← Chapters

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း။ ၈၃

ဟွမ်ကုန်းက ဝမ်ပင်း၏ အရည်အချင်းကို တတ်နိုင်သမျှ လျှော့ပေါ့ပြောဆိုခဲ့သော်လည်း ဤစကားသည်ပင် မိုလင်အတွက်မူ မျှော်လင့်ချက်ရောင်ခြည်နှင့် အံ့ဩတုန်လှုပ်မှုကို ပေးစွမ်းလိုက်သကဲ့သို့ပင်။

မိုလင် ခေတ္တမျှ စဉ်းစားလိုက်သည်။ စူးလီနှင့် ဆက်သွယ်၍မရနိုင်တော့သည့်အတွက် အခြားဆေးဖက်ဝင်ဟင်းလျာ ဆရာကြီးတစ်ဦးကို ရှာဖွေရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

အမှန်စင်စစ် သူသည် အခြားသူတစ်ဦးကို အကူအညီတောင်းရန် စဉ်းစားထားပြီးသား ဖြစ်သည်။ သူသည် ဟွမ်ကုန်းကိုသာ ကူညီပေးရန် တောင်းဆိုချင်ခဲ့သော်လည်း ဝမ်ပင်း၏ ဆေးဖက်ဝင်ဟင်းလျာ ကျွမ်းကျင်မှုမှာ သူထက်မနိမ့်ကြောင်း ဟွမ်ကုန်းကိုယ်တိုင် ဝန်ခံစကားဆိုလာသည့်အခါ သူ အလွန်ပင် ဝမ်းသာသွားရတော့သည်။

စူးလီ မရှိလျှင်ပင် ဆေးဖက်ဝင်ဟင်းလျာ ဆရာကြီး နှစ်ဦး၏ အကူအညီဖြင့်ဆိုလျှင် အခက်အခဲရှိမည်မဟုတ်ဘူးဟု သူ တွေးလိုက်သည်။

မိုလင်က ချက်ချင်းပင် "ဒါဆိုရင်တော့ ညီအစ်ကိုဟွမ်ကိုပဲ ဒုက္ခပေးရတော့မှာပေါ့" ဟု ပြောလိုက်သည်။

ထို့နောက် မိုလင်သည် ကျန်းယွီယဲ့ကို ကြည့်ကာ "ဝမ်ပင်းကို သွားရှာပြီး တောင်အောက်ကို ဆင်းလာခဲ့ဖို့ လူလွှတ်လိုက်ပါဦး" ဟု အမိန့်ပေးလိုက်သည်။

ကျန်းယွီယဲ့က ခေါင်းညိတ် အသိအမှတ်ပြုလိုက်သည်။

ကျန်းယွီယဲ့သည် အခန်းထဲမှ ထွက်သွားပြီးနောက် မိုလင်၏နောက်သို့ အမြဲလိုက်ပါလေ့ရှိသော ကိုယ်ရံတော်ကို ယွင်လန်တောင်ဆီသို့ အမြန်ဆုံး သွားရောက်ရန် စေလွှတ်လိုက်တော့သည်။

ထိုအချိန်တွင် ဝမ်ပင်းသည် ကျင့်ကြံခြင်းကို အဆုံးသတ်ပြီးနောက် မီးဖိုဆောင်တွင် သူ၏လက်ရာကို ထုတ်ဖော်ပြသကာ လရောင်မုန့်ထုပ် နောက်တစ်ပွဲ စားသုံးရန် ပြင်ဆင်နေသည်။

အဘယ်ကြောင့်ဆိုသော် လရောင်မုန့်ထုပ်ကို မကြာခဏ စားသုံးခြင်းက ခန္ဓာကိုယ်အတွက် အလွန်အကျိုးရှိကြောင်း စနစ်က သူ့ကို ပြောပြထားသောကြောင့်ပင်။

ဟွမ်ယီနှင့် အခြားသူများမှာမူ မနက်စောစောကတည်းက ဆွဲငင်အားစက်ကွင်းသို့ သွားရောက်ကြသည်။ အဘယ်ကြောင့်ဆိုသော် သန့်စင်ခြင်း အတုအယောင်ကို ရရှိထားပြီးဖြစ်ရာ တူညီသောအဆင့်ရှိ ကျင့်ကြံသူများကြားတွင် သူတို့မှာ ပြိုင်ဘက်ကင်းသလောက် ဖြစ်နေပြီဖြစ်သောကြောင့် အဆင့်တက်လှမ်းရန် ပို၍ပင် စိတ်အားထက်သန်နေကြခြင်းပင်။

သို့သော် သူတို့ ကွင်းပြင်အစွန်းသို့ လျှောက်လာစဉ်မှာပင် လှပတင့်တယ်သော အဝတ်အစားများ ဝတ်ဆင်ထားပြီး ကျော့ရှင်းသော အရှိန်အဝါရှိသည့် လူငယ်တစ်ဦးကို မြင်လိုက်ကြရသည်။

ထိုလူငယ် သူတို့ထံသို့ ရုတ်တရက် ချဉ်းကပ်လာသည်ကို မြင်သောအခါ သူတို့သည် ဘေးပတ်ပတ်လည်ကို ကြည့်ရင်း "သူက မင်းကို လာရှာတာလား" ဟု တစ်ယောက်ကိုတစ်ယောက် မေးမြန်းနေကြသည်။

တောင်ခွေးလေးမှာမူ သွားရည်တမြားမြားဖြင့် မလှမ်းမကမ်းမှ လိုက်ပါလာပြီး တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသကဲ့သို့ ခြေဖဝါးများကို လျက်နေသည်။

လူငယ်သည် သူတို့ထံသို့ လျှောက်လာပြီးနောက် ဟွမ်ယီနှင့် အခြားသူများကို လှမ်းအော်ပြောလိုက်သည်။

"မသေမျိုးဂိုဏ်းဝင်တို့ ခဏရပ်ကြပါဦး မင်းတို့နဲ့ ဆွေးနွေးစရာ ရှိတယ်"

"ဘာကိစ္စရှိလို့လဲ"

ကျောက်ယီက ရပ်တန့်ကာ ပြန်လည် တုံ့ပြန်လိုက်သည်။

လူငယ်က ဆက်ပြောသည်။

"ငါတို့ ဆန်းဝူမြို့ရဲ့ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ ရုံးခွဲဥက္ကဋ္ဌ မိုလင်က ဂိုဏ်းချုပ်ဝမ်နဲ့ ဆွေးနွေးစရာရှိလို့ အခုချက်ချင်း ငါနဲ့အတူ တောင်အောက်ကို လိုက်ခဲ့ဖို့ ပြောခိုင်းလိုက်တယ်။ မင်းတို့ထဲက တစ်ယောက်ယောက် သွားပြောပေးလို့ ရမလား။ အချိန်က နှောင့်နှေးလို့ မဖြစ်ဘူး"

ထိုစကားကို ကြားလိုက်ရသည့်အခါ ဟွမ်ယီနှင့် အခြားသူများ၏ မျက်နှာတွင် မကျေနပ်သည့် အရိပ်အယောင်များ ပေါ်လာတော့သည်။ အဘယ်ကြောင့်ဆိုသော် ထိုလူငယ်၏ စကားပြောပုံမှာ အလွန်ပင် မောက်မာလွန်းလှပြီး ရိုသေမှု ကင်းမဲ့နေသောကြောင့်ပင်။

မည်သူမျှ သူ့ကို ဆက်လက် ဂရုမစိုက်ချင်ကြသော်လည်း သူသည် ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့မှ ဖြစ်ကြောင်း သိထားသဖြင့် ကျောက်ယီ၏ အင်္ကျီလက်ကို ဆွဲကာ "ညီလေး... သူ့ကို ဂိုဏ်းချုပ်ဆီ ခေါ်သွားပေးလိုက်ပါဦး" ဟု ဆိုလိုက်ကြသည်။

ကျောက်ယီက သဘောတူ ခေါင်းညိတ်လိုက်ပြီး လူငယ်ကို မီးဖိုဆောင်ဆီသို့ ခေါ်ဆောင်လာခဲ့သည်။ ကျောက်ယီမှာ အသစ်ရောက်လာသူဖြစ်ပြီး တစ်ဖက်လူမှာလည်း ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့မှ ဖြစ်နေသဖြင့် မပေါ့ဆရဲဘဲ လမ်းတစ်လျှောက်လုံး ရိုရိုသေသေ ဆက်ဆံလာခဲ့သည်။

သို့သော် လူငယ်၏ မျက်လုံးထဲတွင်မူ ဤသည်မှာ သူ၏ ကျေနပ်စရာ အရင်းအမြစ်တစ်ခု ဖြစ်နေပြီး တောရွာလေးသို့ လာရောက်လည်ပတ်သော လူကုံထံတစ်ဦးအလား စိတ်ကြီးဝင်ကာ လျှောက်လှမ်းလာသည်။

ဝမ်ပင်းကို မြင်လိုက်သည်နှင့် သူသည် ဝမ်ပင်းကို အထက်အောက် အကဲခတ်လိုက်ပြီးနောက် ဝတ်ကျေတမ်းကျေဖြင့် ပြောလိုက်သည်။

"ဂိုဏ်းချုပ်ဝမ်... ကျွန်တော့်ရဲ့ ဆရာ ဥက္ကဋ္ဌမိုလင်က ခင်ဗျားကို အခုချက်ချင်း တောင်အောက်ကို ခေါ်လာခဲ့ဖို့ ခိုင်းလိုက်ပါတယ်"

"ငါ အလုပ်ရှုပ်နေတယ်"

ဝမ်ပင်းကမူ ခပ်အေးအေးပင် တုံ့ပြန်လိုက်သည်။

လူငယ်မှာ ခေတ္တမျှ မှင်သက်သွားပြီးနောက် ထပ်ပြောသည်။

"ဂိုဏ်းချုပ်ဝမ်... ခင်ဗျားကို ခေါ်ခိုင်းတာက ဥက္ကဋ္ဌမိုလင် ကိုယ်တိုင်ပါနော်"

"သိတယ်လေ ဒါပေမဲ့ ငါ အလုပ်ရှုပ်နေတယ်လို့ ပြောနေတယ်မဟုတ်လား"

ဝမ်ပင်းက ပြန်ဖြေလိုက်ပြန်သည်။ လူငယ်၏ အစောပိုင်းက စကားထဲတွင် ပါဝင်သော အလေးပေးမှုကို သူ မကြားလိုက်သကဲ့သို့ပင် သူ၏ အဖြေမှာ အတူတူပင် ဖြစ်နေသည်။

လူငယ်သည် ဝမ်ပင်းကို စကားမပြောနိုင်ဘဲ ကြည့်နေမိသည်။ အထူးသဖြင့် ဝမ်ပင်းက အသားများကို နုပ်နုပ်စဉ်းနေသည်ကို မြင်ရသည့်အခါ သူ၏မျက်နှာမှာ ပို၍ပင် အားမလိုအားမရ ဖြစ်လာတော့သည်။ ဝမ်ပင်းသည် မိုလင်က မည်သူမှန်း တကယ်ပဲ မသိတာလားဟု သူ စိတ်ထဲမှ တွေးနေမိသည်။

သူ ထပ်မံ ပြောဆိုရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပင်းက ဦးအောင် ပြောလိုက်သည်။

"အကယ်၍ ဥက္ကဋ္ဌမိုလင်မှာ အရေးကြီးကိစ္စရှိတယ်ဆိုရင် သူကိုယ်တိုင် တောင်ပေါ်တက်ပြီး ငါ့ကို လာရှာခိုင်းလိုက်ပါ။ ငါ ဒီနေ့ အလုပ်ရှုပ်နေလို့ တောင်အောက် မဆင်းနိုင်ဘူး။ ကျောက်

ယီ... သူ့ကို ပြန်ပို့လိုက်တော့။ နောင်ကိုလည်း ငါ အလုပ်ရှုပ်နေတဲ့အချိန်မှာ ဘယ်သူ့ကိုမှ လာမတွေ့ခိုင်းနဲ့"

ကျောက်ယီက ခေါင်းညိတ်ပြကာ လူငယ်ကို ပြန်ရန် လက်ဟန်ပြလိုက်သည်။

လူငယ်သည် အလျင်အမြန်ပင် တစ်စုံတစ်ခု ထပ်ပြောရန် ကြိုးစားသော်လည်း ကျောက်ယီက ကြားဖြတ်၍ "ကျေးဇူးပြုပြီး ဒီဘက်ကို ကြွပါ" ဟု ပြောလိုက်သည်။

ကျောက်ယီ၏ ပြတ်သားသော အကြည့်ကို မြင်လိုက်ရသည့်အခါ လူငယ်မှာ မတတ်သာတော့ဘဲ ကျောက်ယီ၏ နောက်သို့လိုက်ကာ တောင်အောက်သို့ ဆင်းသွားရတော့သည်။

သို့သော် တောင်အောက်သို့ ဆင်းရသည့် ခရီးမှာ သူ၏စိတ်ထဲတွင် ထူးခြားစွာပင် ရှည်လျားလွန်းနေတော့သည်။

သူသည် လမ်းတစ်လျှောက်လုံးတွင် ပြန်ရောက်သည့်အခါ ဘယ်လိုရှင်းပြရမလဲဟုသာ အကြံထုတ်နေမိသည်။

ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့ ရုံးခွဲသို့ ပြန်ရောက်သောအခါ လမ်းမပေါ်မှနေ၍ အတွင်းသို့ လှမ်းကြည့်လိုက်မိသည်။ သူ၏နှလုံးခုန်သံမှာ အဆက်မပြတ် မြန်ဆန်နေပြီး နောက်ဆုံးတွင်မူ အပေါ်ဆုံးထပ်သို့ တက်ကာ အခန်းတံခါးကို အသာအယာ ခေါက်လိုက်တော့သည်။

ဒေါက်... ဒေါက်...

စိုးရိမ်တကြီး စောင့်ဆိုင်းနေသော ကျန်းယွီယဲ့က တံခါးကို ချက်ချင်းလာဖွင့်ပေးသည်။

ကျန်းယွီယဲ့၏ အကြည့်ကို မြင်လိုက်ရသည့်အခါ လူငယ်မှာ အားကိုးရာမဲ့စွာဖြင့် ခေါင်းငုံ့ထားလိုက်မိသည်။

ကျန်းယွီယဲ့သည် တစ်စုံတစ်ခု ထူးခြားနေသည်ကို ရိပ်မိလိုက်ပြီး တံခါးအပြင်ဘက်သို့ လှမ်းကြည့်လိုက်သော်လည်း ဝမ်ပင်းကို မတွေ့ရသဖြင့် "ဂိုဏ်းချုပ်ဝမ် ဘယ်မှာလဲ" ဟု ချက်ချင်းပင် မေးလိုက်တော့သည်။

ထိုမေးခွန်းကြောင့် လူငယ်မှာ တစ်ကိုယ်လုံး တုန်တက်သွားသည်။

လမ်းတစ်လျှောက်လုံး ကြံဖန်လာခဲ့သော ဆင်ခြေများမှာလည်း ချက်ချင်းပင် ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့ရရာ မတတ်သာသည့်အဆုံး အမှန်အတိုင်းသာ ဖြေလိုက်ရတော့သည်။ သို့သော် ကျန်းယွီယဲ့နှင့် မိုလင်တို့က သူ့ကို အပြစ်တင်မည်ကို ကြောက်လန့်နေသဖြင့် စကားများမှာ ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေရှာသည်။

"ဂိုဏ်းချုပ်ဝမ်က... ဟင်းချက်နေလို့တဲ့... တောင်အောက်ဆင်းဖို့ အချိန်မရှိဘူးလို့ ပြောပါတယ်... နောက်ပြီး ဥက္ကဋ္ဌကြီးမှာ ကိစ္စရှိရင် မသေမျိုးဂိုဏ်းဆီ ကိုယ်တိုင်လာခဲ့ဖို့လည်း ပြောလိုက်ပါတယ်..."

ထိုစကားကို ကြားလိုက်ရသည့်အခါ ကျန်းယွီယဲ့၏ အမူအရာမှာ တောင့်ခဲသွားတော့သည်။

ဝမ်ပင်းက မိုလင်၏ တောင်းဆိုချက်ကို ဤမျှ ပြတ်ပြတ်သားသား ငြင်းဆိုလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့ပေ။

မှီခိုရာဂိုဏ်းချုပ်ပင်လျှင် ဤကဲ့သို့ လုပ်ရဲလိမ့်မည် မဟုတ်ချေ။

အထူးသဖြင့် ဝမ်ပင်းက ဟင်းချက်နေသောကြောင့် မလာနိုင်ဟု ငြင်းဆိုလိုက်ခြင်းကို ကြားရသည့်အခါ သူမ၏ မျက်နှာမှာ ပို၍ပင် ပျက်သွားတော့သည်။

ဝမ်ပင်းကို သွားရှာခိုင်းလိုက်သည့် လူငယ်၏ စကားကို မိုလင်လည်း အတိုင်းသား ကြားနေရသည်။ သူသည် ရုတ်တရက် လှည့်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"တောင်အောက်ဆင်းလာဖို့ထက် ဟင်းချက်ဖို့ကို ပိုဦးစားပေးတယ်ပေါ့လေ... ငါမိုလင်ရဲ့ မျက်နှာက ဘယ်တုန်းက ဒီလောက်အထိ အဖိုးမတန် ဖြစ်သွားရတာလဲ။ ဝမ်ပင်းကတော့ ခဏတဖြုတ် ခွဲခွာနေရတာနဲ့တင် တကယ်ပဲ မောက်မာလာခဲ့ပြီပဲ"

"ဆရာကြီး... ဂိုဏ်းချုပ်ဝမ်က အဲဒီအတိုင်း အတိအကျ ပြောလိုက်တာပါ။ ကျွန်တော် ဘာမှ ပိုမပြောပါဘူး"

သူက စကားချဲ့ကားပြောသည်ဟု ထင်မည်စိုးသဖြင့် လူငယ်က အလျင်အမြန် ရှင်းပြရှာသည်။

"သိပြီ"

မိုလင်က အလွန်မကျေမနပ်ဖြစ်စွာဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး "ကြည့်ရတာ သူက သူ့ဂိုဏ်းရဲ့ ကြယ်ပွင့်အဆင့်မြှင့်တင်ရေးကို စိတ်မဝင်စားတော့ဘူး ထင်တယ်" ဟု ပြောလိုက်သည်။

ကျန်းယွီယဲ့သည် နဖူးမှ ချွေးများကို သုတ်လိုက်ပြီး သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ သူမသည် ဘေးမှလူငယ်ကို မျက်ရိပ်ပြကာ အခန်းအပြင်သို့ တဖြည်းဖြည်း ဆုတ်ခွာရန် ပြင်လိုက်သည်။ သို့သော် ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးခင်မှာပင် မိုလင်က သူမကို ပြန်ခေါ်လိုက်သည်။

မကြာမီ မိုလင်၏ အေးစက်သော အသံ ထွက်ပေါ်လာသည်။

"သူ့ကို သွားရှာမနေနဲ့တော့။ သူကမှ မလာချင်တာ ကြယ်ပွင့်အဆင့်မြှင့်တင်မယ့် ကိစ္စကိုလည်း မေ့လိုက်ရုံပေါ့"

ကျန်းယွီယဲ့သည် မတတ်သာတော့ဘဲ ရပ်လိုက်ရသည်။

ဝမ်ပင်းအတွက်လည်း သူမ စိတ်မကောင်း ဖြစ်မိသည်။ ဤကဲ့သို့သော ကိစ္စလေးကြောင့် ဂိုဏ်း၏ အဆင့်မြှင့်တင်ရေးကိစ္စ ပျက်ပြားသွားရခြင်းမှာ တကယ်ပင် မထိုက်တန်လှပေ။

မိုလင်က ခေါ်နေတာတောင် မလာဘဲ မိုလင်ကိုတောင် တောင်ပေါ်အထိ ကိုယ်တိုင်လာခိုင်းရအောင်... အဲဒီလူက ဘာဟင်းတွေများ အပင်ပန်းခံပြီး ချက်နေလို့လဲဟုလည်း သူမ သိချင်နေမိသည်။

ထိုအချိန်တွင် မိုလင်က ကုတင်ဘေးရှိ ဟွမ်ကုန်းကို မေးလိုက်သည်။

"ညီအစ်ကိုဟွမ်... မင်းမှာ တစ်ခြားနည်းလမ်း ရှိသေးလား"

ဟွမ်ကုန်းက ခေါင်းခါပြသည်။

ထို့နောက် သူ၏မျက်နှာတွင် မတတ်သာသည့် အရိပ်အယောင်များ ပေါ်လာပြီး ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။

"ဥက္ကဋ္ဌမိုလင်... အကယ်၍ အဘိုးအိုကို အသက်ရှင်စေချင်တယ်ဆိုရင်တော့ ခင်ဗျားကိုယ်တိုင် တောင်ပေါ်တက်ပြီး ဂိုဏ်းချုပ်ဝမ်ကို သွားရှာဖို့ပဲ ရှိတော့မယ် ထင်တယ်"

"ဘာဆိုလိုတာလဲ"

မိုလင်က သံသယဖြင့် မေးလိုက်သည်။

ဟွမ်ကုန်းက သက်ပြင်းချရင်း ဆက်ပြောသည်။

"အဘိုးအိုရဲ့ စိုးရိမ်ရတဲ့ အခြေအနေက ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်ထက် ကျော်လွန်နေပါပြီ။ အရင်က ဂိုဏ်းချုပ်ဝမ်ရဲ့ အရည်အချင်းကို ဖုံးကွယ်ထားခဲ့မိတဲ့အတွက်လည်း ခွင့်လွှတ်ပေးပါ။ အမှန်တော့ ဆေးဖက်ဝင်ဟင်းလျာ ပညာရပ်မှာ ဂိုဏ်းချုပ်ဝမ်ရဲ့ အရည်အချင်းက ကျွန်တော့်ထက် အများကြီး သာလွန်ပါတယ်။ သူက ဆရာကြီးစူးလီနဲ့ ယှဉ်ရင်တောင် လုံးဝ မနိမ့်ပါဘူး။ အခု အဘိုးအိုကို ကယ်နိုင်တာဆိုလို့ ဂိုဏ်းချုပ်ဝမ် တစ်ယောက်ပဲ ရှိပါတော့တယ်"

"ဘာ..."

ဟွမ်ကုန်းက "ဥက္ကဋ္ဌမိုလင်... အဘိုးအိုကို ကယ်ဖို့က အဓိကပါ။ ခင်ဗျားရဲ့ မာနကို ခေတ္တလျှော့ချပေးပါဦး" ဟု ထပ်ပြောလိုက်သည်။

"ငါ... ငါက..."

မိုလင် တစ်ယောက် စကားပင် မထွက်နိုင်တော့ပေ။

သူသည် ဝမ်ပင်း၏ ကြယ်ပွင့်အဆင့်မြှင့်တင်ရေး လျှောက်လွှာကို ပယ်ဖျက်လိုက်ရုံရှိသေးသော်လည်း ယခုအခါ အခြေအနေက ပြောင်းပြန် ဖြစ်သွားသည်။ ဝမ်ပင်းက သူ့ကို အကူအညီတောင်းရမည့်အစား သူကသာ ဝမ်ပင်းကို အကူအညီတောင်းရတော့မည်။

ရုံးခွဲဥက္ကဋ္ဌတစ်ဦးက ကြယ်ပွင့်ပင် မရသေးသော ဂိုဏ်းငယ်လေးတစ်ခု၏ ဂိုဏ်းချုပ်ထံသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်အကူအညီတောင်းရခြင်းမှာ တကယ်ပင် ရှားပါးလှသော မြင်ကွင်းတစ်ခု ဖြစ်ပေလိမ့်မည်။

အခန်း။ ၈၄

နှစ်ပေါင်းတစ်ထောင်မှာ တစ်ကြိမ်ဟု ပြောလျှင် အနည်းငယ် ချဲ့ကားရာ ရောက်နိုင်သော်လည်း အမှန်တကယ်ပင် မည်သည့် ရုံးခွဲဥက္ကဋ္ဌမျိုးမှ ဤကဲ့သို့ လုပ်ဆောင်ခဲ့ဖူးခြင်း မရှိချေ။

ကုတင်ထက်သို့ လှည့်ကြည့်လိုက်သောအခါ အပြာရောင် ခြင်ထောင်အတွင်း၌ နှစ်ခြိုက်စွာ အိပ်ပျော်နေသော အဘိုးအိုကို မြင်လိုက်ရသဖြင့် မိုလင်၏ ရင်ထဲတွင် ခါးသီးမှုလှိုင်းတစ်ခု ရိုက်ခတ်သွားသည်။

"တစ်သက်လုံး အလုပ်တွေနဲ့ပဲ နပန်းလုံးလာခဲ့ရတဲ့ ဒီအဘိုးအိုက အခုတစ်ခေါက် အိပ်ပျော်သွားပြီးရင် ပြန်နိုးလာနိုင်ပါဦးမလား"

မိုလင်သည် အံတင်းတင်းကြိတ်ကာ ပြတ်သားစွာပင် ဆုံးဖြတ်ချက် ချလိုက်သည်။

"ငါကိုယ်တိုင်ပဲ သွားဖို့ ရှိတော့တာပေါ့"

"ဥက္ကဋ္ဌကြီး"

ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့မှ တာဝန်ခံအချို့မှာ အံ့အားသင့်တကြီး အော်ဟစ်လိုက်ကြပြီး မိုလင်ကို တားဆီးရန် ပြင်ကြတော့သည်။ ရုံးခွဲဥက္ကဋ္ဌ တစ်ဦးအနေဖြင့် ဝမ်ပင်းကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ဖိတ်ကြားခြင်းမှာ အလွန်ပင် အရှက်ရဖွယ် ကောင်းလှသလို ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ ရုံးခွဲတစ်ခုလုံး၏ ဂုဏ်သိက္ခာကိုလည်း ညှိုးနွမ်းစေနိုင်သောကြောင့်ပင်။

မိုလင်က လက်ကာပြကာ ဘေးမှ တာဝန်ခံများကို ပါးစပ်ပိတ်ထားရန် အချက်ပြလိုက်သည်။

"မင်းတို့မှာ တခြား အကြံဉာဏ်ကောင်းရှိရင် ပြော မရှိရင်တော့ ပါးစပ်ပိတ်ထားကြတာ ပိုကောင်းမယ်"

ဝေါင်း…

မိုလင်၏ ဘေးရှိ ကျားသစ်နက်ကြီးမှာလည်း ချက်ချင်းပင် ဟိန်းဟောက်လိုက်ပြီး တာဝန်ခံများကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

ဘယ်သူ့မှာ သဘောထားကွဲလွဲတာ ရှိသေးလဲ ရှိရင် ထွက်ပြောပြီး ငါနဲ့ တစ်ယောက်ချင်း လာချလိုက်ဟု ပြောနေသည့်အလားပင်။

တာဝန်ခံများမှာ ထိတ်လန့်သွားကြပြီး ထိုဟိန်းသံကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကာ ဘာမှမပြောရဲကြတော့ချေ။ အမှန်စင်စစ် သူတို့သည် မိုလင်ကို တားဆီးလိုကြသော်လည်း မိုလင်၏ စကားကို ပြန်လည်ချေပနိုင်စွမ်း မရှိသလို ဤကျားသစ်ကြီးကိုလည်း အနိုင်မတိုက်နိုင်ကြပေ။

မိုလင်က ဆက်ပြောသည်။

"ယွီယဲ့... ငါနဲ့အတူ ယွင်လန်တောင်ကို လိုက်ခဲ့"

"နားလည်ပါပြီ"

ကျန်းယွီယဲ့က ခေါင်းညိတ်လိုက်သည်။

မိုလင်မှာ အချိန်ဆွဲတတ်သူ မဟုတ်ပေ။ ဆုံးဖြတ်ချက် ချပြီးသည်နှင့် ချက်ချင်းပင် လှုပ်ရှားတော့သည်။ ၁၅ မိနစ်အတွင်းမှာပင် သူတို့သည် ယွင်လန်တောင်သို့ သွားရာလမ်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဟွမ်ကုန်းနှင့် ရန်ကျုံးရှန်းတို့မှာလည်း စိတ်မအေးနိုင်သဖြင့် လမ်းတစ်လျှောက်လုံး တိတ်ဆိတ်စွာပင် လိုက်ပါလာခဲ့ကြသည်။

ရထားလုံးဘီးများ ရပ်တန့်သွားသည့်အခါ သူတို့သည် ယွင်လန်တောင်ခြေတွင် ရပ်နေကြပြီး ဖြူလွှလွှ တိမ်တိုက်များထဲသို့ တိုးဝင်ပျောက်ကွယ်သွားသော ထောင်ချီသည့် ကျောက်လှေကားထစ်များကို တစ်ပြိုင်နက်တည်း မော့ကြည့်လိုက်မိကြသည်။

မိုလင်သည် ဘေးရှိ ကျားသစ်နက်၏ ကျောကို ပုတ်လိုက်ရာ ၎င်းမှာ အမိန့်တစ်ခုကို လက်ခံရရှိလိုက်သည့်အလား အပေါ်သို့ အရှိန်အဟုန်ဖြင့် ပြေးတက်သွားတော့သည်။ အနက်ရောင် လျှပ်စီးတန်းတစ်ခုကဲ့သို့ပင် လူတိုင်း၏ မျက်စိရှေ့မှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

မိုလင်ကလည်း နောက်မှကပ်၍ လျင်မြန်စွာ လျှောက်လှမ်းသွားသည်။

လမ်းတစ်လျှောက်တွင် မိုလင်မှာ စကားတစ်ခွန်းမှ မဆိုသော်လည်း သူ၏စိတ်ထဲတွင်မူ အတွေးများစွာ ရှိနေသည်။

သူသည် ဝမ်ပင်း၏ အတိတ်က အမူအရာများကို ပြန်လည် အမှတ်ရနေမိသည်။ ဆန်းဝူမြို့ထဲတွင် အလုပ်မရှိ အလုပ်ရှာ လျှောက်သွားနေခြင်း သို့မဟုတ် မသေမျိုးဂိုဏ်းတွင် အချိန်ဖြုန်းနေခြင်းမျိုးသာ ဖြစ်ပြီး သူ၏ မိဘများက အတင်းအကျပ် ဖိအားပေးမှသာ ကျင့်ကြံခြင်းကို အနည်းငယ် လုပ်ဆောင်ခဲ့သူ ဖြစ်သည်။

ချမ်းသာသော မိသားစုများမှ သားသမီးများနှင့် ရောနှောသွားလာနေခြင်းမှအပ ဝမ်ပင်းသည် အခြား မည်သည့်အရာကိုမှ စိတ်ဝင်တစား လုပ်ဆောင်နေသည်ကို သူ မမြင်ဖူးခဲ့ချေ။

"ဒါပေမဲ့ မကြာသေးခင်ကတင် ဝမ်ပင်းက ဘာမှမဟုတ်တဲ့ လူဖျင်းတစ်ယောက်အဖြစ်ကနေ မိစ္ဆာစားဖိုမှူးဟွမ်ကုန်းကိုယ်တိုင် အလွန်အမင်း ချီးကျူးရတဲ့ ဆေးဖက်ဝင်ဟင်းလျာ ဆရာကြီးတစ်ယောက်အဖြစ် ဘယ်လိုများ ပြောင်းလဲသွားခဲ့တာလဲ"

ဤအချက်ကို စဉ်းစားရင်း သူက တိုးတိုးလေး ရေရွတ်လိုက်သည်။

"အသက် ၁၈ နှစ်ပဲ ရှိသေးတယ်။ သူရဲ့ ဆေးဖက်ဝင်ဟင်းလျာ ကျွမ်းကျင်မှုက စူးလီနဲ့ ယှဉ်နေပြီ။ ကြည့်ရတာ ဝမ်ပင်းက အရင်တုန်းက ဘာမှမသိနားမလည်တဲ့ လူဖျင်းတစ်ယောက်လို ဟန်ဆောင်နေခဲ့တာပဲ ဖြစ်ရမယ်။ အကယ်၍ မသေမျိုးဂိုဏ်းမှာ ရုတ်တရက် ကပ်ဘေးဆိုးကြီး ကျရောက်မလာခဲ့ဘူးဆိုရင် သူက သူ့ရဲ့ အရည်အချင်းတွေကို ဆက်ပြီး ဖုံးကွယ်ထားဦးမှာပဲ။ ဘယ်တော့မှ လူသိလာမှာ မဟုတ်ဘူး"

ထိုသို့ပြောပြီးနောက် မိုလင်သည် ဘေးမှ ကျန်းယွီယဲ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

ကျန်းယွီယဲ့က ခပ်ပါးပါး ပြုံးလိုက်ရင်း "ပါရမီရှိပါလျက်နဲ့ လူမိုက်တစ်ယောက်လို ဟန်ဆောင်နေတာက တကယ်ကို ခန့်မှန်းရခက်စေတာပဲရှင်" ဟု ထောက်ခံလိုက်သည်။

ဘေးမှ နားထောင်နေကြသော ဟွမ်ကုန်းနှင့် အခြားသူများမှာမူ စိတ်ထဲတွင် မတတ်သာသဖြင့် ဟန်ဆောင်ပြုံးလိုက်ကြရသည်။ လက်ရှိတွင် ဝမ်ပင်းကို မည်သို့ ရင်ဆိုင်ရမည်ကို သူတို့ မသိကြချေ။

အဘယ်ကြောင့်ဆိုသော် ဝမ်ပင်းသည် သူဆေးဖက်ဝင်ဟင်းလျာ ပညာရပ်ကို နားလည်ကြောင်း အခြားသူများ သိသွားမည်ကို မလိုလားသောကြောင့်ပင်။

တောင်ထိပ်သို့ နီးကပ်လာသည့်အခါ ဟွမ်ကုန်းနှင့် အဖွဲ့သားများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရင်း ပုခုံးတွန့်ပြလိုက်ကြတော့သည်။

ထိုစဉ်မှာပင် အပေါ်ဘက်ဆီမှ ခွေးဟောင်သံများကို ကြားလိုက်ရသည်။

ဝု... ဝု...

ခွေးဟောင်သံနှင့်အတူ ခြေလှမ်းအနည်းငယ် ထပ်တက်ပြီးနောက် မိုလင်သည် ရုတ်တရက် အပေါ်သို့ တက်နေခြင်းကို ရပ်တန့်လိုက်သည်။

ဟွမ်ကုန်းနှင့် အခြားသူများလည်း ဘာဖြစ်သွားတာလဲဟု မေးရန် ပြင်လိုက်သော်လည်း ရှေ့တည့်တည့်ကို အံ့အားသင့်မှု၊ သတိထားမှုတို့ဖြင့် ကြည့်နေသော မိုလင်ကိုသာ တွေ့လိုက်ရသည်။

အိပ်နေလျှင်ပင် ခန့်ညားထည်ဝါလှသော ကျားသစ်နက်ကြီးမှာမူ ယခုအခါ ရှုံးနိမ့်သွားသော လေလွင့်ခွေးတစ်ကောင်အလား မြက်တောထဲတွင် ပုန်းလျှိုးကွယ်လျှိုးနှင့် မိုလင်ကို မြင်သည့်အခါ တိုးတိုးလေး ညည်းတွားနေတော့သည်။

လူသားမျိုးနွယ် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃နှင့် ညီမျှသော ခန့်ညားသည့် အရှိန်အဝါများ အားလုံး ပျောက်ကွယ်သွားခဲ့သည်။

မိုလင်မှာ မှင်သက်သွားပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သော်လည်း လှေကားထစ်ပေါ်တွင် လှဲနေသော တောင်ခွေးတစ်ကောင်မှအပ ထူးခြားသည့်အရာ ဘာမှမတွေ့ရပေ။

သို့သော် ထိုခွေး၏ ထူးခြားချက်မှာ ၎င်း၏ အရွယ်အစားသာ ဖြစ်ပြီး ကျန်သည့်အသွင်အပြင်မှာမူ လယ်ကွင်းပြင်များတွင် တွေ့ရလေ့ရှိသော သာမန်ခွေးတစ်ကောင်နှင့်သာ တူလှသည်။

"အားမို... ဒီကိုလာခဲ့"

မိုလင်က မြက်တောထဲတွင် ဝပ်နေသော ကျားသစ်ကို လှမ်းခေါ်လိုက်သည်။ ပုံမှန်ဆိုလျှင် ခေါ်လိုက်သည်နှင့် ရောက်လာတတ်သော ကျားသစ်နက်ကြီးမှာ ယခုတစ်ကြိမ်တွင်မူ မကြားသလိုပင် ဆက်၍ ဝပ်နေသည်။

မိုလင်က ဒုတိယအကြိမ် ထပ်ခေါ်လိုက်သည်။ ဤတစ်ကြိမ်တွင်မူ သူ၏မျက်နှာတွင် ဒေါသရိပ်အချို့ ပါလာပြီး "အားမို" ဟု အော်လိုက်သည်။

ကျားသစ်ကြီးသည် မိုလင် စိတ်ဆိုးသွားသည်ကို မြင်မှသာ မတ်တတ်ရပ်လိုက်သော်လည်း အလွန်ပင် နှေးကွေးစွာ လှုပ်ရှားနေသည်။ ၎င်း၏ ပုံစံမှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော ဧရာမမျောက်ဝံကြီးကို မနိုးမိစေရန် ဘေးမှနေ၍ ခြေဖျားထောက်ကာ သတိထား လျှောက်လှမ်းနေရသည့် လူတစ်ယောက်အလား ဖြစ်နေသည်။

ဟွမ်ကုန်း၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

"ဟဟ... သူတို့က လူဆိုးတွေ မဟုတ်ပါဘူး"

ဟွမ်ကုန်း၏ စကားအပြီးတွင် မိုလင်နှင့် ကျန်းယွီယဲ့တို့သည် သူ့ကို နားမလည်နိုင်စွာဖြင့် ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။ ထို့နောက် ရှေ့သို့ ပြန်ကြည့်လိုက်သည့်အခါ တောင်ခွေးကြီးမှာ ဖြည်းဖြည်းချင်း မတ်တတ်ရပ်ကာ ကျောက်လှေကားထစ်များပေါ်တွင် ရည်ရွယ်ချက်မရှိဘဲ လမ်းလျှောက်နေသည်ကို တွေ့ရသည်။

သာမန်လယ်တောခွေးတစ်ကောင်ကဲ့သို့ပင် ဟိုနမ်းဒီနမ်း လုပ်နေသည်။

သို့သော် ဤသည်ကပင် ကျားသစ်နက်ကြီးကို စိတ်သက်သာရာ ရစေခဲ့ပြီး မိုလင်၏ နောက်သို့ အပြေးအလွှား လာပုန်းတော့သည်။

ဤမြင်ကွင်းမှာ အလွန်ပင် ထူးဆန်းနေသဖြင့် မိုလင်က မမေးဘဲ မနေနိုင်တော့ပေ။

"ညီအစ်ကိုဟွမ်... ဒါက ဘာလဲ"

"ဟားဟားက ကျားသစ်ကို ရန်သူလို့ ထင်သွားလို့ ထင်တယ်"

ဟွမ်ကုန်းသည် ဟားဟား၏ စွမ်းအားကို သိသော်လည်း ဟားဟား၏ စိုက်ကြည့်ခြင်းကို တစ်ခါမျှ မခံခဲ့ရဖူးသဖြင့် ရဲရဲဝံ့ဝံ့ပင် ခန့်မှန်းပြောဆိုလိုက်ခြင်းပင်။ သို့သော် မိုလင်ကိုမူ အကုန်အစင် ရှင်းပြခြင်း မရှိပေ။

သူသည် ဝမ်ပင်း၏ ဆေးဖက်ဝင်ဟင်းလျာ ပညာရပ်အကြောင်းကို ပြောပြပြီးသား ဖြစ်ရာ နောက်ထပ် အချက်အလက်များ ထပ်ပြောနေပါက မသေမျိုးဂိုဏ်းက သူ့ကို သူစိမ်းတစ်ယောက်လို ဆက်ဆံလာမည်ကို စိုးရိမ်သောကြောင့်ပင်။

သို့သော် ဤမျှ ဝေဝေဝါးဝါး ပြောလိုက်ခြင်းကပင် မိုလင်ကို အတွင်းစိတ်ထဲတွင် အံ့ဩသွားစေသည်။ သူသည် ကျားသစ်ကို တစ်ချက်ကြည့်ကာ သာမန်တောစောင့်ခွေးကြီးကို တစ်

ချက်ကြည့်ရင်း အတွေးတစ်ခု ဝင်လာသည်။

ဒီခွေးရဲ့ အသွင်အပြင်က ဟန်ဆောင်မှုတစ်ခုပဲလား၊ တကယ်တော့ ဒါက လူမသိတဲ့ ကြောက်မက်ဖွယ် သားရဲကြီးတစ်ကောင်လား။

မဟုတ်လျှင်မူ ကျားသစ်နက်ကြီးကို ဤမျှအထိ ကြောက်လန့်တုန်ရင်သွားအောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

အသေးအဖွဲ ကိစ္စလေးတစ်ခု ဖြစ်ပွားပြီးနောက် မိုလင်သည် တောင်ပေါ်သို့ တက်ကာ မီးဖိုဆောင်တွင်ရှိသော ဝမ်ပင်းကို သွားရှာသည်။ ဝမ်ပင်းမှာလည်း သူတို့လာမည်ကို ကြိုတင် သိရှိထားသည့်အလား မီးဖိုဆောင် အပြင်ဘက်တွင် စောင့်ဆိုင်းနေသည်။

မိုလင် လျှောက်လှမ်းလာသည်ကို မြင်သောအခါ ဝမ်ပင်းက ပြုံးလိုက်ပြီး "ဥက္ကဌမို... ဧည့်ဝတ်မကျေပွန်တာကို ခွင့်လွှတ်ပါ" ဟု ပြောလိုက်သည်။

မိုလင်က အနည်းငယ် ပြုံးပြလိုက်သော်လည်း အခြား ထူးခြားသော အမူအရာ မရှိပေ။

အစောပိုင်းက ရောက်ရောက်ချင်းတွင် ဝမ်ပင်းကို ပြင်းထန်သော သတိပေးချက်တစ်ခု ပေးရန်၊ ဝမ်ပင်းကို သူ၏ ပါရမီကြောင့် မောက်မာမနေရန် ဆုံးမရန် မိုလင် ရည်ရွယ်ထားခဲ့သည်။ သို့သော် လှေကားထစ်ပေါ်က မြင်ကွင်းက ထိုအတွေးကို ပျောက်ပျက်သွားစေခဲ့သည်။ အမှန်တော့ သူတို့မှာ သူစိမ်းများသာ ဖြစ်သည်။

အကယ်၍ မနှစ်မြို့ဖွယ်ရာ တစ်စုံတစ်ခု ဖြစ်ပွားခဲ့ပါက ဤမသေမျိုးဂိုဏ်းသို့ လာသော ခရီးစဉ်မှာ ကပ်ဘေးတစ်ခု ဖြစ်သွားနိုင်သည်။

ဝမ်ပင်းက သူ့ကို ထိုင်ရန် နေရာမပေးသလို လက်ဖက်ရည် တိုက်ရန်လည်း စိတ်မဝင်စားသည်ကို မြင်သောအခါ မိုလင်သည်လည်း အပိုစကားများကို ချန်လှပ်ကာ တိုက်ရိုက်ပင် ပြောလိုက်တော့သည်။

"ဂိုဏ်းချုပ်ဝမ်... ခင်ဗျားရဲ့ ဆေးဖက်ဝင်ဟင်းလျာ ကျွမ်းကျင်မှုက ဆရာကြီးစူးလီနဲ့ ရင်ဘောင်တန်းနိုင်တယ်ဆိုတာ ကျွန်တော် သိလိုက်ရပါတယ်။ ဒါကြောင့် အရေးပေါ် အခြေအနေမှာ ရှိနေတဲ့ လူတစ်ယောက်ကို ကယ်တင်ပေးဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ်။ ခင်ဗျား လိုလားနေတဲ့ ကြယ်ပွင့်အဆင့်မြှင့်တင်ရေး ကိစ္စကိုလည်း ကျွန်တော် ချက်ချင်း စီစဉ်ပေးနိုင်ပါတယ်"

ထိုစကားကို ကြားသောအခါ ဝမ်ပင်း၏ အကြည့်မှာ ဟွမ်ကုန်းနှင့် အခြားသူများဆီသို့ ကျရောက်သွားပြီး အေးစက်စွာ မေးလိုက်သည်။

"ဥက္ကဌမို... ကျွန်တော်က အတွေ့အကြုံမရှိတဲ့ သူတစ်ယောက်ပါ။ ကျွန်တော် ဆေးဖက်ဝင်ဟင်းလျာအကြောင်း သိတယ်လို့ ဘယ်သူက ခင်ဗျားကို ပြောတာလဲ"

ဤစကားကို ကြားသည့်အခါ ဟွမ်ကုန်းမှာ ဆက်လက် ဖုံးကွယ်ထား၍ မရတော့ကြောင်း သိသဖြင့် ရှေ့သို့ထွက်ကာ ဝမ်ပင်းကို အားနာစွာ ပြုံးပြလိုက်ရသည်။

"ဂိုဏ်းချုပ်ဝမ်... ဒါက လူ့အသက်နဲ့ ဆိုင်နေလို့ပါ။ ဒါကြောင့် ကျွန်တော် ပြောလိုက်ရတာပါ..."

All Chapters