာ သူ၏ ပင်ကိုယ်ဆန္ဒကို ဖြည့်ဆည်းရန်မျှသာ ဖြစ်ခဲ့သည်။

သို့သော် လရောင်မုန့်ထုပ်မှာမူ ကွဲပြားလှသည်။ တစ်ကိုက်စားလိုက်ရုံဖြင့် သူ၏ ဝိညာဉ်ကို ဆွဲထုတ်သွားသကဲ့သို့ ခံစားရပြီး တစ်ပါးစပ်လုံးမှာ ပျော်ရွှင်မှုများဖြင့် ပြည့်လျှံသွားတော့သည်။

ဝမ်ပင်းမှာ တစ်ခုစားပြီးနောက် ရပ်လိုက်သော်လည်း ဟွမ်ကုန်းနှင့် အခြားသူများမှာမူ ဇလုံထဲရှိ ရာနှင့်ချီသော မုန့်ထုပ်အားလုံးကို အလျင်အမြန်ပင် ကုန်စင်အောင် စားပွဲတော် တည်လိုက်ကြသည်။

ဟင်းရည်များပင် ကုန်သွားသည့်တိုင် ဟွမ်ကုန်းမှာ ဇွန်းဖြင့် ဇလုံကို ခြစ်နေမိသေးသည်။

ထပ်မံခတ်ယူစရာ ဘာမှမရှိတော့သည့်အခါမှသာ သူ၏မျက်နှာတွင် ကျေနပ်သည့် အရိပ်အယောင်များ ပေါ်လာတော့သည်။

ဟွမ်ကုန်းသည် ဝမ်ပင်းကိုကြည့်ကာ ပြုံးပျော်လျက် "ဂိုဏ်းချုပ်ဝမ်... ခင်ဗျားမှာ ဒီလို ဝိညာဉ်ဟင်းလျာ ချက်နိုင်တဲ့ စွမ်းရည်ရှိမယ်လို့ ကျွန်တော် လုံးဝမထင်ထားခဲ့ဘူး။ ကျွန်တော် တကယ်ကို ကြည်ညိုမိပါတယ်။ အရှေ့အိုင်ရဲ့ ဆေးနတ်ဘုရားဆိုတဲ့ ဘွဲ့က ခင်ဗျားနဲ့ပဲ ထိုက်တန်တာပါ။ ဟိုတုန်းက ဆေးနတ်ဘုရားမ လျှူးချန်းချန်းတောင် ဝိညာဉ်ဟင်းလျာရဲ့ အစွန်းအဖျားလောက်ကိုပဲ ထိတွေ့နိုင်ခဲ့တာ ဖြစ်မှာပါ" ဟု ပြောလိုက်သည်။

ဟွမ်ကုန်း၏ စကားဆုံးသည်နှင့် ဘေးရှိ ရန်ကျုံးရှန်းမှာ ဟွမ်ကုန်းကို ထိတ်လန့်တကြီး ကြည့်လိုက်ပြီး သူ၏မျက်နှာကို လက်ညှိုးထိုးပြကာ "ညီအစ်ကိုဟွမ်... မင်း ဒီနေ့ မျက်နှာမသစ်ဘဲ လာတာလား။ ကြည့်စမ်း... မင်းမျက်နှာတစ်ခုလုံးမှာ အမည်းကွက်တွေ၊ အဖြူကွက်တွေနဲ့" ဟု ပြောလိုက်သည်။

"ဗျာ"

ဟွမ်ကုန်း ဇဝေဇဝါဖြင့် သူ၏မျက်နှာကို ကိုင်ကြည့်လိုက်ရာ စေးကပ်ကပ် အရာများကို ခံစားလိုက်ရသည်။ ၎င်းတို့ကို နှာခေါင်းနားသို့ ယူလာကာ အနံ့ခံကြည့်လိုက်သည့်အခါ ချက်ချင်းပင် ပျို့အန်မတတ် ဖြစ်သွားရသည်။

"ဒါတွေက ဘာတွေလဲ... အနံ့က တကယ်ကို နံစော်နေတာပဲ"

"ငါ့ကိုယ်ပေါ်မှာလည်း ရှိနေတယ်"

"ငါ့မှာလည်း ရှိတယ်"

လူတိုင်း ထိတ်လန့်နေကြစဉ်မှာပင် ယွမ်လျောင်၏ တည်ငြိမ်သော အသံ ထွက်ပေါ်လာသည်။

"ဒါက ခန္ဓာသန့်စင်ခြင်းပဲ"

ထိုသို့ပြောပြီးနောက် ယွမ်လျောင်သည် အောက်ထပ်သို့ အလျင်အမြန် ပြေးဆင်းသွားတော့သည်။ သူသည် ထိုအညစ်အကြေးများကို ချက်ချင်း ဆေးကြောပစ်ရန် လိုအပ်သည်။ မဟုတ်ပါက ခန္ဓာကိုယ်မှ စွန့်ထုတ်လိုက်သော အမည်းရောင် အညစ်အကြေးများနှင့် အစားထိုးလိုက်သော အဖြူရောင် အဆီအနှစ်များကို အရေပြားက ပြန်လည် စုပ်ယူသွားပေလိမ့်မည်။

ထိုသို့ဖြစ်ပါက သန့်စင်ခြင်း၏ အာနိသင်မှာ ထက်ဝက်ခန့် လျော့နည်းသွားမည်ပင်။

၎င်းကို သဘောပေါက်သွားသောအခါ ဟွမ်ကုန်းကလည်း ချက်ချင်း တုံ့ပြန်လိုက်သည်။

"ဝိညာဉ်ဟင်းလျာဆိုတာ အရသာရှိဖို့တင် မဟုတ်ဘူးဆိုတာကို ငါ တကယ်ပဲ မေ့သွားမိတယ်"

သူသည်လည်း အိမ်ထဲမှ ပြေးထွက်သွားကာ ဘယ်ဘက် အမိုးစွန်းအောက်သို့ သွား၍ အဝတ်အစားများကို ချွတ်ကာ ရေပုံးဖြင့် ခန္ဓာကိုယ်ကို တိုက်ရိုက် လောင်းချလိုက်တော့သည်။ တစ်ချိန်တည်းမှာပင် စွန့်ထုတ်လိုက်သော အရာများအားလုံး ကုန်စင်သွားအောင် ပြင်းထန်စွာ ပွတ်တိုက်ဆေးကြောနေမိသည်။

ရေချိုးနေစဉ်အတွင်း လူတိုင်းသည်လည်း စိတ်ထဲမှ တိတ်တဆိတ် ဝမ်းမြောက်နေကြတော့သည်။

ရယ်မောသံများ ပျံ့လွင့်သွားပြီး ယနေ့ည၏ လရောင်မှာမူ ထူးခြားစွာပင် လှပနေတော့သည်။

အခန်း။ ၈၂

ဝမ်ပင်းက ဘာဖြစ်လို့ ထမင်းမစားခင်မှာ အဓိပ္ပာယ်မရှိဘူးလို့ ထင်ရတဲ့ စကားတွေကို အဲဒီလို ပြောခဲ့ရတာလဲဆိုသည်ကို သူတို့ ယခုမှပင် ကောင်းကောင်း သဘောပေါက်သွားကြတော့သည်။

ထိုပြင်ဆင်ထားသော ရေများမှာ သူတို့၏ ခန္ဓာကိုယ်ကို ဆေးကြောသန့်စင်ရန်အတွက်ပင်။

လူတိုင်းသည် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် လက်လှုပ်ရှားမှုများကို မြှင့်တင်ကာ အလျှင်အမြန်ပင် ဆေးကြောကြတော့သည်။

အစောပိုင်းက ဟွမ်ကုန်းနှင့် ရန်ကျုံးရှန်းတို့သည် ဝိညာဉ်ဟင်းလျာ၏ အကျိုးကျေးဇူးများကို ကောင်းစွာ မသိရှိခဲ့ကြချေ။ ယွမ်လျောင်၏ ရှင်းပြချက်ကို ကြားသိရပြီးနောက်တွင်မူ သူတို့သည် သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ အညစ်အကြေးများကို ဝမ်းမြောက်ဝမ်းသာ တိုက်ချွတ်ဆေးကြောရင်း ကံကြမ္မာ၏ ထူးဆန်းအံ့ဩဖွယ်ကောင်းပုံကို အံ့ဩမဆုံး ဖြစ်နေကြသည်။

အခြားသော ကျင့်ကြံသူများမှာမူ ဤကဲ့သို့သော ခန္ဓာကိုယ် အကြိတ်အနယ် သန့်စင်မှုကို ခံယူနိုင်ရန်အတွက် နက်နဲသောနယ်ပယ်သို့ ရောက်ရှိရန် လိုအပ်သော်လည်း သူတို့မှာမူ ကိုယ်ခန္ဓာလေ့ကျင့်ခြင်းအဆင့်တွင်ပင် ဤအခွင့်အရေးကို ခံစားနေရပြီ ဖြစ်သည်။

သို့သော် ဤအခွင့်အရေးမှာ သူတို့၏ သားသမီးများကြောင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သူတို့ ဝန်ခံရပေလိမ့်မည်။ မဟုတ်ပါက ဝိညာဉ်ဟင်းလျာကို မြည်းစမ်းခွင့်ရရန်ပင် အိပ်မက်မက်နိုင်မည် မဟုတ်ချေ။ အရှေ့အိုင်တစ်ခွင်တွင် သူတို့၏ အမည်မှာ ကျော်ကြားလှပြီး လူတိုင်းက လေးစားသမှု ပြုကြသော်လည်း ဝိညာဉ်စားဖိုမှူးတစ်ဦးနှင့် နီးစပ်ခွင့်ရရန်မှာမူ သူတို့အတွက် အလှမ်းဝေးလွန်းလှဆဲပင်။

သန့်ရှင်းသောရေဖြင့် ခန္ဓာကိုယ်ကို ဆေးကြောပြီးနောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကြည့်လိုက်သည့်အခါ ခွန်အားများ သိသိသာသာ ကွဲပြားသွားသည်ကို သူတို့ ခံစားလိုက်ရသည်။ ထိုခံစားမှုမှာ အလွန်ပင် ကောင်းလွန်းသည်။

ထို့ပြင် သူတို့၏ ခန္ဓာကိုယ်တွင် အကြီးမားဆုံး ပြောင်းလဲသွားသည့်အရာမှာ ကမ္ဘာမြေနှင့် ကောင်းကင်ယံရှိ စွမ်းအင်များကို စုပ်ယူနိုင်စွမ်းပင်။ အရင်နှင့် အခု ကွာခြားချက်မှာ အံ့မခန်းပင်။

ယခုအခါ သူတို့၏ ခန္ဓာကိုယ်မှာ ဤကောင်းကင်ယံကြီးကို သူတို့၏ ဖခင်အရင်းအချာသဖွယ် အသိအမှတ်ပြုလိုက်သကဲ့သို့ ရှိနေပြီး ကမ္ဘာမြေနှင့် ကောင်းကင်ယံရှိ စွမ်းအင်များကလည်း သူတို့အပေါ် မျက်နှာသာပေးလာကြသဖြင့် စုပ်ယူနိုင်စွမ်းမှာ သိသိသာသာ မြန်ဆန်လာခဲ့သည်။

"ဝိညာဉ်ဟင်းလျာ ချီးမြှင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ဝမ်"

သူတို့ ထွက်ခွာသွားကြတော့မည့်အချိန်တွင် နှစ်ယောက်လုံး ဝမ်ပင်းကို အရိုအသေပြုကာ အလေးအနက် ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။ လောကကြီးမှာ ကျယ်ပြောလှသော်လည်း အခြားသူများထံမှ ရရှိသော ဤကဲ့သို့သော ကံထူးမှုမျိုးနှင့် မည်သည့်အရာမှ မနှိုင်းယှဉ်နိုင်ပေ။

ဟွမ်ကုန်းနှင့် ရန်ကျုံးရှန်းတို့ကို ပို့ဆောင်ပြီးနောက် ဝမ်ပင်းသည် တင့်ယွီဆောင်သို့ ပြန်လာခဲ့သည်။ သူ၏ လက်ထဲတွင်လည်း သူတစ်ယောက်တည်းအတွက် သီးသန့်ဖြစ်သော လရောင်မုန့်ထုပ် ဇလုံကြီးတစ်လုံး ပါလာသည်။

အလျင်အမြန် စားသောက်ပြီးနောက် သူသည် ရေချိုးခန်းသို့ ပြေးကာ ခန္ဓာကိုယ်မှ ထွက်လာသော အညစ်အကြေးများကို တိုက်ချွတ်ဆေးကြောတော့သည်။

ရေချိုးပြီး၍ ထွက်လာသည့်အခါ သူသည် အလွန်ပင် လန်းဆန်းသွားပြီး လောကကြီးတစ်ခုလုံးမှာလည်း အရင်ကထက် ပိုမိုကြည်လင် ပြတ်သားနေသကဲ့သို့ ခံစားလိုက်ရသည်။

သူသည် လက်သီးဖြင့် တစ်ချက် ထိုးကြည့်လိုက်သည့်အခါ သူ၏ ခွန်အားမှာ နှစ်ဆခန့် တိုးတက်လာသည်ကို သတိပြုမိသလို အရှိန်ကို စမ်းသပ်ကြည့်သည့်အခါတွင်လည်း နှစ်ဆခန့် မြန်ဆန်လာခဲ့သည်။

ယခုအခါ သူသည် ဉာဏ်အလင်းစွမ်းအားကိုသာ အသုံးပြုမည်ဆိုလျှင် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ရှိသူတစ်ဦးမှာ သွေးကြောကျင့်စဉ်များကို လေ့ကျင့်ထားသူ ဖြစ်နေစေကာမူ လွယ်ကူစွာ အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ချက် အပြည့်ရှိနေတော့သည်။

ဝမ်ပင်းသည် သက်ပြင်းတစ်ချက် ချလိုက်ရင်း "ဒါက သန့်စင်ခြင်း အတုအယောင်တောင်မှ ဒီလောက်အထိ အစွမ်းထက်နေတာ... တကယ့် သန့်စင်သော ခန္ဓာကိုယ်က သွေးကြောချီတွေနဲ့ ဆေးကြောပြီးရင် ဘယ်လောက်တောင် အားကောင်းလာမလဲ။ နက်နဲသောနယ်ပယ်... မင်းကို ငါ တကယ် မျှော်လင့်နေမိပြီ..."

……

နောက်တစ်နေ့မနက်တွင် မြို့တည်ခြင်း အထိမ်းအမှတ် ပွဲတော်ကြီး စတင်ပြီဖြစ်ကာ တစ်မြို့လုံးမှာ ပျော်ရွှင်မြူးထူးမှုများဖြင့် လွှမ်းခြုံနေပြီး အိမ်ရှေ့တိုင်းတွင် ချမ်းသာကြွယ်ဝမှုနှင့် ပျော်ရွှင်ခြင်းကို ကိုယ်စားပြုသည့် အရောင်အသွေးစုံသော အလံများကို ချိတ်ဆွဲထားကြသည်။ လမ်းမများပေါ်တွင်လည်း အိုးစည်ဗုံမောင်းသံများ တညံညံနှင့် ဖျော်ဖြေရေးအဖွဲ့များမှာ စည်ကားသိုက်မြိုက်စွာ လှည့်လည်နေကြသည်။ အိမ်ထဲမှ ဆယ်ရက်ခန့် အပြင်မထွက်သော စာပေပညာရှင်များပင်လျှင် ယနေ့တွင်မူ လူအုပ်ကြီးထဲသို့ ရောနှောပါဝင်ရန် မတားဆီးနိုင်ကြတော့ပေ။

ထိုအချိန်တွင် ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့၏ ရုံးခွဲမှာလည်း အလွန်စည်ကားနေသည်။ သို့သော် သူတို့က ပွဲတော်ကို ဆင်နွှဲနေခြင်း မဟုတ်ဘဲ ရုံးခွဲဥက္ကဋ္ဌ မိုလင်ပြန်လည်ရောက်ရှိလာခြင်းကို ကြိုဆိုနေကြခြင်းပင်။ သူပြန်လာခြင်းကြောင့် မြို့ပေါ်ရှိ ထင်ပေါ်ကျော်ကြားသူများနှင့် အာဏာရှိသူ အများစုမှာ စုရုံးရောက်ရှိနေကြသည်။

တစ်ညလုံး ကျင်းပခဲ့သော ကြိုဆိုပွဲ အပြီးတွင် မိုလင်သည် ဖယောင်းတိုင်မီး လင်းထိန်နေသော မဏ္ဍပ်တစ်ခုအတွင်း ကျန်းယွီယဲ့နှင့်အတူ ထိုင်နေသည်။

ကျန်းယွီယဲ့၏ မျက်နှာမှာ တည်ကြည်လေးနက်နေပြီး "ဥက္ကဋ္ဌကြီးကို အခုလို အလောတကြီး ပြန်ခေါ်လိုက်ရတဲ့အတွက် တကယ်ပဲ တောင်းပန်ပါတယ်" ဟု ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး။ မင်းပေးတဲ့စာထဲမှာ ရေးထားတဲ့အကြောင်းအရာတွေကို အသေးစိတ် ပြန်ရှင်းပြစမ်းပါဦး"

မိုလင်က လက်ကာပြရင်း အရေးမကြီးကြောင်း အရိပ်အယောင်ပြလိုက်သည်။

"မသေမျိုးဂိုဏ်းက အခုတလောမှာ ကျားသစ်တစ်ကောင်လို အရှိန်အဟုန်နဲ့ ပြန်လည်နိုးထလာနေပါတယ်။ ထူးချွန်တဲ့ပါရမီရှိပြီး ဂုဏ်သရေရှိတဲ့ မိသားစုနောက်ခံရှိတဲ့ တပည့်တွေကိုလည်း အဆက်မပြတ် လက်ခံနေတယ်။ ရန်ကျုံးရှန်းရဲ့သားနဲ့ ဟွမ်ကုန်းရဲ့သမီးတို့က မသေမျိုးဂိုဏ်းရဲ့ တပည့်တွေဖြစ်နေသလို ဆင်ယွဲ့မြို့က ယွမ်မိသားစုရဲ့ သားကြီးကလည်း မသေမျိုးဂိုဏ်းရဲ့ အကြီးအကဲ ဖြစ်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းကလည်း သူတို့က မှီခိုရာဂိုဏ်းကို အကြိမ်ကြိမ် အနိုင်ယူခဲ့ပါသေးတယ်"

"အို... ဟုတ်လား"

မိုလင်၏ နက်မှောင်သော မျက်ဝန်းအစုံတွင် ထူးခြားသော အရောင်အဝါတစ်ခု ဖြတ်ပြေးသွားပြီး ဤကိစ္စကို စိတ်ဝင်စားသွားကြောင်း သိသာလှသည်။ ဆုတ်ယုတ်ပျက်စီးနေသော ဂိုဏ်းတစ်ခု တစ်ကျော့ပြန် နိုးထလာခြင်း၊ ငါးပိကောင်က ရွှေငါးဖြစ်လာခြင်းမျိုးမှာ တကယ်ပင် ရှားပါးသည်။

ကျန်းယွီယဲ့က ဆက်လက်တင်ပြသည်။

"ပထမဆုံးအနေနဲ့ သူတို့က မှီခိုရာဂိုဏ်းရဲ့ ပူးပေါင်းကြံစည်မှုကို ဖော်ထုတ်လိုက်လို့ နာမည်ကျော် အကြီးအကဲရုန်က အရှက်တကွဲ ဖြစ်သွားခဲ့ရတယ်။ ပြီးတော့ လွန်ခဲ့တဲ့ရက်ပိုင်းကလည်း မှီခိုရာဂိုဏ်းရဲ့ စည်းကမ်းထိန်းသိမ်းရေးဌာနနဲ့ ထိပ်တိုက်တွေ့ခဲ့ကြသေးတယ်။ ယွမ်လျောင်အပြင် နောက်ထပ် အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်လည်း မသေမျိုးဂိုဏ်းကို ပူးပေါင်းခဲ့ပြီး တောင်ထိပ်တောင်တန်းက အဆင့် ၁၃ ကျင့်ကြံသူကို လက်သီးတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်သလို စည်းကမ်းထိန်းသိမ်းရေးဌာနရဲ့ အရိပ်အဖွဲ့ကိုလည်း အကုန်ရှင်းပစ်လိုက်တယ်"

မိုလင်သည် လက်ခုပ်တီး၍ သဘောကျစွာ ရယ်မောလိုက်ပြီး "စိတ်ဝင်စားစရာပဲ တကယ်ကို စိတ်ဝင်စားစရာပဲ။ ဝမ်ပင်းက တကယ်တော့ လက်လွှတ်ရမယ့်သူ မဟုတ်ဘူးပဲ။ သူတို့ကို ဆက်ပြီး စောင့်ကြည့်နေပါ။ ထူးခြားတာရှိရင် ငါ့ကို ချက်ချင်းအကြောင်းကြား" ဟု ပြောလိုက်သည်။

ကျန်းယွီယဲ့က ခေါင်းညိတ်၍ အသိအမှတ်ပြုလိုက်သည်။

ရယ်မောပြီးနောက် မိုလင်၏မျက်နှာတွင် စိုးရိမ်ရိပ်အချို့ ဖြတ်သန်းသွားပြီး သူက ဆက်ပြောသည်။

"တကယ်တော့ ငါ ဒီနေ့ ဆန်းဝူမြို့ကို ပြန်လာတာက မင်းတို့ကိစ္စကြောင့်တင် မဟုတ်ဘူး။ မနက်ဖြန်မနက်ကျရင် ငါနဲ့အတူ ရန်မိသားစုဆီ လိုက်ခဲ့ဦး။ စီနီယာယွီမိုနဲ့ တွေ့ဖို့ ငါ့ရဲ့ မျောက်ဝိုင်ကိုလည်း ယူလာခဲ့ပါ"

ကျန်းယွီယဲ့မှာ အံ့အားသင့်သွားပြီးမှ "ဥက္ကဋ္ဌကြီး... စီနီယာယွီမိုဆီ သွားဖို့အတွက် ခင်ဗျားရဲ့ အမြတ်နိုးဆုံးဝိုင်ကို တကယ်ပဲ အသုံးပြုတော့မှာလား" ဟု မေးလိုက်သည်။

"ဟုတ်တယ် ငါ့အိမ်က အကြီးအကဲရဲ့ ရောဂါက ပြန်ထလာပြီ။ သူ့ဆီမှာ ငါတောင်းဆိုစရာ ရှိတယ်။ ဘယ်လောက်ပဲ နှမြောနေပါစေ ထုတ်ပေးရမှာပဲ။ သူက ဆေးဖက်ဝင်ဟင်းလျာ ဆရာကြီး စူးလီနဲ့ သူငယ်ချင်းတွေလေ။ နှစ်ယောက်လုံးကလည်း စရိုက်က ထူးဆန်းကြတာ။ သူကလွဲရင် ဆရာကြီးစူးလီကို ငါ့ဆီလာကူညီပေးဖို့ တိုက်တွန်းနိုင်မယ့်သူ မရှိဘူး"

"နားလည်ပါပြီ"

ကျန်းယွီယဲ့က သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

နောက်တစ်နေ့တွင် ကျန်းယွီယဲ့သည် ဆယ်စုနှစ်များစွာ သက်တမ်းရင့်နေသော မိုလင်၏ အမြတ်နိုးဆုံး မျောက်ဝိုင်အိုးနှစ်လုံးကို ထုတ်ယူကာ မိုလင်နှင့်အတူ ရန်မိသားစုအိမ်တော်သို့ တိုက်ရိုက် ဦးတည်ခဲ့ကြသည်။

အရင်တစ်ခေါက်က တံခါးပိတ်ခံခဲ့ရသဖြင့် ယခုတစ်ကြိမ်တွင်မူ သင်ခန်းစာယူကာ တံခါးခေါက်ပြီးသည်နှင့် ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့မှ ဖြစ်ကြောင်းနှင့် ဆွေးနွေးစရာရှိကြောင်း အရင်ဆုံး အသိပေးလိုက်သည်။

ဤတစ်ကြိမ်တွင်မူ ဧည့်သည်ကို မတွေ့နိုင်ကြောင်း ပြောမည့်သူ မရှိတော့ပေ။ မကြာမီမှာပင် ရန်ကျုံးရှန်းကိုယ်တိုင် သူတို့နှစ်ဦးကို ဧည့်ခန်းမဆောင်ကြီးအတွင်းသို့ ကြိုဆိုခေါ်ယူကာ အစေခံများကို လက်ဖက်ရည် ပြင်ဆင်ခိုင်းသည်။

နှုတ်ဆက်စကားများ ပြောဆိုပြီးနောက် မိုလင်သည် အချိန်မဆွဲတော့ဘဲ မျောက်ဝိုင်ကို ထုတ်ဖော်ပြသလိုက်ပြီး ရန်ကျုံးရှန်းနှင့် ဘေးတွင်ထိုင်နေသော ဟွမ်ကုန်းကို မေးလိုက်သည်။

"မျိုးနွယ်စုခေါင်းဆောင်ရန်... ညီအစ်ကိုဟွမ်ကုန်း၊ စီနီယာယွီမိုနဲ့ တွေ့ခွင့်ရမလားလို့ သိပါရစေ"

"ဥက္ကဌမို... ညီအစ်ကိုယွီက အခုလောလောဆယ် ကျန်းမာရေး သိပ်မကောင်းလို့ ကျွန်တော့်အိမ်မှာ မရှိဘူးဗျ။ ခင်ဗျားတို့ အလကားလာတိုက်တာပဲ ဖြစ်သွားလိမ့်မယ်"

ရန်ကျုံးရှန်းသည် ယွီမိုအား နောက်ဖေးဥယျာဉ်တွင် တံခါးပိတ် ကျင့်ကြံနေပြီး ဒဏ်ရာကုသနေသဖြင့် ဧည့်သည်မတွေ့ကြောင်း လူသိရှင်ကြား အမြဲပြောဆိုထားလေ့ရှိသည်။ ဤသည်မှာ ဆန်းဝူမြို့ရှိ လူများ ယွီမို၏ တည်နေရာကို မသိစေရန်နှင့် မလိုအပ်သော ပြဿနာများ မတက်စေရန် ကာကွယ်ခြင်းပင်။

သို့သော် မိုလင်ကိုမူ သူ မလိမ်ရဲပေ။ အဘယ်ကြောင့်ဆိုသော် မိုလင်သည် ဆန်းဝူမြို့၏ အရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်လေ့မရှိသော်လည်း ဤမြို့တွင် အဆင့်အတန်း အမြင့်မားဆုံး ပုဂ္ဂိုလ် ဖြစ်သောကြောင့်ပင်။

သူ၏နောက်ကွယ်တွင် ကမ္ဘာမြေနှင့် ကောင်းကင်ယံအိုင်၏ အကြီးမားဆုံးသော အင်အားစုကြီး ရှိနေသည်။ မှီခိုရာဂိုဏ်း၊ တောင်ထိပ်တောင်တန်းနှင့် အရှေ့အိုင်တို့သည်ပင် ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့၏ ရှေ့မှောက်တွင် သေးငယ်လွန်းသည်။

ကမ္ဘာမြေနှင့် ကောင်းကင်ယံအိုင်သည် အရှေ့အိုင်ထက် ၁၀၈ ဆမျှ ပို၍ ကြီးမားကျယ်ပြန့်သည်။ ထိုစကားကို ကြားသောအခါ မိုလင်သည် ရန်ကျုံးရှန်းက သူ့ကို ရှောင်လွှဲနေသည်ဟု ထင်မှတ်ကာ အလျင်အမြန် ရှင်းပြတော့သည်။

"မျိုးနွယ်စုခေါင်းဆောင်ရန်... ကျွန်တော့်အိမ်က အကြီးအကဲက ရောဂါအသည်းအသန် ဖြစ်နေပြီး သိပ်မခံနိုင်တော့ဘူးဗျ။ အရှေ့အိုင်မှာရှိတဲ့ ဆရာကြီးစူးလီနဲ့ ဆက်သွယ်နိုင်ဖို့ စီနီယာယွီမိုရဲ့ အကူအညီကို အရေးတကြီး လိုအပ်နေလို့ပါ။ ကျေးဇူးပြုပြီး ကူညီပေးပါဦး"

ရန်ကျုံးရှန်းသည် ဘာပြောရမှန်းမသိဘဲ ခပ်နွမ်းနွမ်း ပြုံးလိုက်မိသည်။ အကယ်၍ ယွီမို မရှိကြောင်း သူ ဆက်လက်ပြောဆိုနေပါက မိုလင်က လုံးဝ ယုံကြည်မည် မဟုတ်ချေ။

ထိုအချိန်တွင် ဘေး၌ရပ်နေသော အားလန်းက ရုတ်တရက် ဝင်ပြောလိုက်သည်။

"ဥက္ကဌမို... ကျွန်တော့်ဆရာက အခု မသေမျိုးဂိုဏ်းမှာ နားနေရင်း ဒဏ်ရာကုသနေပါတယ်။ ဒါပေမဲ့ ဆရာ့ကို တွေ့ရင်တောင် အပိုပဲ ဖြစ်ပါလိမ့်မယ်။ ဆရာကြီးစူးလီက ပျောက်ကွယ်နေတာ ကြာပါပြီ။ အကယ်၍ ဥက္ကဋ္ဌကြီးက လူနာတစ်ယောက်ကို ကယ်ဖို့ ဆေးဖက်ဝင်ဟင်းလျာ ဆရာကြီးကို အရေးတကြီး လိုအပ်နေတယ်ဆိုရင် မသေမျိုးဂိုဏ်းချုပ်ကို သွားရှာတာက ပိုကောင်းပါလိမ့်မယ်။ ကျွန်တော့်ဆရာရဲ့ ဒဏ်ရာတွေကို သူပဲ ကုသပေးခဲ့တာပါ"

အားလန်း၏ စကားကြောင့် ဟွမ်ကုန်းနှင့် ရန်ကျုံးရှန်းတို့၏ မျက်နှာများ ပျက်သွားကြသော်လည်း ပြောပြီးသွားပြီဖြစ်ရာ ပြန်လည် ငြင်းဆန်ရန် မသင့်တော်တော့ပေ။ အထူးသဖြင့် မိုလင်သည် မိသားစုဝင်ကို ကယ်တင်ရန်အတွက် ဆေးဆရာကို အသည်းအသန် ရှာဖွေနေချိန်မျိုးတွင် ပို၍ပင် ခက်ခဲလှသည်။

အခြေအနေအရ ဟွမ်ကုန်းသည် အားလန်းက ဝမ်ပင်းအတွက် မလိုအပ်သော ဒုက္ခများ မပေးမိစေရန် ကြားဖြတ်၍ စကားလမ်းကြောင်း လွှဲလိုက်ရသည်။

"ဥက္ကဋ္ဌမိုလင်... ဂိုဏ်းချုပ်ဝမ်က ဆေးဖက်ဝင်ဟင်းလျာ ပညာရပ်မှာ တကယ်ကို ထူးခြားတဲ့ စွမ်းရည်တွေ ရှိပါတယ်။ သူ့ရဲ့ အဆင့်အတန်းက ကျွန်တော့်ထက်တောင် သာပါသေးတယ်။ အကြီးအကဲရဲ့ အခြေအနေကို တည်ငြိမ်အောင် သူ လုပ်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်"

All Chapters