အခန်း (၈၇-၈၈)
Vol. 9 Ch. 87-88
အခန်း။ ၈၇
ကျောက်လှေကားထစ်များပေါ်ရှိ လူအုပ်ကြီးမှာ ရန်လီလီ တကယ် ဒေါသထွက်လာမည်ကို စိုးရိမ်သဖြင့် တစ်ခါလျှင် လှေကားသုံးလေးထစ်ခန့် ကျော်ကာ အောက်သို့ အလုအယက် ပြေးဆင်းသွားကြတော့သည်။
ချင်မိုသည် ရန်လီလီကို ကြည့်လိုက်ပြီးနောက် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ကာ စိတ်ထဲတွင် သံသယများ ပိုမိုတိုးပွားလာသည်။
ထိုစဉ် ရန်လီလီက စကားပြောလိုက်သည်။
"မင်းက ဂိုဏ်းဝင်ဖို့ လာတာလား။ အေးအေးဆေးဆေးပဲ လှည့်ပတ်ကြည့်ရှုပါဦး။ ငါကတော့ ကျင့်ကြံဖို့ သွားရတော့မယ်။ အရင်သွားနှင့်ပြီနော်"
ရန်လီလီ ပြုံးပြုံးရွှင်ရွှင်နှင့် ထွက်ခွာသွားသည်ကို ကြည့်ရင်း ချင်မိုက စိတ်ထဲမှ တိတ်တဆိတ် တွေးနေမိသည်။
"ဒီအသက်အရွယ်နဲ့ ဒီလောက်ခွန်အားမျိုးက ငါးပျံကျွန်းမှာတောင် တွေ့ရခဲတယ်။ ငါ့ရဲ့ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၈ ကတောင် သူ့ကို အနိုင်ယူနိုင်ပါ့မလား မသေချာဘူး"
ဒီလို ပါရမီရှင်တစ်ယောက်က ဘာကြောင့် ဒီလိုဟောင်းနွမ်းပျက်စီးနေတဲ့ ဂိုဏ်းမှာ သာမန်တပည့်တစ်ယောက်အဖြစ် နေနေရတာလဲ။
ထို့ပြင် သူသည် ဤနေရာကို အမှန်တကယ် နှစ်သက်သဘောကျနေပုံရပြီး ထွက်မသွားခင် သစ်ကိုင်းလေးတစ်ခုကိုပင် ပျော်ပျော်ပါးပါး ဆွဲဖြုတ်သွားသေးသည်။
"စိတ်ဝင်စားဖို့ ကောင်းသားပဲ"
ချင်မိုသည် တိုးတိုးလေး ရေရွတ်ရင်း ယွင်လန်တောင်ထိပ်သို့ ရောက်ရှိလာကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
ဂိုဏ်း၏ ပင်မခန်းမကြီးမှာ ခန့်ညားထည်ဝါလှရာ ငါးပျံကျွန်းရှိ အဆောက်အဦးများနှင့် နှိုင်းယှဉ်လျှင်ပင် အောက်ကျနောက်ကျ မရှိချေ။ သို့သော် သူတက်လာခဲ့သော ကျောက်
လှေကားထစ်များနှင့်မူ ကောင်းကင်နှင့် မြေကြီးအလား ကွာခြားလှသည်။
ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သောအခါ ဆိုင်းဘုတ်တစ်ခုကို ရင်ခွင်ထဲပိုက်ကာ မှီထိုင်ကုလားထိုင်ပေါ်တွင် အိပ်ပျော်နေသော အဘိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။
၎င်းမှာ တောင်ခြေတွင် သူတွေ့ခဲ့သော ဆိုင်းဘုတ်နှင့် အတူတူပင်။
ဆိုင်းဘုတ်ပေါ်တွင် ဝင်ခွင့်သတ်မှတ်ချက်များနှင့် ဝင်ကြေး ရွှေဒင်္ဂါး ၁၀၀၀ ပေးဆောင်ရမည်ဟု ရေးထားသည်။ ထူးဆန်းသည်မှာ ထိုစာသားများကို ဒုတိယအကြိမ် မြင်ရသည့်အခါ ချင်မိုအတွက် ပို၍ပင် ထင်ရှားပေါ်လွင်နေသကဲ့သို့ ခံစားရခြင်းပင်။
ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၅ဆိုသော စံနှုန်းကို ပြောရလျှင် ဤမျှအရွယ်နှင့် ဤအဆင့်ရှိသော ပါရမီရှင်မျိုးကို ငါးပျံကျွန်းတွင်ဆိုပါက သူ၏ ချင်မိသားစုက အထူးချွန်ဆုံး လူငယ်အဖြစ် အကောင်းဆုံး ပြုစုပျိုးထောင်ပေးမည်ဖြစ်ပြီး ဘဝ၏ အမြင့်ဆုံးပန်းတိုင်သို့ ရောက်အောင် ပံ့ပိုးပေးမည်ဖြစ်သည်။
"ဒါပေမဲ့ ဒီမှာတော့ ငါးပျံကျွန်းကတောင် တောင့်တရတဲ့ ပါရမီရှင်မျိုးကို ဝင်ခွင့်စံနှုန်းအဖြစ် သတ်မှတ်ထားရုံတင်မကဘူး။ ရွှေဒင်္ဂါး တစ်ထောင်တောင် ဝင်ကြေး ထပ်ပေးရဦးမယ်တဲ့။
အသက် ၁၅ နှစ်နဲ့ အဆင့် ၅ ရောက်နေတဲ့ ပါရမီရှင်တိုင်းက ဘယ်နေရာမှာမဆို အကောင်းဆုံး ဆက်ဆံမှုကို ရရှိကြတာပဲ။ ဂိုဏ်းထဲကို မဝင်ခင်ကတည်းက သူတို့ရတဲ့ ခံစားခွင့်တွေက ရွှေထောင်ချီ တန်ဖိုးရှိသလို နောက်ပိုင်းရမယ့် ကျင့်ကြံခြင်း အရင်းအမြစ်တွေအကြောင်းဆိုရင်တော့ ပြောနေဖို့တောင် မလိုတော့ပါဘူး။
ဒါပေမဲ့ ဒီမှာတော့ ဝင်ခွင့်အတွက် ဘာမှမရတဲ့အပြင် ဈေးအကြီးကြီးပေးပြီးမှ ဝင်ရဦးမယ်ပေါ့"
"ဒါ တကယ်ပဲ ဂိုဏ်းတစ်ခုလား"
သူ ကြည့်လေလေ ဂိုဏ်းတစ်ခုနှင့် မတူလေလေပင်။
သူ အနည်းငယ် ဆက်လျှောက်လာစဉ်မှာပင် တစ်စုံတစ်ဦး လျှောက်လာသံကို ကြားလိုက်ရသည်။
ထိုသူကို မြင်လိုက်ရသည့်အခါ ချင်မို၏ မျက်လုံးများတွင် အံ့အားသင့်ရိပ်များ ပေါ်လာသည်။ ၎င်းမှာ ထိုသူ၏ ရုပ်ရည်ကြောင့် မဟုတ်ပေ။ သူသည် အမျိုးသားတစ်ဦး ဖြစ်သော်လည်း သူ၏ ရုပ်ရည်မှာ အမျိုးသားအချင်းချင်း ကြည့်လျှင်ပင် သဘောကျလောက်အောင် ကျော့ရှင်းလှပလွန်းလှသည်။
ထိုသူနှင့် မလှမ်းမကမ်းတွင် သူနှင့် ရွယ်တူခန့်ရှိမည့် လူငယ်တစ်ဦးက တံမြက်စည်းဖြင့် မြေလှည်းနေသည်။
သူ၏ ကြိုးစားအားထုတ်မှုကြောင့် မြေပေါ်ရှိ သစ်ရွက်ခြောက်များနှင့် ဖုန်မှုန့်အချို့မှာ လေထဲသို့ အနည်းငယ် လွင့်တက်နေသည်။ ကံကောင်းသည်မှာ လေပြင်းတိုက်ခတ်ခြင်း မရှိသဖြင့် သစ်ရွက်ခြောက်များမှာ အဝေးသို့ လွင့်မသွားချေ။
ထိုစဉ် ယွမ်လျောင်က ကျောက်ယီ တံမြက်စည်းလှည်းနေသည်ကို မြင်သောအခါ အခြားတစ်ဖက်သို့ ညွှန်ပြရင်း "ကျောက်ယီ... ဖြည်းဖြည်းလှည်းပါ" ဟု ပြောလိုက်သည်။
"အကြီးအကဲယွမ်... ကျွန်တော် တောင်းပန်ပါတယ်"
ကျောက်ယီက တောင်းပန်စကားဆိုကာ တံမြက်စည်းကို မချီလိုက်ပြီး ယွမ်လျောင် ဖြတ်သွားသည်အထိ စောင့်ရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်မှာပင် ဖုန်မှုန့်အချို့မှာ လေနှင့်အတူ လွင့်ပါလာပြီး ယွမ်လျောင်ရှိရာဘက်သို့ တည့်တည့် တိုးဝင်သွားကာ သူ့ကို ဝန်းရံသွားတော့သည်။
ယွမ်လျောင်ကမူ ကျောက်ယီကို ဂရုမစိုက်အားပေ။ သူသည် တောင်အောက်သို့ ဆင်းရန် အလွန်ပင် အလျင်လိုနေသည်။ အဘယ်ကြောင့်ဆိုသော် လရောင်မုန့်ထုပ်လုပ်ရန် ပါဝင်ပစ္စည်းများ ကုန်သွားသောကြောင့်ပင်။
မနေ့က လရောင်မုန့်ထုပ်ကို စားသုံးပြီးနောက် သူသည် အခြားနယ်ပယ်တစ်ခုသို့ ခြေလှမ်းလှမ်းလိုက်ရသကဲ့သို့ ခံစားခဲ့ရသည်။ သူ၏ ခွန်အားများ သိသိသာသာ တိုးတက်လာရုံမျှမက မြေပြင်ခွဲ အကြောတံခါးသို့ပင် ရောက်ရှိရန် လက်တစ်ကမ်းသာ လိုတော့သကဲ့သို့ ခံစားရသည်။
မူလက သူသည် ဒီနေ့တွင် ပို၍ စားသုံးရန် ရည်ရွယ်ထားသော်လည်း နောက်ကျသွားသဖြင့် ကျန်ရှိသမျှကို ဟွမ်ယီနှင့် အခြားသူများက စားသုံးသွားကြပြီဖြစ်ကြောင်း သိလိုက်ရသည်။
မတတ်သာသည့်အဆုံး သူသည် တောင်အောက်သို့ အမြန်ဆင်းကာ ပါဝင်ပစ္စည်းများ ဝယ်ယူရန် ပြင်ဆင်ခြင်းပင်။ ညနေပိုင်းတွင် ဝမ်ပင်းကို တစ်ပွဲခန့် ပြန်ချက်ခိုင်းရန် သူ မျှော်လင့်နေမိသည်။
သူ ဖုန်မှုန့်များကြားမှ ဖြတ်လျှောက်သွားသောအခါ ဖုန်မှုန့်များသည် သူ၏ ခန္ဓာကိုယ်နှင့် ထိတွေ့ခါနီးမှာပင် တစ်စုံတစ်ခုက တွန်းကန်လိုက်သကဲ့သို့ လမ်းကြောင်းလွှဲကာ ဘေးသို့ လွင့်ပါသွားကြသည်။ ဖုန်မှုန့်တစ်စလေးမျှပင် သူ၏အဝတ်အစားပေါ်သို့ ကပ်ပါခြင်း မရှိချေ။
ယွမ်လျောင် သူ၏အနားသို့ လျှောက်လာသည်ကို မြင်သောအခါ ချင်မိုသည် သူမျက်လုံးကိုပင် သူမယုံကြည်နိုင်ဘဲ မှင်သက်စွာ ငေးကြည့်နေမိတော့သည်။
ဖုန်မှုန့်ကင်းစင်ခြင်း….
သန့်စင်သော ခန္ဓာ….
ဤစကားလုံး လေးလုံးသည် ချင်မို၏ စိတ်ထဲတွင် ဝဲပျံနေတော့သည်။
ဤသည်မှာ သူ၏ဖခင်ထံတွင် အမြဲတွေ့နေရကျ မြင်ကွင်းမျိုးဖြစ်ပြီး နက်နဲသောနယ်ပယ်ကျွမ်းကျင်သူများ၏ ထူးခြားသော အမှတ်အသားတစ်ခုဖြစ်ကြောင်း သူ သိထားသည်။ သူ၏ ထင်မြင်ချက် မှန်မမှန် စမ်းသပ်ရန်အတွက် သူသည် ရဲရဲဝံ့ဝံ့ပင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
သူသည် သူ၏ အာရုံခံစားမှုကို ထုတ်လွှတ်လိုက်ပြီး ရှေ့မှ လျှောက်လာသူ၏ အစွမ်းကို တိုက်ရိုက် စူးစမ်းလိုက်တော့သည်။
ဤကဲ့သို့ ပြုမူခြင်းမှာ ယေဘုယျအားဖြင့် ရန်စခြင်းဟု အဓိပ္ပာယ်ရပြီး ထိုသို့ ခွင့်ပြုချက်မရှိဘဲ စူးစမ်းခြင်းကြောင့် သေကြေပျက်စီးသည်အထိ တိုက်ခိုက်မှုများ ဖြစ်ပွားတတ်သည်။ သို့သော် ချင်မိုမှာမူ သူ၏ သိချင်စိတ်ကို အလိုလိုက်ရန်အတွက် ထိုအချက်များကို ဂရုမစိုက်တော့ပေ။ အဆိုးဆုံးဖြစ်လာလျှင်ပင် နောက်မှ တောင်းပန်လိုက်မည်ဟုသာ သူ တွေးထားသည်။
"ဟင်..."
ယွမ်လျောင်သည် တစ်စုံတစ်ဦးက သူ့ကို စူးစမ်းနေသည်ကို ရိပ်မိသွားသည်။ သူ၏ မျက်မှောင်များ ကြုတ်သွားပြီး မလှမ်းမကမ်းတွင် ရှိနေသော ချင်မိုကို လှမ်းကြည့်လိုက်သည်။
ထိုအချိန်တွင် ချင်မိုမှာမူ ယွမ်လျောင်ကို မယုံနိုင်သလို ငေးကြည့်နေမိသည်။
နက်နဲသောနယ်ပယ်ကျွမ်းကျင်သူများတွင် ရှိရမည့် သွေးကြောဝိညာဉ်စွမ်းအင်တုန်ခါမှုကို သူ မခံစားရပေ။ ဆိုလိုသည်မှာ တစ်ဖက်လူသည် နက်နဲသောနယ်ပယ်သို့ ရောက်ရှိနေသူ မဟုတ်ချေ။
နက်နဲသောနယ်ပယ်ကို မရောက်သေးဘဲ သန့်စင်တဲ့ ခန္ဓာကို ပိုင်ဆိုင်ထားတာပါ့။
"ဒီလိုအရည်အချင်းရှိတဲ့သူမျိုးက လူသူနည်းပြီး စည်းစနစ်မကျတဲ့ ဂိုဏ်းတစ်ခုမှာ အကြီးအကဲအဖြစ် လုပ်နေတာလား။
လောကကြီးက ဘာတွေ ဖြစ်ကုန်ပြီလဲ။ ငါးပျံကျွန်းက အရှေ့အိုင်မှာ အင်အားအကြီးဆုံးနေရာ မဟုတ်တော့ဘူးလား"
သူ ညည်းတွားနေစဉ်မှာပင် မလှမ်းမကမ်းတွင် တံမြက်စည်းလှည်းနေသော ကျောက်ယီကို လှမ်းကြည့်လိုက်မိသည်။ ဖုန်မှုန့်များကြားတွင် ရှိနေသော်လည်း ကျောက်ယီမှာလည်း ဖုန်မှုန့်များကင်းစင်နေပြီး ဖုန်များမှာ သူ့ကို လမ်းကြောင်းလွှဲ ရှောင်ဖယ်သွားကြသည်ကို မြင်လိုက်ရပြန်သည်။
"ဟာ"
ချင်မိုမှာ အံ့အားသင့်လွန်းသဖြင့် ဆဲဆိုမိမလိုပင် ဖြစ်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။
နှစ်ယောက်လုံးက သန့်စင်တဲ့ ခန္ဓာကို ပိုင်ဆိုင်ထားကြတာလား။
နက်နဲသောနယ်ပယ်ကို မရောက်သေးဘဲ သန့်စင်တဲ့ခန္ဓာပိုင်ဆိုင်တဲ့ ပါရမီရှင် နှစ်ဦးစလုံးကို ပိုင်ဆိုင်ထားရအောင် ဒါက ဘယ်လိုဂိုဏ်းမျိုးလဲ။
ဤကဲ့သို့သော သူများအကြောင်းကို သူ၏ မိခင်ထံမှသာ သူ ကြားဖူးခဲ့ခြင်း ဖြစ်ပြီး အရှေ့အိုင်၏ အပြင်ဘက်ရှိ ပိုမိုကြီးမားသော ကမ္ဘာကြီးတွင်သာ ရှိနိုင်သည်ဟု ထင်ခဲ့ခြင်းပင်။
အစောပိုင်းကမူ ဤနေရာသည် ချမ်းသာသူများကို လိမ်လည်လှည့်ဖြားသည့် ဂိုဏ်းအတုအယောင်တစ်ခုဟု သူ ထင်ခဲ့မိသည်။
"ဒါပေမဲ့ အခုကြည့်ရတာတော့... အရှေ့အိုင်မှာရှိတဲ့ ဘယ်ဂိုဏ်းကများ သန့်စင်တဲ့ခန္ဓာပိုင်ရှင်တွေနဲ့ သူ့ကိုတောင် အရှက်ရစေမယ့် လူငယ်ပါရမီရှင်တွေကို အသုံးချပြီး ဟန်ဆောင်ရဲမှာလဲ။
တကယ်လို့ ဒီလိုဂိုဏ်းမျိုးသာ ရှိမယ်ဆိုရင် အဲဒါက အနည်းဆုံး ကြယ် ၃ ပွင့်ဒါမှမဟုတ် တစ်လောကလုံးမှာ ကြယ် ၄ ပွင့်အဆင့်ရှိတဲ့ အင်အားစုတစ်ခုပဲ ဖြစ်ရမယ်"
ထိုစဉ် ယွမ်လျောင်၏ မေးခွန်းထုတ်သံ ထွက်ပေါ်လာသည်။
"မင်းက ဘယ်သူလဲ"
"ဟို... စီနီယာ... ကျွန်တော်က တပည့်စုဆောင်းတဲ့ ဆိုင်းဘုတ်ကို မြင်လို့ တက်လာတာပါ။ ဒီနေရာက ဘယ်လိုနေရာလဲဆိုတာ သိပါရစေ"
"မသေမျိုးဂိုဏ်းပဲ"
တစ်ဖက်လူက တပည့်စုဆောင်းသည့် သတင်းကိုကြား၍ လာခြင်းဖြစ်ကြောင်း သိရသည့်အခါ ယွမ်လျောင်က အပြစ်တင်လိုသော စိတ်ကို လျှော့ချလိုက်ပြီး ကျောက်ယီကို လှမ်းပြောလိုက်
သည်။
"ကျောက်ယီ... သူ့ကို ဂိုဏ်းချုပ်ဝမ်ဆီ ခေါ်သွားလိုက်ဦး"
ထိုသို့ပြောပြီးနောက် ယွမ်လျောင်သည် ချင်မို၏ ဘေးမှ လျင်မြန်စွာ ဖြတ်ကျော်ကာ ဆန်းဝူမြို့ဘက်သို့ အလျင်အမြန် ဆင်းသွားတော့သည်။
ကျောက်ယီသည် တံမြက်စည်းကို ချလိုက်ပြီး ချင်မိုထံသို့ ချဉ်းကပ်လာကာ ရွှင်လန်းသော လေသံဖြင့် "သူငယ်ချင်း... မင်း တကယ် ကံကောင်းတာပဲလို့ ငါ ပြောပါရစေ။ ဂိုဏ်းချုပ်က အခု ဒီမှာ ရှိနေတယ်။ အကယ်၍ မင်းသာ အနည်းငယ် နောက်ကျပြီး ရောက်လာမယ်ဆိုရင် မသေမျိုးဂိုဏ်းထဲကို ဝင်ခွင့်ရဖို့ အခွင့်အရေး လွဲသွားနိုင်တယ်" ဟု ပြောလိုက်သည်။
"အဲ..."
သူ့ရှေ့က လူပြောနေသည်ကို နားထောင်ရင်း ချင်မိုသည် တစ်ခုခု ထူးဆန်းနေသလို ခံစားရသည်။
"လူနည်းစုလေးပဲရှိတဲ့ ဂိုဏ်းတစ်ခုဆီကို ပါရမီရှင်တစ်ယောက် ရောက်လာတာက အဲဒီဂိုဏ်းအတွက် ကံကောင်းတာ မဟုတ်ဘူးလား။ ဒါပေမဲ့ အခုတော့ အဲဒီလူရဲ့ လေသံက မသေမျိုးဂိုဏ်းထဲကို ဝင်ခွင့်ရတာက ငါ့အတွက် ကံကောင်းတာဖြစ်နေသလိုမျိုး ဖြစ်နေတယ်"
ကျောက်ယီ၏ ခေါ်ဆောင်ရာသို့ လိုက်ပါလာပြီးနောက် သူသည် ဂိုဏ်းဝင်ရန် လာခြင်းမဟုတ်ဘဲ လာကြည့်ရုံသက်သက်ဖြစ်ကြောင်း ချင်မို ရုတ်တရက် သတိရသွားသည်။
သို့သော် ထိုအချိန်မှာပင် ဘေးမှလူက ဦးညွှတ်လိုက်ပြီး "ဂိုဏ်းချုပ်" ဟု ခေါ်လိုက်သည်ကို သူ တွေ့လိုက်ရသည်။
ချင်မိုသည် အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်ပြီး စကားတစ်ခွန်းကို လွှတ်ခနဲ ပြောလိုက်မိတော့သည်။
"ဒါက... ဂိုဏ်းချုပ်လား"
အခန်း။ ၈၈
သူ့ဘေးတွင် သူနှင့်သက်တူရွယ်တူခန့်ရှိမည့် ဓားကဲ့သို့ ထင်ရှားသော မျက်ခုံးအစုံနှင့် တောက်ပသော မျက်လုံးများရှိသည့် လူငယ်တစ်ဦး ရပ်နေသည်။ ထိုလူငယ်ထံမှ ထူးခြားသော သူရဲကောင်းဆန်သည့် လူငယ်အရှိန်အဝါများ ထွက်ပေါ်နေပြီး ချင်မို ပထမဆုံး မြင်လိုက်ရသည့် ခံစားချက်မှာ ထိုသူသည် သူ့ထက်ပင် ငယ်ဦးမည်ဟူ၍ ဖြစ်သည်။
အစပိုင်းတွင် သူသည် ဤလူငယ်ကိုလည်း မသေမျိုးဂိုဏ်းမှ တပည့်တစ်ဦးဟုသာ ထင်မှတ်ထားခဲ့ပြီး ဘေးမှလူနှင့် အစ်ကိုကြီး၊ ညီလေး ဆက်ဆံရေးမျိုးသာ ရှိလိမ့်မည်ဟု ယူဆခဲ့သည်။
သို့သော် သူ့ရှေ့တွင်ရှိနေသော သူနှင့် သက်တူရွယ်တူခန့်သာရှိသည့် လူငယ်မှာ အမှန်တကယ်တော့ မသေမျိုးဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်နေသည်။
သူသည် ငါးပျံကျွန်းမှ ဆန်းဝူမြို့သို့ လာရာလမ်းတစ်လျှောက် နေရာအနှံ့ကို ဖြတ်သန်းခဲ့ပြီး ဂိုဏ်းပေါင်းစုံ၊ အင်အားစုပေါင်းစုံမှ အကြီးအကဲများနှင့် တွေ့ဆုံခဲ့ဖူးသည်။ သူတို့၏ အသက်အရွယ်မှာ အသက်ငါးဆယ်မှသည် ဆံပင်ဖြူနေသော အဘိုးအိုများအထိ ရှိကြပြီး အငယ်ဆုံးဟု ဆိုနိုင်သူမှာပင် အသက်လေးဆယ်ကျော် ရှိနေပြီဖြစ်သည်။
သူ့ရှေ့က ဤမျှငယ်ရွယ်လှသော ဂိုဏ်းချုပ်မှာမူ တကယ်ပင် ထူးခြားချက်တစ်ခု ဖြစ်နေတော့သည်။
ဤခရီးစဉ်သည် သူ့ကို အံ့အားသင့်စရာများစွာ ပေးခဲ့ပြီး သူ၏ ယုံကြည်ချက်အချို့ကိုလည်း အသစ်တစ်ဖန် ဖြစ်ပေါ်စေခဲ့သည်။ သို့သော် ဤမျှငယ်ရွယ်သော ဂိုဏ်းချုပ်တစ်ဦးသည် ဤမျှ ထူးချွန်ထက်မြက်သော တပည့်များကို မည်သို့ စည်းရုံးသိမ်းသွင်းထားနိုင်သည်ကိုမူ သူ လုံးဝ နားမလည်နိုင်ပေ။
"သူ့ထက် ငယ်ပေမဲ့ ခွန်အားချင်း တူနေတာ၊ နက်နဲတဲ့နယ်ပယ်ကို မရောက်ခင်ကတည်းက သန့်စင်တဲ့ခန္ဓာကို ပိုင်ဆိုင်ထားတာ... အဲဒီလို ပါရမီရှင် သုံးယောက်လုံးက ဒီဂိုဏ်းချုပ်လူငယ်ကို သစ္စာခံနေကြတယ်ဆိုတဲ့ သတင်းသာ ပျံ့သွားရင် ဘယ်သူမှ ယုံကြမှာ မဟုတ်ဘူး။
ဒီလို ထူးကဲတဲ့ ပါရမီရှင်တွေ ရှိနေတဲ့ ဂိုဏ်းက ကြယ် ၃ ပွင့်အဆင့် မရှိရင်တောင် လောကပြင်ပမှာ သီးခြားနေထိုင်တဲ့ ဂိုဏ်းကြီးတစ်ခု ဖြစ်ရမယ်။ ဒီလိုဂိုဏ်းမျိုးရဲ့ ဂိုဏ်းချုပ်ဆိုတာလည်း အသက် ၅၀ ကျော်လောက်ရှိပြီး ထူးခြားတဲ့ စွမ်းအားတွေနဲ့အတူ အရှေ့အိုင်ဒေသ တစ်ခုလုံးကို တုန်လှုပ်စေနိုင်တဲ့ အရှိန်အဝါမျိုး ရှိရမှာ မဟုတ်ဘူးလား"
ထိုစဉ် ဝမ်ပင်း၏ အသံက ခပ်တိုးတိုး ထွက်ပေါ်လာသည်။ ရ"ရည်မှန်းချက်ကြီးဖို့ဆိုတာ အသက်အရွယ်နဲ့ မဆိုင်ဘူးဆိုတာ တကယ်ကို မှန်ကန်တဲ့ စကားပါပဲ"
ပြောပြီးနောက် ဝမ်ပင်းက ချင်မိုကို ပြုံးကြည့်လိုက်သည်။ သို့သော် ထိုအပြုံးမှာ နက်နဲသော အဓိပ္ပာယ်များ ပါဝင်နေပြီး ဆွဲဆောင်မှုတစ်မျိုး ရှိနေသဖြင့် သူ့ရှေ့ကလူကို အထင်မသေးရဲအောင် ဖြစ်သွားစေသည်။
ဝမ်ပင်းသည် ချင်မို ရောက်လာမည်ကို ကြိုတင်သိရှိထားသဖြင့် ယောင်းတောင်မှ ပြန်လာခဲ့ခြင်းပင်။ သူသည် ပင်မခန်းမ၏ အထူးလုပ်ဆောင်ချက်တစ်ခုဖြစ်သော ဂိုဏ်းချုပ်၏ ထူးခြားသော ဆွဲဆောင်မှုကို ပထမဆုံးအကြိမ် အသုံးချလိုက်ခြင်းဖြစ်ရာ သူ၏ လှုပ်ရှားမှုတိုင်းတွင် ထူးခြားသောအရှိန်အဝါများ ထွက်ပေါ်နေခြင်းပင်။
ချင်မိုက အားနာသလို ပြုံးလိုက်ပြီး ဝမ်ပင်းကို အကဲခတ်ရင်း အတွေးပေါင်းစုံဖြင့် ဆိုလိုက်
သည်။
"ခင်ဗျားပြောတာ မှန်ပေမဲ့လည်း..."
သူ့စကားမဆုံးခင်မှာပင် ဝမ်ပင်းက ကြားဖြတ်မေးလိုက်သည်။
"ကျောက်ယီ... ဒါ မင်းရဲ့ သူငယ်ချင်းလား"
ကျောက်ယီက အလျင်အမြန် ပြန်ဖြေသည်။
"မဟုတ်ပါဘူး အခုမှ စတွေ့တာပါ။ သူက ဂိုဏ်းဝင်ချင်လို့ တောင်ပေါ်ကို သူ့အလိုလို တက်လာတာပါ။ ဒါကြောင့် အကြီးအကဲယွမ်က သူ့ကို ဂိုဏ်းချုပ်နဲ့ တွေ့ပေးဖို့ ကျွန်တော့်ကို လွှတ်လိုက်တာပါ"
"ဂိုဏ်းဝင်ဖို့လား"
ဝမ်ပင်း၏ အပြုံးများ ပျောက်ကွယ်သွားပြီး အလေးအနက် စဉ်းစားဟန်ပြုလိုက်သည်။ သူ၏ အကြည့်များမှာ တစ်ဖက်လူကို ထိုးဖောက်မြင်နိုင်သည့်အလား ရှိနေပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ပါရမီကတော့ ဝင်ခွင့်စံနှုန်းကို မနည်းမီရုံလေးပဲ ရှိသေးတာပဲ"
ဤစကားကို ကြားရသည့်အခါ ချင်မိုမှာ ခါးသီးစွာ ပြုံးလိုက်မိတော့သည်။
သူ၏ ပါရမီမှာ စံနှုန်းမီရုံသာ ရှိသည်ဟု တစ်စုံတစ်ယောက်က ပြောသည်ကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။ သူ့အထင်အရဆိုလျှင် အရှေ့အိုင်ဒေသတစ်ခုလုံးတွင် အသက် ၁၈ နှစ်နှင့် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၈သို့ ရောက်ရှိနေသူမှာ လက်ချိုးရေတွက်၍ပင် ရနိုင်မည် မဟုတ်ပေ။
ချင်မိသားစုသည် ငါးပျံကျွန်း၏ အရှင်သခင်များဖြစ်ပြီး ကြယ် ၁ ပွင့်အင်အားစုတစ်ခုနှင့် ကြယ် ၂ ပွင့်အင်အားစုတစ်ခုကို အုပ်ချုပ်ထားကာ အရှေ့အိုင်တွင် အင်အားအကောင်းဆုံးဟု သတ်မှတ်ခံထားရသော်လည်း ဤမျှအထိ လေသံကြီးကြီး မပြောရဲပေ။ သူတို့၏ တပည့်စုဆောင်းမှု စံနှုန်းမှာ အသက် ၁၅ နှစ်တွင် အဆင့် ၂ သို့ ရောက်ရှိရန်သာ ဖြစ်သည်။
ထို့ပြင် သူသည် မသေမျိုးဂိုဏ်းသို့ ဝင်ရန် လုံးဝ ရည်ရွယ်ချက်မရှိဘဲ လာကြည့်ရုံသာ လာခဲ့ခြင်းပင်။
သူသည် အရှေ့အိုင်တစ်ခွင် လှည့်လည်သွားလာရင်း ကျင့်ကြံခြင်း စိတ်အခြေအနေတစ်ခု ရရှိသည့်အခါ ငါးပျံကျွန်းသို့ ပြန်ကာ ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်ပြီး နောက်ထပ် နှစ်နှစ်အကြာတွင် ကျင်းပမည့် ဒုတိယအဆင့် စစ်ဆေးပွဲအတွက် ပြင်ဆင်ရမည်ပင်။
"ကျွန်တော်က လာကြည့်ရုံသက်သက်ပါ"
ဤနေရာတွင် ထူးချွန်သော ပါရမီရှင် သုံးဦး ရှိနေပြီး တစ်မျိုးတစ်ဖုံ ထူးခြားနေသော်လည်း ဤနေရာတွင် လေ့ကျင့်ရခြင်းမှာ ငါးပျံကျွန်းရှိ နက်နဲသောနယ်ပယ်ကျွမ်းကျင်သူများ၏ သင်ကြားမှုနှင့် မိစ္ဆာသားရဲကြီးများကြားတွင် လေ့ကျင့်ရခြင်းထက် ပိုမိုကောင်းမွန်လိမ့်မည်ဟု သူ မထင်ပေ။
သူ့ရှေ့က ဤလူငယ်သည် ငယ်ငယ်ရွယ်ရွယ်နှင့် အရည်အချင်းအချို့ ရှိနေနိုင်သော်လည်း သူ့ကို ကောင်းကောင်း သင်ကြားပေးနိုင်လိမ့်မည် မဟုတ်ပေ။ သူ၏ ပြိုင်ဘက်များမှာ သာမန်လူများ မဟုတ်ဘဲ နက်နဲသောနယ်ပယ်ကျွမ်းကျင်သူများ၏ အပြည့်အဝ ပံ့ပိုးမှုကို ရရှိထားကြသူများ ဖြစ်သည်။
"လာကြည့်တာလား"
ဝမ်ပင်းက စိတ်ထဲမှ တိတ်တဆိတ် ရယ်မောလိုက်ပြီး ချင်မိုကို ကြည့်လိုက်ရာ သူ၏ အကြည့်များမှာ ထူးခြားသော တောက်ပမှုများ ထွက်ပေါ်လာသည်။
ချင်မိုမှာ ထိုကဲ့သို့ စိုက်ကြည့်ခြင်းကို ခံရသဖြင့် အနေရခက်ကာ သူ၏ လည်ပင်းကိုသာ ကုပ်နေမိတော့သည်။
ခေတ္တအကြာတွင် ဝမ်ပင်းက "မလောပါနဲ့ဦး။ အရင်ဆုံး လှည့်ပတ်ကြည့်ရှုပြီးမှ ဆုံးဖြတ်လည်း ရပါတယ်။ မကြိုက်ဘူးဆိုရင် ပြန်သွားဖို့လည်း မနောက်ကျပါဘူး။ ကျောက်ယီ... သူ့ကို လိုက်ပြလိုက်ဦး။ ဂိုဏ်းရဲ့ ထူးခြားချက်တွေကို ခံစားကြည့်ခိုင်းလိုက်။ မင်းအတွက် ဆုလာဘ်ကတော့ကြမ်းကြုတ်သော သားရဲများ စမ်းသပ်ရာကွင်းမှာ တစ်ရက်စာ ကျင့်ကြံခွင့်ပဲ" ဟု ပြောလိုက်သည်။
ဝမ်ပင်း၏ စကားကို ကြားသည့်အခါ ချင်မိုသည် အစပိုင်းတွင် ချက်ချင်း ပြန်ရန် စဉ်းစားခဲ့သော်လည်း ဝမ်ပင်း၏ အမူအရာနှင့် အကြည့်များကို မြင်လိုက်ရသည့်အခါ တစ်ခုခုက သူ့ကို ဆွဲဆောင်ထားသကဲ့သို့ ခံစားလိုက်ရပြီး ဆက်နေရန် ဆုံးဖြတ်လိုက်မိသည်။
"ကောင်းပါပြီ... ကျွန်တော် လှည့်ပတ်ကြည့်ပါ့မယ်"
ချင်မိုသည် အားနာသလို ပြုံးလိုက်ပြီး ကျောက်ယီ၏ ပုခုံးကို ပုတ်လိုက်သည်။
သို့သော် ကျောက်ယီ၏ မျက်နှာတွင်လည်း ဝမ်းသာအားရ ဖြစ်နေပြီး သူ့ကို ရှေ့မှနေ၍ တက်ကြွစွာ ခေါ်ဆောင်သွားသည်ကိုမူ သူ သတိမထားမိပေ။
လမ်းလျှောက်နေစဉ်အတွင်း ကျောက်ယီ၏ အမူအရာကို ကြည့်ပြီး ချင်မိုမှာ နားမလည်
နိုင်အောင် ဖြစ်ရကာ ခေါင်းကို ကုပ်ရင်း တွေးနေမိသည်။
"ငါ့ကို လိုက်ပြရတာ ဒီလောက်တောင် ဝမ်းသာစရာ ကောင်းလို့လား"
လမ်းတစ်လျှောက်တွင် တောင်တန်းများနှင့် အဆောက်အဦးများမှလွဲ၍ ထူးထူးခြားခြား မရှိလှဘဲ သူ မြင်တွေ့နေကျ ဂိုဏ်းများနှင့် အတူတူပင် ဖြစ်သဖြင့် ချင်မိုမှာ ပျင်းရိလာတော့သည်။ ထို့ကြောင့် သူက စကားစရှာသည့်အနေဖြင့် မေးလိုက်သည်။
"ဒါနဲ့... ခုနက ဂိုဏ်းချုပ်ပြောသွားတဲ့ ကြမ်းကြုတ်သော သားရဲများ စမ်းသပ်ရာကွင်းဆိုတာက ဘာလဲ"
"ရောက်တော့မှာပါ ရောက်ရင် မင်းကိုယ်တိုင် ကြည့်လိုက်လေ"
ပြောပြီးသည်နှင့် ကျောက်ယီက ရှေ့ရှိ စမ်းသပ်ရာကွင်းကို ညွှန်ပြလိုက်သည်။
"ဒါက ငါတို့ဂိုဏ်းက ကိုယ်ခံပညာ လေ့ကျင့်ဖို့နဲ့ တိုက်ပွဲအတွေ့အကြုံတွေ စုဆောင်းဖို့အတွက် ကျင့်ကြံရေးကွင်းပဲ။ အထဲမှာ တစ်ရက်လေ့ကျင့်ရင် ရွှေဒင်္ဂါး ၅၀ ကျသင့်ပေမဲ့ ဂိုဏ်းချုပ်က မင်းကို အခမဲ့ စမ်းသပ်ခွင့်ပေးမယ်လို့ ပြောထားတယ် စမ်းကြည့်ချင်လား။ ညီအစ်ကို လီလီတောင် အထဲမှာ သုံးရက်လေ့ကျင့်ပြီးတာနဲ့ သူ့ရဲ့ ကိုယ်ခံပညာတစ်ခုကို အခြေခံအဆင့်ကနေ အောင်မြင်မှုကြီးအဆင့်အထိ တိုက်ရိုက် တိုးတက်သွားခဲ့တာ"
"သုံးရက်တည်းနဲ့လား ဒါကတော့ ကြွားလွန်းရာ ကျနေပြီ။ အဲဒီလောက် လွယ်လွယ်နဲ့ အဆင့်တက်မယ်ဆိုရင် လောကမှာ ကျွမ်းကျင်သူတွေ အနှံ့အပြား ဖြစ်နေမှာပေါ့။ ဒါပေမဲ့ အလကားဆိုတော့လည်း ငါ စမ်းကြည့်တာပေါ့"
ထို့နောက် သူသည် စမ်းသပ်ရာကွင်းအတွင်းသို့ ခြေလှမ်းလှမ်းလိုက်သည်။
အထဲသို့ ရောက်သည့်အခါ ရုတ်တရက် ထွက်ပေါ်လာသော ကြမ်းကြုတ်သည့် သားရဲများကို မြင်လိုက်ရသဖြင့် သူ ခေတ္တမျှ မှင်သက်သွားပြီးနောက် သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
"ကောင်လေး... ငါနဲ့တွေ့တာ မင်းရဲ့ ကံဆိုးမှုပဲ"
ထိုသို့ပြောပြီးသည်နှင့် ချင်မိုသည် သားရဲကြီးဆီသို့ တည့်တည့် တိုးဝင်တိုက်ခိုက်လိုက်တော့သည်။
နှစ်နာရီခန့် ကြာပြီးနောက် ဝမ်ပင်းသည် တောင်အောက်သို့ မဆင်းမီ တစ်ခုခုစားရန် မီးဖိုချောင်ထဲတွင် ပြင်ဆင်နေစဉ် အပြင်ဘက်မှ အလျင်စလို ပြေးလာသော ခြေသံများကို ကြားလိုက်ရသည်။
ဖြစ်ပျက်ခဲ့သည့် အခြေအနေမှာ သူ ခန့်မှန်းထားသည်ထက်ပင် ပို၍ ထူးခြားနေသည်။ စမ်းသပ်ရာကွင်းထဲသို့ ရောက်သည်နှင့် ချင်မိုသည် သူ၏ တိုက်ပွဲစိတ်ဆန္ဒကို ချက်ချင်းပင် နိုးကြားလာစေခဲ့သည်။
ချင်မိုသည် အခြားနေရာများသို့ လှည့်ပတ်မကြည့်တော့ဘဲ ဤစမ်းသပ်ရာကွင်း တစ်ခုတည်းကပင် သူ့ကို များစွာ တုန်လှုပ်သွားစေခဲ့သည်။
နှစ်နာရီအတွင်းမှာတင် သူ၏ ကိုယ်ခံပညာမှာ အခြေခံအဆင့်မှ အောင်မြင်မှုကြီးအဆင့်သို့ တိုက်ရိုက် တိုးတက်သွားခဲ့ရာ ဤကျင့်ကြံရေးကွင်းမှာ တကယ်ပင် မယုံနိုင်စရာ ကောင်းလှသည်။
"ဂိုဏ်းချုပ်... ဂိုဏ်းချုပ်"
မီးဖိုချောင်ထဲသို့ မရောက်မီ ချင်မို၏ အသံက အရင်ရောက်လာသည်။ ဝမ်ပင်းကို မြင်သည်နှင့် သူက "ကျွန်တော် ဒီမှာ ကျင့်ကြံချင်ပါတယ် ဂိုဏ်းချုပ်... ကျွန်တော့်ကို အခွင့်အရေး ပေးပါဦး" ဟု တောင်းဆို လိုက်သည်။
ယခုအခါတွင်မူ ဝမ်ပင်းကဲ့သို့ ငယ်ရွယ်သူတစ်ဦးက ဘာလို့ဒီလောက် ထူးချွန်တဲ့ တပည့်တွေကို ပိုင်ဆိုင်ထားနိုင်တာလဲဆိုသည်ကို သူ နားလည်သွားပြီ ဖြစ်သည်။
ဘယ်သူက ဒီစမ်းသပ်ကွင်းထဲမှာ မကျင့်ကြံချင်ဘဲနေမှာလဲ။
"ဒီနေရာမှာ တစ်ရက်လေ့ကျင့်ရတာက မိစ္ဆာသားရဲကြီးတစ်ကောင်နဲ့အတူ နှစ်ပေါင်းများစွာ လေ့ကျင့်ရတာနဲ့ အတူတူပဲ။ လူတစ်ယောက်ရဲ့ သက်တမ်းက ရှည်လျားတယ်လို့ ပြောနိုင်ပေမဲ့ အချိန်ပိုရဖို့ကို ဘယ်သူက မလိုချင်ဘဲ နေမှာလဲ။
တစ်ခုခုကို အောင်မြင်ဖို့ ကြာမယ့်အချိန်ကို လျှော့ချနိုင်တာက အချိန်ပိုရတာနဲ့ အတူတူပါပဲ။ ဒါ့အပြင် ပိုပြီး များပြားတဲ့ ဖြစ်နိုင်ခြေတွေကိုလည်း ပိုင်ဆိုင်ခွင့် ရနိုင်တာပဲဟာ။
လာမယ့် နှစ်နှစ်အတွင်းမှာ ငါ့ရဲ့ ပြိုင်ဘက်တွေကို အမှီလိုက်ဖို့နဲ့ ကျော်ဖြတ်နိုင်ဖို့အတွက် မူလက ငါမျှော်လင့်ချက် မရှိခဲ့ပေမဲ့ အခုတော့ ငါတကယ်ကို ယုံကြည်မှု ရှိနေပြီ"
ဤသည်ကို မြင်သောအခါ ဝမ်ပင်းက စိတ်ထဲမှ ကျေနပ်သွားပြီးနောက် ပြုံး၍ ပြောလိုက်သည်။
"မင်း ဂိုဏ်းထဲကို ဝင်လို့ရပါတယ်။ ဒါပေမဲ့ အရင်ဆုံး ဝင်ကြေး ရွှေဒင်္ဂါး ၁၀၀၀ ကိုတော့ ပေးဆောင်ရမယ်"