အခန်း (၈၉-၉၀)
Vol. 9 Ch. 89-90
အခန်း။ ၈၉
"ရွှေဒင်္ဂါး တစ်ထောင်လား ပြဿနာမရှိပါဘူး"
ပြောပြောဆိုဆိုပင် ချင်မိုသည် သူ၏အိတ်ကပ်ထဲမှ ရွှေဒင်္ဂါးတစ်ထောင်တန် ငွေကတိစာချုပ်တစ်ခုကို ထုတ်ယူကာ တွန့်ဆုတ်ခြင်းမရှိဘဲ ကမ်းပေးလိုက်သည်။
သူသည် ငါးပျံကျွန်းရှိ ချင်မိသားစုဝင်တစ်ဦး ဖြစ်သော်လည်း အခြားဂိုဏ်းတစ်ခုသို့ ဝင်ရောက်ခြင်းအတွက် ကန့်သတ်ချက်များ မရှိပေ။ အကယ်၍ ကန့်သတ်ချက်များ ရှိနေလျှင်ပင် သူသည် မသေမျိုးဂိုဏ်းသို့ ဝင်ရန်သာ ဆုံးဖြတ်ပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ တစ်သက်တွင် တစ်ခါသာ ကြုံနိုင်သော အခွင့်အရေးဖြစ်ပြီး အခြားသူများဆိုလျှင် အိပ်မက်ထဲတွင်ပင် တောင့်တနေရမည့် အခွင့်အရေးမျိုး ဖြစ်သောကြောင့်ပင်။
ဝင်ကြေးကို လက်ခံရရှိပြီးနောက် ဝမ်ပင်းသည် ဂိုဏ်းဝင်သည့် လုပ်ငန်းစဉ်များကို ရှုပ်ရှုပ်ထွေးထွေး မလုပ်တော့ဘဲ ချင်မို၏ ဂါရဝပြုမှုကို လက်ခံကာ အတည်ပြုလိုက်သည်။
မကြာမီမှာပင် ချင်မိုသည် သူ၏ စိတ်ထဲမှ သံသယများကို မအောင့်နိုင်တော့ဘဲ ဂိုဏ်း၏ လျှို့ဝှက်ချက်ကို စူးစမ်းမိသကဲ့သို့ ဖြစ်မည်စိုးသော်လည်း စွန့်စားကာ မေးလိုက်မိသည် "ဂိုဏ်းချုပ်... ကြမ်းကြုတ်သော သားရဲများ စမ်းသပ်ရာကွင်းက ကျွန်တော့်ရဲ့ လက်ဝါးသိုင်းကို နှစ်နာရီအတွင်းမှာတင် အောင်မြင်မှုကြီးအဆင့်အထိ ဘယ်လိုလုပ်ပြီး တိုးတက်သွားစေတာလဲဟင်"
ဝမ်ပင်းသည် ဘာမှဖုံးကွယ်မထားဘဲ ရှင်းပြလိုက်သည်။
"အဲဒါက မင်းရဲ့ တိုက်ပွဲစိတ်ဆန္ဒနိုးကြားသွားလို့ပဲ။ အဲဒီအချိန်အတွင်းမှာ မင်းရဲ့ နားလည်
သဘောပေါက်မှုနဲ့ ရရှိတဲ့ အတွေ့အကြုံတွေက ခြောက်ဆအထိ ပိုမြန်သွားသလို ကိုယ်ခံပညာရဲ့ အဆင့်အတားအဆီးတွေကိုလည်း လျစ်လျူရှုနိုင်သွားတယ်။ ဒါပေမဲ့ နှစ်နာရီအတွင်းမှာ အောင်မြင်မှုကြီးအဆင့်ကို ရောက်သွားတာက မင်းရဲ့ နေ့စဉ် ကြိုးစားအားထုတ်မှုတွေကြောင့်လည်း ပါဝင်ပါတယ်"
ဝမ်ပင်းက စမ်းသပ်ရာကွင်းကိုပဲ အမွှန်းတင်မပြောသော်လည်း ချင်မိုကမူ ထိုသို့ မယူဆပေ။
ဤအောင်မြင်မှုမှာ စမ်းသပ်ရာကွင်းကြောင့်သာ ဖြစ်သည်ဟု သူ အခိုင်အမာ ယုံကြည်သွားသည်။
အဘယ်ကြောင့်ဆိုသော် ကိုယ်ခံပညာ အဆင့်အတားအဆီးများကို ကျော်ဖြတ်ရန်မှာ ပုံမှန်အားဖြင့် အချိန်အတော်ကြာအောင် စုဆောင်းလေ့ကျင့်ရသဖြင့် ဖြစ်သည်။ ထိုသို့မဟုတ်လျှင် ဆယ်နှစ်ခန့် ကြာသည်အထိပင် ထိုအဆင့်မှာရပ်နေတတ်သည်။
ချင်မိုက ရယ်မောရင်း "ဂိုဏ်းချုပ်... ကျွန်တော်ကတော့ ဒီနေ့ကစပြီး တခြားဘယ်နေရာမှ မသွားတော့ဘဲ ဒီစမ်းသပ်ရာကွင်းမှာပဲ အားသွန်ခွန်စိုက် ကျင့်ကြံတော့မယ်။ ဒီမှာ နောက်ထပ် ရက် ၂၀ အတွက် ကျသင့်ငွေပါ။ အရေးကြီးကိစ္စ မရှိရင် ကျွန်တော့်ကို မခေါ်ပါနဲ့တော့" ဟု ပြောလိုက်သည်။
ထိုသို့ပြောရင်း ချင်မိုသည် နောက်ထပ် ရွှေတစ်ထောင်တန် ငွေကတိစာချုပ်တစ်ခုကို ထပ်မံထုတ်ယူလိုက်ပြန်သည်။
သို့သော် ဝမ်ပင်းက လက်မခံခဲ့ပေ။
"မရဘူး... မင်းအနေနဲ့ စမ်းသပ်ရာကွင်းမှာ တစ်နေ့ကို အများဆုံး သုံးနာရီပဲ ကျင့်ကြံခွင့်ရှိတယ်"
"ဘာဖြစ်လို့လဲဗျ"
ချင်မိုသည် ဒုတိယအဆင့် စစ်ဆေးပွဲတွင် အနိုင်ရရန်အတွက် အလျင်အမြန် သန်မာလာချင်နေပြီး ဤစမ်းသပ်ရာကွင်းမှာ သူ၏ တစ်ခုတည်းသော အခွင့်အရေး ဖြစ်နေသည်။ ထို့ကြောင့် တစ်နေ့ကို သုံးနာရီသာ ကျင့်ကြံခွင့်ရှိသည်ဟူသော စကားမှာ သူ့ကို စိတ်ထိခိုက်သွားစေသည်။
ဘယ်သူက တစ်နေ့ကို သုံးနာရီတည်း ကျင့်ကြံချင်မှာလဲ။
ဒါက အပျော်တမ်း ဆော့ကစားနေသလို ဖြစ်မနေဘူးလား။
"ဂိုဏ်းချုပ်... ကျွန်တော် တစ်နေ့ကို ရွှေဒင်္ဂါး ၂၀၀ အထိ ပေးနိုင်ပါတယ်"
သူ၏အမြင်တွင် ရွှေဒင်္ဂါးဆိုသည်မှာ စက္ကူမျှသာဖြစ်ပြီး ထိုစက္ကူများကို အစွမ်းသတ္တိနှင့် လဲလှယ်နိုင်မည်ဆိုပါက သူရှိသမျှ အကုန်ပေးရန် အသင့်ပင်။
သို့သော် ဝမ်ပင်းက ထပ်မံငြင်းဆိုလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"တစ်နေ့ကို ရွှေတစ်ထောင်ပေးရင်တောင် မဖြစ်နိုင်ဘူး။ ဒါက ဂိုဏ်းတစ်ခုဖြစ်တဲ့အတွက် မင်းတစ်ယောက်တည်း အတ္တကြီးပြီး စမ်းသပ်ရာကွင်းကို သိမ်းပိုက်ထားလို့ မရဘူး"
"ကျွန်တော်က..."
ချင်မို စိတ်ပျက်သွားသည်ကို မြင်သောအခါ ဝမ်ပင်းက ပြန်နှစ်သိမ့်လိုက်သည်။
"ကဲပါ... ယောက်ျားတစ်ယောက်ဖြစ်ပြီးတော့။ တကယ်တော့ ဂိုဏ်းထဲမှာ ခွန်အားတွေကို တိုးတက်စေနိုင်တဲ့ တခြားကျင့်ကြံရေးကွင်းတွေလည်း အများကြီး ရှိပါသေးတယ်။ စမ်းသပ်ရာကွင်း တစ်ခုတည်း ရှိတာမဟုတ်ဘူး"
"တကယ်လားဗျ"
"ငါက ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ မင်းကို လိမ်ပါ့မလား"
"ဟေးးး... ပျော်စရာကြီး"
ချင်မိုသည် ဝမ်းသာအားရဖြင့် ခုန်ပေါက်မိတော့သည်။ ပြင်ပကမ္ဘာကြီးမှာ တကယ်ပင် ထူးခြားလှပြီး သူ လာခဲ့ရသည့် ခရီးမှာ တကယ်ပင် တန်ဖိုးရှိသည်ဟု သူ တွေးနေမိသည်။
ဝမ်ပင်းက ဆက်ပြောသည်။
"ကျောက်ယီကို သွားရှာလိုက်ဦး။ သူက တခြားနေရာတွေကို လိုက်ပြလိမ့်မယ်။ ငါကတော့ လုပ်စရာကိစ္စတွေ ရှိသေးလို့ မင်းသွားလို့ရပြီ"
"သွားခွင့်ပြုပါဦးခင်ဗျာ"
ချင်မိုသည် မီးဖိုချောင်ထဲမှ ထွက်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြေးထွက်သွားတော့သည်။
တပည့်သစ်တစ်ယောက်နှင့် ဝင်ငွေအသစ်တစ်ခု ထပ်ရခဲ့သဖြင့် ဝမ်ပင်းသည် အလွန်ပင် ကျေနပ်နေမိသည်။ အဆုံးတွင်မူ ဂိုဏ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မမျှော်လင့်ဘဲ ရလာမည့် ဝင်ငွေများကိုသာ အားကိုးနေ၍ မရပေ။ သူ့ကို အကူအညီတောင်းရန် လူတိုင်း နေ့တိုင်း ဖျားနာနေကြမှာ မဟုတ်ပေ။
တပည့်များထံမှ ရရှိသော ဝင်ငွေမှာသာ ဂိုဏ်းကို အမှန်တကယ် အင်အားတောင့်တင်းစေမည့် ပင်မဝင်ငွေ ဖြစ်သည်။
ထိုအချိန်တွင် ဆန်းဝူမြို့ရှိ အိမ်ရာတစ်ခု၌ ဆံပင်ဖြူအနည်းငယ် ပါနေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် တရားထိုင်နေရင်းမှ ထိတ်လန့်သွားသည့်အလား မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။
ထို့နောက် သူသည် နောက်ကွယ်တွင် ဒူးထောက်နေသော လူကို လှည့်ကြည့်ကာ မေးလိုက်သည်။
"ဥက္ကဌမိုက တကယ်ပဲ အသည်းအသန် အကူအညီလိုက်ရှာရင်း မသေမျိုးဂိုဏ်းထဲကို ဝင်သွားတာလား"
"ဟုတ်ပါတယ်"
ဒူးထောက်နေသော အမျိုးသားက ခေါင်းညိတ်ပြသည်။
အကယ်၍ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့မှ လူတစ်ယောက်သာ ဤနေရာတွင် ရှိနေပါက ဤအမျိုးသားကို ချက်ချင်း မှတ်မိပေလိမ့်မည်။ သူသည် ဆန်းဝူမြို့ရှိ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့၏ စီမံခန့်ခွဲသူ ဟူယဲ့ဖြစ်ပြီး ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ပြီးလျှင် အာဏာအရှိဆုံးသူ ဖြစ်သည်။
သူသည် မျိုးနွယ်စုအသီးသီး၏ လားရာကိုပင် လွှမ်းမိုးနိုင်စွမ်း ရှိသူဖြစ်သည်။
ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ထက်ပင် ရာထူးပိုကြီးသော ပထမဆုံး စီမံခန့်ခွဲသူမှာမူ ယခု တရားထိုင်နေသော လီခုန်းဆန်းပင်။
ဟူယဲ့၏ စကားကို ကြားသောအခါ လီခုန်းဆန်းက ကျေနပ်အားရစွာ ရယ်မောလိုက်သည်။
"သူက မသေမျိုးဂိုဏ်းက အဖိုးအိုရုန်ကို အနိုင်ယူနိုင်မယ်လို့ တကယ်ပဲ ယုံနေတာလား။ မိုယွီရဲ့ ရောဂါကို သူတို့ ကုသပေးနိုင်မယ်လို့ တကယ် ထင်နေတာလား။ မိုယွီရဲ့ ရောဂါက ကုလို့မရတော့ဘူး။ စူးလီကိုယ်တိုင် လာရင်တောင် မသက်သာတဲ့အပြင် ပိုပြီးတောင် သေမိန့်စောသွားလိမ့်မယ်"
အရှေ့အိုင်ရှိ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး နက်နဲသောနယ်ပယ်ကျွမ်းကျင်သူ မိုလင်၏ အစောင့်အရှောက်ဖြစ်သူမှာ မိုယွီပင်။
အကယ်၍ သူသာ ဆန်းဝူမြို့တွင် သေဆုံးသွားပါက တကယ့်ကို ရယ်စရာကောင်းသော ကိစ္စတစ်ခု ဖြစ်ပေလိမ့်မည်။
ဟူယဲ့က ဆက်ပြောသည်။
"သခင်ကြီး... တခြားစီမံခန့်ခွဲသူတွေဆီက ကြားတာတော့ မိုလင်ကိုယ်တိုင် တောင်ပေါ်တက်ပြီး မသေမျိုးဂိုဏ်းက ဂိုဏ်းချုပ်လူငယ် ဝမ်ပင်းကို သွားပင့်တယ်လို့ သိရပါတယ်။ အဲဒီ စားဖိုမှူးဟွမ်ကုန်းက ဝမ်ပင်းရဲ့ အရည်အချင်းက စူးလီထက် မနိမ့်ဘူးလို့ ပြောခဲ့လို့ပါတဲ့"
"တကယ်ကို ရယ်စရာပဲ... ဟင်းချက်သမားတစ်ယောက်ရဲ့ ဆေးဖက်ဝင်ဟင်းလျာအကြောင်း ပြောတာကို ယုံနေရတယ်လို့။ အတွေ့အကြုံမရှိတဲ့ လူငယ်လေးတစ်ယောက်က ဒါတွေကို တကယ်ပဲ နားလည်နိုင်ပါ့မလား။ ဆေးဖက်ဝင်ဟင်းလျာ အတတ်ပညာကသာ အဲဒီလောက် လွယ်ကူနေမယ်ဆိုရင် အရှေ့အိုင်ဒေသတစ်ခုလုံးမှာ ဆေးဖက်ဝင်ဟင်းလျာ ကျွမ်းကျင်သူတွေနဲ့ ပြည့်နှက်နေမှာပေါ့။ ဘယ်မှာလဲ... ဆေးဖက်ဝင်ဟင်းလျာ ကျွမ်းကျင်သူဆိုတာ ကျောက်မျက်ရတနာလို ရှားပါးနေတဲ့ အခြေအနေမျိုး မဟုတ်ဘူးလား။ ဝမ်ပင်းဆိုတဲ့ကောင်က အမိဝမ်းထဲကနေ စပြီးတော့ ဆေးဖက်ဝင်ဟင်းလျာ အတတ်ပညာကို လေ့လာခဲ့တယ်ဆိုရင်တောင်မှ အခြေခံအဆင့်ကို ရောက်ဖို့ ၁၉ နှစ်လောက် အချိန်ယူရမှာပဲ"
"သခင်ကြီး... ကျွန်တော်တို့ အခြေအနေကိုပဲ စောင့်ကြည့်ရမလား ဒါမှမဟုတ် ကြားဖြတ်ဝင်ပါရမလား"
"သွားကြည့်ကြတာပေါ့။ မိုလင်က သူ့အဖေ သေသွားတာကို မြင်ရတဲ့အချိန်မှာ ဘယ်လိုမျက်နှာထားမျိုး ဖြစ်နေမလဲဆိုတာ ငါ တကယ်ကို သိချင်နေပြီ"
ထိုသို့ပြောပြီးနောက် လီခုန်းဆန်းက ထရပ်လိုက်သည်။
ထိုစဉ်မှာပင် တံခါးပြင်ပမှ ခြေသံများ ကြားလိုက်ရပြီး အစေခံတစ်ဦး၏ အသံထွက်ပေါ်လာသည်။
"အစွန်းရောက်တောင်က စီနီယာ ဟန်ကျိယွီ ရောက်ရှိလာပါပြီ"
အသံဆုံးသည်နှင့် တပြိုင်နက် အမူအရာကင်းမဲ့နေသော ဟန်ကျိယွီသည် အခန်းထဲသို့ လှမ်းဝင်လာသည်။ သူ၏ ခြေလှမ်းများမှာ နှေးကွေးသော်လည်း လှမ်းလိုက်သည့် ခြေလှမ်းတိုင်းမှာ အံ့ဩစရာကောင်းလောက်အောင် တည်ငြိမ်လှသည်။
လီခုန်းဆန်းနှင့် အခြားသူများမှာ ချက်ချင်းပင် ရှေ့သို့ထွက်ကာ နှုတ်ဆက်လိုက်ကြသည်။
"စီနီယာဟန်"
"စီနီယာဟန်"
သူတို့အားလုံး တစ်ပြိုင်နက်တည်း နှုတ်ဆက်လိုက်ကြသည်။
ဟန်ကျိယွီက အေးစက်စွာ ပြောလိုက်သည်။
"မင်းတို့ ခုနက ပြောနေတာတွေကို ငါ အကုန်ကြားခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါလည်း အဲဒီဝမ်ပင်းဆိုတဲ့ကောင်နဲ့ တွေ့ချင်နေတာ။ ငါ့ရဲ့ အစွန်းရောက်တောင်က လူတစ်ယောက်ကို သတ်ခဲ့တဲ့အတွက် သူ့မျက်နှာကို ငါ ကြည့်ထားရမယ်။ မဟုတ်ရင် နောက်ရက်အနည်းငယ်အတွင်း ငါ သူ့ကို သွားသတ်တဲ့အခါ လူမှားနေမှာ စိုးလို့"
သူသည် ယနေ့တွင် မြို့စားမင်း၏ အိမ်တော်၌ တည်းခိုနေခြင်းဖြစ်ပြီး မြို့စားအိမ်တော်၏ အရင်းအမြစ်များကို အသုံးပြုကာ သခင်လေး ရှာဖွေခိုင်းထားသော ပစ္စည်းများကို ကူညီရှာဖွေပေးရန် စဉ်းစားနေခြင်းပင်။
သို့သော် မမျှော်လင့်ဘဲ သူသည် သတင်းကောင်းကို မရရှိခဲ့ဘဲ သူလူများ သေဆုံးသွားသည့် သတင်းဆိုးကိုသာ ကြားခဲ့ရသည်။ မှီခိုရာဂိုဏ်းခေါင်းဆောင်က ၎င်းမှာ မသေမျိုးဂိုဏ်း၏ လက်ချက်ဖြစ်ကြောင်း ပြောပြသည့်အခါ သူသည် သတ်ဖြတ်လိုသော စိတ်များ ပြင်းထန်လာပြီး မှီခိုရာဂိုဏ်းကို အသုံးပြုကာ တိုက်ခိုက်ရန် ပြင်ဆင်ခဲ့သည်။
သို့သော် မှီခိုရာဂိုဏ်းခေါင်းဆောင် ဝမ်မော့က မသေမျိုးဂိုဏ်း၏ ဂိုဏ်းအဆင့်သတ်မှတ်ချက် လျှောက်ထားလွှာမှာ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ထံတွင် ရှိနေသေးသဖြင့် သူတို့မှာ မဟာမိတ်များ ဖြစ်နေသေးကြောင်း ပြောပြခဲ့သည်။ အကယ်၍ သူသာ အရေးယူခဲ့ပါက မဟာမိတ်အဖွဲ့က ကြားဖြတ်ဝင်ပါပေလိမ့်မည်။
ထို့ကြောင့် သခင်လေး၏ အပြစ်ပေးခြင်းကို ခံရမည့်အန္တရာယ်ကို လျစ်လျူရှုကာ သူသည် မသေမျိုးဂိုဏ်း၏ လျှောက်ထားလွှာကို တိုက်ရိုက်ပယ်ချရန်အတွက် စီမံခန့်ခွဲသူတစ်ဦးကို ရှာဖွေခဲ့ခြင်းပင်။
လျှောက်ထားလွှာကို ပယ်ချပြီးနောက်တွင်မူ မှီခိုရာဂိုဏ်းအနေဖြင့် မည်သည့် ကန့်သတ်ချက်မှမရှိဘဲ လှုပ်ရှားနိုင်မည်ပင်။
ဟန်ကျိယွီ၏ စကားကို နားထောင်ပြီးနောက် လီခုန်းဆန်းက ပါးနပ်စွာ ပြုံးလိုက်ပြီး "စီနီယာဟန်... အမှန်တော့ အဆင့်သတ်မှတ်ချက် လျှောက်ထားလွှာကို ပယ်ဖျက်နေဖို့ မလိုပါဘူး။ ဝမ်ပင်းကို ပိုပြီး ဆိုးဆိုးရွားရွား သေစေနိုင်သလို မသေမျိုးဂိုဏ်းကိုလည်း ချောက်ထဲကျသွားစေမယ့် တခြားနည်းလမ်းတစ်ခု ငါ့မှာ ရှိပါတယ်" ဟု ပြောလိုက်သည်။
"ဘယ်လိုနည်းလမ်းလဲ"
ဟန်ကျိယွီက မေးလိုက်သည်။
"ရိုးရှင်းပါတယ်... မိုလင်ရဲ့ ဖခင် မိုယွီရဲ့ လက်ကိုပဲ အသုံးပြုရမှာပါ။ သူကိုယ်တိုင် ဝမ်ပင်းကို သတ်ပေးဖို့ တိုက်ရိုက် ကူညီပေးပါလိမ့်မယ်"
"မိုယွီက ဆန်းဝူမြို့ကို ရောက်နေတာလား"
"ဟုတ်ပါတယ်... သူရဲ့ ရောဂါက ပြန်ဖောက်နေတာပါ။ ဘာကြောင့်လဲတော့ မသိပေမဲ့ မိုလင်က သူ့ဖခင်ကို ဆန်းဝူမြို့ကို ခေါ်လာခဲ့တယ်။ အခုအချိန်မှာ မိုယွီက တကယ့်ကို ပြင်းထန်တဲ့ နာကျင်မှုကို ခံစားနေရမှာပဲ။ သူက အရှေ့အိုင်ဒေသရဲ့ သတ်ဖြတ်ခြင်း နတ်ဘုရားလို့ လူသိများသူပါ။ သူ့ကို မျက်လုံးချင်း ဆုံကြည့်မိတဲ့သူကိုတောင် သူက သတ်တတ်တာ။ သူ့ရောဂါကို ကုမပေးနိုင်တဲ့ ဆေးဆရာတွေအပေါ်မှာတော့ သူ့ရဲ့ ဓားက လုံးဝ ညှာတာမှာ မဟုတ်ဘူး"
အခန်း။ ၉၀
အရှေ့အိုင်ဒေသ ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ မိုယွီသည် လက်ရှိ မော့မျိုးနွယ်စု၏ အကြီးအကဲလည်း ဖြစ်သည်။
သို့သော် မဟာမိတ်အဖွဲ့သို့ မဝင်ရောက်မီက သူသည် အရှေ့အိုင်ရှိ အင်အားစုအသီးသီးကြားတွင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သူဖြစ်ပြီး လူတိုင်းက သူ့ကို ရှောင်ဖယ်ခဲ့ကြသည်။ မည်သူမျှ ထိုကဲ့သို့သော လူရူးတစ်ယောက်နှင့် အသက်ကိုရင်းပြီး ထိပ်တိုက်မတွေ့ချင်ကြသောကြောင့်ပင်။
မဟာမိတ်အဖွဲ့သို့ ရောက်ရှိပြီးနောက်တွင်မူ သူသည် အတန်ငယ် ယဉ်ပါးလာပြီး မြင်မြင်သမျှလူကို သတ်ဖြတ်တတ်သည့် ထူးဆန်းသော အလေ့အထမှာ ပျောက်ကွယ်သွားခဲ့သည်။ သို့သော် သူသည် အသက်ရှင်လိုစိတ် အလွန်အမင်း ပြင်းထန်လာပြီး တစ်နေကုန် သူ၏ ကျန်းမာရေးအတွက်သာ အလုပ်ရှုပ်နေတော့သည်။
ကုန်လွန်ခဲ့သော နှစ်များအတွင်း သူသည် ရွှေဒင်္ဂါးပေါင်း မြောက်မြားစွာကို အသုံးပြုခဲ့ရာ ကြယ် ၂ ပွင့်အဆင့်ရှိသော မော့မျိုးနွယ်စုကြီးမှာပင် ဒေဝါလီခံရမည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။
လူတစ်ယောက်သည် အသက်ရှင်ရသည်ကို အလွန်အမင်း တန်ဖိုးထားလာသောအခါ ပြောင်းလဲသွားတတ်သည်။ ယခုအခါ မိုယွီသည် ရူးသွပ်ခြင်း မရှိတော့သော်လည်း ဆေးဆရာများကို သတ်ဖြတ်သည့် အလေ့အထ စတင်လာခဲ့သည်။ သူ့ကို ကုသပေးခဲ့သော ဆေးဆရာတိုင်းမှာ ချွင်းချက်မရှိ သေဆုံးခဲ့ရသည်။
ထို့နောက်တွင်မူ သူသည် အရှေ့အိုင်ရှိ ဆေးဆရာအားလုံးမှာ ဆရာဝန်အတုများသာ ဖြစ်သည်ဟု လိုက်လံ ကြေညာရင်း နာမည်ကြီး ဆေးဆရာများကိုသာ အသည်းအသန် ရှာဖွေတော့သည်။
အဆုံးတွင်မူ ဆေးပညာ နားလည်သူတိုင်းသည် မိုယွီ၏ အမည်ကို ကြားလိုက်ရုံနှင့် ချွေးစေးများထွက်ကာ အလုပ်ပြောင်းချင်စိတ် ပေါက်သွားကြသည်အထိ ဖြစ်ခဲ့ရသည်။
ဟန်ကျိယွီသည်လည်း ဤအကြောင်းကို သိရှိထားသဖြင့် လီခုန်းဆန်း၏ အကြံပြုချက်ကို ကြားလိုက်ရသည့်အခါ သူ၏ မျက်နှာပေါ်တွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာတော့သည်။
"မင်းပြောချင်တာက ဝမ်ပင်းက ဆေးဆရာတစ်ယောက်ဆိုတဲ့ သဘောလား"
လီခုန်းဆန်းက ခေါင်းခါလိုက်ပြီး "ဝမ်ပင်းဆိုတာ ဆန်းဝူမြို့ထဲမှာ ဘာအလုပ်မှမရှိဘဲ လျှောက်သွားနေတဲ့ လေလွင့်နေတဲ့ ကောင်လေးတစ်ယောက်ပါ။ ဆေးဖက်ဝင်ဟင်းလျာ အတတ်ပညာကို ထားလိုက်ပါဦး။ သူက လင်ဇီးတို့၊ ရှီးပဒီးတို့လို အခြေခံ ဆေးဖက်ဝင် ပစ္စည်းတွေကိုတောင် သိမှာမဟုတ်ပါဘူး။ အခု မိုယွီကို ကုသဖို့ ရောက်လာတာကလည်း စားဖိုမှူး ဟွမ်ကုန်းရဲ့ အစီအစဉ်ပဲ ဖြစ်မှာပါ။ ဟွမ်ကုန်းရဲ့ ဆေးဖက်ဝင်ဟင်းလျာ အတတ်ပညာက နက်နဲလွန်းတော့ မိုယွီကို ကုသနိုင်မယ့် နည်းလမ်း တကယ်ရှိနေတာလည်း ဖြစ်နိုင်တယ်။ ဟွမ်ကုန်းရဲ့ တကယ့်ရည်ရွယ်ချက်ကတော့ ဒီကုသမှု အောင်မြင်သွားရင် ဂုဏ်ပုဒ်အားလုံးကို ဝမ်ပင်းဆီ ပုံပေးချင်တာပဲ ဖြစ်ရမယ်။ ဒါမှ မသေမျိုးဂိုဏ်းရဲ့ အဆင့်တိုးမြှင့်ဖို့ လျှောက်ထားလွှာက ပယ်ချခံရမယ့် အကြောင်းပြချက် မရှိတော့မှာ မဟုတ်ဘူးလား"
"တကယ့်ကို အိပ်မက်မက်နေတာပဲ"
ဟန်ကျိယွီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဟွမ်ကုန်းဆိုသည့် အမည်ကို စိတ်ထဲတွင် မှတ်သားထားလိုက်သည်။
လီခုန်းဆန်းက ဆက်ပြောသည်။
"စိတ်ချပါ စီနီယာဟန် သူတို့ရဲ့ အစီအစဉ်ကို ကျွန်တော် အောင်မြင်ခွင့်ပေးမှာ မဟုတ်ပါဘူး။ သူတို့က ကြယ် ၁ ပွင့်အဆင့်ကို ရချင်ရင် ရွှေတစ်သိန်းလောက် လိုနေဦးမှာပါ။ သူတို့ကတော့ ကောင်းကောင်းကြီး ကြံစည်ထားတာပဲ။ ဒါပေမဲ့ ဝမ်ပင်းမှာ အဲဒီလောက်အထိ ကံကောင်းနိုင်မယ့် အခွင့်အရေးရှိမယ်လို့ ကျွန်တော် မထင်ဘူး"
ပြောပြီးနောက် လီခုန်းဆန်းက ယုတ်မာစွာ ပြုံးလိုက်သည်။
ဟန်ကျိယွီသည် လီခုန်းဆန်း၏ အပြုံးနှင့် အကြည့်များကို မြင်သည့်အခါ သူပါ လိုက်ပြုံးလိုက်တော့သည်။
ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့ခွဲ ရှိရာသို့ ရောက်ရှိလာသောအခါ ဝမ်ပင်းက သူ၏အမည်ကို အပေါက်ဝရှိ အစောင့်ကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် အစောပိုင်းက တည်တင်းကာ မလှုပ်မယှက် ရှိနေသော အစောင့်မှာ ချက်ချင်းပင် လေသံပြောင်းသွားပြီး ဝမ်ပင်းကို အထဲသို့ ခေါ်ဆောင်သွားတော့သည်။ ဤသည်မှာ သူ အဆင့်တိုးမြှင့်ရန် လျှောက်လွှာလာတင်စဉ်ကနှင့် လုံးဝ ကွာခြားလှသည်။
အစောင့်သည် ဝမ်ပင်းကို တတိယထပ်သို့ ခေါ်ဆောင်သွားပြီး စင်္ကြံလမ်းအဆုံးရှိ အခန်းတစ်ခန်းကို ညွှန်ပြကာ "ဂိုဏ်းချုပ်ဝမ်... ဥက္ကဋ္ဌက အထဲမှာ စောင့်နေပါတယ်" ဟု ပြောလိုက်သည်။
ဝမ်ပင်းက ခေါင်းညိတ်ပြလိုက်သည်။
သူသည် စင်္ကြံလမ်းအတိုင်း ရှေ့သို့ တစ်လှမ်းချင်း လျှောက်လာခဲ့ရာ နားထဲတွင် သူ၏ ခြေသံကိုသာ ပြန်ကြားနေရပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်နေသည်။ သို့သော် ခြေလှမ်း တစ်ဆယ်ခန့် ထပ်လှမ်းလိုက်သည့်အခါ စင်္ကြံလမ်း၏ အနက်ရှိုင်းဆုံးဆီမှ စကားပြောသံများကို ကြားလိုက်ရသည်။
ထိုအသံများမှာ ကျယ်လောင်ခြင်း မရှိသော်လည်း လူပေါင်းစုံ၏ စကားပြောသံများ ရောနှောနေသည်။ ဝမ်ပင်းက အခန်းတံခါးဝတွင် ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် အသံအားလုံး တိတ်ဆိတ်သွားတော့သည်။
ခုတင်ဘေးတွင် ထိုင်နေသော မိုလင်က မိုယွီ၏ နားနားသို့ ကပ်၍ "အဖေ... ဂိုဏ်းချုပ်ဝမ် ရောက်လာပါပြီ" ဟု တိုးတိုးလေး ပြောလိုက်သည်။
အိပ်ရာခင်းနှင့် ခန္ဓာကိုယ် ပွတ်တိုက်သံ ထွက်ပေါ်လာပြီးနောက် သဲများကို ဖိခြေလိုက်သကဲ့သို့ တကျိကျိ မြည်သံမျိုး ထွက်ပေါ်လာသည်။
မိုယွီသည် ဖြည်းဖြည်းချင်း ထထိုင်လိုက်ပြီး မျက်လုံးထောင့်မှ ဝမ်ပင်းကို တစ်ချက်ကြည့်ကာ ခုတင်ကို ပြန်မှီလိုက်သည်။ ထို့နောက် အံကြိတ်ကာ စကားတစ်ခွန်းကို အားယူ၍ ပြောလိုက်သည်။
"မင်း ရောက်လာမှာကို ငါ မျှော်လင့်နေတာ ကြာပြီ"
ဤတိုတောင်းသော စကားတစ်ခွန်းမှာ မိုယွီ၏ ခွန်အားအားလုံးကို ကုန်ခမ်းသွားစေပုံရသည်။ စကားပြောပြီးသည်နှင့် သူ၏ အသက်ရှူသံများမှာ သေခါနီးလူတစ်ယောက်ကဲ့သို့ ပြင်းထန်ပြီး ကြမ်းတမ်းလာတော့သည်။
ဝမ်ပင်းက ရှေ့သို့ လှမ်းဝင်လိုက်ရာ မိုလင်က သူ၏ဘေးမှနေ၍ တိုးတိုးလေး ပြောလိုက်သည်။
"ဂိုဏ်းချုပ်ဝမ်... ကျေးဇူးပြုပြီး ကူညီပေးပါဦး။ ကျွန်တော်တို့အားလုံး ခင်ဗျားကိုပဲ အားကိုးရတော့မှာပါ"
ဝမ်ပင်းက ခေါင်းညိတ်ပြရင်း ပြန်လည်ပြောဆို လိုက်သည်။
"စိတ်ချပါ၊ ကျွန်တော်က ဈေးနှုန်းသတ်မှတ်ပြီးပြီဆိုမှတော့ အလကားလာတာ မဟုတ်ပါဘူး။ ဒီရောဂါအတွက် ကျွန်တော့်မှာ နည်းလမ်းရှိပါတယ်။ ဥက္ကဋ္ဌမိုလင်အနေနဲ့သာ အချိန်တန်ရင် ကတိမဖျက်ဖို့ မျှော်လင့်ပါတယ်"
"ကျွန်တော် မိုလင်က ကတိဖျက်မယ့်လူမျိုး မဟုတ်ပါဘူး။ ဂိုဏ်းချုပ်ဝမ်... ကျေးဇူးပြုပြီး သူ့ကို ကယ်တင်ပေးပါ။ ရွှေဒင်္ဂါးတွေကိုလည်း အဆင်သင့်ပြင်ထားဖို့ ကျွန်တော် အမိန့်ပေးထားပြီးပါပြီ"
ဤသို့ပြောနေစဉ် မိုလင်၏မျက်ခုံးများမှာ ဘေးနားရှိ မိုယွီ၏ ပြင်းထန်သော အသက်ရှူသံများနှင့်အတူ အနည်းငယ် လှုပ်ခတ်သွားသည်။ သူသည် ဆက်လက် စကားမပြောရဲတော့ဘဲ ဖိတ်ခေါ်သည့် အမူအရာသာ ပြုလုပ်လိုက်တော့သည်။
ဝမ်ပင်းသည် ခုတင်ရှေ့သို့ နှစ်လှမ်းခန့် တိုးသွားလိုက်ရာ သူ၏မျက်မှောက်တွင် တစ်ကိုယ်ရည် အချက်အလက်များ ပေါ်ထွက်လာသည်။
[မိုယွီ]
[ကျား/မ:ကျား]
[အသက်:၅၅ နှစ်]
[နယ်ပယ်:နက်နဲသောနယ်ပယ် (အလယ်အလတ်အဆင့်)]
[ပါရမီ:ကြယ် ၃ ပွင့်]
မိုယွီ၏ ရောဂါစတင်ပုံမှ ယခုအခြေအနေအထိ အသေးစိတ် မှတ်တမ်းများကိုလည်း မြင်တွေ့နေရသဖြင့် အထူးတလည် ပြန်မေးနေရန်ပင် မလိုတော့ချေ။
အမှန်စင်စစ် အချက်အလက်များအရ မိုယွီတွင် သူ၏အသက်ကို အန္တရာယ်ပြုနိုင်သော ပြင်းထန်သည့် ရောဂါဝေဒနာ ခံစားနေရသည်ဟု ဆိုနိုင်သကဲ့သို့ မခံစားရဘူးဟုလည်း ပြော၍ရသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ လက်ရှိအခြေအနေမှာ ပြင်ပအကြောင်းတရားများကြောင့် ဖြစ်ပေါ်နေခြင်း ဖြစ်သောကြောင့်ပင်။
သို့သော် ဝမ်ပင်းက ချက်ချင်း စကားမပြောသေးဘဲ မိုယွီ၏ ခန္ဓာကိုယ်အနှံ့ကို အသာအယာ ဖိကြည့်ခြင်း၊ သွေးခုန်နှုန်း စမ်းသပ်ခြင်းတို့ကို အရင်လုပ်ဆောင်လိုက်သည်။ ခြုံငုံပြောရလျှင် ဝမ်ပင်းသည် သူသိသမျှ နည်းလမ်းများကို အသုံးပြုကာ ဆေးပညာ နားလည်သူတစ်ဦးအဖြစ် ဟန်ဆောင်နေခြင်းပင်။
မျက်လုံးများကို စစ်ဆေးခြင်း၊ လျှာကို ကြည့်ရှုခြင်း စသည်တို့ကို တစ်ခုပြီးတစ်ခု လုပ်ဆောင်နေသည်။
ဝမ်ပင်း အလုပ်ရှုပ်နေသည်ကို ကြည့်ရင်း မိုယွီမှာမူ အသက်ကိုပင် ပြင်းပြင်းမရှူရဲဘဲ စောင့်
ကြည့်နေမိသည်။ အဆုံးတွင် သူ မအောင့်နိုင်တော့ဘဲ မေးလိုက်သည်။
"ဆေးဆရာ... ကျွန်တော့်အတွက် မျှော်လင့်ချက် ရှိပါသေးလား"
"ကျွန်တော့်ဆီကို စောစောစီးစီး ရောက်လာတာ ကံကောင်းတယ်လို့ပဲ ပြောရမယ်။ မဟုတ်
ရင်တော့ အကျိုးဆက်က တွေးရဲစရာတောင် မရှိဘူး"
ဝမ်ပင်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး အလေးအနက် စဉ်းစားနေဟန်ဖြင့် မတ်တပ်ရပ်လိုက်သည်။ မိုယွီ၏ အမြင်တွင်မူ ဝမ်ပင်း၏ အမူအရာမှာ သူ၏ ကျန်းမာရေး အခြေအနေမှာ အလွန်စိုးရိမ်ရသည်ဟု အတည်ပြုပေးလိုက်သကဲ့သို့ပင်။
စကားလုံး နှစ်လုံးဖြင့် ပြောရလျှင် မကောင်းဘူးပေါ့။
သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် အခန်းအပြင်ဘက်မှ ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
"နို့နံ့မစင်သေးတဲ့ ကောင်လေး... မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ဒီမှာ လာပြီး အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ"
အခန်းထဲတွင် ရှိနေကြသော ဟွမ်ကုန်း၊ ရန်ကျုံးရှန်း၊ ကျန်းယွီယဲ့နှင့် စီမံခန့်ခွဲသူ အချို့မှာ အပြင်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
ဆံပင်ဖြူအနည်းငယ် ပါနေသော လူလတ်ပိုင်း အမျိုးသားတစ်ဦး လှမ်းဝင်လာသည်ကို သူတို့ မြင်လိုက်ရသည်။ ထိုသူ၏ အကြည့်များမှာ လူအားလုံးကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် ဝမ်ပင်းထံတွင် ရပ်တန့်သွားသည်။ သူ၏ နှုတ်ခမ်းထောင့်တွင် မသိမသာ အေးစက်သော အပြုံးတစ်ခု ရှိနေသည်။
ဤသည်ကို မြင်လိုက်ရသည့်အခါ ဝမ်ပင်း၏ စိတ်ထဲတွင် အတော်ပင် အားကိုးရာမဲ့သလို ခံစားလိုက်ရသည်။
အမှန်ပင် အပိုဝင်ငွေ ရှာဖွေရခြင်းမှာ ထင်သလောက် မလွယ်ကူပေ။ တစ်စုံတစ်ယောက်ကတော့ နှောင့်ယှက်ရန် ပေါ်လာစမြဲပင်။
ဝမ်ပင်းသည် ဤလူကို မသိသော်လည်း ဤကဲ့သို့ တိုက်ရိုက် ဝင်ရောက်နှောင့်ယှက်ရဲသူ ဖြစ်
သဖြင့် သူ၏ အဆင့်အတန်းမှာ သာမန်မဟုတ်သည်မှာ သေချာသည်။
မိုလင်မှာမူ ထိုအသံကို ကြားရသည်နှင့် မျက်နှာပျက်သွားသည်။ လှည့်ကြည့်လိုက်သောအခါ ရင်းနှီးပြီးသား မျက်နှာကို မြင်လိုက်ရသဖြင့် လီခုန်းဆန်းကို ဒေါသတကြီး ကြည့်ကာ ပြောလိုက်သည်။
"လီခုန်းဆန်း... ဒီနေ့ မင်းအတွက် ငါ့မှာ အချိန်မရှိဘူး။ ဒီမှာ လာပြီး ပြဿနာမရှာတာ အကောင်းဆုံးပဲ"
လီခုန်းဆန်းက ဘာမှမသိသလို အပြုံးမျိုးဖြင့် "ဥက္ကဋ္ဌ... ခင်ဗျား ကျွန်တော့်ကို အထင်လွဲနေပါပြီ။ ကျွန်တော်က သခင်ကြီးကို လာပြီး လူမမာမေးတာပါ" ဟု ရှင်းပြလိုက်သည်။
မိုလင် တစ်ခုခု ပြန်ပြောရန် ပြင်စဉ်မှာပင် ခုတင်ပေါ်တွင် မျက်လုံးမှိတ် လဲလျောင်းနေသော မိုယွီ၏ အေးစက်သော အသံ ထွက်ပေါ်လာသည်။
"ပြောစမ်း... မင်း ဘယ်လိုပုံစံနဲ့ သေချင်လို့လဲ"
ဤစကား ထွက်လာသည်နှင့် လီခုန်းဆန်း၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော့သွားပြီး စိတ်ထဲမှ တွေးလိုက်မိသည်။
"ဒီအဘိုးကြီးက ကောလာဟလတွေထက်တောင် ပိုရူးနေတာပဲ"
သို့သော် မကြာမီမှာပင် သူ စိတ်ထဲမှ ပြန်လည်ရယ်မောလိုက်သည်။
မိုယွီ၏ စိတ်ဓာတ်က ပြင်းထန်လေလေ ဝမ်ပင်း သေရမည့်အချိန်မှာ ပိုမြန်လေလေပင်။
လီခုန်းဆန်းသည် ချက်ချင်းပင် ဒူးထောက်လိုက်ပြီး မိုယွီ အမှန်တကယ် အရေးယူမည်ကို ကြောက်ရွံ့နေဟန်ဖြင့် ဦးညွှတ်လိုက်သည်။
"သခင်ကြီးမိုယွီ... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ။ ကျွန်တော်ကလည်း ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ဝင် တစ်ယောက်ပါ။ အရေးကြီးတဲ့ ကိစ္စမရှိရင် ဒီလိုမျိုး ဝင်လာရဲမှာ မဟုတ်ပါဘူး။ ကျွန်တော် ဒီကို ခိုးဝင်လာတာက သခင်ကြီးကို ကူညီဖို့နဲ့ အချို့လူတွေရဲ့ ပရိယာယ်တွေကို ဖော်ထုတ်ပေးဖို့ပါ"