အခန်း (၅၉-၆၀)
Vol. 6 Ch. 59-60
အခန်း (၅၉) အာဏာပိုင်များထံ တိုင်ကြားခြင်း... ချန်ကျဲဟန် ရောက်လာလေပြီ
ထိုသူနှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် နှစ်သိမ့်ပေးနေဆဲအချိန်တွင် ကျိုးချန်ရူသည် ကျောက်တုံးကို မရန် သူမ၏ ခွန်အားအားလုံးကို အသုံးပြုလိုက်ပြီး မင်ယွမ်နယ်စားဆီသို့ အမြန် ပြေးသွားလေသည်။
"ဒုတ်..."
လူတိုင်း အံ့အားသင့်သွားစေရန် ထိုကျောက်တုံးကြီးမှာ မင်ယွမ်နယ်စား၏ ကျောပြင်ကို ပြင်းထန်စွာ ဝင်စောင့်သွားလေသည်။
"အမငီး..."
ယွင်ဟွားက သူမ၏ ရင်ဘတ်ကို ပုတ်လိုက်လေသည်။
"ရှောင်ရှူးရှူး... ငါ နောက်ထပ် လှည့်ကွက်တစ်ခု သင်ယူလိုက်ရပြန်ပြီ... ဒါက သိပ်ကောင်းတာပဲ... အခြေအနေတွေ အဆင်မပြေဘူးဆိုရင် ငါတို့လည်း ရန်ဖြစ်ကြရုံပေါ့..."
လူတိုင်း……။
မင်ယွမ်နယ်စား၏ အမြင်အာရုံမှာ တစ်ခဏမျှ မှောင်မိုက်သွားပြီး သူ မတ်တပ်ပင် မရပ်နိုင်လုနီးပါး ဖြစ်သွားလေသည်။ သူသည် ယိမ်းယိုင်သွားကာ ဘေးရှိ ဝါးပင်ကို မှီလိုက်ပြီး ဒေါသများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကျိုးချန်ရူကို စိုက်ကြည့်လိုက်လေသည်။
"အရှက်မရှိတဲ့ မိန်းမ... မင်းက ငါ့ကို ရိုက်ရဲတယ်ပေါ့..."
မင်ယွမ်နယ်စားမှာ နာကျင်မှုကြောင့် တစ်ကိုယ်လုံး တုန်ယင်နေပြီး သွားကို ကြိတ်ကာ ကျိန်ဆဲလိုက်လေသည်။
*သေချာပြီ... ဒီမိန်းမက လုံးဝကို ရူးသွားပြီပဲ… ဒါဆိုရင် သူ ရက်စက်တယ်လို့ သူ့ကို အပြစ်မတင်နဲ့တော့…*
"အစောင့်တွေ... အစောင့်တွေ... ဒီမိန်းမယုတ်ကို ဆွဲထုတ်သွားကြစမ်း..."
သူ၏ အသံမှာ ရေခဲကဲ့သို့ အေးစက်နေလေသည်။ ဤပွဲကြည့်ပရိသတ်များကို ရှင်းလင်းပြီးနောက် ကျိုးချန်ရူကို သေချင်စိတ်ပေါက်သွားအောင် သူ လုပ်ပစ်မည် ဖြစ်လေသည်။
နှစ်များတစ်လျှောက်လုံး တရားမဝင် သမီးများမှလွဲ၍ အိမ်တော်တွင် တရားမဝင် သားတစ်ယောက်မျှ မရှိခဲ့ပေ။ သူ၏ တစ်ဦးတည်းသော သားမှာလည်း အသုံးမကျသူ ဖြစ်နေလေသည်။
*ဘာတွေ မှားယွင်းနေတာလဲ... သူက ကျန်းမာတဲ့ သားတစ်ယောက် မရနိုင်ဘူးတဲ့လား…*
လောကကြီး၏ လှောင်ပြောင်မှုကို ခံရမည်ဆိုလျှင်တောင် သူသည် ယနေ့တွင် ကျိုးချန်ရူကို ရှင်းလင်းပြီး ကျိုးကျိုး၏ အဆင့်အတန်းကို ပြန်လည်ဖော်ထုတ်ပေးမည် ဖြစ်လေသည်။
မင်ယွမ်နယ်စားက ကျိုးချန်ရူကို ထပ်မံ ကြည့်လိုက်ချိန်တွင် သူ၏ မျက်လုံးများထဲရှိ လူသတ်ချင်သော အရိပ်အယောင်မှာ လက်ဆုပ်လက်ကိုင် ပြနိုင်လောက်အောင်ပင် သိသာထင်ရှားနေလေသည်။
"ဟားဟား..."
"ဟားဟား..."
ကျိုးချန်ရူသည် အရူးတစ်ယောက်လို ရယ်မောလိုက်ပြီး ကျိန်ဆဲလိုက်လေသည်။
"အရှက်မရှိတဲ့ လူယုတ်မာ... ဘာပဲဖြစ်ဖြစ် သူမက ရှင့်ရဲ့ ချွေးမပဲလေ... ရှင်က ကိုယ်ကျင့်တရားနဲ့ ကျင့်ဝတ်တွေကို လျစ်လျူရှုပြီး သူမနဲ့ ဖောက်ပြန်ကာ တရားမဝင် ကလေးတစ်ယောက်ကို မွေးထားတယ်... သူမကို ရေကန်ထဲ ဆွဲချပြီး ကွပ်မျက်ရမယ့်အစား ရှင်က သူမကို ကာကွယ်ပေးချင်နေတဲ့အပြင် ကျွန်မကိုတောင် သတ်ချင်နေသေးတယ်ပေါ့..."
"ဟားဟား... ရှင်က ကျွန်မကို သတ်ချင်နေတာလား..."
"အဲ့မိန်းမယုတ်လေးအတွက် နေရာဖယ်ပေးဖို့ ကျွန်မကို သတ်ချင်နေတာ မဟုတ်လား..."
ကျိုးချန်ရူမှာ ဒေါသထွက်လွန်း၍ ရူးသွပ်သွားကာ စူးရှစွာ အော်ဟစ်လိုက်ပြီး သူမ၏ မျက်လုံးများက မင်ယွမ်နယ်စားအပေါ်သို့ အဆိပ်လူးထားသကဲ့သို့ စူးရဲစွာ ကျရောက်နေလေသည်။
သူမနှင့် သူသည် ဇနီးမောင်နှံ ဖြစ်ခဲ့ကြလေသည်။ သူမသည် မူလက တုံလင်နိုင်ငံ၏ အလှမယ်နှစ်ဦးထဲမှ တစ်ဦးဖြစ်ပြီး ကြည်လင်သော လမင်းကဲ့သို့ နူးညံ့သိမ်မွေ့ကာ ကျက်သရေရှိခဲ့လေသည်။ သို့သော်လည်း သူ့ကို လက်ထပ်ခဲ့သောကြောင့် သူမသည် တဖြည်းဖြည်းနှင့် သူမ၏ အကောင်းဆုံး အစိတ်အပိုင်းများကို ဆုံးရှုံးခဲ့ရလေသည်။
သူမ၏ လက်များသည် သွေးများဖြင့် စွန်းထင်းနေပြီး နတ်ဆိုးတစ်ကောင်ကဲ့သို့ ဖြစ်နေစေလေသည်။
"နယ်စားကြီး... ကျွန်မ... ကျွန်မ သိပ်ကြောက်တာပဲ..."
ကွမ်ရှူသည် ကျိုးချန်ရူ၏ အသွင်အပြင်ကြောင့် အမှန်တကယ် ထိတ်လန့်သွားပြီး မင်ယွမ်နယ်စားထံမှ အကူအညီ မတောင်းဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။
သို့သော်လည်း သူမ ပါးစပ်ဖွင့်လိုက်သည်နှင့် ကျိုးချန်ရူ၏ အာရုံစိုက်မှုကို ရရှိသွားလေသည်။
သူမက ကျောက်တုံးကို မပစ်ရသေးပေ။ ၎င်းသည် တစ်ခဏအတွင်းမှာပင် ပိုမို ပြင်းထန်သော အရှိန်အဟုန်၊ ခွန်အားများဖြင့် ထွက်ပေါ်လာပြီး သူမ၏ ခေါင်းဆီသို့ ဦးတည်သွားလေသည်။
“အားး.."
ကွမ်ရှူက အော်ဟစ်လိုက်ရာ လူတိုင်းကို မှင်သက်သွားစေလေသည်။
သူမ၏ ခန္ဓာကိုယ်မှာ အကြိမ်အနည်းငယ် ယိမ်းယိုင်သွားပြီးနောက် ကြမ်းပြင်ပေါ်သို့ ပြိုကျသွားကာ တောက်ပသော သွေးနီနီများ တဖြည်းဖြည်း စီးကျလာလေသည်။
"ဟွားဟွားလေး... အဲ့မိန်းမ သေသွားပြီ..."
ရှင်ခြင်းသေခြင်းစာအုပ်သည် သူမ၏ ကံကြမ္မာကို လှန်လှောကြည့်လိုက်ပြီး ဟွားဟွားလေး၏ ပခုံးပေါ်သို့ ဆင်းသက်ကာ ဝမ်းသာအားရ ပျံသန်းနေလေသည်။ ဤမိန်းမယုတ် သေဆုံးသွားခဲ့ပြီ ဖြစ်လေသည်။
ထိတ်လန့်နေဆဲဖြစ်သော လူအုပ်ကြီးမှာ မှင်သက်နေရာမှ အသိပြန်ဝင်လာကြလေသည်။
"ဟင်... သူတို့ လိုင်းပေါ်က ဆင်းသွားပြီလား... သိပ်မြန်တာပဲ... ငါက သူတို့ကြားက ပြင်းထန်တဲ့ တင်းမာမှုတွေကို လုံလုံလောက်လောက်တောင် မခံစားရသေးဘူး..."
ယွင်ဟွားသည် သူမ အားမရသေးကြောင်း ပြသလျက် နှုတ်ခမ်းဆူလိုက်လေသည်။
လူတိုင်း…...။
"သူမ အရမ်း လွယ်လွယ်ကူကူ လွတ်သွားတာပဲ..."
ရှင်ခြင်းသေခြင်းစာအုပ်က အမြန် ဝင်ပြောလိုက်လေသည်။
"မှန်တာပေါ့..."
ယွင်ဟွားသည် ခေါင်းညိတ်လိုက်ပြီး ရှောင်ရှူးရှူး အရင်က ပြောခဲ့ဖူးသည်ကို ပြန်လည် သတိရကာ ဤမိန်းမသည်လည်း ရူးသွပ်နေသည်ဟု တွေးလိုက်မိလေသည်။
"ရှောင်ရှူးရှူး... သူမက ရိုးရာဆေးနည်းကို ဘယ်ကရတာလဲ… တစ်လတစ်ခါ လတ်ဆတ်တဲ့ သွေးနဲ့ ရေချိုးတာက အသားအရေကို ပိုပြီး နူးညံ့စေတယ်တဲ့လား..."
"ဟွန့်... ပြစ်ဒဏ်ခံရမှာကို မကြောက်ဘူးလား..."
"အခု သူမ ငရဲပြည်ကို ရောက်သွားပြီဆိုတော့ သွေးကန်ငရဲမှာ သူမ စိတ်ကြိုက် စိမ်လို့ရပြီပေါ့..."
လူတိုင်းမှာ ချက်ချင်းပင် ကြက်သီးထသွားကြလေသည်။ သူတို့အားလုံးက တစ်ပြိုင်နက်တည်း အာမေဍိတ်သံ ပြုလိုက်ကြလေသည်။
"ကောင်းလိုက်တာ... ရှင်းသွားတာပေါ့..."
ရှင်ခြင်းသေခြင်းစာအုပ်က လှောင်ပြောင်လိုက်လေသည်။
"သူမ အဲ့စာအုပ်ကို လမ်းမှာ ကောက်ရလာတာလေ... ဘယ်အရူးက အဲ့တာကို ပုံဆွဲစာအုပ်ထဲမှာ ဖြစ်သလို လျှောက်ရေးထားမှန်း မသိပါဘူး... သူမကလည်း ရူးရူးမိုက်မိုက် ယုံကြည်လိုက်တာ အနည်းဆုံး လူနှစ်ဆယ်လောက် သေဆုံးခဲ့ရတယ်..."
လူတိုင်းမှာ...
*ကောင်းတယ်... သေတာ ကောင်းတယ်…*
မင်ယွမ်နယ်စားသည် ကွမ်ရှူ၏ အနီးသို့ ယိမ်းယိုင်ကာ သွားရောက်ပြီး သူမ၏ အသက်ရှူနှုန်းကို စစ်ဆေးလိုက်ကာ ချက်ချင်း အနောက်သို့ ဆုတ်သွားပြီး ကျိုးချန်ရူကို လက်ညှိုးထိုးလျက် ဒေါသတကြီး ကျိန်ဆဲလိုက်လေသည်။
"မင်း... မင်း သူမကို သတ်လိုက်တယ်ပေါ့..."
"အိုး.."
ကျိုးချန်ရူက နှာခေါင်းရှုံ့လိုက်ပြီး လှောင်ပြောင်စွာ ပြောလိုက်လေသည်။
"သူမ သေသွားတော့ရော ဘာဖြစ်လဲ... သူမက အမျိုးသမီးတစ်ယောက်ရဲ့ သင့်လျော်တဲ့ အပြုအမူကို မလိုက်နာဘဲ ဖောက်ပြန်ခဲ့တယ်လေ… သူ့လိုဖာသည်မမျိုးကို ငါတို့က နှစ်သစ်ကူးတဲ့အထိ သိမ်းထားပြီးမှ ရှင်းလင်းရမှာလား..."
သူမသည် ရှေ့သို့ ခြေလှမ်းလိုက်ပြီး မင်ယွမ်နယ်စားထံသို့ တဖြည်းဖြည်း ချဉ်းကပ်သွားလေသည်။ သူမ၏ မျက်လုံးများထဲတွင် နွေးထွေးမှုများ ပျောက်ကွယ်သွားပြီး လှောင်ပြောင်စွာ ပြောလိုက်လေသည်။
"နယ်စားကြီး... ကျွန်မက မိသားစုရဲ့ ဂုဏ်သိက္ခာကို ပြန်လည်တည့်မတ်ပေးပြီး မင်ယွမ်နယ်စားအိမ်တော်ကို အရှက်ခွဲတဲ့ အဲ့အရှက်မရှိတဲ့ လူတွေကို ရှင်းလင်းပေးနေတာပါ..."
သူမ၏ စကားလုံးများမှာ တစ်လုံးချင်းစီ ထွက်ပေါ်လာပြီး သူ၏ မျက်နှာကို တိုက်ရိုက် ရိုက်ခတ်နေသကဲ့သို့ပင် ဖြစ်လေသည်။
ကျိုးချန်ရူ၏ မျက်နှာမှာ မှောင်မိုက်သွားလေသည်။ နောက်တစ်ယောက်ကတော့ ထိုတရားမဝင် ကလေးစုတ်လေးပင် ဖြစ်လေသည်။
"မင်း..."
"ကျိုး... အရမ်း ရောင့်တက်မနေနဲ့..."
မင်ယွမ်နယ်စားသည် သွားကို ကြိတ်လိုက်ရာ သူ၏ နဖူးပေါ်ရှိ သွေးကြောများပင် ထောင်တက်လာပြီး တင်းမာစွာ ပြောလိုက်လေသည်။
"ငါ မင်းကို ကွာရှင်းပြီး အာဏာပိုင်တွေဆီ ပို့ပစ်မယ်..."
"အဲဒီလိုဆိုလည်း ပို့လိုက်လေ..."
ကျိုးချန်ရူ၏ နှုတ်ခမ်းများပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး သူမ၏ ဖရိုဖရဲဖြစ်နေသော ဆံပင်များကို သပ်တင်ရန် လက်ကို မြှောက်လိုက်လေသည်။
"နယ်စားကြီး... တုံလင်နိုင်ငံရဲ့ ဥပဒေတွေကို မမေ့ပါနဲ့... ဖောက်ပြန်တဲ့ မည်သူမဆို ယောကျာ်းဆိုရင် ကြိမ်ဒဏ် အချက်တစ်ရာနဲ့ မိန်းမဆိုရင် ရေနစ်သတ်ခြင်း ခံရတာလေ... ကျွန်မက နည်းလမ်းတခြားတစ်ခု သုံးလိုက်ရုံပါပဲ... အစိုးရက ဂရုစိုက်မှာ မဟုတ်ပါဘူး..."
"မင်း..."
မင်ယွမ်နယ်စားမှာ အလွန်အမင်း ဒေါသထွက်နေလေသည်။ သေချာပေါက် သူက ဤဥပဒေကို သိထားလေသည်။
ကျိုးချန်ရူသည် သူမဆီသို့ ညွှန်ပြနေသော သူ၏ လက်ညှိုးကို ဖမ်းကိုင်လိုက်ပြီး ညင်သာစွာ ပြုံးလိုက်လေသည်။
ယနေ့ သူမ ခံစားခဲ့ရသော မြိုသိပ်ထားသည့် နာကြည်းမှုများအားလုံးမှာ တစ်ခဏအတွင်း ပျောက်ကွယ်သွားလေသည်။
"နယ်စားကြီး... ရှင်က ကြိမ်ဒဏ် အချက်တစ်ရာရဲ့ အရသာကို ခံစားကြည့်ချင်လို့လား..."
"ရှင် ဆန္ဒရှိတယ်ဆိုရင် တရားရေးဝန်ကြီးဌာနဆီ လူတစ်ယောက် လွှတ်ပေးလို့ရတယ်နော်..."
ယွင်ဟွား၏ မျက်လုံးများ လင်းလက်သွားလေသည်။ ဤအရာက အကြံကောင်းတစ်ခုပင် ဖြစ်လေသည်။
သူမသည် မိခင်ဖြစ်သူ၏ လက်ကို ဆွဲကိုင်ကာ စိတ်လှုပ်ရှားစွာ အော်ပြောလိုက်လေသည်။
"ရှင့်အတွက် အာဏာပိုင်တွေဆီ ကျွန်မ တိုင်ကြားပေးမယ်... တရားရေးဝန်ကြီးဌာနက အမတ်ချန်ကို ကျွန်မ အတော်လေး ရင်းနှီးတယ်... သူက ကျွန်မရဲ့ ညာလက်ရုံးတွေထဲက တစ်ယောက်လေ..."
သူမ၏ ဖခင်က ဘယ်ဘက်တွင် ရပ်နေပြီး သူက ညာဘက်တွင် ရပ်နေလေသည်။ ဘယ်နှင့်ညာ လက်ရုံးများ ဖြစ်သဖြင့် ပြဿနာမရှိပေ။
ချန်ကျဲဟန်သည် နယ်စားအိမ်တော်၏ အိမ်နောက်ဖေးသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ရင်းနှီးနေသော အသံကြောင့် လန့်သွားပြီး ခလုတ်တိုက်မိလုနီးပါး ဖြစ်သွားလေသည်။ သူသည် လမ်းပြပေးသော မိန်းကလေးကို အမြန်လှည့်မေးလိုက်ရာ သူ၏ မျက်နှာအမူအရာတွင် အံ့အားသင့်နေသော အရိပ်အယောင်များ ပေါ်လွင်နေလေသည်။
"စော... စောစောက အသံက... အမတ်ငယ်ယွင်ရဲ့ အသံလား..."
ထိုမိန်းကလေးမှာ အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း သူမနှင့်အတူ ထောင့်တွင် ဆောင့်ကြောင့်ထိုင်ခဲ့သော အရာရှိဝတ်စုံနှင့် ကလေးမလေးကို ပြန်လည် သတိရသွားသောအခါ မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။ သူမက ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်လေသည်။
"ဟုတ်ပါတယ်... သခင်ကြီး... သခင်မလေးယွင်ပါ..."
ချန်ကျဲဟန်၏ မျက်ခုံးများ ပင့်တက်သွားလေသည်။
*ဘုရားရေ... အဲ့ကလေးမလေးက နေရာတိုင်းမှာ ရှိနေတာပဲ…*
ထို့နောက် သူသည် ယွင်ဟွားရှိရာ နေရာဆီသို့ အမြန်လျှောက်သွားလိုက်လေသည်။ သူ တစ်စက္ကန့်လေး နောက်ကျသွားလျှင်တောင် ပွဲကောင်းတစ်ပွဲကို လွတ်သွားမည်ကို စိုးရိမ်နေလေသည်။
မင်ယွမ်နယ်စားမှာ ထိုအသံကို ကြားလိုက်ရသည်နှင့် ခေါင်းကိုက်လာသည်ကို ခံစားလိုက်ရလေသည်။
သူ မေ့နေခဲ့လေသည်။ အို... ဤနေရာတွင် ပြဿနာရှာရန် နှစ်သက်သော ဤပြဿနာကောင်လေး ရှိနေသေးသည်ကိုး။ ထို့ပြင် ပွဲကြည့်ပရိသတ် အုပ်စုကြီးလည်း ရှိနေသေးလေသည်။
မင်ယွမ်နယ်စားသည် အံကိုကြိတ်ကာ ယွင်ဟွားကို အဆိပ်ပြင်းသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။
ယနေ့။
သူမ၏ အော်ဟစ်မှုကြောင့် သူ၏ မျက်နှာအားလုံးကို ဆုံးရှုံးခဲ့ရပြီ ဖြစ်လေသည်။
"မလိုဘူး... မင်း အာဏာပိုင်တွေဆီ တိုင်ကြားပေးဖို့ ငါ မလိုအပ်ဘူး..."
ဤကလေးစုတ်လေးက ဤမျှ ရှက်ရွံ့ဖွယ်ကောင်းသော ကိစ္စကို ထိုချန်ကျဲဟန် လူယုတ်မာဆီသို့ တကယ်ပဲ ယူသွားချင်နေတာလား။ ၎င်းက တကယ့်ကို ရက်စက်လွန်းလှလေသည်။
"အာဏာပိုင်တွေဆီ တိုင်ကြားမယ်ပေါ့... ဘယ်အာဏာပိုင်ဆီ တိုင်ကြားမှာလဲ... ငါက ဒီကို အလုပ်ကိစ္စနဲ့ ရောက်လာတာပါ... ငါ့ကို ပြောစမ်းပါဦး..."
ချန်ကျဲဟန်၏ အသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်းက သူ့ကို အံ့အားသင့်စွာ လှည့်ကြည့်လိုက်ကြလေသည်။
မင်ယွမ်နယ်စား၏ မျက်နှာမှာ ချက်ချင်းပင် မှောင်မိုက်သွားလေသည်။
"ဟွားဟွားလေး... ဟွားဟွားလေး... ဖရဲသီး ရောက်လာပြီ... ဖရဲသီး ထပ်ရောက်လာပြန်ပြီ..."
ရှင်ခြင်းသေခြင်းစာအုပ်မှာ ချန်ကျဲဟန်၏ ရောက်ရှိလာမှုကြောင့် အလွန် ဝမ်းသာသွားကာ ၎င်း၏ တောင်ပံငယ်လေးများကို တဖျပ်ဖျပ် ခတ်နေလေသည်။
အခန်း (၆၀) ဤအကြိမ်တွင် ကျိုးချန်ရူ ကံဆိုးမည့် အလှည့်ဖြစ်သည်
ချန်ကျဲဟန်သည် ရှောင်ရှူးရှူး၏ အသံကို ပထမဆုံး ကြားလိုက်ရချိန်တွင် အလွန်အမင်း လန့်သွားသဖြင့် ချော်လဲကာ ဝိညာဉ်ပင် လွင့်ထွက်လုနီးပါး ဖြစ်သွားခဲ့လေသည်။
*အတင်းအဖျင်းများ ရောက်လာပြီလား... ဘယ်လို ဖရဲသီးမျိုးလဲ... သူ့ကို ရည်ညွှန်းနေတာလား... ဘုရားရေ…*
သူသည် ဤနေရာသို့ အလုပ်ကိစ္စဖြင့်သာ ရောက်လာခဲ့ခြင်း ဖြစ်သော်လည်း အဘယ်ကြောင့် သူ့ကို ဤသို့ ပစ်မှတ်ထားနေကြသနည်း။
ယွင်ဟွားမှာ အစပိုင်းတွင် အံ့အားသင့်သွားပြီး ပြုတ်ကျလုနီးပါး ဖြစ်သွားသော ချန်ကျဲဟန်ကို လှမ်းကြည့်ကာ အံ့သြစွာ မေးလိုက်လေသည်။
"ရှောင်ရှူးရှူး... ငါတို့ သူ့ရဲ့ အတင်းအဖျင်းကို တူးဖော်ပြီးသွားပြီ မဟုတ်ဘူးလား... ပြီးတော့ သူက ဘာလို့ ဒီနေရာကို ရောက်နေတာလဲ..."
ရှင်ခြင်းသေခြင်းစာအုပ်က ရယ်မောလိုက်လေသည်။
"နောက်ဆုံး သတင်းကြီးက ကျိုးချန်ရူအကြောင်းပါ... ချန်ကျဲဟန်က သူမကို ဖမ်းဖို့ ဒီနေရာကို ရောက်လာတာ..."
သူ၏ အနောက်တွင် စစ်သားအများအပြား အဘယ်ကြောင့် လိုက်ပါလာရသည်ကို ယွင်ဟွား ချက်ချင်း သဘောပေါက်သွားလေသည်။ ရှောင်ရှူးရှူး အရင်က ပြောခဲ့ဖူးသည်ကိုလည်း သူမ မှတ်မိသွားလေသည်။
ယွင်ဟွားက စိတ်ပျက်လက်ပျက်ဖြင့် လက်ခုပ်တီးလိုက်လေသည်။
"နောက်ကျသွားပြီ... နောက်ကျသွားပြန်ပြီ... ငါက ရန်ဖြစ်တာကိုကြည့်ဖို့ အရမ်း အလုပ်များနေလို့ အရေးအကြီးဆုံး ကိစ္စကို မေ့သွားတယ်..."
"ဝါး... ရှောင်ရှူးရှူး... ငါက ကျိုးချန်ရူကို နောက်ဆုံး ဗုံးတစ်လုံးလောက် ခွဲချင်ခဲ့တာ... ပြီးတော့ ငါ့ရဲ့ လိမ်လည်လှည့်စားသူလေးဆိုတဲ့ ဂုဏ်သတင်းကိုလည်း ကြွားချင်ခဲ့သေးတယ်..."
"အိုး... နှမြောစရာကောင်းလိုက်တာ... တကယ့်ကို နှမြောစရာကောင်းလိုက်တာ..."
ရှင်ခြင်းသေခြင်းစာအုပ်သည် ၎င်း၏ တောင်ပံငယ်လေးများကို မြှောက်ကာ ယွင်ဟွား၏ ခေါင်းကို နှစ်သိမ့်သည့်အနေဖြင့် ပုတ်ပေးလိုက်ပြီး ပြောလိုက်လေသည်။
"ရပါတယ် ဟွားဟွားလေး... အဲ့ကျိုးချန်ရူက ဒီအိမ်တော်မှာ ရန်သူတွေ အများကြီး ရှိတယ်... ဒါပေမယ့် သူမရဲ့ အဆင့်အတန်းကြောင့် သူတို့က မျက်နှာမပြရဲကြဘူး..."
"အခု သူတို့ အခွင့်အရေး ရလာပြီဆိုတော့ သေချာပေါက် လက်လွတ်ခံမှာ မဟုတ်ဘူး... ငါတို့ အေးအေးဆေးဆေးထိုင်ပြီး ပြဇာတ်ကိုပဲ ကြည့်ကြရအောင်..."
ချန်ကျဲဟန်သည် သူ၏ အတင်းအဖျင်းများ မဟုတ်ကြောင်းကို ကြားလိုက်ရသောအခါ နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားလေသည်။
သို့သော်လည်း…
သူ မော့ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် မလှမ်းမကမ်းရှိ အုပ်စုဖွဲ့နေသော လူအုပ်ကြီးကို မြင်လိုက်ရပြီး သူ၏ နှုတ်ခမ်းများ အလိုအလျောက် တွန့်ကွေးသွားလေသည်။
တကယ်ပါပဲ... ဤကလေးမလေး ရှိနေသည့် နေရာတိုင်းတွင် အဆုံးအစမရှိသော အတင်းအဖျင်းများနှင့် ပြဇာတ်ကို ကြည့်ရှုလိုသူများ ရှိနေမည်သာ ဖြစ်လေသည်။
မင်ယွမ်နယ်စားသည် ဖြူရော်နေသော မျက်နှာဖြင့် သူတို့ကို နှုတ်ဆက်လိုက်သော်လည်း ဆန့်ကျင်ဘက်အနေဖြင့် ကျိုးချန်ရူမှာမူ ပြုံးရွှင်နေလေသည်။
"အမတ်ချန်... ဒီနေရာကို ဘာကိစ္စရှိလို့ ရောက်လာတာလဲ..."
မင်ယွမ်နယ်စားသည် သူ၏ အနောက်ရှိ စစ်သားများကို လှမ်းကြည့်လိုက်ပြီး ကျိန်ဆဲချင်စိတ် ပေါက်သွားလေသည်။
*ဘယ်လူယုတ်မာက ဒီကိစ္စကို အာဏာပိုင်တွေဆီ တိုင်ကြားလိုက်တာလဲ... ဒါက ဖောက်ပြန်တဲ့ ကိစ္စလေးတစ်ခုပဲလေ... အဲဒါက တကယ်ပဲ အရေးကြီးတဲ့ ကိစ္စကြီး တစ်ခုလား... သူ့ကို တကယ်ပဲ ကြိမ်ဒဏ် အချက်တစ်ရာ ပေးချင်နေတာလား…*
မင်ယွမ်နယ်စားသည် ကျိုးချန်ရူကို ပြင်းထန်စွာ မုန်းတီးနေပြီး သူမအပေါ် ထားရှိသော သူ၏ အကြည့်များမှာ ပိုမို ကြောက်မက်ဖွယ် ကောင်းလာလေသည်။
ချန်ကျဲဟန်က လက်ယမ်းကာ ပြုံးလိုက်လေသည်။
"နယ်စားအိမ်တော်မှာ လူသတ်မှုတစ်ခုရှိတယ်လို့ တစ်ယောက်ယောက်က တိုင်ကြားလာလို့ ကျွန်တော်..."
ချန်ကျဲဟန်က စကားမဆုံးမီ မလှမ်းမကမ်းတွင် လဲကျနေသော အလောင်းတစ်လောင်းကို သူ မြင်လိုက်ရလေသည်။ သူ၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားလေသည်။ သူသည် မင်ယွမ်နယ်စားကို ဘေးသို့ တွန်းဖယ်ကာ တိုက်ရိုက် လျှောက်သွားလိုက်လေသည်။
သူသည် သူမ၏ အသက်ရှူနှုန်းကို စစ်ဆေးလိုက်ပြီးနောက် မင်ယွမ်နယ်စားကို စိုက်ကြည့်ကာ တင်းမာစွာ မေးလိုက်လေသည်။
"နယ်စားကြီး... ငါ မှတ်မိတာ မမှားဘူးဆိုရင် ကြမ်းပြင်ပေါ်က အမျိုးသမီးက မင်း ချွေးမဖြစ်ရမယ်... အခု သူမ သေသွားပြီဆိုတော့ မင်း ငါ့ကို ရှင်းပြသင့်တယ် မဟုတ်လား..."
မင်ယွမ်နယ်စား၏ မျက်နှာမှာ ပို၍ မှောင်မိုက်သွားလေသည်။
ထိုလူယုတ်မာကြီးသာ အကြောင်းရင်းကို သိသွားလျှင် ငါ့ကို သေတဲ့အထိ လှောင်ပြောင်ရယ်မောလိမ့်မည်။
မင်ယွမ်နယ်စား စကားမပြောချင်သည်ကို မြင်သောအခါ ယွင်ဟွားသည် မိခင်ဖြစ်သူ၏ ဘေးမှနေ၍ ချက်ချင်း ခုန်ထွက်လာပြီး သူမ၏ လက်ငယ်လေးကို မြှောက်ကာ အော်ပြောလိုက်လေသည်။
"အမတ်ချန်... အမတ်ချန်... ယောက္ခမနဲ့ ချွေးမက ဖောက်ပြန်ပြီး ကလေးတစ်ယောက် ရခဲ့တယ်ဆိုတာကို ကျွန်မ သိတယ်... နယ်စားကတော်က သူတို့ကို လက်ပူးလက်ကြပ် မိသွားပြီးနောက် သူမက အသတ်ခံလိုက်ရတာ..."
လူတိုင်း….။
မင်ယွမ်နယ်စားမှာ ဒေါသကြောင့် တုန်ယင်နေပြီး ယွင်ဟွားကို လက်ညှိုးထိုးကာ ထိုနေရာတွင်ပင် သူမကို သေအောင် ရိုက်သတ်ချင်စိတ် ပေါက်နေလေသည်။
"ဟွားဟွားလေး... ကောင်းတယ်..."
ယွင်ဟွားသည် ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် ခေါင်းကို မော့လိုက်လေသည်။
"မှန်တာပေါ့..."
ယွင်ဟွား၏ ရှင်းပြချက်ကို ကြားသောအခါ ချန်ကျဲဟန်သည် သူ၏ စိတ်ထဲတွင် 'ဘုရားရေ...' ဟု တွေးလိုက်ပြီး ခြေလှမ်းအနည်းငယ် အနောက်သို့ ချက်ချင်း ခုန်ဆုတ်လိုက်လေသည်။
*ယောက္ခမနှင့် ချွေးမတဲ့လား…*
ချန်ကျဲဟန်သည် မင်ယွမ်နယ်စားကို လှောင်ပြောင်သော အကြည့်ဖြင့် လှမ်းကြည့်လိုက်ပြီး နောက်ပြောင်လိုက်လေသည်။
"နယ်စားကြီး…မင်းက အတော်လေး ကျွမ်းကျင်တာပဲ... တကယ့်ကို ပညာရှင်ပဲ..."
မင်ယွမ်နယ်စား….။
သူသည် ဒေါသထွက်လွန်းသဖြင့် စကားပင် ကောင်းကောင်း မပြောနိုင်တော့ပေ။
ပြဇာတ်ကို အချိန်အတော်ကြာ ကြည့်ရှုပြီးနောက် ကျိုးချန်ရူက သူမ၏ မျက်လုံးများထဲရှိ စူးရှမှုကို ဖုံးကွယ်ကာ ပြုံးလျက် ရှေ့သို့ ထွက်လာလေသည်။
"အမတ်ချန်... ဒါက မိသားစု အရှုပ်တော်ပုံတစ်ခုပါ... ဒီအကြိမ်မှာတော့ ရှင် အချည်းနှီး ခရီးထွက်လာခဲ့ရပြီလို့ ကျွန်မ ထင်တယ်..."
သူမသည် မင်ယွမ်နယ်စား ကြိမ်ဒဏ် အချက်တစ်ရာ အပြစ်ပေးခံရသည်ကို အမှန်တကယ် မြင်တွေ့ချင်ခဲ့သော်လည်း ၎င်းမှာ မဖြစ်နိုင်ကြောင်း သူမ သိထားလေသည်။
ချန်ကျဲဟန်က သူမကို လှမ်းကြည့်ကာ လက်ယမ်းလိုက်ပြီး လှောင်ပြောင်စွာ ပြောလိုက်လေသည်။
"ငါက နယ်စားအိမ်တော်မှာ မင်းကို ဖမ်းဖို့ ရောက်လာတာ..."
ယခင်က နူးညံ့သိမ်မွေ့ခဲ့သော အမျိုးသမီးမှာ ဤမျှ ရက်စက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ကျိုးချန်ရူ၏ အပြုံးမှာ တန့်သွားပြီး သူမသည် ချန်ကျဲဟန်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်လေသည်။
"ကျွန်မ..."
"ကျွန်မက ဖောက်ပြန်တဲ့ မိန်းမယုတ်ကို ရှင်းလင်းနေတာပါ... ဘာလဲ... ဒါက တုံလင်နိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်တာလား..."
ကျိုးချန်ရူသည် သူ နောက်ပြောင်နေသည်ဟု ထင်ကာ ၎င်းကို အလေးအနက် မထားခဲ့ပေ။
"လွန်ခဲ့တဲ့ နှစ်နှစ်က မင်း မင်ယွမ်နယ်စားအိမ်တော်ရဲ့ သခင်မကြီးကို အဆိပ်ခတ်ခဲ့တယ်လို့ တိုင်ကြားချက် ရရှိထားပါတယ်..."
ချန်ကျဲဟန်သည် စကားလုံး တစ်လုံးချင်းစီကို ရှင်းလင်းပြတ်သားစွာ ပြောလိုက်ရာ ထိုစကားလုံးများက ကျိုးချန်ရူ၏ နှလုံးသားကို ချက်ချင်း ရိုက်ခတ်သွားလေသည်။
ချက်ချင်းပင် သူမ၏ မျက်နှာမှာ ဖြူလျော့သွားပြီး သူမသည် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားလေသည်။
လူအုပ်ကြီးမှာ ဆူညံသွားကြလေသည်။
မင်ယွမ်နယ်စားအိမ်တော်၏ သခင်မကြီးဆိုသည်မှာ တော်ဝင်ဘွဲ့ထူး ရရှိထားသူတစ်ဦး ဖြစ်လေသည်။
*ကျိုးချန်ရူ... သူမက ရူးသွားပြီလား…*
မင်ယွမ်နယ်စားမှာ မှင်သက်သွားပြီးနောက် ပြင်းထန်စွာ ရိုက်နှက်ခံလိုက်ရသကဲ့သို့ ခုန်ထပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်လေသည်။
"မင်း... မင်းဆိုလိုတာက... ဒီမိန်းမယုတ်က ငါ့အမေကို သတ်လိုက်တာလား..."
လွန်ခဲ့သော နှစ်နှစ်က သူ၏ မိခင်သည် အအေးမိကာ အပြင်းအဖျားနာပြီး တစ်လမပြည့်မီ ကွယ်လွန်သွားခဲ့သည်ကို မင်ယွမ်နယ်စား ပြန်လည် သတိရသွားလေသည်။
သူသည် အဘွားအိုမှာ အသက်အရွယ်ကြီးရင့်ပြီး အားနည်းနေသောကြောင့် ကွယ်လွန်သွားခြင်းဖြစ်သည်ဟု အမြဲတမ်း ထင်ခဲ့လေသည်။
ဤမိန်းမယုတ်၏ အဆိပ်ခတ်သတ်ဖြတ်ခြင်းကို ခံရလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။
မင်ယွမ်နယ်စားသည် ချန်ကျဲဟန်၏ စကားများကို သံသယဝင်မည် မဟုတ်ပေ။ သူ့တွင် ခိုင်လုံသော အထောက်အထား မရှိလျှင် တံခါးဝအထိ လာရောက်မည် မဟုတ်ပေ။
သူသည် ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေပြီး သူ၏ မျက်လုံးများမှာ သွေးကြောများ နီရဲနေကာ ကျိုးချန်ရူကို မီတာအတော်အလှမ်းဝေးသည်အထိ ပြင်းထန်စွာ ကန်ပစ်လိုက်လေသည်။
*ဒီမိန်းမယုတ်... သူမက သေဖို့ ထိုက်တန်တယ်…*
ကြမ်းပြင်ပေါ်သို့ ကန်ချခံရပြီးနောက် ကျိုးချန်ရူသည် ရုတ်တရက် သွေးတစ်လုတ် အန်ထုတ်လိုက်လေသည်။
အလွန်အမင်း သနားစရာကောင်းလှပေသည်။
ထိုအချိန်တွင်။
ယွင်ဟွားသည် လှောင်ပြောင်သော အပြုံးဖြင့် ကျိုးချန်ရူ၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး နောင်တရနေဟန်ဖြင့် ပြောလိုက်လေသည်။
"ရှင့်ရဲ့ ပထမဆုံး ကပ်ဘေးက သွေးထွက်သံယို ဘေးအန္တရာယ်ပါလို့ ကျွန်မ ရှင့်ကို ပြောခဲ့ပြီးသားပဲ... ဒါပေမယ့် ရှင်က မယုံခဲ့ဘူးလေ..."
"ကြည့်စမ်း... အခု တကယ်ဖြစ်လာပြီ မဟုတ်လား..."
"ဘေးအန္တရာယ်ကနေ လွတ်ကင်းဖို့ ရွှေတုံး တစ်သောင်းနဲ့ ကျွန်မ ကမ်းလှမ်းခဲ့တယ်... ဒါပေမယ့် ရှင်က ကျွန်မကို မယုံခဲ့ဘူး... ရှင့်ကိုယ်ရှင် ကြည့်စမ်း... အခု ဒုက္ခရောက်နေပြီ..."
ယွင်ဟွားက ခေါင်းခါမ်းလျက် သက်ပြင်းချကာ ဆက်ပြောလိုက်လေသည်။
"ကျွန်မ ရှင့်ကို ပြောခဲ့ပြီးသားပါ... နက္ခတ်တာရာ လေ့လာရေးဌာနကို ဧကရာဇ်မင်းမြတ် ကိုယ်တိုင် ခန့်အပ်ထားတာပါ... အဲ့တာကို တရားဝင် အသိအမှတ်ပြုထားပြီး လိုအပ်တဲ့ အတုအပ ကာကွယ်ရေး အစီအမံတွေ အားလုံးရှိတယ်... ပိတ်ဖြူတွေ ချိတ်ဆွဲပြီး လိမ်လည်လှည့်စားသူတွေလို ဟန်ဆောင်နေတဲ့ အတုအယောင်တွေနဲ့ မတူဘူး..."
ကျိုးချန်ရူမှာ အလွန်အမင်း နာကျင်နေရပြီး ယခုအခါ ယွင်ဟွား၏ ဒေါသဆွမှုကြောင့် နောက်ထပ် သွေးတစ်လုတ် ထပ်အန်လိုက်ရလေသည်။
သူမ၏ မျက်လုံးများ မှောင်မိုက်သွားပြီး သွားကို ကြိတ်ကာ ရက်စက်စွာ ဟိန်းဟောက်လိုက်လေသည်။
"နင်ပဲ... အာဏာပိုင်တွေဆီ တိုင်ကြားခဲ့တာ နင်မလား..."
ဤကလေးမယုတ်က တကယ်ပဲ ဗေဒင်ဟောနိုင်မှတော့ ဤရာထူးကို အာဏာပိုင်တွေဆီ တိုင်ကြားခဲ့သူက သူမ ဖြစ်နိုင်လေသည်။
ယွင်ဟွားက အမြန် လက်ယမ်းလိုက်လေသည်။
"ကျွန်မ မဟုတ်ဘူး...ဒီကိစ္စကို ကျွန်မအပေါ် ပုံချဖို့ မကြိုးစားနဲ့..."
သူမက အာဏာပိုင်တွေဆီ တိုင်ကြားချင်ခဲ့သော်လည်း အခွင့်အရေး မရသေးပေ။
"ကျွန်မပါ..."
အက်ကွဲနေသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားလေသည်။
အစပိုင်းတွင် လူတိုင်း အံ့အားသင့်သွားကြလေသည်။
ထို့နောက် လူတိုင်းက အပြာနုရောင်ဝတ်စုံနှင့် မိန်းကလေးကို စူးစမ်းချင်စိတ်ဖြင့် ကြည့်လိုက်ကြလေသည်။
သူမသည် အသက်ဆယ့်ငါး၊ ဆယ့်ခြောက်နှစ်ခန့်ရှိပြီး ပိန်ပါးကာ ဖြူလျော့သော မျက်နှာရှိလေသည်။ သူမသည် စစ်သားများ၏ ဘေးတွင် အနည်းငယ် တုန်ယင်လျက် ရပ်နေလေသည်။
ယွင်ဟွားသည် သူမကို မျက်လုံးပြူးကျယ်စွာဖြင့် စိုက်ကြည့်နေပြီး လက်ညှိုးထိုးကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလိုက်လေသည်။
"နင်... နင်က ဆွံ့အနေတာ မဟုတ်ဘူးလား..."
ဤမိန်းကလေးမှာ အရင်က သူမနှင့်အတူ ထောင့်တွင် ဆောင့်ကြောင့်ထိုင်ခဲ့သော မိန်းကလေးပင်ဖြစ်ပြီး ထိုအချိန်က သူမ လုပ်နိုင်သမျှမှာ လက်ဟန်ခြေဟန်ဖြင့် ပြသခြင်းသာ ဖြစ်ကြောင်း သူမ မှတ်မိနေလေသည်။
ကြမ်းပြင်ပေါ်ရှိ ကျိုးချန်ရူသည် သူမ ရှင်းလင်းပြတ်သားစွာ စကားပြောနေသည်ကို မြင်သောအခါ သရဲတစ္ဆေကို မြင်လိုက်ရသကဲ့သို့ ထိတ်လန့်သွားလေသည်။
ထိုမိန်းကလေးသည် ယွင်ဟွား၏ ဘေးသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး ကြမ်းပြင်ပေါ်ရှိ ကျိုးချန်ရူကို လှမ်းကြည့်လိုက်ရာ သူမ၏ မျက်နှာအမူအရာတွင် ကျေနပ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။
"ကျွန်မ နာမည်က ဖုန်းကျိလန်ပါ... ကျွန်မက ဖုန်းမိသားစုရဲ့ ကိုယ်လုပ်တော်က မွေးတဲ့ သမီးပါ... ကျွန်မ ဆွံ့အဟန်ဆောင်ခဲ့ရတဲ့ အကြောင်းရင်းက ကျွန်မရဲ့ အသက်ကို ကယ်တင်ဖို့ သက်သက်ပါပဲ..."
ဖုန်းကျိလန်သည် စကားမပြောသည်မှာ နှစ်နှစ်ရှိပြီဖြစ်ရာ သူမ၏ အသံမှာ အက်ကွဲနေပြီး စကားပြောရာတွင် အနည်းငယ် အခက်အခဲ ရှိသော်လည်း ယွင်ဟွားကို ရှင်းပြရန် အစွမ်းကုန် ကြိုးစားနေလေသည်။
"ကျွန်မရဲ့ အဘွားနဲ့ အဒေါ့်အတွက် တရားမျှတမှုကို ရှာဖွေချင်လို့ပါ..."