← Chapters

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း။ ၈၅

ဝမ်ပင်း၏ အကြည့်သည် ဟွမ်ကုန်း၏ မျက်နှာပေါ်တွင် ခေတ္တရပ်တန့်နေပြီး သူ ဘာမှမပြောဘဲ တိတ်ဆိတ်နေသည်။ အမှန်စင်စစ် သူသည် ဆေးဖက်ဝင်ဟင်းလျာ ပညာရပ်ကို သိနားလည်ကြောင်း အခြားသူများအား မပြောပြရဘူးဟု ဟွမ်ကုန်းကို တားမြစ်ထားခြင်း မရှိခဲ့ဖူးချေ။

သူသည် ဟွမ်ကုန်းကို ဘယ်သူ့မှမပြောစေချင်သည်မှာ အမှန်ပင်။ အဘယ်ကြောင့်ဆိုသော် သူ ဆေးဖက်ဝင်ဟင်းလျာ တတ်မြောက်ကြောင်း လူသိသွားပါက များစွာသောလူတို့သည် ဆေးကုသရန် ရောက်ရှိလာကြလိမ့်မည်။ ဤလောကတွင် ဖျားနာနေသူများမှာ အလွန်ပင် များပြားလှပြီး သူသည် ဆိုင်းဘုတ်ချိတ်ကာ ဆေးကုသပေးနေရန် အချိန်မရှိပေ။

ယခုအခါ မိုလင်ကိုယ်တိုင် ရောက်ရှိလာပြီဖြစ်ရာ သူ့ကို ပြန်လွှတ်ရန် မသင့်တော်တော့သဖြင့် ဝမ်ပင်းက မေးလိုက်သည်။

"ဥက္ကဌမို... ဘယ်သူ နေမကောင်းဖြစ်နေတာလဲ"

မိုလင်က "ကျွန်တော့်အဖေပါ" ဟု ဖြေကြားသည်။

မိုလင်၏ စကားကို ကြားသောအခါ ဝမ်ပင်းသည် သူ၏ မှတ်ဉာဏ်ထဲတွင် ပြန်လည် ရှာဖွေကြည့်သော်လည်း မိုလင်၏ အဖေကို သိကျွမ်းခြင်း မရှိသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူက ဆက်မေးသည်။

"အဘိုးအိုက ဘာရောဂါ ခံစားနေရတာလဲ"

ဝမ်ပင်း၏ မေးခွန်းကို ကြားလိုက်ရသည့်အခါ မိုလင်သည် ကိစ္စမှာ ထက်ဝက်ခန့် အောင်မြင်သွားပြီဟု ယူဆကာ ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားပြီး အလျင်အမြန် ပြောပြတော့သည်။

"ထူးဆန်းတဲ့ ရောဂါတစ်ခုပါပဲ။ လွန်ခဲ့တဲ့ တစ်နှစ်ကစပြီး သူ လမ်းမလျှောက်နိုင်တော့ဘူး။ ဘယ်လို နာမည်ကြီး ဆရာဝန်နဲ့ပဲ ပြပြ အကြောင်းရင်းကို ရှာမတွေ့ခဲ့ကြဘူး။ ဒီနေ့မှာတော့ သူ ရုတ်တရက် သတိလစ်သွားတယ်။ အသက်ရှူသံကလည်း အရမ်းအားနည်းနေတယ်။ တစ်ခါတလေဆိုရင် တွန်းနှိုးရင်တောင် မနိုးဘဲ ရက်ပေါင်းများစွာ အိပ်ပျော်နေတတ်တယ်"

မိုလင် ပြောပြပြီးနောက် ဝမ်ပင်းသည် အတွေးထဲသို့ နစ်ဝင်သွားသည်။

အမှန်စင်စစ် သူ စဉ်းစားနေသည်မှာ ဤရောဂါကို ကုသနိုင်ပါ့မလားဟူသည့် စိုးရိမ်စိတ်

မဟုတ်ဘဲ ဆေးဖိုးဝါးခ ဘယ်လိုတောင်းရမလဲဆိုသည်ကိုသာ ဖြစ်သည်။ သက်စောင့်

စီးကရက်ရှိနေသရွေ့ သီအိုရီအရ သူ မကုသနိုင်သော ရောဂါဟူ၍ မရှိပေ။ ယခု သူ အလိုအပ်ဆုံးအရာမှာ ရွှေဒင်္ဂါးများ ဖြစ်သည်။

ယွီမိုထံမှ ရရှိခဲ့သော ရွှေဒင်္ဂါး သောင်းဂဏန်းမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ထက်ဝက်ခန့် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဂိုဏ်းကို အလျင်အမြန် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သူသည် အပိုဝင်ငွေရမည့် နည်းလမ်းများကို ရှာဖွေရပေလိမ့်မည်။

တပည့်လက်ခံရာမှ ရရှိသော တစ်နေ့ ရွှေဒင်္ဂါး ရာဂဏန်းမျှနှင့်ဆိုလျှင် အဆောက်အဦးတစ်ခုကို အဆင့်မြှင့်တင်ရန်မှာ အချိန်အတော်ကြာ စောင့်ဆိုင်းရပေလိမ့်မည်။

သို့သော် ဝမ်ပင်းက အတွေးထဲသို့ နစ်ဝင်နေသည်ကို မြင်သောအခါ မိုလင်က ဤကိစ္စမှာ ခက်ခဲနေသည်ဟု ထင်မှတ်မှားသွားပြီး အလျင်အမြန်ပင် "ဂိုဏ်းချုပ်ဝမ်... ခင်ဗျားသာ ကျွန်တော့်ကို ကူညီပေးမယ်ဆိုရင် ကြယ်ပွင့်အဆင့်မြှင့်တင်ရေး ကိစ္စကို ဘယ်အချိန်မဆို ကျွန်တော် လုပ်ဆောင်ပေးနိုင်ပါတယ်" ဟု ပြောလိုက်သည်။

သို့သော် ထိုအချိန်တွင် ဝမ်ပင်းက ရုတ်တရက် ခေါင်းခါပြကာ မိုလင်၏ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်သည်။

"ထားလိုက်ပါတော့... ကျွန်တော် ကြယ်ပွင့်အဆင့်မြှင့်တင်ဖို့ စိတ်မဝင်စားသလို နောင်မှာလည်း လုပ်ဖို့ အစီအစဉ်မရှိဘူး။ ဥက္ကဌမို... တခြား တစ်ခုခုကိုပဲ ဆုလာဘ်အဖြစ် ပေးတာ ပိုကောင်းပါလိမ့်မယ်"

မိုလင်မှာ အံ့အားသင့်သွားရသည်။

သူသည် ဝမ်ပင်း၏ စကားကို ချက်ချင်းပင် တုံ့ပြန်နိုင်စွမ်း မရှိတော့ပေ။ ဝမ်ပင်းက ကြယ်ပွင့်

အဆင့်မြှင့်တင်ရေးကို စိတ်မဝင်စားဘူးဟု ပြောလိုက်ခြင်းမှာ တကယ်ပင် တုန်လှုပ်ဖွယ်ရာ ဖြစ်သည်။

အရင်က ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ကသာ ဂိုဏ်းတစ်ခု၏ ကြယ်ပွင့်အဆင့်ကို ငြင်းပယ်လေ့ရှိပြီး ဂိုဏ်းတစ်ခုကိုယ်တိုင်က ကြယ်ပွင့်အဆင့်ကို ငြင်းပယ်သည်ဟူ၍ မရှိခဲ့ဖူးချေ။

ဥပမာအားဖြင့် စီးပွားရေးလုပ်ငန်းများကို ကြည့်မည်ဆိုလျှင် မည်မျှပင် ကြီးထွားပါစေ မြို့အတွင်း၌သာ လည်ပတ်နေရပြီး မြို့တွင်းမြို့ပြင်တွင် ရှိနေသောအရာများကိုသာ ရောင်းချနိုင်ကြသည်။ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့နှင့် ချိတ်ဆက်နိုင်မှသာ အခြားဒေသများမှ ပစ္စည်းများကို ဝယ်ယူနိုင်မည်ပင်။

ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့တွင် အကျယ်ပြန့်ဆုံးသော ကုန်သွယ်ရေးကွန်ရက် ရှိသည်။ ကြယ်ပွင့်အဆင့်ရှိသော ဂိုဏ်းတစ်ခုသည် သူတို့၏ ကုန်သွယ်ရေးခန်းမမှတစ်ဆင့် လိုချင်သမျှ အရာအားလုံးကို ရရှိနိုင်သည်။

"ဥပမာ မင်းက မိုင်ပေါင်းထောင်ချီဝေးတဲ့ ဂိုဏ်းတစ်ခုဆီကနေ မိစ္ဆာသားရဲကြီးတစ်ကောင် ဒါမှမဟုတ် ကျင့်စဉ်တစ်ခုကို ဝယ်ချင်တယ်ပဲထား။ မင်းဘက်ကသာ တန်ဖိုးကို အပြည့်အဝ ပေးနိုင်မယ်ဆိုရင် ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့က ဘာအခက်အခဲမှမရှိဘဲ အရောက်ပို့ပေးလိမ့်မယ်"

"ဒီကုန်သွယ်ရေးကွန်ရက်က ဂိုဏ်းတစ်ခုအတွက် ဘယ်လောက်တောင် အရေးပါတယ်ဆိုတာ ပြောနေဖို့တောင် မလိုပါဘူး။

ဒါ့အပြင် ကုန်သွယ်မှုဆိုင်ရာ အခွင့်ထူးတွေကလည်း တကယ့်ကို အရေးကြီးတယ်။ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ဟာ မင်းရဲ့ကုန်ပစ္စည်းတွေကို တခြားနေရာတွေအထိ တင်ပို့ရောင်းချပေးနိုင်

ပြီး ဈေးနှုန်းကို နှစ်ဆ ဒါမှမဟုတ် ဆယ်ဆအထိတောင် ပိုရအောင် လုပ်ပေးနိုင်တယ်။ အဖွဲ့အနေနဲ့ကတော့ အမြတ်ရဲ့ ၃၀ ရာခိုင်နှုန်းကိုပဲ ယူမှာ။

ခြုံပြောရရင် ဂိုဏ်းတစ်ခု အင်အားတောင့်တင်းလာဖို့အတွက် ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ကို အားကိုးတာက တကယ့်ကို အမြော်အမြင်အရှိဆုံး ရွေးချယ်မှုပါပဲ။

ဒါပေမဲ့လည်း ဝမ်ပင်းက ကြယ်ပွင့်အဆင့်မြှင့်တင်တာကို ငြင်းပယ်လိုက်သေးတယ်။ ဒါတင်မကသေးဘဲ ကြယ်ပွင့်အဆင့်ကို မလိုချင်ဘူးလို့တောင် ပြောလိုက်သေးတယ်"

မိုလင်သည် မယုံကြည်နိုင်ဘဲ သံသယဖြင့် မေးလိုက်သည်။

"ဂိုဏ်းချုပ်ဝမ်... ခင်ဗျား အတည်ပြောနေတာ သေချာရဲ့လား"

ဝမ်ပင်းက "မဟုတ်လို့ နောက်ပြောင်နေတာ ထင်လို့လား" ဟု ပြန်တုံ့ပြန်လိုက်သည်။

ဝမ်ပင်း၏ အေးအေးလူလူ အမူအရာကို မြင်လိုက်ရသည့်အခါ မိုလင်က ခေါင်းခါလိုက်မိပြီး ဝမ်ပင်း အတည်ပြောနေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

ကြယ်ပွင့်အဆင့်မြှင့်တင်ရေးကို ငြင်းပယ်ခံလိုက်ရသဖြင့် ဝမ်ပင်းကို မည်သည့်အရာဖြင့် ဆွဲဆောင်ရမည်ကို မိုလင် မသိတော့ပေ။ သူ၏ အကြီးမားဆုံးသော လက်နက်မှာ အသုံးမဝင်တော့သဖြင့် အခြားသော ဆုလာဘ်များမှာလည်း နှိုင်းယှဉ်ကြည့်လျှင် မှေးမှိန်သွားတော့သည်။

ခေတ္တမျှ စဉ်းစားသော်လည်း အဖြေရှာမရသည့်အဆုံး မိုလင်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

"ဂိုဏ်းချုပ်ဝမ်... ခင်ဗျားက ကြယ်ပွင့်အဆင့်မြှင့်တင်ဖို့ စိတ်မဝင်စားဘူးဆိုမှတော့ ခင်ဗျားအလိုရှိတဲ့ ဆုလာဘ်ကိုသာ အမည်တပ်ပြီး ပြောလိုက်ပါ။ ကျွန်တော် တတ်နိုင်သမျှ ဖြည့်ဆည်းပေးပါ့မယ်"

ဝမ်ပင်းက လက်နှစ်ဖက်ဖြင့် ဆယ်ဂဏန်းပုံစံ လုပ်ပြလိုက်ပြီး စကားတစ်ခွန်းကို လွှတ်ခနဲ ပြောချလိုက်သည်။

"ရွှေဒင်္ဂါး တစ်သိန်း"

အဟွတ်... အဟွတ်...

ထိုစကားမှာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားပြီး ကျန်းယွီယဲ့မှာ အံ့အားသင့်လွန်းသဖြင့် သူတံတွေးပင် သူပြန်သီးသွားရှာသည်။

ထို့နောက် သူသည် ဝမ်ပင်းကို မယုံနိုင်သလို ကြည့်လိုက်မိသည်။ ဝမ်ပင်းက ဤမျှကြီးမားသော ဆုလာဘ်ကို တောင်းဆိုလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ လွန်ခဲ့သည့် ရက်ပိုင်းကပင် ဤဂိုဏ်းချုပ်သည် သူကိုယ်ကို ကာကွယ်ရန် အချိန်ဆွဲသည့်အနေဖြင့် ကြယ်ပွင့်အဆင့် စစ်ဆေးမှုကို အသုံးချခဲ့ခြင်းပင်။

ဝမ်ပင်း၏ စကားကို ကြားသောအခါ မိုလင်က တိုက်ရိုက် ငြင်းဆိုခြင်းမပြုပေ။ ခေတ္တမျှ စဉ်းစားပြီးနောက် သူက သဘောတူ၍ ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ ဂိုဏ်းချုပ်ဝမ်... ကျွန်တော့်ဖခင်ကိုသာ ကုသပေးနိုင်မယ်ဆိုရင် ခင်ဗျားကို ရွှေဒင်္ဂါး တစ်သိန်း ပေးပါ့မယ်"

"ဥက္ကဋ္ဌကြီး... အဲဒီ ရွှေတစ်သိန်းဆိုတာကလည်း..."

ကျန်းယွီယဲ့ စကားမဆုံးခင်မှာပင် မိုလင်က လက်ကာပြ၍ တားလိုက်သည်။

"ယွီယဲ့... ဘာမှ ထပ်မပြောနဲ့တော့ ငါ ဆုံးဖြတ်ပြီးပြီ"

"ကောင်းပါပြီ"

ကျန်းယွီယဲ့ ခေါင်းညိတ်လိုက်ရသော်လည်း စိတ်ထဲတွင်မူ ရွှေတစ်သိန်းဟူသော ဈေးနှုန်းမှာ အလွန်ပင် များပြားလွန်းလှသည်ဟု ထင်မြင်နေမိသည်။

ဈေးနှုန်းကို သဘောတူပြီးနောက် မိုလင်သည် ချက်ချင်း ပြန်မသွားသေးဘဲ ယွီမိုမှာ မသေမျိုးဂိုဏ်းတွင် ရှိနေသည်ကို သတိရသွားသည်။ ရောက်တုန်းရောက်ခိုက် သွားရောက်တွေ့ဆုံရန် စဉ်းစားသော်လည်း ကံမကောင်းစွာပင် ယွီမိုက ဧည့်သည်မတွေ့လိုကြောင်း တိုက်ရိုက်ပြောဆိုလိုက်သဖြင့် မိုလင်မှာ စိတ်ပျက်လက်ပျက်ဖြင့်သာ ကျားသစ်နက်ကြီးကို ခေါ်ကာ ယွင်လန်တောင်အောက်သို့ ပြန်ဆင်းလာခဲ့ရတော့သည်။

သို့သော် တောင်အောက်သို့ ရောက်သည့်အခါ လမ်းကို ပိတ်ဆို့ထားသော လူအုပ်ကြီးကို တွေ့လိုက်ရသည်။ လူတိုင်းမှာ ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားကြပြီး ငွေကြေးနှင့် အာဏာရှိသူများဖြစ်ကြောင်း သိသာလှသည်။

"ဥက္ကဌမို... ကျွန်တော်က ယန်မိုပါ။ ကျွန်တော့်အိမ်မှာ အကောင်းဆုံးဝိုင်နဲ့ ဟင်းလျာတွေ ပြင်ဆင်ထားပါတယ်။ အစားအသောက် လာစားဖို့ ဖိတ်ခေါ်ချင်လို့ပါ"

"ဥက္ကဌမို... ကျွန်တော့်ဆီမှာ သွေးနီရောင် ဖုန်းလျိုမြင်းအုပ်တစ်အုပ် ရောက်ထားပါတယ်။ ကြည့်ချင်ပါသလား။ ခင်ဗျား သဘောကျတယ်ဆိုရင် လက်ဆောင်ပေးပါရစေ"

...

လူတစ်ဒါဇင်ခန့်မှာ မိုလင်ကို ဝိုင်းအုံကာ စာကလေးများအလား ဆူညံစွာ ပြောဆိုနေကြသည်။ မိုလင်ကမူ စိတ်အနှောင့်အယှက်ဖြစ်သည့် အရိပ်အယောင်ပင် မပြပေ။ အဘယ်ကြောင့်ဆိုသော် ကျန်းယွီယဲ့၏ အေးစက်သော အသံနှင့်အတူ ကျားသစ်နက်ကြီး၏ ဟိန်းသံက ထွက်ပေါ်လာသောကြောင့်ပင်။

"ဝေါင်း ဘယ်သူမဆို ရှေ့တိုးလာရင်တော့ ငါ့ဓားက လူမသိတတ်ဘူးလို့ မပြောနဲ့"

ထိုသို့ပြောရင်း ဓားမြှောင်တစ်လက်ကို ဓားအိမ်မှ ဆွဲထုတ်လိုက်သည်။

ရှင်သန်လာသော ကျားသစ်ကြီးမှာလည်း တောင်ပေါ်တွင် ခံခဲ့ရသမျှ အာဃာတများကို ဤလူများအပေါ် ပုံချလိုက်သည့်အလား သွားများကို ဖြဲကာ ရက်စက်ကြမ်းကြုတ်စွာ ဟိန်းဟောက်လိုက်သည်။

ရုတ်တရက် ထွက်ပေါ်လာသော ဓားအလင်းနှင့် ကျားသစ်ကြီး၏ အရှိန်အဝါကြောင့် မျိုးနွယ်စုခေါင်းဆောင်များမှာ နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားကြရပြီး ကျားသစ်ကြီးကို မြင်သည့်အခါတွင်မူ အဝေးသို့ အလန့်တကြား ထွက်ပြေးကြတော့သည်။

လမ်းပွင့်သွားသည့်အခါ မိုလင်သည် ရထားလုံးပေါ်တက်ကာ ထွက်ခွာသွားခဲ့သည်။ သို့သော် ရထားလုံးပေါ်တွင် ကျန်းယွီယဲ့သည် မိုလင်နှင့် ဝမ်ပင်းတို့၏ အရောင်းအဝယ်ကိစ္စကိုသာ စဉ်းစားနေမိပြီး နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ မိုလင်ကို မေးလိုက်မိသည်။

"ဥက္ကဋ္ဌကြီး... ရွှေတစ်သိန်းဆိုတာ နည်းတဲ့ပမာဏ မဟုတ်ဘူးနော်။ အဲဒါက ဆရာကြီးစူးလီကို လေးငါးကြိမ်လောက် ကုခိုင်းလို့ရတဲ့ ပမာဏပဲ"

"ဒါပေမဲ့ စူးလီက အရှေ့အိုင်မှာ မရှိဘူးလေ။ တော်စမ်းပါ ယွီယဲ့... လူတစ်ယောက်ရဲ့ အသက်နဲ့ ရွှေ ဘယ်ဟာက ပိုအရေးကြီးသလဲ။ မင်းရဲ့ မိသားစု အကြီးအကဲတွေ သေမင်းနဲ့ ရင်ဆိုင်နေရတဲ့အချိန်ကျရင် မင်း နားလည်လာလိမ့်မယ်"

ထိုသို့ပြောပြီးနောက် မိုလင်သည် မျက်စိမှိတ်ကာ ဘာမှ ထပ်မပြောတော့ပေ။

မိုလင် ထွက်ခွာသွားပြီး မကြာမီမှာပင် ထိုမျိုးနွယ်စုခေါင်းဆောင်များ ပြန်လည် စုဝေးမိကြပြန်သည်။ မိုလင်ကို ဖားလို့မရခဲ့သဖြင့် နောင်တရနေကြသော်လည်း သူတို့၏ အကြည့်များမှာ ယွင်လန်တောင်ပေါ်ရှိ မသေမျိုးဂိုဏ်းဟူသော စကားလုံးများဆီသို့ ရောက်သွားကြသည်။

"မသေမျိုးဂိုဏ်း ပြန်လည် နိုးထလာနေပြီဆိုတဲ့ ကောလာဟလက အမှန်ပဲ ထင်တယ်"

"ဥက္ကဌမိုကိုယ်တိုင် တောင်ပေါ်တက်လာတယ်ဆိုမှတော့ ဒါက အတုအယောင် ဖြစ်နိုင်ပါ့မလား"

သူတို့အချင်းချင်း ဆွေးနွေးပြီးနောက် မသေမျိုးဂိုဏ်းကို အားကိုးရာအဖြစ် ထားရှိရန် တောင်ပေါ်သို့ တက်ရန် ဆုံးဖြတ်လိုက်ကြသည်။

နောက်ဆုံးတော့ သူတို့သည် ယွင်လန်တောင်ခြေတွင် နေထိုင်ကြသူများပင်။

အကယ်၍ မသေမျိုးဂိုဏ်းကသာ သူတို့ကို လက်တွဲကူညီမည်ဆိုပါက သူတို့၏ အနာဂတ် စီးပွားရေးနှင့် ရာထူးဂုဏ်ရှိန်မှာ အလွန်ပင် တောက်ပလာပေလိမ့်မည်။

အခန်း။ ၈၆

မျိုးနွယ်စုခေါင်းဆောင်များ ယွင်လန်တောင်ပေါ်သို့ အုန်းအုန်းကျက်ကျက် တက်သွားကြစဉ်မှာပင် တောင်ခြေရှိ လမ်းမပေါ်တွင် ဆံပင်နီနီနှင့် လူငယ်တစ်ဦးသည် အေးအေးလူလူ လမ်းလျှောက်နေသည်။

သူသည် ရံဖန်ရံခါတွင် ရှေ့သို့ မျှော်ကြည့်လိုက်၊ လမ်းဘေးဈေးသည်များ၏ ဆိုင်ခန်းများကို ရပ်ကြည့်လိုက်နှင့် အပန်းဖြေနေပုံရသည်။

သူဝတ်ဆင်ထားသော အဝတ်အစားများမှာ အလွန်ပင် တန်ဖိုးကြီးလှရာ ကြယ်သီးတစ်လုံး၏ တန်ဖိုးသည်ပင် ရှေ့က ဆိုင်ခန်းတစ်ခုလုံးကို ဝယ်ယူနိုင်သော်လည်း သူကမူ ခင်းကျင်းထားသော အသေးအဖွဲ ပစ္စည်းလေးများကို စိတ်ဝင်တစား ကိုင်တွယ်ကာ ကြည့်ရှုနေမိသည်။

ထိုစဉ် ကောင်းကင်ယံမှ စူးရှသော ငှက်အော်သံတစ်ခု ထွက်ပေါ်လာသည်။

တိမ်တိုက်များကြားတွင် အနီရောင် အရိပ်တစ်ခု ဝဲပျံနေပြီးနောက် တည့်တည့်မတ်မတ် ထိုးဆင်းလာတော့သည်။

လူငယ်က မော့ကြည့်လိုက်ပြီး လက်မောင်းကို အသာအယာ မြှောက်ပေးလိုက်ရာ လက်ဖဝါးခန့်သာရှိသော မီးလျှံရောင် ငှက်ကလေးတစ်ကောင်သည် သူ၏ ပုခုံးပေါ်သို့ နားလိုက်သည်။ ထိုငှက်ကလေး၏ ခြေထောက်တွင် စာတစ်စောင် ချည်ထားသည်။

လူငယ်သည် လက်တစ်ဖက်ဖြင့် စာကို ဖြုတ်ယူကာ ဖြည်းဖြည်းချင်း ဖတ်ကြည့်လိုက်သည်။

စာထဲတွင် ရေးထားသည်မှာ "မိုအာ... မင်း ဘာမှမပြောဘဲ ထွက်သွားတာကြောင့် ငါတို့ အရမ်းစိုးရိမ်နေကြတယ်။ အကယ်၍ မင်းက အရည်အချင်းစစ်ဆေးပွဲကြောင့် ထွက်သွားတာဆိုရင်တော့ မင်းအဖေက မင်းကို အားမလျှော့စေချင်ဘူး။ အခွင့်အရေး ရှိပါသေးတယ်။ အကယ်၍ စိတ်အပန်းဖြေချင်ရုံ သက်သက်ဆိုရင်တော့ ငါတို့တွေ မင်းအပြန်ကို စောင့်နေမယ်နော်"

ရိုးရှင်းသော စာသားလေးဖြစ်သော်လည်း လူငယ်ဖတ်ကြည့်သည့်အခါ ဝမ်းနည်းရိပ်အချို့ ဖြတ်သန်းသွားသည်။ သူ၏ မျက်နှာထက်မှ အပြုံးများ ပျောက်ကွယ်သွားပြီး စာကို ပြန်သိမ်းလိုက်တော့သည်။

သူသည် အနီးရှိ ဆိုင်တစ်ဆိုင်မှ စက္ကူနှင့် ကလောင်ကို ငှားရမ်းကာ "ကျွန်တော် နေကောင်းပါတယ်" ဟူသော စကားသုံးခွန်းကို အမြန်ရေးလိုက်သည်။

သို့သော် "နေကောင်းပါတယ်" ဟု ရေးလိုက်ခြင်းမှာ တကယ် နေကောင်းနေခြင်း မဟုတ်ဘဲ မိဘများကို ပို၍ စိုးရိမ်မသွားစေလိုခြင်းကြောင့်သာ ဖြစ်သည်။

စာရေးပြီးနောက် မီးလျှံရောင် ငှက်ကလေး၏ ခြေထောက်တွင် ပြန်လည်ချည်နှောင်ပေးလိုက်ရာ ၎င်းမှာ တိမ်တိုက်များထဲသို့ ပျံသန်းကွယ်ပျောက်သွားတော့သည်။

ထိုလူငယ်၏ နာမည်ရင်းမှာ ချင်မိုဖြစ်ပြီး အရှေ့အိုင်ရှိ ငါးပျံကျွန်းဟု ခေါ်သော ကျွန်းငယ်လေးတစ်ကျွန်းမှ လာသူဖြစ်သည်။

ငါးပျံကျွန်းသည် ဆန်းဝူမြို့နှင့် မိုင်ပေါင်း ထောင်ချီဝေးကွာလှရာ သာမန်လူတစ်ယောက်အတွက် ခရီးသွားမည်ဆိုပါက ခြောက်လခန့် ကြာမြင့်မည်ဖြစ်သည်။ ဤမျှ ဝေးကွာသော ခရီးကို နှင်လာခြင်းမှာ ချင်မိုအတွက်မူ စိတ်အပန်းဖြေရန်နှင့် သူ၏ စိတ်ထဲမှ ဖိအားများနှင့် ရှုပ်ထွေးမှုများကို ဖြေဖျောက်ရန်အတွက်သာ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူသည် ငါးပျံကျွန်း၏ အမွေခံ အရည်အချင်းစစ်ဆေးပွဲ ပထမအဆင့်တွင် ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့သောကြောင့်ပင်။ ထိုနေ့က သူ့ကို ကြည့်နေကြသော သောင်းနှင့်ချီသည့် လူအုပ်ကြီး၏ မျက်နှာပေါ်မှ စိတ်ပျက်ရိပ်များကို ယခုတိုင် သူ မေ့မရနိုင်သေးပေ။

အကယ်၍ သူသာ အလိုလိုက်ခံထားရသော သူဌေးသားလေးတစ်ယောက် ဖြစ်ခဲ့ပါက ရှုံးနိမ့်ခြင်းမှာ ရှုံးနိမ့်ခြင်းသာ ဖြစ်ပေလိမ့်မည်။ ကြိုးစားမှု မရှိခြင်း၏ ရလဒ်ဟု သတ်မှတ်ကာ ဘာမှပြောနေစရာ လိုမည်မဟုတ်ပေ။

သို့သော် အမှန်စင်စစ် သူသည် အရည်အချင်းမရှိသူ မဟုတ်ချေ။ ဆန့်ကျင်ဘက်အားဖြင့် သူသည် ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူ၏ အထူးဂရုစိုက်မှုကို ခံခဲ့ရသူဖြစ်ပြီး ၁၈ နှစ်တာ သက်တမ်းအတွင်း သူ၏ အချိန် ၉၀ ရာခိုင်နှုန်းကို ကျင့်ကြံခြင်း၌သာ မြှုပ်နှံခဲ့သည်။

ထို့ပြင် နက်နဲသောနယ်ပယ်မှ ဆရာကြီးတစ်ဦးကိုယ်တိုင် သင်ကြားပေးမှုနှင့်အတူ အကောင်းဆုံးသော အရင်းအမြစ်များကိုလည်း ရရှိခဲ့သည်။

ဆေးဖက်ဝင်ဟင်းလျာများ၊ ဝိညာဉ်စားဖွယ်များနှင့် မိစ္ဆာသားရဲကြီးများနှင့်အတူ လေ့ကျင့်ခွင့် စသည့် အခြားသူများ အိပ်မက်ပင် မမက်ရဲသော အရာအားလုံးမှာ သူ၏လက်တစ်ကမ်းတွင် ရှိနေခဲ့သည်။

အသက် ၁၀ နှစ်တွင် ကိုယ်ခန္ဓာလေ့ကျင့်ခြင်းအဆင့်သို့ စတင်ဝင်ရောက်ခဲ့ပြီး ၁၅ နှစ်တွင် အဆင့် ၆ သို့ ရောက်ရှိကာ ယခုအခါတွင်မူ အဆင့် ၈ သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် အမြဲတမ်း ပါရမီရှင်တစ်ဦးအဖြစ် ဂုဏ်သတင်းကြီးခဲ့သူ ဖြစ်သည်။

ငါးပျံကျွန်းပေါ်တွင် လူတိုင်းက သူ့ကို ထိပ်တန်းပါရမီရှင်နှင့် ကျွန်း၏ နောက်ထပ် အရှင်သခင်အဖြစ် အသိအမှတ်ပြုထားကြသည်။

စစ်ဆေးပွဲနေ့တွင် သူ၏ ၅ နှစ်အရွယ် ညီမလေးက "အကိုကြီးသာ နိုင်မယ်ဆိုရင် ညီမလေးအတွက် ဒိုင်းတစ်ခု လုပ်ပေးပါနော်" ဟု တောင်းဆိုခဲ့ရာ သူက ပြုံးပြီး ကတိပေးခဲ့သည်။ မိခင်၊ အဘိုးအဘွားများနှင့် ချင်မိသားစုတစ်ခုလုံး၏ မျှော်လင့်ချက်များကို ရင်ဝယ်ပိုက်ကာ ယုံကြည်မှုအပြည့်ဖြင့် စင်ပေါ်သို့ တက်လှမ်းခဲ့သည်။

သို့သော် သူ စစ်ဆေးပွဲမှာ ရှုံးနိမ့်ခဲ့ပြီး လူတိုင်းရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးလိုက်သလို ဖြစ်သွားခဲ့သည်။

ထိုတိုက်ပွဲမျိုးကို မကြုံဖူးသူများက ဒုတိယအဆင့် စစ်ဆေးပွဲ ရှိသေးသဖြင့် အခွင့်အရေး ရှိသေးသည်ဟု ထင်ကြသော်လည်း တိုက်ပွဲဝင်ခဲ့သော သူကိုယ်တိုင်မှာမူ ပြိုင်ဘက်နှင့် သူကြားရှိ ကြီးမားလှသော ကွာဟချက်ကို သိရှိလိုက်ပြီ ဖြစ်သည်။

သူသည် ရှိသမျှ အစွမ်းကုန် ထုတ်သုံးခဲ့သော်လည်း သူ၏ ပြိုင်ဘက်မှာမူ ခန္ဓာကိုယ် အကြောလျှော့ရုံမျှသာ ရှိသေးသည်။

ထို့ကြောင့် သူသည် ထိုအိပ်မက်ဆိုးကြီးမှ လွတ်မြောက်ရန်နှင့် ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်နိုင်မည့် ပိုမိုကောင်းမွန်သော စိတ်အခြေအနေတစ်ခုကို ရှာဖွေရန်အတွက် ခေတ္တ ထွက်ခွာလာခဲ့ခြင်းပင်။

"အရှေ့အိုင် ကုန်ဆုံးတဲ့အထိ ဆက်သွားမယ် ပြီးမှ ပြန်မယ်"

ချင်မို ရေရွတ်လိုက်ရင်း ဆိုင်ထဲမှ ထွက်ကာ လမ်းအတိုင်း ဆက်လျှောက်လာခဲ့သည်။ သို့သော် မကြာမီမှာပင် ဆိုင်းဘုတ်တစ်ခုကို သူ မြင်လိုက်ရသည်။

ထိုဆိုင်းဘုတ်ပေါ်တွင် ရေးထားသည်မှာ "ဝင်ခွင့် သတ်မှတ်ချက် အသက် ၁၅ နှစ်၊ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၅၊ ဝင်ကြေး ရွှေဒင်္ဂါး ၁၀၀၀ ပေးဆောင်ရမည်"

"ဒါက ဘာကြီးလဲ"

ချင်မိုသည် လျှောက်သွားပြီး ဆိုင်းဘုတ်ကို ကိုင်တွယ်ကြည့်ကာ မရယ်ဘဲ မနေနိုင်တော့ပေ။ ဓားကျောက်စာတိုင်ကို လှမ်းကြည့်လိုက်ပြီး သူက လှောင်ပြုံးပြုံးကာ "ဒီလို ဂိုဏ်းလေးကတောင် ဒီလို စံနှုန်းမျိုး သတ်မှတ်ရဲတယ်ပေါ့။ အသက် ၁၅ နှစ်နဲ့ အဆင့် ၅ ရှိတဲ့သူကတောင် ဝင်ကြေးပေးပြီး ဝင်ရမယ်တဲ့လား။ တကယ်ကို ရယ်စရာ အကောင်းဆုံးပဲ"

ထိုသို့ပြောပြီးနောက် သူသည် ယွင်လန်တောင်ပေါ်သို့ ခြေလှမ်းလှမ်းလိုက်တော့သည်။

အခြားအကြောင်းကြောင့် မဟုတ်ဘဲ ဤမျှ မောက်မာလွန်းသော ဂိုဏ်းသည် မည်သို့သော ဂိုဏ်းမျိုးဖြစ်သည်ကို သူ ကိုယ်တိုင် မြင်ဖူးချင်သောကြောင့်သာ ဖြစ်သည်။

အပေါ်သို့ ဆက်လက်တက်လှမ်းနေစဉ် ချင်မိုမှာ ရုတ်တရက် ထိတ်လန့်သွားပြီး ခြေဖျားထောက်ကာ ဘေးသို့ အမြန်ခုန်ရှောင်လိုက်ရသည်။ ဟန်ချက်ပြန်ထိန်းပြီးနောက် သူသည် သူကိုယ်ကိုယ် ပြန်စစ်ဆေးရင်း "ကံကောင်းလို့... မဟုတ်ရင်တော့ မစင်ပုံကို နင်းမိတော့မှာပဲ" ဟု တွေးကာ ရင်ဘတ်ကို ဖိလိုက်မိသည်။

သူသည် မတ်တတ်ရပ်ရင်း အပေါ်သို့ နှစ်ချက်ခန့် ဝေ့ဝဲကြည့်လိုက်ရာ ကျောက်လှေကားထစ်များပေါ်တွင် ပေါက်နေသော မှော်များနှင့် နွယ်ပင်များကို တွေ့လိုက်ရသည်။ ထို့နောက် လှေကားထစ်ပေါ်ရှိ အခြားသော သားရဲမစင်ပုံ ခြောက်ခြောက်များကိုလည်း မြင်လိုက်ရပြန်သည်။

"ဒီဂိုဏ်းက ပစ်ထားတာ ဘယ်လောက်တောင် ကြာပြီလဲ မသိဘူး"

ဤလှေကားထစ်များကို တစ်ယောက်ယောက် လာရောက်လှည်းကျင်းခဲ့သည်မှာ အနည်းဆုံး ခြောက်လခန့် ရှိလိမ့်မည်ဟု သူ ခန့်မှန်းလိုက်သည်။ မဟုတ်လျှင် ဤမျှအထိ ညစ်ပတ်နေစရာ အကြောင်းမရှိပေ။

"ဒီလိုမျိုး ဂိုဏ်းကတောင်မှ အသက် ၁၅ နှစ်၊ အဆင့် ၅ ဆိုတဲ့ ဝင်ခွင့်စံနှုန်းကို သတ်မှတ်ရဲသေးတာလား။ တပည့်တစ်ယောက်မှ မရမှာကို သူတို့ မကြောက်ကြဘူးလား"

ရှေ့သို့ အနည်းငယ် ဆက်တက်သွားသည့်အခါ အပေါ်ဘက်မှ ဒေါသတကြီး အော်ဟစ်သံတစ်ခုကို သူ ကြားလိုက်ရသည်။

"အောက်ကို ဆင်းသွားကြစမ်း မင်းတို့တွေ မသေမျိုးဂိုဏ်း နယ်မြေထဲကို ဆက်ပြီး ကျူးကျော်နေဦးမယ်ဆိုရင်တော့ ငါ့ကို အပြစ်မတင်နဲ့..."

စကားမဆုံးခင်မှာပင် ရန်လီလီသည် လှေကားဘေးရှိ ပေါင်တစ်ထောင်ကျော်ခန့် အလေးချိန်ရှိမည့် ထူးခြားသော ကျောက်တုံးကြီးတစ်ခုနားသို့ ချဉ်းကပ်သွားပြီး လက်နှစ်ဖက်ဖြင့် မလိုက်တော့သည်။

မလိုက်ရုံတင်မကဘဲ ကျောက်တုံးကြီးကို ဘယ်ပြန်ညာပြန် အကြိမ်အနည်းငယ် ဝှေ့ယမ်းပြလိုက်ရာ မျိုးနွယ်စုခေါင်းဆောင်များမှာ ထိတ်လန့်တုန်ရင်စွာဖြင့် တောင်အောက်သို့ အပြေးအလွှား ဆင်းသွားကြတော့သည်။

ဤမြင်ကွင်းကို ကြည့်နေသော ချင်မိုမှာ အတွင်းစိတ်ထဲတွင် အံ့ဩသွားရသည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၈ရှိနေသော်လည်း ဤမျှကြီးမားသော ခွန်အားမျိုး ရှိပါမည်ဟု အာမမခံနိုင်သောကြောင့်ပင်။

သူသည် ရန်လီလီထံသို့ အမြန်လျှောက်သွားပြီး "သူငယ်ချင်း... မင်းရဲ့ လက်မောင်းခွန်အားက တကယ်ကို ကြီးမားတာပဲ" ဟု ချီးကျူးလိုက်မိသည်။

ရန်လီလီက ချင်မိုကို တစ်ချက်ကြည့်ကာ အသာအယာ ပြုံးပြလိုက်သည်။ ထို့နောက် ကျောက်တုံးကြီးကို နေရာဟောင်းသို့ ဖြည်းဖြည်းချင်း ပြန်ချလိုက်ရာ မျက်နှာမှာလည်း နီရဲခြင်းမရှိ၊ အသက်ရှူသံမှာလည်း မှန်ကန်နေပြီး အားစိုက်လိုက်ရသည့် ပုံစံပင် မပေါ်ပေ။

သူက ပြုံးရင်း "ဒါက စားပွဲတင်ပဲ ရှိပါသေးတယ်" ဟု ပြန်ဖြေလိုက်သည်။

ချင်မိုသည် ရန်လီလီကို သေချာစွာ စူးစမ်းကြည့်နေမိသည်။ တစ်ဖက်လူမှာ မိစ္ဆာသားရဲက လူအသွင် ဖန်ဆင်းထားခြင်းလားဟုပင် သူ သံသယဝင်နေမိသည်။ ခေတ္တအကြာတွင် ရန်လီလီသည် စူးစမ်းကြည့်ရှုခံရသဖြင့် စိတ်မသက်မသာ ဖြစ်လာပြီး ချင်မိုကို မောင်းထုတ်ရန် ပြင်လိုက်သည်။

ချင်မိုက စကားစလိုက်သည်။

"သူငယ်ချင်း... မင်းရဲ့ အသက်အရွယ်နဲ့ ဒီလောက်ခွန်အားမျိုး ရှိတာက တကယ်ကို နတ်ဘုရားပေးတဲ့ ခွန်အားပဲ"

ထိုသို့ပြောရင်း ချင်မိုက စိတ်ထဲမှ တွေးနေမိသည်။

"ဒီလို ပျက်စီးယိုယွင်းနေတဲ့ ဂိုဏ်းမှာ ဒီလောက်အစွမ်းထက်တဲ့သူဆိုရင် သူက အကြီးအကဲအဆင့် ဖြစ်ရမယ်။ ငါသာ သူ့ကို သာမန်ခွန်အားချင်း ယှဉ်တိုက်မယ်ဆိုရင် နိုင်ခြေ ၇၀ ရာခိုင်နှုန်းလောက် ရှိပါ့မလား"

"ဒါနဲ့... သူငယ်ချင်းကို ဘယ်လို ခေါ်ရမလဲ"

"ရန်လီလီပါ"

"အကြီးအကဲရန်... ခင်ဗျားရဲ့ ခွန်အားက တကယ်ကို အံ့ဩဖို့ ကောင်းပါတယ်။ ကျွန်တော်တို့..."

ချင်မိုက လက်ရည်စမ်းရန် ပြောမည့်ဆဲဆဲမှာပင် ရန်လီလီက အလျင်အမြန် ခေါင်းခါလိုက်ပြီး "သူငယ်ချင်း... အဲဒီလို လျှောက်မခေါ်ပါနဲ့။ အကြီးအကဲတွေ ကြားသွားရင် ငါတော့ သွားပြီ။ ငါက သာမန်တပည့် တစ်ယောက်ပါ။ ငါ့ကို လီလီလို့ပဲ ခေါ်ပါ"

"လီလီ ညီအစ်ကိုရန်က နောက်နေတာပဲ"

ရန်လီလီမှာ သာမန်တပည့်တစ်ဦးသာ ဖြစ်သည်ဟူသော စကားကို ချင်မို လုံးဝ မယုံကြည်နိုင်ပေ။

"ငါ့ပုံစံက နောက်နေတဲ့ပုံ ပေါက်နေလို့လား။ ငါသာ အကြီးအကဲဆိုရင် မင်းခေါ်တာကို လက်ခံလိုက်မှာပေါ့"

ထိုသို့ပြောပြီးနောက် ရန်လီလီက ရုတ်တရက် အော်ဟစ်လိုက်ပြန်သည်။

"မြန်မြန် သွားကြတော့ အကယ်၍ အကြီးအကဲယွမ်နဲ့ တွေ့ရင်တော့ သူက ငါ့လောက် သဘောကောင်းမှာ မဟုတ်ဘူးနော်"

All Chapters